အခန်း (၅၄၉-၅၅၂)
Vol. 28 Ch. 549-552
Space and Rebirth - 549
Trans: Esth
ကျင်းယွင်ကျောင်းသည် တောင်လို ပုံနေသော ရည်းစား စာများကို လီရှောက်ယွင် လက်ထဲသို့ မကြာမကြာ ပစ်ထည့်ပေးရ၏။ အတန်ငယ် ကြောင်အပြီး ကူကယ်ရာမဲ့သည့် ပုံစံဖြစ်သွားသော သူ့မျက်နှာထားကို တွေ့မှသာ ကျင်းယွင်ကျောင်းလည်း စိတ်အနည်းငယ် သက်သာသွားရသည်။
လီရှောက်ယွင်သည် သူမ အုပ်ထိန်းသူဖြစ်လာသောကြောင့် နေထိုင်မှုဘဝ သက်သာလာသည်ကိုတော့ သူမ ငြင်း၍ မရချေ။ ယခင်က သူမအတန်းဖော် အများစုသည် သူမအား သနားကရုဏာသက်ဟန်ဖြင့် ကြည့်တတ်ကြသည်။ သူမမည်မျှပင် ဘက်စုံတော်ပြီး သိုင်းပညာ ထူးချွန်နေသော်လည်း သူတို့သည် သူမအား စကားပြောသည့်အချိန်တွင် အရိပ်အခြည်ကြည့် ပြောနေဆဲဖြစ်သည်။ သူတို့သည် သူမ၏ ခံစားချက်များကို မရည်ရွယ်ဘဲ ထိပါးမိမည် စိုးသောကြောင့် ဖြစ်သည်။
သို့ရာတွင် ယခု လီရှောက်ယွင် ရောက်လာပြီ ဖြစ်သောကြောင့် ဤအတန်းဖော်များ၏ ဆက်ဆံပုံသည် သနားခြင်း ကရုဏာမှ အားကျခြင်း အဖြစ်သို့ ပြောင်းသွားပေပြီ။
လီရှောက်ယွင်၏ စီစဥ်မှုကို လက်ခံလိုက်ပြီ ဖြစ်၍ ကျင်းယွင်ကျောင်းသည် အတွန့် မတက်တော့ချေ။ သူမသည် အထက်တန်းကျောင်း၏ လာမည့် တတိယနှစ်အတွက်သာ အေးဆေး တည်ငြိမ်စွာ ပြင်ဆင်လိုက်သည်။ သူမ၏ ဘဝသည် အခြားသူများထက် ထူးခြားနေသေး၏။
လအနည်းငယ်ခန့် ကြာသော် လေထုထဲတွင် အပူငွေ့လည်း ရှိလာပြီး ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ နှစ်ပတ်လည် ရောက်ရှိလာပေပြီ။
နောက်ကွယ်မှ ပိုင်ရှင် ဖြစ်သော ကျင်းယွင်ကျောင်းသည်လည်း ထိုပွဲအား တက်ရောက်ရမည်ဖြစ်သည်။
တစ်နှစ်တည်းဖြင့် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီသည် နာမည် တစ်လုံး ရှိနေပြီ ဖြစ်၏။ ယခုတွင် ၎င်းသည် နင်းမြို့တော် တစ်ခွင် ကျော်ကြားနေပြီး သူ၏ ထုတ်ကုန်များသည်လည်း တစ်နိုင်လုံးအနှံ့ စတင်ပျံ့နှံ့နေကာ အော်ဒါများလည်း ဝင်လာမစဲဖြစ်နေသည်။
ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီ၏ တစ်ခုတည်းသော အားနည်းချက်မှာ စက်ရုံနယ်မြေ အကန့်အသတ် ရှိခြင်းပင်။ ဤနှစ်တွင် တရစပ်လည်ပတ်ပြီးနောက် စက်ရုံကိုလည်း စတင်ချဲ့ထွင်ရပေတော့သည်။ အမြတ်အရှုံး အချိုးအစားမှာ ဘီလီယျံ ချီလေ၏။ ကုန်ကြမ်း အများစုမှာ ကျင်းယွင်ကျောင်း၏ နေရာလွတ် နယ်မြေထဲမှ လာသောကြောင့် အသားတင် အမြတ်ပမာဏမှာလည်း အလွန် မြင့်မားလေသည်။ ဤကဲ့သို့သော ကုမ္ပဏီအသစ်ကို နိုင်ငံ တစ်ခွင်လုံးတွင် ရှာရန် မဖြစ်နိုင်ချေ။
ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီ၏ အောင်မြင်မှုအား ကျင်းယွင်ကျောင်း တွက်ဆထားပြီး ဖြစ်သည်။ ဘိုးဘေးမှ ထားခဲ့သော ဖော်စပ်ပုံနည်းလမ်းများအားလုံးသည် အရည်အသွေးမြင့် ရတနာများပင် မဟုတ်လော။ မြည်းစမ်းကြည့်ဖူးသူတိုင်းသည် အခြားဝိုင်များနှင့် မတူသည်ကို သေချာပေါက် ပြောနိုင်လိမ့်မည်။ ထို့ကြောင့် ဤကဲ့သို့ ကုမ္ပဏီ ကြီးထွားနှုန်းသည် အံ့သြစရာကိစ္စဟုပင် မှတ်ယူ၍ မရချေ။ ဤထက်ပင် ကြီးထွားရဦးမည်။
ချမ်းသာဝပြောသော နင်းမြို့တော်တွင်...
ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းအား နင်းမြို့တော်ရှိ အကောင်းဆုံး ဇိမ်ခံဟိုတယ်သို့ ကိုယ်တိုင် ကားမောင်းပို့ပေးနေ၏။
ညကောင်းကင်မှ ကြယ်များသည် တောက်ပနေပြီး ပွဲပတ်ဝန်းကျင်သည် ခိုင်မာတောင့်တင်းနေကာ လေထုထဲမှလည်း ဝိုင်အငွေ့အသက် ဖျော့တော့တော့ ထွက်နေလေသည်။ ကျင်းယွင်ကျောင်းသည် အထဲသို့ဝင်ပြီး အသက်ဝင် လှုပ်ရှားနေသော ပွဲမြင်ကွင်းကို တွေ့လိုက်ရသောအခါ သူမမျက်လုံးများသည် ဂုဏ်ယူမှု အပြည့်ဖြင့် တောက်ပသွား၏။
ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီတွင် ရှိသမျှအရာအားလုံးကို ပိုင်ယွီအန်းနှင့် ရှန်းကျင်က စီမံခန့်ခွဲရသော်လည်း မည်သည့် အကြီးစား ပြောင်းလဲမှုမဆို ကျင်းယွင်ကျောင်း၏ ခွင့်ပြုချက် ယူရလေသည်။ ဤကုမ္ပဏီသည် သူမ လက်အောက်တွင် အပြည့်အဝ ရှိနေ၏။
“ယွင်ကျောင်း၊ အစ်ကို ပိုင်က တကယ် စိတ်ထားကောင်းတာပဲ။ ငါတို့ကို လာကြိုဖို့ လူတွေတောင် လွှတ်လိုက်တယ်။ နောက်ကျရင် ငါတို့အစားကျေးဇူးတင်တယ်လို့ ပြောပေးပါဦး”
ရှောင်ဟိုင်ချင်းမှ ပြောလိုက်သည်။
ပိုင်ယွီအန်း ဝင်လာသည်နှင့် သူ့အား လူအုပ် တစ်အုပ်စာ ဝန်းရံသွားကြသည်။ ဤအချိန်တွင် သူသည် ကုန်သည်များနှင့် နှုတ်ဆက်စကား ဖလှယ်နေဟန် ရှိ၏။
ဤပွဲအခမ်းအနားသည် ကုန်သည်များအချင်းချင်း ချစ်ကြည်ရေး တည်ဆောက်ပြီး အခွင့်အလမ်းများရှာဖွေရန် စီစဥ်ပေးထားခြင်း ဖြစ်သည်ဟု ပြောနိုင်သည်။ အထက်လူကြီးများမှာ သူတို့ မျက်စိကျသော သားကောင်ကို အမဲလိုက်ကြပြီး သားကောင်များက သူတို့ ဝမ်းရေးအတွက် ဖြည့်ဆည်းပေးနိုင်သော အစာကို ရှာကြ၏။
ကျင်းယွင်ကျောင်းနှင့်အတူ လိုက်လာသူများမှာ ရှောင်ဟိုင်ချင်း၊ စူးချူနှင့် ကန်ကျင်းချန်တို့ဖြစ်သည်။ ထန်ကျစ်ဟွားမှာမူ အကြီးအကဲ ထန်အနောက် လိုက်နေရ၏။
နင်းမြို့တော်ရှိ ကုန်သည်တိုင်းသည် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီ၏ ကျောထောက်နောက်ခံအဖြစ် ရှိသော လူများမှာ အလွန်တရာ အံ့သြစရာ ကောင်းကြောင်း သိကြလေသည်။ သာမန်လူများအနေဖြင့် အကြီးအကဲ ထန်အား တွေ့ရန်ခက်ခဲ၏။ ထိုသူကပင် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီအား ဆက်ဆံပုံမှာ ထူးခြားနေလေသည်။
ရှောင်ဟိုင်ချင်းနှင့် ကျန်သောလူများသည် ကျင်းယွင်ကျောင်းမှာ ပိုင်ယွီအန်း၊ ရှန်းကျင်တို့နှင် ဆက်ဆံရေးကောင်းသည်ကိုသာ သိပြီး သူမ မည်သူဖြစ်ကြောင်းကိုမူ မသိကြချေ။ ထို့ကြောင့် သူတို့သည် ဤကဲ့သို့ ပွဲအား တက်ရောက်သောအခါ အနည်းနှင့် အများ အံ့သြသွားကြ၏။
“အစ်မ၊ ဒီလို အစားအသောက်မျိုးတွေကို လွယ်လွယ်နဲ့ စားလို့ရပါ့မလား”
စူးချူသည် ကျင်းယွင်ကျောင်း၏ လက်မောင်းအား ဆွဲဖက်လိုက်၏။
ပွဲတစ်ခွင်လုံး ရှိနေကြသော အရသာရှိပုံ ပေါ်သည့် အစားအသောက်များသည် လူအများ၏ စိတ်အာရုံကို ဖမ်းစားနိုင်လိုက်သည်။
ကျင်းယွင်ကျောင်းသည် ခေါင်းကို ညိတ်လိုက်သော်လည်း ရှောင်ဟိုင်ချင်းမှာ ပြုံး၍သာ ပြောလိုက်၏။
“သတိထားနော်၊ နင် ဝလာဦးမယ်”
စူးချူက သူမအား မျက်စောင်းထိုးလိုက်၏။
“ဒီလို အဆင့်အတန်းမြင့် ပွဲကို တက်ဖို့ဆိုတာ ရှားပါးအခွင့်အရေးပဲ။ ဝတော့ရော ဘာဖြစ်လဲ။ ဒါပေမယ့် အစ်ကို ပိုင်က ပိုက်ဆံ တော်တော်သုံးထားတာပဲ။ ဟိုတယ် တစ်ခုလုံးကိုများ ငှားထားလား။ ကုန်ကျစရိတ် နည်းမှာ မဟုတ်ဘူး”
Space and Rebirth 550
Trans: Esth
စူးချူသည် စကားပြောပြီးသည်နှင့် စားမြိန်ဖွယ်ဟင်းလျာများထံသို့ အပြေးအလွှား သွားနှင့်ပြီးဖြစ်၏။ သူမသည် အလွန် လက်ရာမြောက်သော ပန်းရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ချစ်စရာ ပန်းငုံလေးအဖြစ် ထုံးထားသည်။ သူမ လည်ပင်းပေါ်တွင် ဆင်မြန်းထားသော နူးညံ့ ရိုးရှင်းလှသည့် ပုလဲလည်ဆွဲကြောင့် သူမအား အနည်းငယ် ကလေးဆန်ဆန်ဖြင့် ချစ်စဖွယ်ကောင်းစေ၏။
တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းမှာ အောက်ခြေတွင် အလျားလိုက်ကျနေသော ပိတ်ပါး အရှည်ဖြင့် ငွေရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထား၏။ စကတ်မှာ သူမ၏ ဒူးနေရာမှ စ၍ အစွေပုံစံချုပ်ထားပြီး ဤသာမန် မဟုတ်သော စတိုင်မှာ စီးဆင်းနေသော ပြဒါးရည်နှင့် တူလှသည်။ ကြည့်ရသည်မှာ ခေတ်ဆန်သော်လည်း နဂိုရှိရင်းစွဲ နုပျိုမှုနှင့် ကျက်သရေဆောင် အလှကိုတော့ ဖုံးကွယ်မသွားချေ။ စကတ် အသားမှာ စိန်များဖြင့် တောက်ပနေသော်လည်း ကိန်းကြီး ခန်းကြီး မဆန်လှပေ။
“ဟိုင်ချင်း၊ သမီးလည်း ဒီရောက်နေတာလား”
စူးချူနှင့် ကန်ကျင်းချန် ထွက်သွားပြီ ဖြစ်၍ ကျင်းယွင်ကျောင်းသည် ထိုင်စရာနေရာ ရှာဖွေစဥ်မှာပင် စုံတွဲ နှစ်ယောက်သည် သူမတို့ ရှိရာသို့ လာကာ ရှောင်ဟိုင်ချင်းအား နွေးထွေးစွာ နှုတ်ဆက်လိုက်၏။ ထိုသို့ ပြောပြီးနောက် သူတို့သည် ကျင်းယွင်ကျောင်းကို ဝေ့ကြည့်လိုက်ပြီး သူတို့ မျက်လုံးများမှာ အံ့သြသော အရိပ်အယောင်များ သန်းသွားသည်။ သူတို့သည် ပြုံးရင်းဖြင့် ဆက်ပြောလိုက်၏။
“ငါတို့သမီးက မိန်းကလေး ကျင်းရဲ့ စွန်တောင်ဆွဲနေရတယ် ထင်တယ်၊ ဟုတ်လား”
သူမတို့အနား ရောက်လာသော လူများမှာ ရှောင်ဟိုင်ချင်း၏ အဖေဖြစ်သူ ရှောင်တောက်အန်းနှင့် သူ၏ မိန်းမ ကျန်းရုံ ဖြစ်သည်။
ရှောင်ဟိုင်ချင်းသည် အနက်ရောင် ပွဲတက်ဝတ်စုံအား ဝတ်ထားသောကြောင့် နိုင်လိုမင်းထက် ပြုမည့်ဟန် ဖြစ်နေလေသည်။ သူမသည် ကျန်းရုံအား ဝေ့ကြည့်ကာ ပြုံးလိုက်၏။
“အန်တီကျန်းရဲ့ စွန်တောင်ဆွဲတာကမှ ပိုလွယ်မယ်မထင်ဘူးလား။ အဖေလည်း မိန်းမ တစ်ယောက်ယူပြီး အကျိုးအမြတ်တွေ အများကြီး ရနေတာပဲနော်”
ရှောင်တောက်အန်း အနည်းငယ် နေရခက်သွား၏။
ဟုန်မိသားစု ပြိုကွဲပြီးနောက် သူ၏ ဘဝသည်လည်း မလွယ်ကူခဲ့ချေ။ ကျောထောက်နောက်ခံ မရှိသောကြောင့် နင်းမြို့တော်တွင် လူသစ်တစ်ယောက်အနေနှင့် ဖယ်ကျဥ်ခြင်းကို ခံစားခဲ့ရလေသည်။
သို့ရာတွင် ကျန်းရုံ၏ မိသားစုမှာ မဆိုးလှချေ။ သူတို့တွင် သြဇာအာဏာ အသင့်အတင့်ရှိလေသည်။ အရေးကြီးသောအချိန်တွင် သူတို့သည် လက်ကမ်းကူညီခဲ့သောကြောင့် သူသည် ပြသာနာအချို့ကို ရှင်းလင်းနိုင်ခဲ့၏။ ဤတစ်ခေါက်တွင် သူသည် ဖိတ်စာ မရရှိခဲ့သော်လည်း ကျန်းရုံ၏ ဖခင်ကြောင့် အဆက်အသွယ် ရရှိသွားခြင်း ဖြစ်သည်။
သာမန် နှစ်ပတ်လည် အခမ်းအနား ဖြစ်သော်ငြား ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီသည် အဆက်အသွယ် များစွာရှိပြီး ပွဲလာသောသူ မပြတ်ချေ။ သူတို့ အားလုံးမှာလည်း မြို့တော်ထဲတွင် အာဏာရှိ ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူသည် သူတို့နှင့် ခင်မင်မှုရရှိရန် အခွင့်အရေးအချို့ ရှာနိုင်သရွေ သူ၏ အနာဂတ်သည်လည်း သိပ်ဆိုးတော့မည်မဟုတ်ချေ။
ကျန်းရုံမိသားစုမှာ ထင်သလောက် သြဇာ မညောင်းလှပေ။ သူတို့သည် ပြည်တွင်း လုပ်ငန်းတစ်ခုသာဖြစ်ပြီး စီးပွား သိပ်မဖြစ်သော်လည်း ကျန်းရုံ၏ အဖေသည် အပေါင်းအသင်းများလေသည်။
“ဟိုင်ချင်း၊ အန်တီရဲ့ ကျေးဇူးကြောင့် အဖေတို့မိသားစုက ဒီနေ့ ဒီနေရာ ရောက်လာနိုင်တာ။ ငါတို့ကို အမြဲတမ်း နာမည်ပျက်အောင် လုပ်မနေနဲ့”
ထို့နောက် သူသည် ကျင်းယွင်ကျောင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“အရင်တုန်းက ငါတို့အိမ်ကို မိန်းကလေးကျင်းက ဧည့်သည်အနေနဲ့ လာတုန်းက ကောင်းကောင်းမဆက်ဆံခဲ့မိဘူး။ နောက်တစ်ခါကျရင် မိန်းကလေးကို စိတ်မပျက်စေရဘူးလို့ ဦးလေး ကတိပေးတယ်”
ဤမျှလောက် အချိန် ကြာမြင့်ပြီးနောက် ရှောင်တောက်အန်းသည် အရေပိုထူလာချေပြီ။
ကျင်းယွင်ကျောင်းသည် သစ်သီးဝိုင် တစ်ငုံခန့်သာ သောက်ပြီး ဘာကိုမှ မကြားလိုက်သလို ဟန်ဆောင်လိုက်သည်။
ရှောက်တောက်အန်းသည် ၎င်းဖြင့် စိတ်ဓာတ်မကျချေ။ သူသည် သူတို့အား ဝေ့ကြည့်ကာ ကျန်းရုံနှင့်အတူ တစ်ဖက်ခြမ်းသို့ သွားပြီး လူအုပ်ကြားထဲ သူ၏ နာမည်ကတ်ကို လိုက်ဝေတော့သည်။
ရှောင်ဟိုင်ချင်း ရေရွတ်လိုက်၏။
“အစွဲအလမ်းကြီးတဲ့ သရဲလိုပဲ”
ပွဲအခမ်းအနားတွင် လူတိုင်းသည် မိမိတို့ အုပ်စုနှင့်ရှိကြ၏။ လူကြီးများသည် စီးပွားရေးအကြောင်း ဆွေးနွေးလျက်ရှိပြီး အချို့ ကလေးများမှာ တစ်စုတစ်ဝေး တည်းရှိနေကြသည်။ ကျင်းယွင်ကျောင်းနှင့် ကျန်သုံးယောက်မှာ အားလုံး ကြည့်ကောင်းသူများ ဖြစ်၏။ မကြာမီတွင် အခြား ကလေး တစ်ဦးမှ သူမတို့ဆီ လျှောက်လာပြီး အနီးအနားတွင် ထိုင်ချလိုက်သည်။
“ငါ့ဖိနပ်တွေက ဟိုနိုင်ငံမှာ ခြေတိုင်းနဲ့ သွားချုပ်ထားတာလေ။ ယွမ် သောင်းချီ ကုန်သွားတယ်။ ကြည့်ကြစမ်း မလှဘူးလား”
ကောင်မလေးသည် လှပစွာ ကိုယ်ဟန်ပြလိုက်ပြီး အခြားသူများမှ သူမအား ချီးမွမ်းမည်ကို စောင့်နေလိုက်သည်။
“နတ်သမီး ပုံပြင်တွေထဲက ဖန်ဖိနပ်လေးတွေလိုပဲ။ လှလိုက်တာ”
စူးချူသည် ချက်ချင်းပင် အံ့သြမှုဖြင့် ချီးမွမ်းလိုက်သည်။
ဤမိန်းကလေးသည် စူးချူ ဘေးမှာ ထိုင်နေပြီး သူမအား မနားစတမ်း စိုက်ကြည့်နေသောကြောင့် အခြားသူများမှာ ထိုကောင်မလေးအား ရိုင်းပျသည်ဟု ပြောပြီး မောင်းမထုတ်ခင် ထပြောလိုက်ရခြင်းဖြစ်သည်။
သို့ရာတွင် ထိုမိန်းကလေးသည် ဤစကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်၏။
'နတ်သမီး ပုံပြင်တွေထဲက ဖန်ဖိနပ်၊ ငါ့ကို စင်ဒရဲလားဆိုပြီး လှောင်နေတာလား'
“အစ်မလည်ပင်းပေါ်က ပုလဲလည်ဆွဲက လှပေမယ့် ဘာလို့ ပုလဲတစ်လုံးပဲ ပါတာလဲ။ အရမ်းလည်း မကြီးဘူး၊ အရမ်းလည်း မလုံးဘူး။ လှတော့ လှပေမယ့် အာရုံ ဖမ်းစားနိုင်လောက်တဲ့ထိ မဟုတ်ဘူးဖြစ်နေတယ်။ အစ်မနဲ့တော့ လိုက်တာပေါ့”
မိန်းကလေးမှ ထပ်ပြောလိုက်ပြန်သည်။
Space and Rebirth 551
Trans: Esth
စူးချူသည် ခေတ္တမျှ ကြက်သေသေသွား၏။ သူမသည် အစောပိုင်းက ဤမိန်းကလေးအား ချီူးကျူးနေခဲ့သည်မှာ သေချာသော်လည်း သူမမှာမူ အဘယ်ကြောင့် အနည်းငယ် ရန်လိုနေရသနည်း။
သို့ရာတွင် ဤသည်မှာ အခြားသူတစ်ယောက်၏ ပွဲဖြစ်သောကြောင့် သူမသည် ပြသာနာ မဖြစ်လိုသဖြင့် ဤသို့သာ ပြောလိုက်သည်။
“ဒါ သူငယ်ချင်း တစ်ယောက် ပေးထားတာလေ။ ငါအကြိုက်ဆုံး လက်ဝတ်ရတနာပေါ့”
သူမတို့၏ စူးမိသားစုမှာ ချမ်းသာကုံလုံသူများ မဟုတ်ကြချေ။ သူမသည် မုန့်ဖိုးများစွာ ရသော်လည်း ဤသူဌေးသား၊ သူဌေးသမီးများနှင့်တော့ မယှဥ်နိုင်ချေ။ သူတို့မှာမူ ငွေကို လေထဲသို့ပစ်လိုက်သလိုပင် ထောင်သောင်းချီသော ပိုက်ဆံများကို တစ်ထိုင်တည်း သုံးနိုင်ကြ၏။
ထိုမိန်းကလေးသည် ပြုံးသာ ပြုံးကာ ဘာမှဆက်မပြောတော့ချေ။ သူမသည် ခေါင်းကို မော့လိုက်ပြီး ဝင်ပေါက်ကို ကြည့်လိုက်၏။ သူမ၏ သူငယ်ချင်းကို မြင်လိုက်ရသဖြင့် အလျင်စလို နှုတ်ဆက်လိုက်သည်။
“ကျားစစ်၊ ငါ ဒီမှာ”
ရင်းနှီးနေသော နာမည်အား ကြားလိုက်ရသဖြင့် အချို့လူများသည် ခေတ္တမျှ မှင်တက်သွားပြီး လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ ဝင်ပေါက်မှ မိန်းကလေး တစ်ဦးဝင်လာသည်ကို တွေ့လိုက်ကြရသည်။ လှိုင်းတွန့်ပုံစံ ဆံနွယ်များဖြင့် သူမသည် အနီရောင် ဂါဝန်တို တစ်ထည်အား ဝတ်ထား၏။ သူမ၏ ခါးကိုလည်း တလက်လက်ထနေသော သလင်းကျောက်များဖြင့် ဝန်းရံ ဆင်ယင်ထားလေသည်။
သူမ တစ်ကိုယ်လုံးမှ သြဇာ ပြည့်လျှမ်းသော အငွေ့အသက်များ ထွက်နေပြီး၊ သူမသည် ဆံပင်ဝါပိုင်ရှင် အမျိုးသား တစ်ဦး၏ လက်မောင်းကိုဖက်ကာ လမ်းလျှောက်လာ၏။
သူမသည် သေချာပေါက် ၁၇ နှစ်သမီးသာ ရှိသေးသော်လည်း ဝတ်ထားသည်မှာ အသက် ၂၀ ဝန်းကျင် လူကြီး တစ်ဦးနှင့် တူနေသည်။ သူမသည် အမှန်တကယ်ပင် ကြည့်ကောင်းပေသည်။ သို့ရာတွင် သူမ စရိုက်မှာ အနည်းငယ် ဆိုးရွားလွန်းလှသည်။
“မင်္ဂလာပါ၊ မတွေ့ရတာကြာပြီနော်”
ဟယ့်ကျားစစ်သည် ကျင်းယွင်ကျောင်းအား ဝေ့ကြည့်ကာ ပြုံးလိုက်၏။
ကျင်းယွင်ကျောင်း၏ အကြည့်များ လေးနက်သွားသည်။
သူမသည် ဟယ့်မိသားစုအား ဘယ်သောအခါမှ မမေ့ချေ။ သူမအား ထိန်းချုပ်ရန်အတွက် သူမ မိဘအရင်းများအား ထိန်းချုပ်ခဲ့သော ဟယ့်မိသားစုကို ဖြစ်သည်။
ဟယ့်ကျားစစ်မှာမူ ယခင်ကတည်းက နိုင်ငံခြားရောက်နေခဲ့သည် ဖြစ်ရာ တစ်နှစ်မျှ တောင့်ခံပြီးနောက် ပြန်ရောက်လာလိမ့်မည်ဟူ သူမ မထင်ထားခဲ့ပေ။
ဤသည်မှာ ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီ၏ နှစ်ပတ်လည်ပွဲ ဖြစ်သော်လည်း ပွဲလုပ်ရန် ရက်အနည်းငယ် ကြန့်ကြာသွားခဲ့၏။ ကုမ္ပဏီအား တည်ထောင်ပြီးသည်မှာ တစ်နှစ်နှင့် ခြောက်လခန့်ရှိပြီ ဖြစ်သည်။ ယမန်နှစ်က ဤအချိန်တွင် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီ၏ ထုတ်ကုန်များသည် စျေးကွက်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့ရာတွင် ထိုအချိန်မှသာ လုပ်ငန်း စဖြစ်ခြင်းဖြစ်သည်။
ယနေ့မှာ မင်္ဂလာရှိသောနေ့ ဖြစ်လေသည်။ ထို့အပြင် ဤနှစ်ပတ်လည်ပွဲဟူသည်မှာလည်း လူအာရုံစိုက်ခံရရန် စတန့် ထွင်ရုံသာ ဖြစ်သည်။
“မိန်းကလေး ဟယ့်၊ နိုင်ငံခြားမှာ နင့် စိတ်ဒဏ်ရာကို ကုပြီးပြီလား”
ကျင်းယွင်ကျောင်း တိုက်ရိုက်ပင် မေးလိုက်သည်။
ဟယ့်ကျားစစ် လှောင်သံပြုလိုက်ကာ ရယ်လိုက်၏။
“ဘာစိတ်ဒဏ်ရာလဲ၊ ကျင်းယွင်ကျောင်း၊ ငါက exchange ကျောင်းသူအနေနဲ့ နိုင်ငံခြားသွားတာ။ လူမသိ သူမသိတဲ့ ရွာလေးမှာပဲ နေပြီး နေ့တိုင်းကောင်းကင်ကို မျှော်ကြည့်နေရတဲ့ နင်နဲ့တော့ ဘယ်တူပါ့မလဲ။ နင့်မှာ ဘာအတွေ့အကြုံမှ မရှိဘဲနဲ့”
“ဟုတ်သားပဲ၊ ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီရဲ့ သူဌေးနဲ့ နင်က အိမ်နီးချင်းတွေလို့ ကြားတယ်။ ဒီလို အမြင့် တစ်နေရာကို တတ်နိုင်တာဆိုတော့ နင်တကယ် ကံကောင်းတာပဲ”
ဟယ့်ကျားစစ် ဆက်ပြောလိုက်သည်။
သူမ စကားပြောပြီးသည်နှင့် အစောပိုင်းက သူတို့ဝိုင်းထံ လျှောက်လာသော မိန်းကလေးသည်လည်း အံ့အားသင့်စွာ ပြောလိုက်၏။
“ကျားစစ်၊ နင်တို့ နှစ်ယောက်က အသိတွေလား”
“ဟွားနင်ခရိုင်ထဲက အဲ့အနုတ်စုတ် ဂုတ်စုတ် နေရာလေးမှာ ငါ ရက်ပိုင်းလောက်နေခဲ့တာကို နင် မသိတာလည်း မဟုတ်ဘူး။ အဲ့တုန်းက ငါ့အတန်းဖော်တွေလေ။ အာ ဟုတ်သားပဲ၊ ဒါက ကျင်းယွင်ကျောင်းတဲ့။ အဲ့တုန်းက သူ ငါ့ကို ကောင်းကောင်းဂရုစိုက်ပေးခဲ့တယ်။ မဟုတ်ရင် ငါဟွားနင်ခရိုင်ကနေ ဒီလောက် မြန်မြန် ထွက်နိုင်ခဲ့မှာ မဟုတ်ဘူး”
ဟယ့်ကျားစစ်သည် လှောင်ပြောင်သံဖြင့် ပြောလိုက်သည်။
ယခင်က ဟယ့်ကျားစစ်သည် ယခုနှင့်စာလျှင် ငြိမ်သော်လည်း၊ ဤတစ်ကြိမ် ပြန်ရောက်ပြီးနောက်တွင် သူမသည် အနည်းငယ် ဟော့ဟော့ရမ်းရမ်း ဖြစ်နေပုံပေါက်သည်။
သူမ၏ လက်သည်းများကို အနီရောင်တောက်တောက် ဆိုးထားသောကြောင့် အတန်ငယ်ကြောက်စရာကောင်းနေသည်။ သူမသည် ဝိုင်ခွက်ကို လှုပ်လိုက်ကာ ကျင်းယွင်ကျောင်းအား အထင်သေးဟန်ဖြင့် ကြည့်ပြီး ပြောလိုက်၏။
“တစ်ခွက်လောက် သောက်ချင်လား”
“အရသာ မခံတတ်တဲ့လူတွေနဲ့ ငါ မသောက်ဘူး”
ကျင်းယွင်ကျောင်း ဘွင်းဘွင်းပင် ပြောချလိုက်သည်။
“ကျစ်၊ နင်က လိမ္မာတဲ့ ကျောင်းသူလေးဆိုတော့ သစ်သီးဝိုင်လောက်ပဲ သောက်တတ်တယ်မလား”
ဟယ့်ကျားစစ်သည် ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်၏။
“ငါ နိုင်ငံခြားမှာရှိနေပေမယ့် နင့်အကြောင်းတွေတော့ နားနဲ့တောင် မဆန့်အောင် ကြားခဲ့တယ်။ နင့်မိဘအရင်းတွေကို ရှာတွေ့သွားပြီဆို။ နင့်ဘဝတစ်လျှောက်လုံး မမေ့နိုင်အောင် သူတို့ လုပ်ပေးလိုက်ရဲ့လား”
ဤအချိန်တွင် ဟယ့်ကျားစစ်သည် အနည်းငယ်ဂုဏ်ယူနေဟန် ဖြစ်နေသည်။
ကျင်းယွင်ကျောင်းသည် ထိုမိဘအတုများကို ဖော်ထုတ်ခဲ့သော်လည်း သူမ၏ အားနည်းချက် ဖြစ်နေကြောင်း ဟယ့်ကျားစစ် သိနေခဲ့၏။ ထို့အပြင် ထိုအချိန်က သူတို့သည် ကျင်းယွင်ကျောင်းအား စိတ်ဒုက္ခပေးခဲ့ပေသည်။
Space and Rebirth - 552
Trans: Esth
ကျင်းယွင်ကျောင်းသည် လက်ထဲမှ ခွက်ကို ချပြီး သူမအား မည်းမှောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ ထို့နောက် သူမသည် အေးစက်သော လေသံဖြင့်
“တစ်နှစ်ပဲ ရှိသေးတာတောင် မိန်းကလေး ဟယ့်က ခွေးရူးလိုဖြစ်နေပြီပဲ”
ဟယ့်ကျားစစ်သည် ထိုစကားကို ကြားလိုက်သောအခါ သူမ ဝိုင်ခွက်အား တင်းတင်းဆုပ်ကိုင်လိုက်၏။
ကျန်ခဲ့သောနှစ်အတွင်း သူမသည် ကျင်းယွင်ကျောင်းကြောင့် လှည့်စားခံရပြီး သူမ နာမည်ပျက်ခဲ့ရသည့် နေ့ကို မမေ့သေးချေ။
ထိုအောက်တန်းစားနှင့် ပူးပေါင်းခဲ့သူမှာ ဟုန်ချောင်ယဲ့ ဖြစ်သော်လည်း ကျင်းယွင်ကျောင်းမှာမူ အကျင့်ယုတ်ပြီး ထိုအောက်တန်းစား လုပ်ထားသော အပြစ်များ အားလုံးအား ဓာတ်ပုံရိုက်ခဲ့လေသည်။ ထိုတင်မက ၎င်း ဓာတ်ပုံများကို ရဲလက်သို့ပင် အပ်လိုက်သေး၏။
ထိုအရာများကို လူပုံအလယ်တွင် မြင်ရသည်ထက် ကျင်းယွင်ကျောင်းမှ ထိုအရာ အားလုံးကို ယူပြီး သူမဆီမှ ငွေညှစ်သည်ကမှ သာပေဦးမည်။
ထိုအချိန်က လူတိုင်းသည် သူမအား ထန်ကျစ်ဟွားနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့သဖြင့် နောက်ဆုံးတွင် အောက်တန်းစား တစ်ယောက်၏ လှည့်စားခြင်း ခံရသူဟု ပြောကာ လှောင်ပြောင်ရယ်မောခဲ့ကြသည်။ သူမသည် ငယ်စဥ်ကတည်းက ထန်မိသားစု၏ ချွေးမဟု ကြွားဝါခဲ့သော်လည်း နောက်ဆုံးတွင် ဘာကိုမှ မရလိုက်ပေ။
သူမ၏ ညီအစ်မများဟု ခေါ်ဝေါ်နိုင်သော ဟယ့်မိသားစု၏ တရားမဝင် သမီးများပင် သူမ ဖခင် ရှေ့တွင် သူမအား အရှက်ခွဲ၍ ရနေချေပြီ။
ဤအရာများ အားလုံးသည် ကျင်းယွင်ကျောင်းကြောင့် ဖြစ်သည်။
ဟုန်ချောင်ယဲ့ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် အပြစ်တင်စရာ အားလုံးအား ကျင်းယွင်ကျောင်းခေါင်းပေါ်တွင် တင်ကာ သူမအား တစ်ခုမကျန် ပြန်လည် ပေးဆပ်ခိုင်းပေမည်။
ဟယ့်ကျားစစ် လှောင်သံပြုလိုက်သည်။
“နင် ပြောချင်တာ ပြောလို့ရတယ်။ ဒါပေမယ့် ကျင်းယွင်ကျောင်း၊ နင်က တကယ်ထူးခြားတာပဲ။ သနားတတ်လို့လား၊ တကယ်ပဲ သူတော်စင်မ ဖြစ်နေလို့လားတော့ မသိပေမယ့် နင့်ကို လိမ်ခဲ့တဲ့ လူကို နင့်ဘေးနားထားနေတုန်းပဲလေ။ အဲ့မိန်းကလေး နာမည်က ကျင်းရှို့မှတ်လား”
ဟယ့်ကျားစစ်သည် ရှန်းကျင် ဘေးနားတွင် ရှိနေသော မိန်းကလေးငယ်အား လက်ညှိုးထိုးလိုက်သည်။
ထိုမိန်းကလေးသည် တစ်ယောက်ယောက်ကို ရှာနေသည့်အတိုင်း ဘေးဘီဝဲယာကို ကြည့်လိုက်၏။ ကြည့်ပြီးနောက် သူမသည် ကျင်းယွင်ကျောင်းကိုတွေ့သွားကာ ပြေးလာလိုက်သည်။
သူမသည် ယခင်က ကျင်းရှို့ဟု အမည်ရှိခဲ့သော်လည်း ယခုမူ ကျင်းဖန် ဖြစ်နေလေပြီ။
ကျင်းယွင်ကျောင်းသည် သူမကို မမြင်ရသည်မှာ အတော်ကြာပြီ ဖြစ်၏။ သူမ၏ အသွင်အပြင်သည် အနည်းငယ် ပြောင်းလဲသွားလေသည်။ သူမသည် ဆံပင် တိုတိုကုပ်ကုပ် ဖြစ်သွားပြီး ယဥ်ကျေးသိမ်မွေ့သော မျက်လုံးများနှင့် တောက်ပသောအပြုံးတစ်ခုကို ဆင်မြန်းထား၏။
ကျင်းရှို့သည် သူမ နာမည်အား ကျင်းဖန်ဟု ပြောင်းလဲစဥ်မှ စ၍ သူမသည် ရှန်းကျင် ဘေးနားတွင် အမြဲတစေရှိခဲ့သည်။ မသိလျှင် သူမဘဝအသစ်တစ်ဖန် ပြန်စသည့်အတိုင်းပင်။
သူမ တစ်ကိုယ်လုံး အသက်ဝင် တက်ကြွမှုများဖြင့် ပြည့်လျှမ်းနေသည်။
“မမ”
သူမသည် ချိုသာသော အသံဖြင့် ခေါ်ကာ ကျင်းယွင်ကျောင်း အရှေ့သို့ ပြေးသွားလိုက်သည်။
ဟယ့်ကျားစစ် ကြားလိုက်သောအခါ ပြောလိုက်၏။
“မမ တဲ့လား။ ဟာသပဲ။ နင့် အစ်မက အခုလေးတင် ငါ့ကို ပြောနေတာ နင်က မထိုက်တန်ဘူးတဲ့။ နင့် ပုံစံကို ကြည့်ဦး၊ လူ ရှေ့မှာ လျစ်လျူရှုခံချင်နေတာလား”
ကျင်းမိသားစုမှ လူများမှာ သူမ မိခင်မှ ရှာထားခြင်း ဖြစ်သည်။ သူမသည် နိုင်ငံခြား ရောက်နေခဲ့သော်လည်း အရာအားလုံးကို မြင်နှင့်ပြီး ဖြစ်၏။ ထို့ကြောင့် သူမသည် ထိုသူတို့ကို မှတ်မိလေသည်။
ကျင်းဖန် မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ကြောင်အအဖြင့် ကျင်းယွင်ကျောင်းအား ကြည့်လိုက်၏။
“မဟုတ်ဘူး၊ ဒါက မိန်းကလေး ဟယ့်တဲ့။ နင့် မိဘတွေကို လာဘ်ထိုးခဲ့တဲ့လူနဲ့ မျိုးရိုးနာမည် အတူတူပဲ”
ကျင်းယွင်ကျောင်း ပြောလိုက်သည်။
ကျင်းဖန်သည် ၎င်းကို ကြားလိုက်ရသောအခါ ချက်ချင်း နားလည်လိုက်၏။
သူမ အကြည့်များသည် ဟယ့်ကျားစစ်အပေါ် ရောက်သည်နှင့် ရွံရှာ စက်ဆုပ်ခြင်းများ ပြည့်နှက်သွား၏။
မိန်းကလေး ဟယ့်သာ သူမ မိဘများကို ငွေနှင့် လာဘ်မထိုးခဲ့လျှင်၊ သူတို့ မည်မျှပင် ယောက်ျားလေးများအား မိန်းကလေးထက် မျက်နှာလိုက်စေကာမူ၊ သူတို့သည် ထိုကဲ့သို့ နှလုံးသားမဲ့သောလုပ်ရပ်ကို လုပ်ကာ မိသားစုကောင်း တစ်စုအား ဖြိုခွဲခဲ့မည် မဟုတ်ချေ။
“ညီမလေး ကျင်းရှို့၊ အမှန်က နင်ကတောင် ငါ့ကိုကျေးဇူးတင်နေရဦးမှာ။ ငါ့ကြောင့်သာ မဟုတ်ရင် အဲ့စုတ်စုတ်ပြတ်ပြတ် ရွာထဲမှာ နင် အခုလောက်ဆို အဝတ်လျှော်၊ ဟင်းချက် လုပ်နေရဦးမှာလေ။ ကျောင်းတောင် တက်နိုင်မှာ မဟုတ်ဘူး"
ဟယ့်ကျားစစ် လှောင်ပြောင်လိုက်သည်။
ဘေးတွင် ရှိနေသော ရှောင်ဟိုင်ချင်းနှင့် အခြားသူများသည် ထိုစကားကို ကြားသောအခါ မျက်နှာတွင် ဒေါသမာန် အပြည့် ဖြစ်သွားကြ၏။ ဤကဲ့သို့သော ပွဲကြောင့်သာ မဟုတ်ပါက သူတို့သည် ဟယ့်ကျားစစ်၏ ပလတ်စတစ် ဆာဂျရီ အသားအရေအား ဆွဲဆုတ်ပစ်ချင်ကြမိသည်။
ကျင်းဖန်သည် သူမ နှုတ်ခမ်းများကို ကိုက်ကာ စကားတစ်ခွန်းမျှ မပြောဘဲ ထိုင်ချလိုက်သည်။
ကျင်းယွင်ကျောင်းသည် ဟယ့်ကျားစစ်၏ ဟိတ်ဟန်ကြီးနေပုံကို တွေ့လိုက်ရသည်နှင့် မျက်လုံးထဲတွင် စူးရှသည့် အရိပ်အယောင်များ သန်းသွားသည်။
“မိန်းကလေး ဟယ့်၊ ပြသာနာ ရှာဖို့လာတာလား။ အဲ့လိုဆိုရင် ဒီဟိုတယ်ကနေ ထွက်သွားပေးလို့ရလား”