← Chapters

အခန်း (၅၅၃-၅၅၆)

Vol. 28 Ch. 553-556

အခန်း (၅၅၃-၅၅၆)

Vol. 28 Ch. 553-556

Space and Rebirth 553

Trans: Esth

ဟယ့်ကျားစစ်သည် ဤစကားကို ကြားသောအခါ ချက်ချင်း ရယ်ပွဲဆင်လိုက်သည်။

“ကျင်းယွင်ကျောင်း၊ နင်က ဆရာ ထန်ဆီက မျက်နှာသာပေးခံရတာ ဟုတ်ပေမယ့် နင့်ကိုယ်နင်ဘာထင်နေလဲ။ ငါ နင့်ကို ပြောလိုက်မယ်၊ ငါနဲ့အတူလာတဲ့ ယောက်ျားကို တွေ့လား။ ဒါက ငါ့ရဲ့ခေါင်းကိုင်အဖေ ဂျိမ်းစ်လေ။ ဒီတစ်ခေါက် သူက ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီနဲ့ အလုပ် တွဲလုပ်ဖို့ လာခဲ့တာ။ သူ့ ကမ်းလှမ်းချက်တွေက ပေါပေါပဲပဲမဟုတ်ဘူး၊ ဘယ်‌လောက်ပဲ ပိုင်ယွီအန်းက ခေါင်းမာပါစေ၊ ဒါကိုတော့ သူ ငြင်းနိုင်မှာ မဟုတ်ဘူး။ သူ ဒီအခွင့်အရေးကို ယူလိုက်တာနဲ့ ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီက တစ်ကျော့ပြန်လာနိုင်မှာမို့လို့လေ။ အဲဒါအပြင် ငါ့ ခေါင်းကိုင်အဖေက အမြဲတမ်း ငါ့ စကားကို နားထောင်တယ်။ နင်နဲ့ ပိုင်ယွီအန်း ကြားက အပေါစား ဆက်ဆံရေးကြောင့်နဲ့ ငါ့ကို မောင်းထုတ်နိုင်မယ် ထင်လား”

ဤအရာကြောင့်သာ မဟုတ်လျှင် သူမသည် သုတ်သီးသုတ်ပြာဖြင့် ပြန်လာခဲ့မည် မဟုတ်ချေ။

ဤအချိန်တွင် သူမသည် ကျင်းယွင်ကျောင်းအား စောင့်ကြည့်ရန် လူများ လွှတ်ထားခဲ့သည်။ ကျင်းယွင်ကျောင်း၏ နေ့ရက်များသည် အလွန် သက်တောင့်သက်သာ ရှိလှကြောင်း သူမ သိရှိလိုက်ရ၏။ ကျင်းယွင်ကျောင်း၏ အမှတ်များသည် အတော်ဆုံး စာရင်းထဲ ဝင်ဆဲဖြစ်ကာ သူမ၏ သူငယ်ချင်း အရေအတွက်လည်း များလာပြီး ထန်မိသားစုနှင့် ဆက်ဆံရေးမှာလည်း ပိုကောင်းလာလေသည်။

ဟယ့်ကျားစစ်သည် ၎င်းကို မခံနိုင်ပေ။

ကျင်းယွင်ကျောင်း မည်မျှပင် ကံကောင်းစေကာမူ သူမသည် အားကိုးစရာ မရှိသော အညတရ တစ်ယောက်သာ ဖြစ်သည်။ ယခု သူမသည် ခေါင်းကိုင်အဖေအား ရရှိပြီ ဖြစ်ရာ သူမအဖေမှ သူမအားဆက်ဆံပုံသည်လည်း ပြောင်းလဲလာပြီ ဖြစ်၏။ သူမသာ ကျင်းယွင်ကျောင်းအား ရှင်းချင်လျှင် သူမအဖေသည် ဝင်စွက်ဖက်တော့မည် မဟုတ်ချေ။

ထန်မိသားစုအတွက်မူ သူမသည် ထန်ကျစ်ဟွားအတွက် လုပ်နေခြင်း မဟုတ်ပေ။ အဖိုး ထန်တွင် လုပ်စရာ သိပ်မများလှချေ။

ဟယ့်ကျားစစ်၏ စကားများကို ကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် အနည်းငယ်အံ့အားသင့်သွား၏။

“ဂျိမ်းစ်က ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီနဲ့ ပူးပေါင်းချင်တယ်လို့ ပြောနေတာလား”

“ဟုတ်တယ်။ အဲ့တော့...ငါ ထွက်သွားရမယ့်အစား နင်ပဲ ထွက်သွားလိုက်”

ဟယ့်ကျားစစ် ပြုံးလိုက်သည်။

ကျင်းယွင်ကျောင်းလည်း အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်၏။

“ဟယ့်ကျားစစ်၊ နင် တွေးတဲ့ပုံက အမှား မပါနိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေတုန်းလား။ တုံးလိုက်တာ၊ ဝက်ဦးနှောက်လိုပဲ”

ပိုင်ယွီအန်း သဘောတူခြင်း၊ မတူခြင်းမှာ သူမအပေါ်တွင် မူတည်ပေသည်။ သူမသည် ဂျိမ်းစ်၏ စကားအား နားမလည်သည့်အပြင် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီအတွက် ကောင်းသောအရာ ဖြစ်လျှင်ပင် ထိုအကျိုးအမြတ် သေးသေးလေးဖြင့် သူမ၏ ဂုဏ်သိက္ခာအား မလဲနိုင်ပါချေ။

ငွေကြေးနှင့် အဆင့်အတန်းဆိုသည်မှာ သူမအသက်ရှင်သရွေ့ ရှာဖွေနိုင်သည်။ ဖြတ်လမ်းလိုက်ရသည်မှာ လွယ်ကူသော်လည်း သူမကိုယ်တိုင် ဖွင့်ထားခဲ့သော လမ်းထက် ဘေးကင်းလုံခြုံခြင်း မရှိနိုင်ပါပေ။

“ကျင်းယွင်ကျောင်း”

ဟယ့်ကျားစစ်သည် အေးစက်သော လေသံဖြင့် လှောင်သံ ပြုလိုက်သည်။

“ဟက်၊ နင် တကယ် ပညာပေးခံချင်နေတာပဲ"

စက္ကန့်ပိုင်း အတွင်းတွင် ဟယ့်ကျားစစ်သည် ရုတ်တရတ်ဆိုသလို မတ်တပ်ရပ်လိုက်သည်နှင့် သူမလက်ထဲမှ ဝိုင်ခွက်သည်လည်း မြေပြင်ပေါ်သို့ ခွမ်းခနဲကျကာ အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။ အထဲတွင်ရှိနေသော ဝိုင်နီသည် အပြင်သို့ ယိုစီးလာပြီး သူမ ဖိနပ်များအား စွန်းထင်းသွားတော့၏။

“ကျင်းယွင်ကျောင်း၊ နင်က ငါ့ ခွက်ကို တိုက်ချရဲတယ်ပေါ့လေ”

ဟယ့်ကျားစစ်သည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမအသံမှာ စူးရှပေသည်။

မဝေးလှသော နေရာတွင် ရှိနေသော ဂျိမ်းစ်သည် ၎င်းကို မြင်ကာ အပြေးအလွှား ရောက်လာတော့သည်။ သူသည် သူ၏ မိခင်ဘာသာစကားဖြင့် သုတ်သီးသုတ်ပြာ ပြောလိုက်၏။

“အိုး...ကျားစစ်၊ ဘာဖြစ်သွားတာလဲ။ ဘယ်နေရာ ထိသွားသေးလဲ”

“ဂျိမ်းစ်၊ သူ ကျွန်မကို အနိုင်ကျင့်တယ်”

ဟယ့်ကျားစစ်သည် ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးကာ ပြောလိုက်၏။

“ရှင် ပေးထားတဲ့ ဖိနပ်တွေက အခု သူ့ကြောင့် ညစ်ပတ်ကုန်ပြီ”

“ကလေးလေးရယ်၊ ဒေါသ မထွက်ပါနဲ့။ သူ့ကို တောင်းပန်ခိုင်းပါ့မယ်”

ဂျိမ်းစ်သည် စကား ပြောပြီးသည်နှင့် ချက်ချင်းပင် ကျင်းယွင်ကျောင်းအား စိုက်ကြည့်လိုက်၏။ သို့သော် သူ စကား မပြောနိုင်ခင်မှာပင် ပိုင်ယွီအန်းနှင့် ရှန်းကျင်သည် ထိုနေရာသို့ လာကာ ပြောလိုက်သည်။

“ယွင်ကျောင်း၊ အဆင်ပြေရဲ့လား။ လန့်သွားလား”

ဂျိမ်းစ်သည် ခေတ္တမျှ ကြက်သေသေသွားပြီး ပြောလိုက်၏။

“မစ္စတာ ပိုင်၊ ဒါခင်ဗျားမိတ်ဆွေလား။ သူက ကျွန်တော့် ခေါင်းကိုင် သမီးလေးကို အနိုင်ကျင့်လိုက်တယ်။ ကျွန်တော်တို့ ဒါကို ဘာလုပ်ကြမလဲ”

ပိုင်ယွီအန်း မျက်မှောင်ကြုတ်လိုက်သည်။

အစောပိုင်းက ဂျိမ်းစ်သည် သူနှင့် အတန်ကြာစကားပြောနေခဲ့၏။ သူသည် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီထဲ ရင်းနှီးမြုပ်နှံပြီး ကုမ္ပဏီအား ချဲ့ထွင်ပေးရန် စိတ်ဝင်စားသည်ဟု ပြောခဲ့သည်။ ထို့အပြင် သူသည် ထုပ်ပိုးစရိတ်အား သူကိုယ်တိုင်စိုက်ထုတ်ပေးပြီး ကုမ္ပဏီ၏ ကျော်ကြားမှုအား နိုင်ငံရပ်ခြားတွင် ဖြန့်လိုသေးသည်။

ဤအရာနှင့် ပတ်သတ်၍ သူသည် စိတ်ဝင်စားသွားသော်လည်း ဆုံးဖြတ်ချက် မချရသေးချေ။ ကုမ္ပဏီမှာ သူ၏ အပိုင် မဟုတ်သောကြောင့် ကျင်းယွင်ကျောင်း၏ စိတ်ကူးကိုလည်း သိရန်လိုသေးပေသည်။ သို့သော် ပြသာနာ မဖြစ်ခင်တွင် သူသည် ကျင်းယွင်ကျောင်းအား ပြောရန် အချိန် မရလိုက်ပေ။

ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်း မျက်နှာပေါ်တွင် ပြေးသွားသော အေးစက်မှု အရိပ်အယောင်များကို တွေ့ပြီး ချက်ချင်း ပြောလိုက်၏။

“မစ္စတာ ဂျိမ်း၊ ဒါ ကျွန်တော့်ရဲ့ ညီမလေးပါ။ သူက လူများကို အနိုင် မကျင့်တတ်ပါဘူး။ အဲ့အစား ခင်ဗျား ခေါင်းကိုင်သမီးက ကျွန်တော့်ညီမနဲ့ သူ့သူငယ်ချင်းတွေကို လန့်အောင် လုပ်လိုက်တယ် ထင်တယ်”

Space and Rebirth - 554

Trans: Esth

ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းအား အကောင်းဆုံး နားလည်သူ ဖြစ်သည်။ သူမသည် ပုံမှန်အားဖြင့် အေးတိအေးစက်နိုင်သော်လည်း မတူညီသော လူများကို မတူညီသော ပုံစံမျိုးဖြင့် ဆက်ဆံတတ်လေသည်။

ဥပမာ ပေးရလျှင် သူမအနီးမှ သူငယ်ချင်းများအားဖြစ်သည်။ သူမသည် စိတ်မကြည်လျှင်ပင် သူတို့အား ပုံမှန်ထက် နူးညံ့ညင်သာ တတ်ပြီး သူမ လက်ခံထားသော လူများအား ဘယ်သောအခါမှ အေးတိအေးစက် စကားပြောမည် မဟုတ်ချေ။ တစ်ဖက်တွင်မူ၊ သူမသည် လူတစ်ဦးအား ငြင်းဆန်လိုက်ပါက ထိုလူအား အနည်းငယ်မျှပင် ညှာတာစိတ်ရှိမည် မဟုတ်။

ယခု ကဲ့သို့ပင် ထိုမိန်းကလေးသည် ပြသာနာရှာတော့မည်ကို သူမ တွေးဆထားဟန်ဖြင့် ကျင်းယွင်ကျောင်းသည် စက်ဆုပ်အထင်သေးသော အကြည့်ဖြင့် ထိုမိန်းကလေးအား ကြည့်နေလေသည်။ သူမနှင့် သိကျွမ်းဖူးသောလူ ဖြစ်လောက်မည်။

ဤတစ်ခေါက်တွင် ပိုင်ယွီအန်း၏ စကားများကြောင့် ဂျိမ်းစ် အံ့သြသွားရသည်။

ဟယ့်ကျားစစ်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဂျိမ်းစ်၊ မန်နေဂျာ ပိုင်က ဘာစကားပြောနေတာလဲ။ ရှင့်ကို သိက္ခာချနေတာလား”

“မန်နေဂျာပိုင်၊ ဒီညီမလေးအတွက်နဲ့ ကျွန်တော့်ကိုဆန့်ကျင်မလို့လား။ ကျားစစ်က ကျွန်တော့်ခေါင်းကိုင်သမီးပါ၊ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။ သူ့ကို တခြားလူတွေ အနိုင်ကျင့်မှာကို ကျွန်တော် လုံးဝ လက်မခံနိုင်ဘူး”

ဂျိမ်းစ်၏ အသံသည် တက်လိုက်ကျလိုက်ဖြစ်နေ၏။ သူသည် အလေးအနက်ထား ပြောနေသော်လည်း အနည်းငယ် ဟာသဆန်ပေသည်။

ပိုင်ယွီအန်းသည် စကားပြောရန် ဟန်ပြင်ဆဲတွင် ကျင်းယွင်ကျောင်း မတ်တပ်ရပ်သည်ကို တွေ့လိုက်၏။

‘မစ္စတာဂျိမ်းစ်က ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီနဲ့ ပူးပေါင်းချင်တယ်လို့ ကြားပါတယ်”

ကျင်းယွင်ကျောင်း ပြောလိုက်သည်။

“စဥ်းစားနေတုန်းပါ၊ ဒါပေမယ့် မန်နေဂျာ ပိုင်သာ ဒီလောက် စိတ်ရင်း မမှန်ရင် ထပ်ဆွေးနွေးစရာ မရှိပါဘူး။ ကျွန်တော့်ရဲ့ စီးပွားဖက်အနေနဲ့ ယုံကြည်ရလောက်မယ့်လူပဲ လိုချင်ပါတယ်”

ဂျိမ်းစ် ထပ်ပြောပြန်သည်။

ကျင်းယွင်ကျောင်း လှောင်သံပြုလိုက်ကာ ပြောလိုက်၏။

“အဲ့တော့ မစ္စတာ ဂျိမ်းစ် ပြောတဲ့ ယုံကြည်မှုဆိုတာက စုံလုံးကန်းယုံတာကို ပြောတာလား။ ဒါဆို ကျွန်မမေးပါရစေ။ စီးပွားဖက် ရှာနေတာလား၊ ကျွန်အဖြစ် နေပေးမယ့် ကုမ္ပဏီကို ရှာနေတာလားရှင့်”

စီးပွားရေးအရ ပူးပေါင်းမှုမျိုးတွင် တစ်ဖက်လူဆီမှ အကျိုးအမြတ်ရရန် အရေးကြီးပေသည်။ တစ်ခါတစ်ရံတွင် အကျိုးအမြတ်အတွက်နှင့် ခေတ္တခန့် ဒုက္ခခံရသည်မျိုးလည်း ရှိသည်။ သို့သော် ဤဂျိမ်းစ်သည် ထိုမျှလောက် ယုံကြည်စရာ မကောင်းလောက်ပေ။

“ကျင်းယွင်ကျောင်း၊ ဒီနေရာမှာ နင်က ဘာပြောရေးဆိုခွင့် ရှိလို့လဲ”

ဟယ့်ကျားစစ်မှာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

“ငါ ပြောခွင့် ရှိ၊ မရှိက နင် အဆုံးအဖြတ်ပေးတာမဟုတ်ဘူး”

ကျင်းယွင်ကျောင်းသည် နှုတ်ကိုဟကာ နှစ်ဦးသားအား အေးစက်သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။

“ဒါပေမယ့် ကျွန်မ စိတ်ဝင်စားတာက မန်နေဂျာ ပိုင်သာ မစ္စတာ ဂျိမ်းစ်နဲ့ ပူးပေါင်းမယ်ဆိုရင် နှစ်ယောက်လုံးက ကျွန်မကို ဘယ်လို ဖြေရှင်းဖို့ စိတ်ကူးထားလဲ”

ဂျိမ်းစ်သည် ကျင်းယွင်ကျောင်း၏ စကားလုံးများကို အစာခြေနေ၏။ သူ၏ တုံ့ပြန်ချက်များမှာ ပိုမိုနှေးကွေးသွားပြီး ဟယ့်ကျားစစ်အား ဝေ့ကြည့်လိုက်၏။

ဟယ့်ကျားစစ်မှာမူ ကျင်းယွင်ကျောင်း၏ ယုံကြည်ချက်ရှိနေသည့်ပုံစံအား ရွံရှာနေလေသည်။

ကျင်းယွင်ကျောင်းသည် မည်သည့် အချိန်မဆို မိမိသာ တော်သည် တတ်သည်ဟု ဟန်ဆောင်တတ်သူဖြစ်၏။ ဤစီအီးအို ပိုင်မှာမူ အချိန်မီ မတုံ့ပြန်ခြင်း သို့မဟုတ် ဂျိမ်းစ်၏ စိတ်ရင်းအား မြင်လိုခြင်းသာဖြစ်ရမည်။

ဟယ့်ကျားစစ်သည် အေးတိအေးစက်ဖြင့် အထင်သေးဟန် ပြုလိုက်သည်။

“ကျင်းယွင်ကျောင်း၊ ငါ ဘယ်တုန်းကမှ နင့်အတွက်ခက်ခဲအောင် မလုပ်ချင်ခဲ့ဘူး။ ငါ့ ဖိနပ်ပေါ်က အစွန်းတွေကို သုတ်ပေးရင် ငါ ဒီကိစ္စကို မေ့ပေးမယ်”

အနီးအနားတွင် ပွဲအခမ်းအနားသည် ဆက်လက်ကျင်းပနေဆဲ ဖြစ်၏။ ဂီတသံ ဖျိုးဖျိုးဖျဖျအား ကြားနေရပြီး ကပွဲအလယ်တွင် လူများသည် ပျော်ရွှင်နေကြသည်။ သို့ရာတွင် အချို့လူများသည် ရုတ်ရုတ်သဲသဲ ဖြစ်သည့်နေရာအား စိတ်ဝင်စားသွားကြလေသည်။

ထိုလူများထဲတွင် ရှောင်ဟိုင်ချင်း၏ ဖခင်ဖြစ်သူ ရှောင်တောက်အန်းနှင့် ကျန်းရုံတို့ ပါဝင်၏။

ဘေးနားတွင် ရှိသော ကျင်းဖန်သည် အနည်းငယ်ကြောက်ရွံ့နေသည်။ သူမ ရောက်လာစဥ်မှ စ၍ မိန်းကလေး ဟယ့်၏ အပြုအမူများသည် ထူးဆန်းနေ၏။ သူမကြောင့် မိန်းကလေး ဟယ့်သည် ကျင်းယွင်ကျောင်းနှင့် အချေအတင် ဖြစ်နေခြင်းလော။

သူမသည် မျက်လုံးများ ရိပ်ခနဲဖြစ်သွားပြီး ကြောက်ရွံ့တုန်လှုပ်နေသည့်ပုံ ဖြစ်သွား၏။

ကျင်းယွင်ကျောင်း ဟက်ခနဲ ရယ်လိုက်သည်။

“နင့် ဖိနပ်ကို သုတ်ပေးရမယ်၊ ဟုတ်လား"

“မလိုဘူးလို့ ထင်တယ်၊ ဒီဖိနပ်တွေက နင့် မျက်နှာထက် သန့်တာမို့လို့လေ”

ကျင်းယွင်ကျောင်းသည် အဆိပ်ပြင်းသော စကားများအား ပြောလိုက်၏။

“ကျင်းယွင်ကျောင်း”

ဟယ့်ကျားစစ်သည် အံကို ကြိတ်ကာ ဂျိမ်းစ်အား လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။

“ခေါင်းကိုင်အဖေ၊ သူ့ကိုကြည့်ပါဦး။ ခုနက သမီးကို သူပဲ အနိုင်ကျင့်ပြီးတော့ အခု မာန်တက်နေလိုက်တာ”

သူမသည် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီ၏ သူဌေးကိုပင် ဤနေရာသို့ လာခိုင်းနိုင်သောအင်အား ရှိ၏။ ကျင်းယွင်ကျောင်းသည် သူမ ရှေ့တွင် မာန်မာန ထောင်လွှားနိုင်စရာ အကြောင်းရှိသေးသလော။

“သူက တကယ် အကျိုးအကြောင်း ပြောလို့ မရဘူးပဲ။ ဒီမိန်းကလေးမျိုးက အရမ်း ပညာမဲ့လွန်းတယ်”

ဂျိမ်းစ်သည် ဒေါသပုန်ထနေ၏။ သူသည် ပိုင်ယွီအန်းအား စိုက်ကြည့်ကာ ပြောလိုက်သည်။

‘စီအီးအို ပိုင်၊ ခင်ဗျား စိတ်ရင်းမှန်ဖို့ လိုသေးတယ်”

Space and Rebirth 555

Trans: Esth

ပိုင်ယွီအန်းသည် စိတ်မကောင်းစရာဟု ခံစားလိုက်ရသော်လည်း ချက်ချင်းပင် ဤအရာကို ရယ်ချင်စဖွယ်ကောင်းလှသည်ဟုလည်း ထင်လိုက်မိသည်။

ဤရင်းနှီးမြုပ်နှံမှုအား လက်လွှတ်ရသည်မှာ အမှန်တကယ်ပင် ကောင်းသောအရာ မဟုတ်သော်လည်း ဤသည်မှာ ရင်းနှီးမြုပ်နှံမှု တစ်ခုသာ ဖြစ်ပေသည်။ ယခင်ကလည်း ဤကဲ့သို့သော ကိစ္စမျိုး မဖြစ်ဖူးသည် မဟုတ်ပေ။ ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီသည် အခြားသူများ၏ ဝင်ရောက် စွက်ဖက်မှုအား လက်ခံသင့်၊ မခံသင့်အား စဥ်းစားဆဲဖြစ်သည်။ သူတို့၏ ပြည်တွင်းစျေးကွက်ပင်လျှင် မတည်ငြိမ်သေးသောကြောင့် နိုင်ငံရပ်ခြားသို့ ချဲ့ထွင်ရန် အလျင်လိုမနေပေ။

ဤမစ္စတာ ဂျိမ်းစ်မှာ သူ၏ အသက်သွေးကြောအား ယူပြီး သူ့အား ခြိမ်းခြောက်နိုင်နေသည်ဟု ထင်နေ၏။ သို့ရာတွင် သူ မသိသည်မှာ ပိုင်ယွီအန်းနှင့် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီတစ်ခုလုံး၏ အသက်သွေးကြောမှာ ကျင်းယွင်ကျောင်းဖြစ်နေသည်ဟူသော အချက်ကို ဖြစ်သည်။

“မစ္စတာ ဂျိမ်းစ်၊ ခင်ဗျား ပြောတာ မှားနေတယ်။ ဘာကို စိတ်ရင်းမှန်ဖို့ လိုသေးတာလဲ။ ကျွန်တော်တို့က အစကတည်းက ခင်ဗျားတို့အပေါ် စိတ်ရင်းမှန် မရှိတာဗျ"

ပိုင်ယွီအန်းသည် ကွေ့ဝိုက်မနေဘဲ ပြောလိုက်၏။

“ဒါ ဘာအဓိပ်ပာယျလဲ”

ဂျိမ်းစ် နားမလည်လိုက်ချေ။

“အဓိပ္ပာယ်က အရမ်းရှင်းတယ်။ ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီက မစ္စတာ ဂျိမ်းစ်ရဲ့ ရင်းနှီးမြုပ်နှံမှုကို စိတ်မဝင်စားဘူးလို့ ပြောတာပဲ၊ နားလည်လား”

ကျင်းယွင်ကျောင်း ရယ်ရင်းမောရင်းဖြင့် ပြောလိုက်သည်။

ဤစကားကို ပြောလိုက်သောအခါ အနီးအနားမှ လူများ အားလုံး ကြောင်သွားကြသည်။

ကျင်းယွင်ကျောင်းမှာ မည်သူဖြစ်နေ၍ သူသည် အဘယ်ကြောင့် ဤကိစ္စများကို ဆုံးဖြတ်ချက်ပိုင်နိုင်စွာ ပြောနေရသနည်း။

သို့ရာတွင် ဤကိစ္စအား ရယ်မောပြီး အလေးအနက်မမြင်သော လူအချို့လည်း ရှိ၏။ ကျင်းယွင်ကျောင်းသည် သမားတော်အနေနှင့် အလုပ်လုပ်သည်ကိုလည်း ထိုလူများ သိထားလေသည်။ သူတို့အတွက်မူ ကျင်းယွင်ကျောင်းကဲ့သို့ အံ့ချီးဖွယ်သမားတော်သည် မာန်မာန ကြီးတတ်စမြဲ ဖြစ်သည်။ သူမသည်သာ အနိုင်ကျင့်ရလွယ်ကူသော တည်သီးနုလေး ဖြစ်နေလျှင်၊ မည်သို့ပင် အံ့ချီးဖွယ် သမားတော် ဖြစ်စေကာမူ၊ မည်သူမျှ သူမအား အလေးအနက်ထားမည် မဟုတ်ပါချေ။

အံ့ချီးဖွယ် သမားတော်များမှာ သာမန် သမားတော်များနှင့် မတူချေ။ သူတို့သည် အရေးကြီးဆုံးအခြေအနေတွင် လူ့အသက်အား ကယ်နိုင်သော ဖြစ်တည်မှုများ ဖြစ်၏။

သူမအား စော်ကားခြင်းဆိုသည်မှာ မကောင်းဆိုးဝါးနှင် အဆောင်တစ်ခုအား အလကား ပစ်လိုက်ခြင်းနှင့် မတူပါသလော။ ဤလူများသည် ထိုမျှလောက် မတုံးအပေ။ ကျင်းယွင်ကျောင်းအား သာမန်ကျောင်းသူ တစ်ဦးဟု မြင်သောသူများသာ ထိုသို့တွေးကြလေမည်။

ဟယ့်ကျားစစ်သည် ဒေါသထွက်လွန်းသဖြင့် ထရယ်လိုက်၏။

“ကျင်းယွင်ကျောင်း၊ နင် တကယ် ရူးနေတာပဲ။ နင့်ကိုယ်နင် ဘာထင်နေလဲ”

“ဖြန်း”

ကျင်းယွင်ကျောင်းသည် လက်ကို မြှောက်ကာ သူမအား ပါးရိုက်ချလိုက်သည်။

ထို့နောက် သူမသည် လက်ကောက်ဝတ်အား လှည့်လိုက်၏။

“ငါ့ကိုယ်ငါ ဘာထင်နေလဲလို့ မေးလိုက်တာလား။ မိန်းကလေး ဟယ့်၊ သူများတွေကို ယဥ်ကျေးမှု ရှိဖို့ နင့်မိသားစုက မသင်ပေးထားဘူးလား။ ဒီမေးခွန်းမျိုးက နားထောင်ရတာ သိပ်မကောင်းဘူးလေ။ နင့်မိသားစုအစား ငါပဲ သေချာသင်ပေးရတာပေါ့”

“ကျင်းယွင်ကျောင်း”

ဟယ့်ကျားစစ်သည် သူမ မျက်နှာအား ဖုံးအုပ်လိုက်သည်။

“နင် ငါ့ကို တကယ်ပါးရိုက်လိုက်တယ်။ ဟုတ်ပြီလေ စီအီးအို ပိုင်၊ ဒီအပေးအယူကို မရှိခဲ့ဘူးလို့ သဘောထားကြတာပေါ့။ တစ်ဘီလီယံရင်းနှီးမြုပ်နှံမှုကြီးကို ရမယ်လို့ မထင်ကြနဲ့တော့”

ပိုင်ယွီအန်း မျက်ခုံးများကို ပင့်လိုက်သည်။

“တစ်ဘီလီယံလေးပဲကို ငါတို့လည်း သိပ်ဂရုမစိုက်ပါဘူး”

သူတို့၏ ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီသည် တစ်ဘီလီယံမက တန်လေသည်။

သူတို့၏ ရောင်းအားသည် ယွမ် ဆယ်ဘီလီယံသာရှိပြီး ထိုအကြီးစား စားသောက်ကုန် ကုမ္ပဏီများနှင့် ယှဥ်၍ မရသော်လည်း သူတို့၏ ကျန်ရစ်သောအမြတ်ငွေမှာ အခြားလူများထက် မနည်းလှချေ။ သို့ရာတွင် အပြင်လူများ မသိသည်မှာ သူတို့၏ ကုန်ကြမ်း အများစုအား ကျင်းယွင်ကျောင်း “လျှို့ဝှက်စခန်း” မှ ထောက်ပံ့ထားသည်ကိုဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် သူတို့၏ ဤနှစ် အမြတ်ငွေအား ယွမ်ရာချီနှင့် အောက်ထစ်သာရှိလောက်မည်ဟု ထင်ထားခြင်း ဖြစ်သည်။ အမှန်မှာ ငွေသည် ထိုမျှမကပေ။

သို့ရာတွင် ပိုင်ယွီအန်းသည် စည်းမျဥ်း စည်းကမ်းများအတိုင်း ကုန်ကြမ်းများအတွက် ပိုက်ဆံကို ကျင်းယွင်ကျောင်းအား ပေးပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းကို အပြင်လူများ မသိခြင်း ဖြစ်၏။

ထို့ကြောင့် ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီသည် အပြင်လူများ၏ ရင်းနှီးမြုပ်နှံမှုအား သိပ်ဂရုမစိုက်လှပေ။ ရင်းနှီးမြုပ်နှံသူများလာလျှင် ကုမ္ပဏီသည်လည်း အနည်းနှင့် အများ ပြောင်းလဲမှု ရှိသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။ လက်ရှိတွင် ထိုပြောင်းလဲမှုများ ဖြစ်ပါက အန္တရာယ်ရှိနိုင်ပေသည်။

သို့သော် ပိုင်ယွီအန်း၏ စကားကြောင့် အားလုံး လန့်ဖျပ်သွားကြသည်။ သူသည် တစ်ဘီလီယံအား ဂရုမစိုက်သလော။

နင်းမြို့တော်တွင် ကုမ္ပဏီများစွာ ရှိသော်လည်း လုပ်ငန်း စတည်ထောင်ပြီး နှစ်နှစ်အကြာတွင် တစ်ဘီလီယံအား ဂရုမစိုက်ဟု ပြောရဲသောသူ တစ်ဦးမျှမရှိပါချေ။ ဆယ်စုနှစ်မျှ လည်ပတ်နေသော ကုမ္ပဏီကြီးများပင်လျှင် တစ်ဘီလီယံ၏ အင်အားကို သိလေသည်။

ပိုင်ယွီအန်းသည် ရူးသွပ်သွားခြင်းပေလော။

ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီသည် နင်းမြို့တော်တွင် နာမည် တစ်လုံး ရပြီးသားဖြစ်သော်လည်း သူသည် ထိုမျှလောက်တော့ မာန မထောင်လွှားနိုင်ပါချေ။

ဟယ့်ကျားစစ်၏ မျက်နှာမှာ မှောင်ကျသွားပြီး သူမ၏ ရင်ဘတ် အစုံမှာလည်း နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။

“နောက်မှ နောင်တမရနဲ့နော်။ စကားကြီး စကားကျယ်တွေ ပြောရင်း ကိုယ့်လျှာကိုယ် ကိုက်မိပြီး သေမှာ မကြောက်ဘူးလား”

“မိန်းကလေး ဟယ့်ရဲ့ လျှာကိုပဲ အရင် ဖြောင့်အောင်လုပ်ပါဦး။ အခု ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ငုံ့ပြီး ဒီဖန်ကွဲစတွေ အားလုံးကို ရှင်းရင် ရှင်း ဒါမှမဟုတ် ထွက်သွားလိုက်၊ နင့်သဘောပဲ”

Space and Rebirth 556

Trans: Esth

ကျင်းယွင်ကျောင်းသည် ဟယ့်ကျားစစ်ရှေ့တွင် ရပ်လိုက်သောအခါ သူမ၏အရှိန်အဝါအောက်တွင် ဟယ့်ကျားစစ်ပြားပြားဝပ်သွား၏။

ဟယ့်ကျားစစ်၏ အသွင်အပြင်မှာ နူးညံ့ချိုသာလှပြီး သူမ၏ရုပ်ရည်မှာလည်း ကြည့်ကောင်းသည်။ ယနေ့သူမဝတ်လာသောဝတ်စုံကြောင့် သူမသည် ခါတိုင်းထက်ပင် ပို၍လှပနေ၏။ ပန်းကဲ့သို့လန်းဆန်းနေသော သူမဆီမှ စွဲမက်ဖွယ်ရနံ့ထွက်နေသောကြောင့် လူများသည် မနေနိုင်ဘဲ သူမအား မကြာခဏဆိုသလို ဝေ့ကြည့်တတ်ကြသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းနှင့်ယှဥ်လိုက်လျှင် သူမသည် နည်းနည်းမျှမသာပါချေ။

ဟယ့်ကျားစစ်သာ ရုပ်ရည်မလှလျှင် ဟယ့်မိသားစုသည် သူမအား ထန်မိသားစုထဲသို့ လက်ထပ်ခိုင်းရန် ယုံကြည်ချက်ရှိမည်မဟုတ်ပေ။ သို့ရာတွင် ယခုကျင်းယွင်ကျောင်းရှေ့၌ ရှိနေသော ဟယ့်ကျားစစ်သည် နိုင်ငံခြားခရီးမှပြန်လာသည်မှာ သိပ်မကြာသေးသောကြောင့် သူမပုံစံမှာ အနည်းငယ်အရှက်အကြောက်မရှိသောပုံစံ ဖြစ်နေလေသည်။

ကျင်းယွင်ကျောင်းမှာ အဖြူရောင်နှင်းတောထဲတွင် ပေါက်ရောက်နေသော ဆီးသီးသဖွယ် အေးတိအေးစက်နိုင်ပြီး မာနကြီး၏။ သူမ၏အသားအရေသည် နို့နှစ်ရောင်ကဲ့သို့ဖြစ်ပြီး သူမမျက်လုံးများမှာလည်း ရေခဲတမျှအေးစက်သော ကြယ်ပွင့်များကဲ့သို့ပင်။ သူမစကားပြောလိုက်လျှင် လူများ၏နှလုံးသားတုန်ယင်သွားကြ၏၊ သူမအသံသည် အခြားလူများ၏နှလုံးသားထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိနေသကဲ့သို့ဖြစ်သည်။

ဟယ့်ကျားစစ်၏နှုတ်ခမ်းများ ပြာလာပြီး သူမမေးကြောများလည်း အနည်းငယ် လှုပ်ခါသွား၏။

“ကျင်းယွင်ကျောင်း၊ နင်ကမိဘမရှိတဲ့ မိဘမဲ့သာသာပဲ၊ နင်က ငါ့ကိုဘယ်လိုမှ နှင်ထုတ်ပိုင်ခွင့်မရှိဘူး!”

ဟယ့်ကျားစစ် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

(ငါကထွက်သွားရမယ်? ဘာလို့ထွက်သွားရမှာလဲ?)

ဖန်ကွဲစများကို ရှင်းရန်အတွက်မူ သူမသည် သန့်ရှင်းရေးအဒေါ်ကြီးမဟုတ်ပေ။ ဤမျှလောက် များပြားသောလူများရှေ့တွင် သူမအဘယ်သို့ မိမိကိုယ်ကို အရှက်ခွဲနိုင်မည်လော။

ကျင်းယွင်ကျောင်းသည် ဟမ့်ခနဲအသံပြုလိုက်၏။

“ငါ့မှာ အဖေရော အမေရောမရှိပေမယ့် ငါကအောက်တန်းတော့မကျဘူး။ ဒါရိုက်တာပိုင်၊ လုံခြုံရေးခေါ်လိုက်ပါ။ ဒီလိုကျက်သရေရှိတဲ့နေ့မှာ ပညာမတတ်တဲ့လူတစ်ယောက်ကြောင့်နဲ့ ကျန်တဲ့လူတွေအားလုံးကို အနှောင့်အယှက်မဖြစ်စေချင်ဘူး”

ကျင်းယွင်ကျောင်း စကားပြောပြီးသည်နှင့် ပိုင်ယွီအန်းသည် သူ၏ဘေးမှ စားပွဲထိုးအား တစ်ခုခုကိုတီးတိုးပြောလိုက်သည်။ ကြည့်လိုက်သည်နှင့် သူသည် ကျင်းယွင်ကျောင်းပြောသည့်အတိုင်း လုပ်ခြင်းဖြစ်မှန်း သိသာ၏။

“စီအီးအိုပိုင်....ဒီဆုံးဖြတ်ချက်ကို ပြန်စဥ်းစားသင့်တယ် မထင်ဘူးလား?”

တစ်နယ်ပယ်တည်း အလုပ်လုပ်နေသော လူတစ်ဦးမှ စိတ်ကောင်းစေတနာဖြင့် သတိပေးလိုက်သည်။ အိမ်နီးချင်းညီမလေးတစ်ယောက်အတွက်နှင့် ဤမျှလောက် ရက်ရက်စက်စက်လုပ်စရာ လိုသလော။

ဤမိန်းကလေးဟယ့်သည် မစ္စတာဂျိမ်းစ်နှင့် လားလားမျှမဆိုင်လျှင်ပင် သူမသည် ဟယ့်မိသားစု၏သမီးတစ်ယောက် ဖြစ်နေဆဲဖြစ်၏။ သူ၏လုပ်ရပ်များသည် ဟယ့်မိသားစုအား စော်ကားသလိုဖြစ်မည်မှာ သေချာပေသည်။

“ဟိုင်ချင်း၊ ကျင်းယွင်ကျောင်းက စဥ်းစားချင့်ချိန်တတ်တဲ့ ဉာဏ်မရှိဘူး။ သမီးလည်း ဉာဏ်မရှိတဲ့လူလား? ပြသာနာမရှာဖို့ ကျင်းယွင်ကျောင်းကို သွားဖျောင်းဖျလိုက်။ အားလုံးက ကလေးတွေပဲကို....သူ့အစား သမီးပဲ မိန်းကလေးဟယ့်ကို တောင်းပန်လိုက်ပါလား...”

ရှောင်တောက်အန်းသည် သူ၏သမီးဘေးသို့ လျှောက်လာရင်း ပြောလိုက်၏။

သူသည် ဟယ့်မိသားစုအကြောင်းကို သိထားလေသည်။

ထိုစဥ်က ဟုန်ထျန်းသည် သူနှင့်ပူးပေါင်းခဲ့ရသည့်အကြောင်းရင်းမှာ ဟယ့်မိသားစုမှ အကြီးအကဲထန်အား အပြစ်ပြုမိ၍ဖြစ်သည်။

သို့ရာတွင် သူတို့သည် တစ်နယ်ပယ်တည်းတွင် အလုပ်လုပ်နေသော်လည်း ဟယ့်မိသားစုသည် စက်မှုလုပ်ငန်းများစွာကို ဦးစီးပြီး ရှောင်မိသားစုထက် များစွာကြီးမားလေသည်။ ထို့ကြောင့် သူတို့ကြားတွင် ပြိုင်ဆိုင်မှု သိပ်မရှိခဲ့ချေ။ ထို့အပြင် ရန်သူဖြစ်ရသည်ထက် မိတ်ဆွေလုပ်ရသည်က ပိုကောင်းပေသည်။ အထူးသဖြင့် ဤဂျိမ်းစ်ဆိုသောလူသည် ရင်းနှီးမြုပ်နှံသည့်နေရာတွင် အထူးပြုအလုပ်လုပ်သောလူ ဖြစ်သည်။ သူတို့ဘက်မှသာ သူ့အား ကူညီလျှင် အကျိုးအမြတ်များစွာရှိလေမည်။

သို့သော် ရှောင်တောက်အန်းဆီမှ ထိုစကားထွက်သည်နှင့် ရှောင်ဟိုင်ချင်းသည် ခေါင်းကိုလှည့်ကာ သူ့အား အပြုံးတုတစ်ခုကို ပြုံးလိုက်၏။

“အဖေတောင်းပန်ချင်ရင် ဘာလို့သမီးကိုပါ ဆွဲခေါ်နေတာလဲ? အသက်ကြီးပြီး အချိန်မစီးလိုက်တာ၊ အဖေ့သိက္ခာတွေကို ခွေးကျွေးလိုက်ပြီလား?”

ဟုန်မိသားစုနှင့် ကိစ္စဖြစ်ပြီးသည်မှစ၍ သူမနှင့် သူမမိသားစုကြားမှ ဆက်ဆံရေးသည် တင်းမာနေခဲ့သည်။ သူမသည် သူမဖခင်ဘေးမှ အဝေးဆုံးနေရာတွင် နေချင်သော်လည်း သူတို့၏ဆက်ဆံရေးမှာ လွယ်လွယ်ဖြတ်တောက်နိုင်သောအရာ မဟုတ်ချေ။

ရှောက်တောက်အန်းသည် သူမအား ဆယ်နှစ်ကျော် ကျွေးမွေးပြုစုခဲ့သူဖြစ်ပြီး သွေးသားဆက်ဆံရေးဆိုသည်မှာ ထိုမျှလောက် ပြတ်တောက်ရလွယ်ကူသည် မဟုတ်လှပေ။

ထို့ကြောင့် အချင်းချင်း နှိပ်စက်နေသလိုသာ ရှိကြပြီး မည်သူမျှ ဤဆက်ဆံရေးတွင် မပျော်ပိုက်ကြချေ။

ရှောင်တောက်အန်း၏ မျက်နှာသည် တင်းမာသွား၏။

“ဟိုင်ချင်း၊ မင်းမှာ ဦးနှောက်ရောရှိသေးရဲ့လား? ကျင်းယွင်ကျောင်းက သူများတွေကို ကပ်ဖားဖို့ သူ့အလှကိုသုံးနေတယ်ဆိုတာ မမြင်ဘူးလား? ဒီနေ့ သူလိုငယ်ငယ်ရွယ်ရွယ်ကောင်မလေးကြောင့် စီအီးအိုပိုင်က ဂျိမ်းစ်ကို ငြင်းခဲ့တယ်ထားဦး၊ စီအီးအိုပိုင်သာ သူ့ကိုမုန်းသွားတဲ့တစ်နေ့ရောက်လာရင် ကျင်းယွင်ကျောင်းလုပ်သမျှတိုင်းကို မှတ်မိနေလိမ့်မယ်။ စီအီးအိုပိုင်ရဲ့ အဆက်အသွယ်တွေကို မင်းမသိတာလည်းမဟုတ်ဘူး။ သူသာ တကယ်ဒေါသထွက်ရင် ကျင်းယွင်ကျောင်းသူငယ်ချင်းဖြစ်တဲ့ မင်းပါ ထိခိုက်မယ်လို့ မတွေးမိဘူးလား? ငါတို့မိသားစုအခြေအနေက အခုတောင် ဆိုးလှပြီ”

All Chapters