အခန်း (၅၅၇-၅၆၀)
Vol. 28 Ch. 557-560
Space and Rebirth 557
Trans: Esth
ရှောက်တောက်အန်း၏ အသံသည် တိုးတိတ်လွန်း၍ ရှောင်ဟိုင်ချင်းနံဘေးတွင် ရပ်နေကြသော စူးချူနှင့် ကန်ကျင်းချန်ပင် သူ၏အသံကို သေချာမကြားလိုက်ရချေ။ ထို့အပြင် သူတို့အားလုံး၏ အာရုံသည် ဟယ့်ကျားစစ်ဆီ ရောက်နေသောကြောင့် ဤလူကြီးရှောင်တောက်အန်းအား အာရုံမစိုက်နိုင်ခဲ့ကြပေ။
သို့ရာတွင် သိုင်းပညာကျွမ်းကျင်သော ကျင်းယွင်ကျောင်းနားထဲသို့မူ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားလေသည်။ သူမသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။
“ကိုယ့်အလှကို အသုံးချတယ်တဲ့လား?”
ရှောင်ဟိုင်ချင်းသဘောကျဟန်ဖြင့် ရယ်လိုက်သည်။
“အဖေ၊ ကျင်းယွင်ကျောင်းအကြောင်း ပြောနေတာရော ဟုတ်ရဲ့လား? ကိုယ့်အလှကို အသုံးချနေတာက သူမဟုတ်ဘဲ အဖေလို့ သမီးဘာလို့မြင်နေတာပါလိမ့်? အသက်ဒီလောက်ကြီးနေတာတောင် အဖေဒုက္ခခံပြီး အန်တီကျန်းရဲ့ ကျရာနေ၊စေရာသွားလုပ်ခံနေရတာ မဟုတ်ဘူးလား၊ အဖေ့ခန္ဓာကိုယ်က ခံနိုင်သေးရဲ့လား?”
သူမ၏ ခနဲ့သံကြောင့် ရှောက်တောက်အန်း၏ အိုစာနေသောမျက်နှာကြီးသည် ချက်ချင်းပင် နီမြန်းသွား၏။
သူသည် ထိုမျှလောက်မအိုသေးပေ။ အသက် ၄၀ ကပ်ရုံသာရှိသေးသည်။ မိမိဘဝစတင်သောအချိန်ဟုပင် ပြောနိုင်သည်။ သို့ရာတွင် သူ၏သမီးအရင်းထံမှ ထိုသို့သောစကားများကို ကြားရပြီး ဒေါသမထွက်လျှင် ထူးဆန်းပေတော့မည်။
“ဟိုင်ချင်း!”
ရှောက်တောက်အန်းသည် မခံမရပ်နိုင်ဖြင့် အေးစက်စွာ အော်ဟစ်လိုက်သည်။
ထိုအသံကြောင့် အနီးအနားမှလူများအားလုံး လန့်ဖျပ်သွားကြပြီး အခြားလူများ၏ အာရုံပါ သူတို့ထံရောက်လာကြတော့သည်။
ဤအချိန်တွင် လုံခြုံရေးအစောင့်များက မရောက်သေးပေ။ အချို့လူများသည် ပိုင်ယွီအန်းတို့ကို နားချနေဆဲဖြစ်ကာ အချို့မှ ဆက်လက်စောင့်ကြည့်နေဆဲဖြစ်၏။ သူတို့သည် ရုတ်တရတ်ဆန်သော အော်ဟစ်သံကိုကြားလိုက်ရသဖြင့် အံ့အားသင့်သွားကာ မကျေနပ်သောအကြည့်ဖြင့် အသံလာရာထံ ကြည့်လိုက်ကြသည်။
ရှောက်တောက်အန်း၏ မျက်နှာအိုတစ်ခုလုံး တုန်ယင်သွားကာ သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်သည်။
“အားလုံးကိုတောင်းပန်ပါတယ်၊ ကျွန်တော့်သမီးက မလိမ်မိုးမလိမ်မာလေးမို့ ဆုံးမနေတာပါ…”
“တကယ်တော့ ကျွန်တော့်အမြင်အရဆိုရင် ဒီကိစ္စကအဲ့လောက်လေးနက်တာ မဟုတ်ဘူးလို့ ထင်တယ်ဗျ၊ ခွက်လေးတစ်ခွက်ပဲ ကွဲတာမဟုတ်ဘူးလား? စားပွဲထိုးတစ်ယောက်ကိုလာပြီး ဖြေရှင်းခိုင်းရင်ရပါတယ် ဒါပေမယ့် အဲဒါမှ အလုပ်မဖြစ်ရင်တော့…ဒီလိုလုပ်ပါလား၊ ကျွန်တော့်ဟိုင်ချင်းက ဒီလိုအလုပ်ကြမ်းတွေနဲ့ နေသားကျနေပြီမို့ သူ့ကိုပဲ နည်းနည်းသန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါ။ ဘာလို့လုံခြုံရေးတွေ ခေါ်နေမှာလဲ? အဲ့လိုမထင်ကြဘူးလား?”
ရှောက်တောက်အန်း ထပ်ပြောပြန်သည်။
ကျင်းယွင်ကျောင်းသည် ၎င်းကို ကြားလိုက်သောအခါ အနည်းငယ်အံ့ဩသွားသည်။ ရှောက်တောက်အန်းသည် ယခင်ကထိုသို့မဟုတ်ပေ။
သူသည် အကျိုးအမြတ်ကိုရှေ့တန်းတင်သူ ဖြစ်ခဲ့သော်လည်း သူ၏သမီးကိုပါ ပစ်ပစ်ခါခါလုပ်လောက်သည်ထိ မဟုတ်ခဲ့ချေ။ အနည်းဆုံးအနေဖြင့် ဖခင်မေတ္တာအား ဗန်းပြနေဆဲဖြစ်ပြီး သူ၏ရင်တွင်းမှ အညစ်အကြေးများကို ဤမျှလောက် မကွယ်မဝှက်ဘဲ ဖော်ပြမည်မဟုတ်ပေ။
သို့ရာတွင် ဟိုင်ချင်းမှာမူ အံ့ဩခြင်းအလျင်းမရှိ။
ဒေဝါလီခံရခါနီး ကုမ္ပဏီတစ်ခုမှ ဤသို့လုပ်မည်ဟု မည်သူမှ မထင်ခဲ့ချေ။ သူမ၏ဖခင်သည် ယခင်က သူမအတွက် အမှန်ပင်တွေးပေးခဲ့သော်ငြား သူ၏သမီးမှ သူနှင့်အမြင်မတူကြောင်း သိလိုက်ရသောအခါ သူ၏စရိုက်မှန်သည် ဘူးပေါ်သလို ပေါ်လာတော့သည်။ ထို့အပြင် လွန်ခဲ့သောလပိုင်းအတွင်းတွင် သားအဖနှစ်ဦးသည် ရန်ဖြစ်ပြီးရင်း ရန်ဖြစ်ခဲ့ပြီး ဘယ်သောအခါကမှ မရပ်ခဲ့ပေ။ မိသားစုကြားမေတ္တာ ကျန်ရစ်ခဲ့လျှင်ပင် ထိုအဖန်တရာတေသော ရန်ပွဲများကြောင့် လုံးဝဥဿုံပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။
“ဦးလေးရှောင်…ဘာတွေပြောနေတာလဲ? ဘာလို့ဟိုင်ချင်းကို လုပ်ခိုင်းရမှာလဲ?”
ကန်ကျင်းချန်သည် ချက်ချင်းပင် သူ၏လုပ်ရပ်အား နားမလည်နိုင်ချေ။ ရှောက်တောက်အန်းသည် ကန်ကျင်းချန်အား ခေါင်းအစခြေအဆုံး အကဲခတ်လိုက်၏။
ဤကောင်လေးသည် အကြီးအကဲထန်၏ ရွှေပေါ်မြတင်မြေးလေးနှင့် မတူမှန်း သိလိုက်ရသောအခါ သူသည် သက်ပြင်းချပြီး ပြောလိုက်သည်။
“အားလုံးက ကလေးတွေပဲကို၊ သင့်သင့်မြတ်မြတ်နေတော့ မကောင်းဘူးလား၊ ရန်ဖြစ်ကြစရာမလိုပါဘူး။ အငြင်းပွါးစရာသေးသေးလေးပဲဟာ”
ထို့နောက် သူသည်ရှောင်ဟိုင်ချင်းအား ဆွဲထိုင်ခိုင်းပြီး မြေပြင်ပေါ်ရှိ ဖန်ကွဲစများကို စတင်ကောက်တော့သည်။
သို့ရာတွင် ဟိုင်ချင်းသည် ဆွဲလိုက်သောအရှိန်ကြောင့် ကုန်းသွားသည်နှင့် ကျင်းယွင်ကျောင်းသည် သူမလက်မောင်းအား ဖမ်းဆုပ်ကာ ပြန်ဆွဲတင်လိုက်၏။
ရှောင်ဟိုင်ချင်းသည် လှောင်ပြုံးတစ်ခုကို ပြုံးလိုက်သည်။
“အဖေက တကယ် လူရွှင်တော်တစ်ယောက်နဲ့ နင်လားငါလားပဲ”
ရှောက်တောက်အန်းသည် ကြောင်အသွား၏။
(လူရွှင်တော်?)
မှန်ပေသည်။ သူသည် ဤအခိုက်အတန့်၌ သဘောထားသေးသိမ်ပြီး သူရဲဘောကြောင်သောလုပ်ရပ်ကို လုပ်နေမှန်းသိသော်လည်း သူအခြားမည်သို့လုပ်နိုင်မည်နည်း။ သူသည် ယခုရှိနေသောလူများအား မစော်ကားရဲချေ။ သူသည် အခြားသူများရှေ့မှောက်တွင် မိမိမျက်နှာကိုပြနိုင်ရန်ဟူသော မျှော်လင့်ချက်ဖြင့် ဤပွဲအား လာနိုင်ရန် များစွာကြိုးစားခဲ့ရလေသည်။
အေးချမ်းခြင်းမြို့တော်သို့ ရောက်ပြီးနောက် သူသည် တစ်ချက်ကို သိသွားလေသည်။ ကုမ္ပဏီ၏ သိက္ခာသည် ထိုမျှလောက် အရေးမကြီးပေ။ သူသည် စီးပွါးရေးလုပ်ကိုင်ရာ၌ ရိုးသားလျှင်ပင် အဆက်အသွယ်များပြီး ကျောထောက်နောက်ခံရှိသော ကုမ္ပဏီများနှင့် မယှဉ်နိုင်ချေ။ ကုမ္ပဏီအား ကာကွယ်ရန် သူသည်သိက္ခာလုံးလုံး ရေစုန်မျောနှင့်ပြီး ဖြစ်သည်။ ဤမျှလောက်လေးဖြင့် မဖြုံပေ။
Space and Rebirth 558
Trans: Esth
ရှောက်တောက်အန်းသည် ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိအရာများ အားလုံးကို ကောက်ယူလိုက်၏။ အခြားသူများသည် စိတ်ပျက်ဟန်ဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။
ပိုင်ယွီအန်း၏ မျက်နှာထားသည် ထူးဆန်းနေ၏။ ဤရှောက်တောက်အန်းသည် ပါးနပ်သည်လော၊ တုံးအသည်လော သူတကယ်မသိပါပေ။
ကျင်းယွင်ကျောင်းသည်သာ လင်းမိသားစု၏ သာမန်ညီမလေးတစ်ဦးသာဆိုလျှင် သူ၏လုပ်ရပ်သည် အခြေအနေများ လက်မလွန်လာခင် တားဆီးရန် နှစ်ဦးနှစ်ဖက်လုံးအတွက် အခွင့်အရေးဖြစ်လေမည်။ သို့ရာတွင် ပြသာနာမှာ ကျင်းယွင်ကျောင်းသည် သာမန်ညီမလေးတစ်ဦးမဟုတ်ခြင်းဖြစ်သည်။
ထို့အပြင် ဂျိမ်းစ်သည်လည်း ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအတွက် အတော်အတန်အရေးကြီးသည်ဟု သူမှတ်ယူလိုက်သည်မဟုတ်လော? သို့သော် လက်တွေ့တွင် သူသည် အပိုပြောခြင်းမဟုတ်ပေ။ ယခုသူတို့သည် ဂျိမ်းစ်၏ ရင်းနှီးမြုပ်နှံမှုကို လက်မခံနိုင်ကြောင်း ပြောပြီးဖြစ်၍ ရှောက်တောက်အန်း၏ ကပ်ဖားရပ်ဖားလုပ်ခြင်းသည် ပြသာနာ၏အကြောင်းရင်းအား ပြန်တူးဆွရုံသာရှိသည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ ဖန်ကွဲစတွေကို ရှင်းလိုက်ပြီမလား? မိန်းကလေးဟယ့် စိတ်မဆိုးပါနဲ့၊ ခုနတုန်းက ကျင်းယွင်ကျောင်းတမင်လုပ်လိုက်တာ မဟုတ်ပါဘူး...”
ရှောင်တောက်အန်းသည် အပြုံးဖြင့် ပြောလိုက်သည်။
ရှောင်ဟိုင်ချင်းမှာ လှောင်ရယ်သံသာပြုကာ ဘာကိုမျှဆက်မပြောချေ။
ကျင်းယွင်ကျောင်းသည် အပြုံးနှင့်မတူသောအပြုံးဖြင့် သူ့အားကြည့်လိုက်၏။
ဟယ့်ကျားစစ်၏ မျက်နှာ အနည်းငယ်ကောင်းလာသည်။ သူမသည် ရှောင်တောက်အန်းအား စိုက်ကြည့်ကာ ပြောလိုက်၏။
“အခု ရှင်နဲ့ရှင့်သမီးက ကျင်းယွင်ကျောင်းအစား တောင်းပန်ဖို့လုပ်နေတာလား?”
ထိုရှောင်ဟိုင်ချင်း၏ ဖခင်ဖြစ်သူသည် လက်တွေ့တွင် ဤမျှလောက် အောက်ကျသောသူမှန်း သူမအမှန်တကယ် မထင်ထားခဲ့ချေ။
ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်းသည် ပုံမှန်ဆိုလျှင် ရင်းနှီးလွန်း၍ တစ်သားတည်းတစ်ကိုယ်တည်းဖြစ်နေသလိုပင်။ သူတို့သည် ဟွားနင်ခရိုင်ကျောင်းတွင် တက်ခဲ့စဥ်က ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်းသည် သူမနှင့်အမြဲတစေ မတည့်ခဲ့ကြချေ။ သူမသည် ရှောင်ဟိုင်ချင်းအား ဂရုမစိုက်ခဲ့၍သာ ကျင်းယွင်ကျောင်းလောက် မမုန်းခြင်းဖြစ်သည်။
သို့ရာတွင် ထိုရှောင်ဟိုင်ချင်း၏ ဖခင်မှာ ယခုထွက်လာပြီး သူမအား တောင်းပန်နေလေသည်။ အခြေအနေများသည် ရယ်သွေးသွမ်းဖွယ်ကောင်းလှ၏။
“မိန်းကလေးဟယ့်၊ ကျင်းယွင်ကျောင်းဆိုတာ ကျွန်တော့်သမီးရဲ့ အတန်းဖော်ပါ၊ ကျွန်တော်က သူ့ကိုပိုသိပါတယ်။ သူက မကောင်းတဲ့လူမဟုတ်ပါဘူး။ မိန်းကလေးတို့နှစ်ယောက်လုံးက အသက်လည်းတူတာမို့ သင့်သင့်မြတ်မြတ်နေကြဖို့ အကြံပြုချင်ပါတယ်၊ ဘယ်သူသိနိုင်မလဲ သူငယ်ချင်းတွေလည်းဖြစ်သွားနိုင်တာပဲလေ...”
ရှောင်တောက်အန်းထပ်ပြောလိုက်၏။
ယခင်က ဟယ့်ကျားစစ်သည် ဟွားနင်ခရိုင်ရှိကျောင်းတွင် တက်ခဲ့ဖူးမှန်း သူမသိချေ။
သို့ရာတွင် ကျင်းယွင်ကျောင်းမှာမူ သူ့အား ယဥ်ကျေးလှသည်ဟု မှတ်ယူလိုက်သည်။ သူသည် သူမအား အတင်းကာရောအထင်သေးခြင်း မပြုခဲ့သည့်အပြင် သူသည် ပိုင်ယွီအန်နဲ့တစ်ဖွဲ့တည်းဖြစ်ဟန်လည်း မပြောခဲ့ပေ။ ထိုအစား သူကသာ အောက်ကျို့ပြီး ပြောခဲ့သည်။
သူ့အား သိက္ခာချနေသည်ဟု ပိုင်ယွီအန်းထင်သွားမည် စိုး၍ဖြစ်သည်။ ရှောင်တောက်အန်းသည် အမှန်တကယ်ပင် ကြိုးစားအားထုတ်ထားလေသည်။
“သူနဲ့ သူငယ်ချင်းဖြစ်ရမယ်? ရှင်ကြည့်လေ၊ ရှင့်သမီးပဲ သူနဲ့တည့်တာ။ တူရာတူရာစုကြတာပဲ၊ ဘယ်လောက်ရင်းနှီးကြလဲဆိုရင် ဖင်မှာဆက်နေတဲ့အတိုင်းပဲ”
ဟယ့်ကျားစစ်သည် လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်၏။ ရှောင်တောက်အန်း၏ မျက်ခွံများတွန့်သွားသည်။
ထိုအခိုက်အတန့်တွင် လုံခြုံရေးအစောင့်တစ်ဦးသည် ချည်းကပ်လာပြီဖြစ်၏။
“ဟိုဟာလေ...လုံခြုံရေးကို ပြန်လွှတ်လိုက်ရမလား?”
ရှောင်တောင်အန်းပြောလိုက်ပြန်သည်။
ကျင်းယွင်ကျောင်းသည် ရှောက်တောက်အန်းအား ပြောစရာမရှိချေ။ လှောင်ပြုံးသာပြုံးနိုင်၏။ ပိုင်ယွီအန်းသည် သူမကိုကြည့်ပြီး ချက်ချင်းပြောလိုက်၏။
“ဟုတ်ကဲ့ ကျေးဇူးပြုပြီး မိန်းကလေးဟယ့်နဲ့ ဂျိမ်းစ်ကိုပါ ခေါ်သွားပေးပါ”
ထိုအခါ အားလုံးဝေ့ကြည့်လိုက်ကြသည်။ အထူးသဖြင့် ရှောင်တောင်အန်းသည် စကားစရှာမရဖြစ်သွားသည်။
“ဘာပြောလိုက်တယ်...?”
သူသည် ဖန်ကွဲစမှန်ပြီး လက်ထိခိုက်သွားသည်လည်း မဟုတ်ပေ။ အခြေအနေကို ဤမျှလောက် လေးနက်အောင်လုပ်စရာ လိုသလော?
ဤနေရာတွင် လူများစွာရောက်ရှိနေ၏။ ဟယ့်ကျားစစ်သာ နှင်ထုတ်ခံရလျှင် နေ့တွင်းချင်းပင် ထျန်းနင်းမြို့တော်ရဲ့ သတင်းစာခေါင်းကြီးပိုင်းတွင် ပါလာပေမည်။ ထိုအချိန်ရောက်လျှင် ဟယ့်မိသားစုသာ အရှက်ကွဲသည်သာမက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည်လည်း မုန်တိုင်းအလယ်သို့ ရောက်ရှိသွားပေမည်။ ဟိုးလေးတစ်ကျော်ကျော်ဖြစ်မည်မှာ အမှန်ပင်!
နှစ်ဦးနှစ်ဖက် အကျိုးအမြတ်မရှိသည်ကို စီအီးအိုပိုင်သည် အဘယ်ကြောင့် ဤမျှလောက် အဆင်အခြင်မဲ့နေရသနည်း? ဤကျင်းယွင်ကျောင်းသည် ထိုမျှလောက် အရေးကြီးသလော? ယွမ်တစ်ဘီလီယံထက်ပင် အရေးကြီးနေသလော?!
“မစ္စတာရှောင်၊ ခင်ဗျားသမီးက ကျွန်တော်တို့ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်နေတာမို့ သူ့မျက်နှာကိုငဲ့တဲ့အနေနဲ့ ခင်ဗျားကိုနှင်မထုတ်တော့ပါဘူး၊ ဒါပေမယ့် တခြားသူတွေရဲ့ ကိစ္စထဲ ဝင်မပါဖို့ အကြံပေးချင်ပါတယ်”
ပိုင်ယွီအန်းသည် ကွေ့ဝိုက်မနေဘဲ ပြောလိုက်၏။
သူသည် ဤမျှလောက်တုံးအသောလူမျိုးအား မတွေ့ဖူးချေ။ သူသည် အခြားသူများအား လိုက်လံကပ်ဖားရပ်ဖားလုပ်နေသော်လည်း သူအဖားသင့်ဆုံးလူမှာ သူ၏သမီးအရင်းဖြစ်နေကြောင်း မသိပေ။
ကျင်းယွင်ကျောင်း၏ အဆက်အသွယ်မိတ်ဆွေများသည် ထန်မိသားစုနှင့် ယှဥ်၍ပင်မရပေ။ ကျင်းယွင်ကျောင်းတွင် မိဘလည်းမရှိတော့ဘဲ သူမအနားတွင် သူငယ်ချင်းအချို့သာရှိသည်။ ထိုသူငယ်ချင်းများအားလည်း သူမအသက်ထက်ပင် ပိုတန်ဖိုးထား၏။ အထူးသဖြင့် သူမနှင့်အခင်ဆုံး ရှောင်ဟိုင်ချင်းကိုဖြစ်သည်။ ရှောင်တောက်အန်းသာ အသိတရားရှိခဲ့လျှင် ရှောင်မိသားစုသည် ဤသို့ကျဆင်းသွားမည် မဟုတ်နိုင်ချေ။
Space and Rebirth 559
Trans: Esth
ယခင်က ဟုန်မိသားစုပြိုလဲစဥ်တွင် ယုတ္တိရှိရှိပြောရလျှင် ရှောင်တောင်အန်းသည်လည်း အခြေအနေကောင်းမည်မဟုတ်ပေ။ သို့ရာတွင် သူ၏ကုမ္ပဏီဒေဝါလီမခံလိုက်ရခြင်းမှာ သူသည်ကံကောင်း၍မဟုတ်ဘဲ သူ့အား နှိပ်စက်ဒုက္ခပေးချင်သောသူ မရှိခဲ့၍ဖြစ်သည်။
ကျင်းယွင်ကျောင်းသာ အရိပ်အမြွက်ပြခဲ့လျှင် ရှောင်မိသားစုကဲ့သို့ ကုမ္ပဏီအသေးစားလေးသည် ယခင်ကတည်းပင် ဖျက်ဆီးခံရလောက်ပြီဖြစ်၏။
ရှောင်တောက်အန်းသည် အချိန်မီမတုံ့ပြန်လိုက်နိုင်ချေ။ သူ့သမီး၏မျက်နှာအားငဲ့၍ သူ့အားနှင်မထုတ်ခြင်းဆိုသည်မှာ ဘာစကားနည်း?
သူကြောင်ငေးနေစဥ်တွင် လုံခြုံရေးများသည် ဟယ့်ကျားစစ်နှင့် ဂျိမ်းစ်အားဝန်းရံကာ ထွက်ခွာပေးရန် တောင်းဆိုနေပြီဖြစ်၏။ သူတို့သည် ယဥ်ကျေးပုံပေါက်သော်လည်း သူတို့နှစ်ဦးသာ ခုခံငြင်းဆိုလျှင် အင်အားသုံးကာ ဆွဲခေါ်ထုတ်သွားမည်ဖြစ်သည်။
“စီအီးအိုပိုင်! ခင်ဗျားက ကျွန်တော့်ကို တကယ်နှင်ထုတ်ဖို့လုပ်နေတာလား? ခင်ဗျားမှာတကယ်စီးပွားရေးအမြင်မရှိတာပဲ!”
ဂျိမ်းစ်သည် အံ့အားသင့်သွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ဟယ့်ကျားစစ်သည် ပို၍ပင် နေရခက်သွား၏။ သူမသည် အံကိုကြိတ်ကာ
“ကျင်းယွင်ကျောင်း၊ နင်ကတကယ်တော်တာပဲ! စီအီးအိုပိုင်ကိုတောင် နင့်အပေါ် သစ္စာရှိအောင် လုပ်နိုင်တယ်! ဒါပေမယ့် ရှင်တို့အားလုံး သေချာစဥ်းစားတာကောင်းမယ်နော်၊ စီအီးအိုပိုင်က မိန်းကလေးတစ်ယောက်အတွက်နဲ့ တစ်ဘီလီယံကိုတောင် မလိုချင်ဘူးတဲ့။ ဘယ်သူသိနိုင်မလဲ တစ်နေ့ကျရင် အဲ့ကောင်မလေးအတွက် သူ့ကုမ္ပဏီကိုတောင် စွန့်ပစ်ရင် စွန့်ပစ်မှာ!”
ကျင်းယွင်ကျောင်းသည် မည်သည့်နေရာကများ သာနေရသနည်း။ ထန်ကျစ်ဟွားပင်လျှင် သူတို့နှစ်ဦးငယ်စဥ်က ရင်းနှီးဖူးသောဆက်ဆံရေးအား ဂရုမစိုက်တော့ဘဲ သူမအနီးတွင် ရှိနေသည်။ ယခု အအဘိုးကြီးပိုင်ယွီအန်းသည်လည်း သူမဘက်မှ ကာပြောနေလေ၏။
ဟယ့်ကျားစစ်ပြောသလိုပင် အခြားသူများလည်း ပိုင်ယွီအန်းကို နားမလည်နိုင်ဖြစ်သွားကြသည်။
ပိုင်ယွီအန်းသည် အလွန်ပါးနပ်သောလူဖြစ်၏။ သူသည် လက်တွေ့ကျကျတွေးတတ်ပြီး အခွင့်ကောင်းယူရန် မလွယ်သောလူဖြစ်ကြောင်း သူနှင့်အပေးအယူလုပ်ဖူးသူတိုင်း သိလေသည်။ သူသည် မည်သည့်ဆုံးဖြတ်ချက်မဆို အချိန်ယူစဥ်းစားပြီးမှသာ လုပ်ဆောင်တတ်၏။ သို့ရာတွင် ဤတစ်ခေါက်တွင် သူ၏လုပ်ရပ်သည် လိုအပ်သည်ထက် လွန်သွားဟန်ပေါ်သည်။
ကျင်းယွင်ကျောင်းသည် သူမလက်ကိုမြှောက်ကာ စကားသံများကို ပိတ်လိုက်၏။ ထို့နောက် သူမသည် ဟယ့်ကျားစစ်ထံလျှောက်သွားလိုက်သည်။
“နင့်မျက်လုံးထဲမှာ တခြားလူတွေရဲ့လေးစားမှုကိုရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက မဖွယ်မရာကိစ္စတွေကြောင့်လို့ပဲ ထင်နေတာလား?”
ကျင်းယွင်ကျောင်းသည် အေးစက်စွာပြောပြီး သူမနှင့် ဂျိမ်းစ်အား ကြည့်လိုက်၏။
“ငါက စီအီးအိုပိုင်ရဲ့ အိမ်နီးချင်းညီမလေးဖြစ်သလို တစ်ချိန်တည်းမှာ သူ့ရဲ့ စီးပွားဖက်ဆိုလည်း မမှားဘူး။ သူက ငါ့ဘက်မှာရှိတယ်ဆိုတာ ဖြစ်သင့်တာပဲလေ။ ဒါပေမယ့် နင်ကရော? ဂျိမ်းစ်က နင့်ရဲ့ ခေါင်းကိုင်အဖေမှတ်လား? အစကအနေအဆုံးအထိ နင်သူ့ကို မရိုးသားတဲ့အကြည့်နဲ့ ကြည့်တာ ငါမြင်သားပဲ၊ နင်တို့ဆက်ဆံရေးက ရိုးရှင်းတဲ့ ခေါင်းကိုင်သားအဖဆက်ဆံရေးပဲဆိုတာ ဟုတ်လို့လား?”
ဟယ့်ကျားစစ်မျက်နှာထားပြောင်းသွားသည်။
“ဘာစီးပွားဖက်လဲ! ကျင်းယွင်ကျောင်း၊ နင်ဘယ်သူ့ကိုလိမ်နေတာလဲ? နင်ကမိဘမဲ့သာသာပဲ!”
သူမနှင့် ဂျိမ်းစ်ကြားက ဆက်ဆံရေးသည် ထင်သလောက်မရိုးရှင်းပေ။
သူမနိုင်ငံခြားရောက်စဥ်က သူမသည် သူမအဖေနှင့်အတူ ဂျိမ်းစ်၏ပါတီအား တက်ဖူး၏။ ထိုနေရာတွင် သူမသည် ဂျိမ်းစ်နှင့် စတင်တွေ့ခဲ့ခြင်းဖြစ်သည်။ ဂျိမ်းစ်သည် သူမအဖေအရွယ်နီးနီးရှိသော်လည်း သူသည် ဟာသဉာဏ်ရှိပြီး သူမအား အလွန်ချစ်ပေးလေသည်။
သူမသည် ထန်မိသားစု၏ မြေးချွေးမဖြစ်ရန် အရည်အချင်းမရှိတော့သောကြောင့် သူမဖခင်သည် သူမအား ယခင်ကလောက် မုန့်ဖိုးမပေးတော့ချေ။ သို့ရာတွင် ဂျိမ်းစ်မှာ ထိုသို့မဟုတ်ဘဲ ငွေနှင့်ပတ်သတ်လာလျှင် ဘယ်သောအခါမှ နှမြောခြင်းမရှိပေ။ သူမတောင်းသမျှအရာတိုင်းကို မငြင်းဆန်တတ်သူဖြစ်၏။
သို့သော် သူမသည် အပြင်ဘက်တွင် ကျောင်းတက်ရဦးမည်ဖြစ်သည်။ အခြားသူများမှ အတွေးမလွန်ရန် သူမသည် ဂျိမ်းစ်ကို သူမ၏ခေါင်းကိုင်ဖခင်ဟု အခြားသူများအား ပြောခဲ့သည်။
“ဟယ့်ကျားစစ်၊ နင်ကသူများကို နင့်ပေတံနဲ့ပဲ တိုင်းတတ်တာပဲ။ ကျောက်စိမ်းဝိညာဥ်ဝိုင်ချက်နည်းက ထူးခြားတယ်ဆိုတာ လူတိုင်းသိတယ်၊ အဲဒီဝိုင်ချက်နည်းရဲ့ အရင်းအမြစ်နဲ့ ဖွဲ့စည်းပုံကို သိချင်နေတဲ့လူတွေလည်း အများကြီးရှိမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ယွီအန်းက လူတွေကို အဲဒီကိစ္စတွေအကြောင်း မပြောပြခဲ့တဲ့အကြောင်းရင်းက အဲဒီဟာတွေကို ထောက်ပံ့ပေးနေတဲ့ ငါ့ကို ကာကွယ်ဖို့ပဲ”
ကျင်းယွင်ကျောင်း လိုရင်းကိုသာ ပြောလိုက်သည်။
ဟယ့်ကျားစစ်မျက်နှာ သွေးဆုပ်သွားသည်။
“မဖြစ်နိုင်တာ! နင့်မှာမိဘတောင် ရှိတာမဟုတ်ဘူး အဲဒီဝိုင်ချက်နည်းကို ဘယ်ကသွားရလဲ?!”
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကို အနည်းငယ်စူကာ ပြုံးလိုက်၏။
“ငါက သမားတော်မို့လို့လေ”
သူမထိုစကားပြောလိုက်သည်နှင့် သူမအနားမှလူများ မှင်တက်သွားကြသည်။
ဝိုင်ကြိုချက်တတ်သော သမားတော်အမြောက်အများမရှိသော်လည်း ထူးခြားချက်မှာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ဆေးဖက်ဝင်ဝိုင်ကိုလည်း ထုတ်လေသည်။
“နင်ငါ့ကိုတွေ့ကတည်းက ပစ်မှတ်ထားနေတာ ထန်ကျစ်ဟွားကြောင့်လား? နင်အတွေးများနေပြီလို့ ငါပြောလိုက်မယ်၊ ငါကထန်ကျစ်ဟွားရဲ့ ဆရာဝန်ဖြစ်တာမို့ သူကငါ့စကားကို နားထောင်မှာပဲ၊ နင်ကိုယ်တိုင် သူ့ကိုမေးကြည့်ပါလား?”
ကျင်းယွင်ကျောင်း ပြောလိုက်၏။
Space and Rebirth 560
Trans: Esth
ဟယ့်ကျားစစ်သည် အံကိုကြိတ်ကာ သူမခေါင်းကိုခါယမ်းလိုက်၏။ သူ၏ရောဂါအား ကုသရန် ထန်ကျစ်ဟွား၏ဖခင်မှ ကျင်းယွင်ကျောင်းအား ရှာလာသည်ဟု ကြားဖူးသော်လည်း သူမသည် ၎င်းကိုအဘယ်သို့ယုံရမည်နည်း?
ယခု ကျင်းယွင်ကျောင်းသည် လူအများရှေ့တွင် ၎င်းကိုပြောနေပြန်သည်။ သူမသည် ထိုမျှလောက်တုံးအပြီး လှည့်စားရန်လွယ်သည်ဟု ကျင်းယွင်ကျောင်းထင်နေသလော? သို့မဟုတ် ဤတွင်ရှိသောလူများအားလုံးသည် သူမပြောသမျှယုံမည့် အရူးများဟု ထင်နေသလော?
ဟယ့်ကျားစစ် ပြန်ချေပရန်ပြင်နေဆဲတွင် တစ်စုံတစ်ယောက်မှ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
“မိန်းကလေးကျင်းရဲ့ ဆေးအစွမ်းက လုံးဝကိုပြိုင်ဘက်မရှိဘူး။ သူ့ကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော့်သားလည်း ဟိုးအရင်ကတည်းက သေလောက်ပြီ။ ဒါပေမယ့် မိန်းကလေးကျင်း၊ ဒီဝိုင်ချက်နည်းကို မိန်းကလေးကျင်းလုပ်ခဲ့မှန်းသာ သိခဲ့ရင် ထပ်ဝယ်ပြီး အိမ်မှာသိမ်းထားခဲ့မှာပဲဗျ။ အခုလည်း နောက်တော့မကျသေးပါဘူး။ ဒီနေ့ကစပြီး ကျွန်တော်တို့မိသားစုကတော့ ဧည့်သည်တွေကို ဧည့်ခံဖို့ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ ထုတ်ကုန်တွေပဲ သုံးတော့မယ်ဗျာ”
ဟယ့်ကျားစစ် နောက်လှည့်ကြည့်လိုက်၏။ စကားပြောနေသောသူကို သူမအတန်ငယ် ရင်းနှီးနေလေသည်။
တွေးကြည့်ရင်းဖြင့် သူမခေါင်းအား မိုးကြိုးပစ်ချလိုက်သလိုဖြစ်သွားပြီး အံ့သြထိတ်လန့်သွား၏။
သူမသည် သူမဖခင်နှင့်အတူ ပွဲပေါင်းများစွာကို တက်ရောက်ခဲ့ရသောကြောင့် ဤလူသည် ကျောက်ရှန်းအုပ်စု၏ ဥက္ကဌဖြစ်ကြောင်း သူပြောသည်ကို ကြားဖူးသည်။ သူ၏လုပ်ငန်းသည် တစ်နိုင်ငံလုံးအနှံ့ရှိပြီး သူ၏စကားတွင် သြဇာသက်ရောက်မှုရှိလေသည်။
ကျင်းယွင်ကျောင်း စကားများမှာ မှန်နေသည်လော?
“ဥက္ကဌကျန်း၊ မိန်းကလေးကျင်းနဲ့ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုတာ ကျွန်တော်အရင်ကတည်းက ထင်ပြီးသားဗျ။ ကျွန်တော်ဆို ကျောက်စိမ်းဝိညာဥ်ဝိုင်အတွက် သီးသန့်ဝိုင်ခန်းတောင် ဖွင့်ထားရတယ်လေဗျာ၊ ဝိုင်တွေက တော်တော်ကောင်းတယ်။ တစ်ခုပြီး တစ်ခုသိမ်းထားပြီး နောက်ကျမှ ဖွင့်သောက်ဖို့ စောင့်ရမယ်!”
သူ၏ဘေးမှလူတစ်ဦးသည် ရယ်ရယ်မောမောဖြင့် ပြောလိုက်ပြန်သည်။
ဟယ့်ကျားစစ်ထပ်ကြည့်လိုက်သောအခါ သူမသည် နောက်တစ်ဖန် တုန်ယင်သွား၏။ သူသည်လည်း ကုမ္ပဏီကြီးတစ်ခု၏ ရှယ်ယာရှင်ဖြစ်သည်။
(ဘာတွေဖြစ်နေတာလဲ? သူတို့အားလုံးက ဘာလို့ကျင်းယွင်ကျောင်းအပေါ် အဲ့လောက်ယဥ်ကျေးမှုရှိနေရတာလဲ?)
ဟယ့်ကျားစစ်သည် အခြေအနေကို နားမလည်ရုံမက အခြားသူများလည်း လုံးဝဇဝေဇဝါဖြစ်ကုန်ကြသည်။
ကျောက်စိမ်းဝိညာဥ်ဝိုင်သည် စျေးကွက်ထဲသို့ ပထမဆုံးစဝင်စဥ်က စားသုံးသူဘက်မှ တုံ့ပြန်ချက်ကောင်းခဲ့၏။ ဤဝိုင်ချက်နည်းသည် ဘိုးဘေးများမှ ချန်ရစ်ခဲ့သော အမွေအနှစ်ဟုပြောကြသည့် ပညာရှင်များပင်ရှိသည်။ ယခုမှထုတ်ရသည်မှာ နှမြောစရာဖြစ်သော်လည်း အနာဂတ်မှာ သေချာပေါက်ကောင်းလှသည်။
အတိုချုံးပြောရလျှင် ကျောက်စိမ်းဝိညာဥ်ဝိုင်သည် ထုတ်ပြီးပြီးချင်းတွင်ပင် အချိန်တိုအတွင်း စားသုံးသူများ၏ နှလုံးသားအာရုံကို ဖမ်းစားနိုင်ခဲ့ပြီး အမာခံဖောက်သည်တစ်စုကို ရရှိခဲ့၏။ အရောင်းဌာနများစွာတွင် ပစ္စည်းများပြတ်လပ်လေ့ရှိပြီး အပြင်ဘက်တွင်လည်း ဤဝိုင်အား ဝယ်ရန်စိတ်ကူးနေသူများစွာရှိသည်။ ထို့ကြောင့်လည်း လူများစွာက ဤဝိုင်ချက်နည်းအား အားကျနေခဲ့ကြ၏။
သို့ရာတွင် ဤဝိုင်ချက်နည်းသည် ကျင်းယွင်ကျောင်းလက်ထဲမှ လာသည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြချေ။ သူမသည် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် ကလေးသာသာ ရှိသေး၏။
ထို့အပြင် သူမသည် သမားတော်တစ်ဦးဖြစ်နေသေးသည်။ အရေးကြီးပုဂ္ဂိုလ်များစွာကပင် ချီးကျူးရသော သမားတော်ဖြစ်၏။ သူမသည် အစစ်အမှန်ဖြစ်သည်ဟု ထိုသူတို့မှ အာမခံကြလျှင် သူမအသက်အရွယ်နှင့် အနည်းငယ်ယုံရခက်သော်လည်း သူမသည်သာ အလိမ်အညာဆိုလျှင် သူမအားထောက်ခံခဲ့သူများအားလုံးသည် ရူးနေကြသည်ဆိုသော အဓိပ္ပာယ်လော?
“စီအီးအိုပိုင်...ကျင်းယွင်ကျောင်းစကားတွေက အမှန်မဟုတ်ဘူးမလား?”
ရှောင်တောက်အန်းမေးလိုက်သည်။
ပိုင်ယွီအန်းသည် ချောင်းတစ်ချက်ဟန့်ကာ ဂုဏ်ယူနေသောမျက်လုံးများဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီဝိုင်ချက်နည်းတွေအားလုံးကို ယွင်ကျောင်းက ထောက်ပံ့ထားတာ။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ အသက်သွေးကြောလို့ပြောရင်တောင် အပိုစကားဖြစ်မယ်မထင်ဘူး”
ဟယ့်ကျားစစ်သည် မနာလိုဖြစ်လွန်း၍ သေမတတ်ဖြစ်နေသည်။
“ဘာတွေပြောနေတာလဲ? ဒီဝိုင်ချက်နည်းက သူ့ဟာဆိုရင်တောင် အခုလောက်ဆို ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီဆီကို သူရောင်းပြီးလောက်ပြီပေါ့!”
ဟယ့်ကျားစစ်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် မည်သူနည်း? သူမသည် ဤဝိုင်ချက်နည်းအား အမှန်တကယ်ပင် ဖော်စပ်ခဲ့သလော?
သူမသည် ဤကိစ္စအား လက်မခံနိုင်ပါပေ။
“ယွင်ကျောင်းက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ ကျေးဇူးရှင်ပဲ။ ကျွန်တော်ပိုင်ယွီအန်းက မြစ်ကိုဖြတ်ပြီးပြီဆိုတာနဲ့ပဲ တံတားကို မီးမရှို့ပစ်နိုင်ဘူး”
ပိုင်ယွီအန်းသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ဆယ်ရန် ဤအခွင့်အရေးအားသုံးကာ ပြောလိုက်သည်။
သူသည် မိန်းကလေးတစ်ဦးအား တပ်မက်မှုကြောင့် ငွေကိုငြင်းဆန်ခဲ့သူအဖြစ် သူများမျက်လုံးထဲတွင် အမြင်မခံလိုပေ။ မဟုတ်လျှင် အနာဂတ်တွင် မည်သူက သူနှင့်အလုပ်တွဲလုပ်ရဲမည်နည်း? သို့သော် ယခုထိုသို့မဟုတ်တော့ချေ။ သူသည် မိတ်ဆွေကြားခင်မင်မှုနှင့် အမှန်တရားကို တန်ဖိုးထားသောလူအဖြစ်ပင် အခြားသူများက မြင်သွားနိုင်သည်။
သို့သော် ဤနေ့ရက်များသည် မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း? ကျင်းယွင်ကျောင်းသည် အလျင်အမြန်ပင် လူကြီးတစ်ဦးဖြစ်ရန်သာ သူမျှော်လင့်မိသည်။ ထိုမှသာ သူသည် ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီး မျက်ကန်းတစ္ဆေဖြစ်နေသော ထိုလူများ၏ပါးစပ်အား ပိတ်နိုင်လေမည်။