အခန်း (၅၆၁-၅၆၄)
Vol. 29 Ch. 561-564
Space and Rebirth 561
Trans: Esth
ပိုင်ယွီအန်း၏ စကားများကြောင့် ဟယ့်ကျားစစ်၏ ရင်ဘတ်အစုံ တုန်ယင်သွားသည်။ သူမသည် အရှက်ဗြန်းဗြန်းကွဲသည်ကို ခံစားလိုက်ရသောကြောင့် ရုတ်တရတ်ဆိုသလို ပြောစရာစကားမရှိတော့ချေ။
ယနေ့တွင် သူမသည် ဖိတ်ကြားမခံရဘဲ တက်ရောက်ခဲ့၏။ ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်းနှင့် ဆက်ဆံရေးတစ်ခုရှိသည်ကို သူမ သိလိုက်ရသဖြင့် ဤအခွင့်အရေးကိုယူကာ ကျင်းယွင်ကျောင်း၏ ကျောထောက်နောက်ခံကို လုယူချင်မိသည်။ ဤပွဲတွင် ကျင်းယွင်ကျောင်းကို တွေ့လိုက်ရသောအခါ သူမသည် မာန်တက်သွားပြီး ယုံကြည်ချက်အပြည့်ဖြစ်သွားခဲ့ပေသည်။ ထိုအချိန်ကသူမသည် ကျင်းယွင်ကျောင်းအား သေချာပေါက်အရှက်ခွဲမည်ဟု တေးထားခဲ့၏။
သို့သော် ယခုတွင် အရှက်ကွဲသူမှာ သူမဖြစ်နေသည်။ ပိုင်ယွီအန်းသည် ဂျိမ်းစ်အား အမှန်တကယ်ပင် လျစ်လျူရှုခဲ့လေသည်။ သူမသည် ဤမျှလောက်များပြားသော ငွေပမာဏအား ငြင်းဆန်သော ငတုံးတစ်ယောက်ကို မမြင်ဖူးပါချေ!
ကျင်းယွင်ကျောင်းသည် မျက်ခုံးကိုပင့်ကာ ပြုံးလိုက်၏။ သူမမျက်လုံးထဲတွင် အေးစက်ခြင်းမာန်များ ပြည့်နေသည်။ သူမသည် ဟယ့်ကျားစစ်ကို တစ်ချက်သာ ဝေ့ကြည့်ကာ ပြောလိုက်၏။
“အခု မိန်းကလေးဟယ့် ထွက်သွားပေးလို့ ရပြီလား?”
ဟယ့်ကျားစစ် နင်သွားသည်။
“ကျင်းယွင်ကျောင်း၊ နင်ကတကယ် တစ်ခုခုပဲ။ နင်စောင့်ကြည့်နေလိုက်!”
ဟယ့်ကျားစစ်သည် ဒေါသတကြီးဖြင့် ပြန်ပက်လိုက်သည်။ ချက်ချင်းဆိုသလို သူမသည် ဂျိမ်းစ်နှင့်အတူ ဟိုတယ်မှ လမ်းလျှောက်ထွက်သွားလိုက်၏။
ဤကဲ့သို့ ကြီးကျယ်လှသော စီးပွားရေးဆိုင်ရာ အခမ်းအနားတစ်ခုတွင် သတင်းထောက်များလည်း ရှိနေသေးသည်။ ထို့ကြောင့် လုံခြုံရေးများမှ ထွက်သွားရန် တောင်းဆိုခံရသော ဟယ့်ကျားစစ်၏ပုံသည်လည်း ဓာတ်ပုံထဲပါသွားလေသည်။
သတင်းထောက်များစွာမရှိသော်လည်း ပွဲသို့တက်ရောက်သော ဧည့်သည်မှာမူ များလှသည်။ သူတို့အထဲတွင် ဟယ့်ကျားစစ်နှင့် သက်တူရွယ်တူမိန်းကလေးများစွာလည်းရှိ၏။
ဥပမာပေးရလျှင် ဤအခိုက်အတန့်၌ ကျင်းယွင်ကျောင်းဘေးတွင် ရပ်နေသော မိန်းကလေးတစ်ဦးရှိသည်။ မကြာသေးမီကပင် သူမခြေတိုင်းဖြင့် အထူးချုပ်လုပ်ထားသော နိုင်ငံရပ်ခြားမှ ဖိနပ်များအား ကျင်းယွင်ကျောင်းကို ကြွားနေခဲ့သည့် မိန်းကလေးဖြစ်၏။ ဤအချိန်တွင် သူမသည် သူမမိဘနှစ်ဦးစလုံး ဆုံးရှုံးလိုက်ရသလိုဖြစ်နေသည်။ သူမသည် ရှက်လည်းရှက် ဒေါသလည်းထွက်ထွက်ဖြင့် ကျင်းယွင်ကျောင်းအား စိန်းစိန်းဝါးဝါးကြည့်ကာ နေရခက်ဟန်ဖြင့် ဝိုင်ခွက်တစ်ခုနှင့်အတူ နေရာပြောင်းနေလိုက်သည်။
အစကတည်းက ဤမိန်းကလေးသည် သူတို့ထံလာခဲ့ရသော အကြောင်းရင်းမှာ စူးချူသည် တရစပ်စားနေပြီး အပြင်လောကအား မမြင်ဖူးသည့်ပုံစံပေါက်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် ကြွားလုံးထုတ်ရန် အထူးလာခဲ့လေသည်။ ဤလူအုပ်ကြီးသည် ဟယ့်ကျားစစ်နှင့် အသိများဖြစ်နေကြပြီး အခြေအနေများ ဤမျှလောက်ရုပ်ဆိုးသွားမည်ဟု မည်သူထင်ခဲ့မည်နည်း။ သူမသာ ဆက်နေနေလျှင် သူမသည်လည်း ကြားထဲမှ မြေစာပင်ဖြစ်သွားမည်မှာ သေချာပေသည်။
ထို့အပြင် စီအီးအိုပိုင်နှင့် ခင်မင်သော ဤကျင်းယွင်ကျောင်းအား သူမအဘယ်သို့ ရန်စနိုင်မည်နည်း။
ဟယ့်ကျားစစ်လည်း ထွက်သွားပြီဖြစ်သဖြင့် ပတ်ဝန်းကျင်သည် ယခင်ကထက် ပိုတိတ်ဆိတ်သွားလေသည်။ သူမသည် ခြေလှမ်းကိုပြင်ကာ ပြန်လာလိုက်၏။ ပိုင်ယွီအန်းသည် သူမအား အပြုံးတစ်ချက်ဖြင့် ဝိုင်တစ်ခွက်အား ကမ်းပေးလိုက်လေသည်။ သူမသည် သူမဘက်မှရပ်တည်၍ ပြောကြားပေးခဲ့ကြသော လူနှစ်ဦးအား ယဥ်ကျေးစွာ ကျေးဇူးတင်လိုက်သည်။
ဤတစ်ချိန်လုံး ဘေးတွင်ရပ်နေသော ရှောင်တောက်အန်းသည် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့၏။
ကျင်းယွင်ကျောင်းကြည့်ရသည်မှာ မရင့်ကျက်သည့်ပုံပေါက်သော်လည်း သူမစကားပြောလျှင် မည်သည့်အချိန်၌ ရှေ့တိုးနောက်ဆုတ်လုပ်ရမည်ကို သိလေသည်။ စီးပွားရေးလောကမှ ဤဝါရင့်ပုဂ္ဂိုလ်များနှင့် စကားပြောနေစဥ်တွင် သူမ၌ ကြောက်ရွံ့သိမ်ငယ်စိတ် စိုးစဥ်းမျှပင်မရှိချေ။ သူသာဆိုလျှင် စိတ်လှုပ်ရှားနေလောက်မည်။
သူသည် သူ၏သမီးအား ပြန်ကြည့်လိုက်သောအခါ အထင်သေးသောအကြည့်အား ရင်ဆိုင်လိုက်ရ၏။
“ဟိုင်ချင်း...ဒီဝိုင်ချက်နည်းက တကယ်ပဲကျင်းယွင်ကျောင်းဆီကလား?”
ရှောင်တောက်အန်း သိချင်ဇောဖြင့် မေးလိုက်သည်။
ရှောင်ဟိုင်ချင်းသည် ဂရုမစိုက်ဟန်ဖြင့် ဝိုင်တစ်ခွက်ကိုယူကာ မော့ချလိုက်သည်။
“အဖေနဲ့ဘာဆိုင်လဲ?”
“ဟိုင်ချင်း၊ ငါကမင်းအဖေပါ။ အမြဲတမ်း အပြင်လူတွေဘက်ပဲ လိုက်မနေနဲ့၊ မင်းငါ့ကိုသာ ပြောပြခဲ့ရင် ငါ....ငါခုနက အရှက်ကွဲခဲ့မှာ မဟုတ်ဘူး”
ရှောင်တောက်အန်း ထပ်ပြောလိုက်သည်။
ကျင်းယွင်ကျောင်းကြောင့် သူသည် အမြဲလိုလို အံ့အားသင့်ထိတ်လန့်နေရသည်။ ယခင်က ဟုန်မိသားစုနှင့်ဆိုလျှင် ဤတစ်ခေါက်လည်း ထိုအတိုင်းသာဖြစ်သည်။
သူသည် အစက သူများအတွက် လမ်းခင်းပေးချင်ခဲ့သော်လည်း ပြုတ်ကျရသောသူမှာ သူဖြစ်နေ၏။ အစောပိုင်းက စီအီးအိုပိုင်ပြောခဲ့သော စကားများကို ကြည့်ပါလေ။
(ငါ့သမီးမျက်နှာကို ငဲ့လို့တဲ့လား? ငါ့သမီးမျက်နှာက ငါ့မျက်နှာပဲ မဟုတ်ဘူးလား?)
ရှောင်တောက်အန်းသည် စိတ်သုန်မှုန်သွား၏။ သူ၏ကုမ္ပဏီသည် တည်ထောင်ထားသည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်သော်လည်း ဟွားနင်ခရိုင်တွင် တိုးတက်မှုကျဆင်းနေသည်။ ယခုသူသည် နင်းမြို့တော်တွင် နာမည်တစ်လုံးရနေပြီဖြစ်သောကြောင့် သူသည် အပေါ်သို့တက်ရာလမ်းတွင် ကြိုးစားအားထုတ်ခဲ့သော်လည်း ဤကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှာမူ သူတို့အား ကျော်တက်ရန် တစ်နှစ်ကျော်ကျော်ခန့်သာ အသုံးပြုခဲ့လေသည်။ သူ့အား များစွာကျော်လွန်နေပြီဖြစ်၍ သူမထိပါးနိုင်သောနေရာသို့ပင် ရောက်ရှိနေချေပြီ။
ရှောင်ဟိုင်ချင်းပြုံးလိုက်သည်။
“အဖေ၊ သမီးကူညီပေးမယ်လို့ မထင်လိုက်နဲ့။ အဖေ့ကို ဒုက္ခမပေးဖို့ပဲ ဆုတောင်းနေလိုက်”
သူမအရှေ့တွင်ရှိနေသောလူသည် သူမအဖေမဟုတ်ခဲ့လျှင် သို့မဟုတ် သူမအမေသက်ရှိထင်ရှားရှိစဥ်က အသုံးကျသောအဖေဖြစ်ခဲ့လျှင် မည်မျှလောက်ကောင်းမည်နည်း?
Space and Rebirth 562
Trans: Esth
ရှောင်ဟိုင်ချင်းသည် မျက်လုံးကိုမှေးကာ ပြုံးလိုက်၏။ သူမတစ်ကိုယ်လုံးမှ အရက်နံ့များ ပြင်းစွာထွက်နေသည်။
ရှောင်တောက်အန်းသည် သူ၏သမီးအား ကြည့်လိုက်သည်။ ဤကဲ့သို့ စိတ်ပျက်မှုမျိုးအား ကျင့်သားရနေချေပြီ။ သူသည် သူမအား အချိန်အတော်ကြာကြည့်ပြီး ပြောလိုက်သည်။
“မင်းကတကယ် ခေါင်းမာတဲ့ကလေးပဲ၊ မင်းဒီလောက်အမှားတွေ အများကြီးလုပ်ထားတာတောင် မင်းကိုကျွေးမွေးကူညီခဲ့တဲ့လူက ငါပဲမဟုတ်ဘူးလား? မင်းကတော့ တစ်မိသားစုလုံးကို ငတ်သေစေချင်နေတာပဲ”
“ထွက်သွား”
ရုတ်တရတ်ဆိုသလို ရှောင်ဟိုင်ချင်းထပြောလိုက်၏။ သူမအသံသည် ကျယ်လောင်ခြင်းမရှိသလို အနိမ့်အမြင့်လည်းမရှိပေ။
ရှောင်တောက်အန်းသည် အပြင်ဘက်တွင် လူတိုင်း၏စော်ကားသံများကို ခံနိုင်သော်လည်း ရှောင်ဟိုင်ချင်းအရှေ့တွင်မူ သူသည် သိက္ခာကိုထိန်းရပေမည်။ ထို့ကြောင့် သူ၏သမီးမှ ထွက်သွားရန်ပြောသောအခါတွင် မသိစိတ်မှ ဒေါသထွက်ချင်ခဲ့သော်လည်း အစောပိုင်းက စီအီးအိုပိုင်၏စကားများကို တွေးကြည့်လိုက်သည်နှင့် စိတ်ထဲမှဒေါသကို ချိုးနှိမ်ပြီး သူမပြောသည့်အတိုင်းသာ ထွက်သွားလိုက်ရသည်။
သို့ရာတွင် ရှောင်တောက်အန်းသည် ဟိုတယ်မှထွက်သွားခြင်း မဟုတ်ပေ။ ပွဲမပြီးသေးသဖြင့် သူသည် ထိုအတိုင်း လက်လျှော့မထွက်သွားနိုင်ခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်းမှ လူအချို့နှင့် နှုတ်ဆက်စကားဖလှယ်ပြီးနောက်တွင် သူမသည် ရှောင်ဟိုင်ချင်းလက်ထဲမှ ဝိုင်ခွက်အားယူကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဟိုင်ချင်း၊ ဘယ်နှစ်ခွက်တောင် သောက်ထားတာလဲ?”
“အဲ့လောက်မများပါဘူး”
ရှောင်ဟိုင်ချင်းပြုံးလိုက်သော်လည်း သူမမျက်လုံးများမှာ အနည်းငယ်ဝိုးတဝါးဖြစ်နေသည်။ သူမသည် ဝိုင်တစ်ပုလင်းကိုသာ ကောက်ကိုင်ကာ မော့ချလိုက်၏။
ဤနှစ်ပိုင်းများအတွင်း သူမသည် သူမဖခင်၏ကိစ္စများကြောင့် စိတ်ညစ်နေခဲ့ရသော်လည်း အမြဲတစေ မိမိစိတ်အား ထိန်းချုပ်ခဲ့သည်။ သူမသည် လူမိုက်များစွာအား သိခဲ့သည်မှန်သော်လည်း သူမအဘိုးဆုံးကတည်းက မည်သူနှင့်မျှ အပြင်မထွက်တော့ချေ။ အပြင်ပန်းတွင်မူ သူမသည် ပုန်ကန်နေသည့်ပုံပေါက်သော်လည်း ယခင်က သူမအဖေ၏ အာရုံစိုက်ခံရန် လုပ်ခြင်းသာဖြစ်၏။ သူမသည် အမှန်တကယ်ဆိုးသွမ်းခဲ့ခြင်းမရှိချေ။
သို့သော် တစ်ခါတစ်ရံတွင် သူမသည် ခံစားချက်ကင်းမဲ့စွာ အသက်ရှင်တတ်ရန် မျှော်လင့်မိသည်။
သူမသူငယ်ချင်းများရှေ့တွင် သူမအင်အားကို ဖော်ကြွားပြီး သန်မာချင်ယောင်ဆောင်ခဲ့သည်။ ဤကိုယ်ရေးကိုယ်တာအကြောင်းများအား သိပ်မပြောချင်ခဲ့ပေ။ သူမသည် သူမမိသားစုနှင့် အဆက်အသွယ်ဖြတ်ချင်သည့်ပုံပါ ပြခဲ့သော်လည်း လက်တွေ့တွင် အဘယ်သို့ ထိုမျှလောက် လွယ်ကူမည်နည်း?
သူမယခင်က ဂုဏ်ယူခဲ့ရသော သူမ၏အဖေသည် အခြားသူများကျေနပ်စေရန် လူရွှင်တော်တစ်ဦးကဲ့သို့ အောက်ကျို့နေရပြီး သူ၏သမီးအရင်းဖြစ်သော သူမကိုပင် ပစ္စည်းတစ်ခုကဲ့သို့ ဆက်ဆံသည်ကို မြင်လိုက်ရသောအခါ သူမသည် အလွန်ဝမ်းနည်းစိတ်ပျက်မိလေသည်။
ကျင်းယွင်ကျောင်းသည် သက်ပြင်းကို ဖွဖွချလိုက်၏။
စူးချူနှင့် ကန်ကျင်းချန်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စိတ်မကောင်းခြင်းများစွာဖြင့် ရှောင်ဟိုင်ချင်းအား ဝေ့ကြည့်လိုက်ကြ၏။
ရှောင်ဟိုင်ချင်း၏စရိုက်သည် ဤမျှလောက် လွတ်လပ်စွာနေတတ်ခြင်းမှာ မဆန်းတော့ပေ။ ကြည့်ရသည်မှာ အခြားအကြောင်းရင်းတစ်ခုရှိနေခဲ့ခြင်း ဖြစ်လေသည်။
“ယွင်ကျောင်း၊ တစ်ခါတလေ သူငါ့အမေကို လုံးဝမေ့သွားတာ မြင်လိုက်ရရင် ငါသူ့ကိုသတ်ချင်မိတယ်”
ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းပုခုံးပေါ်တွင် မှီကာ ဆက်ပြောလိုက်သည်။
“ငါငယ်ငယ်တုန်းက ငါ့အမေငါ့ကိုပြောဖူးတယ်၊ အဖေက အရမ်းအလုပ်ကြိုးစားပြီး အရည်အချင်းရှိတဲ့လူတဲ့။ အဲ့အချိန်တုန်းက သူကဝန်ထမ်းဘဝပေါ့။ အမြဲတမ်းအစောကြီးအိမ်ကထွက်ပြီး နေ့တိုင်းညနက်မှ အိမ်ပြန်လာတတ်တယ်။ ဒါပေမယ့်လေ ငါ့အမေဘယ်တုန်းကမှ သူ့ကို အပြစ်မတင်ခဲ့ဘူး။ ငါ့အဖေအတွက် အားလုံးပြင်ထားပေးတတ်ပြီး သူ့ကို အပူအပင်မရှိအောင် ထားပေးခဲ့တယ်။ ငါ့အဖေက လုပ်ငန်းတစ်ခုစလုပ်ချင်တယ် ပြောတော့လည်း စရိတ်ဘယ်လောက်ကုန်ကုန် ငါ့အမေထောက်ပံ့ပေးခဲ့တယ်။ အဲ့အချိန်တုန်းက ငါတို့မိသားစုက အကြွေးတွေအများကြီးတင်နေခဲ့တာပေါ့။ ငါ့အဘိုးအဘွားတွေရဲ့ အမွေတွေလည်း သူသုံးလို့ကုန်သွားတယ်။ သူကတော့ အပြင်မှာထွက်အိပ်နေတုန်း အိမ်ကိုတော့ အကြွေးရှင်တွေ ခဏခဏလာခဲ့တယ်။ ငါ့အမေခမျာ ကြောက်လွန်းလို့ မျက်နှာမှာတောင် သွေးမရှိတော့တဲ့အထိပဲ၊ ဒါပေမယ့် သူငါ့ရှေ့မှာ ဘယ်တုန်းကမှ မငိုခဲ့သလို ငါ့အဖေကိုလည်း ပြန်မပြောခဲ့ဘူး။ သူ့နှလုံးက အစကတည်းက မကောင်းတော့ အဆုံးထိ မနေလိုက်ရဘူးလေ”
“အဲ့အချိန်တုန်းက ငါ့အဖေက အလုပ်ကြိုးစားတဲ့လူလို့ ငါထင်နေခဲ့တုန်းပဲ။ ငါ့ထက်ပိုပြီးတောင် စိတ်ဆင်းရဲနေရှာမှာလို့ တွေးနေခဲ့ပေမယ့် သုံးနှစ်တောင် မကြာလိုက်ဘူး၊ မိသားစုထဲကို လူအသစ်ခေါ်လာပြီး အဲ့ကလေးတစ်ယောက်အမေနဲ့တောင် လက်ထပ်လိုက်သေးတယ်”
“ကိုယ့်အလုပ်အကြောင်းပဲ တွေးတတ်တဲ့ယောက်ျားတွေက တကယ်လူကောင်းတွေ မဟုတ်ဘူး။ မိသားစုအတွက်လို့ပြောပေမယ့် အားလုံးက အကြောင်းပြချက်တွေချည်းပဲ။ သူတို့အတွက်ပဲ သူတို့လုပ်နေကြတာ”
ရှောင်ဟိုင်ချင်းသည် သောက်ရင်း တိုးတိုးဖွဖွဖြင့် ပြောပြနေသည်။
သူမသည် ခဏတာအတွင်း တစ်ပုလင်းကုန်အောင်သောက်လိုက်၏။ ယခင်ကသောက်ထားသော ခွက်အနည်းငယ်နှင့် ပေါင်းလိုက်လျှင် သူမသည်လုံးဝမူးနေပြီဖြစ်သည်။
ကျင်းယွင်ကျောင်းနှင့် စူးချူသည် စကားအနည်းငယ်ခန့်ပြောပြီး အနားယူရန် သူမအခန်းထဲသို့ ခေါ်သွားလိုက်၏။
ထိုအချိန်တွင် စားပွဲထိုးတစ်ဦးသည် ရှောင်တောက်အန်းဆီသို့ လာကာ စာတစ်စောင်ပေးပြီး ပြောလိုက်သည်။
“လူကြီးမင်း၊ မိန်းကလေးတစ်ယောက်က သူ့ကိုဖုန်းပြန်ဆက်ဖို့ ပြောလိုက်ပါတယ်။ အရေးကြီးကိစ္စပြောစရာရှိလို့ပါတဲ့”
Space and Rebirth 563
Trans: Esth
ရှောင်တောက်အန်းသည် အံ့အားသင့်စွာဖြင့် စာကိုဖွင့်ဖတ်လိုက်၏။ သူသည် စာရွက်ပေါ်မှ ဖုန်းနံပါတ်အား မြင်လိုက်ရသောအခါ ခေတ္တမျှစဥ်းစားပြီး ၎င်းနံပါတ်အား နှိပ်လိုက်သည်။
သူသည် ဤပွဲတွင် နေရာမရှိခဲ့ချေ။ သူသည် သူ၏နာမည်ကတ်အား ဘယ်နှစ်ယောက်သို့ ပေးခဲ့မှန်းပင် မသိတော့သော်လည်း သူ့အား မည်သူမျှအရေးမစိုက်လိုကြပေ။ အနောက်သို့လှည့်ပြီး သူ၏ကတ်အား အမှိုက်ပုံးထဲသို့ ပစ်လိုက်သူများပင် ရှိ၏။ ထိုလုပ်ရပ်များသည် သူ၏မာနအား ထိခိုက်လှသည်။
ဖုန်း၏တစ်ဖက်တွင် အမျိုးသမီးတစ်ဦး၏အသံ ထွက်လာ၏။ ရှောင်တောက်အန်းသည် ၎င်းကိုကြားလိုက်ရသောအခါ အံ့သြဝမ်းသာသွားပြီး အနည်းငယ်ပြာပြာသလဲဖြစ်သွားသည်။ သူသည် တက်ကြွသောလူအုပ်ကြီးနှင့် လူဝင်မဆံ့ခဲ့သည့်ပုံပေါ်သည်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းအား အခန်းတစ်ခန်းထဲ နေရာချနေချိန်ဖြစ်သည်။ ရှောင်ဟိုင်ချင်းသည် အလွန်မူးနေပြီး သူမခန္ဓာကိုယ်မှ ထွက်နေသော အရက်နံ့သည် ပြင်းလှ၏။ သူမသည် စကားကို ပီပီသသပင် မပြောနိုင်တော့ချေ။
“ယွင်ကျောင်း...နင်ဘာလို့နှစ်ယောက်ဖြစ်နေတာလဲ?”
ရှောင်ဟိုင်ချင်းသည် သူမအား တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးမေးပြီး မတ်တပ်ရပ်ရန် ကြိုးစားလိုက်၏။
“အာ ငါသိပြီ...တစ်ယောက်ယောက်က နင့်ပုံစံအတိုင်း ဟန်ဆောင်နေတာပဲ...”
သူမစကားပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းကို တွန်းထုတ်လိုက်သည်။
“မကောင်းဆိုးဝါး၊ ထွက်သွားစမ်း ငါကကျင်းယွင်ကျောင်းကိုပဲ လိုချင်တာ...”
ထိုသို့ပြောပြီး သူမသည် အိပ်ရာပေါ်ပစ်လဲသွားတော့သည်။
ကျင်းယွင်ကျောင်းသည် ရှက်လွန်းသဖြင့် မျက်နှာတစ်ပြင်လုံးနီမြန်းသွားသည်။ ရှောင်ဟိုင်ချင်းသည် တစ်စုံတစ်ရာကို ရေရွတ်နေဆဲဖြစ်၏။ ကြည့်ရသည်မှာ အလွန်ရယ်စရာကောင်းပြီး ကျင်းယွင်ကျောင်းသည် ပြောစရာစကားရှာမရချေ။
လူတစ်ဦးသည် အရက်မူးနေလျှင် ဤမျှပြောင်းလဲသွားနိုင်ကြောင်း သူမမယုံကြည်နိုင်ခဲ့ပေ။
သူမအား နေရာချပြီးနောက် ကျင်းယွင်ကျောင်းသည် အောက်သို့ပြန်ဆင်းလာလိုက်သည်။
စူးချူနှင့် ကန်ကျင်းချန်သည် အောက်ထပ်တွင် ကျန်ခဲ့လေ၏။ သူမသည် ပွဲစီစဥ်သူတစ်ပိုင်း ဖြစ်နေသဖြင့် သူတို့အားထားခဲ့၍ မဖြစ်သောကြောင့် ဖြစ်သည်။
ပွဲသည် စည်ကားမြဲဖြစ်၏။ သူမသည် ဝိုင်ကြိုချက်နည်းအကြောင်း ပြောလိုက်သောကြောင့် ယခင်ကထက် သူမအားချည်းကပ်သောသူ ပိုများလာသည်။
“မိန်းကလေးကျင်း၊ မင်းက ဆရာဝန်တစ်ယောက်ဆိုတာ ဒါရိုက်တာကျန်းဆီက ကြားလိုက်တယ်။ မင်းငါ့ကိုတစ်ချက်လောက် ကြည့်ပေးနိုင်မလား?”
သူမသည် လူတစ်ဦးအား လွှတ်ပြီးနောက် နောက်တစ်ယောက် ရှေ့တိုးလာလေသည်။
ဤလူသည် အသက်လေးဆယ်ဝန်းကျင်ခန့်ရှိပြီး ဗိုက်ရွှဲရွှဲဖြင့် ဂင်တိုတို၊ ပုကွကွဖြစ်၏။ အနည်းငယ်လည်း ထိပ်ပြောင်သည်။ သူနှင့်တူသောလူများစွာ ရှိသော်လည်း သူမအရှေ့တွင် ပေါ်လာသောသူမှာ အနည်းငယ်စုတ်ချာချာဖြစ်သည်။
သူသည် ပြောပြောဆိုဆိုဖြင့် ကျင်းယွင်ကျောင်းဘေးတွင် ထိုင်လိုက်ကာ သူမအား ခေါင်းအစခြေအဆုံးကြည့်လိုက်၏။ သူ၏မျက်လုံးများတွင် တဏှာရိပ်များပြေးနေပြီး မျှော်လင့်ချက်ကြီးသောမျက်နှာ ဖြစ်နေသည်။
ကျင်းယွင်ကျောင်းသည် ထိုလူအား လှည့်ကြည့်လိုက်၏။
“လူကြီးမင်း၊ စိတ်မရှိပါနဲ့ လူကြီးမင်းက ကျွန်မရဲ့ ပညာကြေးကို တတ်နိုင်မယ်မထင်ပါဘူး”
သူမအား အာမခံပေးသောသူများစွာ ရှိသော်ငြား အချို့လူများသည် သူမအား အရေးကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ် မမှတ်ယူကြသေးချေ။ သူတို့သည် အပြင်ပန်းတွင် ဂုဏ်သိက္ခာရှိဟန်ဖြစ်နေကြသော်လည်း စိတ်ထဲတွင်မူ သူမအား ဆရာဝန်နာမည်ကို အသုံးချ၍ ယောက်ျားလိုက်စားနေသော ပိုင်းလုံးမတစ်ဦးသာသာ သဘောထားကြလေသည်။
သူမအသက်အရွယ်ဖြင့် နတ်ဘုရားတမျှစွမ်းသော ဆရာဝန်ဖြစ်မည်ဟု မယုံနိုင်ကြချေ။ သူမအား ယုံကြည်သောသူများသည် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးသူများသာဖြစ်သည်။ အပြင်လူများသည် ဘယ်သောအခါမှ နားလည်နိုင်မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်းမှ ထိုစကားကို ပြောလိုက်သောအခါ ထိုယောက်ျားသည် စိတ်ထဲ၌ ဟမ့်ခနဲအသံပြုလိုက်၏။ သို့ရာတွင် အပြင်ပန်းတွင်မူ သူသည် ပန်းကဲ့သို့ ရွှင်လန်းသောအပြုံးကို ဆင်မြန်းထားလေသည်။ သူသည် သူမအား စိုက်ကြည့်ကာ ပြောလိုက်၏။
“မိန်းကလေးကျင်းက နောက်နေတာပဲဖြစ်မယ်၊ ကျွန်တော်က ဒါရိုက်တာကျန်းလိုလူနဲ့တော့ ယှဥ်လို့မရပေမယ့် နည်းနည်းနာမည်ကြီးတဲ့လူလို့တော့ ပြောလို့ရပါတယ်။ ဒီလိုစဥ်းစားကြည့်လိုက်ပါလား၊ ကျွန်တော့်အမည်ပေါက်နဲ့ ကြော်ငြာကုမ္ပဏီကောင်းကောင်းတစ်ခုရှိတယ်။ အာ ဟုတ်သားပဲ ကျွန်တော့်အစ်ကိုက ဂိမ်းကုမ္ပဏီတစ်ခုရဲ့ စီအီးအိုလေ။ မိန်းကလေးကျင်းက အရမ်းလှတာမို့ သူတို့ဂိမ်းရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်အောင် ကျွန်တော်မိတ်ဆက်ပေးရမလား?”
ယောက်ျားသည် စကားပြောရင်းဖြင့် အနည်းငယ်မာန်တက်သွားသည်။ သူ၏ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်းနီးကပ်လာလေသည်။
“ကြော်ငြာကုမ္ပဏီ?”
ကျင်းယွင်ကျောင်းပြုံးလိုက်သည်။
“လူကြီးမင်းက ကျွန်မတို့ ကျောက်စိမ်းဝိညာဥ်ဝိုင်အတွက် အလုပ်လက်ခံပေးချင်တယ်လို့ ပြောနေတာလားရှင့်?”
တစ်ဖက်လူသည် အံ့အားသင့်သွားပြီး သူ၏မျက်နှာတွင် အနည်းငယ်အရှက်ရသွားပုံပေါ်သည်။
“ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ပစ္စည်းအသစ်ထုတ်မယ်လို့ ကြားလိုက်သားပဲ။ ကျွန်တော်တို့ကုမ္ပဏီမှာ အားသာချက်တချို့ရှိပါသေးတယ်။ နင်းမြို့တော်ထဲက ထိပ်ဆုံးကြော်ငြာကုမ္ပဏီသုံးခုထဲမှာ စာရင်းဝင်တယ်လေ။ ကုမ္ပဏီကြီးဆိုတော့ ကျွန်တော်တို့ကိုသာ အပ်လိုက်ရင် ဒါရိုက်တာပိုင်လည်း စိတ်ချနိုင်မှာပါ”
“အဲ့လောက်ထိ ယုံကြည်ချက်အပြည့်ရှိနေရင် ဘာလို့ ကျွန်မကို လာရှာနေတာလဲ?’
Space and Rebirth 564
Trans: Esth
ထိုယောက်ျား၏ နှုတ်ခမ်းများသည် ခြောက်ကပ်သောအပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
သူသည် အဘယ်ကြောင့် ကျင်းယွင်ကျောင်းကို ရှာရသနည်း? သေချာပေါက် သူ့တွင်အကြောင်းရင်းတစ်ခုရှိလေသည်။ တစ်ဖက်တွင် ဒါရိုက်တာပိုင်သည် ကျင်းယွင်ကျောင်းအား အလွန်နှစ်သက်၏။ သူမသာ သဘောတူလျှင် ကြော်ငြာကမ်းလှမ်းရေး အစီအစဥ်သည် အမှန်တကယ်ပင် အောင်မြင်နိုင်လိမ့်မည်။
တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းသည် အတော်ကြည့်ကောင်းပေသည်။ မိန်းမလှများမြင်လျှင် ချည်းကပ်တတ်သည်မှာ ယောက်ျားသဘာဝပင်။
“မိန်းကလေးကျင်းရဲ့ ရုပ်ရည်က လှလွန်းလို့ မဟုတ်ဘူးလားဗျ? ဒီလိုပါရမီရှင်မျိုးက အနာဂတ်မှာ အနုပညာလောကထဲမဝင်ရင် နှမြောစရာဖြစ်မှာပဲ။ လောလောဆယ်တော့ ဂိမ်းကြော်ငြာတစ်ခုပဲဆိုပေမယ့် ဒါလည်း ပထမခြေလှမ်းပဲလေ။ ကျွန်တော့်အစ်ကိုက အဆက်အသွယ်တွေ အများကြီးရှိတယ်။ အနာဂတ်မှာ သူက ဒါရိုက်တာကြီးတွေနဲ့ မိတ်ဆက်ပေးရင် မိတ်ဆက်ပေးနိုင်တာပေါ့။ အဲ့အချိန်ကျရင် မိန်းကလေးက သေချာပေါက် အနုပညာလောကထဲမှာ အကန့်အသတ်မရှိ ထွန်းပေါက်မှာပဲ။ မိန်းကလေးရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ပရိသတ်တွေအများကြီးရမှာ သေချာတယ်။ အားလုံးက အားကျနေရတဲ့လူဖြစ်သွားမှာ”
ထိုလူ ထပ်ပြောလိုက်ပြန်သည်။
မိန်းကလေးငယ်တစ်ဦးသည် ဂုဏ်ဒြပ်နှင့် ကျော်ကြားမှုများကို ငြင်းဆန်နိုင်စွမ်းမရှိဟု သူသည် တစ်ထစ်ချယုံကြည်ထားလေ၏။
သူ၏မျက်နှာတွင် ယုံကြည်ချက်အပြည့်ဖြစ်နေသည်။ ကျင်းယွင်ကျောင်းသည် ထိုစကားကို ကြားလိုက်သောအခါ မရယ်ပဲမနေနိုင်တော့ချေ။
“ဪ အဲ့လိုလား?”
ကျင်းယွင်ကျောင်းသည် ခနဲ့သံဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် စိတ်မကောင်းစရာက အနုပညာလောကထဲဝင်ဖို့ ကျွန်မစိတ်မဝင်စားဘူး။ ပြီးတော့ ရှင်က ရှင့်အစ်ကိုရဲ့ ကိုယ်စားလှယ်လား? ရှင့်လိုမျိုး ကိုယ်ဆွေမျိုးမိတ်ဆွေတွေက ဘယ်လိုလုပ်ပေးနိုင်ကြောင်း ပြောတဲ့လူတွေကို ကျွန်မအများကြီးတွေ့ဖူးတယ်။ နောက်ဆုံးတော့လည်း ပေါက်ကရတွေပါပဲ။ ပြီးတော့ ကျွန်မနဲ့ ဝေးဝေးနေပေးလို့ရမလား? ရှင့်မျက်လုံးတွေက ကျွတ်ကျတော့မယ်”
ကျင်းယွင်ကျောင်း စကားပြောပြီးသည်နှင့် စူးချူသည် ရယ်မောကာ လိုရင်းကိုပြောလိုက်သည်။
“ယွင်ကျောင်းကို ကူညီခိုင်းဖို့ လာဘ်ထိုးနေတာမဟုတ်ဘူးလား? လာဘ်ထိုးတယ်ဆိုလည်း လာဘ်ထိုးနေတယ်လို့ တိုက်ရိုက်ပြောမှပေါ့ ဘာလို့ရိုးသားချင်ယောင်ဆောင်နေတာလဲ?”
သူသည် သူ၏အစ်ကိုလုပ်ပေးမည်ဟုသာ ထပ်ခါတလဲလဲပြောနေ၏။ သူသည် ကျားသဖွယ်ဟန်ဆောင်နေသော်လည်း မြေခွေးသာသာဖြစ်သည်။
စူးချူမှ ထိုသို့ပြောလိုက်သောအခါ ထိုလူ၏တစ်ကိုယ်လုံးတောင့်တင်းသွား၏။
“မိန်းကလေးကျင်း၊ ကျွန်တော်က စိတ်ရင်းမှန်နဲ့ပြောတာပါ”
သူသည် ပြောရင်းဆိုရင်းဖြင့် တစ်ခုခုကိုတွေးမိဟန်ဖြင့် စကားခဏရပ်လိုက်ကာ သူ၏အိတ်ကပ်ထဲမှ ဘရိုကိတ်ဘူးအသေးစားလေးတစ်ခုအား အလျင်အမြန်ထုတ်လိုက်သည်။
“ကျွန်တော်က အဲ့လူတွေနဲ့ မတူပါဘူး။ မိန်းကလေးကျင်း အထင်မလွဲပါနဲ့။ မိန်းကလေးကျင်းက လှတယ်ဆိုတာ သိပြီးသားမို့ ကျွန်တော်ဒီလက်ကောက်ကို လက်ဆောင်အနေနဲ့ အထူးရွေးဝယ်လာတာပါ။ ကြိုက်မယ်လို့ မျှော်လင့်ပါတယ်”
သူသည် စကားပြောပြီး ဘူးကိုဖွင့်လိုက်သည်။
ဘူးထဲတွင် ယွမ်ထောင်သောင်းချီခန့်တန်သည့် ပတ္တမြားလက်ကောက်တစ်ခု ရှိနေသည်။ လက်ကောက်မှာ လှပသော်လည်း ဤလူထံမှလာသော လက်ဆောင်ဖြစ်သည်ဟု ကျင်းယွင်ကျောင်း မယုံကြည်ချေ။
သူမသည် ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်လျှင် သူမရှိသောနေရာသို့ ဒေါသတကြီးဖြင့် စိုက်ကြည့်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ ထိုအမျိုးသမီး၏အကြည့်သည် အမျိုးသားလက်ထဲရှိ ဘရိုကိတ်ဘူးထံမှ မခွာဘဲ သူမလက်ထဲမှ ဝိုင်ခွက်သည်လည်း ဆုပ်ကိုင်ထားသောအားကြောင့် ကွဲလုမတတ်ဖြစ်နေ၏။
ဤအမျိုးသား၏လက်ဆောင်သည် သူ၏ချစ်သူလေးအတွက် ဖြစ်မည်ထင်သည်။ နောက်ဆုံးကြံရာမရသောအချိန်မှသာ လူကြည့်ကောင်းရန် ထုတ်လိုက်ခြင်းဖြစ်မည်။
သူမသည် အခြားသူများ၏ လက်ဆောင်အကြွင်းအကျန်ကို စိတ်မဝင်စားရုံမက သူမအရှေ့တွင်ရှိနေသော လက်ဆောင်သည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်နေလျှင်မူ ဤစုတ်ချာချာလူနှင့်ပတ်သတ်သော သူမအမြင်အား ပြောင်းလဲနိုင်မည်မဟုတ်ချေ။
ကျင်းယွင်ကျောင်းသည် မလှုပ်မယှက်ကြည့်နေ၏။ ထိုလူ၏ လက်များ တောင့်တင်းသွားသည်။
“မိန်းကလေးကျင်း?"
“ရှင့်အမျိုးသမီးက ကျွန်မကို စိုက်ကြည့်နေတယ် လူကြီးမင်းရဲ့။ ကျွန်မကို အရူးများမှတ်နေလား?"
ကျင်းယွင်ကျောင်း လှောင်ရယ်သံပြုလိုက်သည်။
“ပြီးတော့ စီအီးအိုပိုင်က ကျွန်မတို့ကုမ္ပဏီအတွက် ကြော်ငြာကို ရှင့်လိုမျိုး....အားမကိုးရတဲ့လူဆီ အပ်မယ်မထင်ဘူး။ အထူးသဖြင့် ရှင့်လို လမ်းမှန်ကို မလျှောက်တဲ့လူမျိုးပေါ့။ ကျွန်မနဲ့ ဆက်ဆံရေးရှိဖို့တောင် ကြိုးစားခဲ့တယ်မှတ်လား? အဲ့တော့ ရှင်ထင်သလိုဖြစ်မှာမဟုတ်လို့ စိတ်မကောင်းပါဘူး”
ကျင်းယွင်ကျောင်းသည် စကားကို ယဥ်ယဥ်ကျေးကျေးပြောနေဆဲဖြစ်၏။
ဤလူမှာ ပိုင်ယွီအန်းဖိတ်ကြားထားသော ဧည့်သည်ဖြစ်သဖြင့် လူကြားထဲတွင် အရှက်ခွဲ၍မကောင်းပေ။
ပိုင်ယွီအန်သည် ကြော်ငြာအပ်ရန် စဥ်းစားနေဆဲဖြစ်ကြောင်း သူမအား ပြောထားခဲ့သည်။ လက်ရှိတွင် သူစိတ်ဝင်စားနေသော ကုမ္ပဏီသုံးခုရှိသည်။ သူတို့အားလုံးမှာ နာမည်ကြီးကြသော်လည်း တစ်ခုမှာ ကြေးကြီးပြီး အသင်းအဖွဲ့ကောင်း၏။ နောက်တစ်ခုမှာ ပိုတည်ငြိမ်ပြီး အလယ်အလတ်ဖြစ်သည်။ နောက်ဆုံးတစ်ခုမှာ စျေးတန်ပြီး အဆက်အသွယ်များသော်လည်း ပထမနှစ်ခုကဲ့သို့ အားသာချက်မရှိလှပေ။
နောက်ဆုံးတစ်ခုမှာ သူမအရှေ့တွင်ရပ်နေသောလူ၏ ကုမ္ပဏီသာဖြစ်လိမ့်မည် မဟုတ်လော။