← Chapters

အခန်း (၅၆၅-၅၆၈)

Vol. 29 Ch. 565-568

အခန်း (၅၆၅-၅၆၈)

Vol. 29 Ch. 565-568

Space and Rebirth 565

Trans: Esth

ကျင်းယွင်ကျောင်းမှ သူ့အား ငြင်းဆန်လိုက်သည်နှင့် ထိုလူ၏ မျက်နှာပျက်သွား၏။

“ကျွန်တော်ကမ်းလှမ်းတဲ့စျေးက နည်းလွန်းတယ်လို့များ မိန်းကလေးကျင်းထင်နေတာလား?”

ထိုလူသည် သူ၏လက်ထဲမှအရာများကို ဖယ်လိုက်ပြီး ခေတ္တမျှစဥ်းစားကာ ပြောလိုက်သည်။

“မိန်းကလေးကျင်းလိုမျိုး အထက်တန်းဆန်ပြီး ဂုဏ်သရေရှိတဲ့လူက ဒီလောက်လောဘကြီးမယ် မထင်ခဲ့ဘူး၊ ဒီလိုလုပ်ပါလား စီအီးအိုပိုင်သာ ကျွန်တ်ောတို့ကုမ္ပဏီနဲ့ စာချုပ်ချုပ်မယ်ဆိုရင် မိန်းကလေးကျင်းကို ပွဲစားခသက်သက် ထပ်ပေးပါမယ်။ ဒီလောက်ဆို မိန်းကလေးကျင်းကျေနပ်မှာပါ ဘယ်လိုသဘောရလဲ?”

သူ၏စကားများသည် အနည်းငယ်တဲ့တိုးဆန်လှ၏။

စူးချူနှင့် ကန်ကျင်းချန်၏ မျက်နှာထားများ ပြောင်းလဲသွားကြသော်လည်း သူတို့သည် ကျင်းယွင်ကျောင်း၏ ပုံစံအစစ်အမှန်ကို မသိခဲ့သောကြောင့် သူမအတွက် စကားကူပြောပေးရန် မလွယ်ချေ။

ကျင်းယွင်ကျောင်းမှာမူ စိတ်မဆိုးပေ။ ထိုအစား သူမသည် ရယ်သာရယ်လိုက်၏။ သူမသည် မိမိ၏ကုမ္ပဏီအား သစ္စာဖောက်ရလောက်သည်ထိ ဦးနှောက်မရှိသောသူမဟုတ်ပါပေ။

ကိစ္စရပ်များကို ဤလူမှ ကိုင်တွယ်ဖြေရှင်းပုံအရ သူ၏ကုမ္ပဏီသည်လည်း ထိုမျှလောက်ကောင်းနိုင်မည်မဟုတ်ချေ။ သူနှင့်သာ စာချုပ်ချုပ်လျှင် သူမတို့ကျေနပ်လောက်မည့် ဗျူဟာတစ်ခုကို ဆွဲပေးနိုင်လောက်မည်မဟုတ်။ ထိုအချိန်ရောက်လျှင် အခက်အခဲဖြစ်ရပေလိမ့်မည်။

“လူကြီးမင်း၊ ကျွန်မသေချာပြောလိုက်မယ် ရှင်ကအခု ကျန်တဲ့ကုမ္ပဏီနှစ်ခုကို ယှဥ်နိုင်ဖို့ လုံးဝအရည်အချင်းမပြည့်မီဘူး”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

“မိန်းကလေးကျင်း၊ ဘာကိုဆိုလိုတာလဲ?”

ထိုလူမှင်တက်သွား၏။

“ဆိုလိုရင်းက ရှင်းနေတာပဲမဟုတ်လား? ရှင့်မှာပြိုင်ဆိုင်ခွင့်မရှိတော့ဘူးလို့ပြောနေတာ၊ ကျွန်မတို့ရဲ့ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ ကြော်ငြာကိစ္စတွေကို ရှင်တို့ကုမ္ပဏီဆီ အပ်မှာမဟုတ်ဘူး။ အခုလည်း မအပ်သလို ဘယ်တော့မှလည်း အပ်မှာမဟုတ်ဘူး။ ရှင့်လက်ဆောင်အတွက်ကတော့ ရှင့်ချစ်သူဆီကိုပဲ ပြန်ပေးလိုက်တာကောင်းမယ်၊ ကျွန်မရွံအောင် လာမလုပ်နဲ့”

ကျင်းယွင်ကျောင်းသည် စကားပြောပြီးသည်နှင့် ထွက်သွားရန် ထလိုက်သည်။

ထိုလူသည် ချက်ချင်းပင် သူမအား ဆွဲတားလိုက်၏။

“နေဦး!”

“မိန်းကလေးကျင်း၊ မင်းမှာကျောထောက်နောက်ခံရှိတာနဲ့ပဲ ငါမင်းကို ဘာမှမလုပ်ဘူးလို့ ထင်နေတာလား? မင်းကငါ့ကိုမြှူဆွယ်ဖို့ ကြိုးစားတယ်လို့သာ ငါစီအီးအိုပိုင်ကို ပြောလိုက်ရင် သူတန်းမယုံရင်တောင် စိတ်ထဲမှာခိုးလိုးခုလုဖြစ်သွားမှာပဲ”

သူအလျင်အမြန်ပြောလိုက်သည်။

သူမသည် ယောက်ျားတကာနှင့် ပလူးနေသော မကောင်းသည့်မိန်းမတစ်ဦးသာဖြစ်၏။ ယခင်ကတည်းကပင် အခြားသူများနှင့် ကစားခဲ့ပြီး အဘယ်ကြောင့် အခုချိန်ကျမှ သူ့ရှေ့တွင် အပြစ်ကင်းချင်ယောင်ဆောင်နေရသနည်း?

သူသည် သူမအား အကျိုးအမြတ်များစွာ ကမ်းလှမ်းပြီးသည့်တိုင် သူမသည် မကျေနပ်နိုင်သေးပေ။ အလွန်လောဘကြီးလှပေသည်။

ကျင်းယွင်ကျောင်းသည် စိတ်ဆိုးလွန်းသဖြင့် လှောင်ရယ်သံသာထွက်လာသည်။ သူမပြန်ပြောရန် ဟန်ပြင်ဆဲတွင် ထိုလူသည် သူမအား ဖမ်းဆုပ်ရန် လက်လှမ်းလိုက်သည်။ ရုတ်ချည်းပင် သူမမျက်လုံးများတွင် အံ့သြဟန်များသန်းသွား၏။ သူမသည် ခြေထောက်ကိုမြှောက်ကာ သူ၏ခန္ဓာကိုယ်အောက်ပိုင်းတည့်တည့်သို့ ကန်လိုက်လေသည်။

ကျင်းယွင်ကျောင်းဖိနပ်ဒေါက်များမှာ အလွန်မမြင့်သော်လည်း သူတို့သည် စူးရှလှ၏။ ထို့အပြင် သူမ၏ ချိန်ဆမှုမှာ ကွက်တိကျပြီး သူမ၏အင်အားသည်လည်း မသေးသည်ဖြစ်ရာ ထိုကန်ချက်ကြောင့် အမျိုးသားသည် သူ၏အောက်ပိုင်းခန္ဓာကိုယ်ကို ကိုင်ကာ နာကျင်မှုဖြင့် အော်ဟစ်ညီးတွားတော့သည်။

ဤကိစ္စသည် အချိန်တိုအတွင်း ဖြစ်သွားခဲ့သော်လည်း အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွားလောက်သည်ထိ လူအာရုံစိုက်မှုကို ခံလိုက်ရလေသည်။

“ဒီခွေးမတော့...အား...”

ထိုသူသည် ထခုန်မတတ်ဖြစ်နေသည်။ သူ၏ ကားထွက်နေသောခြေထောက်များမှာ အထူးသဖြင့် ရယ်ချင်စရာကောင်းလှ၏။ စူးချူသည် ၎င်းကိုကြည့်လိုက်သောအခါ မျက်နှာလေးနီမြန်းသွားပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

ကျင်းယွင်ကျောင်းသည် သူမဒေါက်မြင့်ဖိနပ်ကို ဖုန်ခါလိုက်၏။

“ကျွန်မလက်နဲ့ခြေထောက်တွေက ထိန်းလို့သိမ်းလို့ရတာမဟုတ်ဘူး၊ ရှင်နဲ့ ဒါပဲတန်တယ်”

စကားတစ်ခွန်းနှစ်ခွန်းတည်းဖြင့် အခြားသူများ၏ ထိုလူအပေါ်အမြင်သည် ပြောင်းလဲသွားတော့သည်။

ကျင်းယွင်ကျောင်း၏ ရုပ်ရည်သည် အလွန်ကြည့်ကောင်းလှသည်။ အချိန်တိုအတွင်းတွင် သူမအား ချည်းကပ်သောလူများစွာရှိနေပြီဖြစ်သည်။ သူတို့အများစုသည် မကောင်းသောရည်ရွယ်ချက်များ ရှိကြသော်လည်း ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် သတ္တိရှိသူများ မဟုတ်ပေ။ သူတို့သည်လည်း သူမနှင့်ရင်းနှီးလိုကြသည်။ သူမအား ကိုယ်ထိလက်ရောက်ကျူးလွန်ရသည်အထိတော့ တဏှာကျကြသူများမဟုတ်ပေ။

တစ်စုံတစ်ယောက်မှ ဤမျှလောက်ရဲတင်းမည်ကို သူတို့မထင်မှတ်ထားခြင်းသာဖြစ်သည်။

ပိုင်ယွီအန်း၏မျက်နှာသည် ရေခဲတမျှအေးစက်သွား၏။

“ဥက္ကဌချန်းက မင်းကိုထိလိုက်သေးလား?”

“မထိလိုက်ဘူး၊ ထိမိရင်လည်း ဒီလောက်ထိ အလျှော့ပေးထားမှာမဟုတ်ဘူး”

ကျင်းယွင်ကျောင်း လိုရင်းတိုရှင်းပြောလိုက်သည်။

သူမထိုစကားပြောလိုက်သည်နှင့် အမျိုးသားအချို့သည် အသက်ကိုပြင်းပြင်းရှူလိုက်ကြ၏။ သူတို့သည် ခန္ဓာကိုယ်အတွင်းမှ မရှင်းပြတတ်စွာ ကျောချမ်းသွားသည်ကိုသာ ခံစားလိုက်ရသည်။ အထူးသဖြင့် အောက်ပိုင်းတစ်ခုလုံးပျော့ခွေနေပြီး ချွေးစီးများကျနေသော ဥက္ကဌချန်းအား တွေ့လိုက်ကြချိန်တွင် ဖြစ်၏။

ထို့အပြင် ဤသည်မှာ သူမအလျှော့ပေးထားခြင်းဖြစ်သည်ဟု ကျင်းယွင်ကျောင်းပြောခဲ့သလော? ၎င်းမှာ ယောက်ျားတစ်ဦး၏ အသက်သွေးကြောဖြစ်သည်။ ထိုနေရာသို့ တစ်ခုခုဖြစ်သွားခဲ့လျှင် သူသည် တစ်သက်လုံး မိန်းမတစ်ဦးမှပေးသော ကံကောင်းခြင်းများကို ရယူနိုင်တော့မည်မဟုတ်ပေ။

Space and Rebirth 566

Trans: Esth

ဥက္ကဌချန်းသည် သူမအား မထိခဲ့သော်လည်း သူမအားတော့ စတင်ချည်းကပ်ခဲ့လေသည်။ ပိုင်ယွီအန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အား အေးစက်သောအကြည့်ဖြင့် ဝေ့ကြည့်လိုက်၏။

“ဥက္ကဌချန်း၊ ဒါက ကျွန်တော့် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပွဲပါ။ မကောင်းတဲ့နေရာတစ်ခုမဟုတ်ပါဘူး၊ ကိုယ့်သုတ်ပိုးကိုတောင် ကိုယ်မထိန်းချုပ်နိုင်ရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ဒီနေရာက အမျိုးသမီးတွေဆိုတာ ခင်ဗျားထိပါးပိုင်ခွင့်ရှိတဲ့လူတွေ မဟုတ်ပါဘူး!”

မစ္စတာချန်း၏မျက်နှာ သွေးဆုပ်သွားသည်။

“မစ္စတာပိုင်၊ ဒါတွေအားလုံး အထင်လွဲမှုတစ်ခုရယ်ပါ...”

သူသည် အံကြိတ်ကာပြောလိုက်၏။ သူ၏ကိုယ်နေဟန်ထားသည် အနည်းငယ်ကိုးရိုးကားရားဖြစ်နေလေသည်။

“အထင်လွဲတာမဟုတ်ပါဘူး။ ယွင်ကျောင်းကို စကားလာပြောတဲ့လူတွေ အများကြီးရှိတဲ့အထဲမှာ ဘာလို့သူက ခင်ဗျားကိုပဲ ပစ်မှတ်ထားခဲ့တာလဲ? ခင်ဗျားဘာမှမလုပ်ခဲ့ဘူးလို့ပြောတာကို ကျွန်တော်မယုံနိုင်ဘူး!”

ပိုင်ယွီအန်းသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။

ဤသည်မှာ သူ၏သူဌေးမဖြစ်သည်။ သူမသည် ပါတီပွဲတစ်ခုကို တက်သည်မှာ ရှားပါးလှသည်။ ထို့ကြောင့် ပိုင်ယွီအန်းသည် ဤအခွင့်အရေးကိုအသုံးချကာ သူမနှင့် စီးပွားရေးလောကမှလူများကို မိတ်ဆက်ပေးပြီး လူမှုအသိုင်းအဝိုင်းထဲတွင် နေသားကျသွားအောင် ကူညီပေးချင်ခဲ့မိ၏။ ထိုမှသာ အနာဂတ်တွင် သူမသည် ကုမ္ပဏီအား ဦးစီးလျှင် မည်သို့လုပ်ကိုင်ရမည်ကို သိရှိနိုင်မည်ဖြစ်သည်။ မျက်စိစုံမှိတ်ပြီး ပြသာနာလာရှာသောလူများ ဤမျှလောက်များမည်ဟု သူအဘယ်သို့ထင်ခဲ့မည်နည်း!

မစ္စတာချန်း ရင်ခံသွားသည်။ သူသည် အစက ကျင်းယွင်ကျောင်းအား ကပ်ဖားရပ်ဖားလုပ်ရန် လာခဲ့သော်လည်း နောက်ဆုံးတွင် ဆုပ်လည်းစူး၊ စားလည်းရူးအခြေအနေသို့ ရောက်မည်ဟု မထင်ထားခဲ့ချေ။

သူမသည် ကောင်မလေးတစ်ဦးသာဖြစ်သည် မဟုတ်လော? သူမသည် အလွန်မာန်မာကြီးလှပြီး သူ၏စိတ်ကောင်းစေတနာကိုပင် လက်မခံခဲ့ချေ!

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ကုမ္ပဏီသုံးခုထဲမှ တစ်ခုအား ရွေးချယ်ရမည်ဖြစ်သည်။ သူမသည် စီအီးအိုပိုင်ထံသို့ သူတို့ကောင်းကြောင်း အနည်းငယ်ပြောပြပေး၍ သူမအသားပဲ့ပါသွားမည်လော။ စီအီးအိုပိုင်သည်လည်း သူမအား လုံးဝအပြစ်တင်မည်မဟုတ်ချေ။ သူမတွင် ဆုံးရှုံးစရာမရှိသည့်အပြင် အကျိုးအမြတ်ပါရရှိနိုင်သေးသည်။ သူမသည် ထိုကိစ္စမျိုးကို အမှန်တကယ်ပင် ငြင်းဆန်ခဲ့ပေ၏။ ငြင်းဆန်၍ရသည်မှာ မှန်သော်လည်း သူမသည် သူ့အား ကိုယ်ထိလက်ရောက်ပါ လုပ်ခဲ့လေသည်!

မစ္စတာချန်း၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ နာကျင်မှုသည် မခံမရပ်နိုင်စရာကောင်းလှသည်။

ဤအချိန်တွင် သူသည် စကားပြောရန်မလွယ်ကူလှချေ။ ဥက္ကဌချန်းသည် ဤသို့သာ ပြောနိုင်တော့သည်။

“စီအီးအိုပိုင်၊ စိတ်ငြိမ်ငြိမ်ထားပါ။ ကျွန်တော်အရင်ထွက်သွားတာ ကောင်းမယ်ထင်တယ်...”

ထို့နောက်သူသည် ဒယီးဒယိုင်ဖြင့် ထွက်သွားတော့သည်။

ကျင်းယွင်ကျောင်းသည် ကျန်သောသူများအား ဝေ့ကြည့်ကာ ပြောလိုက်၏။

“ဒီနေရာမှာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ချင်တဲ့လူတွေ အများကြီးရှိမှာပါ။ ဒီကလူတိုင်းက စီးပွားရေးသမားတွေ ဖြစ်တာမို့ အကျိုးအမြတ်ကို အရင်ကြည့်ကြမှာပါပဲ။ ဒါပေမယ့် ကျွန်မက စီအီးအိုပိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သြဇာတစ်ခုရှိတယ်ဆိုပြီး အလွယ်လမ်းလိုက်ချင်တဲ့ လူတချို့လည်းရှိနေပါတယ်။ စီအီးအိုပိုင်က အနာဂတ်မှာ ဒီလိုလူမျိုးတွေနဲ့ ဘယ်တော့မှ အလုပ်အတူတွဲလုပ်မှာ မဟုတ်တဲ့အကြောင်း ကျွန်မပြောပါရစေ”

သူမထိုစကားကိုပြောပြီးသည်နှင့် လူအများစုသည် သူမဆိုလိုရင်းကို စိတ်ထဲတွင် သဘောပေါက်လိုက်ကြသည်။

သူဌေးချန်းသည် အောက်တန်းကျသောလမ်းစဥ်အား လိုက်ခဲ့ခြင်းဖြစ်၏။ ထိုထက်အရေးကြီးသည်မှာ သူသည် ကျင်းယွင်ကျောင်းမှတဆင့် ပိုင်ယွီအန်းအား ဆက်သွယ်လိုခဲ့သည်။ သူ မထင်ထားခဲ့သည်မှာ ကျင်းယွင်ကျောင်းသည် စိတ်ဓာတ်မာကြောခိုင်မာသူ ဖြစ်နေခြင်းသာ ဖြစ်၏။ စီအီးအိုပိုင်မှ သူမအား ထိုမျှလောက်ယုံကြည်သည်မှာ မဆန်းပါပေ။

ယခင်က စိတ်ကူးမျိုးစုံကို လွှတ်တွေးနေကြသော လူများစွာရှိခဲ့သော်လည်း ကျင်းယွင်ကျောင်း စကားပြောအပြီးတွင် သူတို့သည် သတိရှိသွားကြ၏။

“အရင်နှစ်အတွင်း ကျွန်တော်တို့ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ အောင်မြင်မှုတွေကို အားလုံးလည်း မြင်ပြီးလောက်ပါပြီ။ ကျွန်တော်တို့နဲ့ တစ်ချိန်တည်းလည်ပတ်နေခဲ့ကြတဲ့ ကုမ္ပဏီတွေကိုတောင် ကျွန်တော်တို့ ကျော်တက်နိုင်ခဲ့တဲ့အကြောင်းရင်းက ကံကောင်းလို့မဟုတ်ဘဲ မှန်ကန်တဲ့လမ်းကိုရွေးပြီး တာဝန်သိစိတ်ရှိလို့ပါပဲ။ အဲ့တော့ ပြောစရာရှိတယ်ဆိုရင် ကျွန်တော့်ကိုလာပြောနိုင်ပါတယ်။ ဒါပေမယ့် မနှောင့်ယှက်သင့်တဲ့သူကို နှောင့်ယှက်မိရင်တော့ ကျွန်တော်စိတ်မကောင်းပေမယ့် မစ္စတာချန်းလိုမျိုးပဲ ကျွန်တော်ခင်ဗျားတို့နဲ့ အလုပ်တွဲလုပ်နိုင်မှာ မဟုတ်ပါဘူး”

ပိုင်ယွီအန်းမှ ပြောလိုက်၏။

အနီးအနားမှ လူများသည် ကျင်းယွင်ကျောင်းနှင့် စကားပြောချင်ခဲ့ကြသောကြောင့် သူမအနားတွင် တမင်ရပ်နေခဲ့ကြသော်လည်း ကျင်းယွင်ကျောင်းစကားများကို ကြားပြီးနောက် မျက်နှာထားများ ပြောင်းသွားကြပြီး ရှိရှိသမျှအတွေးများလည်း ပျောက်ဆုံးသွားသည်။

ကျင်းယွင်ကျောင်းသည်လည်း ဟိုသွားဒီသွားဖြင့် ပင်ပန်းနေပြီဖြစ်သည်။ သူမသည် အခန်းထဲတွင် သွားနားတော့မည်ဟု ပိုင်ယွီအန်းကို ပြောလိုက်၏။

အပေါ်ထပ်တွင် သိသိသာသာ ပိုဆိတ်ငြိမ်သောကြောင့် ကောင်းကောင်းအနားယူနိုင်လေသည်။ သို့ရာတွင် သူမသည် ရှောင်ဟိုင်ချင်း၏ အခန်းကိုဖြတ်သွားလိုက်သောအခါ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးမှ ရှင်းလင်းနေသည်ကို တွေ့လိုက်ရသည်။ သူမသည် အံ့အားသင့်မှုဖြင့် ဝင်သွားလိုက်၏။

အိပ်ရာပေါ်တွင် လူမရှိပေ။

“ဒီအခန်းထဲက လူဘယ်ရောက်သွားတာလဲ?”

ကျင်းယွင်ကျောင်းသည် အေးစက်သောလေသံဖြင့် မေးလိုက်သည်။

“မိန်းကလေးရှောင်ကို ပြောတာလားရှင့်? ကြည့်ရတာ သူ့အဖေက ပြန်ခေါ်သွားတဲ့ပုံပါပဲ၊ တကယ်တော့ ကျွန်မလည်း မသေချာပါဘူး။ ဧည့်ကြိုကောင်တာကို မေးကြည့်လိုက်ပါ...”

သန့်ရှင်းရေးဝန်ထမ်းသည် စကားလုံးသေချာစီကာ ပြောလိုက်၏။

သူမသည် မိန်းကလေးငယ်တစ်ဦးကိုသာ ရင်ဆိုင်နေရသော်လည်း အတန်ငယ်ကြောက်ရွံ့မိလေသည်။

Space and Rebirth 567

Trans: Esth

ရုတ်ချည်းဆိုသလိုပင် ကျင်းယွင်ကျောင်းသည် လူသတ်လိုစိတ်များ ပြင်းပြသွား၏။ သူမ၏မျက်နှာထားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်သွားသည်။ သူမသည် ချက်ချင်းပင် စားပွဲထိုးအားခေါ်ပြီး အခြေအနေကို မေးမြန်းလိုက်သည်။

“ဒီအခန်းကို ငါကလွဲလို့ တခြားလူတွေဝင်ခွင့်မရှိဘူးလို့ သေချာပြောခဲ့တယ် မဟုတ်ဘူးလား?”

ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းအား ဖုန်းဆက်ရန် ကန်ကျင်းချန်အား ပြောထားပြီး စူးချူမှာမူ ရှောင်တောက်အန်းအား ဆက်သွယ်ရန် ကြိုးစားနေ၏။ ကျင်းယွင်ကျောင်းသည် ကြောက်အားသန်နေသော စားပွဲထိုးမလေးအား အေးစက်စွာကြည့်လိုက်သည်။

သူမသည် ဤအခန်းအား ဟိုင်ချင်းအတွက် စီစဥ်ထားခဲ့၏။ သူမအောက်ထပ်သို့ ပြန်ဆင်းချိန်တွင် မည်သူမျှ ရှောင်ဟိုင်ချင်းအား မနှောင့်ယှက်နိုင်ရန် ထိုစားပွဲထိုးအား မှာထားခဲ့သည်။ သူမမှာထားသည်မှာ ကြာပင်မကြာသေးချိန်တွင် ရှောင်ဟိုင်ချင်းသည် အခြားလူများ၏ လက်ထဲပါသွားလေသည်။

စားပွဲထိုးသည် ကျင်းယွင်ကျောင်းအား စိတ်လှုပ်ရှားစွာကြည့်ပြီး ငိုမဲ့မဲ့ဖြင့် ပြောလိုက်သည်။

“အဲ...အဲဒီလူက မိန်းကလေးရှောင်ရဲ့ အဖေအရင်းဖြစ်နေတာမို့ ကျွန်မတားဖို့ အကြောင်းရင်းမရှိလို့ပါ...”

ကျင်းယွင်ကျောင်းသည် ထိုစားပွဲထိုးရှေ့တွင် ရပ်ပြီး သူ့အား ရုန့်ရင်းကြမ်းကြုတ်စွာ ကြည့်လိုက်သည်။

“အကြောင်းရင်းမရှိဘူးတဲ့လား? ဒီအခန်းကို ငါ့နာမည်အောက်မှာ ဘိုကင်တင်ထားတာမဟုတ်ဘူးလား? ငါ့အခန်းထဲကို ငါ့ခွင့်ပြုချက်မရှိဘဲ လူတွေပေးဝင်သင့်တယ် ထင်နေတာလား?!”

စားပွဲထိုးသည် ကျင်းယွင်ကျောင်းစကားကြောင့် ထိတ်လန့်သွား၏။

“မဟုတ်ပါဘူးရှင် မဟုတ်ပါဘူး ဘာမှဖြစ်မှာမဟုတ်ပါဘူး...အဲ့လူက သူ့အဖေဆို‌တော့လေ...”

စားပွဲထိုးမှ ထပ်ပြောပြန်သည်။

ထို့နောက် သူမသည် မသိလိုက်ဘာသာဖြင့် သူမအိတ်ကပ်အား အုပ်စမ်းမိသွား၏။

ကျင်းယွင်ကျောင်း၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်သွားပြီး သူမထံဝေ့ကြည့်ကာ မျက်နှာထားလည်း ပိုမိုအေးစက်သွားသည်။

“သူ့ဆီက ဘောက်ဆူးရထားတာလား?”

“မဟုတ်ပါဘူး!”

စားပွဲထိုးမှ သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်သည်။

“နင့်မန်နေဂျာကို ခေါ်လိုက်”

ကျင်းယွင်ကျောင်းလေသံသည် တင်းမာနေ၏။ သူမသည် သူမအရှေ့တွင်ရှိနေသော မိန်းကလေးအား ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။

“တချို့အရာတွေကို အခွင့်ကောင်းယူမိရင် ကိုယ်ပဲ အများကြီးဆုံးရှုံးရတတ်တယ်ဆိုတာကို နင်မကြာခင် နားလည်သွားလိမ့်မယ်”

“ချူချူ၊ ကျင်းချန် ဖုန်းဆက်လို့ရလား?”

ကျင်းယွင်ကျောင်းသည် မိမိစိတ်ကိုထိန်းကာ သူတို့အားလှည့်မေးလိုက်၏။

နှစ်ဦးသားသည် မျက်မှောင်ကြုတ်ကာ ခေါင်းခါယမ်းလိုက်ကြသည်။ ကန်ကျင်းချန်သည်လည်း အလွန်စိတ်ပူပန်နေဟန် ဖြစ်နေ၏။

“ယွင်ကျောင်းကို ဦးလေးရှောင်က...ဘာမှမလုပ်လောက်ပါဘူးနော်?”

မည်သို့ပင်ဖြစ်စေ သူမသည် သူ၏သမီးအရင်းမဟုတ်ပါလော။ ဟိုင်ချင်းမှ အရက်မူးနေ၍ သူ၏သမီးအတွက် စိတ်ပူသွားခြင်းလည်း ဖြစ်နိုင်ပေသည်။

ကျင်းယွင်ကျောင်းသည်လည်း သူမကသာ ရှောင်တောက်အန်းအား အထင်လွဲနေခြင်းဖြစ်မည်ဟု မျှော်လင့်မိသည်။ ရှောင်တောက်အန်းသည် ရှောင်ဟိုင်ချင်းနှင့် သားအဖဆက်ဆံရေး တင်းမာခဲ့သော်လည်း ယခင်က သူသည် ရှောင်ဟိုင်ချင်းအား အလွန်ကာကွယ်ပေးခဲ့သောအချိန် ရှိခဲ့ဖူး၏။ အခြေအနေများသည် ထိုမျှလောက်တော့ မရိုးရှင်းတော့ပေ။

တစ်ခါတစ်ရံတွင် ရှောင်တောက်အန်းသည် လူကြီးလူကောင်းဟု မှတ်ယူနိုင်သော်လည်း သူ၏ကိုယ်ကျိုးမထိခိုက်သောကိစ္စများတွင်သာ ဖြစ်၏။

သူသည် အမြဲတမ်းလိုလို ရှောင်ဟိုင်ချင်းအား ဖာသိဖာသာဆက်ဆံခဲ့သည်။ သူမအား ဒေါသတကြီး ကြိမ်းမောင်းဆဲဆိုသည်မှလွဲ၍ သူမအား တစ်ခါမျှပင် စိတ်ပူပေးခြင်းမရှိခဲ့ပေ။ အထူးသဖြင့် ယနေ့ကဲ့သို့ အငြင်းပွားမှုအပြီးတွင်ဖြစ်၏။ ယုတ္တိရှိရှိပြောရလျှင် ရှောင်တောင်အန်းဆိုသည်မှာ သူမအနားယူနိုင်စေရန် အိမ်သို့ပြန်ပို့ပေးလောက်သည်ထိ ကြင်နာတတ်သောဖခင်မဟုတ်ပေ။

“ငါတို့အခုဘာလုပ်ကြမလဲ?”

ကန်ကျင်းချန်မေးလိုက်၏။

ရှောင်တောင်အန်းသည် အိမ်သို့ပြန်သည်၊ မပြန်သည်ကို သူတို့မသိသောကြောင့် သူ့နောက်သို့လိုက်ရန် ခက်ခဲလေသည်။ အပြင်ဘက်လမ်းမပေါ်တွင် ကားများစွာရှိပေသည်။ ရှောင်တောက်အန်းသည် မည်သည့်လမ်းမှတဆင့် မည်သည့်ဦးတည်ရာသို့ သွားနေမှန်း အဘယ်သို့သိနိုင်မည်နည်း?

ကျင်းယွင်ကျောင်းသည် ကူကယ်ရာမဲ့စွာဖြင့် သူမလက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။

သိပ်မကြာခင်တွင် မန်နေဂျာသည် သုတ်သီးသုတ်ပြာဖြင့် ရောက်ရှိလာ၏။ သူတို့အား ပြသာနာရှာနေသောသူမှာ ကျင်းယွင်ကျောင်းဖြစ်မှန်း တွေ့လိုက်ရသည်နှင့် သူသည် ချက်ချင်းပင် နုံးချည့်သွားသည်။

အစောပိုင်းက အောက်ထပ်ဧည့်ခန်းမတွင် ကျင်းယွင်ကျောင်းစလိုက်သော ရန်ပွဲမှာ မကြီးမားလှချေ။ သို့ရာတွင် ဧည့်ခန်းမထဲတွင် တစ်ချိန်လုံးတာဝန်ကျနေသော မန်နေဂျာအနေဖြင့် သူသည် အချေအတင်အသေးစားဖြစ်လျှင်ပင် ရှင်းရှင်းလင်းလင်းကြားနေရလေသည်။

“မိန်းကလေးကျင်း၊ ဘာဖြစ်တာလဲဗျ...”

မန်နေဂျာသည် သူမအား မျက်နှာချိုသွေးနေရသည်။

မန်နေဂျာ၏ပုံစံကိုတွေ့လိုက်ရသောကြောင့် စားပွဲထိုးမ‌လေးသည်လည်း အနည်းငယ်တုန်လှုပ်သွား၏။ သူမအလျင်အမြန်ပင် ရှင်းပြလိုက်သည်။

“မန်နေဂျာ၊ ခုနက ဒီအခန်းမှာနေနေတဲ့ မိန်းကလေးကို သူ့အဖေက ခေါ်သွားတာပါ၊ မိန်းကလေးကျင်းက အဲ့လူပေးတဲ့ ပိုက်ဆံကို ကျွန်မလက်ခံလိုက်တယ်လို့ ပြောနေပါတယ်...”

ကျင်းယွင်ကျောင်းသည် စားပွဲထိုးနှင့် အဓိပ္ပာယ်မရှိသောစကားများကို ဆက်မပြောနိုင်တော့ချေ။ သူမသည် သွယ်ဝိုက်မနေဘဲ ပြောလိုက်၏။

“ဒီအခန်းထဲကို ကျွန်မကလွဲပြီး ဘယ်သူမှမဝင်ရဘူးလို့ ကျွန်မသူ့ကို သေချာသတိပေးခဲ့တာတောင် နောက်ဆုံးတော့ ကျွန်မအခန်းကတ်ကို ယူပြီး တခြားလူတစ်ယောက်က ကျွန်မသူငယ်ချင်းကို ခေါ်သွားလို့ရအောင် တံခါးဖွင့်ပေးခဲ့တယ်လေ။ ဒီဟိုတယ်က ဝန်ထမ်းတွေကို ဒီလိုပဲသင်ထားတာလား?”

Space and Rebirth 568

Trans: Esth

မန်နေဂျာသည် အသက်ရှူမှားမတတ်ဖြစ်သွားပြီး ပြာပြာသလဲဖြင့် ပြောလိုက်သည်။

“မိန်းကလေးကျင်း၊ တကယ်ကိုတောင်းပန်ပါတယ် ကျွန်တော်တို့ဘက်က ပေါ့လျော့တာပါ...”

မန်နေဂျာထံမှ ထိုစကားထွက်သည်နှင့် စားပွဲထိုးမလေး၏ မျက်နှာတွင် သွေးဆုပ်သွား၏။ သူမသည် အလွန်အမင်းရင်တုန်သွားပြီး ဘာဆက်လုပ်ရမည်ကို မသိတော့သည့်အတိုင်း မှင်တက်သွားလေသည်။

“ဖြစ်ပြီးမှတော့ တောင်းပန်နေလည်း အပိုပဲ။ ဒါပေမယ့် ဒီစားပွဲထိုးကောင်မလေးကို ရှင်တို့ဟိုတယ်မှာ ထပ်မမြင်ချင်တော့ဘူး”

ကျင်းယွင်ကျောင်း လိုရင်းကိုသာ ပြောလိုက်သည်။

သူမသည် ပြသာနာရှာချင်၍ မဟုတ်ပေ။ သူမသာ ပြသာနာရှာချင်လျှင် သူမအား နစ်နာကြေးပေးရန် သို့မဟုတ် အခန်းခအတွက် လျော်ကြေးပေးရန် ဟိုတယ်အား အကြပ်ကိုင်၍ရလေသည်။ ဤငွေပမာဏမှာ သူမအတွက် မဖြစ်စလောက်သာရှိပြီး ဤပမာဏလောက်လေးဖြင့် အချိန်ကုန်လူပင်ပန်းမခံလိုပေ။ သို့ရာတွင် ဤစားပွဲထိုးမကိုမူ အလုပ်ထုတ်ရပေမည်။ သူမလုပ်ခဲ့သောအပြစ်အား လွယ်လွယ်ခွင့်လွှတ်ပေးစရာ အကြောင်းမရှိချေ။

စားပွဲထိုးမလေးသည် ထိုစကားကို ကြားလိုက်သောအခါ မျက်လုံးများပြူးကျယ်လာ၏။

“မန်နေဂျာ! ကျွန်မဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အဲ့လူက တကယ်ပဲ မိန်းကလေးရှောင်ရဲ့ အဖေပါ။ အဖေတစ်ယောက်က ကိုယ့်သမီးကိုယ်ပြန်ခေါ်သွားတာ ဘာများမှားလို့လဲရှင်? ကျွန်မသူ့အတွက် တံခါးဖွင့်ပေးတယ်ဆိုတာ ဖြစ်သင့်တာပဲလေ!”

စားပွဲထိုးမမှ သုတ်သီးသုတ်ပြာပြောလိုက်သည်။

သူမသည် အမှန်တကယ်ပင် ထိုသူပေးသောငွေအား လက်ခံခဲ့လေသည်။ သိပ်မများလှပေ။ ယွမ်ငါးရာသာရှိ၏။ မစ္စတာရှောင်မှ အကျိုးအကြောင်းလာမေးသောအချိန်တွင် သူမသည် မိန်းကလေးကျင်း၏ မှာကြားချက်အရ မည်သူကိုမျှ ပေးမဝင်ခဲ့သော်လည်း ထိုသူသည် သူ့ကိုယ်သူမိန်းကလေးရှောင်၏ဖခင်ဟု ပြောခဲ့သည်။ မိန်းကလေး‌ရှောင်သည် အရက်မူးနေသောကြောင့် ဟိုတယ်တွင် ရှိနေသည်ကို စိတ်ပူသည်ဟုလည်း သူပြောခဲ့၏။ ထို့ကြောင့် သူမသည်တုံ့ဆိုင်းသွားပြီး မိန်းကလေးရှောင်အား ထည့်ပေးလိုက်ရသည်မှာ ပြသာနာမရှိလှပေဟု ထင်ခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် သားအဖများဖြစ်သည်မဟုတ်လော။ ထို့အပြင် မစ္စတာရှောင်သည် လူဆိုးတစ်ယောက်မဟုတ်ပေ။ သူသည် ပွဲလာဧည့်သည်တစ်ဦးဖြစ်၏။ ဟိုတယ်သို့လာသော ဧည့်သည်များကို ဘုရင်တစ်ပါးကဲ့သို့ ဆက်ဆံရမည်ဖြစ်သောကြောင့် သူမလုပ်ရပ်မှာ မှားသည်ဟုမဆိုနိုင်ပေ။

မန်နေဂျာသည်လည်း အနည်းငယ်ပြာပြာသလဲဖြစ်သွားသည်။

“မိန်းကလေးကျင်း၊ မိန်းကလေးရှောင်ကို သူ့အဖေက ခေါ်သွားတာပဲဆိုတော့...”

“ကြည့်ရတာ မန်နေဂျာကိုယ်တိုင်က စားပွဲထိုးမှာ ဘာအမှားမှမရှိဘူးလို့ ထင်နေတဲ့ပုံပဲ ဟုတ်လား?”

ကျင်းယွင်ကျောင်း၏ မျက်နှာအသွင်အပြင်သည် အနည်းငယ်ကြောက်မက်ဖွယ်ကောင်းနေ၏။

မန်နေဂျာသည် သူမကိုကြည့်ကာ သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်သည်။

“မဟုတ်ပါဘူး! သေချာပေါက် သူအမှားလုပ်ထားတာပေါ့....မိန်းကလေးကျင်း၊ စိတ်မပူပါနဲ့၊ ဒီကိစ္စအတွက် ကျွန်တော်တို့ သေချာရှင်းပြချက်ပေးမှာပါ!”

ဤကျင်းယွင်ကျောင်းဟူသည်မှာ သာမန်ဧည့်သည်မဟုတ်ပေ။ သူမသည် ဒါရိုက်တာပိုင် တန်ဖိုးအထားရဆုံးလူဖြစ်သည်။ သူမအသိထဲတွင် လုပ်ငန်းပိုင်ရှင်ကြီးများစွာရှိ၏။ သူတို့သည်သာ သူမအား စိတ်ကွက်အောင်လုပ်မိလျှင် ဤဟိုတယ်၏စီးပွားရေးကိုလည်း ထိခိုက်မည်မှာ မလွဲမသွေပေ။ မိန်းကလေးကျင်းသည်သာ အငြိုးကြီးသောလူမျိုးဆိုလျှင် ဟိုတယ်သည် အနာဂတ်တွင် ဒုက္ခများစွာကြုံရပေလိမ့်မည်။

“ရှောင်ဝမ်၊ ဘဏ္ဍာရေးဌာနဆီသွားပြီး မင်းလစာယူပြီးတာနဲ့ ထွက်သွားတော့။ ဒီနေ့ကစပြီး မင်းကငါတို့ဟိုတယ်ရဲ့ ဝန်ထမ်းမဟုတ်တော့ဘူး”

မန်နေဂျာမှ ထပ်ပြောလိုက်သည်။

စားပွဲထိုးမလေးသည် ထိုစကားကိုကြားလိုက်သောအခါ သုန်မှုန်သွားသည်။

အဘယ်ကြောင့်နည်း? သူမသည် ဧည့်သည်တစ်ဦး၏ ဆန္ဒအတိုင်းလုပ်ခဲ့ရုံသာရှိသည်။ သူမအား အဘယ်ကြောင့် အလုပ်ထုတ်ရသနည်း။

“မန်နေဂျာ၊ ကျွန်မလက်မခံနိုင်ပါဘူး! ခုနက ကျွန်မသာ မစ္စတာရှောင်ရဲ့ သမီးကို ခေါ်သွားခွင့်မပြုခဲ့ရင် သူသေချာပေါက်သောင်းကျန်းမှာပါ။ ဟိုတယ်ကနေ သူ့သမီးကို တမင်ပြန်ပေးဆွဲထားပြီး လွှတ်မပေးတာလို့တောင် ပြောနိုင်ပါတယ်! ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးရှောင်က အိမ်ပြန်ရမှာပဲလေ။ အခုသူ့အဖေက သူ့ကိုအိမ်ပြန်ခေါ်သွားတာ ဘာမှားလို့လဲ? ကျွန်မဘာအမှားများလုပ်မို့လို့လဲ?!”

စားပွဲထိုးမှ ပြန်ပက်လိုက်သည်။

သူမသည် အလုပ်လည်းထုတ်ခံရခါနီးဖြစ်၍ မပြောရဲသည့်စကား မရှိတော့ချေ။

ကျင်းယွင်ကျောင်းသည် ခနဲ့သံပြုလိုက်ကာ သူမဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် ထိုမိန်းကလေးအား ငုံ့ကြည့်ကာ အေးတိအေးစက်ဖြင့် ပြောလိုက်၏။

“လက်မခံနိုင်ဘူးတဲ့လား? နင့်ကိုငါစစကားပြောကတည်းက နင်ကိုယ်တိုင်တောင်မသိလိုက်ဘဲ အိတ်ကပ်ကို စမ်းပြီး ဖုံးဖို့ကြိုးစားနေတယ်ဆိုတာ သိလား။ အဲ့အထဲမှာ ပိုက်ဆံရှိတယ်မလား? ဒီဟိုတယ်ထဲမှာ စီစီတီဗီကင်မရာတွေလည်း တပ်ထားတယ်။ ငါသူတို့ကို စစ်ကြည့်လိုက်ရင် နင့်စကားတွေက သူတို့ရဲ့ သားအဖဆက်ဆံရေးအတွက်လား သူပေးထားတဲ့ပိုက်ဆံကြောင့်လားဆိုတာ ပေါ်လာမှာပဲ။ နင်ပြောတာမှန်တယ်။ မစ္စတာရှောင်က သူ့သမီးကို ခေါ်သွားတယ်ဆိုတာ ဖြစ်သင့်တာပဲလေ။ ဒါပေမယ့် နင်က ဧည့်သည်တစ်ယောက်ဖြစ်တဲ့ ငါ့ရဲ့ မှာကြားချက်ကို ဂရုမစိုက်ခဲ့ဘူး၊ ငါက နင့်ကိုအပြစ်ပေးတယ်ဆိုတာ မမှားဘူးလေ။ အလုပ်ထုတ်တယ်ဆိုတာ အပြစ်ဒဏ်ပေါ့လျော့တယ်လို့တောင် ပြောလို့ရဦးမယ်”

ကျင်းယွင်ကျောင်းသည် စကားပြောရင်းဖြင့် သူမ၏လက်ကောက်ဝတ်ကို ကိုင်ကာ အိတ်ကပ်ထဲတွင် ရှိနေသော ပိုက်ဆံကို ဆွဲထုတ်လိုက်သည်။ ထိုအထဲတွင် ပိုက်ဆံအပြင် နာမည်ကြီးအထက်တန်း အလှပြင်ဆိုင်မှ အလှပြုပြင်ရေးကတ်လည်း ရှိနေပေသည်။

All Chapters