အခန်း (၅၆၉-၅၇၂)
Vol. 29 Ch. 569-572
Space and Rebirth 569
Trans: Esth
ကျင်းယွင်ကျောင်းသည် အလှပြုပြင်ရေးကတ်နှင့် ယွမ်ရာတန်အချို့ကို ကြည့်ပြီး စားပွဲထိုးမအား ကိုင်ပေါက်လိုက်၏။
“ဒီကတ်ဘယ်နေရာကလာလဲဆိုတာ ငါစုံစမ်းလိုက်ရမလား? ဒီလိုအလှပြင်ဆိုင်မျိုးက ရောင်းတဲ့ကတ်တိုင်းကို မှတ်တမ်းတင်ထားတယ်။ ဒီကတ်က ရှောင်တောင်အန်းနဲ့ ဆိုင်လား မဆိုင်လားဆိုတာက အချိန်တန်ရင် ပေါ်မှာပဲ!”
ကျင်းယွင်ကျောင်း ထပ်ပြောလိုက်သည်။
စားပွဲထိုးမလေးသည် ဒယီးဒယိုင်ဖြစ်သွားပြီး ပစ်ပေါက်ခံရသောအရှိန်ကြောင့် တစ်ကိုယ်လုံးမြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမသည် အလှပြင်ဆိုင်မှကတ်ကို တွေ့လိုက်ရသောအခါ သူမမျက်နှာသည် အလွန်ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
“မန်နေဂျာ...”
ဤကတ်အား မစ္စတာရှောင်၏ ဇနီးမှ ပေးခဲ့ခြင်းဖြစ်သည်။ မည်သည့်မိန်းကလေးက အလှအပမကြိုက်ဘဲနေမည်နည်း? သူမသည် အဆင့်အတန်းမြင့်အလှပြင်ဆိုင်အား တစ်ခါမှမရောက်ဖူးသောကြောင့် သွားကြည့်ချင်ခဲ့မိသည်....
ဤဟိုတယ်ရှိလူများမှ ဘောက်ဆူးပေးသည်ဆိုသည်မှာ ရှားပါးဖြစ်ရပ်မဟုတ်သောကြောင့် ထိုစဥ်က သူမသည် ဤကိစ္စအား တစ်ခုခုမှားနေသည်ဟု မထင်ခဲ့ချေ။
မန်နေဂျာသည် အလွန်အမင်း မျက်နှာပျက်နေ၏။
“နင့်ကိုယ်နင် အရှက်ဆက်ခွဲမနေနဲ့တော့။ ချက်ချင်းဟိုတယ်ကနေ ထွက်ရင်ထွက်၊ မထွက်ရင် ခဏနေ နင့်ကိုဆွဲခေါ်ထုတ်ဖို့ လုံခြုံရေးတွေ ခေါ်လိုက်မယ်!”
စားပွဲထိုးမလေးသည် ထိတ်လန့်သွား၏။
သို့ရာတွင် ဤသည်မှာ အလုပ်တစ်ခုသာဖြစ်သည်။ အလုပ်မှရရှိသောခံစားခွင့်များမှာ ကောင်းသော်လည်း ထိုနှစ်ပြားမတန်သောလစာလေးဖြင့် သူများအားဦးညွတ်အောက်ကျို့စရာမလိုပေ။ ထို့ကြောင့် သူမသည် မန်နေဂျာ၏လေသံ ဆိုးသထက်ဆိုးလာသည်ကို မြင်လိုက်ရသောအခါ ဆက်မနေတော့ချေ။ သူမသည် မြေပြင်ပေါ်မှ အလျင်အမြန်ထပြီး ကတ်နှင့်ပိုက်ဆံများကို ကောက်ယူကာ စကားတစ်ခွန်းမျှဆက်မပြောဘဲ ထထွက်သွားတော့သည်။ သို့ရာတွင် သူမမသွားခင်တွင် ကျင်းယွင်ကျောင်းအား မျက်စောင်းထိုး၍ ပွစိပွစိပြောသွားသေး၏။
“သူ့ကိုယ်သူဘာများထင်နေလဲမသိဘူး။ သူဌေးတချို့နဲ့ သိတာနဲ့ပဲ သောင်းကျန်းလို့ရတယ်ပေါ့လေ၊ ငါတို့လို စားပွဲထိုးမလေးတွေကို အနိုင်ကျင့်ဖို့ပဲ သိပြီးတော့များ...”
သူမအသံသည် မကျယ်လှသော်လည်း ကျင်းယွင်ကျောင်းသည် ပီပီသသကြားလိုက်လေ၏။
ချက်ချင်းပင် ကျင်းယွင်ကျောင်းသည် လက်ထဲမှ ငွေရောင်အပ်တစ်ချောင်းကို ပစ်လိုက်သည်။
စားပွဲထိုးမလေးသည် နောက်ကျောဘက်တွင် ဆစ်ခနဲသာခံစားလိုက်ရသောကြောင့် ၎င်းကို သိပ်အာရုံမစိုက်လိုက်ချေ။ သူမသည် ခန္ဓာကိုယ်ကို လှုပ်ရှားပြီး ဆက်လက်သာ လမ်းလျှောက်သွားလိုက်တော့သည်။
ကျင်းယွင်ကျောင်းသည် သူမအား တစ်ချက်သာကြည့်ကာ ထပ်ဂရုမစိုက်တော့ချေ။
သူမသည် နေရာလွတ်နယ်မြေထဲသို့ထည့်ရန် ငွေရောင်အပ်များစွာကို အထူးပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် အခြားအရာများနှင့်ယှဥ်လျှင် အသုံးဝင်လှသော လက်နက်ပုန်းများဟု မှတ်ယူနိုင်၏။ အကွာအဝေးမများလွန်းသရွေ့ သူမသည် ပစ်မှတ်အား ၁၀၀% ထိမည်ဟု အာမခံနိုင်သည်။ ထို့အပြင် ငွေရောင်အပ်များသည် ပါးလွှာလှသဖြင့် အခြားသူများ၏ မျက်စိရှေ့မှောက်ရောက်လျှင်ပင် အလွယ်တကူရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ယခု သူမသည် စားပွဲထိုးမအား ပြင်းပြင်းထန်ထန် မပစ်လိုက်ချေ။ ငွေရောင်အပ်များသည် သူမအသက်အန္တရာယ်ကို ထိခိုက်မည်မဟုတ်သော်လည်း သူမသည် နိစ္စဓူဝလုပ်ငန်းစဥ်များတွင် နာကျင်မှုဖြင့် ညှင်းဆဲခံရမည်ဖြစ်သည်။
စားပွဲထိုးထွက်သွားသည်နှင့် မန်နေဂျာသည် တောင်းပန်ပြီးရင်း တောင်းပန်နေ၏။ သူ၏အနောက်တွင်ရှိနေသော စူးချူနှင့် ကန်ကျင်းချန်သည် ယခုအချိန်ထိ ရှောင်တောက်အန်းနှင့် ရှောင်ဟိုင်ချင်း၏ ဖုန်းများကို ဆက်၍မရချေ။ ကျင်းယွင်ကျောင်းလည်း ပူပန်မှုအပြည့်ဖြင့် သူတို့သုံးဦးသားအား ရှောင်မိသားစုအိမ်ထံ ကားမောင်းပို့ရန် တစ်ယောက်ယောက်အား စေခိုင်းလိုက်သည်။
ထိုအချိန်တွင် ရှောင်ဟိုင်ချင်းသည် ကားတစ်စီးထဲတွင် လှဲနေ၏။ ကားရှေ့ခန်းတွင် မောင်းနှင်နေသူမှာ ရှောင်တောက်အန်းဖြစ်ပြီး ကျန်းရုံမှာ ရှောင်ဟိုင်းချင်းဘေးတွင် ထိုင်နေသည်။ သူမသည် လက်ထဲတွင် ဝိုင်တစ်ပုလင်းကိုကိုင်ကာ ရှောင်ဟိုင်ချင်းပါးစပ်ထဲသို့ တရစပ်သွန်းလောင်းပေးနေ၏။
ရှောင်တောက်အန်းသည် ကားနောက်ကြည့်မှန်မှတဆင့် သူ့သမီး၏ ရီဝေဝေအသွင်အပြင်ကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည်။
“အားရုံ၊ တော်လောက်ပြီ။ သူ့ကိုထပ်မသောက်ခိုင်းနဲ့တော့”
ကျန်းရုံသည် ရှောင်ဟိုင်ချင်းအား စက်ဆုပ်ရွံရှာနေသည့်အတိုင်း ကြည့်လိုက်သည်။ ထို့နောက် သူမသည် စိတ်ပူပန်ဟန်ဖြင့် ပြောလိုက်၏။
“ယောက်ျားရယ်၊ ဟိုင်ချင်းရဲ့ ဒေါသကို ရှင်မသိတာလည်း မဟုတ်ဘူး။ သူနိုးလာရင် ဘာလုပ်မလဲဆိုတာ ကျွန်မတို့ ဘယ်လိုလုပ်သိနိုင်မှာလဲ? များများသောက်ခိုင်းထားတာကောင်းမယ်...”
မည်သို့ပင်ဖြစ်စေ ယခု ရှောင်ဟိုင်ချင်းသည် မျက်ခွံများလေးစပြုနေပြီဖြစ်သည်။ သူမသည် ဝိုင်အားပြန်ပေးလိုက်သောအချိန်တွင် ရှောင်ဟိုင်ချင်းမှ ၎င်းကိုဆွဲယူကာ သူမပါးစပ်ထဲ သူမဘာသာ လောင်းထည့်တော့သည်။ ကျန်းရုံမှ အတင်းအကြပ်လုပ်ခြင်းမဟုတ်ပေ။
ရှောင်တောက်အန်းမျက်မှောင်ကြုတ်လိုက်သည်။
“အဲဒါတော့ ဟုတ်ပါတယ်၊ သတိထားဦး။ သူ့ကို အန်တဲ့အထိ မသောက်ခိုင်းနဲ့”
“စိတ်မပူပါနဲ့၊ ဟိုင်ချင်းက တော်တော်သောက်နိုင်ပါတယ်...”
ကျန်းရုံထပ်ပြောပြန်သည်။
သိပ်မကြာခင်တွင် ကျန်းရုံသည် ရှောင်ဟိုင်ချင်း၏ခန္ဓာကိုယ်အား လှုပ်ယမ်းကာ ထောက်စမ်းကြည့်လိုက်သည်။
“ဟိုင်ချင်း? ဟိုင်ချင်း၊ အခုဘယ်လိုခံစားနေရလဲ?”
ရှောင်ဟိုင်ချင်းသည် ရီဝေဝေဖြင့် သူမအရှေ့မှလူအား ကြည့်လိုက်သည်။ မပီပြင်ဝိုးတဝါးဖြင့်ပင် သူမအမုန်းဆုံးသောမျက်နှာအား မြင်လိုက်ရ၏။ သူမသည် ဘာစကားမှ ပြန်မပြောဘဲ ပါးစပ်ကိုသာဖွင့်လိုက်ကာ ကျန်းရုံ၏လက်မောင်းကို ကိုက်လိုက်လေသည်။
Space and Rebirth 570
Trans: Esth
“အား!”
ရှောင်ဟိုင်ချင်းသည် မူးနေစဥ်ပင် ဤကဲ့သို့စရိုက်ကြမ်းလိမ့်မည်ဟု ကျန်းရုံမထင်ထားခဲ့ချေ။ သူမ၏လက်မောင်းတွင် ရရှိလိုက်သော နာကျင်မှုကြောင့် အော်ဟစ်ညီးတွားလိုက်သည်။
ရှောင်တောင်အန်းသည် လန့်ဖျပ်သွားပြီး ကား၏ဦးတည်ရာလည်း အနည်းငယ်ကွေ့ကောက်သွား၏။
ကျန်းရုံသည် သူမလက်အား ရှောင်ဟိုင်ချင်းပါးစပ်မှ ဆွဲထုတ်လိုက်သည်။
“ယောက်ျားရေ! ဟိုင်ချင်းကို ကြည့်ပါဦး၊ သူကျွန်မကို ကိုက်လိုက်တာ...သွေးထွက်နေပြီ...”
ကျန်းရုံသည် သူမအသားစများ ပဲ့ပါသွားသကဲ့သို့ ချွေးစေးများပြန်လာ၏။ ရှပ်ထိရုံ ကိုက်မိသည်ကိုပင် သူမအသည်းနှလုံးထဲထိ နာကျင်လှပေသည်။ သူမသည် အလွန်ပင် မခံမရပ်နိုင်ဖြစ်သွား၏။
အားပြင်းစွာ တွန်းခံလိုက်ရသောကြောင့် ရှောင်ဟိုင်ချင်း၏ တစ်ကိုယ်လုံးသည် ကားပြတင်းပေါက်မှန်နှင့် တိုက်မိသွားသည်။ သူမသည် ရီဝေဝေဖြင့် ခေါင်းကိုပွတ်ကာ ရေရွတ်နေလေ၏။
“ကျန်း-ကျန်းရုံ၊ မြေခွေးမ ငါ့အဖေကို ပြန်ပေးစမ်း...”
“ဟိုင်ချင်း တော်တော့”
ရှောင်တောက်အန်းသည် အနည်းငယ်စိတ်ညစ်သွားသည်။
“ဟင်?”
ရှောင်ဟိုင်ချင်းသည် သူမခေါင်းကိုစောင်းကာ အရှေ့ဘက်တွင်ရှိသော လူအား ကြည့်လိုက်၏။
“ရှင်ကဘယ်သူလဲ? ရှင့်ကြည့်ရတာ-ရှင့်ကြည့်ရတာ ကျွန်မအဖေအတိုင်းပဲ...”
“ဒါပေမယ့် ရှင်ကကျွန်မအဖေတော့ မဟုတ်ဘူး၊ သူက ရှင့်ထက်ငယ်ပြီး...အရမ်းလည်းမိုက်တယ်။ ရှင်-ရှင်ကတော့ မကောင်းတဲ့လူလိုပဲ...”
ရှောင်ဟိုင်ချင်းသည် ပြောရင်းဖြင့် တခစ်ခစ်ရယ်လိုက်သည်။
ရှောင်တောင်အန်း ခံစားချက်မကောင်းတော့ပေ။ သူသည် အပြစ်ရှိသလို ခံစားလိုက်ရ၏။
ကားနောက်ကြည့်မှန်မှတဆင့် သူသည် သူ့သမီး၏မျက်လုံးများကို မြင်နေရသည်။ ထိုမျက်လုံးများသည် အလွန်တောက်ပလွန်း၍ စကားပြောတတ်ကြသည့်အလား အသက်ဝင်နေ၏။ ငယ်စဥ်ကတည်းပင် ထိုမျက်လုံးများသည် သိပ်ပြောင်းလဲခြင်းမရှိပေ။ သူမအကြည့်များသည် လမ်းပျောက်နေသောကလေးတစ်ဦးကဲ့သို့ပင် မှိုင်တွေနေ၏။ သူမကြည့်ရသည်မှာ ရိုက်ချက်တစ်ချက်ကိုမျှ မခံနိုင်လောက်အောင် နုနယ်သည့်ပုံ ပေါက်နေသည်။
ရှောင်တောက်အန်းအနည်းငယ် တုံ့ဆိုင်းသွားသည်။
“ယောက်ျား၊ သူ့ကို မပို့ဘဲ ထားလိုက်ကြမလား? ဒီလိုလုပ်ကြမယ်၊ သူ့ကိုပဲ ကျွန်မတို့ မေးလိုက်မယ်လေ။ သူလည်း ဝိုင်ချက်နည်းအကြောင်း သိရင်သိထားမှာပေါ့”
ကျန်းရုံမှ ပြောလိုက်သည်။
ရှောင်တောက်အန်းသည် စိတ်ထဲ၌ ကျေးဇူးတင်လိုက်သည်။
“အင်း သူ့ကိုအတင်းမလုပ်နဲ့၊ သူဘယ်လိုဖြေမလဲ ကြည့်ကြတာပေါ့”
ကျန်းရုံ ခေါင်းငြိမ့်လိုက်သည်။
“ဟိုင်ချင်း? ဟိုင်ချင်းရေ၊ အန်တီကျန်းပါ။ ကျင်းယွင်ကျောင်းရဲ့ ဝိုင်ချက်နည်းကို သမီးသိလား?”
ကျန်းရုံမေးလိုက်သည်။
‘အန်တီကျန်း’ ဟူသော စကားလုံးသုံးလုံးသည် ရှောင်ဟိုင်ချင်း၏ ခေါင်းထဲတွင် ပေါက်ကွဲမှုတစ်ခုအား အစပြုပေးလိုက်၏။ သူမသည် ကျန်းရုံအား စိန်းစိန်းဝါးဝါးကြည့်ကာ ပြောလိုက်သည်။
“စုန်းမကြီး! ယွင်ကျောင်းကို ဘာလုပ်ဖို့ကြိုးစားနေတာလဲ? ရှင့်ကိုသတ်ပစ်မယ်!”
ထို့နောက် သူမသည် စကားတစ်ခွန်းမျှဆက်မပြောဘဲ ရူးသွပ်သွားသည့်အတိုင်း ကျန်းရုံအား ခုန်အုပ်လိုက်၏။
သူမသည် ကျန်းရုံ၏ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။ ကျန်းရုံသည် ဤကဲ့သို့ဖြစ်မည်ကို ကြိုတင်သိနေသည့်အလား စိတ်ပြင်ဆင်နှင့်ပြီးဖြစ်၏။ သူမသည် ရှောင်ဟိုင်ချင်းထံမှ ပိုးစိုးပက်စက် အရိုက်ခံနေရသော်လည်း အော်ဟစ်ခြင်းမပြုတော့ပေ။ ထိုအစား သူမသည် သူမခေါင်းကိုသာ လက်ဖြင့်ကာရင်း အကြံပေးလိုက်၏။
“ဟိုင်ချင်း...ဒီလိုလုပ်မနေနဲ့။ နင်ကောင်းစားဖို့အတွက် ပြောနေတာ။ ဝိုင်ချက်နည်းကို ပြောပြရင် နင့်အဖေလည်း နင့်ကို အဲဒီနိုင်ငံခြားသားနဲ့ ပေးတွေ့မှာမဟုတ်ဘူး...”
သို့ရာတွင် ဤအခိုက်အတန့်၌ ရှောင်ဟိုင်ချင်း၏ဦးနှောက်သည် သူမထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။ သူမသည် အလွန်ပျော်ရွှင်မြူးတူးနေ၏။ သူ၏သမီးမှာ ဤကဲ့သို့သောင်းကျန်းနေသည်ကို ရှောင်တောက်အန်းမြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် ခံစားနေရသည့် မြူမှုန်တမျှသော လိပ်ပြာမလုံခြင်းများသည်လည်း ကြက်ပျောက်ငှက်ပျောက်ပျောက်သွားကြလေသည်။
သူသည် ကားကိုချက်ချင်းရပ်လိုက်ကာ နောက်ခန်းသို့သွား၍ ရှောင်ဟိုင်ချင်းလက်ထဲတွင် အလူးအလဲခံနေရသော ကျန်းရုံကို ကိုယ်လွတ်ရုန်းနိုင်ရန် ကူညီပေးလိုက်ပြီး သူမအား ရှေ့တွင်ရှိသော ခရီးသည်တင်ခုံတွင် ထားလိုက်သည်။
ရှောင်ဟိုင်ချင်းမျက်လုံးများသည် ဇဝေဇဝါဖြစ်နေဟန်ဖြင့် သူမအရှေ့တွင် မြင့်မြင့်မားမားရပ်နေသော ဖခင်အား ကြည့်၍ပြောလိုက်သည်။
“ရှင်-ရှင်က တကယ်အသုံးမကျတဲ့လူပဲ။ ကျွန်မအဖေက သေပြီ၊ ရှင်ကသူလည်းမဟုတ်ဘူး။ ကျွန်မကို ကားပေါ်ကနေ ပေးထွက်! ကားပေါ်က ဆင်းမယ်...”
ရှောင်တောက်အန်းသည်လည်း ဒေါသထွက်သွား၏။ အခြားသူများမှ သူ့အား အသုံးမကျသည့်လူအဖြစ် ဆက်ဆံသည်ကို သူအမုန်းဆုံးဖြစ်သည်။
ရှောင်တောက်အန်းဟုခေါ်သော သူသည် အောက်ခြေမှ စတင်ခဲ့သူဖြစ်သည်။ သူသည် အခြားသူများ၏ စော်ကားမှုများကို မည်မျှလောက်ခံခဲ့ရသည် ထင်ကြသနည်း? ယခုလက်ရှိနေရာသို့ ရောက်ရှိရန် သူ့အတွက် မလွယ်ကူခဲ့ချေ။ သူ့အား ဆွဲချနေသော ဤသမီးတစ်ယောက်ကြောင့်သာ မဟုတ်ခဲ့လျှင် ရှောင်မိသားစုသည် ဤကဲ့သို့အခြေအနေမျိုး ရောက်မည်မဟုတ်ချေ။ သူတို့သည် ဘိုးဘေးများအတွက် ဂုဏ်ဒြပ်များ ဆောင်ကျဥ်းပေးနိုင်ပေမည်!
ရှောင်ဟိုင်ချင်းမှ ကားထဲမှတိုးထွက်ရန် ရုန်းကန်နေသည်ကို တွေ့လိုက်ရသောအခါ ရှောင်တောက်အန်း၏ ဒေါသသည် သွေးနားထင်ဆောင့်သွားသည်။ သူသည် ရှောင်ဟိုင်ချင်းအား ဖြန်းခနဲ ပါးရိုက်ချလိုက်၏။
ချက်ချင်းဆိုသလို ရှောင်ဟိုင်ချင်းသည် မှင်တက်သွားသည်။
အရက်ယမကာ၏ အထုံဓာတ်ကြောင့် သူမသည် ပါးပေါ်မှ နာကျင်မှုကို သိပ်မခံစားလိုက်ရချေ။ သူမနှလုံးသားမှ ဆစ်ခနဲနာကျင်သွားသည်ကိုသာ ခံစားလိုက်ရ၏။
Space and Rebirth 571
Trans: Esth
ရှောင်တောက်အန်းသည် ကားတံခါးကိုပိတ်ပြီး ဆက်မောင်းလိုက်သည်။ ရှောင်ဟိုင်ချင်းမှာ ကားနောက်ခန်းထောင့်တစ်ခုတွင် ခွေယိုင်ပြီး အရူးတစ်ယောက်ကဲ့သို့ ရှောင်တောက်အန်းအား ဆိတ်ငြိမ်စွာ ကြည့်နေ၏။
ကျန်းရုံသည် ဘေးသို့ဝေ့ကြည့်လိုက်သောအခါ ရှောင်တောက်အန်းမှ သူ၏သမီးအား အရေးမစိုက်သည်ကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းစွန်းမှ အပြုံးတစ်ခုပေါ်လာတော့သည်။
သူမလင်ပါသမီး၏ ဒေါသမှာ အလွန်ကြမ်းတမ်းလွန်းလှ၏။ သူမသည် ယခင်ကတည်းကပင် ရှောင်ဟိုင်ချင်း မည်သို့တွေးနေသည်၊ မည်သို့ပြုမူမည်ကို သိနေခဲ့သည်။ ရှောင်ဟိုင်ချင်းသည် ကျန်းရုံ၏သမီးအရင်းမဟုတ်သော်လည်း သူမလက်အောက်တွင် ဆယ်နှစ်ကျော်တိုင်တိုင် ကြီးပြင်းလာသူဖြစ်သည်။ ရှောင်ဟိုင်ချင်း၏ဒေါသမှာလည်း သူမကြောင့်ထွက်ရသည်ဖြစ်ရာ သူမအဘယ်ကြောင့် မထိန်းချုပ်တတ်ဘဲ နေမည်နည်း?
ရှောင်ဟိုင်ချင်းသည် ခေါင်းကွဲလုမတတ် ကိုက်နေပြီး သူမစိတ်ထဲတွင် ဗလာဖြစ်နေသည်။
ကားသည် အချိန်အတော်ကြာမောင်းပြီးနောက်တွင် အိမ်ကြီးတစ်အိမ်ရှေ့တွင် ရပ်သွား၏။
“ယောက်ျား၊ ကျွန်မတို့ တကယ်ပဲ ဟိုင်ချင်းကို လွှတ်လိုက်မှာလား?”
ကျန်းရုံသည် ပူပန်နေဟန်ပြုလိုက်သည်။
ရှောင်တောက်အန်းသည် သူ၏အရှေ့မှ အိမ်ကြီးအား လေးလံသောစိတ်ဖြင့် ကြည့်လိုက်၏။ သူသည် ခေတ္တမျှတွေးတောပြီး ပြောလိုက်သည်။
“သူတို့ကတော့ ဟိုင်ချင်းကို ကောင်းကောင်းဆက်ဆံမယ်လို့ ပြောတာပဲ။ ကျင်းယွင်ကျောင်းရဲ့ ဝိုင်ချက်နည်းကို သူရှာပေးနိုင်သရွေ့ နောက်တစ်နှစ်နေလို့ သူအသက်ပြည့်တာနဲ့ စေ့စပ်မယ်တဲ့...”
ကျန်းရုံသည် ရှောင်တောက်အန်းအား စိတ်ထဲတွင် ရွံရှာသွား၏။ သူမ၏ယောက်ျားသည် ဤကဲ့သို့လူမျိုးဖြစ်နေလေသည်။ တစ်ဖက်လူမှ ထိုစကားအား အမှန်တကယ်လုပ်ဆောင်ရန် စိတ်ကူးမရှိကြောင်း သူသိရက်ဖြင့်ပင် သူ၏သမီးအတွက် အကြောင်းပြချက်တစ်ခုကို ပေးနေသေး၏။
ကံကောင်းစွာဖြင့် သူမသည် သားတစ်ဦးအား မွေးဖွားခဲ့ပြီး ရှောင်ဟိုင်ချင်းကဲ့သို့ အပေါစားကလေးတစ်ဦးမဟုတ်ပေ။
သို့ရာတွင် ရှောင်ဟိုင်ချင်းသည် ရုပ်ရည်ချောမောသည်ကိုတော့ သူမငြင်း၍မရချေ။ သူမသာ သူတို့ပြောသလိုလုပ်ပြီး ကျင်းယွင်ကျောင်း၏ဝိုင်ချက်နည်းကို ယူပေးနိုင်လျှင် ဂျိမ်းစ်သည် သူမအား စွန့်ပစ်ချင်မှ စွန့်ပစ်လောက်မည်။ သူတို့လက်မထပ်နိုင်လျှင်ပင် သူမသည် ဂျိမ်းစ်ဘေးမှ အမျိုးသမီးတစ်ဦးဖြစ်မည်ဖြစ်သောကြောင့် သူမဘဝသည် ဆိုးလှတော့မည်မဟုတ်ချေ။
ကျန်းရုံသည် အမှန်တရားအား ထုတ်ပြောရလောက်သည်ထိ မတုံးပေ။ သူမသည် ကားထဲ၌သာ ငြိမ်ငြိမ်စောင့်နေပြီး သူမယောက်ျားမှ သူ၏သမီးအား သူကိုယ်တိုင်အိမ်ထဲ ပို့နေသည်ကို ကြည့်နေလိုက်သည်။
ရှောင်တောက်အန်းသည် အရက်မူးနေသော ရှောင်ဟိုင်ချင်းအား အထဲသို့သယ်ဆောင်ပြီးနောက်တွင် ဂျိမ်းစ်သည် ကျေနပ်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ပြင်ဆင်ထားသော ချက်လက်မှတ်အား သူ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
“မစ္စတာရှောင်၊ ခင်ဗျားသမီးကတကယ် နတ်သမီးလေးလိုပဲ”
ဂျိမ်းစ်သည် တရုတ်စကားကို မပီကလာပီကလာဖြင့် ပြောလိုက်သည်။
ရှောင်တောက်အန်းသည် ခြောက်ကပ်စွာရယ်လိုက်၏။ ကုမ္ပဏီကြီးတစ်ခုအတွက်မူ ငါးမီလီယံသည် ဘာမှမဟုတ်သော်လည်း သူ့အတွက်မူ အချိန်ကိုက်ရွာသောမိုးနှင့် တူပေသည်။
ရှောင်ဟိုင်ချင်းသာ လိမ်လိမ်မာမာနေလျှင် အနာဂတ်တွင် ဂျိမ်းစ်သည် ရှောင်တောက်အန်းတို့အား စီးပွားရေးလောကမှလူများနှင့် အဆက်အစပ်ရှိရန် ကူညီပေးပြီး သူ၏ကုမ္ပဏီဒေဝါလီမခံရဘဲ ပိုတိုးတက်လာအောင် လုပ်ပေးမည်ဟု ပြောခဲ့သည်။ ဟယ့်မိသားစုသည် ဂျိမ်းစ်ထံမှ မည်သည့်အကျိုးအမြတ်မှ မရသေးချေ။
“မစ္စတာဂျိမ်းစ်၊ ကျွန်တော့်သမီးက နေလို့မကောင်းတဲ့အတွက် လောလောဆယ်ဒီမှာပဲ နားနေရပါလိမ့်မယ်။ မနက်ကျမှ သူ့ကိုလာကြိုလိုက်ပါမယ်၊ အဆင်ပြေရဲ့လားဗျ?”
ရှောင်တောက်အန်းသည် ယဥ်ကျေးစွာ ပြောလိုက်သည်။
“သေချာတာပေါ့’
ဂျိမ်းစ်ပြုံးရင်း ပြန်ဖြေလိုက်၏။
ရှောင်တောက်အန်းသည် အကြိမ်အနည်းငယ်ခန့် မျက်နှာလိုမျက်နှာရလုပ်ပြီး ဆိုဖာပေါ်တွင်ထိုင်နေသော ရှောင်ဟိုင်ချင်းအား တစ်ချက်ဝေ့ကြည့်ကာ လေးလံသောခြေလှမ်းများဖြင့် ပြန်ထွက်သွားလိုက်သည်။
အပြင်ဘက်တွင် ညသည် နက်သထက်နက်လာပြီး လေနုအေးသည်လည်း တိုက်ခတ်နေ၏။ ရှောင်တောက်အန်းသည် ရင်ထဲတွင်စိမ့်ခနဲဖြစ်သွားပြီး သူ့ဇနီးဟောင်း၏ ပုံရိပ်သည် ခေါင်းထဲတွင် ပေါ်လာတော့သည်။ သူ၏ခံစားချက်များသည် ရှုပ်ယှက်ခတ်နေ၏။ သူသည် သက်ပြင်းကိုသာ တိုးတိုးသာသာချကာ ကားဆီသို့ ပြန်လိုက်သည်။ သူသည် အလျင်စလိုပြန်စရာ အကြောင်းမရှိသောကြောင့် အိမ်ကြီးအား စိုက်ကြည့်ပြီး စီးကရက်တစ်ဘူးကုန်အောင် သောက်လိုက်သည်။
ကားထဲတွင် မီးခိုးများ မွှန်ထူလာသည်။ ကျန်းရုံသည် သူ့အား မသောက်တော့ရန် မပြောဘဲ နှစ်သိမ့်ခြင်းအမှုသာ ပြုနေ၏။
“ယောက်ျား၊ မိန်းကလေးဟယ့်ကို ကြည့်လေ။ သူဆို ဂျိမ်းစ်နဲ့ ဆက်သွယ်မိတာနဲ့ တစ်ခါတည်းနာမည်ကြီးလာလိုက်တာ။ ကျွန်မတို့ ဟိုင်ချင်းက သူ့ထက်တောင် လှတာဆိုတော့ မစ္စတာဂျိမ်းစ်က သူ့ကိုသေချာပေါက် ပိုချစ်ပေးမှာပါ။ ရှင်သူ့အတွက် မိသားစုကောင်းကောင်းရှာပေးထားတာကိုလည်း အနာဂတ်ကျရင် သူကျေးဇူးတင်နေဦးမှာ....”
သူမ၏ နူးညံ့ညင်သာသောအသံကြောင့် သူသည် စိတ်ပူပန်ခြင်းများ လျော့ကျသွား၏။ ရှောင်တောက်အန်း၏ မျက်လုံးများသည် အနည်းငယ်နီမြန်းနေပြီး သူ၏လက်များသည်လည်း တုန်ယင်နေသည်။ နောက်ဆုံးတွင် သူသည် အနောက်ခန်းတွင် ထိုင်ကာ ကျန်းရုံအား ကားမောင်းခိုင်းလိုက်၏။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ရှောင်မိသားစုအိမ်တံခါးရှေ့သို့ ရောက်နေပြီဖြစ်သည်။ သူမသည် မှောင်မည်းနေသောအိမ်ကို တွေ့လိုက်ရသောအခါ တိတ်တခိုးအံကြိတ်မိ၏။
“အစ်ကိုပိုင်၊ ဂျိမ်းစ်ဘယ်မှာနေလဲဆိုတာ သိလား?”
ကျင်းယွင်ကျောင်း ဖုန်းဆက်ပြီး မေးလိုက်သည်။
Space and Rebirth 572
Trans: Esth
ရှောင်တောက်အန်းသည် ဟိုင်ချင်းအား ဂျိမ်းစ်၏အိမ်သို့ အမှန်တကယ်ခေါ်သွားသည်လောကို ကျင်းယွင်ကျောင်းသေချာမသိသော်လည်း သူမသေချာသည်မှာ ရှောင်တောက်အန်းအား ဤကဲ့သို့လုပ်ရပ်မျိုး ခိုင်းစေနိုင်သောသူသည် ပွဲအား တက်ရောက်ပြီး ပွဲမှ ထွက်သွားနှင့်ပြီးသားလူသာ ဖြစ်ရမည်။
ထိုသူများထဲတွင် ဂျိမ်းစ်နှင့် ဟယ့်ကျားစစ်သည် သံသယအရှိဆုံးလူဖြစ်သည်။
“လူလွှတ်ပြီး စစ်ခိုင်းပြီးပြီ။ ဂျိမ်းစ်အိမ်မှာ ဘယ်သူမှမရှိဘူး၊ ဟယ့်မိသားစုအိမ်မှာလည်း မရှိကြဘူး။ ဂျိမ်းစ်ကားကအခု ကုန်တိုက်တစ်ခုရဲ့ ကားပါကင်နေရာမှာ ပါကင်ထိုးထားတယ်။ အဲ့အချိန်တုန်းက ကားပါကင်ကနေ ထွက်လာတဲ့ကားတွေက အရမ်းများပြီး အိမ်ပိုင်ရှင်တွေရဲ့ စောင့်ကြည့်ရေးကင်မရာတွေမှာလည်း သံသယဝင်ချင်စရာမရှိဘူး....”
ပိုင်ယွီအန်းပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် နှလုံးသားများပြုတ်ကျလုမတတ် ဖြစ်သွား၏။ သံသယဝင်စရာလူမရှိလေလေ သူမရင်တုန်လာလေဖြစ်သည်။
ပိုင်ယွီအန်းမှ ထိုစကားများကို ပြောပြီးနောက် ကျင်းယွင်ကျောင်းသည် ဤကိစ္စ၏နောက်ကွယ်၌ ဂျိမ်းစ်ရှိနေကြောင်း သေချာသလောက်ရှိသွား၏။
ဂျိမ်းစ်သည်သာ အပြစ်မရှိသူဆိုလျှင် လမ်းတွင် ကားလဲပြီး စီစီတီဗီကင်မရာများအား ရှောင်စရာအကြောင်းမရှိချေ။ သူထိုသို့လုပ်ရသော အကြောင်းရင်းမှာ ကျင်းယွင်ကျောင်းမှ သူ့အားရှာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထိုတင်မက ရှောင်တောက်အန်းသည်လည်း ထိုနည်းလမ်းဖြင့် သူ၏လမ်းကြောင်းအား ဖုံးကွယ်ခဲ့လေသည်...
သို့ရာတွင် ယခုချိန်၌ အိမ်များစွာရှိနေသောကြောင့် အချိန်တိုအတွင်း ရှောင်ဟိုင်ချင်း၏တည်နေရာကို သိရှိအောင်လုပ်ရန် အလွန်ခက်ခဲလှပေသည်။
ကျင်းယွင်ကျောင်းသည် ရူးမတတ်ဖြစ်နေ၏။ သူမသည် အချိန်တစ်ခုစာမျှ တိတ်ဆိတ်သွားပြီးနောက် ကားဆရာအားစိုက်ကြည့်ကာ ပြောလိုက်သည်။
“ဟယ့်မိသားစုအိမ်ကို သွားမယ်!”
ဂျိမ်းစ်သည် နိုင်ငံခြားမှ ရောက်ရှိလာသည်မှာ မကြာသေးပေ။ သူ့တွင် ငွေကြေးအလုံအလောက်ရှိလျှင်ပင် နိုင်ငံအတွင်း၌ အဆက်အသွယ်မိတ်ဆွေများ ထိုမျှလောက်များနိုင်မည် မဟုတ်တန်ရာ။ သူမသည် စုံစမ်းကြည့်လိုက်သောအခါ ရှောင်တောက်အန်း ဟိုတယ်မှမထွက်ခွာခင်တွင် စားပွဲထိုးတစ်ဦးသည် သူ့အား စာတစ်စောင်လက်ဆင့်ကမ်းပေးခဲ့၏။ ထိုစာသည် မိန်းကလေးတစ်ဦးထံမှ လာသည်ဟု စားပွဲထိုးမှ ပြောခဲ့သည်။
ထိုမိန်းကလေးမှာ ဟယ့်ကျားစစ်သာ ဖြစ်ရမည်။
ကားဆရာသည် သူမပြောသည့်အတိုင်း တစ်သွေမတိမ်းလိုက်နာသည့်အနေဖြင့် ကားကိုနောက်ပြန်လှည့်ကာ လမ်းမပေါ်တွင် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် တဟုန်ထိုးမောင်းနှင်သွားလိုက်၏။
နာရီဝက်အတွင်းတွင် ကျင်းယွင်ကျောင်းသည် ဟယ့်မိသားစုအိမ်ထဲသို့ ဒုန်းစိုင်းဝင်ရောက်နေပြီဖြစ်သည်။ သူမသည် ဟယ့်မိသားစု၏ လုံခြုံရေးမြင့်တံခါးအား တစ်ချက်တည်းဖြင့် ကန်ချလိုက်၏။ ဟယ့်မိသားစုအိမ်တစ်ခုလုံးတွင် အချက်ပေးသံများသည် ချက်ချင်းဆိုသလိုပင် တရစပ်မြည်ဟည်းသွားသည်။ အချက်ပေးသံမြည်မြည်ချင်းတွင် လုံခြုံရေးအစောင့်တစ်ဦးနှင့် အစောင့်ခွေးတစ်ကောင်သည် အပြေးအလွှားထွက်လာလေ၏။
ထိုအချိန်တွင် ကားဆရာသည် စူးချူနှင့် ကန်ကျင်းချန်တို့နှင့်အတူ ဘေးကင်းလုံခြုံသောနေရာတစ်ခု၌ ကားကိုထိုးထားကာ လေးနက်သောမျက်နှာထားဖြင့် ပိုင်ယွီအန်းအား ဖြစ်ကြောင်းကုန်စင်ကို အစီရင်ခံနေသည်။
စူးချူနှင့် ကန်ကျင်းချန်သည် ကျင်းယွင်ကျောင်းကိုကြည့်ကာ သိသိသာသာ ကြောက်နေကြ၏။ အထူးသဖြင့် စူးချူဖြစ်သည်။ သူမသည် ကျင်းယွင်ကျောင်းမှ သူမအား တစ်ဦးတည်းလာရောက်ကယ်တင်ခဲ့သော မြင်ကွင်းအား မတွေးဘဲမနေနိုင်ချေ။ သူမသည် ထိုမြင်ကွင်းကို မှတ်လည်းမမှတ်မိ၊ မြင်လည်းမမြင်ခဲ့သော်လည်း ယခုအချိန်တွင် သူမစိတ်ကူးကြည့်လို့ရလေသည်။
ကျင်းယွင်ကျောင်းသည် ငွေစင်ပွဲတက်ဝတ်စုံကို ဝတ်ထားဆဲဖြစ်၏။ ၎င်းသည် လရောင်အောင်တွင် တလက်လက်တောက်ပနေသည်။ သူမသည် လေဒဏ်အား ခံနိုင်ရန် ထိုဝတ်စုံအပေါ်၌ ရိုးရိုးရှင်းရှင်းအနက်ရောင်ကုတ်တစ်ထည်အား ထပ်ဝတ်ထားသေးသည်။ သူမ၏မျက်လုံးများသည် မည်းနက်ပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။
အစောင့်ခွေးများမှ ကြောက်ရွံ့ခြင်းမရှိဘဲ သူမထံ တဟုန်ထိုးလာနေကြသည်ကို မြင်လိုက်ရသောအခါ သူမသည် လက်ထဲမှအမှုန့်အချို့အား ဖြူးလိုက်၏။ ချက်ချင်းဆိုသလိုပင် ခွေးများသည် နုံးခွေသွားပြီး မဟောင်နိုင်ကြတော့ချေ။ ထိုအခြင်းအရာကိုကြည့်ရသည်မှာ အလွန်ထူးဆန်းလှသောကြောင့် အစောင့်အုပ်စုသည် အလွန်ထိတ်လန့်သွားကြ၏။
“ဟယ့်ကျားစစ်!”
ကျင်းယွင်ကျောင်းသည် စိတ်ဖောက်ပြန်နေသူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူမသည် ခြံဝင်းတစ်ခုလုံးအား စီးနင်းကျော်ဖြတ်ပြီးနောက် ဟယ့်မိသားစုအိမ်ထဲသို့ တန်းဝင်သွားလိုက်သည်။
သူမသည် တံခါးကိုဖွင့်လိုက်သည်နှင့် လေးနက်သောမျက်နှာထားဖြင့် တုန်လှုပ်ဟန်ပေါက်သော ဟယ့်မိသားစုဝင်သုံးဦးအား တွေ့လိုက်ရ၏။ ဟယ့်ကျားစစ်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျင်းယွင်ကျောင်း၊ နင်ရူးနေတာလား? ဒါပိုင်နက်ကျူးကျော်တာပဲ!”
“ဟိုင်ချင်းဘယ်မှာလဲ?”
ကျင်းယွင်ကျောင်းသည် ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်ပြီး ဟယ့်ကျားစစ်၏အင်္ကျီကော်လံအား ဆုပ်ကိုင်ကာ အေးစက်သောလေသံဖြင့် မေးလိုက်သည်။
သူမ၏လှုပ်ရှားနှုန်းမှာ မြန်ဆန်လွန်းလှ၏။ ဝှစ်ခနဲဖြတ်သွားသော အရိပ်မည်းကြီးတစ်ခုနှယ်ဖြစ်သောကြောင့် လူများသည် ဤဖြစ်ရပ်အား အိပ်မက်လော၊ လက်တွေ့လော ဝေခွဲရခက်သွားကြသည်။
“ဘာဟိုင်ချင်းလဲ? ငါမသိဘူး!”
ဟယ့်ကျားစစ်၏ ရင်ဘတ်အစုံ တုန်ယင်သွားသည်။
ကျင်းယွင်ကျောင်းသည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ပြောလိုက်၏။
“ဟယ့်ကျားစစ်၊ ငါတို့ကြားက ကြွေးသစ်ကြွေးဟောင်းတွေအားလုံးကို အခုရှင်းမှဖြစ်တော့မယ် ထင်တယ်!”
သူမစကားပြောပြီးသည်နှင့် ဟယ့်ကျားစစ်သည် ကျင်းယွင်ကျောင်း၏ ပစ်ပေါက်ခြင်းကို ခံလိုက်ရပြီး မြေပြင်သို့ ဘုန်းခနဲလဲကျသွားသည်။
ဟယ့်ကျားစစ်သည် နာကျင်မှုဖြင့် တစ်ကိုယ်လုံးမူးဝေသွားသည်။ ဟယ့်လင်မယားသည် ၎င်းကို တွေ့လိုက်ရသောအခါ သူတို့သည် ပို၍ပင် ထိတ်လန့်သွားကြ၏။ မစ္စဟယ့်သည် ချက်ချင်းပင် အိမ်ထဲမှ ထွက်ချင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းမှ ကော်ဖီတင်စားပွဲအားကန်ကာ အပေါက်ဝကိုကာဆီးလိုက်သည်ကိုသာ တွေ့လိုက်ရသည်။
မစ္စဟယ့်သည် ဟယ့်ကျားစစ်အရှေ့သို့ ကမန်းကတန်းသွားပြီး ကျင်းယွင်ကျောင်းအား အမုန်းတရားပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“ကျင်းယွင်ကျောင်း၊ နင်ဒေါသထွက်နေရင်လည်း ငါ့အပေါ်ပဲ ပုံချလိုက်! ငါ့သမီးသာ တစ်ခုခုဖြစ်ရင် နင့်ဘဝတစ်လျှောက်လုံး ထောင်ထဲမှာ အရိုးဆွေးတဲ့အထိ နေရအောင် ငါလုပ်ပစ်မယ်!”