← Chapters

အခန်း (၅၈၁-၅၈၄)

Vol. 30 Ch. 581-584

အခန်း (၅၈၁-၅၈၄)

Vol. 30 Ch. 581-584

Space and Rebirth 581

Trans: Esth

ရှောင်ဟိုင်ချင်းသည် စကားပြောပြီးသည်နှင့် စူးချူသည် နှုတ်ခမ်းကို စူလိုက်သည်။ သူမသည် ရှောင်ဟိုင်ချင်းနောက်ကွယ်မှ စိတ်ပူပေးနေသော ခေါင်းမရှိသည့် ယင်ကောင်လေးတစ်ကောင်ကဲ့သို့ပင်။ သူမသည် အနည်းငယ်လည်း ကြောက်တတ်သည့်အပြင် မည်သည့်စကားမျိုး ပြောရမည်မှန်းမသိချေ။

ရှောင်ဟိုင်ချင်းသည် ဤအခိုက်အတန့်၌ အနည်းငယ်ကြောက်စရာကောင်းသည်ဟု သူမခံစားမိသည်။ သူမ၏ မနေ့ညမှ ရိုက်ချက်များသည် အားပျော့သည်ဟု တွေးနေ၍ ထပ်မံတိုက်ခိုက်လိုခြင်းလော?

သူမမှာမူ ရှောင်ဟိုင်ချင်းကဲ့သို့ သတ္တိမရှိပေ။ သူမသာ ဤကဲ့သို့ဖြစ်ရပ်မျိုးကြုံတွေ့ရလျှင် ဆယ်ရက်မှ လတစ်ဝက်ခန့် အိမ်တွင်းပုန်းကာ မည်သူနှင့်မျှလည်း တွေ့ချင်မည်မဟုတ်ချေ။ ဆက်လက်အသက်ရှင်ဖို့ အင်အားပင် ပျောက်ဆုံးသွားနိုင်သည်။ ထိုကိစ္စအား အဘယ်သို့ ပြန်မှတ်မိချင်မည်နည်း? ထို့အပြင် ထိုဖြစ်ရပ်မျိုးသည် တရားခံအား မိမိကိုယ်တိုင်သွားတွေ့ဖို့မပြောနှင့် ပြန်တွေးကြည့်ရန်ပင် အလွန်နာကျင်စရာကောင်းသောအရာဖြစ်၏။

စူးချူသည် ရှောင်ဟိုင်ချင်းအား ရင်တုန်ပမ်းတုန်ဖြင့် ကြည့်လိုက်သည်။ ရှောင်ဟိုင်ချင်းတို့၊ ကျင်းယွင်ကျောင်းတို့နှင့် ယှဥ်လိုက်လျှင် သူမသည် အလွန်အားနည်းလှသည်ဟု မိမိကိုယ်ကိုခံစားမိလိုက်၏။

တစ်ခုခုဖြစ်လျှင် သူမသည် စိတ်လှုပ်ရှားမှုဖြင့် ငိုရုံသာတတ်နိုင်သည်။ သူမသည် ကြောက်ရွံ့၍ သေမလိုဖြစ်ပေလိမ့်မည်။ ပုံမှန်အတိုင်း အားပေးစကားများပြောလျှင်ပင် အကျိုးရှိမည်မထင်ချေ။

“ဟိုင်ချင်း၊ မသွားပါနဲ့နော်? အဲဒီဂျိမ်းစ်ဆိုတဲ့လူကြီးက အရမ်းဆိုးတာ။ နင်သွားရင် စိတ်အခြေအနေပိုဆိုးသွားလိမ့်မယ်”

စူးချူသည် စကားလုံးစီကာ ပြောလိုက်၏။

ကန်ကျင်းချန်မှာ ယောက်ျားလေးတစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့အခြေအနေမျိုးတွင် သူမအား မည်ကဲ့သို့ နှစ်သိမ့်ရမည်ကို မသိချေ။ သို့ရာတွင် သူသည် စူးချူ၏စကားများကို သဘောတူ၏။ ဟိုင်ချင်းသည် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်မဟုတ်လော။ အတင်းသန်မာပြရန် မလိုချေ။ အချို့အရာများသည် မိမိဘက်က ရှောင်ရှားပြီး လက်လွှတ်လိုက်သည်က ပိုကောင်းသည်။ အရာအားလုံးကို အသစ်မှ ပြန်စနိုင်ကာ အမှောင်တိမ်တိုက်များ ပျောက်ကွယ်ပြီး နေ‌ရောင်ထွက်လာသောတစ်နေ့ ရောက်လာနိုင်သေးသည်။

ရှောင်ဟိုင်ချင်းသည် ခေါင်းကိုလှည့်ကာ စူးချူကို ကြည့်လိုက်၏။ ထို့နောက် သူမသည် စူးချူ၏ ပါးလေးအား ဆိတ်ဆွဲလိုက်သည်။

သူတို့ကြားထဲတွင် စူးချူသည် အပူအပင်မရှိဆုံး၊ ကလေးအဆန်ဆုံးလူဖြစ်လောက်ပေမည်။

ကျင်းယွင်ကျောင်းသည် မိမိကိုယ်ကိုအားကိုးနေရပြီး ကိစ္စပေါင်းမျိုးစုံကို ရင်ဆိုင်ဖူး၏။

ထန်ကျစ်ဟွားမှာ ထန်မိသားစု၏ အိမ်ရှေ့စံမင်းသားလေးဖြစ်ပြီး သူသည် ရွှေဇွန်းကိုက်ပြီး မွေးလာသော်လည်း ဆယ်နှစ်ကျော်တိုင်တိုင် ရောဂါဝေဒနာခံစားခဲ့ရသူဖြစ်သည်။ ယခင်က သူသည် သေကောင်ပေါင်းလဲပင်ဖြစ်နေခဲ့သည်။ ထို့အပြင် သူသည် ထန်မိသားစုအတွင်းရှိ အကြံယုတ်မျိုးစုံကို ရင်ဆိုင်ခဲ့ရသောကြောင့် သူသည် ဟွားနင်ခရိုင်တွင် ပုန်းနေပြီး အိမ်ပြန်ရန်ဆန္ဒမရှိချေ။

တစ်ဖက်တွင်မူ သူနှင့်ယှဥ်လိုက်လျှင် ကန်ကျင်းချန်သည် အေးချမ်းသောဘဝကို ပိုင်ဆိုင်သည်ဟု ပြောနိုင်သော်လည်း သူသည် ယောက်ျားလေးတစ်ဦးဖြစ်သောကြောင့် အဘိုးကန်သည် သူနှင့်ပတ်သတ်လာလျှင် စည်းကမ်းတင်းကြပ်ပြီး အနာဂတ်တွင် သူ၏ရာထူးနေရာကို ဆက်ခံမည့်သူဟု မျှော်မှန်းချက်ကြီးကြီး သတ်မှတ်ထားလေသည်။

စူးချူမှာမူ ဆွေမျိုးများနှင့်လည်း သဟဇာတဖြစ်ကာ အိမ်ထောင်ရေးသာယာသော မိဘနှစ်ပါးကို ပိုင်ဆိုင်၏။ သူမ၏ ဖြစ်တည်မှုတစ်ခုလုံးအား ပျားရည်နှင့် လွှမ်းခြုံထားသကဲ့သို့ပင်။ သူမအနားတွင် သူငယ်ချင်းများစွာရှိပြီး ကျောင်းတွင်လည်း အမှတ်ကောင်းကာ နာမည်ဂုဏ်သတင်းကောင်း၏။ သူမဘဝသည် အလွန်သက်တောင့်သက်သာရှိခဲ့သောကြောင့် ကြည့်လိုက်သည်နှင့် အလွန်အမင်းအားကျစရာဖြစ်လေသည်။

ထို့ကြောင့် ကိစ္စရပ်တစ်ခုဖြစ်လျှင် သူမ၏အမြင်သည် ‌ရှောင်ဟိုင်ချင်းတို့၊ ကျင်းယွင်ကျောင်းတို့၏ အမြင်နှင့် ကွာခြားတတ်လေ၏။

ကျင်းယွင်ကျောင်းတို့ဆိုသည်မှာ တစ်ဦးတည်းနေရသည်ကို အသားကျနေပြီဖြစ်ကာ....အနည်းနှင့်အများ ရက်စက်တတ်၏။ စူးချူတွင် ထိုရက်စက်မှုမျိုးမရှိချေ။

သို့သော် ထိုရက်စက်မှုမျိုး သူမ၌ ဘယ်သောအခါမှ ရှိမလာစေရန်လည်း ရှောင်ဟိုင်ချင်းမျှော်လင့်မိ၏...

“နာတယ်လို့...”

စူးချူသည် အပြစ်ကင်းစင်သောလေသံလေးဖြင့် သူမမျက်နှာအားပွတ်လိုက်သည်။

သူမသည် ယခုချိန်တွင် ဘာကိုမျှ သိပ်မပြောရဲချေ။ ဟိုင်ချင်းသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလေသည်။ ဟိုင်ချင်း၏ ဉာဏ်ရည်သည် သူမ၏ အခြားဝမ်းကွဲများနှင့် လုံးဝမတူညီသောအဆင့်တစ်ခုတွင် ရောက်ရှိနေ၏။

“မသွားရဘူးနော်၊ ဂျိမ်းစ်က နင့်ကို အနိုင်ကျင့်လိုက်ရင် ဘယ်လိုလုပ်မလဲ? ငါက ဘယ်နေရာမှာမှ အသုံးမကျတာသိပေမယ့် အနည်းဆုံးတော့ ငါလိုက်သွားရင် လူအင်အားတိုးတာပေါ့ မဟုတ်ဘူးလား?”

စူးချူသည် ရင်တုန်တုန်ဖြင့် ပြောလိုက်သည်။

ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်းတို့နှစ်ဦးလုံး ထူးဆန်းနေသည်ကို သူမခံစားမိနေ၏။

ဤမနက်တွင် ကျင်းယွင်ကျောင်းသည် သူမအား ယခင်ကလို ရင်းရင်းနှီးနှီးမကြည့်တော့ချေ။ သူမနှင့် သူမဝမ်းကွဲအစ်ကိုအား တမင်ရှောင်နေဟန်ပေါက်၏။

သူတို့၏ဆက်ဆံရေးသည် ယခုမှ တဖြည်းဖြည်းကောင်းလာစရှိသေးသည် ချက်ချင်းဆိုသလို သူစိမ်းဆန်သွားကြပြန်သည်။ သူမသည် ၎င်းကို အမှန်ပင် လက်မခံနိုင်ပေ။

“ကျင်းချန်၊ ချူချူကို ပြန်ခေါ်သွားလိုက်။ မနေ့ညက ပြန်လည်းမ‌ရောက်တော့ အဘိုးကန်နဲ့ ဦးလေးစူး စိတ်ပူနေလောက်ပြီ”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

ထိုအရာကို ကြားလိုက်သောအခါ စူးချူသည် ထိုနေရာ၌ ကြက်သေသေသွားကာ ရပ်နေလိုက်၏။

Space and Rebirth 582

Trans: Esth

ကျင်းယွင်ကျောင်းနှုတ်ခမ်းမှ ထွက်လာသောစကားများသည် အနည်းငယ်ခါးသီးနေဟန်ရှိသည်။

“ချူချူ၊ ဒီလိုကိစ္စမျိုးက နင်နဲ့တကယ်မလိုက်ဘူး”

စူးချူသည် စိတ်ပျက်လက်ပျက်ဖြင့် သူမနှင့် ရှောင်ဟိုင်ချင်းအားကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ခေါင်းကိုသာ အနည်းငယ်ငုံ့လိုက်၏။

ကန်ကျင်းချန်သည် စိတ်ထဲ၌ တိတ်တခိုးသက်ပြင်းချလိုက်သည်။

“ဟုတ်ပြီ၊ နင်တို့ဂရုစိုက်သာသွား။ တစ်ခုခုဖြစ်ရင် ငါတို့ကိုပြောပြဦး”

ကျင်းယွင်ကျောင်း ခေါင်းငြိမ့်လိုက်ကာ တံခါးကိုဖွင့်ပြီး ရှောင်ဟိုင်ချင်းနှင့်အတူ ထွက်သွားလိုက်၏။ သူမတံခါးဖွင့်လိုက်သည်နှင့် တံခါးမှခြေတစ်လှမ်းမကွာရပ်နေသော ရှောင်တောက်အန်းအား တွေ့လိုက်ရသည်။ သူသည် တံခါးကိုဖွင့်ရမည်လော၊ မဖွင့်ရမည်လော ဝေခွဲရခက်နေဟန်ဖြစ်၏။ ရှောင်ဟိုင်ချင်းသည် သူ့အားမမြင်လိုက်သည့်အတိုင်း တစ်ချက်သာဝေ့ကြည့်လိုက်သည်။

“သွားကြမလား?”

ရှောင်ဟိုင်ချင်း၏အသံသည် အနည်းငယ်မြင့်နေသည်။ သူမ၏ ဂါဝန်နီအား အဖြူရောင်ဂျာကင်အတိုတစ်ထည်ဖြင့် တွဲဖက်ဝတ်ဆင်ထားသောကြောင့် သူမခန္ဓာကိုယ်မှ အမှတ်အရာများအားလုံးကို ဖုံးကွယ်ထားသလိုဖြစ်နေ၏။

ရှောင်တောက်အန်းသည် ထိုစကားကိုကြားလိုက်သောအခါ ကားတံခါးအား ဖွင့်ပေးရန် ယက်ကန်ယက်ကန်ဖြင့် ပြေးသွားတော့သည်။

ကျင်းယွင်ကျောင်းသည် သက်ပြင်းမချဘဲမနေနိုင်ချေ။ ဤလူ၏ ပြောင်းလဲပုံမှာ မြန်ဆန်လွန်းလှသည်။

သူမသည် ရှောင်တောက်အန်းကို ပထမဆုံးတွေ့စဥ်က သူသည် ရည်မှန်းကြီးသူတစ်ဦး၏ မာနမျိုးရှိနေသေး၏။ သူ၏လှုပ်ရှားမှုတိုင်းသည် အောင်မြင်ပြီးသားလူတစ်ဦးကဲ့သို့ ရင့်ကျက်မှုရှိကာ တည်ငြိမ်အေးဆေးလှသည်။

သို့ရာတွင် လပိုင်းအတွင်းတွင် သူသည် အောင်မြင်သောလူအဖြစ်မှ ယုံကြည်ချက်မရှိသော အရှုံးသမားတစ်ဦးအဖြစ်သို့ အသွင်ပြောင်းသွားလေသည်။ သူ၏ မျက်နှာလိုမျက်နှာရလုပ်နိုင်စွမ်းသည် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်နေပြီဖြစ်၏။

စူးချူသည် နှစ်ဦးသားကားပေါ်သို့တက်သွားပြီး ထွက်သွားသည်ကို ကြည့်ရင်း သူမနှုတ်ခမ်းများအား မဲ့လိုက်သည်။

“အစ်ကို၊ ငါကတကယ်ပဲ အသုံးမကျတဲ့လူလား?”

စူးချူရေရွတ်လိုက်သည်။

သူမသည် ပြသာနာသာရှာတတ်၏။ သူမသည် အရေးကြုံလာလျှင် ကူပင်မကူညီနိုင်ချေ။ ကူညီနိုင်စွမ်းမရှိသလို ကူညီရန်အင်အားလည်းမရှိချေ။

“ငါလည်း ငါ့ကိုယ်ငါအသုံးမကျတဲ့လူလို့မြင်တယ်။ တစ်ညလုံး ဘာလုပ်ပေးရမှန်းမသိဘူးလေ”

ကန်ကျင်းချန်သည် သက်ပြင်းသာချကာ မည်သည့်စကားဆက်ပြောရမည်ကို မသိချေ။

ယခင်က သူနှင့် ထန်ကျစ်ဟွားသည် သခင်လေးလီအား ပစ်မှတ်ထားခဲ့ဖူး၏။ ယခုမူ သခင်လေးလီသည် သူတို့နှစ်ဦးထက် များစွာအင်အားကြီးသည်ဟု ထင်မိသည်။ အနည်းဆုံးအနေဖြင့် သူသည် မိန်းကလေးသုံးဦးအား ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ဘာမျှမလုပ်ပေးနိုင်ဘဲ ဘေးကနေထိုင်ကြည့််နေရသော ယခုသူ၏အခြေအနေကဲ့သို့ ဖြစ်မည်မဟုတ်ချေ။

“ဒါပေမယ့်၊ အရမ်းအားမငယ်ပါနဲ့။ ငါကြည့်ရသလောက်တော့ ယွင်ကျောင်းလည်း ဟိုင်ချင်းနီးနီးရှော့ရသွားတာ။ သူ့သူငယ်ချင်းတွေက သူ့ကြောင့် ဒုက္ခရောက်တယ်လို့ ထင်နေမှာပေါ့”

ကန်ကျင်းချန် ဆက်ပြောလိုက်သည်။

“နင်တော့မသိပေမယ့် အရင်တစ်ခေါက် နင်ပြန်ပေးဆွဲခံရတုန်းက သူအဘိုးကန်ကို တွေ့တာနဲ့ နည်းနည်းနေမထိထိုင်မသာဖြစ်သွားတယ်။ ငါတို့သူ့ကို သိလာတဲ့သက်တမ်းတစ်လျှောက်မှာ လူအုပ်လိုက်က ချောင်ပိတ်ခံရရင်တောင် မျက်တောင်တစ်ချက်မခတ်ခဲ့တဲ့လူက အဲ့အချိန်မှာ သူ့အကြည့်တွေက အရမ်းအားလျော့နေခဲ့တယ်။ မသိရင် နင့်ကြောင့် အဘိုးကန်က သူ့ကိုအပြစ်တင်ပြီး သူ့ကိုမုန်းသွားမှာကို ကြောက်နေတဲ့အတိုင်းပဲ”

သူတို့အား မိသားစုကဲ့သို့ ဆက်ဆံနေသောကြောင့် ဤသို့ပြုမူနေခြင်းလော?

စူးချူခေါင်းကို မော့လိုက်သည်။

“ဒါဆို ငါတို့ဘာလုပ်ကြမလဲ?”

ကျင်းယွင်ကျောင်းသည် ကြည့်လိုက်သည်နှင့် သူမနှင့် ဝေးဝေးနေချင်ပုံပေါက်လေသည်။

“အဲ့တစ်ခေါက်က ကိစ္စက အန္တရာယ်များတယ်ဆိုတာ မှန်ပေမယ့် ငါကတော့ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်တယ်...”

စူးချူသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။

“အစ်ကိုရော ကြောက်နေတာလား? ငါကတော့ အဲဒါကိုရေးကြီးခွင်ကျယ်လို့မမြင်ဘူး။ ပြသာနာတွေဆိုတာ ပေါ်လာနိုင်တာပဲ ဒါပေမယ့် သူ့ကြောင့်ပဲ အန္တရာယ်တွေဖြစ်နိုင်တာမှမဟုတ်တာ။ ဥပမာဆို အရင်တစ်ခေါက်က ကိစ္စကိုကြည့်လိုက်လေ။ အဲဒီရှောင်ချင်းဆိုတာ ငါတို့အမျိုးပဲ။ ငါသာ ယွင်ကျောင်းကို ဆေးခန်းဆီ ဆွဲခေါ်မလာခဲ့ရင် သူတို့လည်း နောက်တစ်ခါပြန်တွေ့ကြမှာမဟုတ်ဘူး။ ပြီးတော့ ရှောင်ချင်း၏ မောင်တွေနဲ့ ရန်ဖြစ်တယ်ဆိုတာလည်း. ငါ့ကြောင့်ဖြစ်တာလေ။ ဘာလို့သူ့ကြောင့်ဖြစ်တယ်လို့ တွေးရတာလဲ?!”

ကန်ကျင်းချန်သည် မျက်ဆံများကို လိမ့်လိုက်သည်။

“ငါ့ကိုပြောနေလို့ ဘာအကျိုးရှိမှာလဲ? နင်ကိုယ်တိုင် သူ့ကိုသွားရှင်းပြလေ!”

သူသည် မတရားသလို ခံစားနေရဆဲဖြစ်သည်။ သူသည် ယောက်ျားသားတစ်ဦးဖြစ်သည်။ သူသည် ကြောက်တတ်လွန်းသဖြင့် မသိနိုင်သောအရာတစ်ခု သို့မဟုတ် မဖြစ်လာနိုင်မည့်အရာတစ်ခုကြောင့်အတွက်နှင့် သူ၏သူငယ်ချင်းများကို စွန့်ပစ်ရလောက်သည်ထိ သူရဲဘောကြောင်မည်ဟု ကျင်းယွင်ကျောင်းထင်နေသလော။ သူသည် ထိုမျှလောက် သစ္စာမရှိသော မိတ်ဆွေပေလော?!

Space and Rebirth 583

Trans: Esth

ကန်ကျင်းချန်နှင့် စူးချူသည် စိတ်ဓာတ်ကျနေ၏။ သူတို့သည် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့ ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ဆက်မနေကြတော့ချေ။ တံခါးအားသော့ခတ်ပြီး အိမ်ပြန်သွားကြ၏။

သို့ရာတွင် သူတို့သည် အိမ်တွင် ငြိမ်ငြိမ်ထိုင်မနေနိုင်ခဲ့ကြချေ။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းသည် လမ်းပေါ်တွင် သွားနေကြပြီဖြစ်သည်။

ရှောင်တောက်အန်းသည် ရှေ့ခန်းတွင် ကားမောင်းနေပြီး ကျန်းရုံသည်လည်း ကား‌ရှေ့ခန်း၏ ခရီးသည်တင်ခုံတွင် ထိုင်နေ၏။ သူတို့နှစ်ဦးမှာမူ အနောက်ခန်းတွင် ထိုင်ပြီးလိုက်သွားကြသည်။

ကျန်းရုံသည် ယခုမှ အသက် ၃၀ ပင်မပြည့်သေးချေ။ သူမအသားအရေသည် နုပျိုညက်ညောနေဆဲဖြစ်သည်။ ယနေ့တွင် သူမသည် အစိမ်းနုရောင်ဂါဝန်တစ်ထည်အား ဝတ်ဆင်ထားပြီး သူမ၏ဆံနွယ်ရှည်များကို အပေါ်သို့စုကာ စည်းထား၏။ သူမ၏မျက်ခုံးများအားလည်း ဖြေလျှော့ထားသောကြောင့် သူမပုံစံမှာ စိတ်ထားနူးညံ့ပြီး သိက္ခာသမာဓိရှိသောပုံဖြစ်၏။ သူမသည် တစ်ခုခုကို ပြောချင်ဟန်ဖြင့် ရှောင်ဟိုင်ချင်းအား ကြည့်လိုက်သည်။

အစောပိုင်းက တံခါးရှေ့တွင် ကျန်းရုံသည် ကျင်းယွင်ကျောင်း၏ ကန်ထုတ်ခြင်းကို ခံခဲ့ရ၏။ ထိုကန်ချက်သည် ပေါ့သေးသေးမဟုတ်သော်လည်း ယခုတွင် ကျန်းရုံသည် အဆင်ပြေနေသည့်ပုံပေါက်သည်။ သူမသည် ၎င်းကို ခံနိုင်ပေသည်။

“ဟိုင်ချင်း၊ သမီးနည်းနည်းဒုက္ခခံပေးမှဖြစ်မယ်။ သမီးအဖေက ဒီအချိန်ထိ သမီးအတွက် အလုပ်ကြိုးစားနေခဲ့ရတာလေ။ အခုသူက သမီးရဲ့အကူအညီလိုလာပြီဆိုတော့ သမီးက သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လို့မရဘူး။ အတိတ်မှာဖြစ်ခဲ့တာတွေအားလုံးက အန်တီ့အပြစ်တွေပါ။ ဒီတစ်ခေါက် မင်းအဖေကို ကူညီမယ်ဆိုရင် နောက်ကျ မင်းပြောသမျှလုပ်ပေးမယ်လို့ အန်တီကတိပေးတယ်။ အနာဂတ်မှာ ရှောင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို လိုချင်တယ်လို့ သမီးပြောရင်တောင် ကျွင်းကျွင်းနဲ့ အန်တီက ပေးမှာပါ။ အန်တီတို့ တစ်ပြားမှ မလိုချင်ပါဘူး...”

ကျန်းရုံသည် စိတ်ရင်းမှန်ဟန်ဖြင့် ပြောလိုက်သည်။

“အားရုံ၊ မင်းပြောသလောက်လည်း ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူးကွာ။ ဘယ်သူမှ ကျွင်းကျွင်းရမယ့်ပိုင်ဆိုင်မှုတွေကို မယူဘူး။ ငါ့မှာ ဒီမိသားစုအတွက် အများကြီးရုန်းကန်ခဲ့ရတာကို၊ အခုသူ့ကိုလည်း တောင်းပန်ခိုင်းရုံပဲ။ သူဘာတွေနစ်နာစရာရှိလို့လဲ?”

ရှောင်တောက်အန်းသည် သူ့ကိုယ်သူအားတင်းပြီး ပြောလိုက်သည်။ သူ၏ဘဝတွင် အအောင်မြင်ခဲ့ဆုံးသောကိစ္စမှာ ကျန်းရုံအား လက်ထပ်ပြီး ရှောင်ကျွင်းအား မွေးခဲ့ခြင်းဖြစ်သည်။

ကျန်းရုံသည် သူ့ထက်များစွာငယ်ရွယ်ပြီး မိသားစုကောင်းတစ်ခုမှ လာခဲ့သည်။ သူမမိသားစုကြောင့် သူသည် ဒုက္ခဆင်းရဲတွင်းမှ ကယ်ဆယ်ခံခဲ့ရလေ၏။

“ဟုတ်ပါတယ်...ဒါပေမယ့် ယောက်ျားရယ်၊ ကျွန်မကြောင့် ဟိုင်ချင်းက စိတ်ပျက်သွားရတယ်လို့ ခံစားမိတယ်။ မနေ့ကဆိုရင်...”

ကျန်းရုံ၏နှုတ်ခမ်းများ တုန်ယင်လာသည်။ သူမသည် မတရားခံနေရသောပုံစံဖြင့် ပြောလိုက်၏။

“အာ အဲဒီဂျိမ်းမ်ဆိုတဲ့ကောင်က ဘာလို့ကျွန်မတို့ဟိုင်ချင်းကိုမှ လာအနိုင်ကျင့်ရတာလဲ? ပွဲမှာလူတွေဒီလောက်များတာကို ကျွန်မတို့ဟိုင်ချင်းကိုမှ မျက်စိကျရတယ်လို့ရှင်။ ဟိုင်ချင်းဒုက္ခခံခဲ့ရတာတွေကို ကျွန်မစဥ်းစားကြည့်မိရင် အပြစ်ရှိသလိုခံစားရတယ်”

ကျန်းရုံစကားပြောပြီးနောက် ရှောင်တောက်အန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။

မှန်ပေသည်။ ပွဲတွင် လူများစွာရှိသော်လည်း ဂျိမ်းစ်သည် သူ၏သမီးကိုမှ ရွေးရသည်။

ရုပ်ရည်အရကြည့်လျှင် သူ၏သမီးသည် မဆိုးလှသော်လည်း သူမသည် စရိုက်ကြမ်းလှ၏။ ထိုအတန်းဖော်ကောင်မလေးစူးချူပင် ပိုအဆင်ပြေသည် မဟုတ်ပေလော? အသက်အရွယ်အရ‌ပြောရလျှင် ဂျိမ်းစ်သည်သာ မိန်းကလေးငယ်များကို နှစ်သက်ပါက ကျင်းယွင်ကျောင်း၏ “ညီမလေး” ဟုပြောနိုင်သော ထိုကောင်မလေးမှာ ပို၍ပင်ငယ်ရွယ်နုပျိုပြီး ကလေးဆန်ပေသည်။

သူသည် ဒေါသအကြီးဆုံးဖြစ်သော ရှောင်ဟိုင်ချင်းကိုမှ ရွေးရသည်။

အဘယ်ကြောင့်နည်း?

ရှောင်တောက်အန်းသည် ကားနောက်ကြည့်မှန်မှတဆင့် သူ၏သမီးအား ဝေ့ကြည့်လိုက်သည်။

သူမ၏ ရုပ်ရည်သည် မွေးကတည်းက ချောမောလှပပေသည်။ ယခင်က သူမ၏ဝတ်စားဆင်ယင်ပုံသည် ဣန္ဒြေမရလှဟု ခံစားခဲ့ရသော်လည်း ယခုသူသည် အနီးကပ်ကြည့်လိုက်သောအခါ သူမသည် ဆံပင်တိုဖြင့်ရှိနေသော်လည်း သူမ၏ရုပ်ရည်သွင်ပြင်မှာ ဖော်ပြ၍မစွမ်းသာလောက်အောင် ကြည့်ကောင်းလှသည်။ သူမသည် အသက်မပြည့်သေးရုံသာရှိ၏။ သူမသည်သာ နောက်နှစ်ပိုင်းခန့်ကြာလျှင် ပြင်ပြင်ဆင်ဆင်နေပါက ညို့ယူဖမ်းစားဆွဲဆောင်နိုင်သော အသွင်အပြင်ကို ပိုင်ဆိုင်နိုင်ပေမည်။

ထိုအချိန်က သူ၏သမီးသည် ကျင်းယွင်ကျောင်းဘေးတွင် ရပ်နေပြီး အာရုံကိုဖမ်းစားနိုင်သောပုံပေါက်နေ၏။ ဧကန္တ သူမသည် ဂျိမ်းစ်၏ အာရုံစိုက်ခြင်းကို ခံရရန် တမင်ထိုသို့ရပ်နေခြင်းလော?

ဟိုင်ချင်းသည် ငယ်စဥ်ကတည်းပင် ထိန်းမနိုင်သိမ်းမရသော ကောင်မလေးဖြစ်၏။ သူမသည် အလယ်တန်းကတည်းက ကောင်လေးများအုပ်လိုက်နှင့် ဆော့ကစားတတ်သည်။ ထိုအချိန်က သူ၏သမီးသည် ဗိုက်ကြီးပြီး အိမ်ပြန်လာလျှင်ပင် သူအံ့သြမည်မဟုတ်ဟု တွေးခဲ့သည်။ သူမသည် ထိုမျှလောက် အဆင်အခြင်မဲ့သောကြောင့် ဖြစ်၏။

ထိုအတွေးသည် သူ၏ခေါင်းထဲသို့ ဝင်လာသည်နှင့် ရပ်တန့်၍မရတော့ချေ။ ရှောင်တောက်အန်းမှ ဤကိစ္စအား စဥ်းစားလေလေ သူ၏သမီးသည် တမင်လုပ်ခဲ့သည်ဟု မှတ်ယူလေလေဖြစ်သည်။

ဂျိမ်းစ်အား ရန်စခဲ့ပြီး မိမိအတွက် ပြသာနာရှာခဲ့သည်မှာ မည်သူဖြစ်မှန်းပင် သူမေ့သွားလေသည်။

ရှောင်ဟိုင်ချင်းမှာမူ ကျန်းရုံ၏စကားများကို ကြားပုံမရချေ။ သူမခေါင်းသည် ကျင်းယွင်ကျောင်းပုခုံးပေါ်တွင် အမှီသဟဲပြုကာ ရှေ့ကိုသာ တန်းတန်းစိုက်ကြည့်နေ၏။ သူမသည် မလှုပ်မယှက်ဖြင့် ရှိနေသောကြောင့် သူမခေါင်းထဲတွင် မည်သို့တွေးနေသည်ကို မည်သူမျှမသိချေ။

“ဟိုင်ချင်း၊ ဂျိမ်းစ်ကိုတွေ့ရင် လေသံကို လျှော့ပြောနော်။ မစ္စတာဂျိမ်းစ်က ဒီနိုင်ငံမှာ ဘာလုပ်ငန်းမှမရှိပေမယ့် သူက ရင်းနှီးမြုပ်နှံတဲ့နေရာမှာ ပညာရှင်တစ်ယောက်ပဲ။ သူ့ကိုဒေါသထွက်အောင်လုပ်လို့ ငါတို့အတွက် ဘာမှမကောင်းနိုင်ဘူး”

ရှောင်တောက်အန်းသည် သူမအား ထပ်မံသတိပေးလိုက်ပြန်သည်။

Space and Rebirth 584

Trans: Esth

ရှောင်ဟိုင်ချင်းသည် လှုပ်ရှားမှုတစ်ခုသာပြုပြီး ပြောလိုက်သည်။

“နားလည်ပြီ”

သူမသည် အလွန်တရာလိမ္မာကျိုးနွံနေလေသည်။

ကျန်းရုံသည် သူမအား အံ့အားသင့်စွာ ကြည့်လိုက်၏။

“ဟိုင်ချင်း....အန်တီတို့ကို စိတ်ပူအောင် မလုပ်နဲ့နော်၊ ဟိုရောက်မှ ရုတ်တရတ်ကြီး မင်းအဖေပြောသလို မလုပ်ရင်...”

“အန်တီကျန်းပြောတာ မှန်ပါတယ်။ အဖေက အရမ်းအလုပ်ကြိုးစားခဲ့တာလေ။ သူ့ကြိုးစားမှုတွေ အလဟာသဖြစ်အောင် မလုပ်ပါဘူး။ စိတ်မပူပါနဲ့”

ရှောင်ဟိုင်ချင်း ထပ်ပြောလိုက်ပြန်သည်။

ကျန်းရုံသည် မှင်တက်သွား၏။

စကားလုံးတိုင်းသည် အလွန်ယဥ်ကျေးနေသော်လည်း မည်သည်ကြောင့်မှန်းမသိ သူမသည် ကျောချမ်းသွားလေသည်။

ရှောင်ဟိုင်ချင်းသည် ဘယ်သောအခါက သူမအား ဤမျှလောက် ယဥ်ယဥ်ကျေးကျေးဆက်ဆံဖူးသနည်း? သူမသည် ရှောင်မိသားစုထဲသို့ စတင်ဝင်ရောက်စဥ်ကပင် ရှောင်ဟိုင်ချင်းသည် လိမ္မာဟန်ပေါက်သော်လည်း နောက်ကွယ်တွင် နှုတ်ထိုးလှန်နေခဲ့၏။ ထိုအချိန်မှစ၍ သူမအား တဖြည်းဖြည်းဖြင့် ပိုဆန့်ကျင်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတွင် သူမသည် ပြောသမျှစကားများကို နားထောင်နေသည်လော?

ကျန်းရုံသည် ခေတ္တမျှတွေးပြီး ပြောလိုက်သည်။

“ဟိုင်ချင်း၊ ဒါကိုဘယ်လိုပြောရမလဲ...တကယ်တော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကြားက ဆက်ဆံရေးဆိုတာ ရှင်းပြရခက်တယ်။ သမီးကအခု လူကြီးဖြစ်ပြီဆိုတော့ သိထားသင့်တဲ့စကားပုံတစ်ခုရှိတယ်။ ‘လင်မယားဆိုတာ အိုဖော်မင်းဖက်ပဲ’ တဲ့။ အခုအခြေအနေတွေက ဒီလောက်ထိဖြစ်သွားမှာတော့ အန်တီတို့မိသားစုက ပုံမှန်မြင်နေကျမိသားစုမျိုးမဟုတ်ပေမယ့်လည်း ကိုယ့်ကံကြမ္မာကို လက်ခံရမှာပဲ။ သမီးရော အဲ့လိုမထင်ဘူးလား?”

သူမသည် ရှောင်ဟိုင်ချင်းအား မဝံ့မရဲဟန်ဖြင့် ကြည့်လိုက်သည်။

ရှောင်ဟိုင်ချင်း၏ ခံစားချက်ကင်းမဲ့သောမျက်နှာသည် ဖြည်းဖြည်းချင်း အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွား၏။ သူမအသံသည် နူးညံ့ညင်သာနေသည်။

“သမီးနားလည်ပါတယ်၊ အန်တီကျန်း”

ကျန်းရုံအကြည့်များသည် ခေတ္တမျှ ကြက်သေသေသွား၏။

ရှောင်ဟိုင်ချင်းသည် မပြုံးသည်က ပိုကောင်းမည်။ သူမပြုံးသည့်ပုံမှာ သုန်မှုန်ပြီး မှောင်ရိပ်သန်းနေ၏။

ကျင်းယွင်ကျောင်းသည် ဆက်မမေးတော့ချေ။ ရှောင်ဟိုင်ချင်းသည် ဤအချိန်၌ အမှန်အတိုင်းပြောနေသည်မဟုတ်ကြောင်းကို သူမစိတ်ထဲ၌ သိနေသည်။

ပြန်ပြော၍ အဘယ်သို့အကျိုးရှိမည်နည်း။ ယခင်က သူတို့သည် မည်မျှပင် အငြင်းပွားပါစေ သင့်မြတ်ခြင်းမရှိကြဘဲ နောက်ဆုံးတွင် မတရားခံရသူမှာ ရှောင်ဟိုင်ချင်းသာဖြစ်သည်။ ပြန်ပြောပါက သူမသည် လေကုန်ရုံသာဖြစ်မည်မက ဒေါသဖြင့် စိတ်မချမ်းမသာဖြစ်နေရလိမ့်မည်။

“အဖေ၊ လင်မယားဆိုတာ အိုဖော်မင်းဖက်ပဲတဲ့ ဟုတ်တယ်မလား?”

ရှောင်ဟိုင်ချင်းသည် ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်သည်။

ရှောင်တောက်အန်း၏ မျက်နှာတောင့်တင်းသွား၏။

“ဟုတ်တယ်၊ အဲဒါကြောင့် မင်းလိမ်လိမ်မာမာနေရင် ရပြီ...”

“ဒါကြောင့်မို့ အမေကနောက်ဆုံးချိန်ထိ အဖေ့ကို လွမ်းနေတာကိုး။ သူက ကမ္ဘာပေါ်မှာ အဖေ့ကိုအချစ်ဆုံးဖြစ်မယ်”

ရှောင်ဟိုင်ချင်းထပ်ပြောလိုက်ပြန်သည်။

ရှောင်တောက်အန်းသည် အချိန်တစ်ခုစာမျှ မှင်တက်သွား၏။

သူ၏ဆုံးပါးသွားသောဇနီးသည် မွေးရာပါစိတ်ကောင်းရှိသောလူဖြစ်လောသည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး တစ်ပါးသူများအတွက် တွေးပေးတတ်၏။ သူမသည် သူအလုပ်ထွက်လုပ်ရာ၌ နောက်ဆံမတင်းစေရန် အိမ်အလုပ်များကို ဖိဖိစီးစီးလုပ်ထားပေးခဲ့သည်။ ဘယ်သောအခါကမှ ဆူညံပူညံမလုပ်ခဲ့သလို သူ့အား ဒေါသထွက်စိတ်ဆိုးခြင်းမျိုးလည်း မရှိခဲ့ပေ။ သူမသည် ဘဝအခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခဲ့ပေသည်...

သို့ရာတွင် အချို့လူများသည် မိမိတို့၏ အခက်အခဲများကို ဝေမျှရန် ကံမပါလာခဲ့ပေ။ သူမနှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရုံမှ ထိုသို့မဟုတ်ပေ။ သူမသည် မိမိခင်ပွန်းသည်အတွက် ကံကောင်းခြင်းများသာ ယူဆောင်ပေးခဲ့၏။

ကျန်းရုံသည် သူမနှုတ်ခမ်းများကို ကိုက်ကာ ခြောက်ကပ်စွာရယ်လိုက်၏။ သူမလက်သီးများကို အနည်းငယ်ဆုပ်လိုက်သည်။

ရှောင်ဟိုင်ချင်း တမင်ပြောလိုက်ခြင်းဖြစ်မည်။ သူမသည် သေပြီးသားအမျိုးသမီးတစ်ဦးအကြောင်းကို ထပ်ခါတလဲလဲ ပြောနေပြီး သူမကို ဒုတိယအိမ်ထောင်အနေဖြင့် ဝင်လာသောမိထွေးဇာတ်သွင်းနေလေသည်။ မိထွေးဟူသည်မှာ အလွန်ဆိုးရွားလှသောစကားဖြစ်ပေ၏။ သူမသည် ၎င်းကိုစဥ်းစားလိုက်တိုင်း နစ်နာသူတစ်ယောက်ကဲ့သို့ ခံစားရသည်။

သူမသည် ရှောင်ဟိုင်ချင်းနှင့် ရန်ဖြစ်ချင်သော်လည်း အခြေအနေက မျက်နှာသာမပေးပေ။ သူတို့သာ အလွန်အကျူးရန်ဖြစ်မိပြီး ရှောင်ဟိုင်ချင်းထပ်မံဒေါသထွက်သွားလျှင် ဂျိမ်းစ်အား ရှင်းပြရခက်ပေမည်။

သူမ၏စိတ်ထားနူးညံ့မှုကြောင့် နေရခက်သွားသော်လည်း ရှောင်မိသားစု၏ အကျိုးစီးပွားဖြစ်ထွန်းမည်ဆိုလျှင် လုံလောက်ပေပြီ။ ဤအရာကို စဥ်းစားလိုက်သောအခါ ကျန်းရုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အပြုံးဖျော့ဖျော့ ပြုံးလိုက်၏။ သူမသည် ရှောင်ဟိုင်ချင်းအား ကြင်နာဟန်ဖြင့် ကြည့်လိုက်သည်။

ဤကဲ့သို့ ပူလောင်နေသောနေ့တွင် ကားထဲမှ အေးစက်သောလေကြောင့် ကြက်သီးမွေးညင်းများထသွားစေ၏။ နာရီပိုင်းခန့်ကြာသော် လေးဦးသားသည် နင်းမြို့တော်ရှိ အကြီးဆုံးဆေးရုံရှေ့ သို့ ရောက်လာကြလေသည်။

ကျင်းယွင်ကျောင်းသည် ဤဆေးရုံကို မြင်ဖူးပြီးသားဖြစ်၏။ မစ္စဟယ့်ကဲ့သို့ ဟန်ဆောင်သောဆရာဝန်သည် ဤနေရာမှ လာခဲ့သည်။ သို့ရာတွင် ထိုဆရာဝန်၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်ပြီးဖြစ်၏။ သူသည် အလုပ်ပြုတ်သွားရုံမက အပြင်းအထန်ဆူပူအော်ငေါက်ခြင်းကိုလည်း ခံခဲ့ရလေသည်။

ဂျိမ်းစ်သည် ထိပ်ဆုံးအထပ်ရှိ သီးသန့်အခန်းတစ်ခုတွင် ရှိနေ၏။ ထိုအထပ်သို့ ဓာတ်လှေကားသည် တိုက်ရိုက်ပင် ရောက်သွားသည်။ သူတို့သည် အဆောင်ထဲသို့ ဝင်သည်နှင့် အခန်းတံခါးအား စောင့်ကြပ်နေသော လုံခြုံရေးအစောင့်နှစ်ဦးကို တွေ့လိုက်ရ၏။

All Chapters