အခန်း (၅၈၉-၅၉၂)
Vol. 30 Ch. 589-592
Space and Rebirth 589
Trans: Esth
ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။ သူမအပြုံးသည် ဖျော့တော့နေပြီး သူမမျက်နှာထားမှာလည်း အဓိပ္ပာယ်ဖော်ရန်ခက်ခဲလှ၏။
“အန်တီကျန်း၊ အရင်တုန်းက အန်တီကျန်းကိုပဲ ပစ်မှတ်ထားခဲ့မိတာ သမီးအပြစ်ပါ။ ဒါပေမယ့် အဲ့အချိန်တုန်းက အန်တီကျန်းကို အရမ်းလှလွန်းတယ်လို့ ထင်ခဲ့မိတယ်လေ၊ လှလွန်းလို့ အဖေကတောင် အမေ့ကို မေ့သွားမှာစိုးတာနဲ့ တမင်အန်တီကျန်းကို အရွဲ့တိုက်ခဲ့တာပါ”
ကျန်းရုံသည် အနည်းငယ်ရင်တုန်ပမ်းတုန်ဖြစ်သွား၏။ သူမသည် ရှောင်ဟိုင်ချင်းနှင့်ပတ်သတ်၍ မည်သို့ပြောရမည်မှန်း မသိတော့ချေ!
“အဖေက အရွေးတော်တာပဲ။ ကံကောင်းလို့ အန်တီကျန်းနဲ့ စောစောတွေ့သွားတာ၊ မဟုတ်ရင် သမီးမောင်လေးလည်း အခုရှိလာမှာမဟုတ်ဘူး”
ရှောင်ဟိုင်ချင်းသည် သူမဘာသာ ပြောပြောဆိုဆိုဖြင့် အနောက်သို့မှီလိုက်ကာ သူမအရှေ့ရှိ အမဲသားကင်ကို စတင်လှီးဖြတ်လိုက်သည်။ ကျင်းယွင်ကျောင်းသည်လည်း ပြုံးလိုက်၏။
“ဦးလေးရှောင်က အရမ်းကံကောင်းတာပဲ”
ရှောင်တောင်အန်းသည် ဖိုဝါဒီကြီးစိုးသူတစ်ဦးဖြစ်ပြီး အမျိုးသမီးများနှင့် ပတ်သတ်၍ အယူအစွဲကြီး၏။
ဥပမာပြာရလျှင် ရှောင်ဟိုင်ချင်းနှင့်ပတ်သတ်လျှင် သူမငယ်စဥ်ကတည်းက မိန်းကလေးမှာ မိန်းကလေးပီသစွာနေထိုင်သင့်သည်ဟု ခံစားခဲ့သူဖြစ်သည်။ မိန်းကလေးဟူသည်မှာ လိမ္မာကျိုးနွံပြီး အခြားသူများအတွက် တွေးပေးတတ်ကာ စိတ်ထားမွန်မြတ်ရပေမည်။ ရှေးခေတ်မှ အမျိုးသမီးများကဲ့သို့ နာခံရိုကျိုးပြီး စိတ်သဘောထားပြည့်ဝလျှင် အကောင်းဆုံးဖြစ်၏။
သူ၏ဇနီးသည်အပေါ်ဆက်ဆံပုံမှာလည်း ထိုအတွေးမျိုးနှင့် သိပ်မကွာလှပေ။ ရှောင်ဟိုင်ချင်း၏မိခင်သည် မဆုံးပါးခင်ထိ အမြဲတစေ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့၏။ ရှောင်တောက်အန်းသည် အပြင်ဘက်တွင် အလုပ်လုပ်ပြီးအိမ်ပြန်လာလျှင် သူ၏မိန်းမနှင့် သမီးဆီမှ အနွေးဓာတ်ကိုခံယူစမြဲဖြစ်သည်။ ကျန်းရုံသည် သူနှင့်လက်ထပ်ပြီးကတည်းက သူမသည်လည်း အိမ်ထဲတွင်သာ အပြည့်အဝနေခဲ့ရ၏။
ရှောင်မိသားစုဆီသို့ ပထမဆုံးအနေဖြင့် စရောက်ခဲ့သည့်အချိန်အား သူမပြန်တွေးကြည့်လိုက်လျှင် ရှောင်တောက်အန်းသည် ဧကရာဇ်တစ်ပါးကဲ့သို့ နေထိုင်ကာ အိမ်အလုပ်အား ဘယ်သောအခါမှ မကူညီခဲ့ပေ။ သူသည် မိမိအမျိုးသမီးအား နူးညံ့ညင်သာစွာဆက်ဆံသည်ဟု ထင်ရသော်လည်း အမှန်တွင် သူသည် ခြယ်လှယ်တတ်လွန်းသူဖြစ်သည်။
ယခုမူ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့မှ ကျန်းရုံအား ရုတ်တရတ်ချီးကျူးလိုက်သောကြောင့် သူသည် ဂုဏ်ယူသွားသော်လည်း တစ်ချိန်တည်းမှာပင် သူမသည် ဇနီးသည်တစ်ဦး လိုက်နာသင့်သော ကျင့်ဝတ်ဝတ္တရားများကို လိုက်နာခြင်းမရှိဟု ခံစားမိလိုက်သည်။
ခံစားမိသည့်အတိုင်းပင် ရှောင်တောက်အန်းသည် ကျန်းရုံကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်မိလိုက်၏။
“ကလေးမွေးပြီးနေပြီကို ဘာလို့ဂါဝန်ကို ဒီလောက်အရောင်တောက်တောက်ဝတ်နေတုန်းလဲ? မင်းနဲ့မလိုက်ဘူး၊ ပြန်ရောက်တာနဲ့ အင်္ကျီအရောင်လဲဝတ်စမ်း”
ရှောင်တောက်အန်းပြောလိုက်သည်။
ကျန်းရုံ၏မျက်နှာတောင့်တင်းသွားသည်။
(ငါ့ဂါဝန်က အရောင်တောက်တယ်? ဒီတိုင်း အစိမ်းနုရောင်ပဲဟာ၊ ဒီထက်ရိုးရှင်းတဲ့အရောင်မရှိတော့ဘူးလေ!)
“ဟုတ်ကဲ့”
ကျန်းရုံအလျင်အမြန်ပင် သဘောတူလိုက်သည်။
သူမသည် သူမခင်ပွန်းဖြစ်သူကို နားလည်ပေသည်။ သူ၏ဆန္ဒအတိုင်း လိုက်ရမည်။ သူမသာ စကားပြန်ပြောပါက သူသည် ပို၍စိတ်မပျော်မရွှင်ဖြစ်သွားလိမ့်မည်။
“အာ ဟုတ်သားပဲ၊ ဟိုင်ချင်း၊ အခုတလော ဆေးရုံကို မကြာမကြာသွားပေး။ ဒီလိုအချိန်မျိုးမှာ ဂျိမ်းစ်က သူ့ကိုပြုစုစောင့်ရှောက်ပေးဖို့ လူတစ်ယောက်လိုတယ်”
ရှောင်တောက်အန်းပြောလိုက်သည်။
ရှောင်ဟိုင်ချင်း၏နှုတ်ခမ်းများသည် လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
“ရတာပေါ့၊ အဖေ”
လေးဦးသားသည် ထမင်းစားပြီးနောက် လူစုခွဲလိုက်ကြ၏။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းသည် ဟိုတယ်တွင် နေလိုက်၏။ ဟိုတယ်ပုံစံမှာ မဆိုးလှပေ။
“ယွင်ကျောင်း၊ နင့်ရဲ့ဝိုင်ချက်နည်း...”
အခန်းတံခါးပိတ်ပြီးနောက် ရှောင်ဟိုင်ချင်းသည် ခဏမျှတွေးကာ ပြောလိုက်၏။
“ဆင်တူဝိုင်တစ်ခု ချက်ပေးလို့ရလား?”
“ဂျိမ်းစ်လုပ်ခိုင်းတာလား?”
ကျင်းယွင်ကျောင်းမေးလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမယ့် သူငါ့ကို အခွင့်ကောင်းယူတာကို မလိုချင်ဘူး။ အဲဒါကြောင့်မို့ နင်ကဝိုင်ချက်နည်းကို ပြောင်းပြီး အရသာတူပေမယ့် အာနိသင်ကွဲတဲ့ဝိုင်မျိုး လုပ်ပေးလို့ရမလား မေးကြည့်တာ”
ရှောင်ဟိုင်ချင်းပြန်ဖြေလိုက်၏။
သို့သော် သူမအား ဂျိမ်းစ်သည် မည်သည့်နည်းဖြင့် ခြိမ်းခြောက်ခဲ့သည်ကိုမူ မပြောပြချေ။
သူမအား အကြပ်ကိုင်၍ရလောက်သည်ထိ အရေးကြီးသည့်အရာဆိုလျှင် သူမသည် သေချာပေါက်ကောင်းစွာဖုံးကွယ်ထားပေမည်။ ထိုသို့ဆိုလျှင် ကျင်းယွင်ကျောင်းသည် သူမအား ကူညီ၍မဖြစ်နိုင်ပေ။ ထို့အပြင် ကျင်းယွင်ကျောင်းသာ တစ်ဖက်လူ၏လက်ထဲတွင် ဝိုင်ချက်နည်းအတုရှိမှန်းသိခဲ့လျှင် သူမအား ကာကွယ်ပေးရန် အလဲအလှယ်အနေဖြင့် ဝိုင်ချက်နည်းအစစ်ကို ထုတ်ပေးပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဝိုင်ချက်နည်းအတုဆိုသည်မှာ တစ်နေ့မဟုတ်တစ်နေ့ အတုမှန်းပေါ်လာမည်ဖြစ်သောကြောင့်ဖြစ်သည်။
သို့ရာတွင် သူမသည် မိမိဘဝပျက်စီးလျှင်ပင် ငွေကြေးကို မမက်မောချေ။ အနာဂတ်တွင် ပျက်စီးနိုင်သည့် သူမ၏သိက္ခာအတွက်လည်း သိပ်မတွေးပေ။ သူမဖခင်ရှိနေသရွေ့ ဂုဏ်သိက္ခာဆိုသည်မှာ အချိန်မရွေးလွှင့်ပစ်နိုင်သောအရာဖြစ်၏။
သူမယခုလိုချင်သည်မှာ သူမအားထိခိုက်နာကျင်စေခဲ့သောလူများအား ဘယ်သောအခါမှ ခေါင်းပြန်မထောင်လာနိုင်ရန်ဖြစ်သည်။ သို့သော် ထိုသို့လုပ်ရန် အဆိုပြုချက်မှာ ကျင်းယွင်ကျောင်းအား ဝိုင်ချက်နည်းအစစ်ကို အစားထိုးနိုင်သည့်အရာတစ်ခုခုကို ဖန်တီးခိုင်းရန်ဖြစ်၏။
“သောက်လိုက်တာနဲ့ ဆိုးကျိုးဖြစ်စေမယ့် ဝိုင်ချက်နည်းအတုကိုပြောတာလား?”
ကျင်းယွင်ကျောင်းသည် မျက်ခုံးကိုပင့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်”
ရှောင်ဟိုင်ချင်းသည် အဖြေပြန်ပေးရာတွင် ကွေ့ဝိုက်မနေတော့ပေ။
Space and Rebirth 590
Trans: Esth
ကျင်းယွင်ကျောင်းသည် အတန်ငယ်မျက်မှောင်ကြုတ်လိုက်၏။ သူမသာ ဂျိမ်းစ်ဆိုလျှင် ဝိုင်ချက်နည်းကိုရသည်နှင့် ပြိုင်ဘက်ဟိုင်ယန်းကုမ္ပဏီအား ဝယ်ယူပြီး အားကုန်ယမ်းကုန်ဖြင့် ဝိုင်များကိုထုတ်လုပ်မည်။ ထို့နောက် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီနှင့် ပြိုင်ဆိုင်နိုင်ရန် စျေးလျှော့ရောင်းပေမည်။
ဝိုင်ချက်နည်းအတုကိုသုံးပါက သူတို့သည် ဆိုးဆိုးရွားရွားအရှုံးပေါ်လိမ့်မည် ဖြစ်သော်လည်း စားသုံးသူအပေါ် အကျိုးသက်ရောက်မှုလည်း ကြီးမားလိမ့်မည်။ တစ်နည်းပြောရလျှင် ဤကိစ္စအား လူထုမှအလေးအနက်ထားရန် သောက်သုံးပြီး ထိုမကောင်းသောအကျိုးဆက်များကို ခံရမည့် စားသုံးသူများစွာရှိမှဖြစ်ပေမည်။
ထိုသို့ဆိုလျှင် ဤဝိုင်ချက်နည်းအတုသည် အပြစ်မရှိသောလူများကို ထိခိုက်နိုင်သည်မဟုတ်လော။
မိမိပန်းတိုင်အားရောက်ရှိရန် လူများအားအသုံးချရသည်မှာ နည်းလမ်းကောင်းမဟုတ်သလို သူမ၏ကိုယ်ကျင့်တရားနှင့်လည်း ဆန့်ကျင်နေပေသည်။
ရှောင်ဟိုင်ချင်းသည် ခါးသီးစွာပြုံးကာ ပြောလိုက်၏။
“ယွင်ကျောင်း၊ ဒါကို မသမာတဲ့နည်းလို့ နင်ထင်နေတယ်မလား? ဒါပေမယ့် ဒီနည်းလမ်းကအကောင်းဆုံးပဲ။ သူကဝိုင်ချက်နည်းကို လိုချင်တယ်ဆိုရင် ငါတို့သူ့ကိုပေးလိုက်တာပေါ့။ မဟုတ်ရင် ဒီနေ့မှာ ဂျိမ်းစ်လိုမျိုး ယုတ်မာတဲ့လူက တစ်ယောက်ပဲရှိပေမယ့်၊ နောက်တစ်နေ့ကျရင် သူ့လိုနည်းလမ်းမျိုးသုံးပြီး နင့်ဆီက အကျိုးအမြတ်ရှာချင်တဲ့လူတွေ ထပ်ရှိဦးမှာပဲ။ အဲ့လိုမျိုးဖြစ်တာထက် အနာဂတ်မှာဖြစ်နိုင်ချေရှိတဲ့ ပြသာနာအားလုံးကို ရှင်းထားတာ ပိုကောင်းတယ်။ ဒီအစီအစဥ်အောင်မြင်သရွေ့ အခုချိန်ကစပြီး သူတို့ရှေ့မှာ ဝိုင်ချက်နည်းကို ချပေးထားရင်တောင် သုံးရဲတော့မှာမဟုတ်ဘူး။ တွေးထားတာကတော့ ဝိုင်ချက်နည်းအတုက အစစ်နဲ့အများစုတူဖို့ပဲ။ ကွာခြားချက်ကို ရှာလို့မတွေ့အောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့”
အခြားသူသာဆိုလျှင် တစ်ပုံစံတည်းဖြစ်ပြီး အာနိသင်ကွဲသည့်အရာကို သုတေသနလုပ်ပြီး ရှာဖွေနိုင်လောက်မည်ဟု ထင်မည်မဟုတ်သော်လည်း ဤလူမှာ ကျင်းယွင်ကျောင်းဖြစ်နေသောကြောင့် သူမသည် ယုံကြည်ချက်အပြည့်ရှိ၏။
သူမ၏ ဆေးပညာစွမ်းရည်များကို မျက်မြင်ကိုယ်ကျမမြင်ဖူးသော်လည်း ထန်ကျစ်ဟွားသည် သူမကြောင့် ရောဂါပျောက်ကင်းသွားသည်ကို ရှောင်ဟိုင်ချင်းသိထားသည်။ နင်းမြို့တော်တွင် သူမလူနာများစွာရှိသည်ကိုလည်း သိထား၏။
ထို့အပြင် ရှောင်ဟိုင်ချင်းသည် သူမနှင့်တစ်ခုံတည်းထိုင်သောသူဖြစ်၏။ နေ့တိုင်းလိုလို သူမသည် စာရွက်တစ်ရွက်ပေါ်တွင် ဆေးဖက်ဝင်အပင်များကို ရေးခြစ်ဆွဲနေတတ်သည်ကို ရှောင်ဟိုင်ချင်းမြင်ထားသည်။ တစ်ခါတရံတွင် သူမသည် မည်သည့်အပင်က မည်သည့်ဆေးဖက်ဝင်အာနိသင်ရှိကြောင်းကို ရှင်းပြတတ်သေးသည်။
ထို့ကြောင့် သူမသာဆိုလျှင် သေချာပေါက်လုပ်နိုင်ပေသည်။
ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းအား ကြည့်ကာ ခဏတာမျှတွေဝေသွားပြီးမှ ပြောလိုက်၏။
“တစ်ပုံစံတည်းလုပ်ပေးလို့ရတယ်။ အရသာက ဝိုင်အစစ်နဲ့တူပေမယ့် သောက်ပြီးတဲ့အချိန်မှာ ပူပြီး နေရခက်လာလိမ့်မယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုတော့ ထိခိုက်မှာမဟုတ်ဘူးပေါ့။ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် တတ်နိုင်သမျှ အပြစ်မဲ့တဲ့လူတွေကို မထိခိုက်မိအောင် လုပ်ရမယ်”
ကျန်းမာရေးအတွက် ကောင်းစေသော ကျောက်စိမ်းဝိညာဥ်ဝိုင်နှင့်မတူဘဲ ခန္ဓာကိုယ်ကို ပူလောင်စေပြီး နေရခက်စေပေမည်။
ဝိုင်ချက်နည်းအတုအား ဖန်တီးရာတွင်မူ အလွန်ကွာခြားသွားပေမည်။ ပါဝင်ပစ္စည်းများ ထည့်သည့်အစီအစဥ်လည်း ကမောက်ကမဖြစ်ကုန်ပြီး ဆေးစွမ်းရှိသည့် အချို့ဆေးဖက်ဝင်အပင်များကို အခြားအပင်များနှင့် အစားထိုးမည်။ ထိုထက် အရေးကြီးသည်မှာ ဝိုင်ချက်နည်းအတုတွင် နေရာလွတ်နယ်မြေတွင် ထုတ်လုပ်မည့် နှစ်တစ်ရာဂျင်ဆင်းကို သုံးမည်မဟုတ်သောကြောင့် ဝိုင်အတု၏ အရသာသည် အာရုံခံအလွန်ကောင်းသောလူမဟုတ်လျှင် အစစ်နှင့် ထူးမခြားနားဖြစ်နေလိမ့်မည်။ ထို့အပြင် ပါဝင်ပစ္စည်းစစ်ဆေးမှုတွင် ဆေးဖက်ဝင်အပင်များထည့်သည့် အစဥ်မှာ မှားနေသော်လည်း အပင်အမျိုးအစားများမှာ အခြေခံအားဖြင့် တူညီသောကြောင့် စိတ်ပူစရာမရှိပေ။
“ကောင်းတာပေါ့။ နည်းလမ်းအသစ်တွေ ရှာဖို့လွယ်လိုက်တာ”
ရှောင်ဟိုင်ချင်းပြောလိုက်သည်။
“ဒါပေမယ့် ဟိုင်ချင်း၊ ဒီနေ့ ကျန်းရုံကို နင်ရုတ်တရတ်ကြီးချီးကျူးလိုက်တာက နင့်အဖေသူ့ကို အမြင်မကြည်အောင် လုပ်ဖို့လောက်ပဲ မဟုတ်ဘူးမလား? ဘာလို့အပင်ပန်းခံလိုက်တာလဲ?”
ကျင်းယွင်ကျောင်းထပ်ပြောလိုက်ပြန်သည်။
ရှောင်တောက်အန်းသည် ယနေ့တွင် ကျန်းရုံအား ဆူပူလိုက်သော်လည်း မကြာခင်တွင် ကျန်းရုံကိစ္စအား ခေါင်းထဲထည့်တော့မည်မဟုတ်ချေ။ သူမသည် ကြည့်ကောင်းသည်ဆိုတိုင်း ရှောင်တောက်အန်းသည် နေ့တိုင်းလိုလိုသံသယဝင်နေ၍မဖြစ်ပေ။
ထို့ကြောင့် နောက်ဆက်တွဲအစီအစဥ်များမချလျှင် ထိုထမင်းစားပွဲရှိ စကားလုံးများမှာ အကျိုးမရှိဘဲ ဖြစ်သွားလိမ့်မည်ဟု သူမခံစားနေရသည်။
ရှောင်ဟိုင်ချင်း၏မျက်လုံးများထဲတွင် လူသတ်လိုစိတ်အရိပ်အယောင်များ သန်းသွား၏။
“ဟုတ်တယ်၊ ငါ့မှာတခြားအကြံတွေရှိတယ်”
“ယွင်ကျောင်း၊ ငါ့အဖေက တစ်ကိုယ်ကောင်းဆန်တဲ့လူဆိုပေမယ့် သူ့ရည်မှန်းချက်တွေ မြန်မြန်ပြည့်ဝအောင် သူ့အနားကရှိသမျှအရာအားလုံးကို အသုံးချဖို့ပြောနိုင်တာ ကျန်းရုံပဲရှိတယ်။ ကျန်းရုံသာ နေ့တိုင်းငါတို့ကို ရန်မတိုက်ပေးခဲ့ရင် ငါလည်း ငါ့အဖေမျက်လုံးထဲမှာ လဲလှယ်လို့ရတဲ့ပစ္စည်းတစ်ခုသာသာလို့ ဒီလောက်မြန်မြန်မြင်လာမှာမဟုတ်ဘူး။ သူက အတွက်အချက်တော်တယ်။ ဒါပေမယ့် ဘယ်သူမဆို ကိုယ်စိုက်တဲ့အသီးကို ကိုယ်ပြန်ရိတ်ရတာထုံးစံပဲလေ”
Space and Rebirth 591
Trans: Esth
ရှောင်ဟိုင်ချင်းသည် အေးစက်တည်ငြိမ်သောအပြုံးဖြင့် စကားပြောနေ၏။ သူမသည် အနည်းငယ်ကလေးဆန်နေသော အသွင်အပြင်ကြောင့်သာ မဟုတ်ခဲ့လျှင် သူမအတိတ်ဘဝမှ မှတ်မိနေခဲ့သော ရှောင်ဟိုင်ချင်း၏အသွင်အပြင်နှင့် တူညီလုနီးပါးရှိသည်။
ရှောင်ဟိုင်ချင်းသည် လက်ရှိအချိန်တွင် အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။ ဤအမုန်းတရားအား အချိန်တိုအတွင်း ဖြေဖျောက်ရန် မဖြစ်နိုင်မှန်း ကျင်းယွင်ကျောင်းသိပေသည်။ သူမလုပ်ချင်သောအရာများသည် မသမာသောအရာများဖြစ်နေလျှင်ပင် ကျင်းယွင်ကျောင်းသည် သိပ်မတားချင်တော့ပေ။
ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို ဘောပင်နှင့်စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ဝိုင်ချက်နည်းအတုအား ရေးချလိုက်၏။
သူမ၏ မူရင်းလက်ရေးမှာ သပ်ရပ်လှပြီး ကြမ်းတမ်းမှုနှင့် နူးညံ့သိမ်မွေ့မှုနှစ်မျိုးလုံး ထင်ရှားခြင်းမရှိပေ။ သို့ရာတွင် ဂျိမ်းစ်မှ သံသယဝင်မည်ကို ရှောင်ရှားရန် သူမသည် ခဏမျှတွေးလိုက်ပြီး အဘိုးကြီးတစ်ဦးမှ ရေးထားသည့်ဟန်ဖြင့် စကားလုံးများကိုထင်းထင်းရေးလိုက်သည်။
ထို့နောက် သူမသည် အလွန်အနုစိတ်လက်ရာမြောက်သော ဘူးတစ်ဘူးကို ရှာကာ ဝိုင်ချက်နည်းအား ထိုအထဲသို့ထည့်လိုက်သည်။ သူမပုံစံမှာ အလွန်လေးနက်နေ၏။
သို့ရာတွင် ရှောင်ဟိုင်ချင်းသည် ရက်ပိုင်းခန့် ထိုအရာကို ပေးမည်မဟုတ်ချေ။ သူမသည် ဂျိမ်းစ်၏တောင်းဆိုချက်ကို နောက်တစ်ရက်မှ လက်ခံလိုက်ခြင်းဖြစ်သည်။
နှစ်ဦးသားသည် ဟွားနင်ခရိုင်ထဲသို့ ပြန်လာကြပြီး ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းအနားတွင် ရက်အနည်းငယ်ခန့်နေလိုက်သည်။ သူမသည် အလွန်အဆင်ပြေဟန်ဆောင်လိုက်ပြိး ညဘက်တွင်မူ စူးချူနှင့် ကျင်းယွင်ကျောင်းအတူနေခဲ့သည့် အိမ်တွင်ပင်နေလိုက်သည်။ ဝိုင်ချက်နည်းအစစ်အားယူရန် အခွင့်အရေးတစ်ရပ်ဖြစ်ဟန် ပေါက်စေရန်ဖြစ်၏။
သို့ရာတွင် ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်းတို့မှ ဤမျှလောက် လျှို့ဝှက်သိုသိပ်နေသည်ကို မြင်လိုက်ရသောအခါ စူးချူသည် ဇဝေဇဝါဖြစ်သွားသည်။ သူမသည် ကျောင်းပိတ်ရက်အတွင်း အိမ်တွင်နေရမည်ဖြစ်သော်လည်း ကျင်းယွင်ကျောင်း၏ သူစိမ်းဆန်မှုကို တွေးကြည့်လိုက်သောအခါ စူးချူနှင့် ကန်ကျင်းချန်သည် ပြန်ပြောင်းလာတော့သည်။
ဤရက်ပိုင်းအတွင်းတွင် သူတို့သည် နေ့တိုင်းလိုလို သူမအားစတင်စကားပြောပြီး ရှောင်ဟိုင်ချင်းထက်ပင် သူမအား တွယ်ကပ်ကြသေး၏။
“အစ်မ၊ ကြည့်ပါဦး ဒါငါချက်ထားတာလေ။ အရသာဘယ်လိုလဲ မြည်းကြည့်ပါလား...”
“အစ်မ၊ ငါအင်္ကျီသွားဝယ်မို့ လိုက်ခဲ့ပါလား...”
“အစ်မ၊ အဘိုးက စားစရာတချို့ပို့ပေးဖို့ ပြောလိုက်လို့...”
...
တစ်နေ့လုံးတွင် ကျင်းယွင်ကျောင်းသည် စူးချူ၏အသံကို တစ်နာရီတစ်ကြိမ်နီးပါး တညံညံကြားရတတ်သည်။ ထိုတင်မက သူမအပြင် ကန်ကျင်းချန်သည်လည်း အနည်းငယ်ထူးဆန်းနေ၏။ မကြာခဏဆိုသလို ကန်ကျင်းချန်သည် သူမအား ဆေးပညာနှင့်ပတ်သတ်သောမေးခွန်းများကို မေးတတ်သည်။ သူ့အားကြည့်ရသည်မှာ လေ့လာသင်ယူလိုစိတ် အလွန်အားသန်နေပုံပေါက်၏။
သို့ရာတွင် သူသည် သူမနှင့် စကားပြောလိုခြင်းသာဖြစ်မှန်း သိသာလှသည်။
နောက်ဆုံးတွင် သုံးရက်ခန့်ကြာသော် ရှောင်ဟိုင်ချင်းထွက်သွားပြီးနောက်တွင် ကျင်းယွင်ကျောင်းသည် ဆက်သည်းမခံနိုင်တော့ချေ။
“ချူချူ၊ နင်တို့နှစ်ယောက် အခုတလော ဘာဖြစ်နေကြတာလဲ? ငါ့တံခါးကို တစ်နေ့အခါနှစ်ဆယ်နီးပါးလောက် လာခေါက်နေကြတယ်၊ ဘာတွေဖြစ်နေလို့လဲ?”
ကျင်းယွင်ကျောင်မေးလိုက်သည်။
စူးချူမျက်နှာတွင် မလုံမလဲသည့် အရိပ်အယောင်များပြေးသွားသည်။
“အခါနှစ်ဆယ်တဲ့လား? အဲ့လောက်တောင်များတာလား...ဟီးဟီး၊ အစ်မ ငါကဒီတိုင်းပျင်းလို့ပါ...”
“နင်တို့နှစ်ယောက် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါအိမ်ပြောင်းတော့မယ်”
ကျင်းယွင်ကျောင်းသည် အပြုံးဖျော့တော့တော့ဖြင့် ပြောလိုက်သည်။
“ဟင့်အင်း!”
စူးချူသည် ထိုစကားကို ကြားလိုက်သောအခါ အလျင်အမြန်ပြောလိုက်၏။
“အိမ်ပြောင်းလို့မရဘူး! အစ်မ၊ ငါတို့တောင်းပန်ပါတယ်။ နင့်ကိုငါတို့နှောင့်ယှက်မိတာသိပေမယ့် နင်နဲ့ဟိုင်ချင်းက အခုတလော တီးတိုးတီးတိုးနဲ့ နေနေကြပြီး ငါတို့ကိုလည်း ပုံမှန်အတိုင်းစကားမပြောတော့ဘူးလေ...”
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစွန်းများတွန့်သွားသည်။
ရှောင်ဟိုင်ချင်းမတော်တဆဖြစ်သောနေ့တွင် သူမသည် အလွန်စိတ်မကြည်မလင်ဖြစ်နေခဲ့သည်။ သူမသည် မိမိအနားမှလူများကို ဒုက္ခပေးမိနေသည်ဟု ခံစားလိုက်ရသောကြောင့် စူးချူနှင့် အခြားသူများအနားမှ ဝေးဝေးနေချင်ခဲ့မိသည်။ ထို့ကြောင့်လည်း နောက်နေ့များတွင် သူတို့အား တမင်ရှောင်နေခြင်းဖြစ်သည်။ သို့ရာတွင် သူမသည် သူတို့နှင့် ခါတိုင်းကဲ့သို့ တွဲသွားတွဲလာမလုပ်လိုခြင်းသာ ဖြစ်ပြီး သူတို့နှင့် အဆက်အသွယ်လုံးဝဖြတ်ရန် ရည်ရွယ်ချက်မရှိပေ။
သူမသာ သူတို့အား စကားမပြောလျှင်ရပေပြီ...
ပြသာနာမှာ သူတို့နှစ်ဦးသားသည် အချိန်ရရင်ရသလို သူမအား လာရှာတတ်ကြလေသည်။ သူမမှ စတင်စကားမပြောလျှင်ပင် အဘယ်သို့အကျိုးရှိတော့မည်နည်း?
“အခုတလော နင်တို့ကိုတစ်ခုခုပြောချင်ပေမယ့် နင်တို့နှစ်ယောက်က နည်းနည်းထူးဆန်းနေတော့ ဘာတွေဖြစ်နေကြတာလဲဆိုတာ သိချင်နေတာ”
ကျင်းယွင်ကျောင်းသည် ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်၏။
စူးချူသည် ထိုစကားကိုကြားလိုက်သောအခါ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ထို့နောက် သူမသည် ခေတ္တမျှတွေးပြီး အသက်ကိုပြင်းပြင်းရှူကာ မေးလိုက်၏။
“အစ်မ၊ မဟုတ်မှလွဲရော ငါတို့ကိုတမင်ရှောင်နေတာလား?”
Space and Rebirth 592
Trans: Esth
ကျင်းယွင်ကျောင်းသည် မှုန်တေတေဖြင့် သူမအားစိုက်ကြည့်လိုက်သည်။ စူးချူသည် အလွန်စိတ်လှုပ်ရှားနေကြောင်းကို သူမသိလိုက်ရ၏။ သူမမျက်လုံးတစ်စုံတွင် အခိုးများဝေနေပြီး သူမနှုတ်ခမ်းစွန်းများသည် အနည်းငယ်တုန်ယင်နေသည်။ ကြည့်ရသည်မှာ ကျင်းယွင်ကျောင်းမှ “အင်း” ဟုဖြေသည်နှင့် သူမသည် ချက်ချင်းငိုတော့မည့်ပုံပေါက်၏။
စူးချူသည် နေမထိထိုင်မသာဖြစ်နေဟန်ဖြင့် တံခါးဝနားတွင် ရပ်နေသောကြောင့် ကျင်းယွင်ကျောင်းသည် ရုတ်ချည်းပင် အပြစ်ရှိသလိုခံစားလိုက်ရသည်။
“ဟုတ်လည်းဟုတ်တယ်၊ ဟုတ်လည်းမဟုတ်ဘူး”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“အနာဂတ်မှာ နင့်ကိုရှောင်ဖို့အင်အား ငါ့မှာမရှိဘူး။ ငါက ဒီအချိန်အတွင်းမှာ လူတွေရဲ့အာရုံစိုက်မှုကို အတတ်နိုင်ဆုံးရှောင်ချင်ရုံပဲ။ ငါကနင်နဲ့မတူဘူးလေ။ ချူချူ၊ ငါ့နားမှာ ဘာလို့အမြဲတမ်းပြသာနာတွေဖြစ်နေရလဲဆိုတာ နင်လည်းနားလည်သင့်တယ်။ ငါက မိဘမဲ့တစ်ယောက်ဖြစ်နေလို့ပဲ။ ငါ့ငယ်ဘဝက စိတ်ပျက်စရာတွေကြီးပဲမို့ လူတိုင်းထက် ဆိုးရွားတဲ့ဘဝနဲ့ပဲ ငါကထိုက်တန်တာကြောင့်ပဲ”
အချို့လူများသည် ဤကဲ့သို့တွေးကြသည်။ သူတို့ထက်ဂုဏ်သိက္ခာရှိသော လူတစ်ဦးသည် မည်မျှပင်ကောင်းစားနေပါစေ ဤသည်မှာဖြစ်သင့်သည်ဟု တွေးကြခြင်းဖြစ်သည်။ သူတို့သည် ထိုသူတို့၏ နှိပ်ကွပ်ခြင်းကိုခံနိုင်သော်လည်း နိမ့်ကျသည်ဟု သတ်မှတ်ခံထားရသူတစ်ယောက်မှာ ရုတ်ချည်းဆိုသလို အမြင့်သို့တဟုန်ထိုးတက်သွားသည်ကို သူတို့သည် မည်သည့်နည်းနှင့်မျှ မမြင်နိုင်ကြချေ။
သူမသည် စုတ်စုတ်ပြတ်ပြတ်ဖြင့် ဤလောကထဲရောက်လာကတည်းက ဘုရားသခင်မှပေးသော လူတန်းစားကွာဟမှုကို အခြားသူများခံစားလိုက်ရသည်။ သူတို့သည် ကမ္ဘာပေါ်တွင် သနားစရာအကောင်းဆုံးလူမဟုတ်ကြောင်း သူမကသက်သေပြနေခြင်းကြောင့် ဖြစ်သည်။ အချို့လူများသည် သူမအား လိုအပ်သည်ထက်ပို၍ ကရုဏာသက်ကြ၏။ သို့သော် သူမသည် ထိုကရုဏာကို မလိုအပ်တော့ဘဲ အခြားလူများအားလုံးထက် သာလွန်သွားပြီဖြစ်ကြောင်း သူတို့သိလိုက်သည်နှင့် သူတို့သည် မနာလိုဝန်တိုကြပြီး စက်ဆုပ်ရွံရှာသွားကြလေသည်။
သူမပြန်လည်မွေးဖွားခဲ့သည့်အချိန်မှစစ၍ ပြသာနာပေါင်းစုံပေါ်ပေါက်လာရခြင်းမှာ သူမသည် မကောင်းမှုများနှင့် ကံပါ၍မဟုတ်ဘဲ သူမ၏ဘဝနောက်ခံမှာ အနိုင်ကျင့်ရလွယ်ကူသောကြောင့်ဖြစ်၏။
ဤဘဝနှင့် ဆန့်ကျင်ဘက်အနေဖြင့် ယခင်ဘဝတွင် သူမအားအစမှအဆုံးထိ ပြသာနာရှာခဲ့သူများမှာ ချောင်ဟုန်ယဲ့နှင့် သူမသူငယ်ချင်းများသာဖြစ်သည်။ အခြားသူများသည် အပြင်ပန်းတွင် မည်မျှပင်ယုတ်မာစေကာမူ အတွင်းထဲတွင် သူမကိုကြည့်လိုက်သည်နှင့် စိတ်ကျေနပ်ကြလေသည်။ အများဆုံးအနေဖြင့် သူမအား လှောင်ပြောင်ရုံသာရှိပြီး သူမအားအနီးကပ်ပစ်မှတ်ထားခြင်းမျိုး မရှိခဲ့ပေ။
“ဒါပေမယ့်၊ ငါတို့နှစ်ယောက်ရဲ့ ဆန္ဒကိုရော မမေးတော့ဘူးလား? နင့်နားမှာ ပြသာနာတွေရှိတတ်တာကို ငါတို့ဂရုစိုက်လား မစိုက်လားဆိုတာကိုပေါ့”
စူးချူသည် သူမနှာခေါင်းကိုပွတ်လိုက်ပြီး မတရားခံရသည့်ရုပ်ကလေး ဖြစ်သွားသည်။
“မသိနိုင်သေးတဲ့ အန္တရာယ်တွေ၊ ပြသာနာတွေကို ကြောက်တာနဲ့ပဲ တစ်သက်လုံးအမှောင်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုပိတ်ထားလို့မရဘူးလေ ဟုတ်တယ်မလား? နင်က ကိုယ့်သူငယ်ချင်းတွေကို အန္တရာယ်ပေးမိမှာစိုးလို့ သူငယ်ချင်းတွေနဲ့ ခပ်ခွာခွာနေတယ်ဆိုတာ အဆိုးဆုံးနည်းလမ်းပဲ။ ငါတို့နှစ်ယောက်တွေးကြည့်ပြီးသွားပြီ၊ နင်နဲ့အတူ ငါတို့နှစ်ယောက်တိုးတက်လာအောင် ကြိုးစားလို့ရတာပဲ။ ဟိုင်ချင်းကတော့ ငါ့ကိုတုံးတယ်လို့ အမြဲတမ်းပြောတတ်တာမို့ လူတွေရဲ့အရိပ်အခြည်ကို ကြည့်တတ်အောင် ငါကြိုးစားမယ်။ ငါတို့က ငါတို့ဘာသာကာကွယ်ဖို့ အင်အားမရှိဘူးလို့နင်ထင်ရင် ဟိုင်ချင်းလိုမျိုး ငါတို့သိုင်းသင်လို့လည်းရတာပဲ။ ငါတို့ဘေးနားမှာ နင့်လိုပညာရှင်တစ်ယောက်ရှိနေမှတော့ ငါတို့ဘယ်လောက်ပဲတုံးတုံး တခြားလူတွေထက်တောင် ပိုသင်ယူနိုင်မှာပေါ့ မဟုတ်ဘူးလား?”
စူးချူတွင် တွေးထားသောနည်းလမ်းများစွာ ရှိနေလေသည်။ သို့ရာတွင် ၎င်းတို့သည် အလွန်ဘဝင်ကျစရာကောင်းသည်ဟု ပြောရမည်။
ကျင်းယွင်ကျောင်းသည် မိမိဘဝအား ပြည့်ပြည့်ဝဝဖြင့် စိတ်လှုပ်ရှားစွာရှင်သန်နိုင်ရန် မျှော်လင့်မိသည်။ သူမသည် သူငယ်ချင်းများနှင့် အနာဂတ်တစ်ခုရှိလိုပြီး သူတို့အား အမြဲတစေမရှောင်ရှားချင်ပေ။
စူးချူနှင့် ကန်ကျင်းချန်မှာ သာမန်လူများဖြစ်သော်လည်း သူတို့သည် သူမအား မိသားစုကဲ့သို့အနွေးဓာတ်ပေးခဲ့သည်မှာ တစ်ခါမကပေ။ သူတို့သည် သူငယ်ချင်းထက်ပိုသောဆက်ဆံရေးဟု ပြောနိုင်သည်။
ကျင်းယွင်ကျောင်းနှုတ်ခမ်းများကို စေ့လိုက်သည်။
“သိုင်းသင်ရတာ အရမ်းပင်ပန်းဖို့ကောင်းတယ်”
“ဆိုတော့ နင်သဘောတူတယ်ဆိုတဲ့ အဓိပ္ပာယ်လား?”
စူးချူသည် သူမအား စူးစိုက်ကြည့်လိုက်သည်။
“ဟိုင်ချင်းငါ့ဆီက သိုင်းစသင်ကတည်းက မနက် ၅ နာရီဆိုထနေရပြီ...”
ကျင်းယွင်ကျောင်းသည် စကားပြောရင်းဖြင့် မျက်နှာထားနူးညံ့သွားသည်။ စူးချူ၏နှုတ်ခမ်းများသည် ကွေးညွှတ်သွားပြီး ကျင်းယွင်ကျောင်းထံ အပြေးအလွှားလာလိုက်၏။ သူမကြည့်ရသည်မှာ အလွန်ပျော်ရွှင်နေဟန်ဖြစ်သည်။
“မကြောက်ပါနဲ့ မကြောက်ပါနဲ့။ ငါလည်း ငယ်ငယ်တုန်းက အဘိုးနဲ့နေတုန်းကဆို မနက် ၅ နာရီထရတာပဲ! တကယ်တော့ နင့်ဆီက သင်ချင်နေတာကြာပြီ။ ဘယ်သူသိနိုင်မလဲ တစ်နေ့ကျရင် ငါလည်းမြေလျှိုးမိုးပျံနိုင်မှာပေါ့ အဲ့လိုမထင်ဘူးလား?”
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။ သူမသည် စကားစရှာမရဖြစ်နေ၏။
မြေလျှိုးမိုးပျံရသည်မှာ လွယ်ကူသည့်အရာမဟုတ်ပေ။ သူမသည် ယခုတွင် ပျံလွှားတစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်နေသော်လည်း သူမသည် ရာဇဝင်တွင်သော ကိုယ်ဖော့သိုင်းပညာကိုမူ တတ်မြောက်ရန်လိုသေးသည်။ ထို့အပြင် ကိုယ်ဖော့သိုင်းဆိုသည်မှာလည်း ထိုမျှလောက် ဆန်းကြယ်သောအရာမဟုတ်ပေ။ ပြင်ပအရာဝတ္ထုများကို အသုံးချပြီး မိမိအတွင်းအားဖြင့် လှုပ်ရှားခြင်းသာဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ ပျံနိုင်ရန်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။