အခန်း (၅၉၃-၅၉၆)
Vol. 30 Ch. 593-596
Space and Rebirth 593
Trans: Esth
စူးချူ၏အပြုံးသည် နုပျိုတောက်ပနေသောကြောင့် တစ်ဖက်လူကိုပင် အပျော်များကူးစက်သွား၏။
အပြင်ဘက်တွင် ကန်ကျင်းချန်သည် ဆိုဖာပေါ်တွင် တည်တည်တံ့တံ့ဖြင့် ထိုင်နေဟန်ပေါက်သော်လည်း အမှန်မှာ စူးချူတို့ပြောသည်များကို ခိုးနားထောင်လျက်ရှိသည်။ စူးချူသည် သူမလိုချင်သောအရာကို ရရှိပြီဖြစ်၍ အပြုံးမှိန်ဖျဖျဖြင့် အသီးအချို့ကိုသွားဆေးကြောကာ ကျင်းယွင်ကျောင်းထံယူလာပြီး စားပွဲပေါ်တွင်တိတ်တဆိတ်ချ၍ လှည့်ထွက်ရန်ပြင်လိုက်၏။
“ယွင်ကျောင်း၊ မနက်ဖြန်ကနေ အထူးလေ့ကျင့်ရေးကိုစရအောင်။ မနက် ၅ နာရီ တံခါးဝမှာစောင့်နေမယ်”
စူးချူသည် ကျင်းယွင်ကျောင်းအားမျက်စပစ်လိုက်ပြီး ကလူကျီစယ်သောအပြုံးဖြင့် ပြုံးလိုက်သည်။
ကျင်းယွင်ကျောင်းမှာမူ ကန်ကျင်းချန်မှ တည်ကြည်ချင်ယောင်ဆောင်နေသောကြောင့် အံ့အားသင့်နေမိ၏။
ထိုအချိန်တွင် ရှောင်ဟိုင်ချင်းသည် နင်းမြို့တော်မှထွက်ခွာကာ ဂျိမ်းစ်၏လူနာဆောင်ထဲသို့ ရောက်နေပြီဖြစ်သည်။
“ယူလာစရာရှိတာတွေယူလာလား?”
ဂျိမ်းစ်မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူသည် ရှောင်ဟိုင်ချင်းကို မြင်လိုက်သည်နှင့် သိသိသာသာပင် စိတ်မကြည်တော့ချေ။
ဂျိမ်းစ်ဘေးတွင် နောက်ထပ်လူတစ်ဦးရပ်နေ၏။ ရှောင်ဟိုင်ချင်းသည် သူ့အားမျက်မြင်ကိုယ်တွေ့ မမြင်ဖူးသော်လည်း သူ၏ဓာတ်ပုံများကိုတော့ မြင်ဖူးသည်။
သို့ရာတွင် သူမကြိုတင်မစုံစမ်းထားလျှင်ပင် သူမနှင့်စိမ်းနေပြီး ထိုရည်မှန်းချက်ကြီးမားသော အကြည့်များအရ ဤလူမှာ ဟိုင်ယန်းကုမ္ပဏီပိုင်ရှင်ဖြစ်သူ ကျိုးဟိုင်ယန်းဖြစ်မှန်း တပ်အပ်ပြောနိုင်ပေသည်။ ဤလူမှာ သူမအားအနိုင်ကျင့်ရန် နေစရာနေရာရှာပေးခဲ့သူဖြစ်ပြီး ဤကိစ္စတွင် အဓိကအကျိုးခံစားရသူဖြစ်၏။
ရှောင်ဟိုင်ချင်းသည် ထိုသူအား ဝေ့ကြည့်ပြီးနောက် သူမနှုတ်ခမ်းစွန်းများသည် အပေါ်သို့ကွေးညွှတ်သွားသည်။
“ဒါက မစ္စတာကျိုးဖြစ်မယ်။ တကယ်အောင်မြင်နေတဲ့လူမှန်း သိသာပါပေတယ် ကြည့်လိုက်တာနဲ့ တခြားလူတွေနဲ့မတူဘူး”
မတော်တဆမှုအပြီးတွင် ကျင်းယွင်ကျောင်းသည် ဤလူ၏ နောက်ကြောင်းအား စုံစမ်းခဲ့၏။
သူမသည်လည်း ထိုစုံစမ်းစစ်ဆေးချက်များကို ဖတ်လိုက်ရသည်။ ကျိုးဟိုင်ယန်းမှာ ဤနှစ်တွင် ၂၇-၂၈နှစ်ခန့်ရှိပြီဖြစ်ကာ မိသားစုစီးပွားကို အမွေဆက်ခံပြီးနောက် ကုမ္ပဏီပိုင်ရှင်ဖြစ်လာသူဖြစ်သည်။ ယခင်က သူ၏ကုမ္ပဏီသည် အဓိကအားဖြင့် ဝိုင်စျေးကွက်အတွင်း ရှိခဲ့သော်လည်း စီးပွားသိပ်မဖြစ်ခဲ့ပေ။ သူ၏ဝိုင်သည် ထူးခြားမှုမရှိဘဲ ဝိုင်၏ဘရန်းမှာလည်း အရည်အသွေးသိပ်မရှိလှသောကြောင့် ဖြစ်သည်။ သူသည် ထိုဝိုင်အား ကြော်ငြာပေးရန် ငွေများစွာမသုံးနိုင်သောကြောင့် ရောင်းအားသည် တဖြည်းဖြည်းကျလာခဲ့၏။ နောက်ဆုံးတွင် သူသည် ထိုလုပ်ငန်းအားပြောင်းလဲလုပ်ဆောင်လိုက်ပြီး ထုတ်ကုန်အသစ်များကို ထုတ်လိုက်သည်။ စားသောက်ကုန်အသစ်များမှာ ရေပန်းမစားသော်လည်း ဆိုးလှသည့်အထဲတွင်မပါပေ။
သူသည် ရှောင်ဟိုင်ချင်းကြောင့် မှင်တက်သွားပြီး ခဏကြာသော် ပြုံးလိုက်၏။
“မိန်းကလေးရှောင်”
“မနေ့ညက မစ္စတာဂျိမ်းစ်နဲ့အတူ မစ္စတာကျိုးရဲ့အိမ်ကို ရောက်ခဲ့ပါသေးတယ်။ ရှင့်အိမ်က သပ်သပ်ရပ်ရပ်ရှိပြီး နွေးထွေးပေမယ့် နည်းနည်းအထီးကျန်ဆန်သလိုပဲနော်။ မစ္စတာကျိုးမှာ မိန်းမနဲ့ကလေးတွေမရှိဘူးထင်တယ်?”
ရှောင်ဟိုင်ချင်းထပ်မေးလိုက်ပြန်သည်။
သူမ၏မျက်လုံးများသည် မီးဝင်းဝင်းတောက်နေပြီး သူမ၏ဆင်ခြင်တုံတရားကို မြိုချနေရဟန်ရှိ၏။
သို့ရာတွင် နေ့ရက်တိုင်း စက္ကန့်တိုင်း၌ သူမသည် ပိုကောင်းမွန်သောဘဝနှင့် ရှင်သန်နိုင်ရန် စိတ်တည်ငြိမ်ပြီး ခေါင်းကိုကြည်ကြည်လင်လင်ထားရမည်ဟု သူမကိုယ်သူမ သတိပေးနေပေသည်။ ထိုမှသာ သူမအားအနိုင်ကျင့်ခဲ့သူများသည် သူတို့လိုချင်သောအရာများကို ရနိုင်တော့မည်မဟုတ်ပေ။
“ကျွန်တော်က အခုထိအိမ်ထောင်မပြုရသေးပါဘူး...ဒါကြောင့် အရင်တုန်းက မိဘတွေက အိမ်မှာနေခဲ့ပေမယ့် သူတို့လည်း အခုတော့ နိုင်ငံခြားရောက်သွားပါပြီ”
ကျိုးဟိုင်ယန်းပြန်ဖြေလိုက်သည်။ သူသည် အနည်းငယ်အံ့သြနေပြီး အနည်းငယ်လည်းဇဝေဇဝါဖြစ်နေ၏။
ယုတ္တိရှိရှိပြောရလျှင် ဤရှောင်ဟိုင်ချင်းဆိုသူမှာ သူနှင့်တွေ့လျှင် အလွန်ဒေါသပေါက်ကွဲပြီး မုန်းတီးမှုများဖြင့် ပြည့်နှက်နေရမည်မဟုတ်လော။ သို့ရာတွင် သူမအသွင်အပြင်မှာ တည်ငြိမ်နေပြီး သူမ၏လေသံတွင်ပင် ရင်းနှီးမှုများစွတ်နေသည်။ မသိလျှင် သူတို့နှစ်ဦးသည် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော မိတ်ဆွေဟောင်းများကဲ့သို့ပင်။ ဤကဲ့သို့ဆက်ဆံပုံသည် ထူးဆန်းလွန်းလှ၏။
သူမသည်သာ လူကြီးတစ်ဦး သို့မဟုတ် အတွေ့အကြုံရှိခဲ့ဖူးသူတစ်ဦးဖြစ်လျှင် သူသည် သေချာပေါက်ပို၍ သတိထားမိပေမည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် အကြောင်းရင်းမရှိဘဲ ဖော်ရွေနေမည်မဟုတ်ပေ။ သို့သော် သူမသည် မိန်းကလေးငယ်တစ်ဦးသာဖြစ်သည်။ သူမဤကဲ့သို့ဖြစ်နေရခြင်းမှာ မစ္စတာဂျိမ်းစ်အား ချစ်ကျွမ်းဝင်သွားပြီး သူ့အားကျေးဇူးတင်နေ၍ဖြစ်မည်ဟု ကျိုးဟိုင်ယန်းတွေးလိုက်၏။
ထိုမှသာ သူသည် စိတ်အေးသွားပြီး မျက်နှာတွင် အပြုံးပန်းဆင်လိုက်သည်။
ရှောင်ဟိုင်ချင်းသည် စိတ်ထဲတွင် ဤလူအား လှောင်ပြောင်နေလေသည်။
မစ္စတာဂျိမ်းစ်မှာမူ စကားလမ်းကြောင်းလွှဲသည်ကို သိပ်နှစ်မျို့လှသည်မဟုတ်ချေ။ သူသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“စကားပြောချင်ရင် ပြောလို့ရပါတယ် ဒါပေမယ့် အခုအချိန်မှာတော့ ငါတို့လိုချင်တာကို မင်းယူလာသလားဆိုတာကိုပဲ အရင်သိချင်တယ်။ မိန်းကလေးရှောင်၊ မင်းအချိန်ဆွဲဖို့များ ဒီလိုတွေလုပ်နေတာတော့ မဟုတ်ပါဘူးနော်”
“ဝိုင်ချက်နည်းကိုရပြီ၊ ဒါပေမယ့် ရှင့်ကိုမပေးချင်သေးဘူး”
ရှောင်ဟိုင်ချင်းသည် ပြုံးရင်း ပြောလိုက်သည်။
“ဟိုပုံတွေက ရှင့်လက်ထဲမှာရှိတုန်းပဲ မဟုတ်လား? ပြီးတော့ မစ္စတာဂျိမ်းစ်၊ ကျွန်မရှင့်ကိုလက်ဆောင်ပေးမယ်လို့ ပြောထားတာကို ရှင်လက်မခံရသေးဘူးလေ!”
Space and Rebirth 594
Trans: Esth
ရှောင်ဟိုင်ချင်း၏မျက်လုံးများထဲတွင် အလင်းလှိုင်းတွ့န်များ ရိုတ်ခတ်နေပြီး အနည်းငယ်မာနကြီးကာ ယုံကြည်ချက်ရှိပုံပေါ်နေ၏။ ထို့ကြောင့် ဂျိမ်းစ်နှင့် ကျိုးဟိုင်ယန်းသည် မှင်တက်အံ့သြသွားသည်။
“လက်ဆောင်?”
ကျိုးဟိုင်ယန်းသည် အနည်းငယ်ပဟေဠိဖြစ်သွား၏။
ရှောင်ဟိုင်ချင်းသည် သူတို့အားကောင်းသည့်အရာများ ပို့ပေးနိုင်ခြင်းမရှိဟု သူသည် ယုံကြည်ထားခဲ့သည်။ ဝိုင်ချက်နည်းတစ်ခုသာဖြစ်သော်လည်း သူတို့သည် သူမအား အကြပ်ကိုင်ပြီး ယူခိုင်းခဲ့သောအရာမဟုတ်လော။ သူမသာ အရူးတစ်ယောက်မဟုတ်လျှင် အဘယ်သို့ သူမအား အခြားသူများက အခွင့်ကောင်းယူသည်ကို ဤသို့ငြိမ်ခံနေမည်နည်း?
ဂျိမ်းစ်သည် အာရုံနောက်သောမျက်နှာထားဖြင့် ပို၍ပင် မျက်မှောင်ကြုတ်သွား၏။
ဝိုင်ချက်နည်းကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် ဤမိန်းကလေးအား သေချာပေါက်သင်ခန်းစာပေးပေမည်။ ဤအချိန်တွင်ပင် သူမသည် အချိန်ဆွဲနေပြီး သူ့အားလှည့်စားရန်ပင် တွေးနေသေး၏။ မုန်းစရာကောင်းလှသည်။
“ကြည့်ရတာ ရှင်တို့နှစ်ဦးက သိပ်စိတ်မရှည်တဲ့ပုံပဲ”
ရှောင်ဟိုင်ချင်း ဟက်ခနဲရယ်လိုက်သည်။
“ဝိုင်ချက်နည်းက အခုကျွန်မလက်ထဲမှာ ရှိနေတယ်။ လိုချင်ရင် အချက်နှစ်ချက်ကို သဘောတူပေးရမယ်။ ပထမတစ်ချက်က ကျွန်မပုံတွေကို ပြန်ပေးဖို့နဲ့ ဒုတိယအချက်က ကျွန်မလက်ဆောင်ကို လက်ခံပေးဖို့ပဲ။ မလုပ်ချင်ရင်လည်း ရတယ်လေ။ ဓာတ်ပုံတွေဖြန့်ရုံပဲဟာ၊ ကျွန်မသိက္ခာကျသွားတော့လည်း ဘာဖြစ်လဲ? အဆုံးကျ ဘယ်သူမှ အကျိုးရှိသွားမှာမဟုတ်ဘူးလေ”
ဂျိမ်းစ်သည် အံကြိတ်ကာပြောလိုက်သည်။
“ဘာလက်ဆောင်တွေပြောနေတာလဲ?”
ရှောင်ဟိုင်ချင်းကြားလိုက်သည်နှင့် ပြုံးသွား၏။
“မစ္စတာကျိုးအိမ်က တကယ်နေရာကောင်းပဲ။ ဒီနေ့ညကျရင် အချိန်ကိုက် ရှင်တို့လိုချင်တာတွေကို ပို့ပေးမယ်၊ အဲ့အချိန်အတွင်းမှာ ရှင်တို့နှစ်ယောက်လည်း ကျွန်မလိုချင်တဲ့ဟာတွေ ပြင်ဆင်ပေးဖို့ မျှော်လင့်ပါတယ်”
ရှောင်ဟိုင်ချင်းသည် စကားပြောပြီးသည်ဖြစ်၍ လှည့်ထွက်သွားလိုက်သည်။
ဂျိမ်းစ်တို့အုပ်စုသည် ထိုဓာတ်ပုံများအား မရေမတွက်နိုင်လောက်အောင် ကော်ပီများကူးထားမည်ဖြစ်ကြောင်း သူမစိတ်ထဲတွင်သိနေ၏။ သူမအား ထိုကော်ပီတစ်စုံအား ပေးလျှင်ပင် သူမအတွက်လုံးဝအကျိုးရှိမည်မဟုတ်ချေ။ ထို့ကြောင့် သူမသည် ဆိုးဆိုးရွားရွားအရေးနိမ့်လက်စနှင့် သူတို့ကိုပါ သူမနှင့်တစ်ပါတည်း ဆွဲချရလေမည်။
ရှောင်ဟိုင်ချင်းထွက်သွားသည်နှင့် လူနာဆောင်ထဲရှိ အမျိုးသားနှစ်ဦးသည် ဇဝေဇဝါဖြစ်ကုန်ပြီး စိတ်ထဲတွင် အနည်းငယ်ဒေါသထွက်သလိုရှိသွား၏။
ညဘက်ရောက်ရင် နာရီပိုင်းခန့်သာ လိုတော့သည်။ သူတို့သည် မစောင့်နိုင်၍မဟုတ်ချေ။ ကျိုးဟိုင်ယန်းသည် ဂျိမ်းစ်အား အိမ်ကြီးထံပြန်ခေါ်လာရန် ဘီးတပ်ကုလားထိုင်တစ်လုံးကိုပါ ပြင်ဆင်နှင့်ပြီးဖြစ်သည်။ သို့ရာတွင် ရှောင်ဟိုင်ချင်းမှ လှည့်ကွက်များမသုံးနိုင်ရန် သူသည် လိုက်လံစောင့်ရှောက်ပေးမည့် သက်တော်စောင့်ခြောက်ယောက်ကို အထူးငှားထားလေ၏။ ထိုမှသာ သူသည် စိတ်အေးသွားရခြင်းဖြစ်သည်။
“မစ္စတာဂျိမ်းစ်နဲ့ စကားပြောတာဘယ်လိုလဲ?”
ရှောင်ဟိုင်ချင်းသည် ကားဆီသို့ပြန်ရောက်သည်နှင့် ရှောင်တောက်အန်းမှ စိတ်လှုပ်ရှားစွာမေးလိုက်သည်။
ရှောင်ဟိုင်ချင်းပုံစံမှာ အလွန်လိမ္မာကျိုးနွံနေဟန်ပေါက်သည်။
“အရမ်းကောင်းတယ် ဒါပေမယ့် ဂျိမ်းစ်က သမီးကို ဒီည မစ္စတာကျိုးအိမ်သွားဖို့ပြောထားတယ်။ အဖေ၊ သမီးသွားသင့်တယ်ထင်လား?”
“သွားရမှာပေါ့! သေချာပေါက်သွားရမှာ!”
ရှောင်တောင်အန်းသည် အနည်းငယ်မျှပင် မစဥ်းစားဘဲ လက်ခံကြောင်းအဖြေအား တန်းပေးလိုက်သည်။
သူသည် ထိုစကားထွက်ပြီးသည်နှင့် ရှောင်ဟိုင်ချင်းမှ အထင်လွဲမည်ကို စိုးရိမ်သွားဟန်ပေါက်ပြီး သုတ်သီးသုတ်ပြာဖြင့် ရှင်းပြလိုက်သည်။
“ဟိုင်ချင်း၊ အဖေမင်းအပေါ်မှားခဲ့တာသိပါတယ် ဒါပေမယ့် ပြီးခဲ့တာတွေလည်း ပြီးသွားပြီ။ ငါတို့ကံကြမ္မာကို လက်ခံလိုက်ရုံအပြင် တခြားရွေးချယ်စရာမရှိဘူး။ မဟုတ်ရင် ငါမင်းအမေကို ဘယ်လိုမျက်နှာပြရမှာလဲ? ပြီးတော့ မစ္စတာဂျိမ်းစ်ခြေထောက်တွေက အခုမကောင်းလို့ သူလည်းသမီးကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ သူနဲ့လက်ဖက်ရည်အတူသောက်ပြီး စကားပြောဖို့လောက်ပဲ ခေါ်တာဖြစ်မှာပါ”
“သမီးလည်း အဲ့လိုထင်ပါတယ်...ဒါပေမယ့် အဖေ၊ ဒီညသမီးနဲ့အတူ အန်တီကျန်းလိုက်ပေးလို့ရလား? သမီးအန်တီကျန်းကို ပြောစရာရှိတယ်”
ရှောင်ဟိုင်ချင်းထပ်ပြောလိုက်ပြန်သည်။
ကားထဲရှိလေထုမှာ မွန်းကြပ်စရာကောင်းလှ၏။ ကားရှေ့ခန်း၏ ခရီးသည်တင်ခုံတွင်ထိုင်နေသော ကျန်းရုံသည် မကောင်းသောအာရုံတစ်ခုကို ရလိုက်ပြီး အလွန်စိတ်ခုသွားသည်။
အခုတလောတွင် ရှောင်ဟိုင်ချင်းသည် သူမအား ယဥ်ကျေးလွန်းနေ၏။ လိုအပ်သည်ထက်ပို၍ ယဥ်ကျေးနေခြင်းဖြစ်သည်။ ယခုတွင်လည်း သူမအား အကြောင်းရင်းမရှိဘဲ အပြင်သို့ ဖိတ်ခေါ်နေပြန်သည်။ သူမတစ်ခုခုကြံစည်နေသည်မှာ သေချာပေ၏။
“ဟိုင်ချင်း၊ ညကျရင် အန်တီက ကျွင်းကျွင်းကို ကြည့်ပေးရဦးမှာမို့...”
ကျန်းရုံသည် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
ရှောင်ဟိုင်ချင်းမျက်လုံးများထဲတွင် ဝမ်းနည်းရိပ်များ သန်းသွား၏။
“အန်တီကျန်း၊ အရင်တုန်းကပြောခဲ့တယ်လေ သမီးက အန်တီရဲ့သမီးအရင်းလိုပဲဆို? အရင်တစ်ခေါက်က မစ္စတာကျိုးအိမ်ထဲမှာဖြစ်တဲ့ကိစ္စကြောင့် သမီးအရမ်းကြောက်သွားပြီး စိတ်ထဲမှာလည်း ဒဏ်ရာရနေခဲ့တယ်။ အဲဒါကြောင့်မို့ အန်တီကျန်းကို အဖော်အနေနဲ့ခေါ်တာပါ။ အဖေသာလိုက်လာရင် သူလည်း နေရခက်မှာဆိုတော့လေ။ ဒါပေမယ့် အန်တီကျန်းကမလိုက်ချင်ဘူးဆိုတော့လည်း....ရပါတယ်၊ ထားလိုက်ပါ။ ကျွင်းကျွင်းနဲ့ပတ်သတ်လာရင် အကုန်လုံးက အရမ်းအရေးကြီးတာပဲလေ။ သမီးက ဘာမို့လို့လဲ? ဒီမိသားစုအတွက် သမီးဘက်က သောက်ရမ်းတွေးပေးပေမယ့် နောက်ဆုံးတော့ အန်တီက ဒီလိုတောင်းဆိုချက်သေးသေးလေးကိုတောင် လက်မခံပေးချင်ဘူး။ ဒါဆိုလည်း သမီးမသွားရုံပဲပေါ့…”
Space and Rebirth 595
Trans: Esth
မျက်စိတစ်မှိတ်အတွင်းတွင် ရှောင်ဟိုင်ချင်းသည် စိတ်နုနယ်သောကလေးတစ်ယောက် အသွင်ပြောင်းသွားသည်။ ထိုစကားများကို ပြောပြီးနောက် သူမမျက်လုံးထဲတွင် မျက်ရည်များဝဲတက်လာပြီး မျက်ရည်စက်အချို့ပင် စီးကျလာလေသည်။
တရှုံ့ရှုံ့ဖြင့်ငိုသံကို ကြားလိုက်ရသောအခါ ရှောင်တောက်အန်းသည် ထိတ်လန့်သွား၏။ သူသည် အနောက်လှည့်ကြည့်လိုက်သည်နှင့် ရှောင်ဟိုင်ချင်းမျက်နှာတစ်ခွင်လုံးသည် မျက်ရည်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ မျက်ရည်စီးကြောင်းနှစ်ခုမှာ အထူးသဖြင့် ထင်းခနဲပေါ်နေပြီး သူမပုံစံမှာ အတိုင်းမသိနိုင်သော စိတ်ဆင်းရဲမှုများကို ခံစားခဲ့ရသော ကလေးတစ်ဦးနှင့်တူလှသည်။ ရှောင်တောက်အန်း၏ နှလုံးသားနာကျင်သွားလေသည်။
“အားရုံ”
သူသည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
“ဟိုင်ချင်းနဲ့နေလိုက်ပါကွာ။ သူကအခုတလော စိတ်လည်းမကြည်တော့ သူ့ကိုသင်ပေးဖို့ အတွေးအခေါ်ရှိတဲ့မိန်းမတစ်ယောက်လိုတယ်”
ဟိုင်ချင်းသည် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်။ သူမသည် မိမိအတွင်းရေးကိစ္စများအား သူမဖခင်အား မည်ကဲ့သို့ပြောနိုင်မည်နည်း?
ထို့အပြင် ယခင်တစ်ခေါက်က ကျိုးဟိုင်ယန်း၏အိမ်တွင် သူ၏သမီးသည် မျက်စိတစ်မှိတ်အတွင်း ဂျိမ်းစ်၏အမျိုးသမီးဖြစ်သွားခဲ့သည်။ သူမသည် ငယ်ရွယ်နုနယ်လွန်းလှသော အရွယ်တွင် ဤကဲ့သို့ရုတ်ချည်းဆန်သော ပြောင်းလဲမှုဖြစ်သွားရသောကြောင့် သူမအတွက် လက်ခံကျင့်သားရနိုင်ရန် ခက်ခဲပေမည်။ ထို့ကြောင့်လည်း ဤအချိန်အတွင်းတွင် သူမ၏စရိုက်သည် အလျင်အမြန်ပြောင်းလဲသွားခြင်းဖြစ်မည်။
သူမ၏မိခင်မှာလည်း သွားလေပြီဖြစ်၍ သူမ၏ စိတ်အခြေအနေအား ငြိမ်းအေးစေရန် နှစ်သိမ့်ပေးမည့်သူအဖြစ် ကျန်းရုံအားသာ အစားထိုးရပေမည်။
“ယောက်ျား...ဒါပေမယ့် ကျွင်းကျွင်းက...”
ကျန်းရုံသည် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
“အိမ်မှာ ညီမဝမ်ရှိသေးတယ်မလား? ငါတို့မှာ သူ့ကိုဒီလောက်ပိုက်ဆံအများကြီးပေးပြီး ခေါ်ထားတာတောင် ကလေးတစ်ယောက်ကို မပြုစုမစောင့်ရှောက်တတ်ဘဲ နေမှာတော့ မဟုတ်ဘူးလေ”
ရှောင်တောက်အန်းသည် စကားပြောပြီးနောက် သူမဝတ်စားထားသောအင်္ကျီများကို ကြည့်လိုက်သည်။
“ကောင်းကောင်းမွန်မွန်ဝတ်သွားဦး။ မင်းကြည့်ရတာ ဖက်ထုပ်ကျနေတာပဲ။ ကြည့်လိုက်တာနဲ့ ငါတောင်မွန်းကြပ်လို့သေတော့မယ်”
ကျန်းရုံသည် ချက်ချင်းဆိုသလို စိတ်မသက်မသာဖြစ်သွားသည်။
ဤကဲ့သို့ ပူလောင်အိုက်စပ်နေသောနေ့တွင် သူမသည် အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များကို ဝတ်ဆင်ထားပြီး အင်္ကျီအရောင်မှာလည်း ယခင်ကထက် ပိုလူကြီးဆန်ပြီး မှောင်လေသည်။
သို့ရာတွင် ဤသည်မှာ သူမကြိုက်နှစ်သက်သောစတိုင်မဟုတ်ပေ။ သူမဝတ်ဆင်ခဲ့သောအရောင်များမှာ တောက်ပလွန်းသည်ဟု သူမယောက်ျားမှ မကျေမချမ်းပြောထားသောကြောင့်သာ ပြောင်းလဲထားခြင်းဖြစ်သည်။ သူမသည် လူများအား လိုက်မြှူဆွယ်နေသည်ဟု သူထင်သွားမည်စိုးသဖြင့် တမင်အဘွားကြီးတစ်ယောက်ပုံ ဝတ်ထားခဲ့သည်။ သူမသည် ထပ်အဆူခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
“အင်း၊ အန်တီကျန်း အခုတလော အန်တီရဲ့ ဖက်ရှင်စတိုင်က ပုံပျက်သွားသလိုပဲ။ ခုနတုန်းက သမီးကို အန်တီအောက်ထပ်မှာ စောင့်နေတုန်းက သူနာပြုတစ်ယောက်ကတောင် အဲဒါအန်တီဟုတ်ရဲ့လားဆိုပြီး မေးလိုက်သေးတယ်။ မသိရင်အသက်ကြီးသွားသလိုပဲ အန်တီကျန်းလို့တောင်မထင်ရဘူးလေ။ ဒီလိုဝတ်မှတော့ အဖေနဲ့ဘယ်လိုတွဲသွားတွဲလာလုပ်တော့မလဲ”
ရှောင်ဟိုင်ချင်းသည် နီမြန်းသောမျက်လုံးများဖြင့် ပြောလိုက်သည်။
သူမဖခင်သည် အလွန်စိတ်အပြောင်းအလဲမြန်သူလည်းဖြစ်၏။ ယခင်က ကျန်းရုံအား သူမချီးကျူးပြီးနောက် သူသည် ကျန်းရုံ၏အဝတ်အစားနှင့်ပတ်သတ်၍ ဆက်မပြောတော့ချေ။ ရှောင်ဟိုင်ချင်း၏ အခြေအမြစ်မရှိသောစကားများကြောင့်နှင့် သူမဖခင်သည် ကျန်းရုံ၏ ဝတ်စားပုံအား ဆက်တိုက်ဆိုသလို လိုက်လံစွက်ဖက်၍မရသောကြောင့်ဖြစ်သည်။
ရှောင်တောက်အန်းသည် သူ၏သိက္ခာကိုအလွန်ငဲ့တတ်သည်။ ရှောင်ဟိုင်ချင်း၏စကားများကို ကြားပြီးနောက် သူသည် သူ၏ဇနီးသည်အား အင်္ကျီဝယ်ပေးရန် နာမည်ကြီးအင်္ကျီဆိုင်သို့ ခေါ်သွားလိုက်၏။
သူတို့ထွက်လာသောအခါ ကားထဲတွင်အိတ်တချို့ပါလာပြီး ရှောင်ဟိုင်ချင်းအတွက် ဝေစုပါပါသေးသည်။
ကျန်းရုံသည် အိမ်ပြန်ရောက်ပြီးနောက် ရှောင်ဟိုင်ချင်း၏မျက်တောင်များသည် ယခုအချိန်ထိ စိုစွတ်နေသေးသည်ကို တွေ့လိုက်ရ၏။ သူသည် မည်သို့လုပ်ပေးရမည်ကို မသိဟန်ဖြင့် ပြောလိုက်သည်။
“ကလေးရယ်၊ မင်းဘယ်အချိန်ကတည်းက ဒီလောင်အငိုသန်သွားတာလဲ? ခဏနေ မစ္စတာဂျိမ်းစ်အိမ်ကိုသွားရင် ဒီလိုဖြစ်နေလို့မရဘူးနော်”
ရှောင်ဟိုင်ချင်းခေါင်းငြိမ့်လိုက်သည်။
သူမသည် ဤမျှလောက် ငိုနေရခြင်းမှာ မကြာသေးခင်ကပင် မျက်ရည်၏အင်အားကို သိရှိသွား၍ဖြစ်သည်။ အငိုသန်သောကလေးသည် မုန့်ပိုစားရသည်ဟူသော စကားပုံပင်ရှိသေးသည်မဟုတ်လော။
ယခင်က သူမသည် သူမ၏ဖခင်ရှေ့တွင် ပုန်ကန်ရသည်ကို နှစ်သက်သောကြောင့် သူမသည် အသက်ရှူပေါက်မရခဲ့ချေ။ ထိုအချိန်တွင် အငိုသန်သူမှာ ကျန်းရုံဖြစ်ပြီး သူမငိုယိုတိုင်းတွင် အတုံးအဆုံးမိန်းမပုံပေါက်သော်လည်း လက်တွေ့တွင် ရှောင်တောက်အန်း၏စိတ်အား သူမဘက်သို့ သိမ်းသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
မျက်ရည်တစ်ပေါက်စနှစ်ပေါက်စမျှပင် ဖြစ်ပါစေ သူမသည် လက်တန်းငိုနိုင်၏။
ရှောင်ဟိုင်ချင်းသည် ရှောင်တောက်အန်းအား ကျောပေးပြီး အပေါ်ထပ်သို့တက်သွားလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမျက်လုံးထဲမှ ဝမ်းနည်းမျက်ရည်များသည် ပျောက်ချင်းမလှပျောက်ဆုံးသွားပြီး သူမနှုတ်ခမ်းစွန်းတွင် မျက်စိကျိန်းလောက်စရာအပြုံးတစ်ခု ပေါ်လာသည်။ သူမလက်ချောင်းများသည် ပျော်ရွှင်မြူးတူးနေဟန်ဖြင့် လှေကားလက်ကိုင်များကို ခေါက်လိုက်သည်။
ရှောင်ဟိုင်ချင်းနှင့်ယှဥ်လျှင် ကျန်းရုံမှာ အလွန်အာရုံနောက်နေ၏။
သူမသည် ရှောင်ဟိုင်ချင်းအား အဖော်ပြု၍မသွားလိုပေ။ စဥ်းစားကြည့်လိုက်ပြီးနောက် သူမသည် ဗိုက်နာချင်ယောင်ဆောင်ပြီး ဖြူရော်သောမျက်နှာဖြင့် အိပ်ရာပေါ်တွင်လဲပြလိုက်သည်။
Space and Rebirth 596
Trans: Esth
ယခင်ကအတိုင်းဆိုလျှင် ကျန်းရုံသာ ဤမျှလောက်လူမမာရုပ်ပေါက်နေပါက ရှောင်တောက်အန်းသည် သေချာပေါက် သူမလုပ်ချင်သည့်အတိုင်း ပေးလုပ်ပေမည်။ ရှောင်ဟိုင်ချင်းမည်သို့ပင်ပြောပါစေ အကျိုးရှိမည်မဟုတ်ချေ။ သို့ရာတွင် ဤတစ်ခေါက်တွင် ယခင်ကနှင့်မတူတော့ပေ။
ရှောင်ဟိုင်ချင်းသည် အထူးသဖြင့် လှပစွာဝတ်စားထား၏။ ရှောင်တောက်အန်းဝယ်ယူထားပေးသော အဝတ်အစားအသစ်များကို ဝတ်ဆင်ပြီးနောက် သူမသည် အလွန်ခမ်းနားသောပွဲကြီးတစ်ခုအား တက်ရောက်တော့မည့်အတိုင်းဖြစ်နေလေသည်။ သူမ၏အချိုးအစားသည် ဆွဲဆောင်မှုရှိလွန်းလှသည် မဟုတ်သော်လည်း ဆိုးတော့မဆိုးလှပေ။ လူများအားညှို့နိုင်စွမ်း အလွန်မြင့်မားလှသည်။
သူမသည် ကျန်းရုံ၏အိပ်ခန်းတံခါးဝတွင် ရပ်ပြီး သူတို့လင်မယားအားကြည့်လိုက်သည်။
“အန်တီမသွားရင် သမီးလည်းမသွားဘူး။ အဖေ၊ သမီးကြောက်တယ်”
“အဖေနဲ့ပဲ အတူသွားကြမလား?”
ရှောင်တောက်အန်းသည် အတန်ငယ်အာရုံနောက်သွားသည်။ သူ၏သမီးသည် ခါတိုင်းထက် အလွန်အားနည်းလွန်းနေသည်ဟု သူရုတ်တရတ်ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သူမသည် ယခင်ကဤကဲ့သို့မဟုတ်ခဲ့ပေ။
“ဒါပေမယ့် အဖေဘယ်လောက်ကောင်းကောင်း အမေ့နေရာကိုတော့ အစားထိုးနိုင်မှာမဟုတ်ဘူး။ အန်တီကျန်းဆိုရင်တော့ မတူတော့ဘူးလေ။ နောက်ပိုင်းသမီးအိမ်ထောင်ပြုလို့ရှိရင် အန်တီက သမီးကိုအကြံပေးလို့လည်းရတယ်။ တခြားလူတွေနဲ့ ဘယ်လိုသင့်သင့်မြတ်မြတ်နေရမလဲဆိုတာ သမီးသူ့ကိုမေးဖို့စဥ်းစားထားတာ။ သမီးဒေါသကြီးတတ်တာ အဖေလည်းသိတာပဲလေ။ သမီးနောက်တစ်ခါ မစ္စတာဂျိမ်းစ်ကို စိတ်တိုသွားအောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ”
ရှောင်ဟိုင်ချင်းသည် အလွန်စိတ်ရှည်စွာဖြင့် ပြောလိုက်၏။
မသိလျှင် ကျန်းရုံမလိုက်ပါက သူမလည်း မသွားတော့ရန် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်းပင်။
ရှောင်တောက်အန်းသည် ပို၍ပင် စိတ်သောကရောက်သွား၏။ သို့သော် ကျန်းရုံသာလိုက်သွားပြီး သွားရာလမ်း၌ သူ၏သမီးအားသင်ပြပေးနိုင်လျှင် သူသည် ဤအခြေအနေထက် ပိုမိုစိတ်သက်သာရာရနိုင်လိမ့်မည်ကိုတော့ ဝန်ခံရပေမည်။
သူသည် ခေါင်းကိုငုံ့ကာ ကျန်းရုံကို ကြည့်လိုက်၏။
“တစ်ခုခုအစားမှားသွားတာလား? ခဏလောက်ပဲ သည်းခံပေးလို့မရဘူးလား?”
ကျန်းရုံသည် ပြာပြာသလဲဖြစ်သွား၏။
“ဒီလိုလုပ်ကြမလား? သမီးတို့ကို အဲ့ထိကားမောင်းပို့ပေးဖို့ ဒရိုင်ဘာတစ်ယောက်ရှာလိုက်ပြီး သမီးကိုချပြီးတာနဲ့ အန်တီကျန်းကို ဆရာဝန်နဲ့ပြဖို့ ဆေးရုံပို့ခိုင်းလိုက်လေ။ အဲ့လိုဆိုရင် အန်တီကျန်းလည်း ခဏလေးနဲ့ အားပြန်ပြည့်သွားလိမ့်မယ်ဆိုတာ သမီးအာမခံတယ်”
ရှောင်ဟိုင်ချင်းအကြံပြုလိုက်သည်။
ကျန်းရုံဘာမှဝင်မပြောနိုင်ခင်တွင်ပင် ရှောင်တောက်အန်းခေါင်းငြိမ့်လက်ခံလိုက်သည်။
“ဒါဆို အဲ့လိုလုပ်ကြတာပေါ့!”
ကျန်းရုံသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာများနီရဲသွားသည်။
သူမသည် ငြင်းဆန်ချင်သော်လည်း သူမသာ ဆန္ဒမရှိကြောင်း ပြင်းပြင်းထန်ထန်ကန့်ကွက်ပြပါက ရှောင်တောက်အန်းသည် သေချာပေါက်သူမအား အပြစ်တင်လိမ့်မည်။ ရှောင်ဟိုင်ချင်းသာ အမှန်တကယ်မသွားဖြစ်သည်ဖြစ်စေ သို့မဟုတ် ဂျိမ်းစ်အိမ်တွင် ပြသာနာရှာသည်ဖြစ်စေ သူမကိုသာ အပြစ်ပုံချပေမည်!
သူမသည် စိတ်ထဲတွင် သွေးအန်လုမတတ်ဖြစ်နေသည်။ သူမသည် ရှောင်ဟိုင်ချင်းအား စူးစိုက်ကြည့်ကာ သူမ၏အမုန်းတရားများကို ပေါက်ကွဲထွက်ရန်ဆန္ဒအား ဝမ်းထဲသို့ ပြန်မြိုချလိုက်ရ၏။
အပြင်ပန်းတွင်မူ ကျန်းရုံသည် မိထွေးကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်ရဦးမည်မဟုတ်လော။ သူမသည် နူးညံ့ညင်သာပြီး ရှောင်ဟိုင်ချင်းအားဂရုစိုက်သော မျက်နှာထားဖြင့် ကားထဲသို့ဝင်လိုက်သည်။
ရှောင်ဟိုင်ချင်းလည်း အပြုံးတစ်ပွင့်ဖြင့် သူမအနောက်သို့ ကပ်လိုက်သွား၏။
ကားထဲတွင် အနံ့သင်းသင်းတစ်ခုရှိနေသည်။ ရှောင်ဟိုင်ချင်းသည် သွားရာလမ်းတွင် လက်ထဲမှ ဘူးသေးလေးတစ်ခုအား ဆော့ကစားကာ သီချင်းတညည်းညည်းဖြင့် လိုက်သွားလေ၏။ သူမသည် အလွန်စိတ်ကျေနပ်နေလေသည်။
ထိုလုပ်ရပ်ကြောင့် ကျန်းရုံသည် ပို၍ပင်ပဟေဠိဖြစ်သွား၏။ အဆုံးတွင် သူမသည် မနေနိုင်တော့သဖြင့် မေးလိုက်သည်။
“ဟိုင်ချင်း၊ လက်ထဲမှာဘာကိုင်ထားတာလဲ? ဘာလို့အဲ့လောက်မွှေးနေတာလဲ?”
“ဒါလား?”
ရှောင်ဟိုင်ချင်းပြုံးလိုက်သည်။
“ယွင်ကျောင်းပေးထားတာလေ။ သူ့ဆီမှာ ဝိုင်ချက်နည်းရှိတယ်လို့ ပြောခဲ့တယ်မလား? တကယ်တော့ အဲဒီဝိုင်ချက်နည်းကို သူ့ဆရာက သူ့အတွက်ထားပေးခဲ့တာ။ ဒီပစ္စည်းကလည်း သူ့ဆရာထားခဲ့တဲ့ပစ္စည်းတွေထဲကတစ်ခုပဲ။ တင်းတိပ်တွေပျောက်ပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကိုပါ ညီညာစေတယ်တဲ့။ သိပ်မကြာသေးခင်က သမီးမျက်နှာပေါ်မှာ ဝက်ခြံနှစ်လုံးထွက်နေတာတောင် ဒါကိုသုံးပြီးတာနဲ့ ချက်ချင်းပျောက်သွားတယ်။ တကယ့်ရတနာပဲ”
ကျန်းရုံမျက်နှာတွင် သံသယအရိပ်အယောင်များ သန်းသွားသည်။ ဤကဲ့သို့ စွမ်းသောအရာရှိသေးသလော?
“အန်တီကျန်း၊ အခုတလော သေချာအနားမယူဘူးထင်တယ်။ မျက်လုံးအောက်မှာ မျက်ကွင်းတွေက ပြင်းပြင်းထန်ထန်ကို ညိုနေတယ်လေ။ ပြီးတော့ အန်တီ့မျက်လုံးနားက အသားကလည်း နည်းနည်းတွန့်နေတဲ့ပုံပဲ။ ပင်ပန်းလွန်းလို့နဲ့တူတယ်၊ ဒါကိုစမ်းသုံးကြည့်မလား?”
ရှောင်ဟိုင်ချင်းထပ်မေးလိုက်ပြန်သည်။
ကျန်းရုံသည် အာရုံများနေဟန်ဖြင့် သူမနားထင်များကို ပွတ်လိုက်သည်။
ယခုတလောတွင် ကိစ္စပေါင်းများစွာ ဖြစ်ပွားခဲ့သည်ဖြစ်ရာ သူမသည် အမှန်တကယ်ပင် အနည်းငယ်ပင်ပန်းနေလေသည်။
ရှောင်ဟိုင်ချင်း၏စကားများသည် သူမခေါင်းထဲတွင် ပေါ်လာသည်။ သူမသည် ပေါ့ပေါ့ပါးပါးဖြင့် သိပ်တွေးတောခြင်းမရှိဘဲ ထိုဘူးသေးလေးအား ယူလိုက်၏။
ဘူးထဲတွင်ရှိသောအရာမှာ အလွန်မွှေးကြိုင်သော အဖြူရောင်လိမ်းဆေးဖြစ်သည်။ ကျန်းရုံသည် လိမ်းဆေးအချို့ကို ယူကာ သူမမျက်နှာတွင်လိမ်းလိုက်သည်။ သူမဘေးတွင်ရှိသော ဒရိုင်ဘာပင်လျှင် သူမ၏လက်ခံလုပ်ဆောင်မှု မြန်ဆန်လှသောကြောင့် အံ့သြသွား၏။ ယခင်က ဤနှစ်ဦးမှာ အမြဲတစေ ထိပ်တိုက်ရန်ဖြစ်နေကြသော လူနှစ်ဦးဖြစ်သည်။ ယခုမူ သူတို့သည် သာမန်နှင့်မတူဘဲ သင့်မြတ်နေကြလေသည်။ ထူးဆန်းလွန်းလှ၏။