← Chapters

တံခါးဖွင့်

Vol. 11 Ch. 164

တံခါးဖွင့်

Vol. 11 Ch. 164

*သူတို့ … အမြင်ချင်း ကွဲလာပြီလား*

ပရိသတ်များနှင့် ဒိုင်လူကြီးတို့ အားလုံး မှင်တက်သွားကြသည်။

ဟုန်နာ၏ လေသံက လုံးဝ ဖော်ရွေမှုမရှိဘဲ အထင်သေးသော အရိပ်အငွေ့များ ပေါ်နေသည်။

*သူ ချန်ရှောင်ယန်ကို ရန်ငြိုးထားနေတာလား*

*မစ္စနာက အတော်လေး တဲ့တိုး ပြောတာပဲ၊ ချန်ရှောင်ယန်က သူ့ကိုယ်ပိုင် သီချင်းကို အစကတည်းက ထုတ်ချပြလို့ မဆင်ခြင်ရာကျတဲ့ပုံတော့ ပေါ်ပါတယ်”

အစ်ကိုဟားဟားက အခြေအနေကို ညှိယူရန် အကောင်းဆုံး ကြိုးစားနေသည်။ ထို့နောက် သူ ဆက်ပြော လိုက်သည်။

“ဒါပေမဲ့ ဒီသီချင်းကနေ ချန်ရှောင်ယန် သီချင်း ကောင်းကောင်းဆိုနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ အသေအချာ ကြားလိုက်ရပါတယ်”

“ဟုတ်တယ် မူပိုင်သီချင်းတွေကိုတောင် လူတွေက ဆိုကြသေးတာပဲ၊ ကျုပ်တို့လည်း အတိတ်တုန်းက ကိုယ့်ကိုယ်ပိုင် သီချင်းတွေနဲ့ ကျော်ကြားလာအောင် လုပ်ခဲ့တာပဲလေ၊ သူ ကျော်ကြားလာတာ အဓိပ္ပာယ် ရှိပါတယ်”

ဝမ်ချမ်းကလည်း ဝင်ပြောသည်။

“ကျေးဇူးတင်ပါတယ် ဒိုင်လူကြီး ဝမ်ချမ်းရှင့်၊ ကျေးဇူးတင်ပါတယ် ဒိုင်လူကြီး ဟားဟားရှင့်”

ချန်ရှောင်ယန်က ချက်ချင်း သူတို့ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဟုန်နာ၏ စကားက သူမကို အရှိုက်ထိစေပီး မည်သို့ တုံ့ပြန်ရမလဲ မသိလုနီးပါး ဖြစ်သွားစေသည်။

ထိုမျှလောက်နှင့် ပြီးသွားသင့်သော်လည်း ဟုန်နာက ထပ်အရစ်ရှည်ပြန်သည်။

“ချန်ရှောင်ယန်က အင်တာနက်ပေါ်မှာ နာမည်ကြီးတာ၊ သူ သွားတဲ့ပုံစံက အင်တာနက်ရဲ့ ခေတ်ရေစီးကြောင်းကို လိုက်တာပဲ၊ ဒါပေမဲ့ အင်တာနက်ရဲ့ ခေတ်ရေစီးကြောင်းက မြန်မြန်ပေါ်ပြီး မြန်မြန် ပျောက်တာပဲ၊ သူတို့က ဘယ်တော့မှ ဂန္ထဝင်လက်ရာ ဖြစ်လာမှာ မဟုတ်ဘူး”

“သူဆိုတဲ့ သီချင်းလည်း အတူတူပဲ၊ အင်တာနက်ပေါ်မှာပဲ နာမည်ကျော်တာ၊ ငါတို့ ရိုးရာ ဂီတပုံစံနဲ့ မတူဘူး၊ တေးရေးဆရာ ဝိုင်ရော တေးဆို ချန်ရှောင်ယန်ရောက သီချင်းတစ်ခုပဲ ရှိတယ်၊ ဒီလောက်လေးက ဘာမှ မဟုတ်ဘူး၊ သူတို့ အင်တာနက်ပေါ်မှ လူသိများတာကတင် အတော်လေး ကံကောင်းနေပြီ”

ဟုန်နာက အင်တာနက်ပေါ်မှ အနုပညာရှင်များက အသံကျယ်ကျယ်ဖြင့် ထုတ်ပြောရန်ပင် မထိုက်တန်ဟု တဲ့တိုး ပြောလုနီးနီး ပြောလိုက်ခြင်းပင်။

“ချီးပဲ၊ ဒီမိန်းမ ဘာဖြစ်နေတာလဲ၊ သူ ဗုံးတွေစားလာလို့ ပေါက်ကွဲနေတာလား”

“ဒီဟုန်နာက ကြားဖူးတာထက် ပိုရိုင်းတာပဲ၊ ခွေးမ”

“သူက ချန်ရှောင်ယန်ကို အငြိုးထားနေတာပဲ၊ အဲ့မိန်းမ မနာလို ဖြစ်နေတာ”

“သူက တကယ့်ကို သာမန် ခွေးမပဲ၊ ဘယ်လိုလုပ် ဒီလိုလူမျိုးက ဒိုင်လုပ်နေတာလဲ”

“သူကလွဲရင် ကျန်တဲ့လူတွေအားလုံးက နာမည်ကြီးလို့ မရဘူးလား”

ပရိသတ်များ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး လူအုပ်ထဲမှ ပြောဆိုသံများက တီးတိုးတစ်ဖုံ ခပ်ကျယ်ကျယ်တစ်ဖုံ ထွက်ပေါ်လာ၏။

ထို့အပြင် တရုတ်နိုင်ငံ၏ Top Voice အစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့်နေသောကြောင့် အင်တာနက်ပေါ်မှ ကြည့်ရှုသူများလည်း ထပ်တူ အံ့ဩနေကြသည်။

ကြည့်ရှုသူ အများစုမှာ လူငယ်များဖြစ်ပြီး တော်တော်များများက ချန်ရှောင်ယန်ကြောင့် ကြည့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ ဒေါသထွက်ကုန်လေသည်။

“ယီးပဲ အဲ့အဘွားကြီးက ဘယ်သူလဲ၊ သူက ငါတို့ ရှောင်ယန်ကို ဘယ်လိုတောင် ဝေဖန်ရဲတာလဲ”

“ဒီမိန်းမက ဘယ်သူလဲဆိုတာ ငါ သိတောင် မသိဘူး၊ သူ့အရည်အချင်းက ဘာမို့လို့ ဒိုင်လုပ်နေတာလဲ”

“မြေယိုးမကြီး သူက ခေတ်ကို အမီမလိုက်နိုင်တဲ့သူပဲ၊ အင်တာနက်ပေါ်က အနုပညာရှင်တွေက ဘာများ ဖြစ်လို့လဲ၊ သူတို့ ဘယ်လို ကြိုးစားရလဲ သိလို့လား၊ ဘာလို့ သူတို့ကို ခင်ဗျားက အထင်သေးနေတာလဲ”

“ဂန္ထဝင်လက်ရာ ဟုတ်လား၊ မဟုတ်မှ သူ့ကိုယ်သူ တင်စားချင်နေတာလား၊ စိတ်မကောင်းပါဘူး၊ ငါ သူ့ကို လုံးဝ မသိဘူး”

“သူက ချန်ရှောင်ယန်ကို ဝေဖန်ရုံတင် မကဘူး၊ ဝိုင်ကိုပါ ဝေဖန်လိုက်သေးတယ်၊ သူ့ကိုယ်သူ နံပါတ်တစ်လို့များ မှတ်နေတာလား”

…

ရဲ့လင်းချန်သည်လည်း မျက်မှောင်ကြုတ်နေသည်။

ဒိုင်လူကြီး တစ်ယောက်အနေဖြင့် အမှားများကို ထောက်ပြ၍ ကောင်းကွက်များကို ချီးကျူးသင့်ပေသည်။ ဟုန်နာ၏ လုပ်ရပ်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုဘက်သို့ ရောက်နေလေပြီ။ သူမသည် အရေးပါသော အဘယ် အရာကိုမှ ပြောဆိုထောက်ပြခြင်း မရှိဘဲ ဝေဖန်ပြစ်တင်ခြင်းသာ ပြုလုပ်နေ၏။ သူမ၏ စိတ်က သူမသာလျင် တစ်ကမ္ဘာလုံး၌ အတော်ဆုံး ဖြစ်သည်ဟု မှတ်ထင်နေပုံ ရသည်။

*အံ့ဩစရာလိုက်တဲ့ လူပါလား*

“ဒိုင်လူကြီး ဟုန်နာရှင့်၊ ရှင်ပြောတာကို ကျွန်မ သဘောမတူနိုင်ပါဘူး”

ချန်ရှောင်ယန် ပင့်သက်ရှိုက်လိုက်ပြီးနောက် ဟုန်နာက ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်တို့ဖြင့် စူးစိုက် ကြည့်လေသည်။

“ရှင် ကျွန်မ အရည်အချင်းကို အသိအမှတ် မပြုချင်တာက ကျွန်မအတွက် ဘာမှမဖြစ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မ တိုးတက်လာအောင် ကြိုးစားနိုင်လို့ပါ၊ ဒါပေမဲ့ ဒီသီချင်း အလင်းအား ဖွေရှာသူကတော့ ကျော်ကြားဖို့ ထိုက်တန်တယ်လို့ ကျွန်မ ခံစားမိတယ်၊ လူတိုင်းဆီက အချစ်တွေနဲ့ အသိအမှတ်ပြုမှုတွေ ရထားတာက အကောင်းဆုံး သက်သေပါပဲ၊ ဂန္ထဝင် အနုပညာလက်ရာဆိုတဲ့ အဆင့်အတန်းကို လူတစ်ယောက်တည်းက ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ လူတိုင်းရဲ့ အသိအမှတ်ပြုတာကို ရဖို့ လိုအပ်ပါတယ်”

သူမကို ဝေဖန်ခြင်းက သည်းခံနိုင်ပါသော်လည်း ဝိုင်ကို ဝေဖန်စော်ကားလာလျင် သူမ ငြိမ်ခံနေမည် မဟုတ်ပါ။

“သိပ်ကောင်းတယ်၊ ဂန္ထဝင် လက်ရာဆိုတာ လူတစ်ယောက်တည်းက အသိအမှတ်ပြုတာမျိုး မဟုတ်ဘဲ အားလုံး အသိအမှတ်ပြုတဲ့အပေါ်မှာ အခြေခံတာ”

“မှန်တယ် ချန်ရှောင်ယန် နာမည်ကြီးလာတာက ပရိသတ်တွေဖြစ်တဲ့ ငါတို့က ကန်းနေလို့ ဖြစ်လာတယ်များ ထင်နေတာလား”

“ဟုန်နာက သူ စီနီယာဆိုပြီး ဖိချင်နေတာပဲ၊ ဟိတ်ဟန်ထုတ်နေတာကို ရပ်လိုက်”

…

“ဟုတ်ကဲ့ ဒိုင်လူကြီး သုံးယောက်က ရွေးတဲ့ခလုတ်ကို နှိပ်လိုက်ပြီဆိုတော့ ချန်ရှောင်ယန် အကြိုပွဲစဉ်ကို အောင်သွားပါပြီ၊ နောက်တစ်ပွဲအတွက် ပြင်ဆင်ဖို့ စင်နောက်ကို ပြန်သွားပေးပါဗျ”

တင်ဆက်သူက ခပ်သွက်သွက် ကြေငြာလိုက်ပြီး နှစ်ယောက်လုံး စင်ပေါ်မှာ ရန်ဖြစ်မည်ကို စိုးရိမ်သဖြင့် တတ်နိုင်သမျှ ဖြေရှင်းရန် ကြိုးစားနေ၏။

သို့သော် …

“ဒုန်း”

ဟုန်နာက စားပွဲကို အားဖြင့် ရိုက်လိုက်ပြီး အနီရောင် X အမှတ်အသား လင်းလာသည်။

“နင် ဒီတစ်ခုတော့ အောင်သွားလိမ့်မယ်၊ ဒါပေမဲ့ ဘယ်တော့မှ ငါ အသိအမှတ် ပြုတာကို ရမှာ မဟုတ်ဘူး”

ဟုန်နာက အေးစက်စွာ ပြောလာ၏။

“နင်က ဂျူနီယာတစ်ယောက် ဖြစ်တာတောင် စီနီယာတွေကို ဘယ်လို လေးစားရမလဲ မသိဘူး၊ ငါတို့ မှတ်ကျောက်ကို ငါတို့ စိုက်ထူခဲ့တုန်းက ရာထောင်ချီတဲ့ သီချင်းတွေနဲ့ ငါတို့ အခြေခံကို တည်ဆောက်ခဲ့ရတာ မဟုတ်လား၊ အဲ့လို မလုပ်ခဲ့တဲ့သူ ဘယ်သူ ရှိလဲ၊ အင်တာနက် အနုပညာရှင်တွေက ဘာမှ မော်နေစရာ မလိုဘူး၊ အချိန်တန်ရင် အမြင့်ကနေ ပြုတ်ကျလာမှာပဲ၊ ဝိုင်က သီချင်း တစ်ပုဒ်ပဲ ရေးခဲ့တာ၊ ဒါတောင် မင်းတို့က ဂန္ထဝင် လက်ရာလို့ ခေါ်ချင်တယ်လား၊ ငါ့အမြင်အရဆို ဒီသီချင်းရဲ့ စာသားက နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ လိုနေတယ်၊ အရည်မရ အဖတ်မရ လူအထင်ကြီးစေမယ့် စကားလုံးကြီးတွေ သုံးပြီး နက်နဲသယောင် လုပ်နေတယ်၊ နုံအလိုက်တာ၊ ငါသာဆိုရင် အဲ့လိုသီချင်းကို ဘယ်တော့မှ မဆိုဘူး”

“ငါ အခု နားလည်ပြီ ထင်တယ်၊ ဒီဟုန်နာက သူ့ကိုယ်ပိုင် သီချင်းတွေကို ဂုဏ်တင်ဖို့ ကြိုးစားနေတာပဲ”

“အရှက်မရှိတဲ့ မိန်းမ၊ သူ့မှာ သီချင်းတွေ အများကြီး ရှိတော့ ဘာဖြစ်လဲ၊ တစ်ယောက်မှ မကြားဖူးရင် ဘယ်လိုလုပ် အသုံးဝင်မှာလဲ”

“နက်ရှိုင်းမှု ဟုတ်လား၊ ဟာသပဲ၊ သူ အခု ကဗျာ ရေးနေတာလား”

“ဒီလိုလူမျိုးကို ဘယ်လိုလုပ် စီနီယာလို့ ခေါ်ရမလဲ၊ သူက ဂျူနီယာတစ်ယောက်ရဲ့ ကျော်ကြားမှုကို မနာလို ဖြစ်ပြီး အာရုံစိုက်တာ လိုချင်နေတဲ့ မိန်းမပျက်မ”

“ခေတ်နောက်ကျတဲ့ မိန်းမကြီး ပေါက်ကွဲနေတာပါလား”

…

ချန်ရှောင်ယန်၏ မျက်နှာလေး နီမြန်းနေသည်။ သူမကိုယ်သူမ အတင်း တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး လေးနက်သော အသံဖြင့် ပြန်ပြောလိုက်သည်။

“တစ်ချို့သော လူတွေရဲ့ အသိအမှတ်ပြုမှုကိုလည်း ကျွန်မ မလိုလားပါဘူး”

ထိုသို့ပြောပြီး သူမ နောက်လှည့်၍ စင်ပေါ်မှ ဆင်းသွားသည်။

“ဒီနေ့ခေတ် ဂျူနီယာတွေ တော်တော် ရိုင်းပါလား၊ အောင်မြင်မှုကို နည်းနည်းလေး ခံစားမိတာနဲ့ စိတ်လွတ်နေပြီ”

ဟုန်နာက ပရိသတ်များကို လှည့်ရန်တွေ့သည်။

“နောက်သီချင်းကို သူ ဘယ်လိုလုပ်မလဲ ကြည့်ကြသေးတာပေါ့”

အခြား ဒိုင်လူကြီး သုံးယောက်သည် အချင်းချင်း ပြန်ကြည့်နေကြပြီး အခြေအနေကို အဖက်မဆယ်နိုင်တော့ချေ။

ချန်ရှောင်ယန် စင်နောက်သို့ ပြန်လာပြီးနောက် တစ်ကိုယ်လုံး တုန်ယင်လာသည်။

သူမသည် ယခင်က ဟုန်နာနှင့် တစ်ခါမှ မသိမမြင်ဖူးပါ။ သို့သော် သူမကို မျက်စိရှေ့ထား၍ ဆိုးဆိုးရွားရွား တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားမိပေ။ သူမသည် အစက ဝိုင်အတွက် အကောင်းဆုံး ဖျော်ဖြေရန် ဆန္ဒရှိခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်လာခဲ့သည်။ ဤသည်က သူမကို အလွန် စိတ်မကောင်း ဖြစ်သွားစေသည်။

စင်နောက်မှ အခြားသူများကလည်း ချန်ရှောင်ယန်ကို ကြည့်နေကြသည်။ သို့သော် သူတို့မျက်လုံး၌ သူမ ဒုက္ခ ရောက်နေသည့်အပေါ် ပျော်ရွှင်နေဟန်တို့ ပေါ်လွင်နေ၏။

ဟုန်နာသည် ဂီတဘုရင်မ ဖြစ်သည်။ သူမ အသက်ကြီးသွားသော်လည်း ဂီတနယ်ပယ်အတွင်း၌ သူမ၏ လွှမ်းမိုးနိုင်စွမ်းက နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲပင်။ သူမသည် ထိုနယ်ပယ်၏ အကျော်အမော် တစ်ယောက် ဖြစ်သည်။

ချန်ရှောင်ယန်က သူမ၏ ဝှက်ဖဲကိုသုံးပြီး ဟုန်နာအား စိတ်တိုအောင် လုပ်ခဲ့သည်။ သူမ နောက်တစ်ပွဲတွင် ပြုတ်သွားနိုင်လောက်သည်။

ရဲ့လင်းချန်သည် ချန်ရှောင်ယန်၏ ပုံရိပ်အား လှမ်းကြည့်ပြီး အကြည့်များက လေးနက်လာသည်။

*ငါ့တေးရေးဆရာဝိုင် ပုံရိပ်က သီချင်းတစ်ပုဒ်ပဲ ရှိလို့ အထင်သေးခံရတာလား၊ ပြီးတော့ သူက ငါ့လက်ရာကို နုံအတယ်လို့ ပြောလိုက်သေးတယ်၊ တေးရေးဝိုင် လောကထဲ ပြန်ပေါ်လာဖို့ အချိန်တန်ပြီနဲ့တူတယ်”

ရဲ့လင်းချန် ထောင့်နေရာမှ ထရပ်လိုက်ပြီး စင်နောက်သို့ တိတ်တဆိတ် သွားလိုက်သည်။ သူ့လှုပ်ရှားမှုက မြန်ဆန်၍ ပေါ့ပါး ဖျတ်လတ်ကာ အစောင့်များကို အသာတကြည် ရှောင်လာနိုင်သည်။

ပြိုင်ပွဲဝင် အနည်းငယ်သာလျင် အကြိုပွဲသို့ တက်ရောက်နိုင်သဖြင့် အားလုံးကို ကိုယ်ပိုင်အခန်း တစ်ခန်းစီ ပေးထားလေသည်။

ချန်ရှောင်ယန်က တံခါးကိုပိတ်၍ အထဲ၌ ကျိတ်ငိုနေ၏။ သူမ အသုံးမကျသလို ခံစားမိနေသည်။ သူမကိုယ်သူမ အရှက်ရအောင် လုပ်မိရုံသာမက ဝိုင်ကိုပါ အရှက်ရစေခဲ့သည်။

သူမတွင် နောက်တစ်ပွဲကို ပြိုင်နိုင်သည့် ယုံကြည်ချက် မရှိတော့ဘဲ အလံဖြူပြရန် အသင့်ဖြစ်နေ၏။

သို့ရာတွင် ထိုသို့သောအချိန်၌ သူမဖုန်းက တုန်ခါလာသည်။

[ဝိုင်: မင်းက ဘယ်အခန်းမှာလဲ]

ချန်ရှောင်ယန် ရင်ခုန်နှုန်း မြန်လာပြီး ချက်ချင်း မျက်ရည်များကို သုတ်ကာ သူမ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသလားဟု တွေးလိုက်မိသည်။

ထို့နောက် သူမ အလျင်အမြန် ပြန်ဖြေလိုက်သည်။

[အခန်း ၆]

သူမသည် အကြိုပွဲသို့ တက်လာနိုင်သည့် ခြောက်ယောက်မြောက် ပြိုင်ပွဲဝင် ဖြစ်သည်။ သူမ သုံးမိနစ်တိတိ ဝိုင်ထံမှ ဘာပြန်စာမှ မရချေ။

ချန်ရှောင်ယန်သည် ဖုန်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ဖုန်းကို တင်းနေအောင် ဆုပ်ကိုင် ထားသဖြင့် လက်သည်းထိပ်များပင် ဖြူလာလေသည်။

သူမ နှုတ်ခမ်းကိုက်ထားပြီး စိတ်မထိန်းနိုင်တော့ဘဲ ဝိုင်ထံကို စာထပ်ပို့ချင်နေလေသည်။ ထိုစဉ် သူမဖုန်းက ထပ်၍ တုန်ခါလာ၏။

[တံခါးဖွင့်]

All Chapters