← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅) - မိစ္ဆာစစ်သူကြီးကို ချိတ်ပိတ်ခြင်း၊ ယွမ်ဂိုဏ်း၏ ယုတ်မာသော အကြံအစည်(၁)

အားလုံး၏ အကြည့်များက အနီရောင်ဝတ်ရုံ၀တ် အဘိုးအိုအပေါ်သို့ ကျရောက်သွားကြသည်။

ထိုသူ အသက်ရှင်နေသည်လော သေဆုံးသွားပြီလော၊ ဆိုသည်ကို သူတို့ အလွန်သိချင်နေကြလေသည်။

ဝူယွမ်က ဘေးရှိ ယင်းဟွမ်ဟွမ်ကို အနည်းငယ် ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမ၏ တဖြည်းဖြည်း ပြောင်းလဲလာသော ရေခဲပြာရောင် မျက်ဆန်များက သူမ၏ ခန္ဓာကိုယ်ထဲတွင် နောက်ထပ် ဝိညာဉ်တစ်ခု ရှိနေသေးကြောင်းကို ဝူယွမ်အား သတိပေးနေသကဲ့သို့ ရှိနေသည်။

“သူအသက်ရှင်နေသေးတယ် ထင်တယ်၊ သူ့ရဲ့ အသက်စွမ်းအင်တွေ လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ဘူး၊ ပြီးတော့ သူ့အရှိန်အဝါက နည်းနည်း ရင်းနှီးနေသလိုပဲ”

ယင်းဟွမ်ဟွမ်သည် သူမ၏ လှပသော မျက်ခုံးလေးများကို တွန့်ချိုးကာ တွေးတောရင်း ပြောလိုက်လေသည်။

သူမ အပြင်းအထန် စဉ်းစားနေပုံရသော်လည်း မည်သူဖြစ်ကြောင်းကိုတော့ မမှတ်မိပေ။

ဒေါင်၊

ရုတ်တရက် ကြေးဝါအိုးမှ မြည်သံတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။

“ဟဲဟဲဟဲ၊ အဘိုးအို တစ္ဆေဖန်ထျန်း၊ မင်းရဲ့ အက်ကွဲနေတဲ့ ကြေးဝါအိုးက ဒီစစ်သူကြီးကို ဖိနှိပ်ထားလို့ မရပါဘူးကွာ”

အနီရင့်ရောင် ကြေးဝါအိုးကြီး တုန်ခါသွားပြီး ၎င်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် မြူခိုးများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

အဆုံးအစမရှိသော မှောင်မိုက်မှုများဖြင့် ပြည့်နှက်နေသည့် စူးရှသော ရယ်မောသံတစ်ခုက တောင်တန်းတစ်လျှောက် ဖြတ်သန်းသွားသည်။

အနက်ရောင် မြူခိုးများက ကြေးဝါအိုး အပြင်ဘက်တွင် စုစည်းသွားပြီး ၎င်းအတွင်း၌ အနီရင့်ရောင် အလင်းတန်း တစ်ခုက နတ်ဆိုးတစ်ကောင်၏ မျက်လုံးများအလား ခပ်ရေးရေး လင်းလက်နေသည်။

၎င်း အကြည့်ရောက်သွားသော နေရာတိုင်းရှိ လူတိုင်းတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာလေသည်။

သူသည် အနီရင့်ရောင် မျက်လုံးများဖြင့် တောင်များပေါ်ရှိ များပြားလွန်းသော လူရိပ်များကို ဝေ့ကြည့်လိုက်ပြီးနောက် အနက်ရောင်မြူခိုးများ အတွင်းမှ မကောင်းဆိုးဝါးဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“အို... ပုရွက်ဆိတ်တွေ အများကြီးပဲ”

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော အနက်ရောင် အလင်းတန်းများ ပစ်လွှတ်ထွက်ပေါ်လာလေသည်။

“သတိထား၊ အားလုံး ငါ့အနောက်မှာနေကြ”

ဝူယွမ်က တောင်ဂိုဏ်းတပည့်များကို လျင်မြန်စွာ စုစည်းလိုက်ပြီး သူ၏ အနောက်တွင် ကာကွယ်ထားလိုက်သည်။

လျှပ်စီးအလား လျင်မြန်သော အနက်ရောင် အလင်းတန်းများက လူအုပ်ကြီးထံသို့ တိုး၀င်လာလေသည်။

အချို့လူများမှာ အချိန်မီ မရှောင်တိမ်းလိုက်နိုင်ဘဲ တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရသည်။

အနက်ရောင် အလင်းတန်း ထိမှန်သွားသူများမှာ တဖြည်းဖြည်း ခြောက်သွေ့သွားပြီး နောက်ဆုံးတွင် အရိုးများပင် မကျန်တော့ဘဲ ပြာအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။

ဝူယွမ်၏ မျက်နှာအမူအရာမှာ လေးနက်သွားသည်။ ဤအနက်ရောင် အလင်းတန်း တိုက်ခိုက်မှုများမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး သူပင်လျှင် အလွယ်တကူ မတားဆီးနိုင်ပေ။

“မြန်မြန် ဆုတ်ကြ”

သူက တောင်ဂိုဏ်း တပည့်များကို လျင်မြန်စွာ နောက်ဆုတ်ရန် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်

တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်ပေါ်ရှိ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထဲမှ အညိုရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝင်ရောက်လာသော အနက်ရောင် အလင်းတန်းများ အားလုံးကို ပြန့်ကျဲသွားစေသည်။

“မဟာရှေးဟောင်း... တောရိုင်းကျောက်တိုင်”

အနီရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် မော့ကြည့်လာခဲ့ပြီး သူ၏ အကြည့်များက လေဟာနယ်ကို ထိုးဖောက်သွားပြီး နောက်ဆုံးတွင် ဝူယွမ်အပေါ်သို့ ကျရောက်သွားတော့သည်။

ရှေးကျသော အရှိန်အဝါတစ်ခု ပါဝင်နေသည့် ပုံမှန်မဟုတ်ဘဲ တွေဝေနေသည့် အသံဩဩ တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

၎င်းနောက်တွင် သူ၏ အကြည့်များက ယင်းဟွမ်ဟွမ်ဆီသို့ ပြောင်းလဲသွားသည်။

“ရေခဲသခင်မ”

ဝူယွမ်၏ အရှေ့ရှိ လေဟာနယ်မှာ ရုတ်တရက် တွန့်လိမ်ကောက်ကွေးသွားပြီး သူတို့၏ အရှေ့တွင် အနီရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် ပေါ်လာလေသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဝင်ရောက်လာသော အနက်ရောင် အလင်းတန်းများ အားလုံးကို တိုက်ရိုက် တားဆီးလိုက်နိုင်လေသည်။

“ရှင်က...”

ယင်းဟွမ်ဟွမ်က အနီရောင်ဝတ်ရုံနှင့်လူကို တွေဝေမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်လိုက်သည်။

အနီရောင်ဝတ်ရုံနှင့်လူက ယင်းဟွမ်ဟွမ်ကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်လေးတစ်ခု ပေါ်လာလေသည်။

“ရေခဲသခင်မ၊ မင်း တကယ်ပဲ အောင်အောင်မြင်မြင် ဝင်စားနိုင်ခဲ့တာကိုး”

သူက အနက်ရောင် မြူခိုးများကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။

ရုတ်တရက် မီးပင်လယ်ကြီး တစ်ခုအလား ကြီးမားလွန်းသော ယွမ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီးနောက် အနက်ရောင် မြူခိုးသတ္တဝါကို လွှမ်းခြုံသွားသည့် ဧရာမမီးတောက် ကန့်လန့်ကာကြီး တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွာ လေသည်။

“ဟဲဟဲဟဲ၊ အဘိုးအို တစ္ဆေဖန်ထျန်း၊ နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ မင်းက သေတာလည်း မဟုတ်၊ ရှင်တာလည်း မဟုတ်တဲ့ ဒီအသွင်အပြင်မျိုး ဖြစ်လာတာပဲ၊ ဟဲဟဲဟဲ၊ ကြည့်ရတာ ဝင်စားခြင်းကပ်ဘေးကို မင်း ကျရှုံးခဲ့ပုံပဲ”

အဆုံးအစမရှိသော အနက်ရောင် မြူခိုးများ လှိုင်းထသွားပြီး အနီရင့်ရောင် အလင်းတိုင်က လေထုကို ဖြတ်သန်းလာသော အနီရောင်ဝတ်ရုံနှင့်လူကို တိုက်ရိုက် ပစ်မှတ်ထားလိုက်ပြဌး စူးရှစွာ ရယ်မောလိုက်သည်။

“ငါ့ရဲ့ တာဝန်က မင်းကို ဖိနှိပ်ထားဖို့ပဲ”

အနီရောင်ဝတ်ရုံနှင့်လူ၏ အသံမှာ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် ခိုင်မာပြတ်သားနေပြီး အနက်ရောင် မြူခိုးများထံသို့ ပြေးဝင်သွားစဉ် အဆုံးအစမရှိသော မီးတောက်များကို သယ်ဆောင်သွားလေသည်။

“ဒီစစ်သူကြီးကို ဖိနှိပ်ထားမယ် ဟုတ်လား၊ ဟဲဟဲဟဲ၊ အဲဒီအချိန်တုန်းက အဆောင်ဘိုးဘေးသာ သူ့ရဲ့ဝင်စားခြင်းကို လောင်ကျွမ်းပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းကို မချိတ်ပိတ်ခဲ့ဘူးဆိုရင် မင်းတို့လို အဆင့်နိမ့်သတ္တဝါတွေရဲ့ ကမ္ဘာကြီးက ဘယ်လိုလုပ် ဆက်ရှိနေဦးမှာလဲ”

အနက်ရောင် မြူခိုးများက တွန့်လိမ်နေပြီး ၎င်းအတွင်းမှ စူးရှသော အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

အနက်ရောင် မြူခိုးများအတွင်းမှ အသံများကို နားထောင်ရင်း စူပါဂိုဏ်းကြီးအသီးသီးမှ လူများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

ထိုရှေးဟောင်းစစ်ပွဲကြီး၏ တရားခံမှာ ဤအနက်ရောင်မြူခိုး မျိုးနွယ်စု ဖြစ်ပုံရသည်။

“ဒါပေမယ့် ရလဒ်ကတော့ ငါတို့ အနိုင်ရခဲ့တာပဲ၊ ဒီတစ်ခေါက်လည်း မင်း ငါ့လက်ကနေ လွတ်မှာ မဟုတ်ပါဘူး”

အနီရောင်ဝတ်ရုံနှင့်လူ၏ အသံမှာ ခပ်ဩဩ ဖြစ်နေသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် ပျံဝဲနေသော ဧရာမ ကြေးဝါအိုးကြီးက ရုတ်တရက် လေခွင်းသံများဖြင့် အောက်သို့ ဆင်းသက်လာသည်။

ကြေးဝါအိုး၏ အဝမှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ပေါက်ကွဲထွက်လာပြီး အနက်ရောင်မြူခိုး သတ္တဝါထံသို့ တိုက်ခတ်သွားလေသည်။

“အခု မင်း အဲ့ဒါကို ထပ်လုပ်လို့ မရတော့ဘူး”

အနက်ရောင်မြူခိုးများ ပေါက်ကွဲထွက်လာပြီး ပေတစ်ထောင်ခန့် ကြီးမားသော ဧရာမလက်ဝါးကြီး တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကာ ဝင်ရောက်လာသော မီးတောက်အလင်းလုံးကြီးကို ချက်ချင်းပင် ရိုက်ထုတ်ပစ်လိုက်သည်။

နှစ်ဖက်စလုံးက ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်လိုက်ကြလေသည်။

ဖန်ထျန်း ကြေးဝါအိုးကြီးအတွင်းမှ ပေရာချီ ကြီးမားသော မီးတောက်အလင်းတိုင်များ အဆက်မပြတ် ထွက်ပေါ်လာလေသာ်။

စီးဆင်းနေသော မီးတောက်လှိုင်းများကလည်း ကြောက်မက်ဖွယ်ကောင်းသော မီးလျှံအစီအရင်ကြီး တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်ပြီး အနက်ရောင်မြူခိုး သတ္တဝါကို တိုက်ရိုက်ပင် လွှမ်းခြုံသွားလေသည်။

“ကမ္ဘာဝါးမျိုခြင်းနတ်ဆိုး”

အနက်ရောင်မြူခိုးများအတွင်းမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

အော်သံနှင့်အတူ အနီရင့်ရောင် အလင်းတန်းများ လင်းလက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် ချီစွမ်းအင်များက လှိုင်းတံပိုးများအလား ထွက်ပေါ်လာကာ မီးလျှံအစီအရင်ကို ခုခံလိုက်လေသည်။

ဘုန်း၊ဝုန်း...

ဤနေရာရှိ ‌ဟင်းလင်းပြင်မှာ မတည်ငြိမ်တော့ပဲ ပြိုကျတော့မည့် လက္ခဏာများ ပြသလာခဲ့လေသည်။

“ဟဲဟဲဟဲ၊ မင်းရဲ့ အက်ကွဲနေတဲ့ ကြေးဝါအိုးက အရင်ကလောက် မစွမ်းတော့ပါဘူး” အနက်ရောင်မြူခိုးများအတွင်းမှ ဝမ်းသာနေဟန်ဂသော အသံတစ်ခု ထွက်ပေါ်လာသည်။

“အဲ့ဒါက မင်းကို ဖိနှိပ်ထားဖို့တော့ လုံလောက်ပါသေးတယ်”

အနီရောင်ဝတ်ရုံနှင့်လူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြေးဝါအိုးကြီး အတွင်းမှ အနီရင့်ရောင် အလင်းတန်း ရှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဤအလင်းတန်းများက ကောင်းကင်ယံတွင် စုစည်းသွားပြီး နောက်ဆုံးတွင် အနီရင့်ရောင် အဆောင်တံဆိပ်ပြား ရှစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အနီရင့်ရောင် အဆောင်တံဆိပ်ပြား ရှစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။

ထိုအနီရင့်ရောင် အဆောင်တံဆိပ်ပြား ရှစ်ခုမှာ သူ အစောပိုင်းက ရတနာရှာဖွေရေးနယ်မြေတွင် ရရှိခဲ့သော အရာနှင့် အတိအကျ တူညီနေသည်။

သိပ်မကြာမီပင် ထိုအဆောင်တံဆိပ်ပြားများက ဤကမ္ဘာထဲရှိ ဧရာမမီးတောင်ကြီး ရှစ်လုံး၏ အထက်တွင် ပျံဝဲနေကြလေသည်။

ထို့နောက် မီးတောင်များ တုန်ခါသွားပြီး ချော်ရည်များ ပေါက်ကွဲထွက်လာကာ နောက်ဆုံးတွင် ကောင်းကင်ယံ၌ ဧရာမချော်ရည်တံခါးကြီး ရှစ်ခုကို ဖန်တီးလိုက်သည်။

သို့သော် ဤချော်ရည်တံခါးကြီးရှစ်ခုဖြင့် ဖန်တီးထားသော အစီအရင်တွင် အရှေ့မြောက်ဘက် ထောင့်တစ်ခု လိုအပ်နေပြီး ၎င်းကို ပြီးပြည့်စုံမှု မရှိအောင် တားဆီးထားကြောင်းကို ဝူယွမ် သတိပြုမိလိုက်သည်။

“အားလုံးပဲ၊ ဒီနေရာကနေ ထွက်သွားကြ” အနီရောင်ဝတ်ရုံနှင့်လူက အော်ဟစ်လိုက်သည်။

“ဟဲဟဲဟဲ၊ မင်းရဲ့ အစီအရင်က မပြည့်စုံဘူး၊ အဲ့ဒါနဲ့ ငါ့ကို ထပ်ပြီးဖမ်းထားလို့မရတော့ဘူး၊ ငါ ထွက်လာတာနဲ့ သူတို့ကို ဝါးမျိုပစ်မယ်၊ ဒီပုရွက်ဆိတ်အုပ်က ငါ့ရဲ့ စွမ်းအား နည်းနည်းလောက် ပြန်နာလန်ထူဖို့ လုံလောက်ပါတယ်”

အနက်ရောင်မြူခိုးများအတွင်းမှ အံ့ဩသွားဟန်ရသော အသံတစ်ခု ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာ ပိတ်မိနေပြီးနောက် နောက်ဆုံးတော့ သူ လွတ်မြောက်နိုင်တော့မည် ဖြစ်သည်။

“ရွှစ်၊ ရွှစ်၊ ရွှစ်...”

ထိုစကားများကို ကြားလိုက်ရသောအခါ လူတိုင်းက ရတနာရှာဖွေခြင်းကို ဂရုမစိုက်တော့ဘဲ အရူးများအလား ထွက်ပြေးကုန်ကြလေသည်။

ဤနက်နဲဆန်းကြယ်သော အနက်ရောင်မြူခိုး၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ အားလုံး မြင်တွေ့ခဲ့ရပြီးပြီး ဖြစ်သည်။

အကယ်၍ ၎င်းသာ တကယ် လွတ်မြောက်သွားမည်ဆိုပါက သူတို့သည် ပထမဆုံး သေဆုံးမည့်သူများ ဖြစ်လာပေလိမ့်မည်။

“မင်းတို့ အားလုံး အရင်ထွက်သွားကြ”

ဝူယွမ်က တောင်ဂိုဏ်း တပည့်များကို ပြောလိုက်သည်။

“ရှင်ကကော”

ယင်းဟွမ်ဟွမ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ့ဆီမှာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ရှိတယ်၊ ဒီအခြေအနေကို ငါ ထိန်းချုပ်နိုင်ပါတယ်” ဝူယွမ်က သူမကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

“သွားကြစို့”

ယင်းရှောင်ရှောင်က ယင်းဟွမ်ဟွမ်ကို ဆွဲကာ နောက်ဆုတ်သွားသည်။

ဤအချိန်တွင် ဆက်နေခြင်းက ဝူယွမ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာ ရှိမည်ကို သူမ နားလည်ထားလေသည်။ ထိုအနက်ရောင်မြူခိုးအရိပ်ထံမှ အလင်းတန်း တစ်ခုတည်းကပင် သူတို့ကို ချက်ချင်း သတ်ပစ်ရန် လုံလောက်ပေသည်။

တောင်ဂိုဏ်း တပည့်များ အားလုံး နောက်ဆုတ်သွားပြီးနောက် ဝူယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ယွမ်ချန်းနှင့် သူ၏ အပေါင်းအပါနှစ်ဦးတို့သည် ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်ခွာသွားကြပြီး အဝေးရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားသော အနီရင့်ရောင် ကြေးဝါအိုးကြီးဆီသို့ ပျံသန်းသွားနေကြကြောင်းကို သူ ချက်ချင်း သတိပြုမိလိုက်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူတို့သည် ဖန်ထျန်း ကြေးဝါအိုးကြီးကို လိုချင်နေကြသေးလေသည်။

“သူတို့က ယွမ်ဂိုဏ်းရဲ့ အထက်လူကြီးတွေဆီကနေ ညွှန်ကြားချက်တွေ ရထားတာများလား”

လူငယ်ဘုရင်သုံးပါး၏ ရည်ရွယ်ချက်များမှာ မရိုးရှင်းကြောင်းကို ဝူယွမ် ရုတ်တရက် သတိထားလိုက်မိသည်။

ချိတ်ပိတ်ခံထားရသော ကမ္ဘာခြားနတ်ဆိုးသည် ဤကမ္ဘာကြီးအပေါ် မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပြီး ၎င်းကို လွှတ်ပေးလိုက်ခြင်းက သေချာပေါက် ကပ်ဘေးတစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်းကို မည်သူမဆို မြင်တွေ့နိုင်လေသည်။

အခန်း (၂၈၆) - မိစ္ဆာစစ်သူကြီးကို ချိတ်ပိတ်ခြင်း၊ ယွမ်ဂိုဏ်း၏ ယုတ်မာသော အကြံအစည်(၂)

ဖန်ထျန်း ကြေးဝါအိုးကြီး သည် ၎င်းကို ဖိနှိပ်ရန်အတွက် သော့ချက် ဖြစ်သည်။

ယခုအခါ သူတို့ သုံးဦးက ထိုကြေးဝါအိုးကြီးကို သိမ်းပိုက်ရန် ကြံစည်ခြင်းမှာ မိစ္ဆာစစ်သူကြီး လွတ်မြောက်ရန် ကူညီပေးခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ထို့အပြင် အစောပိုင်းက မိစ္ဆာစစ်သူကြီး အနည်းငယ် လှုပ်ရှားလာနိုင်ရန် အစီအရင်ကို ဖျက်ဆီးခဲ့သူမှာလည်း ယွမ်ချန်းပင် ဖြစ်သည်။

ယွမ်ဂိုဏ်းသည် ဤလောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပြီး နှစ်ပေါင်းများစွာကြာ လေ့လာထားခဲ့သဖြင့် ဤနေရာတွင် မိစ္ဆာစစ်သူကြီး တစ်ဦးကို ဖိနှိပ်ထားကြောင်း သူတို့ သိရှိထားသင့်သည်။ နှစ်ပေါင်းများစွာကြာ

နှစ်ပေါင်းများစွာကြာ သူတို့၏ အားထုတ်မှုများမှာ မိစ္ဆာစစ်သူကြီးကို လွှတ်ပေးရန်တောင် ဖြစ်နေနိုင်လေသည်။

“ယွမ်ဂိုဏ်းရဲ့ ရည်ရွယ်ချက်တွေက တကယ်ကို မကောင်းဆိုးဝါးဆန်တာပဲ”

ဝူယွမ်၏ နှလုံးသားထဲတွင် အေးစိမ့်သွားခဲ့သည်။

‘ယွမ်ဂိုဏ်းက ဒီလို သစ္စာဖောက်တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ် ကျူးလွန်နိုင်ရတာလဲ၊ အဲ့တာက… တကယ်ကို ရွံဖို့ ကောင်းလွန်းတယ်’

ကမ္ဘာခြား မျိုးနွယ်စုများနှင့် ပူးပေါင်းကြံစည်ခြင်းမှာ အလွန်အမင်း စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။

ယွမ်ဂိုဏ်းသည် ကမ္ဘာခြားနတ်ဆိုးများ၏ ဌာနချုပ်များထဲမှ တစ်ခုဖြစ်ကြောင်းကို ဝူယွမ် သိထားသော်လည်း လူငယ်ဘုရင်သုံးပါး၏ လုပ်ရပ်များကို မြင်တွေ့ရခြင်းက သူ့ကို ဒေါသထွက်စေဆဲပင် ဖြစ်သည်။

ယခုအချိန်တွင် လူငယ်ဘုရင်သုံးပါးက အမှန်တရားကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူတို့ လုပ်ဆောင်နေသည့် အရာမှာ သေဖို့ ထိုက်တန်လေသည်။

ကမ္ဘာခြားနတ်ဆိုး မျိုးနွယ်စုများနှင့် ပူးပေါင်းကြံစည်ခြင်းက သူတို့၏ မျိုးနွယ်စု တစ်ခုလုံးကို မျိုးတုံးသတ်ဖြတ်ရန်ပင် သင့်လေသည်။

“ဒီနေ့ ငါ မင်းတို့သုံးယောက်ကို အရင်ရှင်းရမယ်”

ဝူယွမ်သည် လူငယ်ဘုရင်သုံးပါးကို အေးစက်၏က် တစ်ချက် ကြည့်လိုက်ပြီး သူ၏ ရင်တွင်း၌ ထိုလူများကို သေဒဏ်ချမှတ်ပြီး ဖြစ်လေသည်။

လူငယ်ဘုရင်သုံးပါး အပြင် အခြားသူ အများအပြားလည်း ချက်ချင်း ထွက်မသွားကြပေ။

သူတို့၏ အကြည့်အများစုမှာ မြေပြင်ပေါ်သို့ ကျဆင်းသွားသော ဧရာမ ကြေးဝါအိုးကြီးဆီသို့ ရောက်ရှိနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ပြင်းထန်သော လောဘ အရိပ်အယောင်များ လင်းလက်နေခဲ့သည်။

အနီရောင်ဝတ်ရုံနှင့်လူက ကြေးဝါအိုးကို အသုံးပြု၍ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ဤပစ္စည်းမှာ စွမ်းအားကြီးမားလွန်းသော သန့်စင်ယွမ်ရတနာ တစ်ခုဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

အကယ်၍ သူတို့သာ ၎င်းကို ရရှိနိုင်မည်ဆိုပါက သူတို့၏ ကိုယ်ပိုင် စွမ်းအားများမှာ တဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။

သန့်စင်ယွမ်ရတနာ တစ်ခုသည် သူတို့ စွန့်စားရန်အတွက် လုံလောက်နေချေပြီ။

ရတနာများ၏ အရှေ့တွင် လူများမှာ အမြဲတမ်း စဥ်းစားဆင်ခြင်နိုင်စွမ်း ဆုံးရှုံးတတ်ကြသည်။

အနက်ရောင်မြူခိုးအရိပ်က ဘာလဲဆိုသည်ကိုတော့ သူတို့ ဂရုမစိုက်ရန် ရွေးချယ်လိုက်ကြသည်။

“ရှင် မထွက်သွားဘူးလား” ဤအချိန်တွင် လင်ချင်းကျူက ဝူယွမ်၏ ဘေးတွင် ရုတ်တရက်ပေါ်လာပြီး မေးလိုက်လေသည်။

ဝူယွမ်က သူမကို အံ့ဩတကြီး ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။ “မင်းလည်း မထွက်သွားသေးဘူးလား”

“ကျွန်မက အဲဒီ ကြေးဝါအိုးကြီးကို မမက်မောပါဘူး၊ ဒီနေရာက တိုက်ပွဲကို စောင့်ကြည့်ချင်ရုံပါ” လင်ချင်းကျူက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ထို့နောက် သူမ၏ မျက်လုံးများက အဝေးရှိ စစ်မြေပြင်ဆီသို့ ရောက်ရှိသွားပြီး သူမ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“တကယ်လို့ အဲဒီအရာသာ လွတ်မြောက်သွာခဲ့ရင် အရှေ့ဘက် ရွှမ်ဒေသက တော်တော်လေး ကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်”

“သူ လွတ်မှာ မဟုတ်ပါဘူး” ဝူယွမ်က အေးစက်စက်ဖြင့် လှောင်ပြုံးပြုံးလိုက်မိသည်။

ထို့နောက် ဖန်ထျန်း ကြေးဝါအိုးကြီး ဆီသို့ အပြေးအလွှား သွားနေကြသူများကို ကြည့်ရင်း ခေါင်းခါယမ်းကာ ပြောလိုက်လေသည်။ “လောဘကြီးလွန်းတယ်၊ ပြီးတော့ အချိန်သင့်အခါသင့် မဟုတ်ဘူး၊ သူတို့က သေဖို့ ထိုက်တန်ပါတယ်”

ဤစကားကို ကြားသောအခါ လင်ချင်းကျူက ဝူယွမ်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ရာ သူ၏ ရင်ဘတ်ပေါ်ရှိ ရှေးဟောင်း ကျောက်တိုင် အသေးစားလေးကို ဖြုတ်ယူနေသည်ကို မြင်တွေ့လိုက်ရသည်။

“အကြီးအကဲဟွမ်... ဒီလေဟာနယ်ကို ချိတ်ပိတ်ပေးပါ... ကျန်တဲ့သူတွေ အတွက်တော့၊ သူတို့က မထွက်သွားဘူး ဆိုမှတော့ ဒီမှာပဲ တစ်သက်လုံး နေခိုင်းလိုက်ကြတာပေါ့” ဝူယွမ်က အေးစက်စွာ ပြောလိုက်လေသည်။

ဤလူများ အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစစ်သူကြီးကို မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သို့သော် သူတို့သည် လူငယ်ဘုရင် သုံးပါးကို မတားဆီးခဲ့ရုံသာမက လုယက်မှုတွင်လည်း ပါဝင်ခဲ့ကြသေးသည်။

အစီအရင် မပြည့်စုံချိန်တွင် အဘိုးအို တစ္ဆေဖန်ထျန်းက သူတို့ကို ထွက်ပြေးရန် တိုက်တွန်းခဲ့သော်လည်း ထိုအခွင့်အရေးကို သူတို့ တန်ဖိုးမထားခဲ့ကြပေ။

သေလမ်းကို ပြေးတိုးနေကြသဖြင့် ဝူယွမ်က သူတို့ကို ငဲ့ညာနေရန် မလိုအပ် တော့ပေ။

“အခြေအနေကို မခွဲခြားတတ်တဲ့ မိုက်မဲတဲ့ လူငယ်လေးတွေပဲ၊ ကမ္ဘာခြားနတ်ဆိုးတွေက လူတွေရဲ့ မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်သွားပြီလား” ဟွမ်က တီးတိုးရေရွတ်လိုက်ရင်း အညိုရောင် အလင်းတန်းများ ပြန့်နှံ့သွားပြီး ဤကမ္ဘာထဲရှိ လေဟာနယ်ကို ဖြည်းညင်းစွာ လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။

အမည်းရောင် ကျောက်တိုင်ကြီး အဆက်မပြတ် ကြီးထွားလာသည်ကို လင်ချင်းကျူက အံ့ဩတကြီးဖြင့် စောင့်ကြည့်နေခဲ့လေသည်။

ဤဝိညာဉ်ရတနာက သူမကို သန့်စင်ယွမ်ရတနာ တစ်ခုထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

ဝူယွမ်သည် ဤကဲ့သို့သော ရတနာမျိုးကို တကယ်ကြီး ပိုင်ဆိုင်ထားခဲ့လေသည်။

ဝူယွမ်ကို နားလည်ရန် မဖြစ်နိုင်တော့ကြောင်း သူမ ခဏတာ ခံစားလိုက်ရသည်။

ဤအချိန်တွင် အဘိုးအို တစ္ဆေဖန်ထျန်း ထိန်းချုပ်နေသော ဧရာမချော်ရည်တံခါးကြီး ရှစ်ခုက အစီအရင် တစ်ခုကို ဖန်တီးပြီးသွားပြီ ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသော အနီရင့်ရောင် ချော်ရည်များက လှိုင်းတံပိုးများအလား ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ချော်ရည် ကန့်လန့်ကာကြီး တစ်ခုကို ဖန်တီးလိုက်သည်။

ထိုမြင်ကွင်းမှာ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် ခမ်းနားကြီးကျယ်လှပေသည်။

မိစ္ဆာစစ်သူကြီးက ရန်စစကားများ ဆက်လက် မပြောရဲတော့ဘဲ ပြင်းထန်စွာ ခုခံနေခဲ့ရသည်။

ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မြူခိုးများက လှိုင်းတံပိုးများအလား ထွက်ပေါ်လာပြီး အဆုံးအစမရှိသော အေးစက်မှုများက ပူပြင်းလှသော ချော်ရည်များကို အဆက်မပြတ် တိုက်စားကာ ပြန့်ကျဲသွားစေခဲ့သည်။

လူနှင့် နတ်ဆိုးတို့၏ ရင်ဆိုင်မှုပင်...

ယွမ်ချန်းနှင့် သူ၏ အပေါင်းအပါနှစ်ဦးတို့ ဦးဆောင်သော လူရိပ် တစ်ဒါဇင်ကျော်မှာတော့ ကျဆင်းလာသော အနီရင့်ရောင် ကြေးဝါအိုးကြီးဆီသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

အညိုရောင် စွမ်းအားတစ်ခုက ဤလေဟာနယ်ကို တိတ်တဆိတ် ဝန်းရံနေကြောင်းကိုတော့ သူတို့ သတိမထားမိကြသေးပေ။

သူတို့၏ မျက်လုံးများက အနီရင့်ရောင် ကြေးဝါအိုးကြီးပေါ်သို့သာ စူးစိုက်ကြည့်နေကြသည်။

“ထွက်သွားကြ... ဒီဟာက ငါ့ရဲ့ ယွမ်ဂိုဏ်းက ပိုင်တာပဲ”

ယွမ်ချန်းက သူ၏ ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်ပြီး လိုက်ပါလာသူများအားလုံးကို အေးစက်စက် ကြိမ်းမောင်းလိုက်သည်။

လဲ့ချန်နှင့် လင်းကျန်းတို့သည်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့် ဖိအားများကို ထုတ်လွှတ်လိုက်ကြသည်။

လူငယ်ဘုရင် သုံးပါးကို ရင်ဆိုင်ရချိန်တွင် ထိုလူများမှာ ကြောက်ရွံ့သွားကြလေသည်။

“အခု လှုပ်ရှားလိုက်... ကြေးဝါအိုးနဲ့ အဲဒီ အနီရောင်ဝတ်ရုံနဲ့လူ ကြားက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၊’

သူက အနက်ရောင်အရိပ်နဲ့ အလုပ်ရှုပ်နေတာဆိုတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ငါတို့ ကြေးဝါအိုးကို လုယူပြီး ထွက်သွားကြမယ်”

ယွမ်ချန်းက အေးအေးဆေးဆေးပင် ရေရွတ်လိုက်ပြီးနောက် သူ၏ အကြည့်များက အနီရင့်ရောင် ကြေးဝါအိုးကြီးဆီသို့ ပြောင်းလဲသွားကာ သူ၏ မျက်လုံးများထဲတွင် ဖုံးကွယ်၍မရသော စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လာခဲ့လေသည်။

ဤတစ်ကြိမ်တွင် ဂိုဏ်းက ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်နိုင်ရုံသာမက ဤသန့်စင်ယွမ်ရတနာ ကိုပါ ရရှိနိုင်မည် ဖြစ်သည်။ ၎င်းမှာ တကယ်ကို ဝမ်းသာစရာပင်။

နက်နဲဆန်းကြယ်သော အနက်ရောင်မြူခိုးနှင့် ပတ်သက်၍ မည်သူကမှ ဂရုမစိုက်ကြချေ။ ၎င်းကို လွှတ်ပေးလိုက်ပြီးလျှင်လည်း စိတ်ပူစရာမလိုကြောင်း သူ့ဆရာက သူ့ကို ပြောထားခဲ့ပြီး ဖြစ်သည်။

ဤသန့်စင်ယွမ်ရတနာ ကြေးဝါအိုးကြီး ကို ရရှိပြီးသည်နှင့် ဝူယွမ်ကို ဖိနှိပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားလေသည်။

‘အဲ့ဒီအချိန်ကျရင် တောင်ဂိုဏ်း တပည့်တွေ အားလုံးကို သူ သတ်ပစ်မယ်၊ ပြီးတော့ လင်ချင်းကျူကိုလည်း...’ ယွမ်ချန်းက လင်ချင်းကျူကို ကြေးဝါအိုးထဲမှာ သီးသန့် တွေ့ဆုံဖို့ရာ အတင်းအကျပ် ဖိတ်ခေါ်နိုင်လောက်သည်ဟု မတွေးဘဲ မနေနိုင်တော့ပေ။

အတိုချုပ် ပြောရလျှင် ဤကြေးဝါအိုးကြီးကို သူ ရရှိသရွေ့ သူ ယွမ်ချန်းသည် ကမ္ဘာခြားနတ်ဆိုးနယ်မြေတွင် ဩဇာအာဏာ အကြီးဆုံးသူ ဖြစ်လာပေလိမ့်မည်။

သူတို့ သုံးဦးက စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်နေကြစဉ် ဝူယွမ်က သူတို့၏ စွမ်းဆောင်ရည်ကို အဝေးမှ စောင့်ကြည့်နေခဲ့သည်။

ယွမ်ချန်းနှင့် သူ၏ အပေါင်းအပါနှစ်ဦးတို့မှာ အစကတည်းက ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

သူတို့က ဦးချိုနှင့် ဆင်တူသော အရာဝတ္ထု သုံးခုကို တစ်ပြိုင်နက်တည်း ပစ်မြှောက်လိုက်ရာ ၎င်းတို့သည် အနီရင့်ရောင် ကြေးဝါအိုးကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည့် အလင်းတန်း ပိုက်ကွန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အလင်းတန်း ပိုက်ကွန်များပေါ်တွင် မှေးမှိန်သော အသံလှိုင်းများ ပြန့်နှံ့နေသဖြင့် ဤဦးချိုနှင့် ဆင်တူသော အရာဝတ္ထုများမှာ ဝိညာဉ်ရတနာများ ဖြစ်နိုင်ခြေ ရှိကြောင်း ညွှန်ပြနေခဲ့သည်။

အလင်းတန်း ပိုက်ကွန် ကြေးဝါအိုးကို လွှမ်းခြုံသွားပြီး ကြေးဝါ솥ပေါ်တွင် လင်းလက်နေသော အလင်းရောင်များမှာ ချက်ချင်းပင် အနည်းငယ် မှေးမှိန်သွားကာ ဆက်သွယ်မှု အချို့ ပြတ်တောက်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

ယွမ်ချန်းက ဝမ်းသာသွားပြီးနောက် ကြေးဝါ솥ပေါ်သို့ လက်ခုပ်တီးလိုက်ကာ “အဲ့ဒါကို ရွှေ့လိုက်” ဟု ပြောလိုက်သည်။

ဤအချိန်တွင် အဝေးရှိ ဧရာမချော်ရည်တံခါးကြီးများ အလယ်တွင် ရှိနေသော အနီရောင်ဝတ်ရုံနှင့်လူ၏ ပိန်ချုံးနေသော မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက ယွမ်ချန်းနှင့် သူ၏ အပေါင်းအပါ နစ်ဦးကို မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာခဲ့၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူနှင့် ဖန်ထျန်း ကြေးဝါအိုးကြီး ကြားရှိ ဆက်သွယ်မှုမှာ ပြတ်တောက်သွားခဲ့လေပြီ။

ဤအချိန်တွင် မိစ္ဆာစစ်သူကြီးက ပိုမိုပြင်းထန်စွာ ခုခံလာပြီး အစီအရင်၏ မပြည့်စုံသေးသော ထောင့်တစ်နေရာကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

ဖန်ထျန်း ကြေးဝါအိုးကြီး၏ အထောက်အပံ့ မပါတော့သဖြင့် အဘိုးအို တစ္ဆေဖန်ထျန်း၏ စွမ်းအားမှာ ချက်ချင်းပင် သိသိသာသာ အားနည်းသွားခဲ့ပြီး ၎င်းက မိစ္ဆာစစ်သူကြီးကို အခွင့်အရေးတစ်ခု ပေးလိုက်သလို ဖြစ်သွားမှန်း သံသယဖြစ်ဖွယ် မရှိပေ။

“ယွမ်ချန်းနဲ့ သူ့အပေါင်းအပါတွေက ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ... အဲဒီ အနက်ရောင် မြူခိုးကို လွှတ်ပေးတာက သူတို့အတွက် ဘာအကျိုးကျေးဇူး ရှိလို့လဲ”

လင်ချင်းကျူ၏ မျက်လုံးများထဲတွင် တွေဝေမှုများ ပြည့်နှက်နေပြီး သူမ၏ အမူအရာမှာ အနည်းငယ် ဒေါသထွက်နေပုံ ရလေသည်။

“အဲ့ဒီ အနက်ရောင်မြူခိုးအရိပ်က အစီအရင်ကို ဖောက်ထွက်တော့မယ့်ပုံပဲ... ရှင့်ဆီမှာ ဖြေရှင်းစရာ နည်းလမ်းရှိလား”

သူမက ဝူယွမ်ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်မိသည်။

ဝူယွမ်က စကားတစ်ခွန်းမှမပြောခဲ့ပေ။ သူက လက်ကို ဆန့်တန်းကာ ရှေ့သို့ ရုတ်တရက် တစ်လှမ်းတိုးလိုက်ပြီးနောက် သူ ပြင်ဆင်ထားပြီးသား ဖြစ်သော အရာကို ပစ်လွှတ်လိုက်လေသည်။

အနီရင့်ရောင် အဆောင်တံဆိပ်ပြား တစ်ခုက လင်ချင်းကျူ၏ အံ့ဩနေသော အကြည့်များအောက်တွင် လေခွင်းသံများနှင့်အတူ ထွက်ပေါ်လာပြီး ချော်ရည်များပေါ်သို့ ကျဆင်းသွားခဲ့သည်။

“မင်းက ပျောက်ဆုံးနေတဲ့ အစီအရင်တံခါးကို တကယ်ကြီး ရထားတာပဲ” အနီရောင်ဝတ်ရုံနှင့်လူက အဝေးရှိ ဝူယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အနည်းငယ် အံ့ဩသွားခဲ့၏။

သူက ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ ထိုအဆောင်တံဆိပ်ပြားက နောက်ဆုံးမီးတောင်၏ အထက်တွင် ပျံဝဲသွားလေသည်။

ချက်ချင်းပင် ဧရာမချော်ရည်တံခါးကြီး တစ်ခု ထပ်မံစုစည်းဖြစ်ပေါ်လာပြီး မဟာအစီအရင်ကြီးကို အပြည့်အဝ ပြီးပြည့်စုံသွားစေခဲ့လေသည်။

ကြောက်မက်ဖွယ်ကောင်းသော အနီရင့်ရောင် စွမ်းအားက နောက်ဆုံးတွင် အနက်ရောင်မြူခိုးကို ဖိနှိပ်သွားနိုင်ခဲ့လေသည်။

“ကြည့်ရတာ ဒါက မင်းရဲ့ကံကြမ္မာပဲ... မြေအောက်ထဲမှာ ဖုန်ရှူနေရတာကို ပျော်ပျော်ကြီး ခံစားလိုက်ပါ”

အနီရောင်ဝတ်ရုံနှင့်လူက လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ ချော်ရည်များ စီးဝင်လာပြီး ပတ်ဝန်းကျင်ရှိ တောင်ထွတ်များ ရွေ့လျားလာကာ အနက်ရောင်မြူခိုးများကို တောင်ထွတ်များ၏ အောက်ခြေတွင် ဖိနှိပ်ထားလိုက်လေတော့သည်။

“မဟုတ်ဘူး...” ရင်ကွဲမတတ် အော်ဟစ်သံကြီး တစ်ခုက အနက်ရောင်မြူခိုးများ အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ဤအချိန်တွင် အနီရင့်ရောင် ကြေးဝါအိုးကြီးကို သယ်ဆောင်ထားသော ယွမ်ချန်းနှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာ အပြင်ဘက်သို့ ထွက်ပြေးနေကြလေပြီ။

သို့သော် အညိုရောင် အတားအဆီး တစ်ခုက ဤနေရာကို ချိတ်ပိတ်ထားပြီးသား ဖြစ်ကာ သူတို့ ထွက်ပြေးဖို့ရာ နေရာမရှိတော့ပေ။

All Chapters