ဝိုင်၏သီချင်းသစ်
Vol. 11 Ch. 165
တံခါးဖွင့်။
ရိုးရှင်းသော စကားလုံး သုံးလုံးက ချန်ရှောင်ယန်က နှလုံးခုန် မြန်လာစေသည်။ သူမအကြည့်က အခန်း တံခါးထံတွင် ကျရောက်နေပြီး စိုးရိမ်တုန်လှုပ်ဟန် ပေါ်နေသည်။
ထို့နောက် သူမ မတ်တပ်ထရပ်လိုက်ပြီး တံခါးနားသို့ လျှောက်သွားသည်။ သူမ အသက်ကို ပုံမှန်ရှူသွင်းလိုက်ပြီးမှ တံခါးဖွင့်လိုက်သည်။
သူမ ထင်ထားသည်နှင့် ခြားနားစွာပင် တံခါးအပြင်ဘက်၌ ဘယ်သူမှ ရှိမနေပါ။ ချန်ရှောင်ယန် တွေဝေသွားသည်။ ဘေးဘီကို ကြည့်သော်လည်း စင်္ကြံလမ်းက တိတ်ဆိတ်၍ လူရှင်းနေသည်ကို တွေ့လိုက်ရသည်။
သူမ ခေါင်းငုံ့လိုက်သောအခါ ခြေထောက်နားမှ စာတစ်စောင်ကို သတိထားမိသွားသည်။
*အခုထိ ရှင့်ကိုယ်ရှင် လူလုံးထွက်မပြသေးဘူးလား*
ချန်ရှောင်ယန် အနည်းငယ် စိတ်ပျက်သွားမိသည်။ သူမ စာရွက်ကို ကောက်ယူ၍ ဖွင့်ဖတ်လိုက်သည်။
စာရွက်ပေါ်မှ လက်ရေးက သူမ ဘယ်သောအခါမှ မေ့မသွားမည့် လက်ရေးပင်။ ယင်းမှာ ဝိုင်၏ လက်ရေး ပင်တည်း။
“ပထမဆုံးအနေနဲ့ နှစ်သိမ့်စကား ပြောချင်တယ်၊ စိတ်ဓာတ်မကျနဲ့၊ မင်းအရည်အချင်းက ကောင်းတယ် … ပြီးတော့ ခေါင်းကို ငုံ့မထားနဲ့၊ မင်းရဲ့ သရဖူ ပြုတ်ကျသွားလိမ့်မယ်”
“နောက်တစ်ခုကတော့ ငါ မင်းကို ဒုတိယ သီချင်းတစ်ပုဒ် လက်ဆောင်ပေးချင်တယ်၊ ဒီသီချင်းက မင်းရဲ့ အရည်အသွေးကို ပြသနိုင်လိမ့်မယ်၊ ငါ့ကို စိတ်ပျက်ရအောင် မလုပ်နဲ့”
ယခင်တစ်ခေါက်ကလိုပင် ဂီတ သင်္ကေတများနှင့် သီချင်းစာသား ပါလေသည်။
သီချင်းနာမည်မှာ ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဝိုင်၊ ရှင် စိတ်မပျက်စေရပါဘူး”
ချန်ရှောင်ယန်သည် သီချင်းကို အထပ်ထပ် အခါခါ ဖတ်ပြီး စာသားများကို စိတ်ဝိညာဉ်အတွင်း လောင်မြိုက်သွား စေလုမတတ် မှတ်ထားလေသည်။
တစ်မနက်ခင်းလုံး ကုန်သွားပြီးနောက် အကြိုပွဲစဉ် ပြီးဆုံးသွားသည်။ စုစုပေါင်း အယောက်ငါးဆယ် ဝင်ပြိုင် သော်လည်း အကြိုပွဲစဉ်ကို ဆယ့်ငါးယောက်သာ အောင်မြင်သည်။ ချန်ရှောင်ယန်အပြင် ထူးချွန်သူ နောက်နှစ်ယောက်လည်း ရှိသည်။ သို့သော် အားလုံး၏ အာရုံက ထိုကိစ္စ မဟုတ်ပေ။
ဟုန်နာနှင့် ချန်ရှောင်ယန်၏ ပဋိပက္ခက အစပျိုးခဲ့ပြီးပြီ ဖြစ်ပြီး ပရိသတ်များနှင့် မီဒီယာများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
တရုတ်နိုင်ငံ၏ Top Voice အစီအစဉ် စင်မြင့်နောက်တွင် …
“ဟုန်နာနဲ့ ချန်ရှောင်ယန်က ရန်ငြိုးရန်စ ရှိခဲ့ဖူးလို့လား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးထားတာလား”
“ငါတို့ ပြိုင်ပွဲမတိုင်ခင်အထိ အဆက်အသွယ် မလုပ်သလို ဘာဇာတ်ညွှန်းမှ မရဘူးလေ”
“ဒါဆို သူတို့နှစ်ယောက်က အရင်ကတည်း ရန်စရှိတာလား၊ ဒီကိစ္စက အတော်လေး ကြီးနေတာနော်၊ ငါတို့ ဒါကို ဘယ်လို ရှင်းမလဲ၊ သူတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောရအောင် ငါတို့ လုပ်ပေးဖို့ လိုလား”
“ငါတို့ ဒီအတိုင်း စောင့်ကြည့်တာပေါ့၊ သူတို့ကြောင့် တရုတ်နိုင်ငံရဲ့ Top Voice အစီအစဉ် ကြည့်ရှုသူနှုန်းက မြင့်တက်နေတာ၊ ငါတို့ ဒါကို အသုံးချလို့ရတယ်”
“ဒါပေမဲ့ ဒီချန်ရှောင်ယန်က ဟုန်နာကို အဲ့လို ရင်ဆိုင်ရဲတယ်ဆိုတော့ အတော်လေး သတ္တိကောင်းတာပဲ၊ သူ့ရဲ့ အနာဂတ်လမ်းကတော့ ခက်ခဲတော့မှာပဲ”
“စောနက ဟုန်နာ ငါတို့ကို လာရှာတယ်၊ ဒုတိယပွဲမှာ ချန်ရှောင်ယန်ကို အရည်အချင်း မပြည့်မီအောင် လုပ်ဖို့ ငါတို့ကို လာပြောတာ”
…
ခန်းမအပြင်ဘက်၌ သတင်းထောက်များစွာဖြင့် ပြည့်နေသည်။ သူတို့လက်ထဲတွင် မိုက်များ ကိုင်ထားပြီး တံခါးအပြင်ဘက်၌ စောင့်နေကြသည်။
“ဟုန်နာ ထွက်လာပြီဟေ့”
ချက်ချင်းဆိုသလိုပင် သတင်းထောက်များက သူမထံ ပြေးသွားကြသည်။ ကင်မရာများက ဟုန်နာကို ဦးတည်ထားပြီး တဖျတ်ဖျတ် ဓာတ်ပုံရိုက်သံ ထွက်လာသည်။
ဟုန်နာက အနီရောင် နေကာမျက်မှန် တပ်ထားပြီး အာရုံစိုက်ခံရသည်ကို မဖြုံသွားဘဲ ဘုရင်မတစ်ပါးကဲ့သို့သော ဟန်မျိုး ထုတ်ဖော်ထားသည်။
“မစ္စနာ ပြိုင်ပွဲက တက်သစ်စ လူသစ်လေးကို ခင်ဗျား ဘာလို့ ရန်ရှာတာလဲ ပြောပေးပါလား”
ဟုန်နာက ပြန်ချေပသည်။
“တက်သစ်စ ဟုတ်လား၊ ဟင်းဟင်း စိတ်မကောင်းပါဘူး၊ တက်သစ်စတွေက သင့်လျော်တဲ့ ဂီတလေ့ကျင့်ရေးကို ဖြတ်သန်းဖို့ လိုတယ်၊ ချန်ရှောင်ယန်က ဘယ်ကလာတာလဲ၊ သူက အရိုင်းထဲက လာတဲ့ အင်တာနယ် အနုပညာရှင်လေ၊ တက်သစ်စ မဟုတ်ဘူး”
“မစ္စနာ၊ ချန်ရှောင်ယန် ပြိုင်ပွဲရဲ့ နောက်တစ်ဆင့်မှာ ဝင်ပြိုင်တာကို ခင်ဗျား ဘယ်လို သဘောရလဲ”
“သီချင်းဆိုတဲ့ အရည်အချင်းကို ပြောရရင် သူက အမှိုက်ပဲ၊ သူ နာမည်ကြီးရတဲ့ အကြောင်းရင်းက သူ့မှာ လှပတဲ့ အသားအရေ ရှိလို့ပဲ”
“မစ္စနာ၊ ချန်ရှောင်ယန်က ခင်ဗျားပြီးရင် နောက်တက်လာမယ့် ဂီတဘုရင်မလို့ အချို့က ပြောနေကြတယ်၊ ခင်ဗျားရော ဘယ်လို ထင်လဲ”
“ဟင်းဟင်း ရယ်ချင်စရာကောင်းလိုက်တာ”
“မစ္စနာ၊ ပြိုင်ပွဲတုန်းက ခင်ဗျား ဝိုင်နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောခဲ့တယ်နော်၊ ခင်ဗျား ဝိုင်ရဲ့ စာသားကို အထင်သေးတာလား”
“ဟုတ်တယ်၊ ဝိုင်ရဲ့ စာသားတွေက ကလေးဆန်တယ်၊ ဂန္ထဝင်လက်ရာလို့ ခေါ်ဖို့ အဝေးကြီး လိုသေးတယ်၊ ကျွန်မအမြင်အရဆို တန်ဖိုးကို မရှိဘူး”
အဘယ်သို့သော မေးခွန်းဖြစ်ပါစေ ဟုန်နာက ယုံကြည်မှု အပြည့်ဖြင့် ဖြေသည်။ သူမလေသံတွင် ရန်လိုဟန်နှင့် မောက်မာဟန်တို့ ပြည့်နေ၏။
တစ်ခဏကြာသော် သတင်းထောက် အဖွဲ့လိုက်ကြီးက ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်လာပြီး တအံ့တဩ အော်သံများ ထွက်လာသည်။ သူတို့အားလုံး ဟုန်နာကို ထားခဲ့ပြီး မိုက်များဖြင့် ပြေးသွားကြသည်။
“ချန်ရှောင်ယန် မင်း မစ္စနာကို ဘယ်လိုထင်လဲ”
“ချန်ရှောင်ယန် နောက်ပွဲအတွက် မင်း ဘယ်လောက် ယုံကြည်ချက် ရှိလဲ”
“ချန်ရှောင်ယန် မစ္စနာက မင်းရဲ့ အရည်အချင်းက ညံ့တယ်လို့ ပြောခဲ့တယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး မင်း တစ်ခုခု ပြောချင်တာ ရှိလား”
“ချန်ရှောင်ယန် မင်း အလင်းအား ဖွေရှာသူကို ဆိုခဲ့ပြီးပြီဆိုတော့ နောက်ပွဲအတွက် ဘယ်သီချင်းကို ပြင်ဆင်ထားလဲ သိလို့ရမလား”
သတင်းထောက်များက စိတ်မရှည်တော့ဘဲ မေးခွန်းများ တောက်လျှောက်မေးကာ ကင်မရာများက ချန်ရှောင်ယန်ကိုသာ ချိန်ထားကြသည်။
“အဲ့စကားတွေက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မ ထင်တယ်၊ ပရိသတ်တွေရဲ့ မျက်လုံးက ပြတ်ပြတ်သားသား တွေ့မြင်မှာပါ၊ လူတိုင်း ဘာဖြစ်သွားလဲဆိုတာ မြင်ခဲ့မယ်လို့ ကျွန်မ ယုံပါတယ်၊ မှန်တယ် မှားတယ်ဆိုတာက ရှင်တို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ၊ ပြီးတော့ ဒီညနေ ပြိုင်ပွဲအတွက် ကျွန်မ သီချင်း ပြင်ဆင်ထားပြီးပါပြီ၊ ကျွန်မအရည်အချင်းက ဘယ်လိုလဲဆိုတာကိုတော့ ရှင်တို့ ဆုံးဖြတ်ကြည့်ကြပါ”
ချန်ရှောင်ယန်သည် စင်မြင့်ပေါ်မှ ကူကယ်ရာမဲ့သော ခံစားချက်ကို ရှင်းလင်းခဲ့ပြီးပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် သူမတွင် မိမိကိုယ်ကို ယုံကြည်မှုတို့ဖြင့် ပြည့်နေသည်။ ထိုသို့ ဖြေကြားပြီးနောက် သူမ တစ်ဖက်လှည့်၍ ထွက်ခွာ လာခဲ့သည်။
ထိုဖြောကြားမှုတစ်ခုတည်းတွင် ဟုန်နာ၏ စကားအတွက် သူမ၏ တုံ့ပြန်ပုံတို့ ပါနေပြီး ချန်ရှောင်ယန်၏ ယုံကြည်မှုကိုလည်း ပြသနေသည်။
“ချန်ရှောင်ယန်ကတော့ ချန်ရှောင်ယန်ပါပဲ၊ ငါတို့အားလုံး ဒီညနေ မင်းရဲ့ ဖျော်ဖြေမှုကို စောင့်မျှော်နေပါတယ်”
“မိုက်တယ်ကွ၊ ချန်ကွမ်းတစ်ယောက်အနေနဲ့ ငါ မင်းကို ထာဝရ အားပေးနေမယ်”
“ဟုတ်တယ် ပရိသတ်တွေရဲ့ မျက်လုံးက ပြတ်သားတယ်၊ ဘယ်သူက စင်ပေါ်မှာ တမင် ပြဿနာ ရှာနေသလဲဆိုတာကို ဘယ်လိုလုပ် ငါတို့က မသိဘဲ နေမှာလဲ”
“ဒီညနေအတွက် သီချင်းကို ရွေးပြီးပြီလား၊ ဘာသီချင်းဖြစ်မလဲ မသိဘူး၊ အား … ငါ အရမ်း စိတ်လှုပ်ရှားလာပြီ”
မီဒီယာ၏ တို့ဆွခြင်းနှင့်အတူ ချန်ရှောင်ယန်နှင့် ဟုန်နာ၏ ပဋိပက္ခက ပို၍ ပြင်းထန်လာ၏။
တစ်ယောက်က အင်တာနယ် အနုပညာရှင်အဖြစ်မှ အနုပညာ ကြယ်ပွင့် ဖြစ်လာသူ ဖြစ်ပြီး ကျန်တစ်ယောက်က ဂီတဘုရင်မဟောင်း တစ်ဦး ဖြစ်သည်။ သူတို့၏ ပဋိပက္ခက မတူညီသော မျိုးဆက်နှစ်ခုကြားမှ သဘောထား ကွဲလွဲမှုကို ကိုယ်စားပြုနေသည်။
သူတို့နှစ်ယောက်ထံတွင်သာ အားလုံး အာရုံရောက်နေသည်။
ညနေတွင် တရုတ်နိုင်ငံ၏ Top Voice အစီအစဉ် ပြန်စတင်လေသည်။
လူအုပ်ကြီးက မနက်ကထင် ပိုများနေသည်။ အများစုမှာ ချန်ရှောင်ယန်အတွက် ရောက်လာခြင်း ဖြစ်သည်။
ထိုအခိုက်တွင် တရုတ်နိုင်ငံ Top Voice အစီအစဉ်၏ စင်နောက်တွင် …
“ဒါရိုက်တာကျိုး အခြေအနေက ဒီအတိုင်းအတာအထိ ကြီးလာလိမ့်မယ်လို့ ကျွန်တော်တို့ ထင်မထားမိဘူး၊ အစီအစဉ်က စတောင်မစရသေးဘူး ကြည့်ရှုသူက ၁.၂ ဖြစ်နေပြီ”
“လခွမ်း ကြောက်ဖို့ကောင်းတယ်၊ ထုတ်လွှင့်ရေး ပလက်ဖောင်း တော်တော်များများက ကျွန်တော်တို့ ချန်နယ်ကို ကြည့်နေတာ၊ ဒီအစီအစဉ်က ပေါက်နေပြီ”
“အပြင်က လူအုပ်ကြီးက ပိုကြီးလာပြီ၊ ချန်ရှောင်ယန်ရဲ့ ကျော်ကြားမှုက ဘယ်က ရလာတာလဲလို့ သိချင်လိုက်တာ”
ထိုစဉ် ရှောင်လီဟူသော စင်မြင့်နောက်ကွယ်ကို တာဝန်ယူရသည့် ဝန်ထမ်းတစ်ဦးက အခန်းထဲ ပြေးလာသည်။
“ဒါရိုက်တာကျိုး သတင်းထူးဗျို့”
သူ့မျက်နှာက နီရဲနေပြီး အသက်ကို မနည်းရှူနေသည်။ သူ စိတ်လှုပ်ရှားစွာ ပြောလေသည်။
“ဒါရိုက်တာကျိုး ချန်ရှောင်မန်က ဒီညနေ သီချင်းသစ်ဆိုဖို့ ပြင်ထားတယ်ဗျ”
“ဘာ”
ရုံးခန်းတစ်ခုလုံး တအံ့တဩ ထအော်လေသည်။ အစက ထိုင်နေသူများလည်း ချက်ချင်း ထရပ်လာ၏။
“သီချင်းသစ်လား၊ မင်း သေချာလား”
ဒါရိုက်တာကျိုးက သေချာအောင် မေးလိုက်သည်။
“ဟုတ်တယ်”
ရှောင်လီက တံတွေးမျိုချ၍ ပြောသည်။
“ကျွန်တော်တို့ သီချင်းသစ်ဆိုတာ အတည်ပြုပြီးပါပြီ၊ သူ ခုနလေးတင် သီချင်းကို ပြလာတာ၊ သူ့အတွက် ဂီတသံစဉ် မြန်မြန်လေး တီးခတ်ပေးနိုင်ဖို့ မျှော်လင့်နေတာလေ၊ ဒီသီချင်းက အသစ်ဗျ”
“သီချင်းသစ်၊ သီချင်းသစ်”
ဒါရိုက်တာကျိုး၏ မျက်လုံးများ ဝင်းလက်လာသည်။
“သူ့သီချင်းသစ်ကို သုံးပြီး ပြန်ဦးမော့လာအောင် လုပ်ဖို့ စီစဉ်နေတာလား၊ ဟားဟားဟား ဒါ ပေါက်ဦးမယ်၊ အံ့ဩစရာပဲ၊ တကယ် အံ့ဩစရာပဲ”
“ဒါရိုက်တာကျိုး ဒီသီချင်းကို ဝိုင်ရေးတယ်လို့ ထင်လား”
တစ်စုံတစ်ယောက်က အသံခပ်ဖျော့ဖျော့ဖြင့် မေးလာသည်။ ထိုအခိုက်တွင် တစ်ခန်းလုံး တိတ်သွားသည်။ အားလုံး၏ အသက်ရှူသံက ပြင်းလာလေသည်။
ထိုသို့ဖြစ်နိုင်ချေ များသည်။
ဟုန်နာက ချန်ရှောင်ယန်ကို အထင်သေးရုံသာမက ဝိုင်ကိုလည်း အသရေဖျက်ခဲ့သည်။ ယခု ချန်ရှောင်ယန်က သီချင်းသစ်ဆိုမည်ဟု ဆုံးဖြတ်ခဲ့သဖြင့် ၎င်းက ဝိုင်ရေးထားသော သီချင်းဖြစ်ဖို့ ဖြစ်နိုင်ချေ များပေသည်။
*သတင်းထူးပဲ၊ ဒါ ပေါက်မယ့် သတင်းထူး*
ဒါရိုက်တာကျိုး၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီနေသည်။ တကယ်သာ ဖြစ်နေလျင် ဤသည်က တရုတ်နိုင်ငံ၏ Top Voice အစီအစဉ်ကို ကြည့်ရှုသူ မှတ်တမ်းအသစ် တင်နိုင်အောင် လုပ်ပေးနိုင်မှာ သေချာသည်။
“အခု သီချင်းကို ချက်ချင်း တီးခတ်နိုင်အောင် လုပ်ထား၊ ငါတို့ ဒီညနေ ပြိုင်ပွဲက အဆင်ပြေပြေ ပြီးသွားဖို့ သေသေချာချာ လုပ်ဖို့လိုတယ်၊ တိုက်ရိုက် ထုတ်လွှင့်ဖို့လည်း အသင့်ပြင်ထား၊ ချန်ရှောင်ယန် သီချင်းသစ်ဆိုမယ့် ကိစ္စကိုတော့ အခုလောလောဆယ် ဖုံးထားဦး”
စာစဉ် ၁၁ ပြီးပါပြီ။