အခန်း (၂၈၇-၂၈၈)
Vol. 29 Ch. 287-288
အခန်း (၂၈၇) - ယွမ်ချန်းရှေ့တွင် လင်ချင်းကျူကို နမ်းပြလိုက်သော ဝူယွမ်၊ လူငယ်ဘုရင်သုံးပါး၏ နိဂုံး(၁)
ယွမ်ချန်းနှင့် အခြားနှစ်ဦးမှာ မူလက ထွက်ပေါက်ဖြစ်ခဲ့သော လေဟာနယ် ရေဝဲကြီး၏ အရှေ့သို့ ရောက်ရှိလာကြလေသည်။
လေဟာနယ် ရေဝဲကြီးမှာ လက်တစ်ကမ်း အကွာအဝေးတွင် ရှိနေသော်လည်း အညိုရောင် အတားအဆီး တစ်ခုက သူတို့ကို စည်းခြားထားခဲ့လေသည်။
“ဒါက ဘာကြီးလဲ...”
သူတို့ သုံးဦးမှာ ထိတ်လန့်သွားကြပြီး မြင်းကောင်ရေ တစ်သန်းလောက် သူတို့၏ စိတ်ထဲတွင် ပြေးလွှားသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူတို့ လာတုန်းက အရာအားလုံး အဆင်ပြေနေခဲ့သော်လည်း ယခုအခါ ပြန်သွား၍ မရတော့ပေ...။
ဤအချိန်တွင် သူတို့သည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူတို့၏ ယွမ်စွမ်းအင်များ အားလုံးကို ပေါက်ကွဲထုတ်လွှတ်ကာ အညိုရောင် အတားအဆီးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြလေသည်။
ဘန်း၊ ဘန်း၊ ဘန်း...
အားကောင်းသော ယွမ်စွမ်းအင် လက်ဝါးကြီးများက အတားအဆီးကို ရိုက်ခတ်သွားပြီး ယွမ်စွမ်းအင်လှိုင်းဂယက်များက သူတို့ သုံးဦးစလုံးကို နောက်သို့ လွင့်စင်သွားစေခဲ့သော်ငြား အတားအဆီးမှာမူ အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်း မရှိပေ။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ ချိတ်ပိတ်ခြင်း စွမ်းအားကို လူငယ်ဘုရင် သုံးပါး မဆိုထားနှင့်၊ ကြီးမြတ်သော ဘုရင်သုံးပါးပင်လျှင် ကိုင်တွယ်ရန် ခက်ခဲလှပေလိမ့်မည်။
အဝေးရှိ တောင်ထွတ်တစ်ခုပေါ်တွင် ဝူယွမ်က ထိုသုံးဦးမှာ ရေနွေးအိုးပေါ်မှ ပုရွက်ဆိတ်များအလား စိုးရိမ်တကြီးဖြင့် အတားအဆီးကို အဆက်မပြတ် ဝင်တိုက်နေကြသည်ကို အပြုံးတစ်ခုဖြင့် ကြည့်နေပြီး သူတို့နှင့် ထိုက်တန်သည်ဟု ခံစားနေရလေသည်။
ဤကဲ့သို့သော သစ္စာဖောက်များသည် မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားသင့်ပေသည်။
လင်ချင်းကျူ၏ အကြည့်များ ရွေ့လျားသွားပြီး သူမက ဝူယွမ်နှင့် သူ၏ ဘေးတွင် တည်ရှိနေသော မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို ကြောင်အစွာဖြင့် စိုက်ကြည့်နေကာ သူမ၏ ရင်တွင်း၌လည်း အံ့ဩမှင်တက်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ငါးနှစ်တာကာလ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ဝူယွမ်သည်လည်း ဤအဆင့်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
တစ်ချိန်က သူမ၏ အရှေ့တွင် အဝတ်ဗလာဖြင့် ရှိနေခဲ့ဖူးသော ဤအမျိုးသားကို သူမ လုံးဝ နားမလည်နိုင်တော့သလို ခံစားနေရလေသည်။
သူသည် ပိုမိုအားကောင်းလာခဲ့ပြီး သူမ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်ကာ အားကောင်းနေခဲ့ပြီ ဖြစ်သည်။
သူမကို သိမ်းပိုက်မည်ဟူသော ဝူယွမ်၏ ကြေညာချက်ကို တွေးမိသောအခါ လင်ချင်းကျူ၏ နှလုံးသားမှာ ထိတ်လန့်မှုနှင့်အတူ မျှော်လင့်ချက်များဖြင့် ရောယှက်နေသည်ကို ခံစားလိုက်ရလေတော့သည်။
ယခင်က ဝူယွမ်နှင့် သူမ၏ ဆက်ဆံရေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်း ဆိုသည်ကို သူမ စဉ်းစားနေခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူမ ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်တော့သလို ပူပန်နေရန်လည်း မလိုအပ်တော့ပေ။
လွှမ်းမိုးနိုင်လွန်းသော ဤအမျိုးသားက သူမအတွက် ဆုံးဖြတ်ချက်ချပေးတော့မည် ဖြစ်သည်။
လင်ချင်းကျူသည် ဝူယွမ်နှင့် သူမ၏ ဆက်ဆံရေးကို နောက်တစ်ကြိမ် လေးနက်စွာ ပြန်လည် စဉ်းစားသုံးသပ်လိုက်လေသည်။
ဝူယွမ်က သူမ၏ ကိုယ်တွင်း၌ ချန်ရစ်ခဲ့သော အရာကို ယွမ်စွမ်းအင်ဖြင့် သန့်စင်ပစ်လိုက်ခြင်းမှာ သူမ အနည်းငယ် စိတ်လိုက်မာပါ လုပ်ခဲ့မိသလားဟု သူမ တွေးတောမိသွားလေသည်။ (အဟမ်း ဘယ်အရာလဲ သိတယ်ဟုတ်🌚)
ဝူယွမ်တောင် ထိုမျှ ထူးချွန်ပြောင်မြောက်နေသဖြင့် သူ၏ မျိုးဆက်များမှာလည်း သေချာပေါက် နိမ့်ကျနေမည် မဟုတ်ပေ။
တွေးတောနေစဉ် လင်ချင်းကျူ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းလာခဲ့လေသည်။
ဤအချိန်မှ ဤအမျိုးသားနှင့် မိသားစုတစ်ခု တည်ထောင်ရန် သူမ၏ နှလုံးသားထဲတွင် စိတ်ကူးယဉ်အိပ်မက်များ အချိန်အတော်ကြာကတည်းက ရှိနေခဲ့ကြောင်းကို သူမ သဘောပေါက်သွားခဲ့လေသည်။
သို့သော် ဂိုဏ်း၏ ဖိအားပေးမှုများက အမှောင်တိမ်တိုက်ကြီး တစ်ခုအလား သူမ၏ နှလုံးသားကို ဖုံးလွှမ်းထားခဲ့သဖြင့် ဝူယွမ်နှင့် ပတ်သက်သော အပိုအတွေးများကို ဖွင့်ဟပြသရန် သူမ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဝူယွမ်၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များက ဤအမျိုးသားသည်ဂိုဏ်း၏ အထက်တွင် ရပ်တည်နိုင်ကြောင်းကို သူမအား မြင်တွေ့စေခဲ့ပြီ ဖြစ်သည်။
သူတို့ အတူတကွ ရှိနေမည့် အနာဂတ်မှာ ဤမျှလောက် လျှို့ဝှက်နေရန် မလိုအပ်တော့ပေ။ အချိန်တန်လျှင် သူမသည် ဤအမျိုးသား၏ ရင်ခွင်ထဲသို့ မလွှဲမရှောင်သာ ကျရောက်သွားရပေလိမ့်မည်။
ထိုအမှောင်တိမ်တိုက်ကြီးသည်လည်း သူမ၏ နှလုံးသားထဲမှ ဖယ်ရှားခံရပေလိမ့်မည်...။
တိမ်တိုက်များကို ဖယ်ရှားလိုက်လျှင် တောက်ပသော လမင်းကို မြင်တွေ့ရပေမည်။
သူမသည် ၎င်းကို လက်ခံနိုင်သွားခဲ့ပြီ ဖြစ်သည်။
မသိစိတ်မှပင် ဝူယွမ်ကို ကြည့်သော သူမ၏ အကြည့်များတွင် နူးညံ့ကြင်နာမှု အရိပ်အယောင်လေးတစ်ခု ပါ၀င်လာခဲ့လေသည်။
ဤအချိန်တွင် အညိုရောင် အတားအဆီး၏ အရှေ့၌ နည်းလမ်း မျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း မအောင်မြင်ကြသေးပေ။
ယွမ်ချန်းနှင့် အခြားနှစ်ဦးသည် အတားအဆီး၏ ယွမ်စွမ်းအင် အရင်းအမြစ်ကို လိုက်ရှာရာ ဝူယွမ်နှင့် သူ၏ ဘေးရှိ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ကို မြင်တွေ့သွားကြလေသည်။
“မင်းပဲ...”
ယွမ်ချန်းက ဝူယွမ်ကို အံ့ဩမှု၊ ဒေါသများဖြင့် ကြည့်လိုက်လေသည်။
လင်းကျန်းနှင့် လဲ့ချန်တို့သည်လည်း မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မြင်နေရသည်ကို သူတို့ မယုံရဲကြသည်မှာ ထင်ရှားလှပေသည်။
မူလက ဤအတားအဆီးမှာ အနီရောင်ဝတ်ရုံနှင့်လူ၏ လက်ချက်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း ၎င်းမှာ ဝူယွမ်ထံမှ လာမည်ဟုတော့ သူတို့ မထင်ထားခဲ့မိပေ။
‘ဒီလေဟာနယ်ကို သူက ဘယ်လိုလုပ် ချိတ်ပိတ်နိုင်ခဲ့တာလဲ...’
‘အဲဒီ အညိုရောင် ရှေးဟောင်း ကျောက်တိုင်ကြီးက ငါတို့ လက်ထဲက အနီရင့်ရောင် ကြေးဝါအိုးကြီး ထက်တောင် ပိုပြီး အားကောင်းနေသေးတာလား...’
ဖန်ထျန်း ကြေးဝါအိုးကြီးသည် အဆင့်မြင့်ရှိ သန့်စင်ယွမ်ရတနာ တစ်ခုဖြစ်ပြီး ထိုကျောက်တိုင်မှာ ဖန်ထျန်း ကြေးဝါအိုးကြီးကိုသာမက ထိုကြောက်မက်ဖွယ်ကောင်းသော အနီရောင်ဝတ်ရုံနှင့ိလူ အပြင်း အနက်ရောင် မြူခိုးများကိုပါ လွှမ်းခြုံထားနိုင်စွမ်း ရှိလေသည်။
၎င်းသည် မည်သည့်အဆင့်တွင် ရှိနေခဲ့သည်နည်း။
“မင်းတို့ ကြေးဝါအိုးကို ယူသွားပြီးတဲ့နောက်မှာ အဲဒီ အနက်ရောင်မြူခိုးသာ လွတ်မြောက်သွားခဲ့ရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို မင်းတို့ စဉ်းစားဖူးရဲ့လား...”
ဝူယွမ်က သူတို့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်ကာ အေးစက်စက် မေးခွန်းထုတ်လိုက်လေသည်။
“အကျိုးဆက်တွေလား...”
ယွမ်ချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။
“ဟဲဟဲ၊ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်မှာလဲ... ငါတို့ရဲ့ ယွမ်ဂိုဏ်းက ဂိုဏ်းချုပ်ကြီး သုံးပါး ရှိနေတာပဲ၊ အဲ့အရာက အရှေ့ဘက် ရွှမ်ဒေသမှာ အချိန်အကြာကြီး သောင်းကျန်းနေနိုင်မှာ မဟုတ်ပါဘူး...”
“မင်းက ငါတို့ကို တားနိုင်မယ်လို့ ငါ ယုံဘူး...”
ယွမ်ချန်း၏ ခေါင်းအထက်တွင် တံဆိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူ၏ စွမ်းအားမှာ ချက်ချင်း မြင့်တက်လာခဲ့လေသည်။
ထိုသုံးဦးက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဖန်ထျန်း ကြေးဝါအိုးကြီးကို ထိန်းချုပ်ကာ အတားအဆီးကို ပြင်းထန်စွာ ဝင်တိုက်လိုက်ကြ၏။
ဝီ...
လေဟာနယ် တစ်ခုလုံးမှ အားကောင်းသော လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“လူငယ်လေးတွေ၊ မင်းတို့က သေဖို့ ထိုက်တန်တယ်...”
ပိန်ချုံးနေသောမျက်နှာရှိသည့် အနီရောင်ဝတ်ရုံနှင့်လူက ယွမ်ချန်းနှင့် အခြားနှစ်ဦးကို အေးစက်စက်ဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ လက်ဖဝါးကို ဆန့်တန်းကာ ရုတ်တရက် ဆုပ်ကိုင်လိုက်လေသည်။
သူ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်နှင့်အမျှ အဝေးရှိ အနီရင့်ရောင် ကြေးဝါအိုးကြီးမှာ ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ယွမ်ချန်းနှင့် အခြားနှစ်ဦး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားချိန်မှာပင် ဦးချို ဝိညာဉ်ရတနာ သုံးခုမှာ ချက်ချင်း အမှုန့်ဖြစ်သွားခဲ့လေသည်။
ဖန်ထျန်း ကြေးဝါအိုးကြီး မှာ လွတ်မြောက်သွားပြီး အနီရောင်ဝတ်ရုံနှင့်လူ၏ လက်ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့ချေပြီ။
ဖန်ထျန်း ကြေးဝါအိုးကြီးကို ကိုင်ဆောင်ထားသော အနီရောင်ဝတ်ရုံနှင့်လူ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် သိသိသာသာ မြင့်တက်လာခဲ့ပြန်သည်။
ကြောက်မက်ဖွယ်ကောင်းသော လောင်ကျွမ်းကောင်းကင် မီးတောက်များ လှိုင်းတံပိုးများအလား ထွက်ပေါ်လာပြီး ယွမ်ချန်းနှင့် အခြားနှစ်ဦးကို လွှမ်းခြုံတော့မည့်အလား ဖြစ်နေခဲ့သည်။
ထိုသုံးဦးမှာ နေရာတွင်ပင် အေးခဲသွားကြပြီး အနီရောင်ဝတ်ရုံနှင့်လူ၏ ကြောက်မက်ဖွယ်ကောင်းသော ဒေါသကို ရင်ဆိုင်ရချိန်တွင် တစ်ယောက်ကို တစ်ယောက် ကြောင်အစွာဖြင့် စိုက်ကြည့်နေမိကြ၏...
ဤတစ်ကြိမ်တွင်တော့ သူတို့ အခြေအနေ ဆိုးပြီဟု တွေးမိကာ ကြောက်ရွံ့နေကြလေသည်။
“အကြီးအကဲ... ဒီလူယုတ်မာလေးတွေလောက်က ကျွန်တော့်ကိုပဲ ကိုင်တွယ်ခွင့် ပြုပါ၊ အကြီးအကဲရဲ့ စွမ်းအားတွေကို ဖြုန်းတီးနေဖို့ မလိုအပ်ပါဘူး...”
ဝူယွမ်က ရုတ်တရက် ပျံထွက်လာပြီး အကြံပေးလိုက်လေသည်။
အစောပိုင်းတွင် ထိုမိစ္ဆာစစ်သူကြီးကို ချိတ်ပိတ်ခဲ့ရခြင်းက အဘိုးအို ဖန်ထျန်း၏ စွမ်းအား အများအပြားကို ကုန်ဆုံးသွားစေခဲ့ခြင်း ဖြစ်သည်။
အဘိုးအို ဖန်ထျန်းမှာ နောက်ဆုံး စွမ်းအင်အမျှင်လေးသာ ရှိနေတော့ပြီး သူ၏ စွမ်းအားများကို ယွမ်ချန်းနှင့် အခြားနှစ်ဦး ကဲ့သို့သော ပုရွက်ဆိတ်လေးများ အပေါ်တွင် မဖြုန်းတီးသင့်ပေ။
“အင်း... ဒါဆိုရင် မင်းကိုပဲ အားကိုးရတော့မှာပေါ့...”
အဘိုးအို ဖန်ထျန်းက ခေါင်းညိတ်ပြကာ ဝူယွမ်၏ ဝင်ရောက် စွက်ဖက်မှုကို သဘောတူလိုက်လေသည်။
သူသည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို မှတ်မိပြီးသား ဖြစ်ပြီး ၎င်းမှာလည်း အဆောင်ဘိုးဘေး ၏ လက်နက်တစ်ခု ဖြစ်ကာ သူ၏ မိတ်ဆွေဟောင်းများထဲမှ တစ်ဦး ဖြစ်လေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် က ဤလူငယ်လေးကို ကူညီရန် ရွေးချယ်ခဲ့သည်ဆိုမှတော့ သူသည်လည်း သဘာဝကျကျပင် ၎င်းကို မြင်တွေ့ရသည်မှာ ဝမ်းသာနေခဲ့၏။
ဝူယွမ်က ကောင်းကင်ယံသို့ တိုက်ရိုက် တက်လှမ်းသွားပြီး ယွမ်ချန်းနှင့် အခြားနှစ်ဦးကို ငုံ့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။
“မင်းတို့ သုံးယောက်…. ငါ့ဆီကို အတူတူ လာခဲ့ကြ... ဒီနေ့က မင်းတို့ သေရမယ့်နေ့လို့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပဲ၊ ဒါပေမယ့် မင်းတို့ကို သေလမ်းလွှတ်ပေးမယ့်သူက ငါပဲ ဖြစ်လိမ့်မယ်...”
“အစ်ကိုကြီး... ငါတို့ ဘယ်လိုလုပ်ကြမလဲ...” လဲ့ချန်နှင့် လင်းကျန်းတို့ နှစ်ဦးစလုံးက ယွမ်ချန်းကို ကြည့်လိုက်ကြလေသည်။
ဤကဲ့သို့သော အခြေအနေဆိုးသို့ ကျရောက်သွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့မိပေ။
ဤအချိန်တွင် သူတို့အတွက် ဆုတ်ပေါက် မရှိတော့ပေ။ အနီရောင်ဝတ်ရုံနှင့်လူ ရှိနေသဖြင့် သူတို့ ထွက်ပြေး၍ မရနိုင်သကဲ့သို့ ဝူယွမ်၏ လက်ထဲတွင်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း ကျောက်တိုင်ကြီး ရှိနေသေးသည်။
သူတို့က မည်သူ့ကိုမှ တိုက်ခိုက်၍ မရနိုင်တော့ပေ...။
“ဒါတွေ အားလုံးက ဒီဝူယွမ်ကြောင့်ပဲ၊ အားလုံးက သူ့ကြောင့် ဖြစ်ရတာ... ငါ သေတဲ့အထိ တိုက်ခိုက်မယ်၊ ဒီနေ့ ငါ သေရရင်တောင် သူ့ကိုပါ ငါနဲ့အတူ အပါခေါ်သွားမယ်...”
ယွမ်ချန်း၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။
မူလက အနီရောင်ဝတ်ရုံနှင့်လူသာ တိုက်ခိုက်ခဲ့မည်ဆိုပါက သူ ခုခံနိုင်စွမ်း ရှိမည် မဟုတ်သော်လည်း ယခုအခါ ဝူယွမ်က ဝင်ရောက် စွက်ဖက်ရန် အတင်းအကျပ် တောင်းဆိုနေသဖြင့် သူ့ကို တန်ဖိုးတစ်ခု ပေးဆပ်ခိုင်းမည် ဖြစ်သည်။
‘သေရမယ်ဆိုရင်တောင် အဲ့ကောင်ကို ငါနဲ့အတူ ဆွဲခေါ်သွားဦးမှာပဲ...’
“ဝူယွမ်... ရှင် သတိထားရမယ်နော်၊ ယွမ်ချန်းက အပြင်ပန်းမှာ မြင်ရသလောက် ရိုးရှင်းတာ မဟုတ်ဘူး၊ သူက သူ့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတာ...”
လင်ချင်းကျူက မတတ်သာဘဲ အော်ဟစ် သတိပေးလိုက်လေသည်။ သူမသည် ယွမ်ချန်း လှုပ်ရှားသည်ကို မြင်တွေ့ခဲ့ဖူးပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိရှိထားလေသည်။
သုံးယောက် တစ်ယောက် တိုက်ခိုက်ရမည် ဖြစ်သော်လည်း ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကိုပင် အသုံးမပြုသေးပေ။ ဝူယွမ် ပေါ့ဆသွားပြီး ဒုက္ခရောက်မည်ကို သူမ စိုးရိမ်နေခဲ့၏。
လင်ချင်းကျူ၏ ရုတ်တရက် စိုးရိမ်ပူပန်မှုက ဝူယွမ်ကို နွေးထွေးမှုအချို့ ပေးစွမ်းနိုင်ခဲ့သော်လည်း ယွမ်ချန်း၏ မျက်လုံးများထဲတွင်တော့ တွေဝေမှု၊ ဒေါသနှင့် အရှက်ရမှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
ယွမ်ချန်းသည် လင်ချင်းကျူကို အမြဲတစေ လေးစားအားကျခဲ့ပြီး အရှေ့ဘက် ရွှမ်းဒေသ တစ်ခုလုံးတွင် သူ တစ်ယောက်တည်းသာလျှင် သူမနှင့် ထိုက်တန်သည်ဟု အမြဲတစေ ယုံကြည်ထားခဲ့လေသည်။
ယခုအခါ လင်ချင်းကျူက သူ၏ အရှေ့တွင်ပင် အခြား အမျိုးသား တစ်ဦးကို သူ့အား သတိထားရန် ပြောဆိုနေသည် မဟုတ်လော။
“အင်း... ချင်းကျူ သတိပေးတာ မှန်ပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါ အဆင်ပြေမှာပါ... မင်းကို မုဆိုးမလေး အဖြစ် ဘယ်လိုလုပ် ထားခဲ့ရက်မှာလဲ...”
ဝူယွမ်က လင်ချင်းကျူကို နားလည်သည်ဟူသော အကြည့်တစ်ချက် ကြည့်လိုက်လေသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ယွမ်ချန်း၏ မျက်လုံးများမှာ အေးစက်မှုများဖြင့် လင်းလက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်သွားခဲ့၏။
ကမ္ဘာခြားနတ်ဆိုးမြို့တော် ရတနာရှာဖွေရေး နယ်မြေတွင် ဝူယွမ်နှင့် လင်ချင်းကျူတို့ လက်ချင်းထိခဲ့ကြသည်ကို ယခင်က သူ ကြားသိထားခဲ့ပြီး ဖြစ်သည်။
ထိုနှစ်ဦးမှာ ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေဟောင်းများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ယွမ်ချန်းက သူတို့ နှစ်ဦးကို လက်ညှိုးထိုးပြကာ လင်ချင်းကျူကို ကြည့်ပြီး နာကျင်နေသော အသံဖြင့် ပြောလိုက်လေသည်။ “မင်းတို့ နှစ်ယောက်က...”
“မကြည့်နဲ့တော့ အရူးကောင်ရဲ့... ချင်းကျူက အရင် အချိန်ကတည်းက ငါ့မိန်းမ ဖြစ်နေပြီကွ...” ဝူယွမ်က သူ့ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်ကာ ခပ်ဖွဖွ ပြောလိုက်လေသည်။
လင်ချင်းကျူမှာ နေရာတွင်ပင် အေးခဲသွားပြီး အနည်းငယ် နေရခက်ကာ စကားပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားပြီး နောက်ဆုံးတွင် ဘာမှမပြောတော့ပေ။
“ငါ မယုံဘူး...” ယွမ်ချန်းက ဟိန်းဟောက်လိုက်လေသည်။
ချက်ချင်းပင် ကြီးကျယ်ခမ်းနားပြီး အဆုံးအစမရှိသော ယွမ်စွမ်းအင်များက သူ၏ ကိုယ်တွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီးနောက် သူက လက်နှစ်ချောင်းကို ကွေးကာ လေထုထဲသို့ ညွှန်ပြလိုက်လေသည်။
အခန်း (၂၈၈) - ယွမ်ချန်းရှေ့တွင် လင်ချင်းကျူကို နမ်းပြလိုက်သော ဝူယွမ်၊ လူငယ်ဘုရင်သုံးပါး၏ နိဂုံး(၂)
သူ ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သူ၏ နှလုံးသားထဲရှိ ကြာဖြူလေးကို အခြားတစ်ယောက်က အချိန်အတော်ကြာ ကတည်းက ခူးဆွတ်သွားခဲ့ပြီး ထိုသူမှာလည်း သူ၏ ရန်သူ ဖြစ်နေခဲ့သည် မဟုတ်လော။
“ယွမ်ဧကရာဇ်ကျမ်း၊ ယွမ်ဧကရာဇ်ဓားလက်ချောင်း...”
ယွမ်ချန်း၏ လက်နှစ်ချောင်း ညွှန်ပြလိုက်သည်နှင့်အတူ ခပ်ဩဩ အော်ဟစ်သံ တစ်ခုကလည်း လေထုထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။
တောက်ပသော အလင်းတန်း တစ်ခုက ယွမ်ချန်း၏ လက်ချောင်းထိပ်များမှ စုစည်းလာပြီး အလွန်အမင်း ကြီးမားလှသော အလင်းတန်း ဓားကြီးတစ်လက်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။
နောက်ဆုံးတွင် သူ၏ မျက်လုံးများမှာ ရေခဲသဖွယ် အေးစက်သွားပြီး သူ၏ လက်နှစ်ချောင်းကို အောက်သို့ ညွှန်ပြလိုက်သည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းများ ပါဝင်သည့် အလင်းတန်း ဓားကြီးက ဝူယွမ်ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလာခဲ့လေသည်။
“ငါ့ရဲ့ သာမန် ဓားသိုင်းပညာရပ်တွေကို မင်းအပေါ်မှာ စမ်းသပ်ဖို့ ကွက်တိပဲ...”
မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ကိုင်ဆောင်ထားသော ဝူယွမ်သည် သူ ယခုလေးတင် ရရှိထားသော ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်ကို ချက်ချင်းပင် ထုတ်သုံးလိုက်လေသညါ။
ဤသိုင်းပညာရပ်သည် သာမန် ဓားသိုင်းပညာရပ်များကို ၎င်းတို့၏ အမြင့်ဆုံး အတိုင်းအတာအထိ တွန်းပို့ပြီး တီထွင်ထားသော လျှို့ဝှက်နည်းလမ်း တစ်ခုဖြစ်ကာ မိမိကိုယ်ကိုယ် စတေးရသော တားမြစ်ဓားသိုင်းပညာရပ် တစ်ခုလည်း ဖြစ်လေသည်။
သို့သော် ဝူယွမ်အနေဖြင့် တားမြစ် လျှို့ဝှက်နည်းလမ်း အပိုင်းကို အသုံးပြုရန် မလိုအပ်ပေ... အစပိုင်းကတင် ထိုသုံးဦးကို ရှင်းပစ်ဖို့ လုံလောက်နေပြီ ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤသည်မှာ ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်၏ သာမန် လှုပ်ရှားမှုများသာ ဖြစ်လေသည်။
နက်နဲဆန်းကြယ်သော အနက်ရောင်ရူန်းစာလုံးများက ဝူယွမ်၏ ပတ်ဝန်းကျင်တွင် ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးရှိ စွမ်းအားများမှာ ဆူပွက်လာကာ လက်ထဲရှိ မိုးကြိုးဓားထဲသို့ စီးဝင်သွားကြလေသည်။
မမြင်ရသော စွမ်းအားတစ်ခုက သူ့အား မိုးကြိုးဓားနှင့် ဆက်သွယ်ပေးလိုက်ပြီး ထိုနှစ်ခုကို တစ်သားတည်း ဖြစ်သွားစေခဲ့၏။
ဝူယွမ်၏ ကိုယ်တွင်းမှ အမှောင်အလင်းတန်းများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဓားအလင်းတန်းမှာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့လေသည်။
သူ၏ အရှိန်အဝါမှာလည်း အဆက်မပြတ် မြင့်တက်နေပြီး ကောင်းကင်ကြီးပင်လျှင် သူ့ကို မဖိနှိပ်နိုင်တော့မည့်အလား ပြိုင်ဘက်ကင်းကာ အာဏာရှင်ဆန်သော အရှိန်အဝါများ ပြန့်နှံ့လာခဲ့လေသည်။
ဝူယွမ်သည် တစ်ဝက်တစ်ပျက် ရူးသွပ်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက ဓားတစ်လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်ရာ ထက်ရှသော ဓားအလင်းတန်းက ယွမ်ချန်း၏ ဓားလက်ချောင်းကို အမှုန့်ဖြစ်သွားစေခဲ့၏。
ယွမ်ချန်း မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။
သူသည် လေထုထဲသို့ တက်လှမ်းလိုက်ပြီး ထိုထက်ရှသော ဓားအလင်းတန်းကို ပြန့်ကျဲသွားစေရန်အတွက် ဓားလက်ချောင်း အများအပြားကို အဆက်မပြတ် ထုတ်လွှတ်လိုက်ရသည်။
“ငါ မယုံဘူး... မင်းကို ငါ သေချာပေါက်သတ်မယ်...”
ယွမ်ချန်းက ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ဝုန်း...
ရုတ်တရက် ပိုမို ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခုက သူ၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာခဲ့လေသည်။ သူ၏ နဖူးပေါ်တွင် နက်နဲလွန်းသော ရူန်းစာလုံး တစ်ခုက တောက်ပသော အလင်းတန်းများဖြင့် လင်းလက်နေခဲ့သည်။
ဤရူန်းစာလုံး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ် ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းမှာ ဝိညာဉ်တံဆိပ် တစ်ခု ဖြစ်လေသည်။
ဤသည်မှာ ယွမ်ချန်း၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်။
ဝိညာဉ်တံဆိပ်အတွင်းတွင် အလွန်အမင်း ကြီးမားလွနခးပြီး စင်ကြယ်သော စွမ်းအင်များ ပါဝင်နေလေသည်။
ဤစွမ်းအင်သည် ၎င်းကို ပိုင်ဆိုင်သူ၏ စွမ်းအားများ မြင့်တက်လာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ် အတွင်းသို့ တဖြည်းဖြည်းနှင့် အပြည့်အဝ ပေါင်းစပ်ဝင်ရောက်သွားမည် ဖြစ်သည်။
ထို့အပြင် ဝိညာဉ်တံဆိပ်ကို ပိုင်ဆိုင်ထားသူ တစ်ဦး၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ သာမန်လူများထက် သိသိသာသာ ပိုမို မြန်ဆန်ပေလိမ့်မည်။
အချို့သော အရေးကြီးသည့် အခိုက်အတန့်များတွင်လည်း မိမိ၏ စွမ်းအားကို ယာယီ မြှင့်တင်ရန်၊ အားကောင်းသော ရန်သူများကို ခုခံရန်နှင့် အန္တရာယ်ရှိသော အခြေအနေများကို ကျော်လွှားရန်အတွက် ဝိညာဉ်တံဆိပ် ၏ စွမ်းအားကို အသက်သွင်းနိုင်ပေသည်။
ဝိညာဉ်တံဆိပ်၏ စွမ်းအားကို အသက်သွင်းပြီးနောက် ယွမ်ချန်း၏ မျက်လုံးများမှာ မကောင်းဆိုးဝါးဆန်သွားခဲ့၏။
သူ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားရှိ ဝိညာဉ်တံဆိပ်မှာ အလင်းတန်းများဖြင့် လင်းလက်လာခဲ့လေသည်။
ထို့နောက် အလွန်အမင်း ကြီးမားလှသော လှိုင်းဂယက်တစ်ခုက သူ၏ ကိုယ်တွင်းမှ ရုတ်တရက် ပြန့်နှံ့ထွက်ပေါ်လာခဲ့သည်။ ထိုလှိုင်းဂယက်မှာ ကနဦး ဆန်းကြယ်ရှင်ခြင်း၏ အထွတ်အထိပ်သို့ပင် နီးပါး ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရေစီးကြောင်းတစ်ခုအလား သိပ်သည်းလွန်းသော ယွမ်စွမ်းအင်များက ယွမ်ချန်း၏ ကိုယ်တွင်းမှ လှိုင်းတံပိုးများအလား ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သူ၏ အနောက်ဘက်တွင် ပေရာချီ ကြီးမားသော ဧရာမ ယွမ်စွမ်းအင် အရိပ်ကြီး တစ်ခုကို ဖန်တီးလိုက်လေသည်။
ထိုယွမ်စွမ်းအင် အရိပ်ကြီးထံမှ အလွန်အမင်း အားကောင်းသော ဖိအားတစ်ခု ပြန့်နှံ့ထွက်ပေါ်နေခဲ့၏။
“ယွမ်ဧကရာဇ်ကျမ်း၊ ယွမ်ဧကရာဇ်ခန္ဓာကိုယ်...”
သံဓားကို ကိုင်ဆောင်ထားသော ယွမ်ချန်းက ဟိန်းဟောက်သံကြီး တစ်ခုနှင့်အတူ အောက်သို့ ခုတ်ပိုင်းချလိုက်လေသည်။
သူ၏ အနောက်ဘက်ရှိ ဧရာမ ယွမ်စွမ်းအင် အရိပ်ကြီးကလည်း ဧရာမလက်ကြီးကို မြှောက်လိုက်ပြီး ရိုက်ချလိုက်ရာ ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်သွားတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခုက ပြင်းထန်စွာ ထွက်ပေါ်လာခဲ့၏။
နောက်ဆုံးတွင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းကို သယ်ဆောင်လာကာ ကောင်းကင်ယံရှိ ဝူယွမ်ထံသို့ တိုက်ရိုက်ပင် ပြင်းထန်စွာ ခုတ်ပိုင်းချလာခဲ့လေသည်။
“ဝိညာဉ်တံဆိပ်လေး တစ်ခုက မင်းရဲ့ ယုံကြည်မှုလား... ဒါဆိုရင် မင်းရဲ့ ယုံကြည်မှုကို ငါ ရိုက်ချိုးပစ်ရသေးတာပေါ့...”
ရှင်းအက္ခရာ လျှို့ဝှက်ချက်ကို အသုံးပြုထားသော ဝူယွမ်မှာ အလွန်အမင်း လျင်မြန်လှပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွမ်ချန်းထံသို့ ရောက်ရှိသွားခဲ့၏။
သူက သာမန် ဓားတစ်ချက်ကိုသာ ဝှေ့ယမ်းလိုက်ပြန်လေသည်။
သူနှင့် ဓားကြီးမာမှာ အနီးကပ် ထိတ်တိုက်တွေ့သွားကြသည်။
ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်၏ စွမ်းအား စုစည်းသည့် နည်းလမ်းမှာ သူ၏ စွမ်းအား အားလုံးကို အပြည့်အဝ အသက်သွင်းထားနိုင်ပြီး မိုးကြိုးဓားအပေါ်သို့ အာရုံစိုက်ထားသဖြင့် သာမန် တိုက်ခိုက်မှု တစ်ခုဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဖျက်ဆီး၍ မရနိုင်လောက်အောင် အားကောင်းလှပေသည်။
“ချွင်...”
သတ္တုချင်း ရိုက်ခတ်သံကြီး တစ်ခုနှင့်အတူ တောက်ပသော ယွမ်စွမ်းအင် အလင်းတန်းများက လေဟာနယ် တစ်လျှောက် ပြန့်နှံ့သွားခဲ့လေသည်။ ပတ်ဝန်းကျင်ရှိ
ပတ်ဝန်းကျင်ရှိ မီးတောင်များမှာ ဖျက်ဆီးခံရပြီး ပုံပျက်သွားကြကာ ယွမ်ချန်း၏ လက်ထဲရှိ သံဓားမှာ တိုက်ရိုက်ပင် နှစ်ပိုင်း ကျိုးသွားခဲ့၏။
ခရမ်းရင့်ရောင် ဓားအလင်းတန်း တစ်ခုက သူ၏ ခန္ဓာကိုယ် အတွင်းသို့ ထိုးစိုက်ဝင်ရောက်သွားလေသည်။
ယွမ်ချန်းမှာ သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး နောက်သို့ လွင့်စင်သွားလေတော့သည်။
“အစ်ကိုကြီး...”
လင်းကျန်းနှင့် လဲ့ချန်တို့မှာ အလွန်အမင်း အံ့ဩသွားကြလေသည်။
ဝိညာဉ်တံဆိပ်ဖြင့် အားဖြည့်ထားသော ယွမ်ဧကရာဇ်ခန္ဓာကိုယ် ပင်လျှင် ဝူယွမ်၏ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် အမှုန့်ဖြစ်သွားခဲ့ရသည်လား။
ထိုနှစ်ဦးက ယွမ်ချန်းကို ဖမ်းရန် လျင်မြန်စွာ ပျံသန်းထွက်သွားကြ၏။
“ငါ့ရဲ့ အားဖြည့်ထားတဲ့ သာမန်တိုက်ခိုက်မှုကို ခံစားကြည့်စမ်း...” ဝူယွမ်က ရယ်မောလိုက်ပြီး သူ၏ လက်ထဲရှိ မိုးကြိုးဓားကို အဆက်မပြတ် ထပ်မံဝှေ့ယမ်းလိုက်ပြန်သည်။
ဤ “နတ်ဆိုးဆန်သော” အခြေအနေတွင် သူ၏ သာမန်တိုက်ခိုက်မှုများမှာ ယွမ်ချန်း၏ ယွမ်ဧကရာဇ်ကျမ်းထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။
ဤသည်မှာ သူ ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သဖြင့် ကျွမ်းကျင်ခြင်းမရှိသေးချေ။
ထို့အပြင် ဤသည်မှာ ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်၏ စွမ်းအား စုစည်းမှု အစပျိုးခြင်းမျှသာ ဖြစ်သော်လည်း ဆန်းကြယ်ရှင်ခြင်းအဆင့်ရှိ ဝိညာဉ်တံဆိပ်ဖြင့် အားဖြည့်ထားသော ပြိုင်ဘက်၏ ယွမ်ဧကရာဇ်ကျမ်း ထက်ပင် ပိုမိုအားကောင်းနေပြီ ဖြစ်သည်။
အဓိက လျှို့ဝှက်နည်းလမ်း၏ တားမြစ်ဓားချက် ခုနစ်ချက်ကိုသာ ထုတ်လွှတ်လိုက်ပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို ဝူယွမ် စိတ်ကူး၍ပင် မရနိုင်တော့ချေ။
ခရမ်းရင့်ရောင် ဓားအလင်းတန်း အများအပြားက ယွမ်ချန်းနှင့် အခြားနှစ်ဦးကို လွှမ်းခြုံသွားပြီး ဓားအလင်းတန်းများမှာ သူတို့၏ မျက်လုံးများထဲတွင် အဆက်မပြတ် ကြီးထွားလာခဲ့လေသည်။
ယွမ်ချန်းနှင့် အခြားနှစ်ဦး၏ နောက်တွင် အရိပ်များမှာ တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာပြီး ကြီးကျယ်ခမ်းနားလှသော ယွမ်စွမ်းအင်များ ထွက်ပေါ်လာကာ ထိုသုံးဦးစလုံးက သူတို့၏ အားအကောင်းဆုံးသော သိုင်းပညာရပ်များကို ထုတ်လွှတ်လိုက်ကြ၏。
“ယွမ်ဧကရာဇ်ကျမ်း၊ ကောင်းကင်နဲ့မြေကြီး ယွမ်သို့ ပြန်လည်ရောက်ရှိခြင်း...”
“ဝိညာဉ်ဧကရာဇ်ကျမ်း၊ ဝိညာဉ်သွေးကြော ကပ်ဘေးလက်ချောင်း...”
“မိုးကြိုးဧကရာဇ်ကျမ်း၊ မိုးကြိုး နတ်ဆိုးအကျဉ်းထောင်...”
သူတို့ သုံးဦးလုံးက ခုခံနိုင်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ အမြင့်ဆုံးသော သိုင်းပညာ တစ်ခုစီကို ထုတ်လွှတ်လိုက်ကြလေသည်။
သို့သော် မိုးကြိုးဓားအလင်းတန်း၏ တိုက်ခိုက်မှုမှာ အလွန် အားကောင်းလွန်းသဖြင့် သူတို့ ခံနိုင်စွမ်းထက် ကျော်လွန်နေခဲ့ချေပြီ။
ဓားအလင်းတန်း ရိုက်ခတ်သွားသည်နှင့်အမျှ ထိုသုံးဦး ထုတ်လွှတ်လိုက်သော သိုင်းပညာရပ်များမှာ တစ်ခုပြီးတစ်ခု ပြိုကျသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များပင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြလေသည်။
သွေးများ စီးကျလာပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ လွင့်စင်သွားခဲ့၏။
ဝူယွမ်က လက်ဆန့်တန်းကာ ထိုသုံးဦး၏ မူလဝိညာဉ်များကို ဖမ်းယူလိုက်လေသည်။
ယွမ်ဂိုဏ်း၏ ထိပ်တန်း တပည့်များပီပီ သူတို့သည် သူတို့၏ မူလဝိညာဉ်များကို ဆန်းကျယ်ရှင်ခြင်းဆင့် မတိုင်မီ စုစည်းဖန်တီးထားနိုင်ခဲ့ကြပြီး ၎င်းမှာ ဝူယွမ်အတွက် ကြီးမားသော အားဆေးတစ်ခွက်ပင် ဖြစ်လေသည်။
မူလဝိညာဉ် သုံးခုကို ချုပ်နှောင်ပြီးနောက် ဝူယွမ်က သူတို့၏ သိုလှောင်အိတ်များနှင့် ဝိညာဉ်ရတနာများကို ယူလိုက်ပြီး နှလုံးကြွေမီးတောက် တစ်ခုကို ထုတ်လွှတ်ကာ သူတို့၏ ခန္ဓာကိုယ်များ အားလုံးကို မီးရှို့ပစ်လိုက်လေသည်။
ထို့နောက် သူသည် လင်ချင်းကျူ၏ ဘေးသို့ ပြန်သွားခဲ့၏。
ဤအချိန်တွင် လင်ချင်းကျူ၏ မျက်လုံးများ လင်းလက်နေပြီး သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ရှိနေခဲ့လေသည်။
အရှေ့ဘက် ရွှမ်ဒေသ၏ အားကောင်းသော လူငယ်သိုင်းပညာရှင်များကို ဖိနှိပ်ထားခဲ့သော တောင်ကြီး သုံးတောင် ဖြစ်သည့် ယွမ်ဂိုဏ်း၏ လူငယ်ဘုရင် သုံးပါးမှာ ဝူယွမ်၏ လက်ချက်ဖြင့် ဤသို့ပင် ပျက်သုဉ်းသွားခဲ့ရထျေပြီ။
ဤသည်က သူမကို အလွန်အမင်း အိပ်မက်ဆန်သကဲ့သို့ ခံစားရစေခဲ့၏။
ဤလူငယ်လေးသည် လွန်ခဲ့သော ငါးနှစ်က အဆင့်နိမ့် ပြည်ထောင်စု တစ်ခုမှ သာမန် လူတစ်ယောက်မျှသာ ဖြစ်ခဲ့သည် မဟုတ်လော။
သူ မည်သို့မည်ပုံ ဤမျှ အားကောင်းလာရသည်နည်း...။
“ဘာတွေ ကြည့်နေတာလဲ... ဒီသုံးယောက်ကို ချမ်းသာပေးဖို့ ငါ့ကို တောင်းဆိုတော့မလို့တော့ မဟုတ်ပါဘူးနော်...”
ဝူယွမ်က လင်ချင်းကျူကို ကြည့်ကာ မေးလိုက်လေသည်။
ဤအချိန်တွင် ဝူယွမ်၏ လက်ထဲ၌ အဖမ်းခံထားရသော လူငယ်ဘုရင်သုံးပါး၏ မူလဝိညာဉ်များက လင်ချင်းကျူကို ကြီးမားသော မျှော်လင့်ချက်များဖြင့် ကြည့်နေကြလေသည်။
“ဝူယွမ်... မင်း ငါတို့ကို သတ်လို့မရဘူးနော်၊ မဟုတ်ရင် ငါတို့ရဲ့ ဂိုဏ်းချုပ်ကြီးသုံးပါးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး...”
“တကယ်လို့ မင်း ငါတို့ကို သတ်လိုက်ရင် ယွမ်ဂိုဏ်းနဲ့ တောင်ဂိုဏ်းက အဆုံးမရှိတဲ့ စစ်ပွဲတစ်ခုထဲကို ရောက်သွားလိမ့်မယ်...”
“ချင်းကျူ၊ ချင်းကျူ...”
မူလဝိညာဉ်သုံးခုက မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်ကြလေသည်။
“သူတို့က ယွမ်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ ဂိုဏ်းချုပ်ကြီး သုံးပါးရဲ့ တပည့်ရင်းတွေလေ... တကယ်လို့ ရှင် သူတို့ကို သတ်လိုက်ရင် ယွမ်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ ဂိုဏ်းချုပ်ကြီး သုံးပါး ရူးသွပ်သွားမှာကို ကျွန်မကြောက်မိတယ်... ရှင်...”
လင်ချင်းကျူက တုံ့ဆိုင်းနေပြီး စကားပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားခဲ့၏။
လူငယ်ဘုရင် သုံးပါး သေဆုံးပြီးနောက် ယွမ်ဂိုဏ်း၏ တုံ့ပြန်မှုက မည်သို့ ရှိလာမည်နည်း၊ တောင်ဂိုဏ်းနှင့် တိုက်ရိုက် စစ်ပွဲ စတင်မည်လား ဆိုသည်ကို သူမ စိတ်ကူး၍ပင် မရနိုင်ချေ။
“ဒါဆို မင်းက သူတို့ကို ကယ်တင်ဖို့ ကြိုးစားနေတာလား... ဒါမှမဟုတ် ငါ့အတွက် စိုးရိမ်နေတာလား...” ဝူယွမ်ကမူ လင်ချင်းကျူကို တောက်လောင်နေသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။
“ဒီလို အချိန်မျိုးမှာ အရမ်းကြီး အကျိုးအကြောင်း မဆီလျော်တာမျိုး မဖြစ်စေနဲ့... သူတို့ဆီမှာ သူတို့ရဲ့ မူလဝိညာဉ်တွေပဲ ကျန်တော့တာလေ၊ ပြောရမယ်ဆို သူတို့က ဒုက္ခိတတွေ ဖြစ်နေပါပြီ... သူတို့အတွက်နဲ့ ရှင့်ကိုယ်ရှင် စတေးဖို့ မလိုအပ်ပါဘူး...”
လင်ချင်းကျူက ဆူပူလိုက်လေသည်။
သူမသည် ဝူယွမ်အတွက် အမှန်တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
“ငါ့မိန်းမက အကောင်းဆုံးပဲ... ကိုယ့်ယောကျ်ားကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သိတယ်...”
ဝူယွမ်က ပြုံးလိုက်ပြီးနောက် အခြားလက်တစ်ဖက်ဖြင့် လင်ချင်းကျူကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တိုက်ရိုက်ပင် နမ်းရှုံ့လိုက်လေသည်။
ယခုအခါ မူလဝိညာဉ် တစ်ခုမျှသာ ဖြစ်နေပြီဖြစ်သော ယွမ်ချန်းမှာ ဝူယွမ်၏ အခြားလက်တစ်ဖက်တွင် အညှစ်ခံထားရလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး သူ၏ မူလဝိညာဉ်မှာ အေးခဲအမှတ် တစ်သောင်းရှိ ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို တိုက်ရိုက် ခံစားလိုက်ရလေတော့သည်။
“ဟင့်အင်း... မဟုတ်ဘူး….”
သူ၏ နှလုံးသားမှာ နာကျင်စွာဖြင့် အပြင်းအထန် အော်ဟစ်နေခဲ့၏
သို့သော်ငြားလည်း ဝူယွမ်က လင်ချင်းကျူကို အတင်းအကြပ် ပွေ့ဖက်ကာ နမ်းရှုံ့နေခဲ့လေသည်။
အချိန်အတော်ကြာပြီးနောက်မှ လင်ချင်းကျူ ရုန်းထွက်နိုင်ခဲ့၏။
ယွမ်ချန်း၏ မူလဝိညာဉ်မှာမူ အက်ကွဲနေခဲ့ပြီ ဖြစ်သည်။
ဝူယွမ်က လက်ကို ညှစ်လိုက်ရာ ထိုသုံးဦးလုံး အသိစိတ်များ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ဤသို့ဖြင့် ယွမ်ဂိုဏ်း၏ လူငယ်ဘုရင် သုံးပါးလုံး အဆုံးသတ်သွားခဲ့လေတော့သည်။