← Chapters

အခန်း (၂၈၉-၂၉၀)

Vol. 29 Ch. 289-290

အခန်း (၂၈၉-၂၉၀)

Vol. 29 Ch. 289-290

အခန်း (၂၈၉) - လင်ချင်းကျူနှင့်အတူ ခရီးသွားခြင်း၊ ခံစားချက်များကို ဖွင့်ဟ၀န်ခံလာသော ဝူယွမ်(၁)

ကျယ်ပြန့်လှသော လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်တွင် ဝူယွမ်နှင့် လင်ချင်းကျူ နှစ်ဦးသာ အသက်ရှင်လျက် ကျန်ရစ်တော့သည်။

ထို့အပြင် သေတစ်ဝက် ရှင်တစ်ဝက် ဖြစ်နေသော အဘိုးအို တစ္ဆေဖန်ထျန်းလည်း ရှိသေးသည်။

ယခုလေးတင် ဝူယွမ်နှင့် လင်ချင်းကျူတို့ စိတ်အားထက်သန်စွာ ပွေ့ဖက်နေကြသည်ကို မြင်သောအခါ အဘိုးအို တစ္ဆေဖန်ထျန်း၏ ပိန်ချုံးနေသော မျက်နှာမှာ အနည်းငယ် တုန်ယင်သွားခဲ့ပြီး တိုက်ရိုက် ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့သည်။

သူ့တွင် မျက်နှာ မရှိလျှင်တောင်မှ သူ၏ နှလုံးသားမှာ အပြင်းအထန် တိုက်ခိုက်ခဲ့ရမှုကြောင့်၊ ပျက်စီးဆုံးရှုံးမှု အချို့ကို ခံစားနေရဆဲပင် ဖြစ်သည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာသည်အထိ သူ၏ ဘဝတွင် အဖော်မရှိခဲ့ပေ... သူ့ကို နှစ်သောင်းချီ သက်တမ်းရှိသော လူပျိုကြီး တစ်ဦးဟု ဆိုနိုင်ပေသည်။

သူ့ကို အဖော်ပြုပေးနေသူများမှာ ထူးဆန်းပြီး ကြမ်းကြုတ်ရက်စက်သော မိစ္ဆာစစ်သူကြီးသာ ဖြစ်လေသည်။

ဝူယွမ်က ဘယ်ဘက်လက်ဖြင့် ရန်သူများကို သတ်ဖြတ်ပြီး ညာဘက်လက်ဖြင့် အလှပဂေးလေး တစ်ဦးကို ပွေ့ဖက်ထားသည်ကို မြင်သောအခါ...

အဘိုးအို တစ္ဆေဖန်ထျန်းက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ... ‘ဒီခေတ် လူငယ်တွေက တကယ်ကို ဘယ်လို ပျော်ရွှင်ရမလဲဆိုတာ သိကြတာပဲ...’

ဘန်း၊ ဘန်း၊ ဘန်း...

လင်ချင်းကျူသည် နူးညံ့သော လက်သီးလေးဖြင့် ဝူယွမ်၏ ရင်ဘတ်ကို ထုနှက်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

“ရှင် ဘာလုပ်နေတာလဲ... ဟိုမှာ ကြည့်နေတယ်လေ...”

သူမက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်နှာဖုံးလေးကို လျင်မြန်စွာ ပြန်တပ်ဆင်လိုက်လေသည်။

ယခုလေးတင် ဝူယွမ်က တိရစ္ဆာန် တစ်ကောင်အလား သူမ၏ မျက်နှာဖုံးလေးကို ပါးစပ်ဖြင့် တိုက်ရိုက်ပင် ကိုက်ဆွဲ ဖယ်ရှားပစ်ခဲ့သည် မဟုတ်လော။

ယခုအချိန်တွင် လင်ချင်းကျူ၏ ပါးပြင်လေးများမှာ နီမြန်းနေပြီး မူလက ပယင်းရောင် တောက်ပနေသော သူမ၏ မျက်ဝန်းများမှာ ယခုအခါ ရှက်ရွံ့မှု၊ ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။

ရှားပါးလှသော ထိုမြင်ကွင်းလေးမှာ အလွန် စွဲမက်ဖွယ် ကောင်းလှပေသည်။

သူမ၏ နှလုံးသားမှာ စိတ်အနှောင့်အယှက် ဖြစ်မှုနှင့် စိတ်လှုပ်ရှားမှု နှစ်မျိုးစလုံးကို ခံစားနေရ၏။

ရိုးရိုးသားသားပြောရလျှင် ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် ရှက်ရွံ့ဖွယ် လုပ်ရပ်မျိုးမှာ ကောင်းကင်ပြာကြာပန်းနှင့် သန့်ရှင်းသော နတ်သမီးလေးတစ်ပါးဟူသော ပုံရိပ်ကို အချိန်အတော်ကြာ ထိန်းသိမ်းထားခဲ့သည့် လင်ချင်းကျူအတွက်တော့ ကြီးမားလှသော စိန်ခေါ်မှု တစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ရှက်စရာကောင်းသည်မှာ အမှန်ပင် ဖြစ်သော်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းသည်မှာလည်း အမှန်ပင် ဖြစ်လေသည်။

“အဘိုးအို တစ္ဆေဖန်ထျန်း... မင်းလို အဘိုးကြီးက အခုအချိန်အထိ တောင့်ခံထားနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး...”

ရုတ်တရက် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ အရှေ့တွင် အလင်းတန်း တစ်ခု လင်းလက်သွားပြီး အဘိုးအိုဟွမ်က ဝိညာဉ် ပုံစံဖြင့် ထွက်ပေါ်လာကာ အနီရောင်ဝတ်ရုံနှင့်လူကို ပြုံးရင်း ကြည့်လိုက်လေသည်။

“မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်... မတွေ့တာ ကြာပြီနော်...”

အနီရင့်ရောင် အိုးအသေးစားလေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသော ကြေးဝါးအိုးကို အဘိုးအို တစ္ဆေဖန်ထျန်းက လက်ထဲတွင် ကိုင်ဆောင်ကာ ပျံသန်းလာခဲ့လေသည်။

အဘိုးအိုဟွမ်ကို ကြည့်ရင်း သူ၏ အလွန်အမင်း ပိန်ချုံးနေသော မျက်နှာပေါ်တွင်လည်း ပြင်းထန်သော စိတ်ခံစားမှု လှိုင်းဂယက်များ ပေါ်လွင်လာခဲ့၏။

“ရေခဲသခင်မ၊ အဆောင်ဘိုးဘေးကျောက်တုံး၊ ဝါးမျိုခြင်း ဘိုးဘေးအဆောင်၊ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်နဲ့ မင်း... မင်းတို့ အားလုံး ဒီမှာ ရှိနေကြတုန်းပဲ... ဒါက ကောင်းတယ်၊ တကယ်ကို ကောင်းလွန်းတယ်...”

အဘိုးအို တစ္ဆေဖန်ထျန်းက မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ ထိုးဖောက်မြင်နေရသည့်အလား စိုက်ကြည့်နေခဲ့ပြီး အတွင်း၌ ပြုစုပျိုးထောင်ခြင်း ခံနေရသော အဆောင်ဘိုးဘေးကျောက်တုံးနှင့် ဝါးမျိုခြင်း ဘိုးဘေးအဆောင် တို့၏ တည်ရှိမှုကို သူ အာရုံခံမိနေခဲ့သည်။

“မင်း တော်တော်လေး ပင်ပန်းခဲ့ရမှာပဲ အဘိုးကြီး... ဒီမိစ္ဆာစစ်သူကြီးကို ဖိနှိပ်ဖို့အတွက် ဒီလို အခြေအနေမျိုး ဖြစ်သွားခဲ့ရတယ်...”

အဘိုးအိုဟွမ်က လက်ယှက်ရင်း အဘိုးအို တစ္ဆေဖန်ထျန်းကို ရှုပ်ထွေးပြီး အနည်းငယ် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

“အဆောင်ဘိုးဘေးနဲ့ တခြားသူတွေရဲ့ စတေးမှုတွေနဲ့ ယှဉ်ရင် ငါ့ရဲ့ စတေးမှုက ဘာမှမဟုတ်ပါဘူး... ဒီမိစ္ဆာစစ်သူကြီးကို လုံးဝ ဖိနှိပ်ထားနိုင်ဖို့ ငါ့ရဲ့ စွမ်းအား မလုံလောက်ခဲ့တာကိုပဲ ငါနောင်တရမိတယ်...”

အဘိုးအို တစ္ဆေဖန်ထျန်းက ခေါင်းခါယမ်းလိုက်လေသည်။

“ဟားဟား... အခု စိတ်ပူစရာ မလိုတော့ဘူး... ငါတို့ဆီမှာ ဒီကမ္ဘာခြားနတ်ဆိုးရဲ့ လျှို့ဝှက်အန္တရာယ်တွေကို ဖြေရှင်းပြီး သူတို့ကို လုံးဝ အမြစ်ပြတ်သုတ်သင်ပစ်နိုင်မယ့် နည်းလမ်း ရှိနေပြီလေ...”

အဘိုးအိုဟွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ “ကောင်းပြီ... မင်းကို ဒီတက်သစ်စ ကြယ်ပွင့်လေးနဲ့ အရင် မိတ်ဆက်ပေးပါရစေဦး...”

သူသည် ဝူယွမ်ကို ကြည့်လိုက်ပြီးနောက် ဝူယွမ်၏ ဘေးတွင် ရှိနေသော လင်ချင်းကျူကို သတိပြုမိသွားကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူ ပြောတော့မည့် စကားများမှာ ဝူယွမ်၏ လျှို့ဝှက်ချက်များ ဖြစ်ပြီး လင်ချင်းကျူ ဤနေရာတွင် ရှိနေခြင်းက မသင့်တော်ဟု ထင်မှတ်သောကြောင့်ပင်။

လင်ချင်းကျူမှာ အလွန်အမင်း ထက်မြက်သူ တစ်ဦးဖြစ်ပြီး သူ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားခဲ့၏။ “ကျွန်မ ဟိုဘက်ကို သွားပြီး လမ်းလျှောက်လိုက်ဦးမယ်...”

သူမက ထွက်ခွာရန် လှည့်လိုက်သော်လည်း ဝူယွမ်က သူမ၏ ကျောက်စိမ်းရောင် လက်လေးကို ရုတ်တရက် ဖမ်းဆွဲလိုက်လေသည်။

“ချင်းကျူက အပြင်လူ မှမဟုတ်တာ... ကျွန်တော့်ကိစ္စတွေကို သူမဆီကနေ ဖုံးကွယ်ထားစရာ မလိုပါဘူး...” ဝူယွမ်က ပြုံးရင်း ပြောလိုက်သည်။

“တကယ်လို့ ကျွန်မ သိဖို့ မသင့်တော်ဘူးဆိုရင်လည်း ထားလိုက်ပါတော့...” လင်ချင်းကျူက ရုန်းထွက်ရန် ကြိုးစားနေဆဲပင် ဖြစ်သည်။

သူမသည် အတင်းအဖျင်း ပြောတတ်သော အမျိုးသမီး တစ်ဦး မဟုတ်ပေ။ သို့သော် သူမ သိချင်သော်ငြား အတင်းအကျပ်တော့ မလုပ်လိုပေ။

“သင့်တော်ပါတယ်၊ ဘာလို့ မသင့်တော်ရမှာလဲ... မင်းက ငါ့မိန်းမပဲ၊ အပြင်လူမှ မဟုတ်တာ...” ဝူယွမ်က ရုတ်တရက် ပြောလိုက်လေသည်။

“မင်း ယောကျ်ားရဲ့ စွမ်းအားကို မင်းကို ပြသပြီး မင်းကို ယုံကြည်မှု နည်းနည်းလောက် ပေးချင်ရုံပါ...”

“ကျွန်မ... ရှင်...”

လင်ချင်းကျူမှာ ဒေါသထွက်သွားသော်လည်း သူမ၏ လက်လေးကို ဝူယွမ်က တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။

အဘိုးအိုဟွမ် နှင့် အဘိုးအို တစ္ဆေဖန်ထျန်းတို့မှာ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခဏတာမျှ စကားပြောရန် မတတ်နိုင်အောင် ဖြစ်သွားကြလေသည်။

အဘိုးအိုဟွမ်က သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီးနောက် ဝူယွမ်ကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။

“သူ့နာမည်က ဝူယွမ်တဲ့၊ တက်သစ်စ ဂိုဏ်းတစ်ခုက တပည့်လေးပေါ့... မင်းမြင်တဲ့အတိုင်းပဲ အဆောင်ဘိုးဘေးကျောက်တုံး၊ ဝါးမျိုခြင်း ဘိုးဘေးအဆောင်၊ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်နဲ့ ငါ…

ငါတို့အားလုံးက သူ့ဆီမှာ ရှိနေကြတယ်... အဘိုးကြီး၊ သူ့ဆီမှာ မင်းကို ရှင်သန်ထမြောက်စေနိုင်မယ့် နည်းလမ်း ရှိတယ်...”

“ဟေ…. ကမ္ဘာခြားနတ်ဆိုးတွေကို လုံးဝ အမြစ်ပြတ် သုတ်သင်ပစ်မယ် ဟုတ်လား... ငါ့ကို ရှင်သန်ထမြောက်စေမယ်လား...”

အဘိုးအို တစ္ဆေဖန်ထျန်း၏ သေဆုံးနေသော မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်လေးတစ်ခု လင်းလက်သွားခဲ့၏။

အကယ်၍ ဤစကားများကို အဘိုးအိုဟွမ်ထံမှ ကြားရခြင်းသာ မဟုတ်ပါက သူ မည်သို့မျှ ယုံကြည်မည် မဟုတ်ပေ။

“စီနီယာ...”

ဝူယွမ်က သူ့ကို လက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။

သူက မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

“ဒီမိစ္ဆာစစ်သူကြီး က အခု ကျွန်တော့်အတွက် ပြဿနာ မဟုတ်တော့ဘူး... အဘိုးဟွမ် ဖိနှိပ်ထားတဲ့ ကမ္ဘာခြားနတ်ဆိုးဘုရင်အပြင် ကျွန်တော်တို့ရဲ့ ရှေးဟောင်း ကျောက်တိုင်ထဲမှာ ကမ္ဘာခြားနတ်ဆိုး ဘုရင် နှစ်ပါးတောင် ရှိနေပြီလေ...”

“ဒါကြောင့်မို့လို့ စီနီယာ့ရဲ့ မိစ္ဆာစစ်သူကြီး ကို ထပ်ပေါင်းထည့်လိုက်ရင်တောင်မှ ပြဿနာကြီး တစ်ခု မဟုတ်ပါဘူး...”

ဝူယွမ်က ပြုံးရင်း ပြောလိုက်လေသည်။ “စီနီယာ့ကို ရှင်သန်ထမြောက်စေဖို့ ဆိုတာကတော့ ပိုပြီးတောင် လွယ်သေးတယ်... ဒီမိစ္ဆာစစ်သူကြီးဆီက စွမ်းအင်တွေက စီနီယာ့ကို ရှင်သန်ထမြောက်စေဖို့ လုံလောက်လောက်ပါတယ်...”

ကမ္ဘာ့သစ်ပင်က ဤမိစ္ဆာစစ်သူကြီး ၏ စွမ်းအင်များကို စုပ်ယူပြီးနောက် အဘိုးအိုတစ္ဆေ ဖန်ထျန်း ကို ပြန်လည် အာဟာရ ဖြည့်တင်းပေးလိုက်ပါက သူ့အား ရှင်သန်ထမြောက်စေရန်မှာ ပြဿနာ မရှိနိုင်ပေ။

အဘိုးအို တစ္ဆေဖန်ထျန်းမှာ ၀ူယွမ်‌ပြောနေသည်များကို စိတ်ကူးယဉ် အိပ်မက်တစ်ခုအလား နားထောင်နေခဲ့ရ၏။ ‘ဒါတွေ အားလုံးက ဘာတွေလဲ...’

“လာ... လက်တွေ့ပြရမယ့် အချိန်ရောက်ပြီ...”

ဝူယွမ်က ရှင်းပြနေခြင်းကို ခေတ္တ ရပ်တန့်လိုက်ပြီး ကန္တာရတိမ်တိုက်အား မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထဲမှ ကမ္ဘာ့သစ်ပင်၏ သစ်ကိုင်းတစ်ခုကို ဆန့်ထုတ်ခိုင်းလိုက်လေသည်။

“ရွှစ်...”

စိမ်းလန်းစိုပြည်သော သစ်ကိုင်းတစ်ခုက ကျောက်တိုင်ထဲမှ ဆန့်ထွက်လာပြီးနောက် လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်၏ လေဟာနယ် တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေသည်။

သစ်ကိုင်းက သူတို့၏ ခြေအောက်ရှိ တောင်တန်းများထဲသို့ ထိုးစိုက်ဝင်ရောက်သွားပြီး မိစ္ဆာစစ်သူကြီးကို ချိတ်ပိတ်ထားသော မီးတောင် အစီအရင် အတွင်းသို့ တိုးဝင်သွားခဲ့၏။

မကြာမီမှာပင် လေဟာနယ် တစ်ခုလုံးမှာ စိမ်းလန်းစိုပြည်လာပြီး အသက်စွမ်းအင်များဖြင့် ပြည့်နှက်လာခဲ့လေသည်။

“အဘိုးကြီး... ငါ့နောက်ကနေ လိုက်ပြီး ကျောက်တိုင်ထဲ ဝင်ခဲ့...”

အဘိုးအိုဟွမ်က အဘိုးအို တစ္ဆေဖန်ထျန်းကို ကမ္ဘာ့သစ်ပင်၏ သစ်ကိုင်းအတိုင်း ကမ္ဘာ့သစ်ပင် အတွင်းသို့ လမ်းညွှန်ပေးလိုက်လေသည်။

အဘိုးအို တစ္ဆေဖန်ထျန်းမှာ ယခုအခါ ခြောက်သွေ့နေသော အလောင်းတစ်ခု ဖြစ်နေသော်လည်း အနည်းငယ် ကျန်ရစ်နေသေးသော စွဲလမ်းမှုများနှင့် အသက်စွမ်းအင်များကြောင့် သူသည် ပျက်သုဉ်းမသွားဘဲ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤစွဲလမ်းမှုများနှင့် အသက်စွမ်းအင်များကြောင့်ပင် သူရှင်သန်ထမြောက်ရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်လေသည်။

ကမ္ဘာ့သစ်ပင်၏ မူလ စွမ်းအားမှာ ဖန်တီးခြင်း ဖြစ်လေသည်။

ဝိညာဉ်အစအနလေး တစ်ခု ကျန်ရှိနေသရွေ့ ၎င်းကို အသက်ပြန်ရှင်လာအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိလေသည်။

“ဝူယွမ်... ဒါက ဘယ်လိုသစ်ပင်မျိုးလဲ...”

လင်ချင်းကျူက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသော ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများကို အံ့ဩတကြီး ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများထဲတွင် ပြင်းထန်သော သိချင်စိတ်များဖြင့် ပြည့်နှက်လာခဲ့လေသည်။

“ဒါက ငါတို့ မိသားစုရဲ့ ငွေပင် အပင်ပေါက်လေးလေ...”

ဝူယွမ်က နောက်ပြောင်လိုက်သည်။

ကမ္ဘာ့သစ်ပင်သည် ယခုအခါ သူ၏ အကြီးမားဆုံးသော ရတနာကြီး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဤအံ့ဩစရာကောင်းသော မြင်ကွင်းကို တွေ့လိုက်ရချိန်တွက် လင်ချင်းကျူသည် ဝူယွမ်၏ ကျီစယ်သော စကားများကို နားထောင်ရန် စိတ်မဝင်စားတော့ပေ။

ကြွယ်ဝလွန်းသော အသက်စွမ်းအင်များကို ပိုင်ဆိုင်ထားသည့် ဤသစ်ပင်က မည်သို့သော သစ်ပင်မျိုး ဖြစ်သနည်း ဆိုသည်ကိုသာ သူမ သိချင်နေခဲ့၏။

“ဒီသစ်ပင်ကို ရှင် ဘယ်ကနေ ရလာတာလဲ...” သူမက မေးလိုက်လေသည်။

“အဲ့ဒီအကြောင်းကို နောက်မှ ငါ မင်းကို ဖြည်းဖြည်းချင်း ရှင်းပြပြမယ်... ဒီသစ်ပင်က ငါ့ရဲ့ အခွင့်အလမ်းတွေထဲက တစ်ခုပါပဲ..."

“ငါ့ဆီမှာ ဒီလို လျှို့ဝှက်ချက်တွေ အများကြီးရှိသေးတယ်၊ ဒါပေမယ့် မင်းက မိသားစုထဲကို လက်ထပ်ပြီး မဝင်ရသေးဘူးဆိုတော့ အခုလောလောဆယ် မင်းကို ငါ မပြောပြနိုင်သေးဘူး... မင်း လက်ထပ်ပြီး ဝင်လာတဲ့ အချိန်ကျရင် ဒီအရာတွေ အားလုံးကို မင်းနဲ့အတူ မျှဝေခံစားမှာပါ...”

ဝူယွမ်က လင်ချင်းကျူကို ပြုံးရင်း ပြောလိုက်လေသည်။ သူမကို အချို့သော အရာများ ပြောပြနိုင်သော်လည်း ဝူယွမ်အတွက် သူမအား အကုန်အစုံ ရှင်းပြရန် ခက်ခဲလှပေသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ကိုးကောင်းကင် တိုင်ချင်းနန်းတော်မှ ဖြစ်ပြီး ဝူယွမ်သည် ယခုအချိန်တွင် ကိုးကောင်းကင် တိုင်ချင်းနန်းတော်ကို သိမ်းပိုက်နိုင်စွမ်း မရှိသေးပေ။

‘လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်လေး တစ်ခုကို ထိန်းသိမ်းထားတာက ပိုကောင်းပါတယ်လေ...’

ဤနည်းအားဖြင့် သူမသည် သူ့အပေါ် ပိုမို စိတ်ဝင်စားလာမည်ဖြစ်ပြီး ပိုသိချင်လာပေလိမ့်မည်။

လင်ချင်းကျူက သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

သူမနှင့် ဝူယွမ်တို့သည် တကယ်တော့ ခဏတာသာ တွေ့ဆုံဖူးခဲ့ကြသော စုံတွဲတစ်တွဲမျှသာ ဖြစ်လေသည်။

ဝူယွမ်က သူမကို အများကြီး မပြောပြခြင်းမှာ နားလည်နိုင်သော်လည်း သူမ၏ ရင်တွင်းရှိ စူးစမ်းလေ့လာလိုသော ဆန္ဒကိုတော့ သူမ မတားဆီးနိုင်ခဲ့ပေ။

အခန်း (၂၉၀) - လင်ချင်းကျူနှင့်အတူ ခရီးသွားခြင်း၊ ခံစားချက်များကို ဖွင့်ဟ၀န်ခံလာသော ဝူယွမ်(၂)

ဤကဲ့သို့သော အံ့ဩဖွယ်ကောင်းသည့် သစ်ပင်မျိုးကို သူမ တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးခဲ့ချေ။

ထို့အပြင် ဝူယွမ်သည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မြူခိုး သတ္တဝါများကို ဖြေရှင်းနိုင်ရုံသာမက အဘိုးအို တစ္ဆေဖန်ထျန်းကဲ့သို့သော ရှေးဟောင်း ပုဂ္ဂိုလ်များကိုပါ ရှင်သန်ထမြောက်စေနိုင်သေးသည် မဟုတ်ယလော။

ဤနည်းလမ်းများမှာ တကယ်ကို ကောင်းကင်ကိုပင် အန်တုနိုင်လောက်ပေသည်။

၎င်းတို့နှင့် နှိုင်းယှဉ်လျှင် လူငယ်ဘုရင်သုံးပါးကို သတ်ဖြတ်ခြင်းမှာ တကယ်ကို ဘာမှမဟုတ်သော ကိစ္စတစ်ခုမျှသာ ဖြစ်လေသည်။

ဝူယွမ် လူငယ်ဘုရင်သုံးပါးကို ယခင်က လုံးဝ အလေးမထားခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ... သူတို့၏ အဆင့်အတန်းများမှာ လုံးဝ ကွာခြားနေခဲ့ခြင်း ဖြစ်သည်။

လင်ချင်းကျူက သူမ၏ အရှေ့ရှိ အမျိုးသားကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။

မသိစိတ်မှပင် တစ်ချိန်က သူမကို လိုက်ဖမ်းခဲ့သော ဤအမျိုးသားနှင့် သူမကိုယ်သူမ အကွာအဝေး တစ်ခု ဖန်တီးလိုက်မိသကဲ့သို့ ခံစားလိုက်ရ၏။

ကမ္ဘာ့သစ်ပင် ရောက်ရှိလာမှုနှင့်အတူ ၎င်း၏ သစ်ကိုင်းများက လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်၏ လေဟာနယ်ကို အဆက်မပြတ် ပြည့်နှက်နေစေခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ငါးရက်တာကာလ ကုန်လွန်သွားခဲ့၏။

ရှေးဟောင်းရတနာတိုက် ကမ္ဘာကြီးမှာ အမြစ်ပြတ် ဖယ်ရှားခံလိုက်ရပြီး မိစ္ဆာစစ်သူကြီးအား ချိတ်ပိတ်ထားသော အစီအရင်များ အားလုံးမှာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ ပြောင်းရွှေ့ခံလိုက်ရလေသည်။

ဤလေဟာနယ်မှာ သီးခြားလွတ်လပ်သော နေရာတစ်ခုဖြစ်ပြီး ၎င်း ရုတ်တရက် ပျောက်ကွယ်သွားမှုက အပြင်ဘက်တွင် မည်သည့် လှိုင်းဂယက်မျှ မဖြစ်ပေါ်စေခဲ့ပေ။

ဝူယွမ်နှင့် လင်ချင်းကျူတို့သည် အက်ကွဲနေသော ဟင်းလင်းပြင် အတွင်းမှ ထွက်ပေါ်လာခဲ့ကြလေသည်။

ဤအချိန်တွင် အပြင်ဘက်၌ လူအနည်းငယ်သာ ကျန်ရှိတော့ပြီး တောင်ဂိုဏ်းတပည့်များလည်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

“ကြည့်ရတာ အားလုံး ထွက်သွားကြပြီ ထင်တယ်...” ဝူယွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“အင်း... ဒီကနေ ကမ္ဘာခြားနတ်ဆိုး နယ်မြေရဲ့ ထွက်ပေါက်ကို ရောက်ဖို့ လဝက်ကျော်လောက် ခရီးသွားရဦးမယ်... ဂိုဏ်းအသီးသီးက တပည့်တွေက သူတို့ရဲ့ လေ့ကျင့်မှုတွေကို ပြန်စကြပြီထင်တယ်...” လင်ချင်းကျူက ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။

“မင်း ကိုးကောင်းကင် တိုင်ချင်းနန်းတော်က တပည့်တွေကို ပြန်သွားရှာမလို့လား...” ဝူယွမ်က သူမကို မေးလိုက်လေသည်။

တောင်ဂိုဏ်းတပည့်များက ဝိညာဉ်အမှတ်အသား တစ်ခု ချန်ထားခဲ့ပြီး ဝူယွမ်အနေဖြင့် သူတို့ကို ရှာတွေ့ရန် အမှတ်အသာူနောက်ကို လိုက်သွားရုံသာ ဖြစ်လေသည်။

သို့သော် ဝူယွမ်သည် ယခုအချိန်တွင် သူတို့အတွက် မစိုးရိမ်တော့ပေ။ လူငယ်ဘုရင် သုံးပါးမှာ သူ၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

အကယ်၍ သူတို့ ယွမ်ဂိုဏ်းနှင့် ဆုံတွေ့မည်ဆိုလျှင်တောင်မှ တောင်ဂိုဏ်းက ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။ လင်းတုန်၊ ချင်းတန်၊ ချန်ကွေ့နှင့် သူ ဖန်တီးထားသော မိစ္ဆာ အလောင်း လေးလောင်းတို့ ရှိနေသဖြင့် တောင်ဂိုဏ်း၏ လုံခြုံရေးမှာ ပြဿနာတစ်ခု ဖြစ်လာမည် မဟုတ်တော့ချေ။

သူ လင်ချင်းကျူနှင့်အတူ အချိန်အနည်းငယ် ပို၍ နေနိုင်သေးသည်။

လင်ချင်းကျူက ပြောလိုက်၏။ “ဝူချွန်းက သဘာဝအတိုင်း သတိကြီးတဲ့သူမလို့ အဖွဲ့ကို ဦးဆောင်ဖို့က ပြဿနာ မရှိဘူး... ကျွန်မ ပြန်သွားဖို့ မလောပါဘူး...”

“ရှင်ကော...” သူမက ဝူယွမ်ကို ပြန်မေးလိုက်လေသည်။

“ငါလည်း မလောပါဘူး... တောင်ဂိုဏ်းအတွက် အခု ဘာခြိမ်းခြောက်မှုမှ မရှိတော့ဘူးလေ...” ဝူယွမ်က ပြုံးရင်း ပြောလိုက်လေသည်။

သူတို့ နှစ်ဦးက အချင်းချင်း ကြည့်လိုက်ကြ၏။ ဝူယွမ်က သူမကို တောက်ပသော အပြုံးဖြင့် ကြည့်နေသော်လည်း လင်ချင်းကျူမှာ သူ၏ အကြည့်ကို ပြန်မကြည့်ရဲသကဲ့သို့ ဖြစ်နေခဲ့သည်။

ဝူယွမ်က “မင်း ဘာလုပ်ဖို့အစီအစဉ်ရှိလဲ...” ဟု မေးလိုက်လေသည်။

လင်ချင်းကျူ၏ အကြည့်များက ကမ္ဘာခြားနတ်ဆိုးနယ်မြေ၏ နက်ရှိုင်းသော နေရာရှိ အခြား အရပ်မျက်နှာ တစ်ခုဆီသို့ ရောက်ရှိသွားပြီး ပြောလိုက်လေသည်။ “ကျွန်မ လုပ်စရာတစ်ခု ရှိသေးတယ်... ရှင်က...”

“ဒါဆို သွားကြတာပေါ့... ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်...” သူမ စကားမဆုံးမီပင် ဝူယွမ်က လျင်မြန်စွာ ကြားဖြတ် ဖြေကြားလိုက်လေသည်။

စကားပြောပြီးသည်နှင့် ဝူယွမ်က လင်ချင်းကျူ၏ လက်ကောက်ဝတ်ကို တိုက်ရိုက်ပင် လှမ်းဆွဲလိုက်၏။

“တစ်ယောက်ယောက် မြင်သွားလိမ့်မယ်... လွှတ်...” လင်ချင်းကျူက မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ဒါဆို မြန်မြန် သွားကြတာပေါ့... ငါတို့ မြန်မြန်သွားရင် ဘယ်သူမှ ငါတို့ကို မြင်မှာမဟုတ်ဘူး...”

ဝူယွမ်က သူမ ငြင်းဆိုနေသည်ကို လျစ်လျူရှုလိုက်ပြီး သူမ၏လက်ကို တိုက်ရိုက် ဆွဲကိုင်ကာ ပျံတက်သွားလေတော့သည်။

‘ချင်းတန်၊ ယင်းဟွမ်ဟွမ်၊ လင်ချင်းကျူ... အားလုံးက ဒီလို လျှို့ဝှက်တဲ့ ပုံစံမျိုးကို သဘောကျပုံ ရတယ်...’ ဝူယွမ် စိတ်ထဲမှ တွေးလိုက်မိ‌လေ၏။

သူတို့ ပျံသန်းနေစဉ် လင်ချင်းကျူ၏ လက်က အဆက်မပြတ် ပြန်လည်ရုပ်သိမ်းရန် ကြိုးစားနေခဲ့လေသည်။

ဝူယွမ်က ရုတ်တရက် လေးနက်စွာ ပြောဆိုလိုက်၏။

“ငါ့ကို အမြဲတမ်း မငြင်း နေပါနဲ့... ငါတို့ ကွဲကွာနေခဲ့ရတဲ့ ငါးနှစ်တာကာလအတွင်းမှာ မင်းကို ငါ ဘယ်လောက်တောင် လွမ်းနေခဲ့လဲဆိုတာ မင်းသိလား... မင်းရဲ့ လက်ကို ကိုင်ဖို့ နောက်ဆုံးတော့ ငါသတ္တိမွေးနိုင်ခဲ့ပြီ... တကယ်လို့ မင်းရင်ထဲမှာ ငါ ရှနေတယ်ဆိုရင် မရုန်းပါနဲ့တော့...”

ဤစကားကို ကြားသောအခါ လင်ချင်းကျူ၏ လက်လှုပ်ရှားမှုများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။

သူမ၏ နှလုံးသားမှာလည်း အဆက်မပြတ် ခုန်ပေါက်နေခဲ့၏။

သူမ၏ စိတ်အာရုံမှာ ရုတ်တရက် ရှင်းလင်းသွားခဲ့လေသည်။

ဤအချိန်တွင် သူမသည် သူမကိုယ်သူမ ဝူယွမ်၏ နေရာတွင် ထားကြည့်လိုက်ပြီး ပြဿနာကို သူ၏ ရှုထောင့်မှနေ၍ စဉ်းစားကြည့်လိုက်လေသည်။

ဝူယွမ်၏ စကားများအရ သူသည် သူမကို ငါးနှစ်ကြာ လွမ်းဆွတ်နေခဲ့ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေပြီး သူမအပေါ် ထားရှိသော သူ၏ ခံစားချက်များကို ဖွင့်ဟပြသနေခြင်း ဖြစ်သည်။

ဝူယွမ်သည် သူ၏ အားကောင်းသော စွမ်းအားကြောင့် သူမကို သိမ်းပိုက်လိုသော ဆန္ဒတစ်ခုတည်း ရှိနေပြီး ဤသည်မှာ လူဆိုးဆန်သော လုပ်ရပ်တစ်ခု ဖြစ်သည်ဟု သူမ မူလက ထင်မှတ်ထားခဲ့မိသည်။

သို့သော် ဤအဆင့်သို့ ရောက်ရန်အတွက် သူ သတ္တိမွေးခဲ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။

လင်ချင်းကျူသည် ဝူယွမ်၏ ရည်ရွယ်ချက်များကို ရုတ်တရက် နားလည်သွားခဲ့လေသည်။

သူက တမင်တကာ ချဲ့ကား ဟန်ဆောင်နေသော်လည်း သူမအပေါ် ထားရှိသော သူ၏ အချစ်များကို မဖော်ပြဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ခြင်း ဖြစ်နိုင်ပေသည်။

သူမကမူ သူသည် သူမကို ချစ်မြတ်နိုးခြင်း မဟုတ်ဘဲ သိမ်းပိုက်လိုရုံသာ ဖြစ်သည်ဟု ထင်မှတ်နေခဲ့မိသည်။

အချိန်အတော်ကြာကတည်းက သူမသည် ယောင်္ကျားများကို အမြဲတစေ ငြင်းပယ်ခဲ့ပြီး အခြားသူများနှင့် အကွာအဝေး တစ်ခု ဖန်တီးထားရန် မသိစိတ်မှ အလို‌အလျောက် လုပ်ဆောင်မိနေလေသည်။

ထိုတစ်ကြိမ်ကတည်းသာလျှင်… ဝူယွမ်နှင့် သူမ၏ ရင်းနှီးသော အပြန်အလှန် ဆက်ဆံမှုက သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော အထင်အမြင် တစ်ခုကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ်များတစ်လျှောက် ဝူယွမ်၏ ပုံရိပ်သည်လည်း သူမ၏ စိတ်ထဲတွင် စွဲထင်နေခဲ့လေသည်။

ခရီးစဉ်တစ်လျှောက်တွင် ဝူယွမ်မှာ ပို၍ ထူးချွန်ပြောင်မြောက်လာသည်ကို မြင်ရသောအခါ သူမသည် တကယ်တန်းတွင် ပိုမိုနီးကပ်လိုခဲ့သော်လည်း ထိုခြေလှမ်းကို လှမ်းရန် သတ္တိမရှိခဲ့ပေ။

ရတနာရှာဖွေရေးနယ်မြေတွင် ထိုတက်ကြွသော အပြုအမူကို ပြသနိုင်ခဲ့ခြင်းမှာလည်း သူမသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာကို ပြုလုပ်ပြီးနောက်မှသာ အပြင်သို့ ထွက်လာရန် သတ္တိရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဝူယွမ်က သူမ၏ လက်ကို ရဲရဲတင်းတင်း ဆုပ်ကိုင်ထားခြင်းမှာလည်း ထိုအချိန်က သူမ၏ အတွေးများနှင့် အတူတူပင် ဖြစ်နိုင်ပြီး သူ၏ ရင်တွင်း၌ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ဤအချိန်တွင် ဝူယွမ်၏ လက်မှာ အားစိုက်ထားခြင်း မရှိတော့ပေ... သူမ အနေဖြင့် အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်ပြီဖြစ်သည်။

သို့သော် လင်ချင်းကျူက ပြန်လည်ရုပ်သိမ်းခြင်း မပြုခဲ့ပေ။ ယင်းအစား သူမက လက်ချောင်းလေးများကို ဆန့်တန်းလိုက်ပြီး ဝူယွမ်၏ လက်ချောင်းများနှင့် ယှက်နွယ်ထားလိုက်လေသည်။

သူမ၏ လက်ထဲရှိ နွေးထွေးမှု ခံစားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့လေသည်။ ဝူယွမ်သည်လည်း သူမအတိုင်း ခံစားလိုက်ရသည်။

ဝူယွမ်တို့နှစ်ဦးသည် လက်ချင်းချိတ်ကာ လေထုထဲတွင် ပျံသန်းနေကြပြီး သူတို့၏ လက်ဖဝါးများမှ နွေးထွေးမှုကို ခံစားနေကြရင်း လေထုမှာလည်း တဖြည်းဖြည်း နွေးထွေးလာခဲ့လေသည်။

“ဒီအရပ်မျက်နှာက ကမ္ဘာခြားနတ်ဆိုးနယ်မြေမှာ အားအကောင်းဆုံး မိစ္ဆာသားရဲတွေ ရှိတဲ့ နေရာလေ... မင်း ဘာသွားလုပ်မလို့လဲ...” ဝူယွမ်က လင်ချင်းကျူကို ကြင်နာစွာ ကြည့်ရင်း မေးလိုက်လေသည်။

“ရှေးဟောင်းစာအုပ်တွေကနေ ကျွန်မ ရထားတဲ့ အချက်အလက်တွေအရ ဒီကမ္ဘာခြားနတ်ဆိုးနယ်မြေရဲ့ နက်ရှိုင်းတဲ့ နေရာမှာ တိုင်ချင်းမသေမျိုးရေကန် တစ်ခု ရှိတယ်... အဲ့ဒါက ရှေးခေတ်ကာလက အားကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ချန်ထားခဲ့တဲ့ အရာတစ်ခုပဲ...”

လင်ချင်းကျူက ဝူယွမ်ကို မကျေမနပ်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး ညင်သာသော အသံလေးဖြင့် ပြောလိုက်လေသည်။

“ကျွန်မက ကိုးကောင်းကင် တိုင်ချင်းနန်းတော်ရဲ့ ကိုးကောင်းကင် မသေမျိုး သိုင်းပညာရပ်ကို ကျင့်ကြံခဲ့တာ... ဒီသိုင်းပညာရပ်က အရမ်းကို ကြမ်းတမ်းတယ်...”

“အရင်တုန်းက ကျွန်မ အဲ့ဒါကို ကျင့်ကြံနေတုန်း ရှင်နဲ့ အဲဒီ မတော်တဆမှုဖြစ်ခဲ့တော့ ကျွန်မရဲ့ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်သွားခဲ့တယ်..."

“ဒါကြောင့် ကျွန်မရဲ့ ဒဏ်ရာတွေကို ကုသဖို့နဲ့ ကိုးကောင်းကင်မသေမျိုးသိုင်းပညာရပ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကုသဖို့ တိုင်ချင်းမသေမျိုးရေကန် ကို ကျွန်မ လိုအပ်တယ်...”

“ငါ့ကြောင့်ပေါ့...” ဝူယွမ်က လင်ချင်းကျူ၏ ဆိုလိုရင်းကို နားလည်သွားပြီး နေရခက်စွာဖြင့် ရယ်မောလိုက်လေသည်။ ထိုအချိန်က သူ၏ ဝင်ရောက် စွက်ဖက်မှုက လင်ချင်းကျူ၏ ကျင့်ကြံခြင်း နည်းလမ်းကို ထိခိုက်သွားစေခဲ့ပုံ ရလေသည်။

‘ဒါပေမယ့် သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဘယ်လိုလုပ် ထိခိုက်သွားစေတာလဲ...’

‘သူ ငါ့ကို သွယ်ဝိုက်ပြီး ချီးကျူးနေတာလား...’

“အဲ့ဒီအချိန်တုန်းက ကျွန်မရဲ့ ကျင့်ကြံခြင်း နည်းလမ်းကို ရပ်တန့်လို့ မရခဲ့ဘူးလေ...” လင်ချင်းကျူက မတတ်သာဘဲ ပြောပြလိုက်ရလေသည်။

ထိုအချိန်က အခြေအနေမှာ ဝူယွမ်၏ အပြစ် မဟုတ်ပေ။ ၎င်းမှာ ကံကြမ္မာဟုသာ ဆိုရပေမည်။

“အခု မင်းအဆင်ပြေရဲ့လား... ဘာအကျိုးသက်ရောက်မှုတွေ ရှိနေသေးလဲ... မင်းကို ငါ ဘယ်လိုကူညီပေးရမလဲ...” ဝူယွမ်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

“ကျွန်မ အခု အဆင်ပြေပါတယ်... အဆိုးထဲက အကောင်းလို့တောင် ပြောလို့ရတယ်... "

“ကျွန်မရဲ့ ခန္ဓာကိုယ်က ထိခိုက်ပျက်စီးမှု အချို့ ခံစားခဲ့ရပေမယ့် နောက်ပိုင်းမှာ ကျွန်မရဲ့ အတွေးတွေက ရှင်းလင်းသွားပြီး မဟာအာရုံခံစားမှုပညာရပ်ကို ကျင့်ကြံရာမှာ အံ့ဩစရာကောင်းတဲ့ အကျိုးသက်ရောက်မှုတောင် ရှိခဲ့သေးတယ်...”

လင်ချင်းကျူက ခေါင်းလှည့်ရင်း ပြောလိုက်လေသည်။

“အို... ဒါဆိုရင် မင်းများ...”

ဝူယွမ် စကားမဆုံးမီ လင်ချင်းကျူက သူမ၏ လက်ကို ပြန်ဆွဲယူလိုက်ပြီး ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။

“ကျွန်မကို အရင် မိအောင်ဖမ်းကြည့်လေ... ပြီးမှ စကားဆက်ပြောကြတာပေါ့...”

... ကမ္ဘာခြားနတ်ဆိုး နယ်မြေ၏ နက်ရှိုင်းသော နေရာတွင် အမှောင်ထုက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားခဲ့လေသည်။

တစ်ခါတစ်ရံတွင် မှေးမှိန်သော အလင်းတန်းလေးများ ထိုးဖောက်ဝင်ရောက်လာတတ်သော်လည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။

အဝေးရှိ နေရာများတွင် ကြမ်းတမ်းသော ဟိန်းဟောက်သံများ တစ်ခါတစ်ရံ ပဲ့တင်ထပ် ထွက်ပေါ်လာတတ်ပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် အဆုံးအစမရှိ ပဲ့တင်ထပ်နေလေသည်။

ရွှစ်၊ ရွှစ်...

အလင်းတန်း နှစ်ခုက တစ်ခုပြီးတစ်ခု အနိမ့်ပိုင်းမှနေ၍ လျင်မြန်စွာ ပျံသန်းနေကြလေသည်။

ကြီးကျယ်ခမ်းနားသော ယွမ်စွမ်းအင်များက သူတို့၏ ခန္ဓာကိုယ်များတွင် ပြန့်နှံ့နေပြီး ပတ်ဝန်းကျင်ရှိ ဒေသခံသတ္တဝါများကို အနီးသို့ မချဉ်းကပ်နိုင်အောင် တားဆီးပေးထားခဲ့၏။

အလင်းတန်းများ ဖြတ်သန်းသွားစဉ် လင်ချင်းကျူက အဝေးသို့ လှမ်းကြည့်လိုက်ပြီးနောက် ဝူယွမ်ထံသို့ လှည့်ကာ ပြောဆိုလိုက်လေသည်။

“ကောင်းပြီ... ပြောင်မနေနဲ့တော့၊ ကျွန်မတို့ ကမ္ဘာခြားနတ်ဆိုးနယ်မြေရဲ့ နက်ရှိုင်းတဲ့ နေရာကို ရောက်နေပြီ... ဒီနေရာက မိစ္ဆာသားရဲတွေက အရမ်း အားကောင်းတယ်...”

“ပြီးတော့ မိစ္ဆာသားရဲတွေက အန္တရာများပေမယ့် ကျွန်မတို့က တခြားသူတွေကိုလည်း သတိထားဖို့ လိုသေးတယ်...”

“ဒီကမ္ဘာခြားနတ်ဆိုးနယ်မြေရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ရတနာရှာဖွေသူ အများအပြား ရှိတယ်... ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဝင်လာနိုင်တဲ့ သူတွေက သေချာပေါက် သာမန်လူတွေ မဟုတ်ဘူး... ကျွန်မတို့ ပေါ့ဆလို့မရဘူး...”

ဝူယွမ်က ခေါင်းညိတ်ပြလိုက်ပြီး လင်ချင်းကျူ၏ လက်ထဲမှ သူ၏ လက်ကို ပြန်ရုပ်လိုက်လေတော့သည်။

All Chapters