အခန်း (၁၀၅၁)
Vol. 73 Ch. 1051
အခန်း ၁၀၅၁
ပျံသန်းရေးလှေသည် အလင်းတန်းတစ်တန်းကဲ့သို့ အရှိန်ဖြင့် မောင်းနှင်နေပြီး မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးနှင်ပြီး ဖြစ်သည်။
အောက်ဘက်မှ တောင်များနှင့်မြစ်များသည် မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်တွင် လှိုင်းဂယက်များ ပဲ့တင်ထပ်နေသည်။
ခရီးသွားလာမှု များပြားသော ရှုံးသားအဖသည် ပျံသန်းရေးလှေကို စီးရသည်အား ကျင့်သားရနေလေပြီ။
သူတို့သည် နောက်ဆုံးတန်းရှိ လူအုပ်ကြားတွင် ခေါင်းငုံ့၍ ငြိမ်သက်စွာ ထိုင်နေကြသည်။ သူတို့၏စိတ်များသည် တင်းမာနေပြီး လနတ်ဘုရားခန်းမဆောင်၏ပင်မခန်းမတွင် ရှိနေစဉ်ကထက်ပင် ပို၍စိုးရိမ်ပူပန်နေကြသည်။
ထိုစကားများကို ပြောဆိုရသည်မှာ လွယ်ကူသော်လည်း ဤအဖွဲ့၏နောက်သို့ လိုက်၍ ရေနောက်အောင်မွှေပြီး ငါးဖမ်းခြင်းသည် အလွန်အန္တရာယ်များနေဆဲပင်။
သေးငယ်သော အမှားတစ်ခုကပင်လျှင် ထိုထိပ်သီးကျင့်ကြံသူနှစ်ယောက်ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
ထိုသို့ဖြစ်လာပါက အကျိုးဆက်များကို စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
သို့သော် အခြေအနေအရ လုပ်ဆောင်ရမည်ဖြစ်ကာ တန်ဖိုးရှိသော ပစ္စည်းများ၏ ကြီးမားသော ဆွဲဆောင်မှုလည်း ရှိနေသည်။ ရှုံးဖန်းသည် သူ၏ကြီးမားသောသတ္တိကြောင့် ဖိအားများကြားမှနေ၍ သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
မည်သည့် ပုံမှန်မဟုတ်မှုမျိုးမျှ မရှိဘဲ နေ့ဝက်ကြာ တောင့်တင်းစွာ ထိုင်ပြီးနောက် သူတို့၏ ရောနှောဝင်ရောက်မည့် အစီအစဉ် အောင်မြင်သွားသည်။
ရှုံးဖန်းက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ၏သားကို စိတ်ချစေသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
"မလန့်နဲ့... အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်နေတယ်"
တစ်ချိန်တည်းမှာပင် သူ ရဲရင့်စွာ ခေါင်းမော့လိုက်ပြီး ရှေ့တန်းမှ ယွင်ရှင်းဒေသခံများကို စတင်၍ လေ့လာကြည့်ရှုလိုက်သည်။
သို့ရာတွင် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ပြီး ဂရုတစိုက် ကြည့်လိုက်ချိန်၌ ရှုံးဖန်း၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
သူတော်စင်တစ်ပါး...
ပျင်းရိပြီး ဖိုသီဖတ်သီ ဖြစ်နေပုံရသော သူ၏ရှေ့မှ အဘိုးအိုသည် အမှန်အားဖြင့် သူတော်စင်တစ်ပါး ဖြစ်နေသည်။
အဆင့်နိမ့် ဖြစ်နေလျှင်ပင် သူတော်စင်နယ်ပယ်သည် သာမန် မဟုတ်ပေ။ လူသူကင်းမဲ့သော ယွင်ရှင်းတွင် သူတော်စင်များ ပို၍ပင် ရှားပါးသည်။ သူ ခေါင်းမော့လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူတော်စင်တစ်ယောက်ကို တွေ့လိုက်ရသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
ရှုံးဖန်း သံသယဖြင့် ကြည့်နေစဉ်မှာပင် သူ့သားမှ အံ့အားတသင့်ဖြင့် စိတ်ချင်းဆက်သွယ်၍ ပေးပို့သော သတင်းစကား ထွက်ပေါ်လာသည်။
"အဖေ... ကျွန်တော့်ရဲ့ဘေးနားကလူက သူတော်စင်အဆင့် ကျင့်ကြံသူ ဖြစ်ပုံရတယ်"
အမ်...
နောက်ထပ် သူတော်စင်တစ်ပါးလား...
ရှုံးဖန်း ဇဝေဇဝါဖြင့် စောင်းငဲ့၍ကြည့်လိုက်ပြီး သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်၏။
သူ ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
သူ၏လက်ယာဘက်တွင် သာမန်ဟု ထင်ရသော လူငယ်တစ်ဦး ထိုင်နေသည်။ ထိုလူငယ်ထံမှ မဟာတာအို စွမ်းအားအနည်းငယ် မသိမသာ ထွက်ပေါ်နေသည်။ နတ်ဘုရားစိတ်အာရုံဖြင့် ဂရုတစိုက် မစစ်ဆေးလျှင် ဤကိစ္စကို သိရှိနိုင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
ထိုလူငယ်၏ကျင့်ကြံခြင်းသည် သူ့လောက် မမြင့်မားသော်လည်း စစ်မှန်သော သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးပင်။
တကယ့်ကို နောက်တစ်ယောက် ရှိနေတာပဲ...
ရှုံးဖန်း၏မျက်လုံးများတွင် သံသယအရိပ်အယောင်များ ထင်ဟပ်လာသည်။
ထို့နောက် သူ့သား၏အံ့အားသင့်နေမှုကို လျစ်လျူရှုကာ သူ၏နတ်ဘုရားစိတ်အာရုံကို အလျင်အမြန် ဖြန့်ကျက်လိုက်၏။
ရလဒ်အနေဖြင့် သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်တွင် မဟာတာအို စွမ်းအားများ အဆက်မပြတ် ရောယှက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ သူတို့ ထိုင်နေသော ပျံသန်းရေးလှေ၏ထောင့်တစ်နေရာကို သူတော်စင်များက ဝိုင်းရံထားသည့်အလားပင်။
အလွန်ထူးခြားသော ဖိအားတစ်ရပ်က သူတို့၏နံဘေးပတ်ဝန်းကျင်တွင် စတင်၍ ပျံ့နှံ့လာသည်။
တစ်ယောက်...
နှစ်ယောက်...
လူပေါင်းများစွာ... သူတို့အားလုံးသည် သူတော်စင်အဆင့် ကျင့်ကြံသူများပင်။
ရှုံးဖန်းသည် ပျံသန်းရေးလှေပေါ်တွင် ရောက်နေသော်လည်း လနတ်ဘုရားခန်းမဆောင်၏ ဗဟိုချက်တွင် ရောက်နေသကဲ့သို့ ခံစားမိသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူများအားလုံးသည် သူတော်စင်များ ဖြစ်နေကြ၏။ ဤမြင်ကွင်းသည် အမှန်တကယ့်ကို ယုံကြည်နိုင်စရာ မရှိချေ။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
ရှုံးဖန်း၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားပြီး သူ၏မျက်ခုံးများ တွန့်ကွေးသွားသည်။
သူ၏စိတ်နှလုံးသည် အနည်းငယ်မျှ တည်ငြိမ်ခြင်းမရှိတော့ချေ။ အစပိုင်းတွင် ထိုထိပ်သီးကျင့်ကြံသူ နှစ်ဦးမှလွဲ၍ ကျန်လူများမှာ ကျင့်ကြံဆင့်နိမ့်ပါးသူများသာ ဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် သူ ဂရုတစိုက် ကြည့်မိမှသာ ဤအဖွဲ့သည် သူတော်စင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
သူ၏သား ရှုံးချုံးသည် ပို၍စိုးရိမ်ပူပန်နေပုံရပြီး အသံပေးပို့မှုသည် ရူးသွပ်လုနီးပါး ဖြစ်နေပေ၏။
"အဖေ... ဒီနေရာမှာ တစ်ခုခုတော့ မှားနေပြီ...ယွင်ရှင်းက လူသူကင်းမဲ့ပြီး ပိတ်လှောင်ခံထားရတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီးတော့ နေရာတစ်နေရာတည်းမှာ သူတော်စင်တွေ အများကြီး ရှိနေတာလဲ... ပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့ ဒီနေရာကို ရောက်ရောက်ချင်း ထိပ်သီးကျင့်ကြံသူ နှစ်ယောက်နဲ့ တွေ့ခဲ့တယ်... ဒီကိစ္စက တကယ့်ကို ထူးဆန်းနေတယ်"
"အဖေ... အဖေ့ရဲ့ ထောက်လှမ်းရေး သတင်းတွေမှာ တစ်ခုခု မှားယွင်းနေတာများလား"
သူ၏သား စိတ်မထိန်းနိုင် ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ ရှုံးဖန်းက ခက်ထန်တင်းမာစွာ စူးစိုက်၍ကြည့်လိုက်သည်။
"မလန့်နဲ့"
စကားတစ်ခွန်းတည်းဖြင့် သူ၏သားကို ငြိမ်သက်သွားစေပြီးနောက် သူ နက်နက်နဲနဲ စဥ်းစားတွေးတောလိုက်၏။
အလွန်များပြားသော သူတော်စင်များကို ကြည့်ရင်း ရှုံးဖန်းသည် ဖိအားတစ်ခုကို ခံစားလိုက်ရသော်လည်း စိတ်မထိန်းနိုင်လောက်အောင် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် လနတ်ဘုရားခန်းမဆောင်၏ အကြီးအကဲတစ်ဦးပင်။
ဤလူများသည် သူတော်စင်များ ဖြစ်သော်လည်း သူ၏အမြင်အရမူ ထိပ်သီးကျင့်ကြံသူများဖြစ်ရန် အလှမ်းကွာဟနေသည်။ အများဆုံးအနေဖြင့် သူတို့သည် လနတ်ဘုရားခန်းမဆောင်၏ ထူးချွန်သောတပည့်များ အလားအလာရှိသော ဂျူနီယာများ အဆင့်တွင်သာ ရှိပေမည်။
ထို့ပြင် လေလွင့်ကျင့်ကြံသူများကဲ့သို့ အမျိုးမျိုးသော သူတို့၏ဝတ်စားဆင်ယင်မှုများကို ကြည့်ခြင်းအားဖြင့် လနတ်ဘုရားခန်းမဆောင်၏ အတွင်းစည်းတပည့်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
ရှုံးဖန်း၏မျက်လုံးများတွင် စူးရှတောက်ပသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပြီး သူ၏အတွေးများကို သူ့သားထံသို့ တည်ငြိမ်စွာ ပေးပို့လိုက်သည်။
"ငါ မမှားဘူးဆိုရင် ဒီလူတွေက အစက ဂိုဏ်းတစ်ဂိုဏ်းတည်းက မဟုတ်ကြဘူး"
"အထူးကျင့်ကြံခြင်းနည်းစနစ်တွေ ဒါမှမဟုတ် ရတနာတွေနဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းတွေ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပြီးတော့ ဂရုတစိုက် မစစ်ဆေးရင် အကဲဖြတ် မှားနိုင်တယ်... ဒါပေမဲ့ သူတို့က တကယ်တော့ သူတော်စင်အဆင့် ကျင့်ကြံသူတွေပဲ"
စိတ်ချင်းဆက်သွယ်၍ စကားပြောဆိုနေစဉ်တွင် ရှုံးဖန်းက သူ၏မျက်လုံးများဖြင့် သူ့သားကို အချက်ပြလိုက်သည်။
ကွဲပြားခြားနားသော အဝတ်အစားများကို သတိပြုသဖြင့် ရှုံးချုံးသည် နောက်ဆုံးတွင် ယုံကြည်သွားပြီး သူ၏စိတ်ကို အနည်းငယ် တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
"အဖေ ပြောတာ မှန်တယ်... ဒါဆို အဖေ့ရဲ့ အမြင်အရ ဒီလူတွေက ဘယ်သူတွေလဲ"
သတင်းအချက်အလက်များ ရှုံးဖန်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားပြီးနောက် ချက်ချင်းဆိုသလိုပင် ကောက်ချက်ချလိုက်၏။
"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီလူအုပ်စုက ယွင်ရှင်းရဲ့ ထိပ်တန်းတိုက်ခိုက်ရေးအင်အားကို ကိုယ်စားပြုတယ်... သူတို့က ဟိုကောင်မလေး မိန်းကလေးချင်းယင်ကြောင့် သတိဝင်သွားပြီးတော့ နတ်ဆိုးမျိုးနွယ်အကြောင်း အမှန်တရားကို သိသွားပြီး ရန်သူကို ခုခံဖို့ စုဝေးခဲ့ကြတာပဲ ဖြစ်မယ်"
"ဟိုအဘိုးကြီးကို ကြည့်လိုက်... သူ့ရဲ့ ကျင့်ကြံခြင်းသက်တမ်းက ငါ့ထက်တောင် ပိုကြာနိုင်တယ်... အဲ့ဒီလို မွန်းစတားအိုကြီးက ပါရမီ ကန့်သတ်ချက် ရှိနေရင်တောင် ကြီးမားတဲ့ ဘေးဒုက္ခနဲ့ မကြုံတွေ့ရသရွေ့ သူကိုယ်တိုင် လှုပ်ရှားမှာ မဟုတ်ဘူး"
ရှုံးချုံးက သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ အဘိုးအိုတစ်ယောက်၏ အိုမင်းသော ဘေးတိုက်ပုံစံကို တစေ့တစောင်း မြင်တွေ့လိုက်ရသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးများတွင် သဘောတူညီမှု အရိပ်အယောင်များ ထင်ဟပ်လာပြီး သူ၏အတွေးများကို ပေးပို့လိုက်သည်။
"အဖေ ပြောတာ အမှန်ပဲ...ကျွန်တော်တို့ ရောက်ရောက်ချင်း ထိပ်သီးကျင့်ကြံသူ နှစ်ယောက်နဲ့ တွေ့ခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး... ပြီးတော့ သူတော်စင်တွေ အများကြီး စုဝေးနေတာ... နတ်ဆိုးမျိုးနွယ်ကို ခုခံဖို့ဆိုရင် ယွင်ရှင်းက တိုက်ခိုက်ရေးအင်အား အကုန်လုံးကို ထုတ်သုံးတာက အံ့သြစရာ မဟုတ်ဘူး"
အဘိုးအို၏အားနည်းသော ပုံပန်းသဏ္ဍာန်ကို ကြည့်ရင်း ရှုံးချုံးထံ၌ ယုံကြည်မှု အနည်းငယ် ပိုရှိလာသည်။
"မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်သွားတယ်လို့ ကျွန်တော် ထင်ခဲ့တာ... ဒါပေမဲ့ ဒါက ယွင်ရှင်းရဲ့ အသန်မာဆုံး တိုက်ခိုက်ရေးအင်အားစုဆိုတာ မသိလိုက်ဘူး... ကြောက်စရာကောင်းတဲ့ ထိပ်သီးကျင့်ကြံသူကြီး နှစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေက ကြောက်စရာ မလိုပါဘူး"
"တစ်ချိန်က ကြယ်တာရာစစ်ပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ ယွင်ရှင်းနယ်မြေက တကယ့်ကို နိမ့်ပါးသွားခဲ့ပြီ"
"ကျွန်တော်တို့က ယွင်ရှင်းနယ်မြေကို ရောက်ရောက်ချင်း ယွင်ရှင်းရဲ့ထိပ်သီးအဆင့်တွေ စုဝေးနေတာနဲ့ ကြုံရတာ ကံဆိုးတာပဲ... ဘယ်လောက်တောင် ကံဆိုးလိုက်လဲ"
သူ့သား၏ ညည်းညူသံကို နားထောင်ရင်း ရှုံးဖန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဟီးဟီး... မင်း မြင်တဲ့အတိုင်းပဲ... အဲ့ဒီလူနှစ်ယောက်ကလွဲရင် ကျန်တဲ့ ယွင်ရှင်းဒေသခံတွေက အများဆုံး ဒီအဆင့်မှာပဲ ရှိတယ်... ငါတို့က ကံနည်းနည်းဆိုးပေမယ့် ဒါက အခွင့်အလမ်း တစ်ခုပဲ"
"ငါတို့ ရောနှောနေသရွေ့ ယွင်ရှင်းရဲ့ ထိပ်သီးတိုက်ခိုက်ရေးအင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံနိုင်တယ်... အဲဒီအချိန်ကျရင် သတင်းအချက်အလက် စုဆောင်းရတာက ငါတို့ရဲ့လက်ဝါးကို လှန်လိုက်သလောက် လွယ်ကူသွားလိမ့်မယ်... ပြီးတော့ ကောင်းမွန်တဲ့ မှော်ရတနာတချို့ကိုတောင် ရနိုင်သေးတယ်... ဒါက ပြီးပြည့်စုံနေတယ် မဟုတ်လား"
ရှုံးချုံးသည်ထိုစကားကိုကြားချိန်၌ သူ၏မျက်နှာအမူအယာ တည်ငြိမ်သွားပြီး အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။
"အဖေက တကယ့်ကို ထူးချွန်တဲ့ မဟာဗျူဟာရှင်တစ်ယောက်ပဲ... ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ သားအဖ နှစ်ယောက်က ကံဆိုးမှုကနေ ကံကောင်းမှုအဖြစ် သေချာပေါက် ပြောင်းလဲပစ်မယ်"
သားအဖနှစ်ယောက်သား ခပ်အုပ်အုပ်ရယ်မောလိုက်ကြပြီး ရှေ့မှ ကြယ်တာရာကောင်းကင်ယံကို ငေးမော၍ ကြည့်လိုက်ကြသည်။
"ဝှစ်..."
ပျံသန်းရေးလှေသည် လျှင်မြန်သောအရှိန်ဖြင့် ဆက်လက်၍ မောင်းနှင်နေပြီး လေဟာနယိကို တဖန်ပြန်၍ဆုတ်ဖြဲကာ ပျောက်ကွယ်သွားသည်။
နာရီအနည်းငယ် ကြာမြင့်ပြီးနောက်...
ကြည်လင်သော မိုးကောင်းကင်ယံတွင် လှိုင်းဂယက်များ ပျံ့နှံ့လာပြီး ပျံသန်းရေးလှေသည် ကျွန်းငယ်လေးတစ်ခုဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
"တိုက်ပွဲ အခြေအနေကို သက်ဆိုင်ရာ ဌာနအသီးသီးဆီ သတင်းပို့ကြ... နေရာမှာတင် လူစုခွဲကြတော့"
အမိန့်သံတစ်သံ ထွက်ပေါ်လာပြီးပေါ် လူအုပ်ကြီးသည် စတင်၍လူစုခွဲကာ ထွက်ခွာသွားကြတော့သည်။
ရှုံးသားအဖသည် ပျံသန်းရေးလှေ၏ရှေ့တွင် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေကြပြီး မျက်လုံးအပြူးသားဖြင့် ရှေ့သို့စိုက်ကြည့်နေကြသည်။
သူတို့သည် ဘဝတလျှောက်လုံး တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးသော မိုးထိအောင် မြင့်မားသည့် အဆောက်အဦးများ သူတို့၏ရှေ့တွင် ရှိနေသည်။
ပန်းချီကားတစ်ချပ်ကဲ့သို့ ချောမွေ့ပြီး ဖြောင့်တန်းသော လမ်းမကြီးသည် အဆောက်အဦး အစုအဝေးများကြား၌ အဝေးထိ ဆန့်တန်းနေသည်။ လမ်းမကြီး၏နံဘေးတစ်ဖက်တစ်ချက်စီတွင် အထပ်တစ်ရာမြင့်မားသော အဆောက်အဦးများသည် သစ်ပင်ကြီးများကဲ့သို့ မြင့်မားနေပြီး မျက်စိတစ်ဆုံး ရှိနေပေ၏။
လမ်းဘေးတစ်လျှောက်တွင် ဓာတ်တိုင်များနှင့် မီးပွိုင့်များစွာလည်း ရှိနေသည်။
အဝေးမှပင်လျှင် မြို့ပြ၏ စည်ကားသော အသံများကို ကြားနေရသည်။
ရှုံးသားအဖသည် ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးချေ။
ဗိသုကာလက်ရာပုံစံနှင့် မိုးထိအောင် မြင့်မားသော အဆောက်အဦးများသည် သူတို့ကို သိလိုစိတ်များဖြင့် ပြည့်နှက်သွားစေသည်။ သူတို့သည် မြို့သို့တက်လာသော တောသားများအလား စိတ်ရှုပ်ထွေးမှုများ အံ့အားသင့်မှုများဖြင့် ငေးမော၍ကြည့်နေကြသည်။
"ရှီး... ဒီအရိပ်ကျွန်းက တကယ့်ကို ထူးခြားတာပဲ"
"အဖေ... ဟိုခန်းမကြီးက ကျန်းတစ်ရာလောက် မြင့်တယ်... ယွင်ရှင်းရဲ့ ဗိသုကာလက်ရာက အရမ်းထူးဆန်းတယ်"
"ဒီလမ်းက အက်ကွဲကြောင်း နည်းနည်းမှ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ချောမွေ့နေတာလဲ... ဒါကို ဖန်တီးဖို့ ကျောက်တုံးကြီးတွေ ဘယ်လောက်ထိ ကြီးမားဖို့ လိုမလဲ"
"အဖေ... လမ်းဘေးမှာစိုက်ထားတဲ့ ဒီသံတိုင်တန်းတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ... ဒါတွေက မှော်ရတနာ ဒါမှမဟုတ် ရတနာ တစ်မျိုးမျိုးလား"
ရှုံးချုံးသည် မသိနားမလည်သော ကလေးတစ်ယောက်အလား သူ သိလိုစိတ်ပြင်းပြသော မေးခွန်းများကို စိတ်ချင်းဆက်သွယ်၍ မေးမြန်းနေသည်။
"အဖေ..."
သို့သော် သူ၏အဖေသည်လည်း ဇဝေဇဝါ ဖြစ်နေပြီး ပုံမှန်ကဲ့သို့ ယုံကြည်မှုရှိကာ အရာရာကို သိကျွမ်းသူတစ်ယောက်၏ပုံစံမျိုး မရှိတော့ချေ။
သူသည် ရှက်ရွံ့ပြီး မျက်နှာနီမြန်းလာသည်အထိ မေးခွန်းထုတ်ခံနေရသဖြင့် ဒေါသတကြီး တုံ့ပြန်ပြောဆိုပြီး စကားစဖြတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
"တိတ်တိတ်နေစမ်း"
ရှုံးဖန်းသည် စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် သူတို့ခရီးစဉ်၏ ရည်ရွယ်ချက်အကြောင်း ကြီးကျယ်သော စကားလုံးများ ပြောဆိုကာ တရားချတော့မည့်ဟန် ပြင်လိုက်သည်။
သူ စကားမပြောနိုင်မီမှာပင် အဝေးမှနေ၍ တုန်ခါသံတစ်သံကို ကြားလိုက်ရသည်။
"ဝူး..."
အသံလာရာ လမ်းကြောင်းကို ကြည့်လိုက်ရာ လူတစ်ယောက်သည် ဆိုင်ကယ်တစ်စီးဖြင့် သူတို့ဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်လာသည်။
အမြန်နှုန်းသည် သိပ်မမြန်လှသော်လည်း ထိုလူ စီးနင်းထားသော ကိုယ်နေဟန်ထားမှာ အလွန် သက်တောင့်သက်သာရှိပြီး ကြည့်ကောင်းနေသည်။ သားအဖနှစ်ယောက်သား ထိုအရာကို အံ့အားတသင့် စူးစိုက်၍ ကြည့်နေကြသည်။ ထို့နောက် ထူးဆန်းသော စီးတော်ယာဉ်ကို ကြည့်လိုက်ရာ အနည်းငယ်မျှ လှုပ်ခါခြင်းမရှိဘဲ တည်ငြိမ်စွာ ရွေ့လျားနိုင်သည်ကို တွေ့လိုက်ရသဖြင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။
"တီ တီ..."
ရုတ်တရက် ဟွန်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် သားအဖနှစ်ယောက် လန့်ဖျပ်ပြီး မသိစိတ်ဖြင့် နောက်သို့ဆုတ်လိုက်မိသည်။
"ဝေါ...."
ဆိုင်ကယ်သည် ပျံသန်းရေးလှေအောက်မှ ဖြတ်သန်းသွားပြီး ကောင်းကင်ယံထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားမှသာ...
လူငယ်လေးရှုံးချုံးသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ လေးစားအားကျစွာဖြင့် ရေရွတ်လိုက်သည်။
"ဘယ်လောက်တောင် ခမ်းနားထည်ဝါတဲ့ ဟိန်းသံလဲ... ဒီစီးတော်ယာဉ်က တကယ့်ကို အထင်ကြီးစရာပဲ"
"ဒါက ဘယ်လို သားရဲမျိုးလဲဆိုတာ ကျွန်တော် စဉ်းစားလို့ မရဘူး... သူ့ရဲ့ သွေးမျိုးဆက် အရှိန်အဝါကိုတောင် ကျွန်တော် အာရုံမခံနိုင်ဘူး... တကယ်လို့ ကျွန်တော်က ဒါကို စီးပြီး လနတ်ဘုရားခန်းမဆောင်ဆီ ပြန်သွားရင် လူတွေအားလုံးက သေချာပေါက် အားကျကြမှာပဲ"
လူငယ်တစ်ယောက်၏ သိလိုစိတ်သည် သဘာဝကျပြီး ကြွားဝါလိုစိတ်သည် နားလည်ပေးနိုင်သောအရာပင်။
ရှုံးဖန်းပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး စကားလုံး အနည်းငယ်ဖြင့် သာမာန်ကာလျှံကာ ဆူပူကြိမ်းမောင်းလိုက်သည်။
"အဟွတ်...ကြီးကျယ်တဲ့ အရာတွေကို ပြီးမြောက်အောင် လုပ်တဲ့သူက အသေးအဖွဲ ကိစ္စတွေမှာ ရည်မှန်းချက် ပျောက်ဆုံးလို့ မဖြစ်ဘူး"
ရှုံးချုံးသည် မလိုလားစွာဖြင့် အကြည့်လွှဲလိုက်ပြီး သူ၏မျက်နှာအမူအယာ နောက်ဆုံးတွင် တည်ကြည်လေးနက်သွားသည်။
ထို့နောက် သူ၏မျက်လုံးများတွင် သံသယအရိပ်အယောင်များ ထင်ဟပ်လာပြီး သူ၏အတွေးများကို တိတ်တဆိတ် ပေးပို့လိုက်သည်။
"ဒီနေရာက အရမ်းထူးဆန်းတယ်...ငါ ထင်တာ မမှားဘူးဆိုရင် ဒီနေရာက ယွင်ရှင်းရဲ့ ဗဟိုချက်ပဲ... ချင်းယင်က ကြယ်တာရာတံခါးပေါက်ကို ဖျက်ဆီးလိုက်တာက ယွင်ရှင်းတစ်ခုလုံးကို သတိပေးလိုက်သလို ဖြစ်သွားလိမ်းမယ်... ပြီးတော့ မရေမတွက်နိုင်တဲ့ ပုန်းအောင်းနေတဲ့ ကျင့်ကြံသူတွေ ထွက်ပေါ်လာကြတယ်... ခုဏက ပျံသန်းရေးလှေပေါ်မှာရှိတဲ့ လူတွေက အဲ့ဒီကျင့်ကြံသူတွေထဲက တချို့ပဲ ဖြစ်ရမယ်"
"နတ်ဆိုးမျိုးနွယ်တွေ ရှင်းလင်းသွားပြီးတော့ ရှေးဟောင်းစင်္ကြန်လမ်း ပြန်ပွင့်လာတာနဲ့အမျှ ယွင်ရှင်းက ကြယ်နယ်မြေအသီးသီးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မယ်... အဲ့ဒီကျင့်ကြံသူတွေ ဒီနေရာမှာ စုဝေးနေကြတာက သူတို့ရဲ့ အနာဂတ်လမ်းကြောင်းကို တိုင်ပင်ဆွေးနွေးဖို့ပဲဖြစ်မယ်"
ထိုစကားပြောနေစဉ် ရှုံးဖန်း၏လေသံ ပို၍ခိုင်မာပြတ်သားလာပြီး သူ၏မျက်လုံးများတွင် စူးရှသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"အမှန်တရားက အဲ့ဒီအတိုင်းပဲ ဖြစ်ရမယ်...အခု ပြန်စဉ်းစားကြည့်ရင် ငါတို့ သားအဖ ယွင်ရှင်းကို စရောက်တုန်းက ထိပ်သီးကျင့်ကြံသူကြီးနှစ်ယောက်နဲ့ ဆက်တိုက်ဆုံတွေ့ခဲ့ရတယ်... ငါတို့ ပထမဆုံး ဆင်းသက်ခဲ့တဲ့ နေရာက သူတို့ ချိန်းဆိုထားတဲ့ နေရာနားမှာပဲ ဖြစ်လိမ့်မယ်... မဟုတ်ရင် ငါတို့ အဲ့ဒီလောက်ထိ ကံဆိုးမှာ မဟုတ်ဘူး"
"နောက်ပိုင်းမှာ ငါတို့ ချောချောမွေ့မွေ့ ရောနှောနိုင်ခဲ့တာက ပုန်းအောင်းနေတဲ့ ကျင့်ကြံသူတွေ စုဝေးနေကြလို့ပဲ... ပြီးတော့ သူတို့အချင်းချင်း သိချင်မှ သိကြလိမ့်မယ်... အဲ့ဒါကြောင့် ငါတို့ ဒီလောက်ထိ ချောချောမွေ့မွေ့ ဆက်သွားနိုင်ခဲ့တာပေါ့"
ဤအချက်သို့ ရောက်ရှိချိန်၌ ရှုံးဖန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
ကံဆိုးမှုအားလုံးတွင် ကျိုးကြောင်းဆီလျော်ဆုံး ရှင်းပြချက် ရှိပုံရသည်။ သတင်းအချက်အလက်အားလုံး ချိတ်ဆက်မိသွားပြီး ယွင်ရှင်း၏အတွင်းရေးကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
သူ၏နံဘေးရှိ ရှုံးချုံးထံတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး မျက်လုံးများတွင် လေးစားအားကျသော ကြယ်ရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။
စိတ်ချင်းဆက်သွယ်၍ ပြောဆိုရခြင်း မဟုတ်လျှင် သူ နေရာတွင်ပင် ဦးညွှတ်လိုက်မိပေမည်။
"အဖေ... အဖေမှာ တကယ့်ကို ထူးခြားတဲ့ ထိုးထွင်းသိမြင်မှု ရှိတာပဲ... အဖေက တစ်ချက်ကြည့်လိုက်ရုံနဲ့ အရာရာကို မြင်နိုင်တယ်... ယွင်ရှင်းရဲ့ လှုပ်ရှားမှုတွေကိုတောင် ပြီးပြည့်စုံလုနီးပါး မှန်ကန်အောင် ခန့်မှန်းနိုင်တယ်... ဒီလို ဉာဏ်ပညာရှိတဲ့လူမျိုးကို ကျွန်တော်ရဲ့ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူး"
"အဖေ... ကျွန်တော့်ကို အမြဲတမ်း စိတ်အလိုမကျဖြစ်နေတာ အံ့အားသင့်စရာ မဟုတ်ပါဘူး... အဖေနဲ့ယှဉ်ရင် ကျွန်တော်က အဖေ့ အရည်အချင်းရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး..."
"ကျွန်တော် တကယ့်ကို ရှက်မိပါတယ်"
သူ့သား၏ ရိုသေလေးစားသော မျက်နှာအမူအယာကို ကြည့်ရင်း ရှုံးဖန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဟီးဟီး... ဘာပြောရမလဲ... ဂျင်းအိုလေ ပိုစပ်လေပေါ့ကွာ..."
"လနတ်ဘုရားခန်းမဆောင်သခင်... သူက ဘာမလို့လဲ... ကျင့်ကြံဆင့်နည်းနည်းလောက် မြင့်မားတဲ့ အားသာချက်သာမရှိရင် သူက ဘယ်လိုလုပ်ပြီးတော့ ငါ့ရဲ့အထက်မှာ ရောက်နေနိုင်မှာလဲ"
"သား... မင်း ကိုယ့်ကိုယ်ကိုယ် လျှော့တွက်စရာ မလိုပါဘူး... မင်းက ငယ်သေးတယ်... ပြီးတော့ မင်းရဲ့ပါရမီက ငါ့ထက် ပိုပြီးထူးချွန်တယ်... အနာဂတ်မှာ ကောင်းကောင်းလေ့လာသင်ယူပြီးတော့ အခွင့်အရေးတွေကို မင်းရဲ့လက်ထဲ ရောက်အောင် ယူနိုင်သရွေ့ မင်းရဲ့ အနာဂတ်က အကန့်အသတ် ရှိမှာ မဟုတ်ဘူး"
သားအဖနှစ်ယောက် ဝမ်းသာပီတိ ဖြစ်နေပြီး ရှေ့ဆက်မည့် လမ်းခရီးအတွက် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
စကားပြောဆိုနေရင်း သူတို့သည် အခြားသူများကို အတုခိုးပြီး ပျံသန်းရေးလှေပေါ်မှ မောက်မာထောင်လွှားစွာ ဆင်းလိုက်ကြသည်။
ရှုံးဖန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး တည်ငြိမ်အေးဆေးစွာ လမ်းလျှောက်နေပေ၏။ သူ၏မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ရှိနေပြီး ရုပ်ဖျက်၍ လှည့်လည်စစ်ဆေးနေသူတစ်ဦးကဲ့သို့ ဖြစ်နေသည်။
"သား... အမှန်တရား ထွက်ပေါ်လာပြီဆိုတော့ ငါတို့ သိပ်ပြီးသတိထားနေစရာ မလိုတော့ဘူး... ယွင်ရှင်းနယ်မြေကလူတွေ စုဝေးတဲ့နေရာထဲကို ငါတို့ ရောနှောဝင်ရောက်ပြီးတော့ သတင်းအချက်အလက်တချို့ စုဆောင်းကြမယ်... ပြီးရင် အခြေအနေအရ လှုပ်ရှားကြတာပေါ့"
မြို့ထဲရှိ အမြင့်ဆုံး အဆောက်အဦးကို ငေးကြည့်ရင်း ရှုံးဖန်း၏မျက်လုံးများတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
ရှုံးချုံးသည်လည်း ထပ်တူထပ်မျှဖြစ်ပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် တည်ငြိမ်စွာ လိုက်ပါလာသည်။
"ကောင်းပြီလေ... ဒီယွင်ရှင်းစုဝေးပွဲ ဆိုတာက ဘယ်လို အရည်အသွေး ရှိလဲဆိုတာ ငါတို့ သားအဖ ကြည့်ကြသေးတာပေါ့"
သူတို့နှစ်ယောက်သည် ရှေ့သို့လျှောက်လှမ်းသွားကြရာ သူတို့၏မျက်လုံးများတွင် ယုံကြည်မှုရှိသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
သို့သော် သူတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးပြီး မြို့ထဲသို့ပင် မဝင်ရသေးမီ နောက်ဘက်မှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။
"ဟေး... ဟေး"
"မင်းတို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ... ပစ္စည်းတွေ ကူသယ်မပေးကြဘူးလား... မင်းတို့ နှစ်ယောက်ကို ပြောနေတာ... လက်နှစ်ဖက် နောက်ပစ်ထားတဲ့ အရူးနှစ်ကောင်"
သားအဖနှစ်ယောက် ဇဝေဇဝါဖြင့် နောက်လှည့်ကြည့်လိုက်ကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကသူတို့ကို လက်ညှိုးထိုးနေသည်အား မြင်တွေ့လိုက်ရသည်။ ထိုလူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ဒေါသများဖြင့် ပြည့်နှက်နေသည်။
"ဘာကြည့်နေတာလဲ... မြန်မြန် လာကူကြစမ်း... လူအင်အား အရမ်းလိုနေတာ... မင်းတို့ နှစ်ယောက်က ကြောင်တောင်တောင်နဲ့ ဘာလို့ ဒီအတိုင်း မတ်တတ်ရပ်နေကြတာလဲ"
သားအဖနှစ်ယောက် ကြောင်အသွားသည်။
လူတစ်စုသည် နတ်ဆိုးအလောင်းများကို သယ်ဆောင်နေသည်အား မြင်တွေ့လိုက်ရပြီး ထိုလူများကို ဦးဆောင်နေသော အမျိုးသားသည် တံတွေးများထွေးထုတ်ရင်း သူတို့ကို စိုက်ကြည့်နေသည်။
ရှုံးချုံးက ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ရာ သူ၏ဖခင်သည်လည်း ကြောင်တောင်တောင် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး မည်သည့်အရာ မှားသွားသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြ၏။
သူတို့ ယောင်ဝါးဝါးဖြစ်နေသည် ဆိုလျှင်ပင် ယွင်ရှင်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးရန် ဖိတ်ကြားခံရသော ယွင်ရှင်း၏ ထိပ်သီးပုဂ္ဂိုလ်များအဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။ ကောင်းမွန်သော အစားအသောက်နှင့်အဖျော်ယမကာများဖြင့် ဧည့်ခံခြင်း မခံရသည့်အပြင် ပစ္စည်းများပင် သယ်ပေးရအုံးမည်လော။
ရှုံးဖန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်ပြီး သူ၏မျက်လုံးများတွင် မနှစ်မြို့သည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ငါ ကြားတာ မှန်ရဲ့လား... ငါတို့က ပစ္စည်းတွေကို သယ်ရမှာလား"
တာဝန်ခံ၏မျက်နှာ သုန်မှုန်သွားပြီး သူ၏အင်္ကျီလက်ကို တစ်ဝက်ခန့် ပင့်တင်လိုက်သည်။
"မင်းက ဘယ်လို ထင်လို့လဲ"
ရှုံးဖန်း၏ မျက်နှာ ချက်ချင်းမည်းမှောင်သွားပြီး သူ၏နဖူးပေါ်မှ သွေးကြောများ ထောင်ထလာသည်။
သူက ဒေါသတကြီးဖြင့် "ယွင်ရှင်းမှ ထိပ်သီးကျင့်ကြံသူ" တစ်ဦး၏ အမူအယာ အပြည့်အဝကို ယူဆောင်ကာ ပြောဆိုလိုက်သည်။
"အဓိပ္ပာယ်မရှိလိုက်တာ....ငါလို ဂုဏ်သိက္ခာရှိတဲ့ ယွင်ရှင်းရဲ့ထိပ်သီးကျင့်ကြံသူတစ်ယောက်က ယွင်ရှင်းရဲ့ ကြီးမားတဲ့ စီမံကိန်းအတွက် အခက်အခဲကို မကြောက်ဘဲ မိုင်ပေါင်း မရေမတွက်နိုင်အောင် ခရီးနှင်လာခဲ့တာ... မင်းတို့က ငါတို့ကို အကောင်းဆုံး ဧည့်ခံမှုတွေနဲ့ မဆက်ဆံတာ ထားပါတော့... အဲ့ဒီအစား နတ်ဆိုးအလောင်းတွေကို သယ်ခိုင်းတယ်.... ဟုတ်လား"
"ဒါက ဘယ်လို အဓိပ္ပါယ်မဲ့တာမျိုးလဲ... ဟမ်"