← Chapters

အခန်း (၁၀၅၂)

Vol. 73 Ch. 1052

အခန်း (၁၀၅၂)

Vol. 73 Ch. 1052

အခန်း ၁၀၅၂

ရှုံးဖန်းသည် သူ၏အရှိန်အဝါများအားလုံးကို ထုတ်လွှတ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

အဖွဲ့ခေါင်းဆောင်ကို သူ အနည်းငယ်မျှ ထည့်တွက်မထားဘဲ သူ၏အမူအယာနှင့် စကားလုံးများသည် "ယွင်ရှင်းထိပ်သီးကျင့်ကြံသူ" တစ်ဦး၏ အရှိန်အဝါ အပြည့်အဝဖြင့် ဖြစ်နေသည်။

သို့သော် သူ၏စကားဆုံးသည်နှင့် တစ်ဖက်လူ၏အရှိန်အဝါသည် သူ့ထက်ပင် ပို၍ကြီးမားလာသည်။

အဖွဲ့ခေါင်းဆောင်က သူ၏အင်္ကျီလက်နှစ်ဖက်လုံးကို ပင့်တင်ပြီး ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

"မင်းလို သာမန် အလုပ်သမားလေး တစ်ယောက်ကများ..... ငါ့ရှေ့မှာ ဘာတွေ လေလာကြီးနေတာလဲ... ပြီးတော့ ယွင်ရှင်းထိပ်သီးကျင့်ကြံသူတဲ့... မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ ထင်တယ်"

တံတွေးများ နေရာအနှံ့ လွင့်စင်လာပြီး သူ၏လက်ညှိုးသည် ရှုံးဖန်း၏မျက်နှာကို ထိုးမိလုနီးပါး ဖြစ်နေပေ၏။

သူ့၏ မောက်မာသော အပြုအမူသည် ယခင် လနတ်ဘုရားခန်းမဆောင်သခင်ထက်ပင် ပို၍လွန်ကဲနေသည်။

ရှုံးဖန်းသည် ဤကဲ့သို့ အရှက်ခွဲခံရမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသဖြင့် သူ၏ဒေါသများကို ပေါက်ကွဲပစ်တော့မည့်ဟန် ရှိနေသည်။

ရုတ်တရက်...

ထိုအမျိုးသားက သူ၏လက်တစ်ဖက်ကို အရင်ဆုံး ဆန့်တန်းလိုက်သည်။

ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု လေထုထဲတွင် စုဝေးလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ရပ်က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ ထိုက်တောင်ကြီးဖြင့် ဖိနှိပ်လိုက်သကဲ့သို့ ပြင်းထန်စွာ ဆင်းသက်လာသည်။

ရှုံးဖန်းက သူ၏ သွေးများ ဆူပွက်လာသည်ကိုသာ ခံစားလိုက်ရသည်။

မဟာတာအို စွမ်းအားများကို စုစည်းရန် ကြိုးစားသော်လည်း သူ မလှုပ်ရှားနိုင်ဘဲ ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြားဖြင့် သူ၏မျက်နှာဖြူဖျော့သွားသည်။

သူ၏ခေါင်းပေါ်ရှိ ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးကို မော့ကြည့်လိုက်ရာ လောကကြီးပျက်သုဥ်းမည့်နေ့ကို မြင်တွေ့နေရသကဲ့သို့ ခံစားမိပေ၏။

သူတို့ မတုံ့ပြန်နိုင်မီ သားအဖနှစ်ယောက်သည် ထိုကြောက်မက်ဖွယ် ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ အတင်းအကြပ် ဖိချခံလိုက်ရသည်။ သူတို့သားအဖသည် လက်သန်းလေး တစ်ချောင်းကိုမျှ မလှုပ်ရှားနိုင်တော့ဘဲ အသက်ရှူနိုင်ရန်ပင် အလွန်ခက်ခဲနေသည်။

"ပြီးတော့ ယွင်ရှင်းထိပ်သီးကျင့်ကြံသူတဲ့... မင်း ရောက်လာတာ ရက်နည်းနည်းပဲ ရှိသေးတယ်... ကြွားဝါနေပြီ... မင်းက တကယ့်ကို အသိတရား လွတ်သွားပြီ ထင်တယ်"

"ဒီအရူးနှစ်ကောင်ကို သီးသန့်အကျဉ်းချထားလိုက်... ပြီးရင် သုံးရက်လောက် အစာငတ်ထား....ပြီးမှ ဆက်ပြောမယ်"

မျက်စိတစ်မှိတ်အတွင်း ရှုံးသားအဖသည် ကြက်ပေါက်လေးများကဲ့သို့ ဆွဲခေါ်သွားခြင်းခံရကာကာ မှောင်မိုက်သော အခန်းတစ်ခုထဲတွင် ပိတ်လှောင်ခံလိုက်ရသည်။

ထိုအခန်းသည် မှောင်မိုက်ပြီး စိုစွတ်နေပေ၏။ တင်းကြပ်စွာ ပိတ်ထားသော သံတံခါးတစ်ချပ်နှင့် နောက်ကျောဘက် နံရံပေါ်တွင် ကျဉ်းမြောင်းသော ပြတင်းပေါက် အက်ကွဲကြောင်းတစ်ခုသာ ရှိသဖြင့် အလွန်အမင်း မွန်းကြပ်ပြီး အေးစက်နေသည်။

အချိန်မည်မျှထိ ကြာသွားသည်ကို မသိရသော်လည်း သားအဖနှစ်ယောက်သည် သူတို့၏ ခြေလက်များကို အနည်းငယ် လှုပ်ရှားနိုင်လာကြသည်။

သူတို့သည် ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး သူတို့၏မျက်နှာများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

"အဖေ.....တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ... ငါတို့က ကြီးကျယ်တဲ့ ပွဲကြီးတစ်ခုအတွက် လာတာလို့ အဖေ ပြောတယ် မဟုတ်လား... ဘယ်လိုလုပ်ပြီးတော့ သာမန်အလုပ်သမားလေးတွေ ဖြစ်သွားရတာလဲ"

"ပြီးတော့ စကားလေး နည်းနည်းလောက် ပြောမိရုံနဲ့ ငါတို့ အဖမ်းခံလိုက်ရပြီ"

ရှုံးချုံးသည် ဝေခွဲမရသော လေသံဖြင့် တီးတိုးမေးမြန်းကာ သူ လုံးလုံးလျားလျား ထိတ်လန့်နေသည်။

သူသည် ပတ်ဝန်းကျင်ရှိ နံရံများကို အဆက်မပြတ် ခေါက်ကြည့်ပြီး စမ်းသပ်ကြည့်သော်လည်း အားနည်းချက်တစ်ခုကိုမျှ မတွေ့ရပေ။ သူ့ထံ၌ သူတော်စင်ကျင့်ကြံဆင့် ရှိသော်လည်း လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ မျှော်လင့်ချက်မဲ့နေသည်။

"ဒီ... ဒီအကျဉ်းထောင်က အရမ်းခိုင်ခံ့လွန်းတယ်... လနတ်ဘုရားခန်းမဆောင်ရဲ့ ထောင်ထက်တောင် ပိုပြီးထူးခြားနေတယ်"

ဂလု...

တံတွေးတစ်ချက် ပြင်းပြင်းထန်ထန် မျိုချလိုက်ပြီး ရှုံးချုံး၏ခန္ဓာကိုယ် နံရံမှတစ်ဆင့် လျှောကျသွားကာ မြေပြင်ပေါ်သို့ အားအင်ချည့်နဲ့စွာ ပုံရက်သားကျသွားသည်။

အစောပိုင်းက ကြောက်မက်ဖွယ် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးကို ပြန်တွေးမိချိန်တွင် သူ၏မျက်လုံးထဲရှိ ထိတ်လန့်မှုကို သူ ဖိနှိပ်ထား၍ မရနိုင်တော့ပေ။

"အဖေ... ဒီနေရာမှာ တစ်ခုခုတော့ မှားနေပြီ... ခုဏကလူရဲ့စွမ်းအားက ကျွန်တော်တို့ထက် အများကြီး သာလွန်နေတယ်....တကယ်တမ်းက ဘာတွေ ဖြစ်နေတာလဲ"

သူ့သား၏ မျှော်လင့်ချက်မဲ့သော အော်ဟစ်သံကို နားထောင်ရင်း ရှုံးဖန်းသည်လည်း စိတ်ရှုပ်ထွေးနေသည်။ သူ၏ခေါင်းကို ပွတ်သပ်လိုက်ကာ သူ၏မျက်နှာတွင် သံသယနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

သူ အချိန်ကြာမြင့်စွာ စဉ်းစားသော်လည်း သဲလွန်စ မရသဖြင့် အားတင်းပြီး သူ၏သားကို နှစ်သိမ့်ရန်အတွက် ကြိုးစားလိုက်ရုံသာ တတ်နိုင်တော့သည်။

"သားရေ... မလန့်ပါနဲ့....အဖေ ထင်တာတော့ ခုဏကက လူက တတိယအသန်မာဆုံး ထိပ်သီးကျင်ကြံသူ ဖြစ်ရမယ်... မဟုတ်ရင် သူ အမိန့်ပေးနိုင်မှာ မဟုတ်ဘူး... စောင့်ကြည့်ကြတာပေါ့... သူတို့ သေချာပေါက် နောက်ထပ် လှုပ်ရှားမှုတွေ ရှိလာလိမ့်မယ်... အဲ့ဒီအချိန်ကျမှ အခြေအနေကို ကြည့်ပြီး ငါတို့ လှုပ်ရှားကြမယ်"

"ဒီမှောင်မိုက်တဲ့ အကျဉ်းထောင်က ငါတို့ကို ဘာမှ မလုပ်နိုင်ပါဘူး... ငါတို့ နှစ်ယောက်စလုံးက သူတော်စင်တွေပဲ... သုံးရက်ဆိုတာ လက်ဖျစ်တစ်ချက် တီးလိုက်သလောက်ပဲ ကြာမှာပါ"

ရှုံးချုံးက မော့ကြည့်လိုက်ပြီး တွေဝေတုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါပဲ လုပ်နိုင်တော့မှာပါ..."

သူ့ဖခင်၏စကားကို သူ အများအားဖြင့် သဘောတူသည်။ အကျဉ်းချခံရသော်လည်း မည်သည့်နေရာ၌ မှားသွားသည်ကို သူ နားမလည်ပေ။ သို့သော် သူတို့သည် အဆင့်မြင့် သူတော်စင်များ ဖြစ်သဖြင့် သုံးရက်ကြာ အကျဉ်းချခံရခြင်းက သူတို့၏အသက်အန္တရာယ်ကို ထိခိုက်စေမည် မဟုတ်ပေ။

သားအဖနှစ်ယောက်သား တိတ်ဆိတ်သွားကြပြီး ယခင် အသေးစိတ်အချက်အလက်များ အားလုံးကို ပြန်လည်စဉ်းစားနေကြသည်။

အချိန်သုံးရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပေ၏။

အကျဉ်းထောင်သံတံခါး နောက်ဆုံးတွင် ပွင့်လာပြီး ရှုံးဖန်းနှင့် သူ၏သားတို့သည် ဖြူဖျော့နေလေပြီ။

သူတို့ လုံးဝမျှော်လင့်မထားခဲ့ချေ။

သူတော်စင်အဆင့် ကျင့်ကြံသူများ ဖြစ်သည့်တိုင် သူတို့သည် ဆာလောင်ခြင်းကို ခံစားရပေ၏။

ဒီနေရာက တကယ့်ကို နည်းနည်းထူးဆန်းနေတယ်...

သုံးရက်ကြာပြီးနောက် သားအဖနှစ်ယောက်သည် ဆာလောင်မှုကို ဖြေဖျောက်ရန် သိမ်းဆည်းထားသော ဆေးလုံးများကို စားသုံးခြင်းဖြင့်သာ တောင့်ခံထားရသည်။ သူတို့၏ မျက်လုံးများ ဆာလောင်မှုကြောင့် စိမ်းနေပြီး ထိပ်သီးကျင့်ကြံသူများ၏ အမူအယာကို ထိန်းသိမ်းထားခြင်းဖြင့်သာ တောင့်ခံနေကြရသည်။

နေ့အလင်းရောင်ကို ပြန်လည်မြင်တွေ့ရချိန်တွင် သားအဖနှစ်ယောက်လုံး နေရောင်ခြည်ကြောင့် မျက်စိကျိန်းသွားကြ၏။ သူတို့သည် မျက်လုံးများကို မှေးစင်းကာ စိတ်ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြောင်အမ်းအမ်း မတ်တတ်ရပ်နေကြသည်။

မလှမ်းမကမ်းတွင် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒါက အပြစ်ပေးမှု အသေးစားလေးပဲ ရှိသေးတယ်... မင်းတို့ မှားမှန်းသိရင် အလုပ်မြန်မြန် သွားလုပ်ကြ... အလုပ်သမားတွေအနေနဲ့ အလုပ်သမားတစ်ယောက်ရဲ့ အသိတရား ရှိဖို့ လိုတယ်... ကိုယ့်အလုပ်ကို ချစ်မြတ်နိုးပြီး မြှုပ်နှံထားဖို့ သိရမယ်... ပြီးတော့ နေရာတိုင်းမှာ စိတ်မကြီးကြနဲ့"

ထိုအသံကြောင့် သားအဖနှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

သူတို့ လှည့်ကြည့်လိုက်ရာ အဖွဲ့ခေါင်းဆောင်က ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရပြီး သူ၏မျက်နှာ အေးစက်တင်းမာနေသည်။

ထိုလူကို ပြန်တွေ့လိုက်ရသဖြင့် သားအဖနှစ်ယောက်၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ အထင်အရှား ထင်ဟပ်လာသည်။

တစ်ဖက်လူက သူတို့ကို အလုပ်သမားများဟု ဆက်တိုက်ခေါ်ဝေါ်နေသော်လည်း သူတို့၏ ဒေါသကို မြိုသိပ်ထားလိုက်ကြပြီး ပါးစပ်များ တွန့်ကွေးသွားသည်။

ရှုံးဖန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင်လုပ်ကာ တုံ့ပြန်ပြောဆိုလိုက်၏။

"အရှင်...အရှင့်ရဲ့ ကျင့်ကြံခြင်း နက်ရှိုင်းတာကို ဒီလူအိုကြီး သိပါတယ်... ဒါပေမဲ့ အားနည်းသူကို အနိုင်ကျင့်လို့ မရပါဘူး... ကျွန်တော်တို့က သာမန်အလုပ်သမားတွေ လုံးဝ မဟုတ်ပါဘူး... ကျွန်တော်တို့က အဆင့်မြင့် သူတော်စင်တွေ... ယွင်ရှင်းရဲ့ကျွမ်းကျင်သူတွေပါ"

"သိက္ခာရှိတဲ့ သူတော်စင်တစ်ပါး ဖြစ်တဲ့ ကျွန်တော်က ယွင်ရှင်းရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးဖို့ ဒီပွဲကြီးကို မိုင်ပေါင်း ထောင်ချီကို ဖြတ်သန်းပြီး ခရီးနှင်လာခဲ့တာပါ... ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ဒီလိုမျိုး ဆက်ဆံတယ်... ဒါက ဒီလူအိုကြီးကို စော်ကားတာ မဟုတ်ဘူးလား"

ရှုံးဖန်း၏စကားများသည် သူ့ကိုယ်သူ အနည်းငယ် ထိန်းချုပ်ထားသော်လည်း သူ၏ဒေါသမှာ အလွန်သိသာထင်ရှားနေသည်။ ဤသည်မှာ သူ၏နောက်ဆုံး ဂုဏ်သိက္ခာ အပိုင်းအစနှင့် ကျွမ်းကျင်သူတစ်ဦး၏ အနိမ့်ဆုံးစည်းပင်။

သူတော်စင်တစ်ပါးကို အရှက်ခွဲ၍ မရပေ။

ဘယ်သူ ထင်မှာလဲ...

တပ်ဖွဲ့ခေါင်းဆောင်၏မျက်နှာအိုကြီးက အမှန်တကယ်ကို ပို၍တင်းမာလာသည်။

"မင်းတို့က ဦးနှောက်ပျက်သွားပြီ ထင်တယ်... နောက်ထပ် ရက်နည်းနည်းလောက် ထပ်ပြီး ပိတ်လှောင်ထားဖို့ လိုမယ်"

"ပြီးတော့ အဆင့်မြင့်တဲ့လား... ကျိုးပဲ့နေတဲ့ သူတော်စင်တစ်ပါးပဲ မဟုတ်ဘူးလား... မင်း ဘယ်လောက်ပဲ ပြောပြော မင်းက သူတော်စင်တစ်ပါးဖြစ်ရင်တောင် အလုပ်သမား ဖြစ်ရတာ လုံလောက်နေပြီ... ဘာလို့ မင်းက တောင်စဉ်ရေမရတွေပြောပြီး ဟန်ဆောင်နေရသေးတာလဲ"

"တခြား အဆင့်မြင့်သူတော်စင်တွေ အများကြီးက ဝီရိယရှိရှိ အလုပ်လုပ်နေကြတာ... ဘာလို့ မင်းတို့က ပြဿနာတွေ အမြဲတမ်း ရှာနေရတာလဲ"

ရှုံးသားအဖ ကြောင်အသွားသည်။ အဖွဲ့ခေါင်းဆောင်၏စကားများသည် လုံးဝလွန်ကဲနေပြီး သူတော်စင်များကို ဂေါ်ဖီထုပ်များအကြောင်း ပြောနေသကဲ့သို့ အထင်သေးမှုများဖြင့် ပြည့်နှက်နေသဖြင့် သူတို့ကို ရယ်စရာကောင်းသည်ဟု ခံစားရစေသည်။

သာမန်သူတော်စင်များသာ ဆိုလျှင် သူတို့ များစွာဂရုစိုက်မည် မဟုတ်သော်လည်း အဆင့်မြင့် သူတော်စင်များသည် သာမန်မဟုတ်ပေ။ သို့သော် သူတို့သည် တန်ဖိုးမရှိသကဲ့သို့ ပစ်ပယ်ခံနေရပေ၏။

ဒါက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ မဟုတ်ဘူးလား....

စိုးရိမ်ပူပန်မှုသာ မရှိလျှင် သူတို့သည် ဒေါသတကြီး အော်ငေါက်မိပေမည်။

သူတို့ မကျေမနပ် စိုက်ကြည့်နေစဉ် အဖွဲ့ခေါင်းဆောင်၏အကြည့်သည် သူ၏နောက်မှ အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်အနီးတွင်...

အကာအကွယ် ဦးထုပ်များ ဆောင်းထားသော လူတစ်စုသည် အုတ်ခဲများ သယ်နေကြ၏။ သူတို့သည် အစောပိုင်းက ကျယ်လောင်သော အသံများကို ကြားလိုက်ရပုံရပြီး အဖွဲ့ခေါင်းဆောင်၏ အကြည့်ကို မြင်ချိန်၌ သူတို့အားလုံး ချက်ချင်းနားလည်သွားကြသည်။

သူတို့အားလုံးသည် ရှေ့သို့ကြည့်လိုက်ကြပြီးနောက် သူတို့၏အရှိန်အဝါများ စတင်၍ ထွက်ပေါ်လာသည်။

ရုတ်တရက် အမျိုးမျိုးသော ကြောက်မက်ဖွယ် မဟာတာအိုစွမ်းအားများ သူတို့ဆီသို့ တလိမ့်လိမ့်ဝင်ရောက်လာသည်။

သာမန်ဟု ထင်ရသော အလုပ်သမားများသည် ရုတ်တရက် အမူအယာ လုံးဝပြောင်းလဲသွားပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ တစ်ယောက်ချင်းစီသည် ရှေးဟောင်းမွန်းစတားတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူတို့၏မျက်လုံးများတွင် လောကကြီးကို အထင်သေးသော အကြည့်များ ထင်ဟပ်နေသည်။

အမျိုးမျိုးသော ကြောက်မက်ဖွယ် အရှိန်အဝါများ ရောယှက်ကာ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင် အရောင်ပြောင်းလဲသွားတော့မည့်အလားပင်။

သားအဖနှစ်ယောက်သည် မုန်တိုင်းတစ်ခုထဲတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ကြရသည်။

သူတို့၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားပြီး သူတို့၏ခြေထောက်များ ပျော့ခွေစပြုလာသည်။

"ရှီး..."

"ဒါက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဆယ်နှင့်ချီသော လူများအနက် မရေမတွက်နိုင်သော အဆင့်မြင့်သူတော်စင်များနှင့် ခြေလှမ်းတစ်ဝက် ကောင်းကင်အဆင့် ကျင့်ကြံသူများပင် ပါဝင်နေသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ် လူအုပ်စုမျိုးကို သူတို့၏ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။

ရှုံးဖန်း၏မျက်နှာသည် ထိတ်လန့်မှုကြောင့် ပြောင်းလဲသွားပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

"ဒါ... ဒါက...."

သူ၏သားသည် ကြောင်အလုနီးပါး ဖြစ်နေပြီး ပြူးကျယ်နေသော မျက်လုံးများနှင့် ဟနေသော ပါးစပ်သည် ဘဲဥတစ်လုံး ဝင်ဆံ့လောက်အောင် ကြီးမားနေသည်။

အဖွဲ့ခေါင်းဆောင်သည် သူတို့ကို ဆက်ပြောရန် ပျင်းရိနေပြီး အကာအကွယ် ဦးထုပ်နှစ်လုံးကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။

"ဘာဖြစ်နေတာလဲ... ဘာဖြစ်နေတာလဲ... မြန်မြန် အလုပ်သွားလုပ်ကြ"

"နေ့တိုင်း မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထူးအဆန်းတွေလို လုပ်နေကြတယ်... အရက်သောက်တုန်းက မြေပဲတောင့်လောက် တောင်းစားဖူးရင် ဒီလောက် မာန်တက်နေမှာ မဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ် အသိတရား အစအနလေးတောင် မရှိကြဘူး"

ပြစ်တင်ကြိမ်းမောင်းသံသည် သနားညှာတာမှု ကင်းမဲ့နေပြီး သားအဖ နှစ်ယောက်သည် ပြန်မပြောရဲတော့ပေ။

အလုပ်သမားများသည် သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်လိုက်ပြီး ပုံမှန် အသွင်အပြင်သို့ ပြန်ရောက်သွားသည့်တိုင်...

သူတို့နှစ်ယောက်သည် ဘဝကို သံသယဝင်လောက်အောင် ကြောက်ရွံ့နေဆဲ ဖြစ်ပြီး ဇဝေဇဝါနှင့် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာသာ ကျန်ရစ်တော့သည်။

သားအဖနှစ်ယောက်သည် အကာအကွယ် ဦးထုပ်များကို ကြောင်တောင်တောင်ဖြင့် ဖမ်းယူလိုက်ပြီး လူအုပ်ဆီသို့ ထုံထိုင်းစွာ လျှောက်သွားလိုက်ကြသည်။ ကြင်နာတတ်သော အစ်ကိုကြီးတစ်ဦး၏ လမ်းညွှန်မှုအောက်တွင် သူတို့၏ ပစ္စည်းများကို ဝတ်ဆင်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အုတ်ခဲများကို စတင်၍ သယ်ဆောင်လိုက်ကြ၏။

သူတို့သည် ဆာလောင်မှုကြောင့် မူးဝေနေပြီ ဖြစ်သောကြောင့် သူတို့နှစ်ယောက်ထံတွင် အပိုစွမ်းအား မရှိတော့ပေ။

သူတို့သည် မဟာတာအို စွမ်းအားကို လှည့်ပတ်ရန် ပြင်လိုက်စဉ်မှာပင် မည်သည့်တုံ့ပြန်မှုမှ မရှိတော့သည်ကို တွေ့လိုက်ရပြီး သူတို့၏ ကျင့်ကြံခြင်းသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။

နောက်ထပ်သံသယနှင့် ကြောက်ရွံ့မှု လှိုင်းတစ်ခုက သူတို့ကို လွှမ်းမိုးသွားသည်။

သို့သော် သားအဖနှစ်ယောက်သား အသံတစ်သံမျှ မထွက်ရဲကြပေ။ သူတို့သည် တိတ်ဆိတ်စွာ အမြှီးကုပ်ပြီး အလုပ်ကို စတင်၍ လုပ်လိုက်ကြသည်။

အဖေက အုတ်ခဲသယ်ပြီး သားက တွန်းလှည်း တွန်းနေပေ၏။

သူတို့သည် မူလက မြင့်မြတ်သော အဆင့်အတန်း ရှိပြီး ခမ်းနားထည်ဝါဘဝဖြင့် နေထိုင်ခဲ့သော ကျင့်ကြံသူများပင်။ ဤကဲ့သို့သော ပင်ပန်းဆင်းရဲသည့် အလုပ်မျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးပေ။ နာရီဝက်မပြည့်မီမှာပင် သူတို့နှစ်ယောက်သား ပင်ပန်းနွမ်းနယ်နေပြီး နှပ်များ ချွေးများဖြင့် ပေကျံနေသည်။

နောက်ထပ် အုတ်ခဲတစ်လှည်း ချလိုက်ပြီးနောက် ရှုံးချုံးက အသက်ပြင်းပြင်းရှုနေရသည်။

သူ တိတ်တဆိတ် သူ၏ခန္ဓာကိုယ်ကို ညွတ်ကိုင်းလိုက်ပြီး သူ၏မျက်နှာတွင် ဘေးဒုက္ခမှ ပွတ်ကာသီကာလေး လွတ်မြောက်ခဲ့ရခြင်းအတွက် မကျေမနပ် ဖြစ်နေသည်။

"အဖေ... ဒီနေရာမှာ တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ..."

All Chapters