အခန်း (၁၀၅၄)
Vol. 73 Ch. 1054
အခန်း ၁၀၅၄
အရိပ်ကျွန်းတွင် လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေပြီး ယွင်ရှင်းသည် ယခင်ငြိမ်သက်ခြင်းသို့ ပြန်လည်၍ ရောက်ရှိသွားသည်။
သို့သော် ကြယ်တာရာကောင်းကင်ယံ၏ နက်ရှိုင်းသော နေရာများတွင် မရေမတွက်နိုင်သော နတ်ဆိုးပုံရိပ်များသည် ပွင့်ဟနေသော လေဟာနယ်အက်ကွဲကြောင်းမှ ဝင်ရောက်လာသည်။ နတ်ဆိုးများသည် ဘာသာတရားကိုင်းရှိုင်းသော အစေခံများအလား ရိုသေလေးစားသော အမူအယာဖြင့် မတ်တတ်ရပ်နေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေပုံရိပ်ကြီး ထွက်ပေါ်လာမှသာ ထောင်ပေါင်းများစွာသော နတ်ဆိုးများသည် နောက်ဆုတ်ပြီး ဝပ်တွားလိုက်၏။
ယွင်ရှင်းနတ်ဆိုးဘုရင်၏ခန္ဓာကိုယ် တုန်ရီသွားပြီး ချက်ချင်းဆိုသလိုပင် ဒူးထောက်ရက်သား လဲကျသွားသည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ နတ်ဆိုးစစ်သူကြီး"
ထိုသရဲတစ္ဆေပုံရိပ်ကြီးသည် မည်သည့် ကြီးမားသော အရှိန်အဝါကိုမျှ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း ကြယ်တာရာ ကောင်းကင်ယံကို ရေခဲပြင်ကဲ့သို့ အေးစက်သွားစေသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် မိုးမခပင်များအလား ယိမ်းထိုးနေကာ ထိုပုံရိပ်၏အရှိန်အဝါကို တောင့်မခံနိုင်သည့်အလားပင်။
အမှောင်ထဲမှ မျက်လုံးများသည် အရာအားလုံးကို လျစ်လျူရှုကာ ငုံ့ကြည့်လိုက်သည်။ နတ်ဆိုးအုပ်စုကြီးနှင့် ဝပ်တွားနေသော ယွင်ရှင်းနတ်ဆိုးဘုရင်များသည် ထိုအေးစက်မှုကို အနည်းငယ်မျှ မပြောင်းလဲနိုင်ချေ။
သူသည် အချိန်ကြာမြင့်သည်အထိ ဒူးထောက်နေရပြီး မည်သည့် တုံ့ပြန်မှုမျှ မရရှိပေ။
ယွင်ရှင်းနတ်ဆိုးဘုရင်သည် အစေခံတစ်ဦးအလား တုန်ယင်နေပြီး ချွေးစေးများဖြင့် စိုရွှဲနေသည်။
"ဘာလို့ ကျရှုံးခဲ့တာလဲ"
မည်သည့်စိတ်ခံစားမှုမျှ မပါဝင်သော မေးခွန်းသည် နတ်ဆိုးများကို လုံးလုံးလျားလျား တိတ်ဆိတ်သွားစေသည်။
နတ်ဆိုးဘုရင်က တံတွေးမျိုချလိုက်ပြီး အလျှင်အမြန် ဦးညွှတ်ကာ ပြန်ဖြေလိုက်၏။
"သခင့်ကို သတင်းပို့ပါတယ်....ကျွန်တော်က ကြယ်တာရာတံခါးပေါက်ကို စောင့်ကြပ်ဖို့ အမိန့်ပေးခံရပါတယ်... ကျင့်ကြံသူ သောင်းနဲ့ချီပြီး အနက်ရောင်နယ်မြေထဲ ရုတ်တရက် ကျူးကျော်ဝင်ရောက်မလာခင်အထိ အရာအားလုံးက ချောမွေ့နေခဲ့တယ်... ကျွန်တော်တို့ဘက်က အထိအခိုက်အကျအဆုံးတွေ မရေမတွက်နိုင်အောင် များပြားခဲ့ပေမယ့် ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရဲဘဲ ကျွန်တော် တစ်ယောက်တည်းနဲ့ အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ပါတယ်"
"ကံမကောင်းစွာနဲ့ သူတို့ရဲ့အရေအတွက်က အရမ်းများတယ်... ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် အရှုံးနဲ့မထူးတဲ့ အနိုင်ရရှိမှုလေးတစ်ခုပဲ ရခဲ့ပြီး ကြယ်တာရာတံခါးပေါက်ဆီ ပြန်ပြီးဆုတ်ခွာခဲ့ရတယ်"
"ကျွန်တော် အားပြန်မွေးနေတဲ့ အရေးကြီးတဲ့ အချိန်မှာ ကတုံးတစ်ကောင် ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာပြီးတော့ ကျွန်တော့်ရဲ့ အားနည်းချက်ကို အရှက်မရှိ အခွင့်ကောင်း ယူခဲ့ပါတယ်... ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ရဲ့ အဆင့်မြင့်ကျင့်ကြံသူတစ်ရာလောက်က ကြယ်တာရာတံခါးပေါက်ကို ကာကွယ်ဖို့ နောက်မဆုတ်ဘဲ သေတဲ့အထိ တိုက်ခိုက်ခဲ့တယ်"
"နောက်ဆုံးတော့ သူတို့က သူတို့ရဲ့ အသက်တွေကို စတေးပြီး အောင်မြင်စွာ အချိန်ဆွဲနိုင်ခဲ့တဲ့အတွက် ကျွန်တော်က အချိန်မီ ထွက်လာနိုင်ပြီးတော့ ကျူးကျော်လာတဲ့ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့တယ်"
နတ်ဆိုးဘုရင်၏မျက်လုံးမှ မျက်ရည်များ တဟုန်ထိုးစီးကျလာပြီး သူ၏စကားလုံးများကို ထက်သန်သော စိတ်လှုပ်ရှားမှုဖြင့် ပြောဆိုလိုက်သည်။
သူသည် တစ်ဖက်သတ် အမြဲတစေ အရိုက်ခံခဲ့ရသော်လည်း သူ၏ဇာတ်လမ်းထဲတွင် သူ့ကိုယ်သူ နတ်ဆိုးမျိုးနွယ်၏သူရဲကောင်းတစ်ဦးအဖြစ် ပုံဖော်ကာ ဇာတ်ကြောင်းကို စကားလုံး အနည်းငယ်ဖြင့် ပြောင်းလဲနိုင်ခဲ့သည်။
ဤစကားများသည် နတ်ဆိုးများကို အချင်းချင်း တီးတိုးပြောဆိုစေသည်။
တင်းမာသော အသက်ရှူချိန်အနည်းငယ် ကြာမြင့်ပြီးနောက် နတ်ဆိုးသရဲတစ္ဆေပုံရိပ်ကြီးသည် လျစ်လျူရှုသော ပုံစံဖြင့် ငုံ့ကြည့်လိုက်သည်။
"ဆက်ပြောစမ်း...."
နတ်ဆိုးဘုရင်သည် မတုံ့ဆိုင်းရဲတော့ဘဲ ကြိုတင်စီစဉ်ထားသော ဇာတ်ညွှန်းများဖြင့် ဆက်လက်၍ ပြောဆိုလိုက်၏။
"နတ်ဆိုးစစ်သူကြီး... ကျေးဇူးပြုပြီး နားလည်ပေးပါ"
"သွေးထွက်သံယိုများခဲ့တဲ့ တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားပြီးတဲ့နောက်မှာ အကျပ်အတည်း ပြီးဆုံးသွားပြီလို့ ကျွန်တော် ထင်ခဲ့တာပါ... ဒါပေမဲ့ ကြယ်နယ်မြေအပြင်ဘက်ကနေ နောက်ထပ် ပျံသန်းရေးလှေ သန်းတစ်ရာလောက်ရောက်လာမယ်လို့ ဘယ်သူ ထင်မှာလဲ... ပြီးတော့ ခေါင်းဆောင် လေးယောက်က ပိုပြီးစွမ်းအားကြီးမားကြတယ်... ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ရဲ့ လူတစ်ထောင်ပါတဲ့ တပ်ဖွဲ့ကို ပေါ့ပေါ့ပါးပါး သုတ်သင်လိုက်ကြတယ်"
"သူတို့ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့ ကျွန်တော်တို့ အသည်းအသန် တိုက်ခိုက်ခဲ့ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့က အင်အားချင်း မမျှတော့ ကြယ်တာရာတံခါးပေါက် ဆုံးရှုံးသွားရတယ်"
"အစက ကျွန်တော်တို့က အဲ့ဒီ သောက်ရေးမပါတဲ့ လူသားတွေနဲ့ သေတဲ့အထိ တိုက်ခိုက်ပြီး ကြယ်တာရာတံခါးပေါက်နဲ့အတူ သေဆုံးသွားဖို့ ရည်ရွယ်ခဲ့တာပါ... ဒါပေမဲ့ နတ်ဆိုးစစ်သူကြီးက ယွင်ရှင်းရဲ့အခြေအနေကို သတိမထားမိမှာ စိုးရိမ်တဲ့အတွက် ကျွန်တော်တို့က ထပ်ခါတလဲလဲ တုံ့ဆိုင်းခဲ့ပြီးတော့ ကြယ်တာရာတံခါးပေါက်ကို စွန့်လွှတ်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတယ်"
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သေဆုံးသွားတာက အရေးမကြီးပါဘူး... ဒါပေမဲ့ နတ်ဆိုးစစ်သူကြီးက ယွင်ရှင်းရဲ့ အပြောင်းအလဲတွေကို သတိမထားမိဘဲ ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ရဲ့ ကြီးမားတဲ့ စီမံကိန်းကြီး ပျက်စီးသွားရင် အဲဒါက အများကြီး ပိုကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်မှာပါ"
"အဲ့ဒါကြောင့် ကျွန်တော်တို့က တိုက်ခိုက်ရင်း ဆုတ်ခွာခဲ့ကြတယ်... နောက်ဆုံးတော့ ကျွန်တော့်ရဲ့နောက်မှာ ညီအစ်ကို သုံးထောင်လောက်ပဲ ကျန်ရစ်ပြီးတော့ တခြားမရေမတွက်နိုင်တဲ့ မျိုးနွယ်ဝင်တွေက သူတို့ရဲ့သတ်ဖြတ်တာကို ခံလိုက်ရတယ်"
ထိုစကားကို ပြောဆိုနေစဉ် နတ်ဆိုးဘုရင်သည် ကြီးမားသော နတ်ဆိုးသရဲတစ္ဆေပုံရိပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏လျှာဖျားကို တိတ်တဆိတ်ကိုက်ကာ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
"အဟွတ် အဟွတ်..."
"အခု သတင်းစကား ပေးပို့ပြီးပါပြီ... ကြယ်တာရာတံခါးပေါက် ဆုံးရှုံးမှုအတွက် ပြစ်ဒဏ်ကို ကျွန်တော် ခံယူဖို့ ဆန္ဒရှိပါတယ်... ကျွန်တော့်ကို သတ်ပစ်ဖို့ နတ်ဆိုးစစ်သူကြီးကို တောင်းဆိုပါတယ်"
ထိုသို့ ပြောဆိုပြီးနောက် နတ်ဆိုးဘုရင်သည် ဝမ်းနည်းပူဆွေးသော အမူအယာဖြင့် မြေပြင်ပေါ်တွင် ဝပ်တွားပြီး စောင့်ဆိုင်းနေသည်။
သို့သော် သူ၏ "ညီအစ်ကို သုံးထောင်လောက်ပဲ ကျန်သည်အထိ တိုက်ခိုက်ခဲ့တယ်" ဆိုသော စကားသည် တခြားနတ်ဆိုးများ လေဟာနယ်ထဲသို့ ပြန့်ကျဲကာ ထွက်ပြေးသွားကြသောကြောင့် ဖြစ်ကြောင်း မည်သူမျှ မသိကြပေ။
တောက်ပသော သွေးရောင်သည် အာရုံစိုက်မှုကို ဖမ်းစားလိုက်ပြီး နတ်ဆိုးပုံရိပ်အများအပြားက အချင်းချင်း တီးတိုးပြောဆိုနေကြ၏။
ထိုအမူအယာကို မြင်တွေ့ချိန်၌ အမှောင်ထဲမှ နတ်ဆိုးစစ်သူကြီးလည်း တိတ်ဆိတ်သွားသည်။
အသက်ရှူချိန်အနည်းငယ် ကြာမြင့်ပြီးနောက် နက်ရှိုင်းပြီး အေးစက်သော အသံတစ်သံက နောက်ဆုံးတွင် ထွက်ပေါ်လာသည်။
"တော်လောက်ပြီ"
"ပြင်ပစင်္ကြန်လမ်း ပွင့်သွားပြီဆိုတော့ တခြားကြယ်နယ်မြေတွေက စစ်ကူပို့တာ ပုံမှန်ပါပဲ"
"ထတော့... ကြယ်တာရာတံခါးပေါက်တစ်ခုတည်းပါ... ကိစ္စအကြီးကြီး မဟုတ်ပါဘူး... အနာဂတ်မှာ ပြန်ဆောက်လို့ ရပါတယ်... ဒီယွင်ရှင်းနယ်မြေငယ်လေးက ငါတို့ နတ်ဆိုးမျိုးနွယ်ကို ဒီလောက်ထိ ဆုံးရှုံးမှု ဖြစ်စေနိုင်တာ ငါ နည်းနည်းလေး မမျှော်လင့်ထားရုံပါပဲ"
ထိုအချိန်မှသာ နတ်ဆိုးဘုရင်က တုန်တုန်ယင်ယင်ဖြင့် ထရဲတော့သည်။
သူသည် ကျေးဇူးတင်ကြောင်း ပြသကာ ဦးညွှတ်ရင်း သစ္စာရှိစွာဖြင့် လမ်းညွှန်မှု တောင်းခံလိုက်သည်။
"ကျေးဇူးတင်ပါတယ် နတ်ဆိုးစစ်သူကြီး"
"ဒါပေမဲ့ ကြယ်တာရာတံခါးပေါက် ပျက်စီးသွားပြီ... ပြီးတော့ ကျွန်တော်က စွမ်းအားကြီးတဲ့ ရန်သူတွေကို ခုခံဖို့ အင်အား မရှိတော့ဘူး... အခု ကျွန်တော် ဘာလုပ်သင့်သလဲ... ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ကို အမှုထမ်းဖို့ အခွင့်အရေး တစ်ခုခု ရှိရင် မီးထဲရေထဲ ဖြစ်နေပါစေ မဆုတ်မနစ် သွားပါ့မယ်"
ဤစကားများသည် နတ်ဆိုးများ၏လေးစားအားကျမှုကို ချက်ချင်းရရှိသွားပြီး နတ်ဆိုးပုံရိပ် အမြောက်အများက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
ယွင်ရှင်းနတ်ဆိုးဘုရင်သည် အားနည်းပြီး နတ်ဆိုးမျိုးနွယ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော အရှက်တကွဲ ရှုံးနိမ့်မှု ခံစားခဲ့ရသည်။ သူ၏အရှက်တရားကို ဝန်ခံနိုင်စွမ်းနှင့် သေသည်အထိ တိုက်ခိုက်လိုသော ပြတ်သားသည့် ဆန္ဒကို ပြသခြင်းသည် သူ့ကို နတ်ဆိုးမျိုးနွယ်၏သူရဲကောင်းဖြစ်ရန် ထိုက်တန်စေလေပြီ။
လေးစားအားကျသော အကြည့်များကြားတွင်...
အမှောင်ထဲမှ နတ်ဆိုးစစ်သူကြီးက ထပ်မံ၍ ပြောလိုက်ရာ သူ၏လေသံ အနည်းငယ်ပို၍ ပျော့ပျောင်းလာသည်။
"ငါ့မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်... ယွင်ရှင်းကို ယာယီ ဂရုမစိုက်နိုင်သေးဘူး"
"ဒီလို သစ္စာရှိမှုမျိုး ပိုင်ဆိုင်ထားတဲ့ မင်းလိုလူမျိုးက ရှားပါးတယ်... ဒါကြောင့် ဒီကိစ္စကို မင်းရဲ့လက်ထဲ ငါ လွှဲခဲ့မယ်"
"မကြာခင် မင်း ယွင်ရှင်းကို ပြန်သွားရမယ်... မင်းကို ကူညီဖို့ ငါတို့မျိုးနွယ်ရဲ့ လက်ရွေးစင်တွေကို စေလွှတ်လိုက်မယ်... မင်းတို့ ဆုံတွေ့ပြီးရင် သူတို့ကို ဖြန့်ကျက်ပြီး အသုံးပြုနိုင်တယ်"
"မင်းရဲ့ တာဝန်က လူသားတွေကြားထဲ စိမ့်ဝင်ပြီး ငါ ရောက်မလာခင် ဖရိုဖရဲဖြစ်အောင် လုပ်ဖို့ပဲ"
နတ်ဆိုးဘုရင်၏မျက်လုံးများ တောက်ပလာပြီး သူ၏စိတ်ထဲတွင် အလွန်အံ့အားသင့်သွားသည်။
ဤမျှထိ လုပ်ကြံဖန်တီးကာ ပြောဆိုပြီးနောက် သူသည် အသက်ချမ်းသာပေးခြင်း ခံရရုံသာမက လက်ရွေးစင် လက်အောက်ငယ်သားတစ်စုကိုလည်း ရရှိလိမ့်မည်ဟု သူ လုံးဝစိတ်ကူးယဉ်မထားခဲ့မိပေ။ အကယ်၍ သူ ယွင်ရှင်းသို့ ပြန်သွားလျှင် အောင်မြင်မှုသည် လက်တစ်ကမ်းတွင် ရှိနေသည် မဟုတ်လော။
အနာဂတ်တွင် သူသည် အကျိုးဆောင်မှု အသေးစားလေးတစ်ခု ရယူနိုင်လျှင်ပင် သူ၏အပြစ်ကို သေချာပေါက် ပြန်လည်ပေးဆပ်နိုင်ပေလိမ့်မည်။
နတ်ဆိုးစစ်သူကြီး၏ အသိအမှတ်ပြုမှုကိုပင် သူ ရရှိကောင်း ရနိုင်ပေလိမ့်မည်။
သူ စဉ်းစားလေ ပိုစိတ်လှုပ်ရှားလေ ဖြစ်ပြီး နတ်ဆိုးဘုရင်သည် ကျေးဇူးတင်ကြောင်း ပြောဆိုကာ ဦးညွှတ်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ရုတ်တရက် လူသားပုံရိပ် အနည်းငယ်က သူ၏စိတ်ထဲတွင် ဖြတ်သန်းသွားသည်။
ထိုခေါင်းပြောင်ကောင်သည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။
နောက်မှရောက်ရှိလာသော ဓားကြီးကိုင်ဆောင်ထားသည့် လူမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို့ပြင် ကောင်းကင်လက်နက် ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။
သေစမ်း...
သူတို့ထဲမှ မည်သူမျှ ကိုင်တွယ်ရ လွယ်ကူသည် မဟုတ်ပေ။
နတ်ဆိုးဘုရင်က တွန့်ဆုတ်စွာဖြင့် ဦးညွှတ်လိုက်သည်။
"အမိန့်အတိုင်းပါ...."
"ဒါပေမဲ့... နတ်ဆိုးစစ်သူကြီးက ဘယ်လက်ရွေးစင်တွေကို ကူညီဖို့ စေလွှတ်မလဲ ဆိုတာ အတင့်ရဲပြီး မေးမြန်းခွင့်ပြုပါ"
ထိုစကားကိုပြောဆိုနေစဉ် နတ်ဆိုးဘုရင်သည် သူ၏စကားများ မသင့်လျော်မှန်း သတိထားမိလိုက်ပုံရပြီး သူ၏လေသံ ချက်ချင်းဆိုသလိုပင် အနည်းငယ်ပို၍ တည်ကြည်လေးနက်သွားသည်။
"ဒါက ကျွန်တော်ရဲ့သေဆုံးမှုက အရေးမကြီးပါဘူး... ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်အတွက် သေဆုံးရတာက အမြင့်ဆုံး ဂုဏ်ယူစရာပါ... ဒါပေမဲ့ ကျွန်တော် မသန်မာလို့ အနာဂတ်မှာ ကျွန်တော်တို့ မျိုးနွယ်ရဲ့ ကြီးမားတဲ့ စီမံကိန်းကြီး နှောင့်နှေးသွားရင် ကျွန်တော့်မှာ တကယ်ပဲ အကြိမ်တစ်ထောင် သေသင့်တဲ့အပြစ် ရှိသွားပါလိမ့်မယ်"
ထိုစကားများ ထွက်ပေါ်လာချိန်၌ နတ်ဆိုးစစ်သူကြီးကလည်း အချိန်တခဏကြာ တွေးတောလိုက်သည်။
"အင်း... အဲဒီစကားမှာ အမှန်တရားတချို့ ရှိတယ်"
"အဲ့ဒီလို ဆိုရင် အရင်ဆုံး ပုံရိပ်ယောင်နတ်ဆိုးမျိုးနွယ်ကို ငါ စေလွှတ်လိုက်မယ်... ပြီးရင် လူရိုင်းမျိုးနွယ်က ကူညီလိမ့်မယ်... တခြားလက်ရွေးစင်တွေ အတွက်ကတော့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာပေါ့"
အမ်...
ထိုစကားကို ကြားချိန်၌ နတ်ဆိုးဘုရင်၏စိတ်နှလုံးသား တုန်ရီသွားပြီး ယုံကြည်မှု အပြည့်ဖြင့် ရုတ်တရက် မော့ကြည့်လိုက်၏။
ဤတစ်ကြိမ်တွင်မူ အမှန်တကယ့်ကို သူ့အတွက် ကြီးမားသော အံ့အားသင့်စရာ ကိစ္စတစ်ရပ်ပင်။
ပုံရိပ်ယောင်နတ်ဆိုးမျိုးနွယ်သည် စိတ်ကို ရှုပ်ထွေးစေသော ပုံရိပ်ယောင် အတတ်ပညာများတွင် အကျွမ်းကျင်ဆုံး ဖြစ်ပြီး သက်ရှိများကို တိတ်တဆိတ် သုတ်သင်နိုင်စွမ်း ရှိသည့် နတ်ဆိုးမျိုးနွယ်၏ အလွန်အစွမ်းထက်သော မျိုးနွယ်ခွဲတစ်ခုပင်။ လူရိုင်းနတ်ဆိုးမျိုးနွယ်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေ၏။ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဆိုးမျိုးနွယ်အနက် အကောင်းဆုံးများထဲမှ တစ်ခုပင်။ သူတို့၏ခန္ဓာကိုယ်သည် သန်မာပြီး ဥာဏ်ရည်နိမ့်ပါးသော်လည်း သူတို့သည် သတ်ဖြတ်ခြင်းစက်များအဖြစ် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပေ၏။
ဤစွမ်းအားကြီးသော မျိုးနွယ်စုနှစ်ခု၏ အကူအညီဖြင့် ယွင်ရှင်းနယ်မြေလေးကို မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။
နတ်ဆိုးဘုရင်က ချက်ချင်းပြုံးရွှင်သွားပြီး ကြည်ညိုစွာ ဦးညွှတ်ကာ သူ၏တာဝန်အပေါ် ကျယ်လောင်စွာ အာမခံလိုက်သည်။
"ကျွန်တော်က တာဝန်ကို သေချာပေါက် ပြီးမြောက်အောင် လုပ်ပါ့မယ်... ပြီးတော့ အရှင့်ရဲ့ ကြီးမားတဲ့ ယုံကြည်မှုကို အလဟဿ မဖြစ်စေရပါဘူး"
ထိုစကားတစ်ခွန်းကို ပြောဆိုပြီးနောက်...
အမှောင်ထဲမှ နတ်ဆိုးစစ်သူကြီးသည် လျစ်လျူရှုသောပုံစံဖြင့် ခေါင်းညိတ်လိုက်ပြီး လက်ညှိုးတစ်ချောင်းကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ယွင်ရှင်း၏အပြင်ဘက် တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပွင့်ဟလာသည်။ ထိုအရာသည် မသိမသာ ဖြစ်ပြီး တွေ့ရှိရန် ခက်ခဲသော်လည်း နတ်ဆိုးမျိုးနွယ် အနှစ်သက်ဆုံးဖြစ်သော အနက်ရောင် အလင်းတန်းများဖြင့် တောက်ပနေသည်။
အဝေးမှကြည့်လျှင် ကြယ်တာရာတံခါးပေါက် အသေးစားလေးတစ်ခုနှင့် တူညီနေသည်။
ထိုကဲ့သို့ နတ်ဘုရားစွမ်းအားကို မြင်တွေ့လိုက်ရသဖြင့် နတ်ဆိုးဘုရင်၏ယုံကြည်မှုများ အလွန်အမင်း တိုးပွားလာသည်။
"ကောင်းပြီလေ... မင်း မှတ်ထားရမှာက ဒီတာဝန်ရဲ့ အဓိကရည်ရွယ်ချက်က လူသားတွေကို အတွင်းကနေ ဖြိုခွဲဖို့ပဲ... လုပ်ရပ်အားလုံးကို လျှို့ဝှက်ပြီး လုပ်ဆောင်ရမယ်... ကိုယ့်ကိုယ်ကိုယ် လုံးဝထုတ်မပြနဲ့... ယွင်ရှင်းကို ပြန်ဝင်ရောက်ပြီးတဲ့နောက်မှာ စစ်ကူတွေ ရောက်လာမယ့် အချိန်ကို စောင့်ဖို့ လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို မင်း ရွေးချယ်တာ အကောင်းဆုံးပဲ"
အမှောင်ထဲမှ နတ်ဆိုးစစ်သူကြီး လေးနက်စွာ ထပ်မံ၍ ညွှန်ကြားလိုက်သည်။
"နားလည်ပါပြီ...သူတို့ကို စောင့်ဆိုင်းဖို့ ယွင်ရှင်းကို အခုပဲ သွားလိုက်ပါ့မယ်"
သူ တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်ပြီး ယွင်ရှင်းထဲသို့ အလျင်အမြန် ပြေးဝင်သွားလေသည်။
ကြယ်များကြား ဖြတ်သန်းသွားလာနေစဉ် နတ်ဆိုးဘုရင် အလွန်ပျော်ရွှင်နေသည်။
နတ်ဆိုးမျိုးနွယ်၏ အထက်တန်းလွှာများ အားလုံး စေလွှတ်ခံရချိန်၌ နာမည်ရရန် သူ့အတွက် အခွင့်အရေးကောင်းကြီး ဖြစ်လာမည်ကို ကြိုတင်မြင်တွေ့နေမိသည်။ ဤသည်မှာ သူ့အတွက် အမှန်တကယ့်ကို ကောင်းကင်ဘုံက ပေးသော အခွင့်အရေးပင်။
မည်သူက ထင်မှတ်ထားမိမည်နည်း....
လွတ်မြောက်နိုင်ခြင်း မရှိသည့် သေဒဏ်ကျသင့်မည့်အရာက သူ၏စကားလုံးအနည်းငယ်ဖြင့် လုံးဝပြောင်းလဲသွားပြီး စွမ်းအားကြီးမားသော လက်အောက်ငယ်သားများကိုပင် ရရှိခဲ့သည်။ သူသည် ထိုမှတဆင့် အမြင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သူ ရိုးရိုးရှင်းရှင်း တိုက်ခိုက်နေရုံမျှဖြင့် ဤကဲ့သို့ အခွင့်အရေးမျိုး မည်သို့ရနိုင်မည်နည်း...
ဤသည်ကို အမြော်အမြင်နှင့် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဟု ခေါ်ဆိုပေ၏။
သူ့ထံတွင် ဤအရည်အချင်းလေးသာ မရှိခဲ့လျှင် ယနေ့အထိ မည်သို့ အသက်ရှင်နိုင်မည်နည်း။
စွမ်းအားကြီးမားသော ကျင့်ကြံခြင်းက ဘာအသုံးဝင်မည်နည်း...
ဖြတ်ထိုးဉာဏ်ကောင်းမွန်ခြင်းကသာ စစ်မှန်သော သန်မာသူတစ်ဦး၏ အမှတ်အသားပင်။
သူ စဉ်းစားမိလေလေ သူ ပို၍စိတ်ကျေနပ်လေလေ ဖြစ်နေပေ၏။
နတ်ဆိုးဘုရင်ထံ၌ ယုံကြည်မှုများ ပြည့်နှက်နေပြီး သူ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် ပါးနပ်မှုအပေါ် မချီးကျူးဘဲ မနေနိုင်ပေ။
သို့သော် နတ်ဆိုးစစ်သူကြီး၏ ညွှန်ကြားချက်များကိုလည်း သူ မမေ့လျော့ပေ။ ဤသည်မှာ စစ်ကူများ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းရန်နှင့် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေပြီး သူ့ကိုယ်ကို လုံးဝထုတ်ဖော်မပြရန်ပင်။
သူ သိထားသလောက်ဆိုလျှင် ယွင်ရှင်း၏နေရာအနှံ့အပြားတွင် သေးငယ်ပြီး အဆင့်နိမ့်သော နယ်မြေများ ရှိနေသည်။
ဤအဆင့်နိမ့်နယ်မြေများတွင် ကျွမ်းကျင်သူများ ပေါ်လာခဲပြီး အာရုံစိုက်မှု မရရှိနိုင်သဖြင့် သူတို့ ဆုံတွေ့ရန် အကောင်းဆုံး နေရာများ ဖြစ်ပေမည်။
သူတို့သည် တွေ့ဆုံပြီးနောက် တိုနေရာတွင် အခြေစိုက်စခန်းတစ်ခုကို တည်ထောင်ရပေမည်။ ထို့နောက် ထိုနေရာမှ လူအင်အား ဖြန့်ခွဲကာ ယွင်ရှင်းထဲသို့ စိမ့်ဝင်ပြီး ဖျက်ဆီးရပေမည်။
"ဟီးဟီး... ဒါက ရိုးရှင်းပြီး ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ"
ယုတ်မာသော ရယ်သံနှင့်အတူ နတ်ဆိုးဘုရင်က လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး နယ်မြေငယ်လေး တစ်ခုထဲသို့ ပေါ့ပေါ့ပါးပါး ဝင်ရောက်သွားသည်။
ထိုနယ်မြေအတွင်းတွင် သူက ကန်ဘေးတစ်နေရာကို ရှာဖွေပြီး ပုန်းအောင်းလိုက်၏။