အခန်း (၁၀၅၅)
Vol. 73 Ch. 1055
အခန်း ၁၀၅၅
မိုင်ပေါင်းသောင်းချီ အကွာအဝေးတွင်...
မက်မွန်ပွင့်ရွာ...
အိမ်ခြံဝန်းတစ်ခုထဲတွင် ပြင်းထန်သော ငြင်းခုန်သံများ ထွက်ပေါ်နေသည်။
"စီနီယာအစ်ကို... ကျွန်တော်က စီနီယာရီဖုန်းကို တကယ်ကြီး မြင်ခဲ့တာပါ... ဘာလို့ ကျွန်တော့်ကို မယုံကြတာလဲ"
"စီနီယာကို မြင်ခဲ့တာ တစ်ကြိမ်မကဘူးလို့ ပြောနေတယ်လေ... အရင်တစ်ခေါက်တုန်းကဆိုရင် သက်သေအနေနဲ့ မက်မွန်သီးတစ်ခြမ်းတောင် ရခဲ့သေးတယ်... ကျွန်တော် လျှောက်ပြောနေတာ မဟုတ်ပါဘူး"
ကျူးဝူရသည် သူ့ဂျူနီယာညီလေး၏ ရူးနှမ်းနေသော စကားများကို ကြည့်ရင်း တစ်ချိန်လုံး တိတ်ဆိတ်နေသည်။
သူ ကြည့်လေလေ သူ၏မျက်နှာထား ပို၍သုန်မှုန်လေလေ ဖြစ်ပြီး ရှုပ်ထွေးသော အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
"စီနီယာအစ်ကိုကြီး... ဒီနေ့ ဖူနန်ထျန်းရဲ့ အိမ်ခြံဝန်းမှာ သွားစောင့်ကြည့်ကြရင် ဘယ်လိုလဲ... အဲ့ဒီမှာဆို စီနီယာရီဖုန်းကို သေချာပေါက် စောင့်နိုင်မှာပါ"
ထိုစွဲလမ်းနေသော စကားလုံးများ သူ၏ပါးစပ်မှ ထွက်လာချိန်၌ ကျူးဝူရသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်၏။
"ဟူး... မင်းတို့အားလုံး ဝင်လာကြတော့"
သူ၏အသံ ဆုံးသည်နှင့် တခြားသူတော်စင် ခြောက်ဦးက အခန်းငယ်လေးထဲသို့ အတူတကွ ဝင်ရောက်လာကြသည်။
လော့ဟုန်ဖေး ဦးဆောင်သော သူတို့အားလုံးသည် ထိုအချိန်တွင် ရပ်တန့်နေပြီး တိတ်ဆိတ်နေကြသည်။
ရက်အနည်းငယ်အကြာမှ ပြန်လည် ဆုံတွေ့ကြသော်လည်း အဘိုးအိုခြောက်ဦးသည် ပျော်ရွှင်မှု မပြသသည့်အပြင် ကျင့်ကြံခြင်း တိုးတက်မှုအတွက် စိတ်ကျေနပ်မှုလည်း မရှိကြပေ။ သူတို့၏ မျက်နှာများတွင် ကူကယ်ရာမဲ့မှုနှင့် သနားကြင်နာမှုများသာ ရှိနေသည်။
ထိုထူးဆန်းသော အကြည့်များ သူ့အပေါ်သို့ ကျရောက်လာချိန်၌ ဝေသုန်းဟိုင် သံသယ ဖြစ်သွားသည်။
"အမ်... မင်းတို့ ဘယ်တုန်းက ပြန်ရောက်ကြတာလဲ... ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေကြတာလဲ... ငါ ဘာမှ အမှားမလုပ်ခဲ့ပါဘူး... ငါ..."
သူ၏စကား မဆုံးမီမှာပင် သူတော်စင်ခုနစ်ဦးသည် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။
ကြောက်မက်ဖွယ် တာအိုစွမ်းအားများက လေပြင်းမုန်တိုင်းကဲ့သို့ ထွက်ပေါ်လာပြီး အခန်း၏ထောင့်တစ်နေရာတိုင်းကို ပိတ်ဆို့လိုက်သည်။ ဝေသုန်းဟိုင်သည် လှုပ်ရှား၍ မရတော့ဘဲ ခေါင်းမမော့နိုင်သည်အထိ ဖိနှိပ်ခံလိုက်ရသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ... မင်းတို့ ဘာလုပ်နေတယ်လို့ ထင်နေလဲ"
သူ၏အော်ဟစ်သံများတွင် အလျင်လိုမှုများ ဒေါသများဖြင့် ပြည့်နှက်နေပြီး တဖြည်းဖြည်း ဟိန်းဟောက်သံအဖြစ် ပြောင်းလဲသွားသည်။
သို့သော် မည်သူမျှ ပြန်မပြောကြပေ။
သူတော်စင်ခုနစ်ဦးလုံး စိတ်မကောင်း ဖြစ်နေကြပြီး သူတို့၏မျက်လုံးများတွင် သနားကြင်နာမှုများ ပြည့်နှက်နေသည်။
သူ၏ အရင်းနှီးဆုံး စီနီယာအစ်ကိုကြီးပင်လျှင် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။
"ဟူး..."
"ဂျူနီယာညီလေး... ငါတို့ကို အပြစ်မတင်ပါနဲ့... ဒါက မင်းရဲ့အကျိုးအတွက်ပါ... ဟွေ့ကူစင်္ကြန်လမ်းကနေ ပြန်လာပြီးကတည်းက မင်းရဲ့ရောဂါ ပိုပိုဆိုးလာတယ်"
"ငါ မမှားဘူးဆိုရင် မင်းက နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ မဟာတာအို စွမ်းအားနဲ့ ညစ်ညမ်းသွားတာ ဖြစ်ရမယ်... မင်းရဲ့စိတ်တွေ ရှုပ်ထွေးနေပြီ... အဲ့ဒါကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူရမယ်"
"ငါလည်း ဒီလို မလုပ်ချင်ပါဘူး... ဒါပေမဲ့ တခြားနည်းလမ်း မရှိတော့လို့ပါ"
ထိုသို့ ပြောဆိုပြီးနောက် ကျူးဝူရက မျက်နှာလွှဲပြီး သူ၏မျက်လုံးများကို မှိတ်လိုက်သည်။
ထိုအမူအယာကို မြင်တွေ့ချိန်၌ ဝေသုန်းဟိုင်၏စိတ်နှလုံးသား လေးလံသွားသည်။
သူသည် တည်ကြည်လေးနက်သော မျက်နှာထားများရှိသော တခြားမိတ်ဆွေဟောင်းများကို ကြည့်လိုက်ရာ ရုတ်တရက် မကောင်းသော ခံစားချက် ရရှိလိုက်ပြီး အလျင်အမြန် ရှင်းပြရန် ကြိုးစားလိုက်၏။
"ဟေး... သူငယ်ချင်းတို့... ငါ မဖျားပါဘူး"
"စီနီယာအစ်ကိုကြီး... ကျွန်တော် တကယ် မဖျားပါဘူး... သေချာ ကြည့်ပါဦး... ကျွန်တော် ခင်ဗျားတို့ကို တကယ် မလိမ်ပါဘူး"
ဝေသုန်းဟိုင်၏ စိတ်လှုပ်ရှားနေသော အခြေအနေကို ကြည့်ရင်း သူတော်စင်များ ကူကယ်ရာမဲ့ ဖြစ်နေကြသည်။
သူတို့ ကြည့်လေလေ ပို၍ဆိုးရွားလေလေပင်။
ကျူးဝူရက စိတ်ကို တင်းထားပြီး ခက်ထန်တင်းမာသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
"အေး... ဟုတ်တယ်... ဟုတ်တယ်... မင်း မဖျားဘူး"
သူ ဝေသုန်းဟိုင်နှင့် ငြင်းခုံမနေတော့ပေ။ သူ မျက်လုံးများဖြင့် အချက်ပြလိုက်ရာ ထိုလူအုပ်စုသည် ဝေသုန်းဟိုင်ကို လျှို့ဝှက်အခန်းတစ်ခုထဲတွင် ပိတ်လှောင်ရန် လှုပ်ရှားလိုက်ကြပြီး အထူးမှော်ရတနာကြိုးဖြင့် တုပ်နှောင်လိုက်ကြ၏။
ယခင်က ရင်းနှီးသော မိတ်ဆွေရင်း တစ်ယောက်သည် ရုတ်တရက် လျှို့ဝှက်အခန်းထဲတွင် တုပ်နှောင်ခြင်း ခံလိုက်ရသည်။
သူ၏ပုံစံက အလွန်သနားစရာ ကောင်းနေသဖြင့် သူတော်စင်များကို တွေဝေတုံ့ဆိုင်းသွားစေသည်။
သူတို့ ထွက်ခွာတော့မည့် အချိန်တွင်...
လော့ဟုန်ဖေးသည် သူ၏မိတ်ဆွေများကို ကြည့်ပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"မိတ်ဆွေတို့... ငါတို့ရဲ့လုပ်ရပ်က နည်းနည်းလွန်မနေဘူးလား... ညီအစ်ကိုဝေ့ စိတ်ဖောက်ပြန်နေတယ် ဆိုရင်တောင် ပိုကောင်းတဲ့ နည်းလမ်း ရှိလောက်ပါတယ်"
တခြားသူများ စကားမပြောမီ ကျူးဝူရက နက်ရှိုင်းသော အသံဖြင့် ကြားဖြတ်ပြောဆိုသည်။
"ဒါက အကောင်းဆုံး နည်းလမ်းပဲ....သူ့ရဲ့ စိတ်ဖောက်ပြန်မှုက ပိုပိုဆိုးလာတယ်... သူ့ကို တိတ်တိတ်ဆိတ်ဆိတ် အနားယူနိုင်အောင် ထိန်းချုပ်ထားတာက သူ့ရဲ့အခြေအနေကို တည်ငြိမ်စေနိုင်တယ်... အခြေအနေ ပိုဆိုးသွားရင် ငါတို့က ဆေးကုဖို့တောင် နောက်ကျသွားလိမ့်မယ်"
"လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ သူ့ရဲ့ စိတ်ကူးယဉ်မှုတွေက ပိုပြီးချဲ့ကားလာတယ်... မက်မွန်သီးတစ်ခြမ်းကိုတောင် သက်သေအဖြစ် ယူလာတယ်... ဟွေ့ကူစင်္ကြန်လမ်းရဲ့ နတ်ဆိုးစွမ်းအားက တကယ် စွမ်းအားကြီးတယ်... ငါတို့ စိတ်ပျော့လို့ မဖြစ်ဘူး"
သူတော်စင်များက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကြပြီး အခြေအနေသည် အလွန်တည်ကြည်လေးနက်သွားပေ၏။
သို့သော် သူတို့ လျှို့ဝှက်ခန်းထဲမှ ထွက်လာပြီး သက်ဆိုင်ရာ နေအိမ်များသို့ ပြန်ရန် ဟန်ပြင်နေစဉ်မှာပင်...
ကာလကြာရှည်စွာ ပျောက်ကွယ်နေသော ရီဖုန်းသည် ရွာထဲသို့ ဝင်ရောက်လာပြီး တည်ငြိမ်အေးဆေးစွာ လျှောက်လှမ်းလာသည်။
လူများအားလုံး အံ့သြဝမ်းသာ ဖြစ်သွားကြပြီး စိုးရိမ်ပူပန်မှုဖြင့် သူ၏အနားသို့ အလျှင်အမြန် ရောက်လာကြသည်။
"မိတ်ဆွေလေးရီ... မင်းက..."
အဘိုးအိုတစ်စု သူ့ကို ဝိုင်းရံလာသည်ကို မြင်တွေ့ချိန်၌ ရီဖုန်းသည် သူတို့၏ စိတ်အားထက်သန်မှုကြောင့် ကြောင်အသွားပြီးနောက် ခင်မင်ရင်းနှီးစွာဖြင့် လက်ပူးဆုပ်၍ နှုတ်ဆက်လိုက်၏။
"တာဝန် ပြီးသွားပြီ... ငါ အခုပဲ ပြန်ရောက်တာ...."
ရီဖုန်းတောင် အခုမှ ပြန်ရောက်တာတဲ့လား...
သေချာတာပေါ့... အရာအားလုံးက ဝေသုန်းဟိုင်ရဲ့ စိတ်ကူးယဉ်မှုတွေပဲ....
သူတော်စင်များသည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဝေသုန်းဟိုင်၏ စိတ်ဖောက်ပြန်မှုကို သံသယ မဖြစ်ကြတော့ပေ။
ရီဖုန်း ဤမျှထိ မြန်မြန်ဆန်ဆန် ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်၌ လော့ဟုန်ဖေးက အလျှင်အမြန်ရှေ့တိုးပြီး မေးမြန်းလိုက်သည်။
"မိတ်ဆွေလေးရီ... မင်းက ဂုဏ်သရေရှိ ဧည့်သည်သုံးယောက်နဲ့ လိုက်သွားတာမလား... ခရီးစဉ် အောင်မြင်ရဲ့လား"
ဤမေးခွန်းက ရီဖုန်းကို စိတ်ဓာတ်ကျသွားစေသည်။
"ဟူး... မပြောပါနဲ့တော့"
ဤပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခုက သူတော်စင်ခုနစ်ဦး၏ အာရုံကြောများကို ချက်ချင်းတင်းမာသွားစေပေ၏။
"ဘာဖြစ်လို့လဲ"
"ဖြစ်နိုင်တာက..."
ရီဖုန်းက ပြောစရာ စကားမရှိဘဲ သက်ပြင်းချလိုက်ကာ သူ၏မျက်လုံးများတွင် မောပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသည်။
"ဒီခရီးစဉ်မှာ သူတို့က ကျွန်တော့်ကို လမ်းပြလုပ်စေချင်တယ်လို့ ပြောတယ်... ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း လမ်းမပြရသေးခင် သူတို့က အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်... စွမ်းအားကြီးတဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ အရိပ်အယောင်တောင် မမြင်လိုက်ရဘူး... လမ်းတစ်လျှောက်လုံး ဖောရောင်နေတဲ့ နတ်ဆိုးတစ်သိုက်နဲ့ပဲ တွေ့ခဲ့ရတယ်"
အမ်...
သူတော်စင် ခုနစ်ဦးသည် ဇဝေဇဝါ မျက်နှာထားများဖြင့် နားထောင်နေကြ၏။
ဒဏ္ဍာရီလာ နတ်ဆိုးမျိုးနွယ် ဘေးအန္တရာယ်က ဒီတိုင်း... ပျောက်သွားတာလား...
ကြယ်တာရာအပြင်ဘက်က ဧည့်သည်သုံးယောက်က တကယ်ပဲ ပြန်သွားကြပြီလား....
ဤကိစ္စကြီးတစ်ခုလုံးက အလွန်ရိုးရှင်းစွာ ပြီးဆုံးသွားသည်။
လော့ဟုန်ဖေးသည် ပို၍သံသယဖြစ်လာပြီး ထပ်မမေးဘဲ မနေနိုင်တော့ပေ။
"မိတ်ဆွေလေးရီ... မင်းပြောတာ အမှန်ပဲလား"
"အဲ့ဒီ ဧည့်သည်သုံးယောက် တကယ် ပြန်သွားကြပြီလား... နတ်ဆိုးမျိုးနွယ်ဆီက လှုပ်ရှားမှု တစ်ခုခုရော ရှိလား"
ရီဖုန်းက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ၏ပါးစပ်ကို စုပ်သပ်လိုက်သည်။
"ကျွတ်... ဒါက အတု ဖြစ်နိုင်လို့လား"
"သူတို့ လွန်ခဲ့တဲ့ ရက်နည်းနည်းအကြာက ထွက်သွားကြပြီ... ပြီးတော့ နတ်ဆိုးမျိုးနွယ်က ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီ... ပြီးတော့ ကြယ်တာရာတံခါးပေါက်ဆိုတာကြီးကို အဲဒီကောင်မလေးက ဓားချက်တစ်ချက်တည်းနဲ့ ခုတ်ပိုင်းပစ်လိုက်တယ်... ခင်ဗျားတို့မယုံရင် ကိုယ်တိုင် သွားကြည့်ကြတော့"
အတွေ့အကြုံရမှတ် အနည်းငယ် ရလိုက်သည်ကလွဲလျှင် ဤခရီးစဉ်က ရီဖုန်းအတွက် လုံးဝနီးပါး စိတ်ပျက်စရာ ကောင်းခဲ့သဖြင့် သူ မြင်တွေ့ခဲ့ရသည့်အရာများကို ဆွေးနွေးရန်အတွက် အားအင်များပင် မရှိတော့ချေ။
သူ ဂြိုဟ်သားသူငယ်ချင်းအသစ် အနည်းငယ်နှင့် တွေ့ဆုံခဲ့ရပြီး အနာဂတ်အတွက် မျှော်လင့်ချက် အနည်းငယ် ရရှိခဲ့သည်သာ ရှိပေ၏။
စကားလုံးအနည်းငယ် ပြောပြီးနောက် ရီဖုန်းထံ၌ စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။
သို့သော် သူတော်စင်ခြောက်ဦးအတွက်မူ လုံးဝကြောက်မက်ဖွယ် ကောင်းနေသည်။
နားထောင်ကြည့်ပါအုံး...
စွမ်းအားကြီးသော နတ်ဆိုးမျိုးနွယ်သည် ပုန်းအောင်းနေရသည်အထိ ရိုက်နှက်ခံလိုက်ရပြီး ကြယ်တာရာတံခါးပေါက်သည် ဓားချက်တစ်ချက်တည်းဖြင့် ပျက်စီးသွားသည်။ ထိုဧည့်သည်တော်သုံးဦး၏ ကျင့်ကြံခြင်းသည် မည်မျှထိ နက်ရှိုင်းမည်နည်း။
ယခုမှ ကြားသိရသော်လည်း အဘိုးအိုခြောက်ဦးသည် ထိတ်လန့်တုန်လှုပ်နေပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
အချိန်တခဏအတွင်း၌ ဤမျှထိ အံ့အားသင့်ဖွယ်ကောင်းသော စကားလုံးများကို သူတို့ ယုံကြည်နိုင်ရန် ခက်ခဲနေသည်။
ကျူးဝူရတစ်ဦးတည်းသာ သူ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ရှိနေသည်။
စီနီယာရီဖုန်း၏ အစွန်းအထင်း မရှိသော အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ကာ အမှန်တရား၏ အစိတ်အပိုင်း အနည်းငယ်ကို သူ ရိပ်မိသွားပုံရသည်။
"မိတ်ဆွေလေးရီ... မင်း ပင်ပန်းသွားပြီ... လမ်းပြအနေနဲ့ မင်းရဲ့ အကျိုးပြုမှုက ကြီးမားပါတယ်... ငါတို့ မင်းကို သေချာပေါက် ရက်ရက်ရောရော ဆုချပါ့မယ်"
အချိန်အတော်ကြာပြီးနောက် သူတို့အုပ်စုသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ရီဖုန်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ယွင်ရှင်းအတွက် နတ်ဆိုးများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို လွယ်လင့်တကူ ဖြေရှင်းသွားသဖြင့် သူတို့ စိတ်လှုပ်ရှားနေကြ၏။
အဘိုးအိုတစ်စုသည် ဤမျှထိ ယဉ်ကျေးနေသည်ကို မြင်တွေ့ချိန်၌ ရီဖုန်းက လေးစားမှုကို တုံ့ပြန်ပြသလိုက်သည်။
"ဆုလာဘ်တွေအကြောင်း မပြောပါနဲ့... ကျွန်တော် တကယ်ကို ဘာမှမလုပ်ခဲ့ပါဘူး"
ထိုစကားကိုပြောဆိုနေစဉ် တစ်စုံတစ်ယောက် ပျောက်ဆုံးနေသည်ကို သူ သတိထားမိသွားသည်။
"ဒါနဲ့... အစ်ကိုဝေ့ ဘယ်ရောက်နေလဲ... ဘာလို့ ရွာထဲမှာ မရှိတာလဲ"
ဤနာကျင်စရာအချက်ကို ထည့်ပြောလိုက်သဖြင့် ယခင်က စိတ်လှုပ်ရှားနေသော သူတော်စင်များအားလုံး စိတ်ဓာတ်ကျသွားကြသည်။
ကျူးဝူရက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
"သူ ဒီရက်ပိုင်း ပြဿနာတချို့ ရှိနေတယ်... ငါတို့က သူ့ကို ယာယီ ထိန်းသိမ်းထားလိုက်တယ်... သူ ရက်နည်းနည်းလောက် အနားယူဖို့ လိုတယ်"
ထိုစကားပြောနေစဉ် ကျူးဝူရသည် သူ့ခေါင်းကိုသူ မသိမသာ ညွှန်ပြလိုက်သည်။
ရီဖုန်း ရုတ်တရက် နားလည်သွားပြီး မယုံကြည်နိုင်စွာ သက်ပြင်းချလိုက်သည်။
"ဒီလို ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး... သူ အရင်က ကောင်းနေတာပဲကို..."
ရက်အနည်းငယ် အတွင်း၌...
သူ တစ်ချိန်က သိခဲ့သော အဘိုးအိုတစ်ဦးသည် သူငယ်ပြန်ရောဂါ ဖြစ်သွားခဲ့သည်။ သူတော်စင်များပင် သဘာဝတရား၏ နိယာမများမှ မလွတ်ကင်းနိုင်ကြသလော။ ဟွေးကူစင်္ကြန်လမ်းတွင် ယခင်ခရီးစဉ်ကို တွေးတောရင်း ရီဖုန်းက သနားကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူတို့အုပ်စုသည် နှုတ်ဆက်စကား အနည်းငယ် ထပ်မံ ပြောဆိုပြီးနောက် အခြေအနေသည် ငြိမ်သက်သွားကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
သူ၏ခြံဝန်းငယ်လေးသို့ တဖန်ပြန်ရောက်ချိန်၌...
ရီဖုန်းက ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး သူ၏အတွေးများ ရှုပ်ထွေးလာသည်။
ဤခရီးစဉ်က နောက်ထပ်စိတ်ပျက်စရာတစ်ခု ဖြစ်ခဲ့သော်လည်း အနည်းဆုံးအနေဖြင့် သူ ဂြိုဟ်သား မိန်းကလေးပျိုတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး လမ်းကြောင်းသစ်တစ်ခု ရှာတွေ့ခဲ့သည်။
သို့သော် လမ်းကြောင်းတစ်ခု ရှိနေသော်လည်း သူ လန်ရှင်းသို့ ချက်ချင်းမသွားနိုင်သေးပေ။
သို့ရာတွင် သေခြင်းတရားကို ထိုင်စောင့်နေရန်ကလည်း သူ့အတွက် ရွေးချယ်စရာ မဟုတ်ပေ။ အထူးသဖြင့် ဆယ်စုနှစ်များစွာ အကြာတွင် ကျရောက်မည့် လောကပျက်သုဥ်းမည့် ကပ်ဘေးကို ထည့်သွင်းစဉ်းစားမိချိန်၌ ရီဖုန်းသည် အရေးတကြီး အလျင်လိုမှုကို ပို၍ခံစားလိုက်ရသည်။
"ကြည့်ရတာ အနာဂတ်မှာ အပြင်ထွက်ပြီး နတ်ဆိုးတွေကို လိုက်ရှာရမယ့်ပုံပဲ... သေလမ်းရှာရင်း အဆင့်တက်အောင် လုပ်ရမယ်... ဒါမှ နှစ်ခုလုံး မဆုံးရှုံးမှာ"
ညတစ်ညသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားကာ ..
နံနက်ခင်း နေရောင်ခြည်သည် ခြံဝန်းငယ်လေးကို လင်းလက်သွားစေသည်။
ဖူနန်ထျန်းသည် နံနက်စောစော ထမြဲထကာ နံနက်စာ ပြင်ဆင်ပြီး အလျှင်အမြန် ထွက်ခွာသွားသည်။
ရီဖုန်းသည် သူ့ကို ဂရုမစိုက်ပေ။
နဂါးနှုတ်ခမ်းမွေးခေါက်ဆွဲနှင့် ဝိုင်အရက်အိုးငယ်လေး ပါဝင်သော အာဟာရပြည့်ဝသည့် နံနက်စာကို သူ ကိုယ်တိုင်လုပ်စားလိုက်သည်။
ခေါက်ဆွဲတစ်ပန်းကန် စားပြီးနောက် သူ့ထံ၌ အားအင်များ ပြည့်ဝလာသည်။
အချိန်ကျပ်တည်းမှန်း သိသဖြင့် ရီဖုန်းသည် စားသောက်ပြီးနောက် မန်မန်ကို ဆင့်ခေါ်လိုက်၏။
သူ အချိန်တခဏကြာ တွေးတောပြီးနောက် အမိန့်ပေးလိုက်သည်။
"သွားကြစို့... အရင် ကြယ်တာရာတံခါးပေါက်ဆီကို"