← Chapters

အခန်း (၁၀၅၇)

Vol. 73 Ch. 1057

အခန်း (၁၀၅၇)

Vol. 73 Ch. 1057

အခန်း ၁၀၅၇

နတ်ဆိုးခေါင်းဆောင်သည် ရေကန်နံဘေးတွင် ခေါင်းမာစွာ ပုန်းအောင်းနေပြီး သူ၏ကိုယ်ပျောက်ဖုံးကွယ်ခြင်းပညာသည် ပို၍ပင် ပြည့်စုံလာပေ၏။

တစ်ဖက်ကမ်းတွင် သူ့ထက်ပို၍ ခေါင်းမာစွာ ပုန်းအောင်းနေသူ တစ်ဦးရှိကြောင်း သူ အနည်းငယ်မျှ မသိရှိခဲ့ချေ။

ပုန်းအောင်းသည့် အချိန်ကာလအရဖြစ်စေ အရှိန်အဝါကို ဖျောက်ဖျက်ထားမှုအရဖြစ်စေ ထိုလူသည် စီနီယာတစ်ယောက်ဟု ခေါ်ဆိုရန် ထိုက်တန်သည်။

ကျူပင်များ၏ နက်ရှိုင်းသော နေရာတွင် ကမ်းခြေတလျှောက် မြေကုန်းငယ်လေးများ များစွာရှိနေသည်။

ထိုအရာများသည် ကြီးလိုက်ငယ်လိုက်နှင့် တစ်နှစ်ပတ်လုံး လေဒဏ်မိုးဒဏ်ကို ခံရသဖြင့် မျက်နှာပြင်များ မာကျောနေကာ တောင်ထွတ်ငယ်လေးများနှင့်ပင် တူနေပြီး နှစ်ကာလများ၏ အမှတ်အသားများ ထင်ရှားနေသည်။

ထူးခြားမှုမရှိဆုံး မြေကုန်းငယ်လေးအတွင်းတွင် မဲ့ရှီသည် နှစ်အတော်ကြာ ပုန်းအောင်းနေခဲ့ပေ၏။

သူ၏ခေါင်းပေါ်တွင် တောရိုင်းမြက်ပင်များ ပေါက်ရောက်နေပြီး အမြင့်သုံးကျန်းအထိ မြင့်မားနေကာ အဝါရောင်ပန်းပွင့်တချို့ပင် ပွင့်လန်းနေသည်။

သူသည် မြစ်ကမ်းစပ်နှင့် လုံးဝကိုတစ်သားတည်းကျနေပြီး သူ၏နံဘေးတွင် ရပ်နေသူပင်လျှင် သူ့ကို သတိပြုမိမည်မဟုတ်ပေ။ ယခုအချိန်တွင် သူသည် အဝေးရှိ ကျွန်းငယ်လေးကို ငေးကြည့်နေပြီး သူ၏နံဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို လျှစ်လျူရှုထားသည်။

ယနေ့သည်လည်း တိမ်ကင်းစင်ပြီး သာယာသော နေ့တစ်နေ့ပင်။

မဲ့ရှီသည် မှုန်ကုပ်ကုပ်ဖြင့် တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

"ဘာလို့ ကြီးမြတ်တဲ့သူတွေက ပြန်မလာသေးတာလဲ..."

"ဒီကျွန်းက ငါထင်ထားတာထက် ပိုပြီးရှုပ်ထွေးနေပုံရတယ်..."

ထိုသို့တွေးလိုက်မိချိန်တွင် မဲ့ရှီသည် သူ ပြသခဲ့မိသော စိတ်ဂဏာမငြိမ်မှုများအတွက် အနည်းငယ် ရှက်ရွံ့သွားသည်။

"ဟူး... ငါ့ရဲ့ စိတ်အခြေအနေက လိုအပ်နေသေးတယ်..."

"ငါ ဒီမှာ နှစ်နည်းနည်းလောက် တိတ်တိတ်လေး စောင့်နေရုံနဲ့ ထူးဆန်းတဲ့ စိတ်ခံစားမှုတွေ ပေါ်လာပြီ... လုံးဝမသင့်တော်ဘူး... ကြီးမြတ်တဲ့သူတွေက အခုချိန်မှာ ကြီးကျယ်တဲ့ ရည်ရွယ်ချက်အတွက် သေချာပေါက် သေလုမျောပါး တိုက်ခိုက်နေလောက်ပြီ... ငါ့ထက် အဆရာထောင်မက ပိုပြီးကြီးမားတဲ့ တန်ကြေးကို ပေးဆပ်နေရမှာပဲ... သူတို့ရဲ့ အခက်အခဲက စိတ်ကူးနဲ့တောင် မှန်းဆလို့မရဘူး..."

"ငါက နည်းနည်းလေးတောင် အင်အားမစိုက်ထုတ်ရဘူး... အေးအေးဆေးဆေး စောင့်နေရုံပဲ ရှိတာကို ငါက ဒီလောက်လေးတောင် စိတ်ရှည်သည်းခံနိုင်စွမ်း မရှိဘူး... ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ... တကယ်လို့ ငါ့ရဲ့နှလုံးသားက ဒီလောက်တောင် လွင့်ပါးနေတယ်ဆိုတာကို ကြီးမြတ်တဲ့သူတွေသာ သိသွားရင် သူတို့ကို ငါ ဘယ်လို မျက်နှာပြရမလဲ..."

သူ၏အတွေးများ ပြန်လည်မှန်ကန်လာသည်နှင့်အမျှ မဲ့ရှီ၏အကြည့်များ ပို၍ကြည်လင်ပြတ်သားလာသည်။

"ဟမ့်... ငါ နှစ်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးပြီဆိုမှတော့ ငါ့ရဲ့ စိတ်အခြေအနေကို ယိမ်းယိုင်ခံလို့ မဖြစ်ဘူး... မဟုတ်ရင် အရင်က ငါ ကြိုးစားအားထုတ်ခဲ့တာတွေအားလုံး အလကားဖြစ်သွားလိမ့်မယ်... ဒီလို စိတ်နေသဘောထားမျိုးနဲ့ ငါက ဘယ်လိုလုပ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို ပြီးမြောက်အောင် လုပ်နိုင်မှာလဲ..."

ထိုသို့ပြောဆိုရင်း သူသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာအမူအယာက လုံးလုံးလျားလျား တည်ကြည်ပြတ်သားနေသည်။

"မှန်တယ်... သေတဲ့အထိ စောင့်မယ်..."

သူ့ကိုယ်သူ အားပေးစကားပြောပြီးနောက် မဲ့ရှီသည် သူ၏အရှိန်အဝါကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီး အဝေးမှ ကျွန်းငယ်လေးကိုသာ စိုက်ကြည့်နေသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် နှစ်ရက်ကြာသွားခဲ့လေပြီ။

အနက်ရောင်နယ်မြေ၏အလယ်ဗဟို၌...

လေဟာနယ်အက်ကွဲကြောင်း၏ အပြင်ဘက်တွင် နတ်ဆိုးအလောင်းများ ပြန့်ကျဲနေသည်။

ထူးဆန်းသောအသွင်အပြင်ရှိသည့် မျက်လုံးပြူးဘီလူးများနှင့် လတ်တလော ခုတ်ထစ်ခံထားရသော ကြွက်သားအပြည့်နှင့် နတ်ဆိုးအုပ်စုကြီးသည် အက်ကွဲကြောင်းပတ်လည်တွင် စုပုံနေပြီး ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်နေပေ၏။

နောက်ဆုံးကျန်ရစ်သော နတ်ဆိုးဘီလူးကြီး၏ မျက်လုံးများတွင် အကြောက်တရားများ ပြည့်နှက်နေပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း လဲကျသွားသည်။

"အရမ်းကောင်းတယ်..."

ရီဖုန်းသည် သူ၏ဓားကြီးကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးသော အပြုံးတစ်ခု ထင်ဟပ်လာသည်။

ထိုနတ်ဆိုးနှစ်လှိုင်းသည် ရုပ်ဆိုးသော်လည်း သူတို့ပေးသော အတွေ့အကြုံရမှတ်များမှာ အမှန်တကယ်ကို များပြားလှသည်။ စုစုပေါင်းသုံးရာအောက်သာရှိသော နတ်ဆိုးများသည် သူ့ကို နောက်ထပ် အဆင့်တစ်ဆင့် တက်သွားစေသည်။

သူတို့သည် အတွေ့အကြုံရမှတ်ပေးသော ကလေးလေးများဟူသော ခေါင်းစဉ်နှင့် အမှန်တကယ်ကို ထိုက်တန်လှသည်။

လူများကို အပြင်ပန်းရုပ်ရည်ဖြင့် ဘယ်သောအခါမျှ မဆုံးဖြတ်သင့်ဘဲ နတ်ဆိုးများလည်း အပါအဝင်ပင်။

ဤထူးဆန်းသော ပုံစံရှိသည့် နတ်ဆိုးများထံမှ မမျှော်လင့်မထားသော အတွေ့အကြုံရမှတ်များ ရလိမ့်မယ်ဟု ရီဖုန်း တစ်ကြိမ်တစ်ခါမျှ တွေးတောမထားခဲ့ဖူးချေ။ ပျော်ရွှင်မှုနှင့် အကျိုးအမြတ်ရရှိမှုများက သူ၏မျက်နှာပေါ်တွင် တောက်ပနေပြီး သူ့ထံ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

"နောက်ထပ်အကောင်တွေ နည်းနည်းလောက် ထပ်ပေါ်လာရင် ပိုကောင်းမယ်..."

ထိုအချိန်၌ မြေပြင်ပေါ်တွင် နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေသော နတ်ဆိုးဘီလူးကြီးသည် မျက်လုံးအပြူးသားဖြင့် ရီဖုန်းကို စိုက်ကြည့်နေသည်။

"မိစ္ဆာကောင်..."

ထိုနတ်ဆိုးသည် ထိတ်လန့်တကြား အော်ဟစ်ပြီး အသက်ပျောက်သွားတော့သည်။

သူ၏ ပြူးကျယ်နေသော မျက်လုံးများထဲတွင် လက်မခံနိုင်မှုနှင့် အကြောက်တရားများ ရှိနေဆဲပင်။

ရီဖုန်းသည် ထိုအရာအားလုံးကို မြင်သော်လည်း ဂရုမစိုက်ချေ။ သူသည် အက်ကွဲကြောင်းဘေးတွင် တဲငယ်လေးတစ်ခုပင် ထိုးလိုက်ပြီး ထိုနေရာတွင်ပင် စားသောက်ကာ အိပ်စက်၍ နတ်ဆိုးတစ်ကောင်ကိုမျှ အလွတ်မပေးရန် ဆုံးဖြတ်ထားသည်။

ဤသည်မှာ အတွေ့အကြုံရမှတ်များကြောင့် မဟုတ်ဘဲ သူသည် ယွင်ရှင်းကို ဘေးကင်းအောင် ထားချင်ရုံကြောင့်လည်း ဖြစ်ပေ၏။

အရိပ်ကျွန်း၌...

မြို့ပြင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လူများအားလုံး အလုပ်များနေကြသည်။

အုတ်သယ်သည့် အလုပ်သမားများနှင့် နံရံဆောက်သည့် အလုပ်သမားများသည် ယခင်ကထက်ပို၍ စိတ်အားထက်သန်စွာ အလုပ်လုပ်နေသည်။

အလွန်ပူပြင်းသော မွန်းတည့်ချိန်တွင်ပင် သူတို့သည် ရပ်နားမည့် အရိပ်အယောင် မပြကြချေ။

နေရာတိုင်းတွင် လူအများထံမှ ချွေးများ စီးကျနေပြီး ပြိုင်ဆိုင်မှု ပြင်းထန်သော အငွေ့အသက်က ဖုံးလွှမ်းနေသည်။

ဤသို့ အချိန်ပိုကာ အလုပ်များနေသည့်ကြားမှပင် ပုံရိပ်တစ်ခုသည် ရုတ်တရက် ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး လေထဲတွင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

"ဟားဟားဟား... ဒီအဖိုးကြီး အဆင့်တက်သွားပြီ... ငါ တကယ်ပဲ ကောင်းကင်အဆင့်ကို ရောက်သွားပြီကွ..."

ရှုံးဖန်း၏မုတ်ဆိတ်မွှေးများနှင့်ဆံပင်များ လွင့်ပျံနေလျက် သူက စိတ်လှုပ်ရှားစွာ အော်ဟစ်ရယ်မောလိုက်သည်။

သူသည် နှစ်ပေါင်းများစွာ သူတော်စင်အဆင့်၏ အထွတ်အထိပ်တွင် ပိတ်မိနေခဲ့ပြီး တစ်လက်မမျှပင် ရှေ့ဆက်မတိုးနိုင်ခဲ့ချေ။ ဆေးလုံးများ၏ အကူအညီဖြင့်သာ သူသည် ခြေလှမ်းတစ်ဝက်ကောင်းကင်အဆင့်သို့ ခက်ခဲစွာ ရောက်ရှိခဲ့ခြင်းဖြစ်ပေ၏။ ယခုအချိန်တွင်မူ သူသည် အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာသည့်အလား ကောင်းကင်နယ်ပယ်သို့ အမှန်တကယ် ခြေချနိုင်ခဲ့လေပြီ။

ဤကွာဟချက်သည် ဆံပင်တစ်မျှင်စာမျှသာ ဖြစ်သော်လည်း လက်တွေ့တွင်မူ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။

ဤကဲ့သို့ ပြီးပြည့်စုံသော ဝမ်းသာပျော်ရွှင်မှုမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးခဲ့ချေ။ သူ၏ခန္ဓာကိုယ်တွင် မဟာတာအိုစွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူ၏စိတ်နှလုံးသား၌ အကန့်အသတ်မဲ့ ယုံကြည်မှုများဖြင့် ပြည့်နှက်နေကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လောကကြီးကိုပင် ဖျက်ဆီးပစ်နိုင်မည်ဟု ခံစားနေရသည်။

အောက်ဘက်မြေပြင်ပေါ်တွင် ဆောက်လုပ်ရေးဦးထုပ်ဆောင်းထားသော ရှုံးချုံးသည်လည်း အလားတူပင် စိတ်လှုပ်ရှားနေပြီး ဖခင်ဖြစ်သူ၏ ကြီးစိုးသော အရှိန်အဝါကိုကြည့်ကာ သူ၏မျက်လုံးများထဲတွင် ဂုဏ်ယူမှုများဖြင့် တောက်ပနေသည်။

နောက်ဆုံးတွင်တော့ သူတို့သားအဖနှစ်ယောက် နေရာမှန်သို့ ရောက်လာခဲ့လေပြီ...

လွန်ခဲ့သောရက်များအတွင်း သူ၏ဖခင် ဉာဏ်အလင်းပွင့်လာမှုကြောင့် အရိပ်ကျွန်းတွင် အလုပ်လုပ်ခြင်းသည် သူတို့၏ စိတ်ကူးယဉ်အိပ်မက်များထက် သာလွန်သော အခွင့်အရေးတစ်ခုဟု ယူဆခဲ့သည်။ ယခုချိန်၌ သူတို့၏ယခင်မှန်းဆချက် မှန်ကန်ကြောင်းကို သက်သေပြနေပေ၏။

သူ၏ခန္ဓာကိုယ်တွင်းရှိ ပို၍ကြီးကျယ်ခမ်းနားလာသော တာအိုစွမ်းအားများကို ခံစားမိရင်း ရှုံးချုံးက ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။

ကောင်းကင်ယံတွင် ပျံဝဲနေသော တောင့်တင်းသန်မာသည့် ပုံရိပ်သည် အနာဂတ်တွင် သူ ကြီးစိုးမည့် စံပြပုံစံတစ်ခုအလားပင်...

သူ၏အိပ်မက်ထဲမှ စံပြပုံစံကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသဖြင့် ရှုံးချုံးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး မနေနိုင်တော့ဘဲ အရိုအသေပြုလိုက်သည်။

"အဖေ့ရဲ့ အဆင့်တက်သွားမှုအတွက် ဂုဏ်ပြုပါတယ် အဖေ... သားက အဖေ့အတွက် ဂုဏ်ယူပါတယ်... ပြီးတော့ အခုချိန်ကစပြီး အဖေ့ရဲ့ စံနမူနာကို သေချာပေါက် လိုက်နာသွားပါ့မယ်..."

ထိုစကားများက ရှုံးဖန်းကို ပို၍စိတ်အားတက်ကြွစေပြီး ဖခင်အိုကြီး၏မျက်နှာသည် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် တောက်ပနေသည်။

သူသည် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး သားအဖနှစ်ယောက်သား ကျယ်လောင်စွာ ရယ်မောလိုက်ကြရာ တည်ငြိမ်နေရန်ပင် ခက်ခဲနေတော့သည်။

"ကောင်းတယ် ကောင်းတယ်..."

"ဟားဟားဟား..."

သူတို့နှစ်ဦး၏ ရယ်မောသံများသည် အဆုံးမရှိ ထွက်ပေါ်နေပြီး သူတို့၏ တောက်ပသော အချိန်အခါလေးတွင် အောင်ပွဲခံကာ ပျော်ရွှင်နေကြသည်။

ငြမ်းစင်ပေါ်မှ လက်သမားဆရာများသည် စကားတစ်ခွန်းမျှမဆိုနိုင်ဘဲ ကြည့်နေကြကာ လက်လျှော့လိုက်သည့်ဟန်ဖြင့် စုပ်သပ်လိုက်ပြီး အုတ်များ ပြန်စီနေကြသည်။

သူတို့၏ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်တွင် အုတ်သယ်သည့် အလုပ်သမားများသည် ပို၍ပင် ကူကယ်ရာမဲ့နေကြ၏။

လူငယ်နှင့်လူကြီးများအားလုံး သူတို့၏ပစ္စည်းများကို မှီကာ အသက်ရှူဝအောင် ရှူရင်း ပြဇာတ်တစ်ခုကို ကြည့်နေကြသည်။

"ဒီလောက်ထိ လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား..."

"အမှန်ပဲ... ကောင်းကင်အဆင့်ဆိုတာ ဘာမှမဟုတ်ပါဘူး... ရင်ပြင်အကအဖွဲ့က အဖွားလျှိုဆိုရင် ကောင်းကင်အဆင့်ကို ရောက်နေတာ ကြာလှပြီ... အဲ့ဒီနယ်ပယ်အတွက် ဘယ်သူက ကြွားဝါနေမှာလဲ... ဒီလို ပြပွဲကြီးလုပ်ဖို့ဆိုတာ ဝေလာဝေး..."

"ပုံမှန်ပါပဲ... အတွေ့အကြုံမရှိတဲ့သူတွေက အမြဲတမ်း ဒီလိုပဲ လုပ်တတ်ကြတယ်..."

"ဟီး ဟီး... လူသစ်တွေက တိုးတက်မှု နည်းနည်းလေးရတာနဲ့ သူတို့ကိုယ်သူတို့ အမြဲတမ်း အထင်ကြီးတတ်ကြတယ်..."

"အမှန်ပဲ... သူတို့ရဲ့ ပြဿနာဟောင်းတွေ ပြန်ပေါ်လာပြီထင်တယ်... တကယ်လို့ လောင်းကြေးထပ်ရရင် ငါတော့ သူတို့ နောက်ထပ် ရက်နည်းနည်းလောက် ထပ်ပြီးအချုပ်ကျအုံးမယ်လို့ ထင်တယ်..."

(အရင်အပိုင်းတွေက လောကဖျက်ဆီးသူအရှင်နေရာမှာ မဲ့ရှီ ပြောင်းထားပါတယ်...site ပြောင်းသွားလို့ပါ)

All Chapters