← Chapters

အခန်း (၁၀၅၈)

Vol. 73 Ch. 1058

အခန်း (၁၀၅၈)

Vol. 73 Ch. 1058

အခန်း ၁၀၅၈

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လကြာသွားခဲ့လေပြီ။

မိုးကောင်းကင်ယံသည် တိမ်ကင်းစင်ပြီး ကြည်လင်နေသည်။

ရီဖုန်းသည် လေဟာနယ်အက်ကွဲကြောင်း၏ အနားသတ်တွင် စောင့်ကြပ်နေရင်း ဒေသထွက်ကြက်ဥပြုတ် နေ့လယ်စာကို သုံးဆောင်နေပေ၏။

နတ်ဆိုးများကို အမဲလိုက်ရန် သူသည် အမှန်တကယ်ကို စိတ်အားထက်သန်နေပြီး ထိုနေရာတွင်ပင် စားသောက်အိပ်စက်နေသည်။ သူ၏တဲငယ်လေးကို ဆောက်လုပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး မီးပုံပေါ်တွင် အိုးငယ်လေးတစ်လုံး ချိတ်ဆွဲထားကာ အပြည့်အဝ ပြင်ဆင်ထားသည်။

သို့သော် ကြက်ဥပြုတ်နေ့လယ်စာက အရသာရှိသည့်တိုင် သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူ အနည်းငယ် စားပြီးနောက် လေဟာနယ်အက်ကွဲကြောင်းဆီသို့ မကြည့်ဘဲ မနေနိုင်တော့ပေ။

ထိုအက်ကွဲကြောင်းသည် ရှုပ်ထွေးနေသော လေဟာနယ်တစ်ခုဖြစ်ပြီး ယခုထိတိုင် မည်သည့်လှုပ်ရှားမှုမှ မရှိသေးချေ။

"ဒါနဲ့ ပြောရရင် ပြီးခဲ့တဲ့ နတ်ဆိုးတစ်လှိုင်းက လဝက်လောက်ကတည်းကပဲ..."

သူသည် တစ်လတိတိ စောင့်ဆိုင်းနေခဲ့ပြီး အတွေ့အကြုံရမှတ် ကလေးလေးများ သုံးလှိုင်းကိုသာ ခုတ်ထစ်ခဲ့ရသည်။

ဒီလောက်နဲ့ ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ...

သူသည် လဝက်ခန့် အချိန်ဖြုန်းနေခဲ့ပြီး အချိန်ငည် တန်ဖိုးရှိလှသဖြင့် အလဟဿ မဖြစ်စေသင့်ပေ။

ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး...

ဝိုင်အရက်တစ်ငုံ သောက်လိုက်ပြီးနောက် ရီဖုန်းသည် လေဟာနယ်အက်ကွဲကြောင်းဆီသို့ ထပ်မံ၍ ကြည့်ရှုလိုက်သည်။

ထိုအရာက ရှေ့ဆက်ရန် လမ်းမရှိသော မှောင်မိုက်သည့် လေဟာနယ်တစ်ခုဖြစ်ပြီး မည်သည့်နတ်ဆိုးမှ ထွက်ပေါ်လာမည့်ပုံ မပေါ်ချေ။ ယနေ့သည်လည်း သူ ဘာမှဖမ်းဆီမိမည်မဟုတ်သော နောက်ထပ်နေ့တစ်နေ့ ဖြစ်နေနိုင်သည်။

ဝိုင်အရက်ဘူးကို သိမ်းဆည်းလိုက်ပြီးနောက် ရီဖုန်းသည် အနည်းငယ် စိတ်ပူပန်လာပေ၏။

"ဒီမှာ စောင့်နေတာက အလုပ်ဖြစ်မှာ မဟုတ်ဘူး... ငါ အထဲဝင်ပြီး နတ်ဆိုးတွေကို သွားရှာသင့်လား..."

ထိုအတွေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရီဖုန်းသည် မှောင်မိုက်နေသော အက်ကွဲကြောင်းကို ဂရုတစိုက် စတင်လေ့လာတော့သည်။

"နည်းနည်းတော့ မှောင်နေပုံရတယ်... ဒါပေမဲ့ မီးတုတ်တစ်တိုင်ဆို အဆင်ပြေလောက်တယ်... ပြီးတော့ မန်မန် ရှိနေတာဆိုတော့ လမ်းပျောက်မှာကိုလည်း မကြောက်ရဘူး... ပြဿနာကြီးကြီးမားမား မရှိလောက်ဘူး... တကယ်လို့ ငါ သေသွားရင်တောင် ပိုကောင်းသေးတယ်..."

"အင်း... လုပ်လိုက်ကြရအောင်..."

သူ ပိုတွေးလေလေ ပို၍ယုံကြည်စိတ်ချရပုံပေါ်လေလေပင်။ ရီဖုန်းသည် သူ၏တဲကို အမြန်သိမ်းဆည်းလိုက်ပြီး မီးပုံကို ဆီးသွားကာ ငြှိမ်းသတ်လိုက်ကာ စံပြလူငယ်တစ်ဦး၏ အရည်အသွေးများကို အပြည့်အဝ ပြသလိုက်​၏။

သူ ရှည်လျားသော အသံတစ်သံကို ပြုလုပ်လိုက်သော်လည်း လေဟာနယ်အက်ကွဲကြောင်းသည် ငြိမ်သက်နေသော ရေကဲ့သို့ တည်ငြိမ်နေဆဲပင်။

ထိုတိတ်ဆိတ်မှုသည် အမှောင်ထု၏ နက်ရှိုင်းသော နေရာအထိ ဆန့်တန်းသွားသည်။

ကြယ်တာရာတံခါးပေါက်၏တစ်ဖက်ရှိ တံခါးအလွန်တွင်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။

ကျယ်ပြန့်သော ကြယ်တာရာပင်လယ်ကြီးသည် လုံးလုံးလျားလျား တိတ်ဆိတ်နေပေ၏။

သတိပြုမိရန် ခက်ခဲသော လေဟာနယ်အက်ကွဲကြောင်းသည် မင်ရည်ကဲ့သို့ မည်းနက်နေပြီး မှောင်မိုက်နေသော ပုံရိပ်ရာပေါင်းများစွာသည် တိတ်တဆိတ် ချောင်းကြည့်နေကြသည်။ လက်တစ်ကမ်းတွင် ရှိနေပုံရသော်လည်း သူတို့အားလုံးက ဘေးဘက်တွင် ကုပ်ကုပ်လေး နေနေကြသည်။

ထိုသေးငယ်သော တံခါးပေါက်လေးအတွင်းတွင် လောက၌ ကြောက်မက်ဖွယ်အကောင်းဆုံး နတ်ဆိုးကြီး နေထိုင်နေသည့်အလားပင်။

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ကြောက်မက်ဖွယ် နတ်ဆိုးမျိုးနွယ်တစ်စုသည် ဤကဲ့သို့ နာခံတတ်ပြီး စောင့်ဆိုင်းနေတတ်သောဘက်ခြမ်းတစ်ခု ရှိနေလိမ့်မည်ဟု စိတ်ကူးရန်ပင် ခက်ခဲလှသည်။ သူတို့၏ အကြောက်တရားများသည် အရွယ်အစားအမျိုးမျိုးရှိသော သူတို့၏မျက်လုံးရာပေါင်းများစွာကိုပင် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။

နောက်ထပ် နာရီဝက်ခန့် စောင့်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူတို့အကြား၌ တီးတိုးဆွေးနွေးမှုများ စတင်လာသည်။

"ငါတို့ ဘာလုပ်ကြမလဲ... ငါတို့ တကယ်ပဲ အထဲမဝင်တော့ဘူးလား..."

"အထဲဝင်မယ်... မင်း ပြောတာက လွယ်တာပေါ့... အထဲက လူသားက ကြောက်စရာကောင်းတယ်... အထဲဝင်တာက သေလမ်းရှာရုံသက်သက်ပဲ..."

"အမ်... ဒါက... ဒါပေမဲ့ ငါတို့ အထဲကိုမဝင်ရင် ယွင်ရှင်းကို ဘယ်လိုသွားမလဲ... နောင်တစ်ချိန် နတ်ဆိုးစစ်သူကြီးက ငါတို့ကို အပြစ်တင်ရင် ငါတို့ မျိုးနွယ်စုသုံးစုက တာဝန်ယူနိုင်မှာ မဟုတ်ဘူး..."

နတ်ဆိုးမျိုးနွယ် ရာပေါင်းများစွာသည် တီးတိုးပြောဆိုနေကြပြီး ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေပုံရသည်။

အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် နတ်ဆိုးများအားလုံးသည် ရှေ့ဆုံးရှိ ညှိုးနွမ်းနေသော သစ်ပင်လူသားဆီသို့ ကြည့်လိုက်ကြသည်။

ညှိုးနွမ်းနေသော သစ်ပင်အိုကြီးသည် ခုနစ်ပေခန့်သာ မြင့်သော်လည်း ထူးခြားစွာ တည်ငြိမ်နေသည်။

သူ၏ခန္ဓာကိုယ်ကို အဖုအထစ်များရှိသော အခေါက်များဖြင့် ဖုံးလွှမ်းထားပြီး အဆုံးမဲ့ နှစ်ကာလများကို ဖြတ်သန်းခဲ့ရသည့်အလားပင်။

"ဘယ်သူက သေချင်စော်နံတဲ့ မိုက်မဲတဲ့ကိစ္စမျိုးကို လုပ်ချင်မှာလဲ... ဒီတံခါးကို လုံးဝ ဝင်လို့မရဘူး..."

သူက ဖြည်းညှင်းစွာ ပြောဆိုသည်။

"မဝင်ဘူးလား..."

တီးတိုးပြောဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် နတ်ဆိုးများသည် အံ့ဩစရာကောင်းလောက်အောင် ကန့်ကွက်ခြင်းမရှိဘဲ နာခံစွာဖြင့် ပြောဆိုလိုက်သည်။

"သစ်ပင်အရှင်... အရှင်က အမြဲတမ်း ဉာဏ်ရည်ပြည့်ဝပြီး ပုံရိပ်ယောင်နတ်ဆိုးမျိုးနွယ်ထက်တောင် နည်းဗျူဟာပိုင်းမှာ ပိုပြီးကျွမ်းကျင်တယ်... အရှင်က မဝင်ဘူးလို့ ပြောမှတော့ ငါတို့ မဝင်တော့ဘူး..."

"အတိုချုပ်ပြောရရင် ငါတို့ မျိုးနွယ်စုနှစ်စုလုံးက သစ်ပင်အရှင်ရဲ့ စကားကို နာခံပါ့မယ်..."

သူတို့ စကားပြောနေစဉ် မျိုးနွယ်စုခေါင်းဆောင် နှစ်ဦး၏ မျက်လုံးများသည် ကောက်ကျစ်မှုများဖြင့် တောက်ပနေပေ၏။

ဤသည်မှာ အပြစ်လွှဲချရန် ကြိုးစားမှုတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားသည်။

ပထမဦးစွာ သူတို့သည် အရှင်သခင်နှင့်အစေခံ ဆက်ဆံရေးကို တည်ဆောက်လိုက်ပြီး အပြစ်အားလုံးကို သစ်ပင်အိုကြီး၏ ခေါင်းပေါ်သို့ ပုံချလိုက်သည်။

နောင်တစ်ချိန်တွင် နတ်ဆိုးစစ်သူကြီးက အပြစ်တင်မည်ဆိုလျှင်ပင် သူတို့က သစ်ပင်အရှင်၏ စကားကို လိုက်နာခဲ့သည်ဟု ပြောရန်သာ လိုအပ်ပြီး တာဝန်နှင့် အကျိုးဆက်များအားလုံးသည် ဤစီနီယာကြီးအပေါ်သို့ သဘာဝကျကျ ကျရောက်သွားပေမည်။

နတ်ဆိုးများသည် မွေးရာပါ ရက်စက်ပြီး ကောက်ကျစ်ကြသည်။ ထိုကဲ့သို့ ကောက်ကျစ်သည့် အကြံအစည်များကို သူတို့က မွေးဖွားစဥ်ကတည်းက သိရှိကြသည်။

မျိုးဆက်သစ်လူငယ်တစ်စုက ဦးညွှတ်လိုက်ပြီး နတ်ဆိုးပုံရိပ် ရာပေါင်းများစွာသည်လည်း နာခံနေပုံရသည်။

သစ်ပင်အရှင်က ခံစားချက်မဲ့စွာ ပြုံးလိုက်ပြီး သူ၏ ညှိုးနွမ်းနေသော နှုတ်ခမ်းများသည် ယုံကြည်မှုရှိသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"ဟမ့်..."

"ငါက အခုချိန်မှာ ဝင်လို့မရဘူးလို့ပဲ ပြောတာ... လုံးဝထွက်သွားရမယ်လို့ မပြောဘူး..."

"ဒီသောက်ရေးမပါတဲ့ လူသားက တံခါးကို တစ်လတောင် စောင့်နေတာ... သူ့ရဲ့ သည်းခံနိုင်စွမ်းက ကောင်းနေရင်တောင် လဝက်လောက် ဘာလှုပ်ရှားမှုမှ မရှိရင် နောက်ဆုံးတော့ သူ ထွက်သွားလိမ့်မယ်... သူ ထွက်သွားတာနဲ့ ငါတို့ အထဲကို ဝင်လို့ရပြီ..."

"မင်းတို့က မျိုးနွယ်စုခေါင်းဆောင်တွေ ဖြစ်နေပြီးတော့ ဒီရိုးရှင်းတဲ့ သဘောတရားကိုတောင် နားမလည်ဘူးလား... အရိုးဖြူမျိုးနွယ်နဲ့ သွေးပုရွက်ဆိတ်မျိုးနွယ်က တကယ်ကို အရင်ကလို မဟုတ်တော့ဘူးပဲ..."

"ငါ့ရှေ့မှာ မင်းတို့ရဲ့ လှည့်ကွက်လေးတွေကို လာပြနေစရာ မလိုဘူး..."

သူ၏ စကားများသည် သနားညှာတာမှု ကင်းမဲ့နေပြီး သူ၏အက်ရှရှအသံသည် ကြီးစိုးမှုကို ထုတ်လွှတ်နေသည်။

သစ်ပင်နတ်ဆိုးမျိုးနွယ်စုသည် သူတို့၏ ခေါင်းဆောင်၏စကားကို ရိုသေလေးစားမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် နားထောင်နေကြ၏။ သူတို့သည် တဖြည်းဖြည်း မောက်မာလာကာ သူတို့၏သစ်ကိုင်းများနှင့် သစ်ရွက်များကို နေရာပိုယူရန် ဖြန့်ကျက်လာကြသည်။

တခြားမျိုးနွယ်စုနှစ်စုသည် ထိုစကားများကြောင့် အံ့အားသင့်မှင်တက်သွားကြပြီး အခြေအနေကို ပြေလည်စေရန်အတွက် အနေရခက်စွာ ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။

"ဒါဆိုလည်း ဒီလိုပါပဲ... သစ်ပင်အရှင် မျှော်လင့်ထားတဲ့အတိုင်းပဲ..."

"သစ်ပင်အရှင်က အမြင်ကျယ်တယ်... ဒါက တကယ်ကို ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပဲ... ငါတို့က အဲဒီလူ ထွက်သွားဖို့ကိုပဲ စောင့်ရတော့မယ် ထင်တယ်..."

"ဘာလို့ သစ်ပင်အရှင်က ဒေါသထွက်နေရတာလဲ... ငါတို့အားလုံးက နတ်ဆိုးမျိုးနွယ်ရဲ့ ကြီးကျယ်တဲ့ ရည်ရွယ်ချက်အတွက်ပါပဲ..."

ဧရာမအရိုးစုနတ်ဆိုးကြီးမှလွဲ၍ ကျန်သူများအားလုံးက သဘောတူကြသည်။ ထိုအရိုးစုနတ်ဆိုးကြီးကမူ မကျေမနပ်ဖြင့် ပြန်လည်ချေပနေဆဲပင်။

"ဒါက အတော်လေး အဓိပ္ပါယ်ရှိသလိုပဲ..."

"ငါတို့ ဒီနေရာမှာ အကန့်အသတ်မရှိ စောင့်နေတာက လက်ခံနိုင်တဲ့ ဖြေရှင်းချက်တစ်ခုပဲ... ဒါပေမဲ့ တကယ်လို့ အဲ့ဒီလူက တံခါးထဲဝင်လာပြီး ငါတို့ကို လိုက်ဖမ်းရင်ရော... ငါတို့အားလုံး တစ်ခါတည်း မိသွားမှာ မဟုတ်ဘူးလား..."

"ငါ့ရဲ့အမြင်အရဆိုရင် ဒီနည်းဗျူဟာကို ထပ်ပြီး ဆွေးနွေးဖို့ လိုသေးတယ်..."

သစ်ပင်အိုကြီးသည် မှောင်မိုက်နေသော အက်ကွဲကြောင်းကို မှီလိုက်ပြီး ဧရာမ အရိုးစုကြီးကို အပြုံးနှင့် မော့ကြည့်လိုက်သည်။

"မင်းက ဒီလို မိုက်မဲတဲ့ စကားတွေ ပြောနေတာ မဆန်းပါဘူး... မင်းတို့ အရိုးဖြူမျိုးနွယ်က ဦးနှောက်တောင် မရှိတဲ့ အရိုးစုတွေချည်းပဲဆိုတော့ ဒီလောက် အများကြီးကို ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ..."

"ကောင်းပြီ... ငါက မင်းကို ထပ်ပြီး သတိပေးမယ်..."

"ဒီတံခါးကို နတ်ဆိုးစစ်သူကြီးက အထွတ်အထိပ် လျှို့ဝှက်ပညာရပ်တွေ သုံးပြီး တည်ဆောက်ထားတာ... အထဲမှာ အမှောင်စွမ်းအင်တွေ... ထူထပ်တဲ့ နာကျည်းမုန်းတီးမှု အရှိန်အဝါတွေ လေဟာနယ် လှိုင်းတံပိုးတွေနဲ့ ပြည့်နှက်နေတယ်... ငါတို့ နတ်ဆိုးတွေအတွက်တော့ ဒါက သက်တောင့်သက်သာအရှိဆုံး ပတ်ဝန်းကျင်ပဲ... ဒါပေမဲ့ တခြားသက်ရှိသတ္တဝါတွေ ခြေချမိရင်တော့ သေချာပေါက် ပျက်စီးသွားလိမ့်မယ်..."

"အဲဒီလူ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... သူက နတ်ဆိုးမှ မဟုတ်တာ..."

"သာမန်လူသားတစ်ယောက်က နတ်ဆိုးတံခါးကို ဘယ်လိုလုပ်ပြီး ဖြတ်ကျော်နိုင်မှာလဲ..."

"လုံးဝ မဖြစ်နိုင်ဘူး..."

"ဟားဟားဟား..."

သစ်ပင်အိုကြီးသည် လှောင်ပြောင်သရော်သံဖြင့် ရယ်မောလိုက်ပြီး သူ၏ခေါင်းကို နောက်သို့လှန်လိုက်ရာ သူ၏ ရယ်မောသံသည် ကြယ်တာရာကောင်းကင်တလျှောက် ပဲ့တင်ထပ်သွားပေ၏။

သူ၏ ကျယ်လောင်သော ရယ်မောသံသည် သူ၏ ကိုယ်ပိုင်ဉာဏ်ပညာအပေါ် ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် တခြားနတ်ဆိုးများကို အထင်အမြင်သေးနေကာ သူ၏ မျက်လုံးထဲတွင် နတ်ဆိုးတစ်ကောင်မျှ မရှိတော့သည့် အခြေအနေအထိပင် ရောက်ရှိနေသည်။

သူ၏ ရယ်မောသံကြောင့် သူ၏သစ်ပင် ပင်စည်ကြီး ယိမ်းနွဲ့သွားပြီး သူ၏ သစ်ကိုင်းများ တုန်ရီသွားသည်။

သူ အောင်ပွဲခံကာ ရယ်မောနေစဉ်မှာပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် တိတ်ဆိတ်သွားပုံရသည်။

သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေမှုထဲတွင် သူ၏ရယ်မောသံသည် အလွန်နားကလော်ဖွယ် ကောင်းနေပေ၏။

သစ်ပင်အိုကြီးသည် အနည်းငယ် အံ့ဩသွားပြီး သူ၏ရယ်မောသံကို တဖြည်းဖြည်း ထိန်းချုပ်လိုက်သည်။

သူ သေချာကြည့်လိုက်ချိန်၌ နတ်ဆိုးမျိုးနွယ် ရာပေါင်းများစွာသည် ကြယ်တာရာကောင်းကင်ထဲတွင် အေးခဲတောင့်တင်းနေသည်ကို သူ မြင်လိုက်ရသည်။ အရိုးဖြူမျိုးနွယ်များ၏ မေးရိုးများ ခိုက်ခိုက်တုန်နေရုံသာမက သူ၏သစ်ပင်နတ်ဆိုးမျိုးနွယ်များပင် လုံးလုံးလျားလျား တောင့်တင်းနေကြသည်။

လွန်ခဲ့သော အချိန်တခဏက သစ်ကိုင်းများနှင့် သစ်ရွက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ထားသော သစ်ပင်နတ်ဆိုးများသည် ချက်ချင်းပင် သူတို့၏ အုပ်ဆိုင်းနေသော အရွက်များကို ရုပ်သိမ်းလိုက်ပြီး ထီးများကဲ့သို့ ဖြစ်သွားကြ​၏။

ထိုကိုယ်နေဟန်ထားသည် ကြီးမားသော တောမီးလောင်မှုနှင့် သူတို့ ကြုံတွေ့ရချိန်ထက်ပင် ပို၍တင်းမာနေသည်။

သူ စကားပြောရန် တွန့်ဆုတ်နေစဉ်မှာပင် နတ်ဆိုးများသည် ရုတ်တရက် ရူးသွပ်စွာ စတင်ပြေးလွှားကြပြီး သူတို့၏ ငိုကြွေးသံများသည် ကြယ်တာရာကောင်းကင်တလျှောက် ပဲ့တင်ထပ်သွားသည်။

"အိုး ဘုရားရေ..."

"ပြေး..."

မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဆိုးရာပေါင်းများစွာသည် ငှက်များနှင့်သားရဲများကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးကြတော့သည်။

သူတို့ ဘာကို မြင်လိုက်လို့ ဒီလောက်တောင် ထိတ်လန့်သွားကြတာလဲ...

သစ်ပင်အိုကြီးသည် ဇဝေဇဝါ ဖြစ်နေပုံရပေ၏။

သူသည် သူ၏သစ်ကိုင်းများဖြင့် သူ၏မျက်နှာပေါ်သို့ ပွတ်သပ်လိုက်သော်လည်း မည်သည့် ထူးဆန်းမှုမှ မခံစားရချေ။

အခြေအနေသည် အလွန်ထူးဆန်းနေပြီး ရှေးဟောင်းပညာရှိဖြစ်သော သူပင်လျှင် အနည်းငယ် တွေဝေသွားကာ သူ၏ နက်ရှိုင်းစွာ တွန့်လိပ်နေသော မျက်နှာသည် ခြောက်သွေ့နေသော ထင်းချောင်းများအဖြစ်သို့ပင် ပြောင်းလဲလုမတတ် ဖြစ်သွားသည်။

"ဒီကလေးတွေ... သရဲတစ္ဆေများ မြင်လိုက်ကြလို့လား..."

သူ တိတ်တဆိတ် ရေရွတ်လိုက်ရင်း သစ်ပင်အိုကြီးသည် အမှတ်တမဲ့ နောက်သို့လှည့်ကြည့်လိုက်မိသည်။

ရုတ်တရက်...

သူ၏ သစ်ပင်ကိုယ်လုံးထဲတွင် ဖုံးကွယ်ထားသော သူ၏ ရှေးဟောင်းမျက်လုံးများသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ပြူးကျယ်သွားသည်။

လေဟာနယ်အက်ကွဲကြောင်းရှေ့တွင်...

တကယ်ပဲ လူသားတစ်ယောက် မတ်တတ်ရပ်နေတာလား...

ရှီး...

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...

မယုံကြည်နိုင်မှု လှိုင်းတံပိုးတစ်ခုသည် သူ၏ နှလုံးသား နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာပြီး သစ်ပင်အိုကြီးသည် အလွန်အံ့ဩသွားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။

ထိုလူသား၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူသည် ပို၍ပင် ထိတ်လန့်သွားပြီး သူ၏မျက်လုံးများသည် သစ်ပင်ကိုယ်လုံးထဲမှ ပေါက်ထွက်တော့မည့်အလား ပြူးထွက်လာသည်။

သူ၏ ညှိုးနွမ်းနေသော နှုတ်ခမ်းများသည် ချက်ချင်းအက်ကွဲသွားပြီး စူးရှသော အော်ဟစ်သံတစ်သံက ကြယ်တာရာကောင်းကင်ကို ဆုတ်ဖြဲသွားသည်။

"အား..."

ထိုလူသည် တစ်လတိတိ တံခါးကို စောင့်ကြပ်နေခဲ့သော နတ်ဆိုးကြီးပင်။

ရီဖုန်း၏ မျက်နှာနှင့် အေးစက်စက်အလင်းရောင်ဖြင့် တောက်ပနေသည့် ဓားရှည်ကြီးကို မြင်လိုက်ရချိန်၌ မရေမတွက်နိုင်သော ကြောက်မက်ဖွယ် ပုံရိပ်များသည် သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး အအေးဓာတ်တစ်ခုက သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

သစ်ပင်အိုကြီးသည် မိုးကြိုးပစ်ခံရသကဲ့သို့ ထိတ်လန့်သွားပြီး ဆက်လက်တွေးတောရဲခြင်း မရှိတော့ချေ။

သူ တုန်ယင်သွားပြီးနောက် နောက်သို့လှည့်၍ ထွက်ပြေးခဲ့တော့သည်။

All Chapters