← Chapters

လက်ရာမွန် (၂)

Vol. 5 Ch. 244

လက်ရာမွန် (၂)

Vol. 5 Ch. 244

အဲဒီလိုနဲ့ပဲ သခင်လေးတို့သုံးယောက်နဲ့အိုလီရာနာတို့ နေ့လယ်စာကို ဟိုတယ်ကချက်ထားတာစားလိုက်ရတယ်။ နဂိုကတည်းက ညစာပဲချက်ဖို့ပြင်မှာဆိုပေမဲ့လို့ ကျွန်မ ပစ္စည်းတွေလမ်းပေါ် ပစ်ချထားမိတယ်လဲဆိုရော မော်လီတစ်ယောက် ကမ္ဘာပျက်နေတော့တာ။

“သခင်လေးရေ၊ ကျွန်မမရှိရင် သခင်လေးဘယ်လို နေရစားရသောက်ရပါ့မလဲ။ ဒီအစေခံတွေနဲ့တော့ ခက်တော့တာပဲ။”

အခုသခင်နက်ဆန်နဲ့အဖွဲ့က စားသောက်ပြီးလို့အခန်းထဲ ပြန်လာနားနေကြတာ။ မော်လီကတော့ နက်ဆန်ကို ကျွန်မ တလွဲလုပ်ခဲ့တဲ့အကြောင်းတွေ ဖန်တရာထေအောင် ပြန်ပြောင်းပြောပြရင်း ငိုယိုပြလို့။ မသိရင် သေခါနီး အမေက သားကိုစိတ်မချသလိုမျိုး။

“မော်လီ၊ ဒါက ထမင်းလေးတစ်နပ်ပဲလေ။”

သခင်ကတော့ မော်လီရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး စိတ်မပူဖို့ပြောပေမဲ့ မော်လီက မကျေနပ်နိုင်သေးဘူး။ နေ့ဖက်အနားမယူရသေးလို့ အိပ်ရေးပျက်နေတဲ့သခင်ကို အနှောင့်အယှက်မပေးတော့ပေမဲ့ ကျွန်မကိုအခန်းထောင့် ဆွဲခေါ်ပြီးတော့ တွန်းအားပေးတော့တာ။

“ကောင်မ၊ အခုချက်ချင်း စျေးထပ်ဝယ်စမ်း။ သခင် ညစာငတ်လို့ကတော့ နင့်ကိုတစ်စစီဖြုတ်ပစ်မယ်။”

အခုမော်လီရဲ့ပုံစံက သခင့်ရှေ့မှာရှိနေတုန်းကလိုမျိုး ​စည်းစနစ်ကျတဲ့ အိမ်စေမျိုးမဟုတ်တော့ဘဲ ဘီလူးမကြီး စိတ်ဆိုးနေသလို ကြောက်စရာကြီး။

“ဒါ... ဒါပေမဲ့... စျေးက မနက်စျေးလေ။ ခုလောက်ဆို ပိတ်ရောပေါ့။” ကျွန်မ နာရီကိုကြည့်လိုက်တော့ တစ်ချက် ထိုးနေပါပြီ။

“ဒါဖြင့်လည်း နင့်ချခဲ့တဲ့ပစ္စည်းတွေ အခုချက်ချင်း သွားကောက်။”

မော်လီက ကျွန်မကို တကယ်ဖြုတ်ထုတ်သတ်လုပ်မယ့် ပုံစံနဲ့ဖိအားပေးလာတော့ ဟိုတယ်အောက်ထပ်ပြေးဆင်း မြို့ပလာဇာကိုပြန်သွားဖို့အပြင် တခြားရွေးစရာမရှိခဲ့ဘူး။ ဒါပေမဲ့ နာရီဝက်လောက်ရှာပြီးတဲ့နောက်မှာ ကြောက်စရာ အချက်တစ်ချက်ကို ကျွန်မသတိပြုမိလိုက်တယ်။

“ဟောတော့... ပစ်ချမိတဲ့ပစ္စည်းတွေ မရှိတော့ဘူး။” ခွေးပဲဆွဲသွားတာလား လူပဲယူသွားတာလားပဲ။ ကျွန်မ တတတ်နိုင်သမျှ​ ရှာကြည့်ပါသေးတယ်။ အိမ်ခေါင်မိုးပေါ် ခိုးတက်ပြီး တခြားနေရာမှာများရှိမရှိကြည့်တယ်။ လမ်းပေါ်က ဖြတ်သွားဖြတ်လာတွေကိုမေးတယ်။ ဒါပေမဲ့ ဘာသဲလွန်စမှမရ။ ဘယ်သူမှ လမ်းပေါ်က ဟင်းသီးဟင်းရွက်တွေကို ဂရုမစိုက်ကြဘူးရယ်။

“ကြည့်ရတာ သခင့်ဆီမှာ အမှုတော်ထမ်းရတာ ဒီနေ့နောက်ဆုံးနဲ့တူပါရဲ့။”

အခန်းထဲမှာနေပြီး ကြိုးတပ်တံစဥ်ကို သွေးနေမယ့် အိမ်စေအစ်မကြီးမော်လီအကြောင်းတွေးမိတော့ ကျွန်မ စိုးရိမ်စိတ်တွေ ပိုကဲလာရော။ ဒါပေမဲ့ တခြားဘာမှမှ မတတ်နိုင်တာ။ ဟိုတယ်ပြန်လာရတာပေါ့။

ဒါပေမဲ့ ဟိုတယ်ဧည့်ကြိုခန်းမထဲလည်းရောက်ရော မမျှော်လင့်ထားတဲ့သူတစ်ယောက်ကို တွေ့လိုက်ရရော။ ရွှေရောင်ဆံပင်၊ မျက်လုံးပြာပြာနဲ့ မင်းသားလေးလိုမျိုး ဝတ်ဆင်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးပါ။

“အစ်မကြီးက တကယ်ဒီမှာတည်းနေတာပဲ။ တော်သေးတာပေါ့။”

မနက်က ကျွန်မကိုပုံခိုးဆွဲတဲ့ကောင်လေးက ဧည့်ခန်း ကဖေးဆိုင်မှာထိုင်စောင့်နေရင်းက ကျွန်မဆီကိုပြေးလာ ပါတော့တယ်။ ကျွန်မကတော့ တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထားလိုက်တာပေါ့။

“နောက်... နောက်ယောင်ခံလိုက်တဲ့သူ....”

ဒီကလေးက တော်တော်ကြောက်စရာကောင်းတာပဲ။ မနက်ကမှ စျေးထဲမှာ တွေ့ဖူးတဲ့မိန်းကလေးနောက်ကို လိုက်လာနိုင်တယ်။ ပြီးတော့ ကျွန်မမရိပ်မိဘဲ ဘယ်လိုကနေဘယ်လို တည်းနေတဲ့ဟိုတယ်ကို သိသွားရတာလဲ။

“ရှင်းပြတာ နားထောင်ပါဦးဗျ။” ကောင်လေးက ကျွန်မလက်သီးဆုပ်ပြီး သိုင်းကွက်ခင်းထားတာမြင်တော့ ချက်ချင်းဖင်ထိုင်လျက်ကျသွားပြီး လက်ကာပြတယ်။

“ဘာမှရှင်းပြစရာမလိုဘူး... သခင်မဟုတ်တဲ့ ယောက်ျားတွေအားလုံး သေသင့်တယ်။”

ကျွန်မအစ်မကြီးကို စိတ္တဇလူသတ်သမားဖြစ်တဲ့အထိ စိတ်ဒုက္ခပေးခဲ့တဲ့ ဒီရေဂို အဲဘတ်တိုင်းနဲ့ ဒီကောင်စုတ်ကို နှိုင်းယှဥ်မိတော့ အလိုလိုနေရင်းကျိုးပဲ့ကုန်တဲ့အထိ ရိုက်ချင်နှက်ချင်လာရော။

“ဒေါ်ရသီ... နင်မှားမယ်နော်....” ဒါပေမဲ့ မမလေး ဆယ်ဗီက ဘယ်ချိန်ကတည်းက ရောက်နေတယ်မသိ။ ကျွန်မလက်ကိုဖမ်းဆွဲထားတယ်။ မမလေးဆယ်ဗီရဲ့ လက်တွေက သိပ်ကိုသန်မာတယ်။ ကျွန်မခန္ဓာကိုယ်က သတ္တုနဲ့သွန်းလုပ်ထားတာဖြစ်ပေမဲ့ မမလေးဆယ်ဗီက ကျွန်မကိုကိုင်ပေါက်လို့ရတယ်လို့ ခံစားရတာတော့ အမှန်ပဲ။

“မမလေး မသိပါဘူး။ ဒီကောင်စုတ်လေးရုပ်ကိုကြည့်ပြီး ချစ်စရာကောင်းတယ်ဆိုပြီး အထင်မမှားလိုက်နဲ့။ နှာဘူးလေးရှင့်၊ နှာဘူးလေး....”

“မဟုတ်ဘူးဟဲ့၊ သူက နင့်ပစ္စည်းတွေကိုပြန်ပေးဖို့ ဒီအထိလိုက်လာတာ။”

မမလေးဆယ်ဗီက ကျွန်မကိုဖမ်းချုပ်ပြီး ကဖေးဆိုင်က စားပွဲပေါ်တင်ထားတဲ့ အိတ်တစ်လုံးကိုပြလိုက်တယ်။ မနက်က ကျွန်မဝယ်လာတဲ့ ဆန်တွေ၊ ခရမ်းချဥ်သီးတွေ၊ ကြက်ဥတွေ အကုန်အထဲမှာ။

“စိတ်ကိုအေးအေးထားပြီး သူများပြောတာလည်း နားထောင်ဦးလေ။ အခုလို တစွတ်ထိုးလုပ်နေရင် လူဆိုးမကြီးဖြစ်သွားလိမ့်မယ်။”

ဒီတော့မှ ကျွန်မ စိတ်ငြိမ်ငြိမ်ထားဖို့ကြိုးစားရင်းနဲ့ ကဖေးက ခုံမှာဝင်ထိုင်လိုက်တယ်။ မမလေး ဆယ်ဗီကလည်း ကျွန်မဘေးကခုံမှာ။ ကောင်လေးက ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာပေါ့။

“ဒါပေမဲ့လေ... ထူးဆန်းသား။” တစ်ခုခုဆိုရင် စိတ်လိုက်မာန်ပါလုပ်နေကျ မမလေးဆယ်ဗီက ကျွန်မကိုပြန်ထိန်းနေရတယ်လို့။

“ပထမဆုံးအနေနဲ့ အစ်မကို အထင်လွဲစရာဖြစ်အောင် လုပ်မိလို့ စိတ်မကောင်းပါဘူးခင်ဗျ။” ကောင်လေးက ယဥ်ယဥ်ကျေးကျေးပဲ ကျွန်မကိုတောင်းပန်တယ်။ အဖြူရောင်အဝတ်အစားကိုဝတ်ဆင်ထားဆဲဖြစ်ပြီး သူ့မျက်လုံးပြာပြာတွေက တိမ်ကင်းစင်တဲ့ ကောင်းကင်ကြီးလိုပဲ။

ပြင်သစ်တွေက တောင်းပန်ခဲတဲ့လူမျိုးတွေ။ ဒါကြောင့်ပဲ သူတကယ်စိတ်ရင်းနဲ့တောင်းပန်နေတာဆိုတာ ကျွန်မသိရတာ။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာတွေကြောင့် စိတ်ဆိုးနေတုန်းပဲ။

“နင်ငါ့ကို နောက်ယောင်ခံမလိုက်ဘူးဆိုပြီး ဒီနေရာကိုဘယ်လိုလုပ်သိလာတာလဲ။” ကျွန်မ မေးလိုက်တော့ ကောင်လေးက ရှက်ပြုံးပြုံးရင်း...

“အစ်မက မြို့ခံမဟုတ်လောက်ဘူးထင်တာနဲ ဟိုတယ်တွေ တစ်ခုချင်းစီလိုက်မေးကြည့်တာလေ။ မြို့ထဲမှာက ဟိုတယ်များများစားစားမှမရှိတာ။”

သူပြောတဲ့အတိုင်းဆို ခက်ခက်ခဲခဲမဟုတ်တဲ့ပုံပဲ။ ဒါပေမဲ့ ဒီကောင်လေးက ကျွန်မကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို ပြန်ပေးရုံသက်သက်နဲ့ ဒီကိုလိုက်လာတယ်လို့တော့ မထင်ဘူး။

“တခြားကိစ္စတစ်ခုခု ရှိသေးလား။” ကျွန်မလည်း ဝေ့ဝိုက်မနေတော့ဘဲ ကောင်လေးကို စေ့စေ့ကြည့်ပြီး မေးလိုက်တာပေါ့။

“တကယ်က ဖိုးဖိုးကို လက်ဆောင်ပေးဖို့အတွက် ပန်းချီဆွဲနေတာပါ။ အဲဒီအချိန်အစ်မကိုတွေ့တာနဲ့ မနေနိုင်ဘဲ ပုံဆွဲမိသွားတာ။ မလုပ်သင့်ဘဲသိပေမဲ့ အစ်မရဲ့ပုံစံက ပြီးပြည့်စုံလွန်းနေတာနဲ့ နောက်ကနေလိုက်ပြီး ခွင့်တောင်းဖို့ကြိုးစားရင်း အဲဒီလိုဖြစ်သွားတာပါ။”

ကြည့်ရတာ ဒီကောင်လေးမှာလည်း ကျွန်မတို့မသိတဲ့ ဇာတ်လမ်းတစ်ခုရှိနေတဲ့ပုံပါပဲ။ ဒါကြောင့်ကျွန်မ သူပြောတဲ့စကားတွေကို ငြိမ်ငြိမ်လေးဆက်ပြီးတော့ နားထောင်ဖြစ်ခဲ့တယ်။ ဆယ်ဗီရဲ့ဆုံးမစကားအတိုင်း နားထောင်သူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်းနဲ့ပေါ့။

....

ကျွန်တော့် နာမည်က ဂျူလီယန်ပါ။ အဖိုးကတော့ ဒီမြို့ထဲမှာ သိပ်ကိုလေးစားခံရတဲ့ ပန်းချီဆရာကြီးလေ။ အဖိုးရဲ့ပုံတူပန်းချီကားတွေက ပါရီပြခန်းတွေအထိပါ ပေါက်ရောက်ခဲ့တာ။

ကျွန်တော့်မိဘတွေက အလုပ်ကိစ္စနဲ့ပါရီမြို့မှာပဲ အနေများတာမလို့ ကျွန်တော်သူတို့နဲ့လိုက်နေရတာ ဆိုပေမဲ့ အခုလိုကျောင်းပိတ်ရက်မျိုးဆိုရင်တော့ အဖိုးအိမ်ကိုလာလည်ဖြစ်တယ်လေ။

ဒီလိုနဲ့တစ်နေ့တော့ ကျွန်တော်ဝါသနာအရ ပုံဆွဲတဲ့ကိစ္စ အဖိုးသိသွားပြီး သိပ်ပျော်နေခဲ့တာ။ ဒါပေမဲ့ ပြဿနာလေးတစ်ခုတော့ ရှိနေခဲ့တယ်။

...

ဂျူလီယန်ဆိုတဲ့ကောင်လေးက ကျွန်မတို့ကို သူ့ရဲ့ပုံဆွဲစာအုပ်ကိုပြတယ်။ သူဆွဲထားတာတွေက တော်တော်လေးလှပေမဲ့လို့ အနောက်တိုင်းပုံတူပန်းချီ လက်ရာမျိုးမဟုတ်ဘူးရယ်။

အလင်းအမှောင်နဲ့အရောင်မှိုင်းမှိုင်းတွေကို ဦးစားပေးရမယ့်အစား လင်းလဲ့နေပြီးတော့ ကာတွန်းပုံဆန်တဲ့ ဂျပန်အန်နီမေးရှင်းလက်ရာတွေနဲ့ ဆင်တူနေခဲ့တာ။

ကျွန်မအတွက်ဆွဲထားတဲ့ ပုံကြမ်းတွေတောင်မှ အဲဒီလိုပုံစံလေးတွေ။ ချစ်စရာလေးတွေဆိုပေမဲ့ ပြင်သစ်ပန်းချီဆရာတွေသုံးလေ့ရှိတဲ့ပုံစံမျိုး မဟုတ်ဘူး။

....

ကျွန်တော်ငယ်ငယ်ကတည်းက ဂျပန်အန်နီမေးရှင်းတွေ ကြည့်ခဲ့တာ။ သဘောကျလွန်းလို့ သူတို့ကိုအတုယူပြီး လိုက်ဆွဲခဲ့တာမလို့ အဲဒီလက်ရာပုံစံက ကျွန်တော့်ရဲ့လက်ရာပုံစံဖြစ်နေပြီ။

အဖိုးက အဲဒီအကြောင်းကိုသိတော့ သိပ်ကို စိတ်ဆိုးတော့တာပဲ။

“ခုခေတ်ကလေးတွေက သုခမပန်းချီပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး။ မင့်လက်ရာက ကာတွန်းဆွဲဖို့လောက်ပဲ ရမှာပေါ့ဟ။”

အဖိုးက တစ်ယူသန်ကြီးရယ်။ သူ့အနောက်တိုင်း ပန်းချီပညာကို ကျွန်တော့်ကို အတင်းသင်ပေးဖို့ လုပ်တယ်။ ပြီးတော့ ကျွန်တော် တက်ပလပ်နဲ့ ပန်းချီဆွဲတာကိုလည်း သဘောမကျဘူး။

“ပန်းချီဆရာဆိုတာ ပန်းချီနဲ့တိုက်ရိုက်ထိတွေ့နေမှ ရင်ခုန်သံချင်းထပ်တူကျတာကွ။”

ဒါကြောင့်ပဲ ခဲပန်းချီသင်ခဲ့ရတာ။ သင်ခဲ့မိလို့ ပျော်တယ်ဆိုပေမဲ့ အဖိုးပြောတဲ့ အနောက်တိုင်းပုံတူပန်းချီပ​ညာမှာ ကျွန်တော်ညံ့တာတော့အမှန်ပဲ။

အလင်းအမှောင်အယူအဆတွေက ကျွန်တော့်အတွက် အသစ်အဆန်းဖြစ်ပြီး အရောင်စပ်တဲ့အယူအဆလည်း တူမနေပြန်ဘူး။ ဒါကြောင့် ပျင်းရိလာပြီးတော့ မလေ့လာဘဲ ပစ်ထားမိလိုက်တော့တာ။

ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က အဖိုးရဲ့မွေးနေ့လေ။ အဖိုးကို အံ့ဩသွားအောင်လို့ လက်ဆောင်ကောင်းတစ်ခု ပေးချင်ခဲ့တာ။ ဒါကြောင့် အဖိုးရဲ့ပုံတူကိုဆွဲခဲ့ပေမဲ့ အနောက်တိုင်းပုံစံသေချာမတတ်တာနဲ့ ဉာဏ်ရည်တု ထဲထည့်ပြီးတော့ ကျွန်တော့်ပုံကြမ်းကို ပြင်ခိုင်းလိုက်မိရော။

....

နားထောင်နေတဲ့ ကျွန်မနဲ့ဆယ်ဗီတို့ ကောင်လေးကို ပြိုင်တူကြည့်မိလိုက်တယ်။ အခုသူက ငိုမဲ့မဲ့နဲ့ အပြစ်ကြီးတစ်ခု လုပ်မိထားတဲ့သူလိုမျိုးပဲ။

“နင့်အဖိုး ရိပ်မိသွားတာလား။” မမလေးဆယ်ဗီက တိုက်ရိုက်မေးလိုက်တော့ ကောင်လေးက ခေါင်းညိတ်ပြတယ်။

“ဟုတ်၊ အဲဒီလိုပါပဲ။”

...

“ဒါမင်းဆွဲတဲ့လက်ရာမဖြစ်နိုင်ဘူး၊ ပန်းချီဆရာ တစ်ယောက်ရဲ့လက်ရာကို မဖြစ်နိုင်တာ။”

အဲဒီနေ့ မွေးနေ့ပွဲမှာ အဖေ၊အမေတို့နဲ့အတူရှိနေတုန်း အဖိုးကကျွန်တော့်ပန်းချီကားတုကြီးကိုကြည့်ပြီးတော့ညအော်ဟစ်နေတော့တာ။ အဖေကလည်း အဖိုးကို ဉာဏ်ရည်တုပန်းချီအကြောင်း နားလည်အောင် ရှင်းပြတာပေါ့။ အဲဒီမှာ ထင်မှတ်မထားတဲ့အရာတစ်ခု ဖြစ်လာတော့တာပဲ။

“မိုက်လိုက်တဲ့ငါ... မိုက်မဲလိုက်တဲ့ငါ... ငါ့​မြေးကိုငါ သေချာမဆုံးမမိလို့ ငါ့မြေးက လမ်းလွဲပြီး အနုပညာကိုပါ စွန့်ပစ်သွားပြီပဲ။” ဆိုပြီးတော့ ထိုင်လျက်သွားတာ အခုထိ သတိကောင်းကောင်းမရတော့ဘူး။

ဆရာဝန်တွေပြောတာတော့ အဖိုးက စိတ်ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီးတော့ လေဖြ န်းသလိုဖြစ်သွားတာတဲ့။

ကျွန်တော် သိပ်ကိုဝမ်းနည်းမိခဲ့တာ။ ကျွန်တော်က လေ့ကျင့်ပြီးမှရသင့်တဲ့ရလဒ်တစ်ခုကို အတုပြုလုပ်ပြီး အဖိုးကိုလှည့်စားခဲ့မိတာလေ။ ပြောရရင် ကျွန်တော် ဖန်တီးထားတဲ့အရာတစ်ခုတောင်မဟုတ်တော့ဘူး။ ကျွန်တော့်နှလုံးသားက ပေါက်ဖွားလာတဲ့အနုပညာလည်း မဟုတ်နေဘူး။ ဒီအတိုင်း အဖိုး ကျွန်တော့်ကို အထင်ကြီးစေချင်လို့ ဖန်တီးခဲ့တဲ့ ဟန်ဆောင်မှုတစ်ခုပဲ။

လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုပေါ့။ ကျွန်တော် တော်တော်ဆိုးတဲ့အရာတစ်ခုကို လုပ်မိခဲ့တာပဲ။

အခုအဖိုးက သတိပြန်ရလာပြီ။ ကျွန်တော့်ကြောင့် ပျက်စီးသွားခဲ့တဲ့ အဖိုးရဲ့လက်ဆောင်​လေးကို ကျွန်တော်ပြန်ပေးချင်တယ်။

အဲဒီလိုနဲ့ပဲပုံဆွဲဖို့ထွက်လာရင်း အစ်မကိုတွေ့ခဲ့ရတာ။

....

“အစ်မ၊ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် မော်ဒယ်လုပ်ပေးပါ။”

ဇာတ်ကြောင်းကို ကျွန်မတို့နားလည်အောင်ပြောပြီးတဲ့ အခါမှာတော့ ကောင်လေးက ကျွန်မကိုတောင်းဆို လာပါတယ်။ အရင်ကဆိုရင် ငြင်းမိမှာဆိုပေမဲ့လို့ အခုတော့ ဒီကောင်လေးကလူဆိုးမဟုတ်မှန်းသိနေပြီ။ သူ့မှာစေတနာကောင်းလည်း ရှိနေတယ်ဆိုတာသိရတော့ ဘယ်လိုကိုင်တွယ်ရမလဲ ကျွန်မမသိတော့ဘူး။

“မ... မမလေးဆယ်ဗီ...” အကြပ်ရိုက်နေတဲ့မျက်နှာနဲ့ မမလေးဆယ်ဗီကိုလှည့်ကြည့်တော့ သူက လက်မထောင်ပြတယ်။ ဒါနဲ့ပဲ၊ ကျွန်မခေါင်းညိတ် ပြမိတော့တာ။

“အင်း၊ ဒါပေမဲ့ ထူးဆန်းတဲ့ပုံတွေ မဆွဲရဘူးနော်။ ပြီးတော့ နောက်ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပန်းချီဆွဲချင်ရင် ခွင့်တောင်းနော်။”

“ဟုတ်ကဲ့မမ။” ကောင်လေးက ယဥ်ကျေးစွာ ဖြေလိုက်ပြီး ရုတ်တရက်ကြီး ကျွန်မလက်တစ်ဖက်ကို သူ့လက်နဲ့ဆွဲကိုင်လိုက်တယ်။

“ကျွန်တော့်ကို လက်ခံပေးတဲ့အတွက်ကျေးဇူးပါ။ ဒါဆို နောက်နေ့မနက်တွေ့ကြမယ်နော်။”

အဲဒီနောက်တော့ ကောင်စုတ်လေးက ကျွန်မအဖြေကို မစောင့်တော့ဘဲ ဟိုတယ်ထဲကနေထွက်ပြေးသွားရော။

“မမလေးဆယ်ဗီ... ကျွန်မအသားယူခံလိုက်ရတာလား။” နောက်ဆုံးဖြစ်သွားတဲ့ကိစ္စကို ကျွန်မကိုယ်တိုင်လည်း နားမလည်ဘူး။ မမလေးဆယ်ဗီကတော့ ဗိုက်နှိပ်ပြီး ရယ်နေလေရဲ့။

“ လူပျိုဝင်စကောင်လေးပဲဟယ်၊ ဒီလောက်တော့ ရှိမှာပေါ့။ အတတ်စမ်းစအရွယ်ကိုး။ ဒါပေမဲ့မနက်ဖြန် အချိုးမပြေတာရှိရင်တော့ ရိုက်သာရိုက်။ ကောင်လေးတွေဆိုတာ ငယ်ငယ်ကတည်းက ပုံသွင်းထားမှ လူကြီးလူကောင်းဆန်တတ်တာ။”

မမလေးဆယ်ဗီကတော့ ဆရာကြီးလေသံနဲ့ပြောပြန်ပြီ။ အဲဒီစံနှုန်းတွေက သခင့်အပေါ် မော်လီချမှတ်ထားခဲ့တဲ့ စံနှုန်းတွေဖြစ်နေပေမဲ့ပေါ့။

“ဒါပေမဲ့ ကျွန်မက အရုပ်တစ်ရုပ်လေ။ သူကျွန်မကို တကယ်သဘောကျသွားရင် မခက်ဘူးလား။” ကျွန်မ ဝတ်ထားတဲ့ လက်အိတ်အဖြူကိုချွတ်ပြီး စက်ရုပ်ဆန်ဆန် လက်တွေကိုကြည့်လိုက်မိတယ်။

“နင်သူ့ကို သဘောမကျဘူးဆိုရင် ဘာလို့ အဲဒီလောက်ထိ သူ့အတွက် ထည့်စဥ်းစားနေရတာတုန်း။” မမလေးဆယ်ဗီရဲ့စကားကြောင့် ကျွန်မနေရခက်လာပြီ။

“ဒါနဲ့၊ နင်ဝယ်ထားတဲ့ပစ္စည်းတွေလည်း ပြန်ရပြီဆိုတော့ မော်လီကိုပြောပြီးတော့ ဟင်းချက်ဖို့ ပြင်ဆင်သင့်ပြီလို့ မထင်ဘူးလား။” မမလေးဆယ်ဗီက ကျွန်မ အခက်တွေ့နေမှန်းသိတော့ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။ ထုံးစံအတိုင်းစားစရာအကြောင်း ပြန်ရောက်သွားပြီးတော့ ထက်မြက်တဲ့ မမလေးအစား ကျွန်မတို့သိကြတဲ့ အစားမက်တဲ့ မမလေးဖြစ်သွားပြန်ပြီ။

“ဟုတ်၊ အခုချက်ချင်း ပြင်ဆင်လိုက်ပါမယ်။” ကျွန်မ ချက်ချင်းတုံ့ပြန်လိုက်တာပေါ့။

All Chapters