အခန်း (၆၀၁-၆၀၄)
Vol. 31 Ch. 601-604
Space and Rebirth 601
Trans: Esth
ကျန်းရုံသည် ခေါင်းကိုတွင်တွင်ခါလိုက်သည်။ မနေ့ညမှ အဖြစ်အပျက်ကို ပြန်တွေးကြည့်လိုက်သောအခါ နွေခေါင်ခေါင်မိုးကြိုးပစ်သလို ဖြစ်သွားပြီး အလွန်နာကျင်ခံစားလိုက်ရ၏။
သူမသည် တစ်ပိုင်းတစ်စမှတ်မိသော်လည်း ထိုမှတ်ဉာဏ်မှာလည်း ဝိုးတဝါးဖြစ်နေသည်။ ယမန်နေ့က ဘာကြောင့်မှန်းမသိ အလွန်ပင်ပန်းနေခဲ့သည်ကိုသာ သူမမှတ်မိလေ၏။ ထို့နောက် တစ်စုံတစ်ဦးမှ သူမနားထဲသို့ တစ်ခုခုကိုဆက်တိုက်ပြောနေပြီး ထိုသူ၏စကားကို သူမလက်ခံခဲ့သည်။ ထို့နောက် သူမသည် ငြင်းဆန်ခုခံခြင်းမရှိဘဲ မိမိကိုယ်တိုင်အိမ်ကြီးထဲသို့ လမ်းလျှောက်ဝင်သွားခဲ့ပုံပေါ်၏....
တစ်ညလုံးလုံး သူမသည် ဂျိမ်းစ်စေသမျှကိုလုပ်ခဲ့ပြီး သူပြုသမျှနုခဲ့သည်။ သူမသည် အောက်တန်းစားဆန်ပြီး အရှက်ကင်းမဲ့ကာ ရွံရှာဖွယ်ကောင်းသောလူတစ်ဦးဖြစ်ခဲ့၏....
ကျန်းရုံသည် အလွန်တုဏှိဘာဝေဖြစ်သွားသည်။ သူမအဓမ္မကျင့်ခံခဲ့ရသလော? သို့ရာတွင် သူမသည် အလွန်နာခံကျိုးနွံနေခဲ့သည်။ အော်ဟစ်ခြင်းလည်းမရှိသလို တွန်းထုတ်ခြင်းလည်းမရှိခဲ့ပေ။ သူမခန္ဓာကိုယ်တွင်လည်း အနမ်းရာများမှအပ အခြားပြင်ပဒဏ်ရာများမရှိသခြင့် အခြားသူများအားသူမပြောလျှင်ပင် ယုံကြမည်မဟုတ်ချေ!
“အဲ့လိုမဟုတ်ဘူး...ကျွန်မလည်း ဘာလို့အဲ့လိုလုပ်ခဲ့တယ်ဆိုတာမသိဘူး...”
ကျန်းရုံရေရွတ်လိုက်သည်။ ရုတ်ချည်းဆိုသလို သူမသည် ရှောင်ဟိုင်ချင်းအားတွေးမိသွားပြီး ပြောလိုက်သည်။
“ဟုတ်တယ်! ရှောင်ဟိုင်ချင်းပဲဖြစ်ရမယ်။ သူကကျွန်မကို ဒုက္ခပေးခဲ့တာ....မစ္စတာကျိုး၊ မစ္စတာဂျိမ်းစ် တခြားလူတွေကိုမပြောပါနဲ့နော် ပြောလိုက်ရင် ကျွန်မဘဝတော့ အဆုံးသတ်သွားမှာ!”
သူမမိသားစုမှာ ဝတ်နိုင်စားနိုင်သောမိသားစုထဲတွင် ပါသော်လည်း သူမအိမ်ထောင်ရေးဖောက်ပြန်ခဲ့သဖြင့် အိမ်မှနှင်ချခံလိုက်ရပါက သူမမိဘများသည် မျက်နှာပျက်ရမည်ဖြစ်ပြီး သူမ၏အစ်ကိုများသည်လည်း သူမအား ယခင်ကအတိုင်း မျက်နှာသာပေးတော့မည်မဟုတ်ချေ။
သူမ၏ခင်ပွန်းသည် မည်မျှပင် ဖိုဝါဒီကြီးစိုးသောသူဖြစ်စေကာမူ သူမအား ကောင်းကောင်းဆက်ဆံခဲ့၏။ သူ့တွင် ဆုံးပါးသွားသောဇနီးဟောင်းတစ်ဦးရှိသော်လည်း ရှုပ်ရှုပ်ယှက်ယှက်မိန်းမများနှင့် မပတ်သတ်ခဲ့ဖူးချေ။ သူမသည် ဂုဏ်သိက္ခာရှိသခင်မတစ်ဦးအနေနှင့် နေထိုင်၍ရခဲ့သည်....
ထို့ကြောင့် သူမသည် ဤကိစ္စအား လျှို့ဝှက်ထားရပေမည်။ မည်သူ့ကိုမျှပြောပြ၍မဖြစ်ချေ။
ကျိုးဟိုင်ယန်းသည် သူမအားအထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီး မစ္စတာဂျိမ်းစ်သည် ပို၍ပင်မျက်နှာပျက်သွားသည်။
သူမသည် ယမန်နေ့ညက မည်ကဲ့သို့ပုံစံဖြစ်ခဲ့သည်ကို နှစ်ဦးသားသည် ရှင်းရှင်းလင်းလင်းသိကြသော်လည်း သူမမှာမူနိုးလာသည်နှင့် သူတို့အားပုန်ကန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမသည် နှစ်ဦးနှစ်ဖက်လုံးကို အခွင့်ကောင်းယူချင်နေသည့်ပုံမဟုတ်ပါလော?
သို့မဟုတ် မစ္စတာဂျိမ်းစ်မှ သူမအားမည်သည့်အရာမှ မပေးနိုင်ကြောင်းကို သိရှိသွားသဖြင့် ရေစုန်မျောနေပြီဖြစ်သော သစ်ပင်အိုနှင့်ဆင်သည့် ရှောင်တောက်အန်းဆီသို့ ပြန်သွားကာ တွယ်ကပ်လိုခြင်းလော?
“ငါတို့ဘယ်သူ့ကိုမှမပြောရင်တောင် တခြားသူတွေကတော့ လျှို့ဝှက်ထားပေးနိုင်မယ်မထင်ဘူး။ မဒမ်ရှောင် ခင်ဗျားသမီးနဲ့ ဒရိုင်ဘာက တစ်ညလုံးခင်ဗျားကို အပြင်မှာစောင့်နေတာ။ ခင်ဗျားသူတို့ကို အရင်စကားပြောရလိမ့်မယ်ထင်တယ်”
ကျိုးဟိုင်ယန်းစကားပြောပြီးနောက် သူသည် သူမအားအိမ်ကြီးထဲမှ နှင်ထုတ်ရန် အစောင့်များကို စေခိုင်းလိုက်သည်။
ကျန်းရုံမတုံ့ပြန်နိုင်ခင်တွင်ပင် သူမသည် တံခါးအပြင်ဘက်သို့ ရောက်ရှိနှင့်ပြီဖြစ်သည်။
အိမ်အပြင်ဘက်ရှိ နေလုံးကြီးမှာ လောင်မြိုက်ပူပြင်းနေသည်။ သူမသည် မနေ့ညက ဂါဝန်အသစ်ကို ဝတ်ထားဆဲဖြစ်သော်လည်း ထိုဂါဝန်သည် ထိုညမှ အကြွင်းအကျန်များကို မဖုံးကွယ်နိုင်ခဲ့ချေ။
ထို့အပြင် ရှောင်ဟိုင်ချင်းနှင့် ဒရိုင်ဘာဦးလေးလျို့သည် သူမအား တစ်ညလုံးအပြင်ဘက်တွင် စောင့်နေခဲ့ကြသည်ဟု သူတို့ပြောခဲ့သေး၏။
ထင်ထားသည့်အတိုင်းပင် ဤသည်မှာ ရှောင်ဟိုင်ချင်းလက်ချက်ဖြစ်မည်။ ထိုခွေးမ၏ အောက်တန်းစားကလေးသည် အလွန်ဆိုးရွားလှပေသည်။ သူမအား ဤနေရာသို့ခေါ်လာခဲ့သည်မဟုတ်လော!
ကျန်းရုံသည် မြေပြင်ပေါ်မှ ဒယီးဒယိုင်ဖြင့်ထလိုက်သည်။ အိမ်ကြီး၏ပတ်ဝန်းကျင်မှာ ထင်ထားသည်ထက် တိတ်ဆိတ်သော်လည်း မလှမ်းမကမ်းတွင် အမည်းရောင်ကားတစ်စီးပါကင်ထိုးထား၏။ ထိုကားအား သူမချက်ချင်းမျက်မှန်းတန်းမိလိုက်သည်။ သူမခင်ပွန်းသည်မှ ထိုကားအားရွေးချယ်ဝယ်ယူနိုင်ရန် သူမကိုယ်တိုင်လိုက်ခဲ့ပေးခြင်းကြောင့် ဖြစ်၏။
သူမ၏တုန်ယင်နေသောခန္ဓာကိုယ်သည် နေရောင်အောက်တွင် မည်သည့်နွေးထွေးမှုကိုမျှ မခံစားရချေ။ သူမစိတ်သည် ဗလာနတ္ထိဖြစ်နေလေ၏။
ရှောင်ဟိုင်ချင်းသည် သူမအားလွှတ်ပေးမည်မဟုတ်ဘဲ ရှောင်တောက်အန်းရှေ့တွင် သေချာပေါက်အဓိပ္ပာယ်မရှိသည့်စကားများ ပြောပေလိမ့်မည်။ ထိုအချိန်တွင် သူမ၌ ပါးစပ်ဆယ်ပေါက်ရှိလျှင်ပင် ရှင်းပြနိုင်မည်မဟုတ်ချေ။ သူမအဘယ်သို့လုပ်ရမည်နည်း? သူတို့အား မည်သို့လုပ်ရမည်နည်း?!
ကားမှန်မှတဆင့် ရှောင်ဟိုင်ချင်းသည် ကျန်းရုံမျက်နှာပေါ်တွင် ဖြစ်ပျက်နေသောထိတ်လန့်တုန်လှုပ်မှုများကို မြင်နေရပြီး သူမနှုတ်ခမ်းစွန်းများသည် အနည်းငယ်ကွေးညွှတ်သွားသည်။
ကျန်းရုံသည် ယခုမှသာ ကြောက်နေသော်လည်း ယခင်က သူမအဘယ်သို့လုပ်ခဲ့သနည်း? ရှောင်ဟိုင်ချင်းအား ဤနေရာသို့ပို့သည့်ကိစ္စတွင် သူမအဖေအား ဘေးမှလှုံ့ဆော်ပေးခဲ့သည့်အချိန်၌ သူမသည် အဘယ်ကြောင့်မကြောက်ရွံ့နေခဲ့သနည်း? ကျန်းရုံသည် သူမအပေါ် အားနာမှုအနည်းငယ်မျှပင် မရှိခဲ့ပါချေ။ ထို့နောက် ကျန်းရုံသည် သူမအဖေနားထဲသို့ မဟုတ်တမ်းတရားများဆက်ပြောနေသေး၏။ ယခုမူ သူမနှင့်ထိုက်တန်သောအပြစ်ကြွေးကို ဆပ်နေရလေပြီ!
Space and Rebirth 602
Trans: Esth
ကျန်းရုံမှ စကားစရှာမရဖြစ်နေချိန်တွင် ရှောင်ဟိုင်ချင်းသည် ကားတံခါးကိုဖွင့်ကာ သူမထံလျှောက်သွားလိုက်သည်။
ရှောင်ဟိုင်ချင်းသည် သူမ၏ဆံပင်တိုအားသပ်ရပ်စွာဖြီးထားပြီး လူများ၏စိတ်အာရုံအား ညှို့ယူနိုင်သော ခန့်ညားမှုတစ်ရပ်ရှိနေသည်။ ထိုဂါဝန်ဝတ်ထားချိန်တွင် သူမသည် ယောက်ျားလျာလေးတစ်ဦးနှင့် လုံးဝမတူပါချေ။
သူမသည် အရာအားလုံးကို တိုက်စားနိုင်စွမ်းရှိသကဲ့သို့ တောက်ပနေသောမျက်လုံးများဖြင့် တစ်လှမ်းချင်းချည်းကပ်လာသောအခါ ကျန်းရုံ၏နှလုံးသားများ တုန်ယင်သွား၏။
သူမလက်ချက်ပင်ဖြစ်ရမည်။ သူမသည် ကလဲ့စားချေရန် ရောက်လာပေပြီ။
“အန်တီကျန်း ဒီလောက်ထိရဲတင်းလိမ့်မယ်လို့မထင်ခဲ့ဘူး!”
ရှောင်ဟိုင်ချင်းသည် ဟက်ခနဲရယ်လိုက်သော်လည်း လှုပ်ရှားမှုမပျက်ခဲ့ချေ။ သူမသည် အလွန်ဖော်ရွေသောပုံစံဖြင့် ကျန်းရုံအပေါ်လက်တင်လိုက်သည်။
ကျန်းရုံသည် ၎င်းကိုကြားသောအခါ ချက်ချင်းပင် ရှောင်ဟိုင်ချင်းအား တွန်းထုတ်လိုက်၏။
“ခွေးမ! ငါ့ကိုဒုက္ခပေးခဲ့တာနင်ပဲ! နင်ငါ့ကိုဒုက္ခပေးခဲ့တာ! ရှောင်ဟိုင်ချင်း ငါနင့်အပေါ်ဘာများမှားခဲ့လို့လဲ? ဘာလို့ငါ့ကိုဒီလိုမျိုးအရှက်မရှိတဲ့နည်းနဲ့ နှိပ်စက်ရတာလဲ!”
“အရှက်မရှိဘူးတဲ့လား? ဟဟ”
ရှောင်ဟိုင်ချင်းဟက်ခနဲရယ်လိုက်သည်။
“အန်တီကျန်း ကျွန်မဒီကိုအပို့ခံရတာ ကျွန်မအဖေကြောင့်သက်သက်ပဲလို့ ပြောရဲသေးတာလား? ရှင်ပဲဘေးနားကနေ မြှောက်ထိုးပင့်ကော်လုပ်ပေးနေတာမဟုတ်ဘူးလား?”
သူမအဖေသည် ကြောင်သူတော်ကြွက်သူခိုးဖြစ်၏။ သူသည် သူ၏သမီးအရင်းအား အခြားသူလက်ထံပို့ချင်လျှင်ပင် သူသည် ဤမျှလောက်သိသာသောနည်းလမ်းဖြင့် လုပ်မည်မဟုတ်ချေ။ တစ်စုံတစ်ယောက်မှ သူ၏မာနအားပင့်တင်ပေးသည့်အနေဖြင့် အကြောင်းပြချက်များရှာပေးပြီး သူမကဲ့သို့ နစ်နာသူတစ်ဦးအတွက် ဤသို့လုပ်ရုံမှတစ်ပါးအခြားရွေးချယ်စရာမရှိဟု အတွေးများထည့်ပေး၍သာ ဤသို့ဖြစ်ရခြင်းဖြစ်သည်။
ထို့အပြင် ထိုကဲ့သို့ဆက်တိုက် ဘေးနားမှမီးလောင်ရာလေပင့်လုပ်နေသောသူမှာ အခြားသူမဟုတ်ဘဲ ကျန်းရုံပင်မဟုတ်လော?
ကျန်းရုံသည် အကြံဆိုးများဖြစ်မြောက်ရန် အခြားသူတစ်ယောက်အား အသုံးချခဲ့သည်ဟုပင်ပြောနိုင်သည်။ သူမဖခင်နှင့်ယှဥ်လိုက်လျှင် သူမအား ပြန်မထလာနိုင်ရန် လုပ်ခဲ့သူမှာ ကျန်းရုံသာဖြစ်၏။ အဘယ်ကြောင့် သူမပါးစပ်ထဲမှ အမှားလုပ်ခဲ့ခြင်းမရှိဟု ပြောင်ပြောင်တင်းတင်းပြောနိုင်ရသနည်း?
ရှောင်ဟိုင်ချင်းသည်လည်း ထိုမေးခွန်းကို မေးချင်မိ၏။ သူမသည် ကျန်းရုံအား ဘာအမှားများလုပ်ခဲ့သနည်း? ကျန်းရုံမှ မိသားစုထဲရောက်ရှိလာသည်နှင့် သူမအား အကြိမ်ကြိမ်အခါခါပစ်မှတ်ထားခဲ့ပြီး သူမဖခင်နှင့်သွေးခွဲကာ သူမအား အိမ်ခြေရာမဲ့တစ်ဦးကဲ့သို့ခံစားရအောင် လုပ်ခဲ့သည့်အပြင် သူမကိုပါ ပြစ်မှားခံရလုနီးနီးဖြစ်အောင် ကြံစည်ခဲ့သည်။
သူမသည် ပထမဇနီး၏သမီးဖြစ်သည်ဆိုရုံဖြင့် ဤသို့လုပ်ရသလော? သူမ၏မိခင်သည် သူမ၏ဖခင်အား ကျန်းရုံထက်စောတွေ့ခဲ့သည်ဟူသော အချက်ကြောင့်သက်သက်လော?
ဤသည်မှာ ရှောင်ဟိုင်ချင်း၏အပြစ်လည်းမဟုတ်ပါပေ။
ရှောင်ဟိုင်ချင်းသည် ပြုံးကာ သက်ပြင်းတစ်ချက်ကိုချလိုက်သည်။
“အန်တီကျန်း အဲဒါတွေအားလုံးအတိတ်မှာကျန်ခဲ့ပါပြီ။ အန်တီကျန်းကို နည်းနည်းတော့အပြစ်တင်ခဲ့ပေမယ့် မနေ့ညက သမီးတကယ်ဘာမှမလုပ်ခဲ့ဘူး။ အထဲဝင်ထိုင်ချင်လားလို့ ယဥ်ယဥ်ကျေးကျေးမေးခဲ့ရုံသာရှိတာ။ အန်တီကျန်းက စဥ်းတောင်မစဥ်းတော့ဘဲ ချက်ချင်းသဘောတူလိုက်မယ်လို့ ဘယ်သူထင်မှာလဲ? အန်တီကျန်းပုံက မစောင့်နိုင်တော့တဲ့ပုံတောင် ပေါက်နေတာ။ မယုံဘူးဆိုရင် တကယ်ပဲအဲ့လိုဟုတ်မဟုတ် ဦးလေးလျို့ကိုမေးကြည့်လိုက်လေ”
“ငါ့ဆန္ဒနဲ့လုပ်ခဲ့တာမဟုတ်ဘူး! နင်နည်းလမ်းတစ်ခုခုသုံးခဲ့တာပဲဖြစ်ရမယ်...အိပ်မွေ့ချတာလား? နင်အိပ်မွေ့ချနည်းသင်ခဲ့တာလား?”
ကျန်းရုံသည် သူမကိုယ်ကိုကာကွယ်ရန် ကြိုးစား၍ ခေါင်းထဲ၌ ဆက်တိုက်စဥ်းစားနေ၏။
“ဟက်! တကယ်စိတ်ကူးယဥ်တော်တာပဲ ပြောလက်စနဲ့ စိတ်ထိန်းချုပ်တဲ့ပညာပါတတ်တယ်လို့ စွပ်စွဲလိုက်ပါတော့လား? ဒီကမ္ဘာပေါ်မှာ အဲ့လောက်စိတ်ကူးယဥ်ဆန်တာတွေအများကြီးရှိမယ်ထင်နေတာလား?”
ရှောင်ဟိုင်ချင်းသည် သူမအား ကားထဲသို့ အတင်းခေါ်လုနီးပါးဖြင့် ဆွဲသွင်းရင်း ပြောလိုက်သည်။
ကျန်းရုံသည် သူမဝတ်ထားသောအင်္ကျီများကို ကြည့်လိုက်ပြီး အိမ်မပြန်ရဲတော့ချေ။
“ငါ့ကိုလွှတ်စမ်း! ငါ့မိဘအိမ်ဆီပြန်သွားချင်တယ်!”
“အန်တီ အဆင်ပြေရဲ့လား? ကျွန်မအဖေအပေါ် အပြစ်လုပ်ထားတာတောင် မိဘအိမ်ဆီပြန်သွားရဲသေးတယ်ပေါ့?”
ရှောင်ဟိုင်ချင်းဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး ကားတံခါးကိုပိတ်ကာ ပြောလိုက်သည်။
“ဦးလေးလျို့ သေချာမောင်းနော် သမီးတို့နှစ်ယောက် ကိုယ့်ကိုယ်ကိုကာကွယ်မှဖြစ်မယ်မဟုတ်ဘူးလား?”
ဦးလေးလျို့သည် ထိုစကားကိုကြားပြီးနောက် မရပ်ရဲတော့ချေ။
ယမန်နေ့ညက သူတို့သည် သူမအားအထဲသို့ဝင်မရှာခဲ့ချေ။ နောက်ပိုင်းတွင် သူတို့သည် ခြိမ်းခြောက်ခံခဲ့ရသည်ဟု ရှောင်တောက်အန်းအားပြောနိုင်သည်။ သို့မဟုတ်လျှင် ဆက်လက်ဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။
ကားသည် အရှိန်အဟုန်ဖြင့်မောင်းနေရင်း ကျန်းရုံသည်လည်း ဆက်လက်ရုန်းကန်နေ၏။ သို့ရာတွင် ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းဆီမှ ကိုယ်ခံပညာသိုင်းကွက်များစွာသင်ယူခဲ့သဖြင့် မူးနေလျက်ဖြင့်ပင် ဂျိမ်းစ်အား သေကောင်ပေါင်းလဲဖြစ်သည်အထိ ထိုးကြိတ်နိုင်ခဲ့သည်ဖြစ်ရာ သူမအရှေ့တွင်ရှိနေသော ကျန်းရုံအား အဘယ်သို့မကိုင်တွယ်နိုင်ဘဲရှိမည်နည်း?
မကြာမီတွင် ရှောင်ဟိုင်ချင်းသည် ကျန်းရုံအား အပြည့်အဝချုပ်နှောင်ထားနိုင်ပြီဖြစ်သည်။ ကျန်းရုံသည် တစ်လက်မမျှပင် မရုန်းနိုင်ဘဲ ကားအပြင်ဘက်မှ ရှုခင်းကိုသာ မျှော်လင့်ချက်မဲ့စွာဖြင့် ကြည့်နေနိုင်တော့သည်။ သူမသည် အလွန်တရာပင် ထိတ်ထိတ်ပျာပျာဖြစ်နေ၏။
Space and Rebirth 603
Trans: Esth
များမကြာမီတွင် သူတို့သည် ရှောင်မိသားစုအိမ်သို့ ရောက်ရှိလာခဲ့၏။
ရှောင်တောက်အန်းသည် ကုမ္ပဏီသို့ မသွားခဲ့ချေ။ သူသည် ကျန်းရုံအား တွေ့လိုက်သောအခါ ချက်ချင်းမေးလိုက်၏။
“မင်းဘာဖြစ်နေတာလဲ? ဘာလို့ငါဖုန်းခေါ်တာကို မကိုင်တာလဲ?”
ထို့နောက် သူ၏အကြည့်သည် ကျန်းရုံမှ ဖုံးဖိရန်ကြိုးစားနေသော သူမ၏လည်ပင်းထံရောက်ရှိသွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏မျက်ဆံများကျဥ်းမြောင်းသွားပြီး အံကိုကြိတ်လိုက်သည်။
“ဘာတွေဖြစ်လာတာလဲ?”
ရှောင်တောက်အန်းနဖူးပေါ်မှ သွေးကြောသည် ထင်းခနဲပေါ်လာ၏။ သူသည် လက်သီးများကို ကျစ်ကျစ်ဆုပ်ထားသဖြင့် လက်ပေါ်မှသွေးကြောများသည် ပေါက်လုမတတ်ဖြစ်နေသည်ကို မြင်နေရသည်။ သူ၏ပုံစံသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပေသည်။ ကျန်းရုံသည် ဒူးမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွား၏။ ရုတ်ချည်းပင် သူမမျက်နှာပေါ်မှ မျက်ရည်များတသွင်သွင်စီးကျလာတော့သည်။
“ယောက်ျား၊ ကျ-ကျွန်မလေ....ဒါတွေအားလုံးက ဟိုင်ချင်းအပြစ်တွေပါ သူကကျွန်မကို ဂျိမ်းစ်အိမ်ထဲအတင်းဝင်ခိုင်းခဲ့တာ...”
ရှောင်ဟိုင်ချင်းလှောင်ရယ်သံပြုလိုက်သည်။
ရှောင်တောက်အန်းသည် သူမပြောသည်ကို ယုံသွားဟန်ဖြင့် ရှောင်ဟိုင်ချင်းထံ ဝေ့ကြည့်လိုက်သည်။
“အဖေ သမီးက ဂျိမ်းစ်ရဲ့မိန်းကလေးဆိုတာ သိတယ်မှတ်လား? အဲ့လိုဖြစ်နေမှတော့ ဘယ်လိုလုပ်အန်တီကျန်းကို ဂျိမ်းစ်ဆီ ခေါ်သွားနိုင်မှာလဲ? ပြီးတော့ အမှန်တရားက အန်တီကျန်းပြောသလိုမဟုတ်ဘူး။ မနေ့ညက သွားတဲ့လမ်းမှာ သမီးအန်တီကျန်းကို မစ္စတာဂျိမ်းစ်အကြောင်းပြောမိသွားတယ်။ အဲ့အချိန်တုန်းက အန်တီကျန်းမှာ အရမ်းစိတ်လှုပ်ရှားသွားလွန်းလို့ ပါးတွေတောင်နီသွားလိမ့်မယ်လို့ သမီးဘယ်လိုထင်ခဲ့မှာလဲ။ ကားထဲကထွက်လာတော့ အန်တီကျန်းနေပြန်ကောင်းခါနီး ဖြစ်နေပြီမို့ အထဲဝင်ပြီးနှုတ်ဆက်ချင်လားလို့ မေးခဲ့တယ်။ သူလက်ခံမယ်လို့သမီးမထင်ခဲ့ပေမယ့် သူတကယ်ကြီးခေါင်းငြိမ့်သဘောတူခဲ့တယ်လေ!”
“အဲ့တော့ သမီးတို့ဝင်သွားတာနဲ့ အန်တီကျန်းက မလိုအပ်တာတွေစလုပ်တော့တာပဲ မစ္စတာဂျိမ်းစ်ကို ကပ်ဖားရပ်ဖားလုပ်ပြီး သမီးကိုနှင်လွှတ်ဖို့ကြိုးစားတယ်။ သူ-သူကလေ...အဖေပဲ ကြည့်လိုက်တော့!”
ထို့နောက် ရှောင်ဟိုင်ချင်းသည် သူမဖုန်းအားထုတ်ကာ ယမန်နေ့ညက သူမရိုက်ထားသောဓာတ်ပုံအား သူမဖခင်ကိုပြလိုက်သည်။
ဓာတ်ပုံထဲတွင် ကျန်းရုံသည် ညှို့ဓာတ်ပြင်းသောအတွင်းခံတစ်စုံကိုသာ ဝတ်ထားပြီး ဂျိမ်းစ်၏ ဘီးတပ်ကုလားထိုင်ရှေ့တွင် ဒူးထောက်ချနေ၏။ သူမမျက်နှာအသွင်အပြင်အား ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူမသည် ဂျိမ်းစ်၏ပေါင်အားကိုင်ထားပြီး ၎င်းအပေါ် သူမမျက်နှာအားအပ်ထားကြောင်း မြင်နေရ၏။ သူမမည်သည့်အရာလုပ်ဆောင်နေသည်မှာ သိသာလှ၏!
ရှောင်တောက်အန်းသည် ဤအရာကို မြင်လိုက်ရသောအခါ သူ၏စိတ်ရှုပ်ထွေးမှုများပင် အငွေ့ပျံသွားသည်။ သူသည် အားကုန်သုံးကာ သူ၏ဇနီးသည်အား ပါးရိုက်ချလိုက်၏။ ချက်ချင်းဆိုသလိုပင် ကျန်းရုံနှုတ်ခမ်းစွန်းမှ သွေးများယိုစီးကျလာတော့သည်။
“ခွေးမ! ကျန်းရုံ! ငါမင်းကိုတကယ်ယုံစားခဲ့မိတာပဲ ဒီပုံရှိနေတာတောင် ဟိုင်ချင်းအပြစ်လို့ ပြောရဲတုန်းလား? ဒါဘယ်လိုလုပ်သူ့အပြစ်ဖြစ်မှာလဲ!”
ရှောင်တောက်အန်းသည် ဒေါသတကြီးဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
သူ၏တစ်ကိုယ်လုံးတွင် ဒေါသမီးများလောင်ကျွမ်းလာပြီး ခေါင်းများမူးဝေလာတော့သည်။ သူ၏အရှေ့တွင်ရှိနေသောမိန်းမအား လည်ပင်းညှစ်သတ်ချင်မိတော့၏!
ထိုဂျိမ်းစ်ဆိုသည်မှာလည်း သူ၏သမီးကို သိမ်းပိုက်ခဲ့သည်က ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ သူ၏သမီးဆိုသည်မှာလည်း မကြာခင်တွင် အိမ်ထောင်ပြုရမည့်လူဖြစ်သည်။ သို့ရာတွင် ထိုလူသည် သူ၏မိန်းမကိုပါ ထိပါးရဲသေး၏!
သူ၏သိက္ခာလုံးလုံးကျသွားပြီဖြစ်ကြောင်းကိုသာ သူခံစားလိုက်ရတော့သည်။
ကျန်းရုံသည် မတရားခံရသလို ခံစားနေရသည်။
“ယောက်ျား! ကျွန်မတကယ်စိတ်ပါလို့လုပ်တာမဟုတ်ပါဘူး ဒီပုံကို ဟိုင်ချင်းရိုက်ခဲ့တာလေ အဲ့အချိန်တုန်းက သူအခန်းထဲမှာရှိတာကို ဘာလို့ဂျိမ်းစ်ကိုမတားခဲ့တာလဲ? သူကမှ ဒီကိစ္စကို ဂျိမ်းစ်နဲ့ဆွေးနွေးခဲ့တာ!”
ရှောင်ဟိုင်ချင်းသက်ပြင်းချလိုက်သည်။
“အန်တီကျန်း သမီးအဖေက အန်တီ့ကို ဒီလောက်ကောင်းကောင်းဆက်ဆံတာတောင် ဘာလို့ဖောက်ပြန်ပြီး အဖေ့ကိုဒေါသထွက်အောင်လုပ်ရလဲဆိုတာ သမီးတကယ်နားမလည်ဘူး”
ရှောင်ဟိုင်ချင်းထပ်ပြောလိုက်သည်။
“မနေ့ညက အန်တီပဲ ဂျိမ်းစ်ရှေ့မှာ မူရာမာယာပိုပြနေလို့ ဂျိမ်းစ်က သမီးကိုခြိမ်းခြောက်ခဲ့တာလေ။ အဲ့အချိန်တုန်းကသာ သူစိတ်ပျော်နေတာကို ဖျက်ဆီးရင် အဖေလုံးဝဒေဝါလီခံရပြီး သူ့ဘဝတစ်လျှောက်လုံး ကံဆိုးမိုးမှောင်ကျအောင် လုပ်လိုက်မယ်တဲ့ ပြီးတော့ အန်တီကိုယ်တိုင်ပဲပြောခဲ့တာ၊ သမီးသာနှုတ်မလုံရင် အဖေ့ကိုပြောပြီး သမီးကိုအိမ်ကနေ ကန်ထုတ်သတ်ပစ်ခိုင်းမယ်ဆို...အဲ့တော့ ဘယ်လိုလုပ်လုပ်ရဲမှာလဲ? သမီးကိုယ်ကိုသမီးဂရုမစိုက်ရင်တောင် အဖေ့အတွက်တော့ စဥ်းစားပေးရမယ်လေ!”
ရှောင်ဟိုင်ချင်းအသံသည်နူးညံ့နေပြီး သူမနံဘေးတွင်ရှိသော ဦးလေးလျို့သည် ရှင်းမပြတတ်စွာဖြင့် တုန်ယင်သွားသည်။ သူသည် ခေါင်းငြိမ့်ကာပြောလိုက်၏။
“ဟုတ်ပါတယ်”
ယခင်က သူသည် ဤမိသားစုဝင်သုံးဦးရန်ဖြစ်သည်ကို မြင်ခဲ့ဖူးသော်လည်း အခြေအနေများသည် ပြောင်းပြန်လှန်ကုန်သည့်ပုံပေါက်သည်...
ထိုအချိန်တွင် နူးညံ့ညင်သာသောလေသံပိုင်ရှင်မှာ မဒမ်ဖြစ်ပြီး သွေးရူးသွေးတန်းအော်ခဲ့သူမှာ မိန်းကလေးရှောင်ဖြစ်၏။ ယခုမူ ပြောင်းလဲကုန်ပေပြီ။
Space and Rebirth 604
Trans: Esth
ဒရိုင်ဘာ၏ ပူးပေါင်းသက်သေထွက်ဆိုချက်ကြောင့် ကျန်းရုံသည် မြစ်ဝါမြစ်ထဲ ခုန်ချလျှင်ပင် သူမသိက္ခာအား အဖတ်ဆယ်နိုင်တော့မည်မဟုတ်ချေ။
သူမသိက္ခာအား အဖတ်ဆယ်နိုင်လျှင်ပင် ကျန်းရုံသည် အပြစ်ကင်းစင်သောသူမဟုတ်တော့ပေ။ ဤကဲ့သို့နောက်ကျောဓားထိုးမှုမျိုးသည် ယင်ကောင်အသေ တစ်ပန်းကန်အား မျိုချလိုက်ရသလိုပင်ဖြစ်၏။ အလွန်တရာမှပင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသည်။
ကျန်းရုံသည် သူမခေါင်းအား တွင်တွင်ခါယမ်းလိုက်သည်။ သူမမျက်နှာသည် နာကျင်နေသည့်ဟန်ဖြစ်နေပြီး သူမသာ ရှောင်ဟိုင်ချင်းအားစကားဆက်ပြောခိုင်းလျှင် စုတ်ပြတ်သတ်သောအခြေအနေသို့ရောက်မည့်သူမှာ သူမသာဖြစ်ကြောင်း သိလိုက်လေ၏။
သူမသည် မြေပြင်ပေါ်မှ ကုန်းရုန်းထကာ ရှောင်ဟိုင်ချင်းအား လက်ညှိုးထိုးလိုက်သည်။
“ယောက်ျား! ဟိုင်ချင်းရဲ့စကားတွေဆိုတာ ယုံလို့ရတယ်ထင်လား? သူကဘယ်လိုလူစားမျိုးလဲဆိုတာ ရှင်မသိဘူးလား? ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူ့ကြောင့် ကျွန်မတို့ဒေါသထွက်ရတာ ဘယ်နှစ်ခေါက်တောင်ရှိပြီထင်လဲ? သူကစာလည်းသေချာမလုပ်ဘူး၊ သူ့သူငယ်ချင်းတွေနဲ့ပဲ လျှောက်သွားနေတာ။ သူသိသမျှလူတွေကလည်း လူကောင်းတွေမဟုတ်ဘူး ကျွန်မမှာတော့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ သူ့ကိုကောင်းကောင်းဆက်ဆံပေမယ့် သူကတော့ အိမ်ပြန်လာတိုင်း ကျွန်မနဲ့ရန်ဖြစ်တဲ့လူပါ! သူဘယ်လောက်ယုတ်မာလဲဆိုတာ မသိသာဘူးလား? ရှင်ကသူ့ကိုဂျိမ်းစ်လက်ထဲပို့ခဲ့လို့ ဒေါသထွက်နေတာ၊ အဲဒါကြောင့်မို့လည်း သူကျွန်မကိုဒီလိုလုပ်ခဲ့တာ!”
ရှောင်ဟိုင်ချင်းသည် ဆိတ်ငြိမ်စွာနားထောင်ပြီး သူမခေါင်းကိုငုံ့လိုက်၏။
စက္ကန့်ပိုင်းမျှကြာပြီးနောက် သူမသည် ကျန်းရုံအား သနားနေသောအကြည့်ဖြင့် ကြည့်ကာပြောလိုက်သည်။
“အန်တီကျန်းရင်ထဲမှာ အမုန်းတရားတွေ ဒီလောက်များနေမှန်း သမီးမသိခဲ့ဘူး”
“ဒါကြောင့်မို့ကိုး….အရင်ကတော့ အန်တီကျန်းကို ကမ္ဘာပေါ်မှာအပျော်ဆုံးအမျိုးသမီးလို့ သမီးထင်ခဲ့ဖူးတယ် အဲဒါကြောင့်မို့လည်း အန်တီကျန်းက တခြားသူတွေရဲ့ကလေးကို ပျိုးထောင်နိုင်တာပဲလို့ ထင်ခဲ့တာပေါ့ ဒါပေမယ့် အခုတော့ကြည့်ရတာ အန်တီကျန်းက သမီးကို ဟိုးအရင်ကတည်းက မုန်းနေခဲ့တာပဲ သမီးကိုအမြဲတမ်း အန်တီ့သမီးအရင်းလို့ သတ်မှတ်တယ်လို့ပြောနေခဲ့ပေမယ့် လက်တွေ့မှာတော့ အဲ့လိုမဟုတ်ဘူးမှတ်လား?”
“အန်တီကျန်း သမီးတကယ်စိတ်ပျက်မိတယ်။ အန်တီအရင်တုန်းက သမီးအပေါ်အရမ်းကောင်းပေးခဲ့တာ…အဲဒါတွေအားလုံးက အတုအယောင်တွေလား? အခုအန်တီက တကယ်ကြောက်ဖို့ကောင်းနေတယ်…အဖေ၊ သမီးကဆိုးပြီး လိမ္မာတဲ့ကလေးတစ်ယောက်မဟုတ်တာ သိပါတယ် ဒါပေမယ့် အဲ့လိုဆိုတိုင်း အန်တီကျန်းက နောက်ယောက်ျားတွေကို သွားမရှာသင့်ဘူးလေ မဟုတ်ဘူးလား?”
ရှောင်ဟိုင်ချင်းအသံသည် အိမ်ထဲတွင်လွင့်မျောသွားသည်။ ထိုအသံသည် အခြားအရာများနှင့် ယှဉ်၍မရလောက်အောင် ကြည်လင်ပြတ်သားနေသည်။
ထိုစကားသည် ရှောင်တောက်အန်းအား ရုန့်ရင်းကြမ်းတမ်းစွာ စေ့ဆော်လိုက်သလိုဖြစ်သွား၏။ ကျန်းရုံမှ မိန်းမပျက်တစ်ဦးကဲ့သို့ လျှောက်ပြေးလွှားနေသည်ကို မြင်လိုက်ရသဖြင့် ရှောင်တောက်အန်းသည် စဉ်းစားမနေတော့ဘဲ သူမအား ဘေးသို့ကန်ထုတ်လိုက်သည်။
“ခွေးမ! ငါမင်းကိုကွာရှင်းမယ်! မင်းဂျိမ်းစ်ကိုကြိုက်တာမှတ်လား? အခုချိန်ကစပြီး မင်းသူနဲ့သွားနေလိုက်တော့!“
သူသည် အသံနက်ဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
သူစကားပြောပြီးသည်နှင့် အိမ်ထဲမှကောင်လေးတစ်ဦးသည် အထဲသို့ပြေးဝင်လာပြီး ကျန်းရုံ၏ဒူးခေါင်းကိုဖက်ရင်းဖြင့် ရှောင်ဟိုင်ချင်းအားကြည့်ကာ ကလေးသံဖြင့်ပြောလိုက်သည်။
“စိတ်ပုပ်မကြီး မေမေ့ကိုအနိုင်ကျင့်လို့မရဘူး နင်နဲ့နင့်အမေကလူဆိုးတွေပဲ သွားသေလိုက်ကြ….”
ရှောင်ဟိုင်ချင်းသည် မျက်ခုံးများကို ပင့်လိုက်သည်။
“အန်တီကျန်း ကလေးကိုဒီလိုသင်ပေးထားတာလား?”
ရှောင်ဟိုင်ချင်းပြောလိုက်သည်။
“သမီးကလူကောင်းမဟုတ်ဘူးဆိုတာ ဝန်ခံပါတယ် ဒါပေမယ့် သမီးအမေကဘာအပြစ်များ လုပ်ခဲ့မိလို့လဲ? အဖေ၊ အမေက ဒီမိသားစုအတွက် သူ့ဘဝကိုစတေးရင်း ဆုံးခဲ့ရတာ။ သူအသက်ရှိတုန်းက အဖေ့ကို့ဆန့်ကျင်တဲ့လုပ်ရပ်တွေ တစ်ခုမှမလုပ်ခဲ့ဖူးဘူး ဘယ်လိုလုပ်ပြီး မောင်လေးကဒီလိုစကားတွေ ပြောရက်တာလဲ?”
ရှောင်တောက်အန်းသည်လည်း နေမထိထိုင်မသာဖြစ်သွား၏။
ယခင်က သူသည် သူ၏ဇနီးဟောင်းနှင့်ကျန်းရုံအား မကြာခဏဆိုသလိုယှဉ်ခဲ့ဖူးသော်လည်း သေချာစဉ်းစားကြည့်လိုက်တိုင်း ကျန်းရုံသည် ပိုသာသည်ဟုထင်စမြဲဖြစ်၏။ ကျန်းရုံသည် ငယ်ရွယ်လှပပြီး အခြားသူများအပေါ်တွေးပေးတတ်သည်။ သူ့အတွက် သားဦးရတနာတစ်ပါးကိုပင် မွေးဖွားခဲ့ပေးသေးသည်။
သို့သော် ယခုတွင်မူ သူ၏ဇနီးဟောင်းနှင့် ကျန်းရုံသည် အမှန်တကယ်ယှဉ်၍မရကြောင်း သိသွားလေ၏။ သူ၏ဇနီးဟောင်းမှာ ကျန်းရုံကဲ့သို့ မိသားစုနောက်ခံမတောင့်သော်လည်း သူမသည် သီလသမာဓိရှိပြီး သူ့အားစိတ်ပူစေရန် မလုပ်ခဲ့ဖူးချေ။ ထို့အပြင် သူမသည် အမျိုးသမီးများနေသင့်နေအပ်သည့် နည်းလမ်းများအတိုင်း လစ်ဟင်းမှုမရှိလိုက်နာနေထိုင်ကာ သေသေဝပ်ဝပ်ဝတ်စားဆင်ယင်ခဲ့သည်။ အခြားယောက်ျားများအား စကားပင်မပြောဘဲ သူ၏နံဘေး၌သာ တစ်ချိန်လုံးရှိခဲ့လေသည်!
ကျန်းရုံမှာမူ ထိုသို့မဟုတ်ပေ…
သူမအား လက်ထပ်ယူခဲ့စဉ်ကပင် သူမသည် အခြားသောယောက်ျားတစ်ဦးနှင့် ပတ်သတ်ဖူးသည့် အမျိုးသမီးဖြစ်ပြီး ယခုတွင် ထိုထက်ဆိုးရွားသောကိစ္စတစ်ခုအား လုပ်ခဲ့လေပြီ။
ယောက်ျားတစ်ဦး၏ ပိုင်စိုးပိုင်နင်းဆန်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ယောက်ျားဝါဒီကြီးစိုးသော ရှောင်တောက်အန်းအတွက်မူ ပို၍ပင်ဆိုးသေးသည်။ အမှန်တရားသည် သူ့အရှေ့တွင်ရှိနေပြီဖြစ်၍ အနည်းငယ်ပင်ထပ်တွေးမိသွားသေးသည်။
ကျန်းရုံသည် သူ့အားတစ်ကြိမ်ထက်မနည်းဖောက်ပြန်ခဲ့ဖူးသည်ဟု ထင်လာ၏။ သူ၏ ဤသားကိုပင် သားအရင်းဟုတ်မဟုတ် သံသယဝင်လာတော့သည်…