အခန်း (၆၀၅-၆၀၈)
Vol. 31 Ch. 605-608
Space and Rebirth 605
Trans: Esth
ရှောင်ဟိုင်ချင်းသည် မီးလောင်ရာလေပင့်ရာ၌လည်း အတိုင်းအတာရှိသည်ကို သိထား၏။ ထို့အပြင် သူမဖခင်သည် သူ၏ဂုဏ်သိက္ခာကိုအလွန်ငဲ့ကွက်သူဖြစ်ရာ အချို့အရာများကို တစ်ကြိမ်တည်းရှင်းပြရုံဖြင့် ကျန်သောအရာများကို သူကိုယ်တိုင်စုံစမ်းပေလိမ့်မည်။
ထို့ကြောင့် သူမဖခင်၏ မှောင်ရိပ်သန်းနေပြီး အဓိပ္ပာယ်ဖော်မရနိုင်သောအကြည့်အား မြင်လိုက်ရသောအခါ ရှောင်ဟိုင်ချင်းသည် ဝမ်းနည်းရိပ်များသန်းနေသောမျက်နှာထားဖြင့် အပေါ်သို့တက်ကာ သူမအခန်းသို့ပြန်လိုက်သည်။
ရှောင်ကျွင်းမှာမူ အဆုတ်ပေါက်ကွဲလုမတတ် အော်ဟစ်ငိုကြွေးနေဆဲဖြစ်၏။ ယခင်က သူသည် မိသားစု၏ ဘုရင်တစ်ပါးနှယ်ဖြစ်ခဲ့ပြီး လုပ်ချင်သမျှကိုလုပ်ခဲ့သည်။ သို့ရာတွင် ယခု၌ ရှောင်တောက်အန်းသည် သူ့အားသားအရင်းဟုတ်မဟုတ် သံသယဝင်နေပြီဖြစ်ရာ သူသည် အဘယ်သို့ယခင်ကအတိုင်း စိတ်လွတ်ကိုယ်လွတ်နေနိုင်တော့မည်နည်း?
အမှန်အတိုင်းပြောရလျှင် ရှောင်တောက်အန်းသည် ရှောင်ကျွင်းမှ စိတ်သဘောထားပျော့ညံ့ပြီး အသိဉာဏ်မရှိသည်ကို မြင်လိုက်ရသောအခါ အလွန်တရာရွံရှာသွားသည်။
သူ ရှောင်တောက်အန်းသည် ငယ်ရွယ်စဥ်က စဥ်းစားချင့်ချိန်နိုင်စွမ်းရှိခဲ့ပြီး မိသားစုမှလူကြီးများအတွက် ဘယ်သောအခါကမှ ပြသာနာမရှာခဲ့ဖူးချေ။ သူ၏သမီးလည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ရှောင်ကျွင်းနှင့်မတူဘဲ သူမငယ်ရွယ်စဥ်က မယုံကြည်နိုင်လောက်အောင် လိမ္မာရိုကျိုးခဲ့၏။ ရှောင်ကျွင်းမှာမူ မကျေနပ်စရာတစ်ခုတွေ့သည်နှင့် အော်ဟစ်ငိုယိုခြင်းသာတတ်နိုင်ပေသည်။ ဤကဲ့သို့စရိုက်မျိုးရှိသောလူသည် သူ ရှောင်တောက်အန်း၏ သားအရင်းဖြစ်နိုင်မည်လော?
ရှောင်ကျွင်းသည် ငိုသာငိုနေ၏။ သူ၏ဖခင်မှာ သူ့အားအေးတိအေးစက်ဖြင့် ကြည့်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူသည်ပို၍ပင် စိတ်မကျေမချမ်းဖြစ်သွား၏။
သူသည် ကလေးငယ်တစ်ဦးသာရှိသေးသည်။ ထို့ကြောင့် အခြားသူများ၏မျက်နှာရိပ်မျက်နှာကဲကို အဘယ်သို့ဖတ်တတ်မည်နည်း? သူ၏ဖခင်သည် ယခင်က ဤကဲ့သို့မဟုတ်ကြောင်းကိုသာ သူသိ၏။ ယခုမှသာ သူ၏ဖခင်သည် ထိုအောက်တန်းကျသောအစ်မဖြစ်သည့် ရှောင်ဟိုင်ချင်းကြောင့် သူ့အားချက်ချင်းဆိုသလို ဆူပူအော်ငေါက်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် အလိုလိုက်ခံရသောကလေးကဲ့သို့ သူသည် ကြမ်းပြင်ပေါ်တွင် အလျင်အမြန်လူးလိမ့်လိုက်၏။
ရှောင်တောက်အန်းကြည့်လေလေ ပိုဒေါသထွက်လေဖြစ်သည်။ နောက်ဆုံးတွင် သူသည် မျက်မှောင်ကြုတ်ကာ ရှောင်ကျွင်းအား ကြမ်းပြင်ပေါ်မှ တန်းကောက်ယူပွေ့လိုက်၏။ ထို့နောက် သူသည်စကားတစ်ခွန်းမျှမဟဘဲ ရှောင်ကျွင်းအား အခန်းထဲသို့ပစ်ထည့်ပြီး တံခါးကိုလော့ချလိုက်သည်။
“ကျွင်းကျွင်းက ငါ့သားဟုတ်လား မဟုတ်ဘူးလား?”
ရှောင်တောက်အန်းသည် ကျန်းရုံအား လှည့်ပြီးစူးစိုက်ကြည့်ကာ ထပ်မေးလိုက်ပြန်သည်။
ကျန်းရုံသည် အသက်ရှူမှားမတတ်ဖြစ်သွားသည်။ ဤသည်မှာ သူမယောက်ျားပါးစပ်မှ ထွက်လာသောစကားများဖြစ်သည်ဟု သူမမယုံကြည်နိုင်ခဲ့ချေ။ သူမသည် လုံးဝထိတ်လန့်တုန်လှုပ်သွား၏။
“ယော-ယောက်ျား...ရှင်ဘာတွေပြောနေတာလဲ...”
အတိတ်က သူမသည် ရှောင်ဟိုင်ချင်းမှာ သူနှင့်လုံးဝမတူကြောင်း ရှောင်တောက်အန်းအား သွေးထိုးဖူးသည်။ အပြင်လူတစ်ဦးသာတွေ့လိုက်လျှင် သူတို့နှစ်ဦးသည် သားအဖအရင်းမဟုတ်ဟု တွေးလိမ့်မည်ဟု ပြောခဲ့၏။ သို့သော် ထိုအချိန်တွင် ရှောင်တောက်အန်းသည် ကျယ်လောင်စွာသာရယ်မောကာ အခြားသူများ၏အမြင်အာရုံသည် မကောင်းခြင်းသာဖြစ်မည်ဟု ပြန်ပြောခဲ့သည်။ သူ၏ဇနီးဟောင်းကိုယ်ဝန်လွယ်သည့်အချိန်မှစ၍ ကလေးမွေးသည့်အချိန်ထိ သူ့အပြင်အခြားယောက်ျားများကို တွေ့ခဲ့ခြင်းပင်မရှိရာ ဤသည်မှာမဖြစ်နိုင်ချေ။
ထိုအချိန်က သူမသည် ရှောင်ဟိုင်ချင်းအား ရှောင်မိသားစုထဲမှ အောင်အောင်မြင်မြင်နှင်မထုတ်လိုက်နိုင်ရ၍ အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။ သို့သော် ယခုတွင် သူမကိုယ်တိုင် သောကမီးပင်လယ်ထဲသို့ ရောက်ရှိနေပေပြီ။
သူမရင်သွေးလွယ်သည့်အချိန်မှ မွေးဖွားသည့်အချိန်ထိ သူမအနားတွင် မည်သူမှမရှိခဲ့ပေ။ သူမ၏ခင်ပွန်းသည် အဘယ်သို့ ထိုစကားများကို ပြောနိုင်ရသနည်း!
“ကျွင်းကျွင်းက ငါ့သားဟုတ်ရဲ့လားလို့မေးနေတယ်လေ! ပြောစမ်း!”
ရှောင်တောက်အန်းသည် ကျန်းရုံ၏ပုခုံးအားကျစ်ကျစ်ဆုပ်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အံကြိတ်လိုက်သည်။
“ရှောင်တောက်အန်း! ရှင့်မှာ ရှက်တတ်တဲ့စိတ်ရောရှိသေးရဲ့လား?! ကျွင်းကျွင်းကရှင့်သားမဟုတ်ရင် ဘယ်သူ့သားလဲ! ကျွန်မကိုမယုံလည်း ကိစ္စမရှိဘူး ကျွင်းကျွင်းကိုတော့ ရှင်သံသယဝင်လို့မရဘူးလေ! ရှင့်အတွက် ဒီနှစ်တွေတစ်လျှောက် ကျွန်မဘာတွေလုပ်ပေးခဲ့ရလဲဆိုတာ ရှင်သိရောသိလား? ဘာလို့ကျွန်မဘက်မှာရှိမနေတာလဲ!”
ကျန်းရုံသည်လည်း သူ့အား မီးဝင်းဝင်းတောက်သောအကြည့်ဖြင့် ကြည့်လိုက်၏။
ရှောင်တောက်အန်းထိတ်လန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကျန်းရုံနှင့် နှစ်ပေါင်းများစွာ လက်ထပ်ထားသောတစ်လျှောက်တွင် ကျန်းရုံ၏ဆိုးရွားလှသောဒေါသပေါက်ကွဲသံအား မြင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့်ဖြစ်၏။
သူမသည် အမှားလုပ်ထားသည်မှာ သိသာနေပေသည်။ သူတို့၏ဆက်ဆံရေးကို တစ်ဆင့်ထပ်တိုးဖောက်ပြန်ပြီး ဂျိမ်းစ်အားသွားရှာခဲ့သူမှာ သူမသာဖြစ်၏။ သို့သော် သူမသည် သူဒေါသထွက်ရခြင်းအတွက် ပြသာနာပြန်ရှာရဲသေးသည်လော?
ရှောင်တောက်အန်း၏ မျက်နှာတွင် လူသတ်လိုစိတ်အရိပ်အယောင်များပြည့်သွားသည်။ သူသည် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။
“ပထမကတော့ မင်းကိုကွာရှင်းဖို့ စိတ်ကူးထားခဲ့ပေမယ့် မင်းကြည့်ရတာ ကွာပြီးတာနဲ့ အဲဒီတခြားကောင်တွေကိုသွားရှာဖို့ စဥ်းစားထားပုံပဲ! ငါမင်းအပေါ် ဒီလောက်ကောင်းခဲ့ပေးလို့ ဒီလောက်ထိရောင့်တက်နေတာလား!”
ရှောင်တောက်အန်းသည် စကားပြောရင်းဖြင့် သူမအား အိမ်ထဲသို့ပြန်ဆွဲသွင်းလိုက်သည်။
ရှောင်ဟိုင်ချင်းသည် သူတို့ဖြစ်ပျက်နေသောအရာများကို မမြင်ရသော်လည်း သူမဖခင်သည် ခွင့်လွှတ်ပေးတတ်သူမဟုတ်ကြောင်းကို သူမသိနေခဲ့၏။ ဤကဲ့သို့ရုတ်ရုတ်သဲသဲဖြစ်နေပုံအရ အိမ်တွင်းအကြမ်းဖက်မှုဖြစ်နိုင်ချေများသည်။
ရှောင်ဟိုင်ချင်းသည် အိပ်ရာပေါ်တွင်လှဲလျောင်းကာ လက်ရှိအခြေအနေအားရှင်းပြထားသော မက်ဆေ့ချ်တစ်စောင်ကို ကျင်းယွင်ကျောင်းထံပို့လိုက်၏။ သူမသည် အော်ဟစ်ငိုကြွေးသံများကို ကြားလိုက်သည်နှင့် အပြုံးတစ်ခုကွေးညွှတ်သွားသောကြောင့် သူမအသွင်အပြင်မှာ အလွန်ကျောချမ်းဖွယ်ကောင်းနေလေသည်။
Space and Rebirth 606
Trans: Esth
ကျင်းယွင်ကျောင်းသည်လည်း ရှောင်ဟိုင်ချင်းမက်ဆေ့ချ်ကို ရရှိလိုက်သောအခါ ထိတ်လန့်အံ့သြသွား၏။
ရှောင်ဟိုင်ချင်းအား လိမ်းဆေးပေးခဲ့သူမှာ သူမဖြစ်သောကြောင့် သူမကိုယ်ကိုကြံရာပါတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ သို့ရာတွင် ကျန်းရုံသည် ထိုက်သင့်သည်အရာကို ရရှိလိုက်သည်ဟု သူခံစားရ၏။
ရှောင်ဟိုင်ချင်းကလေးသာသာရှိစဥ်ကပင် ကျန်းရုံသည် သူမအား ချောက်တွန်းခြင်းများ စတင်ခဲ့သည်။ ဤအမျိုးသမီးသည် ဖြစ်ပျက်သမျှအရာအားလုံး၏ အဓိကလက်သည်တရားခံဟုပင် သတ်မှတ်နိုင်ပေသည်။ သူမသည် ရှောင်ဟိုင်ချင်းပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဖျက်ဆီးလုနီးနီးပင် ကြံစည်ခဲ့၏။ ကျင်းယ္ငင်ကျောင်းသည် သူမ၏အတိတ်ဘဝကို ပြန်တွေးကြည့်လိုက်သောအခါ ကျန်းရုံကြောင့်သာမဟုတ်လျှင် သူမယခင်ဘဝမှ ရှောင်ဟိုင်ချင်းသည် ထိုကဲ့သို့မဟူရာမုဆိုးမတစ်ဦးဖြစ်လာမည်မဟုတ်ကြောင်း သူမပို၍ပင်သေချာသွားသည်။
ကျင်းယွင်ကျောင်းသက်ပြင်းသာချလိုက်၏။ သို့ရာတွင် သူမဖုန်းကို အောက်သို့ချလိုက်ချိန်တွင် ဖုန်းမျက်နှာပြင်သည် ပြန်လင်းလာပြီး တိုးဖျော့သောဖုန်းသံကို ကြားလိုက်ရသည်။ သူမအား ဖုန်းခေါ်ဆိုနေသောသူမှာ အမည်မသိနံပါတ်ဖြစ်၏။ သူမသည် ဖုန်းကိုကိုင်လိုက်သည်။
ရုတ်ချည်းဆိုသလို ဖုန်းတစ်ဖက်ခြမ်းမှ ရင်းနှီးနေသောအသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံပိုင်ရှင်သည် ဒေါသကိုမြိုသိပ်ထားရသောအသံဖြင့် ပြောလိုက်သည်။
“ကျင်းယွင်ကျောင်း နင်ငါတို့ကိုဘာလုပ်လိုက်တာလဲ?”
“မိန်းကလေးဟယ့်ကိုး”
ကျင်းယွင်ကျောင်းပြောလိုက်သည်။
ဟယ့်ကျားစစ်၏အသံသည် သုန်မှုန်နေပြီး အသိစိတ်လွတ်နေဟန်ပေါ်သည်။ သူမရေရွတ်လိုက်၏။
“ကျင်းယွင်ကျောင်း ရူးချင်ယောင်ဆောင်မနေနဲ့! ငါ့အမေရော ငါရော နေလို့မကောင်းဘူး ဒါနင့်လက်ချက်မှတ်လား?!”
ရက်အနည်းငယ်သာရှိသေးသော်လည်း သူမအရိုးများသည် ကျိုးတော့မတတ်ဖြစ်နေသည်ဟု ခံစားနေရသည်။ သူမတစ်ကိုယ်လုံးနေရထိုင်ရမသက်မသာဖြစ်နေပြီး တစ်နေ့ပြီးတစ်နေ့ ပိုမိုကိုက်ခဲလာသည်။ သူမခန္ဓာကိုယ်အားလှည့်လိုက်တိုင်း အချိန်ကြာမြင့်စွာမပြုပြင်ထားသော စက်ပစ္စည်းတစ်ခုအား ရွှေ့သကဲ့သို့ ခံစားနေရ၏။ အလွန်ပင်နေမထိထိုင်မသာဖြစ်လှပြီး ခန္ဓာကိုယ်မှ တကျွိကျွိမမြည်ရုံတမယ်သာရှိတော့သည်။
ဤအချိန်အတွင်း သူတို့သည် ဘာကိုမျှမစားခဲ့သလို ရောဂါအခံရှိသူများလည်း မဟုတ်ကြသဖြင့် ကျင်းယွင်ကျောင်း၏ အပ်စိုက်ကုထုံး၏ အာနိသင်သက်သက်သာဖြစ်သည်။
သူတို့သည် ခန္ဓာကိုယ်အားစစ်ဆေးရန် ဆေးရုံသို့ သွားခဲ့သော်လည်း ထူးဆန်းသောအရာကို မရှာတွေ့ခဲ့ကြချေ။ အနောက်တိုင်းဆေးပညာအလုပ်မလုပ်သည်ဖြစ်ရာ သူတို့သည် တိုင်းရင်းဆေးသမားတော်ဆီသွားခဲ့ပြန်သေးသည်။ သို့ရာတွင် ထိုအဘိုးကြီးများသည် အချိန်ကြာမြင့်စွာ အမြီးမြှောက်လိုက်အီးပေါက်လိုက်သာလုပ်နေပြီး ရောဂါအရင်းအမြစ်ကို ရှာမတွေ့ခဲ့ကြချေ။
သူတို့၏ခန္ဓာကိုယ်ရှိ ချီစွမ်းအင်စီးကြောင်းမှာ ကောင်းမွန်စွာမလည်ပတ်သည့်အပြင် ယင်ဓာတ် သို့မဟုတ် ယန်ဓာတ်ချို့တဲ့နေခြင်းဟုသာ ပြောခဲ့သည်။ ဟယ့်ကျားစစ်တို့သည် ၎င်းစကားများကို နားမလည်နိုင်ပါပေ။ သူမတို့အား ကုပေးရန်သာပြောခဲ့၏။ သို့သော် တစ်ဖက်လူသည် ကုပေးနိုင်စွမ်းမရှိဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ ရောဂါအရင်းအမြစ်မှာ အလွန်ထူးဆန်းလှပြီး အပ်စိုက်ကုသရန်လိုအပ်သော်လည်း အမှားတစ်စုံတစ်ရာရှိခဲ့လျှင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပေသည်။
သူမသည် အမှန်တကယ်ပင် နားမလည်နိုင်ပါချေ။ ကျင်းယွင်ကျောင်းထံမှာ အပ်အနည်းငယ်သာ စိုက်ခံရသည်မဟုတ်လော? အဘယ်ကြောင့် ဤမျှလောက် ကြီးကြီးမားမားဖြစ်နိုင်ရသနည်း!
သို့ရာတွင် ယခုမူ ကျင်းယွင်ကျောင်းမှ အဘယ်ကြောင့် သူမတို့မှ တစ်ပတ်အတွင်း ကျင်းယွင်ကျောင်းတံခါးကို လာခေါက်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ပြောခဲ့ကြောင်း နားလည်သွားလေပြီ! ဤခွေးမသည် သူမနှင့် သူမမိခင်၏အသက်ကို ခြိမ်းခြောက်နေခြင်းဖြစ်၏!
“ကျင်းယွင်ကျောင်း နင်တစ်ခုခုပြောစမ်းပါ! အခုနင့်ကိုယ်နင်ဂုဏ်ယူနေပြီလား? မိန်းမပျက်မ! နင့်သူငယ်ချင်းတွေအားလုံးကို မုဒိန်းကျင့်ဖို့ လူတစ်ယောက်လောက်ရှာလိုက်ရမလား?!”
ဟယ့်ကျားစစ်စူးဝါးစွာအော်လိုက်၏။
ကျင်းယွင်ကျောင်း ဟမ့်ခနဲအသံပြုလိုက်သည်။
“မိန်းကလေးဟယ့် လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကြီးကိုကာလို့ရမယ်လို့ထင်နေတာလား? လုပ်နိုင်ရင် လုပ်လိုက်လေ ဒါပေမယ့် ငါ့အနားကလူတွေအန္တရာယ်တစ်ခုခုဖြစ်တာနဲ့ ငါနင့်ကိုအားလုံးပြန်ပေးဆပ်ခိုင်းပြီး နင်သေချင်စော်နံသွားစေရမယ်လို့ ငါကတိပေးတယ် မယုံမရှိနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် နင်လည်းအဲ့ခံစားချက်ကို ခံစားဖူးတယ်မှတ်လား?”
“အမှန်အတိုင်းပြောရရင် ငါကလွဲလို့ တခြားဘယ်သူမှ နင်တို့ရောဂါကို မကုပေးနိုင်ဘူး”
ကျင်းယွင်ကျောင်းပြောလိုက်သည်။
“ကျင်းယွင်ကျောင်း!”
ဟယ့်ကျားစစ်သည် ဒေါသထွက်လွန်းသဖြင့် သူမအသံသည် တုန်ခါနေသည်။ စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် သူမပြောလိုက်၏။
“နင်ဘာလိုချင်တာလဲ?!”
သူမသည် အရှုံးမပေးလိုခဲ့ပေ။ သို့ရာတွင် သူမသည် သမားတော်များစွာကို ရှာခဲ့ပြီးသည့်တိုင် မည်သူမှသူမအား မကုပေးနိုင်သည့်အပြင် လက်ရှိအချိန်၌ သူမတစ်ကိုယ်လုံးသည် အချိန်မရွေးမူးမေ့လဲကျတော့မတတ်ဖြစ်နေသည်။ ဤကဲ့သို့ ရုန်းမထွက်နိုင်သောနာကျင်မှုမျိုးသည် သစ်ဆွေးတစ်စကဲ့သို့ပင်ဖြစ်၏။ သူမသည် ဆက်လက်ခံနိုင်စွမ်းမရှိတော့ဘဲ ရီဝေဝေဖြစ်နေတော့သည်။
“အခုနင့်ပုံစံက ငါ့ကိုတောင်းတောင်းပန်ပန်ပြောနေတာနဲ့မတူပါလား....မိန်းကလေးဟယ့်၊ ဒီလိုအာကြမ်းလျှာကြမ်းပုံစံမျိုးနဲ့ ငါ့ဆီကများရာရာစစ ဆေးကုသမှုတောင်းရဲသေးတယ်ပေါ့?”
ကျင်းယွင်ကျောင်း လှောင်ပြောင်လိုက်သည်။
လိုင်းတစ်ဖက်မှလူသည် ချက်ချင်းပင် ငြိမ်ကျသွား၏။
“ပြောစမ်း ပိုက်ဆံဘယ်လောက်လိုချင်လဲ?! နင်လိုချင်သလောက် ငါပေးမယ် ဟုတ်ပြီလား?!”
Space and Rebirth 607
Trans: Esth
ဟယ့်ကျားစစ်သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ ယခုသူမသည် ကျင်းယွင်ကျောင်းအား မမြင်ရသော်လည်း သူမခေါင်းပေါ်တွင် ငွေစက္ကူများ ကြဲချလိုက်ချင်မိ၏။ ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ဤကဲ့သို့ ဟိတ်ဟန်တစ်ခွဲသားထုတ်နိုင်ဦးမည်လော သူမကြည့်ဦးမည်။
ကျင်းယွင်ကျောင်းမှ ဤစကားကိုကြားလိုက်ရသောအခါ သူမနှုတ်ခမ်းစွန်းများသည် အပေါ်သို့ကွေးညွှတ်သွားပြီး ချက်ချင်းဖုန်းချလိုက်သည်။ ငွေကြေးဟူသည်ကို သူမအမှန်တကယ်ပင်မလိုအပ်ပါချေ။
ဖုန်းချပြီးသည်နှင့် ဟယ့်ကျားစစ်သည် ချက်ချင်းပင် ကြောင်အသွားတော့သည်။
(ကျင်းယွင်ကျောင်းဘာအဓိပ္ပာယ်နဲ့ ဖုန်းချလိုက်တာလဲ? ငွေမလိုချင်တာလား ဒီထက်ထပ်လိုချင်တာလား?)
သူမသည် အံကိုကြိတ်ကာ အလျင်အမြန်ပင် ဖုန်းပြန်ခေါ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူမဖုန်းခေါ်သည်ကို မည်သူမှမကိုင်ခဲ့ချေ။ သူမသည် ချက်ချင်းဆိုသလို ဒေါသပေါက်ကွဲထွက်လွန်း၍ သူမမျက်နှာသည် ရုန့်ရင်းကြမ်းတမ်းသွားပြီး အကြောက်တရားကြောင့် တုန်ယင်သွား၏။ ကျင်းယွင်ကျောင်းသာ သူမအား ကုသရန် သဘောမတူပါက သူမသည် ဤကဲ့သို့ရက်စက်လှသောနာကျင်မှုအား ဆက်လက်ခံစားရမည်ဟူသော သဘောပင်မဟုတ်လော!
ဟယ့်ကျားစစ်သည် သွားများကျိုးတော့လုမတတ် အံကိုတင်းတင်းကြိတ်လိုက်သည်။ ထိုနေ့တွင် သူမသည် အကြိမ်အနည်းငယ်ခန့် ဆက်တိုက်ခေါ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ကျင်းယွင်ကျောင်း၏အသံကို မကြားလိုက်ရချေ။
ကျင်းယွင်ကျောင်းမှာမူ ဟယ့်ကျားစစ်အပေါ်အာရုံစိုက်ရန် အချိန်သိပ်မအားလပ်ချေ။ သူမသည် ဤတိုတောင်းလှသောပိတ်ရက်အား အသုံးပြု၍ လူနာများကိုကြည့်ခြင်းဖြင့် အလုပ်ရှုပ်နေ၏။
သို့ရာတွင် သူမအချိန်ပိုထွက်လာသည်နှင့် အဘိုးရှုမှ သူမအားခိုင်းစေသောအကြိမ်အရေအတွက်လည်း များလာလေသည်။ အဘိုးရှု၏ခြံဝင်းထဲမှ ဆေးဖက်ဝင်အပင်များအားလုံးနီးပါးသည် သူမကိုယ်တိုင်ဖော်စပ်ထားခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် သူမသည် ငွေမလိုသော အထက်တန်းအလုပ်သမားတစ်ဦးကဲ့သို့ ဆက်ဆံခံနေရပေသည်။
ထိုအချိန်တွင် အဘိုးရှုမှာ အရှေ့တွင် လက်ရာမြောက်သော စားပွဲအသေးစားတစ်ခုကိုချပြီး တံခါးနားတွင်ထိုင်နေ၏။ ထိုစားပွဲပေါ်တွင် ဆေးဖက်ဝင်ဝိုင်နှင့် ဝိုင်ခွက်နှစ်ခွက်ရှိလေသည်။ သူသည် လီရှောက်ယွင်နှင့်အတူ ရယ်ရယ်မောမောဖြင့် သေရည်သောက်သုံးကာ စကားပြောနေ၏။
ကျင်းယွင်ကျောင်းသည် အပြုံးတစ်ခုကွေးညွှတ်သွားပြီး အတန်ငယ်ဆွံ့အသွားသည်။ ဤအဘိုးကြီးသည် ပုံမှန်အားဖြင့် ကျန်းမာရေးကိစ္စကိုသာ အာရုံစိုက်လေသည်။ သူမအား အလုပ်လုပ်ခိုင်းသည့်အချိန်တိုင်းတွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျန်းမာရေးအတွက်ကောင်းသည်ဟု စကားတစ်ခွန်းနှစ်ခွန်းခန့် သြဝါဒချွေလေ့ရှိ၏။ သို့ရာတွင် ထိုသို့သြဝါဒမချွေချိန်တွင် သူ၏ဘေးတွင် အမြဲလိုလိုဝိုင်တစ်ပုလင်းရှိတတ်သည်။
သူမချက်လုပ်ထားသောဝိုင်သည် အခြားဝိုင်များနှင့် မတူသော်လည်း အလွန်အကျွံသောက်သုံးလျှင် ခန္ဓာကိုယ်အတွက် ဘေးဥပဒ်ဖြစ်စေသေး၏။ အဘိုးကြီးသည် စိတ်ထဲတွင် ၎င်းကိုသိနေသော်လည်း အကျင့်အားဖျောက်၍မရချေ။ ဦးလေးရှင်းယွမ်မှ ဘေးကကြည့်တိုင်း မျက်နှာပေါ်တွင် စိတ်ပူပန်မှုများ ပြည့်နှက်သွားတတ်သည်။
ရှုရှင်းယွမ်ဆိုသည်မှာ အဘိုးရှု၏ သားအရင်းနီးပါးမှတ်ယူထားသော တပည့်တစ်ဦးဖြစ်၏။
သူမသည် ယခင်ကလိုက်လံမေးမြန်းပြီးနောက် ရှုရှင်းယွမ်ဆိုသည်မှာ ငယ်စဥ်က အဘိုးရှုမွေးစားထားသောလူဖြစ်ကြောင်း သိခဲ့ရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင်ပင် သူသည် အဘိုးရှုဘေးမှ ထွက်ခွာသွားခြင်းမရှိဘဲ အလွန်ပင်ကျေးဇူးသိတတ်၏။
“မိန်းကလေး လည်ပင်းပေါ်မှာမင်းဝတ်ထားတာ ကျောက်စိမ်းပြားလား?”
ကျင်းယွင်ကျောင်းသည် အလုပ်ရှုပ်နေစဥ် ရှုရှင်းယွမ်မှ ရုတ်တရတ်ဆိုသလိုမေးလိုက်၏။
“ဟုတ်၊ ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းအမွေရထားတာပါ”
ကျင်းယွင်ကျောင်း အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်သည်။
သူမသည် ကျင်းမျိုးနွယ်မစစ်လျှင် ကျောက်စိမ်းထဲမှ နေရာလွတ်နယ်မြေကိုဖွင့်နိုင်မည်မဟုတ်ဟု ကျောက်စိမ်းထဲရှိဘိုးဘေးမှ ပြောခဲ့ဖူးသည်။ ဤကျောက်စိမ်းသည် သူမနှင့် သူမမိဘအရင်းများကြားထဲတွင်ရှိသည့် တစ်ခုတည်းသောဆက်သွယ်ချက်ဖြစ်သည်။
ရှုရှင်းယွမ် အပြုံးပန်းဆင်ကာ ပြောလိုက်၏။
“ငါမှတ်မိသလောက် ဟိုးအရင်တုန်းက လူတစ်ယောက်မင်းဆီလာပြီး သူတို့ဆွေမျိုးဖြစ်ခိုင်းသေးသလားလို့?”
“ဟုတ်ကဲ့ ဒါပေမယ့် အဲ့လူက လူလိမ်ပါ”
ကျင်းယွင်ကျောင်းပြောလိုက်သည်။
သူမသည် ကိုယ်ရေးကိုယ်တာကိစ္စများကို အဘိုးရှုနှင့် ပြောခဲလှသည်။ အဓိကအားဖြင့် သူမသည် ယခင်က သူ၏ကလေးများနှင့်ပတ်သတ်သောကိစ္စကို ပြောခဲ့ဖူးခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် အဘိုးရှုမှာ ၎င်းကိုကြားပြီးနောက် ချက်ချင်းဆိုသလို ဒေါသထွက်သွားခဲ့သည်။ နောက်ပိုင်း သူမပြန်သိရသည်မှာ အဘိုးရှု၏တစ်ဦးတည်းသောသမီးသည် ဆုံးပါးသွားခဲ့သည်ဖြစ်သဖြင့် အခြားသူများမှ ထိုကိစ္စအားဆွေးနွေးခြင်းကို သူသည်သိပ်ကြိုက်ပုံမရခြင်းဖြစ်သည်။
ထို့ကြောင့် ထိုအချိန်မှစ၍ သူမသည် အဘိုးရှုမှ စိတ်မကောင်းမဖြစ်စေရန် ကိုယ်ရေးကိုယ်တာကိစ္စများပြောခြင်းကို ရှောင်ကြဥ်လေ့ရှိ၏။
ရှုရှင်းယွမ်သည် ခေတ္တမျှစကားစရှာမရဖြစ်သွားပြီး ပြုံးလိုက်သည်။
“အဲ့အချိန်တုန်းက ဆရာကြီးက အရမ်းမပျော်မရွှင်ဖြစ်နေခဲ့တာ နောက်တော့ မင်းအကြောင်းမေးဖို့ သခင်လေးလီကို ခေါ်ခဲ့တယ် မင်းအဆင်ပြေတယ်ဆိုတာသိပြီးနောက်မှာ သူ့စိတ်အခြေအနေလည်း ပိုကောင်းသွားတာပဲ”
သူသည် ကျင်းယွင်ကျောင်းအားစတွေ့စဥ်က သူမမိဘများ၏နာမည်ကို အဘိုးရှုမှမေးခဲ့ဖူးသည်။ သို့ရာတွင် ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် သူတို့မှာမိဘမဲ့များဖြစ်ကြောင်း ပြန်ဖြေခဲ့၏။ ယဲ့ချင်သည်လည်း ဆုံးပါးသွားပြီမဟုတ်လော။
ကျင်းယွင်ကျောင်းသည် အကြီးအကဲရှု၏တစ်ဦးတည်းသောသမီးနှင့် ဆင်လှပြီး သူမ၏သနားစရာဇာတ်ကြောင်းကြောင့် အကြီးအကဲရှုသည် သူမအား မျက်နှာသာပေးခဲ့သည်။
ကျင်းယွင်ကျောင်းသည်လည်း ဤကိစ္စနှင့်ပတ်သတ်၍ ရှင်းရှင်းလင်းလင်းသိနေခဲ့၏။ အဘိုးရှုမှ သူမအားကြည့်တိုင်း သူမဆီမှတဆင့် တစ်စုံတစ်ဦးကို လွမ်းနေသည့်ဟန်ဖြစ်နေသည်မဟုတ်လော။
“ဦးလေးရှင်းယွမ်၊ အဘိုးရှုမှာ သမီးတစ်ယောက်တည်းရှိတယ်မှတ်လား?”
ကျင်းယွင်ကျောင်းမေးလိုက်သည်။
“ဟင့်အင်း၊ သူ့မှာသားသမီးသုံးယောက်ရှိတယ်။ အကြီးအကဲရှုက အဲ့သမီးကိုပဲ အရမ်းအလိုလိုက်ပြီးချစ်ပေးခဲ့တာပေါ့။ သိပ်မကြာခင်မှာ ညီမလေးလည်း မတော်တဆဖြစ်သွားခဲ့တယ်။ အကြီးအကဲခမျာဒေါသထွက်လွန်းလို့ သူ့သားနှစ်ယောက်ကို အိမ်ပေါ်ကမောင်းချပြီး သူ့မှာသားတစ်ယောက်မှမရှိဘူးလို့ ကြုံးဝါးခဲ့တယ်လေ”
Space and Rebirth 608
Trans: Esth
ကျင်းယွင်ကျောင်းသည် ဆွံ့အသွားပြီး သူမမျက်လုံးတွင် အံ့သြရိပ်များပြည့်နှက်သွားသည်။
သမီးများကို မလိုချင်သောလူများအကြောင်း သူမကြားဖူးသော်လည်း မိမိတို့သမီးအတွက် သားအရင်းများကိုစွန့်ပစ်ခဲ့သောလူများကိုတော့ မကြားခဲ့ဖူးချေ။ သို့ရာတွင် အကြီးအကဲရှုသည် သာမန်လူမဟုတ်သဖြင့် မိန်းကလေးများထက် ယောက်ျားလေးများကို ဦးစားပေးတတ်သောသူမဟုတ်ပေ။ ထို့ကြောင့်လည်း ဟွားနင်ခရိုင်တွင် အချိန်ကြာမြင့်စွာနေထိုင်ပြီးသည့်တိုင် သူ့အား မည်သူမျှလာမရှာခဲ့ခြင်းဖြစ်၏။
သူမသည် ဤခြံဝင်းငယ်လေးထဲ မကြာခဏလာလေ့ရှိသော်လည်း ဤနေရာတွင် သူမတွေ့ခဲ့ဖူးသည့် တစ်ဦးတည်းသော “သူစိမ်း” မှာ လီရှောက်ယွင်ဖြစ်သည်။
“ဦးလေး...ဦးလေးက ညီမလေးလို့ခေါ်တဲ့ အဘိုးရှုသမီးကလေ ဘာတွေဖြစ်ခဲ့တာလဲ?”
ကျင်းယွင်ကျောင်းသည် ခေတ္တမျှစဥ်းစားပြီး ပြောလိုက်သည်။
သူမသည် မည်သည့်အခါကမှ အတင်းတုပ်တတ်ဖူးသူမဟုတ်သော်လည်း အဘိုးရှုနှင့် အချိန်ကြာမြင့်စွာအတူရှိပြီးသည့်တိုင် သူနှင့်ပတ်သတ်၍ တစ်လုံးတစ်ပါမျှမသိခဲ့ချေ။ တစ်ခါတစ်ရံတွင် သူမသည် အဘိုးရှုအား ဂရုစိုက်သည့်အနေဖြင့် မေးချင်သော်လည်း မည်သို့မေးရမည်ကိုမသိချေ။ အလွန်နေရခက်သောအခြေအနေဖြစ်၏။
ရှုရှင်းယွမ်၏ လက်များရပ်တန့်သွားပြီး သူ၏မျက်နှာတွင် အတိတ်မှအကြောင်းများကို ပြန်ပုံဖော်နေဟန်ရှိသွားသည်။ သူသည် အနည်းငယ်ဝမ်းနည်းသလိုဖြစ်သွား၏။
“တကယ်တော့ ငါတို့လည်းမသိဘူး။ အခုခေတ်နဲ့ အဲ့ခေတ်နဲ့ဆိုတာ တူတော့တာလည်းမဟုတ်တော့ သူ့ကိုခြေရာခံလိုက်ဖို့ မလွယ်တော့ဘူးလေ။ သူက အဲဒီယောက်ျားနဲ့ ခိုးရာလိုက်သွားခဲ့တယ်။ ဆရာကြီးရဲ့ အကြီးဆုံးသားက အဲ့ကိစ္စကိုမျက်စိမှိတ်သဘောတူပေးခဲ့ပြီး နောက်ကွယ်ကနေ မီးလောင်ရာလေပင့်လုပ်ပေးတဲ့အနေနဲ့ သူတို့နှစ်ယောက် ဟွားနင်ခရိုင်မှာ အခြေချနေဖို့တောင် ကူညီပေးခဲ့သေးတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဘယ်မှာနေလဲဆိုတာ ဘယ်သူမှသေချာမသိဘူး။ အပတ်တိုင်း အိမ်ကိုစာရေးပို့ကြပေမယ့် တစ်နေ့မှာ ရုတ်တရတ်ကြီး ဘာစာမှဆက်မလာတော့ဘူး။ သူနဲ့အတူရှိခဲ့တဲ့ယောက်ျားကလည်း အကြောင်းရင်းမသိရဘဲ မြို့တော်ကိုပြန်သွားတယ်။ ငါတို့ဘယ်လောက်ပဲလိုက်မေးမေး ညီမလေးရဲ့အကြောင်းကို ဘာမှမသိခဲ့ရဘူး”
“ဆရာကြီးက သူ့သမီးကိုအချစ်ဆုံးပဲ။ ရှန်းလန်ပျောက်သွားပြီးတဲ့နောက်မှာ ဆရာကြီးက သူ့အခန်းထဲမှာပဲ ပိတ်နေခဲ့တယ်။ နေ့တိုင်းအရက်သောက်ရင်သောက် ဆေးတွေဖော်ရင်ဖော်ပြီး ဘဝကိုဖြတ်သန်းခဲ့တာပေါ့။ အိမ်ကသခင်လေးနှစ်ယောက်ခမျာ ဆရာကြီးသဘောအတိုင်း အပြင်ထွက်ရှာပေးရုံကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ကြဘူး။ သူတို့လည်း ဆယ်နှစ်ကျော်ရှာခဲ့ပေမယ့် ဘာသတင်းမှမကြားရသေးဘူး။ ဆရာကြီးလည်း အသက်ကြီးလာတော့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရလို့လားမသိ သူ့သမီးပျောက်သွားတဲ့နေရာမှာပဲ အခြေချချင်တော့တယ်။ ကံကောင်းရင် သူ့သမီးကိုပြန်တွေ့ရလိမ့်မယ်လို့ ထင်နေတာဖြစ်မှာပေါ့”
ရှုရှင်းယွမ်သည် စကားပြောပြီးနောက် ကျင်းယွင်ကျောင်းကိုကြည့်လိုက်သည်။
“အကြီးအကဲက ပထမတုန်းက မင်းကို သူ့မြေးမလေးဖြစ်မယ်လို့ သံသယဝင်ခဲ့ပေမယ့် စိတ်မကောင်းစရာက အသက်အရွယ်မကိုက်ဘူးဖြစ်နေတယ်”
သူ၏ညီမလေးသည် လီထျန်းယီဟုခေါ်သောလူနှင့် ခိုးပြေးသွားစဥ်က ကလေးမွေးသောသတင်းကို မကြားလိုက်ရသည့်အပြင် လီထျန်းယီသည်လည်း မြို့တော်ပြန်ရောက်စဥ်က ထိုကိစ္စအား မပြောခဲ့ချေ။ သူမသည်သာ ပျောက်ဆုံးသွားပြီးနောက် ကိုယ်ဝန်ရခဲ့လျှင် ကျင်းယွင်ကျောင်းလောက် အသက်ကြီးနေမည်မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် သူ့စကားကိုနားထောင်ရင်း ပြုံးနေ၏။
“ကျွန်မလည်း အကြီးအကဲရှုလို အဘိုးတစ်ယောက်ရှိရင်ကောင်းမယ်။ သူရဲ့စိတ်မူမမှန်တာကို ကျွန်မသဘောကျတယ်လေ”
ကျင်းယွင်ကျောင်းအပြုံးပန်းဆင်ကာ ပြောလိုက်သည်။
“ငါ့အထင်တော့ မင်းက အကြီးအကဲကိုနှစ်သိမ့်ဖို့ နတ်ဘုရားတွေကလွှတ်လိုက်တဲ့လူပဲဖြစ်ရမယ်။ မင်းကြောင့် သူ့သမီးကိုလွမ်းရတဲ့နာကျင်မှုကို သက်သာစေတာ။ မင်းပေါ်လာကတည်းက အကြီးအကဲလည်း အရင်ကထက် ပိုမျက်နှာကြည်လာတယ်။ ပြီးတော့ မင်းစကားကိုလည်း နားထောင်သေးတယ်။ ဝိုင်ကကောင်းပေမယ့် အတိုင်းအတာတစ်ခုရှိသွားပြီလို့ ပြောလို့ရတယ်။ အရင်တုန်းကဆို ဒီလိုမဟုတ်ဘူး။ သူအမြဲလိုလို အရက်မူးနေတာ”
ရှုရှင်းယွမ်ထပ်ပြောလိုက်ပြန်သည်။
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။ အဘိုးရှုမှ သူမအား မျက်နှာသာပေးအလိုလိုက်နေသည်ကို မြင်လိုက်ရသဖြင့် သူမသည် နောက်ပိုင်းတွင် အဘိုးရှုအတွက် ဟင်းပွဲတစ်ပွဲထပ်ပေါင်းချက်ရပေမည်။
ကျင်းယွင်ကျောင်းအကြည့်များသည် နူးညံ့ညင်သာနေ၏။ သူမသည် နေဝင်ဆည်းဆာကို ကြည့်ရှုရင်း ဆေးပင်ခြောက်များအား နည်းနည်းချင်းစီ သိုလှောင်ခန်းထဲသို့ သယ်သွားလိုက်သည်။ လီရှောက်ယွင်သည် အမြင်အာရုံစူးရှပေသည်။ အကြီးအကဲရှုမှ သူ့ကိုနှင်ထုတ်စရာပင်မလိုဘဲ သူသည် သုတ်သီးသုတ်ပြာဖြင့် လာရောက်ကူညီတော့သည်။ သို့ရာတွင် သူသည် ကျင်းယွင်ကျောင်းဆီမှ မလိုလားသောအကြည့်တစ်ချက်သာ ရရှိလိုက်၏။
လီရှောက်ယွင်သည် နေ့ရက်စဥ်တိုင်း သူမအနောက်သို့တကောက်ကောက်လိုက်သည်သာမက သူမသည် သူ၏စံပြပုဂ္ဂိုလ်ဖြစ်သောကြောင့် သူမအားကာကွယ်ပေးရမည်ဟုပင် ပြောခဲ့လေသည်။ ကြည့်လိုက်သည်နှင့် သူမဆီမှ ဝိုင်ကပ်သောက်ချင်သည်မှာ သိသာလှ၏!
ကျင်းယွင်ကျောင်း၏မျက်နှာအသွင်အပြင်သည် ပို၍အမျိုးစုံလာလေလေ လီရှောက်ယွင် ပိုစိတ်ဝင်စားလာလေလေဖြစ်သည်။ သူ၏ပိန်သွယ်သောခန္ဓာကိုယ်သည် ကျင်းယွင်ကျောင်းအနောက်မှ အနီးကပ်လိုက်သွားလေ၏။ တစ်ချက်တစ်ချက်ဆိုသလို သူသည် ကျင်းယွင်ကျောင်းအနားကပ်ကာ စကားတစ်လုံးနှစ်လုံးခန့်ပြောသေးသည်။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ ရင်ခုန်ကြည်နူးဖွယ်ကောင်းသော်လည်း ကျင်းယွင်ကျောင်းမှာမူ ထိုသို့မခံစားရပေ။
အလုပ်တာဝန်များ ပြီးခါနီးအချိန်ရောက်သောအခါ စိတ်လှုပ်ရှားစွာ တံခါးခေါက်သံတစ်ချက်ကို ကြားလိုက်ရသည်။ ကျင်းယွင်ကျောင်းတံခါးဖွင့်လိုက်သောအခါ ဂုဏ်သိက္ခာရှိသောမျက်နှာထားဖြင့် ကန်ကျင်းချန်ကိုတွေ့လိုက်ရလေသည်။