အခန်း (၆၀၉-၆၁၂)
Vol. 31 Ch. 609-612
Space and Rebirth 609
Trans: Esth
“ယွင်ကျောင်း ငါနင့်ကိုဖုန်းဆက်လို့မရလို့ ကိုယ်တိုင်လာရှာလိုက်တာ။ အဘိုးတစ်ခုခုဖြစ်နေပြီ သူကုပေးလိုက်တဲ့လူတစ်ယောက်ဆုံးသွားတယ်...”
ကန်ကျင်းချန်သည် ကျင်းယွင်ကျောင်းအား တံခါးအပြင်သို့ ဆွဲထုတ်ပြီး စိတ်လှုပ်ရှားသောအသံဖြင့် ပြောလိုက်သည်။ ကျင်းယွင်ကျောင်းထိတ်လန့်သွားလေသည်။
“ဘာတွေဖြစ်နေတာလဲ?”
အဘိုးကန်မှာ ဉာဏ်ကြီးရှင်သမားတော်တစ်ဦးမဟုတ်သော်လည်း သူသည် ရောဂါအများစုအား ကုသပေးနိုင်သောသူဖြစ်၏။ သူသည် ရောဂါကိုအရှင်းမကုသပေးနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် လူနာ၏ရောဂါဒဏ်ကို သက်သာအောင်လုပ်ပေးနိုင်သည်။ ထိုသို့သောလူက အဘယ်သို့လူတစ်ယောက်အား သတ်မိမည်နည်း?
“တကယ်တော့ ငါလည်းမသေချာဘူး၊ ဆေးခန်းကလူတွေငါ့ကိုပြောပြတာ။ အဲ့လူနာက တော်တော်အိုပြီး သူ့ကျန်းမာရေးကသိပ်မကောင်းတော့ဘူးဆိုတာပဲ သိတယ်။ ငါ့အဘိုးကအမြဲတမ်း သူ့ကိုကုပေးနေကျဆိုပေမယ့် ဒီမနက် သူ့ကိုဆေးညွှန်းပြီးလို့ ညရောက်တော့ သူ့ကိုအဘိုးကန်သတ်လိုက်တာလို့ သူ့မိသားစုဝင်တွေကပြောပြီး သူ့ကိုဆေးခန်းအပေါက်ဝထိသယ်လာကြတာပဲတဲ့”
ကန်ကျင်းချန်ဆက်ပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားလိုက်သောအခါ အလျင်အမြန်ဖြင့် အဘိုးရှုအား သွားရောက်သတင်းပေးလိုက်သည်။
အဘိုးရှုသည် စကားပြောရခက်သောပုံစံပေါက်သော်လည်း သူသည် သူမ၏ကိုယ်ရေးကိုယ်တာများကို ဘယ်သောအခါကမှ ဂရုမစိုက်ခဲ့ဖူးချေ။ သူသည် ဟမ့်ခနဲအသံသာပြုကာ လက်ကိုဝှေ့ယမ်း၍ သူမအားသွားခွင့်ပေးလိုက်သည်။ ထိုမှသာ ကျင်းယွင်ကျောင်းသည် ကန်ကျင်းချန်နှင့်အတူ အဘိုးကန်၏ဆေးခန်းသို့ ချက်ချင်းသွားလိုက်တော့သည်။
ဟယ့်ကျားစစ်သည် ဆက်တိုက်ဖုန်းဆက်နေသဖြင့် သူမ၏ဖုန်းအား မကြာခဏအသံပိတ်ထားရသောကြောင့် သူမသည် ကန်ကျင်းချန်ဆီမှ ဖုန်းမဝင်ခဲ့ခြင်းဖြစ်သည်။ များမကြာမီတွင် နှစ်ဦးသားသည် ဆေးခန်းသို့ရောက်ရှိသွားကြ၏။
ဆေးခန်းအဝင်ပေါက်တွင် ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ အသုဘဝတ်စုံဝတ်ဆင်ထားကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်ချ၍ ငိုကြွေးနေကြသောကြောင့် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို များစွာခံနေကြရ၏။
ကျင်းယွင်ကျောင်းသည် အလျင်အမြန်ပင် သွားကြည့်လိုက်သောအခါ မြေပြင်ပေါ်ရှိလူနာထမ်းစင်ပေါ်တွင် လှဲလျောင်းနေသောအဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။ သူ၏မျက်နှာသည် တောင့်တင်းကာ လှုပ်ရှားမှုမရှိ၊ အသက်ရှူသံမရှိဖြစ်နေ၏။ အမှန်တကယ်ပင် သေဆုံးသွားပြီဖြစ်သည်။
အဘိုးကန်သည် ဆေးခန်းထဲတွင်ရှိပြီး ဤကဲ့သို့အခြေအနေမျိုးနှင့် မကြုံတွေ့ဖူးမှန်းသိသာလှ၏။ သူသည် မျက်မှောင်ကြုတ်နေကာ လေးနက်သောမျက်နှာထားဖြင့် ဆေးမှတ်တမ်းများကို စစ်ဆေးနေသည်။
“မင်းတို့က ကန်စုန်းပိုင်ရဲ့ မြေးတွေလား? သူ့ကိုခေါ်ထုတ်ခဲ့စမ်း!”
သူတို့နှစ်ဦးဆေးခန်းထဲသို့ ဝင်အံ့ဆဲဆဲတွင် ထိုအမျိုးသားသည် စူးရှစွာအော်ဟစ်လိုက်၏။
“ရမ်းကုတစ်ယောက်လုပ်လို့ လူတစ်ယောက်သေသွားခဲ့ရပြီ! အသက်ကြီးနေတဲ့ငါ့အဖေဆီက ငွေတွေလိမ်ယူရုံမကလို့ သူ့အသက်ကိုပါ ယူခဲ့တဲ့ကောင်ပဲ!”
ကျင်းယွင်ကျောင်းသည် မျက်မှောင်ကြုတ်ကာ ထိုလူအား ဝေ့ကြည့်လိုက်သည်။
ထိုလူသည် အသက် ၄၀ ခန့်ရှိမည်ဖြစ်ပြီး သည်းထန်စွာငိုကြွေးနေသော်လည်း လေကြီးမိုးကြီးဖြင့်အော်နေရုံသာရှိသည်။ မျက်ရည်တစ်စက်မျှမကျပေ။ သူ၏ဘေးတွင် အမျိုးသမီးတစ်ဦးလည်း ဆောင့်ကြောင့်ထိုင်နေသေး၏။ သူမမှာမူ အမှန်တကယ်ပင် နှလုံးကြေကွဲနေသည့်ဟန်ပေါက်ပြီး မျက်ရည်များဆက်တိုက်ကျဆင်းနေ၏။ သူတို့အပြင် ဘာလုပ်ရမည်ကိုမသိပုံရသော လူငယ်လေးတစ်ဦးလည်းရှိသေးသည်။ သူသည် အသက် ၁၇-၁၈ ခန့်ရှိမည့်ပုံပေါက်ပြီး သူ၏မျက်နှာမှာ တိတ်ဆိတ်စွာပူဆွေးနေပုံရ၏။
ကျင်းယွင်ကျောင်းသည် တံခါးကိုဖွင့်ကာ အထဲသို့ဝင်သွားလိုက်သည်။
“အဘိုး၊ ဒီနေ့သူ့ကိုဘာဆေးတွေညွှန်းပေးခဲ့လဲ?”
“ပုံမှန်အတိုင်းပဲလေ။ အဲ့အဘိုးကြီးက အဆင်ပြေနေတာနှစ်ချီနေပြီ ဒါကြောင့်မို့ သူ့ခန္ဓာကိုယ်မှာ ပြသာနာကြီးကြီးမားမားမရှိဘူး။ ဒါပေမယ့် သူ့မှာ ရောဂါအသေးလေးတွေတော့ အများကြီးရှိတာမို့ အရမ်းပြင်းတဲ့ဆေးတွေမသုံးရဲဘူး။ အာဟာရပြည့်ပြီး ခန္ဓာကိုယ်နွေးစေတဲ့ဆေးတွေပဲ သုံးတတ်တယ်...”
အဘိုးကန်သည် သက်ပြင်းချရင်း ပြောလိုက်၏။
အမှန်အတိုင်းပြောရလျှင် ထိုအဘိုးအို၏ကျန်းမာရေးအခြေအနေအရ သူသည် ဆေးမမှီဝဲလျှင်ပင် အဆင်ပြေပေသည်။ သို့ရာတွင် ထိုကဲ့သို့အသက်အရွယ်ရှိသောလူများကို နေကောင်းကျန်းမာသည်ဟုပြောလျှင်ပင် ယုံကြမည်မဟုတ်ပေ။ တွေ့ကရာအစားအစာများစားရန် အခြားနေရာများသို့ပင်သွားနိုင်၏။ ထိုကဲ့သို့ကိစ္စမျိုးဖြစ်မည်ကို တားဆီးရန် သူသည် ပုံမှန်အားဖြင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ ခန္ဓာကိုယ်အတွက်ကောင်းသော တိုင်းရင်းဆေးများကိုသာ ညွှန်းလိုက်လေ့ရှိသည်။
ကျင်းယွင်ကျောင်းသည် ရောဂါအခြေအနေကို မှတ်တမ်းတင်ထားသောစာအုပ်ကို ဆွဲယူဖွင့်ဖတ်လိုက်သည်။ အဘိုးကန်ပြောသကဲ့သို့ပင် ထိုဆေးသည် ပျော့ပြီး ခန္ဓာကိုယ်အတွက်ကောင်းပေသည်။
“မဟုတ်မှလွဲရော သူဆေးမှားယူသွားမိတာလား?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်သည်။
ယခင်က ရှောင်ချင်းမှ ဆေးခန်းတွင်လာရောက်ကူညီစဥ် သူမသည် ဆေးမှားပေးမိပြီး အခြားဆေးခန်းတစ်ခုတွင် အလုပ်လုပ်နေသောသမားတော်ချန်ကိုပါ ဒုက္ခပေးမိတော့မလိုဖြစ်သွားခဲ့သည်။ ကံကောင်း၍သာ အချိန်မှီတားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် နောက်ဆက်တွဲအကျိုးဆက်များကို စိတ်တောင်မကူးရဲပေ။
အဘိုးကန်သည် သူ၏ခေါင်းကိုခါယမ်းလိုက်ပြန်သည်။
“ဆေးညွှန်းတာကအဆုံး အဲ့ဆေးကိုယူပေးတာကအဆုံး ငါပဲလုပ်ပေးလိုက်တာ။ ငါလည်း အကြိမ်ပေါင်းများစွာ စစ်ပြီးပြီ အဲ့ဆေးကိုလည်း ဒီမှာပဲဖော်ထားတာ။ ဒီနေ့တခြားလူနာတွေလည်းမရှိလို့ သူ့ဆေးအတွက် ငါလုံးဝအာရုံစိုက်နိုင်ခဲ့တယ်လေ အဲ့တော့ အမှားတွေရှိခဲ့မှာမဟုတ်ဘူး”
Space and Rebirth 610
Trans: Esth
အဘိုးကန်သည် စကားပြောပြီးနောက် သက်ပြင်းချလိုက်သည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် သူသည် လူများကိုကုသကယ်တင်ပေးခဲ့၏။ အချို့လူများအား အောင်မြင်စွာအသက်မကယ်လိုက်နိုင်သော်လည်း သူ၏အမှားများကြောင့်မဟုတ်ခဲ့ဖူးပေ။ သူတို့၏ရောဂါမှာ အလွန်ပြင်းထန်လွန်း၍သာဖြစ်၏။
ဤကဲ့သို့ ဆေးပညာနှင့်သက်ဆိုင်သောအမှားမျိုးသည် သူငယ်စဥ်ကသာလုပ်ခဲ့ဖူးပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသေဆုံးစေခဲ့ပေ!
အဘိုးကန်၏ မျက်နှာမှိုင်ကျသွား၏။ ကျင်းယွင်ကျောင်းသည် ခေတ္တမျှစဥ်းစားလိုက်ပြီး မေးလိုက်သည်။
“အဘိုး၊ သူဆေးလာယူတဲ့အချိန်မှာ အဲ့လူကြီး၏ခန္ဓာကိုယ်က ဘယ်လိုဖြစ်နေလဲ? ခါတိုင်းထက် ထူးခြားနေတာရှိလား?”
တစ်စုံတစ်ဦးမှ မြစ်နားတွင် မကြာခဏလမ်းလျှောက်လျှင် ဖိနပ်စိုတတ်သည်မှာ သဘာဝဖြစ်သလို ဆေးပညာနယ်ပယ်တွင် ကျင်လည်နေလျှင် ကုသမှုအမှားလုပ်နိုင်သည်မှာ သဘာဝဖြစ်ပေ၏။ သို့ရာတွင် အများစုအားဖြင့် ဤကဲ့သို့အမှားမျိုးသည် ရှာတွေ့နိုင်ပေသည်။ တစ်စုံတစ်ဦးအား အကြောင်းပြချက်မရှိဘဲ သတ်လိုက်သည်ဆိုသည်မှာ မဖြစ်နိုင်ပါချေ။
“အဲ့အစ်ကိုကြီးက...”
အဘိုးကန်သည် ခေတ္တမျှစဥ်းစားတွေးတောပြီး ဆက်ပြောလိုက်သည်။
“ခါတိုင်းလိုပါပဲ။ သူကဒီကိုမကြာမကြာလာတတ်တော့ တစ်ခါတစ်လေ ငါသူ့ကိုစကားပြောတတ်တယ်။ ဒါပေမယ့် သူစိတ်ကြည်နေတဲ့နေ့မျိုးဆိုရင် ဒီမှာကြာကြာမနေတတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကဆေးခန်းလေ တခြားလူနာတွေရဲ့ ရောဂါ သူ့ဆီကူးသွားမှာ ကြောက်ရင်ကြောက်မှာပေါ့။ ဒါပေမယ့် သူစိတ်မကြည်တဲ့နေ့မျိုးဆိုရင် ဆေးခန်းမှာတစ်နေရာရှာပြီး ငြိမ်ငြိမ်လေးထိုင်တတ်တယ်။ ဒီနေ့ဆေးခန်းထဲမှာလည်း ဘယ်သူမှမရှိဘူး။ ငါသူ့ရဲ့သွေးခုန်နှုန်းကို တိုင်းပြီးတော့ သူက နောက်နှစ်ခေါက်သုံးခေါက်လောက် ထပ်တိုင်းဖို့ပြောတယ်။ ရင်ဘတ်ကနေလို့မကောင်းဘူးပြောလိုက် ခြေထောက်ကနေလို့မကောင်းဘူးပြောလိုက်နဲ့ အိမ်မပြန်ဘဲပေပြီး နေနေတာလေ...”
“ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာလည်းလုပ်စရာမရှိတော့ စိတ်မကြည်လို့ အိမ်မပြန်ဘဲနေနေတာလားလို့ ငါသူ့ကိုမေးလိုက်တယ်။ သူငါ့ကိုတစ်ခါတည်းပြန်မဖြေဘူး။ အဲ့အစား ငါ့ကလေးတွေက မိဘကျေးဇူးသိတတ်လားလို့ သူပြန်မေးတယ်...”
အဘိုးကန်သည် သက်ပြင်းထပ်ချလိုက်သည်။ သူ၏စိတ်ထဲတွင် သေဆုံးသွားနှင့်ပြီဖြစ်သောအစ်ကိုကြီး၏ ကလေးများသည် ထိုလူအားကောင်းကောင်းဆက်ဆံခြင်းမရှိမှန်း သူသိနေ၏။
တစ်ဖက်လူသည် သူ့ကဲ့သို့ သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး သူ့ထက်ပင် အသက်ကြီးသေးသည်။ သူသည် အမြဲလိုလိုအနံ့အသက်ဆိုးများရှိနေပြီး နှစ်ရက်သုံးရက်နီးပါးတစ်ခါလာတတ်၏။ သို့ရာတွင် သူသည် တစ်လခန့်အင်္ကျီအဝတ်အစားများကို လဲလေ့မရှိချေ။ သူဝတ်ဆင်ထားသောအင်္ကျီများမှာ နှစ်ချီပြီး ဆွေးနေသောကြောင့် အပေါက်များစွာရှိနေတတ်၏။ တစ်ခါတစ်လေသူ၏သားအကြောင်း ပြောတတ်သည်ကိုသာ မကြားခဲ့ဖူးလျှင် အဘိုးကန်သည် သူ့အား သားသမီးမရှိသောလူတစ်ဦးဟု ထင်ခဲ့ပေမည်။
သို့သော် ဤအဘိုးအိုသည် ငွေပြတ်လပ်သည်မရှိဖူးပေ။ သူလာတိုင်းတွင် အမြဲတစေ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးခကို မှန်မှန်ပေးတတ်သည်။ ဤဆေးခန်း၏ ဆေးကုသခစရိတ်သည် သိပ်မမြင့်မားသည့်အပြင် ဆေးဝါးခမှာလည်း သိပ်ကုန်မကျပေ။ တစ်ခါတစ်ရံတွင် အဘိုးကန်မှ မယူရန်ငြင်းဆိုလျှင်ပင် သူ့အတွက် ငွေဟူသည်မှာ အသုံးမဝင်သောအရာဟုဆိုကာ ဆေးစရိတ်အားအတင်းပေးတတ်သည်။
ကျင်းယွင်ကျောင်းနားထောင်နေရင်း မှန်တံခါးမှတဆင့် ဒေါသတကြီးငိုယိုအော်ဟစ်နေသောလူအား လှည့်ကြည့်လိုက်သည်။
“ယွင်ကျောင်း၊ ဒီအထိလာပေးလို့ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီပြသာနာကို ငွေမသုံးဘဲဖြေရှင်းနိုင်မယ်လို့မထင်ဘူး။ အဲ့လူငယ်လေးကို အထဲခေါ်ပြီး ငွေပမာဏဘယ်လောက်ဆို သင့်တော်မလဲဆိုတာ ဆွေးနွေးမှပဲ ပြေလည်တော့မယ်”
အဘိုးကန်မှပြောလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့်ထကာ အပြင်သို့ထွက်သွားလိုက်သည်။
ကျင်းယွင်ကျောင်းသည် သံသယရှိနေသော်လည်း သူမတွင် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေလည်းမရှိရာ ခေါင်းသာငြိမ့်ပြီး တစ်ဖက်လူမှ မည်ကဲ့သို့တုံ့ပြန်မည်ကို စောင့်ကြည့်လိုက်သည်။
သမားတော်အိုကြီးသည် ကိုယ်တိုင်ကိုယ်ကျထွက်သွားပြီး တံခါးကိုဖွင့်လိုက်သည်နှင့် တစ်ဖက်လူမှ ချက်ချင်းပြောလိုက်၏။
“အဘိုးကြီး၊ ကျွန်တော့်အဖေအသက်ပြန်ရှင်လာအောင် လုပ်ပေးစမ်း!”
သူသည် စကားပြောရင်းဖြင့် အရှေ့သို့တိုးလာရန် ကြိုးစားလိုက်သည်။ သို့ရာတွင် သူတို့ဘေးတွင်ရပ်နေသော ကျင်းယွင်ကျောင်းသည် သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။
“ဘာမှမလုပ်ခင် သေချာစဥ်းစားတာကောင်းမယ်။ ကျွန်မအဘိုးက အသက်ကြီးနေပြီမို့ သူတစ်ခုခုဖြစ်တာနဲ့ ရှင်လူသတ်သမားဖြစ်သွားလိမ့်မယ်”
“ဘာလူသတ်သမားလဲ! သူကမှ ငါ့အဖေကိုသတ်ခဲ့တာ!”
ထိုလူသည် ခေတ္တမျှရုန်းကန်လှုပ်ရှားပြီးနောက် မိမိဘာသာအားတင်းကာ ပြောလိုက်၏။ ထူးဆန်းစွာဖြင့် သူ၏လက်သည် လုံးဝပိပြားနေပြီး တစ်လက်မမျှလှုပ်နိုင်ခြင်းမရှိပေ။ သူမသည် မိန်းကလေးငယ်တစ်ဦးသာဖြစ်သော်လည်း သူ့ထက်ပင် သန်မာနေသေးသည်။ ဤအင်အားဖြင့် သူ့အား အချိန်မရွေးကိုင်ပေါက်နိုင်လောက်မည်ဟုပင် ခံစားလိုက်ရ၏။
လူများစွာရှေ့တွင် ကျင်းယွင်ကျောင်းသည် ဤလူအား အကွက်ရွှေ့လောက်သည်ထိ မတုံးပါပေ။ ထိုသို့လုပ်ပါက လူထု၏ထောက်ခံမှုသည် သူမတို့ဆီတွင် ရှိတော့မည်မဟုတ်သောကြောင့်ဖြစ်၏။
“ဦးလေး၊ အပြင်မှာ ဒီလောက်ပူတာကို ဒီအဘိုးရဲ့အလောင်းကိုအပြင်ထုတ်ထားတယ်ဆိုတော့ မြန်မြန်ပုပ်စေချင်တာများလား?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်သည်။
Space and Rebirth 611
Trans: Esth
ကျင်းယွင်ကျောင်းသည် မြေပြင်ပေါ်ရှိ အလောင်းအား သနားကရုဏာစိတ်ဖြင့် ကြည့်လိုက်ပြီး ဆုံးပါးသွားသောအဘိုးအိုအတွက် သက်ပြင်းချလိုက်သည်။ သူသည် အသက်ရှိစဥ်အခါက သားသမီးမြေးမြစ်များရှိရခြင်း၏ ကောင်းကြီးမင်္ဂလာများကို မခံစားလိုက်ရပါချေ။ ယခုသူသည် ဘဝကူးသွားပြီဖြစ်သည့်တိုင် သူ၏သားအရင်းမှ နှိပ်စက်သည်ကို ခံစားနေရသေး၏။
ထိုအမျိုးသားသည် ခေါင်းကိုငုံ့ပြီး မြေပြင်ပေါ်ရှိ သူ၏ဖခင်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် မလုံမလဲဖြစ်သည့်အရိပ်အယောင်များ ပြေးသွား၏။
“ငါ့အဖေကို ဘယ်လိုလုပ်ဒီလိုဒုက္ခခံစေချင်ပါ့မလဲ...”
ထိုလူသည် ပြောပြောဆိုဆိုဖြင့် သူ၏သားနှင့်အတူ ထိုအဘိုးအိုအား ဆေးခန်းထဲသို့ သယ်ဆောင်သွားလိုက်သည်။ ကျင်းယွင်ကျောင်းလည်း သွားရောက်ကူညီလိုက်၏။ ကူညီနေစဥ်အတွင်း သူမသည် အဘိုးအို၏အလောင်းကို စေ့စေ့စပ်စပ်အကဲခတ်လိုက်သည်။ နွေရာသီဖြစ်သောကြောင့် အဘိုးအိုတွင် အင်္ကျီများစွာမဝတ်ထားပေ။ ထိုလူ၏ခြေထောက်တွင် ညိုမည်းစွဲဒဏ်ရာများအချို့ရှိသည်ကို သူမတွေ့လိုက်ရ၏...
“လူငယ်လေး၊ မင်းအဖေဘာဖြစ်လဲဆိုတာ ငါမသိပေမယ့် သူကငါ့လူနာဖြစ်နေတုန်းပဲ။ မင်းငါ့ကိုပြောစမ်း ငွေဘယ်လောက်လိုချင်လဲ...”
အဘိုးကန်သည် ကောင်းကောင်းသိနေခဲ့၏။ သေဆုံးသွားသောအဘိုးအိုသည် သူ၏သားမှ သူ့ကိုဂရုမစိုက်ကြောင်း ပြောခဲ့ဖူးသည်မဟုတ်လော။ ယခုထိုလူသေဆုံးသွားမှသာ ဤသားဖြစ်သူသည် ဆေးခန်းသို့ အမောတကောရောက်လာခဲ့၏။ အဘိုးအိုအတွက် တရားမျှတမှုရှာဖွေပေးလိုခြင်းမဟုတ်တန်ရာ ငွေအတွက်သာဖြစ်နိုင်ပေသည်။
တစ်ဖက်လူမှ ထိုစကားကိုကြားလိုက်သောအခါ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
“အဘိုးကြီး၊ ခင်ဗျားရမ်းကုလို့ ကျွန်တော့်အဖေသေရတာကို ဘာတွေပြောနေတာလဲ? ခင်ဗျားကိုငွေညှစ်နေတယ်ထင်နေတာလား?!”
ထိုလူသည် အော်ဟစ်ကြိမ်းမောင်းကာ ပြောလိုက်၏။
“ဒါပေမယ့် ခင်ဗျားမှာ နစ်နာကြေးပေးဖို့ အသိစိတ်ရှိသေးတာ ကောင်းတယ်။ ကျွန်တော့်အဖေဒီလိုပုံစံနဲ့ အလကားမသေရတော့ဘူး!”
“ဒီလိုတွက်ကြည့်လိုက်၊ ကျွန်တော့်အဖေက လတိုင်းပင်စင်ရတယ်။ အများကြီးမဟုတ်ဘူး တစ်လကို ယွမ်သုံးထောင်လောက်ပဲ။ ဆိုတော့ တစ်နှစ်ကို ယွမ် ၃၆,၀၀၀ပေါ့ သူကဒီနှစ်မှာ အသက် ၇၀ ပြည့်တာ၊ ခန္ဓာကိုယ်ကလည်း အလတ်ကြီးရှိသေးတာမို့ နောက်အနှစ်နှစ်ဆယ်ထိ နေလို့ရတယ်။ ပေါင်းလိုက်ရင် ယွမ်ခြောက်သိန်းပဲ! အဲဒါအပြင် သူ့ရဲ့စိတ်ကျန်းမာရေးဆေးစရိတ်နဲ့ ခင်ဗျားသူ့ကိုအခုတလောညွှန်းနေတဲ့ ဆေးဖိုးလည်းရှိသေးတယ်။ အဲဒါတွေအားလုံးပေါင်းလိုက်ရင် ယွမ်တစ်မီလီယံပေးရမယ်။ ခင်ဗျားသာ ထုတ်မပေးဘူးဆိုရင် ခင်ဗျားရဲ့အသုံးမကျတဲ့ဆေးခန်းကို ဖွင့်ဖို့တောင်မစဥ်းစားနဲ့တော့။ ခင်ဗျားကလူတွေကိုသေအောင်ကုတဲ့ ရမ်းကုဆရာဝန်ဆိုတာကို လူတိုင်းသိသွားစေရမယ်!”
ထိုလူမှ ပြောလိုက်သည်။
ယွမ်တစ်မီလီယံဆိုသည်မှာ နည်းသောပမာဏမဟုတ်ပေ။ ဤခရိုင်နယ်တွင် သာမန်မိသားစုဆိုလျှင် တစ်နှစ်မှ ယွမ်သုံးသိန်းမှ ငါးသိန်းခန့်အထိသာရတတ်ကြသည်။ အိမ်သုံးစရိတ်များကိုနုတ်လိုက်လျှင် သိပ်မကျန်တော့ချေ။ ယွမ်တစ်မီလီယံရှိသောသူဆိုသည်မှာ သာမန်လူများ၏မျက်လုံးထဲတွင် မီလံယျံနာသူဌေးကြီးတစ်ဦးဟု မှတ်ယူနိုင်သည်။
ကန်မိသားစုတွင်မူ ထိုကဲ့သို့သောငွေပမာဏရှိလေသည်။ အဘိုးကန်မှာ သူ၏ဘဝတစ်သက်စာလုံး သမားတော်တစ်ဦးဖြစ်ခဲ့ပြီး ခရိုင်ဆေးရုံတစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးသောကြောင့် လတိုင်းလိုလို ငွေအတော်အတန်ရရှိခဲ့သည်။ ထို့အပြင် သူသည် ဆေးခန်းနှင့် ဆေးဆိုင်အချို့ကိုလည်း ပိုင်ပေသည်။ သူ၏သားမှာလည်း သမားတော်တစ်ဦးဖြစ်ပြီး သူ၏ချွေးမမှာ စီးပွားရေးသမားတစ်ဦးဖြစ်၏။ တစ်မီလီယံယွမ်ဆိုသည်မှာ သူ့အတွက် အလွန်များသောပမာဏမဟုတ်ပါပေ။
သို့ရာတွင် သူသည် ငွေကြေးချမ်းသာသည်ဆိုသော်လည်း ငွေဟူသောအရာမှာ သစ်ပင်တွင်သီးသောအရာမဟုတ်သဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ လွှင့်ပစ်နိုင်သည့်အရာတော့မဟုတ်ချေ။ သူသည် နစ်နာကြေးပေးရန် သဘောတူလိုက်ရခြင်းမှာ သူတစ်ခုခုအမှားလုပ်ခဲ့သည်ဟု ယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ ဆုံးပါးသွားသောအစ်ကိုကြီးနှင့် သူ၏ကြားမှ ခင်မင်မှုကိုထောက်သောကြောင့်သာဖြစ်၏။ ထိုအစ်ကိုကြီးသေဆုံးပြီးနောက် နောက်ဆက်တွဲအရှုပ်အထွေးများကို သူမတွေးချင်သောကြောင့် သူသည် လိုရင်းကိုသာတန်းပြောလိုက်ရခြင်းဖြစ်သည်။
“တစ်မီလီယံ?”
ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် ဟက်ခနဲရယ်လိုက်သည်။
“အဘိုးကန်၊ ဒီတိုင်းရဲကိုဖုန်းဆက်ပြီး ဒီလူက အဘိုးကန်သတ်လိုက်တာဟုတ်မဟုတ်ကို မှုခင်းဆရာဝန်ကို ခေါ်ပြီးစစ်ဆေးခိုင်းတာပဲ ပိုကောင်းမယ်”
အခြေခံအားဖြင့် လူတစ်ဦးသေလျှင် သေဆုံးမှုသုံးသပ်ချက်အစီရင်ခံတစ်ခုကို ရယူရန်လိုပေသည်။ သို့ရာတွင် ဤခရိုင်နယ်လေးတွင် စည်းမျဥ်းများမှာ ထိုမျှလောက်မတင်းကြပ်ပေ။ ထို့အပြင် ဤလူမှာ အလွန်အသက်ကြီးနေသောသူဖြစ်သဖြင့် ဆုံးပါးသွားသောအခါ သက်ဆိုင်ရာဌာနများမှာ သိပ်မေးခွန်းထုတ်ကြမည်မဟုတ်ပေ။ မိသားစုကိုသာ ကိုင်တွယ်ဖြေရှင်းခိုင်းရန် လိုပေသည်။
ကျင်းယွင်ကျောင်းမှ ရဲခေါ်ရန်ပြောလိုက်သည်နှင့် ထိုလူ၏မျက်နှာထားသည် ပြောင်းလဲသွားတော့၏။
“မဖြစ်ဘူး! ငါ့အဖေသေသွားတာတောင် မင်းတို့ကလက်မလွှတ်နိုင်သေးဘူးလား?! မှုခင်းဆရာဝန်ကို စုံစမ်းခိုင်းမယ်? အဲ့လိုဆိုရင် သူတို့က ငါ့အဖေကို အရေခွံခွာပြီး သူ့အရိုးတွေကိုချိုးမှာမဟုတ်ဘူးလား?! ငါမင်းတို့ကိုပြောလိုက်မယ် ငါ့အဖေရဲ့အလောင်းကိုထိတာနဲ့ မင်းတို့ကိုအသေသတ်ပစ်မယ်!”
“ရဲခေါ်ပြီး မှုခင်းဆရာဝန်ကိုစုံစမ်းခိုင်းမယ့်ကိစ္စကို ကျွန်တော်တို့သေချာပေါက်သဘောတူမှာ မဟုတ်ပါဘူး။ အဘိုးကလည်း အလောင်းတစ်ပိုင်းတစ်စနဲ့ သေချင်မှာမဟုတ်ဘူး...”
နံဘေးရှိ ကောင်လေးမှလည်း ထပြောလိုက်သည်။
Space and Rebirth 612
Trans: Esth
အခန်းထဲရှိလေထုသည် ချက်ချင်းပင်တင်းမာသွား၏။ အားလုံးသည် ရန်ပွဲတစ်ခုစတော့မည့်နှယ် အချင်းချင်းဝေ့ကြည့်လိုက်ကြသည်။
“ငါ့အမြင်အရ...”
“အဘိုးကန်၊ ဒါကိုပေးဖို့ တတ်နိုင်ရင်တောင် ပေးသင့်ရဲ့လားဆိုတာ စစ်ဆေးသင့်တယ်လို့ထင်တယ်။ ဆုံးသွားတဲ့ဒီအဘိုးက ဘယ်သူမှသူ့ကို ဂရုတစိုက်မထားတဲ့ပုံပေါက်နေခဲ့တာ။ သူ့သားသမီး၊ မြေးမြစ်တွေက သူ့အပေါ်နည်းနည်းမှကျေးဇူးသိတတ်တယ်မထင်ဘူး။ သူ့သားသမီးတွေ မြေးမြစ်တွေက သူ့အလောင်းကိုသုံးပြီး သူများကိုငွေညှစ်နေတယ်ဆိုတာသာ ဒီအဘိုးသိရင် သူလည်း တမလွန်မှာ စိတ်ဖြောင့်နိုင်မှာမဟုတ်ဘူး!”
ကျင်းယွင်ကျောင်းသည် အဘိုးကန်စကားအားဖြတ်ပြောပြီး သူမအရင်ပြောလိုက်သည်။
“မိန်းကလေး၊ အဲ့လောက်ထိ ဆိုးဆိုးရွားရွားပြောစရာမလိုဘူးလေ! ငါတို့ကဘယ်လိုလုပ်ငွေညှစ်ရမှာလဲ? မင်းအဘိုးကမှ သူ့ကိုသတ်ခဲ့တာ!”
ထိုအမျိုးသားသည် ချက်ချင်းပင်ပြန်ပြောလိုက်သည်။
မြေးကောင်လေးမှာ အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ဖြစ်ပြီး မည်သည့်ကိစ္စများဖြစ်ပွားနေသည်ကို မသိပါချေ။
ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် ဟက်ခနဲအသံပြုလိုက်သည်။
“ကျွန်မတို့ကမှုခင်းဆရာဝန်တွေမဟုတ်ပေမယ့် ဆေးပညာနယ်ပယ်ထဲကလူတွေဖြစ်နေတုန်းပဲ။ ဒီအဘိုးဘယ်လိုသေခဲ့ရလဲဆိုတဲ့ကိစ္စမှာ အနည်းနဲ့အများတစ်ခုခုတော့ မသင်္ကာစရာရှိတယ်ဆိုတာကို ကျွန်မတို့မြင်နေရတယ်”
သူမသည် အစကမသေချာသေးသည့်အပြင် စကားမှားပြောမိပြီး ပြသာနာပိုရှုပ်စေမည်ကို စိုးသောကြောင့် ကောက်ချက်ဝင်မဆွဲခဲ့ပေ။ သို့ရာတွင် သူမဘက်မှ ရဲခေါ်ရန်ပြောလိုက်သောအခါ ဤအမျိုးသား၏တုံ့ပြန်မှုသည် အနည်းငယ်လွန်ကဲလှ၏။
သူ၏ဘေးရှိမြေးဖြစ်သူမှာမူ အလောင်းအား အမှန်တကယ်ပင် ကာကွယ်လိုဟန်ရှိသည်။ သူ၏မျက်နှာသည် ပူပန်ဝမ်းနည်းမှုနှင့် ပြည့်နှက်နေသော်လည်း အမျိုးသားမှာမူ အပြစ်လုပ်ထားသောမျက်နှာထားဖြစ်နေ၏။ ဒေါသထွက်သည်ထက်ပင် ပိုပေသည်။ ထို့အပြင် အဘိုးအိုနံဘေး၌ ငိုယိုနေသောအမျိုးသမီးလည်းရှိသေး၏။ သူမသည် လက်သီးများကိုကျစ်ကျစ်ဆုပ်ထားသည်။ ကြည့်လိုက်သည်နှင့် သူမသည် စိတ်လှုပ်ရှားနေသည်မှာ သိသာလှ၏။ သူမသည် ခိုးကြောင်ခိုးဝှက်ဖြင့် အဘိုးအိုခန္ဓာကိုယ်ပေါ်မှာ ညိုမည်းစွဲဒဏ်ရာအချို့ကို အဖြူရောင်အဝတ်စနှင့် ဖုံးအုပ်ခဲ့၏။
ကျင်းယွင်ကျောင်းသည် အလောင်းအားရွှေ့ရန် ကူညီခဲ့ပေးသောအချိန်၌ သူမသည် အသေအချာလေ့လာသုံးသပ်ကြည့်သောအခါ ဤအဘိုးသည် မသေမီက ပြုတ်ကျထားသည်မှာ သေချာသလောက်နီးပါးရှိ၏။ သူ၏ကိုယ်ပေါ်တွင် ပွန်းပဲ့ရာတချို့ရှိပြီး လက်မောင်းမှာလည်း တစ်ခုခုမှားနေဟန်ရှိသည်။
သာမန်ချော်လဲကျခြင်းဆိုသော်လည်း သူ၏အသက်အရွယ်ရှိသော အဘိုးအိုအတွက်မူ သေစေနိုင်လောက်ပေသည်။
“ဦးလေး၊ ရှင့်အဖေက ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတချို့ရှိနေတယ်။ အဲဒါတွေကကြမ်းပြင်ပေါ်တွန်းချခံရပြီး လဲသွားလို့ရထားတဲ့ဒဏ်ရာတွေမှတ်လား? အဲ့အဘိုးရဲ့လက်မောင်းကို အန်တီကဖက်ပြီး ငိုနေတာကိုလည်းတွေ့ခဲ့တယ်။ ကျွန်မထင်တာမမှားဘူးဆိုရင် သူ့လက်လည်းကျိုးနေတာဖြစ်မယ် ဟုတ်တယ်မလား?”
ကျင်းယွင်ကျောင်းပြောလိုက်၏။
လူတစ်ဦးသည် သေဆုံးသွားပြီးသည့်တိုင် အရိုးများကို ပြောင်းလဲ၍မရပေ။ အရိုးကျိုးခြင်းနှင့် ဒဏ်ရာများရှိမရှိကိုသိရှိရန် ဆေးစစ်ချက်တစ်ခုသာလိုပေမည်။ တစ်ဖက်လူသည် အလွန်အံ့အားသင့်သွားပြီး ပြာပြာသလဲဖြစ်သွား၏။
“မင်းဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ!”
“ကျွန်မပြောနေတာတွေက အဓိပ္ပာယ်ရှိလား မရှိဘူးလားဆိုတာကို ရှင်ကတော့ စိတ်ထဲမှာသိမှာပဲ။ ရှင်တို့တစ်မိသားစုလုံး ဒီနေရာထိ အဝေးကြီးလာခဲ့တယ်ဆိုတာ ရှင်တို့အပြစ်ကိုဖုံးချင်လို့မှတ်လား? ကျွန်မရောက်လာတုန်းက ကြည့်ရတာ အိမ်နီးချင်းတွေလည်း ရောက်နေတဲ့ပုံပဲ။ သူတို့လက်ညှိုးထိုးပြောနေတာ ရှင့်မိန်းမကိုမဟုတ်ဘူးလား?”
ကျင်းယွင်ကျောင်းထပ်ပြောလိုက်ပြန်သည်။
သူတို့သည် အပြင်ဘက်တွင်ရှိစဥ်က ပတ်ဝန်းကျင်မှလူများသည် တစ်ခွန်းမျှမဟခဲ့ချေ။ သို့ရာတွင် ဆေးခန်းသို့ဝင်ပြီးနောက် အပြင်ဘက်ရှိလူများသည် အမျိုးသမီးကိုကြည့်ပြီး တစ်ခုခုပြောချင်နေဟန်ပေါက်ကြ၏။ ကျင်းယွင်ကျောင်းသည် အစက ၎င်းကိုဂရုမစိုက်ခဲ့သော်လည်း ဤအမျိုးသမီး၏တုံ့ပြန်ပုံမှာ ထူးဆန်းလွန်းလှသည်။
ချွေးမတစ်ဦးမှ ယောက္ခထီးအတွက်ငိုရာတွင် လူဘယ်နှစ်ဦးမှ သူမကဲ့သို့ငိုမည်နည်း? သူမသည် ခင်ပွန်းဖြစ်သူထက်ပင် ပိုပူဆွေးနေပြီး သူမသားထက်ပင် ဝမ်းနည်းနေဟန်ပေါက်သည်။ သူမဒူးများပင်လျှင်ချိနဲ့ပြီး မတ်တပ်မရပ်နိုင်သည့်ပုံပေါက်နေ၏။ သူမသည် ခင်ပွန်းသည်မိသားစုနှင့် အလွန်ရင်းနှီးလျှင်ရင်းနှီး သို့မဟုတ် ဟန်ဆောင်နေခြင်းသာဖြစ်ရမည်။
ပထမတစ်ချက်သာအမှန်ဆိုလျှင် အဘိုးအို၏အင်္ကျီများသည် ထိုမျှလောက်ညစ်ပတ်စုတ်ပြတ်နေမည်မဟုတ်ချေ။ ချွေးမတစ်ဦးအနေဖြင့် အဘိုးအိုမှ နွမ်းနွမ်းဖတ်ဖတ်မနေထိုင်ရန် သူ၏အဝတ်အစားများကို လျှော်ဖွပ်ပေးသင့်ပေသည်။ ပထမတစ်ချက်မဟုတ်လျှင် ဒုတိယတစ်ချက်သာဖြစ်ရမည်။
သို့သော် သူမသည် အဘယ်ကြောင့် အပင်ပန်းခံပြီးဟန်ဆောင်နေရသနည်း? ယေဘုယျကျကျပြောရလျှင် သူမသာ ပုံမှန်အတိုင်းပြုမူပါက သူမအားမေးခွန်းထုတ်မည့်သူ တစ်ယောက်မျှရှိမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သေဆုံးသွားသူမှာ သူမ၏ယောက္ခမပင်မဟုတ်ဘဲ ယောက္ခထီးဖြစ်၏။ စဥ်းစားကြည့်လိုက်သောအခါ သူမသည် အပြစ်ရှိသလိုခံစားနေရခြင်းကြောင့်သာ ဖြစ်နိုင်သည်။
ထိုအမျိုးသားသည် အနည်းငယ်စိတ်လှုပ်ရှားပုံပေါက်သွားသည်။
“သောက်ကောင်မလေး၊ နင်ထပ်ပြီး ပေါက်ကရစကားတွေပြောရဲရင်ပြောကြည့်လိုက်စမ်း!?”
ကျင်းယွင်ကျောင်းသည် သူ၏ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး သူ၏သားကိုကြည့်လိုက်သည်။
“အတန်းဖော်၊ နင့်အမေနဲ့အဘိုးက ဆက်ဆံရေးကောင်းတယ်လို့ထင်လား? ဒီနေ့ရော တစ်ချိန်လုံးသူတို့နဲ့အတူရှိခဲ့လား? သူတို့နှစ်ယောက် အဘိုးနဲ့ ရန်ဖြစ်ခဲ့တယ်မှတ်လား?”