အခန်း (၆၁၃-၆၁၆)
Vol. 31 Ch. 613-616
Space and Rebirth 613
Trans: Esth
ထိုကောင်လေးသည် ကြောင်အသွား၏။
“နေ့လယ်တုန်းက သူငယ်ချင်းအိမ်မှာရှိနေခဲ့တာ...”
သို့ရာတွင် သူပြန်လာချိန်၌ သူ၏မိခင်သည် အိမ်ထဲတွင် သူ၏အဘိုးအား အော်ဟစ်သောင်းကျန်းနေကြောင်း သူ၏အိမ်နီးချင်းမှပြောပြခဲ့၏။ အိမ်ထဲသို့ပြန်ရောက်ချိန်တွင် သူသည် သူ၏မိခင်အား အနာဂတ်၌ အဘိုးအားအနိုင်မကျင့်ရန် အထူးပြောခဲ့သည်။ သူ၏အဘိုးသည် အသက်ကြီးလာပြီမဟုတ်လော။
ထိုအချိန်တွင် သူ၏မိခင်သည် အလွန်ဒေါသတကြီးဖြစ်နေပြီး သူ၏စကားကိုလုံးဝနားမထောင်ခဲ့ချေ။ သူသည် အိမ်ထဲသို့ပြန်ဝင်ကြည့်လိုက်သောအခါ သူ၏အဘိုးမှာ စိတ်ဆိုးလွန်းသဖြင့် ဆရာဝန်ပေးသောသောက်ဆေးအား သောက်ကာ အိပ်ပျော်နေသည်ကိုတွေ့လိုက်ရ၏။
နာရီပိုင်းခန့်ကြာသော် သူသည် ညစာစားရန် သူ၏အဘိုးအားသွားခေါ်လိုက်သည်။ နောက်ဆုံးတွင် အဘိုး၏ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းနေပြီး အသက်ရှူသံမရှိတော့သည်ကို သူတွေ့လိုက်ရ၏။ သူသည် အလွန်အမင်းထိတ်လန့်သွားပြီး သူ၏မိဘနှစ်ပါးကို အလျင်အမြန်ခေါ်လိုက်သည်။ ထိုအချိန်တွင် သူတို့သည်လည်း ထိတ်လန့်အံ့အားသင့်သွားခဲ့၏။ စားပွဲပေါ်တွင်ရှိသော ဆေးပန်းကန်အားတွေ့သောအခါ သူတို့သည် ဤဆေးခန်းမှဆရာဝန်က သူ၏အဘိုးကိုသတ်ခဲ့ကြောင်း ပြောကြလေသည်။
“အမေ၊ အဘိုးက....အဘိုးကတကယ်ပဲပြုတ်ကျပြီးသေသွားတာလား?”
သေဆုံးသူအဘိုး၏ မြေးကောင်လေးမှ မေးလိုက်သည်။
အမျိုးသမီးသည် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
“သူ-သူကဒီတိုင်းချော်လဲကျတာပါ။ အဲဒါပြီးတော့ သူပြန်ထလာတာ အကောင်းအတိုင်းပဲ!”
ကောင်လေး၏မျက်လုံးများသည် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။
“အမေ ဘာလို့သားကိုမပြောခဲ့တာလဲ?”
“ဘာလို့မပြောခဲ့လဲဆိုတော့ အဘိုးကဆိုးဆိုးရွားရွားလဲကျထားတာကို သူသိပေမယ့် အဲ့အချိန်တုန်းက သူအရမ်းစိတ်ဆိုးနေတာနဲ့ ဂရုမစိုက်ဘဲပစ်ထားချင်လို့ပဲ! နောက်ဆုံးတော့ အဘိုးဘယ်လိုနေလဲဆိုတာကို သွားကြည့်တဲ့အချိန်မှာ သူကသေနေပြီ။ ဒါကြောင့်မို့လည်း နင့်ကိုပိုပြီးမပြောပြချင်ခဲ့တာ!”
ကျင်းယွင်ကျောင်းပြောလိုက်သည်။
အဘိုးအို၏လက်မောင်းသည် ကျိုးနေခဲ့၏။ ထိုအချိန်က သူသည် အလွန်ဒေါသထွက်နေခဲ့၍သာ သွေးပူပြီး မခံစားမိခဲ့ခြင်းဖြစ်သည်။ သူသည် တွန်းချခံရသောကြောင့် ထိတ်လန့်ဒေါသထွက်ပြီး ကြောက်ရွံ့မိမည်မှာ သဘာဝပင်ဖြစ်၏။ ထိုအဘိုးသည် မသေခင်တွင် ဆေးကိုသောက်ခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်သဖြင့် သူတို့သည် အဘိုးကန်အား အပြစ်များအားလုံးပုံချလိုက်ခြင်းဖြစ်မည်။
ထိုလင်မယား၏ဖြစ်ပျက်သွားပုံအရ သူတို့သည် ယခင်ကတည်းကပင် အမှန်တရားကိုသိခဲ့ပုံထောက်သည်။ သူတို့ထင်နေသည့်အတိုင်းဖြစ်မည်ကို စိုးသောကြောင့်သာ အဆင်အခြင်မဲ့စွာဖြင့် ဤနေရာသို့လာပြီး ဖြေရှင်းခိုင်းခြင်းဖြစ်၏။ သူတို့သည် သူတို့ကိုယ်ကိုလိမ်ပြီး အမှားကိုအမှန်ဖြစ်သည်ဟု မိမိတို့ကိုယ်ကိုတွေးနေခြင်းသာဖြစ်သည်။
ထို့အပြင် အိမ်နီးချင်းများသည်လည်း ထိုရန်ပွဲကို ကြားခဲ့ကြသည်။ ယခုသူလည်းသေဆုံးပြီဖြစ်ရာ အပြင်လူများသည် ဤအဘိုးအိုအားသေစေခဲ့သူမှာ သူတို့သာဖြစ်လိမ့်မည်ဟု ထင်ပေတော့မည်။ အတင်းအဖျင်းဆိုသည်မှာ ကြောက်စရာကောင်းသောအရာပင်မဟုတ်လော။ ထိုသတင်းများကို တားဆီးရန် သူတို့သည် ချောက်တွန်းစရာလူတစ်ဦးရှာရန် လိုအပ်ပေသည်။ ထိုမျှမက အဘိုးကန်ဟူသည်မှာ အခမဲ့ဆေးစစ်မှုများကို မကြာခဏ ဆိုသလို လုပ်ပေးတတ်၏။ အချို့လူများ၏မျက်လုံးထဲတွင် သူသည် ဤနယ်မြေတစ်ဝိုက်၌ လူချမ်းသာအဘိုးကြီးတစ်ယောက်ဟု မှတ်ယူကြပေသည်။ သူတို့သည်သာ အဘိုးကန်ဆီမှ ငွေညှစ်၍ရလျှင် အဆိုးထဲမှအကောင်းဖြစ်ပေမည်ဟု တွေးလိုက်ကြခြင်းဖြစ်၏။
“အမေ....သူတို့ပြောသလို မဟုတ်ဘူးမှတ်လားဟင်?”
ကောင်လေး၏မျက်နှာသည် မယုံကြည်နိုင်ဟန်ဖြစ်နေသည်။ အမှန်အတိုင်းပြောရလျှင် သူသည် ယခင်ကတည်းက သံသယဝင်နေသောကြောင့် ပို၍ပင်ပဟေဠိဖြစ်သွား၏။
သူ၏အဘိုးဆုံးပါးစဥ်က သူသည်ကူညီချင်ခဲ့သော်လည်း သူ၏မိခင်သည် အဘိုး၏အလောင်းအား ထိတွေ့ခွင့်မပေးဘဲ ဆရာဝန်ဆေးမှားပေးပြီး သတ်ခြင်းဟုသာ ပြောခဲ့သည်...
အမျိုးသမီးသည် တစ်ကိုယ်လုံးတုန်ယင်သွားသည်။ စက္ကန့်ပိုင်းအတွင်းတွင် သူမသည် ကြမ်းတမ်းစွာ ခေါင်းကိုမော့လိုက်သည်။
“သူ့ကို နင့်အဘိုးကသတ်ခဲ့တာ! သူကနင့်အဘိုးရဲ့ဆေးကိုသောက်ပြီးမှ သေသွားတာဟဲ့!”
“တကယ်လား? ရှင့်မှာ ဥပဒေနဲ့ပတ်သတ်လို့ အခြေခံဗဟုသုတရှိရဲ့လားမသိဘူး”
ကျင်းယွင်ကျောင်းသည် အေးစက်စွာ ပြောလိုက်သည်။
“ရဲတွေက အလောင်းကိုစစ်ဆေးပိုင်ခွင့်အပြည့်အဝရှိတယ်။ ရှင်တို့သဘောမတူဘူးဆိုတာနဲ့ပဲ အဆင်ပြေမယ်ထင်နေတာလား?”
အဘိုးကန်သည် ကျင်းယွင်ကျောင်းအနောက်တွင် ရပ်ပြီး သူ၏ခေါင်းကိုမခါဘဲမနေနိုင်တော့ချေ။
“ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းပြောရအောင်။ ဒီမှာလည်း ဘယ်သူမှမရှိဘူးလေ။ မတော်တဆဖြစ်တာဆိုရင် ဘယ်သူ့ကိုမှအပြစ်တင်စရာမလိုဘူး။ ဒီအစ်ကိုကြီးအသက်ရှိတုန်းက သူက နေ့တိုင်းလိုလို သူ့သားနဲ့သူ့မြေးအကြောင်းကိုတွေးတတ်တယ်။ မင်းတို့နှစ်ယောက်ကို သူလည်း ကောင်းကောင်းအသက်ရှင်စေချင်မှာပဲ”
အဘိုးကန်မှပြောလိုက်သည်။
“အမေ! အမေဘယ်လိုလုပ်ဒီလိုလုပ်ရက်ရတာလဲ! ကျွန်တော်ထင်တာက အဘိုးကတကယ်ပဲ....”
ထိုကောင်လေးသည် ချက်ချင်းဆိုသလို ချုံးပွဲချငိုလိုက်တော့သည်။
“အဘိုးကို ဘာကြောင့်ဒီလိုလုပ်ရက်တာလဲ! ကျွန်တော့်ကို သူ့ဆီလည်းပုံမှန်သွားမလည်ခိုင်ဘူး သွားခိုင်းတော့လည်း ဒီလိုမျိုးအဘိုးအိုတစ်ယောက်ကို ဒုက္ခပေးကြတယ်! သူအခုလည်းသေပြီဆိုတော့ အမေတို့ကျေနပ်ပြီလား?!”
လင်မယားနှစ်ဦးသည် ထိတ်ထိတ်ပျာပျာဖြင့် တံခါးကိုဝေ့ကြည့်ပြီး မျက်စိပျက်မျက်နှာပျက်ဖြစ်ကုန်ကြသည်။
“သား၊ သူတို့ပေါက်ကရတွေပြောနေတာကို နားမထောင်နဲ့...မင်းအဘိုးက ဆေးမှားကုခံရပြီး ဆုံးသွားတာ...သူ့လက်ကကျိုးနေတယ်ဆိုတာ ဟုတ်ပေမယ့် သူမတော်မဆချော်လဲကျသွားလို့ အဲ့လိုဖြစ်ရတာ...”
အမျိုးသားသည် အလျင်အမြန်ပင် သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီး အဘိုးကန်အားစူးစိုက်ကြည့်လိုက်သည်။
“ခင်ဗျားတို့ကို စကားနိုင်လုပြောလို့ကိုမရဘူးပဲ! ယွမ်တစ်မီလီယံထုတ်မပေးချင်ဘူးမှတ်လား? ဘယ်လိုဖြစ်လဲဆိုတာ ခင်ဗျားတို့လည်းရှင်းမပြနိုင်တော့ ယွမ်နှစ်သိန်းပဲပေး။ ယွမ်နှစ်သိန်းပေးတာနဲ့ ချက်ချင်းထွက်သွားပေးမယ်!”
သူတို့သည် ငွေမရမကလိုချင်သောကြောင့်မဟုတ်ဘဲ အိမ်နီးချင်းများမြင်စေရန်ဖြစ်သည်။ သူတို့သည်သာ နစ်နာကြေးမရလိုက်လျှင် သူတို့အမှားဖြစ်ချေတော့မည်။ ထိုသို့ဆိုလျှင် ပတ်ဝန်းကျင်၏ တံတွေးခွက်ထဲ၌ ပက်လက်မျောစရာဖြစ်တော့မည်!
Space and Rebirth 614
Trans: Esth
အဘိုးကန်သည် ကြင်နာသနားတတ်ပြီး စိတ်ထားနူးညံ့သောသူဖြစ်၏။ သူသည် သူတို့နှင့်ရန်မဖြစ်ချင်သော်လည်း သေဆုံးသူကိုတွေးမိလိုက်သောအခါ သူသည် စိတ်လျှော့လိုက်ရသည်။
ကျင်းယွင်ကျောင်းမှာမူ လိုရင်းကိုသာတန်းပြောလိုက်၏။
“အဘိုး၊ ဒါငွေရေးကြေးရေးပြသာနာမဟုတ်ဘူး။ ကြည့်လိုက်တာနဲ့ သူတို့က အဘိုးကို အပြစ်ပုံချချင်တာ သိသာနေတာပဲ။ ယွမ်နှစ်သိန်းမပြောနဲ့ ယွမ်တစ်ရာပဲပေးရင်တောင် အဘိုးမှာအပြစ်ရှိတယ်လို့ လူတွေကပြောကြတော့မှာ!”
ဤငွေသည် မည်သို့ပင်ဖြစ်စေ တစ်ဖက်လူအားပေးလိုက်၍မဖြစ်ချေ။ ပေးလိုက်ပါက နစ်နာကြေးသဖွယ်ဖြစ်သွားပြီး နစ်နာကြေးဟူသည်မှာ သူတို့ဘက်မှ အမှားတစ်ခုခုလုပ်ထားသည်ဟူသော အဓိပ္ပာယ်မဟုတ်လော။ ကျင်းယွင်ကျောင်းမှ ထိုသို့ပြောလိုက်သောအခါ အမျိုးသားသည် သူမအား အရိုင်းဆန်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။
အပြင်ဘက်ရှိလူများသည် ဆေးခန်းတွင်းမှ ပွက်လောရိုက်သံများကို မကြားရသဖြင့် အခြေအနေအားအကဲခတ်ရန် ခေါင်းများမော့ကြည့်လိုက်ကြသည်။ မြေပြင်ပေါ်ရှိအမျိုးသမီးသည် ချက်ချင်းပင်အပြင်သို့ ပြေးထွက်ပြီး အော်ဟစ်လိုက်၏။
“ဘယ်လိုလုပ်ပြီး ဒီမိသားစု အဲ့လောက်တောင်ယုတ်မာနိုင်ရတာလဲ? ကျွန်မယောက္ခထီးက ချော်လဲကျခဲ့တယ်ဆိုတာမှန်ပေမယ့် သူအဲ့အချိန်တုန်းက မဆုံးခဲ့ဘူး။ ဒီရမ်းကုဆရာဝန်ရဲ့ဆေးကြောင့် သေသွားတာဟုတ်မဟုတ်ကို ဘယ်သူပြောနိုင်မှာလဲ?! သူတို့ကတာဝန်နည်းနည်းမှမယူတဲ့အပြင် ယွမ်နှစ်သိန်းလောက်ကိုတောင် မလျော်နိုင်ဘူးတဲ့လေ ဒီသူဌေးတွေက ကျွန်မတို့လိုဆင်းရဲတဲ့လူတွေကို အကြပ်ကိုင်ဖို့ကြိုးစားနေတာပဲ!”
သူမသည် ထိုသို့ပြောလိုက်သောအခါ လူများကြားထဲတွင် ဆွေးနွေးသံများ ညံသွား၏။ လူတိုင်းလိုလိုတွင် သူဌေးသူကြွယ်များကို မုန်းတီးသောစိတ် အနည်းနှင့်အများရှိကြသောကြောင့် သူတို့သည် ကျင်းယွင်ကျောင်းကို စတင်လက်ညှိုးထိုးကြတော့သည်။
ကျင်းယွင်ကျောင်းမှပြောလိုက်သည်။
“ရှင်အရှက်မရှိဘဲ လုပ်ချင်သလိုလုပ်နေတော့မှာလား? ကောင်းပြီလေ ကျွန်မတို့လည်း ရှင့်ကိုမညှာတော့ဘူး။ ကျွန်မတို့ရဲခေါ်မယ် ကျွန်မအဘိုးလက်ချက်မဟုတ်ဘူးဆိုတာသာ ပေါ်လာရင် အသရေဖျက်မှုနဲ့ ရှင့်ကိုတရားစွဲလို့ဆိုပြီး ကျွန်မကိုအဆိုးမဆိုနဲ့! သူကသမားတော်တစ်ယောက်ပဲ။ သူ့ဂုဏ်သိက္ခာအပေါ် ထိခိုက်မှုမှန်သမျှကို ရှင်တို့မိသားစုပေးဆပ်ရလိမ့်မယ်! အာ ဟုတ်သားပဲ ကျွန်မမေ့တော့မလို့၊ အလောင်းစစ်ဆေးချက်အဖြေကို အထင်မသေးလိုက်နဲ့။ သူတကယ်ပဲချော်လဲကျတာလား သူများတွန်းလို့လဲသွားတာလားဆိုတာကိုတောင် သူတို့အဖြေရှာနိုင်တယ်! တစ်ယောက်ယောက်ရဲ့လက်ချက်ဆိုရင်တော့ တမင်လုပ်တာမဟုတ်ရင်တောင် လူသေစေမှုနဲ့ ထောင်ထဲကိုသွားရမှာပဲ!”
ကျင်းယွင်ကျောင်းသည် ထိုသို့ပြောပြီးနောက် အမျိုးသမီးသည် စကားဆက်မပြောတော့ချေ။ သူမမျက်နှာသည် အလွန်အမင်းထိတ်ထိတ်ပျာပျာဖြစ်နေပြီး တစ်ကိုယ်လုံးတုန်ယင်နေ၏။
“ရှင်တို့ရဲခေါ်လို့မရဘူး! အလောင်းစစ်ဆေးဖို့လုပ်ရင် ကျွန်မယောက္ခထီးက အလောင်းမပြည့်မစုံနဲ့သေရလိမ့်မယ်...”
ကျင်းယွင်ကျောင်းသည် သူမအား အေးစက်သောအကြည့်ဖြင့်ကြည့်ကာ ဖုန်းတစ်ချက်ခေါ်လိုက်သည်။
သူမသည် အစက ဤအဘိုးအိုအား ကောင်းကောင်းမွန်မွန်မြုပ်နှံနိုင်ရန် သူတို့အား အခွင့်အရေးပေးချင်မိသည်။ မတော်တဆဟုတ်မဟုတ်ကို သူမစုံစမ်းစစ်ဆေးခြင်း မလုပ်လိုခဲ့ချေ။ သို့ရာတွင် ဤလင်မယားမှာ အဘိုးကန်ကိုသာ တွင်တွင်စွပ်စွဲနေသောကြောင့် သူမဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ခြင်းဖြစ်၏။
ကျင်းယွင်ကျောင်းမှ ရဲခေါ်လိုက်သည်ကို မြင်လိုက်ရသောအခါ လင်မယားနှစ်ဦးသည် အလောင်းကိုယူပြီးထွက်ပြေးရန်လုပ်တော့သည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏လူများက အပေါက်ဝကို ကာဆီးလိုက်သည်။ အမျိုးသားသည် ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း တွန်းချခံလိုက်ရပြီး သနားစရာကောင်းစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ကောင်လေးမှာမူ မည်သို့လုပ်ရမည်ကို မသိတော့ချေ။ သူ့မိဘများ၏ တုံ့ပြန်ချက်များအရ သူသည် ဖြစ်ပျက်ထားသောကိစ္စများကို သဘောပေါက်လိုက်ပြီဖြစ်သည်။
“အတန်းဖော်၊ ငါစိတ်မကောင်းပါဘူး။ ဒါတွေအားလုံး ငါတို့အပြစ်တွေပါ။ ငါတို့ကိုအလောင်းနဲ့အတူထွက်သွားခွင့်ပေးပါလား။ အနာဂတ်မှာ ငါ့မိဘတွေဆီက ဘာအသံမှမထွက်ပါဘူးလို့ ငါကတိပေးပါတယ်။ ရဲတွေသာလာရင် အရာအားလုံးအဆုံးသတ်သွားလိမ့်မယ်...”
သူတို့သည်သာ ရဲများမလာခင် အလောင်းကိုမြေမြုပ်နိုင်ပါက အချိန်ရှိသေးပေသည်။ သူသည် သူ၏အဘိုးအား အောင်မြင်စွာမကယ်ဆယ်ခဲ့နိုင်သော်လည်း သူ၏မိခင်ကိုတော့ ထောင်ထဲမသွားစေချင်ပေ။
“ယွင်ကျောင်း၊ ထားလိုက်ပါတော့။ တခြားသူတွေအမှားလုပ်နိုင်တဲ့အချိန်လည်းရှိတာပဲ အဲ့အချိန်မှာ ကိုယ်ကခွင့်လွှတ်ပေးသင့်တယ်”
အဘိုးကန်သည် သူမအနောက်မှ သက်ပြင်းချကာပြောလိုက်သည်။ သူသည် အမှန်အမှားမခွဲခြားတတ်ခြင်းကြောင့် ထိုစကားထွက်သည်မဟုတ်ပေ။ သူ၏သေဆုံးသွားသောအစ်ကိုကြီးမှာ သူ၏သားနှင့်ချွေးမကို ဒုက္ခမပေးချင်လောက်ဟု အဘိုးကန်တပ်အပ်သိနေခြင်းကြောင့်သာဖြစ်၏။ သေသည့်လူက သေနှင့်ပေပြီ။ ထိုလူက အဘယ်သို့ သူ၏သားသမီး၊ မြေးမြစ်များကို ပြသာနာရှာချင်ပါ့မည်နည်း?
ကျင်းယွင်ကျောင်းသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် အဘိုးကန်ပြောသည့်အတိုင်း သိပ်မလုပ်ချင်လှပေ။ သူတို့သည်သာ အလောင်းအားမြေမြုပ်ပြီး သက်သေဖျောက်လိုက်ပြီးနောက် ကတိပေးသည့်အတိုင်းမလုပ်ဘဲ သူတို့အားပြသာနာပြန်လာရှာလျှင် ကျင်းယွင်ကျောင်းတို့ မိမိကိုယ်ကိုကာကွယ်ပြောရန် အလွန်ခက်ခဲပေတော့မည်!
“သူတို့ကိုလွှတ်ပေးလို့ကရပါတယ် ဒါပေမယ့် သူတို့ကိုအမှန်အတိုင်းပြောခိုင်းပြီး သက်သေအနေနဲ့ မှတ်တမ်းတင်ထားမှဖြစ်မယ်! သူတို့ပြသာနာမရှာသရွေ့ ကျွန်မလည်း အဲ့သက်သေကိုလူရှေ့ထုတ်မပြဘူးလို့ ကတိပေးတယ်”
ကျင်းယွင်ကျောင်းထပ်ပြောလိုက်ပြန်သည်။
သူမထိုစကားကို ပြောလိုက်သောအခါ ကောင်လေးသည် စိတ်အေးသွားဟန်ဖြင့် သက်မချလိုက်ပြီး သူ၏မိခင်အား အလျင်အမြန်ဆွဲခေါ်လာတော့သည်။
“အမေ၊ အမှန်အတိုင်းပြောလိုက်ပါ! ထောင်ထဲသွားရတာနဲ့စာရင် အတင်းပြောခံရတာက ပိုသာတယ်မဟုတ်ဘူးလား?”
ထိုအမျိုးသမီးသည် သူမအား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ သူတို့သည် အားမသာသောအခြေအနေတွင်ရှိနေသည်မဟုတ်လော။ ပုံမှန်ဆိုလျှင် ဆရာဝန်များသည် ဤကဲ့သို့အခြေအနေမျိုးကြုံရပါက တိတ်တိတ်ဆိတ်ဆိတ်ပြီးသည့်နည်းလမ်းကို ရွေးချယ်လေ့ရှိကြသည်။ သို့ရာတွင် သူတို့သည် ကံဆိုးပြီး သံမဏိပြားကို ကန်မိမည်ဟု မထင်ထားခဲ့ချေ။ ဤမိန်းကလေးသည် လုံးဝပုံမှန်မဟုတ်ပါပေ!
Space and Rebirth 615
Trans: Esth
ထိုအမျိုးသမီးသည် အလွန်အမင်းစိတ်ဆိုးဒေါသထွက်နေဟန်ဖြင့် ကျင်းယွင်ကျောင်းအား စူးစိုက်ကြည့်လိုက်သည်။ သူမနံဘေးမှ အမျိုးသားသည် ဒေါသထွက်လွန်းသဖြင့် ကျင်းယွင်ကျောင်းထံသွားပြီး ရိုက်ချင်သော်လည်း သူမသည် အလွန်တရာသန်မာကြောင်း သိရှိထားနှင့်ပြီဖြစ်သည်။ ထို့အပြင် မကြာခင်တွင် ရဲများသည် ရောက်လာတော့မည်။ ထိုအချိန်မှဆိုလျှင် သူတို့သည် ထွက်သွားရန် အလွန်နောက်ကျသွားတော့မည်ဖြစ်သောကြောင့် ဤအရှက်ရမှုကို အောင့်အည်းသည်းခံရုံသာရှိတော့သည်။
အမျိုးသမီးသည် တစ်ခုခုကိုပြောချင်ဟန်ဖြင့် ပါးစပ်ကိုဖွင့်လိုက်သော်လည်း စကားစရှာမရဖြစ်နေ၏။ သူမသားသည် ၎င်းကိုမြင်လိုက်သောအခါ မျက်လုံးများနီမြန်းသွားသည်။
“အမေ! ဘာတွေဖြစ်နေတာလဲ? ကျွန်တော့်ကိုပြောစမ်းပါဗျ!”
သူ၏မိဘများသည် ယခင်ကတည်းကပင် သူ၏အဘိုးအပေါ် ကောင်းကောင်းမဆက်ဆံတတ်ကြောင်း သူသည် သိထားခဲ့၏။ သူ၏အဘိုးဖြစ်သူမှာ နှုတ်ရေးမကြွယ်လှချေ။ အတိတ်ကာလများတွင် အဘိုးသည် အလုပ်အလွန်များသောကြောင့် သူ၏ဖခင်အား လျစ်လျူရှုတတ်သည်ကိုသာ သူသိထား၏။ ထိုကိစ္စကြောင့် သူ၏ဖခင်သည် သူ၏အဘိုးအား မျက်နှာလွှဲခဲပစ်လုပ်ထားပြီး သက်သက်စီအိမ်ခွဲနေခဲ့ကြ၏။
သူ၏အဘိုးသည် အိမ်အိုအိမ်ဟောင်းတစ်ခုတွင် နေထိုင်သောကြောင့် သူ့အားဂရုစိုက်မည့်လူမရှိခဲ့ချေ။ သူကိုယ်တိုင်သည်လည်း ကျောင်းသွားရသေးသည်။ သူ၏အချိန်ပိုအားလုံးကို အဘိုးအိမ်တွင်သာကုန်ဆုံးလျှင် သူ၏မိဘများမှ ဆူပူတတ်သောကြောင့် သူသည် ပုံမှန်အားဖြင့် အဘိုးဆီသို့ တစ်ပတ်မှ တစ်ခါနှစ်ခါခန့်သာ သွားရောက်လည်ပတ်ရလေ့ရှိသည်။ သို့ရာတွင် မကြာသေးမီက ပိတ်ရက်ဖြစ်သောကြောင့် သူ၏မိဘများသည် အဘိုးအိမ်သို့ ယခင်ကထက် ပိုမိုသွားရောက်ခြင်းရှိလာသည်။ အစက သူတို့သည် အဘိုးအပေါ်ကျေးဇူးဆပ်သည့်အနေဖြင့် ပြန်ဂရုစိုက်ချင်သောကြောင့်သွားသည်ဟု သူထင်ခဲ့သော်လည်း သူ၏ဘေးအိမ်မှ အိမ်နီးချင်း၏စကားအရ တစ်စုံတစ်ယောက်မှ အဘိုးအိမ်ကို ဝယ်ချင်ကြောင်းကြားလိုက်ရ၏။ သူ၏မိဘများသည် ထိုအိမ်အား ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်လေသည်။
“သားအဖေနဲ့ အမေကိုယ်တိုင်က ဒီနေ့မှာ အိမ်ကိုရောင်းမယ့်ကိစ္စကို သဘောတူပေးဖို့ သူ့ကိုပြောခဲ့ပေမယ့် သူကတော့ အိမ်ကိုရောင်းလိုက်ရင် သူနေစရာမရှိတော့ဘူးလို့ ပြောခဲ့တယ်...သားအဖေက အဲဒါနဲ့ပဲ သူ့ကိုအော်ပြီးထွက်သွားခဲ့တယ်။ အမေလည်း စိတ်တိုသွားတာနဲ့ သူ့ကိုခေါင်းမာတဲ့အဘိုးကြီးလို့ခေါ်မိလိုက်တယ်။ အဲဒါနဲ့ သားအဘိုးနဲ့ အမေ ရန်ဖြစ်တော့တာပဲ။ ဒီလိုနဲ့...ဘာဖြစ်မှန်းသေချာမသိလိုက်ပေမယ့် မင်းအဘိုးက ကြမ်းပြင်ပေါ်လဲကျသွားပြီး အချိန်တော်တော်ကြာကြာပြန်မထလာတော့ဘူး။ အမေလည်း အဲ့အချိန်တုန်းက စိတ်ဆိုးနေတာဖြစ်တဲ့အပြင် သားလည်း အိမ်ပြန်လာတော့မှာဆိုတော့ ဟင်းချက်ဖို့ထွက်သွားလိုက်တာ....ပြီးတော့ သားအဘိုးက အမေ့ကို တမင်သက်သက်ကြောက်အောင် ခြောက်နေတယ်လို့ တွေးလိုက်မိတယ်လေ။ အဲဒါနဲ့ ဆယ်မိနစ်လောက်ကြာတော့ သူလည်း အပေါ်ပြန်တက်ပြီး သူ့အခန်းထဲဝင်သွားတာနဲ့ အမေလည်း သိပ်ဂရုမစိုက်တော့ဘူး...”
ဤအချိန်တွင် အမျိုးသမီးသည် ပြန်ပြောပြရင်း ကျီးလန့်စာစားနေပြီဖြစ်သည်။ မျက်ရည်များနှပ်များရွှဲစိုရင်း သူမပြောလိုက်၏။
“ဒါပေမယ့် သူအဲ့လိုနဲ့ ထွက်သွားလိမ့်မယ်လို့ အမေမထင်ခဲ့ဘူး...”
သူမသားရှေ့တွင် ပြောမပြနိုင်သောအရာတချို့ရှိသေးပေသည်။ ထိုအဘိုးအိုလဲကျရခြင်းမှာ သူမသည် ဒေါသစိတ်မွှန်နေချိန်၌ သူ့အားတွန်းချလိုက်ခြင်းကြောင့်ဖြစ်ပြီး မသေနိုင်သေးဘူးဟူ၍ အော်ငေါက်ခဲ့သေးသည်။ သို့ရာတွင် ထိုအချိန်က သူမဒေါသမွှန်နေသောကြောင့်သာဖြစ်သည်။ ထိုအဘိုးကြီးသည် ထိုလဲကျမှုကြောင့် အမှန်တကယ်သေဆုံးသွားမည်ဟု သူမမထင်ခဲ့ချေ။
“အန်တီ့ကြည့်ရတာ တစ်ခုခုကိုမပြောဘဲချန်ထားပုံပဲ။ ရဲလာမှပြောဖို့လုပ်ထားတာလား?”
ကျင်းယွင်ကျောင်းသည် ညှာတာစိတ်အနည်းငယ်မျှပင် မရှိချေ။
အမျိုးသမီးသည် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံးတုန်ယင်သွား၏။
“ကျွန်မ...”
သူမသည် မျှော်လင့်ချက်မဲ့နေချေပြီ။
“သူ-သူ့ကို....သူ့ကိုကျွန်မတွန်းလိုက်တာပါ။ အဲ့အချိန်တုန်းက ဒီလိုမျိုးဖြစ်မယ်လို့ တကယ်မထင်ထားခဲ့ဘူး...”
ထိုအမျိုးသမီးသည် ချောင်ပိတ်မိနေသဖြင့် အသံတိုးတိုးဖြင့် ပြောနေလေ၏။
အဘိုးအိုမှ အိပ်ရာထဲပြန်ရောက်သွားသောအခါ သူမယောက်ျားပြန်လာပြီး အခြေအနေကို မေးမြန်းလိုက်သည်။ ထိုအချိန်တွင် သူမသည် အမှန်တရားကိုပြောလိုက်သော်လည်း သူမယောက်ျားမှာမူ ဘာမှအတွန့်မတက်ချေ။ “သောက်ရူးကြီး” ဟုပင် အော်ငေါက်လိုက်ပြီး သူမအားစိတ်မပူရန်ပြောလိုက်သေး၏။ သူသည် အဘိုးအိုအား အချိန်တစ်ခုစာမျှပစ်ထားပြီး ထိတ်လန့်သွားအောင် လုပ်ချင်မိသည်။
မကြာမီတွင် သူသည် အသက်ရှူရပ်တန့်သွားကြောင်း သူတို့သိရှိလိုက်ချိန်၌ ဤအဘိုးအိုဆုံးပါးသွားမှန်း အခြားသူများသိသည်နှင့် တစ်စုံတစ်ယောက်မှ ရဲခေါ်နိုင်မည်ဖြစ်ကြောင်း လင်မယားနှစ်ဦးတန်းသိလိုက်၏။ သူတို့သည် အဘိုးအိုနှင့်ရန်ပွဲဆင်ထားကြောင်း အိမ်နီးချင်းများအားလုံးသိသည်မဟုတ်လော။
စိတ်ဖိအားများရရှိနေကြသောအချိန်တွင် သူတို့သည် စားပွဲခုံပေါ်မှ ဆေးပန်းကန်လုံးကို မြင်လိုက်ပြီး သမားတော်ကန်အား အပြစ်ပုံချရန် တွေးလိုက်ကြလေ၏။
သူတို့အားလုံးသည် သမားတော်ကန်ကို သိကြလေသည်။ သမားတော်ကန်သည် လူကောင်းတစ်ဦးဖြစ်ပြီး အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များလုပ်တတ်သည့်လူတစ်ဦးဖြစ်ကြောင်း သူတို့ကြားထားခဲ့၏။ ထိုကဲ့သို့အဘိုးအိုမျိုးသည် စိတ်မကြီးနိုင်ရာဟု သူတို့သည် ထင်မှတ်လိုက်ကြသည်။ ထိုလူကိုသာ သူတို့ခြိမ်းခြောက်နိုင်လျှင် ငွေပိုငွေလျှံထွက်လာမည်သာမက သူတို့အစားပင် အပြစ်ခံရပေဦးမည်။
သူ့လိုလူမျိုးတွင် ဤကဲ့သို့ကပ်စေးကုပ်သည့် မြေးမတစ်ဦးရှိနေမည်ဟု သူတို့မတွက်ချက်ထားခဲ့ခြင်းသာဖြစ်၏။ သူမသည် အလောင်းကိုရွှေ့စဥ်က သေဆုံးပြီးအဘိုးအိုကို ဆက်တိုက်ဆိုသလို ဝေ့ကြည့်နေခဲ့သည်။ ထိုအချိန်ကတည်းကပင် သူသည် အဘိုးအို၏လက်မောင်းတစ်ခုခုဖြစ်နေသည်ကို သိရှိလိုက်၏။ အမျိုးသမီးသည် ထိုအချက်အားဖုံးကွယ်ရန် အလျင်အမြန်ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့ပေပြီ။
Space and Rebirth 616
Trans: Esth
လင်မယားနှစ်ဦးသည် သူတို့လုပ်ခဲ့သောလုပ်ရပ်ကို နောင်တရနေမိ၏။ သူတို့လုပ်ခဲ့သည့်ကိစ္စကို မိန်းကလေးငယ်တစ်ဦးမှ ဖော်ထုတ်နိုင်မည်ဟုသာ သူတို့သိခဲ့လျှင် အရင်ဆုံးအလောင်းအား မြေမြုပ်ပြီးမှသာ ပြသာနာလာရှာခဲ့မည်ဖြစ်၏။ သို့ရာတွင် အလောင်းမရှိတော့လျှင် သမားတော်မှ ဝန်မခံတော့မည်ကိုစိုးသဖြင့် သူတို့သည် ထိုသို့သာလုပ်လိုက်ရတော့သည်။
အမျိုးသမီးသည် ဆက်လက်ငိုကြွေးနေဆဲဖြစ်သော်လည်း သူမသည် သူမအတွက်သူမငိုနေခြင်းဖြစ်ပြီး သေဆုံးသွားသူအတွက်မဟုတ်ကြောင်းကို ကျင်းယွင်ကျောင်းသိနေခဲ့၏။ သူတို့မျက်လုံးထဲတွင် အဘိုးအိုသည် အသက်ကြီးရင့်နေပြီဖြစ်ပြီး များမကြာမီတွင်လည်း သေဆုံးတော့မည်ဖြစ်ရာ မည်သည့်အချိန်တွင် သေသည်က အရေးမကြီးပါပေ။
အမျိုးသမီးသည် ဆက်လက်၍ မလိမ်ရဲတော့ချေ။ အချိန်သည် တရွေ့ရွေ့ကုန်ဆုံးလာပြီမဟုတ်လော။ သူမဤနေရာတွင် ကြာကြာနေလေ ရဲများမှ သူမအား လက်ထိပ်ခတ်ဖမ်းနိုင်ချေမှာ မြင့်လာလေလေဖြစ်သည်။
ပြောလက်စနှင့် ဖြစ်ပျက်သမျှအမှန်တရားအကြောင်းစုံကို အသေးစိတ်ပြောပြရုံသာရှိသည်။
သို့ရာတွင် သူမသည် အရာအားလုံးကိုပြောပြပြီးနောက် သူမတို့၏သားသည် လုံးဝဆွံ့အသွား၏။ သူ၏အဘိုးသည် မတော်တဆလဲကျသွားခြင်းဟု သူထင်ခဲ့မိသည်။ သူ၏မိဘများသည် အဘိုးမှ လဲကျ၍သေဆုံးခြင်းလော ဆေးသောက်၍သေဆုံးခြင်းလော မဝေခွဲတတ်သောကြောင့် ဤနေရာသို့ ပြသာနာလာရှာသည်ဟု ထင်ခဲ့မိသည်။ သို့ရာတွင် သူ၏မိဘများသည် သမားတော်ကန်အား တမင်အပြစ်ပုံချရန် လာရောက်ခဲ့ခြင်းဟု မထင်မှတ်ထားပါချေ...
“အမေ! အမေတို့လွန်လွန်းသွားပြီ...”
ကောင်လေးသည် ချက်ချင်းဆိုသလို သူ၏မျက်နှာကိုအုပ်ကာ ငိုကြွေးတော့သည်။
အဘိုးသည် ငယ်စဥ်က တာဝန်မဲ့ခဲ့သောကြောင့် သူ၏ဖခင်သည် အဘိုးအား ကောင်းကောင်းမဆက်ဆံသည်ကို သူသိထားသော်လည်း အဘိုးသည် သက်ကြီးရွယ်အိုတစ်ဦးဖြစ်နေချေပြီ။ သူ့တွင် ခံစားချက်မရှိလျှင်ပင် ဤမျှလောက်နှလုံးသားမဲ့စရာမလိုပေ!
မိဘများ၏မျက်နှာတွင် စိတ်ပူပန်မှုများနှင့် အကြောက်တရားများက စိုးမိုးနေသည်။
“ကောင်မလေး၊ မင်းပြောထားတယ်နော်...”
“အောက်တန်းစားနှစ်ယောက်!”
ကျင်းယွင်ကျောင်းမှ ဘာမျှပြန်မပြောနိုင်ခင်တွင် အဘိုးကန်သည် ဒေါသတကြီးဖြင့် အော်ဟစ်ပြီး ထိုအမျိုးသားအား စူးစိုက်ကြည့်လိုက်သည်။
“မင်းအဖေငါ့ကိုစကားပြောတိုင်း မင်းရဲ့မကောင်းကြောင်းတစ်ခွန်းမှ မပါဘူး။ တစ်နေ့ကျ မင်းသူ့အိမ်နားက ပြောင်းသွားရင်တောင် သူသဘောတူပေးလိုက်ဖို့ စဥ်းစားထားပြီးသား။ မင်းတို့ရဲ့ဆိုးရွားလှတဲ့ အောက်တန်းစားစရိုက်တွေကြောင့်သာမဟုတ်ခဲ့ရင် အဲ့အိမ်ကို ရောင်းပြီးတာကြာနေလောက်ပြီ!”
အဘိုးအိုသည် သူတို့နှင့်တွေ့တိုင်းရန်ဖြစ်နေသရွေ့ အိမ်အား စိတ်အေးအေးချမ်းချမ်းဖြင့် ရောင်းနိုင်ဦးမည်လော?
အိမ်ရောင်းထွက်သွားလျှင် အဘိုးအိုသည် နေစရာနေရာရှိတော့မည်မဟုတ်ချေ။ ထို့ကြောင့် သူ၏သားနှင့်ချွေးမအိမ်တွင်သာ နေရတော့မည်။ တစ်ရက်နှစ်ရက်ဆိုလျှင် ကိစ္စမရှိသော်လည်း ထိုကဲ့သို့သာဆက်သွားနေပါက မိသားစုထဲတွင် အပူမီးများငြိမ်းနိုင်မည်မဟုတ်ပါပေ!
လင်မယားနှစ်ဦးမှာ ငွေကြေးကိုသာ စဥ်းစားနေသော်လည်း အဘိုးအိုမှာမူ “မိသားစုသဟဇာတ” အတွက် စဥ်းစားပေးနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း နှစ်ဦးနှစ်ဖက်လုံးသည် အလျှော့မပေးခဲ့ခြင်းဖြစ်၏။ သို့ရာတွင် နောက်ဆုံးရလဒ်သည် ဤသို့ဖြစ်မည်ဟု မထင်ထားခဲ့ချေ။
ကျင်းယွင်ကျောင်းသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး မှတ်တမ်းတင်ခြင်းကို ရပ်လိုက်သည်။
“ရှင်တို့နှစ်ယောက်လည်း တစ်နေ့ကျရင် အသက်ကြီးလာရမှာပဲ။ အဲ့အချိန်ရောက်လာရင် ရှင်တို့သားသမီးတွေက ရှင်တို့ရဲ့ဒီနေ့လုပ်ရပ်ကို မှတ်မိလာလိမ့်မယ်။ ထွက်သွားကြ!”
ကျင်းယွင်ကျောင်းပြောလိုက်သည်။
ဤကောင်လေးသည် သူ့မိဘများ၏လုပ်ရပ်များကို သေချာပေါက်နားမလည်နိုင်ပါချေ။ သူ၏အသက်အရွယ်တွင် အရာအားလုံးသည် ဖြူစင်လှပနေသေးသည်ဖြစ်ရာ သူ၏စိတ်ထဲတွင် အညှီအဟောက်များမရှိသေးသော်လည်း ယခုသူ၏မိဘများ၏ လုပ်ရပ်များကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရပြီဖြစ်သဖြင့် နောက်ဆယ်နှစ်အကြာတွင် သေချာပေါက်တုံ့ပြန်မှုတစ်ခုရှိလာလိမ့်ပေမည်။ သူသည် မိဘများနှင့် အငြင်းပွားမှုတစ်ခုရှိတိုင်း သူ့မိဘများ၏ အတိတ်ကို တွေးမြင်လာလိမ့်မည်။ ထိုအတိတ်ကို သူသည် ပြန်မဆွဘဲ အဘယ်သို့နေနိုင်မည်နည်း?
နှစ်ဦးသားသည် လက်တလောတွင် ဖုံးဖိနိုင်သော်လည်း အနာဂတ်တွင် ဖုံးနိုင်တော့မည်မဟုတ်ပေ။ ကံ၊ ကံ၏အကျိုးဟူသည်မှာ သံသရာတစ်လျှောက်ခံစားရသောအရာဖြစ်ပြီး ယခုအချိန်တွင် အလွန်စောသေးလှပေသည်။
ကျင်းယွင်ကျောင်းမှ အလျှော့ပေးလိုက်သည်နှင့် မိဘနှစ်ဦးသည် ချက်ချင်းဆိုသလို အသက်ဝင်လှုပ်ရှားလာပြီး အလောင်းအား ဆေးခန်းအပြင်သို့ သုတ်သီးသုတ်ပြာဖြင့် သယ်ထုတ်သွား၏။ သူ၏မိဘများဖြစ်ပျက်နေပုံကိုမြင်လိုက်ရသော ကောင်လေး၏မျက်နှာတွင် စိတ်ပျက်ဝမ်းနည်းမှုများ ပြည့်နှက်သွားလေသည်။
ဘေးဘီမှကြည့်ရှုနေသူများသည် နားမလည်လိုက်သောကြောင့် မေးရန်ဟန်ပြင်ဆဲတွင် ထိုအမျိုးသမီးမှပြောလိုက်လေ၏။
“ဒါတွေအားလုံးက အထင်လွဲမှုကြီးတစ်ခုရယ်ပါ...”
ထို့နောက် ဆက်လက်ရှင်းပြခြင်းမရှိဘဲ သူမလူများကိုသုတ်သုတ်ပြာပြာဖြင့် ခေါ်ကာ စျာပနအားကျင်းပရန် ဦးဆောင်ထွက်သွားလိုက်သည်။
အဘိုးကန်၏မျက်နှာသည် သုန်မှုန်နေ၏။ သူသည် အပြင်သို့ထွက်ပြီး “ဆေးခန်းဖွင့်ပြီ” ဟူသောဆိုင်းဘုဒ်ပြားလေးအား အနောက်သို့လှန်လိုက်သည်။ လူအုပ်ကြီးသည် ခဏတာမျှဆွေးနွေးပြီးနောက် ရဲသားများလာရောက်ပြီးပြန်သွားသည်ကို တွေ့လိုက်ရသောအခါ မည်သူမျှသူတို့အား အာရုံမစိုက်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြတော့၏။
“ဟူး ကိုယ်စိုက်တဲ့အတိုင်းပြန်ရိတ်ရတာပဲ ကိုယ်စိုက်တဲ့အတိုင်းပြန်ရိတ်ရတာပဲကွယ့် အဲ့အဘိုးကြီးငယ်ငယ်တုန်းက သူ့ကလေးတွေကို ဂရုမစိုက်ခဲ့ဘူးလို့ကြားတယ်။ အခုကြည့်စမ်း အသက်ကြီးလာတော့ သူ့သားသမီးတွေက လက်စားချေနေပြီ”
အဘိုးကန်သည် စိတ်တည်ငြိမ်စေမည့် လက်ဖက်ရည်တစ်ခွက်ကိုသောက်ရန် တုန်တုန်ယင်ယင်ဖြင့် ငှဲ့လိုက်သည်။ သနားစရာကောင်းသောလူများပင်လျှင် မုန်းစရာကောင်းသောအတိတ်ရှိခဲ့ဖူး၏။ နောက်ဆယ်စုနှစ်အချို့ကြာလျှင် အခြေအနေများသည် တစ်ကြော့ပြန်လှည့်လာဦးမည်ဖြစ်သည်။