အခန်း (၆၁၇-၆၂၀)
Vol. 31 Ch. 617-620
Space and Rebirth 617
Trans: Esth
အဘိုးကန်သက်ပြင်းချလိုက်ပြီးနောက် သူသည် ကျင်းယွင်ကျောင်းအားကြည့်ကာ ပြောလိုက်သည်။
“ဘာလို့သူတို့ကိုလွှတ်ခိုင်းရလဲသိလား?”
“သူတို့ကို ဥပဒေနဲ့အပြစ်ပေးဖို့မလိုဘူးလေ။ လူ့လောကမှာ အကြာကြီးနေကြရဦးမှာ”
ကျင်းယွင်ကျောင်းသည် ရေရွတ်ကာ ပြောလိုက်၏။ အဘိုးကန်ပြောမည့်စကားများနင်သွားပြီး ခေါင်းကိုခါယမ်းလိုက်သည်။
“မင်းကတကယ်ခေါင်းမာတဲ့ကလေးပဲ။ ကံကောင်းလို့ ဆေးကျောင်းသူတစ်ယောက်ဖြစ်နေတာ”
အဘိုးကန်သည် မျက်စောင်းမထိုးဘဲ မနေနိုင်တော့ချေ။
ကျင်းယွင်ကျောင်းနောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သောဆရာတစ်ပါးရှိကြောင်း သိထားသော်လည်း ထိုဆရာမှာ မည်ကဲ့သို့လူစားမျိုးဖြစ်ကြောင်း သူမသိပေ။ နောက်ပိုင်းတွင် သူမသည် ထိုဆရာအကြောင်းပြောသည်ကိုပင် တစ်ခါမှမကြားခဲ့ဖူးချေ။ သို့ရာတွင် ထိုဆရာနှင့်ယှဥ်လိုက်လျှင် သူမအပေါ် ပိုမိုလွှမ်းမိုးနိုင်သူမှာ ဆေးဝါးဆရာ ရှုကျင်းကျိသာဖြစ်ရမည်။ သူသည် ထိုပုဂ္ဂိုလ်အား ခရိုင်ဆေးရုံတွင်တစ်ခေါက်မြင်ဖူးလေသည်။
ကျင်းယွင်ကျောင်း၏ စိတ်နေသဘောထားသည် ရှုကျင်းကျိနှင့်ဆင်လှ၏။ သူသည် အေးစက်သောနှလုံးသားနှင့် အေးစက်သောစရိုက်ကို ပိုင်ဆိုင်ပြီး သေးငယ်လှသောပြစ်မှုအတွက်ပင် ကလဲ့စားချေတတ်သောသူဖြစ်သည်။ သူမအား နာကျင်ထိခိုက်စေသူ၊ ချောက်တွန်းသူတိုင်းအား သူမခံရသောဒုက္ခထက် ဆယ်ဆ၊ အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းသောလူမျိုးဖြစ်၏။
ဤစရိုက်မျိုးမှာ ကောင်းလည်းကောင်းသည် ဆိုးလည်းဆိုးပေသည်။
ကျင်းယွင်ကျောင်းသည် ဆေးပညာကိုလေ့လာစဥ်က လူများသည် ကောင်းမှုများကိုသာလုပ်ဆောင်ပြီး သီလသမာဓိရှိရမည်ဟု အမြဲတစေမှတ်ယူထားခဲ့သည်။ ထို့ကြောင့် သူမသည် မကောင်းသောအရာများကို စတင်လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ပေ။ သူမသည်သာ ဆေးပညာကိုမသင်ယူခဲ့ဘဲ ဆေးပညာနှင့်ဆိုင်သောကျင့်ဝတ်များကို မမှတ်ထားခဲ့လျှင် များမကြာမီတွင် သူ၏အတန်ငယ်ဆိုးရွားလှသောစိတ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို ခံရပေလိမ့်မည်။ သူမနှလုံးသားသည် ကျောက်သားဖြင့်ထုဆစ်ထားသောအခြေအနေသို့ ရောက်သည်နှင့် သူမနံဘေးတွင် စစ်မှန်သောသူငယ်ချင်း ဘယ်နှစ်ယောက်ခန့်ကျန်သေးဦးမည်နည်း?
ရှုကျင်းကျိသည် သူမအား မကြာခဏဆိုသလို လမ်းပြလေ့ရှိသော်လည်း သူမစရိုက်သည် အခြားသူများနှင့်မတူ ချွန်ထွက်လွန်းနေသည်။ သူသည် ကျင်းယွင်ကျောင်းအား များစွာကူညီနိုင်ခဲ့သော်လည်း သူမအား ပိုသန်မာပြီး စိတ်တည်ငြိမ်စေခဲ့ရုံသာရှိသည်။ ပြည့်နေသောရေခွက်အား ထပ်ထည့်လျှင် လျှံကျရုံသာရှိမည်။ အခြားအရာများအတွက် နေရာအနည်းငယ်ချန်ထားသည်က ပိုကောင်းပေသည်။ ထိုမှသာ သူမသည် ကလေးဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်၏။
ကျင်းယွင်ကျောင်း၏မျက်လုံးများတွင် နူးညံ့မှုအနည်းငယ်စွတ်သွားသည်။
“နောက်ရက်ပိုင်းအတွင်း လူနာတွေနည်းသွားမယ်ထင်တယ် အဆင်ပြေပါ့မလား?”
သူမသည် တုံးအသောလူမဟုတ်ပေ။ အဘိုးကန်သည် သူမအား ဖြူငယ်တစ်ကောင်နှယ် သတ်မှတ်ထားကြောင်း သူသိထား၏။ သူမသည် တွေ့သမျှလူတိုင်းအား မိမိ၏ဆူးဖြင့်ထိုးမည်ကို အဘိုးကန်သည်ကြောက်နေခဲ့သည်။ သူကိုယ်တိုင်မှာမူ အခြားသူများချည်းကပ်၍မရနိုင်သော သံမဏိတံတိုင်းကြီးတစ်ခုကဲ့သို့ မိမိကိုယ်ကိုတည်ဆောက်ထား၏။
အဘိုးကန်သည် သူ၏အသက်ရှူနှုန်းကို ချိန်ညှိလိုက်သောအခါ အသားအရောင်ပြန်ကောင်းလာသည်။
“ရက်နည်းနည်းလောက်နားရတော့ ကောင်းတာပေါ့။ အတော်ပဲ သိပ်မကြာသေးခင်က မင်းပေးထားတဲ့ လက်ရေးစာမူကိုတောင် ဖတ်လို့မပြီးသေးဘူး”
ထိုအရာကိုစဥ်းစားလိုက်သောအခါ အဘိုးကန်၏မျက်နှာတွင် အပြုံးတစ်စွန်းတစ်စပေါ်လာ၏။ သို့ရာတွင် သူ၏မျက်နှာသည် တစ်ပြိုင်နက်တည်းတွင် နီမြန်းသွားသည်။
သူသည် ကျင်းယွင်ကျောင်းအား ပထမဆုံးစတွေ့စဥ်က ဤကလေးအား အနာဂတ်တွင် ကောင်းကောင်းသင်ကြားပေးရမည်ဟု မှတ်ယူခဲ့သည်။ ဤကဲ့သို့ပါရမီမျိုးမှာ အလွန်ရှားပါးလှသည်မဟုတ်လော။ သို့ရာတွင် ကျင်းယွင်ကျောင်းဟူသည်မှာ သူသင်ကြားပေးစရာလုံးဝမလိုသောသူဖြစ်ကြောင်း သူမထင်မှတ်ထားခဲ့ပေ။
သူမကိုတွေ့တိုင်း ထိတ်လန့်အံ့အားသင့်လောက်စရာ တိုးတက်မှုများကို လုပ်ဆောင်တတ်သည်။ သူမသာ အသက်အကြောင်းမပြောခဲ့လျှင် သမားတော်အိုတစ်ဦးဟုပင် အထင်မှားမိပေမည်။ ထို့အပြင် သူတို့၏အဆင့်မှာ ပြောင်းပြန်ဖြစ်နေချေပြီ။ သူသည် ဆေးဝါးဖော်စပ်ရေးနှင့် ၎င်းတို့နောက်ကွယ်မှ သဘောတရားများကို နားမလည်ဘဲရှိနေသည်ဟု ကျင်းယွင်ကျောင်းမှ မကြာခဏဆိုသလိုပြောတတ်၏။ သူမသည် သူ၏ဂျူနီယာတစ်ဦးဖြစ်သော်လည်း ဤဆက်ဆံရေးတွင် အကျိုးအမြတ်ရရှိသူမှာ အဘိုးအိုတစ်ဦးဖြစ်သောသူသာလျှင်ဖြစ်သည်။
“ယွင်ကျောင်း သူတို့သာဒီဗီဒီယိုမှတ်တမ်းကို နောက်ကွယ်မှာခိုးဖို့လုပ်ရင် ဘယ်လိုလုပ်ကြမလဲ?”
ကန်ကျင်းချန်မေးလိုက်သည်။
ကျင်းယွင်ကျောင်းနှင့် အဘိုးကန်တို့နှစ်ဦးလုံး ဆွံ့အသွား၏။ သူတို့သည် တူညီသောမျက်နှာထားများဖြင့် ခေါင်းလှည့်ကာ ကန်ကျင်းချန်ကို ကြည့်လိုက်ကြသည်။ ကန်ကျင်းချန်သည် လန့်ဖျပ်သွား၏။
“ပြောတဲ့အထဲ...အမှားများပါသွားလို့လား?”
အဘယ်ကြောင့် သူတို့သည် သူ့အား ထိုကဲ့သို့ကြည့်နေရသနည်း?
“ကောင်စုတ်လေး ယွင်ကျောင်းပဲ အတွေးများလှပြီထင်တာ မင်းလည်းအတွေးများတာပဲ!”
အဘိုးကန်သည် ဟက်ခနဲရယ်လိုက်၏။
နောက်ကွယ်တွင် ခိုးဖို့ဆိုသည်မှာ ထိုမိဘနှစ်ဦးသည် မကောင်းသောအတွေးသာတွေးတတ်ပြီး လုပ်ရဲသောသတ္တိမရှိကြသည့်အပြင် သူတို့သည် ဉာဏ်တိမ်သောသူများလည်းမဟုတ်ကြပေ။ ဗီဒီယိုမှတ်တမ်းများဟူသည်မှာ ကော်ပီပွား၍ရသည်မဟုတ်လော။ ၎င်းအား ခိုး၍ အဘယ်အကျိုးရှိမည်နည်း? သူတို့သည် အဘယ်ကြောင့် ဤမျှလောက်အရေးမပါသောကိစ္စကို လုပ်မည်နည်း?
ထို့အပြင် သူတို့သည် ယခုအချိန်တွင် သူတို့ကိုယ်သူတို့ပင် ဂရုမစိုက်နိုင်ကြချေ။ ထိုလင်မယားအတွက်မူ အရေးကြီးဆုံးအရာမှာ စျာပနကိစ္စအား ချက်ချင်းကိုင်တွယ်ဖြေရှင်းပြီး သူတို့သား၏နှလုံးသားကို ပြန်လည်သိမ်းပိုက်ရန်ဖြစ်၏။ သူတို့သည် အဘယ်ကြောင့် ကျင်းယွင်ကျောင်းအား ပြသာနာပြန်လာရှာမည်နည်း? ထိုမျှမက သူတို့၏မိသားစုနောက်ခံများမှာ သာမန်မျှသာဖြစ်၏။ သူတို့တွင် အင်အားမရှိကြချေ။ ကျင်းယွင်ကျောင်းတွင် ဝှက်ဖဲတစ်ခုရှိနေသည်ကို သိလျက်ဖြင့် သူတို့သည်အဘယ်ကြောင့် သူမအား လာရန်စမည်နည်း?
Space and Rebirth 618
Trans: Esth
ကန်ကျင်းချန်၏မျက်နှာသည် အဘိုးကန်၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် နီမြန်းသွား၏။ သူသည် သူ၏အရှေ့တွင်ရှိနေသော လူငယ်လေးနှင့် အဘိုးအိုကြောင့် ဉာဏ်တိမ်သွားသလိုလည်း ခံစားလိုက်ရသည်။ သို့ရာတွင် ကန်ကျင်းချန်သည် ဤကဲ့သို့အခြေအနေမျိုးနှင့် နေသားကျနေပြီဖြစ်သည်။
သူသည် ကျင်းယွင်ကျောင်းနှင့် စတင်တွေ့ဆုံကတည်းကပင် သူ၏ဉာဏ်ရည်ကို ကောင်းကောင်းအသုံးမချနိုင်ခဲ့ပေ။ သူသည် မကြာခဏဆိုသလို သူ၏အဘိုးထံမှ မကျေမနပ်ဖြစ်ခြင်းများကို ရင်ဆိုင်ခဲ့ရသည်။ မသိလျှင် သူသည် လမ်းပေါ်မှကောက်လာသောကလေးတစ်ဦးဖြစ်သည့်အတိုင်းပင်။ အထူးသဖြင့် ဆေးပညာနယ်ပယ်တွင် သူသည် တဖြည်းဖြည်းယုံကြည်ချက်လျော့နည်းလာ၏။
သူသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လျှင်ပင် ဆေးပညာမေဂျာအား ရွေးသင့်၊ မရွေးသင့်စဥ်းစားနေလေပြီ။ သူသည် ဤနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ပုံမဟုတ်ရာ။
ဤအရာများကို သူ၏အဘိုးအား ပြောတော့မပြောရဲချေ။ အဘိုးကန်သည် သူ၏ရာထူးဌာနန္တရအား ကန်ကျင်းချန်မှ အမွေဆက်ခံပြီး ကန်မိသားစုအား မျိုးဆက်လိုက်ဆေးပညာလေ့လာသော ပညာတတ်မိသားစုတစ်စုအဖြစ်လုပ်ဆောင်ရန် ယခင်ကတည်းက မျှော်လင့်ထားခဲ့သူမဟုတ်လော။ အဘိုးကန်သည် ကန်မိသားစုဝင်မျိုးဆက်များအား ဆေးပညာ၏အလင်းတန်းနှင့် ထိတွေ့ပေးချင်မိ၏။
“ယွင်ကျောင်း၊ ငါဘာလို့ဒီနေ့နင့်ကိုဖုန်းခေါ်လို့မရတာလဲ?”
ကန်ကျင်းချန်သည် အခန်းထဲမှပစ္စည်းများအား သန့်ရှင်းရေးလုပ်ရာ၌ အဘိုးကန်အား ကူညီပေးရင်း ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး ငါမကိုင်ချင်တဲ့ဖုန်းက ဆက်တိုက်ဝင်နေလို့ အသံပိတ်ထားတာ”
ကျင်းယွင်ကျောင်းပြန်ဖြေလိုက်သောအခါ ကန်ကျင်းချန်သည် လှုပ်ရှားမှုများ ရပ်တန့်သွား၏။
“ဟယ့်ကျားစစ်တော့မဟုတ်ပါဘူးနော်?”
“ကျစ်ဟွားက ငါ့ကိုဖုန်းဆက်ပြောထားတယ် ဘာကြောင့်မှန်းမသိ ဟယ့်ကျားစစ်က နင့်ကိုအရူးတစ်ယောက်လိုမျိုး လိုက်ရှာနေတယ်တဲ့။ ထန်မိသားစုကိုတောင် ဖုန်းဆက်ပြီး နင့်ကိုဆက်သွယ်ပေးဖို့ ထန်ကျစ်ဟွားကိုတောင်းတောင်းပန်ပန်ပြောခဲ့တယ်...”
ကန်ကျင်းချန်ထပ်ပြောလိုက်သည်။ သူစကားပြောနေရင်းတန်းလန်းတွင် သူ၏နှုတ်ခမ်းစွန်းများတွန့်သွားလေ၏။
“နင်သူ့ကိုဘာလုပ်လိုက်တာလဲ? ဘာလို့သူကအခုမှနင့်ကို ခါတိုင်းထက်အရူးအမူးဖြစ်နေရတာလဲ?”
ရူးရုံတင်မကပေ။ ကမ္ဘာပေါ်တွင် ဟယ့်ကျားစစ်ဆက်သွယ်ရန် အကြောက်ဆုံးလူမှာ ထန်ကျစ်ဟွားဖြစ်ကြောင်း သူသိထား၏။ သူမသည် ထန်ကျစ်ဟွားအား စိတ်အနှောင့်အယှက်ပေးမိပါက ဟယ့်မိသားစုသည် ဇာတ်သိမ်းမကောင်းနိုင်သောကြောင့်ဖြစ်သည်။
သူမနိုင်ငံခြားမှပြန်လာပြီးချိန်တွင် ထန်ကျစ်ဟွားအား တစ်ကြိမ်တစ်ခါမျှပင် မနှောင့်ယှက်ဖူးချေ။ သို့သော် ယခုတွင်မူ ကျင်းယွင်ကျောင်းအားရှာဖွေရန်အတွက် သူမသည် ထန်မိသားစုထံသို့ အမှန်တကယ်သွားရောက်အကူအညီတောင်းခဲ့သည်။ ဤသည်မှာ ထူးဆန်းလွန်းလှ၏။
ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများ ကော့ညွှတ်သွားသည်။ သူမသည်အေးစက်သောမျက်လုံးများဖြင့် အပြုံးတစ်ခုကိုဆင်မြန်းလိုက်၏။
“နင်ရောအရူးအမူးဖြစ်ကြည့်ချင်လား?”
ကန်ကျင်းချန်ဆွံ့အသွားသည်။ စက္ကန့်ပိုင်းအတွင်းတွင် သူ၏တစ်မျက်နှာလုံးတောင့်တင်းသွားပြီး
“နင့်ရဲ့လူယုတ်မာအပြုံးကို မြင်လိုက်ရတော့ ငါ...ထားလိုက်တော့..”
ဟုသာပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် သူမအား တစ်ခုခုဆိုးဆိုးရွားရွားလုပ်ထားခြင်းသာဖြစ်ရမည်။ သူမသည် ဆေးပညာတွင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လွန်း၍ ဟယ့်ကျားစစ်အား အဆိပ်ပင်ခတ်နိုင်သည်...
ကန်ကျင်းချန်အရူးအမူးမဖြစ်ချင်လှပေ။ ကျင်းယွင်ကျောင်းသည် အခြားသူများမှ အရူးအမူးဖြစ်ထိုက်သောသူဖြစ်သော်လည်း သူသည် မိမိကိုယ်ကိုအသိစိတ်ရှိသေး၏။ ကျင်းယွင်ကျောင်းဟူသည်မှာ လူအများစုမှ မော်ကြည့်ရုံသာကြည့်နိုင်သော မိန်းကလေးတစ်ဦးဖြစ်သည်။
မူလက သူသည် ကျင်းယွင်ကျောင်းမှ ဆေးပညာရော သိုင်းပညာပါတတ်မြောက်ကြောင်း သိလိုက်ရစဥ်တွင် စိတ်ထဲတွင်ကြိတ်ပြီး ပီတိဖြာနေမိ၏။ အဘိုးကန်သည် သူမအားသဘောကျသောကြောင့် သူမသာ သူ၏ချစ်သူဖြစ်လာလျှင် အလွန်ပြီးပြည့်စုံလိမ့်မည်ဟုပင် တွေးထင်ခဲ့ဖူးသည်။ သို့သော် မကြာမီတွင် ထိုသို့မဖြစ်နိုင်ကြောင်း သူသိလိုက်ရ၏။
သူမ၏သူငယ်ချင်းတစ်ဦးအနေဖြင့်ပင် သူမအနောက်သို့အမှီမလိုက်နိုင်ရာ သူမ၏ချစ်သူဖြစ်ခဲ့ပါက သူသည် ကျင်းယွင်ကျောင်းအား မော်ကြည့်ရုံသာတတ်နိုင်ပေတော့မည်။
သူတို့ကြားမှ ကွာဟချက်သည် နဂါးငွေ့တန်းတစ်ခုကွာခြားနေသလိုပင်ဖြစ်သည်။ သူ့တွင် ထူးခြားသောစွမ်းရည်များလည်းမရှိရာ ထိုနဂါးငွေ့တန်းကို သေချာပေါက်မကျော်ဖြတ်နိုင်ပါချေ။
ထို့အပြင် သူသည် ကျင်းယွင်ကျောင်းအားသူငယ်ချင်းအဖြစ် ဆက်ဆံလျှင် သူလိုက်မမှီနိုင်သောသူဖြစ်သော်ငြား သူသည်စိတ်ထဲတွင် အနည်းငယ်ဂုဏ်ယူမိပြီး ကံကောင်းသည်ဟုခံစားရမိသေး၏။ သို့သော် သူမအား သူကြိတ်ချစ်ရသောလူတစ်ဦးအဖြစ် ဆက်ဆံလိုက်သောအခါ သူ၏စိတ်ထဲတွင် အငုံ့စိတ်နှင့် ကူကယ်ရာမဲ့ခြင်းများကဲ့သို့သော မကောင်းသည့်ခံစားချက်များသာ ကျန်ရစ်၏။
သူသည် ခေါင်းမာသောသူမဟုတ်ပါပေ။ ခြေတစ်လှမ်းနောက်ဆုတ်၍ ကောင်းကင်နှင့်ပင်လယ်ကို နှစ်ခြမ်းခွဲနိုင်မည်ဆိုလျှင် သူသည်သေချာပေါက်ထိုသို့လုပ်မည်ဖြစ်သည်။
ထို့အပြင် သူသည် ထန်ကျစ်ဟွားအား ဤကိစ္စနှင့်ပတ်သတ်၍ တိုးတိုးတိတ်တိတ်မေးခဲ့ဖူး၏။ နောက်ဆုံးတွင် သူသိလိုက်ရသည်မှာ ထန်မိသားစု၏ ဖူးဖူးမှုတ်ခံထားရသော မြေးသားလေးသည်လည်း သူနှင့်အတူတူပင်ဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် ကြောက်ဒူးတုန်ပြီး သူမအား မော့ကြည့်ရုံမှလွဲ၍ အခြားအရာများကို မကြိုးစားခဲ့ကြသောသူများဖြစ်၏။ ထိုအခါ သူသည် ချက်ချင်းဆိုသလို စိတ်သက်သာရာရသွားသည်။ သူလိုက်ရန်သတ္တိမရှိသောသူမှာ အိမ်ရှေ့စံမင်းသားနှင့်ပင် မထိုက်တန်သောလူဖြစ်သည်။ သူမအား သူငယ်ချင်းတစ်ဦး သို့မဟုတ် အစ်ကိုတစ်ဦးကဲ့သို့ဆက်ဆံသည်က ပိုကောင်းပေမည်။
“ယွင်ကျောင်း မင်းတစ်ရက်ပဲပုန်းလို့ရမယ် တစ်သက်လုံးပုန်းနေလို့မရဘူး။ အခုချိန်မှာ ဟယ့်ကျားစစ်က မင်းကိုရှာလို့မရပေမယ့် ကျောင်းသွားရင်တော့ ကျောင်းအထိလိုက်ပြီး တားလို့ရတယ်…”
Space and Rebirth 619
Trans: Esth
ကန်ကျင်းချန်သည် တောက်ပသောအပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။ သူသည် လူကြီးတစ်ဦး၏ရင့်ကျက်မှုမျိုးမရှိသော်လည်း အမှန်တကယ်ချောမောသော ကောင်လေးတစ်ဦးဖြစ်၏။ ထို့ကြောင့်လည်း ကျောင်းမှမိန်းကလေးများစွာက သူ့ကိုကြိတ်၍ပိုးပန်းနေကြခြင်းဖြစ်သည်။
“ဘယ်သူကပုန်းနေတယ်ပြောလဲ?”
ကျင်းယွင်ကျောင်း ဟက်ခနဲနှာမှုတ်လိုက်သည်။
“သူ့ကိုနည်းနည်းလောက်နေမထိထိုင်မသာဖြစ်အောင် ထားထားဦးမယ်။ သူဘယ်အချိန်ငါ့ကိုလာရှာမလဲဆိုတာက အရေးမကြီးဘူး”
ကန်ကျင်းချန်သည် ချက်ချင်းဆိုသလို ဆွံ့အသွား၏။
“အဲ့လောက်ထိ ယုံကြည်ချက်မပြည့်ဘဲနေလို့မရဘူးလား? ငါ့ကိုယ်ငါငတုံးတစ်ယောက်လိုတောင် ခံစားရတယ်”
ကန်ကျင်းချန်သည် သူမခေါင်းကိုခွဲကြည့်ပြီး အထဲတွင်ရှိနေသောအရာများကို အမှန်တကယ်ပင် မြင်ချင်မိ၏။
ကျင်းယွင်ကျောင်းသည် ဆေးဗီရိုရှေ့တွင် ရပ်လိုက်သည်။ ကန်ကျင်းချန်စကားကို ကြားလိုက်သောအချိန်တွင် သူမသည် ဆေးအမျိုးအစားတစ်ခုအား စစ်ဆေးပြီးချိန်ဖြစ်၏။ သူမမျက်နှာပေါ်တွင် အကြံအစည်ကြီးသည့်အပြုံးတစ်ခုပေါ်လာသည်။
“နင်ကိုယ်တိုင်ပြောတာနော်။ နင့်ဉာဏ်ရည်က မကောင်းဘူးလို့ ကိုယ့်ကိုယ်ကိုဝန်ခံလိုက်တာလား? တစ်စုံတစ်ယောက်က ငါ့ကိုပထမဆုံးစတွေ့တုန်းက ပြောတဲ့စကားရှိပါတယ် ဘာတဲ့ သူကအရမ်းဟိတ်ဟန်ကြီးလွန်းတဲ့အပြင် သူ့ရဲ့ခန္ဓာကိုယ်က တောက်ပလွန်းလို့ ငါ့မျက်လုံးတောင် ကန်းမတတ်ပဲတဲ့”
ထိုအချိန်တွင် ကန်ကျင်းချန်သည် ဘေးသို့အကြည့်မလွှဲလိုက်ဘဲ သူမအား အလွန်စိတ်ပျက်သောအကြည့်ဖြင့်သာ ကြည့်လိုက်သည်။ အထူးသဖြင့် သူမသည် ဝမ်းကွဲများနှင့် နယ်မြေထဲပြောင်းလာစဥ်က သူမသည် သူ့အားရက်ပိုင်းခန့်မတွေ့ရဘဲနေခဲ့သည်။ ကန်ကျင်းချန်သည် သူမအား အမြဲတစေ ရှောင်ရှားလေ့ရှိပြီး သူမအား နည်းနည်းမျှဂရုမစိုက်ခဲ့ချေ။
အတိတ်အကြောင်းကို ပြန်ပြောလိုက်သောအခါ ကန်ကျင်းချန်သည် ကျင်းတစ်ခုတူးပြီး ဝင်နေချင်လိုက်တော့သည်။
“အဲ့အချိန်တုန်းက မင်းက ကျောင်းမှာနာမည်ကြီးဆိုတော့ ငါလည်းအထင်မှားသွားတယ်”
ကန်ကျင်းချန်သည် ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။
ထိုချောင်ဟုန်ယဲ့မှာ အမှန်တကယ်ပင် လူကောင်းတစ်ဦးမဟုတ်ချေ။ သူမသည် ကျင်းယွင်ကျောင်းမှာ လူကောင်းတစ်ယောက်မဟုတ်ဟု လူတိုင်းအား ထင်ယောင်ထင်မှားဖြစ်စေခဲ့၏။ ထိုကဲ့သို့ကောလဟာလမျိုးနှင့်ဆိုလျှင် ကျင်းယွင်ကျောင်းသည် လူကောင်းတစ်ဦးဖြစ်သည်ဟု သူလည်း အဘယ်သို့ထင်ခဲ့မည်နည်း? သူသည် အဘိုးကန်အားပြောပြီး သူမအားမောင်းချရန်ပင် စိတ်ကူးခဲ့ဖူး၏...
သို့ရာတွင် ဤကိစ္စနှင့်ပတ်သတ်၍ သူ့အားအပြစ်တင်၍မရပေ။ သူသည်လည်း ဂုဏ်သတင်းမကောင်းသောသူများကို အလိုလိုရှောင်ရှားချင်မိခဲ့၏။
ကျင်းယွင်ကျောင်းမှာ ပျော်ရွှင်မြူးတူးနေသည်။
“အဲ့အတွက် အကြွေးဆပ်တဲ့အနေနဲ့...ကျောင်းစဖွင့်ရင် ငါ့အတန်းကိစ္စတွေကို ကူညီပေးလို့ရလား?”
ထိုဆရာချီဆိုသည်မှာ သူမအား အမြဲတစေ ခိုင်းစားချင်နေ၏။ သူမသည် အခြားသူများနှင့် စကားမပြောတတ်သည်ကို ကောင်းကောင်းသိလျက်ဖြင့် သူမအား အခြားအတန်းဖော်များဆီမှ အိမ်စာစာအုပ်များကို အမြဲလိုလို စုခိုင်းသည်။ သူမအတွက်မူ နှိပ်စက်ညှင်းပန်းမှုတစ်မျိုးသာဖြစ်၏။
ကန်ကျင်းချန်၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ သူသည် ဤကဲ့သို့သောလူမျိုးအား တစ်ခါမှမမြင်ဖူးချေ။
အတန်းထဲရှိကျောင်းသားများအားလုံးသည် အိမ်စာအနည်းဆုံးလုပ်ရသော ကျင်းယွင်ကျောင်းအား အားကျနေခဲ့ကြသည်။ အတန်းပိုင်ဆရာ၏စကားနှင့်ပြောရလျှင် သူမအား ထိုအိမ်စာများအားလုံး လုပ်ခိုင်းရသည်မှာ အချိန်ဖြုန်းခြင်းသာဖြစ်၏။ ထို့အပြင် ကျင်းယွင်ကျောင်းသည် ဆရာများရှေ့တွင် စကားပြောပိုင်ခွင့်ပင်ရှိသည်။ ဆရာမလာနိုင်လျှင် သူ၏အစားထိုးအနေဖြင့် စာသင်ကြားပေးရသည်များပင်ရှိ၏။ အနည်းငယ်ပင်ပန်းစရာကောင်းသော်လည်း အလွန်တောက်ပသောဘဝဖြစ်ပေသည်။ ကျောင်းသားများ၏မျက်လုံးထဲတွင် သူမသည် သာမန်ထိပ်သီးကျောင်းသားတစ်ဦးတင်မကဘဲ စာပေနတ်ဘုရားတစ်ဦးဖြစ်လေသည်!
တစ်ဖက်တွင် သူမမှာမူ လူပုံအလယ်တွင် မီးမောင်းထိုးခံရသောဘဝကို မနှစ်သက်ပေ။ သာမန်လူတစ်ဦးနှင့် ကွာခြားသည်ဟုပြောရမည်။
ကန်ကျင်းချန်သည် ပြောစရာစကားမရှိတော့သဖြင့် ခေါင်းငြိမ့်သဘောတူလိုက်သည်။ ထိုအတန်းတာဝန်များဆိုသည်မှာ ခက်ခဲလှသည်လည်းမဟုတ်ပေ။ သူသည် ယောက်ျားလေးတစ်ဦးဖြစ်သောကြောင့် အနည်းနှင့်အများ မာနရှိသည်ဟု ပြောရမည်။ သူ၏အရည်အချင်းအား သက်သေပြနိုင်သောအခွင့်အရေးပေါ်လာလျှင် သူသည်နောက်ဆုတ်လိုက်မည်မဟုတ်ချေ။ ထို့ကြောင့် သူသည် ကူညီရန် အလွန်ဆန္ဒပြင်းပြနေ၏။
သူတို့နှစ်ဦးသားပျော်ရွှင်နေသည်ကို မြင်လိုက်ရသောအခါ အဘိုးကန်၏ စိတ်အခြေအနေလည်း များစွာကြည်လင်သွားလေသည်။
သို့ရာတွင် ရက်အနည်းငယ်ခန့်ကြာသော် ဆေးခန်းရှိလူနာအရေအတွက်မှာ သိသိသာသာကျဆင်းသွားပေသည်။ အပြင်ဘက်တွင် ကောလဟာလများပျံ့နှံ့နေ၏။ သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ အခြားသတင်းတစ်ခုပျံ့သွားပြန်သည်။ သေဆုံးသွားသောအဘိုးအိုမှာ ချော်လဲကျပြီးသေဆုံးသွားခြင်းဖြစ်သည် ဟူသောသတင်းဖြစ်၏။
ထိုမိသားစုမှ ပြသာနာရှာရန်ထွက်မလာသောကြောင့် လူများသည် ထိုသတင်းအား တဖြည်းဖြည်းယုံကြည်လာကြသည်။ ထို့အပြင် အဘိုးကန်၏ဂုဏ်သတင်းမှာ ယခင်ကတည်းပင် ကောင်းခဲ့ပြီး ကောင်းသောလုပ်ရပ်များစွာကိုလည်း လုပ်ခဲ့သူဖြစ်သောကြောင့် အရာအားလုံးပုံမှန်အတိုင်းဖြစ်ရန် အချိန်များစွာမယူလိုက်ရချေ။
အချိန်တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ကျင်းယွင်ကျောင်းသည်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ရသော ကျောင်းသားတစ်ဦးဖြစ်လာတော့၏။ ရှောင်ဟိုင်ချင်းသည်လည်း နင်းရှန်မြို့တော်မှ ပြန်လာပြီဖြစ်သည်။ သူမ၏စရိုက်တစ်ခုလုံး များစွာပြောင်းလဲသွားချေပြီ။
ကျိုးဟိုင်ယန်းနှင် ဂျိမ်းစ်သည် ဝိုင်ချက်နည်းအတုအား လေ့လာပြီးပြီဖြစ်ကာ မည်သည့်ပြသာနာမှ မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူတို့သည် ပထမအသုတ်အား စတင်ကြိုချက်တော့သည်။ အချိန်တစ်ခုအတောအတွင်း မည်သည့်ပြသာနာမျိုးမှရှိမည်မဟုတ်ချေ။
သို့သော် သူတို့နှင့်ယှဥ်လိုက်လျှင် ကျန်းရုံ၏ဘဝမှာမူ သောကပင်လယ်ဝေနေ၏။
Space and Rebirth 620
Trans: Esth
ရှောင်တောက်အန်းသည် စိတ်သဘောထားသေးသိမ်ပြီး အလွန်ဒေါသကြီးသောလူဖြစ်၏။ ကျန်းရုံသည် သူ့အားစိတ်ပျက်စေခဲ့ပြီဟု သိလိုက်ရသောပထမဆုံးနေ့တွင် သူမအား ရိုက်နှက်ခဲ့ပြီး ရှောင်ကျွင်း၏ဆံပင်အားယူကာ သူတို့၏သားအဖဆက်ဆံရေးကို အတည်ပြုရန် သွားရောက်စစ်ဆေးခဲ့သည်။
ကံကောင်းစွာဖြင့် စစ်ဆေးချက်အဖြေမှတဆင့် အတည်ပြုနိုင်လိုက်သဖြင့် သူ၏စိတ်အခြေအနေသည် တိုးတက်လာခဲ့လေသည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ရှောင်ဟိုင်ချင်းမှ ဘေးမှမီးလောင်ရာလေပင့်လုပ်နေသောကြောင့် သူသည် ကလေးထိန်းအား အလုပ်ထုတ်လိုက်ပြီး ကျန်းရုံကိုယ်တိုင် အိမ်အလုပ်များအားလုံးကို လုပ်ရန် စေခိုင်းလိုက်သည်။
ဤကဲ့သို့မိန်းမမျိုးနှင့်ဆိုလျှင် သူ၏သားအရင်းဖြစ်ကြောင်း မည်မျှပင်အတည်ပြုနိုင်ပါစေ သူသည် စိတ်မအေးနိုင်ပါချေ။ ရှောင်တောက်အန်းသည် ကျန်းရုံမှ သူ၏သားအား ကောင်းကောင်းမသွန်သင်ထားဟု ခံစားလိုက်ရသဖြင့် သူမအား အော်ဟစ်ကြိမ်းမောင်းခဲ့သည်။
ကျန်းရုံသည် မကွာရှင်းရဲပေ။ သူမကွာရှင်းလိုက်ပါက သူမသည် နှစ်ချီကြိုးစားလာခဲ့ရသောအရာများသည် အချည်းနှီးဖြစ်ကုန်ပေလိမ့်မည်။ သူမသည် ငယ်ရွယ်နုပျိုသေးသည်ဟု ပြောနိုင်သော်လည်း အသက်နှစ်ဆယ်အစောပိုင်းရှိသော ထိုမိန်းကလေးများနှင့် ယှဥ်၍မရပါချေ။ သူမသည် သားတစ်ဦးကိုလည်း မွေးဖွားခဲ့ပြီးပြီဖြစ်သည်။ အိမ်ထောက်ရေးဖောက်ပြန်မှုကြောင့် ကွာရှင်းလိုက်လျှင် သူမသားကိုအုပ်ထိန်းပိုင်ခွင့်အား သေချာပေါက်ရမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သားအမိနှစ်ဦးသည် အချင်းချင်းတွေ့နိုင်တော့မည်မဟုတ်ဘဲ ရှောင်တောက်အန်းသာ နောက်အိမ်ထောင်ပြုပါက သူမသားသည် ဒုတိယရှောင်ဟိုင်ချင်းဖြစ်ပေတော့မည်။
သူမသည် ရှောင်ဟိုင်ချင်းအား မည်သို့ဆက်ဆံခဲ့သည်ကို ကောင်းကောင်းသိ၏။ ရှောင်ဟိုင်ချင်းသည် မိန်းကလေးတစ်ဦးဖြစ်သော်ငြား မိထွေးတစ်ဦးအနေဖြင့် သူမပင်လျှင် ရှောင်ဟိုင်ချင်းအား သည်းမခံနိုင်ပါချေ။ နောက်အမျိုးသမီးတစ်ယောက်ဝင်လာပါက သူမ၏သားကို သေချာပေါက်လက်ခံနိုင်မည်မဟုတ်ရာ။ ထို့ကြောင့် သူမသည် ခါးသီးမှုများကို ခါးစည်းခံရုံသာရှိသည်။
အတိတ်က သူမသည် စကားလုံးအချို့ဖြင့် ရှောင်ဟိုင်ချင်းအား ချောက်တွန်းခဲ့သော်လည်း ယခုမူ သူမသည် ရှောင်ဟိုင်ချင်းအား သူမ၏အကြီးအကဲတစ်ဦးနှယ်ဆက်ဆံနေရလေပြီ။ ရှောင်ဟိုင်ချင်းပါးစပ်မှ သူမအတွက် ဒုက္ခရောက်စေမည့်စကားမျိုး ထွက်လာမည်ကို စိုးသောကြောင့်ဖြစ်၏။
ယနေ့တွင်မူ ကျန်းရုံသည် ရှောင်ဟိုင်ချင်းအား ကျောင်းဂိတ်တံခါးဝထိ ကားမောင်းပို့ရ၏။ သူမသည် ကျင်းယွင်ကျောင်းနှင့် အခြားသူများကိုတွေ့သောအခါ ကပ်ဖားရပ်ဖားဖြင့် ပြုံးပြလိုက်သည်။
“ဟိုင်ချင်း ခဏလေး...”
ရှောင်ဟိုင်ချင်းမှ ကျောင်းထဲသို့ဝင်တော့မည်ကို မြင်လိုက်ရသော ကျန်းရုံသည် ကားနောက်ဖုံးအားအလျင်အမြန်ဖွင့်လိုက်ပြီး အိတ်အချို့ကိုထုတ်ယူလိုက်သည်။
“မေ့တော့မလို့...ဒီမုန့်တွေက စားကောင်းတယ်လို့ပြောကြတယ်။ အတန်းဖော်တွေနဲ့ အတူတူစားလေ...”
သူမသည် ထိုသို့ပြောလိုက်သောအခါ ကန်ကျင်းချန်နှင့် စူးချူတို့၏မျက်လုံးများသည် မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားကြသည်။ ရှောင်ဟိုင်ချင်းသည် သူမအား အထင်သေးသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် အိတ်များကိုယူလိုက်သည်။
“အန်တီကျန်း ဆရာမိဘတွေ့ဆုံပွဲကို တစ်ခါမှ မတက်ဖူးဘူးမှတ်လား?”
ကျန်းရုံသည် ကြက်သေသေသွား၏။
“သမီးတို့အတန်းက ဒီအပတ်ကျရင် မိဘတွေကိုဖိတ်လိမ့်မယ်။ အဖေက သေချာပေါက်အားမှာမဟုတ်လို့ အန်တီကျန်းလာပေးလို့ရတယ် အဆင်ပြေတယ်မလား?”
ရှောင်ဟိုင်ချင်းထပ်မေးလိုက်ပြန်သည်။
“ကိစ္စမရှိဘူး ကိစ္စမရှိဘူး! ဘယ်အချိန်လဲ? အန်တီပြင်ထားပေးရမယ့်အရာများရှိလား?”
ကျန်းရုံသည် အလွန်တရာမှပင် လိမ္မာရိုကျိုးနေ၏။
“သောကြာနေ့မနက် ၈ နာရီ”
ရှောင်ဟိုင်ချင်းပြောလိုက်သည်။
သူမမိခင်ဆုံးပါးပြီးနောက် ဆရာမိဘတွေ့ဆုံပွဲတိုင်းတွင် နံဘေး၌မည်သူမျှမရှိသောကျောင်းသားမှာ သူမတစ်ဦးတည်းသာဖြစ်၏။ အထက်တန်းကျောင်းသို့ရောက်ပြီး ကျင်းယွင်ကျောင်းနှင့် တစ်တန်းတည်းအတူမကျခင်အချိန်အထိဖြစ်သည်။ ထို့ကြောင့် သူမသည် အစပိုင်းတွင် ကျင်းယွင်ကျောင်းအား ပိုမိုအလေးပေးဂရုစိုက်ခဲ့၏။
ကျန်းရုံသည်လေးနက်သောမျက်နှာထားဖြင့် ချမှတ်လိုက်သည်။ သူမကြည့်ရသည်မှာ အရည်အချင်းရှိသောမိထွေးတစ်ဦးပုံစံဖြစ်နေ၏။ သို့ရာတွင် သူတို့မှလွဲ၍ ကျန်းရုံအတိတ်တွင်လုပ်ခဲ့သောကိစ္စများကို သိသောသူမရှိပါချေ။
ရှောင်ဟိုင်ချင်းစကားပြောပြီးနောက် သူမသည်အနောက်သို့ချာခနဲလှည့်ပြီး ကျင်းယွင်ကျောင်းနှင့်အတူ ကျောင်းထဲသို့လျှောက်သွားလိုက်၏။ ထိုမှသာ သူမမျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။
“ယွင်ကျောင်း နင်ပြောစမ်း ဘာလို့ငါအရင်တုန်းက အဲ့လောက်တောင်တုံးခဲ့တာလဲ? သူ့ကိုအာခံတာတကယ်မကောင်းဘူးလို့ ထင်ခဲ့တာ။ ဒီလိုပုံစံနဲ့တွေ့လိုက်ရတော့ ဒီလိုအကြံပက်စက်တဲ့နည်းလမ်းကို စောစောစီးစီးသုံးခဲ့လိုက်ရမှာလို့တောင် ခံစားမိတယ် သူ့လိုမျိုးပေါ့”
“နင်လည်းလူဆိုးမကြီးဖြစ်တော့မှာလား?”
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုအသာအယာဟလိုက်သောအခါ စကားလုံးအချို့လွင့်မျောထွက်လာတော့၏။
ရှောင်ဟိုင်ချင်းသဘောခွေ့သွားသည်။
“လူဆိုးဖြစ်ရတာ ကောင်းတယ်ဟ၊ ဘယ်သူမှ ကိုယ့်ကိုလာမရှုပ်ရဲတော့ဘူး ဒါပေမယ့်တစ်ခုမကောင်းတာက ဗီလိန်တွေဆိုတာ နောက်ဆုံးမှာ အမြဲတမ်းမကောင်းတဲ့ဇာတ်သိမ်းနဲ့ကြုံရတာပဲ”
“နင့်အဆင့်နဲ့ဆိုရင် ဗီလိန်ဖြစ်ဖို့အဝေးကြီးလိုပါသေးတယ် ပြီးတော့ နင်သာဗီလိန်ဆိုရင် ဘယ်သူက မင်းသမီးဖြစ်မှာလဲ? ကျန်းရုံလား? သူ့မှာမင်းသမီးဖြစ်ဖို့ အချိုးအစားရှိတယ်လို့နင်ထင်လား?”
ကျင်းယွင်ကျောင်းတန်းဖြေလိုက်သည်။