← Chapters

အခန်း (၆၂၁-၆၂၄)

Vol. 32 Ch. 621-624

အခန်း (၆၂၁-၆၂၄)

Vol. 32 Ch. 621-624

Space and Rebirth 621

Trans: Esth

ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းများကိုစေ့ကာ ရယ်မောလိုက်သည်။ သူမသာ ဗီလိန်တစ်ဦးဆိုလျှင် အနာဂတ်တွင် သူမအားအနိုင်ယူဖျက်ဆီးနိုင်သော ဇာတ်ဆောင်မင်းသားမှာ သူမ၏အပေါစားမောင်လေးဖြစ်နိုင်ချေ များသည်မဟုတ်လော။ မောင်နှမကြားတွင် ရန်ပွဲကြီးတစ်ခုပင် ဖြစ်လာနိုင်သေးသည်။

ရှောင်ကျွင်းသည် အပြစ်ကင်းစင်သည်မှန်သော်လည်း ကျန်းရုံသည် သူ့အားလက်လွတ်စပယ်ဖြင့် အလိုလိုက်ထားသဖြင့် လုံးလုံးအပြစ်ကင်းစင်သည်ဟု အဘယ်သို့ပြောနိုင်မည်နည်း?

ရှောင်ကျွင်းဆိုသည်မှာ သူမ၏မောင်လေးဖြစ်သည်။ သူသာ ယခုအချိန်ထိ သေးခံအနှီးဝတ်ဆင်ရသော ကလေးငယ်ဖြစ်နေသေးလျှင် ကိစ္စမရှိချေ။ ထိုအချိန်သာဆိုလျှင် သူ၏စရိုက်အား ပြောင်းလဲနိုင်ပေးသေးသည်။ သို့ရာတွင် ယခုအချိန်၌ မှတ်မိသင့်သည်များကို မှတ်မိနိုင်လောက်သည်ထိ ကြီးပြင်းနေပြီဖြစ်ပြီး ကျန်းရုံ၏သွန်သင်မှုအောက်တွင် ရှောင်ကျွင်းသည် သူမအား အစ်မတစ်ဦးဟု စိတ်ထဲတွင်မသတ်မှတ်ထားချေ။ အစောပိုင်းကပင် သူမအား လူကောင်းတစ်ယောက်မဟုတ်ဟုပင် စွပ်စွဲခဲ့ပြီး သူမကိုကြည့်သောအကြည့်များတွင် မုန်းတီးမှုများပြည့်နှက်နေသည်။

သုံးနှစ်သားလေးသည် အကြီးကိုအကြီးမှန်းမသိပါချေ။ ရှောင်ကျွင်းတွင် သူမအမုန်းဆုံးသော စရိုက်လက္ခဏာများ ပေါင်းစည်းပိုင်ဆိုင်ထား၏။ သူ၏စိတ်သဘောထားအား ပြောင်းလဲနိုင်စွမ်း သူမတွင်မရှိကြောင်း ရှောင်ဟိုင်ချင်းသိထားလေသည်။

ဤမောင်လေးသည် ကလေးသာသာရှိသေး၏။ သူမသည် အကျင့်ယုတ်ရာတွင် ကန့်သတ်ချက်မရှိသောကျန်းရုံကဲ့သို့ မဟုတ်သောကြောင့် ရှောင်ကျွင်းအား ဘာမှလုပ်မည်မဟုတ်ချေ။ သို့သော် ဤသည်မှာ သူမသည် ရှောင်ကျွင်းအား အလွန်ဂရုစိုက်ပေးမည်ဟူသော အဓိပ္ပာယ်မဟုတ်ပါပေ။ ရှောင်ကျွင်းဘာသာ မည်သို့ပင်ကြီးပြင်းစေကာမူ သူမနှင့်ဆိုင်သည့်အရာမဟုတ်သလို ရန်သူ၏ရင်သွေးအား ပြုစုပျိုးထောင်ရန်ဆိုသည်မှာ သူမမလုပ်နိုင်သောအရာဖြစ်သည်။ သူမသည် ထိုမျှလောက် စိတ်ထားမနူးညံ့ပါပေ။

“ဟိုင်ချင်း၊ အန်တီကျန်း ဆေးမှားသောက်မိတာလား? သူအရင်တုန်းက ပြုံးတဲ့ပုံက ခနဲ့သလိုလို ရွဲ့သလိုလိုဖြစ်တယ်လို့ ငါထင်ထားတာ ဘာလို့အခုကျပိုကြောက်ဖို့ကောင်းနေတာလဲ?”

စူးချူသည် နှုတ်ခမ်းစွန်းအား အပေါ်သို့ကွေးညွှတ်ပြီး ရှောင်ဟိုင်ချင်းအနောက်သို့ အလျင်အမြန်လိုက်ရင်း မေးလိုက်၏။

“ဟုတ်တယ်၊ ငါပဲဆေးမှားတိုက်လိုက်တာ။ ဒါပေမယ့် စားစရာက ရောက်နေပြီဆိုမှတော့ မစားရင် အလကားဖြစ်ကုန်မှာမဟုတ်ဘူးလား?”

ရှောင်ဟိုင်ချင်းပြုံးလိုက်သည်။ သူမသည် အတန်းထဲသို့ရောက်သည်နှင့် သရေစာမုန့်များကို သူငယ်ချင်းများကြား ဝေမျှလိုက်လေသည်။ သရေစာမုန့်ထုပ်ကြီးများသည် အရေအတွက်အားဖြင့် များလှပြီး သူတို့ဘာသာအကုန်မစားနိုင်ကြသဖြင့် အတန်းထဲရှိလူတိုင်းနှင့် ဝေစားလိုက်၏။

ရှောင်ဟိုင်ချင်းမျက်ခုံးများသည် ပင့်နေပြီး သူမခန္ဓာကိုယ်မှ ဖော်ရွေသောအငွေ့အသက်များ ထွက်နေသည်။ ဤသည်မှာ အနည်းငယ်ထူးဆန်းလှသည်ဟု အတန်းဖော်ကျောင်းသားများက ထင်လိုက်ကြသည်။

“ဟိုင်ချင်းကိုကြည့်စမ်း အရင်ကနဲ့မတူတော့ဘူးလို့ မခံစားရဘူးလား? သူ့ကြည့်ရတာ အရင်ကထက် လူခင်တတ်လာသလိုပဲ...”

အတန်းဖော်တစ်ဦးမှ ပြောလိုက်သည်။

“ဟုတ်လား? ငါကျတော့ ဘာလို့ သူပိုကြောက်ဖို့ကောင်းလာတယ်လို့ ခံစားနေရတာလဲ?”

ထိုအတန်းဖော်ဘေးမှ ကျောင်းသားက တိုးတိုးတိတ်တိတ်ပြောလိုက်သည်။

ယခင်က ရှောင်ဟိုင်ချင်းသည် ဒေါသကြီးသူဖြစ်ပြီး အနည်းငယ်အငြင်းပွားမှုဖြစ်သည်နှင့် အခြားလူများအား အော်ငေါက်တတ်သည်။ သူမဆီမှ အကြည့်တစ်ချက်ဖြင့်ပင် လူများအား ကြောက်ရွံ့စေလေသည်။ သို့သော် ယခုတွင် သူမ၏နှုတ်ခမ်း၌ အပြုံးတစ်ပွင့်ရှိနေသောကြောင့် အတန်ငယ်ကြောက်ဖို့ကောင်းနေလေ၏။

“မင်းမှာ စားစရာရှိတာကိုပဲ ပျော်နေလိုက်စမ်းပါ၊ ရှောင်ဟိုင်ချင်းရဲ့ဘဝက အဲ့လောက်လွယ်ကူနေတာမဟုတ်ဘူး ခုနတုန်းက ကျောင်းပေါက်ဝမှာ သူ့မိထွေးကို တွေ့လိုက်တယ်။ တော်တော်လှတယ်ဟ။ အဲ့မိထွေးက ရှောင်ဟိုင်ချင်းအဖေကို ကောင်းကောင်းကြီးခြယ်လှယ်ထားတယ်ဆိုတာ သေချာတယ်။ မဟုတ်ရင် ဘယ်သူမှ သူ့ကိုဂရုစိုက်မှာမဟုတ်ဘူးလေ”

နောက်တစ်ဦးမှ ဝင်ပြောလိုက်သည်။

ရှောင်ဟိုင်ချင်း၏အခြေအနေကို လူတိုင်းသိကြလေသည်။ အထက်တန်းကျောင်းပထမနှစ်တွင် သူမသည် မကြာခဏဆိုသလို ရန်ပွဲများတွင် ပါဝင်တတ်ပြီး ပြသာနာရှာတတ်၏။ သူမအား ဆရာမများက လက်ပူးလက်ကြပ်မမိသော်လည်း သူမသတင်းများမှာ ပျံ့နှံ့နေခဲ့သည်။ သူမ၏အတန်းပိုင်ဆရာမှ မိဘများခေါ်ရန်ပြောခဲ့သော်လည်း သူမ၏မိဘတစ်ဦးမှ ရောက်မလာခဲ့ချေ။ အချို့ဆရာများက သူမအိမ်ထိသွားရောက်ခဲ့သည့်တိုင် သူတို့သည်ပြန်လာတိုင်း ရှောင်ဟိုင်ချင်းအိမ်သို့မသွားခဲ့ကြောင်းသာ တွင်တွင်ငြင်းလေ့ရှိ၏။

ထိုသို့ဖြစ်ရသော အဓိကအကြောင်းရင်းမှာ ဆရာများက ရှောင်ဟိုင်ချင်းအိမ်သို့သွားရာ၌ ရှောင်ဟိုင်ချင်း၏ဖခင်ကိုမတွေ့ဘဲ သူမ၏မိထွေးကိုသာ တွေ့ခဲ့ခြင်းကြောင်းဖြစ်သည်။ ဤမိထွေးသည် အထူးသဖြင့်...စိတ်သဘောထားနူးညံ့လေသည်။

ဆရာများက မည်သည့်ကိစ္စပင်ပြောစေကာမူ ထိုမိထွေးသည် ရှောင်ဟိုင်ချင်းဘက်မှနေ၍ တောင်းပန်တတ်စမြဲဖြစ်သည်။ သူမသည် တောင်းပန်ရုံမက ဆရာများထွက်သွားပြီးနောက်တွင် ဆရာများနားနေဆောင်ရုံးခန်းရှိ လူတိုင်း၏ရှေ့မှောက်တွင် ထိုဆရာများအား ငွေကြေးနှင့် လက်ဆောင်ပဏ္ဏာများပေးတတ်သေးသည်။ ဆရာများသည် ၎င်းအား ကြောက်လွန်းလှသဖြင့် ရှောင်ဟိုင်ချင်း၏ကိစ္စနှင့်ပတ်သတ်လျှင် ဝင်ရောက်မစွက်ဖက်ရဲတော့ချေ။ သူတို့သည် လာဘ်ပေးလာဘ်ယူရှိသည်ဟု စွပ်စွဲခံရမည်စိုးသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ရှောင်ဟိုင်ချင်း၏မိဘများ မလာတတ်သည်မှာ အကျင့်ဖြစ်နေလေပြီ။ အထက်တန်းကျောင်းတွင်သာ ထိုသို့မဟုတ်ကြောင်း အချို့အတန်းဖော်များက ပြောကြသည်။ ရှောင်ဟိုင်ချင်းသည် အလယ်တန်းကျောင်းတက်စဥ်ကတည်းကပင် ဤသို့နေထိုင်ခဲ့ပေသည်။

ထိုအတန်းဖော်မှ ဤစကားအားပြောလိုက်သောအခါ အခြေအနေအားမသိခဲ့သော အချို့လူများသည် ရှောင်ဟိုင်ချင်းအား သနားကရုဏာသက်စွာဖြင့် ကြည့်လိုက်ကြသည်။

ကျင်းယွင်ကျောင်းသည် သူတို့စကားအား ရှင်းရှင်းလင်းလင်းကြားလိုက်ပေသည်။ သူမသည် လိုက်လံရှင်းပြပြီး ဘာမျှမသိသလိုဟန်ဆောင်စရာမလိုပါပေ။

“ဟဲ့...ဒီမိဘဆရာတွေ့ဆုံပွဲကို ရှောင်ဟိုင်ချင်းမိဘတွေလာမယ်လို့ နင်တို့ထင်လား...”

တစ်စုံတစ်ယောက်မှထပြောလိုက်သည်။

Space and Rebirth 622

Trans: Esth

တည်ငြိမ်နေသောရေပြင်ထဲသို့ ကျောက်တုံးတစ်တုံးပစ်ပေါက်လိုက်သဖြင့် လှိုင်းပွက်များတလိမ့်လိမ့်ရိုက်ခတ်သွားသကဲ့သို့ အနီးအနားမှ ကျောင်းသားများသည် စိတ်ဝင်တစားဖြင့် စုအုံလာကြသည်။

အချို့လူများသည် တံခါးနားအနောက်ဘက်တွင် စုဝေးနေကြ၏။ သူတို့၏အသံများသည် တိုးတိတ်ညင်သာလှသည်။ ရှောင်ဟိုင်ချင်း ကြားသွားမည်ကိုစိုးသဖြင့် သူတို့အားလုံးသည် အထူးသတိထားနေကြခြင်းဖြစ်သည်။

“ငါကတော့ ဘယ်သူမှလာမယ်လို့မထင်ဘူး။ ငါရှောင်ဟိုင်ချင်းကို စတွေ့ကတည်းက သူ့အဖေကိုတစ်ခါမှမမြင်ဖူးဘူးလေ။ ဒီမနက်ကလာတဲ့ အမျိုးသမီးကျ သူ့မိထွေးဆိုတော့ သူကသမီးအရင်းမှမဟုတ်တာ။ ဘယ်လိုလုပ်လာပေးမှာလဲ? ပြီးတော့ သူ့မိသားစုက နင်းမြို့တော်မှာ နေတယ်ကြားတယ်။ ဒီနေ့ရှောင်ဟိုင်ချင်းကို ကျောင်းထိလိုက်ပို့တယ်ဆိုတော့ နေတောင် အနောက်ကထွက်လာသလားထင်ရတယ်။ အာ ဟုတ်သားပဲ ရှောင်ဟိုင်ချင်းကို ကျောင်းပြောင်းဖို့လုပ်နေကြတာမဟုတ်ဘူးလား? သူတို့ဘာလို့အခုထိဆက်ရှိနေသေးတာလဲမသိဘူး....”

“သူတို့လာရင်လာနိုင်တာပဲမဟုတ်ဘူးလား? ငါတို့ကအခုအထက်တန်းကျောင်း တတိယနှစ်ရောက်နေပြီ။ ဒီနှစ်က ဒီလောက်အရေးကြီးတာကို! ငါ့အမေဆို သူအရှက်ကွဲမှာစိုးလို့ဆိုပြီး ဒီနေ့ငါ့ကိုအင်္ကျီအသစ်တွေတောင် ဝယ်ပေးလိုက်သေးတယ်”

“မင်းမိဘအရင်းတွေကတော့ မင်းကိုတွေးပေး၊ ဂရုစိုက်ပေးမှာပေါ့ကွ နတ်သမီးပုံပြင်တွေမဖတ်ဘူးဘူးလား? မိထွေးနဲ့ စုန်းမအိုကြီးတွေဆိုတာ အတူတူပဲ။ ရှောင်ဟိုင်ချင်းမိဘတွေလာမှ ထူးဆန်းနေဦးမှာ!”

“ငါတော့အဲ့လိုမထင်ဘူး လောင်းမယ်ကွာ! သူတို့လာရင် မင်းငါ့ကိုတစ်ပတ်တိတိ မနက်စာဝယ်ကျွေးရမယ်!”

“လောင်းတာပေါ့ တစ်ပတ်ဆိုတာ ဘယ်လောက်ကြာမှာမို့လဲ? တစ်လဆိုရင်တောင် ဘာမှမဖြစ်ဘူး!”

…

အရှေ့တွင်ထိုင်နေသောကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစွန်းများသည် နှစ်ချက်မျှတွန့်သွားလေ၏။

သူတို့သည် အမှန်တကယ်ပင် ကလေးဆန်သေးသောလူများဖြစ်ပေသည်။ ဤမျှလောက်သေးငယ်သောကိစ္စအား‌ ရေးကြီးခွင်ကျယ်လုပ်နေကြသည်မဟုတ်လော။

ကျင်းယွင်ကျောင်းသည် စာအုပ်တစ်အုပ်ကို ကောက်ဖွင့်လိုက်ချိန်တွင် သူမအနောက်မှ တစ်စုံတစ်ဦးပြောသည့်စကားကို ကြားလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းတွင် ထိုလူပြောလိုက်သည်မှာ...

“ဟေ့...ကျင်းယွင်ကျောင်းအတွက် ဆရာ-မိဘတွေ့ဆုံပွဲကို ဆရာလီကလာပေးမယ်ထင်လား?”

ထိုစကားကိုကြားလိုက်ရသောအခါ လူတိုင်းမှင်တက်သွားကြသည်။

“ဘာလို့လဲ?

အတန်းဖော်တစ်ဦးမှ မေးလိုက်သည်။

လီရှောက်ယွင်ဟူသည်မှာ တစ်ကျောင်းလုံးတွင် စွဲမက်ဖွယ်အကောင်းဆုံး အမျိုးသားကျောင်းဆရာဖြစ်၏။ အိမ်ထောင်မပြုရသေးသော ဆရာမဟူသမျှ သူ့အား ပစ်မှတ်ထားနေကြသည်။ နေ့တိုင်းလိုလို သူနှင့်ပတ်သတ်၍ ကြုံဆုံရခြင်းများရှိတတ်သော်လည်း စိတ်မကောင်းစွာဖြင့် ဤဆရာလီသည် အမှန်တကယ်ပင် ကြင်နာတတ်သောသူမဟုတ်ပါပေ။ တစ်စုံတစ်ယောက်မှ သူ့အရှေ့တွင် ချော်လဲကျသွားလျှင်ပင် ထိုလူအား တစ်ချက်မျှဝေ့ကြည့်မည့်သူ မဟုတ်သောကြောင့်ဖြစ်သည်။ ယနေ့အချိန်ထိ မည်သည့်ဆရာမမှ သူ့အား အောင်အောင်မြင်မြင်မချည်းကပ်နိုင်သေးပေ။

ဆရာမများသာမက ကျောင်းသူများကပါ သူ့အားပိုးပန်းကြလေသည်။ အခြားအတန်းမှ ကျောင်းသားများသည် သူတို့အား အားအကျဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျင်းယွင်ကျောင်းတို့သည် ပထမဆုံးအတန်းအနေဖြင့် ကာယအတန်းကို တက်ရသောကြောင့်ဖြစ်၏။ သူတို့သည် ဆရာလီ၏ကျောင်းသားများမဟုတ်လျှင်ပင် အဝေးမှ ငေးမျှော်ကြည့်နိုင်သေးပေသည်။

အတန်း ၁ ၏ ယောက်ျားလေးကျောင်းသားများအတွက်မူ လီရှောက်ယွင်မှာ နတ်ဆိုးတစ်ကောင်နှင့် မခြားလှပေ။ အဘယ်ကြောင့်ဆိုသော ကာယအတန်းတစ်ချိန်ပြီးတိုင်း သူတို့သည် မောပန်းလွန်း၍ သေမလိုဖြစ်သွားသောကြောင့်ဖြစ်သည်။

သို့ရာတွင် လီရှောက်ယွင်မှာ အေးတိအေးစက်နိုင်ပြီး စည်းကမ်းကြီးသော်လည်း ကျင်းယွင်ကျောင်းကိုတော့ ဂရုစိုက်ပေသည်။

“ဒီအကြောင်းကို သိတဲ့လူသိပ်မရှိဘူး။ ငါခုနက ကျောင်းဒါရိုက်တာအတွက် စာရွက်စာတမ်းတွေ စီပေးနေတုန်း ကျင်းယွင်ကျောင်းရဲ့အုပ်ထိန်းသူနေရာမှာ ဆရာလီရဲ့နာမည်ကြီးရေးထားတာ တွေ့လိုက်ရတယ်။ ငါဒါရိုက်တာကိုတောင် မေးလိုက်သေးတယ်။ သူဘာပြောတယ်ထင်လဲ? လီရှောက်ယွင်နဲ့ ကျင်းယွင်ကျောင်းက တကယ်တော့ အလှမ်းဝေးတဲ့ဆွေမျိုးတွေတဲ့!”

ထိုအတန်းဖော်မှ ပြန်ဖြေလိုက်သည်။

“ကျစ် အတုဖြစ်မှာပါဟာ။ သူ့မှာ မိဘတောင်မရှိတဲ့ကိစ္စ ဘယ်လိုလုပ်ဆွေမျိုးတွေရှိနိုင်မှာလဲ?”

ရုတ်ချည်းပင် တစ်စုံတစ်ယောက်မှ ပြန်ပက်လိုက်၏။

“ဒါပေမယ့် ဒါရိုက်တာကတော့ အဲ့လိုပြောတာပဲ။ ငါလည်း ထူးဆန်းလိုက်တာလို့ ထင်မိပေမယ့် သေချာစဥ်းစားကြည့်လိုက်တော့ ဆရာလီက သူ့ကိုဆက်ဆံတဲ့ပုံက သူများနဲ့မတူဘူးလို့မထင်ဘူးလား? ကျင်းယွင်ကျောင်းနောက်ကွယ်မှာ သူ့အကြောင်းအတင်းတုပ်နေတဲ့ ဟိုအတန်းကကျောင်းသူတစ်ယောက်ကိုမှတ်မိလား? ဆရာလီက အဲ့ကောင်မလေးကို ပြင်းပြင်းထန်ထန်ဆူလိုက်ရုံတင်မက စကားလုံးတစ်ထောင်ပါတဲ့ တောင်းပန်စာကို ဆယ်ခါရေးဖို့ အပြစ်ပေးလိုက်တယ်တဲ့လေ”

“အဲ့လိုပြောရတာတော့ နည်းနည်းထူးဆန်းတယ်။ ဆရာလီက စကားသိပ်မပြောတတ်ပေမယ့် အဲ့နေ့က အဲ့ကျောင်းသူကို ဘာမှအသုံးမကျတဲ့လူလိုမျိုး ကြိမ်းနေတာလေ။ အဲ့ကောင်မလေးခမျာ မျက်လုံးတွေအစ်လာတဲ့ထိ ငိုလိုက်တာဆိုတာ သူ့ဘေးက ဆရာမတစ်ယောက်လည်း ဝင်မပြောရဲဘူး...”

အချို့လူများသည် ဤအရာကို အာပေါင်းအာရင်းသန်သန်ဆွေးနွေးနေရင်း အနည်းငယ်အရှိန်တက်သွားကြသည်။ အစက သူတို့သည် တီးတိုးတီးတိုးဖြင့် ပြောရမည်ကို သိကြသော်လည်း တဖြည်းဖြည်းဖြင့် ကျယ်သထက်ကျယ်လာကြ၏။ ရှောင်ဟိုင်ချင်းအပြင် အခြားသူများပါ ရှင်းရှင်းလင်းလင်းကြားနိုင်သွားကြလေသည်။

Space and Rebirth 623

Trans: Esth

ကျင်းယွင်ကျောင်းသည် သူမမျက်ခုံးများကိုပွတ်ကာ ကန်ကျင်းချန်ကို ကြည့်လိုက်သည်။

“သူတို့အိမ်စာတွေထပ်ပြီးကြပြီလား? အားယားနေကြတဲ့ပုံပဲ”

“အဲ့လိုမပြောပါနဲ့ဟာ ငါလည်းသိချင်တယ်။ လီရှောက်ယွင်က ဘယ်လိုလုပ်ပြီး နင့်အုပ်ထိန်းသူဖြစ်သွားတာလဲ?”

ကန်ကျင်းချန်သည် ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။

ကျင်းယွင်ကျောင်းသည် သူ့အား မျက်စောင်းသာထိုးလိုက်၏။ သူမသည်လည်း အုပ်ထိန်းသူကိစ္စနှင့်ပတ်သတ်၍ သိချင်နေပေသည်။ဤကိစ္စအား နားလည်ရန် အတန်ငယ်ခက်ခဲလှသည်။

သို့ရာတွင် လီရှောက်ယွင်မှ သူမအတွက် တစ်စုံတစ်ယောက်အား ပညာပေးခဲ့သည်ကို သိလိုက်ရသောအခါ သူမသည် ၎င်းကိုအနည်းငယ်ရယ်ရသည်ဟု ထင်မိသည်။

အမှန်အတိုင်းပြောရလျှင် ထိုမိန်းကလေး၏ စကားများမှာ ထိုမျှလောက်မဆိုးလှချေ။ ထိုအချိန်က ထိုမိန်းကလေးသည် စာအုပ်ပုံကိုကိုင်ထားပြီး မတော်တဆမြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမသည် ဖြတ်သွားဖြတ်လာအနေဖြင့် ရှိနေခဲ့သော်လည်း သူမတွင် လုပ်စရာတစ်ခုရှိနေခဲ့သောကြောင့် ထိုမိန်းကလေးအား မကူညီဘဲ ဤအတိုင်းဖြတ်လျှောက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကျောင်းသူသည် သူမအား မကျေမချမ်းဖြင့် ရေရွတ်ပြောဆိုခဲ့၏။

သူမကိုယ်တိုင်မှာမူ ၎င်းကိုဂရုမစိုက်ချေ။ သို့ရာတွင် ထိုမိန်းကလေးမှ ဤကိစ္စအား အရစ်ရှည်ပြီး သူမမကူညီသည့်ကိစ္စကိုအရင်းပြု၍ သူမ၏မိသားစုနောက်ခံကို တိုက်ခိုက်လိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း? မိဘမရှိသောကလေးများသည် ယဥ်ကျေးမှုလည်းမရှိလှဟု ထိုမိန်းကလေးမှပြောခဲ့သည်။

ကျင်းယွင်ကျောင်းမှာ ထိုသို့သောစကားများကို အကြိမ်ပေါင်းများစွာကြားဖူးသည်ဖြစ်ရာ အပြောသာခံပြီး ထိုနေရာမှထွက်လာခဲ့သည်။ သို့သော် များမကြာမီတွင် ထိုမိန်းကလေးသည် ဆူပူအော်ငေါက်ခံလိုက်ရကြောင်း အတန်းခေါင်းဆောင်ဆီမှ သူမကြားလိုက်ရသည်။

သူမသည် အဝေးတစ်နေရာမှ ကြည့်လိုက်သောအခါ လီရှောက်ယွင်သည် ထိုမိန်းကလေးအား အေးစက်သောမျက်နှာထားဖြင့် စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။ လီရှောက်ယွင်သည် ထိုကျောင်းသူအား ခေါင်းအစခြေအဆုံးကြည့်ပြီး နားကြားပြင်းကတ်စရာတစ်ခုခုကို ပြောနေဟန်တူသည်။ မကြာခင်တွင် ထိုမိန်းကလေးသည် စတင်ငိုယိုတော့သည်။ သူမသည် တဖြည်းဖြည်းဖြင့် အငိုသည်းသထက်သည်းပြီး ဟောဟဲပင်လှိုက်ကာ မျက်နှာပေါ်တွင် မျက်ရည်များ၊ နှပ်များစီးကျလာတော့၏။

ကျင်းယွင်ကျောင်းသည် ထိုနေရာနှင့် အလွန်ဝေးကွာနေခဲ့သောကြောင့် သူမ၏ထူးခြားသောအကြားစွမ်းရည်မှာလည်း အလုပ်မဖြစ်ခဲ့ချေ။

သို့ရာတွင် ထိုအချိန်က လီရှောက်ယွင်၏လေသံမှာ အလွန်ခက်ထန်နေကြောင်း သူမပြောနိုင်၏။ ထိုလေသံသည် ဖြည်းညှင်းပြီး အလျင်စလိုမနိုင်သော်လည်း အလွန်အဆိပ်ပြင်းလှသည်။ ညှာတာထောက်ထားစိတ်ဟူ၍ မြူမှုန်မျှပင် မတွေ့ရပါပေ။ ဘေးတွင်ရပ်ကြည့်နေသော ဆရာမလေးတစ်ဦးမှာ ကြောက်ရွံ့လွန်းသဖြင့် ဘာကိုမျှဝင်မပြောရဲဘဲဖြစ်နေခဲ့၏။

ကျင်းယွင်ကျောင်း၏ ရင်ထဲတွင် အနွေးဓာတ်တချို့ ပျံ့နှံ့သွားသည်ကိုတော့ သူမငြင်းဆန်၍မရချေ။ တစ်စုံတစ်ယောက်က သူမဘက်မှရပ်တည်ပေးသောခံစားချက်သည် ကောင်းလှပေ၏။

ကျင်းယွင်ကျောင်းသည် အလိုအလျောက်ပင် နှုတ်ခမ်းများကိုစေ့ကာ ပြုံးမိသွားသည်။ သူမတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားသလို ခံစားရ၏။ ကန်ကျင်းချန်နှင့် အခြားနှစ်ဦးမှာ စကားပြောနေဆဲဖြစ်သည်။ စကားပြောနေရင်း ကျင်းယွင်ကျောင်း၏ရုတ်တရတ်ဆန်သောအပြုံးကို သူတို့သည်ချက်ချင်းပင် သတိထားမိသွားကြသည်။

“ယွင်ကျောင်း နင်ဆရာလီအကြောင်းတွေးနေတာလား?”

ရှောင်ဟိုင်ချင်း၏မျက်လုံးများ ဝင်းလက်သွားပြီး သူမလက်ကို ကျင်းယွင်ကျောင်းပုခုံးပေါ် ဖက်လိုက်သည်။

ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် မျက်နှာအသွင်အပြင်ကို ထိန်းကာ ပြောလိုက်၏။

“မဟုတ်ပါဘူး”

“ငြင်းတယ်ပေါ့လေ”

ရှောင်ဟိုင်ချင်းသည် မယုံကြည်ဟန်ဖြင့် သူမကိုကြည့်ကာ ကန်ကျင်းချန်နှင့် စူးချူကိုပြောလိုက်သည်။

“အနောက်က ကျောင်းသားတွေက တဖြည်းဖြည်းနဲ့ အထိန်းအကွပ်မဲ့လာပြီ။ ကျင်းယွင်ကျောင်းနဲ့ ငါ့ကိုတည်ပြီး အလောင်းအစားတွေတောင် လုပ်နေပါလား...ဒါပေမယ့် စိတ်ဝင်စားစရာတော့ ကောင်းသား...ငါတို့သုံး‌ယောက်လည်း ဆရာလီပေါ်လာမလား၊ မပေါ်လာဘူးလားဆိုတာ လောင်းကြေးထပ်ကြည့်ကြမလား?”

“ဟုတ်ပြီလေ!”

စူးချူမှ ကျယ်လောင်စွာပြန်ဖြေလိုက်သည်။ သို့ရာတွင် သူမစကားပြောပြီးသည်နှင့် လူများ၏အကြည့်အောက်တွင် ရောက်သွားကြောင်း သတိထားမိသွား၏။ သူမသည် ချက်ချင်းပင်ခေါင်းကိုငုံ့ကာ အပြုံးတစ်ပွင့်ဖြင့် ကျင်းယွင်ကျောင်းကို ကြည့်လိုက်သည်။

“ဒါပေမယ့် အစက ငါ့အဘိုးလာဖို့လုပ်ထားတာ။ ဆရာလီကို လောင်းကြေးထပ်ရင် သူဘယ်လိုလုပ်မလဲ?”

“အဲ့လိုဆိုပိုမကောင်းသွားဘူးလား? အဘိုးကန်နိုင်မလား ဆရာလီနိုင်မလား ကြည့်ကြတာပေါ့”

ရှောင်ဟိုင်ချင်းမှ အပြုံးပန်းဆင်ကာ ပြောလိုက်သည်။

သူမသည် ထိုစကားကို ပြောပြီးပြီးချင်း အိတ်ကပ်ထဲမှ ငွေကိုတန်းထုတ်လိုက်၏။

“နင်တို့မုန့်ဖိုးတွေအကုန်ပေး ရှုံးတဲ့သူက ဒီလတော့ ကုန်းဆင်းပေါ့”

“ရက်စက်လိုက်တာ အနောက်ကကျောင်းသားတွေတောင် မနက်စာလောက်ပဲ လောင်းကြတာကို...”

ကန်ကျင်းချန်၏ မျက်နှာသည် စိတ်မပါသောပုံစံဖြစ်နေသော်လည်း ဆောင့်ကြီးအောင့်ကြီးဖြင့် သူ၏ပိုက်ဆံကို ထုတ်လိုက်သေးသည်။

“ငါက အဘိုးဘက်က လောင်းမယ်”

“ဒါဆို...ငါလည်း အဘိုးဘက်ကလောင်းမယ်”

စူးချူမှ ခဏတွေးပြီး ပြောလိုက်၏။

အဘိုးကန်ဟူသည်မှာ အကြီးအကဲတစ်ဦးမဟုတ်လော။ ကျင်းယွင်ကျောင်းအတွက် တစ်စုံတစ်ဦးလာမည်ဟု ဆရာလီသိလျှင် သူသည်သေချာပေါက်လာတော့မည်မဟုတ်ပေ။

ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။

“အဲ့လိုဆိုရင် ငါကတော့ ဆရာလီဘက်က လောင်းမယ်”

သုံးဦးလုံး လောင်းကြေးထပ်လိုက်ပြီဖြစ်၍ ထန်ကျစ်ဟွားလည်း အငြိမ်မနေနိုင်တော့ချေ။ သူသည် အလျင်အမြန်ပင် သူ၏ပိုက်ဆံကိုထုတ်ကာ လီရှောက်ယွင်ပေါ်သို့ တင်လိုက်သည်။ လျှို့ဝှက်ချက်များလှသော ဆရာလီအား ယုံကြည်၍မဟုတ်ဘဲ ကန်ကျင်းချန်နှင့်အတူ တစ်ဖက်တည်းမှ အလောင်းအစားမလုပ်လိုသောကြောင့်ဖြစ်သည်။

Space and Rebirth 624

Trans: Esth

ကျင်းယွင်ကျောင်းသည် ဤလူများလုပ်နေပုံကိုကြည့်ပြီး လုံးဝဆွံ့အသွားသည်။

သူမသည် တစ်ခုခုပြန်ပြောရန် ပါးစပ်ဟနေစဥ်မှာပင် ကန်ကျင်းချန်မှ အရင်ပြောလိုက်သည်။

“ယွင်ကျောင်း ဒီအလောင်းအစားမှာ တရားအောင်လို့ အဘိုးကိုမလာစေခြင်းဘူးလို့ နင်အခုတလောသွားပြောလို့မရဘူး။ သူတို့ဘာသာသူတို့ဆုံးဖြတ်ကြပါစေ နင်ညစ်လို့မရဘူး”

ကျင်းယွင်ကျောင်းနဖူးတစ်ပြင်လုံး အမည်းရောင်အကြောင်းများဖြင့် တွန့်သွားသည်။ သူမသည် သက်ပြင်းကိုချကာ ရှောင်ဟိုင်ချင်းလက်ထဲမှ ယွမ်တစ်ရာကိုယူလိုက်၏။

“နင်တို့က ငါ့အပေါ်လောင်းနေကြတာဆိုတော့ ဒီတစ်ခုက ငါ့ဟာပဲ ကော်မရှင်ခလို့သတ်မှတ်လိုက်‌ပေါ့”

သူမသည် ပျင်းလွန်း၍သေမလိုဖြစ်နေသောကြောင့်သာ ဤလူများ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းဖြစ်သည်။ သူတို့သည် အလွန်ဝမ်းသာသွားကြ၏။ ဖြစ်လာသည့်ရလဒ်အပေါ် ကျေနပ်သွားကြသည်မှာ ပြောစရာပင်မလိုချေ။

များမကြာမီတွင် တစ်ခန်းလုံးငြိမ်သက်သွားလေ၏။ ကျောင်းခေါင်းလောင်းလည်း တီးလိုက်ပြီဖြစ်၍ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။ ထိုအသံသည် လူများ၏နှလုံးသားကို ထိုးဖောက်ကာ ၎င်းကိုတည်ငြိမ်စေနိုင်သော မှော်စွမ်းအားတစ်ခုရှိလေသည်။

သို့ရာတွင် ဤကျောင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုနှင့် လူငယ်ဆန်ဆန်နိုးကြွားတက်ကြွမှုများ ပြည့်နှက်နေသောလည်း ကျောင်းပြင်ပရှိ ကားတစ်စီးတွင် လူတစ်ဦးသည် ယုတ်မာသောအသွင်အပြင်ဖြင့် ထိုင်နေလေ၏။

“ဒါကအဲ့ကျောင်းပဲ ရှင်တို့ဓာတ်ပုံကြည့်ပြီးပြီမှတ်လား? ဘယ်လိုလွဲချော်မှုမျိုးမှ မလိုချင်ဘူး”

ဤစကားကိုပြောစဥ်တွင် ဟယ့်ကျားစစ်မျက်နှာသည် နာကျင်နေသောဟန်ပန်ဖြင့် ဖြူဖတ်ဖြူရော်ဖြစ်နေသည်။

ကားနောက်ခန်းတွင် အသက်သုံးဆယ်ဝန်းကျင် ယောက်ျားကြီးနှစ်ဦးထိုင်နေလေ၏။ သူတို့၏ခန္ဓာကိုယ်များသည် ကြွက်သားများဖြင့် တုတ်ခိုင်နေပြီး အလွန်သန်မာမည့်ပုံပေါက်နေကြသည်။ ဟယ့်ကျားစစ်စကားကို ကြားလိုက်သောအခါ သူတို့သည် နားလည်သည့်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကြ၏။

“စိတ်မပူပါနဲ့ ကောင်မလေးတစ်ယောက်ပဲကို ဘာအမှားမှဖြစ်မှာမဟုတ်ဘူး”

“ဒီလိုအတွေးမျိုးတွေမတွေးကြနဲ့!”

ချက်ချင်းပင် ဟယ့်ကျားစစ်မှ သူတို့အားအော်ငေါက်လိုက်သည်။

“ကျွန်မမှာပိုက်ဆံတွေ အရမ်းပေါနေလို့ ရှင်တို့ကိုတမင်သွားရှာတယ်ထင်လား? ကျင်းယွင်ကျောင်းဆိုတာ သိုင်းပညာရှင်တစ်ယောက်ပဲ ကျွန်မမိသားစုကငှားထားတဲ့ ကိုယ်ရံတော်ဆယ်ယောက်ကျော်တောင် သူ့ကိုမတားနိုင်ဘူး!”

“ဟုတ်သားပဲ ရှင်တို့ဒါကိုယူသွား”

ဟယ့်ကျားစစ်သည် ဘူးနှစ်ဘူးကိုထုတ်ပြီး သူတို့အားပေးလိုက်၏။ ဘူးထဲရှိပစ္စည်းများမှာ အလွန်လက်ရာမြောက်သော ပစ္စတိုနှစ်လက်ဖြစ်၏။

“ဒီပစ္စည်းတွေကို လိုပါ့မလား?”

ယောက်ျားကြီးနှစ်ဦးမှ မေးလိုက်သည်။

ဤမိန်းကလေးဟယ့်သည် သူတို့အားစော်ကားနေသည်ဟု ခံစားလိုက်ရ၏။ ပစ်မှတ်မှာ သာမန်ကျောင်းသူလေးတစ်ဦးသာဖြစ်သည်။ သူမသည် သိုင်းပညာတတ်ကျွမ်းလျှင်ပင် အဘယ်မျှလောက် အင်အားကြီးနိုင်မည်နည်း? မိန်းကလေးဟယ့်မှ သူတို့အား အကြိမ်ကြိမ်သတိပေးသည်ကို ခံနိုင်ရည်ရှိသော်လည်း သေနတ်တစ်လက်ကိုပင် အမှန်တကယ်ထုတ်ပေးရသလော?

“ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ! ဒါပေမယ့် ရှင်တို့မှတ်ထားရမှာက သူ့ကိုပြန်ခေါ်လာပေးရင်ရပြီ သူ့ကိုအနာတရဖြစ်အောင် လုံးဝလုပ်လို့မရဘူး!”

ဟယ့်ကျားစစ်ထပ်ပြောလိုက်ပြန်သည်။ သူမသည် ဤသေနတ်များကို မှောင်ခိုစျေးကွက်မှဝယ်ယူရန် များစွာကြိုးစားအားထုတ်ခဲ့ရ၏။ ဤနိုင်ငံသည် သေနတ်အား အထိန်းအကွပ်မရှိ‌ရောင်းသော အခြားနိုင်ငံများကဲ့သို့မဟုတ်ပေ။ သူမ၏လုပ်ရပ်ကို လူမိသွားလျှင် ပြသာနာအလွန်တက်ချေမည်။

သူမသည် အစက ကျင်းယွင်ကျောင်းအား ဤကမ္ဘာမြေပေါ်မှ လက်စဖျောက်ချင်သော်လည်း ယခုမူ ထိုသို့လုပ်ရန် လုံးဝမဖြစ်နိုင်တော့ချေ။ သူမသည် သူမနှင့် သူမမိခင်၏ရောဂါကို အရင်ကုသရပေမည်!

“ဖြစ်နိုင်ရင် အဲဒီရှောင်ဟိုင်ချင်းကိုပါ တစ်ခါတည်းခေါ်ခဲ့လိုက်။ ကျင်းယွင်ကျောင်းက ဒေါသကြီးတာမို့ အကြပ်ကိုင်စရာလူမရှိရင် သူစကားနားထောင်မှာမဟုတ်ဘူး”

ဟယ့်ကျားစစ်ထပ်ပြောလိုက်၏။

သူမသည် စကားပြောရင်းဖြင့် မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်များ ပြည့်နှက်သွားသည်။ သူမလက်သည် ခြေထောက်အား ထုလျက်ရှိပြီး များမကြာမီတွင် လက်များကိုနှိပ်နယ်ရလေသည်။ သူမသည် နေမထိထိုင်မသာဖြစ်နေသောကြောင့် အငြိမ်နေ၍မရသည့်အတိုင်းဖြစ်နေ၏။

ဤရောဂါများသည် အသက်အန္တရာယ်ကို ထိခိုက်မည်မဟုတ်သော်လည်း ခံစားရသောဝေဒနာမှာ ပြင်းထန်လွန်းလှသည်။ တစ်ကိုယ်လုံးအနှံ့တွင် အသည်းခိုက်စရာနာကျင်မှုသည် အတွင်းရောအပြင်ပါ ထွက်ပေါ်နေလေ၏။ ဤနာကျင်မှု၏အရင်းအမြစ်ကိုလည်း ရှာဖွေ၍မရပေ။ အကိုက်အခဲများစွာကို သူမသောက်ထားရသော်လည်း အာနိသင်သိပ်မရှိလှဘဲ ဘေးထွက်ဆိုးကျိုးများသာ ပြင်းထန်လာသည်။

သူမက ပိုသာသည်ဟုပြောရမည်။ သူမမိခင်မှာ နာကျင်မှုကို ပိုခံစားနေရ၏။ နေ့ရက်စဥ်တိုင်း ဟယ့်ကျားစစ်မိခင်သည် စိတ်ဖောက်ပြန်နေသူတစ်ဦးကဲ့သို့ နာကျင်မှုဒဏ်ကြောင့် အော်ဟစ်ငြီးတွားနေရပြီး ရွေးချယ်စရာမရှိတော့သောကြောင့် သူမဖခင်မှာလည်း မိမိ၏ဇနီးသည်ကို အိမ်ထဲတွင်သော့ပိတ်ထားရ၏။

သူမသည်သာ ဤကိစ္စကို လျစ်လျူရှုနေပါက သူမ၏နာကျင်မှုဝေဒနာသည်လည်း သူမမိခင်ခံစားရသည့်အဆင့်သို့‌ ရောက်သွားမည်ဖြစ်ကြောင်း သေချာပေါက်သိနေခဲ့သည်။ ထိုအချိန်သာရောက်လျှင် အားလုံးအဆုံးသတ်သွားပေတော့မည်။

ထိုသို့မဖြစ်ခင် သူမသည် ဆေးကုခံမှဖြစ်မည်။

ဟယ့်ကျားစစ်၏အကြည့်များသည် စူးရှနေ၏။ ကျောင်းဝင်ပေါက်ရှိ သူမ၏အသွင်အပြင်မှာ အတန်ငယ်ကြောက်စရာကောင်းနေသည်။ သူမခေါ်ထားသော သိုင်းပညာရှင်နှစ်ဦးမှာ စိတ်မရှည်စွာဖြင့် “ဂျွတ် ဂျွတ်” ဟူ၍ ဇက်များကိုချိုးလိုက်ကြ၏။

All Chapters