← Chapters

အခန်း (၆၂၉-၆၃၂)

Vol. 32 Ch. 629-632

အခန်း (၆၂၉-၆၃၂)

Vol. 32 Ch. 629-632

Space and Rebirth 629

Trans: Esth

သူတို့နှစ်ဦးလုံးသည် သိုင်းပညာရှင်များဖြစ်ပေသည်။ သူတို့၏သိုင်းပညာသည် လီရှောက်ယွင်နှင့် ကျင်းယွင်ကျောင်းတို့လောက် မကောင်းလှသော်လည်း အရမ်းမဆိုးလှဟု ပြောနိုင်သေးသည်။ သူတို့ရဲ့သိုင်းကွက်မှန်သမျှသည် တစ်ဖက်လူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်သည်ထိ ပြင်းထန်ပေ၏။ သူတို့သည်သာ ခြေကျိုးလက်ကျိုးဖြစ်သွားလျှင် အနာဂတ်၌ သိုင်းကျင့်ကြံရန် ခက်ခဲပေတော့မည်။

“မိန်းကလေးကျင်း! ကျွန်တော်တို့မှာ မျက်လုံးရှိတာတောင် အရိုအသေပေးရမယ့်သူကို မမြင်မိဘဲဖြစ်သွားပါတယ်! ကျွန်တော်တို့ကို ညှာပေးပါ...”

နှစ်ဦးသား သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်သည်။

အစောပိုင်းက ဟယ့်ကျားစစ်မှ ကျင်းယွင်ကျောင်း၏စွမ်းရည်သည် ထူးကဲသာလွန်လှသည်ဟု ပြောချိန်တွင် သူတို့သည် မယုံကြည်ခဲ့ချေ။ တစ်ဖက်မိန်းကလေး၏ သိုင်းပညာသည် ထိုမျှလောက် မြင့်မားလိမ့်မည်ဖြစ်ကြောင်း မထင်မှတ်ထားခဲ့သောကြောင့်ဖြစ်သည်။ သူမသည် သူတို့၏လက်ထဲမှ သေနတ်အား လက်ဗလာဖြင့် လုခဲ့သည်သာမက အကြောအမှတ်နှင့် အဆစ်များနှင့်ပတ်သတ်၍လည်း ကျွမ်းကျင်ဟန်ရ၏။ တိုက်ကွက်တိုင်းသည် ခန္ဓာကိုယ်၏ပျော့ချက်များကိုသာ ရွယ်ထားသဖြင့် သူတို့သည် လုံးဝမခုခံနိုင်ခဲ့ချေ!

သူတို့သည် ဤအချက်အား စောစောသိခဲ့လျှင် ဤနေရာသို့ ရူးမိုက်စွာဖြင့် အသေလာခံမည်မဟုတ်ပါပေ! ပြိုင်ဘက်မှာ မိန်းကလေးငယ်တစ်ဦးဖြစ်သဖြင့် လျှော့တွက်၍ရသည်ဟု တွေးခဲ့ကြခြင်းဖြစ်သည်။ လက်တွေ့တွင် လျှော့တွက်ခံရမည့်သူမှာ သူတို့သာဖြစ်နေကြောင်း မထင်မှတ်ထားခဲ့ချေ!

ကျင်းယွင်ကျောင်းသည် အေးစက်စွာ လှောင်ရယ်သံပြုလိုက်ပြီး မလှုပ်မယှက်ဖြင့်ရှိနေ၏။

(ညှာပေးရမယ်? ခုနတုန်းကတော့ ငါ့ကိုညှာပေးမယ့်ပုံ မပေါက်ကြဘဲနဲ့)

“မိန်းကလေးကျင်း...”

နှစ်ဦးလုံးသည် စိတ်လှုပ်ရှားလွန်းသဖြင့် ချွေးစေးများပြန်လာကြသည်။

သို့ရာတွင် သူတို့စကားမဆုံးခင်တွင် ကျင်းယွင်ကျောင်းသည် သူမ၏တိုက်ကွက်ကို စတင်နှင့်ပြီးဖြစ်၏။ “ဖြောင်း ဖြောင်း” ဟူသောအသံကို ကြားလိုက်ရပြီးနောက် ရုတ်ချည်းဆိုသလို နှစ်ဦးသားသည် မိမိတို့၏လက်မောင်းများကို ကိုင်ပြီး အော်ဟစ်ငြီးတွားကြတော့သည်။

“ပြစ်ဒဏ်သေးသေးနဲ့ သတိကြီးကြီးပေးလိုက်မယ်”

ကျင်းယွင်ကျောင်းပြောလိုက်၏။

သူမသည် စကားဆုံးသည်နှင့် ကားသည်လည်း ရပ်တန့်သွားသည်။ ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်တို့နှစ်ဦးလုံး ကားထဲမှထွက်လိုက်ကြ၏။ ဤသည်မှာ ခရိုင်၏ဗဟိုနေရာဖြစ်နေသောကြောင့် နှစ်ဦးသားသည် ညစာစားရန် သွားကြတော့သည်။

ကျင်းယွင်ကျောင်းသည် ထိုသူတို့၏လက်မောင်းများကို အဆစ်လွဲရုံသာလုပ်လိုက်ခြင်းဖြစ်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများရှိသေးသည်။ အနာဂတ်တွင် သူတို့နှစ်ဦးသည် အင်အားနှင့် အရှိန်အဟုန်ပြင်းထန်စွာ အသုံးပြုပါက သူတို့၏လက်‌မောင်းများသည် အလွယ်တကူပင်နေရာလွဲသွားနိုင်လေသည်။ သိုင်းကျင့်ကြံသောလူများအတွက်မူ ဤသည်မှာ အကြီးမားဆုံးသောအားနည်းချက်ဖြစ်၏။

လီရှောက်ယွင်သည် ကားထဲမှထွက်သည်နှင့် ကျင်းယွင်ကျောင်းအရှေ့တွင် ဖုန်းတစ်ချက်ခေါ်လိုက်သည်။ ကျင်းယွင်ကျောင်းသည် ဖုန်းခေါ်ရင်းပြောသည့်အကြောင်းအရာများကို ကြားသောအခါ ဤရန်ပွဲအား မည်သူမှစုံစမ်းမေးမြန်း‌တော့မည်မဟုတ်ကြောင်း သိလိုက်ရ၏။

သူမသည် သက်မကိုချလိုက်သော်လည်း တစ်ချိန်တည်းမှာပင် ဖော်ပြ၍မရနိုင်သောခံစားချက်ဖြင့် လီရှောက်ယွင်ကို ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် သူသည် လူကုံထံမိသားစု၏ သခင်လေးတစ်ဦးဖြစ်ပေသည်။ သူ၏မိသားစုနောက်ခံသည် မည်မျှပင်အာဏာရှိသောကြောင့် သူသည် လူတစ်ဦးအား သေနတ်ဖြင့်ပစ်ပြီး ဒဏ်ရာရစေလျက်နှင့် မည်သူမျှမေးခွန်းမထုတ်ကြသနည်း။

သို့ရာတွင် ဤကမ္ဘာ၌ လီရှောက်ယွင်ကဲ့သို့ လက်ရှောင်နိုင်သောသူများစွာရှိကြောင်း ကျင်းယွင်ကျောင်းကောင်းကောင်းသိထား၏။ ရာထူးမြင့်မားသည်နှင့် အကျိုးခံစားခွင့်များစွာ ရရှိနိုင်ပေသည်။ မဟုတ်လျှင် အမြင့်သို့တက်လှမ်းရန် ကြိုးစားအားထုတ်နေကြသူများ အဘယ်သို့ရှိမည်နည်း?

ကျင်းယွင်ကျောင်း၏ အတွေးထဲနစ်မျောနေသော မျက်နှာထားကိုတွေ့လိုက်ရသော လီရှောက်ယွင်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

ဤအချိန်တွင် ကားဒရိုင်ဘာမှာ ဟယ့်ကျားစစ်အား ဆေးရုံသို့အမြန်ပို့ရန် ကြိုးစားနေသည်။ တစ်ချိန်တည်းမှာပင် သူသည် ဟယ့်ကျားစစ်မိဘများအား ဖုန်းဆက်ကာ အသိပေးလိုက်သေး၏။ သို့ရာတွင် သူမမိခင်ဖြစ်သော ဟန်ချင်းမှာ စိတ်ကျန်းမာရေးမကောင်းလှချေ။ နေ့တိုင်းလိုလိုပင် သူမသည် အော်ဟစ်သောင်းကျန်းနေသဖြင့် ဟယ့်ကျီလိမှ သူမအား သော့ခတ်ပိတ်လှောင်ထားသည်။ ထို့အပြင် ဟယ့်ကျီလိမှာလည်း သူ၏သမီးနှင့်ပတ်သတ်လာလျှင် အတန်ငယ်စိတ်မရှည်သောသူဖြစ်၏။

သူ့တွင် သားသမီးများစွာရှိသောကြောင့် တစ်ဦးလျော့၍ ဘာမှဖြစ်မည်မဟုတ်ချေ။

သို့ရာတွင် ဟယ့်ကျားစစ်မှာ နှစ်ပေါင်းများစွာ သူအလိုလိုက်ထားသောကလေးတစ်ဦး ဖြစ်နေသေး၏။ သူသည် စိတ်ဓာတ်ကျသွားသော်လည်း ညတွင်းချင်း ဆေးရုံသို့ အပြေးလိုက်သွားသေးသည်။

ဟယ့်ကျားစစ်၏ဒဏ်ရာမှာ အလွန်ပြင်းထန်လှသည်။ သေနတ်ဒဏ်ရာမှာ အနည်းငယ်သာ ပိုနက်လျှင် သိကြားမင်းဆင်းကယ်လျှင်ပင် အသက်ရှင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် သူသည် သူ၏သမီးဖြစ်သူနှင့် သူမငှားထားသော သက်တော်စောင့်နှစ်ဦး၏ စိတ်ပျက်ဖွယ်အခြေအနေကို တွေ့လိုက်ရသောအခါ အလွန်ပင် မျက်စိမျက်နှာပျက်သွားလေ၏။ သူသည် ဒေါသကိုမြိုချပြီး အခြေအနေအား ရှင်းရှင်းလင်းလင်းသိရန် မေးပြီးနောက် မကြာသေးမီက အသက်ကယ်ခံထားရသော သူ၏သမီးကိုဝေ့ကြည့်၍ သူ၏အတွင်းရေးမှူးကို ပြောလိုက်သည်။

“သွားပြီး စျေးကြီးတဲ့လက်ဆောင်တစ်ခုကို ပြင်ထား”

“မစ္စတာဟယ့်?”

အတွင်းရေးမှူးသည် ဇဝေဇဝါဖြစ်သွား၏။

“အကြီးအကဲထန်အတွက်လားဗျ?”

မိန်းကလေးဟယ့်သည် ဤသို့အနိုင်ကျင့်ခံလာရသည်ဖြစ်ရာ မစ္စတာဟယ့်သည် အကြီးအကဲထန်ဆီသွား၍ အကူအညီတောင်းခံလိုခြင်းဖြစ်မည်မဟုတ်လော?

ဟယ့်ကျီလိသည် အတွင်းရေးမှူးအား ဝေ့ကြည့်ပြီး ဆက်ပြောလိုက်၏။

“မိန်းကလေးတွေ ကြိုက်လောက်မယ့်ဟာရွေးလိုက်၊ စျေးကို စိတ်မပူနဲ့ ငါ့အကောင့်ထဲက ထုတ်သုံးလိုက်”

သူသည် ထိုစကားကိုပြောလိုက်သောအခါ အတွင်းရေးမှူးနှင့် အခြားသူများသည် မှင်တက်သွားလေ၏။

မိန်းကလေးများအတွက် သင့်တော်သောလက်ဆောင်? ဆိုလိုသည်မှာ ဤလက်ဆောင်သည် မိန်းကလေးဟယ့်အား ဤသို့ဖြစ်စေခဲ့သည့် ကျောင်းသူလေးအတွက်လော?

Space and Rebirth 630

Trans: Esth

ဟယ့်ကျီလိ၏မျက်နှာသည် သုန်မှုန်နေ၏။ သူ၏အတွင်းရေးမှူးသည် ယခုချိန်ထိ မယုံကြည်နိုင်ဟန်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူသည် မျက်မှောင်ကုပ်၍ ခိုင်းထားသည့်ကိစ္စကို မြန်မြန်သွားလုပ်ရန် ဆူပူကြိမ်းမောင်းလိုက်သည်။

သူသည် ကျင်းယွင်ကျောင်းကို တစ်ကြိမ်သာမြင်ဖူးသော်လည်း ၎င်းမှာ မေ့မရနိုင်သောမြင်ကွင်းဖြစ်၏။

ထိုအချိန်က သူ၏သမီးသည် ရှောင်မိသားစု၏သမီးကို ဂျိမ်းစ်ဆီသို့ပေးလိုက်သောအချိန်ဖြစ်သည်။ သို့သော် ကျင်းယွင်ကျောင်းမှာ ရဲခွေးများနှင့် ဟယ့်မိသားစု၏အရှိန်အဝါကို မထောက်ဘဲ သေမင်းတစ်ပါးကဲ့သို့ အိမ်ထဲကမူးရှူးထိုးဝင်လာခဲ့၏။ သူမသည် ကြမ်းတမ်းရက်စက်ရုံတင်မကဘဲ အခြားသူများအား ခေါင်းမဖော်နိုင်သည့်ခံစားချက်ကိုလည်း ပေးစွမ်းနိုင်သူဖြစ်သည်။

သူ၏ဟယ့်မိသားစုသည် ယခင်ကလောက် ဂုဏ်သိက္ခာမကြီးမားတော့သော်လည်း ကုလားအုတ်တစ်ကောင်သည် မည်မျှပင်ငတ်နေပါစေ မြင်းတစ်‌‌ကောင်ထက် ပိုကြီးနေသေးသည်ဟူသော ဆိုရိုးစကားရှိသည်မဟုတ်လော။ သူတို့၏အရှိန်အဝါသည် အတိုင်းအတာတစ်ခုထိရှိနေဆဲဖြစ်၏။ ပုံမှန်ဆိုလျှင် သူ့အား မည်သူကမျှ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရန် မပြောနှင့် အော်ဟစ်ရဲသူပင်ရှိမည်မထင်ချေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းမှ ဟယ့်မိသားစုအိမ်ထဲသို့ အတင်းဝင်လာစဥ်က သူသည် စိတ်လည်းဆိုး သိက္ခာကျသလိုလည်းဖြစ်သွားခြင်းဖြစ်၏။ ထိုကိစ္စကြောင့် သူသည် သူမအား သင်ခန်းစာပေးချင်ခဲ့သော်လည်း သူဘာကိုမျှမလုပ်နိုင်ခင်တွင်ပင် သူ၏မိန်းမနှင့်သမီးဖြစ်သူမှစတင်၍ ကျင်းယွင်ကျောင်းအား အသေအလဲကျိန်ဆဲနေတော့သည်။

သူ၏ဇနီးသည်မှာ ကြောက်စရာအကောင်းဆုံးဖြစ်၏။ သူမကိုယ်ပေါ်တွင် မည်သည့်ဒဏ်ချက်မျိုးမှမရှိသော်လည်း သူမသည် နေ့စဥ်ရက်ဆက် အကိုက်အခဲပျောက်ဆေးများကို သောက်နေသည်။ ယခု သူသည် သူမအား အခန်းထဲသော့ပိတ်ထားရုံအပြင် ရွေးချယ်စရာမရှိတော့ပါချေ။ နေ့တိုင်းလိုလို သူမ၏ငိုယိုသံများနှင့် နာကျင်မှုကို မြင်ရသောအခါ သူသည် ဘဝတွင်ပထမဆုံးအနေဖြင့် အကြောက်တရားကို ခံစားမိခဲ့လေသည်။

ကျင်းယွင်ကျောင်းမှ သူ၏ဇနီးသည်အား လုပ်ခဲ့သောလုပ်ရပ်ကို သူသည် မိမိမျက်လုံးနှစ်လုံးဖြင့် မြင်နေရသောကြောင့်ဖြစ်သည်။ ကျင်းယွင်ကျောင်းသည် သူမအား ငွေရောင်အပ်ဖြင့် အကြိမ်အနည်းငယ်သာစိုက်ခဲ့ခြင်း ဖြစ်သော်လည်း ရလဒ်မှာ ဤသို့ဖြစ်မည်ဟု ဟယ့်ကျီလိမထင်ထားခဲ့ချေ။

ကျင်းယွင်ကျောင်းနှင့် ပတ်သတ်သော သတင်းများကိုပင် အမှတ်ရသွား၏။

နင်းမြို့တော်သည် ကျယ်ပြောလှသည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည် အံ့ချီးဖွယ်သမားတော်တစ်ဦးဖြစ်ကြောင်း သူ့အားလာပြောသောလူများစွာရှိခဲ့သည်။ သူသည် အစကမယုံကြည်ခဲ့သော်လည်း သက်သေပြပေးနိုင်သူများစွာရှိနေရာ အခြေအမြစ်မရှိသော သတင်းမဟုတ်နိုင်ပေ။

ထို့ကြောင့် သူသည် ဤတစ်ခေါက်တွင် ပါးစပ်ပိတ်နေကာ ကျင်းယွင်ကျောင်းအား ပြသာနာသွားမရှာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူသည် သည်းခံနိုင်သော်လည်း သူ၏သမီးမှာ အောင့်အည်းသည်းခံနိုင်စွမ်းမရှိတော့ပေ။ အစက သူသည် ကျင်းယွင်ကျောင်းအား ပညာပေးချင်သောကြောင့် သူမ၏စွမ်းရည်များကို လေ့လာသည့်အနေဖြင့် စောင့်ကြည့်နေရန် ဆုံးဖြတ်ထားခဲ့သည်။ သို့ရာတွင် သူမထင်မှတ်ထားခဲ့သည်မှာ ကျင်းယွင်ကျောင်းသည် သူစိတ်ကူးထားသည်ထက် များစွာအင်အားကြီးနေခြင်းဖြစ်၏။

မရေမတွက်နိုင်သော ဆေးပညာစွမ်းရည်များပိုင်ဆိုင်သောသူမသည် သာမန်လူတစ်ဦး၏ဘဝတွင်သာ အသက်ရှင်နေထိုင်ရန် ကံကြမ္မာမပါလာခဲ့ချေ။ ထို့အပြင် သူမနံဘေးတွင် သခင်လေးလီရှိနေသေး၏...ထိုသူမှာ သူလုံးဝရန်စ၍မရသောလူ ဖြစ်လေသည်!

အတွင်းရေးမှူးသည် ညတွင်းချင်းပင် အဖိုးတန်လက်ဆောင်တစ်ခုကို ပြင်လိုက်၏။ နောက်တစ်နေ့မနက်ခင်းတွင် ဟယ့်ကျီလိသည် ကျောင်းဂိတ်ပေါက်၌ စောင့်နေပြီဖြစ်သည်။

သူသည် ကျင်းယွင်ကျောင်းကိုတွေ့လိုက်ရသောအခါ တစ်ခွန်းမျှမဟဘဲ လက်ဆောင်အိတ်များဖြင့်သာ သူမထံလျှောက်သွားလိုက်၏။ ထို့နောက် ယဥ်ကျေးပျူငှာသောအပြုံးဖြင့် သူမအား နှုတ်ခွန်းဆက်လိုက်သည်။

“မိန်းကလေးကျင်း”

ကျင်းယွင်ကျောင်းသည် သူမခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ဟယ့်ကျီလိဟူသည်မှာ အလုပ်ကိုစေ့စေ့စပ်စပ်မလုပ်တတ်သည့်အပြင် အပျော်အပါးခုံမင်သောလူတစ်ဦးဖြစ်၏။ သူသည် ငယ်ရွယ်စဥ်က ဒုတိယမျိုးဆက်၏ အမွေဆက်ခံသူပီသစွာပင် သောက်စားပျော်ပါးပြီး အချိန်ကုန်ခဲ့သည်။ ထို့ကြောင့်လည်း ဟယ့်မိသားစုသည် သူ၏လက်ထဲတွင် တဖြည်းဖြည်းဆုတ်ယုတ်လာခြင်းဖြစ်၏။

သူသည် သတ်လတ်ပိုင်းအရွယ်သာရှိသေးသော်လည်း အတန်ငယ်ဖြစ်ကတတ်ဆန်းနိုင်သည့်ပုံ ပေါက်နေလေပြီ။ သူ၏ခန္ဓာကိုယ်သည် အလွန်ပိန်ပါးပြီး မျက်တွင်းဟောက်ပက်ဖြင့် ပုံမှန်မဟုတ်သောအသားအရေကို ပိုင်ဆိုင်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် အရက်စွဲနေပြီဖြစ်ကြောင်း သိသာလှသည်။

“ဘာဖြစ်လို့လဲ မစ္စတာဟယ့်?”

ကျင်းယွင်ကျောင်းသည် အသံကိုအနည်းငယ်မြှင့်ထားပြီး သူမ၏အရှိန်အဝါမှာ အားမပျော့လှချေ။

တစ်ဖက်လူမှာ ခြောက်ကပ်စွာသာ ရယ်မောလိုက်သည်။

“ကျွန်တော့်သမီးက မနေ့က မိန်းကလေးကျင်းကို လန့်စေမိခဲ့လို့ လာတောင်းပန်တာပါ။ မိန်းကလေးကျင်းစိတ်ပြေဖို့ မျှော်လင့်ပါတယ်”

သူသည် ပြောပြောဆိုဆိုဖြင့် ကျင်းယွင်ကျောင်းအား ဟိုတစ်ချက်ဒီတစ်ချက်ကြည့်လိုက်သည်။

သူသည် ဘဝတွင်ကြုံဆုံခဲ့ရသော အမျိုးသမီးအရေအတွက်မှာ မနည်းလှချေ။ သူတို့အထဲတွင် ငယ်ရွယ်သော မော်ဒယ်မလေးများအချို့လည်း ပါဝင်ပေသည်။ သူတို့တစ်ဦးစီတိုင်း၏ ရုပ်ရည်သွင်ပြင်သည် အမှန်တကယ်ပင် ထူးကဲသာလွန်လှသော်လည်း မည်သူမျှ ကျင်းယွင်ကျောင်းကိုမမှီချေ။ သူမသည် ရုပ်ရည်ချောမောသော်ငြား မဖွယ်မရာဖြစ်စရာ အညှီအဟောက်ဟူ၍ စိုးစဥ်းမျှမရှိပေ။ ငယ်ရွယ်သော်လည်း ရှပ်ပြာပြာမဟုတ်ဘဲ တည်ငြိမ်သောအငွေ့အသက်ရှိနေ၏။ သူမ၏မိသားစုနောက်ခံမှာ မကောင်းလှသော်လည်း သူမ၏တစ်ကိုယ်လုံးအား အထက်တန်းဆန်သောစရိုက်လက္ခဏာများက လွှမ်းမိုးထား၏။

သို့ရာတွင် ဟယ့်ကျီလိသည် တဏှာစိတ်ကြီးမားပြီး အပျော်အပါးခုံမင်သော်လည်း လူမရွေးဘဲ စော်ကားလောက်သည်ထိ မတုံးအပါပေ။

သူသည် နေ့ရက်စဥ်တိုင်း အကြောင်းရင်းမရှိဘဲ သေလုမြောပါးဖြစ်နေသောလူနာတစ်ဦးကဲ့သို့ အကိုက်အခဲပျောက်ဆေးများကို မှီခိုအားထားနေရသော သူ၏မိန်းမကဲ့သို့မဖြစ်လိုချေ။

ကျင်းယွင်ကျောင်းသည် သူယူဆောင်လာသောလက်ဆောင်များကို ဝေ့ကြည့်ကာ ပြုံးလိုက်၏။

“မစ္စတာဟယ့်က အရမ်းရက်ရောတာပဲ။ မိန်းကလေးဟယ့်က အခုထိဆေးရုံမှာရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတုန်းပဲမှတ်လား? ဦးလေးက ဒီလောက်လက်ဆောင်အများကြီးယူလာတော့ မိန်းကလေးဟယ့်သာ သတိရလာရင် ဒေါသထွက်မယ်လို့မထင်ဘူးလား?”

Space and Rebirth 631

Trans: Esth

ယနေ့တွင် အထူးသဖြင့် နွေးထွေးတောက်ပနေသော မနက်ခင်းနေရောင်ခြည်သည် ကျင်းယွင်ကျောင်းမျက်နှာပေါ်သို့ ဖြန်းပက်နေသောကြောင့် သူမအား ပို၍နူးညံ့ညင်သာလှပစေနေ၏။ သို့ရာတွင် ဤအလှရိပ်သည် ဟယ့်ကျိလီ၏မျက်လုံးထဲတွင် သူစိမ်းတရံဆန်ပြီး အေးတိအေးစက်နိုင်နေသည်ဟုသာ ခံစားရသည်။ ယခင်ကတည်းပင် ထိုအပြုံး၏နောက်ကွယ်၌ လူတိုင်းကိုကြောက်ဒူးတုန်စေနိုင်သော လျှို့ဝှက်အန္တရာယ်တစ်ပါးရှိကြောင်း သူသိနေခဲ့၏။

“မိန်းကလေးကျင်း နောက်နေတာများလား။ မနေ့ညက စစ်စစ်ရဲ့အပြစ်တွေပါ။ သူနိုးလာရင် ကျွန်တော်သေသေချာချာဆုံးမလိုက်ပါ့မယ် မိန်းကလေးကျင်းကို နောက်တစ်ခါနှောင့်ယှက်တာမျိုး လုံးဝမရှိစေရပါဘူး”

ဟယ့်ကျိလီသည် သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်၏။

သူ၏ရှေ့မှောက်တွင်ရှိသောမိန်းကလေးမှာ သာမန်လူတစ်ဦးမဟုတ်ချေ။ သူမသည် ယခင်ကကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံ၍ မရတော့သောသူဖြစ်နေလေပြီ။

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကို စေ့ကာ ပြုံးလိုက်၏။ ဤဟယ့်ကျိလီဆိုသူမှာ အသောက်အစားကြီးပြီး ကာမရာဂကြီးသောသူဖြစ်သော်လည်း သူသည် အလွန်သူရဲဘောကြောင်ပြီး အပျင်းကြီးသောသူလည်းဖြစ်သည်။ တစ်ခါတည်းပြောရလျှင် သူ့တွင် စွန့်စားတတ်သောစိတ်ဓာတ်မရှိချေ။ ထို့ကြောင့် ဟယ့်မိသားစုသည် သူ၏လက်ထဲသို့ရောက်စဥ်မှစ၍ ကနဦးအတိုင်း တိုးတက်မှုမရှိဘဲ ဖြစ်နေခဲ့ပေသည်။ တီထွင်ဆန်းသစ်မှုပြုရန် သူငြင်းဆိုခဲ့ခြင်းကြောင့်ဖြစ်၏။

သူလိုချင်သောအရာမှာ တည်ငြိမ်အေးချမ်း၍ ကြွယ်ဝသောဘဝဖြစ်ပြီး ရည်မှန်းချက်ကြီးသောအောင်မြင်မှုမျိုးမဟုတ်ပေ။

“မစ္စတာဟယ် ဒီကိစ္စအတွက်နဲ့လာခဲ့တာလား?”

ကျင်းယွင်ကျောင်းသည် အဖြေကိုသိလျက်ဖြင့် မေးခွန်းထုတ်လိုက်သည်။

“မိန်းကလေးကျင်း...”

ဟယ့်ကျိလီ၏မျက်နှာထားသည် တုံ့ဆိုင်းနေပုံပေါက်သော်လည်း ခဏမျှစဥ်းစားကြည့်လိုက်ပြီးနောက် သူပြန်ဖြေလိုက်သေး၏။

“မိန်းကလေးဟယ့်က နတ်ဘုရားတွေလိုစွမ်းတဲ့ သမားတော်လို့ကြားလို့ ကျွန်တော်စဥ်းစားနေတာ....ကျွန်တော့်မိန်းမရဲ့ ရောဂါကို မိန်းကလေးဟယ့်များ ကုပေးနိုင်မလား? ဆရာဝန်တိုင်ပင်ဆွေးနွေးခ သေချာပေါက်ပေးမှာပါ”

“မစ္စတာဟယ့် ဒါကြောင့်မို့ ရှင့်ကိုသဘောထားကြီးတယ်လို့ပြောတာ။ ကျွန်မက ရှင့်မိန်းမရယ် သမီးရယ်နဲ့ မတည့်တာကို ရှင်းရှင်းလင်းလင်းသိရက်နဲ့ သူတို့ကိုကုပေးဖို့ တောင်းဆိုနေသေးတယ်။ ဒါ‌ပေမယ့် ဟန်ချင်းနဲ့ ဟယ့်ကျားစစ်က ရှင့်ရဲ့ စိတ်စေတနာကို လက်ခံမယ်မထင်ဘူး ဟုတ်တယ်မလား?”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

“ဘာအဓိပ်ပာယျလဲ?”

ဟယ့်ကျိလီ အမှန်တကယ်ပင် နားမလည်ပါချေ။ ကျင်းယွင်ကျောင်း၏စကားလုံးများသည် အမြဲတစေ အဓိပ္ပာယ်နှစ်မျိုးရှိနေတတ်သည်ဟု သူခံစားရသည်။

“မစ္စတာဟယ့်မှာ ကလေးတွေအများကြီးရှိတယ်လို့ကြားတယ် ဟုတ်လား?”

ကျင်းယွင်ကျောင်းဆက်ပြောလိုက်သောအခါ ဟယ့်ကျိလီ၏ အသွင်အပြင်သည် အနည်းငယ်နေရခက်ဟန်ဖြစ်သွား၏

“မှန်ပါတယ် စုစုပေါင်း သားသမီးကိုးယောက်ရှိတာပါ။ ဒါပေမယ့် နှစ်ယောက်ကတော့ မတော်တဆဖြစ်လို့ ဆုံးသွားပါပြီ”

(သားသမီးကိုးယောက်?)

ကျင်းယွင်ကျောင်းသည် မအံ့သြဘဲမနေနိုင်တော့ချေ။ ဟယ့်ကျိလီတွင် ဇနီးတစ်ဦးသာရှိကြောင်း လူတိုင်းသိထား၏။ ထို့အပြင် ဟယ့်ကျားစစ်မှာ တစ်ဦးတည်းသောသမီးဖြစ်သည်။ တစ်နည်းပြောရလျှင် ကျန်ရှစ်ယောက်မှာ တရားမဝင်ကလေးများဖြစ်၏။

ကံကောင်းစွာဖြင့် ဟယ့်ကျိလီ၏မိသားစုမှာ လူကုံထံမိသားစုဖြစ်နေပေသည်။ မဟုတ်လျှင် သူသည် ကလေးတစ်ယောက်ကိုပင် ပျိုးထောင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် အနာဂတ်၌ မိသားစုအမွေလုရမည့်ကိစ္စမျိုးဖြစ်လာလျှင် ထိုကဲ့သို့ကလေးမျိုးသည် သေချာပေါက် စိတ်ဝင်စားစရာအခန်းကဏ္ဍ၌ ပါဝင်လာလိမ့်မည်။ ဤအတွေးခေါင်းထဲရောက်လာသောအခါ ကျင်းယွင်ကျောင်းသည် ဟယ့်ကျိလီအပေါ် မည်သို့သောရန်လိုမှုမှမရှိတော့ချေ။ ဤလူသည် သူမအား အစမှအဆုံးထိ တစ်ခါမှ မစော်ကားခဲ့သောကြောင့်ဖြစ်သည်။ သူ့တွင်အပြစ်ဟူ၍ အဆိပ်ပြင်းသောမိန်းမတစ်ဦးကို လက်ထပ်ခဲ့ခြင်းနှင့် ဟယ့်ကျားစစ်ကဲ့သို့ မူမမှန်သည့်ကလေးတစ်ယောက်အား မွေးခဲ့ခြင်းသာရှိသည်။

“သားသမီးတွေများလိုက်တာ။ မစ္စတာဟယ့်က အတော်လေးအထင်ကြီးလောက်စရာကောင်းတာပဲ”

ကျင်းယွင်ကျောင်းသည် သက်ပြင်းချ၍ ပြောလိုက်၏။

“ဒါပေမယ့် ဆုံးသွားတဲ့နှစ်ယောက်က မတော်တဆမဟုတ်ဘူးမလား?”

ဟယ့်ကျိလီသည် ကြက်သေသေသွား၏။

“မိန်းကလေးကျင်း?”

“မစ္စတာဟယ့် ရှင့်ရဲ့ဆုံးသွားတဲ့ ကလေးနှစ်ယောက်သေသွားရတဲ့ တကယ့်အကြောင်းရင်းကို သွားရှာကြည့်ပါလား? အမှန်တရားကိုရှာတွေ့ပြီးရင် ကျွန်မဆီပြန်လာရှာလို့ရတယ်။ အဲ့အချိန်ရောက်လို့ ဟန်ချင်းကို ကုပေးဖို့ ပြောနိုင်သေးတယ်ဆိုရင် ရတယ်လေ။ ငွေကိုလုံလုံလောက်လောက်ပြင်ပေးတာနဲ့ ကျွန်မကုပေးနိုင်တယ်”

ကျင်းယွင်ကျောင်းသည် စကားဆုံးပြီးနောက် လှည့်ပြန်ရန် ပြင်လိုက်သည်။ သို့သော် သူမမထွက်ခွာခင်တွင် ပြောသွားသေး၏။

“ဒါပေမယ့် နောက်တစ်ခေါက်ရှင်လာရင်တော့ လက်ဆောင်တွေယူမလာပါနဲ့လား။ ကျွန်မအကြောင်းအတင်းတွေပြောမှာ မခံနိုင်ဘူး”

ဟယ့်ကျိလီမှ ဇိမ်ခံကားတစ်စီးကိုမောင်းပြီး လက်ဆောင်များပေးနေသည်ကို မြင်လိုက်သော အတန်းဖော်များစွာရှိပေသည်။ သူတို့သည်လည်း ဤကိစ္စကို သိချင်သွားကြမည်မဟုတ်လော? သိချင်စိတ်ဟူသည်မှာ အတင်းအဖျင်းများ၏ အရင်းအမြစ်ဖြစ်သည်။ သတင်းဆိုးများရှိလာခဲ့လျှင် သူမသည် ငိုချင်လျှင်တောင် မျက်ရည်များထွက်လာမည်မဟုတ်ပေ။

ကျင်းယွင်ကျောင်းသည် ယုံကြည်ချက်အပြည့်ဖြင့် ထွက်သွားလိုက်သည်။ ဟယ့်ကျိလီမှာမူ ဇဝေဇဝါဖြစ်စွာ သူမ၏ကျောပြင်ကို ငေးကြည့်နေလိုက်၏။

(ငါ့သမီးနှစ်ယောက် သေရတဲ့အကြောင်းရင်း ထပ်ရှိသေးတာလား?)

သူမစကားအရ သူ၏ဇနီးသည်နှင့် ဆက်စပ်နေမည်လော? ဟယ့်ကျိလီ၏ မျက်နှာထားသည် ချက်ချင်းဆိုသလို တည်ကြည်သွား၏။ သူသည် အလျင်အမြန်ပင် ကားထဲသို့ဝင်ကာ ဤကိစ္စအား စုံစမ်းရန် တစ်စုံတစ်ယောက်ကို စေခိုင်းလိုက်လေသည်။

Space and Rebirth 632

လီရှောက်ယွင် စုံစမ်းခဲ့သည်ကို ဟယ့်ကျိလီလည်း စုံစမ်းနိုင်ပေသည်။ သူမစုံစမ်းနိုင်လျှင်ပင် လီရှောက်ယွင်မှ သဲလွန်စအချို့ ကူညီပေးလျှင် ဟယ့်ကျိလီသည် ပြသာနာအရင်းအမြစ်ကို ရှာဖွေနိုင်မည်ဖြစ်သည်။

ဟန်ချင်းနှင့် ဟယ့်ကျားစစ်တို့မှ သူ၏တရားမဝင်သမီးနှစ်ယောက်အား သတ်ရဲသည်မှာ အသတ်ခံရသောမိန်းကလေးများအား ကြည့်မရသောအကြောင်းပြချက်တစ်ခုတည်းကြောင့် မဟုတ်တန်ရာ။ ထိုမိန်းကလေးများသည် ဟယ့်ကျားစစ်တို့၏ နေရာအတွက် ခြိမ်းခြောက်စရာတစ်ခုဖြစ်နေ၍သာ ဖြစ်မည်။

သူ၏သမီးနှစ်ယောက် တစ်ဦးပြီးတစ်ဦးဆုံးပါးသွားစဉ်က ဟယ့်ကျိလီသည် ၎င်းကိုများများစားစားမတွေးခဲ့ချေ။ သို့သော် ယခုမူ ရက်ပိုင်းအတွင်းဖြင့် ဤကိစ္စသည် သူ၏အရှေ့၌ ဘွင်းဘွင်းပေါ်လာလေပြီ။

ဆေးစွဲပြီး သေဆုံးသွားသူမှာ သူ၏တတိယမြောက်သမီးဖြစ်၏။ ထိုကလေးသည် ငယ်စဉ်က လိမ္မာရေးခြားအရှိဆုံးနှင့် အလှပဆုံးဖြစ်ပေသည်။ တတိယသမီး၏ မိခင်ဖြစ်သူမှာလည်း အလွန်စိတ်ထားနူးညံ့ပြီး တစ်ပါးသူအတွက် တွေးပေးတတ်သည့်အပြင် ကျန်းမာရေးမကောင်းသူဖြစ်ရာ သူသည် ထိုသားအမိနှစ်ဦးလုံးအား အတော်အတန်သံယောဇဉ်ရှိပေသည်။

သို့ရာတွင် ထိုသမီးသည် ဆေးသုံးလွန်ပြီး သေဆုံးသွားကြောင်းကို သိလိုက်သောအခါတွင် သူ၏ရင်ထဲရှိ ပြီးပြည့်စုံသောသမီးမှာ အမှန်တကယ်ပင် ဆေးစွဲနေကြောင်းကို မယုံကြည်နိုင်ဖြစ်သွားသောကြောင့် ကြီးမားစွာ စိတ်ပျက်ခဲ့ရသည်။

စိတ်မကောင်းဖြစ်သည့်အပြင် သူသည် လှည့်စားခံရသလို ခံစားလိုက်ရသဖြင့် ထိုကလေး၏မိခင်ကို အဖတ်ပင်မလုပ်ခဲ့တော့ချေ။

သို့ရာတွင် ယခုစုံစမ်းပြီးနောက်တွင် သူ၏တတိယသမီးမှာ သူ့အားလှည့်စားလိမ်ညာခဲ့ခြင်း မရှိကြောင်း သိရှိသွားလေ၏။ သူမ ဆေးစွဲသွားရသည့် အကြောင်းရင်းမှာ တကယ်တမ်းတွင် ဟယ့်ကျားစစ်၏လက်ချက်ဖြစ်နေလေသည်။

ဟယ့်ကျားစစ်သည် သူမ၏မွေးနေ့အားကျင်းပရန် ကလေးများကို အိမ်သို့တမင်ဖိတ်ခေါ်ခဲ့သည်။ ထိုအချိန်က သူမသည် သူ၏တတိယသမီးကို လှည့်စားကာ မူးယစ်ဆေးဝါးများစွာကို သုံးစွဲစေခဲ့သည်။ သူ၏တတိယသမီးမှာ ရိုးရိုးအေးအေးနေတတ်သူဖြစ်သောကြောင့် ၎င်းကိုမရိပ်မိခဲ့ပေ။ မူးယစ်ဆေးဝါးသုံးစွဲမှုလွန်ကဲသွားသဖြင့် ဤကမ္ဘာလောကကြီးမှ အပြီးတိုင်ထွက်ခွါသွားခြင်းဖြစ်ပေသည်။

ဟယ့်ကျိလီသည် ရုတ်ချည်းဆိုသလို ရင်ဘတ်ထဲတွင် တုန်လှုပ်သွား၏။ သူ၏သမီးဟယ့်ကျားစစ်သည် အနည်းငယ်မာန်မာနပလွှားပြီး ခေါင်းမာသော်လည်း သူ၏ညီမအား ပြန်သတ်လောက်သည်ထိ….ယုတ်မာရသလော။

သူ၏သမီးသည် ထိုမိန်းကလေးအားသတ်ခဲ့သည်မှန်သော်လည်း ၎င်းမှာ ဟန်ချင်း၏အမိန့်အရဖြစ်၏။ မူးယစ်ဆေးဝါးများကိုပင် ဟန်ချင်းသည် မိမိအဆက်အသွယ်များမှတဆင့် ရယူပေးခဲ့ခြင်းဖြစ်သည်။

အကြောင်းရင်းမှာမူ …

ဟယ့်ကျိလီသည် ပြန်စဉ်းစားကြည့်လိုက်သောအခါ သူ၏တတိယသမီး မဆုံးမီကအချိန်ကို ပြန်တွေးမိသွား၏။ သူသည် သူမတို့သားအမိအိမ်တွင် ညတိုင်းနီးပါးအိပ်ခဲ့သည်။ အိမ်သို့ပြန်သည့်အချိန်တိုင်းတွင် ဟန်ချင်းသည် နူးညံ့သောစိတ်ထားရော တစ်ပါးသူအပေါ်နားလည်ပေးတတ်သောစိတ်ပါ လုံလောက်စွာမရှိဟု သူထင်ခဲ့သောကြောင့် သူသည် ဟန်ချင်းအပေါ် အလွန်မကျေမနပ်ဖြစ်နေခဲ့လေ၏။ ထိုအချိန်က သူသည် တတိယသမီး၏ မိခင်လိုလူမျိုးနှင့် အိမ်ထောင်ပြုခဲ့လျှင် ကောင်းလေစွဟုပင် စိတ်ထဲ၌ တွေးတောနေမိခဲ့ပေသည်…

သူ၏ဇနီးသည်မှ အချိန်အတော်ကြာ သဘောခွေ့နေခဲ့သော ဆွဲကြိုးတစ်ကုံးကိုပင် ဝယ်ကာ ထိုအမျိုးသမီးကို လက်ဆောင်ပေးခဲ့သည်။

ဟယ့်ကျိလီသည် အတွေးများစွာဖြင့် နောက်ထပ်စုံစမ်းတွေ့ရှိမှုတစ်ခုကို ကြည့်ရင်း တုန်လှုပ်သွားပြန်သည်။

စတုတ်ထသမီး…

သူမ၏မိခင်မှာမူ အလွန်ပင် စိတ်ဓာတ်ပြင်းထန်သောသူဖြစ်၏။ သူမသည် ဟယ့်ကျိလီထံမှ ကာမလိမ်လည်ခြင်းကို ခံရပြီးနောက် ကလေးမွေးပြီးပြီးချင်း မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့သည်။ ထိုကိစ္စကြောင့် သူသည် မိမိကိုယ်ကိုအပြစ်ရှိသလို ခံစားနေခဲ့ရသဖြင့် သူ၏စတုတ္ထသမီးအား ကောင်းမွန်စွာဆက်ဆံခဲ့ပေသည်။ သူမလိုချင်သမျှအရာအား အဖေတစ်ယောက်အနေဖြင့် ဖြည့်ဆည်းပေးလေ့ရှိခဲ့သည်။

ထိုအချိန်က သူ၏သမီးသည် ထန်ကျစ်ဟွားအပေါ် ချစ်ကျွမ်းဝင်သွားသဖြင့် သူသည် စိတ်မပျော်နိုင်ခဲ့ပေ။ သူသည် အနာဂတ်တွင် ကျားစစ်မှ ထန်မိသားစုထဲသို့ အိမ်ထောင်ပြုပြီးမဝင်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ ကျားစစ်၏အမှားကြောင့် အခြားတစ်စုံတစ်ယောက် အကျိုးဖြစ်ထွန်းသွားမည့်အစား သူ၏စတုတ္ထသမီးအား ထန်ကျစ်ဟွားနှင့် ဆက်ဆံရေးတည်ဆောက်ခိုင်းလိုက်သည်က ကောင်းမည်ဟု တွေးနေခဲ့ချိန်ဖြစ်၏။ ထို့ကြောင့် သူသည် ဟယ့်ကျားစစ်အား ထန်ကျစ်ဟွားနှင့် ထွက်တွေ့စဉ်တွင် သူ၏စတုတ္ထသမီးအား ခေါ်သွားရန် ပြောခဲ့သည်။

ထို့နောက်…ထန်ကျစ်ဟွားသည် ပြန်ပေးဆွဲခံခဲ့ရ၏။

ထိုအချိန်က ဟယ့်ကျားစစ်သည်လည်း ပြန်ပေးဆွဲခံနေရပြီး ပြန်ပေးဆွဲသမားများက ငွေ ၃၀၀ မီလီယံကို တောင်းခဲ့သည်။ ထိုစဉ်တွင် သူသည် ရဲတိုင်ခဲ့သော်လည်း ထူးဆန်းသောအရာမှာ ရဲများသည် ပြန်ပေးဆွဲသမားများကို လုံးဝရှာမတွေ့ခဲ့ခြင်းဖြစ်သည်။ သူတို့ဘက်မှ ရဲတိုင်လိုက်သည်ကို ပြန်ပေးဆွဲသမားများက သိနိုင်စရာအကြောင်းမရှိရာ သူတို့အား ပြန်မဆက်သွယ်တော့ဘဲ ကျားစစ်အား တန်းသတ်ရန်လုပ်ခဲ့လေသည်။

သို့ရာတွင် ကျားစစ်သည် အသက်ရှင်ခဲ့သည်။ သူမ၏ စတုတ္ထညီအစ်မက ထွက်ပြေးရာတွင် ကူညီပေးခဲ့သောကြောင့် သူမသည် ကံကောင်းစွာဖြင့် အိမ်သို့ပြန်လာနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သေးသည်။

ထိုအချိန်က သူ၏သမီးသည် တုန်လှုပ်စရာကိစ္စရပ်ကြီးတစ်ခုအား ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ သူမ၏စကားတွင် အမြီးအမှောက်မတည့်သည်များ ရှိလျှင်ပင် မည်သူမှ ၎င်းကိုအာရုံမစိုက်ကြချေ။

ထိုသားအမိနှစ်ဦးသည် မိမိတို့ဘာသာပြန်ပေးဆွဲရန် အကြံရသွားလိမ့်မည်ဟု မည်သူကတွေးမိပေမည်နည်း?

ဟယ့်ကျိလီသည် လုံးဝဆွံ့အနေ၏။ သူ၏သမီးနှစ်ဦးလုံး ဆုံးပါးခဲ့လေသည်။ သူသည် ထိုကိစ္စများအား မတော်တဆဟုထင်ခဲ့သော်လည်း အမှန်တရားသည် ဤမျှလောက်ထိတ်လန့်ဖွယ်ကောင်းမည်ဟု မထင်မှတ်ခဲ့ပါချေ။

ဟယ့်ကျိလီသည် အချိန်ကြာမြင့်စွာ ထိုအချက်အလက်များကို ကြောင်ငေးကြည့်နေလေ၏။ နာရီပိုင်းခန့်ကြာသော် သူသည် သူ၏ဇနီးသည်နေထိုင်သောအိမ်သို့ လေးလံသောခြေလှမ်းများဖြင့် လျှောက်သွားလိုက်တော့သည်။

All Chapters