← Chapters

အခန်း (၆၄၁-၆၄၄)

Vol. 33 Ch. 641-644

အခန်း (၆၄၁-၆၄၄)

Vol. 33 Ch. 641-644

Space and Rebirth 641

ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်၏လက်မှ ရုန်းထွက်ကာ သူ၏လက်ကိုတွန်းထုတ်လိုက်သည်။ ထိုအခါ သူမသည် လီရှောက်ယွင်မှ သူမအား နူးညံ့သိမ်မွေ့စွာ ကြည့်နေသည်ကိုသာမြင်လိုက်ရ၏။ သူ၏အကြည့်ထဲတွင် ကြည်ညိုလေးစားစိတ်...အနည်းငယ်ပါဝင်နေသလိုပင်။

“လီရှောက်ယွင် ရှင်အဆင်ပြေရဲ့လား?”

ကျင်းယွင်ကျောင်း စကားစရှာမရဖြစ်သွား၏။

“အားကျောင်း၊ ငါလေ...”

လီရှောက်ယွင်သည် စကားကိုတစ်ဝက်တစ်ပျက်ရပ်ပြီး ကျန်ရစ်သောစကားလုံးများကို ပြန်မြိုချလိုက်သည်။ ယခုအချိန်တွင် သူပြော၍မရသေးသောစကားများ ရှိပေသည်။ အချိန်သည် ဤမျှလောက်နှေးကွေးနိုင်ကြောင်းကို သူသည် ပထမဆုံးအနေဖြင့် ခံစားလိုက်ရ၏။ ကျင်းယွင်ကျောင်းသည် အထက်တန်းကျောင်းသူသာရှိသေးသည်! ဤသည်မှာ...မွန်းကြပ်စရာကောင်းလှပေသည်။

“ဘာလဲ?”

ကျင်းယွင်ကျောင်းမော့ကြည့်လိုက်သောအခါ လီရှောက်ယွင်ပြန်ပြုံးပြလိုက်သည်။

“ဘာမှမဟုတ်ပါဘူး ငါကဒီတိုင်းမင်းအရမ်းမိုက်တယ်လို့ထင်လို့၊ ဒီအတန်းထဲကကောင်လေးတွေ ခံရောခံနိုင်ပါ့မလား? မင်းသာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားရင် ငါဒေါသထွက်မှာ”

သူသည် ဒေါသထွက်ရုံမက သူ၏ရတနာအား လုယူရဲသောသူခိုးမှန်သမျှကို သေချာပေါက် သေဒဏ်စီရင်ပေးပေမည်။

“လီရှောက်ယွင် ကျွန်မရှင့်ကိုဒီလိုလူဖြစ်မယ်လို့ မထင်ထားဘူး”

ကျင်းယွင်ကျောင်းသည် စကားပင်သီးသွား၏။ သူမအရှေ့တွင်ရှိသော လီရှောက်ယွင်နှင့် အစပိုင်းက သူမတွေ့ခဲ့သောလီရှောက်ယွင်မှာ တစ်ဦးတည်းမဟုတ်လောက်ဟုပင် သူမတွေးမိသွားသည်။ သူတို့နှစ်ဦးသည် အမွှာညီအစ်ကိုများဖြစ်လောက်မည်။

“နောက်ပိုင်းကျရင် မင်းထင်ထားသလို မဟုတ်တာတွေ အများကြီးထပ်တွေ့ရလိမ့်မယ်”

လီရှောက်ယွင်သည် အသံရေးရေးဖြင့် ရယ်မောကာ ပြောလိုက်၏။

သူ၏ကိုယ်တွင်းရှိ ဆိုးသွမ်းသောဝံပုလွေကောင်ကြီးအား ထိန်းချုပ်ထားရသည်မှာ အလွန်ကြာပေပြီ။ သူသည် အမှန်တကယ်ပင် ဤမိန်းကလေးအား...ချက်ချင်းဝါးမြိုမိချင်၏။

နှစ်ဦးသားသည် အလွန်တိုးတိတ်ညင်သာစွာ စကားပြောနေကြသော်လည်း အခန်းတွင်းထဲ၌မူ ဆူညံပွက်လောရိုက်နေသည်။ ကျောင်းသားမိဘများသည် ကာယအတန်းအား ဆွေးနွေးနေရာမှ ကလေးများအိပ်ချိန်အား စတင်ဆွေးနွေးကြတော့သည်။ နောက်ဆုံးတွင် သူတို့အားလုံးနီးပါးသည် မိမိကလေးများမှာ တစ်နေ့လျှင် အိပ်ချိန် ၇ နာရီထက်မပိုကြောင်းကို သိရှိလိုက်ရလေ၏။ ပျမ်းမျှအနေဖြင့် တစ်နေ့အိပ်ချိန် ငါးနာရီ၊ ခြောက်နာရီသာရှိပေသည်။

ဤအိပ်ချိန်ပမာဏမှာ လူကြီးများအတွက်ပင် မခံနိုင်လောက်စရာဖြစ်၏။ ရက်ပိုင်းလောက်ဆိုလျှင် ကိစ္စရှိမည်မဟုတ်သော်လည်း ဤတစ်နှစ် ကျောင်းစဖွင့်သည့်နေ့မှမဟုတ်၊ ယမန်နှစ်ကျောင်းဖွင့်သည့်အချိန်မှစ၍ ဤအတိုင်း ပြောင်းလဲခဲ့ခြင်းမရှိပေ။ ထို့ကြောင့်လည်း ကလေးများအားလုံးသည် ငူတူတူငိုင်တိုင်တိုင်ဖြစ်နေကြခြင်းဖြစ်၏။ သူတို့အားလုံးသည် ညှိုးနွမ်းနေသောပန်းငုံလေးများကဲ့သို့ ဖြစ်နေကြပေသည်။

ဆွေးနွေးချက်များအပြီးတွင် ကျောင်းသားမိဘအားလုံးသည် အလျင်အမြန်ပင် အပြစ်ရှိသလိုခံစားလိုက်ရ၏။ ရုတ်ချည်းဆိုသလို အတန်းထဲရှိ ပတ်ဝန်းကျင်အခြေအနေသည်လည်း ပြောင်းလဲသွားသည်။ အလွန်စိတ်မကောင်းဖြစ်လွန်း၍ ငိုတော့မည့်ဆဲဆဲဖြစ်နေသော အန်တီများပင်ရှိနေ၏။

ဆရာချီသာထိတ်လန့်သွားရုံမက အခြားကျောင်းသားများသည်လည်း အချိန်မှီမတုံ့ပြန်နိုင်ဘဲ ဖြစ်သွားတော့သည်။ ဤလူများသည် သူတို့အား တစ်ရက်လျှင် ၂၄ နာရီ စာလုပ်စေချင်သော သူတို့မိဘများဟုတ်သေးသလော? သူတို့သည် စာမေးပွဲရလဒ်များအကြောင်းပြောရန် ကျောင်းသို့ လာခဲ့ကြသည်မဟုတ်လော? အဘယ်ကြောင့် ရုတ်တရတ်ဆိုသလို ဤသို့ဖြစ်သွားရသနည်း...

“အားကျောင်း...”

“စိတ်မရှိပါနဲ့ အားကျောင်းဆိုတာ ကျွန်တော်ခေါ်တဲ့နာမည်ပါ”

လီရှောက်ယွင် ပက်ခနဲပြန်ပြောလိုက်သည်။

တစ်ဖက်လူသည် ခေတ္တမျှကြောင်အသွားပြီး စကားလမ်းကြောင်းလွှဲကာ ဆက်ပြောလိုက်၏။

“အာ...ယွင်ကျောင်း? အန်တီ့သမီးကို ကြည့်ပေးလို့ရလား? သူ့ကျန်းမာရေးအခြေအနေက ဘယ်လိုလဲ? သူလည်း စားချင်သောက်ချင်စိတ် သိပ်မရှိဘူး။ အာ ဟုတ်သားပဲ သူ့ဗိုက်က တစ်ချက်တစ်ချက်အောင့်တတ်တယ်...”

ကျင်းယွင်ကျောင်းသည် အတန်းဖော်မိန်းကလေးကို ကြည့်လိုက်သည်။ သူမသည် ထိုမိန်းကလေးအား သေချာပေါက်သိနေပေသည်။

“ကျွန်မသူ့ကိုသိတယ်၊ သူဗိုက်အောင့်တာက အစာစားရင် အရမ်းမြန်မြန်စားလို့ဖြစ်မယ်။ အစာကို သေသေချာချာမဝါးရင် အစာခြေစနစ်ကို ထိခိုက်နိုင်တာမို့ ဗိုက်အောင့်ဗိုက်နာဖြစ်ဖို့လွယ်တယ်”

“ဟုတ်လား...”

ထိုအန်တီသည် သက်ပြင်းချကာ သူမ၏သမီးကို မျက်စောင်းထိုးလိုက်သည်။

“ဒီကလေးတော့ ဘာလို့အဲ့လောက် အသည်းအသန်စားတာလဲ? အခုချိန်ကစပြီး မုန့်စျေးတန်းမှာ မစားနဲ့တော့ အိမ်ပြန်ရအောင် အမေဟင်းချက်ကျွေးမယ်...”

ထိုကောင်မလေးသည် ကျင်းယွင်ကျောင်းအား လျှာထုတ်ပြကာ ပြုံးလိုက်သည်။ စက္ကန့်ပိုင်းအတွင်းတွင် သူမသည် ဆွဲခေါ်ခံလိုက်ရလေသည်။

သို့ရာတွင် ကျောင်းသားတစ်ဦးထွက်သွားသောအခါ အခြားကျောင်းသားမိဘများသည်လည်း သူမကိုဝန်းရံလာတော့၏။ အချို့လူများသည် ယခုအချိန်ထိ ကျင်းယွင်ကျောင်းကို မယုံကြည်သေးဘဲရှိသောကြောင့် သူမအား တမင်စမ်းသပ်ကြလေ၏။ ထိုအခါ ကျင်းယွင်ကျောင်းသည် သံသယဝင်စရာတစ်စက်မျှမရှိသည်ကို သိလိုက်ရသဖြင့် သူမအား ပြောဆိုဆက်ဆံပုံသည် ပို၍ကောင်းသထက် ကောင်းလာကြလေသည်။

“ဆရာလီ၊ ခင်ဗျားတကယ်ကံကောင်းတာပဲ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျင်းယွင်ကျောင်းက အရည်အချင်းတော်တော်ရှိနေပြီ...”

လူများသည် ကျင်းယွင်ကျောင်းအရှေ့တွင် ဆက်တိုက်သွားလာနေသောကြောင့် ဤစကားအား ရုတ်တရတ်ထပြောလိုက်သူမှာ မည်သူမှန်း မသိလိုက်ရချေ။ သို့သော် ဤစကားကိုကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းနံဘေးတွင်ရှိသော ရှောင်ဟိုင်ချင်းနှင့် အခြားသူငယ်ချင်းများသည် မနေနိုင်မထိုင်နိုင် ထရယ်မိပေတော့သည်။

Space and Rebirth 642

သူတို့မှတ်မိသည်မှာမှန်လျှင် လီရှောက်ယွင်မှ တံခါးဝထဲသို့ ပထမဆုံး ဝင်လာခဲ့သည့်အချိန်တွင် ကျင်းယွင်ကျောင်းတွင် ဤကဲ့သို့ရုပ်ရည်ချောမောသောအစ်ကိုရှိသဖြင့် သူမကို အားကျသောသူများရှိခဲ့၏။ မျက်စိတစ်မှိတ်အတွင်းတွင် အခြေအနေသည် ပြောင်းလဲသွားပြီး လီရှောက်ယွင်အား အားကျရလိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း!

“ယွင်ကျောင်း၊ ငါနင့်ကိုတကယ်လေးစားတယ်။ ငါတို့နှစ်ယောက်လုံး ဆေးပညာအတူတူသင်ထားတာတောင် ငါဘာလို့အဲ့လောက်တောင်တုံးတာလဲ?”

ကန်ကျင်းချန်သည် သူမအပေါ် ယုံကြည်ချက် လုံးလုံးခိုင်မြဲသွားသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ငါနင့်ကိုနှစ်သိမ့်တဲ့အနေနဲ့ ချီးကျူးပေးတာကို လိုချင်တာလား? ငါကအဲ့လိုလူစားမျိုးမဟုတ်ဘူးဆိုတာ နင်လည်းသိတာပဲ”

ကျင်းယွင်ကျောင်း သူ့အားကြည့်ကာ ပြောလိုက်၏။ ကန်ကျင်းချန်၏ နှုတ်ခမ်းစွန်းများ တွန့်သွားသည်။

စူးချူနှင့် ကန်ကျင်းချန်တို့၏မိဘများသည် ကျင်းယွင်ကျောင်းအား မချီးကျူးဘဲ မနေနိုင်တော့ချေ။ သူတို့သည်လည်း ဆေးပညာအကြောင်း နားလည်သည်ဆိုသော်လည်း ယခုအချိန်ထိ ဤမျှလောက်ထဲထဲဝင်ဝင် မ‌တွေ့ရဖူးပေ။

ကျန်းရုံမျက်နှာအသွင်အပြင်မှာ လုံးဝပြောင်းလဲသွားပြီဖြစ်ပြီး သူမမျက်လုံးထဲမှ ထိတ်လန့်အံ့အားသင့်မှုများကို အတိုင်းသားမြင်နေရသည်။

ကျင်းယွင်ကျောင်းသည် ယခင်က သူမ၏သားကို ကယ်တင်ခဲ့ဖူးသော်လည်း ထိုစဥ်က ကျင်းယွင်ကျောင်းသည် ရှေးဦးသူနာပြုနည်းနှင့်ပတ်သတ်၍ အခြေခံဗဟုသုတရှိသောကြောင့်သာ လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထင်ခဲ့မိသည်။ ကျင်းယွင်ကျောင်း၏တုံ့ပြန်မှုမှာ မြန်ဆန်၍ သူမသတ္တိသည် ရဲတင်းလှသည်ဟု ကျန်းရုံမြင်မိသော်လည်း ကျင်းယွင်ကျောင်းတွင် သူမသားအား ကယ်တင်နိုင်မည့်စွမ်းရည် အမှန်တကယ်ရှိလှသည်မဟုတ်ဟုသာ သူမထင်ခဲ့ပေသည်။

ထို့အပြင် အစောပိုင်းက ကျင်းယွင်ကျောင်းမှ ထိုရောဂါများနှင့်ပတ်သတ်၍ ပြောသွားပုံမှာ အလွန်ပင်စိတ်အာရုံကိုဖမ်းစားနိုင်ပေသည်။ လူများအား အလိုလိုနားထောင်လာစေသည့် အစွမ်းရှိသည်။ သာမန်လူများအနေဖြင့် အချို့အရာများကို နားမလည်နိုင်ကြသော်လည်း မဖော်ပြတတ်စွာပင် သူမပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု မြင်မိကြသည်။ ထိုအာဘော်မှာ အလွန်ပင်လွှမ်းမိုးနိုင်စွမ်းရှိသဖြင့် လူများစွာ၏စိတ်ကို အချိန်တိုအတွင်းမှာပင် ပြောင်းလဲနိုင်ခဲ့လေသည်။

ထို့ကြောင့်လည်း ရှောင်ဟိုင်ချင်းသည် ထိုမျှလောက် ပြောင်းလဲသွားခြင်းဖြစ်မည်။ သူမအား လွှမ်းမိုးနိုင်သူတစ်ဦးက သူမဘေးတွင်ရှိနေသည်မဟုတ်လော!

ဤရက်ပိုင်းတွင် ကျန်းရုံသည် မကြာခဏဆိုသလို အိပ်မက်မက်နေခဲ့သည်။ သူမအိပ်မက်များတွင် ရှောင်ဟိုင်ချင်းသည် သူမအား လုံးဝရန်မထောင်ရဲဘဲ သူမလက်ခုပ်ထဲမှရေဖြစ်နေခဲ့၏။ သို့ရာတွင် သူမနိုးလာသောအခါ အရာအားလုံးသည် သဲထဲရေသွန်ဖြစ်နေခဲ့လေသည်။

ဤတစ်လောအတွင်း သူမခံစားခဲ့ရသောဒုက္ခများကို စဥ်းစားကြည့်လိုက်သောအခါ ကျန်းရုံ၏မျက်နှာသည် သွေးဆုပ်သွားပြီး နေရခက်သလိုခံစားလိုက်ရ၏။ ရှောင်ဟိုင်ချင်းသည် ထိုအရာကိုမြင်လိုက်ရသဖြင့် နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။

“အန်တီကျန်းကြည့်ရတာ နေလို့သိပ်မကောင်းတဲ့ပုံပဲ ဒီလိုဆိုမှတော့ ယွင်ကျောင်းကိုတစ်ချက်ကြည့်ခိုင်းပါလား”

ထိုသို့ပြောပြီးနောက် ရှောင်ဟိုင်ချင်းသည် သူမ၏ခါးကိုဖက်ပြီး ကျင်းယွင်ကျောင်းရှေ့မှောက်ရှိ စားပွဲပေါ်သို့ တွန်းလှဲချလိုက်သည်။ ကျန်းရုံသည် အလွန်နာကျင်သွားရသော်လည်း တတ်နိုင်သမျှကြိုးစား၍ အောင့်အည်းသည်းခံလိုက်သည်။ သူမခါးပေါ်တွင် အနီရောင်လက်ငါးချောင်းအရာပေါ်နေသဖြင့် အလွန်ထိတ်လန့်ဖွယ်မြင်ကွင်းဖြစ်နေ၏။

ကျင်းယွင်ကျောင်းသည် ငြင်းဆိုခြင်းမရှိဘဲ သူမလက်အားမြှောက်ကာ သွေးခုန်နှုန်းကိုစမ်းရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမသည် ကျန်းရုံ၏လက်ကောက်ဝတ်ကို စမ်းလိုက်ချိန်တွင် မျက်လုံးထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ပြေးသွား၏။ သူမသည် ကျန်းရုံကို ဝေ့ကြည့်ကာ ရှောင်ဟိုင်ချင်းနားထဲသို့ တီးတိုးပြောလိုက်သည်။

“ကျန်းရုံက ကိုယ်ဝန်ရှိနေပြီ”

ရှောင်ဟိုင်ချင်း မျက်ခုံးများကိုပင့်လိုက်၏။

(ကိုယ်ဝန်ရှိနေပြီ?)

“ဘယ်လောက်ကြာပြီလဲ?”

‌ရှောင်ဟိုင်ချင်းမေးလိုက်သည်။

“တစ်လလောက်ရှိပြီ ကလေးရဲ့သွေးခုန်နှုန်းက အရမ်းတိုးတယ်”

ကျင်းယွင်ကျောင်းပြန်ဖြေလိုက်၏။

ရှောင်ဟိုင်ချင်းသည် ခေတ္တမျှကြောင်အသွားသော်လည်း ခဏအကြာတွင် ပြုံးလိုက်သည်။ တစ်လနီးပါးရှိသည်ဆိုလျှင် မည်သူ၏ကလေးမှန်း ပြောရခက်ပေမည်။

သူမသည် ဂျိမ်းစ်နှင့်အတူအိပ်သောအချိန်ဝန်းကျင်လောက်တွင် ကိုယ်ဝန်ရခဲ့သည်။ ထိုသို့ဆိုလျှင် တခြားသူတစ်ယောက်၏ကလေးကို လွယ်ထားရခြင်းဖြစ်နိုင်ပေ၏။ ရှောင်ဟိုင်ချင်းသည် ခေါင်းကိုလှည့်ပြီး ကျန်းရုံကို အပြုံးတစ်ခုဖြင့်ကြည့်လိုက်သောအခါ ကျန်းရုံသည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားလေသည်။

“ဟိုင်ချင်း၊ ဘာဖြစ်လို့လဲ....”

ကျန်းရုံကြည့်ရသည်မှာ ကြောက်ရွံ့တုန်လှုပ်နေသော ဇနီးသည်ပေါက်စလေးတစ်ဦးနှင့် တူလှ၏။

“ဘာမှမဟုတ်ပါဘူး၊ အန်တီကျန်းခန္ဓာကိုယ်က အရမ်းကျန်းမာနေလို့ အံ့သြသွားရုံပါ”

ရှောင်ဟိုင်ချင်းသည် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ဤကလေးသည် သူမဖခင်၏ကလေးဖြစ်နိုင်သလို ဂျိမ်းစ်၏ကလေးလည်းဖြစ်နိုင်၏။ သို့ရာတွင် သူမဖခင်သာ ဤကိစ္စကိုသိသွားလျှင် ကျန်းရုံအား သေချာပေါက်ကလေးဖျက်ချခိုင်းပေမည်။

သို့သော် ဤကလေးအား မွေးသင့်မမွေးသင့်ကို ရှောင်ဟိုင်ချင်း သေချာစဥ်းစားရဦးမည်။ သူမတွင် မောင်လေးတစ်ဦးရှိနေပြီဖြစ်၍ နောက်တစ်ယောက်ရှိလာ၍လည်း ဘာမှမထူးပါချေ။ သို့ရာတွင် သူမ၏မောင်လေးအရင်း သို့မဟုတ် ညီမလေးအရင်းမဟုတ်ပါက ကျန်းရုံဘဝသည် ဤထက်ပိုဆိုးရုံသာရှိမည်။ စိတ်မကောင်းစွာဖြင့် သူမ၏စိတ်ပျက်ဖွယ်ကောင်းသော ထိုနေ့ရက်များကို ရှောင်ဟိုင်ချင်းသည် အမြန်ကြည့်ချင်နေပြီဖြစ်၏။

“ယွင်ကျောင်း၊ ငါ့ကိုခဏနေကျရင် ကိုယ်ဝန်အားဆေးတွေ ပေးလို့ရမလား?”

ရှောင်ဟိုင်ချင်းသည် အပြုံးပန်းဆင်ကာ ပြောလိုက်သည်။ ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်၏။ ထို့နောက် ရှောင်ဟိုင်ချင်းသည် ကျန်းရုံဘက်လှည့်ကာ ပြောလိုက်ပြန်သည်။

“အန်တီကျန်း၊ ဒီနေ့ကစပြီး အန်တီက နင်းမြို့တော်ကို ပြန်သွားစရာမလိုတော့ဘူးလို့ သမီးအဖေ့ကိုပြောပေးမယ်၊ သမီးကအခု အထက်တန်းကျောင်းတတိယနှစ်ရောက်နေပြီဆိုတော့ သမီးကို စောင့်‌ရှောက်ပေးဖို့ လူတစ်ယောက်လိုတယ်လေ ဘယ်လိုသဘောရလဲ?”

Space and Rebirth 643

ရှောင်ဟိုင်ချင်း၏စကားကို ကြားလိုက်ရသောအခါ ကျန်းရုံ၏မျက်နှာတောင့်တင်းသွားသော်လည်း သူမသည် ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်၏။

“အင်း အင်း...”

သူမသာ နင်းမြို့တော်သို့မပြန်ရဘူးဆိုလျှင် ရှောင်တောင်အန်းသည် ထိုအချိန်အတွင်း သူမကို မထိပါးဘဲနေမည်ဟူသည့် အဓိပ္ပာယ်ပင်မဟုတ်လော!

သူမသည် နင်းမြို့တော်ထဲတွင်ရှိစဥ်က သူမမိဘအိမ်သို့ ပြန်ချင်သော်လည်း သူမပြန်သွားတိုင်းတွင် ရှောင်တောက်အန်းသည် သူမအား ချက်ချင်းဆိုသလို ပြန်ခေါ်လေ့ရှိသည်။ သူမမိဘများသည်လည်း သူမကို ကြာကြာမခေါ်ထားနိုင်ကြပေ။ သူမ၏ယောက်ျားမှ ပြန်ခေါ်သွားသည်နှင့် အိမ်ရောက်လျှင် သင်ခန်းစာပေးခံရစမြဲဖြစ်၏။ ယခု ရှောင်ဟိုင်ချင်း၏ပုံစံသည် ထူးဆန်းနေသော်လည်း အနည်းဆုံးအနေဖြင့် ရှောင်ဟိုင်ချင်းသည် သူမအား ထိပါးမည်မဟုတ်ပေ။

ကျန်းရုံသည် အံ့အားလည်းသင့်ကာ ပျော်လည်းပျော်သွား၏။ ရှောင်ဟိုင်ချင်းမှာမူ ကျန်းရုံ၏မျက်နှာကိုကြည့်ပြီး သူမမျက်လုံးထဲတွင် ရွံရှာမုန်းတီးစွာဖြင့် ပြုံးယောင်သန်းသွားလေသည်။

ဤအချိန်တွင် အတန်းထဲရှိအခြေအနေမှာလည်း တဖြည်းဖြည်းဖြင့် ပို၍ဖော်ရွေရင်းနှီးလာပြီဖြစ်သည်။ ဆရာချီသည် အတန်း၏စာမေးပွဲရလဒ်နှင့် အခြေအနေကို မိဘများအား ရှင်းပြဆွေးနွေးပြီး ဆရာ-မိဘတွေ့ဆုံပွဲသည် ချောချောမွေ့မွေ့ဖြင့် ဖြတ်သန်းနိုင်ခဲ့လေ၏။

ကျင်းယွင်ကျောင်းအပေါ်ထားရှိသော အတန်းထဲရှိကျောင်းသားများမှအမြင်သည်လည်း ပိုကောင်းသထက်ကောင်းလာခဲ့သည်။ အထူးသဖြင့် မူလအစက ဖိအားများအောက်တွင် ဒုက္ခခံနေရသောကျောင်းသားများဖြစ်၏။ သူတို့မိဘများသည် အနည်းနှင့်အများဆိုသလို ပြောင်းလဲကုန်ပြီဖြစ်၍ သူတို့သည်လည်း အနည်းငယ်စိတ်လျှော့နိုင်ကြပေပြီ။ ထို့ကြောင့် သူတို့၏ရင်ထဲတွင် ကျင်းယွင်ကျောင်းအပေါ် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်မှာ မဆန်းပါပေ။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် အစမှအဆုံးထိ ပြုမူပြောဆိုပုံ မပြောင်းလဲချေ။ သူမသည် မာန်မာနထောင်လွှားခြင်းလည်းမရှိသလို မဆင်မခြင်လုပ်ခြင်းလည်း မရှိခဲ့သောကြောင့် လူများစွာသည် သူမကိုအထင်ကြီးသွားကြလေ၏။

မိဘ-ဆရာတွေ့ဆုံပွဲ ပြီးဆုံးသွားသည်နှင့် ကျင်းယွင်ကျောင်းသည် တစ်ခေတ်တစ်ခါက တုနှိုင်းမမှီလောက်အောင် ကြီးကျယ်ခမ်းနားမှုအပေါင်းနှင့် ပြည့်ခဲ့သော မစ္စဟယ့်၏ မိဘများနှင့် အစ်ကိုများကို ဆက်သွယ်လိုက်တော့သည်။

လပိုင်းခန့်ကြာသော်.....

နင်းမြို့တော်ရှိ သာမန်ခြံဝင်းတစ်ခုထဲတွင် ဟန်ချင်းသည် အိပ်ရာပေါ်တွင် လှဲနေလေ၏။ သူမသည် ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်စေရန် သူမ၏ကိုယ်ပိုင်ပိုက်ဆံအမြောက်အများကို သုံးပြီး အကိုက်အခဲပျောက်ဆေးများကို ဝယ်ယူသုံးစွဲထားပေသည်။ သို့ရာတွင် တစ်စုံတစ်ယောက်မှ တံခါးကိုကန်ဖွင့်လိုက်ပြီး အခြားအမျိုးသမီးတစ်ဦးမှ ဟန်ချင်းကို အိပ်ရာပေါ်မှ တန်းဆွဲချလိုက်လေ၏။

“ယောက်မ လွှတ်ပေးပါ! ညက ညီမကောင်းကောင်းမအိပ်လိုက်ရလို့ အခုနားချင်လို့ပါ အစ်မရယ်!”

ဟန်ချင်းသည် ချက်ချင်းပင် သူမလက်ထဲမှ ရုန်းထွက်နိုင်ရန် ကြိုးစားလိုက်၏။

ဟန်မိသားစု၏ ချွေးမသည် သူမ၏ယောက်မအား ရွံရှာစက်ဆုပ်ဟန်အပြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

“နင်ကနားချင်တယ်? နင်ဒီအိမ်ကို ပြောင်းလာတာ ဒီလောက်ကြာနေတာတောင် ဘာအလုပ်မှမလုပ်ရသေးဘူး! သူဌေးမိသားစုရဲ့ ကတော်အနေနဲ့ နေလာတာ ကြာတဲ့လူမို့လို့သာ ငါတို့က ဘာမှမပြောတာ။ နင့်ကိုအပြင်အလုပ်ထွက်လုပ်ခိုင်းတာလည်း မဟုတ်ဘူး အနည်းဆုံးတော့ အိမ်အလုပ်တော့ လုပ်ရမှာပေါ့။ အခုကျ နင်ကနေ့တိုင်းလက်ဖြန့်ပြီးပဲ တောင်းစားတတ်တယ် နင့်အစ်ကိုနဲ့ငါက နင့်ရဲ့ အိမ်တော်ထိန်းတွေ၊ အစေခံတွေများ ထင်နေလား?”

ဟန်ချင်းမှာ ဟယ့်မိသားစုဝင်တစ်ဦးဖြစ်ခဲ့သည့်အတွက် ဟယ့်ကျိလီသည် သူမနှင့် သံယောဇဥ်လုံးဝဖြတ်တောက်လောက်သည်အထိ နှလုံးသားမဲ့လောက်မည်မဟုတ်ဟု သူတို့ထင်ခဲ့ကြသည်။ ဟန်ချင်းတို့နှစ်ဦးသည် ပြန်လည်ပေါင်းသင်း၍မဖြစ်နိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် သူမအား မယားစရိတ်ပေးသင့်သည်မဟုတ်လော။ သို့ရာတွင် သူတို့မထင်မှတ်ထားသည်မှာ လက်တွေ့သည် သူတို့စိတ်ကူးထားပုံနှင့် များစွာကွာဟနေခြင်းဖြစ်ပေသည်!

သူတို့တွင် ငွေမရှိတော့ရုံမက နှစ်ပေါင်းများစွာတစ်လျှောက် သူတို့ကြိုးစားရယူခဲ့သော ပိုင်ဆိုင်မှုအားလုံးကိုပင် ဟယ့်ကျိလီတို့ ပြန်ယူသွားခဲ့ကြလေသည်!

သူမ၏ယောက်ျားသည် ယခင်က ဟယ့်မိသားစု၏ကုမ္ပဏီတွင် ဝန်ထမ်းဖြစ်ခဲ့သော်လည်း ယခုမူ သူသည်လည်း အလုပ်ထုတ်ခံရပေပြီ။ တစ်မိသားစုလုံး အလုပ်မရှိတော့သဖြင့် မိမိတို့စုဆောင်းထားသောငွေများကိုသာ မှီခိုရတော့သည်။ ထိုတင်မက ယနေ့ ဟယ့်ကျားစစ်ကိုပါ သူတို့အိမ်သို့ ပို့လိုက်ကြသေး၏။ မိသားစုထဲတွင် ဆန်ကုန်မြေလေးနောက်တစ်ဦး ရောက်လာချေပြီ!

ဟန်ချင်းသည် သူမ၏ယောက်မဖြစ်သူမှ အလွန်ယဥ်ကျေးမှုမရှိစွာ ပြောနေသည်ကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ဒေါသထွက်သွား၏။

“ဒီနှစ်တွေတစ်လျှောက် ကျွန်မက အစ်မတို့ကို အများကြီးကူညီခဲ့တာပါ အခုကျွန်မအဆင်မပြေတော့ ကျွန်မကိုပြန်စောင့်ရှောက်ပေးသင့်တယ်မဟုတ်ဘူးလား? ဘာလုပ်ပိုင်ခွင့်ရှိလို့ အော်ကြီးဟစ်ကျယ်နဲ့ဆူပူဆဲဆိုနေရတာလဲ?!”

ဟန်ချင်းသည် သူတို့လင်မယားနေထိုင်ခဲ့သည့်အိမ်အတွက် သူမယောက်ျားကို ဝယ်ခိုင်းခဲ့ပြီး သူမအစ်ကိုအတွက် ကားဝယ်ပေးရန်လည်း သူမပိုက်ဆံကို သုံးခဲ့ဖူး၏။ ထို့အပြင် အခြားစရိတ်စကများလည်းရှိသေးသည်။

“အဲဒါအရင်တုန်းကကိစ္စတွေလေ! ပြီးတော့ နင်ပေးခဲ့တဲ့ပစ္စည်းတွေကလည်း အခုရှိတော့တာမဟုတ်ဘူး!”

ဟန်မိသားစု၏ချွေးမသည်လည်း တစ်ပြားမှ မလျှော့ပေ။

ယခင်က ဟန်မိသားစုသည် ဟန်ချင်းထံမှ အကျိုးအမြတ်များစွာ ရရှိခဲ့၏။ သူတို့သည် လူကုံထံမိသားစုလို မနေထိုင်ခဲ့ရသော်လည်း အခြေခံလူတန်းစားများထက် သာလွန်ခဲ့ပေသေးသည်။ သူတို့၏နေ့ရက်များသည် အလွန်သက်တောင့်သက်သာရှိခဲ့ပြီး နှစ်ပေါင်းများစွာကြာပြီးနောက် မိမိတို့ရှိနေသောရာထူးတွင်လည်း နေသားကျနေပြီဖြစ်သည်။ ထို့ကြောင့် တစ်နေ့တွင် သူတို့သည် ရွှေဘုံစံဖျားမှ ငရဲတွင်းသို့ ပြုတ်ကျသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဟန်မိသားစု၏ ချွေးမသည် သူမ၏ယောက်မဖြစ်သူနှင့် ဆက်လက်၍ အဓိပ္ပာယ်မရှိသောစကားများကို မပြောချင်တော့ချေ။ သူမသည် ဟန်မိသားစုအိမ်သို့သွားတိုင်း ဟန်ချင်းမှ သူမအား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်တတ်သည်ကို သူမမှတ်မိသွား၏။ သူမသည် အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုကာ ဟန်ချင်းအား အပြင်သို့ အတင်းဆွဲခေါ်ထုတ်သွားတော့သည်။

Space and Rebirth 644

ဟန်ချင်းသည် ဟယ့်မိသားစုထဲသို့ အိမ်ထောင်ပြု၍ဝင်ခဲ့သည်မှာ နှစ်နှစ်ဆယ်နီးပါးရှိပြီဖြစ်သည်။ ထိုမျှလောက် အချိန်ကြာမြင့်စွာ သူဌေးကတော်တစ်ဦးဖြစ်ပြီးနောက် သူမ၏အင်အားသည် သာမန်လူများ၏အင်အားနှင့် မယှဥ်နိုင်တော့ချေ။ သူမသည် လွန်စွာနုနယ်နေသဖြင့် သူမယောက်မဖြစ်သူ၏ အင်အားနှင့် မယှဥ်နိုင်တော့ပေ။

“အဲဒီမိန်းကလေးကျင်းဆိုတာကို နင်ရန်သွားစလိုက်တာလား? ဟန်ချင်း၊ သူငါ့ကိုပြောခိုင်းတာ ဒါက ကံ ကံရဲ့အကျိုးပဲတဲ့ ကောင်းကောင်းပျော်နေလိုက်တဲ့! နင်ကဒီလိုမျိုးပေါ်ကြော့နေနေရင် နင့်အစ်ကိုကဒီတစ်သက်မှာ အလုပ်ရတော့မှာမဟုတ်ဘူး နင်တစ်ယောက်ယောက်ကို အပြစ်တင်ချင်တင် ငါ့ကိုတော့ အပြစ်တင်လို့မရဘူး!”

သူမယောက်မဖြစ်သူမှ ထိုစကားပြောပြီးသည်နှင့် ဟန်ချင်းစိတ်ထဲတွင် ကျင်းယွင်ကျောင်း၏မျက်နှာပေါ်လာသည်။ သူမသည် ထိုမျက်နှာအား တစ်ခေါက်သာတွေ့ဖူးသော်လည်း ထိုတစ်ခေါက်အပြီးတွင် သူမတစ်ကိုယ်လုံးသည် ဒုက္ခဝေဒနာများစွာကို စတင်ခံစားခဲ့ရလေသည်။

ထိုမတိုင်မီက သူမသည် ထိုကဲ့သို့မိန်းကလေးအား သေသေချာချာထောင်ချောက်ဆင်ဖမ်းနိုင်ရန် ရိုးရိုးရှင်းရှင်းစီစဥ်ရုံသာလိုသည်ဟု ထင်ထားခဲ့သည်။ ထို့ကြောင့် ထိုအချိန်က သူမသမီးဖြစ်သူ ဒေါသဖြေနိုင်ရန် သူမသည် ကျင်းယွင်ကျောင်း၏အခြေအနေအား စုံစမ်းခဲ့ပြီး စုံတွဲတစ်တွဲအား လင်မယားအနေဖြင့်ရှိရန် လာဘ်ထိုးခဲ့သည်။

ထိုဟန်ဆောင်မိဘနှစ်ပါးသည် သူမအား ကောင်းကောင်းစောင့်ရှောက်ပေးနေသရွေ့ ကျင်းယွင်ကျောင်းမည်မျှပင် အရည်အချင်းရှိစေကာမူ သူမသည် ပြသာနာရှာနိုင်တော့မည်မဟုတ်ဟု ဟန်ချင်းထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူမမထင်မှတ်ထားသည်မှာ ထိုကျင်းယွင်ကျောင်းသည် သူမ၏ဟန်ဆောင်မိဘနှစ်ပါးစလုံးကို ထောင်ထဲသို့ သူမကိုယ်တိုင်ပို့လိုက်ပေသည်။ ပို့ရုံတင်မက သူမသည် ကလဲ့စားချေရန်ပါ လာခဲ့သေး၏!

ထိုအရိုင်းအစိုင်းကောင်မလေးကြောင့် သူမအစ်ကိုနှင့် ယောက်မသည် သူမအား ဤကဲ့သို့ဆက်ဆံနေခြင်းဖြစ်သည်!

သူမဒေါသမာန်ဖြင့်ရှိနေဆဲတွင် သူမ၏အကိုက်အခဲပျောက်ဆေးများသည် အာနိသင်မရှိကြောင်းကို ခံစားမိလိုက်၏။ သူမတစ်ကိုယ်လုံးသည် စက္ကန့်မခြား အပ်နှင့်ထိုးဆွခံနေရသကဲ့သို့ ခံစားနေရသည်။

ဤအချိန်တွင် ဟယ့်ကျားစစ်သည် ဆေးရုံကဆင်းလာပြီဖြစ်သည်။ ဟယ့်ကျားစစ်သည် သူမရှေ့မှောက်ရှိ သာမန်လူတန်းစားနေထိုင်သောခြံဝင်းကို ကြည့်ပြီး အငိုမတိတ်နိုင်တော့ချေ။

သူမဖခင်သည် သူမအားလုံးလုံးစွန့်ပစ်လိုက်ပြီဟူသော အချက်အား မယုံကြည်နိုင်ခဲ့သဖြင့် သူမသည် ဆေးရုံတွင် နောက်တစ်လခန့် ပိုနေခဲ့၏။ သို့ရာတွင် သူမသည် VIP လူနာဆောင်မှ ကန်ထုတ်ခံရပြီးချိန်မှစ၍ သူမဖခင်အား အမှန်တကယ်ပင် မမြင်ရတော့ချေ။

သူမဆေးရုံဆင်းနိုင်လာသည့်အချိန်တွင် ဟယ့်မိသားစုအိမ်သို့ ခိုးကြောင်ခိုးဝှက်ဖြင့် ပြန်ခဲ့၏။ သို့သော် ထိုအချိန်တွင် သူမဖခင်သည် နောက်မိန်းမယူလိုက်ပြီဖြစ်ကြောင်းကို သိလိုက်ရပေသည်။ ယခင်က သူမအမုန်းဆုံး တရားမဝင်သားမှာ ယခုမူ ဟယ့်မိသားစု၏သခင်လေးဖြစ်နေချေပြီ။

ထိုသားအမိနှစ်ယောက်သည် သူမအား အရှက်ခွဲခဲ့၏။ သူမဖခင်သည်လည်း သေချာပေါက် အိမ်တွင်ရှိနေလျက်နှင့် သူမနှင့်တွေ့ရန် ငြင်းဆိုခဲ့ပြီး နောက်ဆုံးတွင် လုံခြုံရေးခေါ်ကာ သူမအား ကန်ထုတ်ခဲ့သည်။

ဟယ့်ကျားစစ်သည် မယုံနိုင်သောစိတ်ဖြင့် ခြံဝင်းထဲသို့ဝင်လိုက်သည်။ ဝင်းထဲတွင် သူမမိခင်သည် ဆံပင်များဖရိုဖရဲဖြစ်နေပြီး နံဘေးတွင်လည်း သူမအဒေါ်မှာ ကြမ်းကြုတ်သောမျက်နှာထားဖြင့် ရှိနေ၏။

ထိုနေရာသို့သွားပြီး ရန်ဖြစ်ရန် သူမလုပ်ဆဲမှာပင် သူမအဒေါ်သည် လှမ်းလျှောက်လာပြီး သူမဆံပင်ကိုဆွဲကာ ခေါ်သွားတော့သည်။

“နင်တို့နှစ်ယောက်က ထမင်းမချက်တတ်တာသိတယ် ဒါပေမယ့် အိမ်အလုပ်တော့ လုပ်နိုင်ရမှာပေါ့ ဟုတ်တယ်မလား? မီးဖိုချောင်ထဲက မီးဖိုနဲ့ ခြံတစ်ခြံလုံးကို သန့်ရှင်းရေးလုပ်စမ်း ဖုန်တစ်စက်မှမရှိစေနဲ့နော် မဟုတ်ရင် နင်တို့အတွက် ညစာမရှိဘူး!”

ဟယ့်ကျားစစ်သည် သူမရှေ့မှောက်ရှိအမျိုးသမီးကို မမှတ်မိသကဲ့သို့ မျက်လုံးများပြူးဆန်သွားသည်။

ဤသည်မှာ သူမ၏အဒေါ်ဟုတ်သေးရဲ့လော။ သူမအားတွေ့တိုင်း ကပ်ဖားရပ်ဖားဖြင့် သူမဆီမှ ရသမျှအကုန်လိုချင်ခဲ့သော အဒေါ်ဟုတ်သေးပေလော?

“အမေ....ဘာတွေဖြစ်နေတာလဲ? အဖေက ဘာလို့သမီးတို့ကို ဒီလိုတွေလုပ်နေတာလဲ? ပြန်သွားပြီး သူ့ကိုရှာကြည့်ရအောင်နော်? သမီးဒီလိုစုတ်ပြတ်သတ်နေတဲ့နေရာမှာ မနေချင်ဘူး!”

သူမအဒေါ်ထွက်သွားသည်နှင့် ဟယ့်ကျားစစ်ငိုတော့သည်။

ဟန်ချင်းခန္ဓာကိုယ်သည် နာကျင်မှုဖြင့် တုန်ယင်နေပြီး သူမမျက်နှာသည်လည်း မျက်ရည်များဖြင့် ပြည့်နေသည်။

“နင့်အဖေက...ငါတို့လူသတ်လိုက်တယ်ဆိုတာ သိသွားတယ်...”

သူမထိုသို့ပြောပြီးသည်နှင့် ဟယ့်ကျားစစ်သည် ရေခဲတွင်းထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

“အမေပဲပြောတော့ ဘာမှမဖြစ်ဘူးဆို? အဖေဘယ်တော့မှ သိမှာမဟုတ်ဘူးလို့ အမေပဲပြောခဲ့တာမဟုတ်ဘူးလား?!”

ဟယ့်ကျားစစ် အော်ဟစ်ကြိမ်းမောင်းတော့သည်။

ဟန်ချင်းသည် ပို၍ပင် မည်သို့လုပ်ရမည် မည်သို့ကိုင်ရမည်မသိဖြစ်သွား၏။ ဟယ့်မိသားစုမရှိလျှင် သူမတွင်လည်း ငွေမရှိတော့ချေ။ သူမ၏ကိုယ်ပိုင်စုငွေများသည်လည်း မကြာခင်ကုန်ဆုံးသွားတော့မည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် အကိုက်အခဲပျောက်ဆေးများလည်း ဝယ်နိုင်တော့မည်မဟုတ်ရာ။

“စစ်စစ်၊ အမေ့ကိုခေါ်ပြီး ကျင်းယွင်ကျောင်းဆီမှာ သွားတောင်းပန်ရအောင် အမေတကယ်မခံနိုင်တော့ဘူး အရမ်းနာတာပဲ...”

ဟန်ချင်း ထငိုတော့၏။

ကျင်းယွင်ကျောင်းအကြောင်းပြောလိုက်သောအခါ ဟယ့်ကျားစစ်၏မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များသန်းသွား၏။ သူမစိတ်ထဲတွင် ကျင်းယွင်ကျောင်းဘေးမှလူက သူမအား သေနတ်ဖြင့်ပစ်လိုက်သည့်မြင်ကွင်းကို ပြန်မြင်ယောင်သွားကာ ခေါင်းအား အသေအလဲခါယမ်းလိုက်တော့သည်။

All Chapters