← Chapters

အခန်း (၆၄၅-၆၄၈)

Vol. 33 Ch. 645-648

အခန်း (၆၄၅-၆၄၈)

Vol. 33 Ch. 645-648

Space and Rebirth 645

ကျင်းယွင်ကျောင်းအတွက် ထိုသားအမိနှစ်ယောက်သည် သာမန်လူများနှင့်ပင်ယှဥ်၍မရသော ကပ်ပါးကောင်များဖြစ်နေလေပြီ။

သူမသည်သာ ဟန်ချင်းနှင့် ဟယ့်ကျားစစ်တို့၏ထောင်ချောက်ထဲ ကျရောက်သွားခဲ့ပါက သူမ၏လက်ရှိဘဝသည် ဟန်ချင်း၏ဘဝနှင့် ထူးမခြားနားဖြစ်နေပေလိမ့်မည်။ သူမသည် မိမိ၏မိသားစုဝင်များမှ မိမိအား ပြန်နှိပ်စက်သောဒဏ်ကို အဘယ်သို့ဥပေက္ခာပြုနိုင်မည်နည်း?

ယခု ဟန်ချင်းနှင့် ဟယ့်ကျားစစ်တို့နှစ်ဦးလုံး အဆင်မပြေတော့ကြောင်း သူမတွေ့လိုက်ရသောအခါ ကျင်းယွင်ကျောင်းစိတ်အေးသွားရလေ၏။

“အစ်မ၊ အစ်ကိုပိုင်ကိုခေါ်ပြီး တစ်ခုမေးကြည့်ချင်လား? အဖေပြောတာတော့ ကျောက်စိမ်းဝိညာဥ်ဝိုင်နဲ့ဆင်တူတဲ့ ဝိုင်မျိုးကို ရောင်းနေတဲ့ ကုမ္ပဏီရှိတယ်တဲ့ စျေးကတော့ အများကြီးပိုသက်သာတယ် ပြီးတော့ အခုမှစျေးကွက်တဲ့ရောက်တဲ့ပစ္စည်းမို့ လှုပ်ရှားမှုများပြီး လူတွေကြားထဲ အခုရေပန်းစားနေတယ်ပြောတယ်...”

ကျင်းယွင်ကျောင်းကြောင်ငေးနေသည်ကို တွေ့လိုက်ရသောအခါ သူမသည် ကျောက်စိမ်းဝိညာဥ်ဝိုင်နှင့်ပတ်သတ်၍ စိတ်ပူနေသည်ဟု စူးချူထင်လိုက်သဖြင့် အလျင်အမြန်ပြောလိုက်၏။

ကျင်းယွင်ကျောင်းသည် ခေတ္တမျှသာ မှင်သေသွားပြီးနောက် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။

“ရပါတယ် အစ်ကိုပိုင်က အခုပျော်နေတာ”

“ဘာလို့လဲ?”

စူးချူ နားမလည်နိုင်ဖြစ်သွားသည်။

ဤသည်မှာ စျေးကွက်ထဲ ‌ကြောက်စရာကောင်းလောက်စွာ အပြိုင်အဆိုင်များထွက်လာခြင်းမဟုတ်သလော? ဤကဲ့သို့ကိစ္စမျိုးကို ကြုံတွေ့ရသည်နှင့် အာရုံနောက်သွားသင့်ပေသည်။ တစ်ဖက်အဖွဲ့၏စျေးမှာ မိမိတို့ထက် များစွာနည်းနေသည့်အပြင် သူတို့သည် ကြော်ငြာပိုင်းတွင် ငွေများစွာရင်းနှီးသည့်အနေဖြင့် ပထမတန်းစားနာမည်ကြီးကောင်လေးတစ်ဦးကိုလည်း ဖိတ်ခေါ်ထားသည်ဟု သူမကြားခဲ့သည်။ ဤရေပန်းစားမှုအရှိန်အဟုန်ပြီးသည်နှင့် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် အရှုံးကြီးရှုံးမည်မှာ သေချာနေပေသည်။

ကျင်းယွင်ကျောင်းသည် လျှို့ဝှက်သောအပြုံးတစ်ခုကို ပြုံးကာပြောလိုက်၏။

“ရက်ပိုင်းလောက်ကြာရင် နင်သိလာလိမ့်မယ်”

စူးချူသည် ထိုစကားကိုကြားပြီးနောက် ပို၍ပင် ဇဝေဇဝါဖြစ်သွားတော့သည်။

ကျင်းယွင်ကျောင်းသည် ဟက်ခနဲသာရယ်ကာ များများစားစားဆက်မပြောတော့ချေ။ သူမသည် ညဘက်အိမ်ပြန်ရောက်သောအခါ ပိုင်ယွီအန်းအားဖုန်းဆက်၍ လက်ရှိအခြေအနေကို မေးလိုက်၏။

မူလအစီအစဥ်အတိုင်း တစ်ဖက်လူ၏စျေးသည် ပိုနည်းသဖြင့် သူတို့သည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ အော်ဒါများစွာကို လုယူနိုင်ခဲ့သည်။ လက်ရှိတွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီတစ်ခုလုံးသည် ထိတ်ထိတ်ပျာပျာဖြစ်နေကြသော်လည်း ကံကောင်းစွာဖြင့် ၎င်းသည် ပုဂ္ဂလိကပိုင်ကုမ္ပဏီမဟုတ်သည့်အပြင် အရင်းလည်းကျေနေပြီဖြစ်ရာ ကုမ္ပဏီပြိုလဲမည်ကို စိတ်ပူစရာမလိုချေ။ ထို့ကြောင့် ကျင်းယွင်ကျောင်း၏အစီအစဥ်အတိုင်း သူတို့သည် ဆက်လက်ထုတ်လုပ်နေဆဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှ မိမိတို့၏ဂုဏ်ရည်ဂုဏ်သွေးကို ဖော်ပြဖို့ရန် အချိန်ဘယ်လောက်မှမလိုတော့ချေ။

ယခု ကျိုးဟိုင်ယန်းနှင့် ဂျိမ်းစ်လုပ်သမျှ လုပ်ရပ်တိုင်းသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအတွက် လမ်းခင်းပေးနေရုံသာရှိသည်! ထို့ကြောင့် သူမသည် သူတို့အား ကိုယ်တိုင်ကိုယ်ကျပင် သွားရောက်ကျေးဇူးတင်ချင်မိ၏!

သို့ရာတွင် ကျင်းယွင်ကျောင်းမှာ ၎င်းအား တွေးရုံတွေးနေခြင်းသာရှိသော်လည်း အချို့လူများမှာမူ မိမိကိုယ်ကိုဟုတ်လှပြီအထင်နှင့် သူမဆီသို့ လာခဲ့ကြသေး၏။

ကျိုးဟိုင်ဟန်းသည် အလွန်စိတ်ဓာတ်တက်ကြွနေသည်။ သူသည် စျေးကြီးသောအနောက်တိုင်းဝတ်စုံကိုဝတ်ပြီး ဇိမ်ခံကားတစ်စီးကိုစီးကာ သူမကျောင်းပေါက်ဝသို့ လာခဲ့လေသည်။ သူသည် ကျင်းယွင်ကျောင်းကိုတွေ့လိုက်သောအခါ ကားပေါ်မှဆင်းလိုက်၏။ သူမ၏တောက်ပဝင်းလက်နေသော သားရေဖိနပ်များသည် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကြောင့် ပေသွားသည်နှင့် သူ၏နံဘေးရှိ ဝန်ထမ်းများသည် ချက်ချင်းဆိုသလို ဆောင့်ကြောင့်ထိုင်ကာ ၎င်းကိုသုတ်ပေးကြတော့သည်။

မသိလျှင် မိမိကိုယ်ကိုအလွန်အားရကျေနပ်နေသော ဒေါင်းထီးတစ်ကောင်မှ သူ၏အမြီးမှ အမွေးအတောင်များကို ကြွားဝါဖြန့်ကျက်ပြနေသလိုပင်ဖြစ်၏။

“မိန်းကလေးကျင်း”

ကျိုးဟိုင်ယန်းသည် ကျင်းယွင်ကျောင်း၏လမ်းကို ပိတ်ကာဆီးကာ အပြုံးတစ်ခုဖြင့် သူမနာမည်ကိုခေါ်လိုက်သည်။

“ခဏလောက်စကားပြောလို့ရမလား?”

ကျိုးဟိုင်ယန်းသည် အသက်အရွယ်အားဖြင့်လည်း မကြီးသလို ရုပ်ရည်သွင်ပြင်မှာလည်း မဆိုးလှချေ။ အပြင်လူတစ်ဦး၏ ရှုထောင့်အရဆိုလျှင် သူ့အား လူကြီးလူကောင်းတစ်ဦးဟုပင် မြင်နိုင်သည်။ သို့ရာတွင် ဤလူမှာ သိုးရေခြုံထားသောမြေခွေးဖြစ်မှန်း ကျင်းယွင်ကျောင်းအသေအချာသိနေလေ၏။

“ကျွန်မလိုဘာမဟုတ်တဲ့လူကို သူဌေးကျိုးက ဘာများပြောချင်လို့လဲရှင့်?’

ကျင်းယွင်ကျောင်းသည် အဖြေကိုသိလျက်ဖြင့်ပင် မေးလိုက်သည်။

“မိန်းကလေးကျင်းက ငယ်ပေမယ့် အရမ်းကိုဉာဏ်ရည်မြင့်တဲ့လူပါ မသိချင်ယောင်မဆောင်ပါနဲ့”

ကျိုးဟိုင်ယန်းပြုံးကာ ပြောလိုက်၏။

“ယုထျန်းရှန်းမှာ ကျွန်တော်ဘိုကင်တင်ထားပါတယ် ကျွန်တော်နဲ့အတူလိုက်ပေးနိုင်မလား?”

(ယုထျန်းရှန်း?)

ကျင်းယွင်ကျောင်း အေးစက်စွာဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။

ယုထျန်းရှန်း၏ ဂုဏ်သတင်းမှာ သေးလှသည်မဟုတ်ပေ။ ကျိုးဟိုင်ယန်းသည် ၎င်းကိုသိထားပုံရသော်လည်း ထိုယုထျန်းရှန်း၏ တတိယသူဌေးမှာ သူမဖြစ်ကြောင်းကိုမူ သူသိထားပုံမရချေ။ ထိုနေရာကို လီရှောက်ယွင်မှ ငွေကြေးထောက်ပံ့ထားပြီး တုလင်းမှ စီမံခန့်ခွဲကာ သူမက ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးခြင်းဖြင့် ပေါင်းစည်းဖွင့်လှစ်ထားခြင်းဖြစ်သည်။ တုလင်း၏စကားအရ ထိုနေရာသည် လီရှောက်ယွင်မရှိ၍ ဖြစ်သော်လည်း သူမမရှိ၍တော့မဖြစ်ပေ။

“ဟုတ်ပြီလေ ဒါဆိုသွားကြတာပေါ့!”

ကျိုးဟိုင်ယန်း၏ လေလုံးထွားနေသောအကြည့်အောက်တွင် ကျင်းယွင်ကျောင်းသည် ထိုသို့သာ ပြောလိုက်သည်။

Space and Rebirth 646

ကျိုးဟိုင်ယန်း၏ မျက်နှာအသွင်အပြင်မှာ နေရထိုင်ရလွယ်ကူသည့်ပုံပေါက်သွားပြီး သူ၏စိတ်ထဲတွင် ကျေနပ်သွားပုံကိုလည်း လှစ်ဟမြင်နေရသည်။ သူသည် လူကြီးလူကောင်းတစ်ဦးဖြစ်ဟန်ဆောင်ကာ ကျင်းယွင်ကျောင်းအတွက် ကားတံခါးကိုဖွင့်ပေးလိုက်သည်။

ဤသည်မှာ ကျင်းယွင်ကျောင်းအတွက် ကျိုးဟိုင်ယန်းအား ပထမဆုံးတရားဝင်တွေ့ရခြင်းဖြစ်‌သော်လည်း ဤတစ်ခေါက်တွင် သူမသည် ဤလူအား ယခင်ကတည်းပင် တွေ့ဖူးကြောင်း သတိထားမိသွားသည်။ ယခင်က သူမသည် ပိုင်ယွီအန်းနှင့်ရှိနေစဥ်တိုင်းတွင် ဤလူ၏ပုံရိပ်အား သူတို့အနားတွင် တစ်ဝဲလည်လည်တွေ့နေရတတ်သည်။

သို့ရာတွင် ထိုလူသည် သူ့အားရည်ရွယ်ချက်ရှိရှိ အနောက်သို့လိုက်နေသည့်ပုံမပေါ်ဘဲ အခွင့်အခါကြုံ၍ တွေ့လိုက်သည့်ပုံစံနှင့် ပိုတူနေသဖြင့် သူမသည် ၎င်းအား သိပ်ဂရုမစိုက်ခဲ့ချေ။

ယခုတွင်မူ ကြည့်ရသည်မှာ ကျိုးဟိုင်ယန်းသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ဝိုင်ချက်နည်းအား စိတ်ဝင်စားနေသည်မှာ အချိန်လွန်စွာကြာမြင့်နေပြီဖြစ်သော်လည်း ထိုဝိုင်ချက်နည်းသည် သူမအပိုင်ဖြစ်ကြောင်း မသိခဲ့သည့်ပုံဖြစ်မည်။ ထို့ကြောင့် သူသည် သူမနှင့်ပတ်သတ်၍ စူးစမ်းလိုသော်လည်း စတင်၍အကွက်မရွှေ့ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် သူမနံဘေးတွင် ပေါ်ပေါ်လာတတ်သည့်အကြောင်းရင်းမှာ သူ၏အာရုံသည် ပိုင်ယွီအန်းအပေါ် ရောက်နေသောကြောင့်ဖြစ်မည်။

ကျင်းယွင်ကျောင်းသည် တစ်လမ်းလုံး စကားတစ်ခွန်းမျှမဟဘဲ လိုက်သွားခဲ့ပြီး စားသောက်ဆိုင်သို့ရောက်ရှိသွားသောအခါ စားပွဲထိုးမှဦးဆောင်၍ သူမအား အပေါ်ထပ်သီးသန့်ခန်းတစ်ခုဆီသို့ ခေါ်သွားလိုက်လေသည်။

“ဒီကဟင်းပွဲတွေက အရမ်းကောင်းတယ်လို့ကြားတယ် နင်းမြို့တော်မှာ ယုထျန်းရှန်းထက် အရသာကောင်းတဲ့ဆိုင်ရှာနိုင်မှာမဟုတ်ဘူး မိန်းကလေးကျင်းက ဟွားနင်ခရိုင်မှာ နေနေတာဆိုတော့ အရင်ကစားဖူးလောက်မှာပေါ့နော်?”

ကျိုးဟိုင်ယန်းပြုံးလိုက်သည်။ သူ၏မျက်လုံးများသည် ကျင်းယွင်ကျောင်းအား စေ့စေ့စပ်စပ် အကဲခတ်နေပြီး လူများမနှစ်မြို့လေ့ရှိသော စိတ်ပျက်ဖွယ်မျက်နှာထားတစ်ခု ရှိနေလေ၏။ နံဘေးရှိ စားပွဲထိုးမှာ အလွန်ပင် ဇဝေဇဝါဖြစ်သွားသည်။

မိန်းကလေးကျင်းမှ ဧည့်သည့်တစ်ဦးခေါ်လာသည်ဟု သူထင်ခဲ့သော်လည်း တစ်ဖက်လူမှ မိန်းကလေးကျင်းအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်နေလေသည်။ ဤလူသည် မိန်းကလေးကျင်းအား စတင်ဖိတ်ခေါ်ခဲ့သည်ဖြစ်ရာ သူမနှင့်ဆိုင်ပိုင်ရှင်ကြားမှ ဆက်ဆံရေးကို အဘယ်သို့ မသိဘဲနေနိုင်ရသနည်း?

သို့ရာတွင် မိန်းကလေးကျင်းက ဘာမှမပြောဘဲနေနေသည်ဖြစ်၍ သူတို့သည်လည်း ပါးစပ်ဟကြမည်မဟုတ်ပေ။

“ရောက်ဖူးပါတယ်”

ကျင်းယွင်ကျောင်းခပ်ပြတ်ပြတ်ပြောလိုက်သည်။

“မစ္စတာကျိုး၊ တစ်ခုခုပြောစရာရှိတယ်ဆိုရင် မြန်မြန်ပြောလိုက်တာကောင်းမယ် ကျွန်မအချိန်က အကန့်အသတ်ရှိတာမို့ပါ”

“ဟဲဟဲ…”

ကျိုးဟိုင်ယန်းရယ်လိုက်သည်။

“မိန်းကလေးကျင်းက တကယ်စိတ်ကြီးတာပဲ ဒါကြောင့်လည်း ဂျိမ်းစ်ကို ဒီလောက်ထိဒေါသထွက်အောင်လုပ်နိုင်ခဲ့တာကိုး။ ဟယ့်ကျိလီက သူ့သမီးကို မနှင်ချခင်မှာ မိန်းကလေးကျင်းကို အရင်သွားတွေ့ခဲ့တယ်ကြားတယ် ဒီကိစ္စက မိန်းကလေးနဲ့ တစ်ခုခုဆိုင်နေပုံပဲနော်?”

“ဘာလဲ? မစ္စတာကျိုးက ကျွန်မကိုစွပ်စွဲဖို့ ဒီကိုလာခဲ့တာလား? စဉ်းစားကြည့်လိုက်တော့ ဟယ့်ကျားစစ်ဆိုတာ ဂျိမ်းစ်ရဲ့ချစ်သူပဲ၊ ပြီးတော့ရှင်ကလည်း ဂျိမ်းစ်ရဲ့သစ္စာခံခွေးဆိုတော့ ဟယ့်ကျားစစ်အတွက် တရားမျှတမှု ရှာပေးချင်တယ်ဆိုတာ ဖြစ်သင့်တာပါပဲလေ”

ကျင်းယွင်ကျောင်း အေးတိအေးစက်ဖြင့် ရယ်လိုက်၏။

ကျိုးဟိုင်ယန်းသည် ထိုစကားကို ကြားပြီးနောက် မျက်နှာတစ်ပြင်လုံး မှောင်ရိပ်သန်းသွားသည်။ သူသည် ဝိုင်တစ်ခွက်ငှဲ့ပေးရန် စားပွဲထိုးအား မှာလိုက်လေ၏။

သို့ရာတွင် စားပွဲထိုး၏လက်ထဲရှိ အဖိုးတန်ဝိုင်ပုလင်းကို တွေ့လိုက်ရသောအခါ သူ၏မျက်လုံးထဲတွင် ရွံရှာစက်ဆုပ်ဟန်များ ပြေးသွားလေ၏။

“ပင်လယ်ပြာအရက်မရှိဘူးလား?”

ကျိုးဟိုင်ယန်းမျက်မှောင်ကြုတ်ကာ မေးလိုက်၏။

ပင်လယ်ပြာအရက်ဟူသည်မှာ ဟိုင်ယန်းကုမ္ပဏီမှ ထုတ်လုပ်ထားသောတံဆိပ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အလွန်ရေပန်းစားနေလေသည်။

စားပွဲထိုးသည် ခေတ္တမျှလှုပ်ရှားမှုရပ်တန့်သွားပြီးနောက် အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

“စိတ်မရှိပါနဲ့ လူကြီးမင်း။ ကျွန်တော်တို့ဆိုင်က ကျန်းမာရေးကို အထူးဂရုစိုက်တာမို့လို့ ကျောက်စိမ်းဝိညာဉ်ဝိုင်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ဝိုင်တံဆိပ်တွေကိုပဲ သုံးပါတယ်။ ဒီဝိုင်ဖြူကို သဘောမတွေ့ဘူးဆိုရင် ကျွန်တော်တို့မှာ သစ်သီးဝိုင်၊ ဆေးဖက်ဝင်ဝိုင်၊ ဆန်အရက်နဲ့ ဝိုင်နီတို့ပါရှိပါတယ်….”

ကျိုးဟိုင်ယန်းသည် ဤစကားကို ကြားလိုက်ရသောအခါ အလွန်ပင်ကြမ်းကြုတ်သောမျက်နှာထားအဖြစ် ပြောင်းလဲသွား၏။ သူသည် အရက်ခွက်ကို ကျစ်ကျစ်ဆုပ်ကာ ခနဲ့သံဖြင့် ပြောလိုက်သည်။

“ကျန်းမာရေးကို ဂရုစိုက်တယ်? အဲ့တော့ မင်းတို့ပြောနေတာက ပင်လယ်ပြာအရက်က ကျန်းမာရေးအတွက် မကောင်းဘူးပေါ့? ကြည့်ရတာ မင်းတို့သူဌေးက စီးပွားရေးမလုပ်တတ်တဲ့ပုံပဲ အခုချိန်ထိ ဝိုင်တံဆိပ်တစ်မျိုးပဲ ဝယ်တဲ့ စားသောက်ဆိုင်မျိုးကို ငါပထမဆုံးမြင်ဖူးတာပဲ”

လက်ရှိတွင် သူ၏ကုမ္ပဏီသည် မရေမတွက်နိုင်လောက်အောင် များပြားသောအော်ဒါများကို ရရှိနေပြီဖြစ်သည်။ သင့်တင့်သောစျေးနှုန်းကြောင့် မူလက ကျောက်စိမ်းဝိညာဥ်ဝိုင်အား နှစ်သက်ကြသောလူများပင်လျှင် ပင်လယ်ပြာအရက်ကို စတင်ဝယ်ယူလာကြသည်။ ဝေဖန်ချက်ကောင်းများ ရေစီးကမ်းပြို စီးဝင်လာသောအချိန်ဟု ပြောရမည်။

သို့ရာတွင် အပြစ်မရှိအပြစ်ရှာနေကြသော ကျောက်စိမ်းဝိညာဥ်ဝိုင်၏ သစ္စာရှိပရိသတ်များစွာရှိနေသေး၏! ပင်လယ်ပြာအရက်သည် ကျောက်စိမ်းဝိညာဥ်ဝိုင်လောက် သောက်မကောင်းသည့်အပြင် သောက်ပြီးချိန်တွင်ပင် နေမထိထိုင်မသာဖြစ်သလိုခံစားရသည်ဟု ပြောကြသေးသည်။

၎င်းစကားအားလုံးမှာ အဓိပ္ပာယ်မရှိသောအရာများဖြစ်ပေသည်!

ဤသည်မှာ အပြစ်မရှိ အပြစ်ရှာနေကြသော လူတစ်စု၏စကားများသာဖြစ်သည်!

ကျိုးဟိုင်ယန်းသည် ၎င်းအရက်ကို ဂလုခနဲအကုန်မြိုချလိုက်ပြီး သူ၏ပါးစပ်ကိုသုတ်ကာ ပြောလိုက်၏။

“ကောင်လေး မင်းအခုသွားလို့ရပြီ လိုအပ်တာရှိမှ မင်းကိုထပ်ခေါ်လိုက်မယ်”

စားပွဲထိုးကောင်လေးသည် ကျင်းယွင်ကျောင်းကို ဝေ့ကြည့်ကာ အနည်းငယ်စိတ်ပူပင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသားသည် ဝတ်ကောင်းစားလှဝတ်ထားသော်လည်း အန္တရာယ်များမည့်ပုံပေါက်နေသောကြောင့် ဖြစ်ပေသည်....

Space and Rebirth 647

ကျင်းယွင်ကျောင်းသည် စားပွဲထိုးလေးအား ခေါင်းငြိမ့်ပြလိုက်သည်။ ထိုမှသာ ထိုစားပွဲထိုးလေးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်သွားလေ၏။ သို့ရာတွင် သူသည် အနည်းငယ်စိတ်ပူပန်နေဆဲဖြစ်၍ မန်နေဂျာအား အသိပေးရန် ခြေလှမ်းကိုလှည့်သွားလိုက်သည်။

စားပွဲထိုးထွက်သွားသည်နှင့် ကျိုးဟိုင်ယန်းသည် ခြေထောက်နှစ်ချောင်းကိုချိတ်ကာ ခုံနောက်သို့မှီလိုက်သည်။ သူသည် ဝိုင်ခွက်အား တောက်၍ ပြောလိုက်၏။

“မိန်းကလေးကျင်း၊ စိတ်ပူစရာမလိုပါဘူး မစ္စတာဂျိမ်းစ်နဲ့ မိန်းကလေးဟယ့်ကြားမှာ နက်ရှိုင်းတဲ့ဆက်ဆံရေးမျိုးရှိတာမဟုတ်ဘူး ယောက်ျားအများစုက စိတ်အပြောင်းအလဲမြန်ကြတယ်လေ ပြီးတော့ မိန်းကလေးဟယ့်က မစ္စတာဂျိမ်းစ်ရဲ့ ခြေထောက်အတွက် တစ်စိတ်တစ်ပိုင်းတာဝန်ရှိတာမို့ မိန်းကလေးဟယ့်အတွက် လက်တုံ့ပြန်ပေးမှာ မဟုတ်ဘူး”

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ လှောင်ရယ်သံပြုလိုက်၏။ ဂျိမ်းစ်မှ ဟယ့်ကျားစစ်အတွက် လက်တုံ့ပြန်သည်ဖြစ်စေ မပြန်သည်ဖြစ်စေ သူမအတွက် မည်သို့သောကွာခြားချက်မှမရှိပါပေ။ ဂျိမ်းစ်၏ ရွှေရောင်နေ့ရက်များသည်လည်း မကြာခင်တွင် အဆုံးသတ်တော့မည်ဖြစ်သောကြောင့် ဖြစ်သည်။

“ဒါနဲ့ မိန်းကလေးကျင်း....မိန်းကလေးကျင်းကတော့ ကိုယ့်အတွက်ကိုယ်လက်တုံ့ပြန်သင့်တယ် မထင်ဘူးလား?”

ကျိုးဟိုင်ယန်းဆက်ပြောလိုက်သည်။ သူသည် စကားပြောနေရင်းဖြင့် နောက်ဝိုင်တစ်ခွက်ကိုယူကာ အကုန်မော့ချလိုက်ပြန်သည်။

“မစ္စတာကျိုး ဝိုင်ချက်နည်းပေါက်ကြားသွားတဲ့ကိစ္စကိုပြောနေတာလား?”

ကျင်းယွင်ကျောင်း၏ မျက်လုံးများသည် မုန်းတီးစက်ဆုပ်မှုများဖြင့် ပြည့်နှက်သွား၏။

ကျိုးဟိုင်ယန်းပြုံးလိုက်သည်။

“ဟုတ်တယ် ဝိုင်ချက်နည်းပေါက်ကြားတဲ့ကိစ္စကိုပြောနေတာ။ မိန်းကလေးက ပိုင်ယွီအန်းကို ဝိုင်ချက်နည်းရောင်းခဲ့တာမဟုတ်ဘူးလား အဲဒီတော့ အတွင်းရေးမပေါက်ကြားရေးစာချုပ်တွေလည်း ချုပ်ခဲ့မှာပေါ့ အခုဝိုင်ချက်နည်းကလည်း ပေါက်ကြားသွားပြီဆိုတော့ ပိုင်ယွီအန်းက မိန်းကလေးကိုအပြစ်မတင်ဘဲ ဘယ်နေပါ့မလဲ? ကျွန်တော်ပြောတာမမှားဘူးဆိုရင် စာချုပ်ဖောက်ဖျက်ခအနေနဲ့ နစ်နာကြေးအများကြီး ပေးရတော့မယ်မှတ်လား?”

ထိုစကားကိုပြောပြီးပြီးချင်းတွင် ကျင်းယွင်ကျောင်းသည် ရှင်းမပြတတ်စွာ အလွန်ရယ်ချင်မိသွားသည်။

“အဲ့တော့?”

သူမသည် အလွန်အေးတိအေးစက်နိုင်သောမျက်နှာဖြင့် မျက်ခုံးများကိုပင့်ကာ မေးလိုက်၏။

“မစ္စတာဂျိမ်းစ်နဲ့ ကျွန်တော်က အခု ပါတနာတွေဖြစ်နေကြပြီ ကျွန်တော်ကသာ ရှေ့ကကာပြောပေးမယ်ဆိုရင် မစ္စတာဂျိမ်းက သေချာပေါက်မိန်းကလေးကို ကူညီမှာပဲ မိန်းကလေးအတွက် စာချုပ်ဖောက်ဖျက်တဲ့ကိစ္စကို ရှင်းပေးနိုင်တယ် ဒါပေမယ့် သတ်မှတ်ချက်အနေနဲ့ မိန်းကလေးကတော့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ရမှာပေါ့...”

“ဒီလိုပါ...ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက မကြာမကြာ ထုတ်ကုန်အသစ်တွေထုတ်တတ်တယ် အဲဒါကိုကြည့်ရသလောက် မိန်းကလေးလက်ထဲမှာ ဝိုင်ချက်နည်းတွေအများကြီးရှိနေတဲ့ပုံပဲ ကျွန်တော်တို့ကို အဲဒါတွေ ရောင်းလိုက်ပါလား?”

ကျိုးဟိုင်ယန်းဆက်ပြောလိုက်သည်။ သူ၏မျက်နှာတွင် ယုံကြည်ချက်ပြည့်မောက်နေပြီး နှုတ်ခမ်းတွင်လည်း မလိုတမာအကြံအစည်များရှိပုံပေါ်ပြီး ထူထဲသည့် အပြုံးတစ်ခုထွက်ပေါ်လာသည်။ သူသည် စကားပြောရင်းဖြင့် သူမအနားသို့ တဖြည်းဖြည်းကပ်လာခဲ့လေ၏။

“မိန်းကလေးက ဒီလောက်ငယ်ရွယ်ပြီး လှပနေတာ မိန်းကလေးရဲ့ အနာဂတ်က တောက်ပနေတာပဲ အဲဒီတောက်ပတဲ့အနာဂတ်‌လေးက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီနဲ့အတူ ရေစုန်မျောသွားရင် ဘယ်ကောင်းပါ့မလဲ”

ကျိုးဟိုင်ယန်း၏ ခန္ဓာကိုယ်သည် ကျင်းယွင်ကျောင်းအနားသို့ တဖြည်းဖြည်းကပ်လာနေသည်။ သူ၏လက်များသည် အငြိမ်မနေဘဲ ကျင်းယွင်ကျောင်း၏ထိုင်ခုံအနောက်တွင် တင်လိုက်‌လေ၏။

ကျင်းယွင်ကျောင်းသည် စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။

“မစ္စတာကျိုး ရှင်ကကလေးလား? ဘာလို့အဲ့လောက်ကလေးဆန်ရတာလဲ?”

“ကျင်းယွင်ကျောင်း၊ မင်းငါ့စိတ်ကို လာမစမ်းတာကောင်းမယ် ဒီလောက်လှတဲ့မိန်းကလေးက ဘာလို့ ပိုင်ယွီအန်းလိုလူမျိုးကို အဲ့လောက်သစ္စာရှိနေရတာလဲ? ရုပ်ရည်အရပြောမယ်ဆိုရင် ငါကလည်း ပိုင်ယွီအန်းလောက် မဆိုးဘူးမှတ်လား? ပြီးတော့ ငါက မိန်းကလေးတွေ ထည်လဲတွဲတတ်တဲ့ မစ္စတာဂျိမ်းစ်လိုမဟုတ်ဘူး သန့်သန့်ရှင်းရှင်းနေတတ်တယ်”

ကျိုးဟိုင်ဟန်းထပ်လောင်းပြောလိုက်၏။ ဤကျင်းယွင်ကျောင်းဟူသည်မှာ ငွေရှာနိုင်သော ရတနာတွင်းကြီးတစ်ခုဖြစ်၏။ သူမတွင် ဝိုင်ချက်နည်းပေါင်း မည်မျှခန့်ရှိသည်ကို သူသည် မသိသော်လည်း သူမသည် လာဘ်လာဘအပေါင်းဆောင်ကျဥ်းလာတတ်သည့် ကံကြမ္မာဖြင့် မွေးဖွားလာသူဖြစ်သည်ဟု ပြောနိုင်ပေသည်။ ပိုင်ယွီအန်းကို ကြည့်ပါလေ။ သူသည် မြို့တော်တွင်ရှိစဥ်က မိန်းမနှင့်ကလေးပါ အခြားလူတစ်ယောက်နောက် လိုက်သွားခဲ့သော်လည်း သူပြန်‌ရောက်လာပြီး ကျင်းယွင်ကျောင်းနှင့်တွေ့ပြီးချိန်တွင် သူ၏ဇာတာသည် တဖြည်းဖြည်းနှင့် တက်လာခဲ့လေသည်။

ဤကဲ့သို့ ချမ်းသာကြွယ်ဝမည့်ဘဝမျိုးကို သူအမိမဖမ်းပါက နှမြောစရာဖြစ်ပေတော့မည်။ ထို့အပြင် သူမသည် ငယ်သေးဆဲဟုဆိုသော်လည်း သူမရုပ်ရည်သည် အလွန်ပင်ထင်ရှားပေါ်လွင်နေလေပြီ။ ဟယ့်ကျားစစ်ထက် အဆပေါင်းထောင်သောင်းချီသာပေ၏။

ကျင်းယွင်ကျောင်း၏ လက်လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

“ကြည့်ရသလောက် လူရော ဝိုင်ချက်နည်းကိုပါ လိုချင်နေတဲ့ပုံပဲ”

ကျင်းယွင်ကျောင်းသည် အဓိပ္ပာယ်ပါပါပြောရင်း မျက်နှာထားသည်လည်း လေးနက်သွားသည်။

“အပေးအယူကောင်းလို့ပြောလို့ရတယ်မလား? မင်းက ဝိုင်ချက်နည်းပေးရင် ငါကမင်းကိုတန်ရာတန်ကြေးပေးပြီး မင်းကိုကာကွယ်ပေးမယ် မင်းလိမ်လိမ်မာမာနေသရွေ့ အနာဂတ်မှာ ဒီထက်ပိုပေးနိုင်တယ်။ မင်းကတော့ ဒါကိုသိလောက်မှာမဟုတ်ပေမယ့် ကျောက်စိမ်းဝိညာဥ်ဝိုင်က ဆက်တောင့်ခံနိုင်တော့မှာမဟုတ်ဘူး သူတို့ရဲ့အော်ဒါအများစုက ငါတို့လက်ထဲရောက်နေပြီလေ! ငါ့မှာ မစ္စတာဂျိမ်းစ်ရဲ့ အကူအညီလည်းရှိသလို အကောင်းဆုံးမားကတ်တင်းအဖွဲ့ကိုလည်း ငှားထားတယ် အခုတစ်မြို့လုံးက ပင်လယ်ပြာအရက်ကို သိနေကြပြီ....”

Space and Rebirth 648

ကျိုးဟိုင်ယန်း၏မျက်နှာသည် ဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားသည့်ဟန်ဖြင့် ကျင်းယွင်ကျောင်းကို ကြည့်လိုက်၏။

သူသည် ရင်ထဲအသည်းထဲမှ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို အဆုံးစွန်ထိ မုန်းတီးလေသည်။ ပိုင်ယွီအန်းအား ချက်ချင်းပြိုလဲသွားရန် လုပ်ချင်နေမိ၏။ အခြားအကြောင်းရင်းကြောင့်မဟုတ်ပေ။ ထိုလူကို မနာလိုဖြစ်သောကြောင့်ဖြစ်သည်။

သူနှင့်သူ၏ဖခင်သည် ကောင်းမွန်‌သောဝိုင်တံဆိပ်ကို ဖန်တီးနိုင်ရန် အလွန်တရာအားထုတ်ကြိုးပမ်းခဲ့သော်လည်း နှစ်ပေါင်းများစွာရုန်းကန်ပြီးသည့်တိုင် သူတို့ထုတ်လုပ်ထားသောဝိုင်မှာ လူထုကြားတွင် ရေပန်းမစားသေးချေ။ သို့ရာတွင် လူသစ်တစ်ယောက်ဖြစ်သော ပိုင်ယွီအန်းမှာမူ တစ်ချက်တည်းဖြင့် အောင်မြင်သွားကာ နင်းမြို့တော်၏ ဝိုင်လုပ်ငန်းနယ်ပယ်တွင် ခေါင်းဆောင်ဖြစ်သွားခဲ့လေသည်။

ပိုင်ယွီအန်း၏ကံဇာတာတက်သွားသဖြင့် ကျင်းယွင်ကျောင်းထံမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်မှာ မှန်သော်လည်း ထိုကျင်းယွင်ကျောင်း၏အမြင်မှာ အတော်ဆိုးလှသည်ဟု သူဝန်ခံရပေမည်။ ကျင်းယွင်ကျောင်းသည်သာ ဝိုင်ချက်နည်းအား မရောင်းခင် ကုမ္ပဏီအချို့ကို ဆက်သွယ်ခဲ့ပါက သူသည် ထိုပိုင်ယွီအန်းထက် အရည်အချင်းပိုရှိပြီး အနာဂတ်ပိုကောင်းကြောင်းကို သူမသိပေလိမ့်မည်။

ယခုပင် သူသည် ပိုအောင်မြင်နေပြီမဟုတ်လော?

လက်ရှိအချိန်တွင် လမ်းမများ၊ သယ်ယူပို့ဆောင်ရေးယာဥ်အမျိုးမျိုး၊ အင်တာနက်၊ တီဗီစသည့် နေရာတိုင်းတွင် ပင်လယ်ပြာအရက်အတွက် ကြော်ငြာများစွာကို ကပ်ထားပြီဖြစ်သည်။ သူ ကျိုးဟိုင်ယန်းသည် မကြာခင်တွင် လူကုံထံအဆင့်သို့ ဝင်တော့မည်ဖြစ်သည်။ အနာဂတ်တွင် သူသည် ထိုဝိုင်များကို နိုင်ငံတော်အမွေအနှစ်နှင့် ယဥ်ကျေးမှုပြယုဂ်တစ်ခုအနေဖြင့် ရှိလာအောင် ကြိုးပမ်းပေမည်။ ထိုအချိန်ရောက်လာလျှင် မည်သူမဆို ဝိုင်ဟုတွေးလိုက်သည်နှင့် ပင်လယ်ပြာအရက်ကို ပြေးမြင်ကြပေမည်!

ကျိုးဟိုင်ယန်း၏ မျက်လုံးများသည် အနည်းငယ်စိတ္တဇဆန်နေသည်။ သူဆက်ပြောလိုက်၏။

“ကျင်းယွင်ကျောင်း၊ မင်းက ပိုင်ယွီအန်းနဲ့ရှိနေတာ ဒီလောက်ကြာနေပြီဆိုပေမယ့် သူ့ဆီက ဘာမှသိပ်မရသေးဘူးမှတ်လား? ဟွားနင်ခရိုင်က ဒီလိုချောင်ကြိုချောင်ကြားနေရာ‌လေးမှာ ကျောင်းတက်နေတုန်းလေ မင်းဝတ်ထားတာကိုကြည့်လိုက်ဦး မင်းနဲ့သာမန်လူတစ်ယောက်နဲ့ ဘာကွာလဲ? မင်းကသူ့ကိုဒီလောက်ထိ ငွေဝင်အောင်လုပ်ခဲ့ပေးပေမယ့် အခုဝိုင်ချက်နည်းပေါက်ကြားသွားတာနဲ့ မင်းဘက်က အကြွေးတွေပေးရတော့မယ် ဒီကိစ္စမျိုးကို မင်းလက်ခံနိုင်လား?”

ကျိုးဟိုင်ယန်းသည် ပြောပြောဆိုဆိုဖြင့် ကျင်းယွင်ကျောင်း၏မျက်နှာကို ထိတော့မည်ဟန်ဖြင့် လက်ကိုလှမ်းလိုက်သည်။ ကျင်းယွင်ကျောင်းသည် ဝိုင်ခွက်ကိုချကာ သူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူမသည် ထိုလက်ကောက်ဝတ်ကို လှည့်ကာ စားပွဲပေါ်သို့ ဒုန်းခနဲလှဲချလိုက်လေ၏။

“မစ္စတာကျိုး ကျွန်မနစ်နာကြေးပေးရမယ်လို့ ဘယ်သူကပြောလိုက်တာလဲ?”

ကျင်းယွင်ကျောင်းခနဲ့သံဖြင့် ပြောလိုက်သည်။ ဤလူသည် မာန်မာနပလွှားလွန်းလှပေသည်။

ကျိုးဟိုင်ယန်းကြက်သေသေသွား၏။

“ဘာတွေပြောနေတာလဲ? နစ်နာကြေးမပေးရဘူးလား? မဖြစ်နိုင်တာ ပိုင်ယွီအန်းက သေချာပေါက် သဘောထားကြီးတဲ့လူမဟုတ်ဘူး အခုမပေးခိုင်းရင်တောင် သိပ်မကြာခင်မှာ တွက်ချက်ပြီး တောင်းမှာပဲ၊ ဒီတစ်ခေါက် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ဘယ်လောက်တောင်ရှုံးသွားလဲဆိုတာ မင်းသိလား? မင်းတို့ထုတ်လုပ်တဲ့ဝိုင်က မကြာခင်မှာ ရောင်းစရာနေရာရှိတော့မှာမဟုတ်ဘူး အဲ့အချိန်ရောက်လာရင် ပစ္စည်းတွေအကုန်ဆုံးမှာပဲ...”

“ကျိုးဟိုင်ယန်း၊ ရှင်က သူများအပေါ် ဆိုးဆိုးရွားရွားကို အထင်မှားနေတာပဲ”

ကျင်းယွင်ကျောင်းမတ်တပ်ထရပ်လိုက်သည်။ ကျိုးဟိုင်ယန်းသည် ထိုစကားကိုကြားသောအခါ မျက်နှာကွက်ခနဲပျက်သွား၏။ သူသည် လက်ကောက်ဝတ်ကိုပွတ်ပြီး ရှေ့သို့ထပ်တိုးလာမည့်ဟန်ပြင်လိုက်သည်။

ကျင်းယွင်ကျောင်းသည် အေးစက်စက်ဖြင့် ဟမ့်ခနဲအသံပြုကာ နှုတ်ခမ်းစွန်းများ အပေါ်သို့ကွေးတက်သွားပြီး သူ၏ဘောင်းဘီခွကြားထဲသို့ တစ်ချက်ကန်လိုက်၏။

“မစ္စတာကျိုး၊ ဘာလို့စောစောစီးစီး ပြသာနာရှာချင်နေရတာလဲ? အစက ရှင့်ကိုခဏလောက် ပေးပျော်ဖို့လုပ်ထားတာကို”

“ကျွန်မလူတွေနဲ့ ကျွန်မရဲ့ဝိုင်ချက်နည်းကို ရှင်လိုချင်တယ်ပေါ့? ရှင်အိမ်ကထွက်လာတုန်းက မှန်မကြည့်ခဲ့ဘူးလား? ရှင့်ကိုရုပ်ဆိုးတယ်လို့ ပြောတာတောင် ချီးကျူးရာကျနေပြီ အဲ့တော့ ရွံစရာစကားတွေ ဆက်မပြောပေးလို့ရလား?”

ကျင်းယွင်ကျောင်းသည် စကားပြောပြီးနောက် စားပွဲပေါ်မှ ဟင်းပွဲတစ်ပွဲကိုယူကာ ကျိုးဟိုင်ယန်း၏ ခေါင်းပေါ်တည့်တည့်လောင်းချလိုက်လေ၏။ ကျိုးဟိုင်ယန်းမှာမူ သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်ကာ အံကြိတ်၍ အော်ဟစ်ညီးတွားနေသည်။

သူ၏အော်သံကို ကြားသောအခါ စားပွဲထိုးအချို့သည် အပြေးအလွှားရောက်ချလာတော့သည်။

“မိန်းကလေးကျင်း အဆင်ပြေရဲ့....”

သူတို့စကားမဆုံးနိုင်ခင်တွင်ပင် ကျိုးဟိုင်ယန်း၏သနားဖွယ်ရာအခြေအနေကို တွေ့လိုက်ရသဖြင့် အားလုံးထိတ်လန့်တုန်လှုပ်သွားကြ၏။ ဤအချိန်တွင် တုလင်းနှင့် လီရှောက်ယွင်သည်လည်း အပြေးအလွှားရောက်လာခဲ့သည်။ ၎င်းကိုမြင်လိုက်ရသော ကျင်းယွင်ကျောင်းသည် မျက်နှာ‌ပေါ်တွင် မလုံမလဲရိပ်များသန်းသွားလေသည်။

စက္ကန့်ပိုင်းအတွင်းတွင် သူမသည် ရုတ်ချည်းဆိုသလို လီရှောက်ယွင်ထံသွားပြီး သူ၏နောက်ကွယ်တွင် ပုန်းလိုက်သည်။ သူမသည် ကျိုးဟိုင်ယန်းအား လက်ညှိုးထိုးကာ အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်လေ၏။

“သူကလေ ကျွန်မကို အခွင့်ကောင်းယူဖို့ကြိုးစားနေတာ”

သူမ၏ကန်ချက်သည် အလွန်ပြင်းထန်ပေသည်။ ကျိုးဟိုင်ယန်းသာ ဆေးစစ်ရန်သွားပါက သူမအတွက် ကောင်းနိုင်စရာမရှိရာ။ ထို့ကြောင့် ဤအရေးကြီးအချိန်တွင် အားနည်းသည့်ပုံကို ပြသရန်သာရှိပေတော့သည်။

လီရှောက်ယွင်၏မျက်နှာသည် ရေခဲတမျှအေးစက်သွားတော့သည်။

“မင်းတို့အားလုံးတွေ့လိုက်ကြလား? ဒီလူက အားကျောင်းကို အခွင့်ကောင်းယူဖို့လုပ်‌နေတယ်ဆို?”

အားလုံးကြက်သေသေသွားကြ၏။

(မိန်းကလေးကျင်းအပေါ် အင်အားသုံးနေတယ်တဲ့လား? ငါတို့....မမြင်လိုက်သလိုပဲနော်?)

သို့သော် သူတို့မတုံ့ပြန်နိုင်ခင်တွင် တုလင်းသည် သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။ နောက်စက္ကန့်ပိုင်းအတွင်းတွင် လီရှောက်ယွင်ပြောလိုက်လေ၏။

“မျက်မြင်သက်သေတွေအားလုံးလည်း ဒီမှာရှိပြီဆိုတော့ ရဲခေါ်ပြီး သူ့ခေါင်းကြည်သွားအောင် ရဲစခန်းကိုပို့ခိုင်းလိုက်ကြ!”

All Chapters