အခန်း (၆၄၉-၆၅၂)
Vol. 33 Ch. 649-652
Space and Rebirth 649
တုလင်းသည် အမြဲတစေ လီရှောက်ယွင်၏စကားများကို တော်ဝင်အမိန့်ပြန်တမ်းတစ်ခုနှယ် ခံယူသူဖြစ်၏။ သူသည် ထိုစကားကိုကြားသောအခါ နာခံမှုအပြည့်ဖြင့် လူတစ်ဦးအား ရဲခေါ်ခိုင်းလိုက်လေသည်။ စားပွဲထိုးများသည် ချက်ချင်းဆိုသလို မတုံ့ပြန်နိုင်ကြသော်လည်း ခဏအကြာတွင် လီရှောက်ယွင်ပြောသည့်အတိုင်း တသွေမတိမ်းလုပ်ကြလေသည်။
သူတို့သည် မိမိတို့မျက်လုံးနှင့် ကိုယ်တိုင်ကိုယ်ကျမမြင်လိုက်ရသော်လည်း ဖြစ်ပျက်သောကိစ္စများကို ခန့်မှန်းနိုင်ပေသည်။
ကျင်းယွင်ကျောင်းသည် ပုံမှန်ဆိုလျှင် ခပ်အေးအေးနေတတ်သူဖြစ်ပြီး ဤနေရာတွင်ရှိသော ဝန်ထမ်းများအပေါ် အလွန်ညှာတာထောက်ထားသောသူဖြစ်သည်။ ဤလူယုတ်မာမှ သူမအား အနိုင်မကျင့်လျှင် သူမကဲ့သို့ စိတ်ထားနူးညံ့သိမ်မွေ့သူတစ်ဦးက အဘယ်သို့သူ့အား ရိုက်စရာအကြောင်းရှိမည်နည်း?
ထိုလူသည် မဖွယ်မရာအကြောင်းပြချက်များကိုသုံး၍ ကျင်းယွင်ကျောင်းအား အတင်းစကားပြောခိုင်းခြင်း ဖြစ်ရမည်....
လူတိုင်း၏ စိတ်ကူးယဥ်နိုင်စွမ်းသည် အလွန်တိုးတက်မြင့်မားလှသည်ဖြစ်ရာ သူတို့အားလုံးသည် အလွန်အမင်း စိတ်အားထက်သန်နေကြ၏။ ကျိုးဟိုင်ယန်းထွက်ပြေးသွားမည်စိုးသဖြင့် သူ့အား စေ့စေ့စိုက်ကြည့်နေသော ထွားထွားကြိုင်းကြိုင်းယောက်ျားနှစ်ဦးပင် ရှိနေသေးသည်။
ကျိုးဟိုင်ယန်းသည် သူ၏ခွကြားကို ဖုံးအုပ်ကာ နာကျင်မှုဖြင့် ညီးတွားနေ၏။ ဆိုင်မန်နေဂျာမှ ရဲခေါ်လောက်သည်ထိ အတင့်ရဲနေသည်ကို မြင်လိုက်ရသောအခါ သူသည် ရုတ်ချည်းဆိုသလို ဒေါသထွက်သွားလေသည်။
“မင်းကဒီဆိုင်ပိုင်ရှင်မှတ်လား? ငါဘယ်သူလဲရောသိလား..”
ကျိုးဟိုင်ယန်းသည် အံကြိတ်ကာ ပြောလိုက်၏။
သူ၏ခြေထောက်များသည် အပြင်သို့ကားထွက်နေပြီး ခြေထောက်ထိပ်ဖျားများသည်လည်း မြေပြင်ပေါ် ကုပ်တွယ်ထားသည်။ သူ၏ပုံစံမှာ မတ်တပ်ပင်မရပ်နိုင်လောက်သည့်ပုံစံ ဖြစ်နေသဖြင့် စားပွဲထိုးမိန်းကလေးများစွာသည် သူ့ကိုကြည့်ကာ ကျိန်ဆဲလှောင်ရယ်ကြတော့၏။
လီရှောက်ယွင်သည် မျက်ခုံးကိုပင့်ကာ ကျီစယ်သည့်လေသံဖြင့် ပြောလိုက်သည်။
“ကဲ ပြောပါဦး ခင်ဗျားကဘယ်သူတုန်း?”
“မင်းဟိုင်ယန်းစားသောက်ကုန်ကုမ္ပဏီကို ကြားဖူးတယ်မှတ်လား? ငါက အဲဒီကုမ္ပဏီရဲ့ စီအီးအို ကျိုးဟိုင်ယန်းပဲ! ငါမရနိုင်တဲ့မိန်းမမျိုးဆိုတာရှိလား? ငါလိုလူက ဘာလို့သူ့လိုမျိုးမိန်းကလေးကိုထိရမှာလဲ? သူကသာ ငါ့ကိုအောင်အောင်မြင်မြင် မမြှူဆွယ်နိုင်လို့ ငါ့ကိုရိုက်ခဲ့တာ! မင်းတို့အားလုံး ငါ့အတွက်သက်သေလုပ်ပေးရမယ်!”
ကျိုးဟိုင်ယန်းသည် ဒေါသတကြီးဖြင့် ပြောလိုက်လေ၏။ လီရှောက်ယွင်သည် ထိုစကားကိုကြားလိုက်သောအခါ ဟက်ခနဲရယ်လိုက်သည်။ သို့သော် သူ၏အပြုံးကြောင့် အခြားလူများ နှလုံးစိမ့်သွားလေသည်။
ဤစားသောက်ဆိုင်ရှိ စားပွဲထိုးမိန်းကလေးများစွာသည် လီရှောက်ယွင်အား ချောမောခန့်ညားသည်ဟု ထင်ကြသော်လည်း ဤအမျိုးသားသည် သူတို့ရယူနိုင်သူမဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းသိထားကြလေ၏။ သူ့အကြောင်း အမြဲတစေတွေးပြီး သူ့အား စကားသွားပြောရဲသော လုပ်ဖော်ကိုင်ဖက်အချို့ပင်ရှိကြသော်လည်း လီရှောက်ယွင်မှာမူ လုံးလုံးဂရုမစိုက်ချေ။ နောက်ပိုင်းတွင် လီရှောက်ယွင်၏အာရုံစိုက်မှုကို ခံရရန် သမားရိုးကျမဟုတ်သောနည်းလမ်းများကိုသုံးသော အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များပင် ရှိလာသော်လည်း ရလဒ်မှာမူ လီရှောက်ယွင်သည် ညှာတာထောက်ထားမှုတစ်စက်မှမရှိဘဲ သူတို့အား နှင်ထုတ်ရန် လုံခြုံရေးအား တန်းခေါ်ခြင်းသာဖြစ်သည်။
ထို့ကြောင့် လူတိုင်းသည် ဤလူအား ရိုသေလေးစားမှုအပြည့်ဖြင့် ဆက်ဆံကြလေသည်။ သူစိတ်ကြီးသည်ကို သိထားကြသူများအနေဖြင့် လီရှောက်ယွင်ပြုံးခြင်းမှာ မကြာမီ ဒေါသအကြီးအကျယ်ထွက်တော့မည့် လက္ခဏာဖြစ်မှန်း ရှင်းရှင်းလင်းလင်းသိနေကြ၏။
“ဆိုတော့ ခင်ဗျားက ဟိုင်ယန်းကုမ္ပဏီရဲ့ စီအီးအိုလား?”
လီရှောက်ယွင်ပြုံးကာ ပြောလိုက်၏။
“အခုတလော ခင်ဗျားက ရေပန်းစားနေတယ်ကြားတယ်”
“သိတယ်ဆိုတော့ ကောင်းတာပေါ့’
ကျိုးဟိုင်ယန်းသည် ဆုတ်ဖြဲသလိုခံစားနေရသည့် နာကျင်မှုကို မြိုသိပ်ထားရန် အတတ်နိုင်ဆုံးကြိုးစားနေရ၏။ သူသည် သူ၏အနောက်တိုင်းဝတ်စုံကို ပြန့်ပြန့်ရန့်ရန့်ဖြစ်အောင် ဆန့်ကာ ပြောလိုက်သည်။
“ကျင်းယွင်ကျောင်းကို လုပ်ငန်းစကားပြောဖို့ ဒီနေရာခေါ်လာတာ ဒါပေမယ့် ငါ့ကိုခွေးလိုနွားလိုကန်ပြီး အရှက်ခွဲလိမ့်မယ်လို့ မထင်ခဲ့ဘူး မင်းတို့ဆိုင်ထဲမှာ ဒဏ်ရာရခဲ့တာဆိုတော့ အနည်းဆုံးအနေနဲ့ မင်းတို့တာဝန်ယူသင့်တယ်မထင်ဘူးလား?”
သူသည် ယခုတွင် အနည်းငယ်အရှက်ရနေသော်လည်း သူသည် ကုမ္ပဏီတစ်ခု၏ စီအီးအိုတစ်ဦးဖြစ်နေဆဲဖြစ်သည်။ ထို့အပြင် ထိုကုမ္ပဏီမှာလည်း ယခုနာမည်ကြီးနေပေပြီ။ သူ၏ရှေ့မှောက်ရှိလူမှာ ထိုမျှလောက်တုံးအလောက်မည်မဟုတ်ဟု သူယုံကြည်နေ၏။
ကျိုးဟိုင်ယန်း၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ချွေးလုံးကြီးများလည်း ဆက်တိုက်စီးကျနေသည်။ သူ၏ပုံစံမှာ ဝေဒနာပြင်းစွာခံစားထားရပုံပေါ်၏။
သို့ရာတွင် လီရှောက်ယွင်တို့မှ သူ့အား တောင်းပန်မည်ဟု တွေးနေစဥ်မှာပင် လီရှောက်ယွင်မှ ကျင်းယွင်ကျောင်းကို ပြောသောစကားကို သူကြားလိုက်ရသည်။
“ဒီအချိန်မှာ သတင်းထောက်နှစ်ယောက်ခေါ်ရင် ပိုလူစည်သွားမယ်ထင်လား?”
“မဆိုးဘူးပဲ ‘ဟိုင်ယန်းကုမ္ပဏီရဲ့ စီအီးအိုက အသက်မပြည့်သေးတဲ့ ကျောင်းသူလေးတစ်ယောက်ကို ခြိမ်းခြောက်ပြီး အဲ့ကောင်မလေးကို အကြပ်ကိုင်လို့မရတဲ့နောက်ပိုင်းမှာ ရဲစခန်းကိုအပို့ခံလိုက်ရတယ်’ ဒီသတင်းစာခေါင်းစီးနဲ့ဆို ဟိုင်ယန်းကုမ္ပဏီရဲ့ ဂုဏ်သတင်းက သေချာပေါက်မြင့်တက်သွားမှာ”
တုလင်းလည်း ပြောလိုက်သည်။
ကျိုးဟိုင်ယန်းသည် သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။
“မင်းကများရာရာစစလုပ်ရဲတယ်!”
“ကျွန်တော်လုပ်ရဲလား မလုပ်ရဲဘူးလားဆိုတာ ကြည့်ရင်သိလိမ့်မယ်’
လီရှောက်ယွင်၏အသံသည် တိုးပျနေသော်လည်း လူများ၏နှလုံးသားကို ခိုက်တုန်စေနိုင်သော အေးစက်မှုတစ်မျိုးရှိနေလေသည်။
သိပ်မကြာခင်တွင် ရဲများသည် အပြေးအလွှားရောက်ချလာတော့သည်။ တုလင်းသည် လီရှောက်ယွင်၏ ညွှန်ကြားချက်အရ ဓာတ်ပုံအချို့ရိုက်ထားလိုက်၏။ ဓာတ်ပုံထဲတွင် ကျိုးဟိုင်ယန်းမှ ရဲလက်ထဲတွင် အချုပ်ခံနေရသည်ကိုသာ တွေ့ရသည်။ သူ၏မျက်နှာသည် သွေးဆုပ်နေပြီး ဒေါသမာန်ပြည့်နေကာ ဒဏ်ရာရထားဟန်ရှိလေသည်။
Space and Rebirth 650
ထင်ထားသည့်အတိုင်းပင် ကျိုးဟိုင်ဟန်းသည် အပြစ်ဝန်ခံရန် အကြောက်အကန်ငြင်းဆိုလေသည်။ ကျင်းယွင်ကျောင်းမှာမူ ခေါင်းကိုသာငုံ့ကာ စကားတစ်ခွန်းမျှမဟချေ။ ရဲအရာရှိများသည် သူမကိုကြည့်ပြီး မသနားဘဲမနေနိုင်တော့ချေ။
“ဒီလူကြီးမင်းကနေ မိန်းကလေးကျင်းကိုကြည့်တဲ့ပုံက အရမ်းထူးဆန်းပါတယ် မိန်းကလေးကျင်းခမျာ သူ့ရှေ့မှာ စကားတောင်မပြောရဲခဲ့ဘူး ကျွန်တော်တို့ဝင်လာတော့ ဒီမစ္စတာကျိုးက မိန်းကလေးကျင်းကို တစ်ခုခုလုပ်ချင်နေတာပါ မိန်းကလေးကျင်းက သူ့ကိုယ်သူကာကွယ်ဖို့ အလိုလိုကန်လိုက်ရုံပါပဲ...ဘယ်လိုပဲဖြစ်ဖြစ်...မိန်းကလေးကျင်းက တမင်လုပ်လိုက်တာမဟုတ်ပါဘူး ဒီလူက အကြပ်ကိုင်လိုက်တာပါ!”
စားပွဲထိုးလေးသည် သူ၏စိတ်ကူးယဥ်နိုင်စွမ်းကို အသုံးချကာ ရဲများကို ရှင်းပြလိုက်၏။
“သောက်ရေးမပါတာတွေ!”
ကျိုးဟိုင်ယန်းသည် ထိုစကားကိုကြားသောအခါ ဒေါသပုန်ထသွားသည်။ သူသည် ထိုစားပွဲထိုးအား လက်ညှိုးငေါက်ငေါက်ထိုးကာ ကြိမ်းမောင်းတော့သည်။
သူသည် ကျင်းယွင်ကျောင်းအပေါ် ခံစားချက်ရှိခဲ့ပြီး သူမအား တစ်ခုခုလုပ်ရန် ဟန်ပြင်ခဲ့သည်မှာ မှန်သော်လည်း သူသည် ကျင်းယွင်ကျောင်း၏ဆံချည်မျှင်တစ်ချောင်းကိုမှ မထိရသေးခင်တွင် သူမ၏ကန်ချက်ကို ခံစားခဲ့ရလေသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှ နာကျင်မှုသည် ပျောက်ကွယ်မသွားသေးချေ။ သူသည် ကျင်းယွင်ကျောင်း၏ကန်ချက်ကြောင့် လူညွှန့်တုံးသွားမည့်အလားပင် ခံစားနေရ၏!
သို့ရာတွင် ဤယုထျန်းရှန်းလူမှာ မျက်နှာပြောင်တိုက်၍ လိမ်နေပေသည်။ သူသည် ကျင်းယွင်ကျောင်းအား ရိုက်ခဲ့ကြောင်း မြင်ခဲ့သည်ဟုပင် ပြောနေလေ၏။ ထိုအရာသည် မည်ကဲ့သို့ဖြစ်နိုင်မည်နည်း?
ဤဆိုင်ပိုင်ရှင်သည် ဦးနှောက်တစ်စုံတစ်ရာထိခိုက်နေသလော? သူသည် ဥက္ကဌကျိုးဖြစ်မှန်း သိလျက်ဖြင့်ပင် ထိုလူသည် သူ့အား အလွတ်မပေးပါချေ။ မိန်းကလေးငယ်တစ်ဦးအား ကာကွယ်နေလေ၏!
ကျိုးဟိုင်ယန်း စကားဟလိုက်သည်နှင့် ရဲများ မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ အမှုကြီးမဟုတ်သော်လည်း ယုထျန်းရှန်းဟူသည်မှာ ဤခရိုင်တွင် အလွန်နာမည်ကြီးသောဆိုင်ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ဤနေရာတွင်ရှိနေသောသူဌေးအား လေးစားသမှုပြရပေမည်။ ထိုတင်မက ဤစားပွဲထိုးများ၏ သက်သေထွက်ဆိုချက်အရဆိုလျှင် ကျိုးဟိုင်ယန်းသည် အမှားမလုပ်ဘဲနေခဲ့သည်မှာ မဖြစ်နိုင်ပါချေ။
ထို့ကြောင့် သူတို့သည် ကျိုးဟိုင်ယန်းအား စက်ဆုပ်ရွံရှာမှုအပေါင်းဖြင့် ပြည့်စုံနေသောအကြည့်နှင့် ကြည့်လိုက်ကြ၏။ သူတို့သည် ကျိုးဟိုင်ယန်းအား ချက်ချင်းဖမ်းချုပ်ကာ ခေါ်သွားတော့သည်။ ထိုအချိန်တွင် တုလင်းသည် လီရှောက်ယွင်၏ခွင့်ပြုချက်ဖြင့် သူ၏အသိသတင်းထောက်များကို ဆက်သွယ်ကာ သူရိုက်ထားသောဓာတ်ပုံများကို ပို့လိုက်လေ၏။
ကျိုးဟိုင်ယန်းသည် ကျင်းယွင်ကျောင်းနှင့်အတူ ညှိနှိုင်းဆွေးနွေးရန် ဤနေရာသို့လာပြီးနောက်တွင် ပြသာနာတက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ!
ထိုမျှမက သူ့အားရဲစခန်းမှ အာမခံဖြင့်ထုတ်ပေးရန် သူ၏အတွင်းရေးမှူးကို ဆက်သွယ်နေစဥ်တွင် သတင်းထောက်အချို့က ရောက်လာသေး၏။ ကျိုးဟိုင်ယန်း၏မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
“ဥက္ကဌကျိုး၊ အင်တာနက်ပေါ်မှာ ပို့စ်တစ်ခုရှိနေပါတယ်...ဥက္ကဌက....မိန်းကလေးတစ်ယောက်ကို မဖွယ်မရာဆက်ဆံလို့ လူညွှန့်တုံးခံလိုက်ရပါတယ်တဲ့...”
အတွင်းရေးမှူး၏မျက်နှာ နီမြန်းသွားသည်။ သူမသည် နေရခက်သောဟန်ဖြစ်သွားပြီး မသိစိတ်၏စေ့ဆော်မှုအရ ကျိုးဟိုင်ယန်း၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်သည်။
ထို့ကြောင့် ဥက္ကဌကျိုး၏ လမ်းလျှောက်ပုံသည် အနည်းငယ်ထူးဆန်းနေသည်ဟု သူမခံစားနေရခြင်းဖြစ်သည်။ ကြည့်ရသလောက် သူသည်....ထိုနေရာတွင် အကန်ခံထားရပုံရ၏။
ကျိုးဟိုင်ယန်းသည် ထိုစကားကိုကြားသောအခါ ဒေါသထွက်လွန်းသဖြင့် သူ၏လက်ထဲမှ နေကာမျက်မှန်များကို ပစ်ပေါက်လိုက်သည်။ သူသည် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေ၏။
“PR ဌာနက အဲ့ကိစ္စကိုရှင်းလိမ့်မယ် လောလောဆယ် ငါနဲ့ဆေးရုံလိုက်ခဲ့!”
သူသည် ယခင်က ထိုနေရာတွင် ဒဏ်ရာမရခဲ့ဖူးသူမဟုတ်ပေ။ ထိုအချိန်မျိုးတွင် ပုံမှန်အားဖြင့် မိနစ်ပိုင်းခန့်ကြာလျှင် နာကျင်မှုပျောက်ကွယ်သွားတတ်စမြဲဖြစ်၏။ သို့ရာတွင် ဤတစ်ခေါက်၌ သူ၏ခြေထောက်များသည် သူပြောသည့်အတိုင်း လိုက်မလုပ်တော့ချေ။ ဤဒဏ်ရာမှာ အမှန်တကယ်ပင်ပြင်းထန်လှသည်ဟု သူသည်အာရုံရနေလေ၏။
သို့ရာတွင် သူသည် ထိုသို့ပြောလိုက်သောအခါ အတွင်းရေးမှူး၏မျက်နှာထားပြောင်းလဲသွားတော့သည်။
“ဟိုဟာလေ....ဒါရိုက်တာကျိုး အဆင်ပြေရဲ့လား?”
ကျိုးဟိုင်ယန်းသည် အတွင်းရေးမှူးအား စိန်းစိန်းဝါးဝါးကြည့်ကာ ကားထဲသို့ဝင်လိုက်သည်။ သူသည် သူ၏ရွှေဥများကို ထိခိုက်ထားသည်ဖြစ်ရာ အဘယ်သို့အဆင်ပြေနိုင်မည်နည်း?! ဤအတွင်းရေးမှူးသည် ယခင်က အတော်အတန် ဉာဏ်ကောင်းသူဖြစ်ခဲ့သော်လည်း ဤအချိန်မျိုးတွင် အဘယ်ကြောင့် ထိုကဲ့သို့ဦးနှောက်မရှိသည့်မေးခွန်းမျိုးကို မေးနေရသနည်း?
ကျိုးဟိုင်ယန်းသည် သုတ်သီးသုတ်ပြာဖြင့် ဆေးရုံသို့ပြေးသွားတော့သည်။ သူ၏ဒဏ်ရာများသည် ပေါ့သေးသေးမဟုတ်ကြောင်းကို မြင်လိုက်ရသောအခါ သူသည် ထိတ်လန့်တုန်လှုပ်သွားလေ၏။ ၎င်းတို့သည်သာ ဤထက်ပိုပြင်းထန်လျှင် သူသည် အမှန်တကယ်ပင် ကုန်းကုန်းတစ်ယောက်ဖြစ်တော့မည်ဖြစ်သည်။ သူသည် ယခုထိ ယောက်ျားတစ်ဦး၏ဖြစ်တည်မှု မပျောက်ဆုံးသေးသော်လည်း အနားယူအားဖြည့်ရန် ဆေးရုံတွင်နေရဦးမည်ဖြစ်သည်။
ဆရာဝန်မှ သူ့အားကြည့်နေပုံမှာ အနည်းငယ်ထူးဆန်းလှသဖြင့် သူသည် အလွန်ပင်ရှက်ကိုးရှက်ကန်းဖြစ်ရလေသည်။ ဤအချိန်တွင် ကျောင်းသူလေးတစ်ဦးအား မဖွယ်မရာဆက်ဆံသောသတင်းမှာ ထိပ်ဆုံးသို့ရောက်ရှိနေပြီး ထိုသတင်း၏ အဓိကဇာတ်ဆောင်မှာလည်း ဟိုင်ယန်းကုမ္ပဏီ၏ စီအီးအိုကိုယ်တိုင်ဖြစ်နေသောကြောင့် လူများစွာ၏အာရုံစိုက်မှုကို ခံနေရတော့သည်။
Space and Rebirth 651
ကျိုးဟိုင်ယန်းသည် ပထမတန်းစား နာမည်ကြီးအနုပညာရှင်တစ်ဦးအား သူ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ငှားထားခဲ့ပြီး ထိုလူ၏ပရိသတ်အင်အားမှာ အလွန်ကြီးမားလှပေသည်။ ပရိသတ်များသည် ကျိုးဟိုင်ယန်း၏အရှုပ်တော်ပုံအကြောင်း ကြားလိုက်ရသောအခါ သူတို့အားလုံး ဒေါသပုန်ထကုန်ကြ၏။
ကုမ္ပဏီ၌ နာမည်ဆိုးရှိလျှင် ထိုကုမ္ပဏီနှင့် စာချုပ်ချုပ်ထားသည့် သူတို့၏အိုင်ဒေါလည်း မျက်နှာပန်းလှတော့မည် မဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျိုးဟိုင်ယန်းသည် အတော်ဆိုးဆိုးရွားရွား ရန်တွေ့ခံရလိုက်၏။
“ဟိုင်ယန်းကုမ္ပဏီက တကယ့်အမှိုက်တွေပဲ ငါတို့အစ်ကိုရှန်းက သူတို့ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒီလောက်ကြိုးစားပေးခဲ့တာတောင် သူတို့သူဌေးက အသက်မပြည့်သေးတဲ့ကောင်မလေးတွေကို သွားစော်ကားရဲတယ်တဲ့လား! လူမဆန်လိုက်တာ!”
“ဟုတ်တယ်! ဟိုင်ယန်းကုမ္ပဏီရဲ့သူဌေးက နှာဘူးကျရုံမက သူတို့ပစ္စည်းတွေကို ထုတ်လုပ်တဲ့ပုံကလည်း တရားမဝင်ဘူးလို့ ကြားတယ် သူတို့က ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ ဝိုင်ချက်နည်းကိုခိုးပြီး အယုတ်တမာစိတ်ဓာတ်နဲ့ သွားပြိုင်ဆိုင်နေတာ! ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို သစ္စာရှိရှိအားပေးခဲ့တဲ့သူတွေဆို ဟိုင်ယန်းကုမ္ပဏီတိုက်အရှေ့မှာ နေ့တိုင်းလာကျိန်ဆဲနေတာလေ! ဒီမှာပုံတောင်ရှိတယ်...”
“သူများရဲ့ လျှို့ဝှက်ချက်ကို ခိုးတာတော့ ငါလည်းသိတယ် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ဒါရိုက်တာပိုင်ဆိုတာ အရမ်းကိုတာဝန်သိစိတ်ရှိတဲ့လူ၊ သူ့ကုမ္ပဏီထုတ်ကုန်တွေရဲ့ ရောင်းအားကလည်း အရင်ကတည်းက ကောင်းခဲ့တာ။ အလုပ်ကိုကြိုးစားသထက် ကြိုးစားတဲ့ သူဌေးကောင်းတစ်ယောက်လို့ ပြောရမှာပေါ့ ကျိုးဟိုင်ယန်းရဲ့ ဝိုင်ချက်နည်းဆိုတာကလည်း ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ခိုးထားတာပဲ သောက်ကြည့်လိုက်တာနဲ့ သိလိမ့်မယ် အရသာက တစ်ထေရာတည်းလို့ပြောလို့ရပေမယ့် ကျောက်စိမ်းဝိညာဥ်ဝိုင်က ပိုအရသာရှိတယ်!”
“ကျိုးဟိုင်ယန်းက တကယ့်အောက်တန်းစားပဲ! သူ့ကိုယ်ပိုင်ဝိုင်ကို ရောင်းလို့မရတော့ သူများတွေရဲ့ဟာကို ခိုးရောင်းတယ် ရင်းနှီးမြုပ်နှံမှုရထားတယ်ဆိုတာနဲ့ပဲ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို ဖိနှိပ်နေလိုက်တာဆိုတာ၊ စီအီးအိုပိုင်အတွက်တောင် စိတ်မကောင်းဖြစ်မိတယ်...”
“ဟိုင်ယန်းကုမ္ပဏီရဲ့ ဝိုင်ကိုမဝယ်ဖို့ အကြံပေးချင်တယ် အရသာက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ ဝိုင်နဲ့ဆင်တူပေမယ့် ကွာခြားချက်က တော်တော်ကြီးတယ် သောက်လိုက်တာနဲ့ ပူစပ်ပူလောင်ဖြစ်လာပြီး နေရခက်လာတယ်လေ ခန္ဓာကိုယ်အတွက် ကောင်းတဲ့အရာမဟုတ်ဘူး! ငွေလေးတစ်ပြားနှစ်ပြားကို ခွာမနေနဲ့ ဝိုင်ကောင်းကောင်းသောက်ချင်ရင် ပစ္စည်းစစ်ပစ္စည်းမှန်ဖြစ်တဲ့ ကျောက်စိမ်းဝိညာဥ်ဝိုင်ကိုပဲ ဝယ်သင့်တယ် ဝိုင်အတုတွေအများကြီးသောက်မိရင် နင်တို့သေပါသေနိုင်တယ်နော်!”
“ဒါကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ မားကတ်တင်းအဖွဲ့များလား? ဟိုင်ယန်းကုမ္ပဏီရဲ့ ဝိုင်က ကျောက်စိမ်းဝိညာဥ်ဝိုင်ထက် အများကြီးပိုနာမည်ကြီးနေတာကို...”
“အရူးကောင်ရဲ့၊ နာမည်ကြီးတိုင်းကောင်းရောလား? ဝိုင်အတုက ဝိုင်အတုပဲဟဲ့! ငါ့အဘိုးနဲ့ ငါ့ဦးလေးတွေအားလုံး ကျောက်စိမ်းဝိညာဥ်ဝိုင်ကို ကြိုက်ခဲ့ကြပေမယ့် ငွေပိုမပေးချင်တာနဲ့ပဲ ဟိုင်ယန်းကုမ္ပဏီဝိုင်ကို ဝယ်ပြီးစမ်းသောက်ကြည့်လိုက်တာ နောက်ဆုံးတော့ သောက်လိုက်တဲ့ တစ်ညလုံးအိပ်လို့မရကြဘူးလေ အရသာကတော့တူပေမယ့် အာနိသင်ကမတူဘူး! ကျောက်စိမ်းဝိညာဥ်ဝိုင်က ခန္ဓာကိုယ်ကို အားပြည့်စေတယ်!”
“ဝိုင်သောက်တာက ခန္ဓာကိုယ်ကို အားပြည့်စေတယ်တဲ့လား? အံ့သြစရာပဲ...”
...
လိုင်းပေါ်တွင် အငြင်းပွားသံများ မပြီးနိုင်လောက်အောင် ပလူပျံနေလေသည်။ သို့ရာတွင် သေချာသောအရာတစ်ခုမှာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ဤကိစ္စကြောင့် နာမည်ပိုကြီးသွားခဲ့ပေသည်။
ဟိုင်ယန်းကုမ္ပဏီ၏ ကြော်ငြာအင်အားသည် ကြီးမားလွန်းလှသဖြင့် ၎င်းတို့ကို နေရာအနှံ့နီးပါးမြင်တွေ့နိုင်လေသည်။ ထို့ပြင် ဝိုင်မှာလည်း အမှန်တကယ် အရသာကောင်းသဖြင့် အတော်အတန်နာမည်ကြီးသွားခဲ့၏။
သို့ရာတွင် ဟိုင်ယန်းကုမ္ပဏီ၏ ဝိုင်အား ပထမဆုံးစတင်သောက်ကြည့်သူဖြစ်ပါက အချို့နေရာများသည် တစခုခုလိုနေသလိုဖြစ်နေကြောင်း သို့မဟုတ် ခန္ဓာကိုယ်တွင် အနည်းငယ်မသက်မသာဖြစ်ကြောင်း စသည်တို့ကိုသာ ခံစားမိပေလိမ့်မည်။ ထိုအာနိသင်များမှာ ပြင်းထန်လှသောအရာများ မဟုတ်သဖြင့် လူများသိပ်သတိထားမိမည်မဟုတ်ချေ။ သို့သော် ထိုဝိုင်အား အကြိမ်အနည်းငယ်ခန့်ထပ်သောက်မိလျှင်မူ နေမထိထိုင်မသာဖြစ်ခြင်းများသည် ပို၍သိသာလာပေလိမ့်မည်။
တစ်စုံတစ်ဦးမှ ၎င်းကို လိုင်းပေါ်တွင်တင်လိုက်သည်နှင့် အပြင်ဘက်တွင် တောမီးကဲ့သို့ လျင်မြန်စွာ ပျံနှံ့သွားတော့သည်။
“ဘာတွေဖြစ်နေတာလဲ? ကျိုးဟိုင်ယန်း မင်းဘယ်လိုလုပ်ဒီအရှုပ်ထုပ်ကြီးကို ဖန်တီးခဲ့တာလဲ? ငါမင်းကိုတော်တော်စိတ်ပျက်တယ်!”
ဂျိမ်းစ်သည် ဝှီးချဲပေါ်တွင်ထိုင်ပြီး ကျိုးဟိုင်ယန်းအား လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲလိုက်၏။ ကျိုးဟိုင်ယန်းမျက်နှာမကောင်းတော့ချေ။ သူသည် သုန်သုန်မှုန်မှုန်ဖြင့် ပြောတော့သည်။
“မစ္စတာဂျိမ်းစ် ကျွန်တော်လည်း ချောက်တွန်းခံရတာပါဗျ!”
“ဒါတွေအားလုံး အဲဒီကျင်းယွင်ကျောင်းကြောင့်ပဲ ကျွန်တော်က ဒီတိုင်း သူ့ဆီမှာ လက်ကျန်ရှိတဲ့ဝိုင်ချက်နည်းတွေကို ဝယ်ချင်ခဲ့ရုံပဲ ဒါပေမယ့် သူကရုတ်တရတ်ကြီး ကျွန်တော့်ကို လာမြှူဆွယ်လိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ? သူ့ကိုငြင်းလိုက်တော့ သူကျွန်တော့်ကို အငြိုးထားပြီး အဲ့စားသောက်ဆိုင်က လူတွေနဲ့ပေါင်းကြံလိုက်တာ သူတို့လုပ်လို့ ရဲတွေကလည်း ကျွန်တော့်စကားကို လုံးဝနားမထောင်တော့ဘူး ပြီးတော့ အဲဒီဓာတ်ပုံတွေကလည်း ကျင်းယွင်ကျောင်းအနားက လူတွေပဲရိုက်ထားတာ!”
ကျိုးဟိုင်ယန်းသည် စိတ်ကြီးဝင်နေသောလေသံဖြင့် ပြောလိုက်၏။
Space and Rebirth 652
အင်တာနက်ပေါ်တွင် တင်သောပို့စ်တစ်ခုသာဖြစ်သဖြင့် ကျိုးဟိုင်ယန်းသည် ၎င်းအား သိပ်အလေးမထားခဲ့ချေ။ ပို့စ်တစ်ခုပြီးတစ်ခု လိုက်ဖျက်ပြီးနောက်တွင် ဤထက်ပိုများသောပို့စ်များ ထွက်လာလိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း။ ဤအခြေအနေထိ အဆင်ပြေနေခဲ့သော်လည်း လိုင်းပေါ်ရှိလူများသည် အစပိုင်းက မိန်းကလေးများအား မဖွယ်မရာလုပ်သောသူ၏အကြောင်းကို ပြောနေရင်းတန်းလန်းနှင့် ရုတ်ချည်းဆိုသလို သူ၏ပင်လယ်ပြာအရက်အကြောင်းကို ဦးတည်သွားခဲ့လေသည်!
သူ၏အရက်နှင့်ပတ်သတ်၍ တစ်ခုခုမှားနေသည်ဟု ပြောသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ!
သူတို့အားလုံးသည် ဦးနှောက်မရှိသောလူတစ်စုသာဖြစ်သည်။ အရသာမှာ အတူတူသာဖြစ်ရာ အဘယ်သို့ပြသာနာရှိနိုင်မည်နည်း?
“ကျိုးဟိုင်ယန်း၊ ငါဒီလောက်ပိုက်ဆံအများကြီးသုံးထားတာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို ကြော်ငြာပေးဖို့ မဟုတ်ဘူး။ မင်းဒီကိစ္စကို မြန်မြန်ဖြေရှင်းတာကောင်းမယ်နော် မဟုတ်ရင် ငါတို့ငွေအများကြီးရှုံးရလိမ့်မယ်!”
ဂျိမ်းစ်သည် ကျိုးဟိုင်ယန်းအား စိန်းစိန်းဝါးဝါးကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်၏။ ပိုင်ယွီအန်းသာ သူ၏ရင်းနှီးမြုပ်နှံမှုကို မငြင်းဆိုခဲ့လျှင် သူသည်လည်း ကျိုးဟိုင်ယန်းအား ရွေးချယ်စရာအကြောင်းမရှိခဲ့ချေ။
ကျိုးဟိုင်ယန်းသာ ဤမျှလောက်အသုံးမကျမှန်း သူသိခဲ့လျှင် ဤထက်ပိုသင့်တော့်မည့် ကုမ္ပဏီတစ်ခုခုထဲသို့ သူ၏ငွေများကို ရင်းနှီးမြုပ်နှံခဲ့ပေမည်!
ကျိုးဟိုင်ယန်းသည် ထိုင်မရထမရအခြေအနေတွင် ရှိနေသဖြင့် အလွန်ပင် စိတ်ကျဥ်းကြပ်နေလေသည်။
“နားလည်ပါတယ် မစ္စတာဂျိမ်းစ်၊ စိတ်မပူပါနဲ့ ဒီကိစ္စကိုဖြေရှင်းပေးမှာပါ”
“မဟုတ်ရင်တော့ကွာ!”
ဂျိမ်းစ်သည် ဟမ့်ခနဲအသံပြုလိုက်ပြီး သူ၏အနောက်မှလူများက သူ၏ဝှီးချဲကို တွန်း၍ သူ့ကိုခေါ်ထုတ်သွားလိုက်တော့သည်။
ဂျိမ်းစ်၏ကျောပြင်ကို ကြည့်ရင်း ကျိုးဟိုင်ယန်း၏ခေါင်းသည် ပေါက်ကွဲလုမတတ်ဖြစ်နေသည်။ သူသည် ခေတ္တမျှစဥ်းစားပြီးနောက် နံဘေးရှိ သူ၏လူများကို ပြောလိူက်သည်။
“ကျင်းယုရှန်ကို ဆက်သွယ်ပြီး လူထုအရှေ့မှာ သူ့ရဲ့သဘောထားကို ပြောခိုင်းလိုက် ပြီးတော့ PR ဌာနကိုခေါ်ပြီး ထုတ်ပြန်ချက်တစ်ခုရေးခိုင်း၊ ထပ်ပြီးတော့ ကောလဟာလတွေလွှင့်တဲ့သူတိုင်းကို ငါတို့ကုမ္ပဏီက တရားဥပဒေအရ အရေးယူမယ်လို့!”
သူ၏ဘေးနားတွင်ရှိသော ဝန်ထမ်းများသည် ခေါင်းငြိမ့်လိုက်ပြီး လျင်မြန်စွာ အလုပ်စတင်တော့သည်။ ထို့နေ့တွင် နာမည်ကြီးထိပ်သီးအနုပညာရှင် ကျင်းယုရှန်နှင့် အင်တာဗျူးတစ်ခုသည် အင်တာနက်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ကျင်းယွင်ကျောင်းသည် ဖန်သားပြင်ပေါ်ရှိ ပုဂ္ဂိုလ်အား စူးစိုက်ကြည့်ပြီး အတွေးရေယာဥ်ထဲ နစ်မြောသွားသည်။
ဤကျင်းယုရှန်ဆိုသည်မှာ အလွန်နာမည်ကြီးသောလူဖြစ်၏။ ဟိုင်ဟန်းကုမ္ပဏီ၏ထုတ်ကုန်များကို ကိုယ်စားမပြုခင်က သူသည် နာမည်ကြီးအိုင်ဒေါဒရမ်မာဇာတ်လမ်းအချို့တွင်ပင် ပါဝင်သရုပ်ဆောင်ဖူးသည်။ မိမိ၏ရုပ်ရည်ဖြင့် လုပ်စားနေသူဟုပြောနိုင်ပေသည်။ သူနာမည်ကြီးလာသည်နှင့် ကား၊ အလှကုန်၊ သရေစာမုန့် စသဖြင့် ကြော်ငြာများစွာကို လက်ခံရိုက်ကူးခဲ့သည်။ သူသည် နာမည်ကြီးလာသည်ကို အခွင့်ကောင်းယူပြီး ငွေရှာနေခြင်းဖြစ်၏။ ထိုမှသာ သူသည် လူများ၏စိတ်ဝင်စားမှု လျော့ကျလာလျှင် ငွေကိုကြိုးစားပမ်းစားရှာရန် မလိုတော့မည်ဖြစ်သည်။
သို့ရာတွင် ဤလူ၏အရေးကိစ္စများအား စီမံခန့်ခွဲပေးသောကုမ္ပဏီသည် ကြော်ငြာများကို မည်သို့ရွေးချယ်ရကြောင်း မသိဟန်ထောက်သည်။ ဟိုင်ယန်းကုမ္ပဏီ၏အရက်သည် စျေးကွက်ထဲသို့ ထုတ်သည်မှာ မကြာသေးသည့်အပြင် ရေရှည်၌ တိုးတက်နိုင်ချေရှိမရှိကိုလည်း မသိရသေးပေ။ သို့ရာတွင် သူတို့သည် ကျင်းယုရှန်အတွက် ဟိုင်ယန်း၏ကြော်ငြာများကို လက်ခံနှင့်လေပြီ။
ယခု ဟိုင်ယန်းကုမ္ပဏီ၏ ဂုဏ်သိက္ခာလည်း ညှိုးနွမ်းသွားပြီဖြစ်ရာ ကျင်းယုရှန်အတွက် ကောင်းနိုင်စရာမရှိချေ။ ကျင်းယွင်ကျောင်းစာဖတ်နေရင်း ရှောင်ဟိုင်ချင်းမှ သူမကိုဖုန်းခေါ်လိုက်၏။
“ယွင်ကျောင်း၊ အချိန်ကျပြီ”
ဖုန်းလိုင်းတစ်ဖက်တွင် ရှောင်ဟိုင်ချင်း၏အသံသည် စကားပြောရင်း ပြုံးရိပ်ပြုံးယောင်များသန်းနေ၏။
ကျင်းယွင်ကျောင်းသည် သူမပြောသောအချိန်မှာ မည်သည့်အရာမှန်းကို အလိုလိုသိနေလေသည်။ သူမချက်ချင်းပင် ပြန်ပြောလိုက်သည်။
“နင်စီစဥ်ထားတဲ့ လူတွေနဲ့ပတ်သတ်ပြီး စိတ်ပူစရာရှိလား? သတင်းပျံ့သွားတာနဲ့ ဟိုင်ယန်းကုမ္ပဏီကလည်း စုံစမ်းဖို့လူတွေလွှတ်မှာမို့လို့ ကိုယ့်နောက်ကြောင်းရှင်းထားတာကောင်းမယ်”
“စိတ်မပူပါနဲ့ ဒီကိစ္စသေးသေးလေးလောက်တော့ ငါလုပ်နိုင်ပါသေးတယ်”
ရှောင်ဟိုင်ချင်းပြုံးလိုက်သည်။
သူမသည် လာဘ်ထိုးစရာလူတစ်ဦးကို တွေ့နှင့်ပြီးဖြစ်သည်။ သူမ၏မိတ်ဆွေဟောင်းများကို တောင်းဆိုပြီး ထိုလူအား လာဘ်ထိုးထားခြင်းဖြစ်၏။ ထိုလူများသည် လာဘ်ထိုးခံထားရသည်ဆိုသော်လည်း အခြေအနေတစ်ရပ်လုံးနှင့်ပတ်သတ်ပြီး အကြောင်းအရာတစ်စုံတစ်ခုကိုမျှ မသိထားချေ။ သူတို့အား ပေးအပ်ထားသောဝိုင်မှာ ဟိုင်ယန်းကုမ္ပဏီ၏ထုတ်ကုန်တစ်ခု ဖြစ်သည်မှန်သော်လည်း ကျင်းယွင်ကျောင်းတို့သည် အပိုဆာဒါးအနည်းငယ် ထည့်ထားခဲ့လေသည်။ ထိုအပိုဆာဒါးသည် မည်သည့်အရာဖြစ်သည်ကိုမူ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သာ သိပေသည်။
ထိုလူများသည် ပြသာနာရှာရာ၌ အဓိကကျွမ်းကျင်သူများဖြစ်သဖြင့် ပြသာနာကြီးလေ ပိုကောင်းလေဖြစ်ပေသည်။ ဂျိမ်းစ်နှင့် ကျိုးဟိုင်ယန်းသည် သူမအား အကောက်ကြံခြိမ်းခြောက်ခဲ့သည်ဖြစ်ရာ သူမဘက်မှ လက်တုံ့ပြန်မည်ကိုလည်း မျှော်မှန်းထားသင့်ပေသည်!
ကျင်းယွင်ကျောင်းကို စကားပြောပြီးနောက် ရှောင်ဟိုင်ချင်းသည် ချက်ချင်းပင် အစီအစဥ်ကို အကောင်အထည်ဖော်လိုက်သည်။
နောက်တစ်နေ့မနက်တွင် နင်းမြို့တော်ဆေးရုံသို့ နောက်လူနာနှစ်ဦး ရောက်ရှိလာခဲ့လေသည်။ သူတို့နှစ်ဦးလုံးသည် အပြင်းဖျားနေကြပြီး နှုတ်ခမ်းများမှာ နီမြန်းဖူးယောင်နေရုံမက ခန္ဓာကိုယ်မျက်နှာပြင်အနှံ့အပြားတွင်လည်း အနီစက်များရှိနေလေသည်။ ကြည့်ရသည်နှင့် ဝေဒနာပြင်းထန်ကြောင်း ထင်ရှားနေ၏။
ထိုနေ့လယ်ခင်းတွင် ထိုရောဂါလက္ခဏာနှင့် တစ်ထေရာတည်းရှိသော နောက်လူတစ်ဦး ရောက်ရှိလာခဲ့သည်။
နောက်တစ်နေ့တွင် ထိုကဲ့သို့နောက်တစ်ယောက်ပေါ်လာခဲ့ပြီး....
နောက်တစ်ရက်တွင်လည်း နောက်လူနာနှစ်ယောက် ထပ်မံပေါ်ပေါ်လာခဲ့ပြန်သည်....
တူညီသောရောဂါလက္ခဏာများသည် လူမျိုးစုံတွင် ပေါ်ပေါက်လာသဖြင့် ချက်ချင်းပင် ဆေးရုံရှိလူများက သတိထားမိသွားကြ၏။ ဆရာဝန်များသည် ၎င်းအား ကူးစက်ကပ်ရောဂါဖြစ်မည်စိုးသဖြင့် စုံစမ်းကြည့်လိုက်သောအခါတွင် လူနာများအားလုံးသည် ရောဂါမဖြစ်မီက ဟိုင်ယန်းကုမ္ပဏီ၏ ပင်လယ်ပြာအရက်ကို သောက်ထားကြမှန်း သိလိုက်ရလေ၏!