← Chapters

အခန်း (၆၅၃-၆၅၆)

Vol. 33 Ch. 653-656

အခန်း (၆၅၃-၆၅၆)

Vol. 33 Ch. 653-656

Space and Rebirth 653

နောက်ရက်ပိုင်းအတွင်းတွင် ပင်လယ်ပြာအရက်အား သောက်သုံးခဲ့ကြသောလူများစွာသည် တစ်ယောက်ပြီးတစ်ယောက် ဆေးရုံသို့ ရောက်ရှိလာခဲ့ကြလေ၏။ ထိုသတင်းသည် တောမီးကဲ့သို့ အလျင်အမြန်ပျံ့နှံ့သွားတော့သည်!

ဆေးရုံသည် ရုတ်ချည်းဆိုသလိုပင် ထိုလူနာများအား ပစ်မှတ်ထားနေကြသည့် မရေမတွက်နိုင်သောသတင်းထောက်များဖြင့် ပြည့်နှက်လာခဲ့သည်။

ဟိုင်ယန်းကုမ္ပဏီ၏ ဂုဏ်သတင်းမှာ လွန်ခဲ့သောရက်ပိုင်းလောက်ကတည်းက တဖြည်းဖြည်း ဆိုးယုတ်လာသောကြောင့်ဖြစ်၏။ ပြည်သူလူထုတစ်ရပ်လုံးတွင် အမျိုးမျိုးသောသဘောထားများရှိလာကြပြီး အချို့လူများဆိုလျှင် ထိုဝိုင်နှစ်မျိုးအား ယှဥ်ကြည့်နိုင်ရန် တမင်တကာပင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကိုသောက်ပြီး ဟိုင်ယန်းကုမ္ပဏီ၏ဝိုင်ကို သောက်ကြည့်လာကြသည်။

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ထုတ်ကုန်များသည် သောက်သုံးပြီးနောက် မိမိခန္ဓာကိုယ်ကို နေ၍ကောင်းစေသည်ဟု ခံစားရသောလူများစွာရှိ၏။ သို့ရာတွင် ဟိုင်ယန်းကုမ္ပဏီ၏ နာမည်မှာပိုကြီးမားသဖြင့် လုပ်ငန်းမှာလည်း ပိုကြီးပြီး ဤတံဆိပ်ကိုပိုယုံကြည်ရသည်ဟု ခံစားရသော လူတစ်အုပ်စုလည်း ရှိသေးသည်။

ကျိုးဟိုင်ယန်းသည် လွန်ခဲ့သောရက်ပိုင်းက မဖွယ်မရာပြုသောကိစ္စမှာ အထင်လွဲမှုတစ်ခုသာဖြစ်ကြောင်း စာတစ်စောင်ပင် ထုတ်ပြန်ထားသေး၏။ သူ့အား ထိုကိစ္စနှင့်ပတ်သတ်၍ ဆက်လက်ပြသာနာရှာသူတိုင်းကို ဥပဒေကြောင်းအရ တာဝန်ယူခိုင်းမည်ဟုပင် ပြောလိုက်သေးသည်။ ထိုထုတ်ပြန်ချက်ကြောင့် ဤကိစ္စသည် ငြိမ်ကျသွားလိမ့်မည်ဟု ထင်ခဲ့သည်။

သို့ရာတွင် လူပုံအလယ်မှ ဤကိစ္စသည် ပျောက်ကွယ်လုဆဲဆဲဖြစ်နေချိန်တွင် ဟိုင်ယန်းကုမ္ပဏီ၏ အရက်သည် နောက်တစ်ဖန် ပြသာနာတစ်ခုပေါ်လာခဲ့ပြန်သည်!

“အရင်ကတည်းက အရက်သောက်ရတာကြိုက်လို့ နေ့တိုင်းလိုလို တစ်ခွက်တစ်ဖလားတော့ သောက်တတ်တယ်။ အရက်ရော ဘီယာရော နှစ်မျိုးလုံးသောက်တာပါ နောက်ပိုင်းကျတော့ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ထုတ်တဲ့ ခုနစ်စင်ကြယ်ဝိုင်ကို သောက်တယ် ဒါပေမယ့် သိပ်မကြာသေးခင်က ပင်လယ်ပြာအရက်က ခုနစ်စင်ကြယ်ဝိုင်နဲ့အရသာတူပြီး ယွမ် ၂၀ စာလောက် ပိုစျေးပေါတယ်ဆိုလို့ အများကြီးဝယ်ခဲ့သေးတယ် လောဘတက်မိတာနဲ့ ပုံးလိုက်ဝယ်ခဲ့တာပေါ့၊ သောက်ကြည့်လိုက်တော့အရသာက တကယ်ဆင်ပါတယ် ဒါပေမယ့် ခုနစ်စင်ကြယ်ဝိုင်နဲ့ကွာတာတစ်ခုက ပင်လယ်ပြာအရက်ကိုသောက်လိုက်တာနဲ့ တစ်ကိုယ်လုံးပူစပ်ပူလောင်ဖြစ်လာပြီး တစ်ကိုယ်လုံးအနီအဖုအပိန့်တွေ ထွက်လာတယ်။ ပထမစစသောက်ချင်းတုန်းက အဲ့လောက်မဆိုးတာနဲ့ပဲ သိပ်အလေးမထားခဲ့မိဘူး”

“ကျွန်တော့်အခြေအနေကလည်း သူနဲ့သိပ်မကွာဘူးပြောရမယ် ကျွန်တော်လည်း နေ့တိုင်းသောက်တယ်။ ပြီးတော့ ပင်လယ်ပြာအရက်ကို နေ့တိုင်းတီဗီမှာ ကြော်ငြာတာမဟုတ်ဘူးလား? နာမည်ကြီးတံဆိပ်လို့ ထင်ခဲ့ပေမယ့် ဒီလောက်ထိဆိုးရွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”

“ဟုတ်တယ် ဒီလိုဆေးရုံတက်ရတော့ အလုပ်ကိစ္စရော မိသားစုကိစ္စတွေအားလုံးရော နှောင့်နှေးကုန်ပြီလေ! ကျွန်တော်ကတော့ ရှေ့နေတစ်ယောက်ကို ဆက်သွယ်ထားပြီးပြီ ဟိုင်ယန်းကုမ္ပဏီက ရှင်းပြချက်တစ်ခုခုပေးမှဖြစ်မယ်!”

---

ရက်ပိုင်းခန့်ကြာသော် ၁၀-၂၀ ယောက်ခန့်ရှိသော လူနာများအားလုံးသည် ဟိုင်ယန်းကုမ္ပဏီမှ ညာရောင်းလိုက်ကြောင်း အလွန်သေချာသွားကြ၏။ ဤအင်တာဗျူးအား ထုတ်လွှင့်လိုက်သည်နှင့် ပြည်သူတစ်ရပ်လုံးသည် အုတ်သောင်းအုတ်နင်းဖြစ်သွားကြသည်။

လူများစွာသည် ပြန်တွေးကြည့်လိုက်ကြပြီး ပင်လယ်ပြာအရက်ကို သူတို့သောက်စဥ်က အမှန်တကယ်ပင် မတူညီမှုတစ်စုံတစ်ရာကို ခံစားရမိကြောင်း သတိထားမိသွားကြသည်။

အချို့လူများသည် ကပ်စေးနည်းတတ်ကြသော်လည်း ကပ်စေးနည်းလွန်းလျှင်လည်း မကောင်းတတ်ကြောင်း သိရှိသွားလေ၏။ ထို့ကြောင့် ဟိုင်ယန်းကုမ္ပဏီ ဒုက္ခရောက်သောအခါ လူများစွာသည် မြေစာပင်များ ဖြစ်သွားရခြင်းဖြစ်သည်။

ကျင်းယွင်ကျောင်းသည် အစီရင်ခံစာကို ကြည့်လိုက်သည်။ သင့်လျော်သောအချိန်တစ်ခုရောက်လျှင် သူမသည် ပိုင်ယွီအန်းအား လူရှေ့တွင်ထွက်ခိုင်းပေမည်။

ဟိုင်ယန်းကုမ္ပဏီ၏အရှုပ်တော်ပုံအပြီးတွင် လူများစွာသည် ပိုင်ယွီအန်းအား စေ့ဆော်ကြ၏။ ပြည်သူတစ်ရပ်လုံးသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သော်လည်း ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် တစ်ခွန်းမှမဟပါချေ။ ယခု နောက်ဆုံးတွင် ပိုင်ယွီအန်းလည်း ထွက်ပေါ်လာသဖြင့် လူများစွာ၏အာရုံစိုက်ခြင်းကို ခံရလေတော့သည်။

ကင်မရာအရှေ့တွင် ပိုင်ယွီအန်း၏ပုံစံမှာ တည်ငြိမ်နေ၏။

“မစ္စတာပိုင်၊ ဟိုင်ယန်းကုမ္ပဏီနဲ့ ပတ်သတ်ပြီး လက်တလောဖြစ်ပျက်နေတဲ့ကိစ္စတွေကို ကြားမိမယ်ထင်ပါတယ် အဲဒီကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ဝိုင်ဟာ ကျောက်စိမ်းဝိညာဥ်ဝိုင်နဲ့တစ်ထေရာတည်း တူတယ်ဆိုတာကို သဘောတူလက်ခံပါသလား?”

သတင်းထောက်တစ်ဦးမှ မေးလိုက်သည်။

ပိုင်ယွီအန်းသည် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်လေသည်။

“တစ်ထေရာတည်းတူတယ်ဆိုရင်လည်း တူတယ်ပေါ့ လွန်ခဲ့တဲ့ရက်ပိုင်းကတင် အဲဒီဝိုင်ကို သောက်ကြည့်ဖူးတော့ သိတယ်။ ကျွန်တော်အရမ်းသေးစိတ်ကျကျတော့ မပြောတော့ဘူး ကျွန်တော်တို့ထုတ်ကုန်တွေရဲ့ ကြိုချက်ရေးလုပ်ငန်းစဥ်က အရမ်းကိုရှုပ်ထွေးပြီး ကုန်ကြမ်းပစ္စည်းတွေရဲ့ သတ်မှတ်ချက်ကလည်း တကယ်ကိုမြင့်တယ်ဆိုတာပဲ ပြောနိုင်ပါတယ်။ အထူးသဖြင့် ခုနစ်စင်ကြယ်ဝိုင်အတွက်ဆိုရင် ဆေးဖက်ဝင်အပင်တွေရဲ့ သက်တမ်းနဲ့ တခြားပစ္စည်းတွေဟာ အကန့်အသတ်နဲ့ရှိတာပါ။ အပြင်ဘက်မှာ လိုက်ပြီးတုပထားတဲ့ ဝိုင်အတုအယောင်တွေ အများကြီးရှိပေမယ့် အဲဒီဝိုင်တွေဟာ ကျွန်တော်တို့ကျောက်စိမ်းဝိညာဥ်ဝိုင်ရဲ့ အဆင့်ကိုမမီနိုင်ဘူးဆိုတာ အာမခံပါတယ်...”

“ဒါပေမယ့် ပြောလက်စနဲ့ပြောရရင် အရင်က ကျွန်တော်တို့ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှာ ဝိုင်ချက်နည်းတစ်ခု ပျောက်သွားခဲ့ပါသေးတယ် ဒါပေမယ့် အဲဒီဝိုင်ချက်နည်းဟာ ထုတ်ဖို့မသင့်တော်တဲ့အတွက် ကျွန်တော်တို့ ပယ်ချထားခဲ့တာမို့လို့ ပျောက်သွားလည်း အရေးတော့မကြီးပါဘူး။ ခန္ဓာကိုယ်မှာအပူဓာတ်လွန်ကဲတတ်တဲ့သူက အဲ့ဝိုင်ကို သောက်လို့ရမှာမဟုတ်ဘူး၊ သောက်လိုက်မိရင် တစ်ကိုယ်လုံးက မီးမြွေတစ်ကောင်ပတ်ထားသလို ခံစားရပြီး အိပ်ပျော်မှာမဟုတ်ဘူးလေ”

Space and Rebirth 654

ပိုင်ယွီအန်းလည်း ပေါ်ပေါက်လာပြီဖြစ်ရာ ကျိုးဟိုင်ယန်းအား တစ်ကြော့ပြန်ဦးမော့လာနိုင်စေရန် အခွင့်အရေးပေးတော့မည်မဟုတ်ချေ။ ထို့ကြောင့် သူဆက်ပြောလိုက်၏။

“စိတ်မပူကြပါနဲ့ ဒီဝိုင်ချက်နည်းက သောက်သုံးဖို့မသင့်တော်ဘူးဆိုပေမယ့် အသက်အန္တရာယ်တော့မရှိပါဘူး ဒါပေမယ့် အများကြီးသောက်မိရင်တော့ ခန္ဓာဗေဒလုပ်ငန်းစဥ်တွေကို သေချာပေါက်ထိခိုက်နိုင်မှာပေါ့”

“ဒါကြောင့်မို့ အနာဂတ်မှာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုဝယ်ရင် အတုအပဟုတ်မဟုတ် ခွဲပေးထားတဲ့တံဆိပ်ကို ကြည့်ပေးကြပါ၊ ဝိုင်မှားဝယ်မိလို့ သောက်ပြီးတာနဲ့ နေရထိုင်ရခက်လာရင် မသောက်တော့တာ အကောင်းဆုံးပါ။ အဲဒါအပြင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ ထုတ်ကုန်အများစုဟာ ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေကို ထည့်သွင်းထားပါတယ် ကျွန်တော်တို့က အကျိုးအမြတ်အများကြီးယူထားတဲ့ ကုမ္ပဏီမဟုတ်တာမို့ ဒီစျေးကသေချာပေါက် လိပ်ပြာလုံလုံနဲ့ရောင်းချနိုင်တဲ့စျေးပါ...”

ပိုင်ယွီအန်း၏စကားများမှ လျှို့ဝှက်ထားသောအဓိပ္ပာယ်ကို လူတိုင်းကြားနိုင်ပေသည်။

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏စျေးသည် လိပ်ပြာလုံလုံဖြင့် ရောင်းချနိုင်သည့်စျေးဆိုလျှင် ဟိုင်ယန်းကုမ္ပဏီသည် နိမ့်ကျသောကုန်ကြမ်းပစ္စည်းများကိုသုံး၍ စျေးနှိမ်ရောင်းကာ သူတို့အား မသမာစွာ ပြိုင်ဆိုင်ခြင်းဟု ပြောနိုင်ပေသည်။

သတင်းထောက်များ စိတ်လှုပ်ရှားကုန်ကြ၏။ သူတို့၏သတင်းဆောင်းပါးများကို ရေးပြီးနောက်တွင် အလုအယက်တင်လိုက်ကြသည်။ ထင်ထားသည့်အတိုင်းပင် သတင်းဖတ်ရှုနှုန်းသည် အလွန်လျင်မြန်သောနှုန်းဖြင့် တိုးတက်လာလေ၏။

ဟိုင်ယန်းကုမ္ပဏီ၏ ဂိတ်ပေါက်တွင် လူများစွာသည် ပင်လယ်ပြာအရက်များအား ပုံးလိုက်ယူပြီး စုဝေးလာကြသည်။ အချို့လူများသည် လော်စပီကာများ၊ စာတန်းများယူလာကြပြီး အချို့ဆိုလျှင် ဗီဒီယိုများရိုက်ကြသည်။ သူတို့သည် ကုမ္ပဏီအဆောက်အဦးအား လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲကြတော့၏။

“ခေါင်းပုံဖြတ်တဲ့ အောက်တန်းစားတွေ! မင်းတို့ကများ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ပယ်ချထားတဲ့ပစ္စည်းကို စျေးဝယ်သူတွေဆီ ရောင်းရဲတယ်! ပြန်လျော်စမ်း! ငါတို့ငွေပြန်ပေး!”

တစ်ဦးပြီးတစ်ဦးရောက်လာပြီး‌နောက် ကုမ္ပဏီအဆောက်အဦး၏ မှန်တံခါးများ ကွဲလုမတတ်ဖြစ်လာတော့သည်။

ကျိုးဟိုင်ယန်းသည် အထဲတွင်ပုန်းနေပြီး ပြတင်းပေါက်မှတဆင့်ကြည့်လိုက်၏။ အပြင်ဘက်မှ လူပင်လယ်ကြီးကို တွေ့လိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် သူ၏ခြေထောက်များ တုန်ယင်လာတော့သည်။

အဘယ်သို့ ဤအရာများဖြစ်နိုင်မည်နည်း? ထိုဝိုင်ချက်နည်းသည် အဘယ်သို့ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှ ပယ်ချထားသောအမှိုက်ဖြစ်နေရသနည်း?

သူသည် ယခင်က မြည်းစမ်းသောက်ကြည့်ဖူးပြီး အရသာမှာ တစ်ထေရာတည်းဖြစ်၏...

အခန်းထဲတွင် ကျိုးဟိုင်ယန်းသာမက ဂျိမ်းစ်သည်လည်း ဆိုးဆိုးဝါးဝါးအကြပ်ရိုက်နေပေသည်။

သူသည် ရင်းနှီးမြုပ်နှံမှုငွေအား သန်း ၃၀၀ ဟု ခန့်မှန်းထားခဲ့သော်လည်း လက်တွေ့တွင် ထိုပမာဏထက်များသောငွေအား ဟိုင်ယန်းကုမ္ပဏီထဲတွင် ရင်းနှီးမြုပ်နှံခဲ့လေသည်။ သူသည် ကုမ္ပဏီ၏ရှယ်ယာများကို ဝယ်ယူခဲ့ရုံမက ကုမ္ပဏီစက်ရုံများကိုပါ တိုးချဲ့ပေးခဲ့သေးသည်။ ကျိုးဟိုင်ယန်းမှာ တရားဥပဒေအရ တာဝန်ရှိသူဖြစ်သော်လည်း ယခုဖြစ်ပျက်သမျှကိစ္စအပြီးတွင် သူသည်လည်း တာဝန်ယူရမည့်ကိစ္စကို ရှောင်လွှဲ၍မ‌ရတော့ချေ။

ယခင်က သူသည် ထင်ပေါ်ကျော်စောမှုကို ခံစားနေရပြီး ဤရက်ပိုင်းအတွင်း အော်ဒါများသည်လည်း အဆက်မပြတ်ခဲ့ပေ။ လုပ်ငန်းအဆင်ပြေမည်ထင်ခဲ့သဖြင့် သူသည် ဝိုင်များစွာအား ကြိုတင်ပြင်ဆင်ထားခဲ့သည်။ စက်ရုံ၏သိုလှောင်ရုံတစ်ခုလုံးသည် ပစ္စည်းများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုမူ ငွေပြန်အမ်းပေးရသော ဖုန်းအဝင်ခေါ်များစွာကို ဖြေဆိုနေရလေပြီ။

ဤအထိ ကိစ္စမရှိလှသော်လည်း ဤပစ္စည်းများသည် ငွေတစ်ဝက်ချေလျှင်ချေ မချေလျှင် ငွေလုံးဝမချေရသောစနစ်ကို သုံးထားခဲ့၏။ သူတို့သည် ပြသာနာအကြီးကျယ်တက်လေပြီ!

“ဘာတွေဖြစ်နေတာလဲ? အဲဒီအာကျယ်နေတဲ့လူတွေကို ငွေသုံးပြီး ပါးစပ်ပိတ်ခိုင်းထားလိုက်လို့ ပြောတယ်မလား?”

ဂျိမ်းစ်သည် အင်္ဂလိပ်စကားဖြင့် ပြောလိုက်သည်။

ကျိုးဟိုင်ယန်းသည်လည်း ဆီပူဒယ်အိုးထဲတွင် ရောက်နေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။

“မစ္စတာဂျိမ်းစ်၊ အဲ့လူတွေက နှုတ်ပိတ်ခကို မယူကြပါဘူး!”

“ဒီဝိုင်ချက်နည်းက...တစ်ခုခုမှားနေတယ်လို့ ထင်လား?”

ကျိုးဟိုင်ယန်း ထပ်မေးလိုက်သည်။ သူသည် ဤကိစ္စအား သံသယမဝင်ဘဲ မနေနိုင်ချေ။ ဝိုင်ချက်နည်းသာ တစ်ခုခုမှားယွင်းခြင်းမရှိလျှင် ပိုင်ယွီအန်းသည်လည်း ထိုသို့သောစကားမျိုးကို လူပုံအလယ်တွင် ပြောမည်မဟုတ်ချေ!

ရှောင်ဟိုင်ချင်းမှ တစ်ခုခုကို မှားခိုးမိခြင်း သို့မဟုတ် တမင်ကြံစည်ထားခြင်းဖြစ်နိုင်သလော....

ဤအရာကို စဥ်းစားကြည့်လိုက်သောအခါ ကျိုးဟိုင်ယန်း တုန်ယင်သွားသည်။ သူ၏ခေါင်းထဲတွင် ရှောင်ဟိုင်ချင်း၏ပုံရိပ်က ပြန်ပေါ်လာတော့သည်။ သူမ၏အလှသည် နေတစ်စင်းနှယ် တောက်ပစွာရှိနေပြီး အရိုင်းဆန်ကာ အထိန်းအကွပ်မဲ့လေသည်...

သူမသည် သူမ၏မိထွေးကိုပင် ဂျိမ်းစ်ထံသို့ ပို့ခဲ့သူဖြစ်၏။ ထိုတင်မက ဝိုင်ချက်နည်းအသစ်ကို အသုံးပြု၍ သူမမိထွေးကိုပင် ရောင်းစားခဲ့သေးသည်။ ဤမျှလောက် အငြိုးကြီးသောသူသည် အမှန်တကယ်ပင် သူတို့ခိုင်းသမျှအတိုင်း လုပ်ပေးနိုင်မည်လော?

ဤအချိန်တွင် ကျိုးဟိုင်ယန်း၏စိတ်သည် အပြင်ဘက်မှ ဆူညံသံများကြောင့် လုံးဝပူထူရှုပ်ထွေးနေသော်လည်း သူစဥ်းစားနေသောအရာမှာ အမှန်ကန်ဆုံးဖြစ်ပေသည်။ ဂျိမ်းစ်သည်လည်း ၎င်းကိုကြားလိုက်သောအခါ သံသယများဝင်လာပြီး ရှောင်ဟိုင်ချင်းအား ခေါ်ရန် ကျိုးဟိုင်ယန်းကို ခိုင်းလိုက်၏။

ဖုန်းတစ်ချက်ပြီးတစ်ချက်မြည်ပြီးနောက်တွင် ရှောင်ဟိုင်ချင်းအသံကို ကြားလိုက်ရတော့သည်။

Space and Rebirth 655

ရှောင်ဟိုင်ချင်းအသံသည် ပျင်းရိလေးတွဲ့နေဟန်ရှိသည်။ အထူးသဖြင့် ကျိုးဟိုင်ယန်း၏ စိတ်ပူပန်နေသောလေသံကို အာရုံခံမိလိုက်သောအခါ သူမသည် ပြုံးယောင်သန်းသွားလေ၏။

“ရှောင်ဟိုင်ချင်း! ဒါဘာတွေဖြစ်နေတာလဲ? ဘာလို့ဒီဝိုင်ချက်နည်းက ပယ်ချထားတဲ့ဟာလို့ ပိုင်ယွီအန်းပြောနေတာလဲ? မင်းဘယ်လိုတွေလုပ်လိုက်တာလဲ? ဒီဝိုင်ချက်နည်းကို မင်းပဲအာမခံပေးခဲ့တာမဟုတ်ဘူးလား?”

ကျိုးဟိုင်ယန်းအော်ဟစ်ကြိမ်းမောင်းလိုက်သည်။

ရှောင်ဟိုင်ချင်းသည် သူ၏အသံကြောင့် နေရခက်သွားသဖြင့် ဖုန်းကိုအဝေးသို့ခွာလိုက်ကာ သူမနားရွက်များကိုပွတ်လိုက်သည်။ ထို့နောက် သူမသည် ဖြည်းဖြည်းချင်း တစ်လုံးချင်းစီပြောလိုက်၏။

“ရှင်တို့က ကျွန်မကိုဝိုင်ချက်နည်း ခိုးဖို့ပဲပြောတာ တကယ်လည်း ခိုးခဲ့ပေးတယ်လေ အဲဒီဝိုင်ချက်နည်းက အတုလားအစစ်လားဆိုတာကတော့ ကျွန်မလည်း ဘယ်လိုသိမှာလဲ? ကျွန်မက ကျင်းယွင်ကျောင်းမှမဟုတ်တာ အတုလားအစစ်လား ဝေခွဲပေးနိုင်တဲ့စွမ်းရည် ကျွန်မမှာမရှိဘူး”

ဤအချိန်မှသာ သူတို့သည် ဝိုင်ချက်နည်းမှာ အတုဖြစ်ကြောင်း သတိထားမိသွားကြလေသလော? ကံမကောင်းစွာဖြင့် အလွန်နောက်ကျသွားပြီဖြစ်၏!

ကျိုးဟိုင်ယန်းသည် ဤအရာကို ကြားလိုက်သောအခါ ဖုန်းကိုပစ်ပေါက်လိုက်ချင်မိသည်။ သူသည် အံကိုတင်းတင်းကြိတ်၍ ပြောလိုက်၏။

“ရှောင်ဟိုင်ချင်း၊ မင်းဘာလုပ်နေလဲဆိုတာ မင်းသိရဲ့လား? ငါတို့ခိုင်းတာလုပ်သရွေ့ မင်းသန့်သန့်ရှင်းရှင်းနဲ့ နေနိုင်စေရမယ်လို့ ငါပြောခဲ့တယ်လေ မဟုတ်ရင် မင်းနာမည်ပျက်ပြီသာ မှတ်လိုက်တော့!”

“ထင်ထားတဲ့အတိုင်းပဲ ကျွန်မပုံတွေအားလုံးကို ပြန်ပေးလိုက်ပြီလို့ ပြောတဲ့စကားက အလိမ်တွေပါလား”

ရှောင်ဟိုင်ချင်းရယ်လိုက်သည်။

“ဥက္ကဌကျိုး၊ ကျွန်မတို့အားလုံးက တစ်လှေတည်းစီးနေတဲ့လူတွေပဲ ရှင်ကျွန်မကိုပေးလိုက်တဲ့ပုံတွေက မူရင်းပုံတွေဆိုပေမယ့် ကမ္ဘာပေါ်မှာ အဲ့ပုံတွေပဲ ကျန်တော့တာမဟုတ်ဘူး ကျွန်မရှင့်ကိုပေးလိုက်တဲ့ ဝိုင်ချက်နည်းကလည်း အရသာတူပေမယ့် အာနိသင်တွေကမတူဘူး ဒါကို မျှတတဲ့အပေးအယူလို့ ခေါ်လို့ရတယ်မလား?”

ဤလူသည် သူမအား တုံးအသောသူဟု မှတ်နေသလော။ သူမမည်သည့်လုပ်ရပ်ကို လုပ်ပေးခဲ့ပါစေ ရလဒ်မှာ အတူတူသာရှိလိမ့်မည်။ သူမသည်သာ ကျင်းယွင်ကျောင်းကို အမှန်တကယ် သစ္စာဖောက်ခဲ့ပြီး သူ့အား ဝိုင်ချက်နည်းအစစ်ပေးခဲ့လျှင်ပင် ကျိုးဟိုင်ယန်းသည် သူမအား ဓာတ်ပုံအကုန်ပေးမည်မဟုတ်ချေ။

သူနှင့်ဂျိမ်းစ်ဟူသောသူမှာ ပျော့ပျော့လေးနှင့်နံသော ကြောင်ချီးကဲ့သို့လူများဖြစ်သည်။ ထိုကဲ့သို့လူများနှင့် အပေးအယူလုပ်ရာ၌ အနိုင်ယူပြီးထွက်လာနိုင်စရာအကြောင်းမရှိချေ။ သူမသည် ဓာတ်ပုံများကိုလည်း ပြန်မရနိုင်သည်ဖြစ်ရာ အတူတကွသေလိုက်သည်ကမှ ပိုကောင်းပေဦးမည်။

မည်သို့ပင်ဖြစ်စေကာမူ ဂျိမ်းစ်နှင့် ကျိုးဟိုင်ယန်းသည် သူမထက် ဆိုးရွားသောဘဝနှင့် အသက်ရှင်ရဦးမည်ဖြစ်သည်။

ရှောင်ဟိုင်ချင်းစကားပြောပြီးနောက် ကျိုးဟိုင်ယန်းသည် ဆက်လက်သည်းမခံနိုင်တော့ချေ။ သူသည် စားပွဲပေါ်မှ ပစ္စည်းများကိုကောက်ယူကာ ကြမ်းပြင်ပေါ်သို့ ပစ်ခွဲလိုက်၏။

“ခွေးမ! မင်းကနာမည်ပျက်ချင်တယ်ဆိုမှတော့ မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့!”

“လူရှေ့ထုတ်ပြချင်ရင်လည်း ရှင့်သဘောပဲ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ပုံတွေ ရှင့်လက်ထဲရောက်နေသရွေ့ ဇာတ်သိမ်းကောင်းနိုင်မှာမဟုတ်ဘူးလေ”

ရှောင်ဟိုင်ချင်းအသံကို နောက်ဆုံးတစ်ခေါက်ကြားလိုက်ရပြီးနောက် သူမဖုန်းချသွားလေသည်။

ဖုန်းလိုင်းမအားတော့သောအသံကို ကြားလိုက်ရသောအခါ ကျိုးဟိုင်ယန်းသည် အံကိုတင်းတင်းကြိတ်ပြီး သူ၏ဖုန်းကို အားမာန်အပြည့်ဖြင့် ပစ်ပေါက်လိုက်တော့သည်။

ရှောင်ဟိုင်ချင်းဖုန်းချလိုက်ပြီးနောက် သူမနံဘေးတွင်ရှိသော ကျန်းရုံသည် အခွံခွာထားသောပန်းသီးတစ်စိတ်ကို ဂရုတစိုက်ကမ်းပေးလိုက်ရင်း ပြောလိုက်၏။

“ဟိုင်ချင်း...ဟိုင်ယန်းကုမ္ပဏီဆိုတာ...”

“အန်တီကျန်း ကြည့်ရတာ အန်တီက ဂျိမ်းစ်ကို မမေ့နိုင်သေးတဲ့ပုံပဲ”

ရှောင်ဟိုင်ချင်းအသံကို မြှင့်ကာ ပြောလိုက်၏။

“ဒါပေမယ့် ဒီလိုပြောလို့ အန်တီကျန်းစိတ်ပျက်သွားမလားတော့မသိပေမယ့် ဂျိမ်းစ်က အခုသူ့ကိုယ်သူတောင် မနိုင်တော့တာမို့ အန်တီကျန်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြောဖို့အချိန်ရှိမယ်မထင်ဘူး”

ဂျိမ်းစ်ပြိုလဲတော့မည်လော?

ကျန်းရုံအနည်းငယ်စိတ်ဓာတ်ကျသွားလေ၏။

အမှန်အတိုင်းပြောရလျှင် ဤရက်ပိုင်းအတွင်းတွင် သူမသည် ဂျိမ်းစ်အား သွားရောက်ရှာဖွေချင်ခဲ့သော်လည်း အခွင့်အရေးမရခဲ့ချေ။ ကျန်းရုံ သက်ပြင်းသာချလိုက်သည်။

“ဖုန်းထဲကလူက နာမည်ပျက်မယ်ဆိုလား ဘာလား တစ်ခုခုပြောလိုက်သလိုပဲ...”

“ကိုယ့်အလုပ်သာ ကိုယ်အာရုံစိုက်စမ်းပါ”

ရှောင်ဟိုင်ချင်းအကြည့်များ အေးစက်သွား၏။ ထိုအခါ ကျန်းရုံသည် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့သည်။

ရှောင်ဟိုင်ချင်းသည် ပန်းသီးအား တစ်ကိုက်မျှကိုက်လိုက်ပြီးနောက် သူမအိပ်ခန်းထဲသို့ ပြန်လိုက်သည်။ ဓာတ်ပုံများအကြောင်းကို စဥ်းစားလိုက်သောအခါ သူမမျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားဟန်ထွက်ပေါ်လာ၏။

သူမသည် လျှောက်လှမ်းရန် လမ်းစဥ်တစ်ခုကို မရွေး၍မရခဲ့ချေ။ သူမသည် ကျန်းရုံကဲ့သို့ မိမိအားခြိမ်းခြောက်ထားသောအရာကြောင့် ဘဝတစ်သက်စာလုံး သူများအောက်ကျို့ရသောလူဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဆက်လက်ရှင်သန်နိုင်ရန် တိုက်ပွဲဝင်ရုံသာရှိမည်။ ဤဓာတ်ပုံများထွက်လျှင် ကောလဟာလများကြောင့် သူမနာမည်နှင့် ဂုဏ်သတင်းကျဆင်းရုံသာရှိမည်။ ထိုသို့ဆိုလျှင် သူမကိုယ်သူမစတေးခံနိုင်ပေသည်။

ဖုန်းချပြီးမကြာခင်တွင် ကျိုးဟိုင်ယန်းသည် ဒေါသတကြီးဖြင့် ဓာတ်ပုံများကိုတင်လိုက်၏။ ရှောင်ဟိုင်ချင်းမှာ အမှတ် ၁ အလယ်တန်းကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်ကြောင်းကို သူသိထားသဖြင့် တမင်တကာပင် ထိုကျောင်း၏ဖိုရမ်ကို ရွေးချယ်ကာတင်ခဲ့သည်။ ဓာတ်ပုံများကိုတင်ပြီးနောက်တွင် နောက်ဆက်တွဲကိစ္စများကို အာရုံစိုက်ရန်အချိန်မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် စုံစမ်းရေးမှူးများသည် သူ၏တံခါးဝနားတွင်ရောက်နေပြီဖြစ်ပြီး သူရောင်းချသမျှပစ္စည်းတိုင်းကို ပြန်ရုတ်သိမ်းရန် အမိန့်ပေးလိုက်သောကြောင့်ဖြစ်သည်။ သူ့အတွက် ဆုံးရှုံးသွားသောပမာဏမှာ ကြီးမားလှပေသည်!

ကျင်းယွင်ကျောင်းအိမ်ထဲတွင် စူးချူမှ တံခါးကို အသည်းအသန်ခေါက်နေသံကို ကြားနေရ၏။ ကျင်းယွင်ကျောင်းတံခါးဖွင့်လိုက်သောအခါ စူးချူသည် သူမ၏လက်ပ်တော့ကို ဖက်ထားပြီး စိတ်လှုပ်ရှားစွာအော်ဟစ်နေသည်ကို မြင်လိုက်ရတော့သည်။

“အစ်မ! ကြည့်ပါဦး ဟိုင်ချင်းပုံတွေ!”

Space and Rebirth 656

ကျင်းယွင်ကျောင်းသည် စူးချူလက်ထဲရှိကွန်ပြူတာကို ကြည့်လိုက်သည်။ သူမအကြည့်သည် ၎င်း၏ဖန်သားပြင်ပေါ် သက်ရောက်သွားသောအခါ တဒင်္ဂမျှ အသက်ရှူရပ်တန့်သွားသလို ခံစားလိုက်ရလေ၏။

ပို့စ်ထဲတွင် ဓာတ်ပုံတစ်ချို့ရှိနေသည်။ ဓာတ်ပုံများအားလုံးမှာ အလွန်ကြည်လင်ပြတ်သားနေပြီး ထိုဓာတ်ပုံ၏အဓိကအမျိုးသမီးဇာတ်‌ဆောင်မှာ ရှောင်ဟိုင်ချင်းဖြစ်ကြောင်း အလွန်သိသာနေ၏!

ရှောင်ဟိုင်ချင်းမတော်တဆဖြစ်သောညတွင် သူမအား အိမ်ပြန်ခေါ်ခဲ့သူမှာ ကျင်းယွင်ကျောင်းကိုယ်တိုင်ပင်ဖြစ်သည်။ ထို့ကြောင့် ရှောင်ဟိုင်ချင်း၏အခြေအနေနှင့် သူမဝတ်ဆင်ထားသောအင်္ကျီအဝတ်အစားများကို မှတ်မိနေလေသည်။ ဤဓာတ်ပုံများသည် ထိုနေ့က ကျိုးဟိုင်ခန်းနေအိမ်၌ ဖြစ်ပျက်ခဲ့သောကိစ္စများဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပါပေ။

“အခုဖွင့်ကြည့်လို့မရတော့ဘူး...”

နှစ်ဦးသားကြည့်နေစဥ်အတွင်း အင်တာနက်ပေ့ချ်ပေါ်၌ error တစ်ခုဖြစ်သွားသည်ကို တွေ့လိုက်ရ၏။ စူးချူသည် စိတ်လှုပ်ရှားလွန်း၍ ငိုမတတ်ဖြစ်နေသည်။

“တစ်ယောက်ယောက်က ဖျက်လိုက်တာနေမယ် ဒါပေမယ့် ခုနက ကောမန့်တွေအများကြီးရှိတာတော့တွေ့လိုက်တယ် အဲ့ဓာတ်ပုံတွေကို screenshot ရိုက်ပြီးတဲ့သူတွေရှိနေလောက်ပြီ”

ဓာတ်ပုံထဲတွင် ဟိုင်ချင်းသည် ဂါဝန်တစ်ခုဝတ်ဆင်ထားသော်လည်း အလွန်ရှက်ကိုးရှက်ကန်းဖြစ်နေလေသည်။ သူမအပေါ်တွင် လှဲနေသောယောက်ျားကြီးအား ဝါးထားသေး၏။ သူတို့ဖြစ်နေပုံမှာ အလွန်ပူးပူးကပ်ကပ်ရှိနေပြီး ကင်မရာရိုက်ထားသောရှုထောင့်ကြောင့် အပြင်လူများသည် ရှောင်ဟိုင်ချင်းဘက်မှ ဆန္ဒမပါကြောင်းကို မြင်နိုင်မည်မဟုတ်ပေ!

ကျင်းယွင်ကျောင်းသည်လည်း ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ ရှောင်ဟိုင်ချင်း၏ လက်တလောလုပ်ရပ်များကို ပြန်တွေးကြည့်လိုက်သောအခါ ရှောင်ဟိုင်ချင်းသည် ဤသို့ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားနှင့်ပြီဖြစ်ကြောင်း သူမခံစားမိလိုက်ရသည်။ သူမသည် ရှောင်ဟိုင်ချင်းအား အလျင်အမြန်ခေါ်လိုက်သော်လည်း ရှောင်ဟိုင်ချင်းသည် ဖုန်းကိုစက်ပိတ်ထား၏။ သူမလုံးဝဖုန်းဆက်သွယ်၍မရပါချေ။

“အပြင်ထွက်ပြီး တစ်ယောက်ယောက်ကိုရှာလိုက်ဦးမယ်”

ကျင်းယွင်ကျောင်းသည် သူမကုတ်အင်္ကျီကိုကောက်ယူကာ အပြင်ထွက်ရန် ပြင်လိုက်သည်။

ရှောင်ဟိုင်ချင်းသည် မိမိကိုယ်ကိုစိတ်အားငယ်ပြီးနေမည့်လူစားမျိုး မဟုတ်ပေ။ သူမအလွန်စိတ်ထိခိုက်နာကျင်သွားမည်ကို ကျင်းယွင်ကျောင်းမစိုးရိမ်သော်လည်း ဤတစ်ခေါက်တွင် သူမသည်သာ ရှောင်ဟိုင်ချင်းဘေးတွင်မရှိပါက စိတ်အေးမည်မဟုတ်ချေ။

စူးချူသည် ဤစကားကိုကြားလိုက်သောအခါ သူမလက်ထဲမှကွန်ပြူတာကို ဂရုမစိုက်အားတော့ချေ။

“အတူလိုက်ခဲ့မယ်လေ!”

ကျင်းယွင်ကျောင်းသူမကိုဝေ့ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

ဤအချိန်တွင် ကျန်းရုံ၏ဖုန်းသည်လည်း မြည်နေ၏။ သူမသည် ဖုန်း‌ခေါ်သူနံပါတ်ကို ကြည့်လိုက်ပြီး ရှောင်ဟိုင်ချင်းအား သတိကြီးစွာဖြင့် ပြောလိုက်သည်။

“ဟိုင်ချင်း၊ ကြည့်ရတာ မင်းရဲ့အတန်းပိုင်ဆရာခေါ်နေတဲ့ပုံပဲ...”

“ဖုန်းချလိုက်”

ရှောင်ဟိုင်ချင်းအေးတိအေးစက်ဖြင့် ပြောလိုက်သည်။

သူမသည် ထိုပုံများကို မြင်ဖူးလေသည်။ မည်သည့်ထောင့်မျိုး မည်သည့်မြင်ကွင်းမျိုးနှင့် ကြည့်ပါစေ ၎င်းတို့အားလုံးသည် ပြစ်ချက်မရှိပါပေ။ ထို့ကြောင့် သူမသည် အခြားသူများကို မည်မျှပင်ရှင်းပြစေကာမူ သူမအား အဓမ္မပြုကျင့်နေသည်ဟု မည်သူကမျှယုံကြည်မည်မဟုတ်ပေ။

မည်သူကမှ သူမအား ယုံကြည်မည်မဟုတ်ကြောင်းကို သိနေလျက်နှင့် သူမသည် အဘယ်ကြောင့် လေကုန်ခံပြီးရှင်းပြနေမည်နည်း? အလွန်ကြည်လင်ပြတ်သားသောဓာတ်ပုံများကို တင်ထားသောပို့စ်သည် ဖျက်နှင့်ပြီဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် တစ်စုံတစ်ယောက်မှ ဖြတ်ညှပ်ကပ်ထားသောပုံကို စိတ်အားထက်သန်စွာဖြင့် ထပ်တင်လိုက်လေ၏။ ဤကျောင်းဖိုရမ်တွင် ကျောင်းသားများမှအပ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများပါရှိလေသည်။ ထို့ကြောင့် ထိုကောမန့်ပိုင်ရှင်များသည် မိမိတို့သည်သာ အဖြူစင်ဆုံးဟန်ဆောင်ကာ သူမအား မနေတတ်မထိုင်တတ်သည့် ဆိုးသွမ်းသောကျောင်းသူအဖြစ် ဝေဖန်ကြတော့သည်။

အပြင်လူများမှာ တုံးအသောလူများမဟုတ်ပေ။ ထိုဓာတ်ပုံများကိုတွေ့သည်နှင့် ဓာတ်ပုံထဲရှိအိမ်မှာ အနည်းငယ်ခမ်းနားကြောင်းကို မြင်ရလေသည်။ ထို့ကြောင့် အချို့လူများက သူမအား ငွေမက်သောမိန်းကလေးအဖြစ် ပုံဖော်ကြတော့သည်။

နံဘေးတွင်ရပ်နေသော ကျန်းရုံသည်လည်း ထိုပို့စ်များကို မြင်လိုက်သောအခါ ထိတ်လန့်တုန်လှုပ်သွားလေ၏။ သို့ရာတွင် စက္ကန့်ပိုင်းအတွင်းတွင် သူမစိတ်ထဲ၌ ကျေနပ်ပျော်ရွှင်ရိပ်များလည်း သန်းလာတော့သည်။

ကြည့်ရသလောက် ဓာတ်ပုံရိုက်ခံရသည်မှာ သူမတစ်ဦးတည်းမဟုတ်ခဲ့ပေ။ ရှောင်ဟိုင်ချင်းသည်လည်း ဖော်ထုတ်ခံနေရပေပြီ။ သူမအစောပိုင်းက ပြောဆိုခဲ့သောဖုန်းနှင့် တစ်ခုခုသက်ဆိုင်ပုံရ၏။

“အန်တီကျန်းကြည့်ရတာ အတော်ပျော်နေတဲ့ပုံပဲ ဒါပေမယ့် အန်တီကျန်းဒီထက်ပိုပျော်သွားမယ့်ကိစ္စကို ပြောရဦးမလား အဲဒါက အန်တီကျန်း....အန်တီက ဗိုက်ကြီးနေပြီ”

ရှောင်ဟိုင်ချင်းသည် အေးစက်သောအပြုံးတစ်ခုကို ပြု့းလိုက်ပြီး မျက်လုံးတွင်လည်း ရွံရှာမှုများ ပြည့်နှက်သွားသည်။ သူမထိုစကားကို ပြောလိုက်သည်နှင့် ကျန်းရုံ၏လက်များသည် မြေပြင်ပေါ်သို့ ကျဆင်းသွား၏။

“ဘာပြောလိုက်တယ်?!”

သူမအသံသည် ရုတ်ချည်းဆိုသလိုပင် မခံမရပ်နိုင်လောက်အောင် စူးရှမြင့်တက်သွားလေသည်။

(ဗိုက်ကြီးနေတယ်? ငါဘာလို့မသိခဲ့တာလဲ?)

“မကြာခင်မှာ သမီးလည်း ညီမလေးဖြစ်ဖြစ် မောင်လေးဖြစ်ဖြစ်ရတော့မှာဆိုတော့ ဒါကပျော်စရာကိစ္စပဲပေါ့ အန်တီကျန်းရောအဲ့လိုမထင်ဘူးလား?”

ရှောင်ဟိုင်ချင်းထပ်ပြောလိုက်ပြန်သည်။

“ဟိုင်ချင်း၊ ဒါမဖြစ်နိုင်တာ ငါဗိုက်ကြီးတာကို ငါကိုယ်တိုင်ဘာလို့မသိရမှာလဲ?! ငါတောင်မသိတဲ့ကိစ္စကို....ကျင်းယွင်ကျောင်းပြောလိုက်တာလား?”

All Chapters