အခန်း (၆၆၁-၆၆၄)
Vol. 34 Ch. 661-664
Space and Rebirth 661
ကျင်းယွင်ကျောင်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူမရှေ့မှောက်ရှိ ဒါရိုက်တာကို စူးစိုက်ကြည့်လိုက်သည်။
“ကျင်းယွင်ကျောင်း၊ ကျောင်းဘက်ကနေ လိမ်ပေးရမယ်လို့ပြောလိုက်တာလား?”
ဒါရိုက်တာသည် အနည်းငယ်အံ့အားသင့်သွား၏။ သူ၏မျက်လုံးထဲတွင် ကျင်းယွင်ကျောင်းဟူသည်မှာ အလွန်တရာခေါင်းမာပြီး တရားမျှတစိတ်အပြည့်ရှိသူဖြစ်သည်။ ဤဓာတ်ပုံအား ငြင်းဆန်နေသောသူမ၏ပုံစံမှာ ခါတိုင်းမြင်နေကျ သူမ၏ပုံစံနှင့် အလွန်ကွဲပြားနေလေ၏။
“မုသားတစ်ခုက လူတစ်ယောက်ရဲ့အနာဂတ်ကို ကယ်တင်နိုင်တယ်ဆိုရင် အဲ့မုသားဆိုတာရှိသင့်တယ်လို့ သမီးထင်တယ်”
ကျင်းယွင်ကျောင်းသည် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
“ဒါရိုက်တာသာလက်မခံနိုင်ဘူးဆိုရင် တခြားရွေးချယ်စရာတစ်ခုရှိပါသေးတယ်”
“လောလောဆယ်မှာ ဟိုင်ချင်းကို အိမ်မှာပဲစာလုပ်ခိုင်းပေါ့။ သူကဒီကျောင်းရဲ့ကျောင်းသူတစ်ယောက်ဖြစ်နေတုန်းဆိုတာ လူတွေကိုတော့ သူသေချာရှင်းပြမှဖြစ်မယ်။ ကျောင်းသားမိဘတွေစိတ်အေးအောင်လုပ်ရုံပါပဲ အမှန်တရားမထွက်ပေါ်လာခင်ထိ သူ့ကိုအိမ်မှာပဲ နားခိုင်းတာပေါ့။ ရှောင်ဟိုင်ချင်းက သူ့ဆန္ဒအလျောက်ဒီကိစ္စကို လုပ်ခဲ့တာမဟုတ်ကြောင်း သမီးဘက်က သက်သေရှာတွေ့တာနဲ့ သူအချိန်မရွေးပြန်လာလို့ရတယ်”
ကျင်းယွင်ကျောင်းသည် ခေတ္တမျှစဥ်းစားပြီးနောက် ထိုသို့ပြောလိုက်၏။ သို့သော် ကျန်နှစ်ဦးသည် ထိုစကားကိုကြားလိုက်သောအခါ အနည်းငယ်မှင်တက်သွားကြသည်။ ရှောင်ဟိုင်ချင်းကိုယ်တိုင်ပင်လျှင် ဇဝေဇဝါဖြစ်နေ၏။
သက်သေဟု သူမပြောလိုက်သလော? ဤကိစ္စသည် ဖြေရှင်း၍မရတော့သောကိစ္စဖြစ်သည်။ ထိုအရာကို ကျင်းယွင်ကျောင်းမသိသလော? ထို့အပြင် တစ်ဖက်လူမှ ဓာတ်ပုံများကိုရိုက်ထားခြင်းဖြစ်ပြီး ကိစ္စတစ်ရပ်လုံးအား ရိုက်ထားသောဗီဒီယိုကိုလည်း ထိုသူတို့က ချန်ထားမည်မဟုတ်ပေ။ ရှောင်ဟိုင်ချင်းသည် နစ်နာသူတစ်ယောက်ဖြစ်ကြောင်း သူမအဘယ်သို့ သက်သေပြမည်နည်း?
ရှောင်ဟိုင်ချင်းသည် လုံးဝကြောင်အမ်းသွားသည်။ ဒါရိုက်တာသည်လည်း အနည်းငယ်ဇဝေဇဝါဖြစ်သွားသဖြင့် ခေတ္တမျှအချိန်ယူစဥ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“အချိန်လိုချင်တာလား? ဟုတ်ပြီ နှစ်ပတ်ပေးမယ်၊ အဲ့မတိုင်ခင် စာမေးပွဲအချိန်အထိ သူ့ကိုအိမ်မှာပဲ စာပေးလုပ်ဖို့ ကျောင်းကခေါင်းဆောင်တွေကို ဆရာအကြံပေးလိုက်မယ်။ နှစ်ပတ်အတွင်း ဒီကိစ္စကိုသေသေချာချာရှင်းမပြနိုင်ရင်တော့....သူ့မှာအပြစ်မရှိဘူးလို့ ပြောလို့မရတော့ဘူး၊ သူ့ဘာသာလူရှေ့ထွက်ပြီး ဝန်ခံမှဖြစ်မယ်”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
“ကိစ္စမရှိပါဘူး”
နှစ်ဦးသားရုံးခန်းမှထွက်လာပြီးနောက် ကျင်းယွင်ကျောင်း၏ စိတ်ပူပန်မှုများ အနည်းငယ်လျော့ကျသွားသည်။
“ယွင်ကျောင်း၊ တကယ်တော့ ငါ့မှာ အဲ့ပုံရဲ့ကော်ပီတွေရှိပေမယ့် သူတို့အားလုံးက မြင်မကောင်းရှုမကောင်းတွေချည်းပဲ၊ အခြေအနေကိုရှင်းပြနိုင်ပြီး ဂျိမ်းစ်ကိုတိုက်ခိုက်နိုင်တဲ့ပုံတွေကို သူတို့ဖျက်လိုက်ကြပြီ...”
ရှောင်ဟိုင်ချင်းသည် အလွန်တရာစိတ်ရှုပ်ထွေးနေလေ၏။
ကျင်းယွင်ကျောင်းသက်ပြင်းချလိုက်သည်။
“ဒါဆိုရင်လည်း အတုလုပ်လို့ရတာပဲမဟုတ်ဘူးလား?”
“ဟိုင်ချင်း၊ နင့်နေရာမှာ ငါသာဆိုရင် တစ်ဖက်လူက ငါ့ကိုခြိမ်းခြောက်စရာရှိမှန်းသိတာနဲ့ သူတို့နဲ အတူတူသေဖို့စိတ်ကူးလိုက်မှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းသည် အေးစက်သောအကြည့်ဖြင့် သူမကိုကြည့်လိုက်သည်။
“ငါဒီတိုင်းသူတို့ကိုပဲ ပေးသေလိုက်မှာ၊ အဲ့တော့ နောက်တစ်ခါကျရင် ဒီလိုဦးနှောက်မရှိတဲ့ကိစ္စမျိုးမလုပ်နဲ့”
“နင်ငါ့ကိုမပြောရသေးဘူး...သက်သေအတုဆိုတာ ဓာတ်ပုံပြန်ရိုက်ဖို့ပြောတာလား?”
ရှောင်ဟိုင်ချင်း ရုတ်တရတ်ဆိုသလို အတွေးပေါက်သွား၏။
“ပြန်ရိုက်တော့ဘာဖြစ်လဲ? သူတို့က ဓာတ်ပုံထဲမှာ ဂျိမ်းစ်မျက်နှာကို ဝါးထားတာပဲမဟုတ်ဘူးလား? သူတို့ပဲယုတ်မာတတ်တာမဟုတ်ဘူး ငါတို့လည်းယုတ်မာတတ်တယ်။ ကျိုးဟိုင်ယန်းက အခု အရက်အဆိပ်သင့်စေမှုနဲ့ စွဲချက်တင်ခံနေရပြီ။ ငါတို့ကျိုးမိသားစုအိမ်ကိုသွားပြီး လုပ်ချင်တာလုပ်လို့ရတယ်၊ ဒီနေရာနဲ့ ဒီလူပဲဆိုတော့ ဓာတ်ပုံတချို့ထပ်ရိုက်ရတာ ဘာခက်မှာလဲ? ဓာတ်ပုံပေါ်ကနေ့စွဲအတွက်တော့ စိတ်မပူနဲ့ ပညာရှင်ဓာတ်ပုံပြင်ဆရာတစ်ယောက်ကို ရှာပြီး ပြန်ပြင်လို့ရတယ်”
ကျင်းယွင်ကျောင်းပြောလိုက်၏။
ရှောင်ဟိုင်ချင်းသည် တံထွေးကိုမြိုချလိုက်သည်။ ကျင်းယွင်ကျောင်း၏ ကမ္ဘာငယ်လေးသည် ဤအချိန်တွင် ပေါက်ကွဲထွက်သွားဟန်ရှိနေပုံရသည်။ သူမခန္ဓာကိုယ်တစ်ခုလုံးသည် မှောင်ရိပ်သန်းသောအငွေ့အသက်များဖြင့် လွှမ်းခြုံနေပြီး သူမစကားပြောလိုက်တိုင်း ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေ၏။
“ဓာတ်ပုံတွေထွက်လာတာနဲ့ ကျောင်းကတာဝန်ရှိသူတွေကို ကြည့်ခိုင်းရမယ်။ သူတို့က အတုနဲ့အစစ်ခွဲခြားတတ်တဲ့ ပညာရှင်တွေမဟုတ်ဘူး၊ နင့်မှာအပြစ်မရှိဘူးဆိုတာကို သူတို့သိရင်လုံလောက်ပြီ။ အဲ့အချိန်ကျမှ အတုမှန်းမသိသာတဲ့ ဓာတ်ပုံနှစ်ပုံကိုရွေးပြီး လူရှေ့ကိုထုတ်ပြရမယ်။ တစ်ယောက်ယောက်က ဒါကိုအတုမှန်းသိရင်တောင် လူအများစုက ကိုယ့်မျက်လုံးနဲ့မြင်တဲ့ဟာကိုပဲ ယုံကြည်ကြမှာဆိုတော့ အကျိုးမရှိဘူးဖြစ်သွားမှာပဲ”
ကျင်းယွင်ကျောင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်အရိပ်အယောင်များ ဖျတ်ခနဲပေါ်သွား၏။ နှစ်ဦးသားသည် ဘေးချင်းကပ်လျက်ဖြင့် အတန်းထဲသို့ ပြန်လျှောက်သွားလိုက်သည်။ ကျင်းယွင်ကျောင်း၏စကားများကို နားထောင်ပြီးနောက် သူမသည် အခြေအနေအား ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် စိတ်ခံစားချက်အလွန်ပြင်းထန်နေသည်ဟု ရှောင်ဟိုင်ချင်းခံစားမိသည်။
သူမသည် အရှက်ခွဲခံရခါနီးဖြစ်သွားသဖြင့် ကလဲ့စားချေရန်သာ တွေးနိုင်တော့သည်ဟု သူမခံစားနေရ၏....ယုတ်မာသည့်နေရာတွင်မူ သူမသည် ကျင်းယွင်ကျောင်းထက်များစွာ ပိုဆိုးပေသည်။
Space and Rebirth 662
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့ ရုံးခန်းထဲမှထွက်လာသည်နှင့် ဒါရိုက်တာသည် တစ်ခုခုကိုမေ့လျော့သွားသလို ခံစားသွားရသည်။ သူသည် သေချာစဥ်းစားကြည့်လိုက်ပြီးနောက် ခေါင်းကိုကုတ်လိုက်၏။ သိလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် နင်သွားလေသည်။
သူသည် အစက ကျောင်းဖိုရမ်ကိစ္စနှင့်ပတ်သတ်၍ ကျင်းယွင်ကျောင်းအား စကားပြောချင်သော်လည်း နောက်ဆုံးတွင် မေ့သွားခဲ့လေသည်။
ဒါရိုက်တာသည် ဖိုရမ်ကိုဖွင့်လိုက်သောအခါ စကားစရှာမရဖြစ်သွားပြန်သည်။ ဝက်ဒ်ပေ့ချ်တစ်ခုလုံး၏ စတိုင်သည် လုံးလုံးပြောင်းလဲနေပြီကို တွေ့လိုက်ရ၏။ သူသည် အခွဲပေ့ချ်များအားလုံးကို ဖွင့်လိုက်သောအခါ အရိုးခြောက်အချို့မှ လွယ်အိတ်များကိုလွယ်ရင်း ခေါင်းခါနေသောပုံအချို့သာရှိနေလေသည်။ ထို့အပြင် အခြားအရာဘာမှမရှိချေ။
သို့ရာတွင် ဤပုံများမှာ...အတန်ငယ်ဆန်းသစ်လှသည်ဟုပြောရမည်...ကျင်းယွင်ကျောင်းသည် ဤကဲ့သို့ “ပါရမီရှင်” မျိုးကို သိလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။
ဤအချိန်တွင် လီရှောက်ယွင်မှာ တုလင်းကိုနံဘေးတွင်ထားပြီး လှုပ်ကုလားထိုင်ပေါ်တွင် မှီနေ၏။ တုလင်းသည် လေးစားမှုများပြည့်နှက်နေသော အကြည့်ဖြင့် သူ၏ကွန်ပြူတာကို ကြည့်နေလေသည်။
“အစ်ကို၊ ဒါတွေပါသိမယ်လို့မထင်ခဲ့ဘူး! ဒါနဲ့...ပြောလက်စနဲ့ ဒီဖိုရမ်လေးအပြင် တခြားဘာတွေ Hack နိုင်သေးလဲ?”
တုလင်း၏မျက်လုံးများ ဝင်းလက်သွားသည်။
လီရှောက်ယွင်ပုံစံမှာ ပျင်းရိလေးတွဲ့နေသည့်ဟန်ပေါက်နေသည်။ သူသည် ကွန်ပြူတာအား တုလင်းလက်ထဲသို့ ထိုးထည့်လိုက်ပြီး အနားယူရန် မျက်လုံးများကိုပိတ်လိုက်သည်။ ထို့နောက် သူသည် လေးတွဲ့သောအသံဖြင့်ပြောတော့သည်။
“အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး ဒီလိုဟာမျိုးကို လက်မဆော့ရတာ ဆယ်နှစ်လောက်ရှိပြီ”
တုလင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။ ဤလူနှင့် အခြားလူများကြားတွင် ကွာခြားချက်အလွန်ကြီးနေသည်မဟုတ်လော?
“အာစရိက ဟက်ကာမှန်း ယွင်ကျောင်းသာသိခဲ့ရင် လန့်ပြီးသေမှာပဲ သူ့ကိုပြောပြပြီး လန့်သွားအောင်လုပ်လိုက်ရမလား?”
တုလင်းမျက်လုံးများ တောက်ပလာပြန်၏။
သို့ရာတွင် လီရှောက်ယွင်မှာ ယခု အမှတ် ၁ အလယ်တန်းကျောင်းမှ ဆရာတစ်ဦးဖြစ်နေချေပြီ။ သူသည် လူအားဖြည့်ရန်သာ ထိုနေရာသို့ရောက်နေခြင်းဖြစ်သော်လည်း လက်သည်တရားခံမှာ သူဖြစ်ကြောင်း ကျောင်းဘက်မှသိသွားခဲ့လျှင် ခေါင်းဆောင်များအားလုံးသည် သေချာပေါက်သေချင်စော်နံသွားကြလိမ့်မည်။
“ဒီအချိန်မှာ....ပြောကြည့်လို့တော့ရတယ် ဒါပေမယ့် ငါသတိမပေးဘူးလို့တော့ အဆိုးမဆိုနဲ့နော် အားကျောင်းက အခုတလောစိတ်ကြည်တာမဟုတ်ဘူး”
လီရှောက်ယွင်ဖြည်းဖြည်းချင်းပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်အပေါ် ကျေးဇူးသိတတ်မှုမရှိသောကြောင့်မဟုတ်ဘဲ ဤအချိန်မျိုးတွင် သူမသည် လူများအား ရှောင်ရှားစေသောအငွေ့အသက်များ ထွက်ပေါ်နေသောကြောင့်ဖြစ်သည်။
“ဒါကြောင့်မို့ အရင်တစ်ခေါက်သူခေါ်တုန်းက အာစရိခပ်ပြတ်ပြတ်ဖြစ်နေတာကိုး”
တုလင်းဟက်ခနဲရယ်လိုက်သည်။ လီရှောက်ယွင်၏ပြုမူပြောဆိုပုံသည် အဘယ်ကြောင့်အေးစက်နေမှန်း သူနောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။ မသိသောလူများကမြင်လျှင် သူသည် ကျင်းယွင်ကျောင်းအပေါ် တစ်စက်မှဂရုမစိုက်သူဟု ထင်သွားနိုင်သည်။
လှုပ်ကုလားထိုင်ပေါ်တွင် လီရှောက်ယွင်သည် အချိန်တစ်ခုစာမျှအိပ်ပျော်သွား၏။ တုလင်းသည် ကွန်ပြူတာကိုဖက်ကာ ဖန်သားပြင်ပေါ်ရှိ အရိုးခြောက်ကိုကြည့်ပြီး အချိန်အတော်ကြာရယ်နေတော့သည်။ ဤသည်မှာ လီရှောက်ယွင်၏အကြိုက်ဖြစ်မှန်း သူအမှန်တကယ်ပင် မထင်မှတ်ထားပါချေ။
....
အချိန်သိပ်မရှိသောကြောင့် ကျင်းယွင်ကျောင်းသည် ကျောင်းမှခွင့်ယူပြီး ရှောင်ဟိုင်ချင်းကိုအဖော်ပြုကာ နင်းမြို့တော်ရှိ ကျိုးဟိုင်ယန်း၏ ဗီလာအိမ်ထဲသို့ သွားလိုက်၏။
ကျင်းယွင်ကျောင်းမှ ခွင့်ယူသောရက်အရေအတွက်မှာ အလွန်များပေသည်။ သို့ရာတွင် သူမ၏ပညာရေးပိုင်းဆိုင်ရာကို ဘယ်သောအခါမှ ဆိုးကျိုးမသက်ရောက်ဖူးချေ။ ဆရာချီသည်လည်း ထိုကိစ္စကို မသိချင်ယောင်ဆောင်ပေးထား၏။ ထို့အပြင် လီရှောက်ယွင်မှာ သူမ၏အုပ်ထိန်းသူဖြစ်သောကြောင့် ဤကိစ္စနှင့်ပတ်သတ်၍ အံ့သြစရာမရှိချေ။
သုံးရက်မျှအချိန်ယူပြီးနောက် ကျင်းယွင်ကျောင်းသည် ဂျိမ်းစ်နှင့်တစ်ထေရာတည်းတူသော အစားထိုးသရုပ်ဆောင်တစ်ဦးကို ရှာတွေ့ခဲ့၏။ ဂျိမ်းစ်သည် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး အသားအရေမှာလည်း အလွန်ဖြူလှသဖြင့် ကျင်းယွင်ကျောင်းသည် ချွတ်စွပ်တူသောလူကိုရှာရာ၌ အချိန်တော်တော်ကြာယူခဲ့ရသည်။
ထိုတင်မက အိမ်ထဲရှိပရိဘောဂများသည်လည်း ယခင်ကအတိုင်း တစ်ထေရာတည်းတူရဦးမည်ဖြစ်သည်။ ကံကောင်းစွာဖြင့် ကျိုးမိသားစုအိမ်ထဲရှိ ပစ္စည်းတိုင်းသည် တန်ဖိုးမြင့်လှပြီး လက်လွတ်စပယ်လွှင့်ပစ်နိုင်သောအရာများမဟုတ်သဖြင့် ပြန်လည်ဖြည့်တင်းရန် လွယ်ကူပေသည်။
ကျိုးဟိုင်ယန်းမှာမူ...ရဲစခန်းတွင်သာရှိသေး၏။
အရာအားလုံးအဆင်သင့်ဖြစ်ချိန်တွင် ကျင်းယွင်ကျောင်းသည် တူညီသောနည်းလမ်းကိုသုံးကာ တစ်ခန်းလုံးအနှံ့ ကင်မရာများတပ်လိုက်သည်။ ကင်မရာများ၏ တံဆိပ်နှင့်မော်ဒယ်များပင်လျှင် ကျိုးမိသားစုအိမ်မှ ကင်မရာများနှင့် တစ်ပုံစံတည်းဖြစ်၏။
ပြင်ဆင်စရာရှိသည်များအားလုံး အဆင်သင့်ဖြစ်သည်နှင့် ပွဲလုပ်ရန်သာ ကျန်တော့ပေသည်။
ဤကိစ္စသည် လိုအပ်သည်ထက် ပိုကြီးကျယ်သွား၍မရသလို အခြားလူများကိုလည်း ဆွဲထည့်၍မဖြစ်ချေ။ မဟုတ်လျှင် ရဲများပါ ပါဝင်ပတ်သတ်လာပါက သူတို့သည် ဤဓာတ်ပုံများ၏စစ်မှန်မှုကို သေချာပေါက်စစ်ဆေးကြလိမ့်မည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ဤဓာတ်ပုံများကိုရိုက်ရာ၌ အလွန်သတိကြီးစွာရိုက်ရလေ၏။
နောက်ဆုံးဓာတ်ပုံတွင် ရှောင်ဟိုင်ချင်း၏ရုန်းကန်နေသောပုံကို မြင်နိုင်ပြီး ဗီလာအိမ်မှ သူမအောင်အောင်မြင်မြင်ထွက်ပြေးလွတ်မြောက်နေသည့်ပုံလည်း ပါဝင်သည်။
အရေးကြီးဆုံးအနေဖြင့် ဤဓာတ်ပုံသည် ရှုထောင့်မျိုးစုံမှ ပုံစံအမျိုးမျိုးထွက်နေခြင်းဖြစ်သည်။ ကျင်းယွင်ကျောင်းသည် အကြိမ်ပေါင်းများစွာရိုက်ကြည့်ပြီးနောက် ပြသာနာမရှိကြောင်း အတည်ပြုပြီးသည်နှင့် သက်မကိုချလိုက်သည်။
Space and Rebirth 663
ကျင်းယွင်ကျောင်းသည် ဓာတ်ပုံများကို လီရှောက်ယွင်ထံပို့ပြီး ဓာတ်ပုံထဲရှိအသေးစိတ်အချက်အလက်များကို ပြုပြင်ပေးရန် ပြောလိုက်၏။
ထိုအဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပြီးသည်မှာ ရက်ပိုင်းခန့်သာရှိသေးပြီး ဒါရိုက်တာမှပေးထားသော နှစ်ပတ်ကြာချိန်မကုန်ခင် ရက်ပိုင်းလောက်လိုသေးသည်။
သို့ရာတွင် ကျောင်းတွင်းရှိ ကောလဟာလများမှာ ပြင်းထန်သထက် ပြင်းထန်လာပေသည်။ ရှောင်ဟိုင်ချင်းသည် ယာယီအနေဖြင့် အိမ်တွင်သာစာကြည့်နေသည်ဟု ကျောင်းဘက်မှပြောကြားခဲ့သော်လည်း အခြားသူများ၏မျက်လုံးထဲတွင် သူမအား ကျောင်းထုတ်လိုက်သည်ဟု ထင်နေကြဆဲဖြစ်၏။
“စုံစမ်းစစ်ဆေးရေး” ဟူသောစကားလုံးကိုပင် လုံးဝလျစ်လျူရှုလိုက်ကြသည်။ ထိုလူများသည် ဓာတ်ပုံကိုတွေ့ထားကြသည်ဖြစ်ရာ ပြန်ချေပ၍မရနိုင်သောလုပ်ရပ်ဟု အခိုင်အမာယုံကြည်ထားကြသောကြောင့်ဖြစ်၏။
ယနေ့တွင် ကျင်းယွင်ကျောင်းသည် ကျောင်းဒါရိုက်တာ၏စားပွဲပေါ်၌ အုပ်လိုက်ရှိသောဓာတ်ပုံများကို တင်လိုက်သည်။ ဒါရိုက်တာ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ ကျင်းယွင်ကျောင်းသည် သူမပြောသောသက်သေကို အမှန်တကယ် ထုတ်ပေးနိုင်လိမ့်မည်မဟုတ်ဟု သူမထင်မှတ်ထားခဲ့ပေ။ သို့ရာတွင် ထိုဓာတ်ပုံများကို စစ်ဆေးကြည့်ရှုရန် ဖွင့်လိုက်သောအခါ သူ၏မျက်နှာတစ်ခွင်လုံး ကြေမွတော့မလိုပင်ဖြစ်သွားသည်။
“ဒါက...ရှောင်ဟိုင်ချင်း၊ ဓာတ်ပုံထဲကလူက ဘယ်သူဆိုတာ မင်းသိတယ်မလား? ဒါက....မုဒိန်းကျင့်ဖို့ကြံစည်မှုပဲ....”
ဒါရိုက်တာသည် ၎င်းကိုလက်မခံနိုင်ဖြစ်သွားလေ၏။ ကျောင်း၏ကျောင်းသူတစ်ဦးက ဤကဲ့သို့သောအရာမျိုးကို ကြုံတွေ့လိုက်ရသည်ဖြစ်ရာ သူသည် အနည်းနှင့်အများဆိုသလို ဒေါသပုန်ထသွားတော့သည်။
“ဒါရိုက်တာ၊ ဒီကိစ္စက သမီးအဖေနဲ့ သက်ဆိုင်နေတာမို့ သမီးရဲမခေါ်ချင်ပါဘူး”
ရှောင်ဟိုင်ချင်းပြောလိုက်သည်။
အကြောင်းအရင်းအစစ်မှာ ရှောင်တောက်အန်းနှင့်မဆိုင်ပါချေ။ ဤဓာတ်ပုံများအားလုံးသည် တမင်ပြုပြင်ရိုက်ကူးထားသောပုံများဖြစ်၏။ ဆရာများက အတုအစစ်မခွဲခြားနိုင်သော်လည်း ၎င်းတို့အား ရဲဘက်ဆိုင်ရာသို့ပို့ပြီး သုံးသပ်အကဲခတ်ခိုင်းလျှင် သူတို့၏လုပ်ရပ် လူမိသွားနိုင်ချေမှာ မြင့်မားပေသည်။ ထိုကဲ့သို့ အကျိုးမရှိနိုင်သောလုပ်ရပ်ကို သူမလုပ်မည်မဟုတ်ချေ။
သူမတုပထားသောဓာတ်ပုံများနှင့် အမှန်တရားသည် ထပ်တူကျလျှင်ပင် လောလောဆယ်တွင်မူ အခြားနည်းလမ်းမရှိပါချေ။
ရှောင်ဟိုင်ချင်းမှ ထိုသို့ပြောလိုက်သောကြောင့် ဒါရိုက်တာသည် စိတ်မကောင်းဖြစ်ရကြောင်းကိုသာ မျက်နှာတွင်ဖော်ပြနိုင်တော့သည်။
“ကျန်တဲ့ခေါင်းဆောင်တွေကို ခဏနေပြောလိုက်မယ်၊ ဒီပုံတွေကို သူတို့ဆီပတ်ပြပြီးရင် ပြန်ပေးမယ် ဒါပေမယ့်...”
ဒါရိုက်တာသည် စကားပြောရင်းဖြင့် မျက်မှန်များကိုချွတ်ကာသုတ်လိုက်ပြီး ပြန်တပ်လိုက်သည်။
“ကျင်းယွင်ကျောင်း၊ ဒီကျောင်းဖိုရမ်က...”
ကျောင်းဖိုရမ်သည် မှောင်မည်းနေဆဲဖြစ်၏။ ကျင်းယွင်ကျောင်းကြောင်အမ်းသွားသည်။
“တောင်းပန်ပါတယ် ဒါရိုက်တာ၊ သမီးလည်း အခုတလောအလုပ်ရှုပ်နေတော့ မေ့သွားတာပါ၊ စိတ်မပူပါနဲ့ ဖိုရမ်ကို အရင်အတိုင်းပြန်ဖြစ်အောင် တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်ပါမယ်”
ရှောင်ဟိုင်ချင်းနှင့်ပတ်သတ်သော မကောင်းသည့်ကောမန့်များအားလုံးကို တစ်ခုချင်းစီဖျက်လိုက်ပြီဖြစ်သည်။ နည်းနည်းမျှပင်မကျန်ပါချေ။
ဒါရိုက်တာ၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။
“ဟုတ်ပြီလေ၊ မင်းတို့တွေအရင်ထွက်သွားလို့ရပြီ....အာ ဟုတ်သားပဲ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက လပိုင်းလောက်ဆိုရင် လုပ်တော့မှာ၊ မင်းတို့နှစ်ယောက် စာပိုကြိုးစားမှဖြစ်မယ်နော်”
ပြောစရာပင်မလိုလောက်အောင် ကျင်းယွင်ကျောင်းဆိုသည်မှာ တစ်ကျောင်းလုံးအဆင့်တစ်ဖြစ်သည်။ ရှောင်ဟိုင်ချင်းမှာလည်း မဆိုးလှချေ။ သူမသည် တစ်ကျောင်းလုံး၏ ထိပ်ဆုံးကျောင်းသား ၂၀ ထဲတွင် ပါဝင်၏။ သို့ရာတွင် ဤမိန်းကလေး၏ စာမေးပွဲရလဒ်မှာ သူမ၏စိတ်အခြေအနေပေါ်တွင် လုံးဝမူတည်နေလေသည်။ သူမစိတ်ကြည်နေလျှင် အဆင့်တစ်မှသုံးအထိရရှိနိုင်ပြီး စိတ်မကြည်လျှင် ထိပ်ဆုံးကျောင်းသား ၅၀ ထဲသို့ပြန်ကျသွားနိုင်သည်။ သို့ရာတွင် သူမသည်သာ အဆင့် ၅၀ ကျော်ပါက အတန်း ၁ မှထွက်ရမည်ကို စိတ်ထဲတွင်သိသောကြောင့် အဆင့် ၅၀ ဟူသည်မှာ သူမအတွက် အနိမ့်ဆုံးဖြစ်လေ၏။
နှစ်ဦးသားခေါင်းငြိမ့်ပြလိုက်သည်။
ဤကိစ္စအား ဒါရိုက်တာအားပြောပြီးနောက် ကျောင်းမှတာဝန်ရှိသူများသည် ထိုနေ့တွင်ပင် အစည်းအဝေးတစ်ခုကျင်းပလိုက်ကြ၏။ သိသည့်သိထိုက်သည်များကို လက်ဆင့်ကမ်းပြောကြားပြီးနောက် ထိုလူတစ်စုသည် ပြောစရာစကားစရှာမရတော့ချေ။
ရှောင်ဟိုင်ချင်းအင်္ကျီအဝတ်အစားများသည် ထိုအချိန်က ဖရိုဖရဲဖြစ်နေခဲ့သော်လည်း သူမစိတ်ဆန္ဒအလျောက်ကြောင့် မဟုတ်ခဲ့ပေ။ ထို့အပြင် သူမသည် ထိုအိမ်ထဲသို့ဝင်သည့်အချိန်မှစ၍ ထွက်လာသည်အထိ အရာအားလုံးကို ဗီဒီယိုရိုက်ကူးထားသည်ဖြစ်ရာ ထိုတရားခံများသည် ဤကိစ္စအား ဂရုမစိုက်ကြောင်း သိသာနေ၏။
သို့ရာတွင် ရှောင်ဟိုင်ချင်းမှ ငြင်းဆန်ခဲ့သည်မှန်သော်လည်း ဤကိစ္စမှထွက်ပေါ်လာသော နောက်ဆက်တွဲအကျိုးဆက်များက ရှိနေသေး၏။ ထို့ကြောင့် အချိန်ယူတိုင်ပင်ဆွေးနွေးပြီးသောအခါတွင် ကျောင်းတာဝန်ရှိသူများသည် သူမအား သတိပေး၍ပြီးဆုံးရန်သာ ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ရှောင်ဟိုင်ချင်းသည် ဓာတ်ပုံထဲတွင် အရက်မူးနေသောကြောင့်ဖြစ်သည်။ အရက်မူးမနေခဲ့လျှင် ဤကဲ့သို့ကိစ္စရပ်နှင့် အထင်လွဲမှုမျိုးသည် ရှိလာခဲ့မည်မဟုတ်ချေ။ ထို့ကြောင့် ရှောင်ဟိုင်ချင်းအား အပြစ်အနည်းငယ်ပေးရခြင်းဖြစ်သည်။
သို့ရာတွင် ပြစ်ဒဏ်အား လူသိရှင်ကြားကြေညာလိုက်သောအခါ တစ်ကျောင်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
သတိပေးချက်ဖြင့်သာ ပြီးဆုံးသွားသဖြင့် ကျောင်းဘက်မှလည်း အကြောင်းရင်းကို ရှင်းပြရပေတော့မည်။ ကျင်းယွင်ကျောင်းမှာမူ လီရှောက်ယွင်မှ ဖိုရမ်အား ယခင်အတိုင်းပြန်လည်ပြုပြင်ပေးပြီးနောက် ကိစ္စ၏ဖြစ်ပျက်ရာအကြောင်းရင်းနှင့် နောက်ဆက်တွဲကိစ္စများကို စီစဥ်ရေးသားပြီး အထင်လွဲစရာဖြစ်နိုင်သောဓာတ်ပုံများကို ဖယ်ရှားကာ ပို့စ်ပြန်တင်လိုက်လေ၏။ ရှင်းပြချက်များ ဆက်တိုက်ထွက်လာပြီးနောက်မှသာ မုန်တိုင်းသည် အနည်းငယ်ငြိမ်ကျသွားလေသည်။
Space and Rebirth 664
လူတိုင်းမှ အမှန်တရားကိုသိလျှင်ပင် သူမ၏ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်၍ရတော့မည်မဟုတ်ကြောင်း ရှောင်ဟိုင်ချင်းစိတ်ထဲတွင် သိနေခဲ့၏။ ဓာတ်ပုံထဲကပုဂ္ဂိုလ်မှာ သူမဖြစ်နေပြီး သူမသည် အထက်တန်းကျောင်းသူတစ်ဦးသာဖြစ်သည်မဟုတ်လော။ မိမိစိတ်ဆန္ဒအလျောက်လုပ်ခဲ့ခြင်းမဟုတ်လျှင်ပင်၊ ဓာတ်ပုံထဲတွင် သာမန်ထက်လွန်ကဲသော ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုများမရှိလျှင်ပင်....အချို့လူများသည် မနေနိုင်မထိုင်နိုင် အတွေးလွန်မိကြလေသည်။
သို့ရာတွင် လက်ရှိအခြေအနေမှာ အလွန်ကောင်းနေပြီဟု ပြောရမည်။ ယခင်အခြေအနေနှင့် ယှဥ်လိုက်လျှင် သူမသည် အလွန်စိတ်ကျေနပ်အားရလေသည်။
“ငါတို့ယွင်ကျောင်းလေး၊ ပြောပါဦး ကျေးဇူးကြွေးကို ဘယ်လိုပြန်ဆပ်စေချင်လဲ?”
ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းအား မျက်စိမှိတ်ပြလိုက်ကာ ခေါင်းကိုရှေ့သို့တိုးလိုက်၏။ သူမ၏ခေါင်းတမင်ရှေ့တိုးလာသည်ကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် လက်ကိုမြှောက်ပြီး သူမမျက်နှာကို တွန်းဖယ်လိုက်သည်။
“ငါကမိန်းကလေးတွေ စိတ်မဝင်စားပါဘူးနော်”
“ဒီလိုလုပ်...ငါက T မြို့တော်ကနေတဆင့် H မြို့တော်ကိုသွားပြီး ပလတ်စတစ်ဆာဂျရီလုပ်လိုက်မယ်၊ ငါပြန်လာရင် အသေအလဲချောတဲ့ ယောက်ျားလေးတစ်ယောက်အဖြစ် ပြန်လာရစေမယ်လို့ အာမခံတယ်။ ကိုယ့်ကန်သင်းရေကို တခြားလူရဲ့လယ်ထဲမရောက်စေနဲ့ဆိုတဲ့စကားတောင် ရှိတယ်မလား၊ အနာဂတ်မှာ နင်တစ်ယောက်ယောက်ကို လက်ထပ်တော့မယ်လို့ ငါစဥ်းစားလိုက်တိုင်း စိတ်ထဲအရမ်းဝမ်းနည်းသွားတာပဲဟာ!”
ရှောင်ဟိုင်ချင်း ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ ကျင်းယွင်ကျောင်းမှာမူ သူမအား မျက်စောင်းသာထိုးကာ အိမ်စာကိုအာရုံစိုက်နေလိုက်သည်။ အတန်းမတက်ဘဲ နေ့ရက်များစွာ ကျော်ဖြတ်ခဲ့သောကြောင့် အစမ်းစာမေးပွဲစာရွက်များ ပုံနေလေသည်။
သူမသည် ကွက်လပ်များကို လျင်မြန်စွာဖြည့်လိုက်ပြီးချိန်တွင် သူမဖုန်းမှ အကြိမ်အနည်းငယ်ခန့် တုန်ခါသွားသည်။ သူမဖွင့်လိုက်သည်နှင့် ပိုင်ယွီအန်းဆီက မက်ဆေ့ချ်ဖြစ်မှန်း မြင်လိုက်ရ၏။
“စိတ်ဝင်စားစရာပဲ၊ အခု ဟိုင်ယန်းကုမ္ပဏီကပစ္စည်းတွေအားလုံးကို စျေးကွက်ထဲကချပြီး ဖျက်ဆီးတော့မယ်တဲ့”
ကျင်းယွင်ကျောင်း၏နှုတ်ခမ်းသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားတော့သည်။
ဆိုလိုသည်မှာ အစိုးရဘက်မှ ဟိုင်ယန်းကုမ္ပဏီ၏ထုတ်ကုန်များနှင့် ပတ်သတ်၍ ပြသာနာတစ်စုံတစ်ရာရှိသည်ဟု ဝန်ခံလိုက်ခြင်းဖြစ်သည်။ အစိုးရ၏စကားများသည် အခြားအရာများအားလုံးထက် ပိုစစ်မှန်သည်ကို သိထားရပေမည်။
“ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကပါ စစ်ကြောရေးခံနေရတယ်လို့ လိုင်းပေါ်မှာ ပြောနေကြတာငါမြင်လိုက်တယ်၊ ပြသာနာတစ်ခုခုရှိလို့လား?”
ရှောင်ဟိုင်ချင်းသည် အပြုံးကိုရပ်ကာ အလေးအနက်ထား၍ မေးလိုက်၏။ ကျင်းယွင်ကျောင်းနှုတ်ခမ်းများကို စေ့လိုက်သည်။
“စိတ်မပူပါနဲ့”
ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ဝိုင်ချက်နည်းများနှင့်ပတ်သတ်၍ မည်သို့သောပြသာနာမျိုးမှ မရှိပါချေ။ သူမအတွက် ကြော်ငြာပေးချင်သောလူများကိုပင် လက်ချိုးရေ၍မရသောအခြေအနေတွင်ရှိနေ၏။
ကျင်းယွင်ကျောင်းသည် ထိုသတင်းကိုရရှိချိန်တွင် နင်းမြို့တော်နှင့် အင်တာနက်တစ်ခွင်လုံး ရုတ်ရုတ်သဲသဲဖြစ်နေကြလေပြီ။ ထိုသတင်းကြေညာချိန်တွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ဂုဏ်သတင်းသည် နေရာမှန်သို့ လုံးဝပြန်လည်ရောက်ရှိသွားပြီး ဟိုင်ယန်းကုမ္ပဏီမှ လုယူခံထားရသော ဖောက်သည်များသည်လည်း အလိုလိုပြန်လာကြပြီဖြစ်သည်။
အစက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ဝန်ထမ်းများသည် အဘယ်ကြောင့် သူတို့၏သူဌေးမှ လစာမလျှော့သည်ကို နားမလည်ခဲ့သော်လည်း ယခုမူ အပြည့်အဝနားလည်သွားကြချေပြီ။ လုပ်ငန်းချောက်တွင်းသို့ကျပြီးချိန်တွင် စီးပွားရေးတိုးတက်ထွန်းကားချိန် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ပိုင်ယွီအန်းသည် တစ်ပြားမှမသုံးစွဲလိုက်ရဘဲ ဟိုင်ယန်းကုမ္ပဏီ၏ ကျော်ကြားမှုအားလုံးကို သိမ်းပိုက်နိုင်ခဲ့လေသည်။ ကျိုးဟိုင်ယန်းနှင့် ဂျိမ်းစ်သည် သန်းရာချီသုံးစွဲထားခဲ့သည်ဖြစ်ရာ ထိုပမာဏ၏နှစ်ဆမျှ ဆုံးရှုံးခြင်းကို ခံစားရကြတော့၏။ ယခုတွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှာမူ လှပသောအလှည့်အပြောင်းကို စံစားနေရလေပြီ။ နောက်လအနည်းငယ်အတွင်းတွင် ကုမ္ပဏီ၏ရောင်းအားသည် အဆပေါင်းများစွာ ထောင်တက်တော့မည်ဖြစ်၏။
ရောင်းအားတက်ရုံမက ဘရန်း၏နာမည်သည်လည်း အဆင့်မြင့်သထက် မြင့်လာပြီဖြစ်သည်။ ဤကုမ္ပဏီမှာ အစိုးရဌာနများကပင် အသိအမှတ်ပြုရသည့် သမ္မာအာဇီဝကုမ္ပဏီတစ်ခုမဟုတ်လော။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီနှင့် ယှဥ်လိုက်လျှင် ဟိုင်ယန်းကုမ္ပဏီမှာ စုတ်ပြတ်သတ်သောအခြေအနေတွင် ရောက်နေ၏။
ကျိုးဟိုင်ယန်းသည် ကုမ္ပဏီ၏ တာဝန်ရှိသူဖြစ်သည်။ ပစ္စည်းနှင့်ပတ်သတ်၍ ပြသာနာတစ်စုံတစ်ရာရှိခဲ့လျှင် သူသည် သေချာပေါက်တာဝန်ယူရပေမည်။ ကံကောင်းစွာဖြင့် သူ၏ဝိုင်ကိုသောက်သုံးပြီး သေဆုံးသူမရှိခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် ကျိုးဟိုင်ယန်း၏နာမည်သည် ပို၍ပင်ပျက်စီးသွားပေလိမ့်မည်။ သူသည် တရားဝင်ဒဏ်ကြေးအား ပေးဆောင်ရန် လက်ခံလိုက်ပြီးနောက် နစ်နာသူများကိုလည်း နစ်နာကြေးပေးရတော့မည်။
သို့ရာတွင် ဤသည်မှာ အစသာရှိသေးသည်။
နောက်လာမည့် လပိုင်းအတွင်းတွင် ကျိုးဟိုင်ယန်း၏ကုမ္ပဏီသည် စုံစမ်းစစ်ကြောရေးမျိုးစုံကို ရင်ဆိုင်ရတော့သည်။ ဝိုင်များကို ရှင်းလင်းဖျက်ဆီးပြီးနောက် ဟိုင်ယန်းကုမ္ပဏီထွက်မုန့်များတွင် ပြသာနာများရှိသည်ဟု တိုင်ကြားကြသူများ ရှိလာပြန်သည်။
ယေဘုယျအားဖြင့် ဤကဲ့သို့သောကုမ္ပဏီများသည် ယုံမှားဖွယ်ကြော်ငြာရေးနည်းလမ်းများကို အသုံးပြုတတ်ပြီး ဟိုင်ယန်းကုမ္ပဏီမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။ သူတို့၏အစားအသောက်များသည် စျေးဝယ်သူများ၏ ကျန်းမာရေးကိုမထိခိုက်စေနိုင်သော်လည်း အထုပ်ပေါ်တွင်ရေးသားထားသော ပါဝင်ပစ္စည်းအချို့သည် အမှန်တကယ်ပါဝင်သောပစ္စည်းများနှင့် ကိုက်ညီမှုမရှိကြောင်း လျင်မြန်စွာရှာဖွေ့တွေ့ရှိခဲ့လေသည်။ သူတို့သည် ထပ်မံ၍ ဒဏ်ကြေးဆောင်ရသော်လည်း ဤတစ်ခေါက်တွင် ဒဏ်ကြေးပမာဏမှာ မကြီးလေးလှချေ။ ယွမ်သောင်းသိန်းချီလောက်သာရှိသော်လည်း သူတို့၏နာမည်ဂုဏ်သိက္ခာမှာမူ လုံးလုံးပျက်စီးသွားပြီဖြစ်သည်။
စူပါမားကတ်များ၊ ရှော့ပင်းမောလ်နှင့် အခြားသောလုပ်ငန်းများသည် ကျိုးဟိုင်ယန်းနှင့် မပူးပေါင်းရဲတော့ချေ။