← Chapters

အခန်း (၆၆၅-၆၆၈)

Vol. 34 Ch. 665-668

အခန်း (၆၆၅-၆၆၈)

Vol. 34 Ch. 665-668

Space and Rebirth 665

ကျန်ခဲ့သောလပိုင်းအတွင်းတွင် ကျိုးဟိုင်ယန်းသည် အဖန်တလဲလဲ လောကဒဏ်ကို အလူးအလဲခံခဲ့ရသည်။

ဂျိမ်းစ်နှင့် ကျိုးဟိုင်ယန်းသည် တစ်လှေတည်းစီးနှင့်ပြီးသောလူများဖြစ်နေလေပြီ။ ယခုတွင် ကျိုးဟိုင်ယန်းသည် အကြွေးတွင်းထဲနစ်နေပြီး သူ၏ပိုင်ဆိုင်မှုအများစုကိုလည်း အကြွေးနှင့်သိမ်းခံရပြီဖြစ်သည်။ သူ၏ကုမ္ပဏီမှာ အနာဂတ်တွင် အလားအလာမရှိတော့သဖြင့် ဂျိမ်းစ်သည်လည်း သူ့ထံမှ ခြူးတစ်ပြားမှ မရရှိနိုင်တော့ပါချေ။

သန်းရာချီသောငွေများအားလုံးသည် လုံးဝပြုန်းတီးသွားလေပြီ။ ကျိုးဟိုင်ယန်းအား ကြွေးမြီဟုသတ်မှတ်နိုင်သော်လည်း လက်ရှိအခြေအနေတွင် သူသည် မည်သည့်နည်းနှင့်မျှ အကြွေးပြန်ဆပ်နိုင်မည်မဟုတ်ချေ။

ဂျိမ်းစ်သည် သူ၏ဝှီးချဲတွင်ထိုင်ကာ စုတ်ပြတ်သတ်နေသောမျက်နှာပိုင်ရှင် ကျိုးဟိုင်ယန်းမှ သူ့အား စာရွက်စာတမ်းအချို့ကမ်းပေးသည်ကို ကြည့်နေ၏။ ဂျိမ်းစ်သည် ‌ဒေါသထွက်လွန်းသဖြင့် အရာအားလုံးကိုလွှင့်ပစ်လိုက်သည်။

“အမှိုက်ကောင်! မင်းကတကယ်အသုံးမကျတဲ့ကောင်ပဲ!”

ဂျိမ်းစ်သည် ကျိုးဟိုင်ယန်း၏နှာခေါင်းနားထိ လက်ညှိုးငေါက်ငေါက်ထိုးကာ သူ့အား ဆက်လက်အော်ငေါက်ကြိမ်းမောင်းလိုက်သည်။

“ငါ့မှာတော့ မင်းကိုဒီလောက်ငွေတွေအများကြီးပေးထားတာတောင် ဒီလိုနည်းနဲ့ ကျေးဇူးပြန်ဆပ်တာလား? မင်းကပိုင်ယွီအန်းထက် အများကြီးပိုဆိုးတာပဲ!”

ပိုင်ယွီအန်းသည် သေချာပေါက် အကျိုးအမြတ်အထွန်းကားဆုံးလူဖြစ်နေလေပြီ! ကျောက်စိမ်းဝိညာဥ်ဝိုင်ရောင်းသည့်နေရာတိုင်းတွင် လက်မလည်အောင်ရောင်းချနေရ၏!

အင်တာနက်ပေါ်ရှိလူများစွာသည် ကျိုးဟိုင်ယန်းနှင့် သူ၏ကုမ္ပဏီပေါ် ရင်းနှီးမြုပ်နှံသူများမှ မိမိတို့ပြိုင်ဘက်များအတွက် ငွေသုံး၍ ကြော်ငြာပေးခဲ့သောကြောင့် ဦး‌နှောက်မရှိသောဝက်များဟု ခေါ်နေကြပြီဖြစ်သည်။

ကျိုးဟိုင်ယန်းသည် အလွန်အရှက်ရနေ၏။ လွန်ခဲ့သောလပိုင်းအတွင်းတွင် သူသည်တဖြည်းဖြည်းအိုစာလာခဲ့သည်။ သူ၏မျက်နှာသည် အမွေးအမျှင်များရိတ်သိမ်းထားခြင်းမရှိသဖြင့် ဆံပင်မှာ ယခင်ကထက် များစွာရှည်လျားနေပြီး မျက်လုံးများမှာလည်း ထိုင်းမှိုင်းနေသည်။ ငှက်သိုက်ပုံစံဖြစ်နေသောဆံပင်နှင့်အတူ သူသည် အချိန်အတော်ကြာ အနောက်တိုင်းဝတ်စုံကို မချွတ်ရသေးသဖြင့် ချဥ်စုတ်စုတ်အနံ့များထွက်နေပြီဖြစ်၏။

သူသည် လူပေါင်းများစွာကို ခယတောင်းပန်ခဲ့သော်လည်း အရာအားလုံးသည် အကျိုးမရှိတော့ချေ။ ကုမ္ပဏီ၏ဝန်ထမ်းအများစုသည် အလုပ်ထွက်ကုန်ပြီဖြစ်ပြီး ကျန်ရစ်သောသူများမှာလည်း ကျိုးဟိုင်ယန်းမှ လစာပေးမည်ကို စောင့်မျှော်နေကြသောသူများဖြစ်သည်။

မည်သူကမျှ သူ့အား တမင်ဖိနှိပ်ထားခဲ့ခြင်းမရှိချေ....ပိုင်ယွီအန်းသာ သူ့အားတမင်နှိပ်ကွပ်လိုသဖြင့် တစ်ခုခုလုပ်ခဲ့လျှင်ပင် သူသည် စိတ်သက်သာရာရဦးမည်။ အနည်းဆုံးအနေနှင့် သူ၏အရေးနိမ့်မှုမှာ သူ၏အသုံးမကျမှုကြောင့် မဟုတ်မှန်း သက်သေပြနိုင်၏။

သို့သော် ယခုတွင် ပိုင်ယွီအန်းမှာ သူ့အားရှိသည်ဟုပင် သဘောမထားချေ။ လူပုံအလယ်တွင် ကျိုးဟိုင်ယန်းအကြောင်းအမေးခံရလျှင် ပိုင်ယွီအန်းသည် ရွံရှာစက်ဆုပ်သောမျက်လုံးများဖြင့်သာ သူ့ကိုကြည့်တတ်၏။ မသိလျှင် ကျိုးဟိုင်ယန်းမှာ မည်မျှပင်ကြိုးစားအားထုတ်ပါ‌စေ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား လိုက်တုပနေသော လူရွှင်တော်တစ်ဦးနှယ်မြင်နေပုံရ၏။

ပိုင်ယွီအန်းသည် ထိုသို့တမင်တကာလုပ်နေမှန်း သူသိပေသည်။ သူ့အား နှိပ်ကွပ်ရမည့်အစား အဆုံးစွန်ထိ မခံချင်အောင်သာ ရန်စနေ၏။ အပြင်ဘက်တွင် ပိုင်ယွီအန်းအား သဘောထားကြီးသည့်လူဖြစ်ကြောင်း ချီးကျူးသူများစွာရှိလာနေပြီဖြစ်သည်....

ကျိုးဟိုင်ယန်းသည် မျှော်လင့်ချက်မဲ့နေသောနှလုံးသားဖြင့် ဂျိမ်းစ်ရှေ့မှောက်တွင် ရပ်လိုက်သည်။ သူသည် မည်ကဲ့သို့ရှုံးနိမ့်သွားသည်ကို စဥ်းစားမရပါချေ။

ဝိုင်ချက်နည်းက တစ်ခုခုမှားနေခြင်းလော? သို့ရာတွင် အရသာမှာ တစ်ထေရာတည်းတူသော်လည်း ဝိုင်ချက်နည်းတွင် ပါဝင်သောပစ္စည်းများမှာ ကွဲပြားနေသည်ဟု သူမယုံကြည်နိုင်သေးချေ။

ဂျိမ်းစ်မှာမူ သူ၏နားရွက်နားတွင် ဆက်တိုက်ကျိန်ဆဲနေဆဲဖြစ်သော်လည်း ကျိုးဟိုင်ယန်းမှာ ကြားပုံမရချေ။ သူသည် ခေါင်းကိုကုတ်၍သာ ရေရွတ်နေတော့သည်။

“ဝိုင်ချက်နည်းကအတူတူပဲ၊ တစ်ယောက်ယောက်က ငါ့ကိုချောက်ချလိုက်တာ၊ နစ်နာသူတွေအားလုံးကလည်း အတုတွေချည်းပဲ...”

ကျိုးဟိုင်ယန်းသည် ငေးတိငေးကြောင်ဖြင့် ထိုသို့ပြောရင်း အဆောက်အဦးထဲမှ ထွက်သွား၏။ သူအောက်ထပ်သို့ရောက်သည်နှင့် မျက်နှာပေါ်တွင် ဒဏ်ရာဗလပွဖြင့် ကြမ်းပြင်ပေါ်တွင်လှဲနေကြသော အကြွေးရှင်များစွာကို တွေ့လိုက်ရသည်။

ကျင်းယွင်ကျောင်းသည် ထိုဖြစ်ရပ်အားလုံးကို အဝေးတစ်နေရာမှကြည့်ပြီး အနီးအနားရှိ စိတ်ကျန်းမာရေးဆေးရုံအား ဖုန်းဆက်လိုက်သည်။ ထိုမျှလောက် အထိနာသွားပြီးနောက် သူသည်သာ မရူးသွားလျှင် ကျင်းယွင်ကျောင်းသည် သူ့အား တစ်နည်းနည်းဖြင့် ဤလောက၌ အသက်ဆက်ရှင်ခိုင်းဦးပေမည်။ သူမ၏ ငွေအပ်များကိုအသုံးပြု၍လည်း တစ်ခုခုလုပ်နိုင်၏။

သို့ရာတွင် သူမသည် မဖြစ်မနေလိုအပ်သည့်အချိန် မရောက်မချင်း သူမ၏ဆေးပညာစွမ်းရည်ကိုအသုံးပြု၍ လူများအား အန္တရာယ်မပြုလိုပါပေ။ မဟုတ်လျှင် သူမစိတ်ထဲတွင် တစ်နည်းနည်းဖြင့် စနိုးစနောင့်ဖြစ်နေပေမည်။

ကျိုးဟိုင်ယန်း၏ မိဘနှစ်ပါးလုံးသည် နိုင်ငံရပ်ခြားတွင် ရှိနေခဲ့၏။ သူတို့သည် ကုမ္ပဏီမတော်မဆဖြစ်မှုအပြီးတွင် ပြန်ရောက်လာခဲ့သော်လည်း အလွန်နောက်ကျသွားခဲ့ချေပြီ။ ထို့ကြောင့် သူတို့သည်လည်း ကျိုးဟိုင်ယန်းကို မကူညီနိုင်လိုက်ရချေ။

ကျိုးဟိုင်ယန်းမှ စိတ်ကျန်းမာ‌ရေးဆေးရုံသို့ ရောက်သည်နှင့် သူသည် ဆက်တိုက်ရုန်းကန်နေခဲ့၏။ သူမည်မျှပင်ရှင်းပြရန် ကြိုးစားစေကာမူ မည်သူမှသူ့အားအရေးမစိုက်ကြပေ။ သူ့အား ဆေးထိုးအပ်ဖြင့် ဆေးတစ်လုံးထိုးပြီးမှသာ ငြိမ်ကျသွားလေ၏။

Space and Rebirth 666

ကျိုးဟိုင်ယန်းဆေးရုံသို့ ရောက်သည်နှင့် သူ၏သက်ဆိုင်ရာမိဘများကို အသိပေးရတော့သည်။

သို့ရာတွင် သူ၏မိဘများမှာ စိတ်မကောင်းဖြစ်ကြသော်လည်း သိပ်မအံ့သြကြချေ။ သူတို့၏သားသည် ထိချက်ပြင်းစွာခံထားရသဖြင့် တစ်နေ့နေ့တွင် ဤသို့ဖြစ်မည်ကို သူတို့စိတ်ထဲတွင် သိနေခဲ့ကြသည်။ ဆရာဝန်နှင့် ပူးပေါင်း၍ သူတို့သားဖြစ်သူ၏ ပုံမှန်ဖြစ်နေကျတုံ့ပြန်ချက်များကို ဆွေးနွေးပြီးနောက် စဥ်းစားကြည့်လိုက်သောအခါ ဆေးဝါးကုသရေးအတွက် စိတ်ကျန်းမာရေးဆေးရုံတွင်သာ ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်ကြလေ၏။

ကျိုးဟိုင်ယန်းနိုးလာသောအခါ သူသည် ဆက်လက်ရှင်းပြရန် ကြိုးစားလေသည်။ သို့သော် ယခင်တစ်ခေါက်အတိုင်းပင် ဆရာဝန်များနှင့် သူနာပြုများသည် သူ၏ရောဂါထဖောက်လာသည်ဟုသာ ထင်ကြသဖြင့် သူခုခံရုန်းကန်တိုင်း ချုပ်နှောင်၍သာ ဆေးများထိုးပေးလိုက်ကြ၏။

အချိန်တစ်ခုကြာသောအခါ ကျိုးဟိုင်ယန်းသည် ဇဝေဇဝါဖြစ်နေလေပြီ။ သူ၏ဦးနှောက်သည် တစ်ခုခုလွဲနေကြောင်း ရှင်းရှင်းလင်းလင်းခံစားလိုက်ရ၏။ ညှင်းပန်းနှိပ်စက်မှုဒဏ်ကို လပိုင်းခန့်ခံရပြီးနောက် သူ၏စိတ်အခြေအနေသည် လွတ်ထွက်လုမတတ်ဖြစ်နေချေပြီ။ ဤအရှုပ်တော်ပုံအပြီး၌ ပို၍ပင် ပြသာနာတစ်ခုဖြစ်လာတော့၏။

နေ့စဥ်ရက်ဆက် သူသည် စာရွက်တစ်ရွက်ပေါ်တွင် တစ်ခုခုကိုရေးဆွဲတတ်ပြီး ၎င်းမှာ ဝိုင်ချက်နည်းတစ်ခုဖြစ်ကြောင်း လူတိုင်းကို လိုက်ပြောတော့သည်။ နေ့တိုင်းလိုလိုပင် သူသည် ဆေးရည်ပေါင်းများစွာကိုသယ်ပြီး ဤသည်မှာ ပင်လယ်ပြာအရက်ဖြစ်ကြောင်း၊ အရသာမှာ ထူးကဲကြောင်း အခြားသူများကို လိုက်လံပြောဆိုတတ်၏။ အခြားလူနာများမှ သူ၏စကားကိုချေပသည်နှင့် သူသည် စိတ်ထဖောက်တော့သည်။ အခြားသူများကို ကန်ကြောက်ထိုးကြိတ်ပြီး တစ်နေ့တခြား ပို၍ကြမ်းကြုတ်သထက် ကြုမ်းကြုတ်လာလေသည်။

ကျိုးဟိုင်ယန်းသည် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်နေချိန်တွင် ကျင်းယွင်ကျောင်းသည် ဂျိမ်းစ်အတွက်လည်း လက်ဆောင်တစ်ခုပြင်ဆင်ထားခဲ့၏။

သူသည် အမျိုးသမီးများကို အလွန်နှစ်သက်လှသူဖြစ်ရာ သူ့အစေခံကို ကောင်းကောင်းခံနိုင်မည့်သူအား ကျင်းယွင်ကျောင်းရှာပေးရမည်မဟုတ်လော။ သူမသည် ဂျိမ်းစ်နှင့်တစ်ညအတူအိပ်ရန် ရောဂါရှိသောအမျိုးသမီးတစ်ဦးကို ခိုင်းစေခဲ့၏။ ဂျိမ်းစ်အိမ်ပြန်ရန် ပြင်ဆင်နေဆဲတွင် သူသည် လိင်မှတဆင့်ကူးစက်သောရောဂါတစ်ခု ရရှိနေပြီဖြစ်ကြောင်း ရှာဖွေသိရှိလိုက်ရသည်။ သူသည် ဒေါသထွက်လွန်းသဖြင့် ပစ္စည်းတိုင်းကို ကိုင်ပေါက်ဖျက်ဆီးလေတော့၏။

ကျင်းယွင်ကျောင်းသည် သူ၏ဗီလာအိမ်ထဲသို့ ခိုးဝင်သွားခဲ့သည်။ ထိုအချိန်၌ ဂျိမ်းစ်၏ဘေးတွင် အမျိုးသမီးတစ်ဦးရှိနေလေသည်။ သူမသည် လုပ်လက်စတန်းလန်းဖြင့် တစ်ခုခုလွဲမှားနေသည်ကို ခံစားလိုက်ရသဖြင့် ရပ်တန့်လိုက်ကာ အော်ငေါက်ကြိမ်းမောင်းလိုက်သည်။

“အဘိုးကြီး! ရောဂါရှိနေတာကို ဘာလို့အတူအိပ်ဖို့ မိန်းမရှာနေတာလဲ? ကျွန်မကိုသတ်ဖို့များကြိုးစားနေတာလား?!”

ထိုစကားကိုပြောပြီးသည်နှင့် သူမ၏အသစ်ဝယ်ယူထားသော ဒီဇိုင်နာအိတ်ဖြင့် ဂျိမ်းစ်အား တဖုန်းဖုန်းရိုက်တော့သည်။ ထို့နောက် ကြောက်ရွံ့မှုများပြည့်နှက်နေသောမျက်နှာဖြင့် သူမသည် တံခါးပေါက်ဝမှ အလျင်အမြန်ပြေးထွက်သွားတော့၏။

ဂျိမ်းစ်တစ်ကိုယ်လုံး ဝတ်လစ်စလစ်ဖြစ်နေသည်။ သူ၏မျက်နှာသည် ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

ထိုအချိန်တွင် အမှောင်ထုထဲ၌ပုန်းနေခဲ့သော ကျင်းယွင်ကျောင်းသည် ပတ်ဝန်းကျင်အခြေအနေကို ဝေ့ပတ်ကြည့်ရှုပြီး လက်ကိုပင့်ကာ သူမပြင်ဆင်လာသောလက်နက်ပုန်းကို ပစ်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် ထိုလက်နက်သည် ဂျိမ်းစ်ခေါင်းပေါ်ရှိ မီးဆိုင်းကြီးအတွဲလိုက်အား ထိမိသွားပြီး “ဝုန်း” ဟူသောအသံဖြင့် အောက်သို့ပြုတ်ကျလာလေတော့သည်!

မီးဆိုင်းပြုတ်ကျလာသောအချိန်တွင် ဂျိမ်းစ်သည် ရုတ်ရုတ်သဲသဲအသံများကို ကြားလိုက်ရပြီဖြစ်သည်။ သူသည် မသိစိတ်၏စေ့ဆော်မှုဖြင့် အပေါ်သို့မော့ကြည့်လိုက်သော်လည်း အလွန်နောက်ကျသွားခဲ့လေပြီ။ သူသည် ချက်ချင်းဆိုသလိုပင် သွေးအိုင်ထဲတွင် လဲသွား၏။

ဗီလာအိမ်ကြီး၏တံခါးကို စောင့်ကြပ်နေသော အစောင့်နှစ်ဦးသည် ဆူညံသံများကို ကြားလိုက်ရသဖြင့် အပြေးအလွှားရောက်ရှိလာခဲ့၏။ သူတို့သည် ဂျိမ်းစ်၏ဖြစ်ပုံကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်အံ့အားသင့်သွားလေသည်။

ကျင်းယွင်ကျောင်းမှာမူ ဒဏ်ရာအနာတရမရှိဘဲ ထွက်ပြေးနှင့်ပြီဖြစ်သည်။

ငတ်နေသောကုလားအုတ်တစ်ကောင်သည် မြင်းတစ်ကောင်ထက် ကြီးပေသေးသည်။ ဂျိမ်းစ်သည် ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်၏။ သန်းရာချီဆုံးရှုံးရသည်မှာ သူ့အတွက် ဆုံးရှုံးမှုကြီးတစ်ခုဟုဆိုနိုင်သော်လည်း အိုးစာကွဲလောက်သည်ထိမဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ သူမသည် ထိုကဲ့သို့သောလူမျိုးအား ဤလောကပေါ်၌ ဆက်၍မထားချင်တော့ချေ။

ဂျိမ်းစ်သည် ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့၏။

ဤသည်မှာ သူမအနေနှင့် လူတစ်ဦးတစ်ယောက်အား မိမိလက်ဖြင့်သတ်ခဲ့ခြင်း ပထမဆုံးအကြိမ်ဖြစ်သော်လည်း စိတ်ထဲတွင် နှစ်ထောင်းအားရဖြစ်မိပေသည်။ ဂျိမ်းစ်ကဲ့သို့လူမျိုးနှင့် ပတ်သတ်လာလျှင် စိတ်သဘောထားနူးညံ့၍မရပေ။

ဂျိမ်းစ်၏သေဆုံးမှုကြောင့် သူ့ကိုသိသောသူမှန်သမျှပါ အံ့အားသင့်ထိတ်လန့်သွားကြ၏။ သို့ရာတွင် သူသည် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး ဤနိုင်ငံတွင်လည်း စီးပွားဖက်အနည်းငယ်သာရှိသည်ဖြစ်ရာ သူ့အတွက် ဝမ်းနည်းပူဆွေးပေးသူ တစ်ဦးမှမရှိပါချေ။ ထို့အပြင် ဂျိမ်းစ်သည် သူ၏တဏှာရာဂကြီးမှုနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့် နာမည်ကြီးသူတစ်ဦးဖြစ်၏။ ဤကဲ့သို့လူစားမျိုးက သေသွားသည်ဖြစ်သောကြောင့် မည်သူကမှ သူ့အတွက် ဝမ်းနည်းပေးလိုခြင်းမရှိကြချေ။

ထိုတင်မက ဂျိမ်းစ်ဘဝကူးစဥ်တွင် သူ၏အိမ်ထဲ၌ သူတစ်ဦးတည်းသာရှိခဲ့၏။ အခင်းဖြစ်ရာနေရာတွင် လက်ဗွေရာမရှိသောဓားတစ်ချောင်းကို ရှာတွေ့ခဲ့ကြသော်လည်း ထိုကဲ့သို့သောအရာက မီးဆိုင်းကြိုးများအား ဖြတ်နိုင်ရန် မဖြစ်နိုင်ပါချေ။ ထို့အပြင် တစ်စုံတစ်ဦးမှ မီးဆိုင်းကြိုးကိုဖြတ်ချင်လျှင် မြင့်မားလှသောအဆောက်အဦးတစ်ခုပေါ် တွယ်တက်ရမည်ဖြစ်ရာ သာမန်လူတစ်ဦးက ထိုလုပ်ရပ်မျိုးကို အဘယ်သို့လုပ်နိုင်မည်နည်း?

ထို့ကြောင့် ဤအမှုအား ပိတ်သိမ်းလိုက်ပြီး မတော်တဆမှုတစ်ခုအနေနှင့်သာ သတ်မှတ်လိုက်ကြလေသည်။

ဟိုင်ယန်းကုမ္ပဏီသည်လည်း ကိစ္စတုံးသွားပြီဖြစ်သည်။ ဟိုင်ယန်းကုမ္ပဏီနှင့် အများဆုံးသက်ဆိုင်သူနှစ်ဦးမှာ သေသည့်လူကသေ၊ ရူးသည့်လူက ရူးနေလေပြီ။ ထိုမှသာ သူတို့၏နာမည်ဆိုးသည် အတိတ်တွင်ကျန်ခဲ့တော့လေသည်။

မည်သို့ပင်ဖြစ်စေကာမူ လပိုင်းခန့်ကြာလျှင် ကျင်းယွင်ကျောင်းသည် သူမဘဝ၏ အရေးကြီးဆုံးစာမေးပွဲကို ဖြေရတော့မည်ဖြစ်၏။

Space and Rebirth 667

နွေရာသီသို့ ကူးပြောင်းလာပြီဖြစ်၍ လေထုတစ်ခုလုံးတွင် အပူငွေ့များ ရိုက်ခတ်နေလေ၏။ ပူပြင်းလှသောနေရောင်သည် မြေပြင်ပေါ်သို့သက်ရောက်ကျဆင်းနေသဖြင့် လူများငြိမ်ငြိမ်နေနိုင်ရန် ခဲယဥ်းလှပေသည်။

စာမေးပွဲအခန်းတွင် “ဂျစ် ဂျစ် ဂျစ်” ဟူသော စာရေးသံများကိုသာကြားနေရသည်။ ကျောင်းသားတိုင်းစိတ်လှုပ်ရှားနေကြပြီး အချို့ကျောင်းသားများမှာ အလေးအနက်ထားဖြေနေကြလေသည်။ သူတို့၏အာရုံအပေါင်းသည် ရှေ့မှောက်တွင်ရှိသော စာမေးပွဲစာရွက်ပေါ်တွင် စုပြုံရောက်ရှိနေ၏။

ဤမေးခွန်းကို တွေ့လိုက်သောအခါ ကျင်းယွင်ကျောင်းသည် ၎င်းအားမြင်ဖူးသလိုလိုရှိသွားသည်။

သူမသည် ယခင်ဘဝက ဤစာမေးပွဲကိုမဖြေခဲ့သော်လည်း ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးတို့မှာမူ ဖြေခဲ့ပေသည်။ သူတို့နှစ်ဦးသား အိမ်ပြန်ရောက်သောအခါ အချိန်အတော်ကြာဆွေးနွေးခဲ့ကြသေး၏။ သူမသည် သူတို့၏ဆွေးနွေးသောအကြောင်းအရာအချို့ကို ကြားခဲ့ဖူးသော်လည်း ထိုအချိန်က အဖြေမှန်ကို မသိခဲ့ချေ။ ထို့အပြင် နှစ်ပေါင်းများစွာကြာနေပြီဖြစ်ရာ ယခုမေးခွန်းတွေ့မှသာမှတ်မိတော့သဖြင့် ညစ်သည်ဟုပြော၍မရပေ။

ကျင်းယွင်ကျောင်းသည် မေးခွန်းများကို အသော့ဖတ်လိုက်ပြီးနောက် သူမ၏ဘောပင်သည် အသက်ဝင်လှုပ်ရှားလာသည်။ အနီးအနားရှိ အချို့သောကျောင်းသားများသည် သူမအား အားကျသောမျက်ဝန်းများဖြင့် မကြည့်ဘဲမနေနိုင်တော့ချေ။

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေ၏။ သုံးရက်ဆက်တိုက် စာမေးပွဲဖြေရသောကြောင့် လူတိုင်း၏ခြေလှမ်းများသည် လေးလံနေပြီဖြစ်သည်။ ခရိုင်တစ်လုံးသည် ယခင်ကထက် ပို၍တိတ်ဆိတ်ငြိမ်သက်နေလေ၏။

“ငါတို့တွေက တစ်မြို့တည်းကိုပဲ သွားကြမှာမလား?”

စာမေးပွဲပြီးသည်နှင့် ရှောင်ဟိုင်ချင်းသည် စာမေးပွဲပြီးသည့်အနေနှင့် အထိမ်းအမှတ်ပွဲကျင်းပရန် အားလုံးကိုစုရုံးပြီးမေးလိုက်၏။ ထိုစကားများကို ပြောလိုက်သောအခါ အားလုံးမှင်တက်သွားကြလေသည်။

“ဘာလဲဟ? မဟုတ်မှလွဲရော အနာဂတ်မှာ ဘယ်ကျောင်းသွားချင်တယ်၊ ဘယ်မေဂျာတက်ချင်တယ်ဆိုတာကို အခုထိမတွေးရသေးတာလား?”

ရှောင်ဟိုင်ချင်းသည် သူတို့အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

“အနာဂတ်မှာ ငါကအဘိုးအစား မိသားစုကိုဦးဆောင်ရမှာဆိုတော့ ငွေကြေးဆိုင်ရာနဲ့ပတ်သတ်တဲ့ဟာတစ်ခုခု တက်ဖြစ်မယ် ဘယ်ကျောင်းလဲဆိုတာကတော့...”

ထန်ကျစ်ဟွားပြုံးလိုက်သည်။

“မင်းတို့တွေနဲ့တော့ တစ်မြို့တည်းမဖြစ်လောက်ဘူး၊ ငါက X မြို့သွားချင်တာ။ အဲ့မှာ ပိုကောင်းတဲ့တက္ကသိုလ်တွေရှိသလို နေရတဲ့ရပ်ကွက်ကလည်း ပိုကောင်းတယ်”

“မြို့တော်ထဲ မသွားဘူးပေါ့?”

စူးချူသည် စိတ်မကောင်းဖြစ်ဟန်ဖြင့် ထန်ကျစ်ဟွားကို ကြည့်လိုက်၏။

သို့ရာတွင် ဤကဲ့သို့အခြေအနေမျိုးကို အားလုံးခန့်မှန်းနှင့်ပြီးဖြစ်သည်။ သူတို့သည် အတန်ငယ် စိတ်မကောင်းဝမ်းနည်းဖြစ်မိကြသော်လည်း သူတို့လုပ်ပေးနိုင်သောအရာတစ်ခုမှ မရှိချေ။

“အစ်ကို၊ ငါဆေးပညာမသင်ချင်ဘူး ဒါပေမယ့် အဘိုးကိုလည်းမပြောရဲဘူး ဘယ်လိုလုပ်ရမလဲ?”

စူးချူဆက်ပြောလိုက်၏။ ထိုစကားကို ကန်ကျင်းချန်ကြားသောအခါ...

“မင်းလည်း မသင်ချင်ဘူးလား? ဒီတစ်ခေါက်တော့ ပွဲသိမ်းပြီ ငါလည်းအတူတူပဲ”

အဘိုးကန်သည် သူ၏ဘဝတွင် အလိုချင်ဆုံးသောအရာမှာ သူ၏ဆေးပညာအမွေကို လက်ဆင့်ကမ်းခဲ့ပေးရန်ဖြစ်၏။ သို့သော် ယခု ကန်ကျင်းချန်နှင့် စူးချူမှာ မထင်မှတ်ထားစွာဖြင့် ဆေးပညာကိုစိတ်ဝင်စားမှုမရှိသူများဖြစ်နေသည်။ သူတို့သည်သာ ဆေးပညာနှင့်သက်ဆိုင်မှုမရှိသော အရာတစ်ခုခုကို ရွေးလိုက်လျှင် အဘိုးကန်သည် သွေးတက်ပြီးမေ့လဲသွားနိုင်သည်။

နှစ်ဦးသားသည် ဝမ်းနည်းပက်လက်ဖြစ်နေသောမျက်နှာဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် စူးချူသည် ကျင်းယွင်ကျောင်းအား မချင့်မရဲဖြင့်စူးစိုက်ကြည့်ကာ ပြောလိုက်၏။

“အစ်မ၊ အဘိုးကန်ကို ကူပြောပေးလို့ရမလား? ငါတို့နှစ်ယောက်က ဒီနယ်ပယ်မှာ တကယ်ပါရမီမပါဘူး၊ အချိန်ပိုင်းလောက်သင်တာကိစ္စမရှိပေမယ့် အစ်မလိုမျိုးသာ ရေကုန်ရေခမ်းကြိုးစားသင်ရရင် ပျင်းလို့သေသွားလိမ့်မယ်...”

ဆေးပညာကို သင်ကြားရသည်မှာ အလွန်ရှည်ကြာပြီး စိတ်မချမ်းမြေ့စရာလုပ်ငန်းစဥ်ဖြစ်၏။ အထူးသဖြင့် တရုတ်တိုင်းရင်းဆေးပညာဖြစ်သည်။ နေ့တိုင်းလိုလို ကျက်မှတ်ရမည့်အရာများ မရေမတွက်နိုင်အောင်ရှိပြီး နားလည်အောင် သင်ကြားရမည့် ထူးဆန်းသော တရုတ်တိုင်းရင်းဆေးအခေါ်အဝေါ်များစွာရှိလေသည်။ သူတို့အတွက်မူ ဤသည်မှာ စိတ်ညစ်ဖွယ်ကိစ္စရပ်ကြီးဖြစ်လေ၏။

ယခင်က သူတို့သည် ငယ်ရွယ်သောသူများဖြစ်သောကြောင့် လိမ္မာကျိုးနွံစွာဖြင့် ရှိနေခဲ့ကြသေးသည်။ ယခုမူ တစ်ဘဝလုံးစာနှင့်ပတ်သတ်လာပြီဖြစ်၍ သေချာပေါက် အဘိုးကန်စကားကို နားမထောင်ချင်တော့ပါချေ။

ကျင်းယွင်ကျောင်းမှ လက်ကာပြလိုက်သည်။

“ငါမကူညီနိုင်ဘူး၊ မသင်ချင်ဘူးဆိုရင်လည်း ကိုယ်တိုင်ပြောလိုက်ကြ။ ငါပြောရင် အဘိုးကန်က ဒီထက်ပိုဒေါသထွက်ရုံပဲရှိမှာ”

စူးချူသည် သူမနှုတ်ခမ်းများကို စူလိုက်၏။ အလွန်ခေါင်းခဲစရာကိစ္စရပ်တစ်ခုပင်။

သူတို့သည် ထွက်ပေါ်လာမည့်ရလဒ်ကို စိတ်မပူကြချေ။ သူတို့ထင်သလိုမဖြစ်လာလျှင်ပင် အရှုံးမရှိနိုင်ရာ။

“ဒါပေမယ့် နင်တို့နှစ်ယောက်က ဆေးပညာမသင်ချင်ဘူးဆိုတော့ ဘာတက်ချင်တာလဲ?”

ကျင်းယွင်ကျောင်းထပ်မေးလိုက်၏။ သူမသည် အနည်းငယ်လည်း သိချင်သွားသည်။

နှစ်ဦးလုံး မှင်တက်သွားလေ၏။ စူးချူသည် သူမခေါင်းကိုခါယမ်းပြီး အချိန်အတော်ကြာစဥ်းစားလိုက်သည်။

“ငါ့အထင်တော့...အနုပညာအငွေ့အသက်တွေ ပြည့်နေတဲ့ဟာတွေကို ငါကြိုက်တုန်းပဲ...ဥပမာပြောရရင် အနုပညာမေဂျာတွေပေါ့...”

ကျင်းယွင်ကျောင်းသည် မျက်ခုံးများကိုပင့်လိုက်သော်လည်း မအံ့သြပါချေ။

Space and Rebirth 668

စူးချူသည် လိမ္မာရေးခြားရှိပြီး တည်ငြိမ်သောစရိုက်ရှိသူဖြစ်၏။ သူမသည် ငယ်စဥ်ကတည်းကပင် ပညာရပ်မျိုးစုံကို သင်ယူခဲ့ရသဖြင့် အခြေခံကောင်းပေသည်။

စူးချူစကားပြောပြီးနောက်တွင် ကန်ကျင်းချန်သည် အနည်းငယ်ရှိးတိုးရှန်းတန်းဖြစ်သွားပြီး ဘာမှဆက်မပြောတော့ချေ။ ကန်ကျင်းချန်မှ ရေငုံနှုတ်ပိတ်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အခြားသူများသည် စိတ်ဝင်စားသွားကြ၏။ ရှောင်ဟိုင်ချင်းမှ လျင်မြန်စွာ မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ ကန်ကျင်းချန်? ဘာတွေအဲ့လောက်လျှိုနေတာလဲ?”

“ငါ့အထင်တော့ ယောက်ျားလေးဆိုတာ တပ်ထဲဝင်ရင်ဝင်၊ မဝင်ရင် နိုင်ငံရေးလုပ်ရင်လုပ်သင့်တယ်ထင်တာပဲ...အဲ့တော့ အခုမှ စဥ်းစားတုန်းပါ...”

ကန်ကျင်းချန်ပြောပြီးနောက်တွင် အခြားသူများ၏မျက်လုံးများ ဝင်းလက်တောက်ပသွားသည်။ ရှောင်ဟိုင်ချင်းဆိုလျှင် သူ၏ပုခုံးကိုပါပုတ်ကာ ပြောလိုက်၏။

“တော်တယ်၊ နင်က နင်လုပ်ရမယ့်အလုပ်ကို စဥ်းစားနေပြီ၊ အနာဂတ်မှာ ဘာလုပ်မလဲဆိုတာကိုပါ အစီအစဥ်ချနေပြီပေါ့”

သို့ရာတွင် သူသည်သာနိုင်ငံရေးသမားလုပ်ချင်လျှင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအနေနှင့် လုပ်ရသည်က ပိုကောင်းပေမည်။ တပ်ထဲဝင်ချင်လျှင်မူ....ကျင်းတုတွင် အကောင်းဆုံးသောစစ်တက္ကသိုလ်များစွာရှိ၏။

ရှောင်ဟိုင်ချင်း ပြုံးကာဆက်ပြောလိုက်သည်။

“ပန်းတိုင်တစ်ခုရှိတယ်ဆိုတာ ကောင်းတဲ့အရာပဲ၊ ငါကတော့ ကျင်းတုကိုသွားဖို့ဆုံးဖြတ်လိုက်ပြီ ဘာမေဂျာတက်မလဲဆိုတာတော့ မတွေးရသေးဘူး”

“ယွင်ကျောင်း၊ နင်ကတော့အံ့သြစရာမရှိပါဘူး၊ တရုတ်တိုင်းရင်းဆေးပညာကိုပဲ ရွေးတက်မှာမလား...”

“ဟင့်အင်း၊ တရုတ်တိုင်းရင်းဆေးအကြောင်းသင်ပေးမယ့် ဆရာတစ်ယောက်လုံး ဒီမှာရှိနေတာဆိုတော့ အဲ့လိုသွားအချိန်ဖြုန်းစရာမလိုဘူး”

ကျင်းယွင်ကျောင်းသည် ရေတစ်ငုံသောက်ကာ ပြန်ဖြေလိုက်သည်။

ရှောင်ဟိုင်ချင်းသည် ခေတ္တမျှကြောင်အမ်းသွားပြီးနောက် ဆက်ပြောလိုက်သည်။

“မှန်တာပဲ...”

အခြားသူများလည်းခေါင်းငြိမ့်လိုက်ကြသည်။

သူတို့သည် ကျင်းယွင်ကျောင်း၏ဆေးပညာစွမ်းရည်နှင့် ပတ်သတ်လာလျှင် အနည်းငယ်သိထားကြလေသည်။ သူမ၏အဆင့်သည် အဘိုးကန်ထက်များစွာ မြင့်မားသောတစ်နေရာတွင်ရှိနေ၏။ တိတိကျကျ မည်မျှထိကျွမ်းကျင်ကြောင်းကိုမူ သူတို့သည်မသိသောကြောင့် မဝေဖန်ရဲကြပေ။

သို့ရာတွင် သူမစွမ်းရည်ဖြင့်ဆိုလျှင် တရုတ်တိုင်းရင်းဆေးပါမောက္ခတစ်ဦးပင် သေချာပေါက်ဖြစ်နိုင်ကြောင်း သူတို့သိကြ၏။ သူမသည် စာသင်သားတစ်ဦးဖြစ်ရန် လုံးဝမလိုပါချေ။

သို့သော်ငြား သူမသည် တရုတ်တိုင်းရင်းဆေးအား မတက်ဘဲနေမည်ဆိုလျှင် အနောက်တိုင်းဆေးပညာကို သင်ယူမည်လော? ထိုသို့ဆိုလျှင် အဘိုးကန်သာသိပါက မေ့လဲကျမည်မက ကျင်းယွင်ကျောင်း၏လျှို့ဝှက်ဆရာနှင့် အကြီးအကဲရှုသည်လည်း သဘောတူကြမည်မဟုတ်ပေ။

ထို့အပြင် ကျင်းယွင်ကျောင်းသည် အနောက်တိုင်းဆေးပညာနှင့်ပတ်သတ်၍ လုံးဝမသိနားမလည်သည်တော့မဟုတ်ပေ။ သူမသည် ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒတို့နှင့် သက်ဆိုင်သောစာအုပ်များအား ပွေ့ဖက်သယ်ဆောင်သွားတတ်သည် သူတို့မကြာခဏမြင်ဖူး၏။ သူမသည် ၎င်းတို့အား ယခင်က မိမိဘာသာလေ့လာဖတ်ရှုထားပုံရပေသည်။

သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ရှောင်ဟိုင်ချင်းသည် စိတ်ရှုပ်သွားဟန်ဖြင့် သူမဆံပင်ကိုသာထိုးဖွလိုက်တော့သည်။

“ထားလိုက်တော့၊ စာမေးပွဲအမှတ်တွေထွက်မှ ဆက်ပြောကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ယွင်ကျောင်း၊ နင်သွားမယ့်နေရာကို ငါလိုက်မယ်၊ ငါတို့နှစ်ယောက်အတူရှိမှဖြစ်မယ်!”

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွား၏။ သူတို့သည် ကျောင်းဆင်းမည့်အထိမ်းအမှတ်အနေဖြင့် သေရည်ကို ဝဝလင်လင်သောက်ကာပျော်ပါးကြလေသည်။

“ဟိုင်ချင်း၊ နင့်ရေချိန်က တော်တော်တက်လာတဲ့ပုံပဲ...”

ပုလင်းအနည်းငယ်ခန့်ရှိပြီးနောက် ရှောင်ဟိုင်ချင်းသည် မူးပုံမရသေးချေ။ သူမသည် စိတ်လက်တက်ကြွနေပုံရ၏။

ကျင်းယွင်ကျောင်း သူမအား ဝေ့ကြည့်လိုက်သည်။

“အခုမှသိတာလား? ဒီလပိုင်းအတွင်း နေ့တိုင်းလိုလို သူ့ကိုယ်ပေါ်ကနေ အရက်နံ့နည်းနည်းစီရနေတာ၊ ညတိုင်းအိမ်မှာ အသောက်ကျင့်နေတာနေမှာပေါ့”

“တကယ်ကြီးလား?! ငါအရင်တစ်ခေါက်ကရတဲ့အနံ့က သေချာပေါက်မွှေးတဲ့အနံ့ပါ၊ နင်တောင် ခေါင်းလျှော်ရည်အသစ်ပြောင်းသုံးထားတာလို့ ပြောသေးတယ်လေ...”

စူးချူသူမအား မျက်စောင်းထိုးကြည့်လိုက်သည်။

“ယွင်ကျောင်း၊ နင့်နှာခေါင်းက ခွေးနှာခေါင်းလား? မနက်တိုင်း အဲ့အနံ့ကိုဖျောက်ဖို့ ငါ့မှာတော့ ရေချိုးလိုက်ရတာ၊ အနံ့ဖျောက်ဖို့ ရေမွှေးတစ်ပုလင်းတောင် ဝယ်လိုက်သေးတယ်...”

ရှောင်ဟိုင်ချင်းသည်လည်း အံ့အားသင့်နေ၏။ ကျင်းယွင်ကျောင်းသည် သူမအား ပိန်းရန်ကောဟူသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“တစ်ညလောက်ပဲဆိုရင်တောင် အရက်သောက်ထားတဲ့သူက သာမန်လူထက် အသားအရောင်၊ စိတ်အခြေအနေ၊ သွေးခုန်နှုန်းစတာတွေ ကွာခြားတယ်။ ပြီးတော့ နင်မနက်တိုင်း နင့်ဆံပင်ကိုပြန်ဖွနေတာ ငါဘယ်လိုလုပ်မသိဘဲနေမှာလဲ? အဲဒါအပြင် ငါနင့်ကိုနေ့တိုင်းသကြားလုံးကျွေးနေတာ ဘာအတွက်ကြောင့်ထင်လဲ?”

ကျင်းယွင်ကျောင်း ညင်သာစွာ ပြုံးလိုက်သည်။

ရှောင်ဟိုင်ချင်း ကြက်သေသေသွား၏။ သူမသည် နှုတ်ခမ်းများကို ပြန်သပ်လိုက်သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် အမြဲတစေ စားပွဲခုံပေါ်တွင် သကြားလုံးတစ်ဘူးစီ တင်ထားပေးခြင်းဖြစ်၏။ ထိုသကြားလုံးသည် အနံ့အရသာအလွန်ကောင်းလေသည်။ သူမသည် စပ်စုကြည့်ချင်သဖြင့် မြည်းစမ်းကြည့်လိုက်တိုင်း စားပြီးသည်နှင့် တစ်ကိုယ်လုံးနေရထိုင်ရသက်သာသွားတတ်စမြဲဖြစ်၏။

ထိုသကြားလုံးဆိုသည်မှာ သူမအတွက် အထူးပြင်ဆင်ပေးထားခဲ့ခြင်းလော?

ရှောင်ဟိုင်ချင်း၏မျက်လုံးထဲတွင် အသည်းပုံများပြည့်နှက်သွားသည်။

“တွေ့လား၊ ငါပြောပါတယ် ယွင်ကျောင်းက ငါ့ကိုအချစ်ဆုံးပါလို့၊ ငါ့အတွက်ဒီလောက်တောင် လုပ်ပေးထားတာ။ လတွေကြာနေတာတောင် ငါအခုမှသိရတယ်!”

All Chapters