အခန်း (၆၆၉-၆၇၂)
Vol. 34 Ch. 669-672
Space and Rebirth 669
ရှောင်ဟိုင်ချင်း၏နှလုံးသားတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။
ကျင်းယွင်ကျောင်းမှာမူ ဘာမှသိပ်မပြောချေ။ နှုတ်ခမ်းကိုစေ့ကာသာ ပြုံးလိုက်၏။
ရှောင်ဟိုင်ချင်းမှ အရက်သောက်ကျင့်နေရသည့် အကြောင်းအရင်းကို သူမတွေးကြည့်ပေးနိုင်သဖြင့် မတားခဲ့ခြင်းဖြစ်သည်။ သူမသည်သာ အစောပိုင်းကတည်းကပင် ပြောခဲ့ပါက ရှောင်ဟိုင်ချင်းသည် သေချာပေါက်ရှက်သွားမည်ဖြစ်သဖြင့် မသိချင်ယောင်ဆောင်နေခဲ့ပေသည်။ ယခုတွင် ရှောင်ဟိုင်ချင်း၏ အရက်သောက်နိုင်စွမ်းမှာ မြင့်တက်လှသည်ကို သူမတွေ့လိုက်ရပြီဖြစ်သဖြင့် စိတ်အေးလက်အေးဖြင့် ပြောနိုင်တော့ပေသည်။
ရှောင်ဟိုင်ချင်းသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အရက်၏ချုပ်နှောင်မှုအောက်တွင် သူမမလုပ်ချင်သောအရာအား တစ်ဖန်ထပ်လုပ်မိမည်ကို စိုးရိမ်နေသောကြောင့်ဖြစ်မည်။ သူမသည် လဲကျသောနေရာမှ ပြန်ထရပ်တတ်သောသူဖြစ်၏။ ၎င်းမှာ သူမ၏စရိုက်သဘာဝပင်။
သူတို့လူစုသည် တစ်ညလုံးအပြင်ဘက်တွင် ဆော့ကစားပျော်ပါးခဲ့ကြ၏။ ပြန်ရောက်ကြသောအချိန်တွင် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းမှလွဲ၍ ကျန်သောသူအားလုံးမှာ မူးဝေနေကြလေပြီ။ စူးချူမှာ ကျင်းယွင်ကျောင်းကိုယ်ပေါ်တွင် ကပ်ပါးကောင်ကဲ့သို့ မှီခိုတွယ်ကပ်နေပြီး လက်လွှတ်ရန်ငြင်းဆန်နေလေသည်။ ထန်ကျစ်ဟွားနှင့် ကန်ကျင်းချန်မှာ အချင်းချင်း ‘အစ်ကိုကြီး’ ဟုခေါ်နေကြသဖြင့် ကျင်းယွင်ကျောင်းသည် ထိုမြင်ကွင်းကိုကြည့်ရင်း အံ့အားလည်းသင့်ကာ ရယ်ချင်ပက်ကျိဖြစ်မိတော့၏။
သူတို့နှစ်ဦးသည် စရိုက်လည်းတူသည့်အပြင် မိမိတို့၏ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်ကြသူများဖြစ်ပေသည်။ ပုံမှန်အားဖြင့် သူတို့သည် အချင်းချင်းပြိုင်ဆိုင်နေတတ်ကြသော်လည်း ယခုမူ သူတို့၏ဆက်ဆံရေးသည် ချက်ချင်းဆိုသလို နက်ရှိုင်းသွားသကဲ့သို့ ဖြစ်နေလေ၏။
“ရှောင်တောက်အန်းက...အခုတလော ပြသာနာရှာသေးလား?”
ကျင်းယွင်ကျောင်းသည် စူးချူကို ချီမထားရင်း ရှောင်ဟိုင်ချင်းကို မေးလိုက်သည်။
ရှောင်ဟိုင်ချင်း၏မျက်နှာသည် ဝိုင်အနည်းငယ်သောက်ထားသဖြင့် နီမြန်းနေပြီး ချစ်စဖွယ်ဖြစ်နေကာ ကလူ၏သို့မြှူ၏သို့ပုံစံဖြစ်နေလေ၏။ သူမသည် နှုတ်ခမ်းများကိုကွေးကာ ပြောလိုက်သည်။
“သူလား? အားတဲ့အချိန်တိုင်း လာတတ်ပေမယ့် ငါကတော့ သူ့ကိုမတွေ့ဘူး၊ တံခါးရဲ့လျှို့ဝှက်နံပါတ်ကို ပြောင်းလိုက်တယ်လေ။ ဒါပေမယ့် သူ့ဆီကနှိပ်စက်ခံရပြီးတဲ့နောက်မှာ ကျန်းရုံရဲ့ စိတ်အခြေအနေလည်း သိပ်မကောင်းတော့ဘူး၊ သူ့မှာကိုယ်ဝန်ရှိနေတာတောင် အရင်ကထက် အများကြီးပိန်ကျသွားတယ်။ ကံကောင်းလို့ သိပ်မကြာခင် သူမွေးတော့မှာ”
ကျင်းယွင်ကျောင်းသည် ခါးသက်စွာပြုံးလိုက်၏။ ကျန်းရုံသည် မီးဖွားတော့မည်ဖြစ်ရာ ရှောင်တောက်အန်းသည် ယခင်ကထက် ပို၍ပင် အရူးမီးဝိုင်းဖြစ်တော့မည်မဟုတ်လော?
ရှောင်တောက်အန်း၏ ကုမ္ပဏီသည် အရွယ်အစားအရသေးသွားပြီး ယခင်က သူဝယ်ယူထားသောအိမ်ကြီးမှာလည်း ရောင်းလိုက်ရပြီဖြစ်သည်။ ထိုအိမ်ကြီးမှတဆင့် နင်းမြို့တော်ထဲတွင် သာမန်တိုက်ခန်းတစ်ခုသို့ ပြောင်းနေရပြီဖြစ်သော်လည်း ထိုတိုက်ခန်းမှာလည်း မဆိုးလှဟုပြောရမည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်တောက်အန်းမှာ မကျေနပ်နိုင်သေးချေ။ သူသည် နင်းမြို့တော်၏ အထက်တန်းစားလူကုံထံအသိုင်းအဝိုင်းသို့ ဝင်ရန် ခြေတစ်လှမ်းသာ လိုအပ်ခဲ့သည့်လူမဟုတ်ပေလော။ ထိုကဲ့သို့ လူနေမှုအဆင့်အတန်းကွာခြားသွားခြင်းသည် ဤဘဝတွင် ပြန်လည်ကြိုးစား၍ရလောက်တော့မည်မဟုတ်ချေ။ ထို့ကြောင့် သူသည် မကြာခဏဆိုသလို ရှောင်ဟိုင်ချင်းအားခေါ်ကာ သူဌေးမျိုးစုံနှင့် သွားရောက်တွေ့ဆုံရန်လုပ်တတ်လေ၏။ အမှန်တကယ်ပင် အရှက်ကင်းမဲ့သောလူဖြစ်လေသည်။
သို့ရာတွင် ကျင်းယွင်ကျောင်းနားမလည်နိုင်သည်မှာ ရှောင်ဟိုင်ချင်းမှ အဘယ်ကြောင့် ထိုကဲ့သို့နေရာမျိုးစုံကို သူနှင့်အတူအဖော်ပြုလိုက်ပါသွားရန် သဘောတူရသနည်းဟူသည်ကိုဖြစ်၏။ ယခုတွင် သူမ၏လူမှုရေးစွမ်းရည်များသည် များစွာတိုးတက်လာပြီဖြစ်ပြီး၊ အဆက်အသွယ်များစွာလည်း ရရှိနေလေပြီ။ ကံကောင်းစွာဖြင့် သူမလုပ်ဆောင်နေသောအရာများကို သိနားလည်ပြီးမှ ရှောင်တောက်အန်းနှင့်အတူ စားသောက်ရန် အဖော်ပြုပေးခြင်းဖြစ်လေသည်။ ထို့ကြောင့် ဂျိမ်းစ်နှင့်ဖြစ်ပျက်ခဲ့သောအရာများ ထပ်မံမဖြစ်ပါချေ။
“ကျန်းရုံဗိုက်ထဲကကလေးကို နင်ဘယ်လိုဆက်ဆံမလဲဆိုတာ ငါတကယ်မသိဘူး”
ကျင်းယွင်ကျောင်းဇဝေဇဝါဖြစ်နေ၏။
“ဘာခက်လို့လဲ? ဘယ်သူ့ကလေးပဲဖြစ်ဖြစ် ဒီကလေးက ကျန်းရုံကို ခြိမ်းခြောက်ဖို့ ငါ့ရဲ့ဓားစာခံပဲ။ ငါဒီကလေးနဲ့ မြို့တော်ထဲသွားရင် ကျန်းရုံလည်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ငါ့အဖေ...”
“အရာအားလုံးက သူ့လက်ထဲမှာရှိတယ်လို့ ထင်နေပေမယ့် သူ့မှာဘာမှမကျန်တော့တာကို သိပုံမရဘူး။ အမြဲတမ်း သူနဲ့အတူ တွေ့ဆုံပွဲတွေသွားနေတာ ဘာကြောင့်လို့ထင်လဲ? ငါစကားတစ်ခွန်းဟလိုက်တာနဲ့ ငါ့အဖေက သူ့လက်ထဲမှာရှိသမျှအရာအားလုံးကို ချက်ချင်းဆုံးရှုံးရလိမ့်မယ်ဆိုတာ ငါအာမခံတယ်”
ရှောင်တောက်အန်း မည်သည့်အကြံအစည်မျိုး ကြံစည်စေကာမူ သူမသည် လူအချို့ကိုဖုန်းဆက်လိုက်သည်နှင့် သူလုပ်သမျှအရာတိုင်းအား ခရေစေ့တွင်းကျသိနိုင်ပေမည်။ ထိုတင်မက ဤအတောအတွင်းတွင် သူမသည် အတတ်နိုင်ဆုံးကြိုးစားပြီး သူမဖခင်ဖြစ်သူ၏ စာကြည့်ခန်းနှင့် သူ၏ကုမ္ပဏီကိုပင် အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် သွားခဲ့၏။ သူမဖခင်အား ခြိမ်းခြောက်ရာ၌ အသုံးပြုနိုင်မည့် အချက်အလက်များအားလုံးကို သူမရှင်းရှင်းလင်းလင်းသိထားပြီဖြစ်သည်။ ထိန်းသိမ်းထားရမည့်သက်သေအထောက်အထားများကို ထိန်းသိမ်းပြီး၊ မိတ္တူပွားထားသင့်သည့်အရာများကိုလည်း မိတ္တူကူး၍ သိမ်းထားနှင့်လေပြီ။
“အိမ်တွင်းသူခိုးအား ဖမ်းရသည်မှာ ပိုခက်သည်” ဟူသောစကားပင်ရှိသည်မဟုတ်လော။ သူမသည် ထိုစကားပုံထဲမှ အိမ်တွင်းသူခိုးဖြစ်လေသည်။
သို့သော် ယခုတွင် ရှောင်တောက်အန်းမှ အရာအားလုံးကို ဆုံးရှုံးရန် အချိန်မတန်သေးချေ။ အဘယ်ကြောင့်ဆိုသော် သူ၏သမီးဖြစ်သူမှ ချမ်းသာကြွယ်ဝသောဘဝကို ရရှိနေပြီဖြစ်ကြောင်း သူမမြင်ရသေးသောကြောင့်ဖြစ်၏။
ဤအရာကိုစဥ်းစားလိုက်သောအခါ ရှောင်ဟိုင်ချင်း၏မျက်လုံးများ လက်ခနဲဖြစ်သွားသည်။ သူမသည် ငွေကိုလိုအပ်နေလေသည်။ ကျင်းယွင်ကျောင်းတွင် ငွေရှိသော်ငြား သူမသည် လိုက်လံငွေချေးရလောက်သည်ထိ မျက်နှာမပြောင်ပါချေ။ မိမိကိုယ်မိမိသာ အားကိုးရန် စီစဥ်ထားလေ၏။
Space and Rebirth 670
ရှောင်ဟိုင်ချင်းသည် ခေါင်းကိုခါယမ်းလိုက်ကာ စာမေးပွဲအကြောင်းစဥ်းစားလိုက်ပြန်သည်။ သူမစိတ်ထဲမှ ထွက်လမ်းတစ်ခုကို တွေးမိသွားသော်လည်း ကျင်းယွင်ကျောင်းကို သူမကြည့်လိုက်သောအခါ အချိန်အတော်ကြာ သူမအကြည့်ထဲတွင် ဝေခွဲမရဖြစ်ဟန်များ သန်းသွားသည်။
ဤစာမေးပွဲပြီးသည်နှင့် လုပ်စရာအလုပ်များစွာရှိလေသည်။
ကျင်းယွင်ကျောင်းသည် တစ်ဖန်ထပ်၍ အိမ်တွင်းပုန်းခရုလေးတစ်ကောင်ဖြစ်သွားချေပြီ။ သူမသည် သူမ၏အချိန်အားလုံးနီးပါးအား နေရာလွယ်နယ်မြေထဲတွင် ကုန်ဆုံးပြီး ဝိညာဥ်ကျောက်စိမ်းတစ်ဝက်ကျော်ခန့်ကို စုပ်ယူခဲ့၏။ နေရာလွတ်နယ်မြေထဲတွင် ဆေးဖက်ဝင်အပင်များ၊ သစ်သီးသစ်ဖုများနှင့် ဟင်းသီးဟင်းရွက်များ နေရာအနှံ့ရှိနေလေသည်။
ဤဟင်းသီးဟင်းရွက်များကိုကြည့်ရင်း ကျင်းယွင်ကျောင်းသည် ယွီထျန်းရှန်းကို ပြန်လည်သတိရသွား၏။
သူမသည် မြို့တော်ထဲသို့သွားမည်ဟု လီရှောက်ယွင်အား ကတိပေးထားခဲ့သောကြောင့် ပစ္စည်းပစ္စယများအား သယ်ယူပို့ဆောင်ရသည်မှာ ပို၍ကရိကထများချေတော့မည်။ ကံကောင်းစွာဖြင့် နေရာလွတ်နယ်မြေထဲရှိပစ္စည်းများ၏ လုံခြုံမှုမှာ အပြင်ဘက်ထက်စာလျှင် များစွာပိုကောင်းပေသည်။ မဟုတ်လျှင် ယွီထျန်းရှန်း၏ဟင်းလျာများအား ထိခိုက်ကုန်တော့မည်။
သို့ရာတွင် သယ်ယူပို့ဆောင်ရေးပြသာနာအား အပြည့်အစုံဖြေရှင်းရသည်မှာ လွယ်ကူပေသည်။ ခရိုင်အနီးတစ်ဝိုက်တွင် ရွာများစွာရှိသည်ဖြစ်ပြီး လူများအသုံးမပြုသောမြေနေရာများစွာ ရှိသောကြောင့်ဖြစ်၏။ ၎င်းတို့ဖြင့် ဖူလုံနိုင်ပေသည်။ အရသာမှာ နေရာလွတ်နယ်မြေကဲ့သို့ မကောင်းနိုင်သော်လည်း ဂရုတစိုက်ပျိုးထောင်ပြီး ပိုးသတ်ဆေးများကို ရှောင်ရှားသရွေ့ အရသာသည် အလွန်ကွာခြားမည်မဟုတ်ပေ။
ဤအရာကို အနာဂတ်၌ တုလင်းမှ ဖြည်းဖြည်းချင်း အကောင်းအထည်ဖော်နိုင်ပေသည်။ အလောသုံးဆယ်ဖြစ်စရာမလိုပေ။
ကျင်းယွင်ကျောင်းမှ ဗဟုသုတမျိုးစုံကို အေးအေးချမ်းချမ်းစုပ်ယူနေစဥ်တွင် အပြင်ဘက်၌ အချိန်သည်လျင်မြန်စွာ ကုန်ဆုံးနေလေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် စာမေးပွဲရလဒ်များကို ကြေညာမည့်နေ့ ရောက်ရှိလာပေပြီ။
နေရာလွတ်နယ်မြေထဲရှိအချိန်မှာ အပြင်လောကထက် ငါးဆပိုနှေးသောကြောင့် ကျင်းယွင်ကျောင်းသည် ၎င်းကိုလုံးဝမေ့နေခဲ့သည်။ ရှောင်ဟိုင်ချင်းမှ စာမေးပွဲရလဒ်သိရပြီဖြစ်ကြောင်း ဖုန်းဆက်ပြောမှသာ သူမသတိရလေသည်။
“ငါသွားမကြည့်ရသေးဘူး...”
ဖုန်းလိုင်းတစ်ဖက်ခြမ်းမှ ကျင်းယွင်ကျောင်း၏အသံသည် ဇဝေဇဝါဖြစ်နေဟန်ရှိသည်။
“သွားကြည့်စရာမလိုဘူး၊ နင်အခုနာမည်ကြီးနေပြီ...၇၄၉...”
ရှောင်ဟိုင်ချင်း၏အသံမှာ အနည်းငယ်မပီပြင်ဝိုးတဝါးဖြစ်နေ၏။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏ စုစုပေါင်းရမှတ်မှာ ၇၅၀ ဖြစ်သော်လည်း ကျင်းယွင်ကျောင်း၏အမှတ်သည် ၎င်းထက် တစ်မှတ်သာနည်းလေသည်!
သူမတို့ကျောင်းအတွက် ဂုဏ်ယူစရာအကောင်းဆုံး စာစီစာကုံးကိုရေးခဲ့သည်ဟု သူမကြားခဲ့၏!
ကျင်းယွင်ကျောင်းကြက်သေသေသွားသည်။
“ဪ ဒါဆိုရင် ခဏနေကျ နင်တို့တွေကို မုန့်လိုက်ဝယ်ကျွေးမယ်လေ....”
“ဪ?! နင်အခု ‘ဪ’ လို့ပြောလိုက်တာလား? ယွင်ကျောင်း၊ နင်လူရောဟုတ်သေးရဲ့လား? နင်ကအခုတစ်နိုင်ငံလုံးရဲ့ ထိပ်သီးကျောင်းသူဖြစ်နေပြီ! ဆရာချီရူးမတတ်ဖြစ်နေလောက်ပြီ၊ သူကနှစ်တွေအကြာကြီးစာသင်လာပြီး အငြိမ်းစားတောင်ယူတော့မယ့်အချိန်မှာ နင်သူ့ကိုစပရိုက်တိုက်လိုက်တာပဲ! ဒါနဲ့ ပြောလက်စနဲ့ သူ့ကိုသွားမတွေ့ချင်ဘူးလား? သူစိတ်လှုပ်ရှားလွန်းပြီး တစ်ခုခုဖြစ်မှာကိုတောင် ငါစိတ်ပူမိတယ်...”
ရှောင်ဟိုင်ချင်း ကရားရေလွှတ်ပြောတော့၏။
သူမသည် အလွန်အံ့အားသင့်နေလေသည်။ ကျင်းယွင်ကျောင်း၏အမှတ်များမှာ ကောင်းကြောင်း သူမသိထားနှင့်ပြီးဖြစ်သည့်အပြင် ဤစာမေးပွဲအား ကျင်းယွင်ကျောင်းမှ အေးအေးဆေးဆေးဖြေနိုင်မည်ကိုပါ သိနေခဲ့၏။ သို့ရာတွင် ရလဒ်မှာ ဤမျှလောက်ပြီးပြည့်စုံလိမ့်မည်ဟု သူမမထင်မှတ်ထားခဲ့ချေ!
ကျင်းယွင်ကျောင်းသည် သူမနားထင်များကို နှိပ်လိုက်သည်။
“နင်ရောဘယ်လိုလဲ? ချူချူနဲ့ ကျန်တဲ့လူတွေရော...”
“ငါကတော့ မဆိုးပါဘူး၊ အမှတ် ၆၈၀...ချူချူကပိုကောင်းတယ် ၇၀၁ မှတ်လေ..ကန်ကျင်းချန်နဲ့ ထန်ကျစ်ဟွားကတော့ ၇၀၀ ပြည့်ခါနီးပဲ...”
ရှောင်ဟိုင်ချင်းပြောလိုက်သောအခါ ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
သူတို့၏အမှတ်များမှာ မဆိုးလှချေ။ ရှောင်ဟိုင်ချင်းသည်သာ စိတ်မရှည်တတ်သောသူဖြစ်၍ ရလဒ်မှာ မတည်ငြိမ်ခြင်းဖြစ်သည်။ သို့ရာတွင် သူတို့၏ရမှတ်များဖြင့်ဆိုလျှင် သူတို့ဝင်ချင်သောကျောင်းများကို ပြသာနာမရှိဘဲ ဝင်ရောက်နိုင်ပေသည်။
ရှောင်ဟိုင်ချင်းသည် ဤအကြောင်းကိုပြောပြီးနောက် ကျင်းယွင်ကျောင်း၏အမှတ်များအကြောင်းကို ဆက်ပြောတော့သည်။ သူမသည် ကျင်းယွင်ကျောင်းအား ဆက်လက်ချီးကျူးနေသဖြင့် ကျင်းယွင်ကျောင်းပင် ခေါင်းမူးလာတော့၏။ ကျင်းယွင်ကျောင်းသည် အကြောင်းပြချက်တစ်ခုကိုရှာကာ ဖုန်းကိုအမြန်ချလိုက်ရသည်။
သို့ရာတွင် သူမဖုန်းချလိုက်သည်နှင့် စူးချူမှ ဖုန်းဆက်ပြန်သည်။
ထိုတင်မက ကျင်းယွင်ကျောင်းသည် အကြိမ်အနည်းငယ်ခန့် ဖုန်းထပ်ကိုင်ရလေသည်။ စူးချူအပြင် ထန်ကျစ်ဟွား၊ ကန်ကျင်းချန်...ထို့နောက် အဘိုးကန်၊ အဘိုးထန်၊ ဆရာချီနှင့် ပိုင်ယွီအန်း၊ ရှန်းကျင်တို့သာမက သူမလူနာများကပါ ဂုဏ်ပြုစကားပြောကြ၏။
ဖုန်းအဝင်များ လုံးဝရပ်သွားသည့်အချိန်တွင် ညရောက်နေပြီဖြစ်၏။
ကျင်းယွင်ကျောင်းသည် ဖုန်းအားကုန်သွားပြီဖြစ်သော သူမဖုန်းကိုကြည့်ကာ စကားစရှာမရဖြစ်သွားသည်။ သူမသည် ခေတ္တမျှစဥ်းစားကြည့်ပြီးနောက် သူမပစ္စည်းများကိုထုပ်ပိုးကာ အဘိုးရှု၏ခြံဝင်းထဲတွင် သွားပုန်းနေလိုက်တော့သည်။
Space and Rebirth 671
သူမသည် ထိုရပ်ကွက်ထဲတွင် ဆက်မနေနိုင်ပါချေ။ သူမနေထိုင်သောနေရာကို သိသောလူများစွာရှိနေသည်မဟုတ်လော။ တစ်ယောက်ပြီးတစ်ယောက် သူမဆီလာသည်ကို ဆီးမကြိုနိုင်ပါချေ။ အလွန်အာရုံနောက်စရာကောင်းလှ၏။
နောက်ဆုံးတွင် ပို၍ဆိတ်ငြိမ်သော အဘိုးရှု၏ခြံဝင်းထဲတွင်သာ နေလိုက်တော့သည်။
အဘိုးရှုသည် သူမ၏စာမေးပွဲရလဒ်များကို ကြားသောအခါ သူမအားဝေ့ကြည့်၍သာ ပြောလိုက်၏။
“တစ်နိုင်ငံလုံးအဆင့်တစ်ရတော့ရော ဘာဖြစ်လဲ? အဆင့်တစ်မရမှ ထူးဆန်းတာမဟုတ်ဘူးလား”
တစ်ဖက်တွင်ရှိနေသော ကျင်းယွင်ကျောင်းသည် အပြုံးတစ်ခုကိုလှစ်ဟပြလိုက်ပြီး ထိုမှသာ သူမစိတ်အေးချမ်းသွားတော့သည်။
သူမသည် အရာအားလုံးကို အလေးအနက်ထားလုပ်ရသည်ကို နှစ်သက်သောကြောင့် စာမေးပွဲမေးခွန်းများကိုဖတ်စဥ်က အတတ်နိုင်ဆုံးသတိထားခဲ့လေသည်။ သို့ရာတွင် သူမသည် ထိုအချိန်က ဤသို့ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ဤမျှလောက်အာရုံနောက်စရာကောင်းမည်ဟု သူမသိခဲ့လျှင် သူမသည် မိမိကိုယ်မိမိထိန်းချုပ်ပြီး အမှတ်နည်းအောင်လုပ်ခဲ့ပေမည်။
“အကြီးအကဲရှု၊ သမီးမြို့တော်ထဲကို သွားရင်သွားရနိုင်တယ်..သမီးနဲ့အတူ...လိုက်ချင်လား?”
ကျင်းယွင်ကျောင်းသည် ခေတ္တမျှတွေးပြီး မေးလိုက်၏။ အကြီးအကဲရှုနှင့် ဆေးများဖော်စပ်ရသည်မှာ သူမစိတ်အအေးချမ်းရဆုံးအလုပ်ဖြစ်ပေသည်။ ထို့အပြင် သူမအတွေးထဲနစ်မြောသွားချိန်တိုင်း အဘိုးရှုသည် သူမအား ဆိုဆုံးမလိုက်သည်နှင့် သူမသည် ချက်ချင်းပင် အတွေးများ ပျောက်လွင့်သွားတတ်ပေသည်။
အဘိုးရှုသည် ဟွားနင်ခရိုင်ထဲတွင် ဆွေမျိုးများမရှိကြောင်းကိုလည်း သူမသိထား၏။ သူ၏သားများအားလုံးသည် မြို့တော်ထဲတွင်ရောက်နေပြီး ယခု သူ၏ဘေးတွင်စောင့်ရှောက်နေသူဟူ၍ ရှုရှင်းယွမ်သာရှိလေသည်။ သူမမရှိချိန်တိုင်းတွင် အဘိုးရှုသည် စိတ်ဆတ်လာတတ်သည်ဟု ရှုရှင်းယွမ်မှ သူမအား မကြာခဏပြောဖူးသည်။ မည်သူကမှ သူ့အား အရက်သောက်ရန် လာရောက်စည်းရုံးခြင်းမရှိပါပေ။
အကြီးအကဲရှု ဟမ့်ခနဲအသံပြုလိုက်သည်။
“မသွားဘူး”
“အကြီးအကဲရှု...မသွားဘူးဆိုရင် အနာဂတ်မှာ သမီးကူညီပေးနိုင်မှာမဟုတ်ဘူး၊ ပြီးတော့ တကယ်တမ်းသမီးမှာ ဆေးမြစ်ကောင်းကောင်းတွေအများကြီးရှိတယ်၊ အကြီးအကဲရှုမလိုက်ရင် ဝေစုရှိမှာမဟုတ်ဘူးနော်၊ အဲဒီအထူးဝိုင်တွေလည်း ဒီအတိုင်းပဲ...”
“ကောင်မစုတ်လေး၊ နောက်မှ ဒီအကြောင်းကိုဆက်ပြောမယ်!”
အဘိုးရှုသည် ဤအရာကိုကြားလိုက်ရသောအခါ သူမအား ရုန့်ရင်းကြမ်းတမ်းစွာ ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် သူ၏အခန်းထဲသို့ ပြန်လိုက်သည်။ သူ၏ထိုပုံစံကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်းမျက်နှာဝင်းလက်သွားသည်။
သူမသည် အဘိုးရှုအား မြို့တော်သို့ ပြန်ခိုင်းစေလိုခြင်းမှာ သူမနံဘေးတွင် တစ်စုံတစ်ယောက်ရှိစေချင်ရုံသက်သက်ကြောင့် မဟုတ်ပေ။ ဤထက်ပိုအရေးကြီးသောအရာမှာ အဘိုးရှုသည် သူ၏သားများကို လွမ်းနေကြောင်း ရှုရှင်းယွမ်းမှပြောသည်ကို သူမကြားလိုက်သောကြောင့်ဖြစ်၏။ သို့ရာတွင် သူသည် ဒေါသမာန်ဖြင့် ပြောလိုက်သောစကားများရှိသည့်အပြင် ခေါင်းမာသောလူလည်းဖြစ်ရာ သူ၏သားများကို ပြန်ခေါ်ရန် မဖြစ်နိုင်ပါချေ။
သူ၏သားများသည်လည်း အနည်းနှင့်အများ ထိုနည်း၎င်းပင်ဖြစ်သည်။ ထို့ကြောင့် ဤအခြေအနေသာ ဤအတိုင်းဆက်သွားပါက အဘိုးရှုသည် အမှန်တကယ်ပင် တစ်ဦးတည်းဘဝကိုဖြတ်သန်းရပေတော့မည်။
ကျင်းယွင်ကျောင်းသည် အဘိုးရှုအိမ်တွင်နေစဥ်တွင် ထင်ထားသည့်အတိုင်း ခါတိုင်းထက် တိတ်ဆိတ်ငြိမ်သက်ခြင်းကို ခံစားရလေ၏။ သူမ၏အနီးကပ်သူငယ်ချင်းအချို့မှအပ အခြားမည်သူမှ သူမနေထိုင်သောနေရာကို မသိပါချေ။
သူမ၏စာမေးပွဲရလဒ်များသည် လူများ၏အာရုံကို အလွန်ဖမ်းစားနိုင်လွန်းသဖြင့် သူမအားလာရှာကြသော လူအရေအတွက်မှာ နည်းလှသည်မဟုတ်ပေ။ ထိုလူများထဲတွင် ကျောင်းတော်ကြီးများစွာမှ ကိုယ်စားပြုပုဂ္ဂိုလ်များလည်း ပါဝင်ပေ၏။ သို့ရာတွင် စိတ်မကောင်းဖြစ်စရာမှာ ကျင်းယွင်ကျောင်းသည် ခြေရာလက်ရာမပျက်ပျောက်ကွယ်သွားသောကြောင့် လူတိုင်းနီးပါးသည် လက်ဗလာဖြင့်သာ အိမ်ပြန်ခဲ့ကြရလေသည်။
ရှောင်ဟိုင်ချင်းနှင့် အခြားသူများမှာ အနည်းငယ်အံ့အားသင့်သွားကြလေသည်။ အခြားသောလူတိုင်းနီးပါးသည် မိမိတို့၏ဂုဏ်သတင်းမွှေးရန် အလုအယက်ဆုတောင်းနေကြချိန်တွင် ကျင်းယွင်ကျောင်းမှာ ထိုသို့မဟုတ်ပေ။ သူမသည် အာရုံနောက်မခံနိုင်သည့်အကြောင်းအရင်းတစ်ခုတည်းဖြင့် လူတိုင်းအား အိမ်ပေါက်ဝမှ ပြန်လွှတ်နေလေသည်။
သူမသည် ကျောင်းသို့လျှောက်လွှာဖြည့်ရန် သွားရသည့်အချိန်မှာပင် သူခိုးတစ်ဦးကဲ့သို့ ကျောင်းထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်ခဲ့လေသည်။ ကိစ္စအားလုံးကို ဖြေရှင်းပြီးနောက် သူမသည် အလျင်အမြန်ပင် ပျောက်ကွယ်သွားပြန်၏။
ကျင်းယွင်ကျောင်းသည် အချိန်ယူစဥ်းစားပြီးနောက် စီးပွားရေးစီမံခန့်ခွဲမှုမေဂျာကို ရွေးချယ်လိုက်သည်။ အနာဂတ်တွင် ကုမ္ပဏီအား ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက်လည်းဖြစ်၏။
ယခု သူမတွင် ပိုင်ယွီအန်း၏အကူအညီလည်း ရပြီဖြစ်၍ ဆုံးဖြတ်ချက်အချို့ကို ချမှတ်ရန်သာ လိုအပ်တော့သည်။ အရာအားလုံးကို ပိုင်ယွီအန်းနှင့် ရှန်းကျင်တို့မှ စေ့စေ့စပ်စပ်သုံးသပ်ကိုင်တွယ်ထားပြီဖြစ်၍ သူမသည် နောက်ကွယ်မှကြိုးကိုင်သောသူဌေးတစ်ဦးအဖြစ် အနှောင့်အယှက်မရှိနေနိုင်ပေသည်။ သို့ရာတွင် လက်တွေ့၌ သူမသည် ဤနယ်ပယ်နှင့်ပတ်သတ်၍ တစ်ဖက်ကမ်းခပ်မကျွမ်းကျင်ပါပေ။ ထို့အပြင် သူမသည် နောက်နှစ်တစ်ဝက်နေလျှင် လူကြီးတစ်ဦးဖြစ်တော့မည်ဖြစ်၏။ ထိုအချိန်ရောက်လာလျှင် ကုမ္ပဏီ၏ကိစ္စအဝဝကို သူမလက်သို့လွှဲပြောင်းရတော့ပေမည်။ ထိုအခါ သူမသည် အပြင်လူတစ်ဦးအနေနှင့် လက်လွှဲယူပါက ဝန်ထမ်းများကို စည်းရုံးနိုင်မည်မဟုတ်ချေ။
ကျင်းယွင်ကျောင်းသည် မြို့တော်ထဲတွင် ထိပ်သီးတက္ကသိုလ်သုံးခုထဲမှ တစ်ခုဖြစ်သော တက္ကသိုလ် A ကိုရွေးချယ်ခဲ့လေသည်။ ၎င်းသည် အမှန်တကယ်ပင် အခရာကျသောနေရာကို ပိုင်ဆိုင်ထား၏။ မဟာဌာနမှ ဆရာ၊ ဆရာမများ ပေါများပြီး ရှိသမျှပစ္စည်းအင်အားနှင့် အရင်းအမြစ်များသည်လည်း အရည်အသွေးအလွန်မြင့်ပေသည်။
ရှောင်ဟိုင်ချင်းမှာမူ ကျင်းယွင်ကျောင်းထင်မှတ်ထားသည်ထက် ကျော်လွန်နေလေ၏။ သူမသည် စီးပွားရေးမေဂျာတစ်ခုကို ရွေးလိုက်ကြောင်း မြင်လိုက်ရသောအခါ ရှောင်ဟိုင်ချင်းသည် မျှော်လင့်ချက်မဲ့သောအကြည့်ဖြင့် ရုပ်ရှင်ကျောင်းတစ်ခုကို ရွေးလိုက်သည်။
Space and Rebirth 672
ကျောင်းနှစ်ကျောင်းမှာ တစ်ခုနှင့်တစ်ခုဝေးလှသည် မဟုတ်သော်လည်း ရှောင်ဟိုင်ချင်း၏ မျက်နှာထားမှာ အရယ်ရဆုံးဖြစ်သည်။
ရှောင်ဟိုင်ချင်းမှ ကျောင်းရွေးနေသောအချိန်တွင် ကျန်းရုံသည် သားတစ်ဦးကို မွေးဖွားလိုက်လေပြီ။ ရှောင်ဟိုင်ချင်းသည် ချက်ချင်းပင် ထိုကလေးအား ဒီအန်အေစစ်ရန်ခေါ်သွားခဲ့သည်။ ဆေးစစ်ချက်ရလဒ်၏ သက်သေအထောက်အထားအရ ဤကလေး၏ ဖခင်မှာ အမှန်တကယ်ပင် ဂျိမ်းစ်ဖြစ်နေလေသည်။
ကျန်းရုံသည် ရလဒ်အဖြေကို ကြားလိုက်သည်နှင့် မေ့လဲကျသွားတော့၏။
သူမနိုးလာပြီးနောက်ပိုင်းတွင်ပင် အေးစက်သောမျက်နှာထားဖြင့် ကလေးကိုကြည့်ပြီး၊ ကလေးအား လျစ်လျူရှုထားလေသည်။ ရှောင်ဟိုင်ချင်းသည် ကျန်းရုံ၏ပုံစံအား ကင်မရာအသေးစားတစ်ခုဖြင့် မှတ်တမ်းတင်ထားပြီး ကလေးငယ်အား ယာယီထိန်းသိမ်းစောင့်ရှောက်ထားရန် မိသားစုတစ်စုကို ရှာလိုက်၏။
မှတ်တမ်းတင်ရသည့်အကြောင်းအရင်းမှာ အနာဂတ်အတွက်ဖြစ်ကြောင်း ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းအား ပွင့်ပွင့်လင်းလင်းပင်ပြောခဲ့၏။ ဤကလေးသည် သူမနှင့်အတူရှိရမည့်ကံကြမ္မာဖြင့် မွေးဖွားလာခဲ့ပြီး အနာဂတ်တွင် ကျန်းရုံသာ သူမအားချောက်တွန်းအကောက်ကြံပါက ဤဗီဒီယိုများကို သက်သေအဖြစ်သုံးနိုင်ပေမည်။
ရှောင်ဟိုင်ချင်းမှ စောစီးစွာ ကြိုတင်အကွက်ချထားသည်ကို မြင်လိုက်ရသဖြင့် ကျင်းယွင်ကျောင်းအံ့အားသင့်သွားလေ၏။ သို့ရာတွင် သူမလုပ်သမျှအရာတိုင်းမှာ သူမကိုယ်သူမကာကွယ်ရန်အတွက်သာဖြစ်ပြီး နှစ်ပေါင်းများစွာ ကျန်းရုံမှ ချောက်ချဉာဏ်ဆင်လာခဲ့သည်ဖြစ်ရာ ရှောင်ဟိုင်ချင်းလုပ်ရပ်မှာ မမှားကြောင်း သူမတွေးလိုက်၏။
သူမအစီရင်ခံစာတင်ရန် တစ်ရက်သာလိုသည့်အချိန်တွင် ကျင်းယွင်ကျောင်းသည် သူမ၏ခရီးကို စတင်လိုက်လေသည်။
ပိုင်ယွီအန်းသည် အထူးတလည်ဖြင့် သူမအား ကားဖြင့်လာရောက်ကြိုဆိုခဲ့သော်လည်း သူမကငြင်းဆိုခဲ့သည်။
သူမ၏ယခင်ဘဝတွင် သူမသည် ဟွားနင်ခရိုင်ကဲ့သို့ နေရာငယ်လေးတွင် လှောင်ပိတ်မိနေခဲ့ပြီး ဝေးဝေးလံလံခရီးမထွက်ခဲ့ဖူးချေ။ ထို့အပြင် သွားရာလမ်း၌ ပတ်ဝန်းကျင်ရှုခင်းအစုံစုံကို လည်ပတ်ခံစားရန်အတွက် ရှောင်ဟိုင်ချင်းတို့နှင့် သွားရန် သဘောတူထားနှင့်ပြီးဖြစ်၏။ သူမသာ ပိုင်ယွီအန်း၏ကားထဲတွင် ထိုင်လိုက်သွားပါက အလွန်ပျင်းစရာကောင်းချေတော့မည်။
အချိန်ကျလာသောအခါ သူတို့အုပ်စုသည် အတူတကွစုဝေးကြပြီး ရထားပေါ်သို့ တက်လိုက်ကြ၏။ ခရိုင်မှ မြို့တော်သို့ရောက်ရှိရန် ဆယ်နာရီခန့်စီးရမည်ဖြစ်သည်။
လေးဦးသားသည် အရွယ်အစားဆိုဒ်မျိုးစုံရှိသော အိတ်များကို ရထားတွဲပေါ်သို့ တင်လိုက်သည်။ ရထားတွဲထဲတွင် အနံ့အသက်အနည်းငယ်ရှိသော်လည်း သန့်ရှင်းသပ်ရပ်နေသေး၏။ အိပ်စရာနေရာတစ်ခုရှာပြီးနောက် သူတို့သည် စတင်အနားယူကြတော့သည်။
သူတို့သည် မနက်ဝေလီဝေလင်းအချိန်ကတည်းက ထွက်လာခဲ့ရသောကြောင့် ရထားတွဲရှိလူအများစုမှာ လွန်စွာတိတ်ဆိတ်နေပြီး မည်သို့သောဆူညံမှုကိုမှ မပြုကြချေ။
သို့ရာတွင် ရထားထဲ၌ လူငယ်များစွာရှိသည်ဟု ပြောရမည်။ ကျောင်းဖွင့်သည့်ရာသီဖြစ်သောကြောင့် လူငယ်များစွာသည် အိမ်နှင့်ဝေးရာသို့ မိမိတို့၏ခရီးကို စတင်နေကြလေပြီ။
ကျင်းယွင်ကျောင်း ဘေးဘီဝဲယာဝေ့ကြည့်လိုက်သောအခါ သူတို့အများစုသည် မျက်နှာပေါ်တွင် ငယ်မာန်လေးများ ပြည့်နှက်နေကြသည်ကို တွေ့လိုက်ရ၏။ ကြည့်လိုက်သည်နှင့် သူတို့သည် အနာဂတ်အတွက် စိတ်အားထက်သန်မှုများ၊ တောင့်တခြင်းများဖြင့် လွှမ်းမိုးနေလေသည်။
“ရထားထဲမှာ သက်တူရွယ်တူတွေ တော်တော်များများရှိပုံပဲ၊ သူတို့အားလုံး မြို့တော်ထဲကကျောင်းတွေကို သွားတက်ကြမှာလား ငါတို့တွေလည်း တစ်ကျောင်းတည်းဖြစ်ရင်ဖြစ်နိုင်တယ်!”
သူမနံဘေးရှိ ထိုင်ခုံမှ အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာသည်။ ထိုထိုင်ခုံရှိ ကျန်လူသုံးဦးသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်လာလေ၏။
“မင်းကဘယ်ကျောင်းကလဲ?”
ကောင်လေးတစ်ဦးမှ မေးလိုက်သည်။
“ငါလား? ငါကံကောင်းလို့ တက္ကသိုလ် A ထဲကို ဝင်ခွင့်ရခဲ့တယ်လေ။ နင်တို့လည်းသိတဲ့အတိုင်း တက္ကသိုလ် A ရဲ့ဝင်ခွင့်ပယ်နှုန်းက တော်တော်မြင့်တာ၊ ခရိုင်တစ်ခုလုံးမှာ အဲ့ထဲကို ဝင်နိုင်တဲ့သူသိပ်မရှိဘူး”
ထိုမိန်းကလေး၏အသံသည် ဂုဏ်ယူမှုများဖြင့် စွတ်နေသည်။
တက္ကသိုလ် A အကြောင်း ကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် ခေါင်းကိုစောင်းပြီး တစ်ချက်နှစ်ချက်မျှ ဝေ့ကြည့်လိုက်၏။ ထိုမိန်းကလေးသည် သာမန်အဝတ်အစားများနှင့် မျက်မှန်တစ်လက်ကို ဝတ်ဆင်ထား၏။ သူမ၏ဆံပင်တိုမှာ အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး ရွက်ကြမ်းရေကျိူရုပ်ရည်ဖြစ်သည်။
ထိုမိန်းကလေး၏စကားကို ကြားလိုက်ရသောအခါ သူမဘေးတွင် ထိုင်နေသောသုံးဦးသည် အားကျသည့်ပုံစံများပေါက်သွားသည်။
“တက္ကသိုလ် A တဲ့လား? တကယ်မိုက်တာပဲ၊ ဒါပေမယ့် ငါကြားတာတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် ၇၄၉ မှတ်နဲ့ တစ်နိုင်ငံလုံးအဆင့်တစ်ရတဲ့ကျောင်းသူကလည်း အဲ့ကျောင်းကိုလျှောက်ထားတယ် ကြားတယ်! သူ့အကြောင်း သတင်းတွေမမြင်ရတာ စိတ်မကောင်းစရာပဲ…ဒါနဲ့…မဟုတ်မှလွဲရော…နင်ကအဲဒီကျောင်းသူများလား?”
ထိုမိန်းကလေးသည် မှင်တက်သွားပြီး မျက်နှာပေါ်တွင် နေရခက်သည့်အရိပ်အယောင်များ ပေါ်ထွက်လာ၏။ သို့သော်လည်း သူမသည် ဤအတိုင်းသာ ပြောလိုက်သည်။
“တကယ်တော့ တခြားတက္ကသိုလ်တွေကလည်း အရမ်းကောင်းပါတယ်၊ တက္ကသိုလ် A နဲ့ သူမသာကိုယ်မသာဖြစ်နေတဲ့ တက္ကသိုလ်နှစ်ခုတောင်ရှိသေးတယ်။ တစ်ချိန်တည်းမှာ နှစ်နေရာမရှိနိုင်တာ တော်တော်ဆိုးတာပဲ မဟုတ်ရင် အဲ့တက္ကသိုလ်တွေအားလုံးကိုပါ သွားကြည့်ချင်မိမှာ”
သူမ၏ မငြင်းဆန်သော စကားအသွားအလာကြောင့် ထိုလူသုံးဦးသည် အနည်းငယ်စိတ်လှုပ်ရှားသွားကြ၏။ ကျင်းယွင်ကျောင်းသည် မျက်ခုံးကိုသာပင့်ကာ ဘာမှဆက်မပြောချေ။
ရှောင်ဟိုင်ချင်းမှာမူ လှောင်ရယ်သံပြုလိုက်ပြီး အပေါ်အိပ်ရာစင်မှ ဆင်းလာကာ ကျင်းယွင်ကျောင်းကို တီးတိုးပြောလိုက်၏။
“တကယ်မျက်နှာပြောင်တာပဲ၊ နင့်နေရာမှာ ငါသာဆိုရင် သူ့အလိမ်တွေကို အပြေးသွားဖော်နေလောက်ပြီ”