အခန်း (၆၇၃-၆၇၆)
Vol. 34 Ch. 673-676
Space and Rebirth 673
ရှောင်ဟိုင်းချင်း ကြမ်းတမ်းစွာ မျက်စောင်းခဲလိုက်၏။ ကျင်းယွင်ကျောင်းသည် သူမအင်္ကျီစကိုသာဆွဲကာပြောလိုက်သည်။
“ထားလိုက်ပါတော့ဟာ၊ နင်သာ သူ့အလိမ်တွေကိုဖော်လိုက်ရင် သူ့အတွက် ရှက်စရာကြီးတွေဖြစ်ကုန်မှာ”
ဤမိန်းကလေးသည် ဝန်လည်းမခံသလို ငြင်းလည်းမငြင်းချေ။ သူမသည် မျက်နှာပန်းလှချင်ရုံသာရှိပေသည်။ ကြီးကျယ်သောကိစ္စရပ်မဟုတ်သဖြင့် ထိပ်တိုက်ရင်ဆိုင်စရာမလိုလှပေ။
“ငါသာ နင့်နေရာမှာဆိုရင် ဒီကိစ္စကို လူသိရှင်ကြားထုတ်ပြောလိုက်မှာ၊ ဒါဆိုရင် ဒီလိုမျိုးထပ်ဖြစ်တော့မှာ မဟုတ်ဘူး”
ရှောင်ဟိုင်ချင်း၏မျက်နှာသည် တရားသဖြင့် မခံမရပ်ဖြစ်နေဟန်ရသည်။ ကျင်းယွင်ကျောင်းမှာမူ ပြုံးသာပြုံးကာ သူမပြောသည်ကို သဘောမတူလိုက်ချေ။
လူသိရှင်ကြားထုတ်ပြောခြင်းမှာ ကောင်းသောအရာဟုဆိုနိုင်သော်လည်း လူတိုင်းသည် ဤကိစ္စအကြောင်းသိသည်နှင့် သူမ၏အတိတ်ကို ပြန်တူးဆွကြတော့မည်။ ထိုအခါ သူမသည် မိဘမဲ့တစ်ဦးဖြစ်ပြီး အမှီအခိုမရှိဘဲ နေနေသော တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ကြောင်း သတင်းများထွက်လာပေလိမ့်မည်။ သူမသည် ယခင်ကတည်းကပင် လူများ၏အာရုံစိုက်မှုကို ခံရသည့်ခံစားချက်အား ကောင်းကောင်းနားလည်ပေသည်။ အကြည့်များဖြင့်သာ လူသတ်၍ရသည်ဆိုလျှင် သူမသည် ထိုအကြည့်များအောက်၌ အခါပေါင်းထောင်ချီသေဆုံးနေလောက်မည်ဖြစ်သည်။
ဟော့ဟော့ရမ်းရမ်းနေထိုင်ရသော ဘဝထက် လူမသိသူမသိနေရသည်ကို သူမပိုနှစ်သက်ပေ၏။
သူမသည် ဤတက္ကသိုလ်တွင် အချိန်ကြာမြင့်စွာ နေရဦးမည်မဟုတ်လော။
“အာ ဟုတ်သားပဲ ဟိုင်ချင်း၊ ငါနင့်ကိုမမေးရသေးဘူး။ နင်ဘာလို့သရုပ်ဆောင်ပညာကို ရွေးလိုက်တာလဲ? နင်တကယ်ပဲ အနာဂတ်မှာ အနုပညာရှင်တစ်ယောက်ဖြစ်ချင်လို့လား?”
ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းမေးလိုက်၏။
ဤသို့မေးရခြင်းမှာ အနုပညာရှင်တစ်ဦးဖြစ်ခြင်းကို သူမကန့်ကွက်သောကြောင့်မဟုတ်ပေ။ သူမသည် အစက ရှောင်ဟိုင်ချင်းသည်လည်း စီးပွါးရေးမေဂျာတစ်ခုအား ရွေးလိမ့်မည်ဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင် များမကြာမီကပင် ရှောင်ဟိုင်ချင်းသည် သူမနှင့်အတူရှိချင်ကြောင်း ပြောခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် သူမသည် ကျောင်းနောက်တစ်ကျောင်းသို့ ရောက်ရှိသွားချေပြီ။ ဤကိစ္စကြောင့် သူမသည် အနည်းငယ်အံ့အားသင့်သွားခဲ့လေ၏။
“ငါ့အလှနဲ့ဆိုရင် ငါအောင်မြင်လာမယ့်တစ်နေ့ရှိလာမယ်လို့ နင်မထင်ဘူးလား? ငါနာမည်ကြီးလာတာနဲ့ ငွေရှာရတာလည်း ပိုမြန်လာလိမ့်မယ်၊ ငါ့လက်ထဲမှာငွေရှိလာရင် တခြားဟာတွေလုပ်ဖို့လည်း တွေးလို့ရတာပေါ့”
ရှောင်ဟိုင်ချင်းပြုံးရင်းပြောလိုက်သောအခါ ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်သွား၏။ သူမစကားဆက်ပြောရန် လုပ်နေဆဲမှာပင် ရှောင်ဟိုင်ချင်းမှ ဖြတ်ပြောလိုက်သည်။
“အမလေး နင့်မှာပိုက်ဆံရှိတယ်ဆိုတာသိပါတယ် ဒါပေမယ့် နင့်ပိုက်ဆံက နင့်ပိုက်ဆံပဲ၊ သူများသနားပြီးစွန့်ကြဲထားတဲ့ပိုက်ဆံနဲ့ အသက်ဆက်ရှင်မယ့်လူလို့ ငါ့ကိုထင်နေတာလား?”
ကျင်းယွင်ကျောင်းသည် ရုတ်တရတ်ဆိုသလို စကားစရှာမရတော့ချေ။ အနုပညာရှင်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ၊ ရှောင်ဟိုင်ချင်းသည် ရုပ်ရည်ချောမောပြီး အသံကောင်း၏။ သူမသည် လိမ္မာပါးနပ်မှုရှိကာ မိမိလမ်းကြောင်းကို တည့်တည့်မတ်မတ်သွားတတ်သူဖြစ်လေသည်။ သူမသည်သာ အားထုတ်ကြိုးစားလျှင် အနာဂတ်၌ ဘက်စုံထူးချွန်သောအနုပညာရှင်တစ်ဦးအဖြစ် ကြီးလာနိုင်ပေမည်။
“နာမည်မကြီးလာရင်ရော?”
စူးချူမှ တိုးတိတ်ညင်သာစွာ မေးလိုက်သောအခါ ရှောင်ဟိုင်ချင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။
“ပါးစပ်စီးမယ်ဟ....နာမည်မကြီးလာရင်လည်း ငါ့ကံကြမ္မာကို လက်ခံရုံပဲပေါ့ အဲ့လိုဖြစ်လာရင် ငါ့မာနတွေကို ခဝါချပြီး ငါ့အတွက် အနုပညာအေဂျင်စီတစ်ခုဖွင့်ပေးဖို့ ကျင်းယွင်ကျောင်းကို အပူကပ်ရမယ်....”
သူမသည် ဆက်လက်၍ စကားများနေသော်လည်း သူမပြောသောစကားတိုင်းမှာ မှန်ကန်ပေသည်။
စူးချူသည် သူမ၏အနောက်အပြောင်စကားများကို ခိုးခိုးခစ်ခစ်နှင့်ရယ်လိုက်သော်လည်း ပတ်ဝန်းကျင်မှာ ယခုချိန်ထိ တိတ်ဆိတ်နေဆဲဖြစ်သဖြင့် ဆူညံမှုမဖြစ်စေရန် သူမ၏အသံကိုတမင်တိုးလိုက်သည်။ စူးချူသည် မြို့တော်အနုသုခုမပညာကျောင်းသို့ သွားရန်လုပ်ထားသည်။ သူမအနာဂတ်သည် တောက်ပမြဲတောက်ပဆဲဖြစ်၏။
သို့ရာတွင် မိမိဝင်ချင်သောတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ရန် စူးချူနှင့် ကန်ကျင်းချန်သည် ရေကုန်ရေခမ်းကြိုးစားလိုက်ရပေသည်။ စူးချူမှာ ကိစ္စမရှိချေ။ အဘိုးကန်မှာ သူမနှင့်ပတ်သတ်လာလျှင် စည်းကမ်းသိပ်မတင်းကြပ်သောကြောင့်ဖြစ်၏။ သို့ရာတွင် ကန်ကျင်းချန်မှာ ထိုသို့မဟုတ်။ သူသည် သူ၏မိသားစုဝင်များနှင့် အချိန်အတော်ကြာ ညှိနှိုင်းလိုက်ရသည်။ နောက်ဆုံးတွင် အားလုံးသည် ခြေတစ်လှမ်းစီ ဆုတ်ပေးလိုက်ကြ၏။ ကန်ကျင်းချန်သည် ဆေးပညာကိုသင်ယူဦးမည်ဖြစ်သော်လည်း တပ်ဆရာဝန်တစ်ဦးအနေနှင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ “တပ်” ဟူသောစကားလုံးနှင့် သက်ဆိုင်နေသည်ဖြစ်ရာ ကန်ကျင်းချန်သည် အတော်အတန်ကျေနပ်သွားလေ၏။
လေးဦးသားသည် အချိန်အတော်ကြာစကားပြောပြီးနောက် ပို၍တက်ကြွသထက် တက်ကြွလာလေသည်။ ဤအချိန်တွင် သူတို့အနားမှ အသံများသည်လည်း အနည်းငယ်ဆူညံလာခဲ့သည်။
“ငါတို့လေးယောက်က တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ ကံပါလာတယ်ထင်တယ်၊ မြို့တော်ထဲရောက်ရင် အဆက်အသွယ်မပြတ်ဘဲနေရအောင်၊ အထူးသဖြင့် မင်းနော် ကျင်းယွင်ကျောင်း၊ တက္ကသိုလ် A ဆိုတာ တကယ့်နေရာကောင်းပဲ မင်းအဲ့ကျောင်းကဆင်းတာနဲ့ အနာဂတ်ကောင်းနေမှာ အဲ့အချိန်ကျ ငါတို့ကိုမမေ့သွားနဲ့”
ကျင်းယွင်ကျောင်းသည် သူမနာမည်ကို ကြားလိုက်ရသောအခါ အလွန်မှင်တက်သွား၏။
ကျောင်းဘက်မှ သူမဆုံးဖြတ်ချက်ကို အမှန်တကယ်လေးစားပေးသည့်အနေဖြင့် သူမနာမည်ကို လူသိရှင်ကြားမထုတ်ဖော်ခဲ့ချေ။ အခြားသူများမှာ နိုင်ငံလုံးကျွတ်လူရည်ချွန်ကျောင်းသူသည် အမှတ် ၁ အလယ်တန်းကျောင်းတွင်ရှိသည်ဟုသာ သိထားပြီး သူမ၏ပုံပန်းသဏ္ဍာန်ကို မမြင်ဖူးကြချေ။
ကျင်းယွင်ကျောင်း၏အသွင်အပြင်သည် တစ်ခေါက်တစ်ခါက လူသိရှင်ကြားဖြစ်သွားဖူးသော်လည်း လွန်ခဲ့သောအချိန်များစွာက ကိစ္စရပ်ဖြစ်သောကြောင့် လူများမေ့သွားကြပြီဖြစ်သည်။
Space and Rebirth 674
ကြက်သေသေသွားသူမှာ ကျင်းယွင်ကျောင်းတစ်ဦးတည်းမဟုတ်ပေ။ စူးချူနှင့် ကျန်သောသူများလည်း ငေးတိငေးကြောင်ဖြစ်သွားပြီး သူတို့အနားမှ ဆူညံသံများကိုနားထောင်ရန် လှည့်ကြည့်လိုက်ကြ၏။
“ကျင်းယွင်ကျောင်း” ဟုခေါ်သောမိန်းကလေးမှာ ခြောက်ကပ်စွာရယ်နေလေသည်။
“တကယ်တော့ စာကြိုးစားနေသရွေ့ ဘယ်တက္ကသိုလ်ကဆင်းဆင်း အောင်မြင်မှာပါပဲ”
“နင်ကတကယ်ဖော်ရွေတဲ့စိတ်ရှိတာပဲ...ဒါနဲ့...နင်နဲ့ဓာတ်ပုံတစ်ပုံလောက်ရိုက်လို့ရမလား? ခဏနေကျရင် ငါ့မိဘတွေဆီပြန်ပို့ပေးရမယ်၊ ငါ့အရှေ့မှာ နင့်အကြောင်းကိုအမြဲပြောနေကြတာလေ။ အာ ဟုတ်သားပဲ နင်တော့မသိလောက်ဘူး ဒါပေမယ့် အမှတ် ၁ အလယ်တန်းကျောင်းမှာ ဆရာမအဖြစ်အလုပ်လုပ်နေတဲ့ ငါ့အဒေါ်တစ်ယောက်ရှိတယ်၊ နင့်ကိုလည်းသင်ဖူးမယ်ထင်တယ်...”
မိန်းကလေးသည် ထိုစကားကိုကြားလိုက်သောအခါ မျက်နှာသွေးဆုပ်သွား၏။
“ဓာတ်ပုံလား? နေပါဟာ ငါကကင်မရာစားတာမဟုတ်ဘူး၊ ဓာတ်ပုံရိုက်ရတာ ကြောက်တယ်...”
သူမသည် သုတ်သီးသုတ်ပြာဖြင့် ခေါင်းခါယမ်းလိုက်သည်။
ထိုကောင်လေးသည် ထိုစကားကိုကြားလိုက်ရသဖြင့် အနည်းငယ်စိတ်မကောင်းဖြစ်သွားရသော်လည်း စိတ်ထဲမထားပါချေ။ သူဆက်ပြောလိုက်၏။
“တက္ကသိုလ် A မှာ နင်ဘာမေဂျာတက်မှာလဲ? နင့်ဖုန်းနံပါတ်ပေးပါလား? မုန့်အတူထွက်စားဖို့ ဖုန်းခေါ်လိုက်မယ်လေ!”
မိန်းကလေး၏မျက်နှာသည် အနည်းငယ်စိုးရွံ့သလိုဖြစ်သွားသည်။ ပထမမုသားအပြီးတွင် နောက်ထပ်မုသားများစွာကို သူမဖုံးအုပ်ရတော့မည်။
“စိတ်မရှိပါနဲ့ ငါနည်းနည်းအိပ်ချင်နေလို့၊ အခုနားမှဖြစ်မယ်...”
စကားပြောပြီးသည်နှင့် သူမသည် အိပ်ရာပေါ်လှဲချပြီး မျက်လုံးကိုတင်းတင်းပိတ်လိုက်သည်။ အခြားသူများမှ သူမအား ကျင်းယွင်ကျောင်းဟု ထပ်ခေါ်မည်ကို စိုးသောကြောင့်ဖြစ်သည်။
သူမဘေးရှိ ကျန်သုံးယောက်သည် အချင်းချင်းကြည့်လိုက်ကြ၏။ အစောပိုင်းကတင် ယုံကြည်ချက်အပြည့်ဖြင့် စကားပြောနေခဲ့သော ဤမိန်းကလေးသည် အဘယ်ကြောင့် မျက်စိတစ်မှိတ်အတွင်း အေးစက်ပြီး စိတ်ဝင်စားမှုလျော့သွားဟန် ဖြစ်သွားရသည်ကို သူတို့နားမလည်ကြပါချေ။
အပေါ်ထပ်အိပ်စင်မှ မိန်းကလေးမှာ ဘယ်လိုမှမနေချေ။ နေရခက်သောအငွေ့အသက်များကို ဖြေလျှော့ရန် သူမလျှာကိုသာတစ်လစ်ထုတ်လိုက်ပြီး အနားယူရန် အပေါ်ထပ်အိပ်စင်သို့ ပြန်တက်သွားလိုက်၏။ သို့ရာတွင် သူမဆန့်ကျင်ဘက်ရှိ ကောင်လေးနှစ်ဦးထဲမှ တစ်ဦးမှာမူ အနည်းငယ်မြင်ပြင်းကတ်သွားလေသည်။
“ဘယ်လိုလုပ် ဒီလောက်ထိဖြစ်နေတာလဲ? တစ်နိုင်ငံလုံးအဆင့်တစ်ရတာ ဘာများကြီးကျယ်နေလို့လဲ? ငါတို့နဲ့ဓာတ်ပုံလည်းမရိုက်ဘူး ဖုန်းနံပါတ်လည်းမပေးဘူး၊ အဲ့အထိက ကိစ္စမရှိပေမယ့် ငါတို့ကိုတောင် စကားမပြောတော့ဘူးလား?”
“ဟုတ်ပါပြီကွာ တော်ပါတော့၊ စာတော်တဲ့ကျောင်းသားတွေက လူတောသိပ်တိုးတာမဟုတ်ဘူး နားလည်ပေးလို့ရပါတယ်”
နောက်ကောင်လေးတစ်ဦးမှ ပြုံးရင်းပြောလိုက်၏။
“အဲဒါကြောင့်မို့ တစ်နိုင်ငံလုံးအဆင့်တစ်ရလည်း အရေးမပါဘူးလို့ပြောတာ၊ အခုချိန်မှာ လူတွေက အထက်တန်းကျောင်းတွေ တက္ကသိုလ်တွေကို တက်တော့တာမဟုတ်ဘူး၊ စီးပွားရေးလောကထဲဝင်ပြီး သူဌေးပဲလုပ်ကြတော့တာ၊ အဲဒီအဆင့်တစ်ကျောင်းသားတွေ၊ အဆင့်နှစ်ကျောင်းသားတွေအားလုံး နောက်ဆုံးတော့ အလုပ်ခွင်ထဲဝင်ရတာပဲ၊ အခုတော်နေတော့ရော ဘာလုပ်မှာလဲ? အခြေခံလူ့ကျင့်ဝတ်တောင် မသိတဲ့ကိစ္စ၊ အနာဂတ်မှာလည်း ငါတို့ထက်သာချင်မှသာမှာပေါ့”
စိတ်သဘောထားကျဥ်းမြောင်းသောကောင်လေးမှ ထပ်ပြောလိုက်ပြန်သည်။
သူသာ ဘာမှမပြောလျှင် ပိုကောင်းခဲ့ပေမည်။ သူ၏စကားများကြောင့် ထိုမိန်းကလေးဒေါသထွက်သွားတော့၏။
သူမသည် အိပ်ရာပေါ်မှ ဝုန်းခနဲထလာကာ သူတို့အား စူးစိုက်ကြည့်လိုက်သည်။
“နင်တို့တွေက စားမရတဲ့အမဲ သဲနဲ့ပက်နေတာပဲ! ငါ့ဘာသာတစ်နိုင်ငံလုံးအဆင့်တစ်ရတာ နင်တို့နဲ့ဆိုင်လား? နင်တို့ထမင်းမစားနိုင်၊ ရေမသောက်နိုင်အောင်များ လုပ်မိလို့လား? အနာဂတ်မှာ ငါ့ထက်တောင်သာဦးမယ်ဆိုပဲ၊ လေလုံးထွားမနေနဲ့! နင်တက်မယ့်ကျောင်းကလည်း မြို့တော်ထဲရှိတယ်ဆိုပေမယ့် ငါကြားတောင်မကြားဖူးဘူး၊ ချုံးချုံးကျပြီး နာမည်မရှိတဲ့ ကျောင်းအသေးစားလေးမှတ်လား!”
ထိုစကားများကို ပြောလိုက်သည်နှင့် ရန်ငွေ့များ ပိုကြီးထွားလာလေသည်။
ရထားတွဲသည် မူလက တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ဤအချိန်တွင် လူများသည် ဆူညံသံကြောင့် နိုးလာကြပြီး အနည်းနှင့်အများဆိုသလို ထင်မြင်ချက်များ ပေးနေကြလေပြီ။ သို့ရာတွင် ထိုမိန်းကလေးမှာ ရပ်တန့်ရန် စိတ်ကူးမရှိချေ။ သူမသည် ဟမ့်ခနဲအသံပြုကာ ဆက်ပြောလိုက်၏။
“ငါ့မှာတော့ စကားတွေအများကြီး ပြောနေပေမယ့် နင့်အတွက်တော့ ကျွဲပါးစောင်းတီးပဲဖြစ်မှာပဲ၊ နင့်ရဲ့ဉာဏ်ရည်မဖြစ်စလောက်လေးနဲ့ဆိုရင် အနာဂတ်မှာ သူများခိုင်းတာလုပ်ဖို့လောက်ပဲရမှာ၊ တက္ကသိုလ် A ဆိုတာဘယ်လိုနေရာမှန်း နင်ကောင်းကောင်းသိတယ်မလား? အဲဒီမှာ လူတိုင်းက ထိပ်သီးကျောင်းသားတွေချည်းပဲ၊ ငါအဲဒီကနေ ဘာမှမတက်လာရင်တောင် ကျောင်းဆင်းရင် နင့်ထက်အဆက်အသွယ်အများကြီးရှိနေမယ်ဆိုတာ ငါအာမခံတယ်!”
သူမစကားများကြောင့် လူအချို့တီးတိုးတီးတိုးဖြစ်သွားကြသည်။
ကောင်လေးနှစ်ဦးသည်လည်း အံ့သြသွား၏။ ဤမျှလောက်ကြီးမားစွာ တန်ပြန်တိုက်ခိုက်မည်ဟု သူတို့မထင်မှတ်ထားခဲ့ချေ။
သူတို့စကားပြန်မပြောနိုင်ခင်တွင် သူတို့အနောက်မှ အဘိုးအိုတစ်ဦးက ပြောလိုက်၏။
“မိန်းကလေး၊ မင်းကစာမေးပွဲမှာ တစ်နိုင်ငံလုံးအဆင့်တစ်ရတယ်ကြားတယ်၊ တကယ်ထူးချွန်တာပဲကွယ့် ဒါပေမယ့် စိတ်မရှိရင် အသံလေးနည်းနည်းတိုးပေးလို့ရနိုင်မလား? လူတိုင်းက ဘတ်စ်ကားတိုးစီးလာခဲ့ကြတော့ နည်းနည်းပင်ပန်းနေကြပြီ အိပ်တဲ့သူတွေလည်း အိပ်နေကြပြီလေ...”
Space and Rebirth 675
အဘိုးအို၏အသံသည် အနည်းငယ်မောပန်းနေဟန်ရသော်လည်း အလွန်တရာယဥ်ကျေးစွာ ပြောခဲ့ပေသည်။ တစ်ဖက်ထိုင်ခုံများတွင် ရှိနေကြသော ကောင်လေးနှစ်ဦးမှာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားကြ၏။
သို့ရာတွင် မိန်းကလေးမှာ မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။
“အဘိုး၊ သမီးစပြောတာမဟုတ်ဘူးလေ၊ သူစကားပြောနေတုန်းကကျ အဘိုးဘာလို့မပြောလဲ?!”
“အဲ့ကလေးက တစ်ခွန်းလောက်ပဲပြောတာလေ၊ သူ့အသံကအရမ်းကျယ်တာလည်း မဟုတ်ဘူး...”
“သမီးအသံကရော ဘယ်လောက်ကျယ်နိုင်မှာလဲ? ဒါကရထားတွဲနော်၊ ဟိုတယ်မဟုတ်ဘူး သမီးမှာ စကားမပြောဘဲပါးစပ်ပိတ်နေရမယ့်တာဝန် မရှိဘူးမလား?”
မိန်းကလေးမှ ထပ်ပြောလိုက်သောအခါ အဘိုးအိုနင်သွား၏။ သူသည် အငြင်းပွားရာ၌ ကျွမ်းကျင်သူမဟုတ်ကြောင်း သိသာလှသည်။ သို့ရာတွင် သူ၏နံဘေးရှိ အန်တီတစ်ဦးမှာမူ အလွန်ခက်ထန်လေသည်။ သူမသည် နှုတ်ကိုဖွင့်ကာ ပြောလိုက်၏။
“မိန်းကလေး၊ နင့်မှာယဥ်ကျေးမှုမရှိဘူးလား? ငါဒီတိုင်းနင့်ကိုသတိပေးတာနော်၊ ဒီလောက်စွာလန်ကြဲနေလို့ နင့်ကိုကြောက်မယ်ထင်နေတာလား? နင့်ကိုယ်နင်ပြန်ကြည့်ဦး၊ ရထားပေါ်က လူတိုင်းကိုလည်း နိုးအောင်လုပ်သေးတယ်၊ တောင်းပန်ဖို့လည်းစိတ်ကူးမရှိဘူး။ မတောင်းပန်တဲ့အပြင် ဒီကိစ္စကို ဘာမဟုတ်တဲ့ပုံစံနဲ့တောင် ပြောနေပါလား!”
“အန်တီက ဘယ်သူမို့လို့လဲ? ဘယ်သူမို့လို့ သမီးကို ဟိုလိုလုပ် ဒီလိုလုပ် လာအမိန့်ပေးနေတာလဲ?”
မိန်းကလေးသည် အနည်းငယ်ဒေါသထွက်နေလေ၏။
သူမအား အဘယ်သို့အပြစ်တင်နိုင်မည်နည်း? သူမတစ်ဖက်ခြမ်းရှိ ကောင်လေးနှစ်ဦးသည် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိကြပေ။ သူတို့တမင်ပြသာနာရှာနေကြသည်ဟုပြောလျှင် ပိုမှန်လောက်မည်။ သူမသည် သူတို့အား စကားဆက်မပြောချင်မှန်း သိလျက်ဖြင့်ပင် သူတို့သည် အတင်းအကြပ်ဆက်စကားပြောနေခဲ့၏။ ထိုသို့ဆိုလျှင် သူမသည်လည်း အဘယ်သို့ယဥ်ကျေးမှုရှိပေးရမည်နည်း?
လူများစွာသည် မိန်းကလေး၏လုပ်ရပ်များကို အထင်အမြင်သေးသောအကြည့်များဖြင့် ကြည့်လိုက်ကြ၏။
မိန်းကလေး၏အသံသည် မူလအစပိုင်းကတည်းကပင် တိုးတိတ်ညင်သာခြင်းမရှိခဲ့ပေ။ သို့ရာတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ သူမသည် နိုင်ငံလုံးကျွတ် အဆင့်တစ်ကျောင်းသူဖြစ်ကြောင်း ပြောလိုက်သောအခါ သူမသည် အနာဂတ်တောက်ပသူဖြစ်ပြီး အခြားသူများအပေါ် လေးစားသမှုနှင့် ယဥ်ကျေးမှု ပိုမိုပြည့်ဝလိမ့်မည်ဟု အားလုံးကထင်ခဲ့ကြလေသည်။ သို့ရာတွင် သူမသည် အသံကိုနှိမ့်၍မပြောသည့်အပြင် သူမလေသံမှာလည်း အနည်းငယ်မာန်မာနပလွှားနေ၏။ ထိုတင်မက အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ အခြားသူများနှင့် ရန်ပတ်ဖြစ်နေလေသည်။
ထိုကောင်လေးတို့ဘက်မှ အရင်ရန်စကားများပြောသဖြင့် ဤသို့ဖြစ်နေသည်ကို သူတို့နားလည်ပေးနိုင်၏။ သို့ရာတွင် ထိုမိန်းကလေးမှ အဘိုးအိုတစ်ဦးအား အလွန်ရိုင်းပျခဲ့သည်ကိုတော့ သူတို့လက်မခံနိုင်ကြပေ။
ချက်ချင်းဆိုသလိုပင် အန်တီနှင့် အဘိုးကြီးဘက်မှနေ၍ ထိုမိန်းကလေးအား အော်ငေါက်ရန် လူတစ်ယောက်ထွက်လာတော့၏။ မိန်းကလေးပုံစံမှာ အလွန်စိတ်ထိခိုက်သွားသည့်ပုံပေါက်သော်လည်း အကြောမခံလိုပါပေ။ သူမကြည့်ရသည်မှာ အနည်းငယ်ကြောက်မက်ဖွယ်ကောင်းနေသည်။
ကျင်းယွင်ကျောင်းသည် ဤအရှုပ်အထွေးကို မြင်လိုက်ရသောအခါ ရှင်းပြချက်ပေးသည်က ပိုကောင်းမည်ဖြစ်ကြောင်း သူမသိလိုက်၏။ ရန်ပွဲမှာ အကြီးအကျယ်မဟုတ်လှသော်လည်း သူမနာမည်သည် အိုးမည်းသုတ်ခံနေရလေပြီ။
သူမမတ်တပ်ရပ်ပြီး ထိုနေရာသို့လျှောက်သွားရန် ပြင်နေစဥ်တွင် အဘိုးအိုမှ ရုတ်ချည်းဆိုသလို သူ၏ရင်ဘတ်ကိုဖိနေသည်ကို မြင်လိုက်ရ၏။ အဘိုးအိုနံဘေးရှိလူများသည် ထိတ်လန့်တုန်လှုပ်သွားပြီး မည်သို့လုပ်ကိုင်ရမည်ကို မသိကြတော့ချေ။ မိန်းကလေးပုံစံမှာ မလုံမလဲဖြစ်သွားသော်လည်း သူမကိုယ်သူမအားတင်း၍ ပြောလိုက်၏။
“ရှင်...တမင်နေမကောင်းဖြစ်ချင်ယောင်ဆောင်နေတာလား? ကျွန်မရှင့်ကိုမထိခဲ့ဘူးနော်၊ လာအပြစ်မတင်နဲ့...”
သူမသည် လွန်စွာမခံမရပ်နိုင်ဖြစ်နေ၏။
သူမသည် ကျင်းယွင်ကျောင်းယောင်ဆောင်ခဲ့သည်မှာ မှန်သော်လည်း တမင်လုပ်ခဲ့ခြင်းမဟုတ်ပေ။ သူမနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသောကောင်လေးမှ သူမအား အခြားသူတစ်ယောက်အဖြစ် အထင်လွဲနေခြင်းသာဖြစ်သည်။ ထိုကောင်လေးသည် အလွန်အာရုံနောက်ဖွယ်ကောင်းလှ၏။ တက္ကသိုလ် A တွင်တက်မည့်သူတိုင်းကို ကျင်းယွင်ကျောင်းဟု ထင်နေလေသလော?
ပြာပြာသလဲဖြစ်နေသောမျက်နှာဖြင့် သူမသည် အခြားသူများထံမှ စိန်းစိန်းဝါးဝါးအကြည့်ခံနေရသည်ကို မြင်လိုက်ရသောအခါ ဒေါသတကြီးဖြင့် မိမိထိုင်ခုံဆီသို့ ပြန်လိုက်တော့၏။ သူမလက်များသည် အကြောက်တရားကြောင့် မိမိအင်္ကျီစွန်းများကို ဆုပ်ကိုင်ထားလေသည်။
သို့ရာတွင် သူမသည် ကျင်းယွင်ကျောင်း၏နာမည်အား အသုံးပြုခဲ့ကြောင်း မှတ်မိသွားသောအခါ သက်မကြီးကို ချလိုက်တော့သည်...
“ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ...”
ထိုအခိုက်အတန့်တွင် အနောက်မှ အသံတစ်သံထွက်လာ၏။
ကျင်းယွင်ကျောင်းသည် လူကြားထဲတိုးဝှေ့ပြီး အဘိုးအိုအား အိပ်စင်ပေါ်တွင် တင်လိုက်၏။ သူမသည် သူမ၏ငွေအပ်များကို လျင်မြန်စွာထုတ်ပြီး အဘိုးအို၏ အကြောမှတ်များဆီသို့ ထိုးစိုက်လိုက်သည်။
Space and Rebirth 676
ရှောင်ဟိုင်ချင်းမှ သူမကိုခေါ်ပုံခေါ်နည်းကြောင့် လူအားလုံးဆိုသလို အနည်းငယ်ထူးဆန်းအံ့ဩမိသွားသည်။ အဘိုးအို၏အသက်ကို ကယ်နေသောမိန်းကလေးအား “ယွင်ကျောင်း” ဟုခေါ်နေလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် အရှေ့ထိုင်ခုံရှိ အဆင့်တစ်ကျောင်းသူလေး၏နာမည်မှာလည်း ယွင်ကျောင်းဖြစ်သည်။ အလွန်အံ့ဩဖွယ်ကောင်းသောတိုက်ဆိုင်မှုတစ်ခုပင်။
အချိန်အတန်ငယ်ကြာပြီးနောက် အဘိုးအိုသည် အသက်ကို မောမောပန်းပန်းဖြင့်ရှူရင်း ပြောလိုက်၏။
“ရန်…ရန်မဖြစ်ကြနဲ့တော့…”
သူ၏လုပ်ရပ်ကြောင့် ဤမျှလောက်ကိစ္စကြီးကျယ်သွားမည်ဖြစ်ကြောင်း သိခဲ့လျှင် သူသည် ထိုမိန်ကလေးအား သတိပေးခဲ့မည်မဟုတ်ချေ။
“အဘိုးခန္ဓာကိုယ်က အဲ့လောက်ပြသာနာမရှိဘူး ဒါပေမယ့် နောက်ပိုင်းကျရင် စိတ်ခံစားချက်အရမ်းမပြင်းထန်အောင် ထိန်းသင့်တယ်”
ကျင်းယွင်ကျောင်းပြောလိုက်၏။
အဘိုးအို၏ခန္ဓာကိုယ်၌ နေရာလပ်မကျန် ထိလွယ်ရှလွယ်ဖြစ်နေပြီး ကြီးမားသောပြောင်းလဲမှုများကို ခန္ဓာကိုယ်မှ ခံနိုင်ရည်မရှိတော့ချေ။ ကံကောင်းစွာဖြင့် ဤသည်မှာ ပြင်းထန်သောရောဂါမဟုတ်ပေ။ အဘိုးအိုသည် အနည်းငယ်ရင်တုန်သွား၍ အသက်ရှူမဝဖြစ်လာခဲ့ရုံသာရှိပေသည်။ သူ၏ခန္ဓာကိုယ်ကျန်းမာရေး၌ ကြီးကြီးမားမားပြသာနာမရှိချေ။
“မင်းက…”
အဘိုးအို ဇဝေဇဝါဖြစ်နေသည်။
“ကျွန်မနာမည်က ကျင်းယွင်ကျောင်းပါ”
ကျင်းယွင်ကျောင်းမှ ထပ်ပြောလိုက်သည်။
ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားလေသည်။ မိန်းကလေး၏ နှလုံးခုန်သံများမှားသွားပြီး လျင်မြန်စွာ မတ်တပ်ရပ်ကာ ကျင်းယွင်ကျောင်းကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
ကျင်းယွင်ကျောင်း? ထိုမျှလောက် တိုက်ဆိုင်နိုင်စရာအကြောင်းမရှိပေ…
သို့သော် တက္ကသိုလ် A ၏ ကျောင်းအပ်စာရင်းသွင်းရန် အချိန်ကျခါနီးပြီဖြစ်၍ လုံးဝမဖြစ်နိုင်သည်တော့မဟုတ်ပေ။ ကျင်းယွင်ကျောင်းသည်လည်း ဟွားနင်ခရိုင်ကဖြစ်၍ သူမနှင့်အတူ ရထားတစ်တွဲတည်း စီးနိုင်ချေမှာ အလွန်မြင့်မားပေ၏!
“မင်းကကျင်းယွင်ကျောင်းလား? ဒါဆို…သူနဲ့နာမည်တူတာပေါ့? ဘယ်လိုတိုက်ဆိုင်မှုကြီးလဲ!”
ကောင်လေးတစ်ဦးမှ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
“တကယ်တိုက်ဆိုင်တာပဲ၊ ငါတို့ရဲ့ယွင်ကျောင်းကလည်း တက္ကသိုလ် A ကကျောင်းသားပဲ၊ ဖြစ်ချင်တော့ သူက အမှတ် ၇၄၉ မှတ်ရထားတာလေ”
ရှောင်ဟိုင်ချင်းမှ အပြုံးတစ်ခုဖြင့် ဘွင်းဘွင်းပြောချလိုက်၏။
သူမထိုသို့ပြောလိုက်သောအခါ သူမပြောချင်သောအဓိပ္ပာယ်မှာ ပို၍ရှင်းလင်းသိသာသွားပေသည်။ သူတို့အနီးတစ်ဝိုက်ရှိ လူများ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများ၊ ဇဝေဇဝါဖြစ်ဟန်များဖြင့် ပြည့်နှက်သွား၏။ တစ်စုံတစ်ယောက်မှ လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။
“ဒါဆို မင်းက တစ်နိုင်ငံလုံးအဆင့်တစ် ကျင်းယွင်ကျောင်းပေါ့?! ဒါဆို သူကဘယ်သူလဲ? သူပြောတော့ သူက အဆင့်တစ်ကျောင်းသူဆို…”
“ဪ! မင်းကအတုလား? ငါတို့ကိုလိမ်နေခဲ့တာပေါ့?!”
မိန်းကလေး၏မျက်နှာသည် တစ္ဆေသရဲကို တွေ့လိုက်ရသကဲ့သို့ ဖြူဆုပ်သွားသည်။ သူမ၏ကံသည် ဤမျှလောက် ဆိုးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ!
သူမစိတ်ထဲတွင် သူမသည် အပြစ်ကင်းစင်ကြောင်း ပြင်းပြင်းထန်ထန်ခံစားမိပေ၏။ သူမသည် အစက ကျင်းယွင်ကျောင်းကဲ့သို့ ဟန်ဆောင်ရန် စိတ်တောင်မကူးခဲ့ချေ။ အခြားသူများကသာ သူမနှင့် ကျင်းယွင်ကျောင်းကို ဆက်စပ်လိုက်ခြင်းဖြစ်သည်။ ကျင်းယွင်ကျောင်းအစစ်မှာ သူမနှင့် ရထားတစ်တွဲတည်းရှိရုံမက…ရထားတန်း တစ်ဖက်ခြမ်းရှိ ထိုင်ခုံပေါ်တွင် သူမနှင့်နီးကပ်စွာရှိနေလိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း?!
လူအားလုံးသည် မျက်နှာတွင် ခံစားချက်မျိုးစုံပေါ်ထွက်နေသော မိန်းကလေးအား ကြည့်လိုက်သည်။ ထိုမိန်းကလေးပုံစံမှာ အလွန်အမင်းထိတ်ထိတ်ပျာပျာဖြစ်နေလေသည်။
သို့ရာတွင် သူမသေချာစဉ်းစားကြည့်လိုက်သောအခါ သူတို့သည် လမ်းတွင်အခွင့်အခါကြုံ၍ တွေ့ဆုံရသောသူစိမ်းများသာဖြစ်ကြောင်း သူမသတိရလိုက်၏။ ဤကဲ့သို့ကိစ္စမျိုးနှင့်ပတ်သတ်၍ ဒေါသထွက်စရာမလိုပေ။ သူမသည် ချက်ချင်းပင် ဦးမော့ကာ ပြောလိုက်သည်။
“ကျွန်မနာမည်က ထောင်ကဲ့၊ အဲ့လိုကြည့်စရာမလိုပါဘူး အစကနေအဆုံးထိ ကျွန်မကိုယ်ကျွန်မ ကျင်းယွင်ကျောင်းပါလို့ မပြောခဲ့ဖူးဘူး၊ ကျွန်မက တက္ကသိုလ် A ကကျောင်းသူလို့ပဲပြောခဲ့တာ! ပြီးတော့ ကျွန်မလိမ်နေတာမဟုတ်ဘူးလေ ကျွန်မအမှတ်တွေက ကျင်းယွင်ကျောင်းလောက် မကောင်းပေမယ့် အဲ့လောက်ကြီးဆိုးနေတာတော့ မဟုတ်ဘူး”
သူမထိုစကားများကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်ကျသွားသည်။ လူများသည် ပြန်တွေးကြည့်လိုက်သောအခါ သူမကိုယ်သူမ မိတ်ဆက်သည်ကို မကြားလိုက်ရမှန်း မှတ်မိသွား၏။
“အစကတည်းက ငြင်းလည်းမငြင်း လက်လည်းမခံခဲ့တာမို့ ငါကြားတာတောင် လာပြီးမပြောခဲ့ဘူး။ ဒါပေမယ့် ငါမှတ်မိတာမှန်တယ်ဆိုရင် နင်ဒီကောင်လေးကို စကားပြောနေတုန်းက နင်အဆင့်တစ်ဖြစ်တာ သူတို့နဲ့ဘာဆိုင်လဲလို့ ပြောခဲ့တယ် ငါပြောတာမှန်တယ်မလား?”
ကျင်းယွင်ကျောင်းမတ်တပ်ရပ်ကာ ဆက်ပြောလိုက်ပြန်သည်။
“အဆင့်တစ်ကျောင်းသူဆိုတာ ဘာအဓိပ္ပာယ်မှန်း လူတိုင်းသိတယ်၊ အဲ့စကားတွေကို ပြောကတည်းက နင့်ကိုယ်နင်ကျင်းယွင်ကျောင်းလို့ ပြောနေတာနဲ့ အတူတူပဲ။ ငါ့အယောင်ဆောင်ပြီး တခြားသူတွေနဲ့ ဒီတိုင်းစကားပြောနေတာလောက်ကတော့ ငါလွှတ်ပေးထားလို့ရပေမယ့် လူကြီးတစ်ယောက်ရဲ့စကားကို မျက်နှာလွှဲခဲပစ်ပြီး ပြန်အော်ငေါက်တာကိုတော့ မလွှတ်ပေးထားနိုင်ဘူး။ ငါ့ကိုအရှက်ခွဲနေတာနဲ့ အတူတူပဲ အခုနင့်အလိမ်တွေပေါ်သွားပြီဆိုတော့ ငါနဲ့ ငါနားကလူတွေကို မတောင်းပန်ဘဲနေမယ်လို့ စဉ်းစားနေသေးတာတော့မဟုတ်ပါဘူးနော်?”