အခန်း (၆၇၇-၆၈၀)
Vol. 34 Ch. 677-680
Space and Rebirth 677
ကျင်းယွင်ကျောင်းသည် အေးစက်သောမျက်နှာထားဖြင့် ဖြောင့်မတ်တည်ကြည်စွာ ပြောလိုက်သောကြောင့် အခြားသူများ ပြန်လည်ချေပရန် ခက်ခဲသွားသည်။
သူမသည် လူများ၊ ပြသာနာရပ်များအား ကိုင်တွယ်ဖြေရှင်းရတိုင်း သမာသမတ်ကျကျဖြေရှင်းတတ်ပေသည်။ သူမသည် ယခင်က မကောင်းသောအရာများစွာကို လုပ်ဆောင်ခဲ့ဖူးသော်လည်း ကြီးသူရိုသေ ငယ်သူလေးစားဟူသော ကျင့်ဝတ်ကို စွဲစွဲမြဲမြဲကျင့်သုံးနေဆဲဖြစ်၏။ ဤအဘိုးအိုသည် မည်သည့်ပြစ်မှုမျိုးကိုမှ ကျူးလွန်ထားသည်မဟုတ်ရာ ဤအခြေအနေမျိုးတွင် သူ့အား ပြန်အော်ငေါက်ပိုင်ခွင့်မရှိပါပေ။
သို့ရာတွင် ထောင်ကဲ့သည် သူမ၏နာမည်ကိုအသုံးပြု၍ ဤကိစ္စကိုလုပ်ခဲ့လေသည်။ ထို့ကြောင့် အခြားသူများ၏အမြင်တွင် သူမကိုယ်တိုင်လုပ်သည်နှင့် ထူးမခြားနားဖြစ်တော့၏။
ဤသတင်းသာပျံ့သွားလျှင် ဝေဖန်စွပ်စွဲခံရမည့်သူမှာ သူမကိုယ်တိုင်သာဖြစ်သည်။
ထောင်ကဲ့၏ မျက်နှာသည် အတန်ငယ်ပျက်နေလေ၏။ သူမသည် နှုတ်ခမ်းများကိုစေ့ကာ ပြန်ကိုက်လိုက်သည်။ ခေတ္တမျှကြာပြီးနောက် သူမပြောလိုက်၏။
“ငါတောင်းပန်ပါတယ်၊ ဟုတ်ပြီလား?”
သူမသည် ဤကဲ့သို့ ထူးချွန်သောပုဂ္ဂိုလ်အား ရထားပေါ်၌ တွေ့လိုက်ရသဖြင့် ရှစ်ဘဝစာကံဆိုးမှုကြီးကို ရရှိလိုက်သည်ဟု ပြောနိုင်ပေသည်!
တက္ကသိုလ် A သို့သွားရခြင်းမှာ သူမအတွက် အမှန်တကယ်ပင် ကောင်းသောအရာတစ်ခုဖြစ်ခဲ့သော်လည်း ယခုမူ သူမ၏လှပသောခရီးစဉ်သည် ကျင်းယွင်ကျောင်းကြောင့် ပျက်စီးခဲ့ရလေပြီ။ ဤကဲ့သို့ဖြစ်မည်မှန်း သူမသိခဲ့လျှင် အခြားသူများရှေ့၌ မိမိကိုယ်မိမိ တက္ကသိုလ် A မှကျောင်းသူဟု မပြောခဲ့ပါချေ!
ကျင်းယွင်ကျောင်းသည် သူမအားဝေ့ကြည့်ပြီး အထင်အမြင်သေးစွာဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။ သူမသည် ဤကဲ့သို့သောလူစားမျိုးကို ဆက်ပြောစရာစကားမရှိပါပေ။
မိမိမှားနေကြောင်း သိသာထင်ရှားလျက်ဖြင့်ပင် မတရားသဖြင့် တောင်းပန်ပေးလိုက်ရသည့် နစ်နာသူတစ်ဦးသဖွယ် ပြုမူနေလေသည်။ မသိလျှင် သူမ၏လုပ်စာကို ကျင်းယွင်ကျောင်းတို့မှ ထိုင်စားနေရသလိုပင်။
သို့ရာတွင် သူတို့သည် တစ်ကျောင်းတည်းသားများဖြစ်ပြီး ခရိုင်တစ်ခုတည်းမှ လာခဲ့ကြသူများဖြစ်၍ ကျင်းယွင်ကျောင်းသည် သူမအား လေးလေးနက်နက်အပြစ်မပေးလိုပါပေ။ သူမနှင့်ရှောင်ဟိုင်ချင်းသည် မိမိတို့ထိုင်ခုံများသို့သာ ပြန်သွားလိုက်သည်။
သို့ရာတွင် မိမိတို့ထိုင်ခုံသို့ ပြန်နေချိန်တွင် သူတို့နံဘေးရှိ ကောင်လေးမှ အပြုံးတစ်ခုဖြင့် လျှောက်လာတော့သည်။ သူသည် အံ့အားသင့်နေသောမျက်နှာထားဖြင့် ပြောလိုက်၏။
“အဲ့တော့ မင်းက ကျင်းယွင်ကျောင်းကိုး၊ မင်းကတကယ်လှတာပဲ၊ ဓာတ်ပုံတစ်ပုံလောက် အတူရိုက်လို့ရမလား? ခုနက အဲ့မိန်းကလေးကို မင်းလို့အထင်လွဲမိလိုက်တာ တကယ်ရှက်မိတယ်…”
“ရှက်တယ်ဆိုရင်လည်း ကိုယ့်ထိုင်ခုံကိုပြန်သွားပြီး တခြားသူတွေကို မနှောင့်ယှက်နဲ့တော့ ဒီမှာကြည့် အတန်းဖော်လေး၊ အတန်းဖော်ထောင်ကဲ့က ငါ့လိုဟန်ဆောင်ခဲ့တာမှန်ပေမယ့် ကြည့်ရသလောက် အဲဒါတွေအားလုံးက နင့်ရဲ့အတ္တကြောင့်ပဲမဟုတ်ဘူးလား”
ကျင်းယွင်ကျောင်းသည် သူ့အား တစ်စက်မှငဲ့ညှာခြင်းမရှိဘဲ စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ ကောင်လေး၏မျက်နှာသည် မှောင်မည်းသွားပြီး တစ်ခုခုကိုပြောရန် ဟန်ပြင်လိုက်တော့သည်။
သို့ရာတွင် သူမပြောနိုင်ခင်တွင်ပင် ကျင်းယွင်ကျောင်းမှ ဖြတ်ပြောလိုက်၏။
“အတန်းဖော်ထောင်ကို ဩဝါဒချွေသလိုမျိုး ငါ့ကိုအပြစ်တင်ဖို့ စဉ်းစားနေတာဆိုရင် မလုပ်တာကောင်းမယ်လို့ အကြံပေးချင်တယ်၊ ငါတို့အားလုံး အမှန်အမှားပိုင်းခြားတတ်တယ်လေ။ နင်နဲ့စကားမပြောလို့၊ နင်နဲ့ဓာတ်ပုံအတူမရိုက်လို့ ဆိုတာနဲ့ပဲ တခြားသူတွေကို လိုက်ရန်လိုနေတာဆိုတော့ နင့်မိဘတွေက သေချာမဆုံးမထားပုံပဲ”
ဤကောင်လေးနှစ်ဦးနှင့် ပတ်သတ်လာလျှင် ကျင်းယွင်ကျောင်းသည် သူတို့အား တစ်စက်မှကောင်းကွက်မမြင်ပါချေ။ သူတို့၏စိတ်အတွင်း၌ မိမိသည်သာအတော်ဆုံးဟုထင်နေပြီး ဦးနှောက်ကို နည်းနည်းမှပင် မသုံးကြပေ။ ထောင်ကဲ့မှ သူမကိုယ်သူမ တက္ကသိုလ် A မှ ကျောင်းသူဟုသာ ပြောရသေးသည်၊ သူတို့ည် ကျင်းယွင်ကျောင်းဟူသောနာမည်နှင့် ဆက်စပ်လိုက်ချေပြီ။
ထောင်ကဲ့သည် မာန်မာနကြီးသောလူဖြစ်သည်မှာ သိသာ၏။ သူမသည် တက္ကသိုလ် A သို့တက်မည်ဖြစ်ကြောင်း ပြောရသည့်အကြောင်းအရင်းမှာလည်း ကြွားလုံးထုတ်ရန်ဖြစ်ပြီး အခြားသူများ၏ အားကျသောအကြည့်ကို ခံယူလိုခြင်းဖြစ်သည်။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် အမှတ် ၇၄၉ မှတ်ဟု ပြောခဲ့၏။ ထောင်ကဲ့မည်မျှပင် ပညာထူးချွန်စေကာမူ သူမနှင့်ယှဉ်နိုင်မည်မဟုတ်ပေ။ ထောက်ကဲ့သာ ၎င်းကိုကြားပြီး ရှက်မသွားလျှင် ထူးဆန်းပေတော့မည်။
ခြုံငုံပြောရလျှင် လူတိုင်းတွင် မိမိအားနည်းချက်နှင့် မိမိရှိကြလေသည်။ ရထားထဲ၌လည်း တိတ်ဆိတ်ငြိမ်သက်သွားပြီဖြစ်ရာ သူမသည် ထိုသူတို့နှင့် ထပ်ပြသာနာမဖြစ်ချင်တော့ချေ။
“မင်းဘာလို့…”
ထိုကောင်လေးမှ စကားပြောရင်းတန်းလန်းတွင် စူးချူနှင့် ရှောင်ဟိုင်ချင်းတို့မှ ချက်ချင်းဆိုသလို စူးရဲစွာကြည့်လိုက်သဖြင့် သူသည် ဆက်ပြောမည့်စကားများကို မြိုချလိုက်ရ၏။
ထိုကောင်လေးသည် မကျေမနပ်ဖြင့် သူ၏ထိုင်ခုံဆီသို့ ပြန်သွားလိုက်သည်။ အနီးအနားဝန်းကျင်မှ ကဲ့ရဲ့ရှုံ့ချသောအကြည့်များကိုပါ ခံစားလိုက်ရသဖြင့် သူသည် ဒေါသကိုမြိုသိပ်ကာ တိတ်တဆိတ်သာနေလိုက်တော့၏။
ရထားသည် အရှိန်နှုန်းမြှင့်၍ သွားနေသဖြင့် လူအများစုသည် ဆူညံသံများကြောင့် အိပ်မရတော့ပေ။
“ယွင်ကျောင်း၊ ဒီထောင်ကဲ့ဆိုတဲ့ မိန်းကလေးက နင်နဲ့ဌာနတစ်ခုတည်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
စူးချူတီးတိုးရေရွတ်လိုက်သည်။
“ဌာနတစ်ခုတည်းဆိုတော့ရောဘာဖြစ်လဲ? တစ်တန်းတည်း၊ အဆောင်တစ်ခန်းတည်းဖြစ်ရင်ရော? အဲဒါက…”
ရှောင်ဟိုင်ချင်းခြောက်ကပ်စွာ ရယ်လိုက်သည်။
“ဆက်မပြောနဲ့တော့ တကယ်ဖြစ်လာနေဦးမယ်”
“ငါ့အမြင်အရ ဖြစ်နိုင်ချေသိပ်မရှိဘူးလို့ထင်တယ်၊ တက္ကသိုလ် A ရဲ့စီးပွါးရေးဌာနက သူဌေးတွေပဲ တက်တဲ့နေရာဆိုပြီး နာမည်ကြီးတယ်၊ အထူးသဖြင့် ယွင်ကျောင်းရဲ့ဌာနပေါ့။ ပြီးတော့ အတန်းဖော်ထောင်ဘေးနားမှာ ချထားတဲ့ စာအုပ်နှစ်အုပ်ကို ငါတွေ့လိုက်တယ်။ နှစ်အုပ်လုံးက စာရင်းအင်းနဲ့ဆိုင်တဲ့စာအုပ်တွေပဲ အဲ့တော့…သူတို့နှစ်ယောက်တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ကန်ကျင်းချန်ပြောလိုက်၏။
Space and Rebirth 678
ကျင်းယွင်ကျောင်းနှင့် ကျန်နှစ်ဦးသည် မှင်သက်အံ့ဩသွားကြ၏။ ရှောင်ဟိုင်ချင်းမှာ ပို၍ပင် အံ့အားသင့်နေသည်။
“နင်ဘယ်အချိန်ကတည်းက A တက္ကသိုလ်အကြောင်းအဲ့လောက်သိသွားတာလဲ?”
“ငါသိတာမဟုတ်ဘူး၊ ကျစ်ဟွားက X မြို့ကိုမသွားခင် ငါတို့တွေ့လိုက်ကြသေးတယ်၊ အဲ့တုန်းက သူပြောပြတာ။ သူလည်း A တက္ကသိုလ်ကိုသွားချင်ပေမယ့် စိတ်မကောင်းစရာက သူ့မိသားစုရဲ့ဆွေမျိုးတွေနဲ့ လုပ်ငန်းတွေအားလုံးက X မြို့မှာရှိနေတာလေ။ အဲ့နေရာမှာ ပတ်ဝန်းကျင်အနေအထားကလည်း သူ့အတွက်အရမ်းကောင်းတာမို့ မတတ်သာဘဲ သွားလိုက်ရတာ”
ကန်ကျင်းချန်ပြောလိုက်သောအခါ ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်၏။
သူမသည် တကယ်တမ်းတွင် A တက္ကသိုလ်အကြောင်း သိပ်မသိသော်လည်း ပိုင်ယွီအန်းမှ ထိုတက္ကသိုလ်၏ကျောင်းဆင်းတစ်ဦးဖြစ်၏။ ထိုကျောင်း၏ အနေအထားမှာ ကောင်းမွန်ပြီး ဘက်ပေါင်းစုံမှ အဆင်ပြေသည်ဟု သူပြောခဲ့သည်။
လေးဦးသားသည် အချိန်အတော်ကြာ တီးတိုးတီးတိုးဖြင့် စကားပြောနေကြချိန်တွင် တစ်ဖက်ခြမ်းမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ထောင်ကဲ့၏ မျက်နှာတစ်ခွင်လုံး မှောင်ရိပ်သန်းနေသည်။ မသိလျှင် သူမအား တစ်စုံတစ်ဦးမှ ဒေါ်လာပေါင်းသန်းချီ အကြွေးမဆပ်ရသေးသကဲ့သို့ပင်။
စိတ်မကောင်းစွာဖြင့် လက်ရှိအချိန်တွင် သူမအား မည်သူမှ ဂရုမစိုက်တော့ချေ။
ဆယ်နာရီနီးပါးခန့်ကြာသော ခရီးစဉ်သည် လျင်မြန်စွာ ပြီးဆုံးသွားလေ၏။ ဤသည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသောခရီးဖြစ်ပြီး အထူးသဖြင့် ဘူတာနားရောက်ခါနီးချိန်တွင် ရထားတွဲသည် ပို၍အသက်ဝင်လာကာ လူများစွာ၏စကားသံများကို ကြားလာရသည်။ အချို့လူများမှာ မြို့တော်၏ ထုံးတမ်းဓလေ့များအကြောင်း ပြောနေပြီး အချို့မှာ အတင်းတုပ်နေကြသည်။
ကျင်းယွင်ကျောင်းသည် စိတ်လှုပ်ရှားလွန်း၍ လုံးလုံးအိပ်မရတော့ချေ။
သူမသည် လူစုလူဝေးကို မနှစ်သက်သော်လည်း အိမ်နှင့်ဝေးရာသို့ ရထားစီး၍သွားရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် လူအုပ်ကြီးကို မြင်ရရန် စိတ်အားထက်သန်နေမိသည်။
သူတို့အားလုံးသည် ဘူတာရုံသို့ရောက်သည်နှင့် မိမိတို့၏ပစ္စည်းများကို သယ်ဆောင်ကာ ရထားပေါ်မှ ဆင်းသွားကြ၏။ ကျင်းယွင်ကျောင်းတွင် ခရီးဆောင်အိတ်တစ်ခုသာရှိပြီး ရှောင်ဟိုင်ချင်းနှင့် အခြားသူငယ်ချင်းများမှာလည်း များများစားစားမသယ်လာသဖြင့် သူတို့အား ကူညီသယ်ဆောင်ပေးစရာမလိုပေ။
သို့ရာတွင် ကျင်းယွင်ကျောင်းမှ အနောက်သို့လှည့်ပြီး ထိုင်ရာမှထရန် ပြင်နေဆဲတွင် ထောင်ကဲ့သည် စိတ်လှုပ်ရှားလွန်း၍ ချွေးစေးများပြန်နေသည်ကို သူမတွေ့လိုက်ရ၏။ သူမသည် ပုံမှန်ထက်ဆိုဒ်ကြီးသော ခရီးဆောင်အိတ်တစ်ခုကို သူမကျောပေါ်တွင် လွယ်လာပြီး နေ့စဉ်သုံးပစ္စည်းများဖြင့် ပြည့်နှက်နေသည့် အိတ်ကြီးနှစ်အိတ်ကို လက်ထဲတွင် သယ်ဆောင်ထားသည်။ သူမကြည့်ရသည်မှာ လမ်းလျှောက်ရန်ပင် ခက်ခဲနေဟန်ရ၏။
ကျင်းယွင်ကျောင်းသည် ခဏတာမျှစဉ်းစားပြီးနောက် အရှေ့သို့လှမ်းသွား၍ သူမလက်ကိုကမ်းပေးလိုက်သည်။
“ကူညီပေးရမလား?”
ရထားတစ်စီးတည်းတွင် တွေ့ဆုံရသည်မှာ ကံကြမ္မာဟုမှတ်ယူနိုင်ပေသည်။ ဗဟိုမြို့တော်သည် နင်းမြို့တော်ကဲ့သို့ အိမ်နှင့်နီးသောနေရာမဟုတ်ပေ။ ဗဟိုမြို့တော်ထဲသို့ ရောက်သည်နှင့် မိမိမှီခိုအားထားနိုင်သော ဆွေမျိုးပေါက်ဖော်များလည်း မရှိတော့သည့်ဘဝနှင့် ရှင်သန်ရတော့မည်ဖြစ်သည်။ အနည်းငယ်ချဲ့ကားပြောထားခြင်းဖြစ်သော်လည်း မိမိကိုယ်မိမိသာ အားကိုးနိုင်တော့သည်ဟူသောအချက်မှာမူ မှန်ကန်ပေသည်။ ထိုသို့သောလူအား ကျင်းယွင်ကျောင်းသာ ကူညီနိုင်လျှင် ကူညီပေးဦးမည်ဖြစ်၏။
“မလိုဘူး! ဟွန့်!”
ကျင်းယွင်ကျောင်းသည် စိတ်ကောင်းနှလုံးကောင်းဖြင့် ကူညီရန်လက်ကမ်းခဲ့သော်လည်း တစ်ဖက်လူမှာ လက်မခံခဲ့ချေ။ သူမသည် ကျင်းယွင်ကျောင်းအား စိန်းစိန်းဝါးဝါးပင်ကြည့်လိုက်သေးကာ အရှေ့မှ ဖြတ်လျှောက်သွား၏။
ကျင်းယွင်ကျောင်းသည် အံ့အားသင့်သောအပြုံးတစ်ခုကို ပြုံးလိုက်သည်။ စိတ်ဓာတ်ကျစရာအကြောင်းမရှိပါပေ။
အစက သူမသည် အနည်းငယ် အကူအညီပေးလိုခြင်းသာ ဖြစ်သော်လည်း တစ်ဖက်လူမှ လက်မခံခဲ့သဖြင့် အဘယ်သို့တတ်နိုင်မည်နည်း ။ ထို့အပြင် သူမသည်လည်း တစ်ဖက်လူနှင့် နက်ရှိုင်းသောဆက်ဆံရေးအား တည်ဆောက်လိုသောဆန္ဒမရှိချေ။
“လွန်လွန်းလိုက်တာ သူများရဲ့ ကူညီပေးတဲ့လက်ကိုတောင် ပုတ်ချနေပါလား?”
ရှောင်ဟိုင်ချင်း သူမကို မျက်စောင်းထိုးကြည့်လိုက်သည်။
“ကဲပါ သွားရအောင်”
ကျင်းယွင်ကျောင်း အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
သူမသည် တစ်ပါးသူအပေါ် ကြင်နာစိတ်ရှိသောကြောင့် ထိုသို့လုပ်ခဲ့ခြင်းမဟုတ်ပေ။ ယခု ရာသီဥတုသည် ပူလောင်အိုက်စပ်နေပြီး သူတို့သည် မနက်ဝေလီဝေလင်းအချိန်မှစ၍ ရထားစစီးခဲ့သူများဖြစ်သည်။ ဘူတာရုံသို့ သူတို့ရောက်ချိန်တွင် မနက်ဆယ်နာရီခန့်ရှိပေပြီ။ ဘူတာရုံမှထွက်ပြီးလျှင် မိမိတို့သက်ဆိုင်ရာကျောင်းဆီသို့ ဘတ်စ်ကားစီးသွားရဦးမည်။ ကြုံတွေ့ရမည့်ဒုက္ခများမှာ ယခုမှ အစပျိုးရုံ ရှိသေးပေသည်။
သူတို့သည် ရထားတွဲ၌ရှိစဉ်က ထောင်ကဲ့သည် ရေတစ်ပေါက်မျှပင် မသောက်ခဲ့ကြောင်း သူမသတိထားမိခဲ့၏။ ထောင်ကဲ့၏စိတ်မှာလည်း အနှောင့်အယှက်ဖြစ်နေပြီး ဒေါသလည်းကြီးသဖြင့် သူမခရီးစဉ်နောက်ပိုင်းတွင် အပူလျှပ်ပြီးမေ့လဲသွားလျှင် ကောင်းနိုင်မည်မဟုတ်ရာ။
သမားတော်တစ်ဦးအနေဖြင့် အပူလျှပ်နိုင်ချေရှိသည်ကို မြင်နေရသဖြင့် သူမသည် မျက်နှာလွှဲခဲပစ်မလုပ်နိုင်ခြင်းဖြစ်၏။
သို့ရာတွင် ထိုမိန်းကလေး၏ အသွင်အပြင်အရ သူမ၏ခန္ဓာကိုယ်သည် အတော်အသင့်ကြံ့ခိုင်ပေသည်။
လေးဦးသားသည် ဘူတာရုံမှ ထွက်ပြီးနောက် အရိပ်ခိုရင်း တစ်ခုခုကိုစားသောက်ရန် ဆိုင်တစ်ဆိုင်ရှာလိုက်၏။ သို့ရာတွင် စားသောက်ဆိုင်ထဲဝင်လိုက်သည်နှင့် ထောင်ကဲ့ကို တွေ့လိုက်ရပြန်သည်။ သူမသည် လက်ကိုမြှောက်ကာ စားပွဲထိုးကိုခေါ်နေ၏။ ထို့နောက် သူမသည် သူတို့လေးဦးမှ မခွင့်လွှတ်နိုင်သည့် အမှားတစ်ခုကို ကျူးလွန်မိသည့်နှယ် ရွံရှာစက်ဆုပ်သောအကြည့်ဖြင့် သူတို့ကို ကြည့်လိုက်လေသည်။
လေးဦးသားသည် ဤမိန်းကလေး၏ တုံ့ပြန်ချက်များနှင့် နေသားကျနေပြီဖြစ်သည်။ သူတို့သည် ဝလင်စွာ စားသောက်ပြီးနောက် မိမိတို့လမ်းဆီသို့ အသီးသီးလူစုခွဲသွားလိုက်ကြသည်။
သူတို့လေးဦးသည် မတူညီသောကျောင်းလေးကျောင်းသို့ တက်ရောက်သည်ဖြစ်ရာ တစ်လမ်းတည်းသွားနိုင်ရန်မှာ အလိုအလျောက်မဖြစ်နိုင်ပါပေ။ ကံကောင်းစွာဖြင့် တစ်ကျောင်းနှင့်တစ်ကျောင်း သိပ်မဝေးလှသဖြင့် အနာဂတ်တွင် အပတ်တိုင်းလိုလို ဆုံတွေ့နိုင်ကြသေးပေသည်။ ကန်ကျင်းချန်မှာမူ စစ်သင်တန်းကျောင်းကို ရွေးချယ်ခဲ့သဖြင့် ဆုံတွေ့နိုင်ခြင်းရှိမရှိ ပြောရခက်ပေသည်။
Space and Rebirth 679
မူလအစက လူလေးယောက်ရှိနေရာမှ ကျောင်းသို့ မိမိတစ်ယောက်တည်းသွားရသောအခါ ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို အနားတွင် တစ်ယောက်မှမရှိတော့သည်ကို ခံစားလိုက်ရသဖြင့် အတန်ငယ်အထီးကျန်သွားပေသည်။
သူမသွားရာလမ်းတွင် လီရှောက်ယွင်မှ စိတ်ပူကြောင်းပြောရန် ဖုန်းဆက်ခေါ်ခဲ့၏။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအပြီးတွင် လီရှောက်ယွင်သည် ကျောင်းမှနှုတ်ထွက်ပြီး သူမထက်စော၍ ဗဟိုမြို့တော်သို့ ပြန်သွားနှင့်ပြီဖြစ်သည်။ သူမသည် ယနေ့ကျောင်းသို့သွားမည်ဟု လီရှောက်ယွင်အား မပြောပြထားခဲ့ချေ။ တုလင်းမှ သူ့အား ပြောလိုက်ဟန်တူ၏။
A တက္ကသိုလ်သည် နှစ် ၁၀၀ ကျော်သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပေသည်။
ကျင်းယွင်ကျောင်းအတွက်မူ ဤတက္ကသိုလ်သည် ဧရိယာကျယ်ဝန်းကြောင်းသာသိပြီး အခြားသောဆရာ၊ ဆရာမများအကြောင်းကိုမူ မသိထားချေ။ စာမေးပွဲရလဒ်များထွက်လာစဥ်က A တက္ကသိုလ်မှ သူမကိုလာရှာသောဆရာတစ်ဦးရှိခဲ့သော်လည်း သူမသည် ထိုဆရာအား သွားရောက်မတွေ့ဆုံခဲ့ပါချေ။ သူမသည် ဤတက္ကသိုလ်သို့ဝင်ရန် လျှောက်လွှာတင်ခဲ့စဥ်က မျှော်လင့်ချက်မဲ့နေခဲ့သော ထိုဆရာသည် သူမကိုတွေ့သွားသည်နှင့် အလွန်အမင်းထိတ်လန့်အံ့အားသင့်သွားသဖြင့် ပါးစပ်ပင်မပိတ်နိုင်တော့ချေ။
ကျင်းယွင်ကျောင်းသည် ဤနေရာသို့ မလာခင်တွင် တက္ကသိုလ်အကြောင်း အနည်းငယ်စုံစမ်းထားခဲ့၏။ ထို့ကြောင့် သူမတစ်ဦးတည်းရှိနေလျှင်ပင် နေရာတစ်ခုကို လွယ်ကူချောမွေ့စွာ ရှာဖွေနိုင်ပေသည်။
ဤအချိန်တွင် ကျောင်းတော်ကြီးသည် စိတ်လှုပ်ရှားဆူညံမှုများဖြင့် ပျားပန်းခတ်တမျှ လှုပ်ရှားနေပြီဖြစ်သည်။ မိမိရောက်ပြီဖြစ်ကြောင်း အစီရင်ခံစာတင်ပြီးနောက် ကျင်းယွင်ကျောင်းသည် မိမိနေထိုင်မည့်အဆောင်ကို စတင်ရှာဖွေတော့သည်။
သူမသည် အစက မြို့တော်ထဲတွင် အိမ်တစ်အိမ်ဝယ်ရန် စီစဥ်ထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် အဘိုးရှုလည်းမရှိသလို ထိုအနီးတစ်ဝိုက်တွင် မည်သူမှမရှိချေ။ ထိုသို့ဆိုလျှင် ကျောင်းပြင်ပ၌ တစ်ဦးတည်းနေရသည်က အထီးကျန်စရာကောင်းမည်ဖြစ်သဖြင့် သူမသည် ကျောင်းဘော်ဒါဆောင်တွင်သာနေရန် ရွေးချယ်ခဲ့သည်။
အဆောင်အမျိုးအစားပေါင်းသုံးခုရှိလေသည်။ လူရှစ်ယောက်ဆန့်အဆောင်၊ လူခြောက်ယောက်ဆန့်အဆောင်နှင့် လူလေးယောက်ဆန့်အဆောင်တို့ဖြစ်၏။ နောက်ဆုံးတစ်ခုမှာ ပို၍စျေးကြီးသော်လည်း ကျင်းယွင်ကျောင်းသည် လူလေးယောက်ဆန့်အဆောင်ကို ရွေးချယ်ခဲ့ပေသည်။ သူမသည် လူအုပ်များသည်ကို မနှစ်သက်ပေ။ လူများလေလေ အငြင်းပွားနိုင်ချေမြင့်လေလေဖြစ်ပြီး မလိုအပ်သောပြသာနာများဖြစ်လာပါက သူမအတွက်ခေါင်းကိုက်စရာသာ ဖြစ်နိုင်သည်။
ကျင်းယွင်ကျောင်းသည် သူမ၏ခရီးဆောင်အိတ်ကိုသယ်၍ တံခါးကိုတွန်းဖွင့်လိုက်၏။
A တက္ကသိုလ်၏အနေအထားသည် အမှန်တကယ်ပင် ကောင်းမွန်ပေသည်။ အဆောင်ခန်းမှာ မကျဥ်းလွန်းသည့်အပြင် အတွင်းရှိ အလှဆင်ပစ္စည်းများမှာလည်း ရိုးရှင်းပြီးသစ်လွင်၏။
နှစ်ထပ်အိပ်စင်ပေါင်းလေးခုရှိနေပြီး အပေါ်ထပ်မှာ အနားယူအိပ်စက်ရန်အတွက်ဖြစ်ကာ အောက်ထပ်မှာ အင်္ကျီအဝတ်အစားများနှင့် စာအုပ်များသိုလှောင်သိမ်းဆည်းနိုင်ရန် လက်ရာမြောက်သော ဘုံသုံးဗီရိုတစ်ခုထားရှိရန်အတွက်ဖြစ်၏။ စားပွဲများနှင့် ထိုင်ခုံများကိုလည်း ပေးထားသည်။
အဆောင်ခန်းတွင် သီးသန့်ရေချိုးခန့်နှင့် အိမ်သာလည်း တွဲလျက်ပါလေသည်။
ခြုံငုံပြောရလျှင် မဆိုးလှချေ။ ခြောက်ယောက်ဆန့်အခန်းနှင့် ရှစ်ယောက်ဆန့်အခန်းမှာ ဤသို့မဟုတ်သောကြောင့်ဖြစ်သည်။ သို့သော် ဤအချိန်တွင် အခန်းထဲ၌ မလိုအပ်ဘဲလူများနေလေ၏။
“အိုင်းရား ငါ့သမီးတော့ ပင်ပန်းတော့မှာပဲ၊ ဒီအခန်းကဒီလောက်ပူတာကို ဘယ်လိုနေနိုင်မှာလဲ? တကယ်ပါပဲ ဒီလောက်ကောင်းတဲ့ကျောင်းက ဘယ်လိုဖြစ်လို့ တစ်ယောက်ခန်းတွေ မရှိပါလိမ့်? ငါတို့က မငှားနိုင်မှာလည်းမဟုတ်ဘူး...”
အမျိုးသမီးတစ်ဦးမှ တတွတ်တွတ်ရွတ်နေလေ၏။
သူမသည် ပြောပြောဆိုဆိုဖြင့် သူမသမီး၏အထုပ်အပိုးများကို ကူဖြည်ပေးနေ၏။ သို့ရာတွင် သားအမိနှစ်ဦးသည် ပျာယာခတ်နေပြီး ပစ္စည်းများကိုရှင်းလေလေ သူတို့လက်ချက်ဖြင့် ပိုရှုပ်လာလေလေဖြစ်သည်။ သူတို့တွင် အိမ်တွင် လက်ဖျားရေမစို ခြေဖျားရေမစိုဘဲနေခဲ့ရမှန်း သိသာလှ၏။
“ဒီလိုဖြစ်မယ်သိခဲ့ရင် အစ်မဝမ်ကိုခေါ်လာပါတယ်၊ ဒီပစ္စည်းတွေအားလုံးကို ငါတို့ဘယ်လိုစီနိုင်မှာလဲ? သူဆိုတကယ်ကျွမ်းတာ...”
အမျိုးသမီးမှ ထပ်ပြောလိုက်၏။
ဤသည်မှာ ကျွမ်းကျင်မှုနှင့်မဆိုင်ပေ။ ဘဝတွင် အခြေခံအားဖြင့် လိုအပ်သောစွမ်းရည်ဖြစ်ပေသည်။ ကျင်းယွင်ကျောင်းသည် သက်ပြင်းသာချကာ ဝင်လာလိုက်သည်။
လှုပ်ရှားမှုတစ်စုံတစ်ရာကို အာရုံခံမိသွားသော လူအချို့သည် ခေါင်းကိုလှည့်ပြီးကြည့်လိုက်သည်။ ထိုအခါ သူတို့၏မျက်လုံးများ ဝင်းလက်သွားလေ၏။ ဤကဲ့သို့လှပသောမိန်းကလေးအား မြင်ရခဲလှသည်မဟုတ်လော။
“အမလေး၊ မိန်းကလေးရော ဒီကျောင်းကပဲလား? နာမည်ကဘာလဲ?”
အမျိုးသမီးဖြစ်သူမှ နွေးထွေးသောမျက်နှာထားဖြင့် မေးလိုက်သည်။
“မင်္ဂလာပါ အန်တီ၊ ကျွန်မနာမည်က ကျင်းယွင်ကျောင်းပါ”
ကျင်းယွင်ကျောင်းယဥ်ကျေးစွာ ဖြေလိုက်၏။
ဤနာမည်မှာ ဟွားနင်ခရိုင်တွင် နာမည်အကြီးဆုံးဖြစ်သော်လည်း ခရိုင်တိုင်းတွင် အဆင့်တစ်ကျောင်းသားတစ်ယောက်စီရှိသည်ဖြစ်ရာ ဤကျောင်းတွင် အဆင့်တစ်ကျောင်းသားများ ရှားပါးလှသည်မဟုတ်သဖြင့် မည်သူမျှဂရုမစိုက်ချေ။
“မဆိုးဘူး မဆိုးဘူး၊ ဒါကအန်တီ့ရဲ့သမီး အားပေါက်တဲ့၊ နောက်ပိုင်းကျရင် သူ့ကိုသမီးတို့ပဲ ဝိုင်းဝန်းဂရုစိုက်ပေးဖို့ အကူအညီတောင်းရမှာပဲ။ ရော့ ဒါကအန်တီ့ရဲ့လက်ဆောင်ပါ သမီးရဲ့အခန်းဖော်တွေလည်း လက်ခံပြီးပြီဆိုတော့ သမီးလည်းယူလိုက်လေ...”
သူမသည် စကားပြောရင်းဖြင့် အလွန်စျေးကြီးပြီးလက်ရာမြောက်သော အိတ်တစ်လုံးကို ဆွဲထုတ်လိုက်၏။
Space and Rebirth 680
အမျိုးသမီးသည် သူမလက်ထဲသို့ ထိုအိတ်အား အတင်းအကြပ်ထိုးထည့်ပေးလိုက်၏။ အိတ်သည်မကြီးလှသော်လည်း အလှကုန်ပစ္စည်းများအား အပြည့်အမောက်ထည့်သွင်းထားသည်။ အိတ်အပြင်ဘက်တွင် ၎င်း၏တံဆိပ်နာမည်လည်းရှိနေ၏။ သူမသည် အိတ်အကြောင်း သိပ်နားမလည်သော်လည်း အမျိုးသမီး၏ဂုဏ်ယူဝံကြွားနေသောပုံစံအရ ဤအိတ်တန်ဖိုးမှာ များလှပေမည်။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်ကာ ပြုံးလိုက်၏။
“ကျေးဇူးပါ အန်တီ”
အမျိုးသမီးကျေနပ်သွားလေသည်။ ထို့နောက် သူမသည် ကိုယ်ကိုလှည့်ကာ သူမ၏သမီးကိုကူညီရန် အပြေးအလွှားသွားလိုက်သော်လည်း အကြိမ်ပေါင်းအနည်းငယ်ခန့် ကြိုးစားပြီးနောက်ပိုင်းတွင်ပင် ရလဒ်မှာ မကောင်းသေးချေ။ အမျိုးသမီး၏ သည်းခံနိုင်စွမ်း ကုန်ဆုံးလုနီးပါးဖြစ်နေ၏။ သူမသည် ကျင်းယွင်ကျောင်းနှင့် အခြားသောအခန်းဖော်ဆီသို့ ဦးလှည့်ကာ မေးလိုက်သည်။
“အခန်းဖော်လေးနှစ်ယောက်? ကူညီပေးလို့ရမလား...”
ကျင်းယွင်ကျောင်းနှင့် နောက်ကျောင်းသူတစ်ဦးသည် အကြည့်ချင်းဖလှယ်ကာ ခါးသက်စွာပြုံးလိုက်ကြ၏။ သူတို့သည် မိမိတို့၏ပစ္စည်းများကိုချကာ ထိုသားအမိအား ကူညီရှင်းလင်းပေးရန် သွားတော့သည်။
အားပေါက်ဟူသောအမည်ရှိသည့် မိန်းကလေးမှာ ပစ္စည်းများစွာကိုသယ်ဆောင်လာပြီး ထိုပစ္စည်းအားလုံးနီးပါးမှာလည်း ပန်းရောင်ဖြစ်နေ၏။ ပန်းရောင်အိပ်ရာခင်းများ၊ ပန်းရောင်ဇာလိုက်ကာများ၊ ပန်းရောင်အင်္ကျီများနှင့် ဖုန်း၊ ကွန်ပြူတာစသည့် စက်ပစ္စည်းများပင် ပန်းရောင်အဖုံးများ တပ်ဆင်ထားသည်။
ကျင်းယွင်ကျောင်းသည် သူမအိပ်ရာပေါ်မှ နာမည်ကို ကြည့်လိုက်၏။ သူမနာမည်မှာ ‘ဘေဘီယောင်’ ဖြစ်သည်။
ဘေဘီယောင်သည် ရုပ်ရည်အရ မဆိုးလှချေ။ သူမသည် အဆီလေးအနည်းငယ်ရှိနေပြီး ချိုသာသော ပေါင်မုန့်လုံးပုံစံမျက်နှာနှင့် လုံးဖောင်းဖောင်းဆံထုံးတစ်ခုကို ပိုင်ဆိုင်ထား၏။ သို့ရာတွင် သူမသည် အရပ်မရှည်လှချေ။ ၁.၆ မီတာထက်ပင် မကျော်နိုင်ရာ။ သူမကြည့်ရသည်မှာ ကလေးကြီးတစ်ဦးနှင့် တူလှသည်။
သူမမျက်နှာမှာ အပြစ်ကင်းစင်ပြီး စိတ်ရှုပ်ထွေးနေဟန်ရှိသည်။ ကျင်းယွင်ကျောင်းသည် တီဗီဒရမ်မာကားများထဲက ရိုးသားဖြူစင်ပြီး စိတ်ထားကောင်းသော အမျိုးသမီးဇာတ်ဆောင်များကိုပင် ပြေးမြင်မိ၏။
“ငါ့နာမည်က ယန်ရှင်းယွဲ့၊ တွေ့ရတာဝမ်းသာပါတယ် အနာဂတ်မှာ ခင်ခင်မင်မင်နေကြတာပေါ့”
သူမတို့ ရှင်းလင်းရေးပြီးဆုံးခါနီးတွင် တစ်ဖက်မိန်းကလေးမှ သူမအား ပြုံးရင်းပြောလိုက်၏။
ယန်ရှင်းယွဲ့သည် ဆံပင်တိုရှိပြီး အနက်ရောင်ရှပ်အင်္ကျီတစ်ထည်နှင့် ဂျင်းဘောင်းဘီများကို ဝတ်ဆင်ထားသည်။ သူမပုံစံမှာ အနည်းငယ်ထိုင်းမှိုင်းနေပြီး အနက်ရောင်ကွပ်ထားသော မျက်မှန်များကို ဝတ်ဆင်ထား၏။ သူမရုပ်ရည်မှာ သာလွန်ထူးခြားလှသည်မဟုတ်သော်လည်း ရုပ်ဆိုးသည်လည်းမဟုတ်ပေ။ ကျင်းယွင်ကျောင်းနှင့် အရပ်အမြင့်အတူတူလောက်ရှိပြီး အခြားမိန်းကလေးများထက် အရပ်ရှည်သော်ငြား သူမခန္ဓာကိုယ်အချိုးအစားမှာ ပိန်လှီနေပြီး စကားနည်းဟန်ရ၏။
ကျင်းယွင်ကျောင်းပြန်ပြုံးလိုက်သည်။ မရောက်လာသေးသော အခန်းဖော်နောက်တစ်ဦးကျန်သေးပေသည်။
“အိုင်းရား မင်းတို့တွေက ပိုတော်တယ်၊ ပြီးတာမြန်လိုက်တာ...”
ဘေးတွင်ရပ်ကြည့်နေသော သားအမိနှစ်ဦးသည် လက်ခုပ်လက်ဝါးများတီးပြီး အားပေးချင်နေကြသည့်ပုံပေါက်သည်။ ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားပြန်၏။
ထို့နောက်တွင် သူမသည် မိမိပစ္စည်းများကို ထုတ်လိုက်သည်။ ကျောင်းဘက်မှ အိပ်ရာခင်းနှင့် မွေ့ရာများပေးထားသောကြောင့် သူမသည် ပစ္စည်းအနည်းငယ်သာ ယူခဲ့လေသည်။ သူမ၏ခရီးဆောင်အိတ်ထဲတွင် လဲဝတ်ရန် အင်္ကျီနှစ်စုံ၊ သုံးစုံခန့်သာရှိပြီး ကျန်ပစ္စည်းများမှာ အဘိုးရှုမှာ သူမအတွက် စုထည့်ပေးလိုက်သည့် စာအုပ်များဖြစ်၏။ သူမခရီးဆောင်အိတ်ကို ဖွင့်လိုက်သည်နှင့် ကျန်သောသူများ ထိတ်လန့်အံ့အားသင့်သွားကြသည်။
ဘေဘီယောင်၏မျက်နှာသည် သိချင်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့၏။
“အင်္ကျီတွေဒီလောက်ပဲရှိတာလား? တခြားနေ့စဥ်သုံးပစ္စည်းတွေ ဘာလို့မယူခဲ့တာလဲ? အသားအရေထိန်းသိမ်းရေးပစ္စည်းတွေ၊ အလှကုန်တွေလည်းရှိတာကို...ဒီမှာမတွေ့...”
“ကျောင်းဝင်းထဲမှာ ဆိုင်တစ်ဆိုင်ရှိတယ်လေ၊ နေ့စဥ်သုံးပစ္စည်းတွေကို အဲ့မှာထပ်ဝယ်လို့ရတယ်။ အလှကုန်ပစ္စည်းတွေကတော့ ငါတစ်ခါမှမသုံးဘူး”
ကျင်းယွင်ကျောင်းသည် ယဥ်ကျေးသောအပြုံးတစ်ခုကို ဆက်လက်ဆင်မြန်းထားပြီး ယဥ်ကျေးစွာပင် ပြောလိုက်၏။ ယန်ရှင်းယွဲ့နှင့် ဘေဘီယောင်တို့နှစ်ဦးလုံး မှင်တက်အံ့သြသွားကြသည်။
ဘေဘီယောင်မှ သူမပစ္စည်းများအား ဖြည်ချပြီးစဥ်တွင် သားအမိနှစ်ဦးသည် အချင်းချင်းနှုတ်ဆက်ရန် အချိန်တန်လာတော့သည်။ တစ်ဦးမှာ မျက်ရည်လည်ရွှဲဖြစ်နေပြီး နောက်တစ်ဦးမှာလည်း မျက်ရည်စက်လက်ပင်။ ကျင်းယွင်ကျောင်းသည် သူတို့နှစ်ဦးသားကို တစ်ပြန်စီကြည့်လိုက်၏။
သာမန်နှုတ်ဆက်ခွဲခွာခြင်းသာဖြစ်သော်လည်း ဘေဘီယောင်၏မိခင်ဖြစ်သူ လုံးလုံးထွက်သွားရန် အချိန်တစ်နာရီတိတိ ကြာသွားခဲ့သည်။
စက္ကန့်ပိုင်းလောက်ကတင် အသက်ရှူရပ်မတတ်ငိုနေခဲ့သော ဘေဘီယောင်သည် မေမေယောင်ထွက်သွားသည်နှင့် သူမမိခင်ဖြစ်သူ အမှန်တကယ်ထွက်သွားကြောင်း စစ်ဆေးရန် ဝရံတာသို့သွားလိုက်သည်။ ထို့နောက် သူမသည် ဝါးခနဲရယ်ချလိုက်တော့သည်။
“ကောင်းတယ်ဟေ့! အနာဂတ်မှာ ငါတစ်ယောက်တည်းနေလို့ရပြီ ငါ့မိဘတွေ လက်အောက်ကနေလွတ်ပြီဟ!”
ကျင်းယွင်ကျောင်းနဖူးပေါ်တွင် အနက်ရောင်အရေးအကြောင်းတချို့ ပေါ်လာတော့သည်။ ကြည့်ရသလောက် အစောပိုင်းက သားအမိနှစ်ဦးလမ်းခွဲရာ၌ သူမဟန်ဆောင်နေခဲ့ခြင်းလော?
သူမ၏သရုပ်ဆောင်စွမ်းရည်ဖြင့်ဆိုလျှင် ရှောင်ဟိုင်ချင်းနှင့် တစ်ကျောင်းတည်းမတက်ခဲ့သည်က နှမြောစရာပင်။ တက်ခဲ့ပါက သူမသည် အနာဂတ်၌ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို သေချာပေါက်ဆွတ်ခူးနိုင်လိမ့်မည်။
ဘေဘီယောင်သည် အိပ်ရာပေါ်သို့ ပြေးတက်ပြီး အကြိမ်အနည်းငယ်ခန့် လူးလိမ့်ပျော်ရွှင်နေတော့သည်။ ကံကောင်းစွာဖြင့် အိပ်ရာသည်သေးငယ်ပြီး သူမ၏လှုပ်ရှားမှုများမှာ မကြီးမားခြင်းဖြစ်သည်။ မဟုတ်လျှင် အခြားသူများမြင်ပါက သူမအား ရူးသွားသူတစ်ဦးဟု ဧကန်မုချမြင်ကြပေမည်။