အခန်း (၆၈၁-၆၈၄)
Vol. 35 Ch. 681-684
Space and Rebirth 681
သူမနှင့်ယှဥ်လိုက်လျှင် ယန်ရှင်းယွဲ့မှာ များစွာတည်ငြိမ်နေ၏။ သူမသည် မိမိလက်ပ်တော့ကို ကိုင်ကာ အနားတွင် မည်သူမှမရှိသည့်အတိုင်း စာထိုင်ရိုက်နေတော့သည်။
“ဘာလို့ဟော်ထျန်းရှန်းက အခုထိမရောက်သေးတာလို့ထင်လဲ?”
ခေတ္တမျှကြာပြီးနောက်တွင် ဘေဘီယောင်သည်လည်း ငြိမ်ကျသွားပြီဖြစ်၏။ သူမသည် အိပ်စင်လိုက်ကာကြားမှ ခေါင်းပြူထွက်ပြီး မေးလိုက်သည်။
“ဟော်ထျန်းရှန်း?”
ကျင်းယွင်ကျောင်း အံ့အားသင့်သွားသည်။ ထိုသူမှာ မည်သူနည်း?
“ကျန်တဲ့အခန်းဖော်တစ်ယောက်လေ၊ သူ့အိပ်ရာပေါ်မှာ ရေးထားတယ် နာမည်က ဟော်ထျန်းရှန်းတဲ့...”
[ TL notes: ထျန်းရှန်းဟူသည်မှာ အမတနတ်သမီးဟုလည်း အဓိပ္ပာယ်ရသည် ]
ဘေဘီယောင်ရှင်းပြလိုက်၏။ ကျင်းယွင်ကျောင်းသည် တစ်ခန်းလုံး ကျီးကန်းများပျံသန်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ငိုရမည်လော ရယ်ရမည်လော မဝေခွဲတတ်တော့ပေ။ သူမ၏အခန်းဖော်များသည် တစ်ယောက်ချင်းစီ တစ်မူထူးခြားလှသည်ဟု ခံစားမိနေ၏....
ဟော်ထျန်းရှန်း...သူမမိဘများသည် သူတို့သမီးဖြစ်သူ၏ ရုပ်ရည်အသွင်အပြင်ကို အလွန်ဂုဏ်ယူနေသည့်ဟန်ပေါက်သည်။ ထို့ကြောင့်လည်း ထိုကဲ့သို့နာမည်မျိုးပေးထားခြင်းမဟုတ်လော?
ကျင်းယွင်ကျောင်းသက်ပြင်းချလိုက်ကာ သူမစာအုပ်ကိုကောက်ယူပြီး စာဖတ်လိုက်တော့သည်။ အနာဂတ်တွင် သူမဘဝသည်လည်း တစ်နည်းနည်းတစ်ဖုံဖုံဖြင့် စိတ်လှုပ်ရှားစရာဖြစ်လာပေတော့မည်။
ဤဘေဘီယောင်ဟူသောမိန်းကလေးမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖော်ရွေတက်ကြွသောစရိုက်ရှိသည်။ သူမသည် စကားများ၍ဆူညံလှပြီး ချစ်စဖွယ်ကောင်းစွာ ချွဲ့နွဲ့တတ်ပေ၏။ ယန်ရှင်းယွဲ့မှာမူ အေးဆေးသမားဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းကို သဘောခွေ့ပုံရသည်။ ဤဟော်မျိုးနွယ် အမတနတ်သမီးမှာမူ....
ကျင်းယွင်ကျောင်းစဥ်းစားနေချိန်တွင် အဆောင်ခန်းတံခါးမှ “ဒုန်း ဒုန်း” ဟူသောအသံကို ကြားလိုက်ရ၏။ သုံးဦးသားသည် အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။
သူတို့သည် စစချင်းတွင် မျက်နှာကိုမမြင်ရချေ။ ပစ္စည်းများထည့်ထားသောအိတ်ပေါင်းများစွာက တံခါးပေါက်ဝမှ ဖြစ်ညှစ်ပြီးဝင်လာသည်ကိုသာ တွေ့လိုက်ရ၏။ တံခါးဝထဲသို့ ဝင်လာပြီးနောက်တွင် “ဝုန်း” ဟူသောအသံဖြင့် အရာအားလုံးသည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ ထိုမှသာ ဆံပင်ဂုတ်ဝဲခန့်ရှိသော မိန်းကလေးတစ်ဦးကို မြင်လိုက်ကြရသည်။
ထိုမိန်းကလေးသည် ဖိနပ်အပါးလေးတစ်ရံကို စီးထားပြီး အပွင့်ပုံစကတ်တစ်ထည်နှင့် တန်ဖိုးကြီးပုံရသောဆွဲကြိုးတစ်ကုံးကို လည်ပင်းပေါ်တွင် ဆင်မြန်ထား၏။ အရာအားလုံးကို မြေပြင်ပေါ်သို့ ပစ်ချပြီးနောက် သူမသက်ပြင်းချလိုက်သည်။ သူမသည် ဆံပင်ကိုသပ်ခါလိုက်ပြီး အဲကွန်းကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်လေ၏။
“ဒါကြောင့်မို့ ဒီလောက်ပူနေတာကိုး၊ နင်တို့တွေက စက်ရုပ်တွေများလား? ပူတာကို မခံစားမိကြဘူးလား?”
သူမသည် ပြောပြောဆိုဆိုဖြင့် အဲကွန်းကိုဖွင့်လိုက်၏။
ဤကျောင်း၏အဆောင်တိုင်းတွင် အဲကွန်းရှိသည်မဟုတ်ပေ။ ရှိသည့်အခန်းများကိုပင် လျှပ်စစ်သုံးစွဲရေးပမာဏအား အကန့်အသတ်ဖြင့်ပေးထား၏။ ထို့ကြောင့် သူတို့သည် ညဘက်တွင်ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ရန် မနက်တွင် ချွေတာနေခြင်းဖြစ်သည်။
အေးမြသောလေကို ခံစားလိုက်ရသောအခါ ထိုမိန်းကလေးသည် အားလုံးကိုဝေ့ကြည့်ပြီး ပြောလိုက်၏။
“ဘာတွေရပ်ကြည့်နေကြတာလဲ? ဒါတွေက ငါဒီနေ့အထူးရွေးဝယ်လာတဲ့ လက်ဆောင်တွေလေ၊ အင်္ကျီတွေ၊ အိတ်တွေ၊ ဖုန်းတွေ၊ လက်ပ်တော့တွေ၊ လက်ဝတ်ရတနာတွေ အစုံပဲ နင်တို့လိုချင်တာရှိရင် ရွေးလို့ရတယ်”
“အာ ငါပြောဖို့မေ့တော့မလို့၊ ငါ့နာမည်က ဟော်ထျန်းရှန်းတဲ့ ကန်ရာသီဖွားလေ၊ အခုချိန်ကစပြီး ငါတို့ကတစ်ခန်းတည်း အတူနေကြမယ့်လူတွေဆိုတော့ ငါ့အကူအညီလိုရင် အချိန်မရွေးပြောနော်”
သူမသည် ထိုသို့ပြောပြီးသည်နှင့် သူမအိပ်ရာပေါ်သို့ ဝေ့ကြည့်လိုက်၏။ သူမမြင်လိုက်ရသောအရာအား သိပ်မကျေနပ်ကြောင်း သိသာလှသည်။ သူမသည် အသက်ကိုပြင်းပြင်းရှူကာ သူမ၏ခရီးဆောင်အိတ်နှစ်ခုမှ ပစ္စည်းများကို ရှင်းလင်းနေရာချတော့သည်။
ကျင်းယွင်ကျောင်းသည် ခေါင်းကိုက်လာသလို ခံစားမိနေသည်။
ဤလူသုံးယောက်သည် အနာဂတ်တွင် သူမနှင့်အနီးကပ်ဆုံးလူသုံးယောက်ဖြစ်လာတော့ပေမည်...
ဟော်ထျန်းရှန်းသည် အပ်ကျသံပင်မကြားရသောအခန်းထဲတွင် ပစ္စည်းများကိုနေရာချရာ၌ ဆူညံဝုန်းဒိုင်းကြဲနေ၏။ သူမပြီးဆုံးချိန်တွင် ကြမ်းပြင်ပေါ်၌ သူမယူလာသောလက်ဆောင်များ အပုံလိုက်ရှိသေးသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်တော့သည်။
“ဘာဖြစ်လို့လဲ? တစ်ယောက်မှမကြိုက်ကြဘူးလား?”
“အဲဒါက...ငါ့အမေက ပစ္စည်းတွေအများကြီးထည့်ပေးလိုက်လို့ ငါမလိုတော့ဘူး...”
ဘေဘီယောင်သည် ဟော်ထျန်းရှန်း၏ ဟိတ်ဟန်ကြီးသောအပြုအမူကြောင့် ထိတ်လန့်သွားသဖြင့် စိုးရွံ့နေသောမျက်နှာထားဖြင့် ပြောလိုက်သည်။
“အဲ့ပစ္စည်းတွေ ငါမကြိုက်ဘူး”
ယန်ရှင်းယွဲ့မှာ ပို၍ပင် ဘုဘောက်ဆန်ကာပြောလိုက်၏။
ထိုအခါ ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းကိုကြည့်ပြီး ပြောလိုက်တော့သည်။
“အိပ်ရာနဲ့စားပွဲပေါ်မှာ ပစ္စည်းအနည်းဆုံးရှိတာ နင်ပဲ၊ နင်ကတော့ သုံးချင်တယ်မလား?”
“ကျေးဇူးပါ၊ ဒါပေမယ့် ငါလည်းဒီပစ္စည်းတွေမလိုဘူး”
ကျင်းယွင်ကျောင်းသည် ယဥ်ကျေးစွာ ပြောနေသေး၏။
ဟော်ထျန်းရှန်းသည် ဟိတ်ဟန်တစ်ခွဲသားဖြင့် ပြုံးလိုက်သည်။
“အဲ့လိုလား?”
“ဘယ်သူမှမကြိုက်ဘူးဆိုမှတော့ ငါလည်း ဒါတွေကိုသုံးစရာနေရာမရှိဘူး အဲ့တော့ ဒီတိုင်းပဲလွှင့်ပစ်လိုက်တာပေါ့”
ဟော်ထျန်းရှန်းသည် အပြုံးမပျက်သေးချေ။ သူမသည် နောက်စကားတစ်ခွန်းမှမဟဘဲ ပစ္စည်းများကိုကောက်ယူကာ လေသာဆောင်မှ ပစ်ချလိုက်၏။
“ငါတို့အခန်းက ငါးလွှာမှာရှိတာနော်၊ တစ်ယောက်ယောက်အပေါ်ပြုတ်ကျမိရင် အရမ်း...”
ဘေဘီယောင်၏စကားပင်မဆုံးသေးခင် အောက်ထပ်မှ လူတစ်ဦး၏အော်သံကို ကြားလိုက်ရ၏။
Space and Rebirth 682
သုံးဦးသားသည် အော်သံကိုကြားလိုက်ချိန်တွင် ဘေဘီယောင်အား ဝေ့ကြည့်မိလိုက်ကြ၏။ ဘေဘီယောင်သည် သူမခေါင်းလေးအား အလျင်အမြန်ငုံ့လိုက်သည်။
“အဲဒါက..ငါလည်း အနာဂတ်ကိုမသိဘူး...အပေါ်ထပ်ကနေ ပစ္စည်းတွေပစ်ချတာက မကောင်းဘူးလို့ပဲ...ခံစားမိလိုက်တာ”
“မကောင်းတာတော့ နင်ပြောမှလား ဒါပေမယ့် ထားစရာနေရာမှမရှိတဲ့ဟာ!”
ဟော်ထျန်းရှန်းသည် သက်ပြင်းချလိုက်၏။ သူမသည် အေးအေးလူလူဖြင့် ဆံပင်ကိုစည်းလိုက်ပြီး တံခါးကိုဖွင့်ကာ အောက်သို့ဆင်းသွားတော့သည်။
ကျင်းယွင်ကျောင်းနှင့် ကျန်နှစ်ဦးသည်လည်း မည်သို့လုပ်ကိုင်ရမည်ကို မသိသောကြောင့် သူမအနောက်သို့သာ လိုက်ကြည့်လိုက်ကြ၏။
အောက်ထပ်တွင် မိန်းကလေးတစ်ဦးသည် မြေပြင်ပေါ်တွင် လဲနေလေသည်။ သူမ၏အိတ်များနှင့် အထုပ်အပိုးများသည်လည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
ကျင်းယွင်ကျောင်းသည် သူမ၏မျက်နှာကို မြင်လိုက်ရသောအခါ ချွေးပြန်သွား၏။ အမှန်တကယ်ပင် ကမ္ဘာကြီးသည် သေးသေးလေးဖြစ်သည်။ ဟော်ထျန်းရှန်းသည် မည်သည့်မိန်းကလေးကိုမဆို ထိခိုက်မိနိုင်ခဲ့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် ထောင်ကဲ့ကိုမှ ထိမိလေသည်!
“ဘာဖြစ်လို့လဲ?”
ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်သည်ကို မြင်လိုက်ရသောအခါ ယန်ရှင်းယွဲ့မေးလိုက်၏။ သူမခေါင်းသာပြန်ခါပြလိုက်သည်။
အမှန်တကယ်တွင် ဤပစ္စည်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ မထိမိခဲ့ချေ။ ထောင်ကဲ့သည် အချိန်မီရှောင်လိုက်နိုင်ပုံရ၏။ သို့ရာတွင် သူမရှောင်လိုက်စဥ်က ချော်လဲကျသွားပြီး လက်ပွန်းမိသွားခဲ့လေသည်။
ဟော်ထျန်းရှန်းသည် ဟော့ဟော့ရမ်းရမ်းဖြင့် ရဲရဲတောက်စရိုက်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမသည် ထိုနေရာသို့လျှောက်သွားပြီး ထောင်ကဲ့ကိုကြည့်ကာ မေးလိုက်၏။
“နင်ဘယ်လိုလဲ? အဆင်ပြေရဲ့လား? ခိုက်မိတာရှိရင် နင့်ကိုဆေးရုံပို့ပေးမယ်”
ထောင်ကဲ့သည် အလိပ်လိုက်ထွက်လာသောဒေါသများကို ပြန်မြိုချလိုက်သည်။
သူမသည် ရထားပေါ်၌ ကျင်းယွင်ကျောင်းနှင့်တွေ့စဥ်ကလည်း အရှက်ကွဲခဲ့ရသည်။ ကျောင်းသို့ရောက်လာပြီး အဆောင်သို့ရောက်ခါနီးတွင်လည်း မထင်မှတ်ထားသော ပြသာနာနောက်တစ်ခုက သူမဆီသို့ပျံလာလိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း!
သူမသည် အိမ်မှထွက်လာစဥ်က သူမ၏ကံဇာတာကို မစစ်ဆေးမိခဲ့ပေ။ ထို့ကြောင့် သူမ ဤမျှလောက်ကံဆိုးနေခြင်းဖြစ်မည်!
“ငါအဆင်ပြေတယ်ထင်လား? ပစ္စည်းတွေကို မဆင်မခြင်ပစ်ချရင် လူသေနိုင်တယ်ဆိုတာ မသိဘူးလား?!”
ထောင်ကဲ့ ဒေါသတကြီးဖြင့် အော်ဟစ်တော့သည်။ ထို့နောက် သူမသည် ဟော်ထျန်းရှန်းအနောက်မှ ကျင်းယွင်ကျောင်းကိုတွေ့လိုက်ရသဖြင့် ပို၍ပင် ဒေါသထွက်သွားသည်။
“ကျင်းယွင်ကျောင်း၊ နင်သူ့ကိုတမင်ပစ်ချခိုင်းတာမလား? ရထားထဲမှာ ငါနင့်ကိုတောင်းပန်ပြီးပြီလေ ဘာလို့သူများအားနည်းချက်ကို ကိုင်ထားပြီး လက်မလွှတ်နိုင်ဖြစ်နေရတာလဲ?! ငါတစ်ခုခုဖြစ်သွားရင် နောက်ဆက်တွဲအကျိုးဆက်တွေကို နင်တာဝန်ယူနိုင်လား?!”
သူမသည် ထိုစကားကိုပြောပြီးပြီးချင်းတွင် ကျန်သုံးယောက်သည် ကျင်းယွင်ကျောင်းအား အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ ဟော်ထျန်းရှန်း၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။
“နင်တို့ကအချင်းချင်းသိနေတာလား?”
“သိတယ်လို့ပဲပြောရမှာပေါ့၊ ငါတို့ကတစ်နယ်တည်းသားချင်းတွေလေ ရထားပေါ်မှာ အချင်းချင်းတွေ့မိကြပြီး နည်းနည်းအငြင်းပွားစရာဖြစ်ခဲ့တယ်”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“အဲ့လိုလား?”
ဟော်ထျန်းရှန်းသည် အနည်းငယ်အံ့သြမိသွား၏။
သူမတို့အဆောင်ထဲမှ လူများသည် မိသားစုနောက်ခံကောင်းကောင်းမှ လာကြသူများဟု သူမထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအခန်းမှာ အမှန်တကယ်ပင် အနည်းငယ်စျေးကြီးသောကြောင့်ဖြစ်၏။ သာမန်မိသားစုများမှ မိန်းကလေးများဆိုလျှင် ခြောက်ယောက်ခန်း သို့မဟုတ် ရှစ်ယောက်ခန်းကို ရွေးချယ်ကြပေလိမ့်မည်။ သို့သော် သူမတို့အခန်းမှာ မယုံနိုင်လောက်စရာကောင်းသည်အထိ စျေးကြီးသည်တော့လည်းမဟုတ်ပေ။
အရေးအကြီးဆုံးအရာမှာ ကျင်းယွင်ကျောင်း၏ပြုမူပြောဆိုပုံဖြစ်၏။ သူမသည် အခန်းထဲသို့ဝင်ဝင်ချင်းတွင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘေဘီယောင်မှာ သူဌေးသမီးတစ်ဦးဖြစ်မှန်း သိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမဝတ်ဆင်ထားသမျှမှာ နာမည်ကြီးတံဆိပ်များဖြစ်ပြီး သူမအသုံးအဆောင်များမှာလည်း တန်ဖိုးကြီးပစ္စည်းများဖြစ်ပေသည်။ ယန်ရှင်းယွဲ့မှာ သူမလောက် ချမ်းသာပုံမရသော်လည်း ဆိုးတော့မဆိုးလှချေ။ အကောင်းဆုံးအောက် တစ်ဆင့်နိမ့်ပြီး အဆိုးဆုံးထက် တစ်ဆင့်မြင့်သည်ဟုပြောရမည်။ ဤကျင်းယွင်ကျောင်းကိုမူ သူမနားလည်ရအခက်ဆုံးဖြစ်လေသည်။
သူမအသုံးပြုသောပစ္စည်းများမှာ သာမန်ဆန်လှသော်လည်း သူမကိုယ်ပေါ်မှ အငွေ့အသက်တစ်မျိုးထွက်နေပေ၏။
ဟော်ထျန်းရှန်း ယူဆောင်လာသောပစ္စည်းများနှင့် သူမအသုံးပြုနေသောအရာများသည် သာမန်လူများမှ ဝယ်ယူသုံးစွဲနိုင်သောအရာများမဟုတ်ပေ။ ယုတ္တိရှိရှိပြောရလျှင် ကျင်းယွင်ကျောင်းသည် ထိုပစ္စည်းများအား တစ်ချက်နှစ်ချက်မျှ ကြည့်သင့်သော်လည်း အစမှအဆုံးအထိ မြူတစ်မှုန်စာမျှပင် စိတ်ဝင်စားပုံမပေါ်ချေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ကိုယ့်စည်းကိုယ့်ကမ်းနှင့်နေတတ်သော သူဌေးအိမ်မှ သခင်မလေးတစ်ဦးဖြစ်မည်ဟု သူမခန့်မှန်းထားခဲ့သည်။
နယ်မှလာသောလူဖြစ်နေမည်ဟု သူမမထင်ထားခဲ့ချေ။
“ပစ္စည်းတွေပစ်ချတာကငါပါ ဘာလို့သူများကိုလက်ညှိုးထိုးနေတာလဲ? ငါဟော်ထျန်းရှန်းက အမြဲတမ်းကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူတယ်”
ဟော်ထျန်းရှန်းသည် ခပ်တိုးတိုးဖြင့် ဟမ့်ခနဲအသံပြုလိုက်၏။ သူမသည် စကားပြောနေရင်းဖြင့် မြေပြင်ပေါ်မှ ပစ္စည်းများကို ဝေ့ကြည့်လိုက်သည်။
“ဒီပစ္စည်းတွေကိုပစ်ချမိတာ ငါ့အမှားပါ၊ ငါနင့်ကိုတောင်းပန်ပါရစေ စိတ်မရှိပါနဲ့၊ ပြီးတော့ ဒီပစ္စည်းတွေကို ငါ့ဆီကလက်ဆောင်လို့ သဘောထားပြီးယူလိုက်လေ”
“တောင်းပန်တိုင်း ပြီးနေမှတော့ ဘာလို့ရဲတွေလိုနေဦးမလဲ?!”
ထောင်ကဲ့မှ ဒေါသတကြီးပြောလိုက်သည်။ သူမသည် ဤအရေးမပါသောပစ္စည်းများကို မလိုချင်ပါချေ။
“ဒါဆိုနင်ကငါတောင်းပန်တာကို လက်မခံဘူးပေါ့၊ ရတယ်လေ ရဲခေါ်ပြီး ငါ့ကိုဖမ်းခိုင်းလိုက်။ ငါ့မိဘတွေရဲ့ ဖုန်းနံပါတ်ပေးမယ် နင်ကံကောင်းရင် သူတို့လာရင်လာမှာပေါ့၊ ဒါပေမယ့် သူတို့နင့်ကိုဆက်ဆံမယ့်ပုံက ငါ့လောက်ကောင်းနိုင်မယ်လို့ အာမမခံဘူးနော်”
ဟော်ထျန်းရှန်း ဆက်ပြောလိုက်ပြန်သည်။
Space and Rebirth 683
သူမစကားပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းနှင့် ကျန်နှစ်ယောက်သည်လည်း ကြောင်အမ်းသွားသည်။
မိန်းကလေးတစ်ဦးမှ တစ်စုံတစ်ယောက်အား ထိခိုက်နာကျင်မိစေခဲ့၍ လေးလေးနက်နက်တောင်းပန်နေသော်လည်း နစ်နာသူဘက်မှ ပြန်ကြောက်ရမည့်ပုံပေါက်နေလေသည်။ သူတို့သည် ထိုသို့သောမိန်းကလေးမျိုးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။
ထိုတင်မက သူမ၏စကားအသွားအလာအရ သူမမိဘများသည် အလွန်အလုပ်ရှုပ်ပြီး ဒေါသကြီးသူများဖြစ်ပုံရသည်။ ထို့ကြောင့်လည်း ဤဟော်မျိုးနွယ် အမတနတ်သမီးလေးသည် အလွန်ဘုဘောက်ဆန်ပြီး မာန်မာနကြီးနေခြင်းဖြစ်လောက်မည်။
ထောင်ကဲ့သည် ဒေါသထွက်လွန်းသဖြင့် အော်ငိုပစ်ချင်မိတော့သည်။ ဤအချိန်တွင် ဟော်ထျန်းရှန်းသည် ဆောင့်ကြောင့်ထိုင်ကာ ပြောလိုက်သည်။
“ဘာလို့မတရားခံရတဲ့ပုံဖြစ်နေတာလဲ? ခုနတုန်းက ငါနင့်အပေါ်ကို ထိပါစေဆိုတဲ့စိတ်နဲ့ ပစ်ချလိုက်တာမဟုတ်ပေမယ့် ငါလာတုန်းက နင်ငါတို့တိုက်ကိုမျက်စောင်းထိုးပြီး ငါရှင်းရှင်းလင်းလင်းမကြားရတဲ့စကားတစ်ခုခုကို ရေရွတ်နေတာမြင်လိုက်တယ်၊ ငါထင်တာမှန်တယ်ဆိုရင် နင်ကျိန်ဆဲနေတာပဲဖြစ်မယ်၊ ငါကလည်း အောက်တန်းကျတဲ့စကားတွေကို မခံနိုင်တာမို့ နင့်အကြောင်းကောင်းကောင်းသိရအောင် နင့်ဆီပစ်လိုက်တာ၊ ဝမ်းမနည်းပါနဲ့ ဒီပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးက ယွမ်သောင်းဂဏန်းလောက်ရှိတယ်”
ထောင်ကဲ့ သူမအား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
သူမသည် အစောပိုင်းက စိတ်မွန်းကြပ်စရာများကိုရေရွတ်နေသည်မှန်သော်လည်း ကျိန်ဆဲနေခြင်းတော့မဟုတ်ပေ။ သူမသည် တိုက်နံဘေးရှိ ခြောက်ယောက်ခန်းအဆောင်တွင် နေထိုင်သူဖြစ်ပြီး ခြောက်ယောက်ခန်း၏အပြင်အဆင်မှာ မကောင်းလှကြောင်း သူမကြားထားခဲ့၏။ ထို့ကြောင့် လေးယောက်ခန်းအဆောင်ကို မြင်လိုက်ရသောအခါ သူမသည် အနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားပြီး ပုံမှန်မဟုတ်သောလေသံဖြင့် စကားအနည်းငယ်ပြောခဲ့ရုံသာရှိသည်။
ဤအချိန်တွင် ကျင်းယွင်ကျောင်း၏ခေါင်းထဲတွင် “ပါရမီရှင်မိန်းကလေး” ဟူသောစကားလုံးများသာ ပေါ်နေလေ၏။ ထိုစကားမှအပ ဟော်ထျန်းရှန်းအား ညွှန်းဆိုရန် အခြားစကားများမရှိပါချေ။
မည်သို့သောမိသားစုနောက်ခံက ဤကဲ့သို့ “မူမမှန်” သည့်စရိုက်ရှိသောမိန်းကလေးမျိုးကို မွေးဖွားခဲ့မှန်း သူမတကယ်မသိပါချေ။ ဟော်ထျန်းရှန်းသည် စကားတစ်ခွန်းမျှမဟဘဲ လူများအား ငွေနှင့်ကိုင်ပေါက်တတ်သူဖြစ်၏။ အမှန်တကယ်ပင် လူထူးလူဆန်းတစ်ဦးဖြစ်ပေသည်။
“ငါကဒီတိုင်းဘာရယ်မဟုတ်ဘူးပြောနေရုံပဲ နင်တို့ကိုဆဲနေတာ လုံးဝမဟုတ်ဘူး! တကယ်စကားနဲ့ပြောလို့မရတဲ့ဟာတွေပဲ...”
“ဪ ဒါဆို နင်ကဒီပစ္စည်းတွေကို မလိုချင်တဲ့ပုံပဲ၊ ဟုတ်ပြီလေ ငါပဲပြန်ယူလိုက်တာပေါ့”
ဟော်ထျန်းရှန်းသည် စကားပြောပြီးသည်နှင့် မြေပြင်ပေါ်ရှိပစ္စည်းများကို ကောက်ယူပြီး လှည့်ထွက်သွားတော့သည်။
“နင်ထွက်သွားလို့မရဘူးလေ!”
ထောင်ကဲ့ ဒေါသပုန်ထနေ၏။
ဤပစ္စည်းများသည် ယွမ်သောင်းဂဏန်းချီသည်လော? အစောပိုင်းက သူမသည် အသစ်စက်စက် ပါကင်မဖွင့်ရသေးသော ဖုန်းတစ်လုံးကိုမြင်လိုက်ရ၏။ ၎င်းမှာ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်ပြီး စျေးလည်းအတော်အသင့်ကြီးပေသည်။ ထိုတင်မက အင်္ကျီအဝတ်အစားများလည်းရှိသေး၏...
သူမသည် မနာလိုဖြစ်နေသော်လည်း သူမ၏ဂုဏ်သိက္ခာကိုထိပါးခံရသလို ခံစားလိုက်ရသည်။
“ငါမထွက်သွားရင် ဒီမှာနေပြီးဘာလုပ်ရမှာလဲ? မဟုတ်မှလွဲရော နင်ငါ့ကိုထိုင်ကြည့်နေတာကို ငြိမ်ငြိမ်လေးရပ်ပေးနေရမှာလား?”
ဟော်ထျန်းရှန်း စိတ်ကုန်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါအခုအသေပင်ပန်းနေတာ နင့်ကိုဖျော်ဖြေပေးဖို့ အချိန်မရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါပြောစရာရှိတာ ပြောပြီးပြီ။ ကျောင်းတာဝန်ရှိသူတွေဆီဖြစ်ဖြစ် ရဲဆီဖြစ်ဖြစ် နင်ကြိုက်တဲ့နေရာသွားလို့ရတယ် နင်သဘောရှိသလို ငါလုပ်ပေးမယ်၊ နင်လိုချင်ရင် နစ်နာကြေးလည်းပေးနိုင်သလို တောင်းပန်ဆိုလည်းတောင်းပန်မယ် ဒါပေမယ့် ထွက်သွားလို့ဆိုပြီး အပြစ်တင်လို့တော့မရဘူးလေ”
ဟော်ထျန်းရှန်းသည် မျက်နှာနှစ်ဖက်ရှိသောလူများအကြောင်းတွေးမိသွား၏။ အပြင်ပန်းတွင် သူတို့သည် သူမအား ကပ်ဖားရပ်ဖားဖြင့်ရှိကြသော်လည်း သူမနောက်ကွယ်တွင်မူ ယခုဤနေရာတွင်ရှိသော မိန်းကလေးအတိုင်းဖြစ်သည်။ ပုပ်သိုးနေသောမျက်နှာဖြင့် သူမအားမနာလိုမရှုစိမ့်ဖြစ်ကာ သူမအကြောင်းမကောင်းပြောတတ်ကြ၏။
ဟော်ထျန်းရှန်းစကားပြောပြီးသည်နှင့် ကြော့ကြော့မော့မော့ဖြင့် နေရာမှထွက်သွားတော့သည်။
ထောင်ကဲ့သည် မြေပြင်ပေါ်လဲနေရာမှ မတ်တပ်ရပ်နေပြီဖြစ်ပြီး ဒေါသတကြီးဖြင့် ခြေကိုဆောင့်ကာကျန်ခဲ့၏။
ဘေဘီယောင်သည် သူမနှုတ်ခမ်းများကို သပ်လိုက်သည်။ သူမသည် ဤကဲ့သို့မြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးချေ။ သူမသည် ကျင်းယွင်ကျောင်းအားတစ်လှည့် ယန်ရှင်းယွဲ့အားတစ်လှည့်ကြည့်လိုက်၏။
ယန်ရှင်းယွဲ့မှာ ပုခုံးသာတွန့်ပြလိုက်သည်။ သူမသည် ဤကိစ္စထဲ ပါဝင်ပတ်သတ်ချင်ပုံမရချေ။
ကျင်းယွင်ကျောင်းသည် ထောင်ကဲ့ကို ဝေ့ကြည့်လိုက်၏။ သူမသည် တည်ကြည်သောမျက်နှာထားဖြင့် အဆောင်ခန်းသို့ပြန်ရန် ပြင်နေဆဲတွင် ထောင်ကဲ့မှ အနောက်ကနေ၍ တစ်စုံတစ်ခုကို ပြောလိုက်သည်။
“သူတော်ချင်းချင်း သတင်းလွေ့လွေ့တဲ့! ကျင်းယွင်ကျောင်း၊ နင်...နင်-နင်က A တက္ကသိုလ်ကို ဝင်ခွင့်တောင်မရသင့်ဘူး! ဒီမနက် ရထားပေါ်မှာ...နင်-နင်အဘိုးကြီးတစ်ယောက်ကို အနိုင်ကျင့်ခဲ့တယ်လေ ယဥ်ကျေးမှုတစ်စက်မှမရှိတဲ့ဟာမ!”
ကျင်းယွင်ကျောင်းခြေလှမ်းများ ရပ်တန့်သွားသည်။ သူမလှည့်ကြည့်လိုက်သောအခါ သူမအကြည့်များက အေးစက်နေ၏။
“ဘာပြောလိုက်တယ်? ပြန်ပြောကြည့်စမ်း”
ကျင်းယွင်ကျောင်း အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ ထောင်ကဲ့ထိတ်လန့်သွားတော့၏။
သူသည် ဒေါသအရှိန်ကြောင့် မစဥ်းစားဘဲ ပြောလိုက်သဖြင့် အနည်းငယ်နေရခက်သွားသည်။ ကျင်းယွင်ကျောင်းသည် ထိုကဲ့သို့သော အပေးအကမ်းရက်ရောသည့်လူမျိုးနှင့် အခန်းဖော်ဖြစ်နေပုံရ၏။ သူမ၏စိတ်အခြေအနေမှာ အနည်းငယ်မူမမှန်ရုံသာရှိသည်။
သို့သော် ယခုတွင် သူမ၏ပြောလက်စ စကားကိုရုတ်သိမ်းရန် ခက်ခဲသွားပေပြီ။
“နင့်မှာယဥ်ကျေးမှုမရှိဘူးလို့ပြောနေတာ၊ ခုနက ရထားပေါ်မှာ နင်နဲ့နင့်သူငယ်ချင်းတွေက အဘိုးကြီးတစ်ယောက်နဲ့ ရန်ဖြစ်ပြီး သူ့ကိုဒေါသထွက်အောင်လုပ်လွန်းလို့ သူမေ့လဲကျသွားတယ်လေ...”
ထောင်ကဲ့သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဖြစ်လာသမျှကို ခါးစည်းခံရန်ဆုံးဖြတ်လိုက်သည်။
Space and Rebirth 684
ကျင်းယွင်ကျောင်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်သံလွင်လွင်ထွက်လာတော့၏။ ဘေဘီယောင်နှင့် ယန်ရှင်းယွဲ့မှာ အနည်းငယ်အံ့အားသင့်သွားသည်။ ကျင်းယွင်ကျောင်းဘက်သည် အလွန်တည်ငြိမ်သောပုံစံပေါက်သောကြောင့် သူတို့သည် ထိုမိန်းကလေး၏စကားများကို မယုံကြည်ကြချေ။ သူမပုံစံမှာ ဆူညံပွက်လောရိုက်ပြီး သက်ကြီးရွယ်အိုများကို အနှောင့်အယှက်ပေးမည့်လူစားမျိုး မဟုတ်လောက်ပေ။
ကျင်းယွင်ကျောင်းသည် တစ်လှမ်းချင်း သူမထံသို့ လျှောက်သွားလိုက်၏။
“ထောင်ကဲ့၊ ငါကတော့ နင့်ကိုမာနနည်းနည်းကြီးရုံလောက်ပဲလို့ ထင်ခဲ့တာ။ ငါစိတ်ကူးထားတာထက် အများကြီးဆိုးနေတဲ့ပုံပဲ သူခိုးကလူပြန်ဟစ်တဲ့ကိစ္စကိုတောင် လုပ်ရဲတဲ့လူဆိုတော့ ငါနင့်ကိုတကယ်လျှော့တွက်မိသွားပြီ”
ကျင်းယွင်ကျောင်းအေးစက်စွာ ပြောလိုက်သည်။
“ငါကအဲ့လိုမဟုတ်ဘူး!”
ထောင်ကဲ့သည် အနိုင်ကျင့်ခံနေရသလို ခံစားမိသွားသည်။
“နင့်အခန်းဖော်က ငါ့ကိုဒဏ်ရာရအောင်လုပ်ပြီးတာတောင် နင်ဘာလို့အဲ့လောက်တောင် အရှက်မရှိမာနကြီးနိုင်သေးတာလဲ! သူတမင်လုပ်ခဲ့တာလို့လည်း ဝန်ခံပြီးပြီ၊ နင်သာသူ့ကိုမလုပ်ခိုင်းရင် သူဘာလို့ဒီလိုမျိုးလုပ်မှာလဲ! ကျင်းယွင်ကျောင်း၊ နင်ဟန်ဆောင်မနေနဲ့!”
ရထားပေါ်၌ ကျင်းယွင်ကျောင်းအရှေ့တွင် သူမအရှက်ကွဲခဲ့ရပုံကို ပြန်တွေးကြည့်လိုက်သောအခါ သူမနှလုံးသားအား မီးမြိုက်သလိုခံစားလိုက်ရ၏။
ထို့အပြင် သူတို့နှစ်ဦးလုံးသည် တစ်နယ်တည်းမှလာခဲ့ကြသူများဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှလောက်ကွာခြားနိုင်ရသနည်း? ကျင်းယွင်ကျောင်းသည် မြို့တော်သို့လာစဥ်တွင် သူငယ်ချင်းအပေါင်းအပါများဖြင့် လာခဲ့သော်လည်း သူမမှာမူ တစ်ဦးတည်းလာခဲ့ရ၏။ ကျင်းယွင်ကျောင်းသည် ခရိုင်တစ်ခုလုံး၏ အဆင့်တစ်ကျောင်းသူဖြစ်နေ၏။ သူမ၏စာမေးပွဲအမှတ်များသည် ကောင်းသည်ဟုပြော၍ရသော်ငြား ကျင်းယွင်ကျောင်းအရှေ့တွင် ကြွားလုံးထုတ်ပိုင်ခွင့်မရှိပေ!
ထို့အပြင် သူတို့သည် မြို့တော်ထဲသို့ရောက်စဥ်တွင် ကျင်းယွင်ကျောင်းနှင့် သူမသူငယ်ချင်းများသည် စားသောက်ရန်အတွက် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်သို့ သွားခဲ့၏။ ထိုနေရာရှိ အစားအသောက်များ၏စျေးသည် အလွန်ကြီးလိမ့်မည်ဖြစ်ကြောင်းကို သိရှိရန် သူမသွားစားကြည့်စရာမလိုပေ။ သူမကဲ့သို့ကျောင်းသားများက မတတ်နိုင်သည့်ပမာဏမျိုးဖြစ်၏!
ကျင်းယွင်ကျောင်းသည် ရုပ်ရည်လည်းချောမောသည့်အပြင် စာမေးပွဲအမှတ်လည်းကောင်းသည်။ မည်သည့်ရှုထောင့်မှကြည့်ကြည့် သူမထက် ဘက်ပေါင်းစုံသာနေသော်လည်း သူမအား ဒုက္ခပေးနေသေး၏။ သူမအား ရထားပေါ်တွင် အရှက်ခွဲပြီး သူမသူငယ်ချင်းများနှင့် သွားစားသောနေရာကို တမင်ကြွားကာ ယခုတွင် သူမအား ပစ္စည်းများဖြင့်ပစ်ပေါက်ရန်ပင် အခြားသူများကို ခိုင်းနေလေပြီ!
ထောင်ကဲ့၏မျက်လုံးများသည် အတန်ငယ်နီမြန်းနေ၏။ သူမသည် ဒေါသမာန်များပြည့်သောမျက်လုံးများဖြင့် ကျင်းယွင်ကျောင်းအား စူးစိုက်ကြည့်လိုက်သည်။
ကျင်းယွင်ကျောင်းသည် စကားစရှာမရဖြစ်သွား၏။ ဤမိန်းကလေးသည် အမြဲတစေ ကိုယ့်ဘက်ကိုယ်ယက်၍ တွေးတတ်ကြောင်းကို သူမသိထားခဲ့သော်လည်း ဤအတိုင်းအတာအထိ အမှန်နှင့်အမှားကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု သူမမထင်မှတ်ထားခဲ့ချေ။
“ငါတခြားလူတွေကို ပစ္စည်းတွေမပစ်ချခိုင်းဘူး၊ ယုံချင်ယုံ မယုံချင်နေ နင့်သဘောပဲ”
ကျင်းယွင်ကျောင်းအေးတိအေးစက်ဖြင့် ပြောလိုက်သည်။
“သူကနင့်အခန်းဖော်ဖြစ်နေမှတော့ နင်ပြောချင်သလို ပြောလို့ရတာပေါ့!”
ထောင်ကဲ့ထပ်ပြောလိုက်၏။
“ကျောင်းသူလေးထောင်၊ နင့်လိုမျိုးမျက်နှာပြောင်ရဲတဲ့သတ္တိရှိဖို့ဆိုတာ မလွယ်ဘူး။ နင်လိုလူမျိုးကို ငါဆက်ပြောစရာစကားမရှိပေမယ့် အနာဂတ်မှာ နင့်စကားတွေကို ကြည့်ပြောဖို့အကြံပေးချင်တယ်၊ မဟုတ်လို့ကတော့ ငါ့ကိုရက်စက်တယ်ဆိုပြီး အဆိုးမဆိုနဲ့”
ကျင်းယွင်ကျောင်းသည် သူမအား အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
ထောင်ကဲ့သည် ဤစကားကိုကြားသောအခါ သူမ၏ဒေါသမီးလျှံများ ပိုမိုကြီးမားလာ၏။
“ငါ့ကိုကိုယ်ထိလက်ရောက်လုပ်မယ်ပေါ့? ကျင်းယွင်ကျောင်း၊ နင်ငါ့ကိုဘာတွေလုပ်ချင်သေးတာလဲ? နင်လုပ်ရဲရင်...”
“ဒုန်း ဒုန်း ဒုန်း...”
သူမစကားမဆုံးခင်တွင်ပင် လေပေါ်မှ ကတ်ထူပုံးအချို့ပြုတ်ကျလာပြီး ထောင်ကဲ့၏ခေါင်းပေါ်တည့်တည့်ကျသွားလေ၏။
ယခင်က ထိုပုံးများထဲတွင် ပစ္စည်းပစ္စယများရှိသော်လည်း ယခုမူ ၎င်းတို့မှာ အရွယ်အစားအမျိုးမျိုးရှိသော ပုံးအလွတ်များသာဖြစ်သည်။ ၎င်းတို့သည် မလေးလံလှသော်လည်း ပမာဏအရများသောကြောင့် ထောင်ကဲ့သည် ပို၍ပင်အရှက်ရသွား၏။
“နင်ပြီးပြီလား? ငါနင့်ကိုသဘောမကျဘူးလို့ ပြောပြီးပြီလေ၊ ရဲခေါ်မယ်ဆိုလည်း မြန်မြန်ခေါ်ဟာ အရမ်းနားငြီးတာပဲ!”
အပေါ်ထပ်ဝရံတာမှ ဟော်ထျန်းရှန်းတစ်ခါတည်းအော်လိုက်သည်။
အစက ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများတွန့်သွားပြီး နောက်ပိုင်းတွင် သူမနှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။ ဤဟော်ထျန်းရှန်း၏စရိုက်မှာ စိတ်ဝင်စားဖွယ်ကောင်းပေသည်။ သူမလုပ်ရပ်များသည် အချိန်ကိုက်လှ၏။
သူမသည် တက္ကသိုလ်ပထမဆုံးနေ့ဖြစ်သောကြောင့် စည်းမျဥ်းစည်းကမ်းများကိုဖောက်ဖျက်ပြီး စောစောစီးစီး အခြားသူများနှင့် ရန်ပွဲမဆင်လိုပါပေ။ သို့ရာတွင် ထောင်ကဲ့၏ပုံစံကို မြင်လိုက်ရသောအခါ သူမသည် အမှန်တကယ်ပင် အရိုက်ခံသင့်သည်ဟု ကျင်းယွင်ကျောင်းထင်မိ၏။
အစောပိုင်းက ဟော်ထျန်းရှန်းမှ ပုံးများကိုပစ်ချချိန်တွင် ထောင်ကဲ့ဒုက္ခမရောက်အောင် တားဆီးပေးနိုင်ခဲ့သော်လည်း သူမသည် ပြသာနာကိုမီးမွှေးရှာသော ဤမိန်းကလေးအပေါ် စိတ်ထားမကောင်းလိုပါပေ။
ဤဟော်ထျန်းရှန်းသည် အဆင်အခြင်မဲ့သူမဟုတ်ဟု ပြောရမည်။ ပုံးထဲရှိပစ္စည်းများအားလုံးကို ထုတ်ထားသည်ဖြစ်၍ ထောင်ကဲ့အပေါ်ကျလျှင်ပင် သူမထိခိုက်ဒဏ်ရာရလောက်သည်ထိမဟုတ်ပေ။ အများဆုံးအနေဖြင့် သူမအနည်းငယ်စိတ်ဒုက္ခရောက်ရန်သာရှိမည်။