အခန်း (၆၈၅-၆၈၈)
Vol. 35 Ch. 685-688
Space and Rebirth 685
ကျင်းယွင်ကျောင်းသည် ဤအရာကိုမြင်လိုက်သောအခါ ဘေဘီယောင်နှင့် ယန်ရှင်းယွဲ့တို့နှင့်အတူ ချက်ချင်းလှည့်ထွက်သွားလေ၏။ သူတို့အနောက်တွင် ထောင်ကဲ့သည် ပြာပြာသလဲဖြင့် ကျွဲမြီးတိုကာကျန်ခဲ့လေသည်။ သူမမျက်ဝန်းထဲတွင် မျက်ရည်များပြည့်နှက်လာသော်လည်း ရဲများအား မခေါ်ရဲချေ။
သူမသည် ထိုမျှလောက်မတုံးအပါပေ။ သူမသည် ဤကျောင်းသို့ရောက်ခါစဖြစ်၏။ ပထမဆုံးနေ့တွင်ပင် ကျောင်းတာဝန်ရှိသူများနှင့် ရဲများကို ခေါ်ယူပါက အနာဂတ်တွင် သူမ၏ဘဝကို လွယ်ကူစွာဖြတ်သန်းနိုင်တော့မည်မဟုတ်။ ထို့အပြင် သူမစိတ်ထဲတွင်သာ ဤကိစ္စကိုကြီးကျယ်သောပြသာနာဟု မြင်သော်လည်း အခြားသူများမျက်လုံးထဲတွင် ထိုကဲ့သို့မြင်ချင်မှမြင်ပေမည်။ ထိုတင်မက သူမ၏ဒဏ်ရာမှာ အသားနည်းနည်းပွန်းပဲ့ရုံသာရှိပြီး သွေးစသွေးနပင်မရှိချေ။ အခြားသူများ၏မျက်လုံးထဲတွင် ထိုဒဏ်ရာအား ပြင်းထန်သည်ဟု အဘယ်သို့မြင်ကြမည်နည်း?
ထောင်ကဲ့သည် ဒေါသတကြီးဖြင့် သူမအခန်းထဲသို့ ပြန်လျှောက်သွားလိုက်သည်။ သူမစိတ်ထဲတွင် ကျင်းယွင်ကျောင်းနှင့် ဟော်ထျန်းရှန်းကို တေးထားနှင့်ပြီဖြစ်၏။
ကျင်းယွင်ကျောင်းနှင့် ကျန်နှစ်ဦး အဆောင်သို့ပြန်ရောက်လာသောအခါ ဟော်ထျန်းရှန်းသည် ကိုယ်လက်ဆေးကြောပြီး မျက်နှာအစိုဓာတ်ထိန်းပေးသော mask တစ်ခုကိုကပ်ထားနှင့်လေပြီ။ သူမသည် အေးအေးလူလူဖြင့် အိပ်ရာပေါ်လှဲလျောင်းနေကာ သီချင်းညည်းနေ၏။ သူမ၏သွယ်လျဖြူဝင်းသော ပေါင်တံများမှာ အခြားသူများ၏အာရုံကို အလွန်ဖမ်းစားနိုင်ပေသည်။
“ပြန်ရောက်ကြပြီလား? စားပွဲပေါ်မှာ mask တွေရှိတယ် အတူတူကပ်ကြရအောင်၊ ကပ်ပြီးတာနဲ့ တစ်ခုခုသွားစားကြမယ်”
ဟော်ထျန်းရှန်း၏စကားလုံးများတွင် အမိန့်သံလုံးဝစွတ်နေလေသည်။ သူမသည် အမှန်တကယ်ပင် အလိုလိုက်ခံထားရသော သူဌေးသမီးတစ်ဦး၏ စရိုက်မျိုးဖြစ်၏။
“ဟော်ထျန်းရှန်း၊ ခုနကဘာလို့သူ့ကိုပစ္စည်းတွေနဲ့ ပစ်ပေါက်လိုက်တာလဲ? သူသောင်းကျန်းမှာကို နင်မကြောက်ဘူးလား?”
ဘေဘီယောင်သည် သိချင်လိုစိတ်ပြည့်နေသောမျက်လုံးများဖြင့် အပြစ်ကင်းစင်စွာမေးလိုက်သည်။
“နင်ကငတုံးမလား? သူသာ အဲ့လိုအသေးအဖွဲလောက်နဲ့ သောင်းကျန်းရင် ဟာသကြီးဖြစ်ကုန်မှာပေါ့၊ ပြီးတော့ ပထမတစ်ခေါက် ပစ္စည်းတွေပစ်ချတုန်းက သူ့ကိုကြောက်သွားအောင်ပဲလုပ်လိုက်တာ သေချာတောင် မရွယ်လိုက်ဘူး။ ဒုတိယတစ်ခေါက်ကျ ပေါ့ပေါ့ပါးပါးပစ္စည်းပဲ ပစ်လိုက်တာဆိုတော့ တစ်ခုခုဖြစ်ဖို့ဆိုတာ အဝေးကြီးပဲ။ တချို့လူတွေက သင်ခန်းစာပေးမှ မှတ်တာ၊ မဟုတ်ရင် နင်တို့ကိုအနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေလိမ့်မယ်”
ဟော်ထျန်းရှန်းသည် တိုးတိတ်ညင်သာစွာ ပြောလိုက်၏။
ဘေဘီယောင်၏မျက်နှာတွင် လက်ခံနားလည်သွားသောအရိပ်အယောင်များ ပေါ်လာပြီး စိတ်အားထက်သန်စွာဖြင့် စားပွဲပေါ်ရှိ mask တစ်ခုကိုယူကာ မျက်နှာပေါ်ကပ်လိုက်သည်။
ယန်ရှင်းယွဲ့မှာ သူမသဘောအတိုင်း ဆက်လုပ်မြဲလုပ်ဆဲဖြစ်ပြီး ကျင်းယွင်ကျောင်းသည်လည်း တုံ့ပြန်မှုမရှိချေ။
ဟော်ထျန်းရှန်းမှ သူမအလှအပရေးရာကို ဂရုစိုက်ပြီးနောက် ကျင်းယွင်ကျောင်းတို့ထံလာသောအခါ ကျင်းယွင်ကျောင်းသည် ခန္ဓာဗေဒစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး စိတ်ဝင်တစားဖတ်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် ထိုစာအုပ်ပေါ်တွင် တစ်ခုခုကို ရေးပင်ရေးနေသော်လည်း ထိုစကားလုံးများအားလုံးမှာ ဟော်ထျန်းရှန်းနားမလည်နိုင်သောစကားများဖြစ်သည်။
“ခန္ဓာဗေဒ? နင်ကနှာဘူးမလား? ဒီဟာတွေက ဒီလောက်ရွံဖို့ကောင်းတာကို ဘာလို့ကြည့်နေတာလဲ?”
ဟော်ထျန်းရှန်း ထပ်မေးလိုက်ပြန်၏။
ဆွဲသားထားသောပုံများမှာ အလွန်အသက်ဝင်လှပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ထမင်းစားချင်စိတ် ကုန်ခမ်းစေပေသည်။
“ငါကဒီဟာတွေကို ပိုစိတ်ဝင်စားတယ်”
ကျင်းယွင်ကျောင်းရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။
တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးပညာသည် မိမိအားသာချက်ဖြင့် မိမိရှိကြသဖြင့် သူမအားလပ်ချိန်တိုင်းတွင် အနောက်တိုင်းဆေးပညာကိုပါ လေ့လာတတ်၏။
သို့ရာတွင် ယခု သူမ၌ ကျက်မှတ်သမျှမှတ်မိသည့် ဉာဏ်ရည်ရှိသော်လည်း ထိပ်သီးဉာဏ်ကြီးရှင်တစ်ဦးတော့မဟုတ်ပေ။ မိမိဘာသာလေ့လာပြီး မသင်ယူနိုင်သောအရာများရှိနေသေး၏။ သင်ခန်းစာများစွာအား အင်တာနက်ပေါ်တွင် ရှာလျှင်ရှာ၊ သို့မဟုတ် အချက်အလက်များကိုရှာဖွေပြီးမှ သင်ယူရသောအရာများစွာ ရှိပေသည်။
တိုင်းရင်းဆေးသမားတော်များသည် ဝိညာဥ်ကျောက်စိမ်းရှိကြသဖြင့် ၎င်းအား စုပ်ယူလျှင်ရချေပြီ။ ယှဥ်ကြည့်လိုက်လျှင် သူတို့သည် အပုံကြီးသာနေ၏။
“နင့်အကြိုက်ကဒီလောင်ပြင်းထန်မှန်း ငါမထင်ထားခဲ့ဘူး ဒါနဲ့ နင်ဒါကိုကြည့်ပြီး ထမင်းရောစားဝင်သေးရဲ့လား? ငါကတော့ အသားမစားရင် မနေတတ်ဘူး”
ဟော်ထျန်းရှန်းဆက်ပြောလိုက်သည်။ သူမသည် အနည်းငယ်ထူးဆန်းသလို ခံစားနေရ၏။
သူတို့ပထမဆုံးတွေ့စဥ်က အဆောင်ခန်းထဲမှ လူသုံးယောက်ကိုကြည့်ပြီး အတော်အတန်ကျေနပ်ပီတိဖြစ်မိခဲ့သည်။ အနည်းဆုံးအနေနှင့် သူတို့သည် သူမယခင်ကတွေ့ဆုံခဲ့သော သူငယ်ချင်းများကဲ့သို့ မဟုတ်ပေ။ သူမ၏ သူငယ်ချင်းဟောင်းအချို့မှာ သူမအား အမြဲတစေ ဟိတ်ဟန်ကြီးသောအကြည့်ဖြင့် ကြည့်တတ်ကြပြီး အရှေ့၌ ကပ်ဖားရပ်ဖားလုပ်ကာ နောက်ကျောကိုဓားနှင့်ထိုးတတ်သောလူများဖြစ်၏။
သို့ရာတွင် ထိုသုံးဦးထဲမှ အေးတိအေးစက်အနိုင်ဆုံး ကျင်းယွင်ကျောင်းအပေါ် သူမသည် စိတ်ဝင်စားမှုပိုပေသည်။
ကျင်းယွင်ကျောင်းသည် စာအုပ်ကိုပိတ်ပြီး ခေါင်းကိုမော့ကာ ပြုံးလိုက်သည်။
“တိရစ္ဆာန်တွေက အသတ်ခံရတော့မယ်မှန်းသိရင် ကြောက်အားသန်လာကြတယ်၊ အဲ့အကြောက်တရားကြောင့် သူတို့ခန္ဓာကိုယ်မှာလည်း တုံ့ပြန်မှုရှိလာတယ်။ သူတို့သွေးထဲ၊ ခန္ဓာကိုယ်တစ်ရှူးတွေထဲမှာ အဆိပ်ဓာတ်ပါတဲ့အညစ်အကြေးလိုမျိုး မကောင်းတဲ့အရာတွေ ပေါ်လာတတ်တယ်လေ၊ အဲဒါအပြင် လူတွေပဲဖျားတတ်တာမဟုတ်ဘူး တိရစ္ဆာန်တွေလည်းဖျားတတ်တယ်၊ ဒါကြောင့် နင်ကအသားမစားဘဲမနေတတ်ဘူးဆိုတော့ ငါနင့်ကိုအကြံတစ်ခုပေးရရင် အသားကိုထိန်းစားတာ ပိုကောင်းလိမ့်မယ်”
Space and Rebirth 686
ဟော်ထျန်းရှန်း၏ မျက်နှာတောင့်တင်းသွားသည်။
“ငါရွံလာအောင် နင်တမင်လုပ်နေတာပဲ”
“တကယ်တော့ ငါဘာမှပြောလိုက်တာမဟုတ်ဘူး၊ အသားအများကြီးစားရင် ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာာ လူတိုင်းသိတယ်။ အဲ့အချက်ကိုရှင်းပြဖို့ ငါကပိုစိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းကိုသုံးရုံပဲ”
ကျင်းယွင်ကျောင်း အပြုံးမပျက်သေးချေ။
“စိတ်ဝင်စားစရာမကောင်းပါဘူး”
ဟော်ထျန်းရှန်း ဟမ့်ခနဲအသံပြုလိုက်သည်။
“နင်ဒီလောက်ခေါင်းမာမယ်လို့ မထင်ခဲ့ဘူး၊ ငါကနင့်ကိုနှာဘူးလို့ပဲပြောတာကို ပြီးရော...ငါ့စကားပြန်ရုတ်သိမ်းတယ်”
“ဒါဆိုလည်း လက်ခံပေးရတာပေါ့”
ကျင်းယွင်ကျောင်း တစ်ဆက်တည်းပြန်ပြောလိုက်၏။
ဟော်ထျန်းရှန်းသည် သူမအားငေးကြည့်ပြီးနောက် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်သည်။
သူတို့အုပ်စုသည် အဆောင်ထဲတွင် ခေတ္တမျှအချိန်ဖြုန်းပြီးနောက် အပြင်သို့ အတူတကွထမင်းထွက်စားကြတော့သည်။ ဟော်ထျန်းရှန်းသည် နတ်သမီးတစ်ပါးကဲ့သို့ တဖျတ်ဖျတ်ဖြင့် အဖြူရောင်ဇာပါးဂါဝန်တစ်ထည်ကို လဲဝတ်လိုက်ကာ ဒေါက်မြင့်ဖိနပ်များဝတ်၍ ဘုရင်ကြီး၏မျက်နှာသာပေးခြင်းကို ခံနေရသောမိဖုရားတစ်ပါးနှယ် လမ်းလျှောက်လိုက်သည်။ တစ်ဖက်တွင်မူ ဘေဘီယောင်မှာ အနီရောင်နှင့် ပန်းရောင်ရောစပ်ထားသော ဝတ်စုံတစ်စုံကို ဝတ်ထားသည်။ သူမပုံစံမှာ ချစ်စရာကောင်းလှသော်လည်း ဤအနီရောင်သည် အလွန်မျက်စိကျိန်းဖွယ်ကောင်းလှသဖြင့် သူမနံဘေးတွင်ရှိသော ယန်ရှင်းယွဲ့မှာ စကားနည်းသောဘူးသီးတစ်လုံးနှင့် တူနေ၏။
ကျင်းယွင်ကျောင်းမှာမူ ရိုးရှင်းသောအဖြူရောင်ရှပ်တစ်ထည်နှင့် အမည်းရောင်ရှိသော ထသွားထလာဘောင်းဘီတိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမကြည့်ရသည်မှာ ထူးခြားနှစ်သက်စရာကောင်းနေ၏။ သူမ၏ရှည်လျားသောအရပ်အမောင်းနှင့် အချိုးအစားညီသောခန္ဓာကိုယ်ဖြင့်ဆိုလျှင် လှလှပပမဝတ်စားလျှင်ပင် အာရုံကိုအဖမ်းစားနိုင်ဆုံးအသွင်အပြင်ဖြစ်နေဦးမည်။
တစ်ခုတည်းသော အားနည်းချက်ဟူ၍ သူမ၏အေးစက်သောစရိုက်ဖြစ်သည်။ သူမသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေလျှင်ပင် သူစိမ်းဆန်သောအငွေ့အသက်များရှိနေပြီး သူမ၏လှုပ်ရှားမှုတိုင်းသည် အတန်ငယ်ကြောက်မက်ဖွယ်ကောင်းပုံရနေ၏။
လေးဦးသားယှဥ်သွားသောအခါ မဆိုးလှချေ။ သူတို့အပြင်သို့ထွက်လိုက်သည်နှင့် သူတို့အား လှည့်ကြည့်ကြသောလူအရေအတွက်မှာ တိုးပွားလာတော့သည်။
ကျင်းယွင်ကျောင်းသည် ရုပ်ရည်ချောမောသော်လည်း သူမအား ပိုးပန်းရဲသောသူ သိပ်မများလှပေ။ ထို့အပြင် ယခင်က သူမသည် အထက်တန်းကျောင်းသူတစ်ဦးသာ ရှိသေး၏။ ကျောင်းသားများအားလုံးသည် စည်းမျဥ်းစည်းကမ်းများကို သိကြလေသည်။ သို့ရာတွင် ဤတက္ကသိုလ်မှာ ထိုသို့မဟုတ်ပေ။ ယောက်ျားလေးကျောင်းသားများ၏အကြည့်သည် ယခင်ကထက် ပို၍ပွင့်လင်းမြင်သာလာ၏။
“မိန်းမလှလေး၊ အသစ်ရောက်တဲ့ဂျူနီယာလေးတွေလား?”
ဟော်ထျန်းရှန်းသည် အဆောင်မှ ကျောင်းဂိတ်ပေါက်သို့ သွားရာလမ်းတွင် ငါးကြိမ်မြောက်အတားခံရခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။ သူမအနည်းငယ် အာရုံနောက်နေလေသည်။
ဟော်ထျန်းရှန်း၏ နှုတ်ခမ်းများကွေးညွှတ်သွားသည်။
“ဖုန်းနံပါတ်လိုချင်တာလား? ရော့ ဒီမှာလုပ်ငန်းကတ်၊ အခုထမင်းစားတော့မှာမို့ မနှောင့်ယှက်နဲ့တော့နော်”
သူမပြောသော လုပ်ငန်းကတ်ပြားမှာ အလွန်ရိုးရှင်းပေ၏။ ကတ်ပေါ်တွင် ဖုန်းနံပါတ်တန်းတစ်ခုသာရှိလေသည်။
စီနီယာယောက်ျားလေးသည် ခေတ္တမျှမှင်တက်သွားသော်လည်း သူသည် ချက်ချင်းပင် လုပ်ငန်းကတ်ပြားကို ယူကာ ဆက်ပြောလိုက်သည်။
“ထမင်းစားတော့မလို့လား? အစ်ကိုဝယ်ကျွေးရမလား? ကျောင်းနားမှာ အစားအသောက်ကောင်းတဲ့ နေရာတချို့ရှိတယ်လေ...”
“မလိုဘူး”
ဟော်ထျန်းရှန်း၏မျက်လုံးများမှာ အေးစက်နေ၏။
“ထမင်းစားနေရင်း သုတ်ပိုးနားထင်ရောက်နေတဲ့လူတွေကို မကြည့်ချင်ဘူးလေ”
ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများတွန့်သွားသည်။ ဘေဘီယောင်မှာ တံထွေးကိုဂလုခနဲမြိုချလိုက်ပြီး ကြက်သေသေသွား၏။ ယန်ရှင်းယွဲ့သည်လည်း အနည်းငယ်အံ့သြသွားသည်။
ထိုစီနီယာသည် ခြောက်ကပ်ကပ်ဖြင့် ရယ်ရင်း ပြောလိုက်၏။
“ဪ...ဒါ-ဒါဆို ခဏနေဖုန်းခေါ်လိုက်မယ်နော်၊ ကောင်းကောင်းစားခဲ့ကြ....”
ထိုသို့ပြောပြီးနောက် သူသည် သုတ်ခြေတင်ထွက်သွားတော့သည်။
“ဟော်ထျန်းရှန်း၊ နင်လုပ်ငန်းကတ်ပြားတွေ ပေးလိုက်တာ တော်တော်များပြီးနော် အဲဒါကနင့်ဖုန်းနံပါတ်အစစ်ရော ဟုတ်ရဲ့လား?”
ဘေဘီယောင် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“ငါ့အမေဟာ”
ဟော်ထျန်းရှန်း၏နှုတ်ခမ်းများသည် ကွေးညွှတ်သွားပြီး အားပါးတရပြုံးလိုက်၏။
သူတို့တစ်အုပ်စုလုံး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
“ဘာလို့လဲ?”
ဘေဘီယောင်သည် မည်သို့စကားဆက်ရမည်ကို မသိတော့ချေ။ ဟော်ထျန်းရှန်းသည် သူမအားလိုက်ပိုးပန်းသူများအပေါ် အမြဲလိုလို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့၏။ ထို့ကြောင့် သူမ၏ဖုန်းနံပါတ်အစစ်ဟု ထင်ခဲ့မိသည်။ ဖုန်းနံပါတ်အစစ်မဟုတ်လျှင်ပင်...အန်တီ၏ဖုန်းကို ပေးစရာလိုသလော?
“ဪ နင်တို့မသိဘူးပဲ၊ ငါ့အမေက စိတ်ပျိုကိုယ်နုဆိုတော့ ချောတဲ့ကောင်လေးတွေကို သဘောကျတယ်လေ”
ဟော်ထျန်းရှန်းစကားပြောရင်း လမ်းလျှောက်သွားလိုက်၏။
သူမထိုစကားကိုပြောလိုက်သောအခါ ကျန်သောသူများသည် ပို၍ပင်ကြောင်အသွားကြသည်။
“နင့်အဖေကရော?”
ဘေဘီယောင်မှာ အရိုးခံမိန်းကလေးတစ်ဦးသာဖြစ်သောကြောင့် သိချင်စိတ်တစ်ခုတည်းဖြင့် ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။
ဟော်ထျန်းရှန်းသည် ကွယ်ဝှက်မထားဘဲ အပြုံးတစ်ခုဖြင့် ပြောပြလိုက်သည်။
“သူလည်းအတူတူပဲ မိန်းကလေးငယ်ငယ်လေးတွေကို ကြိုက်တယ်။ နှစ်ယောက်လုံးက အသားစားသတ္တဝါတွေဆိုတော့ ကိုယ့်ကစားပွဲနဲ့ ကိုယ်ပဲ၊ လုပ်ငန်းသဘောအရ လက်ထပ်ထားကြတာလေ ငါပြောတဲ့အဓိပ္ပာယ်ကိုသိတယ်မလား”
သူမစကားကိုကြားလိုက်သောအခါ ဘေဘီယောင် တိတ်ဆိတ်သွားသည်။
ကျင်းယွင်ကျောင်းသည် မျက်ခုံးကိုပင့်ကာ သူမအား နားလည်သွားသောအရိပ်အယောင်များ မျက်လုံးထဲတွင် ပြေးသွားသည်။ ထိုသို့ဖြစ်နေခဲ့ခြင်းပင်။ ထို့ကြောင့် သူမသည် သူမမိဘများအကြောင်းပြောတိုင်း ထိုကဲ့သို့သောမျက်နှာမျိုးဖြစ်သွားခြင်းဖြစ်၏။
Space and Rebirth 687
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူမ၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ မိသားစုတိုင်းတွင် သူ့ပြသာနာနှင့်သူရှိတတ်ကြသည်ဆိုသော စကားပင်ရှိသည်မဟုတ်လော။ ကျင်းယွင်ကျောင်းသည် သူမအား ထူးပြီးသနားမနေပါချေ။
အချို့လူများသည် သာမန်လူများဖြစ်သော်လည်း မိဘများ၏ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့သည့်လူများရှိသည်။ ဥပမာပြရလျှင် စူးချူဖြစ်သည်။ အချို့လူများက ရှောင်ဟိုင်ချင်းကဲ့သို့ သစ္စာတရားကြီးကြသော်လည်း မိမိတို့မိဘများနှင့် ဆက်ဆံရေးမကောင်းသည့် သာဓကများလည်းရှိသည်။
ဤကမ္ဘာပေါ်တွင် မိသားစု၊ ချစ်ခြင်းမေတ္တာနှင့် သူငယ်ချင်းဆက်ဆံရေးတို့ဖြင့် ပတ်သတ်လာလျှင် ပြီးပြည့်စုံသောသူသိပ်မရှိပါချေ။
“ကျင်းယွင်ကျောင်း၊ နင်ကတကယ်စိတ်ဝင်စားစရာကောင်းတဲ့လူပဲ၊ သက်ပြင်းတွေချပြီး ငါ့မိဘတွေက ဘယ်လိုပဲဖြစ်နေပါစေ ငါ့ကိုတော့ချစ်ကြရှာမှာပါလို့ နှစ်သိမ့်ပေးရမှာမဟုတ်ဘူးလား? ငါ့မိသားစုအခြေအနေကို မအံ့သြတာဆိုလို့ နင်တစ်ယောက်ပဲရှိလောက်မယ်”
ဟော်ထျန်းရှန်းဆက်ပြောလိုက်၏။
သူမတွေ့သမျှလူထဲတွင် အချို့လူများသည် သနားကရုဏာများပြည့်လျှံလာတတ်ကြပြီး အချို့က သူမအားနှိမ်သလိုကြည့်ကြကာ အချို့က သူမတွင် ငွေထုတ်စက်နှစ်ခုရှိသဖြင့် အားကျခဲ့ကြသည်။
ကျင်းယွင်ကျောင်းသည် ခေတ္တမျှ ခြေလှမ်းတန့်သွား၏။
“နင်ကကျောက်တုံးကနေမွေးလာတာမို့လို့လား နင့်မိဘတွေက ဘာထူးဆန်းလို့လဲ?”
ကျင်းယွင်ကျောင်းပြောလိုက်သည်။
ရှောင်တောက်အန်းကဲ့သို့ ဖခင်တစ်ဦးကိုမြင်ရပြီးနောက် အခြားမိဘများသည် ထိုမျှလောက်မဆိုးကြောင်း ကျင်းယွင်ကျောင်းခံစားမိ၏။ အနည်းဆုံးအနေဖြင့် ဟော်ထျန်းရှန်းသည် သူမမိဘများမှ ဘယ်အချိန်တွင် သူမအား ချောက်ချအကွက်ဆင်မည်ကို သတိထားစရာမလိုသလို သူတို့အား အမြဲတစေမုန်းတီးနေရခြင်းလည်းမရှိပေ။
ဟော်ထျန်းရှန်းသည် အကြိမ်အနည်းငယ်မျှ ခိုးခိုးခစ်ခစ်ရယ်လိုက်၏။
“နင်က အေးတိအေးစက်နိုင်တာလား လက်တွေ့ဆန်တာလားဆိုတာ ငါတကယ်မပြောတတ်တော့ဘူး”
“ဒါပေမယ့် ငါနင့်ရဲ့စရိုက်ကို တော်တော်လေးသဘောကျတယ် အနာဂတ်မှာ ခင်ခင်မင်မင်နေကြတာပေါ့!”
ဟော်ထျန်းရှန်းသည် တောက်ပစွာပြုံးရင်း ပြောလိုက်သည်။ ကျင်းယွင်ကျောင်းသည် မည်သို့ပြန်ပြောရမည်ကို မသိသော်လည်း ခေါင်းငြိမ့်သဘောတူလိုက်လေ၏။
လေးဦးသားသည် ကျောင်းဂိတ်ဝရှေ့တွင် သာမန်စားသောက်ဆိုင်တစ်ခုကို ရှာတွေ့သွား၍ ဟင်းပွဲအနည်းငယ်ခန့်မှာကာ ထိုင်ချလိုက်ကြသည်။
ထိုစားသောက်ဆိုင်သည် အတော်အတန်ကျယ်ဝန်းပေသည်။ ဆိုင်ပိုင်ရှင်မှာ အန်တီကြီးတစ်ဦးဖြစ်၏။ ယနေ့တွင် ကျောင်းသားသစ်များစွာ ရောက်ရှိသဖြင့် စားသောက်ဆိုင်သည် အတန်းဖော်သူငယ်ချင်းများစွာဖြင့် ပြည့်နှက်ကာ အလွန်အသက်ဝင်လှုပ်ရှားနေပေသည်။ အဆောင်တစ်ခုတည်းမှ လာခဲ့ကြသောလူများသည် မိတ်ဖြစ်ဆွေဖြစ်စကားပြောရန် စုဝေးနေကြပြီး တစ်ယောက်အကြောင်းတစ်ယောက်သိရန် ကြိုးစားနေကြလေသည်။
စကားပြောရင်းဖြင့် ကျင်းယွင်ကျောင်းသည် ကျန်မိန်းကလေးသုံးဦး၏အခြေအနေကို အခြေခံလောက်သိရှိသွားလေ၏။
ဟော်ထျန်းရှန်းသည် ဝတ်နိုင်စားနိုင်မိသားစုတစ်စုမှ လာခဲ့လေသည်။ သူမသည် ဤမြို့တွင်သာမွေးဖွားခဲ့သော မြို့သူတစ်ဦးဖြစ်ပြီး သူမမိဘများသည် သူမအတွက် အိမ်တစ်လုံးစီစဥ်ပေးခဲ့၏။ သို့ရာတွင် ဂျစ်ကန်ကန်စရိုက်ရှိသူဖြစ်သည့်အလျောက် သူမသည် ၎င်းကိုငြင်းဆန်ကာ ကျောင်းတွင်သာနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။
ဘေဘီယောင်မှာ တစ်နယ်တစ်ကျေးမှ လာခဲ့သူဖြစ်လေသည်။ သူမမိဘများသည် အလွန်ကြင်နာတတ်ပြီး သူမတွင် အစ်ကိုသုံးဦးရှိ၏။ မိသားစုထဲတွင် တစ်ဦးတည်းသောသမီးဖြစ်သောကြောင့် သူမသည် အလိုလိုက်ခံခဲ့ရပေသည်။ ငယ်စဥ်ကတည်းကပင် မကောင်းသောဖြစ်ရပ်တစ်စုံတစ်ခုကိုမျှ မကြုံတွေ့မခံစားခဲ့ရပေ။ ထိုနည်းတူစွာ သူမသည် အိမ်နှင့်ဝေးရာသို့လည်း မသွားဖူးချေ။ ကျောင်းသွားလျှင်ပင် သူမမိဘများမှ ထောက်ပံ့ထားသောကျောင်းကိုသာ သွားခဲ့သည်။ သူမသည် အမြဲတစေ သူတို့၏ကာကွယ်မှုအရိပ်အောက်တွင် နေခဲ့ရလေသည်။
သူမအား လူကြီးဖြစ်ခွင့်ပေးရသည့်အကြောင်းအရင်းမှာ သူမအဘွားဖြစ်သူမှ သူမအခြေအနေကို မကြည့်နိုင်တော့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမအဘွားသည် သူမအား အပြင်ထွက်၍ စာပေလေ့လာပြီး ဘဝအတွေ့အကြုံများရယူရန် သူမမိဘများကို စေခိုင်းခဲ့လေသည်။
ယန်ရှင်းယွဲ့မှာမူ ဟော်ထျန်းရှန်းအတိုင်း ဒေသခံတစ်ဦးဖြစ်၏။ သူမသည် ယခင်က သူမဦးလေးအိမ်တွင် နေခဲ့သည်။ သူမဦးလေး၏မိသားစုမှာ ငွေရှိသောမိသားစုဟုဆိုနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သူမသည် အခြားသူတစ်ဦး၏ အမိုးအောက်တွင် နေနေရသဖြင့် သူများအရိပ်အကဲကြည့်ကာ ကြီးပြင်းခဲ့လေသည်။ ယန်ရှင်းယွဲ့သည် ဦးလေး၏ဆန္ဒအတိုင်း လိုက်နာကာ စီးပွားရေးစီမံခန့်ခွဲမှုမေဂျာအား ရွေးချယ်ခဲ့၏။ သူမသည် ကျောင်းဆင်းပြီးနောက်တွင် သူမဦးလေးအား ပြန်လည်ကူညီချင်သည်ဟု ပြောခဲ့သည်။ သူမစကားပြောနေစဥ်တွင် ဖြစ်သွားသော မျက်နှာအနေအထားအရ သူမဦးလေးသည် သူမအားကျေးဇူးပြန်ဆပ်စေလိုပြီး သူ့လက်အောက်တွင် သစ္စာရှိရှိအလုပ်လုပ်စေလိုသည်ဟု ကျင်းယွင်ကျောင်းခံစားမိလိုက်၏။
အတိုချုံးပြောရလျှင် သူတို့သည် သာမန်လူများမဟုတ်ကြချေ။
ကျင်းယွင်ကျောင်းအလှည့်ရောက်သောအခါ ကျန်သုံးဦးသားသည် သိချင်စောအပြည့်ဖြင့် သူမအား စူးစိုက်ကြည့်လိုက်ကြသည်။ သူမ၏အကြောင်းကို အလွန်စိတ်ဝင်စားနေမှန်းသိသာလှ၏။
“ငါက ခရိုင်အသေးစားတစ်ခုမှာ မိဘမဲ့အနေနဲ့ မွေးလာတာ၊ အရင်ကတော့ မွေးစားမိဘတွေရှိခဲ့ပေမယ့် ငါ့မွေးစားအမေက ရောဂါကြောင့်ဆုံးသွားပြီ၊ ငါ့မွေးစားအဖေကလည်း အားကိုးလို့ရတဲ့လူမဟုတ်တော့ သူနဲ့အဆက်အသွယ်ဖြတ်လိုက်တယ်”
“ဒါအကုန်ပဲလား?”
ဟော်ထျန်းရှန်း မျက်ခုံးများကိုပင့်လိုက်သည်။ သူမသည် သိပ်အားမရသေးပေ။ တာအိုဘုန်းကြီးတစ်ပါးနှယ် သူမခေါင်းကိုခါယမ်းပြီး ဆက်ပြောလိုက်၏။
“နင့်ကြည့်ရတာ သာမန်လူတစ်ယောက်နဲ့မတူပါဘူး ကျေးဇူးရှင်မရဲ့!”
ကျင်းယွင်ကျောင်းမရယ်ဘဲမနေနိုင်တော့ချေ။
“အနာဂတ်မှာ အခွင့်အခါကြုံရင် နင်တို့ပိုနားလည်လာလိမ့်မယ်”
ဤသည်မှာ သူတို့၏ပထမဆုံးတွေ့ဆုံခြင်းဖြစ်ရာ ကျင်းယွင်ကျောင်းသည် အဘယ်သို့ အဆင်အခြင်မရှိစွာဖြင့် အရာအားလုံးကို ပြောပြနိုင်မည်နည်း? ကျန်မိန်းကလေးများမှာလည်း ထိုနည်း၎င်းပင်။ သူတို့သည် မိမိတို့၏မိသားစုနောက်ခံများကိုသာ မိတ်ဆက်ပြောပြခဲ့သည်။
ထို့ကြောင့် သူမသည်လည်း သူမမှာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ နောက်ကွယ်မှသူဌေးဖြစ်ကြောင်း၊ သူမတန်ဖိုးသည် ယွမ်ဘီလီယံချီတန်ကြောင်း ပြောပြ၍မရပါချေ....
Space and Rebirth 688
သူတို့၏မျက်နှာသည် အားမလိုအားမရဖြစ်ဟန်များဖြင့် ပြည့်နှက်သွား၏။ ကျင်းယွင်ကျောင်းမှာ အမှန်တရားကို ထိမ်ချိန်ထားကြောင်း သူတို့ရှင်းရှင်းလင်းလင်းခံစားနေရလေသည်။
လူတစ်ဦး၏စရိုက်သဘာဝမှာ လိမ်၍မရချေ။ ကျင်းယွင်ကျောင်းသည် မြင်လိုက်သည်နှင့် မတူညီသောခံစားချက်တစ်မျိုးကို ပေးစွမ်းနိုင်၏။ သူမသည် အေးတိအေးစက်နိုင်ကာ ယုံကြည်ချက်အပြည့်ရှိသည်။ သူမအား တွေ့ရသည်မှာ ပထမဆုံးနေ့သာရှိသေးသော်လည်း သူမသည် အနည်းငယ်လျှို့ဝှက်ဆန်းကြယ်လှသည်ဟု သူတို့မခံစားမိဘဲမနေနိုင်ကြပေ။
“အဲ့တော့ မအေမရှိဘဲကြီးလာတာကိုး၊ ဒါကြောင့်မို့ ဒီလောက်ယဥ်ကျေးမှုမရှိဖြစ်နေတာ”
ထိုအချိန်တွင် သူတို့အနောက်မှ မြင်ပြင်းကတ်စရာအသံတစ်ခုထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းသည် စားနေသည်ကိုရပ်လိုက်ပြီး သူမတူများကို အောက်ချလိုက်သည်။
ဟော်ထျန်းရှန်းနှင့်အခြားလူများလည်း အံ့အားသင့်သွား၏။ သူမတို့သည် ခေါင်းကိုစောင်းကာ သူတို့အနောက်တွင်ရှိသော ထိုင်ခုံဘက်သို့ဦးတည်ကြည့်လိုက်သည်။ ထိုနေရာတွင် ထိုင်နေသော မိန်းကလေးခြောက်ဦးကိုသာ တွေ့လိုက်ရ၏။ သူတို့ဝင်လာစဥ်က ဆူညံပွက်လောရိုက်နေခဲ့သဖြင့် ကျင်းယွင်ကျောင်းတို့သည် ထောင်ကဲ့သည်လည်း စားသောက်ဆိုင်ထဲတွင်ရှိကြောင်း သတိမထားမိလိုက်ကြချေ။
ကျင်းယွင်ကျောင်းသည် သူမနှင့်ထောင်ကဲ့မှာ အမှန်တကယ်ပင် ရှေးရေစက်ပါသောရန်သူများဟု ခံစားမိနေ၏။ တစ်နေ့တည်းတွင် တစ်ဦးနှင့်တစ်ဦး ကြုံဆုံနေသည်မှာ အခါပေါင်းမနည်းတော့ချေ။
“ဟဲ့! နင်ဘယ်သူ့အကြောင်းပြောလိုက်တာလဲ?”
ဟော်ထျန်းရှန်း အသံကိုမြှင့်၍ပြောလိုက်၏။
ထောင်ကဲ့သည် နှလုံးခုန်သံမှားလုမတတ်ဖြစ်သွားသော်လည်း အေးတိအေးစက်ဖြင့် ဟမ့်ခနဲသာအသံပြုလိုက်သည်။
“နင်တို့အကြောင်းပြောနေတာမဟုတ်ပါဘူး”
ထောင်ကဲ့အတန်းဖော်များသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ မိန်းကလေးများထဲမှတစ်ဦးသည် ထောင်ကဲ့၏လက်မောင်းကိုဖက်ကာ ပြောလိုက်သည်။
“နင်ဘာလုပ်နေတာလဲ? မဟုတ်မှလွဲရော...နင်ပြောနေတဲ့ကောင်မလေးက အဲ့ဝိုင်းမှာလား?”
ထောင်ကဲ့ပုံစံသည် အနည်းငယ်နေရခက်ဟန်ဖြစ်သွားသည်။ ကျင်းယွင်ကျောင်းမှ မိဘမဲ့ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူမသည် မသိစိတ်မှစေ့ဆော်မှုကြောင့် ထိုသို့ပြောလိုက်မိခြင်းသာဖြစ်၏။
သို့သော် စဥ်းစားကြည့်လိုက်လျှင် ဤကိစ္စသည် ဤမျှလောက်ကြီးကျယ်ပေသလော။ သူမသည် မည်သည့်နာမည်ကိုမှ မပြောခဲ့သဖြင့် ကျင်းယွင်ကျောင်းသည် သူမအား ဘာလုပ်နိုင်မည်နည်း?
“ရုပ်ဆိုးတဲ့လူတွေက အမြဲတမ်းပြသာနာကိုမီးမွှေးရှာတတ်တယ်ဆိုတာ မှန်နေတာပဲ”
ဟော်ထျန်းရှန်းသည် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
ကျင်းယွင်ကျောင်းမျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားသည်။
“ထားလိုက်ပါ၊ တချို့လူတွေက မိမနိုင်ဖမနိုင်တွေလေ၊ သူတို့မိဘတွေက ဘယ်လောက်ပဲယဥ်ကျေးမှုရှိရှိ သူတို့ကတော့ ဒီအတိုင်းပဲ”
“အဲဒါဟုတ်တာပဲ”
ဟော်ထျန်းရှန်းပြုံးလိုက်၏။
“ကျင်းယွင်ကျောင်း၊ နင်ဘယ်သူ့ကိုမိမနိုင်ဖမနိုင်လို့ ပြောလိုက်တာလဲ?”
သူမအခန်းဖော်များရှေ့တွင် ရုတ်တရတ်ဆိုသလို အရှက်ခွဲခံလိုက်ရသလို ဖြစ်သွားသောကြောင့် သူမသည် မတ်တပ်ရပ်ပြီး ဒေါသတကြီးပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် မျက်ခုံးကိုပင့်ကာ သူမအား ဝေ့ကြည့်လိုက်သည်။
“နင်ကအနာရှိလို့စပ်နေတာလား?”
“ကျင်းယွင်ကျောင်း! နင်ကဘာများကြီးကျယ်နေလို့လဲ? မိဘမဲ့တစ်ယောက်ကများ၊ ဒီလောက်အစားကောင်းအသောက်ကောင်းတွေစားပြီး စျေးကြီးတဲ့အဆောင်မှာ နေနေတယ်ဆိုတော့ အဲ့ပိုက်ဆံတွေက နင့်ကိုတစ်ယောက်ယောက်ပေးထားတာမှတ်လား? သူများလုပ်စာလည်းထိုင်စားနေသေးတယ် ကိုယ့်ကိုယ်ကိုလည်းဟုတ်လှပြီထင်နေသေးတယ် မျက်နှာပြောင်လိုက်တာ!”
ထောင်ကဲ့ထပ်ပြောလိုက်ပြန်သည်။
ကျင်းယွင်ကျောင်းသည် မိသားစုနောက်ခံကောင်းကောင်းမှလာသူဟု သူမထင်ခဲ့သော်လည်း လက်တွေ့တွင် မိဘမဲ့တစ်ဦးသာဖြစ်နေမည်ဟု မည်သူထင်ခဲ့မည်နည်း?
သူမသည် မိဘမဲ့တစ်ဦးဖြစ်သည်က ကိစ္စမရှိလှသော်လည်း သူမမွေးစားမိခင်မှာဆုံးပါးသွားပြီး မွေးစားဖခင်နှင့်လည်း အဆက်အသွယ်ဖြတ်ထားသည်ဟု ပြောခဲ့သည်။ ထိုသို့ဆိုလျှင် သူမအားငွေကြေးထောက်ပံ့မည့်သူမရှိတော့ချေ။ သို့သော်လည်း သူမသည် သုံးနိုင်ဖြုန်းနိုင်သေး၏။ ငွေဟူသည်မှာ ကောင်းကင်ပေါ်မှပြုတ်မကျနိုင်ရာ။ သူမရုပ်ရည်ကိုကြည့်ခြင်းဖြင့် ယောက်ျားတစ်ဦးအားရှာ၍ မြှောင်စားနေခြင်းပင်ဖြစ်ရမည်!
ကျင်းယွင်ကျောင်း၏အသွင်အပြင် အေးစက်မာကြောသွားသည်။ သူမသည် လက်ကိုလှမ်းကာ စားပွဲပေါ်မှခွက်ကို ကောက်ယူလိုက်၏။ ထို့နောက် သူမခေါင်းကိုလှည့်ကာ ထိုခွက်အား ထောင်ကဲ့ဆီသို့ တည့်တည့်ပစ်ပေါက်လိုက်လေသည်။ ၎င်းသည် တည့်တည့်မတ်မတ်ဖြင့် ထောင်ကဲ့၏နဖူးပေါ်သို့ တန်းထိသွားတော့၏။ ထို့နောက် ထိုခွက်သည် ‘ခွမ်း’ ဟူသောအသံဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျကွဲသွားသည်။
“စကားကိုကြည့်ပြောလို့ ငါသတိပေးထားတယ်နော်”
ကျင်းယွင်ကျောင်းသည် လေသံမာမာဖြင့် ပြောလိုက်၏။
ထောင်ကဲ့၏နဖူးပေါ်တွင် အနီရောင်အကွင်းတစ်ခုပေါ်လာနေလေပြီ။
ကျင်းယွင်ကျောင်းသည် သူမ၏အင်အားကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်ခဲ့၏။ ထိုအနီရောင်အမှတ်ပျောက်ကွယ်သွားရန် အချိန်သိပ်ယူရမည်မဟုတ်ချေ။ သို့ရာတွင် ထောင်ကဲ့သည် သူမရှေ့မှောက်၌ ခွက်မှတဖြည်းဖြည်းနီးကပ်လာနေသည့်မြင်ကွင်းကို မျက်လုံးထဲတွင် ဖျောက်မရချေ။
သူမမျက်လုံးပြူးမျက်ဆန်ပြာဖြစ်နေ၏။ တစ်ကိုယ်လုံးသည်လည်း ထိတ်လန့်အံ့အားသင့်မှုဖြင့် တုန်ယင်နေသည်။
အခြားကျောင်းသားများသည် အလျင်အမြန်ပင် အနောက်သို့ရှဲသွားကြသည်။ ကျင်းယွင်ကျောင်းမှ စကားတစ်ခွန်းမျှမဟဘဲ သူတို့အား ပစ္စည်းများဖြင့် ပစ်ပေါက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
စက္ကန့်ပိုင်းမျှကြာပြီးမှသာ ထောင်ကဲ့သည် တုံ့ပြန်နိုင်တော့၏။ သူမသည် စိတ်ဖောက်ပြန်သွားသောအမျိုးသမီးတစ်ဦးကဲ့သို့ ကျင်းယွင်ကျောင်းထံ တစ်ဟုန်ထိုးပြေးလာတော့သည်။ သူမ၏ပုံစံအနေအထားအရ ကျင်းယွင်ကျောင်း၏ဆံပင်ကိုဆွဲရန် လာဟန်တူ၏။ သို့ရာတွင် သူမလက်များမှ ကျင်းယွင်ကျောင်းအား မထိပါးနိုင်ခင်တွင်ပင် သူမလက်ကောက်ဝတ်သည် ဖြတ်ရိုက်ချခံလိုက်ရပြီး တွန်းဖယ်ခံလိုက်ရ၏။ သူမသည် ဒယီးဒယိုင်ဖြင့် ခုံထောင့်စွန်းသို့ လဲကျသွားလေသည်။
“ငါ့ကိုပြသာနာလာရှာနေတာပဲ”
ကျင်းယွင်ကျောင်းသည် သူမအားဝေ့ကြည့်ပြီးနောက် ရွံရှာစက်ဆုပ်ဟန်ဖြင့် ခေါင်းကိုချာခနဲလှည့်သွားတော့၏။ သူမသည် ဟော်ထျန်းရှန်းနှင့် အခြားသူများကိုကြည့်ကာ ပြောလိုက်သည်။
“ကြည့်မနေနဲ့တော့ ထမင်းပဲဆက်စားကြမယ်”
ဘေဘီယောင် တံထွေးအား ဂလုခနဲမြိုချလိုက်သည်။ သူမသည် အလွန်အံ့အားသင့်နေလေ၏။
“ကျင်းယွင်ကျောင်း၊ နင်ကတကယ်အားရှိတာပဲ”
ဘေဘီယောင်သည် ကျင်းယွင်ကျောင်းအား အားသန်သောသူတစ်ဦးဟု ခံစားမိသော်လည်း အစောပိုင်းက သူမ၏လှုပ်ရှားမှုများသည် အလွန်ပေါ့ပါးလွန်းနေလေသည်။ သူမသည် လူတစ်ဦးအား အသာအယာသာတွန်းလိုက်သော်လည်း ထိုမိန်းကလေးမှာ လဲကျသွားခဲ့၏။