အခန်း (၆၉၃-၆၉၆)
Vol. 35 Ch. 693-696
Space and Rebirth 693
ကျင်းယွင်ကျောင်းသည် စကားစရှာမရဖြစ်သွား၏။ သတိအနေအထားဖြင့် တစ်နာရီနေရသည်မှာ သူမအတွက် ဘာမှမဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် သူမအတွက် ပေါ့ပေါ့ပါးပါးကိစ္စတစ်ခုသာဖြစ်သည်။ သို့သော် သူမအတန်းဖော်များသည် လက်ဖျားရေမစို၊ ခြေဖျားရေမစိုဘဲ ကြီးပြင်းလာသူများဖြစ်ရာ ဤလေ့ကျင့်ရေးအား တောင့်ခံနိုင်ရန် အတန်ငယ်ခက်ခဲပေသည်။
သူဌေးအိမ်မှ သခင်မလေးတစ်ဦးဖြစ်သော ဟော်ထျန်းရှန်းမှာ ပို၍ပင်ခံနိုင်ရည်မရှိချေ။ သူမနှင့်နှစ်ရက်ခန့်မျှ ပြောဆိုဆက်ဆံပြီးနောက်တွင် ဟော်ထျန်းရှန်းဆိုသူမှာ လေ့ကျင့်ရေးမပြောနှင့် အခြားကျန်သောအရာများကိုပင် ခံနိုင်ရည်မရှိကြောင်း သူမသိလိုက်ရလေ၏။ နေ့စဥ်တိုင်း ခြေလှမ်းအနည်းငယ်ခန့် လမ်းလျှောက်ရသည်ကိုပင် ဟော်ထျန်းရှန်းသည် သေမလိုဖြစ်နေသည်။
သူမသည် သူမကိုယ်သူမနှစ်သိမ့်သောအနေဖြင့်သာ ဘေဘီယောင်အား လှောင်ပြောင်နေခြင်းဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူမသည် ခေါင်းမာနေခြင်းသာဖြစ်၏။ ဟော်ထျန်းရှန်းသည် အရှေ့သို့ထွက်သွားကာ နည်းပြကို ဝေ့ကြည့်လိုက်သည်။
“မင်းဘာပြောလိုက်တာလဲ?”
ချီကျုံးသည် မာကြောသောလေသံဖြင့် မေးလိုက်၏။
“နည်းပြရဲ့အသားက အညိုဆင်လေးနဲ့ ယောက်ျားဆန်လိုက်တာလို့ ပြောနေတာပါ”
ဟော်ထျန်းရှန်းသည် တုံးအသောသူမဟုတ်ပေ။ ပညာရှိဟူသည်မှာ အခြေအနေကို အကဲခတ်တတ်ရ၏။
ချီကျုံးသည် သူမကိုဝေ့ကြည့်ကာ ပြောလိုက်သည်။
“ကောင်းတာပေါ့ ဒါပေမယ့် ငါကလူတွေငါ့ကိုချီးကျူးတာမကြိုက်တာမို့ သတိအနေအထားနဲ့ မင်းနှစ်နာရီနေရမယ်”
ဟော်ထျန်းရှန်းသည် ဤအရာကိုကြားလိုက်ရသောအခါ သူမသည် အနည်းငယ် အမြီးကုပ်သွား၏။
“ချီးကျူးလို့တောင်မရဘူးလား ဆရာကလည်း၊ အကုန်လုံးကကျောင်းသားတွေပဲရှိသေးတာကို အဲ့လောက်ကြမ်းစရာလိုလို့လား?”
“စစ်ရေးလေ့ကျင့်ရေးဆိုတာ မင်းတို့ကို စစ်သားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ သတ်မှတ်ချက်တွေအတိုင်းလေ့ကျင့်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါကနှစ်ပေါင်းများစွာကတည်းက A တက္ကသိုလ်ရဲ့ ထုံးတမ်းအစဥ်အလာဖြစ်ခဲ့တာ”
ချီကျုံးဆက်ပြောလိုက်၏။
“ကျင်းယွင်ကျောင်း! အဲ့လိုမထင်ဘူးလား?”
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။ ဤချီကျုံးဆိုသူမှာ...တမင်လုပ်နေခြင်းလော?
“နည်းပြ ဘာပဲပြောပြော ဆုံးဖြတ်ချက်ချတဲ့လူက ကျွန်မမဟုတ်ပါဘူး”
ကျင်းယွင်ကျောင်း ခပ်ပြတ်ပြတ်ပြောလိုက်၏။
ချီကျုံးသည် သူ၏မျက်ခုံးများကိုပင့်လိုက်သည်။
“ဒီတိုင်းအမိန့်နာခံမယ်ပေါ့၊ ကျင်းယွင်ကျောင်းက အခုချိန်ကစပြီး အတန်း A07 ရဲ့ မော်နီတာပဲ၊ တစ်နာရီကြာတာနဲ့ တန်းဖြုတ်ပြီး ကျောင်းသားတွေကို နေ့လယ်စာကျွေးဖို့ ကျင်းယွင်ကျောင်းကို တာဝန်ပေးလိုက်ပြီ”
“ဟုတ်ကဲ့ နည်းပြ”
ကျင်းယွင်ကျောင်းသည် မတတ်သာဘဲ နာခံလိုက်ရလေသည်။
အခြားသူများသည် ကျင်းယွင်ကျောင်းအားလှည့်ကြည့်လိုက်ကြပြီး နေမထိထိုင်မသာဖြစ်သွားကြသည်။
ကျင်းယွင်ကျောင်းသည် အလွန်လှပနေ၏။ သူမအသားအရေသည် ကျောက်စိမ်းကဲ့သို့ဝင်းမွတ်နေပြီး သူမမျက်နှာမှာ အေးစက်ပြီး တစ်မူထူးခြားနေသည်။ ဤကဲ့သို့အသွင်အပြင်မျိုးမှာ အမှန်တကယ်ပင် စိတ်အာရုံကိုဖမ်းစားနိုင်ပေသည်။ သို့ရာတွင် ဤကိစ္စကြောင့်ဖြင့် သူမအား မော်နီတာခန့်လိုက်သည်ဆိုလျှင် သူမသည် အမှန်တကယ်ပင်...ထိုစကားကို မယုံကြည်ပါချေ။
နည်းပြသည် ကျင်းယွင်ကျောင်းကိုကြည့်ပြီး ဟက်ခနဲရယ်လိုက်သည်။ ထို့နောက် သူသည် အနောက်သို့လှည့်ကာ ထိုကျောင်းသားအုပ်ကြီးကို ထားခဲ့တော့သည်။ သူ၏ပုံရိပ်ကွယ်ပျောက်သွားသည်နှင့် တစ်တန်းလုံးသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။
“ပင်ပန်းလိုက်တာ၊ အခုထိ မိနစ် ၃၀ စာကျန်သေးတယ်၊ တကယ်ပင်ပန်းစရာကောင်းလွန်းတယ်ဟ”
“နည်းပြကချောသားပဲ ဒါပေမယ့် သူကချောသာချောတယ် လူသားမဆန်လိုက်တာ အခုမှပထမနေ့ပဲရှိသးတယ် နောက်လတစ်ဝက်လောက်ကို ငါတို့မသေသွားအောင် ဘယ်လိုနေရမှာပါလိမ့်”
...
ကျင်းယွင်ကျောင်းသည် ခေါင်းကိုက်ချင်လာသလို ခံစားလိုက်ရ၏။
ချီကျုံးသည် သူမအား တမင်ဒုက္ခပေးနေခြင်းဖြစ်လေသည်။ ဤသည်မှာ ပထမဆုံးနေ့ဖြစ်သဖြင့် စည်းကမ်းများချမှတ်ရန် လိုအပ်ကြောင်းကို သူသည် ရှင်းရှင်းလင်းလင်းသိထားလျက်ဖြင့် ထွက်ပြေးသွားကာ သူမအား တာဝန်အပ်ခဲ့သေး၏။
“တော်တော့”
ကျင်းယွင်ကျောင်းပြောလိုက်၏။ သူမ၏အေးစက်သောအသံသည် ကျယ်လောင်ပြတ်သားနေသည်။ လူတိုင်းသည် ခေတ္တမျှကြက်သေသေသွားသည်။ သူတို့သည် စက္ကန့်ပိုင်းမျှသာ တိတ်ဆိတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် ပြန်ဆူညံလာပြန်သည်။
“မော်နီတာကြီး နည်းပြလည်းဒီမှာမရှိတာကို ဘာလို့အဲ့လောက်တောင်ဖြစ်နေတာလဲ?”
“ဟုတ်တယ် ဟုတ်တယ် နည်းပြကနင့်အပေါ်ဒီလောက်ကောင်းတာကို နောက်ကျမှ နင်သူ့ကိုနားချလိုက်ရင်ရတာပဲ၊ ငါတို့ကိုတကယ် တစ်နာရီစာလောက် ဒီမှာမတ်တပ်ရပ်ခိုင်းစေချင်တာလား? ပင်ပန်းလွန်းတယ်လို့!”
ကျင်းယွင်ကျောင်းသည် ခြေတစ်လှမ်းလှမ်းကာ အရှေ့သို့လျှောက်သွားလိုက်သည်။ သူမသည် လူအုပ်ကြီးကိုကြည့်ပြီး ယဥ်ကျေးမှုမပျက်ပြောလိုက်၏။
“ငါတခြားကိစ္စတွေမသိဘူး၊ ငါသိတာက နင်တို့ကို ဒီတစ်နာရီအတွင်းမှာ သတိအနေအထားနဲ့ရပ်ခိုင်းဖို့ ငါ့ကိုတာဝန်ပေးထားတယ်ဆိုတာပဲ၊ ငါ့ကိုဆရာနဲ့ ပြသာနာတက်အောင်မလုပ်ဖို့ မျှော်လင့်ပါတယ်”
သူမသည် ငှက်မွေးတစ်ချောင်းအား မြားတစ်စင်းအနေနှင့် အသုံးပြုတတ်သောလူစားမျိုးမဟုတ်သော်လည်း သူမအနေအထားဖြင့် လုပ်ရမည့်အလုပ်များကို အမြဲတစေ ရှင်းရှင်းလင်းလင်းသိနေခဲ့သောသူဖြစ်သည်။ ဤသည်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဤနေရာသို့ ကစားရန်လာခဲ့ခြင်းမဟုတ်ပေ။ သူတို့သည် စစ်သားအစစ်များမဟုတ်သော်လည်း စစ်တပ်နှင့်သက်ဆိုင်သောသူများဖြစ်နေသေး၏။ အနည်းဆုံးအနေဖြင့် သူတို့သည် ထိုအချက်ကို လေးစားရပေမည်။
“ငါတို့ကနင့်ကိုပြသာနာတက်အောင် လုပ်နေတာမဟုတ်ပါဘူး၊ နည်းပြလည်း ဒီမှာမရှိဘူးလေ၊ နည်းနည်းလောက်စိတ်လျှော့လို့မရဘူးလား?”
ကျောင်းသားတစ်ဦးမှ ပြောလိုက်၏။
Space and Rebirth 694
စစ်ရေးလေ့ကျင့်သည့် ပထမဆုံးနေ့တွင် လူတိုင်းသည် မကျေမနပ်အဖြစ်ကြဆုံးပင်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤကဲ့သို့တစ်ခါမှ ဒုက္ခမခံဖူးသည်ဖြစ်ရာ အတန်ငယ်စိတ်ပျက်လက်ပျက်ဖြစ်နေကြလေသည်။ ထိုတင်မက ဤအချိန်တွင် နည်းပြမှ မျက်နှာသာပေးထားသောလူမှာလည်း အခြားကျောင်းသားများ၏ မနှစ်မြို့ခြင်းကို ခံရမည်မှာ မလွဲမသွေဖြစ်၏။
ဤကျောင်းသားများသည် အတန်ငယ်စိတ်ဆတ်နေကြပေသည်။ သူတို့သည် လာရာလမ်းတစ်လျှောက်လုံး ကားထဲ၌ ပျင်းတိပျင်းတွဲလိုက်လာခဲ့ရပြီး နေပူထဲတွင် မိနစ်နှစ်ဆယ်ခန့် ထွက်ရပ်နေခဲ့ရသဖြင့် အလွန်ပင်စိတ်မကြည်မလင်ဖြစ်နေကြ၏။ အချို့လူများသည် မကျေမနပ်ဖြစ်သောလေသံနှင့် အငြင်းပွားနေကြပြီး အချို့မှာ မြေပြင်ပေါ်တွင် ထိုင်ချကာ အနားယူလိုက်ကြသည်။
“နင်တို့နားမှာကို ငါမတားချင်ဘူး ဒါပေမယ့် ဒီမှာလေ့ကျင့်ရေးဆင်းနေတဲ့လူဆိုလို့ ငါတို့အတန်းပဲရှိတာမဟုတ်ဘူး။ တခြားအတန်းကကျောင်းသားတွေလည်း ငါတို့ကိုမြင်နေရသလို သူတို့နည်းပြတွေလည်း မြင်ရမှာပဲ။ နည်းပြချီပြန်လာလို့ တခြားနည်းပြတွေဆီက မကောင်းတာတစ်ခုခုကြားသွားရင် ငါတို့လေ့ကျင့်ရေးက ပိုပြင်းထန်လာမှာအမှန်ပဲ။ အခု နင်တို့ရွေးလိုက်၊ ပြောတဲ့အတိုင်းလုပ်မလား၊ မလုပ်ဘူးလားဆိုတာ သေချာစဥ်းစားတာကောင်းမယ်”
ကျင်းယွင်ကျောင်း ဘွင်းဘွင်းသာပြောလိုက်၏။
အကယ်၍များ ချီကျုံးပြန်လာပြီး သူမကိုပြသာနာရှာလျှင်ပင် သူမမခံနိုင်စရာအကြောင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် နေရာလွတ်နယ်မြေထဲတွင် သူမသိုင်းပညာလေ့ကျင့်ခဲ့စဥ်က ပြင်းထန်မှုအဆင့်သည် ဤစစ်ရေးလေ့ကျင့်မှုထက် မနိမ့်သောကြောင့်ဖြစ်သည်။
ထို့အပြင် ချီကျုံးမှာ လီရှောက်ယွင်၏ ရဲဘော်ရဲဘက်ဖြစ်သည်။ အစောပိုင်းက သူမအား မတ်တပ်ရပ်ခိုင်းရသည့်အကြောင်းရင်းမှာ သူမအား ကျီစယ်ချင်၍ဖြစ်ဖို့များသည်။ လီရှောက်ယွင်နှင့် ပတ်သတ်သူဖြစ်သည့်အလျောက် သူမအား တမင်တကာပစ်မှတ်မထားဘဲ မနေနိုင်ပါချေ။
ထို့ကြောင့် ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤကျောင်းသားများသာ နည်းပြစကားနားမထောင်ပါက အဆုံးတွင် ဒုက္ခရောက်မည့်သူမှာ သူတို့သာဖြစ်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏စကားကိုကြည့်ပြီးနောက် အချို့လူများသည် ချီတုံချတုံဖြစ်သွားပြီး မိမိတို့စိတ်ကိုပြန်ထိန်းလိုက်ကြသည်။
“ငါတို့ကတခြားအတန်းတွေနဲ့ မီတာနှစ်ဆယ်၊ သုံးဆယ်လောက်ဝေးတာမို့ နင်တို့ရပ်ရတာပျင်းလာရင် အချိန်ဖြုန်းဖို့ အချင်းချင်းစကားပြောလို့ရတယ်၊ တခြားနည်းပြတွေလည်း ကြားနိုင်မှာမဟုတ်သလို ငါလည်းအပြစ်တင်မှာမဟုတ်ဘူး။ ဒါပေမယ့် မလိုအပ်တဲ့လှုပ်ရှားမှုတွေ မလုပ်တာအကောင်းဆုံးပဲ၊ မဟုတ်ရင် အားလုံးရဲ့ လေ့ကျင့်ရေးပိုပြင်းထန်သွားရုံပဲရှိမှာ ဒါဆိုရင် နားရတဲ့ပမာဏနဲ့ ပင်ပန်းရတဲ့ပမာဏက မကာမိဘူးဖြစ်သွားမယ်မထင်ဘူးလား?”
ကျင်းယွင်ကျောင်းထပ်ပြောလိုက်ပြန်၏။
မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာ ကျောင်းသားများဖြစ်၍ လေ့ကျင့်ရေးအချိန်မှာ ရေတိုသာဖြစ်သည်။ သူတို့အား စစ်သားအစစ်များကဲ့သို့ နေခိုင်းရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သောအရာဖြစ်ပေသည်။
“ဟုတ်တော့ဟုတ်သားပဲ...”
ကျောင်းသားတစ်ဦးမှ တီးတိုးရေရွတ်လိုက်သည်။
မြေပြင်ပေါ်တွင် ထိုင်နေသောကျောင်းသားနှစ်ဦးမှာလည်း စဥ်းစားကြည့်လိုက်ပြီးနောက် မတ်တပ်ပြန်ရပ်လိုက်သည်။ သူတို့သည် ကျင်းယွင်ကျောင်း၏စကားများကို သဘောတူပေသည်။
မည်သူကမှ မိမိတို့ခန္ဓာကိုယ်ကို မညှင်းဆဲလိုပေ။ သူတို့အားစောင့်ကြည့်ရန် နည်းပြမှ ကျင်းယွင်ကျောင်းအား တာဝန်ပေးထားခဲ့သော်လည်း သူတို့အားပြန်တိုင်ကြားနိုင်သူမှာ ကျင်းယွင်ကျောင်းတစ်ဦးတည်းမဟုတ်ပေ။ သူများကိစ္စဝင်ရှုပ်တတ်သော အခြားနည်းပြများရှိလာပါက သူတို့သည် ပြသာနာအကြီးအကျယ်တက်ချေမည်။
“ဒါနဲ့ ကျင်းယွင်ကျောင်း၊ နင်ကနည်းပြကိုသိတာလား?”
ရုတ်ချည်းဆိုသလို ကျောင်းသားနောက်တစ်ဦးမှ တီးတိုးမေးလိုက်၏။
“ဟုတ်တယ် နင်ဘယ်လိုသိတာလဲ? နည်းပြကဘယ်လိုလူလဲ? နောက်ကျရင် လေ့ကျင့်ရေးကိုလျှော့ခိုင်းဖို့ နင်ပြောပေးလို့ရလား?”
နောက်တစ်ဦးမှ မေးလိုက်သည်။
ကျင်းယွင်ကျောင်းသည် တရားကျင့်တော့မည့်အတိုင်း မတ်မတ်ရပ်နေဆဲဖြစ်၏။
“အဲ့လောက်လည်းမဟုတ်ပါဘူး၊ ငါတို့တစ်ခါပဲတွေ့ဖူးတယ် သူ့နာမည်ကိုတော့ ဒီနေ့မှသိတာ”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“ဟုတ်လား? ငါကတော့ နင်တို့အရမ်းရင်းနှီးတယ်လို့ ထင်လိုက်တာ...”
အတန်းဖော်တစ်ဦးမှ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
အစောပိုင်းက ကျင်းယွင်ကျောင်းအား ဝိုင်းဝန်းရန်တွေ့ကြသည်မှာ သူတို့စိတ်ဆတ်နေသောကြောင့်သာဖြစ်သည်။ ယခုမူ ကျင်းယွင်ကျောင်းမှာ နည်းပြမှ မျက်နှာသာပေးတိုင်း အခြားသူများကို အနိုင်ကျင့်တတ်သူမဟုတ်ကြောင်း သူတို့သိရှိသွားပြီဖြစ်သဖြင့် အားလုံးသည် ယခင်ကထက် ပို၍ဖော်ဖော်ရွေရွေဖြစ်လာကြလေသည်။
တစ်ချိန်တည်းတွင်ပင် ချီကျုံးသည် အနီးအနားရှိအဆောက်အဦးထဲတွင် မှန်ဘီလူးတစ်စုံဖြင့် အခြေအနေကို စောင့်ကြည့်အကဲခတ်နေ၏။ ကျောင်းသားများသည် အမှန်တကယ်ပင် သူပြောထားခဲ့သည့်အတိုင်း သတိအနေအထားတွင်ရပ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏မာကြောသောမျက်နှာပေါ်တွင် ကျေနပ်သွားသောအရိပ်အယောင်များ လှစ်ဟပေါ်ပေါက်လာတော့သည်။
“ကျင်းယွင်ကျောင်းက တကယ်တော်တာပဲ၊ စကားနည်းနည်းပြောရုံနဲ့ ဒီကလေးတွေ သူပြောတဲ့အတိုင်းနေအောင် လုပ်တတ်တယ်”
“မရီးလို့ခေါ်မှပေါ့”
သူ၏ရှေ့မှောက်ရှိစားပွဲပေါ်တွင် လီရှောက်ယွင်သည် ခုံတစ်ခုပေါ်တွင် ထိုင်ပြီး လက်ထဲတွင် မြားငယ်တစ်ချောင်းကို ဆော့ကစားနေသည်။ သူသည် မျက်နှာချင်းဆိုင်နံရံပေါ်ရှိ ပစ်မှတ်သို့ ချိန်ရွယ်လိုက်ပြီး ထိုမြားငယ်အား ညင်သာစွာ ပေါက်လိုက်သောအခါ ပစ်မှတ်ကိုကွက်တိထိသွားလေ၏။
“ကျွန်တော်ကအခုသူ့ရဲ့နည်းပြဖြစ်နေပြီ၊ မရီးလို့သာသွားခေါ်ရင် အဲ့ကျောင်းသားတွေ စပ်စုလွန်းလို့ သူအာရုံနောက်ပြီးသေမှာပဲ။ အစ်ကိုကြီး၊ အစ်ကိုကြီးကအခုချိန်မှာ ဟိုလိုခေါ် ဒီလိုခေါ်ဖို့ပြောရအောင် အရည်အချင်းမမီသေးဘူးနော်”
Space and Rebirth 695
ချီကျုံးသည် မျက်နှာသေဖြင့် ပြောလိုက်၏။ သူ၏ပုံစံအား တစ်ချက်ကြည့်ရုံဖြင့် ဖြောင့်မတ်တည်ကြည်သောလူတစ်ဦးနှင့် တူပေသည်။
သူသည် ခန့်ညားပြီး ယောက်ျားပီသ၏။ သူ၏ရုပ်ရည်မှာ လီရှောက်ယွင်ကဲ့သို့ တော်ဝင်ဆန်သော အငွေ့အသက်များမရှိသော်လည်း သူ၏အရွယ်နှင့်မလိုက်သော ရင့်ကျက်မှုအရိပ်အယောင်များ ထွက်ပေါ်နေလေသည်။
“သူ့ကိုကူညီဖို့ မင်းကိုနည်းပြလုပ်ခိုင်းတာ၊ သူပြသာနာတက်အောင်မလုပ်နဲ့”
လီရှောက်ယွင် တိုးပျပျပြောလိုက်၏။
“အစ်ကိုကြီး၊ ဒီလောက်ကောင်းတဲ့အလုပ်ကို ဘာလို့ကိုယ်တိုင်မလုပ်ဘဲ ကျွန်တော့်ကိုလုပ်ခိုင်းတာလဲ? ပြီးတော့ မရီးကကျွန်တော့်ကိုမြင်တာနဲ့ အစ်ကိုကြီးစီစဥ်ထားတာမှန်း သိမှာပဲလေ၊ ဘာမှသိပ်မကွာဘူး”
“ညီလေးနှစ်၊ မင်းကတဖြည်းဖြည်း လေကြောရှည်သထက်ရှည်လာတာပဲ။ အခု မင်းကဘယ်လိုပဲဖြစ်ဖြစ် ဒဏ်ရာရနေလို့ အနားယူနေရတဲ့အချိန်ပဲမဟုတ်ဘူးလား၊ နည်းပြလုပ်ရတာ အဲ့လောက်မဆိုးပါဘူးကွာ။ မနက်ဖြန် ငါစစ်ဆင်ရေးတစ်ခုကို ဦးဆောင်ဖို့သွားရမယ် တစ်လနီးပါးလောက်ကြာလိမ့်မယ်၊ အဲ့အချိန်အတွင်းမှာ သူ့ကိုကောင်းကောင်းဂရုစိုက်ပေးထား”
လီရှောက်ယွင် မတ်တပ်ရပ်ကာ တိုးဖွသောလေသံဖြင့် ပြောလိုက်သည်။
ချီကျုံးခေါင်းငြိမ့်လိုက်၏။
“ဟုတ်ပြီ အစ်ကိုကြီး စစ်ဆင်ရေးက အန္တရာယ်များလား?”
“အန္တရာယ်မများဖူးတဲ့အချိန်ရှိလို့လား?”
လီရှောက်ယွင်ပြန်မေးလိုက်ပြီး သူ၏ပုခုံးကို ပုတ်လိုက်၏။
“စိတ်မပူနဲ့ ဒီမှာနေပြီး ဒဏ်ရာပြန်သက်သာလာအောင်ပဲ စောင့်လိုက်၊ ညီလေးသုံးနဲ့ တခြားလူတွေလည်း ဒီမှာရှိတာဆိုတော့ ပြသာနာရှိမှာမဟုတ်ဘူး”
လီရှောက်ယွင်သည် စကားပြောပြီးနောက် ချီကျုံး၏မှန်ပြောင်းများကိုယူကာ ကျင်းယွင်ကျောင်းရှိရာသို့ ကြည့်လိုက်သည်။ ခေတ္တမျှကြာပြီးနောက် သူသည် မှန်ပြောင်းများကိုချကာ ပြုံးလိုက်၏။
“ငါ့ရဲ့ အားကျောင်းက ဆံပင်တိုလေးနဲ့ တကယ်ချောတာပဲ”
သူ၏အနောက်တွင် ချီကျုံး၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။
ယခုအချိန်တွင် မိန်းကလေးများအားလုံး ဆံပင်တိုဖြင့်ရှိပြီး ဦးထုပ်များကို ဝတ်ဆင်ထားကြသည်။ အဝေးကကြည့်လျှင် သူတို့အားလုံးသည် တစ်ပုံစံတည်းဖြစ်၏။ ကျင်းယွင်ကျောင်းချောသည်၊ မချောသည်ကို သူအဘယ်သို့သိနိုင်မည်နည်း?
ချီကျုံးတွင် ပြောစရာစကားမရှိတော့ချေ။ နာရီဝက်ခန့်ကြာပြီး ကျောင်းသားများအားလုံး ထမင်းစားရန် မုန့်စျေးတန်းသို့သွားသည့်အချိန်မှသာ သူပြန်ပေါ်လာတော့၏။ သူသည် လူအုပ်ကြီးကိုဝေ့ကြည့်လိုက်သော်လည်း မည်သူကကျင်းယွင်ကျောင်းမှန်း မပြောတတ်ပါချေ။ တူညီသောကျောပြင်များ များပြားလှသဖြင့် မျက်စိကျိန်းသလိုသာဖြစ်သွားတော့၏။
ဤကြီးမားသောမုန့်စျေးတန်းတွင် သူတို့သည် ထမင်းစားရန် တန်းစီစောင့်ရကြသည်။ အခြားသောအတန်းများအား သက်ဆိုင်ရာနည်းပြများက ဦးဆောင်နေသောကြောင့် အလွန်တိတ်ဆိတ်ကြပေသည်။ ယာယီခန့်အပ်ထားသော အတန်းမော်နီတာအနေဖြင့် ကျင်းယွင်ကျောင်းသည် ခေါင်းဆောင်တာဝန်အား ယာယီထမ်းဆောင်ပြီး သူမ၏အတန်းဖော်ကျောင်းသားအုပ်အား ထမင်းစားတန်းစီရန် ဦးဆောင်လိုက်တော့သည်။
ကျောင်းသားများသည် အစောပိုင်းက စောဒကများတက်နေခဲ့ကြသော်လည်း သူတို့အနားမှ အခြားအတန်းများသည် အလွန်စည်းကမ်းသေဝပ်နေသောကြောင့် သူတို့သည် လူအုပ်ကြားထဲတွင် ထီးထီးမဖြစ်လိုပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းဦးဆောင်ရသည်မှာ အလွန်လွယ်ကူနေ၏။
လေ့ကျင့်ရေး၏ ပထမဆုံးနေ့မှာ တကယ်တမ်းတွင် ထိုမျှလောက် မပြင်းထန်ပါချေ။ ညစာစားပြီးသောအခါ ကိုယ်ပိုင်အားလပ်ချိန်ပေးလေသည်။ ချီကျုံးသည် ကျောင်းသားများကို ဦးဆောင်ခေါ်သွားပြီး စခန်းထဲရှိ သိသည့်သိထိုက်သောစည်းမျဥ်းများကို ရှင်းပြလိုက်၏။
အဆောင်ထဲတွင် မိန်းကလေးများသည် မိမိတို့အတန်းအလိုက် အိပ်ရကြလေသည်။ မိန်းကလေးများသာရှိသဖြင့် အလွန်ဆူညံအသက်ဝင်နေခဲ့သော်လည်း မီးပိတ်မည့်အချိန်ကို သတ်မှတ်ထားပြီး အလွန်ပင်ပန်းသောနေ့လည်းဖြစ်ရာ အားလုံးသည် အလျင်အမြန်ပင် အိပ်ပျော်သွားကြသည်။
နောက်တစ်နေ့မနက်စောစော ဝေလီဝေလင်းအချိန်တွင် ဝီစီသံတစ်ခုထွက်ပေါ်လာ၏။
“လူစုကြ! ပြင်ဆင်ဖို့အချိန်ငါးမိနစ်ပေးမယ်၊ တစ်မိနစ်နောက်ကျတိုင်း အခါသုံးဆယ်ဒိုက်ထိုးရမယ်!”
သူ၏အသံထွက်ပေါ်လာသည်နှင့် အားလုံးသည် ကြောက်ဒူးတုန်သွားကြပြီး အိပ်ရာပေါ်မှ သုတ်သီးသုတ်ပြာထလိုက်ကြသည်။
အခန်းထဲရှိကျောင်းသားများမှာ ခေါင်းမပါသောကြက်များကဲ့သို့ပင် တစ်ဦးနှင့်တစ်ဦးစိတ်လှုပ်ရှားစွာ တိုးတိုက်မိကြတော့၏။ “တိန် တိန်” ဟူသောအသံများကို အဆက်မပြတ်ကြားနေရ၏။ အလျင်စလိုဖြစ်နေကြသဖြင့် အချင်းချင်းတိုက်မိသူကတိုက်မိ၊ လက်ချော်ပြီး ပစ္စည်းမှားကိုင်မိသူကကိုင်ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်နေလေတော့၏။
“အား ရူးတော့မှာပဲ၊ ငါးမိနစ်? ငါ့မျက်နှာသစ်ဖို့တောင် ငါးမိနစ်ထက်ပိုကြာတယ်”
ဘေဘီယောင်သည် စိတ်ပူပန်စွာ ခြေကိုဆောင့်လိုက်သော်လည်း စတင်မလှုပ်ရှားသေးချေ။
ယမန်နေ့က နည်းပြသည် သူတို့အား အိပ်ရာခင်းမည်သို့ခေါက်ရသည်ကို သင်ကြားပေးခဲ့သော်လည်း တစ်ညလုံးလေ့ကျင့်ပြီးသည့်တိုင် သူမသည် သူမအိပ်ရာခင်းအား တို့ဖူးပုံစံ မခေါက်တတ်သေးချေ။ တစ်ညအပြီးတွင် သူမသည် တိုးတက်မှုမရှိရုံသာမက ယခင်ကထက်ပင် ပိုဆိုးသွားခဲ့လေသည်။
အခြားသူများ၏အိပ်ရာခင်းများမှာ နည်းပြညွှန်ကြားထားသကဲ့သို့ စတုရန်းပုံစံ ထောင့်မကျသော်လည်း အနည်းဆုံးအနေဖြင့် ပုံသဏ္ဍာန်ပေါ်သေး၏။ သူမမှာမူ မည်မျှပင်ကြိုးစားကြိုးစား အိပ်ရာခင်းမှာ ရွှံ့ပုံတစ်ခုနှယ်ဖြစ်နေလေသည်။
“ဘေဘီယောင်၊ နင်ဘာလို့အဲ့မှာရပ်နေတာလဲ? အင်္ကျီဝတ်တော့လေ!”
ဟော်ထျန်းရှန်း မည်သို့ဆက်ပြောရမည်ကို မသိတော့ချေ။ ဘေဘီယောင်၏ လက်ကြောမတင်းမှုမှာ အမှန်တကယ်ပင် တုနှိုင်းမမှီပေ။ သို့ရာတွင် ဤသို့ဆက်သွားနေလျှင် သူမသည် အပြစ်ပေးခံရမည်မှာ သေချာနေသည်မဟုတ်လော?
Space and Rebirth 696
ဘေဘီယောင် ငေးတိငေးကြောင်ဖြစ်နေ၏။
“အား! အ-အင်္ကျီဝတ်ရမယ်...မဖြစ်ဘူး၊ ငါးမိနစ်နဲ့ပြီးမှာမဟုတ်ဘူး ဘယ်လိုလုပ်ရမလဲ...”
ဘေဘီယောင်နှုတ်ခမ်းစူလိုက်တော့၏။ သူမတွင် လက်ငါးစုံသာရှိလိုက်ချင်မိသည်။
သူမသည် သုတ်သီးသုတ်ပြာဖြင့် စောင်အောက်တွင် ဘောလုံးတစ်လုံးကဲ့သို့ လုံးထွေးနေသော စစ်ယူနီဖောင်းအား ဆွဲထုတ်လိုက်သည်။ သူမ၏စိတ်လှုပ်ရှားမှုကြောင့် သူမသည် ပုံမှန်ထက် အားအနည်းငယ်ပိုသုံးမိသွားလေသည်။ ဗြိခနဲအသံတစ်ခုကို ကြားလိုက်ရပြီး ကျင်းယွင်ကျောင်း၊ ဟော်ထျန်းရှန်းနှင့် အခြားလူများအားလုံး ကြက်သေသေသွားတော့၏။
“ပြဲ-ပြဲသွားပြီ...”
ဘေဘီယောင်သည်လည်း ပြောစရာစကားမရှာတတ်တော့ချေ။ သူမသည် ခေါင်းကိုမော့ကာ တုံဏှိဘာဝေဖြင့် ကျင်းယွင်ကျောင်းကို ကြည့်လိုက်၏။
သူမသည် ထိုမျှလောက် အားမသန်ပါပေ...
ကျင်းယွင်ကျောင်းသည် သူမနားထင်ကို ဖိလိုက်တော့သည်။
“စိတ်ပူမနေနဲ့ အရင်ဆုံးဝတ်ထားလိုက်”
ယူနီဖောင်းအောက်တွင် အောက်ခံတစ်ထပ်ရှိပြီး ပြဲသည့်အရာမှာလည်း အင်္ကျီလက်ပေါ်တွင်ဖြစ်၏။ အပြဲရာမှာ မကြီးလှသော်လည်း သူမသာယူနီဖောင်းမဝတ်ထားလျှင် နည်းပြဝင်လာပြီး ကြည့်ပါက အခြေအနေဆိုးသွားပေတော့မည်။
ကျင်းယွင်ကျောင်းသည် အလွန်လက်လျင်ပေ၏။ သူမသည် အပေါ်အိပ်စင်တွင်အိပ်သောကြောင့် အပေါ်ထပ်တွင် ညီညီညာညာစီထားသော တိုဖူးတုံးလေးများကို တွေ့နေရသည်။ ထိုတင်မက သူမယူနီဖောင်းကိုလည်း သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသေးသည်။ အလောတကြီးဖြစ်နေသော အခြားသူများနှင့်ယှဥ်လျှင် သူမ၏လုပ်ဆောင်ချက်မှာ အလွန်စည်းစနစ်ကျနေ၏။
ကျင်းယွင်ကျောင်းမှာ ပါရမီရှင်ဖြစ်နေ၍မဟုတ်ဘဲ စိတ်လောနေသည်မှာ အကျိုးမရှိကြောင်းကို သူမသိနေသောကြောင့်ဖြစ်သည်။ စိတ်အလောတကြီးဖြစ်လေလေ ဖရိုဖရဲဖြစ်နိုင်ချေများလေလေဖြစ်သည်။ ထို့ကြောင့် သူမသည် အတတ်နိုင်ဆုံးစိတ်ကိုလျှော့ပြီး တစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့လေသည်။ ထို့ကြောင့် သူမသည် အလိုလိုပင် ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ခဲ့၏။
သို့သော် ထိုကဲ့သို့သော ခိုင်မာသည့်စိတ်ဓာတ်မျိုးသည် လူတိုင်းတွင် ရှိသည်မဟုတ်ပေ။
ကျင်းယွင်ကျောင်းနှင့် ယန်ရှင်းယွဲ့သည် တတ်နိုင်သမျှအမြန်ဆုံးနည်းဖြင့် မိမိတို့သွားများကိုတိုက်ပြီး မျက်နှာသစ်ခဲ့ကြလေသည်။ သူတို့အဆင်သင့်ဖြစ်ချိန်တွင် ဟော်ထျန်းရှန်းနှင့် ဘေဘီယောင်မှာ အလျင်စလိုဖြစ်နေကြဆဲဖြစ်၏။
နှစ်ဦးလုံးသည် ဆံပင်များကပိုကရိုဖြစ်နေ၏။ ဘေဘီယောင်သည် ဖိနပ်များကို သုတ်သီးသုတ်ပြာဖြင့် စီးနေပြီး ဟော်ထျန်းရှန်းမှာ သူမပစ္စည်းများထဲမှ ပုလင်းများ၊ ဘူးများကို ညှစ်ထုတ်အသုံးပြုနေလေသည်။ သူမမျက်နှာပေါ်တွင် အလောတကြီးဖြစ်နေဟန်များ မတွေ့ရတော့ချေ။ ယခုတွင် သူမသည် ဖြည်းဖြည်းချင်း သူမမျက်နှာကို ပုတ်နေလေ၏။ ကျင်းယွင်ကျောင်းနှင့် ယန်ရှင်းယွဲ့မှာ စကားစရှာမရတော့ပေ။
“စက္ကန့်သုံးဆယ်ပဲကျန်တယ်...”
ကျင်းယွင်ကျောင်းသည် ဘေဘီယောင်၏အိပ်ရာကို ကူသိမ်းပေးရင်း သူမအား သတိပေးလိုက်သည်။ ဘေဘီယောင်သည် ၎င်းကိုကြားလိုက်သောအခါ ချက်ချင်းပင် အော်ဟစ်လိုက်၏။
“တော်ပြီ တော်ပြီ ငါအရမ်းနောက်ကျသွားပြီ...”
“နောက်ကျလက်စဖြစ်မှတော့ အလျင်စလိုလုပ်စရာမလိုတော့ဘူးလေ၊ ဖြည်းဖြည်းချင်းလုပ်ကြတာပေါ့”
ဟော်ထျန်းရှန်းသည် အပြုံးတစ်ခုဖြင့် သူမခြေတံများကို ချိတ်ထိုင်လိုက်ကာ သူမ၏မိတ်ကပ်မှန်ထဲသို့ အကြည့်လွှဲလိုက်၏။
ကျင်းယွင်ကျောင်းဆွံ့အသွားတော့သည်။
ဤလူနှစ်ဦးသည်သာ သူမအခန်းဖော်များမဟုတ်ပါက သူမသည် အမှန်တကယ်ပင် သူတို့နှင့်ဝေးရာသို့ ထွက်ပြေးပေမည်။
“တီ...တီ...”
အပြင်ဘက်မှ အချိန်ကုန်ဆုံးသွားပြီဖြစ်ကြောင်း အချက်ပေးသံကိုကြားလိုက်ရ၏။
အခန်းထဲတွင် ကျောင်းသားတစ်ဝက်ခန့်ကျန်နေသေးသည်။ သူတို့သည် တုန်လှုပ်ချောက်ချားဟန်ဖြင့် အချင်းချင်းကြည့်လိုက်ကြ၏။ အချို့လူများသည် ကတိုက်ကရိုက်ပြင်ဆင်ကာ ဖရိုဖရဲဖြစ်နေသောအဝတ်အစားများဖြင့် ပြေးထွက်သွားကြသည်။
ကျင်းယွင်ကျောင်းနှင့် ယန်ရှင်းယွဲ့သည်လည်း အပြင်ထွက်ရန် ပြင်နေစဥ်တွင် ဟော်ထျန်းရှန်းမှ သူမတို့ကိုတားလိုက်၏။
“ဟာာ နင်တို့နှစ်ယောက်က ဒီထက်ပိုသစ္စာရှိပေးလို့မရဘူးလား? ငါတို့က ဆိုးတူကောင်းဖက်တွေလေ တစ်ဆောင်တည်းနေတဲ့သူတွေကို ဒီလိုမျိုးစွန့်ပစ်စရာမလိုဘူးမှတ်လား?”
သူမသည် ပြောပြောဆိုဆိုဖြင့် သူမ၏သွယ်လျသောလက်ချောင်းများမှာ သူတို့၏အင်္ကျီကော်လံထိရောက်ရှိကာ ကော်လံစကိုဆွဲလိုက်လေ၏။
ကျင်းယွင်ကျောင်းသက်ပြင်းချလိုက်သည်။
“ပြီးတာပဲ အမတနတ်သမီးလေး မြန်မြန်လုပ်၊ ရှင်းယွဲ့က ဘေဘီကို ကူညီပေးလိုက်”
ဤသခင်မလေးနှစ်ဦးသည် အမှန်တကယ်ပင် ပြောရဆိုရခက်ပေသည်။ သို့ရာတွင် အတန်းထဲ၌ သူမတို့ကဲ့သို့ သခင်မလေးအချို့ရှိနေသေး၏။ ကျန်ရစ်သောကျောင်းသူများမှာ အခြေခံအားဖြင့် ဘေဘီယောင်နှင့် ဟော်ထျန်းရှန်းတို့ကဲ့သို့ အခြေအနေတစ်ခုတည်းဖြစ်သည်။ သန့်ရှင်းရေးမလုပ်တတ်သူကတစ်စု၊ မိမိတို့မျက်နှာပေါ်တွင် လိမ်းကျံစရာရှိသည်များ လိမ်းကျံရင်း ပေပွနေသူကတစ်စု ရှိနေတော့သည်။
“ဘယ်လိုကိစ္စပဲရှိရှိ ငါ့မျက်နှာကိုတော့ ပစ်ထားလို့မဖြစ်ဘူးလေ၊ အပြင်မှာ နေကဒီလောက်ပူတဲ့ကိစ္စ အကာအကွယ်အနေနဲ့ တစ်ခုခုမလိမ်းရင် လဝက်လောက်ကြာတာနဲ့ အပေါ်ယံအရေပြားကို ခွာရမလားတောင်မသိဘူး”
ဟော်ထျန်းရှန်းမှ လေသံမှန်မှန်ဖြင့် ပြောလိုက်၏။
“နင်ဒိုက်ထိုးရင်လည်း အရေပြားတစ်လွှာက ကွာကျလာမှာပဲ”
ကျင်းယွင်ကျောင်းသည် ခေါင်းကိုခါကာ ဆက်ပြောလိုက်သည်။
“ဒီလေ့ကျင့်ရေးကို ဝိတ်ချတဲ့လေ့ကျင့်ခန်းတစ်ခုလို့ပဲ မှတ်တာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ငါကနေ့တိုင်း gym သွားတာပဲဟာ”
ဟော်ထျန်းရှန်းသည် အပြုံးတစ်ခုဖြင့် ကျင်းယွင်ကျောင်း၏မျက်နှာကို လှမ်းတို့လိုက်သည်။
“နင်လည်း နည်းနည်းလိမ်းလေ၊ နင်ရုပ်ဆိုးသွားရင် မငိုနဲ့နော်”