← Chapters

အခန်း (၆၉၇-၇၀၀)

Vol. 35 Ch. 697-700

အခန်း (၆၉၇-၇၀၀)

Vol. 35 Ch. 697-700

Space and Rebirth 697

ဟော်ထျန်းရှန်း၏တွေးခေါ်ပုံသည် အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်နေ၏။ သို့ရာတွင် သူမသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ထိုအတွေးအား မသုံးခဲ့ပေ။ အစောပိုင်းက သူမ၏တည်ငြိမ်နေသောပုံစံအရ သူမသည်သာ မျက်နှာကိုဂရုစိုက်ထိန်းသိမ်းရန် အချိန်များစွာမယူခဲ့လျှင် သူမအတွက် အချိန်လုံလောက်ခဲ့ပေမည်။ ကံမကောင်းစွာဖြင့် သူမသည် မိမိရုပ်ရည်အား အလွန်အလေးထားလေ၏။

ကျင်းယွင်ကျောင်းသည် ခေါင်းကိုငုံ့ကာ သူမအင်္ကျီကော်လံကို ကြည့်လိုက်သည်။ သူမသည် ပြောစရာစကားရှာမတွေ့တော့ချေ။

ဤအချိန်တွင် လူများသည် အခန်းထဲမှတစ်ဦးပြီးတစ်ဦး ထွက်သွားကြတော့သည်။ ဘေဘီယောင်နှင့် ဟော်ထျန်းရှန်းတို့နှစ်ဦးလုံး ပြီးဆုံးချိန်တွင် ဆယ်မိနစ်ကျော်ခန့်ကုန်ဆုံးသွားပြီဖြစ်၏။

သူတို့အခန်းထဲမှ ထွက်စဥ်တွင် သူတို့အတန်းဖော်များမှ ခေါင်းငုံ့နေသည်ကို မြင်လိုက်ကြရသည်။ ချီကျုံး၏မျက်နှာမှာ သုန်မှုန်နေ၏။ သူသည် ဟော်ထျန်းရှန်းအား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

ကျင်းယွင်ကျောင်းမှာ မည်ကဲ့သို့သောလူစားမျိုးဖြစ်ကြောင်း သူသည် ရှင်းရှင်းလင်းလင်းသိနေပေသည်။ သူမသည် မိမိကိုယ်မိမိယုံကြည်ချက်အပြည့်ရှိကာ တစ်ခုခုကိုလုပ်ဆောင်လျှင် ဆုံးဖြတ်ချက်ပြတ်သား၏။ ယုတ္တိကျကျပြောရလျှင် သူမလိုလူမျိုးသည် သတ်မှတ်ထားသောအချိန်ကိုကျော်သည်မှာ မဖြစ်နိုင်သော်လည်း လက်တွေ့တွင် သူမသည် အချိန်သတ်မှတ်ချက်ကို အကြာဆုံးကျော်လွန်သောသူများထဲမှတစ်ဦး ဖြစ်နေလေ၏။ အိမ်တွင်အလိုလိုက်ခံရထားသဖြင့် လက်ကြောမတင်းလှသော ဤသခင်မလေးနှစ်ဦးကြောင့် သူမနှောင့်နှေးသွားပုံရသည်။

ချီကျုံးသည် ဤကဲ့သို့အားနည်းသောမိန်းကလေးမျိုးကို အမုန်းဆုံးဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်မှာ မိုးမခပင်၏ သစ်ကိုင်းခြောက်များကဲ့သို့ သေးသွယ်ပျော့ညံ့ကာ လေယူရာယိမ်းတတ်သောလူစားမျိုးဖြစ်လေ၏။ သူတို့တွင် မိမိဘာသာရပ်တည်နိုင်စွမ်း အနည်းငယ်မျှပင် မရှိပါချေ။

“မင်းတို့အချိန်ဘယ်လောက်စာနောက်ကျသွားလဲသိလား?”

ချီကျုံး၏အကြည့်များသည် လေးနက်တည်ကြည်နေ၏။

ဟော်ထျန်းရှန်း လက်ကိုမြှောက်လိုက်သည်။ သူမသည် တန်ဖိုးကြီးသော အမျိုးသမီးသုံးလက်ပတ်နာရီတစ်လုံးကို ဝတ်ထားလေသည်။ ၎င်းမှာ စိန်များဖြင့် စီချယ်ထား၏။ မှုန်ပျပျမနက်ခင်းအလင်းရောင်အောက်တွင် ထိုနာရီသည် ပျိုးပျိုးပျက်ပျက်တောက်ပနေပြီး အထူးသဖြင့် နန်းဆန်နေလေသည်။

“မိနစ်နှစ်ဆယ်ပါ၊ ဒါပေမယ့် ဆရာ...ကျွန်မတို့လုပ်တာက မြန်တယ်လို့တောင် ပြောလို့ရနေပါပြီ၊ မိန်းကလေးတစ်ယောက်အနေနဲ့ ကြည့်ကောင်းချင်တာ သဘာဝပဲလေ၊ နေ့လယ်ရောက်ရင် နေကအရမ်းပြင်းလာမှာမို့ အဲ့အချိန်အတွက် မိတ်ကပ်ကြိုမလိမ်းထားရင် ကျွန်မတို့ရုပ်ဆိုးသွားမှာစိုးလို့ပါ”

ဟော်ထျန်းရှန်းသည် အလွန်တည်ငြိမ်စွာဖြင့် အပြုံးတစ်ခုကိုပန်ဆင်ကာ ပြောလိုက်၏။

ချီကျုံးသည် သူမလက်ကောက်ဝတ်ပေါ်မှ နာရီကိုဝေ့ကြည့်လိုက်သောအခါ အကြည့်များ မှောင်ရိပ်သန်းသွားသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤမိန်းကလေးသည် ဟိတ်ဟန်များလှကြောင်း ပြောနိုင်ပေ၏။ ကျင်းယွင်ကျောင်းသည် မိတ်ဆွေဖွဲ့စရာလူရှားသဖြင့် ဤမိန်းကလေးနှင့် မိတ်ဆွေဖွဲ့ရသလော။

ဤမိန်းကလေးသည် ရေရှည်၌ သူမအား လမ်းလွဲစေလျှင် အဘယ်သို့လုပ်မည်နည်း?

“ကျောင်းသားတွေအားလုံး မရှိမဖြစ်နေ့စဥ်သုံးပစ္စည်းတွေပဲ ယူလာခွင့်ရှိတယ် အဲဒါစခန်းရဲ့စည်းမျဥ်းပဲ၊ ဒါကြောင့် အီလက်ထရောနစ်ပစ္စည်းတွေ သယ်လာခွင့်မရှိဘူး၊ အဲ့သယ်လာခွင့်မရှိတဲ့ပစ္စည်းတွေထဲမှာ မင်းလက်ပေါ်က နာရီလည်းပါတယ်”

ချီကျုံးသည် အေးစက်စွာပြောလိုက်၏။

“နာရီကိုချွတ်လိုက်”

ဟော်ထျန်းရှန်း ကြက်သေသေသွားသည်။ သူမသည် စိတ်ကုန်နေသောဟန်ပန်ဖြင့် သူမလက်ကောက်ဝတ်ပေါ်မှနာရီကို ကြော့ကြော့မော့မော့ချွတ်လိုက်ကာ ချီကျုံးထံ ပစ်ပေါက်လိုက်သည်။

“ဟုတ်ပြီလေ ပေးပါ့မယ်၊ ဒီနာရီက ယွမ်တစ်သိန်းကျော်တန်တယ် ဝယ်ထားတာတောင် ရက်ပိုင်းလောက်ပဲရှိသေးတယ်၊ ဒါပေမယ့် ဆရာကလိုချင်တယ်ဆိုမှတော့ ကပ်စေးနည်းမနေတော့ပါဘူး”

သူမသည် မာန်မာနပလွှားပြီး ခေါင်းမာလှ၏။

ချီကျုံး၏အကြည့်များသည် အေးစက်နေသည်။

“ကြည့်ရတာ မင်းကဒီကိုပစ္စည်းတွေအများကြီးယူလာတဲ့ပုံပဲ၊ ငါကတော့ မင်းကိုယုံလို့ မနေ့က မစစ်လိုက်ပေမယ့် မင်းကတော့ ငါစိတ်ပျက်အောင်လုပ်လိုက်တာပဲ”

သူသည် စကားပြောပြီးသည်နှင့် သူ၏နံဘေးတွင်ရှိသော လူနေမှုပုံစံကော်မတီအဖွဲ့ဝင်အား အချက်ပြလိုက်ပြီး စစ်သားအချို့ဖြင့် အဆောင်ခန်းထဲသို့ တန်းဝင်သွားလိုက်၏။ မိန်းကလေးအဆောင်ထဲတွင် မွှေးပျံ့သောရနံ့တစ်ခုရှိနေသည်။

“အထက်တန်းစားရေမွှေးပဲ အဲဒါကိုမှ တံဆိပ်အမျိုးမျိုးရှိနေကြတာ၊ ကြည့်ရတာ အမှားလုပ်မိတဲ့သူ တော်တော်များများရှိနေပုံပဲ”

ချီကျုံးသည် ရှေ့သို့တစ်လှမ်းတိုးပြီး တိုးဖွဖွပြောလိုက်၏။ ထို့နောက် သူ၏အမိန့်သံထွက်လာသည်။

“ပစ္စည်းတွေအားလုံးကိုစစ်ကြ၊ စည်းမျဥ်းစည်းကမ်းနဲ့မညီတဲ့အရာမှန်သမျှကို သိမ်းလာခဲ့!”

ထိုစကားကိုပြောလိုက်သောအခါ မိန်းကလေးများသည် အရူးအမူးပြေးဝင်လာကြတော့သည်။ ဟော်ထျန်းရှန်း၏မျက်နှာလည်း သွေးဆုပ်သွား၏။ နောက်ဆုံးတွင် သူမသည်လည်း အမူအရာပျက်သွားလေပြီ။

ကော်မတီအဖွဲ့ဝင်ဖြစ်သူနှင့် စစ်သားနှစ်ဦးမှ လူတိုင်း၏အထုပ်အပိုးများကို ဆွဲထုတ်ပြီး မြေပြင်ပေါ်သို့ သွန်မှောက်လိုက်သည်ကို မိန်းကလေးများ ကြည့်နေလိုက်ရ၏။

“အား! အဲဒါငါ့ရဲ့အသားအရေထိန်းသိမ်းရေးပစ္စည်းတွေ! ဖြည်းဖြည်းလုပ်ပါရှင် အရမ်းစျေးကြီးလို့ပါ!”

ပုလင်းတစ်ခုရိုက်ခွဲခံရတိုင်း ရင်ထဲဖြစ်ပေါ်လာသောနာကျင်ဆုံးရှုံးမှုမှာ မခံမရပ်နိုင်စရာပင်။

“ဆရာ၊ မနေ့က ဆရာ့အကြောင်းမကောင်းပြောမိလို့ ဆရာကျွန်မကိုသဘောမကျတာသိပါတယ်၊ ခုနက အချိုးမပြေမိလို့လည်း တောင်းပန်ပါတယ်။ ဒါပေမယ့် ဆရာနည်းနည်းလွန်သွားပြီလို့မထင်ဘူးလား?”

ဟော်ထျန်းရှန်း ဒေါသတကြီးဖြင့် ပြောလိုက်၏။

သူမသည် ဟော်ထျန်းရှန်းဖြစ်သည်။ သူမ၏ဘဝတွင် သူမအား ပြန်အော်ရဲသောသူ မရှိခဲ့ဖူးပါချေ။

ချီကျုံးသည် မားမားမတ်မတ်ရပ်နေ၏။ သူသည် ဘေးသို့လှည့်ကာ သူမအား စူးစိုက်ကြည့်လိုက်သည်။

“အမှားဝန်ခံတတ်တဲ့စရိုက်ကိုတော့ လေးစားပါတယ် ဒါပေမယ့် ငါပြောတာကိုမင်းနားမလည်ဘူးလား? စခန်းထဲမှာ စည်းကမ်းနဲ့မညီတဲ့ပစ္စည်းတွေကို သယ်လာခွင့်မပြုဘူး ဒါကစခန်းရဲ့စည်းမျဥ်းပဲ!”

Space and Rebirth 698

ချီကျုံးထံမှ ထွက်ပေါ်လာသော တရားမျှတခြင်းအ‌ငွေ့အသက်များသည် ရေခဲတမျှအေးစက်နေ၏။ ကျင်းယွင်ကျောင်းသည် ဤအရာကိုမြင်လိုက်ရသောအခါ အနည်းငယ်အံ့အားသင့်မိသွားသည်။

ချီကျုံးသည် တာဝန်ချိန်ပြင်ပတွင် ထိုမျှလောက် အေးတိအေးစက်နိုင်ခြင်းမရှိပေ။ သူ၏အနီးတွင်ပင် စနောက်ကျီစယ်စရာ သူငယ်ချင်းများရှိတတ်ပြီး မပြုံးမရယ်တတ်သည့်ပုံမပေါ်ချေ။ သို့ရာတွင် သူကဲ့သို့ပင် လီရှောက်ယွင်သည်လည်း အသိမိတ်ဆွေများအပေါ်ဆက်ဆံပုံနှင့် သူစိမ်းများအပေါ်ဆက်ဆံပုံမှာ လုံးဝကွာခြားလေသည်။

သူမသည် လီရှောက်ယွင်အား ပထမဆုံးတွေ့စဥ်က သူသည် ကြောင်သူတော်ကြွက်သူခိုးပုံစံ အနည်းငယ်ပေါက်နေခဲ့၏။ သူ၏အပြုံးမှာ ယဥ်ကျေးသော်လည်း သူစိမ်းတရံဆန်နေသည်။ သို့သော် ယခုတွင်မူ သူမအပေါ် ဆက်ဆံပုံမှာ နူးညံ့ညင်သာပြီး သူနှင့်စကားပြောရသည်မှာလည်း လွယ်ကူချောမွေ့လှပေသည်။

ဟော်ထျန်းရှန်းသည် သူ၏ပြန်လည်ချေပချက်ကြောင့် မျက်မှောင်ကြုတ်သွားသည်။

“ဆရာ၊ ဆရာကတော့ စစ်သားတစ်ယောက်ဖြစ်ပေမယ့် ကျွန်မတို့ကမဟုတ်ဘူး၊ နှစ်ပတ်လောက် စစ်ရေးလေ့ကျင့်ရုံပဲ။ အချင်းချင်းနားလည်ပေးတဲ့အနေနဲ့ ကျော်သွားပေးပါလား၊ ဘာလို့အဲ့လောက် အလေးအနက်ထားနေရတာလဲ? ပြီးတော့ ကျွန်မအိတ်ထဲမှာ ကိုယ်ရေးကိုယ်တာပစ္စည်းတွေနဲ့ပြည့်နေတာ ကျွန်မအတွင်းခံတောင် အဲ့ထဲမှာရှိသေးတယ်၊ တစ်ယောက်ယောက်က အဲဒါကို မြေကြီးပေါ်ချလိုက်ရင် ကျွန်မအဲဒါကို ဘယ်လိုဝတ်ရတော့မလဲ?”

ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများတွန့်သွားသည်။

ဘေဘီယောင်၏ခေါင်းမှာ မြေကြီးထဲသို့ကျွံဝင်လုမတတ်ဖြစ်နေ၏။

သူမတို့အဆောင်အတွက် ဝာာဝန်ယူရသော ကော်မတီအဖွဲ့ဝင်များအားလုံးမှာ အမျိုးသမီးများဖြစ်သော်လည်း စစ်ရေးလေ့ကျင့်ရာ၌ အမျိုးသားများလည်းရှိသေး၏။ ဤအချိန်တွင် သူတို့သည် ရုတ်ရုတ်သဲသဲဖြစ်သံကို ကြားသဖြင့် တံခါးဝနားတွင် လာရောက်ကြည့်ရှုနေကြပြီဖြစ်သည်။ အချို့ယောက်ျားလေးများသည် ဟော်ထျန်းရှန်း၏စကားများကို ကြားလိုက်သောအခါ အကြိမ်အနည်းငယ်ခန့် သက်ပြင်းချပြီး မြေပြင်ပေါ်ရှိအရာများကို အထူးတလည်ဝေ့ကြည့်လိုက်ကြ၏။

“အရှက်မရှိလိုက်တာ”

ဟော်ထျန်းရှန်းသည် ဤမျှလောက်ပွင့်လင်းလိမ့်မည်ဟု ချီကျုံးမထင်မှတ်ထားခဲ့ပေ။ သူ၏မျက်နှာတစ်ခုလုံး အေးစက်တောင့်တင်းသွားလေ၏။

“ဆရာတောင်လုပ်နိုင်မှတော့ ကျွန်မလည်းပြောနိုင်တာပေါ့၊ ဆရာကမိန်းကလေးမဟုတ်တော့ ဒီအလှကုန်ပစ္စည်းတွေက မိန်းကလေးတွေအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သိမှာမဟုတ်ဘူး၊ ကျွန်မတို့ရုပ်ဆိုးလွန်းလို့ တစ်နှစ်လောက် လူရှေ့မျက်နှာမပြရဲတော့ရင် ဆရာတာဝန်ယူမှာလား? အဲ့အစား ဒီဆယ်ရက်လောက်လွှတ်ပေးတာ ပိုမကောင်းဘူးလား? ပြီးတော့ ကျွန်မအလှကုန်ပစ္စည်းတွေက ရွှေတစ်ပဲကျော်စာ စျေးကြီးတယ်ရှင့်!”

ဟော်ထျန်းရှန်းသည် အမျိုးသမီးစစ်သည်တော်တစ်ဦးကဲ့သို့ ရွပ်ရွပ်ချွံချွံပြောလိုက်သည်။ သူမစကားပြောပြီးနောက်တွင် သူမအနောက်မှ မိန်းကလေးများသည် လျင်မြန်စွာ ခေါင်းငြိမ့်သဘောတူလိုက်ကြ၏။

“အလုပ်မဟုတ်တာ! အများဆုံးအနေနဲ့ နေလောင်ကာကွယ်ရေးခရင်မ်ပဲ သယ်လာလို့ရတယ်လို့ ကျောင်းစည်းမျဥ်းမှာ ပြောပြီးသား။ ခွင့်ပြုချက်မရထားတဲ့ပစ္စည်းတွေကို ရှင်းထုတ်ရမှာ ငါ့တာဝန်ပဲ”

ချီကျုံးဟမ့်ခနဲအသံပြုလိုက်သည်။

ဟော်ထျန်းရှန်းသည် ဒေါသမထွက်သွားချေ။ ထိုအစား သူမရယ်လိုက်၏။ သူမသည် ကြော့မော့နေသောဟန်ပန်ဖြင့် လျှောက်သွားလိုက်ကာ သူမအလှကုန်ပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်လိုက်သည်။

“ဒါက နေလောင်ကာကွယ်တဲ့ဟာပဲလေ! နေလောင်ကာကွယ်တဲ့ခရင်မ်မလိမ်းခင်မှာ ဒါကိုအောက်ကအခံအနေနဲ့ လိမ်းပေးရတာ၊ ဒီအညွှန်းကိုကြည့်လိုက် အားလုံးကိုရှင်းရှင်းလင်းလင်းရေးထားတယ် တစ်ဆင့်တောင်မလွဲနိုင်ဘူး!”

“ဒါပေမယ့် နည်းပြကြီး၊ နည်းပြကြီးကိုကြည့်တာနဲ့ ရည်းစားမရှိမှန်းသိသာတယ်၊ အလှကုန်ပစ္စည်းတွေအကြောင်းတောင်မသိဘူး”

ဟော်ထျန်းရှန်းပြောလိုက်၏။

“ရေမွှေးကရော နေလောင်ကာကွယ်တဲ့အနေနဲ့ သုံးတာလား?”

ချီကျုံး ခနဲ့ပြောလိုက်၏။

ဤပြောမရဆိုမရမိန်းကလေးသည် အမှန်ပင် ခေါင်းမာပေသည်!

ထင်ထားသည့်အတိုင်းပင် ဤကမ္ဘာပေါ်တွင် ကျင်းယွင်ကျောင်းကဲ့သို့ ဖြောင့်မတ်တည်ကြည်သောမိန်းကလေးမှာ လက်တစ်ဆုပ်စာသာရှိ၏!

ဟော်ထျန်းရှန်းသည် နေမထိထိုင်မသာဖြစ်သွားဟန်ဖြင့် သူမခေါင်းကိုအနောက်သို့လှည့်လိုက်သည်။

“ဟုတ်ပြီလေ နှစ်ယောက်လုံး ခြေတစ်လှမ်းစီဆုတ်ပေးကြတာပေါ့ မကောင်းဘူးလား? ရေမွှေးကိုမေ့ထားလိုက် ဆရာသိမ်းချင်သိမ်းလို့ရတယ် ဒါပေမယ့် အလှကုန်တွေတော့မရဘူး၊ အဲဒါတွေကို ကျွန်မမပေးချင်ဘူး!”

ချီကျုံးသည် အေးတိအေးစက်ဖြင့် ရယ်လိုက်သော်လည်း စက္ကန့်ပိုင်းအတွင်းတွင် သူသည် ဟော်ထျန်းရှန်းလက်ထဲမှ ပစ္စည်းများကိုယူကာ ပြောလိုက်၏။

“မရဘူး အခုအချိန်မှာ နေလောင်ခရင်မ်အပါအဝင် ပစ္စည်းတွေအားလုံးကို ငါတို့ဆီအပ်မှဖြစ်မယ်!”

ချက်ချင်းဆိုသလိုပင် လေထုထဲတွင် ရန်ပွဲတစ်ခု၏အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။

ဟော်ထျန်းရှန်းသည် ဒေါသထွက်လွန်းသဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။ သူမသည် သူမ၏လှပသောမျက်လုံးများဖြင့် ချီကျုံးအား စိန်းစိန်းဝါးဝါးကြည့်လိုက်တော့သည်။ သို့ရာတွင် သူမ၏ကြီးပြင်းလာပုံနှင့် စရိုက်ကောင်းမှုကြောင့် ဒေါသမပေါက်ကွဲခဲ့ချေ။ မဟုတ်လျှင် သူမသည် အမှန်တကယ်ပင် ဒေါသပုန်ထပြီး ချီကျုံးနှင့် သွားရောက်ရန်ဖြစ်မည်ကို ကျင်းယွင်ကျောင်းစိတ်ပူနေခဲ့၏။

ချီကျုံးဆိုသူမှာ ပြောလျှင်ပြောသည့်အတိုင်းလုပ်သူဖြစ်ပြီး သူ၏ကော်မတီအဖွဲ့ဝင်များသည်လည်း ထိုနည်း၎င်းသာဖြစ်သည်။

ချက်ချင်းဆိုသလိုပင် အလှကုန်ပုလင်းများနှင့် ဘူးများအားလုံးသည် ခြင်းတောင်းကြီးတစ်ခုအတွင်းသို့ အထည့်ခံလိုက်ရသည်။

“ဝရော ဝရော ဝရော!”

“စိတ်မပူပါနဲ့၊ စစ်ရေးလေ့ကျင့်မှုပြီးရင် ပစ္စည်းတွေအားလုံးကို သက်ဆိုင်ရာပိုင်ရှင်ဆီပြန်ပေးမှာပါ၊ ဒါပေမယ့် အခုချိန်မှာတော့ မင်းတို့အားလုံးကစစ်သားတွေပဲ၊ ငါ့အမိန့်ကို အပြည့်အဝနာခံမှဖြစ်မယ်!”

ချီကျုံးပြောပြီးပြီးချင်းတွင် မိန်းကလေးများစွာ၏ငိုသံကို ကြားလိုက်ရ၏။

ဘေဘီယောင်သည်လည်း ထိတ်လန့်နေသည်။ သူမသည် ငယ်စဥ်တောင်ကျေးဘဝမှစ၍ မည်သူတစ်ဦးတစ်ယောက်၏ အော်ငေါက်ခြင်းကိုမှ မခံခဲ့ရချေ။ ဤကဲ့သို့ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီးအား သူမအဘယ်သို့ခံနိုင်မည်နည်း?

“နင်ဘာတွေငိုနေတာလဲ? ၁၅ ရက်ပဲသည်းခံရမှာမဟုတ်ဘူးလား? ချီကျုံး၊ နင်ငါ့ကိုအခွင့်အရေးရှိတုန်းသတ်ထားလိုက်၊ မဟုတ်လို့ကတော့ နင်တိုက်ပွဲကျပြီးသေရင်တောင် ငါနင့်အလောင်းကိုပြန်ဖော်ပစ်မယ်!”

Space and Rebirth 699

ဟော်ထျန်းရှန်း၏မျက်လုံးများလည်း နီမြန်းနေသော်ငြား သူမသည် ခေါင်းမာသူဖြစ်သည့်အပြင် ဒေါသလည်းကြီး၏။

ချီကျုံးသည် သူမ၏ပုံစံကြောင့် အံ့အားသင့်သွားသည်။ ဟော်ထျန်းရှန်းမှာ သူယခင်ကမြင်ဖူးခဲ့သော မိမိကိုယ်ကိုအမြင့်မြတ်ဆုံးဟု ထင်နေကြသည့် ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် သခင်မလေးတစ်ဦးသာဖြစ်သည်ဟု ချီကျုံးထင်ခဲ့သော်လည်း သူမသည် သူ့အား ဤကဲ့သို့ အံ့သြစေနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူမသည် အတော်လေးစိတ်မာပေသည်။

သို့ရာတွင်...

“ဒီ ၁၅ ရက်ကို မင်းခံနိုင်ပါ့မလားဆိုတာ ကြည့်ကြသေးတာပေါ့”

ချီကျုံးသည် သူမအားငုံ့ကြည့်ကာ ရုတ်ချည်းဆိုသလို ဝီစီမှုတ်လိုက်သည်။

“အားလုံး လူစုကြ!”

ရုတ်တရတ်ဆိုသလိုပင် သူတို့ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ လူအားလုံးနီးပါးသည် ချက်ချင်းဆိုသလို အပြေးအလွှားထွက်လာကြပြီး နာခံရိုကျိုးစွာဖြင့် လေ့ကျင့်ရေးကွင်းတွင် ရပ်လိုက်ကြသည်။ သူတို့သည် စီစီညီညီဖြင့် သွားကာ လှုပ်ရှားမှုလျင်မြန်ကြလေသည်။

“ဟွန့်!”

ဟော်ထျန်းရှန်းသည် သူမနှာခေါင်းအား မိုးပေါ်ထောင်ကာ ချီကျုံးကို မျက်စောင်းထိုးကြည့်လိုက်၏။ ထို့နောက် သူမသည် နောက်သို့ချာခနဲလှည့်ကာ ကျင်းယွင်ကျောင်းနှင့် အခြားနှစ်ယောက်တို့နှင့် အဖွဲ့သွားပေါင်းလိုက်သည်။

ဤကျောင်းသူများထဲတွင် ပစ္စည်းအသိမ်းမခံရသောလူဟူ၍ ကျင်းယွင်ကျောင်းတစ်ဦးသာရှိလေသည်။ ပထမဦးစွာဖြင့် သူမသာ တစ်စုံတစ်ခုသယ်လာလျှင် သူမ၏နေရာလွတ်နယ်မြေထဲတွင် ထည့်ထားခဲ့ပေမည်။ ဒုတိယအချက်အနေဖြင့် သူမသည် အလွန်ဦးနှောက်လျင်ပေသည်။ မုန့်ဖြစ်စေ အလှကုန်ဖြစ်စေ သူမယူလာခဲ့ခြင်းမရှိပေ။ ကိုယ်တိုင်ပျိုးထောင်ထားသော ဆေးဖက်ဝင်အပင်များ၊ ဆေးဝါးများ၊ ဟင်းသီးဟင်းရွက်များနှင့် အသီးများသာ သူမ၏နေရာလွတ်နယ်မြေထဲတွင်ရှိလေ၏။

“ငါးမိနစ်ထက်မနည်းနောက်ကျတဲ့လူတိုင်း ဒိုက်အခါသုံးဆယ်ထိုးရမယ်၊ ငါးမိနစ်နဲ့ဆယ်မိနစ်ကြားနောက်ကျတဲ့သူတွေက ဒိုက်အခါခြောက်ဆယ်၊ ဆယ်မိနစ်ကျော်နောက်ကျတဲ့သူတွေက အခါတစ်ရာဒိုက်ထိုးမယ်၊ အခုချိန်ကစကြ! ကျန်တဲ့လူတွေအားလုံးက သတိအနေအထားနဲ့ရပ်ပြီး စောင့်ကြမယ်!”

သူ၏အသံသည် ခေါင်းလောင်းသံကဲ့သို့ မြည်နေသော်လည်း အလွန်ထိချက်ပြင်းလှ၏။

ဆယ်မိနစ်ကျော်နောက်ကျသည့် ကျောင်းသူများဟူ၍ ကျင်းယွင်ကျောင်းနှင့် ကျန်သုံးဦးသာရှိလေသည်။ အခြားသူများသည် သူတို့လေးဦးအား သနားကရုဏာသက်ဟန်ဖြင့် ကြည့်လိုက်ပြီး တိတ်တခိုးခေါင်းခါလိုက်ကြ၏။

ကျင်းယွင်ကျောင်းသည် အရှေ့သို့ထွက်သွားကာ စကားတစ်ခွန်းမျှမဟဘဲ မြေပြင်ပေါ်လှဲလိုက်သည်။ သူမသည် စတင်ဒိုက်ထိုးနေပြီဖြစ်သည်။ ဟော်ထျန်းရှန်းသည်လည်း အလွန်ဖြောင့်မတ်ပေ၏။ သူမသည် စည်းမျဥ်းများကို မလိုက်နာခဲ့၍ အပြစ်ပေးခံရရန် ထိုက်တန်ကြောင်း သိနေခဲ့သဖြင့် နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ဘဲ ဒိုက်ထိုးလိုက်၏။

ယန်ရှင်းယွဲ့နှင့် ဘေဘီယောင်လည်း သူတို့အတိုင်းလုပ်သော်ငြား သူတို့လေးဦးထဲတွင် ဘေဘီယောင်မှာ ပို၍သောကရောက်ရလေသည်။

သူမသည် ယခင်ကတစ်ခါမှ ဒိုက်မထိုးဖူးချေ။ အခါတစ်ရာဒိုက်ထိုးရန်မပြောနှင့် တစ်ကြိမ်ပင် လုပ်နိုင်သောသူမဟုတ်သဖြင့် သူမခန္ဓာကိုယ်အား မြေပြင်ပေါ်သို့ဖိကပ်လိုက်သည်နှင့် တစ်ကိုယ်လုံးလဲကျသွားတော့သည်။

မကြာမီတွင် သူမမျက်နှာတစ်ခုလုံး ဖုန်အလိမ်းလိမ်းဖြစ်သွားတော့သည်။ သူမသည် ဒိုက်ထိုးနေရင်း တစ်ပြိုင်နက်တည်းမှာပင် ငိုယိုနေသောကြောင့် ကြည့်ရသည်မှာ အလွန်သနားစဖွယ်ကောင်းနေလေသည်။

ချီကျုံးမှာမူ မိန်းကလေးများအား သနားတတ်သူမဟုတ်သောကြောင့် သူမအား မရပ်ခိုင်းပေ။

“ထပ်ငိုပြန်ပြီ၊ နင်ကတကယ်ထစ်ခနဲဆို ငိုတော့တာပဲ။ အခုထိ သုံးရက်မပြည့်သေးတာ မမေ့လိုက်နဲ့၊ အခုနင်အလောင်းအစားကို ရှုံးသွားပြီဆိုတော့ လေ့ကျင့်ရေးပြီးတာနဲ့ တစ်လလောက် သန့်ရှင်းရေးလုပ်ရမယ်နော်”

ဟော်ထျန်းရှန်းဆက်ပြောလိုက်၏။

ချက်ချင်းဆိုသလိုပင် ဘေဘီယောင်သည် ပို၍သည်းထန်စွာ ငိုကြွေးတော့သည်။

“ဟော်ထျန်းရှန်း၊ နင်လိမ်တယ်။ နင်ပြောတော့ လေ့ကျင့်ရေးကိုမသွားရင် အလကားဖြစ်မှာဆို၊ ဒီလောက်ပင်ပန်းစရာကောင်းတာကို နင်ဘာတွေပြောနေတာလဲ? အဲ့လိုမှန်းသိခဲ့ရင် နေမကောင်းချင်ယောင်ဆောင်ခဲ့ပါတယ်...”

“မလိမ်ပါဘူး ကျင်းယွင်ကျောင်းကိုလည်းကြည့်ဦး”

သူမအား လိမ်ခဲ့သည်ဟု ပြောနေသလော? မဟုတ်ပါပေ။ ဤသည်မှာ အခါတစ်ရာဒိုက်ထိုးခြင်းသာဖြစ်ပေသည်။ သူမသည် ဖြည်းဖြည်းမှန်မှန်လုပ်လျှင်ပြီးနိုင်ပေ၏။ သူမသည် ဤနေရာသို့ လေ့ကျင့်ရေးဆင်းရန် လာခဲ့သည်ဖြစ်ရာ ဒိုက်မထိုးလျှင်လည်း အခြားပင်ပန်းစရာကောင်းသောအလုပ်တစ်ခုခုကို လုပ်နေရဦးပေမည်။ အဘယ်သို့ကွာခြားချက်ရှိမည်နည်း?

ဘေဘီယောင်လဲကျသွားပြီး သူမလက်များမှာ တုန်ယင်နေ၏။ ဤအချိန်တွင် ကျင်းယွင်ကျောင်းကြောင့် ကျန်လူများအားလုံးသည် ထိတ်လန့်အံ့အားသင့်ပြီး စကားမပြောနိုင်ဖြစ်နေလေသည်။

သူမလှုပ်ရှားမှုများသည် မှန်ကန်သေသပ်ပြီး ဒိုက်တစ်ခါထိုးတိုင်းတွင် ပုံစံမှန်နေ၏။ တစ်ခေါက်နှင့်တစ်ခေါက်ကြားတွင် အနားယူရန် ရပ်တန့်မှုပင်မရှိချေ။ ယောက်ျားလေးများသည်လည်း ကြောင်အသွားကြသည်။

ဤသည်မှာ ဒိုက်ထိုးခြင်းဖြစ်သည်။ ယောက်ျားလေးအများစု၏ ခွန်အားမှာ လက်မောင်းပေါ်တွင်ရှိ၏။ သာမန်မိန်းကလေးတစ်ဦးဆိုလျှင် အခေါက်အနည်းငယ်ခန့်လုပ်ပြီးနောက်တွင် ခံနိုင်ရည်ရှိတော့မည်မဟုတ်ချေ။ ယောက်ျားလေးတစ်ဦးပင်လျှင် ထိုမျှလောက် အေးအေးဆေးဆေးလုပ်နိုင်မည်မဟုတ်ရာ။

ချီကျုံးသည် သက်ပြင်းတွဲကြီးကို ချလိုက်၏။ သူသည်လည်း စိတ်ထဲတွင် အနည်းငယ်ခါးသီးမိနေသည်။

ကံကောင်းစွာဖြင့် သူ၏မရီးဖြစ်သူမှာ အရည်အချင်းရှိပေသည်။ မဟုတ်လျှင် သူ၏မရီးဖြစ်သူကို သူကအပြစ်ပေးခဲ့ကြောင်း သူ၏အာစရိသာသိပါက သေချာပေါက်ပြသာနာတက်ချေမည်။ ထိုအချိန်ရောက်လျှင် သူကြုံတွေ့ရမည့် လေ့ကျင့်ရေးမှာ ဤတစ်ခုထက် ဆယ်ဆမကပြင်းထန်သောအရာဖြစ်ပေလိမ့်မည်။ သို့ရာတွင် သူ၏မရီးမှာ ဟော်ထျန်းရှန်းနှင့် ရင်းနှီးနေလေသည်။ သူသည် ဤမျှလောက်များပြားသောလူအုပ်ရှေ့တွင် သူမအား ခွဲခြားဆက်ဆံ၍မရပါပေ။

Space and Rebirth 700

အခြားသူများဒိုက်ထိုးပြီးနောက် ချီကျုံးသည် ကျန်ရစ်သောအဖွဲ့ဝင်များအား ဦးဆောင်ခေါ်သွားကာ စတင်အပြေးလေ့ကျင့်တော့သည်။ ကျင်းယွင်ကျောင်းနှင့် ကျန်သုံးဦးသည် ဒိုက်ထိုးခြင်းအမှုအား ပြီးဆုံးရန် ကြိုးစားလုပ်ဆောင်နေဆဲဖြစ်၏။ လေ့ကျင့်ရေးကွင်းမှ အားပေးသံများ စုံညီထွက်လာသဖြင့် ကြားရသည်မှာ အတန်ငယ်အားတက်ဖွယ်ကောင်းလေသည်။

သို့သော် ကျင်းယွင်ကျောင်းတို့ လေးယောက်အုပ်စုမှာ အာရုံကိုဖမ်းစားနိုင်လွန်းလှပေ၏။ လေ့ကျင့်ရေးလုပ်စဥ်က ကိစ္စမရှိပေ။ မည်သူကမျှ နည်းပြ၏အမိန့်များကို မလွန်ဆန်ရဲသောကြောင့်ဖြစ်သည်။ သို့ရာတွင် အနားယူသည့်အချိန်ရောက်သောအခါ အခြားအတန်းများမှ ကျောင်းသားများပါ လာရောက်၍ ပွဲကြည့်ကြလေသည်။

ကျင်းယွင်ကျောင်းသည် အလွန်မြန်ဆန်စွာပင် ဒိုက်ထိုးပြီးသွားခဲ့သည်။ ယုတ္တိကျကျပြောရလျှင် သူတို့သည် ယခုအချိန်လောက်ဆို ပြီးရတော့မည်ဖြစ်သည်။ သို့ရာတွင် ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးမှာ ကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။ သူမသည်သာ အရင်ထွက်သွားလျှင် သစ္စာမရှိရာကျပေမည်။ သူမပြန်လာသောအခါတွင် ဟော်ထျန်းရှန်းမှ နားပူသည်ကို အချိန်အတော်ကြာခံရပေလိမ့်မည်။ ထို့ကြောင့် သူမသည် အချိန်ယူလုပ်ဆောင်ကာ အနားယူသလိုသဘောထားရန် ဆုံးဖြတ်လိုက်ပေသည်။

ခြေလှမ်းအနည်းငယ်ခန့်အကွာတွင် လူများစွာသည် စုဝေးနေကြပြီဖြစ်သည်။ သူတို့သည် ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးတို့၏ သနားစဖွယ်အခြေအနေကို တွေ့လိုက်ရသောအခါ မိမိတို့ပါးစပ်များကိုပိတ်ပြီး လှောင်ရယ်ရယ်လိုက်ကြ၏။

သူတို့၏ရယ်သံများမှာ အနည်းငယ်ရိုင်းစိုင်းပေသည်။ သူဌေးသမီးတစ်ဦးဖြစ်သည့် ဟော်ထျန်းရှန်းသည် အခြားသူများမှ သူမအား အရှက်ခွဲနေကြသည်ကို အဘယ်သို့ဤအတိုင်းခံနိုင်မည်နည်း?

“နင်တို့ကြည့်စရာပါလား!”

သူမသည် ကြမ်းတမ်းသောလေသံဖြင့် ပြောလိုက်၏။

“ဟာ ဘာလို့အဲ့လောက်တောင်နှုတ်ရဲနေရတာတုန်း? မင်းတို့အတန်းထဲမှာ နည်းပြကို မြှူဆွယ်တာ မအောင်မြင်လိုက်တဲ့ ကျင်းယွင်ကျောင်းဆိုတဲ့မိန်းကလေးတစ်ယောက်ရှိတယ်လို့ ကြားတယ်။ အဲဒါကြောင့် နည်းပြဆီက အပြစ်ပေးခံနေရတာဆို? ဟုတ်လား?”

ရဲတင်းသောအတန်းဖော်တစ်ဦးမှ လာရောက်မေးလိုက်သည်။

သူသည် ထိုစကားကိုပြောလိုက်သောအခါ ပတ်ဝန်းကျင်မှလူများသည် သူ့အား မြင်ပြင်းကတ်သောအကြည့်ဖြင့် ကြည့်လိုက်ကြ၏။

“နင်တို့နည်းပြကတကယ်ခန့်ညားတာပဲ၊ ဒါပေမယ့် အခုမှလေ့ကျင့်ရေးအစပဲရှိသေးတယ် သွားမြှူဆွယ်ရဲနေပြီလား။ ဒါကြောင့်မို့လည်း သူကနင့်ကိုငြင်းလိုက်တာပေါ့!”

နောက်တစ်ဦးမှ ပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် ထိုစကားကိုကြားလိုက်သောအခါ မြေပြင်ပေါ်မှ ချက်ချင်းထမေးလိုက်၏။

“ဘယ်သူပြောတာလဲ?”

“ဘာ?”

တစ်ဖက်လူ ကြောင်အမ်းသွား၏။

“ငါကနည်းပြကိုမြှူဆွယ်တယ်လို့ ဘယ်သူပြောတာလဲ?”

ကျင်းယွင်ကျောင်းသည် အေးစက်သောလေသံဖြင့် မေးလိုက်၏။ သူမသည် စကားပြောပြီးပြီးချင်းတွင် ဝေ့ပတ်ကြည့်လိုက်သောအခါ ဆယ်မီတာခန့်အကွာ၌ ထောင်ကဲ့ကိုမြင်လိုက်ရသည်။ ထောင်ကဲ့သည် ခေါင်းကိုအလျင်အမြန်လှည့်လိုက်ပြီး သူမသူငယ်ချင်းများနှင့် စကားပြောနေဟန်ဖြစ်သွားတော့၏။

“မသိဘူးလေ၊ မနေ့ညက ညသန်းခေါင်ကြီး ကျင်းယွင်ကျောင်းက နည်းပြကိုသွားရှာပြီးတဲ့နောက် အနှင်ထုတ်ခံလိုက်ရတာကို တစ်ယောက်ယောက်ကမြင်လိုက်တယ်လို့ သတင်းတွေထွက်နေတာပဲ၊ အာ ဟုတ်သားပဲ။ ကျင်းယွင်ကျောင်းကို တစ်ယောက်ယောက်က ကျောထောက်နောက်ခံလုပ်ပေးနေတာပဲဖြစ်ရမယ်၊ သူလိုမိန်းကလေးမျိုးက နေရာအသစ်ရောက်ရင် လူအသစ်ရှာတတ်မယ့်ပုံစံပဲ...”

ထိုကျောင်းသားသည် စကားပြောပြီးပြီးချင်း ထိတ်လန့်သွား၏။ သူသည် ‌ဟော်ထျန်းရှန်းအား လက်ညှိုးထိုးကာ ပြောလိုက်၏။

“နင်က ကျင်းယွင်ကျောင်းမဟုတ်ဘူးဆိုတော့ သူလား?”

အခြားသူများလည်း မှင်တက်သွားကြသည်။ ဤမနက်တွင် ကျင်းယွင်ကျောင်း၏နာမည်သည် သူတို့အတန်းထဲမှ မိန်းကလေးများကြားတွင် နာမည်ကြီးသွားခဲ့သည်။

မနက်ခင်းလေ့ကျင့်ရေးအချိန်တွင် မည်သူက ကျင်းယွင်ကျောင်းဖြစ်သည်ကို အားလုံးကခန့်မှန်းနေခဲ့ကြသော်လည်း နောက်ဆုံးတွင် မြေပြင်ပေါ်တွင် ဒိုက်ထိုးနေခဲ့သောမိန်းကလေးမှာ သူမဖြစ်နေခဲ့သည်....လူတိုင်းနီးပါးက သူမအား နည်းပြဟုပင်ထင်ခဲ့ကြ၏။

သို့သော် ယခုတွင် ကျင်းယွင်ကျောင်းမှာ အခြားသူများအား မြှူဆွယ်စရာမလိုသည့် မိန်းကလေးတစ်ဦးဖြစ်ကြောင်း သက်သေပြနေလေသည်။

သူမ၏ရုပ်ရည်သွင်ပြင်မှာ အလွန်ပင်လှပပေသည်။ မိန်းကလေးတိုင်းသည် ဆံပင်ပုံစံတူနေကြသော်လည်း သူမ၏အသွင်အပြင်မှာ အလွန်ဆန်းသစ်သောခံစားချက်ကို ပေးနေလေ၏။ သူမသည် ကြည့်ကောင်းလှသော်လည်း စွဲမက်ဖွယ်အလှမျိုးမဟုတ်ပေ။ ထိုအရာနှင့်ဆန့်ကျင်ဘက်ပင်။ သူမ၏မျက်ခုံးများမှာ အတန်ငယ်အေးစက်ပိရိပြီး ရဲဝင့်မှုအရှိန်အဟုန်ရှိနေသည်။ သူမ၏ဆံပင်တိုကြောင့် သူမအား ပို၍ပင်ခန့်ညားတည်ကြည်‌စေ၏။

ထိုကဲ့သို့ရုပ်ရည်မျိုးဖြင့် နည်းပြအား မြှူဆွယ်သည်လော? အဘယ်ကြောင့် တစ်ခုခုလွဲနေသလို ခံစားနေရသနည်း?

သို့ရာတွင် လူတစ်ဦး၏စရိုက်မှန်အား ရုပ်ရည်အသွင်အပြင်ကြည့်ပြီး ဆုံးဖြတ်နိုင်သည်မဟုတ်ရာ ထိုကဲ့သို့သတင်းများသည် အကြောင်းမရှိဘဲ ထွက်လာခဲ့ခြင်းမဟုတ်လောက်ပေ။

ကျင်းယွင်ကျောင်း၏မျက်နှာသည် အေးစက်မာကြောလွန်း၍ တစ်စုံတစ်ဦးကို သတ်ဖြတ်လိုသောဟန်ပေါက်နေသည်။ သူမသည် ထောင်ကဲ့ရှိရာသို့ လက်ညှိုးထိုးပြီး ပြောလိုက်၏။

“သူကနင်နဲ့တစ်တန်းတည်းမှတ်လား?”

ထိုမိန်းကလေးခေါင်းငြိမ့်လိုက်သည်။

ကျင်းယွင်ကျောင်းသည် ထောင်ကဲ့ရှိရာသို့ လျှောက်သွားလိုက်၏။ ဟော်ထျန်းရှန်းသည် ၎င်းကိုမြင်လိုက်သောအခါ အလျင်အမြန်ပင်ထလိုက်သည်။ သူမသည် မမေ့မလျော့ဖြင့် ဘေဘီယောင်နှင့် ယန်ရှင်းယွဲ့ကို ဆွဲခေါ်ကာ ပြောလိုက်သေး၏။

“မလုပ်နဲ့တော့ ဘာတွေဖြစ်နေလဲသွားကြည့်ကြမယ်!”

ကျင်းယွင်ကျောင်းသည် ညလယ်ခေါင်တွင် နည်းပြအား မြှူဆွယ်ခဲ့သည်ဟု ပြောလိုက်ကြသလော? ဤသည်မှာ ဟာသတစ်ပုဒ်လော?

သူမနှင့်ကျင်းယွင်ကျောင်းသည် အိပ်ရာတစ်စင်တည်းဖြစ်၏။ ကျင်းယွင်ကျောင်းသည်သာ ညသန်းခေါင်တွင် အပြင်ထွက်ခဲ့လျှင် ပထမဆုံးသိမည့်သူမှာ သူမဖြစ်သည်။ ထိုတင်မက ညဘက်တွင် အပြင်ဘက်၌ အစောင့်များရှိသေး၏။ သူမသည်သာ နည်းပြကိုသွားရှာလျှင် ထိုအစောင့်များလက်ထဲတွင် အရင်လူမိခံရမည်မှာ သေချာပေသည်။ ယခုတွင် သူမအား တစ်စုံတစ်ယောက်က တမင်ချောက်ချနေကြောင်း သိသာနေလေ၏။

All Chapters