အခန်း (၇၀၅-၇၀၈)
Vol. 36 Ch. 705-708
Space and Rebirth 705
သို့ရာတွင် မိမိတို့၏နည်းပြဖြစ်သူမှ ဤမျှလောက်သူရဲဘောကြောင်နေသည်ကို မြင်လိုက်ရသောအခါ ကျိုးမေ့ကျွန်းနှင့် အခြားသူများသည် စိတ်မသက်မသာဖြစ်သွားကြ၏။ မည်သို့ပင်ဖြစ်စေ သူတို့သည် နည်းပြစကားအား မလွန်ဆိုင်သည်ဖြစ်ရာ နာခံကျိုးနွံစွာဖြင့် ထိုနေရာတွင်သာ ရပ်လိုက်ကြသည်။
“မင်းတို့တွေက တကယ်အံ့သြစရာပဲ၊ ဒီနေရာက အတင်းတုပ်တဲ့နေရာလား?! အားလုံးမြေပေါ်ဝပ်ပြီး ကျောတွေကိုဆန့်ကြ၊ ငါပြောမှရပ်မယ်!”
ချီကျုံးထပ်အော်လိုက်ပြန်သည်။
ဟော်ထျန်းရှန်းမှ အခြေအနေအား အတိုချုံးရှင်းပြထားသည်ကို သူကြားခဲ့ရ၏။ အတန်း A08 ၏နည်းပြဖြစ်သူမှ အခြေအနေအား မည်သို့ကိုင်တွယ်ခဲ့ကြောင်း သူမသိသော်လည်း သေချာပေါက်တရားမမျှတခဲ့လောက်ပေ။ တရားမျှတမှုရှိခဲ့ပါက ကျင်းယွင်ကျောင်းသည် သူ့အား ဤမျှလောက်ပြင်းထန်စွာ ရိုက်နှက်ထားခဲ့မည်မဟုတ်။
သူသည် နည်းပြတစ်ဦးဖြစ်သည်မှန်သော်လည်း ဤစခန်းမှာ လက်ရှိတွင် သူ၏ပိုင်နက်ဖြစ်သည်။ သူ၏ပိုင်နက်ထဲတွင် ကျောင်းစည်းမျဥ်းများသည်လည်း ကွာခြားပေသည်။
ချီကျုံးစကားပြောပြီးနောက် သူ၏အနောက်မှ နည်းပြဖြစ်သူကို လက်ညှိုးထိုးကာ ကျင်းယွင်ကျောင်းကိုမေးလိုက်၏။
“သူဘာဖြစ်ထားတာလဲ?”
ကျင်းယွင်ကျောင်းသည် တစ်ဖက်နည်းပြထံ လျှောက်သွားလိုက်ပြီး သူ၏လက်မောင်းကိုဖမ်းဆုပ်ကာ အကြောမှတ်တစ်ခုကို သူမလက်ညှိုးဖြင့် ပြင်းပြင်းဖိလိုက်သည်။ နည်းပြဖြစ်သူသည် အံကိုကြိတ်လိုက်ပြီး ပျားတုပ်ခံရသလို ခံစားလိုက်ရ၏။ ထို့နောက် သူသည် အကောင်းပကတိပြန်ဖြစ်သွားပြီး သူ၏လက်မောင်းကို လှုပ်ရှားနိုင်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ထုံကျင်မှုသည် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားနေကြောင်း သတိထားမိလိုက်သောအခါ သူသည် စိတ်ကိုအနည်းငယ်လျှော့လိုက်လေ၏
“ဆရာ.... ကျင်းယွင်ကျောင်း...သူ...”
“သူဘာဖြစ်လဲ? အရင်ဆုံးဒီကိစ္စကိုမင်းဘယ်လိုဖြေရှင်းဖို့ လုပ်ထားခဲ့လဲဆိုတာ ငါ့ကိုပြော”
ချီကျုံးသည် သူ့အားတစ်ခါတည်း ဖြတ်ပြောလိုက်၏။
နည်းပြဖြစ်သူသည် ခေတ္တမျှချီတုံချတုံဖြစ်သွားသည်။
“အချင်းချင်းတောင်းပန်ခိုင်းပြီး တစ်နာရီထပ်တိုးလေ့ကျင့်ခိုင်းဖို့ လုပ်ထားတာပါ...”
ချီကျုံး၏မျက်လုံးများအေးစက်သွားသည်။ ကိစ္စများ ဤသို့ဖြစ်သည်မှာ မဆန်းတော့ပါပေ။
ဤတပ်သားလေးသည် အမှန်တကယ်ပင် သူ့အတွက်ပြသာနာကို မီးထွန်းရှာတတ်၏။ ယခင်ခေတ်ကအတိုင်းသာဆိုလျှင် အောက်ခြေစစ်သားများမှ မဟုတ်မမှန်သောသတင်းများဖြန့်ပါက တပ်တစ်ခုလုံး၏စည်းလုံးမှုကို အနှောင့်အယှက်ပေးနိုင်ပေသည်။ တင်းကြပ်သော တပ်စည်းမျဥ်းစည်းကမ်းများကို ထိုသို့ဖြစ်စေရန် ခွင့်ပြုမည်မဟုတ်ပေ။ သို့ရာတွင် ဤလူများအားလုံးမှာ ကျောင်းသားများဖြစ်သဖြင့် တပ်သားလေးသည်လည်း ခြေတုပ်မိလက်တုပ်မိဖြစ်နေလေ၏။
ကံကောင်းစွာဖြင့် သူ၏အာစရိသည် စစ်ဆင်ရေးတစ်ခုဖြင့် အပြင်သို့ထွက်သွားခဲ့သည်။ မဟုတ်လျှင် ကျင်းယွင်ကျောင်း၏ မဟုတ်မမှန်သောသတင်းဇာတ်လမ်းများထဲ၌ သူ ချီကျုံးသည်သာမင်းသားဖြစ်နေမှန်း အာစရိသိခဲ့ပါက သူသည် အမှန်တကယ်ပင် ကိစ္စတုံးချေမည်။
“ဦးနှောက်မရှိဘူး”
ချီကျုံးသည် ဟမ့်ခနဲအသံပြုကာ ပြောလိုက်၏။
“ဒီနေ့ကစပြီး မင်း အတန်း A08 ရဲ့နည်းပြလုပ်စရာမလိုတော့ဘူး၊ ဒီအတန်းနှစ်ခုလုံးကို ငါဦးဆောင်မယ်”
“ဟုတ်ကဲ့...ဆရာ”
နည်းပြလေး၏မျက်နှာသည် ဝမ်းနည်းနေ၏။
“သွား၊ မင်းအပြစ်ကိုမင်းခံ။ အဲဒီလေ့ကျင့်ချိန် ၂၄ နာရီအတွက် မင်းတာဝန်ယူရမယ်!”
ချီကျုံးထပ်ပြောလိုက်သည်။
ထိုနည်းပြသည် ခေါင်းငြိမ့်ကာ ထွက်သွားတော့၏။
“ပြသာနာဖြစ်စေမိလို့ တောင်းပန်ပါတယ်”
ကျင်းယွင်ကျောင်းယဥ်ကျေးစွာ ထပြောလိုက်၏။
ချီကျုံးနှုတ်ခမ်းစွန်းများတွန့်သွားသည်။ အဘယ်ကြောင့် ဤမျှယဥ်ကျေးနေရသနည်း? သူ၏ကျောရိုးတစ်လျှောက်စိမ့်သွားသလို ခံစားလိုက်ရ၏။
နှစ်ဦးသားသည် လူအုပ်ကြီးနဲ့ ခြေလှမ်းအနည်းငယ်ခန့် ဝေးသောနေရာတွင် ရပ်နေကြသည်။ ချီကျုံးသည် အသံကိုနှိမ့်ကာ ထပ်မေးလိုက်၏။
“အဲ့ကောင်မလေးကို ဆိုးဆိုးရွားရွားရိုက်လိုက်တာတော့ မဟုတ်ပါဘူးနော်?”
ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။
“ကျွန်မကအဲ့လောက်မတုံးပါဘူး၊ သူစိတ်ဒုက္ခရောက်လောက်တဲ့ထိ ပါးနည်းနည်းရိုက်ခဲ့ရုံပဲ၊ သူပြသာနာတစ်ခုခုဖြစ်ရင် ကျွန်မပဲအရေးနိမ့်မှာလေ။ ဖူးယောင်တာတွေ၊ ညိုမည်းရာတွေ လျော့အောင် သူ့မျက်နှာပေါ်မှာ ဆေးနည်းနည်းလိမ်းပေးခဲ့တယ်၊ အဲ့ဆေးကတကယ်အာနိသင်ကောင်းတာမို့ ပြသာနာတစ်ခုခုရှိရင်တောင် ပြောနိုင်မှာမဟုတ်ဘူး”
ဒဏ်ရာများသည် အပြင်ပန်းတွင် ပျောက်သွားမည်ဖြစ်သော်လည်း နာမည့်နေရာက နာနေဆဲဖြစ်နေဦးပေမည်။
ထောင်ကဲ့သည်သာ သူမအား စွဲချက်တင်လိုလျှင် အနည်းဆုံးအနေဖြင့် သူမ၏ဒဏ်ရာများအား စစ်ဆေးခံရမည်မဟုတ်လော။ ကျင်းယွင်ကျောင်းသည် သူမဆေး၏အာနိသင်အစွမ်းကို အာမခံနိုင်သည်။ ထောင်ကဲ့မည်မျှပင် ဆေးစစ်ချက်ခံယူပါစေ ပြသာနာမရှိချေ။
ဤတစ်ခေါက်တွင် သူမ၏အင်အားကိုသုံးကာ အခြားသူများကို အနိုင်ကျင့်ရန် စိတ်ပိုင်းဖြတ်ထား၏။ မဟုတ်လျှင် သူမတွင် ပါးစပ်ဆယ်ပေါက်ရှိလျှင်ပင် သူမနာမည်ကို ပြန်အဖတ်ဆယ်နိုင်မည်မဟုတ်ချေ။
ချီကျုံးသည် မရှက်မိဘဲမနေနိုင်တော့ပေ။
“စိတ်မပူပါနဲ့ ဒီကိစ္စကိုကောင်းကောင်းဖြေရှင်းပေးပါ့မယ် ဒါပေမယ့်...နောက်တစ်ခါအာစရိကိုတွေ့ရင် သူ့ကိုမပြောဘဲနေပေးလို့ရမလား?”
သတင်းအမှားများသည် အခြားအကြောင်းအရာဆိုလျှင် ကိစ္စမရှိသော်လည်း ကျင်းယွင်ကျောင်းမှ သူ့အားမြှူဆွယ်သည်ဟု ပြောနေကြသည်မဟုတ်လော...
လီရှောက်ယွင်၏ သဝန်တိုမှုဖြင့်ဆိုလျှင် မဖြစ်ပါချေ...
စဥ်းစားကြည့်လိုက်ရုံဖြင့် သူကျောချမ်းသွား၏။
ချီကျုံး၏မျက်နှာသည် မျှော်လင့်ချက်အပြည့်ဖြင့် ရှိနေသော်လည်း သူသည် ယမန်နေ့က သူမအားတမင်ဒုက္ခပေးခဲ့သည်ကို ပြန်မှတ်မိသွားသောအခါ ကျင်းယွင်ကျောင်းသည် ရုတ်တရတ်ပြုံးလိုက်သည်။
“ဆရာချီ၊ ကျွန်မက ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ခွဲခြားတတ်တဲ့လူပါ၊ လီရှောက်ယွင်အလုပ်လုပ်နေတဲ့အချိန်မှာ မပြောပါဘူးလို့ ကတိပေးပါတယ်၊ ဒါပေမယ့် အားလပ်ချိန်မှာ အကြောင်းတိုက်ဆိုင်လို့ စကားထွက်မိသွားရင်...သူ့ကိုကြောက်စရာမလိုပါဘူး၊ ဒီလိုကိစ္စအသေးလေးကြောင့်နဲ့ ရှင့်ကိုဘာလုပ်နိုင်မှာမို့လို့လဲ”
Space and Rebirth 706
ချီကျုံးသည် လီရှောက်ယွင်အား သူမပြောလိုက်မည်ကို အလွန်ကြောက်ရွံ့နေလေသည်။ လီရှောက်ယွင်သာသိလျှင် သူ့အား ဒုက္ခမျိုးစုံပေးတော့မည်ဟူသော အဓိပ္ပာယ်မဟုတ်ပါလော။
သူတို့သည် ရဲဘော်ရဲဘက်များဖြစ်သဖြင့် အချင်းချင်းဒုက္ခပေးလျှင်ပင် ဘာမှဖြစ်မည်မဟုတ်ချေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူတို့နှစ်ဦးကြားတွင် စိတ်သန့်သန့်ဖြင့် ဝင်နှောင့်နိုင်ခြင်းဖြစ်သည်။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်အား အနည်းငယ်လွမ်းသည်ဟု ပြောရမည်။ သူရှိစဥ်က တောင်သဖွယ် မိမိအားကိုးနိုင်သောလူတစ်ဦးရှိသလိုဖြစ်၏။ သူ၏စိတ်အခြေအနေမှာ ထူးဆန်းပြီး မိမိသည်သာအတော်ဆုံးဟု ထင်တတ်သော်လည်း သူမနှင့်ပတ်သတ်လာလျှင် ဂရုစိုက်မှုအလွန်ပြည့်ဝပြီး ကာကွယ်လိုစိတ်ပြင်းထန်ပေသည်။ အလွန်အရည်အချင်းရှိသော အုပ်ထိန်းသူတစ်ဦးလည်းဖြစ်၏။
ချီကျုံးသည် ပြောစရာစကားရှာမရတော့ချေ။ သူ၏ အနာဂတ်အတွက် စက္ကန့်အနည်းငယ်ခန့် စိတ်မကောင်းဖြစ်မိသွား၏။
သူမသည် အမှန်တကယ်ပင် အာစရိက သဘောကျလျှင်ကျလောက်စရာ အမျိုးသမီးဖြစ်သည်။ သူမသည် တစ်စုံတစ်ခုကိုလုပ်လျှင် မိုးကြိုးလျှပ်စီးများလက်သလိုပင် သူမအား မည်သူမှမတားနိုင်ပါချေ။
သူသည် ထိုထောင်ကဲ့အား ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့၏။ ဤကိစ္စသည် လေးနက်လှသော်လည်း သူမသည် ၎င်းကိုကောင်းမွန်စွာကိုင်တွယ်ခဲ့ကြောင်း စိတ်ထဲတွင်သိနေခဲ့သည်။ သူမသည် မျက်နှာကိုသာရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများကို လက်ဖျားဖြင့်ပင် မထိခဲ့ချေ။ သူမသည် သက်သေဖျောက်သည့်အနေဖြင့် ရိုက်နှက်ပြီးနောက် ဆေးပင်လူးပေးခဲ့သေး၏။ ဤကိစ္စသည် ကြီးကျယ်လျှင်လည်းကြီးကျယ်နိုင်သလို အသေးအမွှားဖြစ်ချင်လည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ထောင်ကဲ့သည် မဟုတ်မမှန်သောသတင်းများကို လွှင့်ခဲ့သဖြင့် အမှားလုပ်မိသူဖြစ်၏။ သူမသည် ဤကိစ္စနှင့်ပတ်သတ်ပြီး မတရားကြောင်း နည်းပြဖြစ်သူအား အတွန့်တက်၍မရချေ။ ထိုတင်မက လိမ်းဆေးလူးပေးခဲ့သည့်အပြင် သူသည်လည်း ခေါင်းဆောင်နည်းပြဖြစ်နေသောကြောင့် ကျင်းယွင်ကျောင်းသည် ဤအမှုအခင်းမှ ကိုယ်လွတ်ရုန်းနိုင်ပေ၏။
ထို့ကြောင့် ချီကျုံးသည် သူမအား ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်မိခြင်းဖြစ်သည်။
သူမသည် တစ်စုံတစ်ဦးကို ထရိုက်လျှင်ပင် ဤပြသာနာမှ ကိုယ်လွတ်ရုန်းနိုင်သည့်နည်းလမ်းကို တွေးနေပြီဖြစ်သည်။ မည်သူကမှ သူမလောက် ဉာဏ်မပြေးနိုင်ချေ။
ထိုမျှမက သူသိထားသလောက်ဆိုလျှင် ကျင်းယွင်ကျောင်းဆိုသူမှာ A တက္ကသိုလ်မှ ခက်ခက်ခဲခဲကြိုးစားအားထုတ်ပြီး ခေါ်ထားရသော ပါရမီရှင်တစ်ဦးဖြစ်၏။ သူမအား ကျောင်းထုတ်ရန် မလွယ်ကူလောက်ချေ။ A တက္ကသိုလ်မှ သူမကိုလက်လွှတ်နိုင်လျှင်ပင် လီရှောက်ယွင်က ခွင့်ပြုမည်မဟုတ်။ ကျင်းယွင်ကျောင်းသည်သာ ကျောင်းထုတ်ခံရလျှင်ပင် သူမအနာဂတ်သည် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဦးပေမည်။
ကိုယ်လွတ်ရုန်းနိုင်ရန် မရေမတွက်နိုင်သောနည်းလမ်းများစွာ ရှိပေသည်။ သူမ ယခုအချိန်၌ လုပ်ချင်သလိုလုပ်နေလျှင်ပင် သူမအနောက်၌ သူမအား ထောက်ပံ့ပေးမည့်အင်အားတစ်ရပ်လုံးရှိနေလေ၏။ ရှေ့ရေးကြိုမတွေးဘဲ ပြသာနာကိုမီးထွန်းရှာခဲ့သည့် ထိုမိန်းကလေးကိုသာ တုံးအလွန်းသည်ဟု အပြစ်တင်ရတော့မည်။ သူမနှင့်တန်ပေသည်။
ချီကျုံးသည် ကျင်းယွင်ကျောင်းအား လေးနက်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။
“မရီး၊ မရီးလက်ထဲမှာ သွေးတိတ်ဆေးကောင်းကောင်းရှိတယ်မလား?”
ချီကျုံးသည် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် မေးလိုက်၏။
လီရှောက်ယွင်တွင် သွေးတိတ်ဆေးပုလင်းအချို့ရှိခဲ့ပြီး သူ၏ညီအစ်ကိုများကို ပေးခဲ့လေသည်။ ချီကျုံးသည် ယခင်တစ်ခေါက် စစ်ဆင်ရေး၌ ဒဏ်ရာအပြင်းအထန်ရပြီး သေမလိုဖြစ်ခဲ့ရ၏။ ထိုအချိန်တွင် ထိုသွေးတိတ်ဆေးသာမရှိခဲ့ပါက သူမသေဆုံးလျှင်ပင် သူ၏အဖွဲ့တစ်ခုလုံးသည် ပြသာနာအကြီးအကျယ်တက်ခဲ့ပေမည်။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်၏။ သူမအား “မရီး” ဟုခေါ်သည်ကို သူမတစ်ခုခုပြောချင်သော်လည်း ချီကျုံး၏လေးနက်သောမျက်နှာထားကို မြင်လိုက်ရသောအခါ သူမအောင့်အည်းထားလိုက်သည်။
“တပ်ဖွဲ့တွေကို ထောက်ပံ့ပေးလို့ရမလား? အခုအချိန်က ငြိမ်းချမ်းတဲ့ကာလလို့ပြောလို့ရပေမယ့် လူတွေမမြင်နိုင်တဲ့နေရာမှာ စစ်ပွဲတွေ လူသေမှုတွေရှိနေတုန်းပဲ။ မရီးရဲ့ သွေးတိတ်ဆေးကိုသာ ထုတ်လုပ်ပြီး ကျွန်တော်တို့ကိုထောက်ပံ့နိုင်ရင် လူအများကြီးရဲ့အသက်ကို ကာကွယ်နိုင်လိမ့်မယ်။ တကယ်တော့ အစ်ကိုကြီးက ဒီကိစ္စနဲ့ပတ်သတ်ပြီး မရီးကိုအရင်ကတည်းကပြောခဲ့ချင်ပေမယ့် အဲ့အချိန်တုန်းက မရီးက ဟွားနင်ခရိုင်မှာရှိနေခဲ့တာလေ။ ပြီးတော့ သွေးတိတ်ဆေးရဲ့ တည်ငြိမ်မှုကိုလည်း သူစမ်းရဦးမှာမို့ ဘာမှမပြောခဲ့တာ...”
ချီကျုံးသည် စိုးထိတ်စွာပြောလိုက်လေ၏။
သူသည် ကျင်းယွင်ကျောင်း၏သွေးတိတ်ဆေးကို သုံးခဲ့ဖူးသဖြင့် အာနိသင်အလွန်ထိရောက်ကြောင်း သိလေသည်။
သို့ရာတွင် ကျင်းယွင်ကျောင်း၌ သွေးတိတ်ဆေးမျိုးစုံရှိကြောင်းကိုလည်း လီရှောက်ယွင်ထံမှ သူကြားခဲ့ဖူး၏။ အကောင်းဆုံးတစ်ခုမှ သူယခင်က သုံးခဲ့ဖူးသောတစ်ခုဖြစ်သည်။ ဆေးအညွှန်းမှာ အလွန်ရှုပ်ထွေးလှပြီး အများအပြားထုတ်ဝေရန် သင့်တော်လှမည်မဟုတ်သော်ငြား ထိုသို့မထုတ်ဝေနိုင်လျှင်ပင် သူသည် တတ်နိုင်သမျှအများဆုံးဝယ်ထားချင်မိ၏။ အသက်ပေါင်းများစွာကို ကယ်တင်နိုင်သောအရာမဟုတ်ပေလော”
“အဲဒါက အသက်ကူးဖြတ်ရေးလိမ်းဆေးလေ၊ အဲ့ထဲမှာ ဆေးဖက်ဝင်အပင်ပေါင်း ၁၀၀ ကျော်ပါပြီး ဆေးဖော်စပ်တဲ့နည်းလမ်းကလည်း နည်းနည်းရှုပ်ထွေးတယ်...”
အသက်ကူးဖြတ်ရေးလိမ်းဆေးသည် ဘိုးဘေး၏ဝိညာဥ်ကျောက်စိမ်းထဲ၌ အလွန်ထူးခြားသောနေရာတွင်ရှိလေသည်။
ဘိုးဘေးသည် ဤကမ္ဘာမှလာသောသူမဟုတ်ပေ။ သူနေထိုင်ခဲ့သောကမ္ဘာမှာ များစွာပို၍လျှို့ဝှက်ဆန်းကြယ်ပေသည်။ သူဖော်စပ်ခဲ့သောဆေးလုံးများမှာ သေသောသူကိုပြန်ရှင်နိုင်သည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောခြင်းဖြစ်မည်မထင်ပေ။ သို့ရာတွင် ဤနေရာသို့လာပြီးနောက် ဆေးဖက်ဝင်အပင်များသည် ထိုကဲ့သို့သောဝိညာဥ်ဆိုင်ရာအာနိသင်မရှိကြောင်း သိလိုက်ရ၏။ မည်သို့ပင်ဖြစ်စေ အသက်ကူးဖြတ်ရေးလိမ်းဆေးသည် ဆေးဖက်ဝင်အပင်များကို အဆုံးစွန်ထိ သုံးစွဲထားသော သွေးတိတ်ဆေးတစ်မျိုးဟု ပြောနိုင်ပေသည်။ အများကြီးမသုံးလျှင်ပင် ဆေးစွမ်းပြသောအရာဖြစ်သည်။
Space and Rebirth 707
ဤဆေးသည် ရှုပ်ထွေးကြောင်း ကျင်းယွင်ကျောင်းပြောလိုက်သည်နှင့် ချီကျုံးသည် အတန်ငယ်စိတ်ပျက်ဝမ်းနည်းမိသွားသည်။ ဤဆေးအား ထုတ်လုပ်နိုင်ချေမှာ မမြင့်မားလှကြောင်း သူသိနေခဲ့၏။
သို့ရာတွင် ဤကဲ့သို့ စိတ်ပျက်အားလျော့သောဟန်ပန် ပေါ်လာသည်နှင့် ကျင်းယွင်ကျောင်းသည် စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။
“ဒီလိမ်းဆေးကို ရောင်းလို့တော့ရပေမယ့် ကျွန်မမှာ သတ်မှတ်ချက်တစ်ခုရှိတယ်”
ချီကျုံးရင်ခုန်သံပင်မှားသွားသည်။
“ပြောပါ၊ ဘယ်လိုသတ်မှတ်ချက်မျိုးဖြစ်ဖြစ် အတတ်နိုင်ဆုံးကြိုးစားပြီး ဖြည့်ဆည်းပေးပါ့မယ်”
သူသည် သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်တော့၏။
ဤကိစ္စသည် မဖြစ်နိုင်သည့်အရာဟု သူတွေးထင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းသည် အရင်ဆုံးအနေဖြင့် ကြေးကိုတမင်နှိမ်ထားပြီးမှ ပြန်မြှင့်လိုက်မည်ဟု မည်သူကထင်ခဲ့မည်နည်း။
“ဒီဆေးညွှန်းကတကယ်ရှုပ်ထွေးတယ်ဆိုပေမယ့် အများကြီးထုတ်လုပ်လို့မရတာတော့ မဟုတ်ဘူး၊ ထုတ်လုပ်ပြီး စစ်တပ်ကို ထောက်ပံ့နိုင်ဖို့လည်း မျှော်လင့်မိတယ်။ တစ်နည်းပြောရရင် ဆေးဝါးစက်ရုံတစ်ခုဆောက်ချင်တယ်ဆိုတာပါပဲ အဲ့လိုလုပ်ဖို့ဆိုရင် စစ်တပ်ရဲ့ကာကွယ်မှုကို ကျွန်မလိုအပ်လာလိမ့်မယ်”
ကျင်းယွင်ကျောင်းပြုံးလိုက်၏။
သူမသည် ကုမ္ပဏီအား စတည်ထောင်ပြီး စက်ရုံအားဆောက်ခဲ့စဥ်က ဆေးဝါးစက်ရုံကို အနှစ်သက်ဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် ထိုသို့ဆောက်ရာ၌ စည်းမျဥ်းများစွာရှိသဖြင့် မည်သူမဆိုဆေးဝါးစက်ရုံ မဆောက်လုပ်နိုင်ပါချေ။ ဆေးစစ်ချက်မျိုးစုံ၊ လက်မှတ်မျိုးစုံလိုအပ်ပေ၏။ ထိုအချိန်က သူမအစွမ်းအစဖြင့်ဆိုလျှင် သူမသည်သာ ဆေးဝါးစက်ရုံတည်ထောင်နိုင်လျှင်ပင် မည်သူကမှ ထိုဆေးဝါးများကို ဝယ်ယူရဲမည်မဟုတ်ချေ။ သို့ရာတွင် ယခုမူ ထိုသို့မဟုတ်တော့ပေ။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကြောင့် သူမသည် ငွေအမြောက်အများရရှိနေပြီဖြစ်သည်။ စစ်တပ်၏ထောက်ပံ့မှုကိုပါ ထပ်ပေါင်းလိုက်ပါက မည်သည့်ပြသာနာမဆို လွယ်ကူစွာဖြေရှင်းနိုင်ပေမည်။
“မရီး၊ ဒီလိုသွေးတိတ်ဆေးအမျိုးအစားဆိုတာ တပ်ဘက်ကတော့ သေချာပေါက်လျှို့ဝှက်ထားချင်မှာပဲ...”
ချီကျုံးတုံ့ဆိုင်းသွား၏။
ကျင်းယွင်ကျောင်းသည်သာ စစ်တပ်ထံသို့ ဆေးမရောင်းချင်လျှင် သူတို့လုပ်နိုင်သောအရာမရှိပါပေ။ သို့သော် တစ်ချိန်တည်းမှာပင် သူမအား ၎င်းကိုအများအပြားထုတ်ဝေပြီး အခြားသူများအား ရောင်းချသည်ကိုလည်း ဘယ်သောအခါမှ ခွင့်ပြုမည်မဟုတ်ချေ။ အခြားသောနိုင်ငံများက ၎င်းကို လက်ဝါးကြီးအုပ်သွားလျှင် သူတို့သာ အကျိုးအမြတ်ရသွားပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ကျင်းယွင်ကျောင်းသည် မိမိနိုင်ငံ၏ စစ်တပ်ကို အာခံရတော့မည်။ ပြသာနာများ ပြီးနိုင်တော့မည်မဟုတ်ရာ။
ဤသည်သာ သာမန်သွေးတိတ်ဆေးဆိုလျှင် အဆင်ပြေမည်ဖြစ်သော်ငြား ကျင်းယွင်ကျောင်းလက်ထဲမှ သွေးတိတ်ဆေးမှာ သာမန်ဆေးနှင့် မတူညီချေ။
“ကျွန်မအဲ့လောက်မတုံးပါဘူး”
ကျင်းယွင်ကျောင်းသည် ပေါ့ပါးစွာပြုံးလိုက်၏။
“ဒီဆေးကတကယ်တော့ တစ်တပ်လုံးအတွက် လက်ဆောင်ပါ၊ ဒီဆေးကိုထုတ်လုပ်မယ့်စက်ရုံရဲ့ တည်နေရာကိုလည်း ရှင်တို့တွေကိုပဲ ဆုံးဖြတ်ခိုင်းမှာပါ။ ရှင်တို့ငှားမယ့်အလုပ်သမားတွေကိုလည်း ကျွန်မသိပ်အာရုံစိုက်မှာမဟုတ်ဘူး ကျွန်မကိုနာမည်ပေးရင် ကျေနပ်ပြီ”
“ရှင်းရှင်းပြောရရင်တော့ ကျွန်မရဲ့ဆေးကုမ္ပဏီကို တည်ထောင်တဲ့အချိန်မှာ ကျွန်မက တပ်ဘက်ကလူတွေကို ဆေးဝါးအထောက်အပံ့ပေးတာမို့ ကျွန်မမှာ ရှင်တို့ရဲ့ထောက်ခံအားပေးမှုရှိတယ်ဆိုတာကို အပြင်လူတွေသိစေချင်ရုံပဲ တခြားအရာတွေ စိတ်မဝင်စားဘူး။ ကျွန်မလက်ထဲမှာတော့ ဆေးဝါးကုန်ကြမ်းပစ္စည်းတွေအများကြီးရှိတယ်၊ ကျွန်မအမြတ်လေးနည်းနည်းထွက်လာအောင် ကျွန်မဆီကလည်း တတ်နိုင်သလောက်ဝယ်ပေးကြမယ်မလား?”
သူမ၏ဆိုလိုရင်းမှာ အလွန်ရိုးရှင်းပေသည်။ သူမသည် သူမကိုယ်တိုင်စက်ရုံတစ်ခုထောင်မည်ဖြစ်သော်လည်း သူမထောင်သောစက်ရုံသည် အသက်ကူးဖြတ်ဆေးအား ထုတ်လုပ်မည်မဟုတ်ပေ။ အသက်ကူးဖြတ်ဆေးအား ထုတ်လုပ်မည့်စက်ရုံအား စစ်တပ်ဘက်မှ ငွေကြေးအထောက်အပံ့ပေးထားပြီး သူမနာမည်အောက်တွင်ရှိနေမည်ဖြစ်သည်။ တပ်ဘက်မှ ငွေကြေးအကုန်ထောက်ပံ့မည်ဖြစ်သော်လည်း သူမကမူ အမြတ်ငွေတစ်ပြားကိုမှ ယူမည်မဟုတ်ချေ။ ထိုမှရမည့် နာမည်ကိုသာလိုချင်၏။
ဤဆေး၏တန်ကြေးမှာ နည်းလှသည်မဟုတ်ရာ သူမ၏တောင်းဆိုချက်မှာ မဆိုစလောက်သာသာဖြစ်၏။
“ဒီဆေးအတွက် ဓာတ်ကူပစ္စည်းကိုတော့ ကျွန်မတစ်ယောက်တည်းသိထားမယ်၊ ဒီပစ္စည်းအကြောင်း လူသိနည်းလေ ပိုကောင်းလေပဲလေ”
ကျင်းယွင်ကျောင်းဆက်ပြောလိုက်၏။
ဓာတ်ကူပစ္စည်းဆိုသည်မှာ ရှားပါးသောအရာမဟုတ်သော်လည်း ၎င်းမပါလျှင် အသက်ကူးဖြတ်ဆေး၏အာနိသင်သည် လွန်စွာလျော့ကျသွားပေမည်။ သို့ရာတွင် သူမသည်သာ စစ်တပ်မှလူများအား အရာအားလုံးဖွင့်ထုတ်ပြောပြလိုက်လျှင် သူမတန်ဖိုးပါ လျော့ကျသွားမည်ဖြစ်ရာ တစ်ဖက်လူမှ သူမနှင့် လမ်းခွဲချင်စရာကိစ္စရပ်မျိုးကို ဘယ်သောအခါမှ လုပ်မည်မဟုတ်ပေ။
ထို့ကြောင့် သူမသည် မိမိ၏အကျိုးစီးပွားကို ကာကွယ်ရန်ဆုံးဖြတ်လိုက်၏။
ချီကျုံး၏မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် ဖြာထွက်သွားသည်။ ကျင်းယွင်ကျောင်းသည် ဤမျှလောက် ဉာဏ်ရည်ကျယ်ပြန့်မည်ဟု သူမထင်ထားခဲ့ပေ။
“အသက်ကူးဖြတ်ဆေးအတွက် ဖော်မြူလာကို တောင်းတော့မယ်ဆိုတာ သိနေတာလား?”
ချီကျုံးမနေနိုင်တော့သဖြင့် မေးလိုက်၏။
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။
“အဲ့လိုတော့လည်းမဟုတ်ပါဘူး၊ လီရှောက်ယွင်နဲ့ သူ့ညီအစ်ကိုရဲဘော်တွေက တပ်ဘက်ကလူတွေဖြစ်မှန်းသိလို့ ဆေးကိုလီရှောက်ယွင်ဆီ ပေးခဲ့တာ၊ တပ်ထဲကလူတွေဆိုတော့ သွေးတိတ်အောင်လုပ်ဖို့ ပစ္စည်းတစ်ခုခုကို မလွဲမသွေလိုအပ်လာလိမ့်မယ်ဆိုတာသိလို့ သူ့ကိုကူညီတဲ့အနေနဲ့ ပေးခဲ့တာလေ။ တစ်ဖက်မှာတော့ သူကြိုတင်ကာကွယ်ဖို့ ပေးတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ဒီဆေးရဲ့အာနိသင်ကို သိသွားကြတာနဲ့ အကြံအစည်တွေအမျိုးမျိုးရှိလာကြမယ်ဆိုတာ သိပြီးသားပါ”
Space and Rebirth 708
သူမသည် အံ့ချီးဖွယ်သမားတော်တစ်ဦးဖြစ်ပြီး တစ်ကမ္ဘာလုံးအနှံ့ခရီးထွက်ကာ လူများအားကယ်တင်ရန်အတွက် ဆေးပညာသင်ယူခဲ့ခြင်းမဟုတ်ပါပေ။ ထိုသို့ဆိုလျှင် သူမတစ်ဘဝလုံးမရပ်မနားကြိုးစားလျှင်ပင် လူများစွာကို ကယ်တင်နိုင်လောက်မည်မဟုတ်။ သို့ရာတွင် ဆေးဝါးစက်ရုံတစ်ခုဖွင့်လျှင်မူ ထိုသို့မဟုတ်တော့ချေ။ အချိန်ကုန်လူပင်ပန်းမည့်ဒဏ် များစွာသက်သာနိုင်ပြီး အကျိုးအာနိသင်သည်လည်း ပိုကြီးမားလာလိမ့်မည်။
ဥပမာပြရလျှင် သဘာဝဘေးအန္တရာယ်နှင့် လူလုပ်ကပ်ဘေးများ ဖြစ်နေချိန်တွင် ဆေးဝါးအမြောက်အများလိုအပ်ပေသည်။ ဆရာဝန်တစ်ဦးသည် ဆေးဝါးစက်ရုံတစ်ခုနှင့် မယှဥ်နိုင်ချေ။
ကျင်းယွင်ကျောင်း၏ ရှင်းပြချက်အပြီးတွင် ချီကျုံးသည် နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူ၏စိတ်ထဲတွင်မူ ခါးသီးမှုမရှိပါချေ။
ကျင်းယွင်ကျောင်းသည် အသက်ကူးဖြတ်ဆေးကို အသုံးပြုကာ ငါးစာချနေခြင်းဖြစ်သည်။ ယုတ္တိကျကျပြောရလျှင် အာစရိသည်လည်း ၎င်းကို ကောင်းကောင်းသိနေလောက်ပေမည်...
ဤအရာကို စဥ်းစားကြည့်လိုက်သောအခါ ချီကျုံး၏နှုတ်ခမ်းစွန်းများတွန့်သွားသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် နားလည်သဘောပေါက်သွား၏။ အာစရိသည် ဤအရာအား ကောင်းကောင်းသိနေသောကြောင့်သာ ဘာမှမပြောခဲ့ခြင်းဖြစ်သည်။ ထိုအစား ကျင်းယွင်ကျောင်းနှင့် ဆွေးနွေးရန် သူ့ကိုလွှတ်ထားခဲ့လေသည်။
သူတို့နှစ်ဦးသည် လင်မယားပင်မဖြစ်သေးသော်လည်း တစ်ကြိတ်တည်းတစ်ဉာဏ်တည်းရှိနေကြလေပြီ။ အနာဂတ်တွင် သူတို့သည်သာ အမှန်တကယ် စုံတွဲဖြစ်လာခဲ့လျှင်...
“မရီးရဲ့အကြံပြုချက်ကို အထက်လူကြီးတွေဆီ တင်ပြပေးပါ့မယ်၊ တောင်းဆိုချက်က ကြီးကြီးမားမားမဟုတ်တာမို့ ပြသာနာဖြစ်မှာမဟုတ်ဘူး၊ ဒါပေမယ့် အသက်ကူးဖြတ်ဆေးက မရီးလက်ထဲမှာရှိတယ်ဆိုရင် ဒီကိစ္စကိုအလေးအနက်ထားစဥ်းစားမှဖြစ်မယ်။ အချိန်တစ်ခုကျလာရင် စစ်တပ်ဘက်ကလည်း မရီးနဲ့ သဘောတူညီချက်တွေအများကြီး ထိုးမှာပဲ၊ လျှို့ဝှက်ဖော်မြူလာသာ ပေါက်ကြားသွားရင် မရီးပဲ အကြီးအကျယ်တာဝန်ယူရလိမ့်မယ်”
ချီကျုံး သူမကိုသတိပေးလိုက်၏။
ဤသည်မှာ သတိပေးချက်တစ်ခုသာဖြစ်သော်လည်း အနည်းငယ်ကြောက်စရာကောင်းလေသည်။ ကျင်းယွင်ကျောင်းမှာမူ ၎င်းကိုကြောက်မနေချေ။ မည်သည့်အရာမဆို အကျိုးအမြတ်ရှိလျှင် အန္တရာယ်ရှိသည်မှာ သဘာဝပင်။ သူမသည် လျှို့ဝှက်ချက်ထိန်းသိမ်းရာတွင် အလွန်နှုတ်လုံသောလူတစ်ဦးဖြစ်၏။
ထိုတင်မက ထိုလျှို့ဝှက်ဖော်မြူလာဆိုသည်မှာလည်း သူမဦးနှောက်ထဲတွင်သာရှိပေသည်။ ဤမျှလောက် လွယ်လွယ်ကူကူဖြင့် အဘယ်သို့ပေါက်ကြားနိုင်မည်နည်း?
ကျင်းယွင်ကျောင်းသည် ချက်ချင်းပင်ခေါင်းငြိမ့်၍ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ဘက်က အသက်ကူးဖြတ်ဆေးထုတ်လုပ်မယ့် စက်ရုံကိုဆောက်မှာမို့လို့ ကျွန်မအတွက်လိုအပ်တဲ့ စာရွက်စာတမ်းအစုံကို ယူလာပေးဖို့ဆိုတာ ခက်ခဲတဲ့အလုပ်မဟုတ်ဘူးမှတ်လား? စက်ရုံတည်နေရာကိုပါ ရွေးပေးရင်တော့ အကောင်းဆုံးပေါ့၊ စက်ရုံတစ်ခုနဲ့ တစ်ခုက အရမ်းခြားနေလို့မဖြစ်ဘူးလေ၊ မဟုတ်ရင် အပြင်လူတွေက ထူးဆန်းတယ်လို့ ထင်ကြမှာပေါ့ မဟုတ်ဘူးလား?”
“ခင်ဗျားကတကယ်ပဲ...”
ချီကျုံးသည် ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးပြောလိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ထိုလက်ညှိုးကိုပြန်ချလိုက်သည်။
“ခင်ဗျားကတကယ် ကျွန်တော့်ကိုအခွင့်ကောင်းယူနေတာပဲ”
“အခွင့်ကောင်းယူတာမဟုတ်ပါဘူး၊ တန်ဖိုးတူညီတဲ့အရာနှစ်ခုကို အပေးအယူလုပ်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မနာမည်အောက်မှာရှိတဲ့စက်ရုံက အသက်ကူးဖြတ်ဆေးထုတ်ပေးမယ့်စက်ရုံနဲ့ အတူတူပဲဆိုတာ မမေ့လိုက်နဲ့၊ စာရွက်စာတမ်းတွေမစုံရင် ဆေးထုတ်ဖို့ ဘယ်လိုသတ်မှတ်ချက်မီတော့မလဲ? စစ်တပ်ကလူတွေက ဥပဒေကို သိသိရက်နဲ့ ချိုးဖောက်လို့တော့မရဘူးလေ ဟုတ်တယ်မလား?”
ကျင်းယွင်ကျောင်းဟက်ခနဲရယ်လိုက်သော်လည်း သူမလေသံသည် အနည်းငယ်အထက်စီးဆန်နေ၏။
ချီကျုံးသက်ပြင်းသာချလိုက်သည်။
“ဟုတ်ပြီလေ နားလည်ပြီ။ ဒီကိစ္စကိုတတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းပေးမယ် ဒါပေမယ့် မရီးမှာ ငွေအလုံအလောက်ရှိရဲ့လား? မရှိရင် တပ်ဘက်ကနေ ချေးငွေထုတ်ပေးဖို့ ပြောပေးမယ်၊ အဲဒါအပြင် အသက်ကူးဖြတ်ဆေးစက်ရုံရဲ့ ဒါရိုက်တာကို ရွေးပြီးရင် မရီးနဲ့ပေးတွေ့ပေးမယ်”
“ငွေဆိုရင်တော့ စိတ်မပူပါနဲ့၊ ကျွန်မက ငွေရှုံးရတာကို ကြိုက်တဲ့လူမဟုတ်ဘူး”
ကျင်းယွင်ကျောင်းသည် စကားပြောပြီးသည်နှင့် ယဥ်ကျေးစွာပြုံးကာ လှည့်ထွက်သွားတော့သည်။ သို့ရာတွင် ခြေနှစ်လှမ်းမျှ လှမ်းပြီးချိန်တွင် သူမသည် ခြေလှမ်းကိုတန့်၍ မေးလိုက်၏။
“ထောင်ကဲ့ကိုရှင်းပေးဖို့ စစ်တပ်ကိုတောင်းဆိုရင်ရော လုပ်ပေးနိုင်မှာလား?”
ချီကျုံ၏အကြည့်များ နက်ရှိုင်းသွားသည်။
“စတာပါ၊ ဒီလိုကိစ္စအသေးစားလေးအတွက်နဲ့ တပ်ဘက်က လူတွေအများကြီးကို မသုံးခိုင်းပါဘူး။ ဒါပေမယ့် ဒါကသာ ကျွန်မရဲ့သတ်မှတ်ချက်ဆိုရင် ရှင်တို့လုပ်ပေးကြမှာပဲ၊ ဒီကိစ္စက တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်နေတာပဲလေ...”
ကျင်းယွင်ကျောင်းအပြုံးသည် အနည်းငယ်အေးစက်နေ၏။
ချီကျုံးစကားများ၏အဓိပ္ပာယ်ကို သူမကောင်းကောင်းနားလည်ပေသည်။ သူမသည် အသက်ကူးဖြတ်ဆေးအား ရောင်းချ၍မရပေ။ စစ်တပ်ကိုဆန့်ကျင်သောသူများအား သူမရောင်းချလိုက်ပါက သူမအသက်သည် အန္တရာယ်တွင်းထဲသို့ ကျရောက်သွားပေမည်။
သို့ရာတွင် သူမသည် အနည်းငယ်ကြောက်ရွံ့သလို ခံစားလိုက်ရသော်လည်း ဤကိစ္စမှာ မှားသည်ဟုမမြင်ပေ။ စစ်တပ်၏တာဝန်မှာ မိမိတိုင်းပြည်ကိုကာကွယ်ရန်ဖြစ်၏။ စိတ်ထားကောင်းပြီး ကြင်နာသောသူများသည် မိမိနိုင်ငံအား ပြန်ဒုက္ခပေးမည်မဟုတ်ချေ။ လူတိုင်းတွင် မိမိနေရာနှင့် မိမိရှိကြပေ၏။ ဤအရာအား မှားသည် သို့မဟုတ် မှန်သည်ဟု ပြောရသည်မှာ အလွန်တစ်ဖက်သတ်ဆန်လွန်းပေသည်။