← Chapters

အခန်း (၇၀၉-၇၁၂)

Vol. 36 Ch. 709-712

အခန်း (၇၀၉-၇၁၂)

Vol. 36 Ch. 709-712

Space and Rebirth 709

ကျင်းယွင်ကျောင်းနှင့် ချီကျုံးသည် အချိန်အတော်ကြာ စကားပြောနေခဲ့သည်။ သူတို့သည် တမင်တကာပင် ကျောင်းသားများအား ရှောင်ဖယ်နေခဲ့သည်။ ထိုမှသာ သူတို့ပြောသောစကားများကို မည်သူမျှကြားနိုင်မည်မဟုတ်ပေ။ သို့ရာတွင် သူတို့သည် အဝေးမှ ချီကျုံး၏လေးနက်သောမျက်နှာထားကို လှမ်းကြည့်လိုက်သောအခါ သူသည် ကျင်းယွင်ကျောင်းအား မကောင်းသောအရာတစ်ခုခု ပြောနေသည်ဟု ထင်လိုက်ကြ၏။

ကျင်းယွင်ကျောင်းမှ ဟော်ထျန်းရှန်းတို့ဆီပြန်လာသောအခါ သူတို့အားလုံး၏မျက်နှာများသည် ပူပန်မှုများနှင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရ၏။

“ကျင်းယွင်ကျောင်း၊ အဲ့လူကြီးက နင့်ကိုဘာတွေပြောလိုက်တာလဲ? နင့်ကိုကျောင်းအုပ်ကြီးဆီတိုင်ပြီး ကျောင်းထုတ်မယ်တဲ့လား?”

ဟော်ထျန်းရှန်း မျက်မှောင်ကြုတ်လိုက်သည်။

သူတို့သည် သိကျွမ်းရင်းနှီးသည်မှာ မကြာသေးသော်လည်း လေးဦးသားသည် အတော်အတန်ခင်မင်နေကြလေပြီ။ အထူးသဖြင့် ကျင်းယွင်ကျောင်းဖြစ်၏။ ဟော်ထျန်းရှန်းသည် သူမအားထူးခြားသည်ဟု ခံစားမိနေသဖြင့် သူငယ်ချင်းတစ်ဦးကဲ့သို့ ဆက်ဆံပေသည်။

“မဟုတ်တာ ဒါကစစ်စခန်းလေ၊ နောက်ဆုံးဆုံးဖြတ်ချက်ကိုချရတာ နည်းပြပဲ၊ သူသာငါ့ကိုအပြစ်ပေးချင်ရင် စစ်လေ့ကျင့်ရေးနည်းလမ်းကိုသုံးမှာပေါ့ ကျောင်းနဲ့ဘာမှမဆိုင်ဘူး”

ကျင်းယွင်ကျောင်းပြောလိုက်၏။

“ဒါဆို သူကအဆင်ပြေတယ်တဲ့လား?”

ဘေဘီယောင် အံ့အားသင့်သွားသည်။

သူမသည် ဟော်ထျန်းရှန်းနှင့်အတူ နည်းပြချီကို သွားခေါ်ခဲ့ရသဖြင့် ကျင်းယွင်ကျောင်းမှ တစ်စုံတစ်ဦးအား ရိုက်နှက်သည်ကို မမြင်လိုက်ခဲ့ရချေ။ သို့ရာတွင် ယန်ရှင်းယွဲ့အရ အလွန်အကြင်အနာကင်းမဲ့စွာ ရိုက်နှက်ခဲ့သည်ဟုကြားသည်။ အရိပ်ပင်မမြင်ရသော သူမလက်များသည် “ဝှစ် ဝှစ်” ဟူသောအသံသာထွက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းတွင် ထိုမိန်းကလေး၏ မျက်နှာသည် ဝက်ခေါင်းတစ်လုံးနှယ်ဖြစ်နေချေပြီ!

အတန်းနှစ်တန်းလုံးမှ ကျောင်းသားများသည် ကျင်းယွင်ကျောင်းအား ပြသာနာတက်ပြီဟု ထင်ခဲ့ကြသော်လည်း သူမသည် နောက်ဆုံးတွင်…အဆင်ပြေနေပေသည်?

“ငါ့တို့ကိုနှစ်သိမ့်စရာမလိုပါဘူး၊ ငါတို့လည်းဒီအခြေအနေ ဘယ်လောက်လေးနက်လဲဆိုတာသိတယ်။ ကျင်းယွင်ကျောင်း၊ ကျောင်းစတာလည်း မကြာသေးဘူးဆိုတော့ အရမ်းနောက်မကျသေးပါဘူး။ အဆိုးဆုံးအခြေအနေဖြစ်လာရင် နင်ကျောင်းထွက်တာနဲ့ ကျောင်းနောက်တစ်ကျောင်းကို ပြောင်းနိုင်ဖို့ ငါလူရှာပေးမယ်။ အာ ဟုတ်သားပဲ နင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းလား? အမှတ်ကောင်းတယ်ဆိုရင် အဆင်ပြေပြီ”

ဟော်ထျန်းရှန်းသည် တဲ့တိုးပင် ပြောလိုက်တော့၏။

“စိတ်မပူပါနဲ့ ငါအဆင်ပြေတယ် ဒါနဲ့ ငါထောင်ကဲ့ကို သွားကြည့်မလို့ နင်တို့လိုက်မလား?

ကျင်းယွင်ကျောင်းမေးလိုက်သည်။

သုံးဦးသား ကြက်သေသေသွား၏။

“နင်တကယ်အဆင်ပြေတာလား?”

သူတို့ထပ်မံအတည်ပြုစစ်ဆေးလိုက်ပြန်သောအခါ ကျင်းယွင်ကျောင်းချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်သည်။

ထိုမှသာ သုံးဦးသားသည် သက်မချနိုင်တော့သည်။ ဟော်ထျန်းရှန်း၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ်ကွေးညွှတ်သွားတော့၏။

“ကောင်မလေး၊ နင်ကတကယ် ဇ ရှိတာပဲ။ နင့်ဒေါသအတိုင်း လုပ်နိုင်ခဲ့ရုံမက ဒီအရှုပ်အရှင်းကနေတောင် ဘာမှမဖြစ်ဘဲ ပြန်ထွက်လာနိုင်တယ်”

ကျင်းယွင်ကျောင်းသဘောကျသွားဟန်ဖြင့် ရယ်လိုက်သည်။

အတန်း A07 ၏ကျောင်းသားများသည် ယခုမှသာ အကြိမ်အနည်းငယ်ခန့် ကွင်းတစ်ပတ်စီပြေးပြီးသည်ဖြစ်ရာ အနားယူနေကြလေ၏။ တစ်ဖက်တွင်မူ ကောလဟာလများကို ဖြန့်ခဲ့သော အတန်း A08 ၏ကျောင်းသားများမှာ နေပူကျဲတဲအောက်တွင် သတိအနေအထားဖြင့် ရပ်နေကြရသည်။

ကျင်းယွင်ကျောင်းနှင့်ကျန်သုံးဦးသည် လူနာဆောင်သို့ သွားလိုက်ကြ၏။ သူတို့သည် တံခါးကိုဖွင့်လိုက်သောအခါ မျက်မှောင်ကြုတ်၍ တစ်ခုခုကိုရေရွတ်နေပြီး အဝတ်စုတ်တစ်ခုနှင့် ပြာယာခတ်နေသော ဆရာဝန်တစ်ဦးကို တွေ့လိုက်ကြရသည်။

ဤဆရာဝန်မှာ ကျောင်းသားများ၏ ကျန်းမာရေးအား ကြပ်မတ်ပေးရန် ဤနေရာသို့ အထူးတာဝန်ကျထားသော တပ်ဆရာဝန်တစ်ဦးဖြစ်သည်။

“ဆရာ၊ သူဘယ်လိုလဲ? မသေလောက်ပါဘူးနော်?”

ဟော်ထျန်းရှန်းသည် မြင်ပြင်းကတ်နေသောလေသံဖြင့် ပြောလိုက်၏။ ထောင်ကဲ့သည် အိပ်ရာပေါ်တွင် လှဲနေဆဲဖြစ်ပြီး ခန်းဆီးကြောင့် လူလုံးမမြင်ရပေ။ သူမကြည့်ရသည်မှာ သတိပြန်မရသေးသည့်ပုံပေါ်၏။

“ရောက်ပြီလား မေးစရာရှိတာနဲ့အတော်ပဲ။ ဒီအဝတ်ပေါ်မှာ ဘယ်သူကဆေးထည့်ထားတာလဲ?”

ဆရာဝန်မှ အလျင်အမြန်မေးလိုက်၏။

ဆေးအနံ့သည် အလွန်ထူးခြားဟန်ရှိပြီး မွှေးကြိုင်နေပေသည်။ ညိုမည်းစွဲဒဏ်ရာများနှင့် ဖူးယောင်ခြင်းများကို ပျောက်ကင်းစေနိုင်သောအာနိသင် ရှိပုံရသည်။ သို့ရာတွင် ဤဆေးအာနိသင်မှာ ကောင်းလွန်းနေသည်။ သူမမျက်နှာမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ဖူးယောင်နေသည်ဟု လူနာမိန်းကလေးအား ဤနေရာသို့ခေါ်လာသော ကျောင်းသားများက ပြောခဲ့ကြသော်လည်း အဝတ်စကို ဖယ်လိုက်သောအခါတွင် လုံးဝအကောင်းပကတိအတိုင်းဖြစ်နေသောမျက်နှာကို တွေ့လိုက်ကြရ၏!

သူမမျက်နှာတွင် အစွန်းကြောင်းများ ကျန်နေသော်လည်း ၎င်းတို့မှာ အနီရောင်အကြောင်းများသာဖြစ်သည်။ သိပ်မကြာခင်တွင် ကွယ်ပျောက်သွားမည်ဖြစ်ရာ ကျောင်းသားများပြောသလောက် မပြင်းထန်ပါချေ။

သို့ရာတွင် ကျောင်းသားများမှာလည်း လိမ်နေသည့်ပုံမပေါ်ပေ။ ထို့ကြောင့် စဉ်းစားကြည့်လိုက်သောအခါ ဤဆေး၏အာနိသင်သာဖြစ်ချေမည်။

“ကျွန်မထည့်ထားတာပါ”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

“မင်းလား? ဒီဆေးကို ဘယ်ကနေဝယ်ထားတာလဲ? ဘာတံဆိပ်လဲ?”

ဆရာဝန်မှ ထပ်မေးလိုက်ပြန်သည်။

“ကျွန်မတို့မိသားစုထဲမှာ လက်ဆင့်ကမ်းလာတဲ့ ဆေးစပ်နည်းပါ စိတ်တော့မရှိပါနဲ့ ပြောပြပေးလို့မရပါဘူး”

ကျင်းယွင်ကျောင်းယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။

ဆရာဝန်သည် အနည်းငယ်စိတ်မကောင်းဖြစ်သွားတော့သည်။

“ဒီဆေးက တကယ်မှော်ဆန်တာပဲ။ မင်းမိသားစုက ဒီဆေးကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဟုတ်သားပဲ အခုရောက်လက်စနဲ့ ဒီမိန်းကလေးနိုးလာရင် ပြန်ခေါ်သွားလို့ရပြီ၊ ကြီးကြီးမားမားဖြစ်တာမဟုတ်ဘူး၊ အပြင်ဒဏ်ရာရော အတွင်းဒဏ်ရာရောမရှိတာမို့ အဆင်ပြေတယ်”

Space and Rebirth 710

ဆရာဝန်မှ စကားပြောပြီးသည်နှင့် ဟော်ထျန်းရှန်းသည် မျက်ခုံးကိုပင့်ချီကာ ယန်ရှင်းယွဲ့ကို ဝေ့ကြည့်လိုက်သည်။

“နင်ပြောတော့ သူကတော်တော်ဆိုးဆိုးအရိုက်ခံထားရတာဆို?”

ယန်ရှင်းယွဲ့သည် ရိုးသားစွာဖြင့် သူမခေါင်းကိုခါလိုက်သည်။

အမှန်တကယ်ပင် ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပေသည်။ သူမနှာခေါင်းမှ သွေးစီးကြောင်းနှစ်ကြောင်းကို မြင်နေခဲ့ရပြီး ယခုပင်လျှင် လေ့ကျင့်ရေးကွင်း၌ သွေးစွန်းကွက်များရှိနေသေး၏။

ကျင်းယွင်ကျောင်းမှာ မည်သို့သောတုန်လှုပ်မှုမှမရှိချိန်တွင် ကျန်သုံးဦးမှာ တုံဏှိဘာဝေဖြင့် ခန်းဆီးလိုက်ကာကို ဆွဲဖွင့်လိုက်သောအခါ အိပ်ရာပေါ်တွင် လှဲနေသောထောင်ကဲ့ကို မြင်လိုက်ကြရ၏။ သူမမျက်နှာသည် ပုံမှန်ထက် နီမြန်းနေသည်ကလွဲရင် ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာမျိုးမှ မရှိပါပေ။

ယန်ရှင်းယွဲ့မှာ ပို၍ပင်ထိတ်လန့်အံ့အားသင့်သွားသည်။ သူမသည် ထောင်ကဲ့၏ သနားစရာအခြေအနေကို သူမမျက်လုံးဖြင့် ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ရသူမဟုတ်လော။ ဤကဲ့သို့အချိန်တိုအတွင်းတွင် အဘယ်ကြောင့် သူမ၏ဒဏ်ရာများ ပျောက်ကင်းသွားနိုင်ရသနည်း?

“ကျင်းယွင်ကျောင်း၊ သူ...”

“ခုနကတုန်းက ငါသူ့မျက်နှာပေါ်ကို အဝတ်တစ်ခုကပ်လိုက်တယ်မလား? အဲ့အဝတ်ပေါ်မှာ ဆေးလူးထားတယ်”

ကျင်းယွင်ကျောင်း ရိုးရှင်းစွာ ရှင်းပြလိုက်သည်။ သူမရှင်းပြလိုက်သောအခါ ယန်ရှင်းယွဲ့သည် ပို၍ပင် အံ့အားသင့်သွားတော့၏။

မည်သို့သောဆေးဝါးက ဤကဲ့သို့အံ့သြဖွယ်အာနိသင်ရှိနိုင်မည်နည်း? သူမသည် ဤမျှလောက်တိုတောင်းသောအချိန်တွင် ဒဏ်ရာများပျောက်ကင်းသက်သာသွားခဲ့၏။ ထို့ကြောင့်လည်း သူတို့အခန်းထဲဝင်လာစဥ်က ဆရာဝန်ဖြစ်သူက ထိုစကားများပြောခဲ့ခြင်းဖြစ်ပေသည်!

သူတို့သည် ခန်းဆီးလိုက်ကာကို ဖြတ်ကျော်၍သွားပြီးနောက် ဟော်ထျန်းရှန်းသည် လိုက်ကာကို ပြန်မလိုက်ပြန်သည်။ သူမသည် အိပ်ရာပေါ်တွင်လှဲနေသော ထောင်ကဲ့အားကြည့်ကာ ဟမ့်ခနဲအသံပြုလိုက်ပြီး ထောင်ကဲ့၏မျက်နှာကို လက်ဖြင့်တို့၍ ပြောလိုက်သည်။

“ဒီမျက်ခွက်ကို မုန်းလိုက်တာ”

သူမသည် စကားပြောရင်းဖြင့် လက်ကိုလှမ်းကာ ထိုမျက်နှာကို အားထည့်၍ဆွဲညှစ်လိုက်လေ၏။ ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများ တွန့်သွားသည်။

သူမသည် ထောင်ကဲ့သတိရှိစဥ်က သူမအား လူဘုံအလယ်တွင် ပေါ်ပေါ်တင်တင်ရိုက်နှက်ခဲ့၏။ သို့ရာတွင် ဟော်ထျန်းရှန်း၏ တုံ့ပြန်ပုံမှာ...စိတ်သဘောထားသေးသိမ်သည်ဟု ပြောရမည်။ ခံပြင်းစရာလည်းကောင်းသလို သဘောကျဖွယ်လည်းကောင်းပေသည်။

ကျင်းယွင်ကျောင်းသည် ဘာမှသိပ်မပြောချေ။ သူမလက်ကိုလှမ်း၍ ထောင်ကဲ့ခန္ဓာကိုယ်ပေါ်ရှိ အကြောမှတ်တချို့ကိုသာ ဖိလိုက်၏။ ကျင်းယွင်ကျောင်း၏လုပ်ရပ်များကို ဟော်ထျန်းရှန်းနှင့် အခြားသူများ မေးခွန်းထုတ်နေစဥ်မှာပင် ထောင်ကဲ့၏မျက်ခွံများ နှစ်ကြိမ်ခန့်လှုပ်သွားသည်။

“သူနိုးလာပြီ သူနိုးလာပြီ”

ဘေဘီယောင်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

အိပ်ရာနှစ်ဖက်ခြမ်းလုံးတွင်ရှိနေသော မျက်လုံးလေးစုံသည် အိပ်ရာပေါ်သို့ ချက်ချင်းသက်ရောက်သွားကြသည်။

ထောင်ကဲ့သည် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။ သူမပါးစောင်နှစ်ခုလုံးမှ အက်ကွဲမတတ်နာကျင်မှုကို ခံစားလိုက်ရသည်။ သူမသွားများသည် ကျွတ်ကျလုမတတ် ခံစားနေရပြီး အလွန်ပင် နေရထိုင်ရမသက်သာလှပေ။

ကျင်းယွင်ကျောင်းသည် သူမအား ရာရာစစ ဤသို့ဆက်ဆံရဲသည်။ ဤတစ်ခေါက်တွင် ဤအခွင့်အရေးကိုယူပြီး သူမအား ကျောင်းထုတ်ရပေမည်!

သူမသည် ထိပ်သီးကျောင်းသူဖြစ်နေ၍ ဘာဖြစ်မည်နည်း? အမှတ်များ၍ ဘာလုပ်ရမည်နည်း? ဤသည်မှာ ကျောင်းစတင်ဖွင့်ချိန်ဖြစ်သဖြင့် ဤကဲ့သို့သောအရှုပ်ထုပ်မျိုးကို ကျောင်းကဆက်လက်ခံမည်မဟုတ်ချေ!

မူးဝေနောက်ကျိလာမှုကို အောင့်ခံရင်း ထောင်ကဲ့၏မျက်လုံးများသည် နောက်ဆုံးတွင် ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်လိုက်၏။

“အား!”

သူမသည် လန့်ဖျပ်သွားသဖြင့် ထအော်တော့သည်။ အိပ်ရာပေါ်မှ ခုန်ထွက်လုမတတ်ဖြစ်သွားပြီး သူမတစ်ကိုယ်လုံး တုန်ခါမှုအပြည့်ဖြင့် ကျုံ့ဝင်သွားတော့၏။

“နင်တို့လေးယောက်ပဲ...ဘာလိုချင်တာလဲ?! ကျင်းယွင်ကျောင်း၊ နင့်ကိုကြောက်နေမယ်လို့ မထင်လိုက်နဲ့။ နင်ငါ့ကိုဒီလိုရိုက်ထားတာကို ကျောင်းက လွှတ်ပေးမှာမဟုတ်ဘူး နင့်ကိုသေချာပေါက်ကျောင်းထုတ်ကြမှာ!”

“ဟုတ်လား? ငါကတော့ အဲ့လိုမထင်ဘူး”

ကျင်းယွင်ကျောင်းသည် တိုးဖွဖွဖြင့် ရယ်လိုက်သည်။ သူမသည် ခြေတစ်လှမ်းလှမ်းကာ ဆရာဝန်၏စားပွဲပေါ်မှ မှန်အသေးစားတစ်ခုကို သူမဆီသို့ပစ်ပေးလိုက်သည်။

“နင့်ရုပ်ကိုနင်ကောင်းကောင်းကြည့်လိုက်၊ နင်ဘယ်လိုပုံစံပေါက်နေလဲ?”

“နင်ကငါ့နာမည်ကိုဖျက်လို့ နင့်ကိုဟိုတွန်းဒီတွန်းပဲဖြစ်မိသွားတာ ဘယ်သူကငါ့ကိုအပြစ်ပေးမှာလဲ? အပြစ်ပေးချင်ရင်တောင် ကျောင်းနဲ့ဆိုင်တဲ့ကိစ္စဖြစ်မှာမဟုတ်ဘူး။ ဒီစစ်စခန်းမှာ ဖြစ်လာမယ့်အကျိုးဆက်တွေအားလုံးကိုခံဖို့ ငါ့မှာသတ္တိရှိတယ် နင်ကရော?”

ထောင်ကဲ့သည် လုပ်သာလုပ်ရဲပြီး ခံရသည့်သတ္တိမရှိချေ။ အခြားသူများနှင့်ပတ်သတ်၍ အဓိပ္ပာယ်မရှိသည့်အရာများ ပြောနေသဖြင့် သူမအား ပါးတစ်ချက်နှစ်ချက်ရိုက်၍ အပြစ်ပေးသည်ကပင် အတော်အတန်ပေါ့လျော့သောပြစ်ဒဏ်ဖြစ်နေလေပြီ!

ထောင်ကဲ့သည် ဇဝေဇဝါဖြစ်ဟန်ဖြင့် မှန်ထောင်ကြည့်လိုက်၏။ သို့သော် သူမသည် မှန်ထဲမှပုံရိပ်နှင့် အကြည့်ချင်းဆုံသွားသောအခါ ချက်ချင်းပင် ကြက်သေသေသွားတော့သည်။

သူမမျက်နှာမှာ လှပသည်ဟုခေါ်၍မရပေ။ မျက်နှာပေါ်တွင် မှဲ့ခြောက်အချို့ပင်ရှိသေးသည်။ ထို့ကြောင့် သူမသည် လူတိုင်းကအလှပဂေးဟု ချီးကျူးရသော ကျင်းယွင်ကျောင်းနှင့် မယှဥ်နိုင်ပါချေ။ ဤကိစ္စကြောင့် သူမသည် ကျင်းယွင်ကျောင်းကိုတွေ့တိုင်းတွင် အလိုလိုသိမ်ငယ်စိတ်ဝင်လာတတ်သည်။ ထို့ကြောင့်လည်း ကျင်းယွင်ကျောင်းအား မမုန်းဘဲမနေနိုင်ခဲ့ခြင်းဖြစ်လေသည်။

သူမသည် ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရပြီးနောက် သူမ၏ပုံမှန်ရုပ်အတိုင်း မဖြစ်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။ သူမသည် မျက်နှာပေါ်ရှိ ပြတ်ထွက်လုမတတ်နာကျင်မှုကိုခံစားနေရပြီး ထုံကျင်မှုလှိုင်းလုံးများမှာလည်း မရပ်သေးချေ။ သို့သော် သူမသည် အဘယ်ကြောင့် အကောင်းပကတိဖြစ်နေရသနည်း?

Space and Rebirth 711

ထောင်ကဲ့သည် ဤမျက်နှာအား ဘယ်တစ်ပြန် ညာတစ်ပြန်ကြည့်လိုက်သည်။ သူမလက်ဖြင့် မျက်နှာအားအသာအယာထိလိုက်သောအခါ ချက်ချင်းဆိုသလိုပင် နာကျင်မှုဖြင့် စူးခနဲအောင့်သွားတော့၏။ သူမသည် ပြောစရာစကားလုံးဝပျောက်ဆုံးသွားလေသည်။

“ဒီလိုမဟုတ်ဘူး ကျင်းယွင်ကျောင်း။ နင့်ငါ့မျက်နှာကို အသေအချာကြီး ပြင်းပြင်းထန်ထန်ရိုက်ထားတာ! ဒဏ်ရာတွေဘယ်မှာလဲ!”

ထောင်ကဲ့အော်ဟစ်လိုက်၏။

“ဆရာဝန်ကအပြင်မှာရှိတယ်၊ သူကစစ်ဆရာဝန်လေ။ နင့်မှာ အတွင်းဒဏ်ရာရော အပြင်ဒဏ်ရာရောမရှိဘူးလို့ သူပြောပြီးသွားပြီ၊ နင်အရမ်းကိုအဆင်ပြေတယ်တဲ့”

ကျင်းယွင်ကျောင်းအသံသည် အေးစက်နေ၏။

“ထောင်ကဲ့၊ ငါနင့်ကိုအခွင့်အရေးတွေအများကြီးပေးခဲ့တယ်မထင်ဘူးလား?”

“ရထားပေါ်မှာ နင်ငါ့နာမည်ကိုသုံးပြီး တခြားလူတွေကိုစကားပြောတုန်းကလည်း ငါဘာမှဝင်မပြောခဲ့ဘူး။ နင့်အပြစ်ကနေ ငါ့အပြစ်ဖြစ်အောင်လုပ်ခဲ့တဲ့ အဲဒီပါးစပ်ပုပ်ကြီးကြောင့်သာမဟုတ်ရင် ငါလည်းနင့်ရှေ့ထွက်လာခဲ့မှာမဟုတ်ဘူး။ နင့်ဘာသာနင် အေးဆေးကြွားလုံးထုတ်ပြီး ‘ကျင်းယွင်ကျောင်း’ အဖြစ်ဟန်ဆောင်နေတာကို ငါလွှတ်ပေးထားမှာပဲ။ နင့်အလိမ်တွေကို ငါဖော်လိုက်တယ်ဆိုတာ မှန်ပေမယ့် အမှားလုပ်ခဲ့တဲ့လူကနင်ပါ။ ငါကနင့်ကိုလူရှေ့မှာလည်း ရန်မတွေ့ခဲ့သလို လှောင်လည်းမလှောင်ခဲ့ဘူး အဲဒါကိုနင်ကဘာတွေများမကျေမနပ်ဖြစ်နေတာလဲ?”

“ပြီးတော့ နင်ကျောင်းထဲဝင်လာတုန်းက ဟော်ထျန်းရှန်းပစ်ချတဲ့ပစ္စည်းတွေကို ထိမိတာလည်း တိုက်ဆိုင်မှုတစ်ခုပဲ၊ သူ့ကြောင့်ထိသွားတဲ့လူက နင်မှန်းတောင် ငါမသိခဲ့ပေမယ့် နင်ကတော့ ငါ့ကိုအပြစ်တင်ဖို့ပဲချောင်းနေခဲ့တယ်။ နင်ငါ့ကိုအထင်လွဲတာလို့ပြောမယ့်အစား နင့်စိတ်ထဲက နင်ဘယ်တော့မှယှဥ်လို့မရမယ့် မကောင်းတဲ့လူအဖြစ် ငါ့ကိုတမင်လူဆိုးဇာတ်သွင်းနေတာဆိုရင် ပိုမှန်မယ်။ ဒီလောက် ‌မောက်မာပြီး တစ်ကိုယ်ကောင်းဆန်တဲ့နင့်ကို ပါးတစ်ချက်နှစ်ချက်ရိုက်တာ ဘာဖြစ်လဲ?”

သူမတို့နှစ်ဦးလုံးသည် ဟွားနင်ခရိုင်မှ လာခဲ့ကြသောကြောင့် ထောင်ကဲ့သည် သူမအား ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း ကျင်းယွင်ကျောင်စိတ်ထဲတွင် သိနေခဲ့သည်။ သူတို့နှစ်ဦးလုံးသည် တစ်နယ်တည်းသာများဖြစ်ပြီး A တက္ကသိုလ်သို့ တက်သည်မှာလည်း တူသည်။ သို့သော် ကျင်းယွင်ကျောင်းသည် ထိပ်သီးကျောင်းသူဖြစ်ပြီး ရထားပေါ်တွင် အဘိုးအိုတစ်ဦးကို ကယ်တင်ခဲ့သည်။ ထောင်ကဲ့မှာ ထိုအရာနှင့်ဆန့်ကျင်ဘက်ပင်။

သူမသည် A တက္ကသိုလ်သို့ရောက်ရှိစဥ်က လေးယောက်အခန်းတွင် နေခဲ့သည်။ ထိုမျှလောက်စျေးကြီးသည်မဟုတ်သော်လည်း သူမအခန်းဖော်များမှာ ယွမ်သောင်းဂဏန်းချီသောပစ္စည်းများကို လွယ်လင့်တကူပစ်ပေးတတ်ကြသည့် သူဌေးသမီးများဖြစ်သော ဟော်ထျန်းရှန်းနှင့် ဘေဘီယောင်ဖြစ်၏။ ထောင်ကဲ့သည် ပို၍ပင် မကျေမနပ်ဖြစ်လာပြီး ဤအရာကြောင့် သူမအပေါ် မနာလိုစိတ်ကြီးမားလာခဲ့သည်။

သို့သော် လက်တွေ့တွင် ခေါင်းမာနေသူမှာ ထောင်ကဲ့သာဖြစ်သည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းမှ မိဘမဲ့တစ်ဦးဖြစ်ကြောင်း သူမသိလိုက်ပြီးနောက် သူမစိတ်ထဲရှိ မခံမရပ်နိုင်ဖြစ်ခြင်းများမှာ ပို၍ကြီးထွားလာခဲ့သည်။ ထောင်ကဲ့အား ဤမျှလောက်ပြောရခက်ဆိုရခက်စေသည်မှာ သူမပတ်ဝန်းကျင်ကြောင့်မဟုတ်ဘဲ သူမ၏တုံးအမှုကြောင့်သာဖြစ်မည်။

“ကျင်းယွင်ကျောင်း၊ နင်ဘာပဲပြောပြော ငါနင့်ကိုခွင့်လွှတ်မှာမဟုတ်ဘူး။ နင်ဒါတွေအားလုံးကို ငါ့ကိုတမင်လာပြောနေတာ၊ နင့်ကိုခွင့်လွှတ်ဖို့ နည်းပြကိုပြောပေးစေချင်တာလား? စိတ်ကူးနေလိုက်! ငါပြောလိုက်မယ် နင်သာငါ့ကိုဒီလိုမလုပ်ရင် ငါလည်းဒီလိုဖြစ်မှာမဟုတ်ဘူး! ရထားပေါ်မှာတုန်းက နင်ငါ့ဘေးမှာ သေချာထိုင်နေရက်နဲ့ ဘာမှဝင်မပြောခဲ့ဘူး၊ ငါကိုယ့်ငါအရူးလုပ်နေတာကို နင်ထိုင်ကြည့်နေတာပဲမဟုတ်ဘူးလား? မသိရင် နင်ကငါ့ကိုတမင်ရန်မဖြစ်ဘဲနေပေးတယ်လို့ ပြောနေသလိုပဲ။ နင်သာ ငါ့ကိုတကယ်ရန်မဖြစ်ချင်ရင် အဆုံးထိမပေါ်လာဘဲနေရမှာမဟုတ်ဘူးလား?”

ထောင်ကဲ့၏မျက်လုံးများသည် ဒေါသမီးဝင်းဝင်းတောက်နေလေ၏။

ကျင်းယွင်ကျောင်းခနဲ့သံပြုလိုက်သည်။

အစက သူမသည် ဤကိစ္စအား အသေးအဖွဲကိစ္စသဖွယ် ဟန်ဆောင်ခဲ့သည်။ သူမသည် သူစိမ်းနှစ်ဦး၊ သုံးဦးကိုသာ စကားပြောခဲ့ပေသည်။ သူမသည် စကားအမှားပါသွားလျှင်ပင် ပြသာနာကြီးကြီးကျယ်ကျယ်ဖြစ်မည်မဟုတ်ချေ။ သို့သော် မကြာခင်တွင် ရထားတွဲတစ်ခုလုံး ဗြောင်းဆန်သွားလေသည်။ အဘိုးအိုမှာ ဒေါသထွက်လွန်းသဖြင့် မေ့လဲသွားခဲ့သည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည် အဘယ်သို့လက်ပိုက်ကြည့်နိုင်မည်နည်း?

မိမိ၏အမှားများကို ပြန်သုံးသပ်နိုင်စွမ်းလည်းမရှိသလို ဘယ်သောအခါမှ ကျေနပ်နိုင်မည်မဟုတ်သောမိန်းကလေးပါပင်!

“ကြည့်ရတာ သင်ခန်းစာမရသေးတဲ့ပုံပဲ”

ကျင်းယွင်ကျောင်းသည် အောက်သို့ကိုင်းကာ သူမလည်ပင်းကို ကိုင်ညှစ်လိုက်၏။ သူမသည် အားအနည်းငယ်သာသုံးရသေးသော်လည်း ထောင်ကဲ့မျက်နှာသည် ချက်ချင်းနီမြန်းလာလေပြီ။

“ငါ့အတွက် နည်းပြကိုပြောပေးစရာလည်းမလိုဘူး၊ နင်ကနင့်အမှားတွေကို ဝန်ခံပြီးပြောင်းလဲနိုင်လားဆိုတာကြည့်ဖို့ ဒါတွေကိုပြောနေတာပဲ။ ဒါပေမယ့်ကြည့်ရသလောက် အခုထိ မမှတ်သေးပုံပဲ”

ကျင်းယွင်ကျောင်း၏မျက်နှာသည် မှောင်ရိပ်သန်းပြီး အကြင်အနာကင်းမဲ့နေ၏။

“ထောင်ကဲ့၊ နင်ငါ့အကြောင်းကိုမသိသေးဘူးမလား? နင်ကလည်း ဟွားနင်ခရိုင်ကလာတာဆိုတော့ ငါကျင်းယွင်ကျောင်းက အရင်အရှုံးခံတဲ့လူဟုတ်လားမဟုတ်လားဆိုတာကို လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်! ငါကအခွင့်အရေးကိုသုံးခါထက်ပိုမပေးဘူး ငါ့သည်းခံနိုင်စွမ်းကလည်း ကုန်နေပြီ၊ အခုငါတို့ကစခန်းထဲမှာရှိတာမို့ ငါနင့်ကိုဘာမှထပ်မလုပ်ဘူး ဒါပေမယ့် နင့်ကိုနည်းနည်းဒုက္ခခံရအောင်တော့ လုပ်ပေးလို့ရတယ်၊ မယုံဘူးဆိုရင် စမ်းကြည့်လိုက်ပေါ့!”

ပြောပြီးပြီးချင်းတွင် သူမသည် ညှစ်ထားသည်ကိုအားလျှော့ကာ ထောင်ကဲ့အား အဝေးသို့ပစ်ပေါက်လိုက်လေသည်။

ထောင်ကဲ့သည် အကြိမ်အနည်းငယ်မျှ တဟွတ်ဟွတ်ချောင်းဆိုးပြီးနောက် သုတ်သီးသုတ်ပြာဖြင့် သူမလည်ပင်းကိုကာလိုက်သည်။ သူမမျက်လုံးများတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေလေ၏။ အစောပိုင်းက ကျင်းယွင်ကျောင်းသည် သူမအား အမှန်တကယ်ပင် လည်ပင်းညှစ်သတ်လိုကြောင်းကို သူမခံစားနေရသည်!

Space and Rebirth 712

ထောင်ကဲ့မပြောနှင့် ဟော်ထျန်းရှန်းနှင့် အခြားနှစ်ဦးပင်လျှင် ကျင်းယွင်ကျောင်းကြောင့် ထိတ်လန့်သွားကြ၏။ အပြင်ဘက်မှ ဆရာဝန်သည် ရုတ်ရုတ်သဲသဲဖြစ်သံများကို ကြားလိုက်သဖြင့် အပြေးအလွှားလာကြည့်တော့သည်။ ထောင်ကဲ့မှာ အဆင်ပြေနေသေးကြောင်း သူတွေ့လိုက်ရသောအခါ သက်မချလိုက်၏။

“မင်းတို့မိန်းကလေးတွေက တကယ်ဒေါသကြီးတာပဲ၊ ကဲ သူ့ကိုခေါ်သွားလိုက်တော့”

ဆရာဝန်သည် သူ၏လက်ကိုဝှေ့ယမ်းကာ ခေါင်းခါလိုက်သည်။ သူတို့သည် ကလေးများသာဖြစ်ပေသည်။ ထို့အပြင် အပြင်ဘက်ရှိနည်းပြသည်လည်း သူတို့အား ဂရုတစိုက်စောင့်ကြည့်မည်ဖြစ်ပြီး သူတို့အား ပြသာနာထပ်ရှာခွင့်ပေးတော့မည်မဟုတ်ချေ။

ကျင်းယွင်ကျောင်းသည် ထောင်ကဲ့အား အေးစက်စွာ ကြည့်လိုက်၏။ သူမနှုတ်ခမ်းစွန်းများသည် ကွေးညွှတ်သွားပြီး ထောင်ကဲ့၏လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သည်။

“ကြားလား? သွားကြမယ်လေ”

“မသွားချင်ဘူး! ငါနဲ့ဝေးဝေးနေကြ...”

ထောင်ကဲ့သည် ထိတ်လန့်တုန်လှုပ်နေပြီး ချက်ချင်းဆိုသလိုပင် ကျင်းယွင်ကျောင်း၏လက်ကို ခါချချင်နေမိသည်။ သို့ရာတွင် သူမ၏လက်သည် ကျင်းယွင်ကျောင်းလက်ထဲ၌ တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ခံထားရသဖြင့် လွှတ်၍မရချေ။ ထို့အပြင် သူမရုန်းလေလေ ကျင်းယွင်ကျောင်း၏ဆုပ်ကိုင်မှုအားသည် ပို၍ပြင်းထန်လာလေလေဖြစ်သည်ကို ခံစားမိနေလေသည်။ မသိလျှင် ထိုအင်အားဖြင့် သူမ၏အရိုးများကို ချိုးတော့မည့်အတိုင်း အလွန်နာကျင်ခံစားရစေပေသည်!

ကျင်းယွင်ကျောင်းသည် သူမအား ဆေးခန်းကုတင်ပေါ်မှ ဆွဲမချရုံတမယ် ခေါ်သွားလိုက်သည်။ ထောင်ကဲ့သည် အလျင်အမြန်ပင် အကူအညီအော်တောင်းလိုက်သော်လည်း ကျင်းယွင်ကျောင်းသည် လွန်လွန်ကဲကဲလုပ်ရပ်များကို လုပ်နေခြင်းမဟုတ်ကြောင်း ဆရာဝန်မှတွေ့လိုက်ရသောအခါ ထောင်ကဲ့သည်သာ အပိုလုပ်နေသည်ဟု သူထင်မိလိုက်၏။ သူသည် ၎င်းအား ဂရုမစိုက်အားချေ။

လူနာဆောင်မှ ထွက်လာပြီးမှသာ ကျင်းယွင်ကျောင်းသည် သူမလက်ကိုလွှတ်လိုက်တော့၏။

ထောင်ကဲ့သည် ထိတ်လန့်အံ့အားသင့်နေသည်။ သူမ၏လွတ်လပ်မှုကိုရရှိသည်နှင့် ခြေလှမ်းအနည်းငယ်ခန့် ကပြာကယာပြေးသွားလိုက်၏။ သူမမျက်လုံးများသည် စိုးရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

“ငါနည်းပြကိုသွားရှာမယ်! သူနင့်ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!”

သူမသည် ကျင်းယွင်ကျောင်းကို မယုံကြည်ခဲ့ချေ။ သူမအား ရိုက်နှက်ခဲ့သူကို အပြစ်မပေးသည်မှာ အဓိပ္ပာယ်ရှိသလော?

“နင့်သဘောပဲ”

ကျင်းယွင်ကျောင်းသည် သူမအား အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

ထောင်ကဲ့၏ကိုယ်ရောစိတ်ပါ ထိတ်လန့်တုန်လှုပ်သွားသည်။ သူမသည် လက်ကောက်ဝတ်များကိုပွတ်ပြီး အထိတ်တလန့်ဖြင့် လည်ပင်းကိုဖုံးအုပ်လိုက်သည်။ သူမသည် ကျင်းယွင်ကျောင်း၏ ဆိုးယုတ်သောလက်များထဲမှ လွတ်မြောက်လာပြီဖြစ်သော်လည်း သူမကျောပြင်သည် စိမ့်နေဆဲဖြစ်၏။ နေသည် ခြစ်ခြစ်တောက်ပူနေသော်ငြား သူမခြေထောက်မှဆန်တက်လာသော အေးစက်မှုသည် နှလုံးသားအထိ ရောက်ရှိသွားလေသည်။

“ခုနက နင်သူ့ကိုတော်တော်ခြောက်လိုက်တာပဲ”

ဟော်ထျန်းရှန်းသည် သူမ၏သန့်ရှင်းသောလက်သည်းများကို ကိုင်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ငါသူ့ကိုခြောက်နေတာမဟုတ်ဘူး”

ကျင်းယွင်ကျောင်းအသံသည် အေးစက်နေ၏။

အခြားသူများမှ သူမအကြောင်းမဟုတ်မမှန်သည်များကို ပြောသည်ကို အမုန်းဆုံးဖြစ်၏။ ထောင်ကဲ့သည် သူမအမုန်းဆုံးအရာကိုမှ လုပ်ဆောင်ခဲ့လေသည်။ ထို့ကြောင့် အနာဂတ်တွင် သူမ၏ဘဝသည် ချောမွေ့ရန် မဖြစ်နိုင်တော့ပေ။

ဟော်ထျန်းရှန်းသည် ဤအရာကိုကြားသောအခါ ပြောလိုက်၏။

“ကျင်းယွင်ကျောင်း၊ အဲဒီလူကြီးချီကျုံး နင့်ကိုဆက်ဆံတဲ့ပုံက သူများတွေကိုဆက်ဆံသလိုမဟုတ်ဘူး၊ နင့်အတွက် ဒီလိုကိစ္စကြီးကိုတောင် ဖြေရှင်းပေးတယ်ဆိုတော့ နင်တို့နှစ်ယောက်က တကယ်ပဲမရင်းနှီးတာလား?”

ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။

ချီကျုံးသည် သူမအားကူညီနေရခြင်းမှာ လီရှောက်ယွင်ကြောင့်သာဖြစ်၏။ လီရှောက်ယွင်ကြောင့်မဟုတ်လျှင် သူမလက်ထဲမှ သွေးတိတ်ဆေးကြောင့်ဖြစ်သည်။

“ရှင်းယွဲ့၊ အတန်း A08 က ကျိုးမေ့ကျွန်းကို နင်သိနေတာလား”

ကျင်းယွင်ကျောင်းရုတ်တရတ်ထမေးလိုက်၏။

ထိုအချိန်က သူမသည် အလွန်ဒေါသထွက်နေပြီး ထောင်ကဲ့အား ပြသာနာရှာရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။ ထိုစဥ်တွင် ကျိုးမေ့ကျွန်းသည် ထောင်ကဲ့ဘက်မှ ရပ်တည်ပေးခဲ့သည်။ ယန်ရှင်းယွဲ့သည် ပါဝင်ပတ်သတ်လိုခြင်းမရှိခဲ့သဖြင့် အနောက်မှသာ လိုက်လာခဲ့၏။ မကြာမီတွင် ကျိုးမေ့ကျွန်းမှ ယန်ရှင်းယွဲ့အား စကားပြောသောအခါ သူမမျက်နှာပုံစံသည် အလွန်ပင်မူမမှန်လှချေ။

“ကျိုးမေ့ကျွန်းက ငါ့အဒေါ်ရဲ့သမီးလေ၊ ငါတို့က တစ်မိုးအောက်တည်းမှာ ကြီးလာကြတာ။ အပြင်ပန်းမှာတော့ ငါတို့ဆက်ဆံရေးကကောင်းပေမယ့် လက်တွေ့မှာတော့ ငါတို့ကမီးနဲ့ရေလိုပဲ”

ယန်ရှင်းယွဲ့ပြောလိုက်၏။

“အဲဒါကြောင့်ကိုး၊ အဲ့အချိန်က ကျိုးမေ့ကျွန်းစကားပြောနေတဲ့ပုံက ထူးဆန်းတယ်လို့ ငါခံစားမိနေတာ”

ဘေဘီယောင်သည်လည်း ဝင်ပြောလိုက်၏။ ကျင်းယွင်ကျောင်းသည်လည်း နားလည်မှုရှိသည့်အကြည့်တစ်ခုကို ဖော်ပြလိုက်သည်။

လူသားတစ်ဦးအနေဖြင့် သူမသည်လည်း အခြားသူများကိုရန်လိုစိတ်ရှိပေသည်။ ထိုအချိန်က သူမသည် ကျိုးမေ့ကျွန်းအပေါ် ရွံရှာစက်ဆုပ်မှုများကို ရှင်းရှင်းလင်းလင်းခံစားနေခဲ့ရသည်။ သူမနှင့် ကျိုးမေ့ကျွန်းမှာ ယခင်ကတစ်ခါမှ မသိကျွမ်းဖူးပေ။ ယုတ္တိကျကျပြောရလျှင် ကျိုးမေ့ကျွန်းမှာ ထောင်ကဲ့အတွက် ရပ်တည်ပေးလျှင်ပင် သူမသည် ဤမျှလောက် စာနာပေးစရာအကြောင်းမရှိချေ။ ကျိုးမေ့ကျွန်း၏ရန်လိုမှုမှာ ယန်ရှင်းယွဲ့သို့ ဦးတည်နေခဲ့ဟန်ရ၏။

ထို့ပြင် သူမသည်လည်း ယန်ရှင်းယွဲ့နှင့် ရင်းနှီးသောသူဖြစ်သောကြောင့် သူမကိုပါ ပြသာနာကြားထဲဆွဲထည့်ခဲ့လေသည်။

All Chapters