အခန်း (၇၁၃-၇၁၆)
Vol. 36 Ch. 713-716
Space and Rebirth 713
ကျင်းယွင်ကျောင်းသည် ၎င်းကိုသိပ်အာရုံစိုက်မနေတော့ပေ။ လေးဦးသားသည် မိမိတို့အဖွဲ့ဆီသို့သာ ပြန်လိုက်၏။
အတန်း A08 ၏ကျောင်းသားများသည် သတိအနေအထားဖြင့် ရပ်မနေတော့သော်လည်း ပုံမှန်ထက်ပြင်းထန်သောလေ့ကျင့်ရေးကို လုပ်နေကြလေ၏။
A တက္ကသိုလ်၏စစ်လေ့ကျင့်ရေးမှာ အခြားကျောင်းများနှင့်မတူချေ။ သတိအနေအထားနှင့်လမ်းလျှောက်ပြီး စည်းကမ်းလေ့ကျင့်ရေးလုပ်ရုံနှင့် မပြီးပါပေ။ အဓိကအားဖြင့် ခန္ဓာကိုယ်၏ကြံ့ခိုင်မှုကို တည်ဆောက်ရန် ရည်ရွယ်လေသည်။ ကျောင်းသားများစွာသည် ဤနေရာတွင် နှစ်ပတ်ခန့်နေပြီး ကီလိုဂရမ်များစွာ ဝိတ်ကျသွားတတ်သည်။ သူတို့သာ ဤလေ့ကျင့်ရေးအတိုင်းဆက်သွားပါက ကြွက်သားများပိုင်ဆိုင်သောခန္ဓာကိုယ်ကို တည်ဆောက်နိုင်ပေသည်။
ကျောင်းသားများအားလုံးသည် ခါးခါးသီးသီးပင် မကျေမချမ်းရေရွတ်နေကြ၏။ အထူးသဖြင့် ဘေးအတန်းမှ မိန်းကလေးများဖြစ်သည်။ သူတို့သည် ကျင်းယွင်ကျောင်းကိုမြင်သည်နှင့် သူမကိုအပြစ်တင်ကြလေသည်။
ကျင်းယွင်ကျောင်းကြောင့် သူတို့အတန်း၏နည်းပြသည် ဖယ်ရှားခံလိုက်ရပြီး မိန်းကလေးများအတွက် သနားညှာတာစိတ်မရှိသောယောက်ျားကြီးဖြစ်သည့် ချီကျုံးနှင့် အစားထိုးခံလိုက်ရခြင်းဖြစ်ပေသည်။ အတင်းတုပ်သည့်အမှုအတွက်ပါ သူတို့အား အပြစ်ပေးလိုက်သောကြောင့် မိန်းကလေးများသည် ယောက်ျားလေးများနှင့်တန်းတူ ပြင်းထန်သောလေ့ကျင့်ရေးကို လုပ်ဆောင်ကြရလေသည်။ သူသည် ရက်စက်လွန်းလှ၏။
ကျင်းယွင်ကျောင်းမှာ သူတို့အားခွင့်လွှတ်ပေသည်။ သူမကြောင့်ဟုဆိုသော်လည်း ဤကျောင်းသူများသည် ပြစ်ဒဏ်နှင့် ထိုက်တန်ပေ၏။
သူမသည် ရပ်လည်းမရပ်သလို သာမန်အတင်းအဖျင်းပြောခြင်း၌လည်း မပါဝင်ခဲ့သော်လည်း ဤလူများသည် တစ်ခုခုလွဲနေသည်ကို သိခဲ့၏။ ထောင်ကဲ့မှာ အခြေအမြစ်မရှိဘဲ ပေါက်ပန်းလေးဆယ်များပြောနေကြောင်းကို သိရက်ဖြင့်ပင် ထိုသတင်းအား ဆက်ဖြန့်ခဲ့သည်။ သူတို့သည် ထောင်ကဲ့၏ ကြံရာပါများဖြစ်သဖြင့် အပြစ်ပေးခံသင့်ပေသည်။
“နည်းပြ! ဘာလို့ကျင်းယွင်ကျောင်းကိုအပြစ်မပေးဘဲ ကျွန်မကိုအပြစ်ပေးနေတာလဲ? အမှားလုပ်တာသူလေ!”
ထောင်ကဲ့သည် ကြောက်ရွံ့သောဟန်ဖြင့် ကျင်းယွင်ကျောင်းအားကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။
သူမသည် မျှော်လင့်ချက်အပြည့်ဖြင့် နည်းပြကိုလာရောက်ရှာခဲ့သော်လည်း နည်းပြသည် သူမမျက်နှာကိုတစ်ချက်ကြည့်ရုံနှင့် သူမအား အမှားလုပ်ခဲ့သူတစ်ဦးအနေနဲ့ သတ်မှတ်လိမ့်မည်ဟု မထင်ခဲ့ပါပေ။ သူမအား ဖားခုန်ခုန်ခိုင်းခဲ့လေသည်။ ယခုအချိန်ထိ သူမသည် ခြေထောက်ကိုပင် မမြှောက်နိုင်ပါချေ!
“ငါသာအပြစ်ပေးခံရရင် နင်မဟုတ်တာတွေပြောခဲ့တယ်လို့ ဝန်ခံမယ်ပေါ့?”
ကျင်းယွင်ကျောင်းအေးစက်စွာ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် နည်းပြကဘက်လိုက်ပြီး နင့်ကိုတမင်ကာကွယ်ပေးနေတာပဲ! ငါတို့ကျောင်းပြန်ရောက်တာနဲ့ ဒီကိစ္စကို ကျောင်းဘက်ကလူကြီးတွေဆီ သေချာပေါက်တိုင်မှာ”
ထောင်ကဲ့ပြောလိုက်၏။
ကျင်းယွင်ကျောင်းခနဲ့သံပြုလိုက်တော့သည်။
“နင့်သဘောပဲလေ၊ ဒါပေမယ့် နင်ဒီလောက်တက်ကြွနေတာမြင်ရတော့ အလောင်းအစားတစ်ခုလုပ်ကြမလား?”
“ဘာအဓိပ္ပာယ်လဲ?”
ထောင်ကဲ့ နှလုံးခုန်သံမှားလုမတတ်ဖြစ်သွားသည်။
“အလောင်းအစားလေ? နင်မယုံဘူးမှတ်လား? ဒါဆို အလောင်းအစားတစ်ခုလုပ်ကြတာပေါ့။ အချိန်တစ်ခုရောက်လာရင် ဘယ်သူက အရှုံးပေးမလဲဆိုတာကိုပေါ့ လောင်းမလား? မလုပ်ရဲဘူးဆိုလည်း အာကျယ်မနေနဲ့တော့”
ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် ပြောလိုက်၏။
ထောင်ကဲ့သည် တိတ်တခိုးဖြင့် အံကိုကြိတ်လိုက်သည်။ သူမသည် မျက်မှောင်တင်းတင်းကြုတ်ထားပြီး သူမမျက်လုံးများသည်လည်း မျက်လုံးအပေါက်မှ ကျွတ်ကျလုမတတ်ဖြစ်နေသည်။
“ပြောစမ်း နင်ဘာကိုလောင်းမှာလား?”
ထောင်ကဲ့ဒေါသအနည်းငယ်ပြေသွားလေပြီ။
“ငါကနင့်ကိုရိုက်တယ်လို့ နင်ပြောခဲ့တာမှတ်လား? နင့်ကို ပြန်လက်တုံ့ပြန်နိုင်ဖို့ အခွင့်အရေးပေးမယ်”
ကျင်းယွင်ကျောင်း သဘောတွေ့ဟန်ဖြင့် ရယ်လိုက်သည်။ ထို့နောက် သူမသည် ချီကျုံးကိုကြည့်ကာ ပြောလိုက်၏။
“နည်းပြချီ၊ ကျွန်မမှတ်မိတာမှန်တယ်ဆိုရင် A တက္ကသိုလ်က စစ်ရေးလေ့ကျင့်တဲ့နေရာမှာ အတိုက်အခိုက်လည်းပါတယ်မလား?”
“ဟုတ်တယ်”
ချီကျုံးခေါင်းငြိမ့်လိုက်၏။
တိုတောင်းလှသော လေ့ကျင့်ရေးကာလတွင် သူတို့အများစုသည် အခြေခံအကွက်အချို့ကိုသာ သင်ယူရလေ့ရှိပြီး တစ်ခါတစ်ရံတွင် အနည်းငယ်မျှပင် မသင်ယူရချေ။ လေ့ကျင့်ရေးအချိန်တွင် ဤအကွက်များသည် အသုံးဝင်နိုင်သော်လည်း လေ့ကျင့်ရေးကာလပြီးသည့်အချိန်တွင်မူ သူတို့အများစုသည် တိုက်ကွက်များအားလုံးကို မေ့သွားတတ်ကြ၏။
ကျင်းယွင်ကျောင်းပြုံးလိုက်သည်။
“ဒါဆိုရင် တစ်ပွဲလောက်ယှဥ်ချကြမလား? နင်သင်နိုင်ဖို့ ငါအချိန်ပေးမယ်၊ လေ့ကျင့်ရေးကာလပြီးခါနီးမှာ ငါတို့ပြိုင်ပွဲတစ်ခုလုပ်ကြတာပေါ့။ အဲ့အချိန်မှာ ဘယ်သူကရှုံးရှုံး၊ ရှုံးတဲ့လူက ကျေကျေနပ်နပ်ခံယူပြီး အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောတာကို ရပ်ပေးရမယ်၊ နင်လုပ်ရဲလား?”
ထောင်ကဲ့သည် တစ်နှစ်လောက်အချိန်ယူသင်လျှင်ပင် သူမအား အနိုင်ယူနိုင်ရန် မဖြစ်နိုင်ချေ။ သူမသည် အနည်းငယ်မုန်းစရာကောင်းသော်လည်း သူမမျက်နှာကိုကြည့်လိုက်သည်နှင့် ထောင်ကဲ့အား ဆက်တိုက်အနိုင်ယူလိုသောစိတ်ကို အထင်းသားမြင်နေရသည်။ ဆရာချီမှ ဤနေရာတွင် မရှိလျှင်ပင် ထောင်ကဲ့၏ဘဝတစ်ခုလုံးကို စိတ်ပျက်ဖွယ်အတိဖြစ်စေရမည်ဟု ပြောခဲ့ဖူးသည်။ သူမသည် မိမိပြောသောစကားအတိုင်း လုပ်မည့်သူမျိုးဖြစ်၏။
ဤကမ်းလှမ်းချက်ကို ကြားလိုက်သောအခါ ထောင်ကဲ့တုံ့ဆိုင်းသွားသည်။ သူမသည် အတိုက်အခိုက်ရေးရာနှင့် တစ်ခါမှ ထိတွေ့မှုမရှိဖူးချေ။ သူမကျောင်းတက်စဥ်က အခြားသူများနှင့် ရန်ဖြစ်ဖူးသော်လည်း ၎င်းမှာ တစ်ဦးဆံပင်တစ်ဦးဆွဲရုံသာဖြစ်သည်။
သို့ရာတွင် ဤအချိန်၌ လူများစွာလည်း ကြည့်ရှုအကဲခတ်နေသည်ဖြစ်ရာ သူမသာ လက်မခံလျှင် ရှက်ဖွယ်ကောင်းပေတော့မည်။
ထောင်ကဲ့မှ ချီတုံချတုံဖြစ်နေချိန်တွင် ကျိုးမေ့ကျွန်းသည် လူအုပ်ထဲမှထွက်လာပြီး သူမနားထဲသို့ တစ်ခုခုကိုတီးတိုးပြောလိုက်၏။ ထောင်ကဲ့မျက်လုံးများသည် ချက်ချင်းပင်ဝင်းလက်သွားတော့သည်။ သူမတုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
“ကောင်းပြီလေ! လောင်းကြတာပေါ့ နင်ရှုံးရင် ကျောင်းပြန်ရောက်တာနဲ့ ကျောင်းထွက်ဖို့လုပ်ရမယ်!”
Space and Rebirth 714
ကျင်းယွင်ကျောင်းသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ပေသည်။ ကျိုးမေ့ကျွန်းပြောခဲ့သောအရာမှာ လွန်စွာရိုးရှင်းပေ၏။ အတန်းထဲတွင် တိုက်ခိုက်တတ်သောကောင်လေးတစ်ဦးရှိသဖြင့် ထိုကောင်လေးက သူမကိုကူညီနိုင်ကြောင်း ထောင်ကဲ့အား ပြောလိုက်ခြင်းဖြစ်ပေသည်။
ထောင်ကဲ့သည် ယခုအချိန်တွင် အားကိုးစရာရှိနေသဖြင့် သူမသိက္ခာကို အထိအခိုက်မခံလိုတော့ပေ။
“ကျောင်းထွက်ရမှာလား? ဟုတ်ပြီလေ နင်ရှုံးရင်ရော?”
ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်ကာ အေးတိအေးစက်ဖြင့် ပြောလိုက်၏။
ထောင်ကဲ့ ကြောင်အသွားသည်။ သူမရှုံးလျှင် အဘယ်သို့လုပ်ရမည်နည်း?
ကျောင်းထွက်ရမည်လော? မဖြစ်သေးပေ။ A တက္ကသိုလ်သို့ လွယ်လွယ်ကူကူဝင်ခဲ့ရသည်မဟုတ်ရာ သူမသည် လွယ်လွယ်ကျောင်းမထွက်လိုချေ။
“ငါကတော့ နင့်ကိုကျောင်းမထွက်ခိုင်းပါဘူး။ ဒီတိုင်း လေ့ကျင့်ရေးကာလပြီးတဲ့အချိန်မှာ ကျောင်းသားအားလုံးအရှေ့မှာရပ်ပြီး နင်အမှားလုပ်ခဲ့တယ်ဆိုတာ ဝန်ခံရင်ရပြီ။ အဲဒါအပြင် A တက္ကသိုလ်ဝင်းထဲမှာ နင်သာငါ့ကိုတွေ့ရင် တွေ့တဲ့နေရာမှာ ရှောင်သွားပါမယ်လို့ ကတိပေးရမယ်။ ငါကျင်းယွင်ကျောင်းသွားတဲ့နေရာတိုင်းမှာ နင်ကလိမ်လိမ်မာမာနဲ့ ရှောင်သွားပေးရမယ်။ နောက်တစ်ခါ ငါ့ကိုအာခံတာနဲ့ နင့်ဘဝတစ်လျှောက်လုံး လူတစ်လုံးသူတစ်လုံးမထွက်စေရဘူး ဘယ်လိုလဲ?”
သို့ရာတွင် သူမအနာဂတ်နှင့်ယှဥ်လိုက်လျှင် ကျင်းယွင်ကျောင်း၏သတ်မှတ်ချက်များမှာ ရိုးရှင်းပေသည်။ ထောင်ကဲ့လက်ခံလိုက်သည်နှင့် အနာဂတ်တွင် လူရှေ့၌ ခေါင်းဖော်နိုင်မည်မဟုတ်တော့ချေ။
ထောင်ကဲ့သည် အလွန်မာန်မာနကြီးပေ၏။ ထို့ကြောင့်လည်း သူမကဲ့သို့ ဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူမသည်သာ အားလုံးရှေ့တွင် ပေးထားသောကတိကို ချိုးဖောက်ပါက A တက္ကသိုလ် တက်ရမည့် နောက်နှစ်ပိုင်းအနည်းငယ်တွင် သူမသည် ပြသာနာများစွာကို ရင်ဆိုင်ကြုံတွေ့ရပေလိမ့်မည်။
“ဟုတ်ပြီ”
ထောင်ကဲ့အံကြိတ်လိုက်၏။
သူမသည် ရှုံးနိမ့်စရာအကြောင်းမရှိဟု တစ်ထစ်ချယုံကြည်ထားသည်။ ကျင်းယွင်ကျောင်း၏အင်အားမှာ သူမထက်အနည်းငယ်မြင့်သော်လည်း သူမအတန်းထဲတွင် တိုက်ခိုက်ရေးကျင့်စဥ်များကို သင်ယူထားသောအတန်းဖော်များလည်းရှိ၏။ အချိန်တစ်ခုရောက်လာလျှင် နည်းပြသည်လည်း သူတို့အားလုံးရှေ့မှောက်တွင် သင်ကြားပေးရပေမည်။ သူသည် လူနောက်ကွယ်၌ မျက်နှာလိုက်နေပါက ဤပြိုင်ပွဲသည် အကျုံးဝင်တော့မည်မဟုတ်ချေ။
ထို့ကြောင့် သူမကြောက်မနေခြင်းဖြစ်၏။
“ငါတို့အလောင်းအစားလုပ်လိုက်ပြီဆိုတော့ အတန်း A08 နဲ့ A07 ကအားလုံးလည်း ပြိုင်ကြတာပေါ့၊ မင်းတို့အတန်းနှစ်တန်းက လူအရေအတွက်ညီတယ်။ အချိန်ကျလာရင် တစ်ယောက်တစ်လှည့်တိုက်ခိုက်ကြမယ်။ ကျင်းယွင်ကျောင်းနဲ့ ထောင်ကဲ့ကတော့ ဦးဆောင်မှာပေ့ါ၊ နောက်ဆုံးမှာ လူအရေအတွက်အများဆုံးကျန်တဲ့အတန်းက နိုင်မယ်။ နိုင်တဲ့အတန်းကိုလည်း အထူးဆုတစ်ခုပေးမယ်”
ချီကျုံးမှပြောလိုက်သည်။ သူပြောလိုက်သည်နှင့် ကျောင်းသားများသည် အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားတော့သည်။ အတန်းနှစ်တန်းရှိ ကျောင်းသားများသည် အချင်းချင်းတွေ့ဖူးထားပြီဖြစ်သည်။ ယခုသူတို့သည် အချင်းချင်းတိုက်ခိုက်ကြရတော့မည်ဖြစ်၍ အားလုံး စိတ်လှုပ်ရှားနေကြတော့သည်။
အထူးသဖြင့် ကျိုးမေ့ကျွန်းနှင့် အပေါင်းအပါများမှာ ယုံကြည်ချက်ပြည့်ဝနေလေ၏။
သူတို့သည် အတန်းထဲတွင် ဝှက်ဖဲတစ်ခုရှိနေပေသည်။ ကျင်းယွင်ကျောင်းအတန်းထဲရှိ လူသစ်များက အဘယ်သို့နိုင်နိုင်မည်နည်း?
ပြိုင်ပွဲရက်မတိုင်ခင် ဆယ်ရက်ကျော်ကျန်သေးသဖြင့် လူတိုင်းသည် စတင်စိတ်ကူးယဥ်နေကြပြီဖြစ်၏။ သို့ရာတွင် ချီကျုံးသည် သူတို့အား စိတ်ကူးယဥ်ရန် အချိန်သိပ်မပေးလိုက်ချေ။ အသစ်သောလေ့ကျင့်ရေးအား နောက်တစ်ချီစလိုက်၏။
ထိုနေ့ကုန်ဆုံးသွားသောအခါ လူတိုင်းမောပန်းနေကြလေပြီ။ ညဘက်တွင် သူတို့တစ်ယောက်စီတိုင်းသည် မိမိတို့အဆောင်သို့ ပြန်ရောက်ကြသည်နှင့် အိပ်ရာပေါ်တွင် ပြိုလဲကုန်ကြပြီး နှစ်ခြိုက်စွာ အိပ်လိုက်ကြတော့သည်။
ချီကျုံးထံမှ အဆူခံရပြီးနောက် ဘေဘီယောင်သည် နောက်တစ်နေ့မနက်၌ သူမအိပ်ရာမှာ စစ်ဆေးမှုမအောင်မြင်ဘဲနေမည်ကို စိတ်ပူနေခဲ့သည်။ သူမသည် အိမ်သန့်ရှင်းရေးလုပ်နည်းသင်ပေးရန် ကျင်းယွင်ကျောင်းအား တကျီကျီပူဆာခဲ့သော်လည်း သူမ၏သင်ကြားမှုများမှာလည်း အကျိုးမရှိခဲ့ချေ။ အဆုံးတွင် သုံးဦးသားသည် နာရီပိုင်းခန့် အတူတကွလုပ်လိုက်ကြ၏။ မီးများမှိတ်သောအချိန်မှသာ သူတို့သည် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သည်။
စခန်းသည် ညဘက်တွင် အလွန်တိတ်ဆိတ်နေ၏။ အပ်ကျသံပင်မကြားရပါချေ။
နောက်တစ်နေ့တွင် ထောင်ကဲ့သည် ကျောင်းသားများစွာခြံရံကာ လေ့ကျင့်ရေးကွင်းသို့ စောစောစီးစီးလာတော့သည်။ ယောက်ျားလေးတစ်ဦးသည် အလယ်တွင်ရပ်ပြီး လေးနက်သောမျက်နှာထားဖြင့် ထောင်ကဲ့အား အခြေခံပညာကို သင်ပေးနေ၏။ ဤတိုက်ကွက်များကို နည်းပြများသည်လည်း သင်ပေးမည်ဖြစ်သည်။ သို့ရာတွင် မည်မျှပင်သင်ကြားပေးကာမူ ကျောင်းသားတစ်ဦး၏မှတ်ယူနိုင်စွမ်းအပေါ်တွင်လည်း မူတည်သေး၏။ ထိုထက်ပိုအရေးကြီးသည်မှာ မကြာခဏလေ့ကျင့်ရေးဆင်းရန်လိုခြင်းဖြစ်သည်။
“သူတို့အတန်းထဲမှာ ကိုယ်ခံပညာတတ်တဲ့လူရှိနေတာပဲ...”
ဟော်ထျန်းရှန်း မျက်မှောင်ကြုတ်လိုက်၏။ အခြားကျောင်းသားများပင် အနည်းငယ်စိတ်ပူသွားကြသည်။
“ဘယ်လိုလဲ? တတ်နိုင်သမျှစောစောအရှုံးပေးထားတာ ကောင်းမယ်နော် မဟုတ်ရင် ပြိုင်ပွဲမှာ အသိပ်ခံနေရမယ်!”
ကျိုးမေ့ကျွန်းသည် ဟိတ်ဟန်တစ်ခွဲသားဖြင့် ပြောလိုက်၏။
“စိတ်မပူပါနဲ့ ငါရှိတယ်”
ကျင်းယွင်ကျောင်းပြုံးကာ ယုံကြည်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
သူမတူးဆွထားခဲ့သောတွင်းမှာ ထောင်ကဲ့နှင့် အခြားသူများအား မြုပ်နှံရန်ဖြစ်ပေသည်။ သူမကိုယ်သူမသေကြောင်းကြံစည်ရန်မဟုတ်ပေ။ သူမသည်သာ ဤကျောင်းသားလေးများကို မကိုင်တွယ်နိုင်ပါက နေရာလွတ်နယ်မြေထဲတွင် လေ့ကျင့်ရေးဆင်းခဲ့သောနှစ်ကာလများသည် သဲထဲရေသွန်ဖြစ်ချေတော့မည်!
Space and Rebirth 715
ကျင်းယွင်ကျောင်း၏ ယုံကြည်ချက်ပြည့်နေသောအကြည့်ကြောင့် ဟော်ထျန်းရှန်းပို၍ပင် ပဟေဠိဖြစ်သွားသည်။ ကျင်းယွင်ကျောင်းမျက်လုံးထဲတွင် ပညာသားပါသောအရိပ်အယောင်များပင်ရှိနေသည်ဟု သူမခံစားလိုက်ရသည်။
သုံးဦးသားသည် ကျင်းယွင်ကျောင်းမှ တိုက်ကွက်သုံးခဲ့ဖူးသည်ကို မြင်ဖူးခဲ့၏။ သူမသည် ပြိုင်ဘက်၏အင်အားကို ပြန်လည်အသုံးချကာ ခပ်ထွားထွားကောင်လေးတစ်ဦးကို မြေပြင်ပေါ်သို့ ကိုင်ပေါက်ခဲ့ဖူးသည်။ သို့သော် ထို့အကွက်အပြင် အခြားသောအံ့သြဖွယ်တိုက်ကွက်များကို သူတို့မမြင်ဖူးချေ။ ထို့အပြင် သူမသည် သိုင်းကွက်များအား ယန်ရှင်းယွဲ့အတွက် သရုပ်ပြရန် သဘောတူထားသော်လည်း စစ်ရေးလေ့ကျင့်မှုကြောင့် ယခင်က သူတို့လုပ်ချင်သောအရာများအားလုံးကို ယာယီရပ်ဆိုင်းထားရပေသည်။
ထိုမျှမက စစ်ရေးပြလေ့ကျင့်ခြင်းနှင့် အမှန်တကယ်တိုက်ခိုက်ရသည်မှာ သူတို့မျက်လုံးထဲတွင် မတူညီသောအရာနှစ်ခုဖြစ်ပေသည်။ ကျွမ်းဘားပညာသည် ကြည့်ရသည်မှာ အံ့သြဖွယ်ကောင်းလှသော်လည်း ရန်ပွဲတစ်ခုတွင် အောင်မြင်နိုင်ချေနည်းပါးသလိုပင်ဖြစ်၏။
ထို့အပြင် ကျင်းယွင်ကျောင်းမှာလည်း မိန်းကလေးတစ်ဦးသာဖြစ်ပေသည်။ သူမသည် တိုက်ခိုက်ရေးကျင့်စဥ်အချို့ကို သိထားလျှင်ပင် သိုင်းပညာကျောင်းဆင်းယောက်ျားလေးတစ်ဦးကို ရင်ဆိုင်ရပါက သူမအတွက် အခက်အခဲဖြစ်ချေမည်။ အတန်း 08 ရှိ ယောက်ျားလေးအရေအတွက်မှာလည်း သူမတို့အတန်းထက် ပိုများပေ၏။ ဤရှုထောင့်မှကြည့်လျှင် သူတို့အတန်းသည် တစ်ပန်းရှုံးနေပေသည်။
“ထားလိုက်ဟာ၊ လောလောဆယ်တော့ ငါနင့်ကိုယုံကြည်ပေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် နင်အရင်စရမှာဆိုတော့ ထောင်ကဲ့ကို အနိုင်ယူရတာက ပြသာနာဖြစ်မှာမဟုတ်ဘူး၊ ငါတို့အတန်းအတွက် တစ်ခေါက်နှစ်ခေါက်လောက်ပဲ တောင့်ခံပေးထားရင် နိုင်ချေရှိတယ်။ ငါတို့ရှုံးရင်တောင် ရုပ်ပျက်ဆင်းပျက်ရှုံးလို့မဖြစ်ဘူး”
ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းပုခုံးကိုပုတ်လိုက်၏။ ကျင်းယွင်ကျောင်းသည် စကားစရှာမရဟန်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။ သူမသည် ထိုမျှလောက် ယုံချင်စရာမကောင်းသလော?
သို့ရာတွင် ပြိုင်ပွဲမတိုင်ခင်ထိ သူမ၏အရည်အချင်းအစစ်အမှန်ကို ထုတ်ဖော်ပြသမည်မဟုတ်ပေ။ မဟုတ်ပါက တစ်ဖက်လူမှ ကြောက်အားလန့်အားဖြင့် အရှုံးပေးလိုက်လျှင် သူမအား မကောင်းပြောခဲ့သောသူများအား ပညာပေးလိုသည့်ဆန္ဒကို အဘယ်သို့ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်တော့မည်နည်း?
ဘေးအတန်းတွင် မည်သည့်ကျောင်းသူလေးများက စပ်စုရုံသာရှိသဖြင့် သာမန်ကာလျှံကာစကားပြောနေခြင်းဖြစ်ပြီး မည်သူတို့က သူမအား တမင်ပြသာနာရှာကာ လှောင်ရယ်ကြသည်ကို သူမသေသေချာချာမှတ်မိနေလေသည်။
...
လက်ရှိတွင် အတန်းနှစ်တန်းသည် အတူတကွလေ့ကျင့်ရေးဆင်းနေကြသော်လည်း မီးနှင့်ရေကဲ့သို့ဖြစ်နေလေ၏။ သူတို့သည် ဘက်ပေါင်းစုံတွင် တစ်ဖက်လူထက် ပိုသာချင်နေကြသည်။
ကျင်းယွင်ကျောင်းသည် အတန်း A07 ၏မော်နီတာဖြစ်သည်။ သတိအနေအထားနှင့်ရပ်သည်ဖြစ်စေ အခြားအရာများဖြစ်စေ သူမသည် အတန်းအား ဦးဆောင်ခေါ်ကာ စံပြအနေဖြင့် လုပ်ဆောင်ခဲ့လေသည်။ ချီကျုံးသည် သူမအား ဆုံးမသင်ပြစရာပင်မလိုချေ။ တစ်ဖက်တွင်မူ အတန်း A08 ၏မော်နီတာမှာ ယောက်ျားလေးတစ်ဦးဖြစ်သည်။ များစွာယှဥ်ကြည့်ပြီးချိန်တွင် အတန်း A08 ၏ကျောင်းသားများသည် ကျိုးမေ့ကျွန်းအား အတန်းမော်နီတာခန့်ရန် အကြံပြုလိုက်လေ၏။ မည်သို့ပင်ဆိုစေ အမျိုးသမီးမော်နီတာနှစ်ဦးအား ယှဥ်ကြည့်ရသည်မှာ ပိုလွယ်ကူပေသည်။
ချီကျုံးသည် အလုပ်လုပ်ရာ၌ တာဝန်သိစိတ်အပြည့်ရှိပြီး သူ၏အချိန်ကို နေရာတကျစီစဥ်သုံးစွဲတတ်၏။ တိုက်ခိုက်ရေးကျင့်စဥ်များကို သူလိုလူမျိုးက သင်ကြားပေးနေသောကြောင့် ကျောင်းသားများသည် အတတ်မြန်လေသည်။
ဆယ်ရက်အကြာတွင် ကျောင်းသားများသည် တိုက်ခိုက်ရေးပုံစံပေါ်လာကြလေပြီ။
“ဒီနေ့က သေနတ်ပစ်စာမေးပွဲပဲ ငါစိတ်လှုပ်ရှားလိုက်တာ!”
ဘေဘီယောင်သည် တောက်ပနေသောမျက်နှာဖြင့် ပြောလိုက်သည်။
ယမ်းတောင့်အလွတ်များဖြင့် ပစ်ခြင်းဖြစ်ပြီး သေနတ်ပစ်သင်သည်မှာလည်း နှစ်ရက်သာရှိသေးသည်။ ပြောရလျှင် သေနတ်ပစ်ချိန်အများစုကို သူတို့သည် သေနတ်ကိုင်တွယ်ပုံနှင့် လှဲရင်ကိုင်ရသည့်သေနတ်အနေအထားအား သင်ယူခြင်းဖြင့် ကုန်ဆုံးခဲ့ရသည်။ အမှန်တကယ်ပစ်ခတ်ခဲ့သော အကြိမ်အရေအတွက်မှာ လက်ချိုးရေ၍ ရလေသည်။ သို့ရာတွင် အခြားလေ့ကျင့်ရေးများနှင့် ယှဥ်လိုက်ပါက ပေါ့ပါးသောလက်နက်များသည် ကျောင်းသားများ၏စိတ်အာရုံကို အဖမ်းစားနိုင်ဆုံးဖြစ်လေသည်။
ဘေဘီယောင်သည် သူမ၏သွားဖြူလေးများ ပေါသည်အထိ ပြုံးလိုက်၏။
အချိန်တစ်ခုကြာပြီးနောက် ကျောင်းသားများ၏အသားအရောင်သည် အတန်ငယ်ညိုလာကြပေပြီ။ သူတို့၏လက်ပေါ်တွင် အသားမာများပင်တက်နေပြီး ဖုန်အလိမ်းလိမ်းဖြစ်နေကြ၏။
သို့ရာတွင် ယှဥ်ကြည့်လိုက်ပါက ဘေဘီယောင်မှာ ယခင်ကလာသည့်ပုံနှင့် အကွဲပြားဆုံးသောလူဖြစ်သည်။ သူမသည် အိပ်ရာများကိုခေါက်သိမ်းနိုင်လာပြီး အဝတ်များလည်း လျှော်တတ်နေပေပြီ။ သူမ၏ နမော်နမဲ့နိုင်သောစရိုက်သည် နောက်ဆုံးတွင် တိုးတက်လာခဲ့ပေပြီ။
ဟော်ထျန်းရှန်းမှာမူ ပြောင်းလဲမှုအနည်းဆုံးလူဖြစ်သည်။ နေ့စဥ်ဆိုသလို သူမအချိန်ရှိတိုင်းတွင် မှန်ရှေ့၌ အချိန်ကြာမြင့်စွာထိုင်ကာ သူမပုံရိပ်ကို သူမပြန်ကြည့်တတ်၏။ သူမညိုမှောင်လာသောအသားအရောင်ကို မြင်လိုက်တိုင်းတွင် သူမသည် ဝမ်းနည်းရိပ်သန်းသွားလေ့ရှိသည်။ သူမသည် ချီကျုံးကိုမြင်လိုက်သည်နှင့် မျက်စောင်းထိုးရသည်မှာ အမောပင်။ သူမသည် ချီကျုံးအား မုန်းတီးရုံမက နေ့စဥ်ရက်ဆက် သူနှင့်ပတ်သတ်ပြီး မကျေမချမ်းရေရွတ်တတ်လေသည်။
“ကျင်းယွင်ကျောင်း၊ နင့်အသားအရောင်က ဘာဖြစ်တာလဲ? နင်လာကတည်းက အခုချိန်ထိ နည်းနည်းမှမပြောင်းဘူး။ မဟုတ်မှလွဲရော ကံကြမ္မာက နင့်ဘက်ပဲမျက်နှာလိုက်ပြီး ငါတို့အပေါ်မျက်နှာသာမပေးတာလား?”
ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်း၏မျက်နှာကိုတို့ရင်း ပြောလိုက်၏။ သူမတို့လိုက်သောအသားအရေသည် နူးညံ့အိစက်မနေခဲ့လျှင် အတုဟုပင် သူမသံသယဝင်မိပေမည်။
ကျင်းယွင်ကျောင်းပြုံးလိုက်၏။
“လေ့ကျင့်ရေးကာလပြီးရင် လျှို့ဝှက်အသားဖြူဆေးတစ်ခုကို ပြောပြမယ်လေ”
“တကယ်လား? မလိမ်ရဘူးနော်?”
ဟော်ထျန်းရှန်းသည် လေးနက်သောမျက်နှာဖြင့် ပြောလိုက်၏။
“အင်း”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
ဟော်ထျန်းရှန်းသည် ခေါင်းကိုခါကာ ဟမ့်ခနဲအသံပြုလိုက်၏။
“ငါကတခြားလူတွေစကားတော့ မယုံပေမယ့် နင့်စကားတော့ယုံတယ်”
“ဒါပေမယ့်လည်း မနက်ဖြန်ပွဲမှာ အတန်း 08 က ကျိုးမေ့ကျွန်းကို နင်ရှုံးလာရင် နင့်ကိုပစ်ထားလို့ဆိုပြီး အဆိုးမဆိုနဲ့နော်”
အတန်းမော်နီတာနှစ်ဦး၏အင်အားသည် တစ်တန်းလုံး၏အင်အားကို ကိုယ်စားပြုနေလေသည်!
Space and Rebirth 716
သေနတ်ပစ်လေ့ကျင့်ရေးသည် နှစ်ရက်သုံးရက်သာ ကြာမြင့်ပြီး ကျောင်းသားများအားလုံးကိုလည်း သေနတ်ကိုင်ဖူးသောလူသစ်လေးများအဖြစ် သတ်မှတ်နိုင်ပေပြီ။ ကျောင်းသားများအားလုံးကို ဆယ်မှတ်မဖြစ်မနေရရမည်ဟု ကျောင်းကမသတ်မှတ်ထားပေ။ ယှဥ်ပြိုင်ခြင်းသာအဓိကဖြစ်လေသည်။ ဤသည်မှာ အလွန်ရှားပါးပြီး အဖိုးတန်သောအတွေ့အကြုံတစ်ခုမဟုတ်ပါလော။
ထိုသို့ဆိုလျှင်ပင် ရလဒ်အဖြေများအား စစ်ရေးလေ့ကျင့်မှုစိစစ်ချက်ဖောင်ထဲတွင် မှတ်တမ်းတင်ထားဦးမည်ဖြစ်သည်။ ကောင်းမွန်သောရလဒ်များ အလွန်များပြားနေသဖြင့် မကျေမနပ်ဖြစ်သောသူမရှိပါပေ။
“ထျန်းရှန်း၊ နင့်တောင်းဆိုချက်က နည်းနည်းများသွားပြီ၊ ငါတို့ကအခုမှ သေနတ်စကိုင်တတ်တဲကိစ္စ ဘယ်နှစ်မှတ်ရမလဲဆိုတာ ငါတို့ဘယ်လိုသိမှာလဲ? ကျင်းယွင်ကျောင်းရှုံးရင် အဲ့လောက်ကြီးမဟုတ်ဘူး”
ဘေဘီယောင်မှ အလျင်အမြန်ပြောလိုက်၏။
“ရှုံးမယ်? ဟမ့်၊ ရှုံးတယ်ဆိုတာ ငါ့အဘိဓာန်မှာမရှိဘူး။ ယွင်ကျောင်းရှုံးရင်တောင် ငါကတော့နိုင်နိုင်သေးတယ်။ ဒီသေနတ်ပစ်တာကို အရင်ကလည်း ကလပ်မှာဆော့ဖူးတယ်လေ။ မျက်စိမှိတ်ပစ်ရင်တောင် ကျိုးမေ့ကျွန်းထက်သာနေဦးမှာ”
ဟော်ထျန်းရှန်းသည် တိုးဖွသောအသံဖြင့် ဟွန့်ခနဲပြုလိုက်၏။
ကျိုးမေ့ကျွန်းနှင့် ထောင်ကဲ့အကြောင်း စဥ်းစားလိုက်ရုံဖြင့် သူမအော်ဂလီဆန်ပေသည်။ ကျင်းယွင်ကျောင်းနှင့် သူမမှာ တစ်ဖွဲ့တည်းဖြစ်၏။ ကျင်းယွင်ကျောင်းရှုံးလျှင် သူမရှုံးသလိုပင်။ သူမဟော်ထျန်းရှန်းသည်သာ ထိုခွေးရူးမနှစ်ကောင်ကိုရှုံးခဲ့ပါက သူမကျောင်းထွက်လိုက်သည်ကပင် ပိုကောင်းဦးမည်!
“ငါထပ်ပြောလိုက်မယ် ငါနင်ကလွဲလို့ တခြားဘယ်သူကိုမှမယုံဘူး...”
ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းအားလက်ညှိုးထိုးကာ ဆက်ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုရလဒ်မျိုးပဲရရ၊ ငါအံ့သြမှာမဟုတ်ဘူး။ လူတွေကိုကြည့်တတ်တဲ့ ငါ့မျက်လုံးက တစ်ခါမှမမှားဖူးဘူးလေ၊ နင်ကဒီနေ့ သူ့ကိုအငိုက်ဖမ်းမိပြီး မနက်ဖြန်ကျရင် သူပိုးစိုးပက်စက်ရှုံးတဲ့အထိ နင်သူ့ကိုအနိုင်ယူပြလိမ့်မယ်၊ ပြီးတော့ သန်ဘက်ခါကျရင်....စစ်ရေးလေ့ကျင့်မှုမှာ ကွင်းဆင်းလေ့လာရေးအတွက် တစ်ညသတ်မှတ်ပေးထားတာရှိတယ်မလား? အဲ့ညရောက်လာရင် ငါတို့အတန်းနှစ်ခုက အတူရှိမှာမို့ ကီလိုမီတာချီတဲ့အကွာအဝေးအထိ အလေးတုံးတွေကို မရလိမ့်မယ်။ အဲ့အရူးမနှစ်ယောက်က သေချာပေါက်ခံနိုင်မှာမဟုတ်ဘူး၊ ယွင်ကျောင်း၊ ငါတို့သိက္ခာမကျဖို့ နင့်ကိုပဲအားကိုးရမှာပဲ!”
ကျင်းယွင်ကျောင်းသည် ဤအရာကိုကြားလိုက်သောအခါ ဆွံ့အသွား၏။ ဟော်ထျန်းရှန်းသည် ဤသို့သောယုံကြည်ချက်မျိုးအား မည်သည့်နေရာမှ ရရှိခဲ့သနည်း? ဧကန္တ သူမသည် အောင်နိုင်သူမျက်နှာနှင့် မွေးဖွားလာခဲ့ခြင်းလော?
“ထျန်းရှန်း...အဲ့လိုမပြောပါနဲ့၊ ဒီလောက်ကီလိုမီတာချီဝေးတဲ့လမ်းကို အလေးတုံးတွေမရတယ်ဆိုတာ လွန်လွန်းတယ်၊ ငါတို့လည်း ခံနိုင်မှာမဟုတ်ဘူး အဲ့အချိန်ရောက်လာရင်...ငါတို့လည်း အသုံးမကျတဲ့သူတွေဖြစ်သွားမှာလား?”
ဘေဘီယောင်ကြည့်ရသည်မှာ ထိတ်လန့်တုန်လှုပ်နေဟန်ရသည်။ ဟော်ထျန်းရှန်း စိတ်ကုန်ဟန်ဖြင့် သူမကိုကြည့်လိုက်၏။
“နင်ကတကယ်တုံးတာပဲ၊ ငါတို့ကဘယ်လိုလုပ်တူနိုင်မှာလဲ? ငါကမခံနိုင်ဘူးဆိုတာ ဖြစ်သင့်တာပဲလေ။ သူတို့အားလုံးက ဆန်ကုန်မြေလေးတွေမို့မလုပ်နိုင်တာ၊ ငါကတော့ဒီတိုင်းရွှေပေါ်မြတင်နေခဲ့ရလို့!”
ဟော်ထျန်းရှန်းသည် သူမပါးစပ်ကိုဖွင့်ပြီး ပေါက်ပန်းလေးဆယ်များကို ပြောတော့သည်။ ကျင်းယွင်ကျောင်းသည် သူမအစားရှက်မိသဖြင့် ခေါင်းကိုခါယမ်းလိုက်၏။
ကံကောင်းစွာဖြင့် ဟော်ထျန်းရှန်းသည် သူမနှင့်တစ်ဖွဲ့တည်းဖြစ်နေပေ၏။ မဟုတ်လျှင် ဟော်ထျန်းရှန်း၏ အတ္တကြီးမှုကို သူမခံနိုင်မည်မဟုတ်ချေ။ သူမသည် မိမိကိုယ်ကို တစ်ရက်လောက် မချီးမွမ်းရလျှင်ပင် မနေတတ်မထိုင်တတ်ဖြစ်နေသူဖြစ်၏။
သို့ရာတွင် ဤသည်မှာလည်း စိတ်ဝင်စားစရာကောင်းပေသည်။ သူမသည် ရန်သူနှင့်မိတ်ဆွေကြားမှ ကွာခြားချက်ကို ကွဲကွဲပြားပြားသိသောသူဖြစ်၏။ သူမအား ရန်စသောသူသည် မိမိကိုယ်ကိုဘာမှအသုံးမကျသူဟု ခံရလောက်သည်ထိ သူမ၏နှိမ်ခြင်းကို ခံရမည်ဖြစ်ပြီး သူမနှင့်လေပေးတည့်သောသူများကိုမူ ရွှေဘုံရွှေနန်းတမျှ ချီးမွမ်းပေလိမ့်မည်။
အခြားသူစိမ်းများကိုမူ သူမသည် တစ်ချက်ပင်ဝေ့မကြည့်ပါချေ။ သူမလမ်းလျှောက်သွားလျှင် ဝံ့ကြွားနေသောဒေါင်းတစ်ကောင်ကဲ့သို့ ဘေးဘီဝဲယာပင် မကြည့်သောသူဖြစ်၏။
သို့ရာတွင် မကောင်းမှုကိုရွံမုန်းတတ်သော သူမအကျင့်မှာမူ ရှောင်ဟိုင်ချင်းနှင့် အတော်အတန်ဆင်ပေသည်။ သူတို့၏စရိုက်များလည်း အလွန်ဖြောင့်မတ်မှန်ကန်စွာ နေတတ်သောစရိုက်များဖြစ်၏။ ကွာခြားချက်ဟူ၍ ရှောင်ဟိုင်ချင်းသည် စိတ်ခိုင်မာပြီး သည်းခံနိုင်စွမ်းရှိကာ တစ်ပါးသူအတွက်တွေးပေးတတ်လေသည်။ တစ်ဖက်တွင်မူ ဟော်ထျန်းရှန်းသည် မာန်မာနပလွှားပြီး မိမိကိုယ်ကိုအတော်ဆုံးဟုထင်ကာ စိတ်တက်ကြွသောသူဖြစ်၏။
ကျင်းယွင်ကျောင်းသည် ဟော်ထျန်းရှန်းအား တစ်ချက်နှစ်ချက်မျှဝေ့ကြည့်မိသည်။ ရှောင်ဟိုင်ချင်းဆိုလျှင် စိတ်ပြင်းပြသောမျက်နှာထားဖြင့် သူမအပေါ်သို့ ချက်ချင်းခုန်အုပ်ပေလိမ့်မည်။ သို့ရာတွင် ဟော်ထျန်းရှန်းမှာမူ သူမအား အေးအေးလူလူသာပြန်ကြည့်ကာ ဟမ့်ခနဲအသံပြုလိုက်၏။
“ငါလှတာငါသိပါတယ် ဒါပေမယ့် နင်ငါ့ကိုအဲ့လိုပုံစံနဲ့တော့ ကြည့်စရာမလိုဘူးလေ၊ ငါက အရမ်းကိုဖြောင့်တဲ့လူတစ်ယောက်ပါနော်”
“စိတ်မပူပါနဲ့ ငါကလည်းအရမ်းဖြောင့်တဲ့လူပါ”
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။ သူမသည် အပြင်ဘက်မှ လေချွန်သံကိုကြားလိုက်၍ တစ်ပြိုင်နက်တည်း ထွက်ကြည့်လိုက်သည်။
“ဆိုလိုတာက နင့်မှာကြိတ်သဘောကျနေတဲ့လူရှိတယ်ပေါ့?”
ဟော်ထျန်းရှန်းသည် သူမအနောက်မှ တစ်ဖဝါးမကွာလိုက်သွားလိုက်သည်။ ထို့နောက် သူမသည် အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်၏။
“ငါကြားတာတော့ မိန်းမလှလေးတွေက အမြဲတမ်း ရုပ်ဆိုးပန်းဆိုးယောက်ျားတွေနဲ့ပဲ တွဲရတတ်တယ်တဲ့၊ မဟုတ်မှလွဲရော သူကရုပ်ဆိုးတာလား?”