အခန်း (၇၁၇-၇၂၀)
Vol. 36 Ch. 717-720
Space and Rebirth 717
ဟော်ထျန်းရှန်းသည် သူမလက်အား ကျင်းယွင်ကျောင်း၏ပုခုံးပေါ်တင်လိုက်သည်။ သူမပုံစံမှာ ဟိတ်ဟန်ကြီးပြီး ခေါင်းမာသောပုံစံပေါက်သော်လည်း တစ်ချိန်တည်းမှာပင် သူမနည်းသူမဟန်ဖြင့် ချစ်စဖွယ်ကောင်းနေ၏။
ဤ “သခင်မလေး” စရိုက်မှာ ပုံမှန်အားဖြင့် အခြားသူများကိုမထိခိုက်ချေ။ သူမသည် ဒေါသကြီးသည်မှန်သော်လည်း အနည်းဆုံးအနေဖြင့် အမှန်အမှားကို ပိုင်းခြားနိုင်စွမ်းရှိပေသည်။ သူမသည်သာ ဟိုးယခင်က ဟုန်ဝမ်နှင့်တူနေခဲ့လျှင် ကျင်းယွင်ကျောင်းသည် သူမအား ရှောင်ကြဥ်၍နေခဲ့ပေမည်။
“စိတ်မပူနဲ့၊ အနာဂတ်မှာ ငါကြိုက်တဲ့လူတွေ့ခဲ့ရင် နင်နဲ့သေချာပေါက် ပေးတွေ့ပေးမယ်”
ကျင်းယွင်ကျောင်းအလွန်ပင်အံ့အားသင့်နေသည်။
“ဒါဆို ကတိနော်၊ စိတ်ပူမနေပါနဲ့ ငါကပိုင်ရှင်ရှိပြီးသားလူတွေကို စိတ်မဝင်စားတာမို့ သူ့ကိုမလုပါဘူး”
ဟော်ထျန်းရှန်းသည် သူမစကားဆုံးသည်နှင့် ရယ်မောလိုက်တော့သည်။
ထိုရယ်သံသည် ချီကျုံးနားထဲသို့ရောက်လာသောအခါ သူသည် ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်ပြီး ရူးနေသည့်သခင်မလေးကို ဝေ့ကြည့်လိုက်သည်။ သူသည် မခံမရပ်ဖြစ်နေလောက်အောင် ကူကယ်ရာမဲ့နေကြောင်း သူ၏အကြည့်များထဲတွင် အတိုင်းသားမြင်နေရသည်။
သို့ရာတွင် ဟော်ထျန်းရှန်းမှာမူ ချီကျုံး၏တည်ကြည်မှုကို ဂရုမစိုက်ပါချေ။ သူမသည် ချီကျုံးအား မျက်စောင်းထိုးကြည့်လိုက်ပြီး ခေါင်းမော့ရင့်ကောစွာဖြင့် သူမခုံပေါ်သို့ ကြော့ကြော့မော့မော့လျှောက်သွားလိုက်၏ သူမလုပ်ရပ်များသည် လိမ္မာရိုကျိုးဟန်ရှိသော်လည်း သူမသည် စကားဖြင့် ချီကျုံးအား မပျက်မကွက်ရန်စလိုက်သေး၏။
စစ်ရေးလေ့ကျင့်မှုပြီးရန် အချိန်အနည်းငယ်သာလိုတော့ပေသည်။ ထိုအချိန်ရောက်လာလျှင် ဟော်ထျန်းရှန်းမှ ခေါင်းမော့နိုင်သောအချိန်ရောက်လာပေမည်။ သူမသည် ချီကျုံးအား သင်ခန်းစာပေးနိုင်သည်ဟု တစ်ထစ်ချယုံကြည်ထား၏။ ချီကျုံးသည် သူမအား ဒိုက်ထိုးခိုင်းရသည်ကို အလွန်နှစ်သက်လှသည်ဖြစ်ရာ သူမသည် သူ့အား နေ့တိုင်းဆိုသလို နိုင်ငံတော်သီချင်းကိုဆိုရင်း ဒိုက်ထိုးခိုင်းပေမည်။ ဟွန့်!
ကျင်းယွင်ကျောင်းသည် ဟော်ထျန်းရှန်း၏အကြည့်များကိုမြင်လိုက်သောအခါ သူမသည် ထပ်မံ၍စိတ်ကူးယဥ်နေကြောင်း သိလိုက်ရ၏။ သူမသည် ချီကျုံးအား သနားကရုဏာသက်စွာဖြင့် ကြည့်လိုက်သည်။ ဟော်ထျန်းရှန်းသည် စိတ်ထဲတွင် ချီကျုံးအား အကြိမ်ပေါင်းမည်မျှခန့် သတ်လိုက်ပြီကို သူမသိချင်မိသည်။
ကျောင်းသားများသည် စီစီရီရီဖြင့် ရပ်ကာ သေနတ်ပစ်ကွင်းသို့ ပြေးသွားလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို အခြားအတန်းမှကျောင်းသားများသည် မိမိတို့လေ့ကျင့်ခန်းများအား အပြီးသတ်ပြီး ထွက်သွားကြလေသည်။ အချို့မှာ ထွက်သွားရန် စိတ်အားထက်သန်နေပြီး အချို့မှာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာရန် တုံ့ဆိုင်းနေကြသည်။
အထူးသဖြင့် ယောက်ျားလေးများဖြစ်ပေသည်။ သူတို့၏သေနတ်ပစ်အိပ်မက်များကို အကောင်အထည်ဖော်နိုင်သည့်အချိန်မှာ တိုတောင်းလွန်းလှသည်။
“ကျင်းယွင်ကျောင်း၊ နင်ကနယ်မြို့လေးကလာတဲ့ မိဘမဲ့တစ်ယောက်လို့ပြောတာကို ငါထောင်ကဲ့ဆီကကြားတယ်။ ကြည့်ရတာ နင်တစ်ခါမှ သေနတ်မပစ်ဖူးလောက်ဘူး ဟုတ်တယ်မလား? ဒါနဲ့ ချီကျုံးက သေနတ်တွေအကြောင်းရှင်းပြတုန်းက နင့်ကြည့်ရတာ အရမ်းစိတ်ဝင်စားနေပုံပဲ။ ဟုတ်သားပဲ နင့်လိုမျိုးဘာမှမသိတဲ့သူက ဒါကိုစူးစမ်းချင်စိတ်မရှိဘူးဆိုရင် ထူးဆန်းနေတော့မှာပေါ့”
ကျိုးမေ့ကျွန်းသည် မိန်းကလေးများစွာကို ခြံရံပြီး ယုံကြည်ချက်အပြည့်ဖြင့် သူမထံရောက်ရှိလာခဲ့သည်။ သူမသည် ကျင်းယွင်ကျောင်းအား သူမ၏အင်အားအရှိန်အဟုန်ဖြင့် ဖိနှိပ်ချင်နေသည်မှာ သိသာလှ၏။
ကျင်းယွင်ကျောင်းဟက်ခနဲရယ်လိုက်သည်။
“အတန်းခေါင်းဆောင်ကျိုး၊ စကားကြီးစကားကျယ်တွေ သိပ်မပြောနဲ့ နောက်ကျမှ လူရှေ့သူရှေ့ ရှုံးသွားရင် ရှက်စရာတွေဖြစ်ကုန်ဦးမယ်”
“ဘယ်သူကရှုံးမလဲဆိုတာ အခုထိမသိသေးပါဘူး! နောက်နှစ်ရက်အတွင်းမှာ စိတ်လှုပ်ရှားစရာပွဲတွေ အများကြီးရှိလာလိမ့်မယ် နင်စောင့်ကြည့်နေလိုက်”
ကျိုးမေ့ကျွန်းပက်ခနဲပြန်ပြောလိုက်၏။
အစက သူတို့နှစ်ဦးသားကြားရှိ ဆက်ဆံရေးသည် ငြိမ်းချမ်းနေခဲ့သော်လည်း ဆယ်ရက်အကြာတွင် ၎င်းသည်လည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့လေပြီ။
လေ့ကျင့်ရေးအချိန်မျိုးစုံတွင် နည်းပြချီမှ ချီးကျူးရသောသူမှာ ကျင်းယွင်ကျောင်းဖြစ်၏။ သူမသည် အမှားတစ်စုံတစ်ရာကိုမှ မလုပ်ခဲ့သလို မည်သည့်လေ့ကျင့်ရေးမျိုးမဆို အတော်ဆုံးဖြစ်နေခဲ့သည်။ ကျိုးမေ့ကျွန်းမှာလည်း အတန်းမော်နီတာဖြစ်ပြီး နည်းပြတူသော်လည်း သူတို့နှစ်ဦးကြားမှ ကွာခြားချက်မှာ တဖြည်းဖြည်း ပိုပိုဆိုးလာခဲ့၏။
နေ့တိုင်းဆိုသလိုပင် အခြားသူများမှ လေ့ကျင့်ရေးပြီးသောအခါ ကျိုးမေ့ကျွန်းသည် အခြားသူများအား သင်ကြားပေးမည်ဟူသောအကြောင်းပြချက်ဖြင့် သူမကိုယ်သူမ လေ့ကျင့်ရေးဆင်းတတ်သည်။ သူမကို ကျင်းယွင်ကျောင်းထက် နိမ့်ကျသည်ဟု နည်းပြကပြောမည်စိုးသဖြင့် သူမသည် ပြီးပြည့်စုံသောလူဖြစ်ချင်နေမိ၏။
တကယ်တမ်းတွင် ချီကျုံးသည် ကျင်းယွင်ကျောင်းအား အခြားသူများနှင့် တစ်ခါမှ မယှဥ်ဖူးချေ။ လီရှောက်ယွင်၏မျက်နှာကိုထောက်၍ သူသည် သူ၏မရီးအား အခြားသူများနှင့် တစ်တန်းတည်းမထားနိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် မည်သည့်အချိန်မဆို အကြောင်းမရှိအကြောင်းရှာပြီး ပြသာနာဖြစ်အောင်မွှေသူများရှိနေတတ်စမြဲပင်။
လက်ရှိအချိန်တွင် အတန်းနှစ်တန်းရှိကျောင်းသားများသည် အခြားအတန်းများမှ ကျောင်းသားများစတင်သေနတ်ပစ်မည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြလေသည်။ သူတို့အားလုံးသည် စိတ်လှုပ်ရှားနေကြပြီး သိချင်စောအလွန်များနေကြပေပြီ။
အထူးသဖြင့် ကျိုးမေ့ကျွန်းသည် သူမအသုံးဝင်လာနိုင်သည့်နေရာကို တွေ့ပြီဟု ခံစားမိနေခဲ့သည်။
သူသည် သေနတ်ပစ်အသင်းများသို့ မကြာခဏသွားခဲ့ဖူး၏။ သူမသည် သေနတ်ပစ်တော်လှသည်မဟုတ်သော်လည်း လူသစ်များထက်တော့ သာပေသေးသည်။ သူမသည် ကျင်းယွင်ကျောင်းအားရှုံးစရာအကြောင်းမရှိပေ။
“အတန်း A07 နဲ့ A08၊ အုပ်စုတွေခွဲမယ် တစ်အုပ်စုကို လူလေးယောက်စီထားမယ်၊ တန်းစီကြ!”
ချီကျုံးသည် ထိုအခါမှ စကားစပြောတော့၏။ အတန်းနှစ်တန်းမှ ကျောင်းသားများကို သူသည် အလျင်အမြန်ပင် အုပ်စုခွဲလိုက်တော့သည်။ ချီကျုံးသည် ထိုကဲ့သို့တမင်စီစဥ်ရခြင်းမှာ အတန်းနှစ်တန်းကြားရှိ ပြိုင်ဆိုင်မှုသည် ပြင်းထန်ကြောင်းကို သူသိထားသောကြောင့်ဖြစ်ပေသည်။
Space and Rebirth 718
အတန်းမော်နီတာများဖြစ်သော ကျင်းယွင်ကျောင်းနှင့် ကျိုးမေ့ကျွန်းသည် မိမိတို့အတန်းရှိကျောင်းသားများ၏ စည်းကမ်းသေဝပ်မှုကို တာဝန်ယူရလေသည်။ သူတို့သည် နံဘေးမှ စောင့်ကြည့်အကဲခတ်နေရကာ လူတန်း၏နောက်ဆုံးတွင် နေရာချခံထားရ၏။
သေနတ်ပစ်လေ့ကျင့်ခန်းတွင် လူတစ်ဦးစီကို ကျည်ဆယ်တောင့်ပေးထားလေသည်။ ဤတစ်ခေါက်တွင် ကျည်တောင့်အစစ်များဖြင့် သေနတ်အစစ်များဖြစ်သည်။ အကွာအဝေးမှာ မီတာ ၂၀၀ ဖြစ်ပြီး မှောက်လျက်အနေအထားဖြင့် ပစ်ခတ်ရမည်ဖြစ်သည်။
ပထမတစ်တန်းရှိ ကျောင်းသားများသည် မြေပြင်ပေါ်လှဲလိုက်ကြပြီး သူတို့လက်ထဲမှသေနတ်များအား ချိန်ညှိကာ အဝေးတစ်နေရာရှိ ပစ်မှတ်အလွတ်ကို ချိန်ရွယ်လိုက်ကြ၏ ချက်ချင်းဆိုသလိုပင် သေနတ်ပစ်သံများ မြည်ဟည်းလာတော့သည်။ အချို့လူများသည် ဤအသံကိုကြားလိုက်သောအခါ အလွန်စိတ်လှုပ်ရှားသွားကြသော်လည်း အချို့လူများမှာမူ ကျောချမ်းသွားကြပြီး အချို့မှာ ကြောက်ဒူးတုန်သွားကြသည်။
သေနတ်ပစ်ပထမအချီပြီးသောအခါ အဝေးတစ်နေရာရှိ တောင်ပို့အနောက်မှ လူသည် ပစ်မှတ်ထိမထိ စစ်ဆေးရန် ထွက်ပေါ်လာတော့၏။
“လွဲတယ် လွဲတယ် လွဲတယ်...နှစ်မှတ်၊ တစ်မှတ်...စုစုပေါင်းသုံးမှတ်”
“ပစ်မှတ်အားလုံးလွဲတယ် သုည...”
“ပစ်မှတ်အားလုံးလွဲတယ်...”
....
ပထမတန်းရှိ လူရှစ်ယောက်သည် စုစုပေါင်းဆယ်မှတ်ပင်မပြည့်ကြချေ။ ထိုတင်မက တစ်ဦးတစ်ယောက်စီတိုင်းတွင် ပစ်ခတ်ခွင့်ဆယ်ကြိမ်စီရထားကြ၏။
ရလဒ်များကို ကြေညာလိုက်သောအခါ ကျောင်းသားများသည် စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ သို့ရာတွင် ဤသည်မှာ သူတို့၏ပထမဆုံးအကြိမ်သာဖြစ်ပေသည်။ ရလဒ်မကောင်းလျှင်ပင် သူတို့၏စိတ်အားထက်သန်မှု လျော့ကျသွားခြင်းမရှိပေ။ သူတို့ရှစ်ဦးလုံး သုညမရသည်ကပင် ကောင်းနေပြီဟု ခံစားမိလိုက်ကြ၏။
နှစ်ဖွဲ့ပြီးဆုံးသွားသောအခါ ဟော်ထျန်းရှန်း၏အလှည့်ရောက်လာတော့၏။ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် တစ်ဖက်အသင်းတွင် ထောင်ကဲ့ရှိနေလေသည်။
ဟော်ထျန်းရှန်းသည် မျက်ခုံးများကိုပင့်ကာ ထောင်ကဲ့ကိုပြုံးပြလိုက်သည်။ သူမအကြည့်ထဲတွင် ထောင်ကဲ့အား အထင်အမြင်သေးဟန်များကို လှစ်ဟပြနေ၏။ စက္ကန့်ပိုင်းအတွင်းတွင် သူမသည်လှဲချကာ အဝေးရှိပစ်မှတ်ကို စူးစိုက်ကြည့်လိုက်ပြီး အကြိမ်အနည်းငယ်ခန့် ပစ်ခတ်လိုက်သည်။ ထောင်ကဲ့သည် ဟော်ထျန်းရှန်းကိုတွေ့တိုင်းတွင် မလုံမလဲဖြစ်စိတ်များ၊ သိမ်ငယ်စိတ်များ ပေါ်လာတတ်၏။ သူမမျက်နှာသည် သုန်မှုန်နေပြီး သူမ၏နှုန်းမှာလည်း ပို၍နှေးကွေးသွားတော့သည်။
“ငါးမှတ်၊ ခြောက်မှတ်၊ လေးမှတ်...”
ဟော်ထျန်းရှန်း၏ရလဒ်များကို ကြေညာလိုက်သည်နှင့် သူမသည် အခြားသူများထက် ပိုသာသည်ကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။ ဆယ်ချက်လုံး ပစ်မှတ်ကိုထိပြီး သူမ၏စုစုပေါင်းရမှတ်မှာ အမှတ် ၆၀ဖြစ်သည်။ လူသစ်တစ်ဦးအတွက် မဆိုးလှဟုပြောရမည်။ အထူးသဖြင့် သူမ၏ပစ်ချက်တစ်ခုသည် ၉ မှတ်မြောက်ကို ထိခဲ့လေသည်။ သူမသည် ကံကောင်း၍ထိသွားခြင်းဟုတ်မဟုတ်ကိုမူ မည်သူမျှမသိပါချေ။
ချီကျုံးသည် ရှားရှားပါးပါးဖြင့် သဘောကျသောမျက်နှာထားကို လှစ်ဟပြလိုက်သည်။
“မဆိုးဘူး”
“ဒီသေနတ်ကိုဆော့ရတာနှစ်ရက်ပဲရှိသေးလို့၊ မဟုတ်ရင် ပစ်ချက်တွေအားလုံးက ၈ မှတ်နဲ့အပေါ်စီးမှာပဲရှိမှာ!”
ဟော်ထျန်းရှန်းမှာမူ ချီးကျူးမှုကို လုံးဝလက်မခံပါချေ။
ချီကျုံးသည် မည်သို့လုပ်ကိုင်ရမည်ကို မသိတော့ပေ။ ဤအမျိုးသမီးသည် အမှန်တကယ်ပင် ချီးကျူး၍မရသောသူဖြစ်သည်။
ထောင်ကဲ့ကိုပြန်ကြည့်လိုက်သောအခါ သူမမျက်နှာသည် အလွန်ပျက်နေလေ၏။ ကျည်ဆယ်တောင့်တွင် ကိုးတောင့်သည် ပစ်မှတ်ကိုလွဲခဲ့ပြီး ကျန်တစ်ခုသည်သာ ပစ်မှတ်ကိုထိနေသည်။ ဘေဘီယောင်ပင်လျှင် ဟော်ထျန်းရှန်းအောက် အမှတ်များစွာနည်းလှသော်ငြား သူမထက် အမှတ်ပိုများနေလေ၏။
“တစ်ခါအသုံးမကျရင် အမြဲတမ်းအသုံးမကျဖြစ်နေဦးမှာပဲ”
ဟော်ထျန်းရှန်းသည် မတ်တပ်ထရပ်လိုက်ပြီး သူမအဝတ်အစားများကို ဖုန်ခါလိုက်ကာ ထောင်ကဲ့အား စိတ်ကုန်ဟန်ဖြင့် ကြည့်လိုက်သည်။
ထောင်ကဲ့သည် ဒေါသဖြင့် တုန်ယင်နေ၏။ သူမမျက်နှာသည် သွေးဆုပ်နေပြီး အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ရသည်။ အမြဲတစေ စည်းကမ်းတင်းကြပ်သော နည်းပြဖြစ်သူ ချီကျုံးကြောင့်သာမဟုတ်ခဲ့လျှင် သူမသည် အခွင့်အရေးနောက်တစ်ခါပေးရန် နည်းပြအား အသနားခံချင်မိ၏။
ထောင်ကဲ့အရှက်ရသွားသဖြင့် ကျိုးမေ့ကျွန်းသည်လည်း အရှက်ရသလိုခံစားလိုက်ရ၏။ အတန်းထဲရှိ အခြားသူများအားလုံးသည် ထောင်ကဲ့အားကြည့်ကာ စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလိုက်ကြသည်။
“ဘာတွေအဲ့လောက်စိတ်ကြီးဝင်နေတာလဲ? ငါအခုထိ မဝင်ရသေးဘူး!”
ကျိုးမေ့ကျွန်း တီးတိုးရေရွတ်လိုက်၏။
သူမသည် မှောင်ရိပ်သန်းနေသောမျက်နှာဖြင့် အရှေ့သို့ထွက်လာသော ကျောင်းသားများကို ကြည့်လိုက်သည်။ သူတို့သည် သေနတ်ပစ်ကျင့်စဉ်များကို မေ့လျော့သွားမည်စိုးသဖြင့် တစ်ဦးချင်းစီကို သူမလိုက်သတိပေးလိုက်သေးသည်။ သို့ရာတွင် သူမဆီမှ နားပူခံရသည်မှာ အကြိမ်ပေါင်းမနည်းတော့သဖြင့် A08 မှကျောင်းသားများသည်လည်း အနည်းငယ်အာရုံနောက်နေ၏။ သူတို့သည် အာရုံမစူးစိုက်နိုင်ကြတော့ချေ။ အထူးသဖြင့် သူမသတိပေးပြီးသောအချိန်တွင်ဖြစ်၏။ သူတို့သည်သာ အမှတ်ကောင်းကောင်းမရခဲ့လျှင် သူမ၏စကားကို နားမထောင်ခြင်းကြောင့်ဖြစ်သော်လည်း အမှတ်ကောင်းကောင်းရခဲ့လျှင်မူ သူမ၏အသင်အပြကောင်းမှုကြောင့်ဖြစ်ပေသည်။
ကျိုးမေ့ကျွန်းနှင့် ကျင်းယွင်ကျောင်းရှေ့ထွက်လာသောအခါ သူတို့နံဘေးရှိကျောင်းသားများသည် စတင်ပြောဆိုကြတော့သည်။
“မော်နီတာကြီး၊ ခုနတုန်းက ငါတို့ပစ်နေတုန်း စကားများနေတာဆိုတော့ နင့်သေနတ်ပစ်စကေးက ဆရာကြီးအဆင့်ရောက်နေလောက်ပြီထင်တယ်၊ ပစ်မှတ်ကိုမလွဲစေနဲ့နော်!”
ကျိုးမေ့ကျွန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။
ပစ်မှတ်ကို လွဲချော်ရမည်လော? သူမသည် သေနတ်မပစ်ဖူးသောသူမဟုတ်ပေ။ သူမလိုလူမျိုးက အဘယ်သို့ပစ်မှတ်ကို လွဲချော်နိုင်မည်နည်း?
သူမစဉ်းစားနေစဉ်မှာပင် ကျင်းယွင်ကျောင်း၏ သေနတ်သံများ မြည်ဟည်းထွက်လာတော့သည်။
Space and Rebirth 719
ကျင်းယွင်ကျောင်းသည် သူမ၏ဝင်လေထွက်လေကို ချိန်ညှိပြီး သူမ၏ဝိညာဉ်စွမ်းအားအပေါ် အာရုံစူးစိုက်လိုက်သည်။ အသက်ရှူသံငြိမ်သွားပြီးနောက် သူမသည် ပစ်မှတ်အပေါ် သူမ၏အကြည့်ကိုအာရုံစိုက်ကာ ပတ်ဝန်းကျင်အသံများကို မကြားရတော့သည့်အတိုင်း သေနတ်မောင်းကိုဆွဲလိုက်လေ၏။
ကျိုးမေ့ကျွန်းသည် နံဘေးမှနေ၍ သူမအား ဝေ့ကြည့်လိုက်သည်။ ဤမျှလောက် မြန်မြန်ဆန်ဆန်ပစ်ခတ်လိုက်သဖြင့် သူမသည် သူမ၏ပစ်မှတ်ကိုလွဲလောက်မည်မဟုတ်လော?
ကျိုးမေ့ကျွန်းသည် အပြုံးတစ်ခုဖြင့် ပေးထားသောတာဝန်ကို စိတ်ငြိမ်ငြိမ်ထား၍ လုပ်ဆောင်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။
ကျင်းယွင်ကျောင်း၏ ပထမပစ်ချက်မှာ အနည်းငယ်အထစ်အငေါ့ရှိပေသည်။ သူမနှင့်ပစ်မှတ်လမ်းကြောင်းနှင့် ချော်သွားကြောင်းကို သေသေချာချာခံစားမိလိုက်၏။ သို့ရာတွင် သူမသည် မီးစဉ်ကြည့်ကတတ်သူဖြစ်ပေသည်။ သူမသည် ဝိညာဉ်ကျောက်စိမ်းကို စုပ်ယူခဲ့သည်ဖြစ်ရာ သူမ၏ဝိညာဉ်စွမ်းအားမှာလည်း အခြားသူများနှင့်ယှဉ်လျှင် မြင့်ပေသည်။ သူမသည် ချက်ချင်းဆိုသလိုပင် မိမိကိုယ်နေဟန်ထားကိုပြင်ကာ ဆက်လက်ပစ်ခတ်တော့သည်။
အကြိမ်အနည်းငယ်ခန့်ဆက်တိုက်ပစ်ပြီးနောက် သူမသည် သူမ၏သေနတ်ကိုသိမ်းကာ မတ်တပ်ထရပ်လိုက်၏။ ကျိုးမေ့ကျွန်းမှာမူ ဖြည်းဖြည်းချင်းလှုပ်ရှားသော်လည်း သူမကြည့်ရသည်မှာလည်း ပေါ့သေးသေးမဟုတ်ပေ။
အနီးအနားရှိကျောင်းသားများသည် စိတ်အားထက်သန်မှုနှင့် သိချင်စောများပြည့်နေသောအကြည့်ဖြင့် ပစ်ကွင်းထဲကြည့်လိုက်ကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းနှင့် ကျိုးမေ့ကျွန်းတို့၏ ရလဒ်ကြေညာချက်ကိုစောင့်ရင်း တစ်ဖက်အသင်းအပေါ် ကြွားလုံးထုတ်ရန် အရံသင့်အနေအထားဖြင့် တစ်ဦးကိုတစ်ဦး စူးစိုက်ကြည့်လိုက်ကြ၏။
များမကြာမီတွင် ကျိုးမေ့ကျွန်းလည်း ပြီးဆုံးသွားသည်။
ပစ်မှတ်များအား ရေတွက်ရသည့်အပိုင်း၌ တာဝန်ယူထားသောလူသည် ရလဒ်များကို ချီကျုံးကိုယ်တိုင်ကြေညာနိုင်ရန် သူ့အားပြောပြလိုက်၏။ ချီကျုံးသည် အံ့အားသင့်သောမျက်နှာထားဖြင့် ရလဒ်အဖြေစာရွက်ကို စူးစိုက်ကြည့်လိုက်သည်။
“ကျိုးမေ့ကျွန်း စုစုပေါင်း ၃၈ မှတ်၊ ပစ်မှတ်ကို တစ်ခါမှမလွဲခဲ့ဘူး။ မဆိုးဘူးပဲ”
ကျိုးမေ့ကျွန်းကြက်သေသေသွား၏။
၃၈ မှတ်တည်းလော?
သို့ရာတွင် သူမကိုယ်သူမ အလျင်အမြန်နှစ်သိမ့်လိုက်သည်။ သူမ၏အမှတ်သည် မြင့်မားလှသည်မဟုတ်သော်လည်း အခြားသူများထက်သာသေးပေသည်။ သုညရသောလူများပင်လျှင်ရှိ၏။ ၁၅ မှတ်ထက်ပိုရသော ကျောင်းသားများသိပ်မရှိချေ!
သို့သော် ဒေါင်းကဲ့သို့ မော်ကြွားနေသောဟော်ထျန်းရှန်းအား အနိုင်မပိုင်းလိုက်နိုင်သည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။
“ကျင်းယွင်ကျောင်းက...စုစုပေါင်း ၉၉ မှတ်။ ပစ်မှတ်ကို ၉ ခါထိခဲ့တယ်”
ချီကျုံးမှ ကျိုးမေ့ကျွန်း၏ရလဒ်များကို ကြေညာစဥ်က လူတိုင်းသည် အားကျနေခဲ့ရ၏။ သို့သော် ကျင်းယွင်ကျောင်း၏ရလဒ်များကို ကြေညာသောအခါ လူတိုင်းသည် ကြက်သေသေသွားကြလေသည်။
“ဆရာချီ? မှားပြီးပြောမိတာလား? ၉ မှတ်တို့ ၁၉ မှတ်တို့ကို ပြောချင်တာမှတ်လား?”
ထောင်ကဲ့ချက်ချင်းပင်ပြောလိုက်၏
အဘယ်သို့ ၉၉ မှတ်ဖြစ်နိုင်မည်နည်း? ၉၉ မှတ်ဆိုလျှင် သူမသည် ပစ်မှတ်အား တစ်ကြိမ်သာလွဲသည်ဟူသောအဓိပ္ပာယ်မဟုတ်လော? သူမသည် ပစ်မှတ်အားတည့်တည့်မထိခဲ့သော်လည်း လမ်းကြောင်းအနည်းငယ်လွဲခဲ့ရုံသာရှိ၏။
ကိုးကြိမ်တိတိ ဆယ်မှတ်မြောက်အကွင်းအား ထိရန်မပြောနှင့် ကိုးမှတ်မြောက်အကွင်းကိုပင် ထိခဲ့သော ကစားသမားမရှိခဲ့ပါချေ။ည ဤသည်မှာ သူတို့အား အရူးလုပ်နေခြင်းလော?
“ဟုတ်တယ် ကျင်းယွင်ကျောင်း၏အမှတ်တွေကြောင့် ငါလည်းအံ့သြသွားတယ်”
ချီကျုံးအတည်ပြုပေးလိုက်၏။
သူ၏ရင်ထဲရှိအံ့အားသင့်မှုမှာလည်း ကျောင်းသားများထက် မနည်းပေ။ သူသည် ကျင်းယွင်ကျောင်းအပေါ် နားလည်မှုတစ်ခုရှိထားခဲ့၏။ သူမသည် ငယ်စဥ်ကတည်းကပင် ဟွားနင်ခရိုင်၌နေခဲ့ကြောင်း သူသိနေခဲ့သည်။ သူမသည် အဝေးလံဆုံးသွားနိုင်သောနေရာဟူ၍ နင်းမြို့တော်သာရှိသည်။ ဤကိစ္စမတိုင်ခင်က သူမသည် ဤအရာမျိုးနှင့် ထိတွေ့မှုတစ်ခါမှမရှိခဲ့ဖူးချေ။ သို့ရာတွင် နှစ်ရက်တည်းဖြင့် သူမသည် ဆရာတစ်ဆူဖြစ်နေလေပြီ။ စစ်သားအစစ်များပင်လျှင် ဤသို့သောရလဒ်မျိုးကို မရနိုင်ပေ။
ဆယ်မှတ်မြောက်ကွင်းအား ကိုးကြိမ်တိတိ ထိခဲ့သည်။ သူ၏ခန့်မှန်းချက်အရဆိုလျှင် ကျင်းယွင်ကျောင်း၏ပထမပစ်ချက်တွင် လမ်းကြောင်းအနည်းငယ်လွဲခဲ့သော်လည်း သူမသည် အလျင်အမြန်သတိထားမိသွားပုံရ၏။ ထိုအမှားအား သဘောပေါက်ပြီးနောက် သူမသည် ချက်ချင်းဆိုသလို မိမိအနေအထားကို ပြုပြင်ပြီး ပြီးပြည့်စုံသောပစ်ချက်တစ်ခုကို ဆောင်ရွက်ခဲ့လေသည်။
ဤကဲ့သို့သောပါရမီရှင်မျိုးမှာ တွေ့ရခဲလှပေ၏။
“တကယ် ၉၉ မှတ်လား?”
ဟော်ထျန်းရှန်းသည် ကွေးညွှတ်သောအပြုံးတစ်ခုဖြင့် ကျင်းယွင်ကျောင်း၏ပုခုံးကိုပုတ်လိုက်သည်။
“နင့်လက်ရည်က ဆိုးမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ!”
ထိုသို့ပြောလိုက်သော်လည်း ဟော်ထျန်းရှန်းသည် စိတ်ထဲ၌ မိမိဘာသာရေရွတ်မိသေး၏။
(ဒီကောင်က လူရောဟုတ်သေးရဲ့လား?)
ဤရလဒ်သည် မဆိုးရုံတင်မကဘဲ ကောင်းကင်ဘုံကိုဖီဆန်နေသော ပါရမီမျိုးဟုပင်ပြောရမည်!
“မယုံဘူး! သူကဘယ်လိုလုပ်ဒီလောက်ရလဒ်ကောင်းနိုင်မှာလဲ? နည်းပြ၊ ရှင်သူ့ကိုမျက်နှာလိုက်နေတာမှတ်လား?”
ထောင်ကဲ့ချက်ချင်းပြောလိုက်၏။ သူမသည် ယခင်က သေနတ်များဖြင့် ထိတွေ့မှုမရှိဖူးသဖြင့် ကျင်းယွင်ကျောင်းသည်လည်း သေနတ်များအား ကိုင်ဖူးမည်မဟုတ်ချေ။ သူတို့သည် ကြည့်လိုက်သည်နှင့် အတူတူသာဖြစ်ရာ ရလဒ်များက အဘယ်သို့ကွာခြားနေရသနည်း?
သူမသည် နှစ်မှတ်သာရရှိသော်လည်း ပစ်မှတ်ကိုမထိခဲ့သော ကျင်းယွင်ကျောင်း၏ပထမပစ်ချက်ပင်လျှင် သူမ၏စုစုပေါင်းရမှတ်ထက် မြင့်နေလေ၏။ အဘယ်ကြောင့်နည်း?
ထောင်ကဲ့မှ ထိုသို့ပြောလိုက်သောအခါ ချီကျုံးမျက်နှာသည် ချက်ချင်းဆိုသလို ပျက်သွားတော့သည်။
“ငါကညစ်နေတယ်လို့ ပြောလိုက်တာလား?”
ထောင်ကဲ့ အသက်ရှူမှားမတတ်ဖြစ်သွားသည်။
“ခုနက ကျည်ထိထားတဲ့ပစ်မှတ်တွေကို မဖယ်ရသေးဘူး၊ အတုလားအစစ်လားဆိုတာ မင်းကိုယ်တိုင်သွားကြည့်လို့ရတယ်”
ချီကျုံးပြောလိုက်၏။
Space and Rebirth 720
ထောင်ကဲ့နှင့် ကျိုးမေ့ကျွန်းသည် ချီကျုံးအား သေမလောက်ကြောက်ကြသော်လည်း ကျင်းယွင်ကျောင်းမှ ဤမျှလောက်များသောအမှတ်ကို ရရှိခဲ့ကြောင်း သူတို့တွေးလိုက်သောအခါ မယုံကြည်နိုင်ကြသေးချေ။ နည်းပြဖြစ်သူ၏ စေ့စေ့စပ်စပ်အကဲခတ်နေသော အကြည့်များအောက်တွင် သူတို့သည် လူတစ်စုကိုဆွဲခေါ်ကာ သုတ်သီးသုတ်ပြာဖြင့် ပစ်မှတ်ဆီသို့ ပြေးသွားလိုက်သည်။
သို့ရာတွင် ဤကိစ္စနှင့်ပတ်သတ်၍ တုပထားခြင်းမရှိကြောင်း သေချာနေ၏။
ရုတ်ချည်းဆိုသလိုပင် သူတို့အားလုံးသည် အလွန်ချောက်ချားနေသောမျက်လုံးများဖြင့် ကျင်းယွင်ကျောင်းကို ကြည့်လိုက်ကြသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာမူ သူတို့နှစ်ဦးအား အေးတိအေးစက်ဖြင့် ဝေ့ကြည့်ရုံသာကြည့်ကာ သူမအဖွဲ့နောက်လိုက်၍ သေနတ်ပစ်ကွင်းမှ ထွက်သွားလိုက်၏။ သူတို့သည် သူမ၏မြင်ကွင်းထဲတွင်မရှိသကဲ့သို့ အရေးပင်မစိုက်ပါချေ။
“ဘယ်လိုလုပ်ပြီးဒီလောက်အမှတ်အများကြီးရခဲ့တာလဲ?! ထောင်ကဲ့၊ နင်ပြောတော့ သူကနင်နဲ့တစ်နယ်တည်းကဆို? တောသူမတစ်ယောက်က ဘယ်လိုလုပ်ပြီး သေနတ်ပစ်တတ်နေတာလဲ!”
ကျိုးမေ့ကျွန်းသည် ဒေါသထွက်လွန်းသဖြင့် စဥ်းစားတွေးတောခြင်းမရှိဘဲ ပြောလိုက်၏။
ထောင်ကဲ့သည် ၎င်းကိုကြားလိုက်သောအခါ ဒေါသအရိပ်အယောင်များ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။ ကျိုးမေ့ကျွန်းသည် ကျင်းယွင်ကျောင်းအား တောသူမတစ်ဦးဟု ပြောလျှင် သူမကိုလည်း တောသူမတစ်ဦးဟု ခေါ်နေခြင်းမဟုတ်လော? သူမသည် ဟွားနင်ခရိုင်မှ လာခဲ့သော်လည်း ဟွားနင်ခရိုင်မှာ ဝပြောကြွယ်ဝပေသည်။ မြို့တော်နှင့် ယှဥ်၍မရသော်ငြား သူမပြောသလောက်မဆိုးသည်မှာ သေချာ၏!
“မော်နီတာ၊ သူကဒီအပိုင်းမှာ ပါရမီပါနေတာဖြစ်ရင်ဖြစ်မှာပေါ့...”
ထောင်ကဲ့ဝန်ခံလိုက်ရတော့သည်။
“ဘာပါရမီလဲ?! ငါမယုံနိုင်ဘူး! နင်တုံးလို့သာ သူလိုလူမျိုးကအရူးလုပ်နေတာကို ခံနေရတာ၊ အရင်တုန်းက သူသေနတ်ပစ်ဖူးတာပဲဖြစ်ရမယ်! ထောင်ကဲ့၊ မနက်ဖြန်ကျင်းယွင်ကျောင်းနဲ့ပြိုင်ပွဲကို နင်သေချာပေါက်ရှုံးလို့မဖြစ်ဘူး! အခုသူ့ပုံတွေ့ရတာတောင် ငါတော်တော်မုန်းနေပြီ၊ မနက်ဖြန်ပြိုင်ပွဲမှာပါ ငါတို့ရှုံးရင် ဒီစစ်ရေးလေ့ကျင့်မှုကို ငါတို့လာတာ အရှက်ခွဲခံရဖို့သက်သက်ပဲဖြစ်သွားမှာ!”
“သိပါတယ် ဒါပေမယ့်... ကျင်းယွင်ကျောင်းက စခန်းထဲမှာ ကျောထောက်နောက်ခံအနေနဲ့ နည်းပြချီကိုယ်တိုင်ရှိနေတော့ ငါတို့လည်းဘာမှလုပ်လို့မရဘူး။ ကျောင်းပြန်ရောက်မှလုပ်ရင် ပိုအဆင်ပြေမယ်မထင်ဘူးလား? နင့်ဦးလေးက တက္ကသိုလ်ပရော်ဖက်ဆာတစ်ယောက်ဆို? ပြီးတော့ နင်ကကျောင်းသားကောင်စီထဲဝင်တာနဲ့ ဘယ်နေရာကနေနေ ကျင်းယွင်ကျောင်းက နင့်အောက်မှာရှိနေတော့မှာမဟုတ်ဘူးလား?”
ထောင်ကဲ့ဆက်ပြောလိုက်၏။
ယခင်က သူမ၏စာမေးပွဲရမှတ်များသည် ကောင်းခဲ့သော်လည်း A တက္ကသိုလ်တွင်မူ ထိုအရာများသည် အတိတ်ကအရာများဖြစ်ပြီး လက်ရှိတွင် မည်သို့သောအကျိုးသက်ရောက်မှုမှမရှိချေ။
ထိုတင်မက သူမသည် ကျိုးမေ့ကျွန်းကဲ့သို့ ငွေအားလူအားမရှိပါချေ။ သူမသည် ကျင်းယွင်ကျောင်းအား ကျောင်းမှကန်ထုတ်ချင်လျှင်ပင် မဖြစ်နိုင်သောအရာဖြစ်သည်။ ကျင်းယွင်ကျောင်းနံဘေးရှိ ဟော်ထျန်းရှန်းကိုပင် သတိထားရဦးမည်။
ထို့ကြောင့် သူမသည် ကျိုးမေ့ကျွန်းနှင့်သာ တစ်ဖွဲ့တည်းနေနိုင်၏။ ယခုသူတို့တွင် ဘုံရန်သူရှိနေပြီဖြစ်သောကြောင့် ကျိုးမေ့ကျွန်း စိတ်ကျေနပ်သည့်အတိုင်းလုပ်ကာ သူမအားကူညီရုံသာရှိသည်။
ကျိုးမေ့ကျွန်းသည် မခံမရပ်နိုင်ဖြစ်ဟန်ဖြင့် သူမအဖွဲ့၏နောက်ဆုံးမှ လမ်းလျှောက်ထွက်ခွာသွားလိုက်သည်။ ကျင်းယွင်ကျောင်း၏ကျောပြင်ကို ကြည့်လိုက်သောအခါ သူမ၏မာနများ ရိုက်ချိုးခံလိုက်ရသလိုဖြစ်သွား၏။
ဤနေ့တွင် ကျိုးမေ့ကျွန်းနှင့် ထောင်ကဲ့တို့မှ ကျိုးကျိုးနွံနွံရှိနေသည်မှာ ရှားပါးပေသည်။ အတန်း A08 တစ်ခုလုံးတွင် သုန်မှုန်သောမျက်နှာများဖြစ်နေကြသည်။ ကျင်းယွင်ကျောင်း၏အတန်းဖော်များရှေ့တွင် သူတို့သည် ယုံကြည်ချက်အနည်းငယ်မျှပင်မရှိချေ။
ယောက်ျားလေးများသည် မိန်းကလေးများကြားကရန်ပွဲအကြောင်း သိပ်မသိခဲ့ကြပေ။ ယခင်က သူတို့သည် မတတ်သာဘဲ ဝင်ပြိုင်ခဲ့ရသော်လည်း ယခုကျင်းယွင်ကျောင်း၏ အံ့သြဖွယ်အင်အားကို တွေ့လိုက်ရသောအခါ သူမနှင့်ပတ်သတ်၍ သိချင်လိုစိတ် အနည်းငယ်ပြင်းပြသွားကြ၏။
အနားယူချိန်တွင် အချို့ယောက်ျားလေးများသည် ကျင်းယွင်ကျောင်းထံသို့လာ၍ စကားပြောကြပေသည်။ ကံမကောင်းစွာဖြင့် ကျင်းယွင်ကျောင်းသည် လူတိုင်းကို တန်းတူညီဆက်ဆံလေ၏။ သူမသည် အေးတိအေးစက်နိုင်လှသည်မဟုတ်သော်လည်း ရင်းနှီးမှုအကွာအဝေးတစ်ခုစာ ထားလေသည်။
မည်သို့ပင်ဆိုစေ ကျိုးမေ့ကျွန်းသည် လက်မလျှော့ချင်သေးချေ။
သူမသည် အတန်း A08 ၏ မော်နီတာဖြစ်လျက်ပင် သူမအတန်းထဲမှ ယောက်ျားလေးများအားလုံးသည် ကျင်းယွင်ကျောင်းကို ငေးကြည့်နေကြ၏။
ဆယ်မှတ်ကွင်းအား ကိုးကြိမ်ဆက်တိုက်ပစ်ခတ်နိုင်သည်က ကြီးကျယ်သောကိစ္စပေလော? သူမကံကောင်းသွားခြင်းသာဖြစ်ပေသည်။ ကြက်ကန်းဆန်အိုးတိုးခြင်းပင်!
ကျိုးမေ့ကျွန်းမှ တိုက်ခိုက်ရေးစိတ်ဓာတ်များ ပြင်းထန်နေချိန်တွင် ထောင်ကဲ့မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ သူမသည် စိတ်ခွန်အားသိပ်မကျန်တော့သော်လည်း ကျင်းယွင်ကျောင်းအား အရှုံးပေးရန် ဆန္ဒမရှိသေးချေ။ သို့သော်ငြား ကျင်းယွင်ကျောင်းသည် ဘက်ပေါင်းစုံရှုထောင့်မှ သူမထက်သာလွန်ကြောင်းကိုမူ သိနေလေ၏။ သူမသည် ဘာမှမတတ်နိုင်ပါချေ။
ဤအချိန်တွင် သူမအားကိုးနိုင်သောအရာဟူ၍ တိုက်ခိုက်ရေးပြိုင်ပွဲသာရှိပေသည်။ သူမသည် ကျင်းယွင်ကျောင်းအား အညှာအတာကင်းမဲ့စွာ အနိုင်ယူပြီး သူမသိက္ခာကျအောင်လုပ်ရန် စိတ်အားထက်သန်နေမိ၏။
အတန်းနှစ်တန်းလုံးသည် ထိုနေ့ကို မြန်မြန်ရောက်ချင်နေမိကြသည်။ မျက်စိတစ်မှိတ်အတွင်း ချိန်းချက်ထားသောနေ့သည် ရောက်ရှိလာတော့ပေသည်။