← Chapters

အခန်း (၇၂၁-၇၂၄)

Vol. 37 Ch. 721-724

အခန်း (၇၂၁-၇၂၄)

Vol. 37 Ch. 721-724

Space and Rebirth 721

ဒါဇင်ချီသောကျောင်းသားများကြားတွင် ကျင်းယွင်ကျောင်းသည် အထူးချွန်ဆုံးဖြစ်နေသေး၏။ ပူပြင်းသောနေရောင်အောက်တွင် အချိန်ကြာမြင့်စွာ နေခဲ့ပြီးသည့်တိုင် သူမအသားအရေသည် ယခင်ကအတိုင်းပင် ဖြူဝင်းချောမွတ်ဆဲဖြစ်၏။ ထိုတင်မက သူမ၏ချောမောနှင့်ပြီးသားရုပ်ရည်နှင့် ပေါင်းစပ်လိုက်လျှင် အခြားသူများမှ သူမကိုသတိမထားမိရန် မဖြစ်နိုင်ပါချေ။

ကျင်းယွင်ကျောင်းသည် မျက်လုံးထဲတွင် ပြုံးရိပ်ပြုံးယောင်များသန်းနေသော်လည်း ခေါင်းပေါ်ရှိဆံပင်မွေးများ ထောင်လာစေနိုင်လောက်အောင် အန္တရာယ်များသည့် အပြုံးမျိုးဖြစ်၏။

“မနက်ဖြန်က စစ်ရေး‌လေ့ကျင့်မှုနောက်ဆုံးနေ့ပဲ။ ဒီနေ့ပွဲပြီးတာနဲ့ ညဘက်မှာ ကွင်းဆင်းလေ့လာရေးကို လုပ်ကြမယ်။ မင်းတို့အားလုံးကြိုတင်ပြင်ဆင်ထားကြ၊ ဘယ်လိုကိစ္စပဲရှိရှိ မဖြစ်မနေဝင်ပါရမယ်။ မဟုတ်လို့ကတော့ အရည်အချင်းမပြည့်မီဘူးလို့ သတ်မှတ်မယ်”

ချီကျုံးပြောလိုက်၏။

အတန်းနှစ်တန်းသည် စခန်းအလယ်ရှိ ကွင်းပြင်ကြီးတွင် တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းဆိုင်၍ ရပ်နေကြလေ၏။ အားလုံးသည် ယုံကြည်ချက်ပြည့်နေသောမျက်နှာများဖြင့် မိမိတို့လက်ကိုပွတ်နေကြသည်။

သူတို့၏ယုံကြည်ချက်များသည် မည်သည့်နေရာမှ လာခဲ့ကြောင်း ကျင်းယွင်ကျောင်းအမှန်တကယ်မသိပါချေ။ ဤကာလအတွင်းတွင် သူမသည် သူမ၏အတန်းဖော်များမှ တိုက်ခိုက်‌ရေးကျင့်စဥ်များအား သင်ယူနေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ဖူးသည်။ ချီကျုံးက သူတို့အားသင်ကြားပေးခဲ့သည်ဟု ပြောနိုင်သော်လည်း သူတို့သည် အပေါ်ယံ၏ အပေါ်ယံကိုသာ လျှပ်၍သင်ယူခဲ့ရသည်။ သူတို့၏လှုပ်ရှားမှုများမှာ နည်းစနစ်ကျသည်ဟု ပြော၍ရနိုင်သော်ငြား သူတို့သည် စစ်မှန်သောတိုက်ကွက်များကို သေသေချာချာမသိကြသေးချေ။ မိမိခွန်အားများကိုသာ ဇွတ်သုံးတတ်ကြသည်။

သူမသည် ပထမဆုံးတိုက်ခိုက်ရမည့်သူဖြစ်သည်။ လူနှစ်ဦးအတွဲလိုက်မပြောနှင့် တစ်ဖက်အတန်းမှ လူအယောက်တိုင်း သူမဆီသို့တစ်ပြိုင်နက်တည်း လာရောက်တိုက်ခိုက်ခဲ့လျှင်ပင် သူမအတွက် အန္တရာယ်လုံးဝမဖြစ်မည်မဟုတ်ပေ။

“နံပါတ်နှစ်ညီမလေးကျင်း၊ သူ့ကိုသေချာဗျင်းခဲ့နော် ကြားလား? ဒီတစ်ခေါက်တော့ သူ့ကိုခြေချိုးလက်ချိုးတာ၊ သတ်ပစ်တာမလုပ်သရွေ့ အဆင်ပြေတယ်! ဘယ်လိုပဲဖြစ်ဖြစ် နည်းပြကလည်းခွင့်ပြုထားတဲ့ ပြိုင်ပွဲဖြစ်တာမို့ လက်ခံနိုင်တဲ့အတိုင်းအတာဖြစ်သရွေ့ ဒဏ်ရာပေးလို့ရတယ်!”

ဟော်ထျန်းရှန်းသည် မျက်စိမှိတ်ပြလိုက်၏။

ကျင်းယွင်ကျောင်းသည် ယမန်နေ့က ၉ မှတ်မြောက်အကွင်းအား ပစ်ခတ်နိုင်သည့်အချိန်မှစ၍ ဟော်ထျန်းရှန်းသည် သူမအပေါ် တဖြည်းဖြည်းဖော်ရွေလာခဲ့လေသည်။ အဆုံးတွင် သူတို့လေးဦးသားသည် အသက်အရွယ်အလိုက် နံပါတ်စဥ်များတပ်လိုက်တော့၏။

သူတို့လေးဦးသည် အသက်အရွယ်အရ အတူတူသာဖြစ်ပြီး လပိုင်းသာခြားပေသည်။ ဘေဘီယောင်မှာ အငယ်ဆုံးဖြစ်ပြီး ယန်ရှင်းယွဲ့မှာ တတိယဖြစ်သည်။ ကျင်းယွင်ကျောင်း၏ မွေးနေ့အစစ်အမှန်မှာ သူမမှတ်ပုံတင်ကတ်ပြားတွင် ရေးသားထားသည်ထက် တစ်လခန့်ပိုကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ချင်မှ သူမအား ကောက်ယူမွေးစားထားသည့်နေ့အား သူမ၏မွေးနေ့အဖြစ် မှတ်ပုံတင်ဌာနမှ သတ်မှတ်ထားသောကြောင့်ဖြစ်၏။

ဟော်ထျန်းရှန်းသည် သူမနှင့် မွေးလ၊ မွေးနှစ် အတူတူသာဖြစ်ပြီး ရက်ပိုင်းသာခြားသည်။ မည်သူက အသက်အရွယ်ပိုကြီးသည်ကို ပြောရခက်သော်လည်း ဟော်ထျန်းရှန်းမှာ ၎င်းအား နည်းနည်းမှပင်ဂရုမစိုက်ချေ။ သူမသည် အလိုလိုပင် အစ်မကြီးတစ်ဦးဖြစ်လာတော့၏။

“ညီမလေး” ဟူသောစကားကို ကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် အတန်ငယ် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ သို့ရာတွင် ညီမ‌လေးဖြစ်ရသည်မှာ အစ်မကြီးဖြစ်ရသည်ထက်သာပေသည်။ ယန်ရှင်းယွဲ့မှာ သူမထက်ပင် သနားစရာကောင်းသေးသည်။

ကျင်းယွင်ကျောင်းသည် ခြေလှမ်းကာ အပြင်သို့ထွက်သွားတော့သည်။ သူမသည် သူမလက်ကောက်ဝတ်များကို ပွတ်ပြီး ဂျွတ်ဟူသော အသံနှစ်သံထွက်သည်အထိ ချိုးလိုက်သည်။ သူမသည် အတန်ငယ်အဓိပ္ပာယ်ဖော်မရသောအပြုံးဖြင့် ထောင်ကဲ့အားကြည့်လိုက်လေ၏။

ယနေ့အပြီးတွင် ထောင်ကဲ့သည် သူမအား ကြောက်ဒူးတုန်ပြီးသာကြည့်နိုင်ရမည်ဟု သူမကျိန်ဆိုလိုက်တော့သည်!

ကျင်းယွင်ကျောင်း၏အကြည့်ကြောင့် ထောင်ကဲ့ဆံပင်မွေးများ ထောင်သွားသည်။ လူအုပ်ကြီး၏ အားပေးသံများအကြားတွင် သူမသည် စိုးထိတ်စွာဖြင့် ရှေ့သို့လှမ်းလိုက်ပြီး ကွင်းအလယ်သို့ လျှောက်သွားလိုက်၏။ ယခင်က ကျင်းယွင်ကျောင်းမှ သူမအားပေးသနားခဲ့သော ပါးရိုက်ချက်များကို စဥ်းစားလိုက်သောအခါ သူမသည် အမုန်းတရားများဖြင့် ပြည့်နှက်သွားပြီး ကျင်းယွင်ကျောင်းဆီသို့ တစ်ဟုန်ထိုးပြေးလာတော့သည်။

တိုက်ပွဲဟုခေါ်သော်လည်း ကျင်းယွင်ကျောင်းမျက်လုံးထဲတွင် ဤသည်မှာ ယခင်ကထက် အနည်းငယ်ပိုကြမ်းတမ်းသော လက်သည်းကုတ်ပွဲသာဖြစ်သည်။ ထောင်ကဲ့သည် နေ့စဥ်ရက်ဆက် တိုက်ကွက်ကျင့်စဥ်မျိုးစုံ လေ့ကျင့်ထားခဲ့သော်လည်း အသုံးပြုရမည့်အချိန်ရောက်သောအခါ သူမသည် တစ်ခုကိုမျှ မမှတ်မိတော့ချေ။ သူမ၏သပ်သပ်ရပ်ရပ်ညှပ်ထားသော လက်သည်းများကိုသာ မှီခိုနေသေး၏။

ညဘက်တွင် ကွင်းဆင်းလေ့ကျင့်ရေးလည်းရှိသေးသည်ဖြစ်ရာ ထောင်ကဲ့သည် ညိုမည်းပြာသည်အထိ အရိုက်ခံရပါက ကွင်းဆင်းလေ့ကျင့်ရေး၏ ပင်ပန်းနာကျင်မှုများကို ခံရတော့မည်မဟုတ်ချေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ဦးနှောက်ကိုသုံးလိုက်လေသည်။ သူမသည် ချက်ချင်းဆိုသလိုပင် ခြေကိုဆောင့်ချလိုက်သောအခါ ဖုန်မှုန်များ ပျံလွင့်သွားတော့၏။ သူမလက်သည် ရုန့်ရင်းကြမ်းတမ်းစွာ ရှေသို့ထွက်လာပြီး ထောင်ကဲ့ပုခုံးမှတဆင့် လက်ကောက်ဝတ်ထံသို့ရောက်သွားတော့သည်။ ရုတ်ချည်းဆိုသလိုပင် ထောင်ကဲ့သည် သူမ၏လက်မောင်းမှာ စကားဖြင့်ပင်ဖော်ပြ၍မရနိုင်လောက်အောင် ထုံကျင်လာကြောင်း ခံစားမိလိုက်၏။

ကျင်းယွင်ကျောင်းသည် သူမအရွတ်များ၊ အကြောမှတ်များနှင့် အဆစ်များပေါ် အင်အားသုံးလိုက်၏။ အသာအယာဖိလိုက်ရုံဖြင့် ထောင်ကဲ့တစ်ကိုယ်လုံး မရုန်းကန်နိုင်သောအခြေအနေရောက်သွားတော့သည်။

ထောင်ကဲ့၏သတ္တိသည် သုံးစက္ကန့်မျှပင်မကြာလိုက်ဘဲ ခါးသီးသောမျက်နှာဖြင့် အော်ဟစ်ညီးတွားနေသည်ကို လူအုပ်ကြီးမှ တွေ့လိုက်ရ၏။

ကျင်းယွင်ကျောင်း၏တိုက်ကွက်မှာ ထူးဆန်းပေသည်။ ထောင်ကဲ့သည် ရွှံ့ရုပ်တစ်ခုကဲ့သို့ပင် ကျင်းယွင်ကျောင်းလုပ်သမျှကို ခံနေရ၏။ မကြာမီတွင် ထောင်ကဲ့သည် “ဘုန်း” ဟူသောအသံဖြင့် မြေပြင်ပေါ်လဲကျသွားတော့သည်။ ကျင်းယွင်ကျောင်းသည် သူမအား မလွှတ်သေးချေ။ ထောင်ကဲ့လက်မောင်းပေါ်မှ အရိုးစိမ့်စရာအသံများကို ဆက်တိုက်ကြားလိုက်ရလေသည်။ မသိလျှင် ကျင်းယွင်ကျောင်းမှ သူမလက်ကိုချိုးလိုက်သည့်အတိုင်းပင်။ ဤအရာကိုမြင်လိုက်ရသောအခါ လူတိုင်းလိုလို ချွေးစေးများ ပြန်လာတော့ပေသည်။

Space and Rebirth 722

ကျင်းယွင်ကျောင်း၏လှုပ်ရှားမှုများသည် သပ်ရပ်ပိရိ၏။ ထောင်ကဲ့မှ အဆက်မပြတ်အော်နေသည်ကို မြင်လိုက်ရသောအခါ အားလုံးထိတ်လန့်သွားကြတော့သည်။

ဤအချိန်ကာလအတွင်းတွင် ကျင်းယွင်ကျောင်းသည် အလွန်ပင်ဣန္ဒြေရနေခဲ့သည်။ သူမသည် အခြားသူများ၏အာရုံကိုဖမ်းစားနိုင်သော မူမမှန်သည့်လုပ်ရပ်များကို မလုပ်ခဲ့ချေ။ နည်းပြများမှ သင်ကြားထားသောတိုက်ကွက်များကိုလည်း ကောင်းကောင်းမွန်မွန်သင်ယူခဲ့၏။ သူမ၏သာမန်လုပ်နေကျ လေ့ကျင့်မှုများသည်လည်း အခြားသူများနှင့် သိပ်ကွာခြားလှသည်မရှိရာ အဘယ်ကြောင့် ရုတ်တရတ်ဆိုသလိုဤမျှလောက်တော်သွားရသနည်း?

ထောင်ကဲ့သည် စိတ်ဆင်းရဲကိုယ်ဆင်းရဲအခြေအနေသို့ ရောက်နေ၏။ ကြီးမားသောကျောက်ဆောင်တစ်ခုမှ သူမတစ်ကိုယ်လုံးကို ဖိချထားသလို ခံစားနေရလေသည်။ သူမခန္ဓာကိုယ်တစ်ခုလုံးသည် ကိုက်ခဲနာကျင်နေပြီး ခေါင်းများပင်မူးဝေလာတော့သည်။ ကျင်းယွင်ကျောင်းထံမှ ကိုင်ပေါက်ခံရပြီးနောက် သူမ၏အစာအိမ်မှ ပျို့လုမတတ်အန်လုမတတ်ဖြစ်နေသည်။ အလွန်ပင် မချိမဆန့်ခံစားနေရလေ၏။

ထိတ်လန့်ကြောက်ရွံ့ခြင်းမှတဆင့် သူမသည် မိမိအသက်အတွက် အသနားခံရသောအဆင့်သို့ ရောက်သွားတော့သည်...

“ငါရှုံးပါတယ်! အရှုံးပေးပါတယ်! ကျင်းယွင်ကျောင်း၊ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ‌တော့...”

ကျင်းယွင်ကျောင်းသည် သူမအားဆွဲထူကာ တိုးဖွဖွဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။

“နင်အရှုံးပေးတယ်ဆိုရင် နင့်ကတိအတိုင်း လူတိုင်းရှေ့မှာလုပ်ဖို့ အာမခံရမယ်နော်”

“ငါ...ငါလုပ်မှာပါ...ငါလုပ်မှာပါ...”

သူမမျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခရမ်းရောင်သန်းနေ၏။

ကျင်းယွင်ကျောင်းသည် အေးစက်သောအကြည့်ဖြင့် ပြုံးလိုက်သည်။

“ဒီတစ်ခေါက်တော့ နင့်စကားတည်မှဖြစ်မယ်၊ မဟုတ်ရင် အချိန်မရွေးဒီအရသာကို ပြန်ခံစားသွားစေရမယ်လို့ ငါအာမခံတယ်”

ထောင်ကဲ့သည် သောကရောက်နေတော့သည်။ ကျင်းယွင်ကျောင်းသည် တမင်ဤကဲ့သို့လုပ်နေခြင်းဖြစ်၏။

ကျင်းယွင်ကျောင်းသည် တမင်ပင် ထောင်ကဲ့အား ကျေကျေနပ်နပ်ဖြင့် အတိုက်အခိုက်ရေးရာကို သင်ခိုင်းပြီး၊ သူမ၏ယခင်အရှက်ကွဲမှုအတွက် လက်တုံ့ပြန်နိုင်လိမ့်မည်ဟု ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။ သို့သော် လက်တွေ့တွင် ကျင်းယွင်ကျောင်းသည် သူမအောင်နိုင်ချေမရှိကြောင်းကို သိထားနှင့်ပြီဖြစ်၏!

သူမသည် လူများစွာရှေ့၌ အရှက်တကွဲအကျိုးနည်းဖြစ်မည်ကို မြင်ချင်လိုသဖြင့် ကျင်းယွင်ကျောင်းသည် တမင်ဟန်ဆောင်နေခဲ့ခြင်းသာဖြစ်ပေသည်။ ဤရက်ပိုင်းအတွင်း သူမ၏ကြိုးစားအားထုတ်မှုအားလုံးသည် သဲထဲရေသွန်ဖြစ်သွားချေပြီ။ သူမသည် မိမိ၏ဂုဏ်သိက္ခာကို အလွန်ငဲ့ကွက်သောသူဖြစ်ကြောင်း သိနေခဲ့သဖြင့် ကျင်းယွင်ကျောင်းသည် ဤသို့လုပ်ခဲ့ခြင်းဖြစ်သည်....

ကျင်းယွင်ကျောင်း!

သူမဒေါသများသည် ဒီရေအလားဆန်တက်လာသော်လည်း တုန်ယင်အေးစိမ့်မှုတစ်ခုနှင့် တွဲလျက်ပေါ်ထွက်လာလေသည်။

သူမသည် ကျင်းယွင်ကျောင်းအား အနိုင်မယူနိုင်ချေ။ ကျင်းယွင်ကျောင်းအား အငိုက်ဖမ်းနိုင်မည်ဟု သူမစဥ်းစားလိုက်တိုင်းတွင် ဤကဲ့သို့သောပုံစံဖြစ်စရမြဲပင်! ကျင်းယွင်ကျောင်းအားတွေ့တိုင်း ဤအချက်သည် မပြောင်းလဲခဲ့ချေ!

သူမတစ်ကိုယ်လုံးတုန်ယင်နေ၏။ သူမသည် ကောင်းကောင်းအသက်ရှူ၍မရတော့ကြောင်း အသေအချာခံစားမိနေသည်။ ဤမွန်းကြပ်စရာခံစားချက်မျိုးသည် သေမင်းက သူမထံအချိန်မရွေးလာနိုင်သည့်ခံစားချက်မျိုးဖြစ်၏ သူမအမြင်အာရုံသည် အမှောင်ထုနှင့်ပြည့်နှက်သွားပြီး ကျင်းယွင်ကျောင်း၏ နီးကပ်သောမျက်နှာကိုသာ သူမမြင်နိုင်တော့သည်။

ထိုမျက်နှာသည် အလွန်ပင်လှပသော်လည်း သူမအား ချောက်ချားစေပေသည်။

ကျင်းယွင်ကျောင်းသည် သူမအား သတ်တော့မည်လော?

ပတ်ဝန်းကျင်ရှိကျောင်းသားများမှ ပြာပြာသလဲဖြစ်ပြီး အော်ဟစ်နေကြသည်ကို သူမကြားနေရသည်။ သို့ရာတွင် အဘယ်ကြောင့် သူမသည် အသက်ရှူရကြပ်နေသေးသနည်း? ကျင်းယွင်ကျောင်းသည် သူမအား လက်မလွှတ်သေးချေ...

ကျင်းယွင်ကျောင်းသည် ရက်စက်သောအပြုံးတစ်ခုဖြင့် သူမလည်ပင်းကိုဆုပ်ကိုင်ထား၏။ ကျိုးမေ့ကျွန်းနှင့် လူတစ်စုသည် သူမကိုအော်ဟစ်နေကြသော်လည်း သူတို့ချည်းကပ်လာသည်နှင့် ကျင်းယွင်ကျောင်း၏ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။

ကျင်းယွင်ကျောင်းသည် သူမအရှေ့ရှိ နှေးကွေးလာသောအသက်ရှူသံကို ကြားလိုက်ရသောအခါ လက်လွှတ်ရန်အချိန်တန်ပြီဟု တွေးလိုက်သည်။

“ကျင်းယွင်ကျောင်း၊ နင်ရူးနေလား? နင်တကယ်ပဲ သူ့ကိုလည်ပင်းညှစ်သတ်မလို့လား?”

ကျိုးမေ့ကျွန်းသည်လည်း ထိတ်လန့်နေ၏။

ကျင်းယွင်ကျောင်းမှာ အညှာအတာကင်းမဲ့လွန်းသည်။ ထောင်ကဲ့၏ ရုန်းကန်လှုပ်ရှားမှုများသည် တဖြည်းဖြည်းနှေးကွေးလာသည်ကို သူမတို့ခံစားမိနေရ၏။ ထောင်ကဲ့အား ကျင်းယွင်ကျောင်းမှ အမှန်တကယ်ပင် လည်ပင်းညှစ်သတ်တော့မည်ဟု သူတို့တွေးထင်လိုက်ကြပေသည်။ ထိုအချိန်မှသာ သူမလက်လွှတ်ခဲ့၏!

“အဟွတ် အဟွတ် အဟွတ်...”

ထောင်ကဲ့၏အမြင်အာရုံသည် ဝေဝါးနေ၏။ သူမတွင်ပြောစရာစကားလည်း ပျောက်ဆုံးနေပေသည်။

“သူအဆင်ပြေတယ်မလား?”

ကျင်းယွင်ကျောင်းသည် အသံကိုမြှင့်ကာ မေးလိုက်၏။

“ဆရာချီ၊ ဒါကပြိုင်ပွဲတစ်ခုပဲလေ၊ ဒဏ်ရာအသေးအမွှားရတာ ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူးမလား?”

အားလုံးနင်သွားကြသည်။

သူတို့သည် ဤနေ့အတွက် ဟိုးယခင်ကတည်းပင် စိတ်အားထက်သန်နေခဲ့ကြသည်။ အထူးသဖြင့် ကျိုးမေ့ကျွန်းနှင့် ထောင်ကဲ့တို့ဖြစ်သည်။ အစက သူတို့သည် သူတို့သာအနိုင်ရလျှင် ကျင်းယွင်ကျောင်းအား စုတ်ပြတ်သတ်အောင် ရိုက်နှက်မည်ဟု တေးထားခဲ့သည်။ သို့ရာတွင် သူတို့သည် ကျင်းယွင်ကျောင်းထက် အင်အားနည်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ အဆုံးတွင် သူတို့သည် သူမ၏ဖိနှိပ်ခြင်းကို ခံလိုက်ကြရ၏။

ချီကျုံးသည် အစမှအဆုံးအထိ ဝင်တားဆီးခဲ့ခြင်းမရှိပေ။ သူသည် နည်းပြတစ်ဦး၏တာဝန်ကို လုပ်ဆောင်ချင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းလက်ထဲတွင် အသက်ကူးဖြတ်ဆေးရှိနေသေး၏။ သူမသည်သာ စိတ်ကွက်ပြီး စစ်တပ်အတွက် ဆေးမထုတ်တော့ပါက သူသည် ငိုချင်လျှင်ပင် မျက်ရည်ထွက်တော့မည်မဟုတ်။ ထို့အပြင် ကျင်းယွင်ကျောင်းသည် ထောင်ကဲ့အား တမင်ခြောက်နေခြင်းဖြစ်ကြောင်းကိုလည်း သူသိနေခဲ့၏။ သူမအား အမှန်တကယ် မသတ်ဖြတ်နိုင်ရာ။

ထိုတင်မက ထောင်ကဲ့သည်သာ ကျင်းယွင်ကျောင်းကဲ့သို့ အင်အားကြီးမားလျှင်လည်း ကျင်းယွင်ကျောင်းအား အလွတ်ပေးမည်မဟုတ်ပေ။

“ထောင်ကဲ့ရှုံးသွားပြီ။ ဒါပေမယ့် ငါမှတ်မိတာမှန်တယ်ဆိုရင် ကျန်တဲ့လူတွေက အလှည့််ကျတိုက်ပွဲမလား? နောက်ဘယ်သူလဲ? အဖွဲ့ခေါင်းဆောင်ကျိုးက ဦးဆောင်သင့်တယ်မထင်ဘူးလား?”

ကျင်းယွင်ကျောင်းသည် မျက်ခုံးများကိုပင့်ကာ ပြောလိုက်၏။

Space and Rebirth 723

စက္ကန့်ပိုင်းလောက်တင်ပင် ကျိုးမေ့ကျွန်းသည် မခံမရပ်နိုင်ဖြစ်နေခဲ့သော်လည်း တစ်ခဏချင်းတွင်ပင် ကျင်းယွင်ကျောင်းမှ သူမအား ရင်ဆိုင်ချင်ကြောင်း ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလို တစ်ကိုယ်လုံးတုန်ယင်သွားပြီး ထောင်ကဲ့အား အလျင်အမြန်လက်လွှတ်လိုက်၏

“မဟုတ်ဘူး! ငါ့-ငါ့ဗိုက်ကအခုသိပ်မကောင်းတော့...”

သူမ၏အရည်အချင်းမှာလည်း ထောင်ကဲ့နှင့် အလားတူပေသည်။ သူမသည်သာ ကျင်းယွင်ကျောင်းအား ရင်ဆိုင်ပါက သေမင်းကိုကြိုဆိုသည့်အလား ဖြစ်ပေတော့မည်မဟုတ်လော?!

ထို့အပြင် ကျင်းယွင်ကျောင်းသည် သူမအား အလွန်မုန်းတီးလေ၏။ သူမကိုပါ ထောင်ကဲ့အား ရိုက်နှက်ထားသကဲ့သို့ ရိုက်လျှင် မည်သို့လုပ်ရမည်နည်း?

ကျိုးမေ့ကျွန်းသည် စကားစရှာမရဖြစ်နေ၏။ ကျင်းယွင်ကျောင်းသည် ဤမျှလောက် အင်အားကြီးကြောင်း သူမသိခဲ့လျှင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့မည်မျှပင်ကြိုးစားအားထုတ်စေကာမူ အချည်းနှီးဖြစ်သောကြောင့်ဖြစ်၏!

အရှေ့သို့မတိုးရဲသည့် ကျိုးမေ့ကျွန်းမပြောနှင့်၊ အတန်း A08 မှလူတိုင်းချီးမွမ်းရသော သိုင်းပညာရှင်ကောင်လေးပင်လျှင် မသိစိတ်၏စေ့ဆော်မှုကြောင့် ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ အချိန်တစ်ခုစာမျှ တစ်ဖက်အတန်းရှိကျောင်းသားများသည် ကျင်းယွင်ကျောင်းကိုတစ်လှည့်၊ မိမိတို့ဘာသာတစ်လှည့် ကြည့်နေကြသော်လည်း မည်သူမှရှေ့မထွက်ရဲကြပေ။

“စတောင်မတိုက်ခိုက်ရသေးဘူး ထွက်ပြေးဖို့စဥ်းစားနေကြပြီလား?”

ကျင်းယွင်ကျောင်းသည် အပြုံးတစ်ခုဖြင့် အေးစက်စွာပြောလိုက်၏။

ချီကျုံးသည်လည်း မျက်မှောင်ကြုတ်ပြီး အတန်ငယ်မကျေနပ်ဟန်ဖြစ်သွားသည်။ သူသည် ကျောရိုးမရှိသောလူများကို အမုန်းဆုံးဖြစ်၏။ သူတို့အား လဝက်ခန့် လေ့ကျင့်ပြီးနောက်တွင် သူတို့သည် တိုက်ခိုက်ရဲသည့်သတ္တိပင်မရှိချေ။ ဤအရာကိုကြည့်ပြီး ပျော်နေသည်ကပင် ထူးဆန်းချေတော့မည်!

“ဆရာချီ၊ ကြည့်ရတာ တစ်ယောက်ချင်းတိုက်ပွဲက မဖြစ်နိုင်တော့တဲ့ပုံပဲ၊ ကျွန်မတို့အားလုံးတိုက်ခိုက်ကြမလား? အဲ့လိုဆိုရင်အဆင်ပြေတယ်မလား?”

ကျင်းယွင်ကျောင်းထပ်ပြောလိုက်၏။

သူမအကြည့်များသည် သူမအား လူပုံအလယ်၌ မကောင်းပြောခဲ့သောကျောင်းသားအချို့ထံ သက်ရောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းလှသော အပြုံးတစ်ခုကို ဖွဖွပြုံးလိုက်သည်။

သူမစကားများကို ကြားသောအခါ အတန်း A08 ၏ကျောင်းသားများသည် သက်မချလိုက်ကြ၏။ အတူတကွတိုက်ခိုက်လျှင် သူတို့သည် ကျင်းယွင်ကျောင်းလက်ချက်ဖြင့် ဆိုးဆိုးရွားရွားအရိုက်ခံရနိုင်ချေ မရှိတော့ချေ။ သူမသည် မည်မျှပင်အင်အားကြီးစေကာမူ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်သာရှိပေသည်။ ဤမျှလောက်များပြားသောလူများကို သူမအဘယ်သို့ ခုခံနိုင်မည်နည်း?

သူတို့သည် ချက်ချင်းဆိုသလိုပင် သူမအား ဝန်းရံလိုက်ကြသည်။

“ညီမလေးနှစ်၊ ငါတို့လုပ်နိုင်ပါ့မလား? ငါတို့ကိုအခွင့်ကောင်းယူနေတာကို လက်ပိုက်ကြည့်မနေသင့်ဘူးလေ!”

ဟော်ထျန်းရှန်း မျက်မှောင်ကြုတ်လိုက်၏။

ကျင်းယွင်ကျောင်း၏ကျောပြင်သည် သူမအတန်းဖော်များကို ရင်ဆိုင်ထားသည်။ သူမသည် လက်များကို အနောက်တွင် ဝှေ့ယမ်းလိုက်ပြီး အားလုံးကိုအနောက်ဆုတ်နေရန် အချက်ပြလိုက်၏။ တစ်ချိန်တည်းမှာပင် တစ်ဖက်အတန်းမှ ကျောင်းသားများသည် ချက်ချင်းဆိုသလိုပင် သူမအား စက်ဝိုင်းသဏ္ဍာန်ဖြင့် ဝန်းရံထားကြပေပြီ။ ကျိုးမေ့ကျွန်း၏အချက်ပြမှုအောက်တွင် သူတို့အားလုံးသည် တစ်ဟုန်ထိုးပြေးလာတော့သည်။

ဟော်ထျန်းရှန်းသည် သူမမျက်လုံးများကို မှိတ်လိုက်၏။ သူမသည် ကျင်းယွင်ကျောင်းတို့အား မကြည့်ရက်ပါချေ။

“ငါ့ကိုမဆွဲကြနဲ့၊ ငါဒီမြင်ကွင်းကို တကယ်မကြည့်ချင်ဘူး”

ဟော်ထျန်းရှန်းသည် သူမနှုတ်ခမ်းများကို မဲ့လိုက်သည်။ ကျင်းယွင်ကျောင်းသည် အလွန်တုံးအလွန်းသည်မဟုတ်လော? သူမသည် သူတို့အားလုံးအား တစ်ဦးချင်းစီ ဆော်ပလော်တီးနိုင်ခဲ့သော်လည်း သူတို့အား အခွင့်အရေးပေးခဲ့လေသည်။

“မဟုတ်ဘူး၊ အတန်း A08 က‌ကျောင်းသားတွေက သနားဖို့ကောင်းလွန်းလို့ နင့်ကိုခေါ်ပြနေတာ အထူးသဖြင့်...အဲ့တစ်စု”

ဘေဘီယောင်သည် သူမလက်မောင်းအား ထပ်ဆွဲလိုက်ပြန်၏။

“ဟမ်?”

ဟော်ထျန်းရှန်းသည် သူမမျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ခေတ္တမျှ ကြက်သေသေသွားသည်။ သူမသည် အချိန်တစ်ခုစာမျှ စကားမပြောနိုင်ဖြစ်သွားပြီးနောက် ချက်ချင်းဆိုသလို ဝါးလုံးကွဲရယ်လိုက်တော့၏။

“ငါအခုမြင်ပြီ၊ ငါ့ရဲ့ဒုတိယညီမလေးက ဆရာတစ်ဆူပဲ!”

ကျင်းယွင်ကျောင်းသည် ကျောင်းသားအချို့ကို ဖမ်းမိထားနှင့်ပြီဖြစ်၏။ တစ်ဖက်လူသည် မည်သို့မည်ပုံဖြင့် ထွက်ပြေးစေကာမူ သူမသည် စက္ကန့်ပိုင်းအတွင်း ပြန်ဆွဲခေါ်ကာ ဘေးဘီဝဲယာသိမ်းကျုံး၍ အဆက်မပြတ်တိုက်ခိုက်သောကြောင့် ကျောင်းသားတစ်ယောက်မှ မလွတ်ပါချေ!

သူတို့အထဲတွင် ကျိုးမေ့ကျွန်းသည် သနားစရာအကောင်းဆုံးဖြစ်သည်။ သူမသည် သတိကြီးကြီးထားသော်လည်း ထောင်ကဲ့၏ခြေရာအတိုင်း လိုက်ရစမြဲဖြစ်ပေသည်။ သူမသည် တစ်ချီနှစ်ချီခန့် ကျင်းယွင်ကျောင်းလက်ထဲ၌ ကိုင်ပေါက်ခံရပြီးနောက် သူမအရိုးများလည်း အားအင်ချိနှဲ့နေလေပြီ။

ကျင်းယွင်ကျောင်းသည် ဤရက်ပိုင်းအတွင်း ဒေါသကိုမြိုသိပ်ထားခဲ့ရပြီး ယခုမှသာ ထိုဒေါသများအားလုံးကို ဖွင့်ထုတ်ပေါက်ကွဲနိုင်ခြင်းဖြစ်သည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေသောမြင်ကွင်းကို တွေ့လိုက်ရသောအခါ ချီကျုံး၏နှုတ်ခမ်းစွန်းများတွန့်သွား၏။ သူသည် ပြောစရာစကားများ ပျောက်ဆုံးနေလေသည်။ သူသည် ဖြောင့်မတ်တည်ကြည်ပြီး ဆုံးဖြတ်ချက်ပြတ်သားသော အမျိုးသမီးများကို လေးစားသော်ငြား အလွန်ရက်စက်လွန်းလျှင်လည်း မကောင်းနိုင်ချေ။ ကျင်းယွင်ကျောင်းကဲ့သို့လူမျိုးသည် အမှန်တကယ်ပင် လီရှောက်ယွင်နှင့် ပိုလိုက်ဖက်ပေ၏။ လူအများစုသည် ဤမျှလောက် ရန်ငြိုးရန်စကြီးမားနိုင်မည်မဟုတ်ပေ။

လေ့ကျင့်ရေးကွင်းပေါ်တွင် အခြားအတန်းမှ ကျောင်းသားများသည် ဤမြင်ကွင်းအား အဝေးတစ်နေရာမှ မြင်လိုက်ရသောအခါ အနည်းငယ်ဇဝေဇဝါဖြစ်သွားကြ၏။ အတန်း A07 နှင့် A08 မှကျောင်းသားများသည် မိမိတို့၏ချစ်ကြည်ရေးကို တည်ဆောက်ရန် အချင်းချင်းနပမ်းလုံးနေကြသည်ဟု ထင်သွားကြပေသည်။

ကျင်းယွင်ကျောင်းရပ်လိုက်သည့်အချိန်တွင် ကွင်းတစ်ခွင်လုံးမှ အော်ဟစ်ညီးတွားသံများကို ကြားရတော့သည်။

“ဆရာ၊ ကျွန်မသူတို့ကို ပြင်းပြင်းရိုက်လိုက်တာမဟုတ်ဘူး၊ ဒီညကွင်းဆင်းလေ့ကျင့်ရေးမှာ သူတို့ပါလို့ရသေးတယ်မှတ်လား?”

ဟော်ထျန်းရှန်းနှင့် ကျန်နှစ်ဦးမှ စိတ်အားထက်သန်စွာဖြင့် သူမလက်များကို နှိပ်နယ်ပေးနေစဥ်တွင် ကျင်းယွင်ကျောင်းသည် သြဇာအာဏာအပြည့်ဖြင့် ပြောလိုက်လေ၏။

Space and Rebirth 724

ကျင်းယွင်ကျောင်းစကားပြောပြီးသည်နှင့် သူမအနီးအနားရှိလူများ တုန်ယင်သွားတော့သည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းထံမှ ပြင်းပြင်းထန်ထန် “ပညာပေး” ခံထားရသောလူများဖြစ်၏။ သူတို့သည် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသကဲ့သို့ ခံစားလိုက်ရပြီး မေ့လဲလုမတတ်ဖြစ်သွားကြသည်။

သူတို့ခန္ဓာကိုယ်များသည် နာကျင်ကိုက်ခဲနေပြီး သူတို့အရိုးများသည်လည်း ကျိုးပဲ့ကြေကွဲလုမတတ်ဖြစ်နေ၏။ ဤပုံစံဖြင့် ကွင်းဆင်းလေ့ကျင့်ရေးကို အဘယ်သို့ပါဝင်နိုင်မည်နည်း?

သူတို့သည် ကျောင်းသားများဖြစ်သော်လည်း A တက္ကသိုလ်၏ ကွင်းဆင့်လေ့ကျင့်ရေးသည် ကီလိုမီတာအနည်းငယ်ခန့်သာ လမ်းလျှောက်ရသော အခြားကျောင်းများ၏ စစ်လေ့ကျင့်ရေးနှင့် ကွာခြားပေ၏။ သတ်မှတ်ချက်များသည် အလွန်များပြားပြီး အလေးတုံးများကို သယ်ရမည်ဖြစ်သည်။ အကွာအဝေးမှာ အနည်းဆုံးအနေဖြင့် ကီလိုမီတာ ၂၀ ခန့်ရှိပြီး အပြင်ဘက်တွင် ဖြစ်သလိုစားရပေမည်။ ဤကဲ့သို့ပြင်းထန်မှုအဆင့်မှာ ကျောင်းသားများအတွက် မနိမ့်ကျပါချေ!

“နည်းပြ...”

ကျိုးမေ့ကျွန်း အသနားခံလိုက်၏။ သူမမျက်လုံးများသည် ရီဝေဝေဖြစ်နေပြီး သနားစဖွယ်ကောင်းသည့်ပုံပေါက်နေလေသည်။ သူမအသံမှာ ငိုသံစွတ်နေသဖြင့် အခြားသူများ၏နှလုံးသားကို ပျော့ပြောင်းလာစေသောအသံမျိုးဖြစ်၏။

သို့သော် စိတ်မကောင်းစရာမှာ ချီကျုံးသည် မိန်းကလေးများကို သနားတတ်သောလူမဟုတ်ပေ။

“မင်းတို့ကိုကြည့်ပေးဖို့ တပ်ဆရာဝန်ကိုခေါ်ပေးမယ်၊ ဒဏ်ရာမပြင်းထန်လို့ကတော့ မဖြစ်မနေလေ့ကျင့်ရေးဆင်းမှဖြစ်မယ်”

သူသည် လေသံမာမာဖြင့် ပြောလိုက်သောအခါ ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများ အပေါ်သို့ကွေးတက်သွားသည်။ ဤသို့ဖြစ်မည်ကို သူမကြိုသိနေခဲ့၏။

ချီကျုံးသည် ကျောက်သားဖြင့်ထုဆစ်ထားသော စိတ်ဓာတ်မာကြောသည့် ယောက်ျားလေးတစ်ဦးဖြစ်သည်။ သူသည် အရွှန်းလည်းမဖောက်တတ်သလို ရိုမန်တစ်လည်းမဆန်ချေ။ သူမကဲ့သို့ အားနည်းသည့်မိန်းကလေးများကိုပင် မနှစ်မြို့သောသူဖြစ်၏။ ဤကွင်းဆင်းလေ့ကျင့်ရေးမှာ A တက္ကသိုလ်မှ ချမှတ်ထားသောစည်းမျဥ်းဖြစ်‌သောကြောင့် သူသည် မလွဲမသွေလိုက်နာရပေမည်။

ကျင်းယွင်ကျောင်းသည် သူတို့အား ပြင်းပြင်းထန်ထန်ရိုက်ခဲ့သော်လည်း သူတို့၏အကြောမှတ်များနှင့် ထုံကျင်မှတ်များကို ရွယ်ခဲ့၏။ ထိုတင်မက သူတို့ခြေထောက်နှင့် ခြေဖဝါးများကို မထိပါးခဲ့ချေ။ ထို့ကြောင့် ကွင်းဆင်းလေ့ကျင့်ရေးသို့ မလိုက်နိုင်စရာလုံးဝမရှိပါပေ။

ကျင်းယွင်ကျောင်းထင်ထားသည့်အတိုင်းပင် အရိုက်ခံထားရသောသူများကို ဆေးကုသရေးဆောင်သို့ တွဲခေါ်သွားလိုက်ကြသည်။ သို့ရာတွင် ဆေးစစ်ချက်ရလဒ်များမှာ လုံးဝအံ့သြစရာမရှိပေ။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ရာအချို့ရှိသော်လည်း အတွင်းဒဏ်ရာမရှိသဖြင့် နာကျင်မှုကိုခံစားရလျှင်ပင် ကွင်းဆင်းလေ့ကျင့်ရေးကို ဆက်လိုက်နိုင်သေးပေ၏။

ကျိုးမေ့ကျွန်းနှင့် အခြားသူများသည် ကြောင်အမ်းသွားကြသည်။ သူတို့သည် ဆရာဝန်အား အချိန်ကြာမြင့်စွာ အသနားခံကြသော်လည်း ချီကျုံးသည် အလွန်စည်းကမ်းတင်းကြပ်သောသူဖြစ်ပေ၏။ တပ်ဆရာဝန်ပင်လျှင် သူ့အားမလိမ်လည်ရဲသဖြင့် အမှန်အတိုင်းသာ အစီရင်ခံနိုင်ပေတော့သည်။

ကွင်းဆင်းလေ့ကျင့်ရေးမှာ ညဘက်ဆိုသည်ထက် မနက်ဝေလီဝေလင်းအချိန်ဆိုလျှင် ပိုမှန်မည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် ကျောင်းသားများဖြစ်ရာ ပေးထားမည့်အလေးတုံးများမှာလည်း သာမန်ထက်ရိုးရှင်းပေ၏။ မိမိတို့၏ပိုင်ဆိုင်မှုပစ္စည်းများပါ ပေါင်းလိုက်လျှင် ဆယ်ကီလိုဂရမ်လောက် အလေးချိန်ရှိပေမည်။ သတ်မှတ်ထားသောအကွာအဝေးမှာမူ ၂၅ ကီလိုမီတာဖြစ်၏။ ဤလမ်းကြောင်းအား ယခင်ကတည်းကပင် စီစဥ်သတ်မှတ်ပေးထားခြင်းဖြစ်ပေသည်။ ခရီးလမ်းမှာ မလွယ်ကူလှသော်လည်း သမားရိုးကျလုပ်တတ်သော စစ်ရေးလေ့ကျင့်မှုနှင့် ယှဥ်လိုက်လျှင် ဤသည်မှာ မဖြစ်စလောက်သာရှိပေသည်။

ထိုညတွင် လူတိုင်းသည် အချိန်ကိုက်အိပ်ရာဝင်ကြလေ၏။ အရေးပေါ်စုဝေးရမည်ဖြစ်သောကြောင့် သူတို့အများစုသည် ကတိုက်ကရိုက်မဖြစ်စေရန် မိမိတို့ပစ္စည်းများကို ကြိုတင်ထုပ်ပိုးထားကြလေသည်။

နှစ်ပတ်ခန့် အထူးလေ့ကျင့်ရေးလုပ်ခြင်းမှာ အာနိသင်အချို့ရှိသည်ဟု ပြောရမည်။ ကျင်းယွင်ကျောင်း၏ ဆရာဝန်တစ်ဦးရှုထောင့်အရ ကျောင်းသားများ၏ခန္ဓာကိုယ်သည် ယခင်ကထက် ကျန်းမာကြံ့ခိုင်မှု အနည်းငယ်ပိုရှိသွားကြသည်။ သူတို့သည် ယခင်ကထက် အားအင်တက်ကြွလာပြီး သူတို့၏ခံနိုင်ရည်အားမှာလည်း များစွာပိုကောင်းလာခဲ့ပေသည်။ ဥပမာပြရလျှင် ဘေဘီယောင်သည် ပင်ပန်းဖွယ်ကောင်းပြီး ညစ်ပတ်မည်ကို ကြောက်ရွံ့နေခဲ့သော်လည်း ယခုတွင် သူမသည် အခြားသူများနှင့် တန်းတူဖြစ်နေလေပြီ။ သူမသည် ချွေးတလုံးလုံးဖြင့်ရှိလျှင်ပင် တောက်ပစွာ ပြုံးနိုင်သေး၏။

ညသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အားလုံးနီးပါးသည် မိမိတို့မျက်လုံးများအား သေချာပင်မမှိတ်ရသေးခင် အပြင်ဘက်မှ ဝီစီမှုတ်သံကို ကြားလိုက်ရလေသည်။ မသိစိတ်၏စေ့ဆော်မှုအရ သူတို့သည် အိပ်ရာပေါ်မှ ထထိုင်လိုက်ကြ၏။ မျက်လုံးပိတ်လျက်သားဖြင့် သူတို့သည် အိပ်ရာပေါ်မှထကာ မိမိတို့အိပ်ရာခင်းများကို စတင်ခေါက်သိမ်းတော့သည်။ သူတို့အတွက် အကျင့်တစ်ခုဖြစ်သွားသည်မှာ သေချာနေ၏။

လေ့ကျင့်ရေးကွင်းသည် စီစီညီညီရပ်နေသော အဖွဲ့များဖြင့် ပြည့်နှက်နေလေသည်။ ကျောင်းသားများအားလုံးသည် လေးလံသောအိတ်များကို သယ်ဆောင်ထားကြပြီး မပျောက်ကွယ်သေးသောလရောင်ကို အခွင့်ကောင်းယူကာ မိမိတို့၏ခရီးစဥ်ကို စတင်လိုက်ကြလေသည်။

ဤတစ်ခေါက် ကွင်းဆင်းလေ့ကျင့်ရေးသည် မိန်းလမ်းမကြီးများတွင်မဟုတ်ဘဲ တောင်ပေါ်လမ်းလေးများ၌ဖြစ်၏။ သို့ရာတွင် မတော်တဆမှုများမဖြစ်စေရန် နည်းပြများအားလုံးသည်လည်း သူတို့အနောက်တွင် လိုက်လာလေသည်။ ထိုတင်မက မထင်မှတ်ထားဘဲ ပေါ်ပေါက်လာမည့်ပြသာနာများကို ကိုင်တွယ်ဖြေရှင်းရလွယ်ကူရန် ဆေးဘက်ဆိုင်ရာယာဥ်များပါ သူတို့အား အဖော်ပြုလိုက်လာခဲ့၏။

အချိန်မှာစောသေးသဖြင့် အေးမြသောလေသည် တိုက်ခတ်နေဆဲဖြစ်ပြီး သိပ်မပူလှချေ။

သို့ရာတွင် ဤကွင်းဆင်းလေ့ကျင့်ရေးသည် ယခုမှသာစခြင်းဖြစ်ပြီး သိပ်မကြာခင်တွင်ပင် အားလုံးသည် နုံးချည့်လာတော့သည်။ ကျင်းယွင်ကျောင်း အဆင်ပြေသည်မှာ ပြောစရာပင်မလိုသော်လည်း ကျိုးမေ့ကျွန်းနှင့် အခြားသူများမှာမူ ထိုသို့မဟုတ်ပေ။

လေးလံသောပစ္စည်းပုံကြီးတစ်ခုကိုသာမက မိမိတို့၏ အားအင်ချည့်နှဲ့နေသောခန္ဓာကိုယ်ကိုပါ သယ်ဆောင်ရလျှင် မည်သူကဆက်လက်တောင့်ခံနိုင်မည်နည်း? ချီကျုံးသည် နံဘေးမှနေ၍ သူတို့အား ပြင်းပြစွာ စိုက်ကြည့်နေသည်ဖြစ်ရာ သူတို့သည်သာ လက်လျှော့လိုက်လျှင် အရည်အချင်းမပြည့်မီသူများအဖြစ် သုံးသပ်ချက်အပေးခံရမည်ဖြစ်ပြီး သူတို့၏မှတ်တမ်းများမှာ မျက်နှာပန်းလှတော့မည်မဟုတ်ပေ။

All Chapters