← Chapters

အခန်း (၇၂၅-၇၂၈)

Vol. 37 Ch. 725-728

အခန်း (၇၂၅-၇၂၈)

Vol. 37 Ch. 725-728

Space and Rebirth 725

ကျောင်းသားအများစုသည် ငယ်ရွယ်စဥ်ကတည်းပင် အလိုလိုက်ခံထားရ၏။ ဤကြမ်းတမ်းခက်ခဲလှသော ခရီးစဥ်မှာ သူတို့အတွက် ညှင်းပန်းနှိပ်စက်မှုကြီးသဖွယ်ဖြစ်ပေသည်။

“ညီမလေးနှစ်၊ နင်ကဝါဂွမ်းတွေများသယ်ထားတာလား? လေးတယ်လို့ မခံစားရဘူးလား?”

ဟော်ထျန်းရှန်းသည် သူမခေါင်းကိုခါကာ သက်ပြင်းချလိုက်၏။ သူမသည် ချွေးလုံးကြီးများကျနေပြီး သူမ၏ဖိနပ်ထဲတွင်လည်း ခဲတုံးကြီးများဖြင့် ပြည့်နှက်နေသလို ခံစားနေရသည်။ ခြေလှမ်းတိုင်းသည် အင်မတန်ခက်ခဲလှပေသည်။

“ဟင့်အင်း ငါမခံနိုင်တော့ဘူး၊ ဒီလောက်အလေးကြီးတွေသယ်ပြီး သွားရမှာ အဝေးကြီးပဲ! အခုဗိုက်လည်းအရမ်းဆာနေပြီ၊ ငါ့ဗိုက်က ကျောကိုပြန်ကပ်တော့မယ်”

ဘေဘီယောင်သည် မတရားခံရသလိုခံစားနေရ၏။

ယန်ရှင်းယွဲ့မှာ အဆင်ပြေပေသည်။ သူမ၏မျက်နှာမှာ မောပန်းမှုဖြင့် နီမြန်းနေသော်လည်း ဤသခင်မလေးနှစ်ဦးကဲ့သို့ မကြီးကျယ်လှချေ။

ကျင်းယွင်ကျောင်းသက်ပြင်းချလိုက်သည်။

“နေတော့ဟာ နင်တို့အိတ်တွေသာ ပေးလိုက်ကြတော့”

ဤလမ်းမှာ လမ်းလျှောက်ရလွယ်ကူလှသည်မဟုတ်ပေ။ မတ်စောက်ခြင်းသိပ်မရှိသော်ငြား လမ်းပေါ်တွင် ကျောက်ခဲများစွာရှိ၏။ သူတို့သည် အချိန်တိုတစ်ခုစာသာ လမ်းလျှောက်လျှင် ကိစ္စမရှိသော်လည်း နာရီပိုင်းခန့်ကြာနေပြီဖြစ်သဖြင့် လူများစွာ၏ခြေထောက်များသည် အရည်ကြည်ဖုများ ထွက်နေလောက်ပြီဖြစ်သည်။

“နင်မပင်ပန်းဘူးလား?”

ဟော်ထျန်းရှန်းသည် အနည်းငယ်ချီတုံချတုံဖြစ်နေလေ၏။

ကျင်းယွင်ကျောင်းသည် ခေါင်းကိုခါယမ်းကာ သူမလက်ထဲရှိအိတ်ကိုယူလိုက်ပြီး မိမိရင်ဘတ်အရှေ့တွင်လွယ်လိုက်သည်။ ဘေဘီ‌ယောင်၏အိတ်ကိုမူ သူမလက်ထဲတွင် ကိုင်လိုက်၏။ အခြားသူများမှာ ပို၍ပင် အံ့အားသင့်သွားတော့သည်။

အစက ကျင်းယွင်ကျောင်း၏မော်နီတာရာထူးနှင့် ပတ်သတ်၍ သူတို့သည် အတန်ငယ်ယုံကြည်မှုမရှိကြချေ။ သူမသည် နည်းပြနှင့် ကြိုသိနေခြင်းကြောင့်သာ ကံကောင်းပြီး ဖြတ်လမ်းနည်းဖြင့် မျက်နှာသာပေးခံရသည်ဟု တွေးထင်ခဲ့ကြသည်။ သို့ရာတွင် လွန်ခဲ့သောနှစ်ပတ်အတွင်းတွင် ကျင်းယွင်ကျောင်းရရှိခဲ့သော လေ့ကျင့်ရေးမှာလည်း သူတို့ထက်မနည်းချေ။ လေ့ကျင့်ရေးအချိန်တိုင်းမှာ ပြီးပြည့်စုံနေသည်ဟုပင် ပြောရမည်။ နည်းပြသည် သူမနှင့်ပတ်သတ်လာလျှင် စိတ်ထားအနည်းငယ်ပျော့ပြောင်းသော်လည်း သူမသည် လေ့ကျင့်ရေးချိန်မျိုးစုံကို တက်ရောက်ရသောကြောင့် မျက်နှာလိုက်သည်ဟု ပြော၍မရပါချေ။

သူမသည် ရုပ်ရည်ချောမောရုံသာမက သူတို့ထက်လည်း ပို၍သန်မာပေသည်။ အခြားပြောစရာလိုသေးသလော? သူတို့သည် သူမအပေါ် လုံးလုံးယုံကြည်နေပြီဖြစ်သည်။ ထိုတင်မက သေနတ်ပစ်ပြိုင်ပွဲနှင့် တိုက်ခိုက်ရေးပြိုင်ပွဲတွင် သူမသည် မိမိတို့အတန်းအတွက် ဂုဏ်ဆောင်ပေးခဲ့သေး၏။

“မော်နီတာ၊ နင်ကျောင်းဆင်းရင် ငါတို့မိသားစုကုမ္ပဏီမှာ လာအလုပ်လုပ်ခိုင်းဖို့ ငါ့အဖေကိုပြောပေးမယ် ဘယ်လိုသဘောရလဲ?”

အတန်းဖော်တစ်ဦးမှ ရုတ်တရတ်ထပြောလိုက်၏။ အတန်း A07 ၏ ကျောင်းသားတစ်ဝက်သည် လူကုံထံမိသားစုများမှ လာခဲ့ကြပေသည်။

ကျင်းယွင်ကျောင်းကြက်သေသေသွားသည်။ သူမပြန်မပြောနိုင်ခင်တွင်ပင် ဟော်ထျန်းရှန်းပြောလိုက်၏။

“နင်ကသူနဲ့ရင်းနှီးတာလား? ညီမလေးနှစ်က အနာဂတ်မှာ တစ်နေရာကိုသွားချင်တယ်ဆိုရင်တောင် ငါတို့ကုမ္ပဏီကို လာမှဖြစ်မှာပေါ့”

သူမကျောင်းဆင်းသည်နှင့် သူမမိဘများသည် သူမဘာသာလုပ်ငန်းတစ်ခုတည်ထောင်နိုင်ရန် ငွေပမာဏတစ်ခုပေးပေမည်။ ထိုအချိန်ရောက်လာလျှင် သူမသည်လည်း မိမိကိုယ်ပိုင်ကုမ္ပဏီအား တည်ထောင်မည်ဖြစ်သည်။ သူမ၏အခန်းဖော်အနေဖြင့် ကျင်းယွင်ကျောင်းသည် အလုပ်မရှိပါက သူမအား လာရောက်ကူညီနိုင်မည်မှာ သေချာပေသည်။

သူတို့တက်ရောက်နေသောမေဂျာမှာ ကြိုးစားအားထုတ်မှုအမှန်တကယ်လိုအပ်‌သောမေဂျာဖြစ်သည်။ သူတို့သည် အရာအားလုံးကို သင်ယူရမည်မှန်သော်လည်း မည်သည့်အရာကိုမျှ ကျွမ်းကျင်ပိုင်နိုင်၍မရပေ။ ၎င်းမှာ ခေါင်းဆောင်နိုင်စွမ်းကိုသင်ကြားပေးသည့် မေဂျာလည်းဖြစ်၏။ ကျောင်းဆင်းပြီးလျှင် မိမိတို့ဘာသာ လစာများသောအလုပ်တစ်ခုကို ရှာဖွေရန် အလွန်ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်ကုမ္ပဏီကမှ ကျောင်းဆင်းပြီးခါစလူတစ်ဦးအား သူတို့၏ကုမ္ပဏီကို စီမံခန့်ခွဲခိုင်းမည်မဟုတ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် လူအများစုသည် အောက်ခြေမှစတင်ရပေသည်။ သူတို့သည် တဖြည်းဖြည်းကြိုးစား၍ ထိပ်သို့ အားသွန်ခွန်စိုက်တက်ရတော့သည်။ မိသားစုကျောထောက်နောက်ခံမရှိသော ကျောင်းသားအများစုမှာမူ မိမိတို့သင်ယူခဲ့ရသောအရာနှင့် မတူညီသောအလုပ်ခွင်သို့ ဝင်ရလေ့ရှိပေသည်။

အမှန်အတိုင်းပြောရလျှင် ကျင်းယွင်ကျောင်းသည် အဘယ်ကြောင့် ဤမေဂျာကိုရွေးခဲ့ကြောင်း သူမအနည်းငယ်သိချင်မိ၏။ သူမ၏ဟန်ပန်အမူအရာအရ သူမသည် ဆေးပညာကို အလွန်စိတ်ဝင်စားမှန်း သိသာလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် မည်မျှပင် အလုပ်ရှုပ်၍ပင်ပန်းနေစေကာမူ ဆေးဘက်ဆိုင်ရာစာအုပ်များကို စူးစိုက်ဖတ်ရှုနေတတ်သောကြောင့်ဖြစ်၏။ သူမသည် ကြည့်လိုက်သည်နှင့် ဆေးပညာကိုအရူးအမူးစွဲလမ်းနေကြောင်း သိသာပေသည်။

ဟော်ထျန်းရှန်း၏ မောက်မာသောစရိုက်သည် သူမအတန်းဖော်များကြားတွင် နာမည်ကြီးပေသည်။ သူမသည် အလွန်ဂုဏ်အသရေထည်ဝါသော မိသားစုမှလာသည်ကိုလည်း သူတို့သိထားကြသဖြင့် သူမပြောသောစကား၌ အမှားပါသည်ဟု မည်သူမှ မခံစားမိခဲ့ကြချေ။

ဟော်ထျန်းရှန်းစကားပြောပြီးနောက် သူမသည် ကျင်းယွင်ကျောင်းကိုပါမေးလိုက်၏။

“ဘယ်လိုလဲ? ကျောင်းဆင်းပြီးရင် ငါ့ကိုကူညီမှာလား?”

“‌နောက်မှ အဲ့ကိစ္စကိုပြောကြတာပေါ့”

ကျင်းယွင်ကျောင်းသည် ၎င်းကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ဟော်ထျန်းရှန်းသည် နှုတ်ခမ်းများကိုစူလိုက်သော်လည်း သူမမျက်လုံးထဲမှ စိတ်အားထက်သန်မှုများက မကွယ်ပျောက်သွားသေးချေ။ ထိုအချိန်တွင် ချီကျုံးသည် ဟော်ထျန်းရှန်း၏ လွတ်လပ်ပေါ့ပါးနေသောအသွင်အပြင်ကို ကြည့်လိုက်၏။ သူသည် သူမနံဘေးသို့လျှောက်သွားကာ ပြောလိုက်သည်။

“ဒီအခက်အခဲလေးကိုတောင် မခံနိုင်ဘူးဆိုတော့ မင်းကသူများတွေအတွက် ဝန်ထုပ်ဝန်ပိုးပဲ”

ဟော်ထျန်းရှန်းသည် ၎င်းကိုကြားလိုက်သောအခါ သူမမျက်ခုံးများကို ချက်ချင်းပင့်လိုက်သည်။ သူမသည် ကျင်းယွင်ကျောင်းမှ သူမအတွက်သယ်ပေးထားသောအရာများကို တစ်ခါတည်းလှမ်း၍ ပြန်ယူလိုက်တော့သည်။

“သူများကိုဝန်ထုပ်ဝန်ပိုးဖြစ်မယ့်အစား အသေပဲခံလိုက်မယ်!”

Space and Rebirth 726

ဟော်ထျန်းရှန်း၏ ‌‌‌ဒေါသသည် ကောက်ရိုးမီးကဲ့သို့ အလျင်အမြန်ပင် ငြိမ်းကျသွားသည်။ သူမသည် သူမက “လူဆိုးကြီး” ဟုသတ်မှတ်ထားသော ချီကျုံးအ‌ရှေ့တွင် သူမ၏ဂုဏ်သိက္ခာကို အလွန်ငဲ့ကွက်ပြီး သူမကိုယ်သူမအရှက်မခွဲလိုပေ။ သူမသည် အိတ်ကိုချက်ချင်းပင်ပြန်ယူကာ နာခံမှုအပြည့်ဖြင့် အရှေ့သို့ဆက်လျှောက်သွားလိုက်၏။

ဘေဘီယောင်သည် ဟော်ထျန်းရှန်းမှ နာခံရိုကျိုးစွာဖြင့် မိမိအိတ်ပြန်သယ်နေသည်ကို မြင်လိုက်ရသောအခါ သူမသည်လည်း ခေတ္တမျှအနားယူပြီး မိမိအိတ်ကိုပြန်ယူလိုက်သည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ချီကျုံးသည် အညှာအတာကင်းမဲ့လာသည်။ နောက်တန်းမှ ငိုယိုပြီးလမ်းလျှောက်လာသော ကျောင်းသားများကို မြင်သောအခါ သူသည် ပိုဆိုးသွားတော့သည်။

ငိုယိုပြီး လမ်းလျှောက်နေသောကျောင်းသားများမှာ ကျိုးမေ့ကျွန်းနှင့် အပေါင်းအပါများဖြစ်၏။ ပုံမှန်ဆိုလျှင် သူတို့သည်ဆက်လမ်းလျှောက်နိုင်သေးသော်လည်း ယမန်နေ့က သူတို့အရိုက်ခံထားရသောနေရာများမှာ နာကျင်နေဆဲဖြစ်သဖြင့် အလွန်ပင်မခံမရပ်နိုင်ဖြစ်နေကြလေသည်။

သူတို့သာ အံကြိတ်ပြီးတင်းခံလျှင် ချီကျုံးသည် နှလုံးသားပျော့ပြောင်းသွားကာ သူတို့အား အနားပေးယူလျှင် ယူဦးမည်။ သို့ရာတွင် သူတို့သည် အသုဘသွားသကဲ့သို့ မျက်ရည်လည်ရွှဲငိုယိုနေသဖြင့် အလွန်ပင်ကျက်သရေယုတ်လှ၏။

သူတို့နှင်ယှဥ်လိုက်လျှင် ဟော်ထျန်းရှန်းမှာ ပို၍အသိတရားရှိသည်ဟု ချီကျုံးခံစားမိလိုက်သည်။ သူမသည် အနည်းငယ်မောက်မာသော်လည်း အနည်းဆုံးအနေဖြင့် သတ္တိရှိပေသည်။ သူ၏လက်အောက်တွင် နေ့ရက်ပေါင်းများစွာ ညှင်းဆဲခံရပြီးနောက် သူမသည် ဖုန်အလိမ်းလိမ်းဖြစ်နေခဲ့သည်။ သူမသည် မည်မျှပင် ဆိုးဆိုးရွားရွားလဲကျစေကာမူ မျက်ရည်တစ်ပေါက်ကျသည်ကို မမြင်ဖူးချေ။ သို့ရာတွင် ကျိုးမေ့ကျွန်းနှင့် အပေါင်းအပါများ ငိုယိုသည်မှာမူ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။

“ဟော်ထျန်းရှန်း! ငါ့အတွက်သီချင်းတစ်ပုဒ်ဆိုစမ်း!”

ရုတ်ချည်းဆိုသလို ချီကျုံးအော်ဟစ်လိုက်၏။

ဟော်ထျန်းရှန်းသည် ဆိုးမဆင့်ဘုံမဆင့်ကြားလိုက်ရသောစကားကြောင့် ထိတ်လန့်သွားသဖြင့် ကျောက်တုံးတစ်တုံးပေါ် ခလုတ်တိုက်မိကာ မြေပြင်ပေါ်လဲကျသွားလေသည်။

ကျင်းယွင်ကျောင်းသည် သူမအား ဆွဲထူပေးရန် အလျင်အမြန်သွားလိုက်၏။ သူမမနှစ်သိမ့်ပေးနိုင်ခင်တွင် ဟော်ထျန်းရှန်း၏ ပြန်အော်သံကို ကြားလိုက်ရသည်။

“ဆရာချီ! ရှင်တမင်လုပ်လိုက်တာလား?!”

သူမ၏ကျယ်လောင်သောအသံသည် ခေါင်းလောင်းသံကြီးကဲ့သို့ဖြစ်ပြီး အခြားသူများကို လန့်ဖျပ်သွားစေ၏!

ဟော်ထျန်းရှန်းသည် သူမခန္ဓာကိုယ်ကို ဖုန်ခါလိုက်ပြီး ခြေကျင်းဝတ်တွင် အတန်ငယ်နာကျင်သွားသည်ကို ခံစားမိလိုက်သည်။ သူမသည် အနည်းငယ်အာရုံနောက်သွား၏။ ဒဏ်ရာဖြစ်မဖြစ် စစ်ဆေးရန် သူမဖိနပ်ပါးများကို ချွတ်ရန်လုပ်နေစဥ်မှာပင် ချီကျုံးသည် သူမအား အမှားတစ်ခုခုလုပ်ထားသောသူကဲ့သို့ မှောင်ရိပ်သန်းနေသည့်မျက်နှာဖြင့် ကြည့်နေသည်ကိုမြင်လိုက်ရ၏။ သူမသည် ချက်ချင်းဆိုသလိုပင် ခေါင်းမော့ရင်ကော့ကာ သူ့အားမျက်စောင်းထိုးကြည့်လိုက်သည်။

“နည်းပြ၊ ကျွန်မသီချင်းမဆိုတတ်ဘူး!”

“နည်းပြကြီးကြည့်ရတာ လုံးဝမပင်ပန်းတဲ့ပုံပဲ၊ နည်းပြကြီးပဲ သီချင်းဆိုလိုက်ပါလား?”

သူမထပ်ပြောလိုက်ပြန်သည်။

သူမပြောသည်ကို အခြားကျောင်းသားများကြားလိုက်သောအခါ သူတို့သည်လည်း အော်ပြောလိုက်ကြ၏။

“ဆရာ၊ သီချင်းဆိုပြပါ! လုပ်ပါ ဆရာချီ!”

ကျင်းယွင်ကျောင်း နှုတ်ခမ်းစွန်းများတွန့်သွားသော်လည်း ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက်တွင် ကျောင်းသားများသည် စိတ်ပိုတက်ကြွသွားကြကြောင်း တွေ့လိုက်ရသောအခါ သူမလည်း ဝင်ကူပြောပေးရန် ဆုံးဖြတ်လိုက်၏။

“ဆရာချီ၊ စစ်သီချင်းတစ်ပုဒ်နှစ်ပုဒ်လောက်တော့ ရတယ်မလား?”

သူမသည် အမြဲတစေ စစ်သီချင်းများဆိုရာ၌ ဦးဆောင်ဆိုပေးရသူဖြစ်ခဲ့၏။ အတန်းမော်နီတာတစ်ဦးဖြစ်ရသည်မှာ မလွယ်လှချေ။

ချီကျုံးမှာ ဖြောင့်မတ်မှန်ကန်သောသူဖြစ်သည့်အလျောက် ငြင်းဆိုခြင်းမရှိဘဲ ပြောလိုက်၏။

“စည်းလုံးခြင်းသည်အင်အား”

သူ၏အသံသည် ကျယ်လောင်ပီသနေသဖြင့် ရင်ခုန်သံမှားလုမတတ်ဖြစ်စေ၏။ ဟော်ထျန်းရှန်းသည် ဆက်တိုက်ဆိုသလို စိတ်ကုန်ဟန်ဖြင့် ကြည့်လိုက်ပြီး ခဏအကြာတွင် စကားလုံးသုံးလုံးကို ရေရွတ်လိုက်သည်။

“ပိန်းလိုက်တာ”

ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းအနောက်တွင် ရပ်နေသဖြင့် ကျင်းယွင်ကျောင်းသည် သူမထော့နဲ့ထော့နဲ့ဖြစ်နေသည်ကို မမြင်ချေ။ ထိုတင်မက ကျောင်းသားအများစုသည် ပင်ပန်းနေချေပြီ။ အချို့မှာ အချင်းချင်းတွဲကူ၍ လမ်းလျှောက်နေကြပြီး အချို့မှာ ခြေဖဝါးပေါ်တွင် အရည်ကြည်ဖုများထွက်လာပြီဖြစ်သည်။ သူတို့လမ်းလျှောက်ပုံမှာ မူမမှန်လှသဖြင့် မည်သူက ဒဏ်ရာရနေကြောင်း ပြောရခက်ပေသည်။

ချီကျုံးသည် စစ်သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုလိုက်သည်။ အခြားအတန်းများလည်း ထိုနည်း၎င်းပင်။ နည်းပြများ၏ ကျယ်လောင်ပီသသော သီချင်းသံကြောင့် ကျောင်းသားများသည် စိတ်အားတက်သွားကြလေ၏။

သူတို့သည် လမ်းမပေါ်တွင်ပင် နေ့လယ်စာကို စားလိုက်ကြသည်။ ရှေးခေတ်အချိန်များကို နောက်ပြန်ဆွဲရောက်သွားသလိုပင်ဖြစ်သည်။ ထွက်လာစထက် ပို၍တိတ်ဆိတ်ပြီး အသက်ဝင်လှုပ်ရှားနေလေသည်။ အပြန်လမ်းတွင် ကျောင်းသားများသည် စုတ်ပြတ်သတ်သောအခြေအနေတွင်ရှိနေကြ၏။ သူတို့သည် ချွေးစော်များနံနေကာ မျက်နှာပေါ်တွင်လည်း ဖုန်မှုန့်အညစ်အကြေးများဖြင့် ပေရေနေသည်။ သူတို့သည် အလွန်မောပန်းလှသော်လည်း မကြာခင်ပြီးတော့မည်ကို တွေးလိုက်သောအခါ စိတ်အားထက်သန်မှုဖြင့် မျက်လုံးများဝင်းလက်သွားကြ၏။

“ဟော်ထျန်းရှန်း?”

ယန်ရှင်းယွဲ့သည် ရုတ်ချည်းဆိုသလို ထအော်လိုက်၏။ ကျင်းယွင်ကျောင်းသည် အနောက်သို့လှည့်ကြည့်ပြီး ဟော်ထျန်းရှန်းကို ကြည့်လိုက်သောအခါ မိမိနေရာတွင်ပင် တောင့်တင်းအေးစက်သွားလေသည်။

ဟော်ထျန်းရှန်း၏မျက်နှာမှာ သွေးဆုပ်နေပြီး သူမ၏ခြေကျင်းဝတ်ကို ကိုင်ထား၏။ ချီကျုံးသည် ခြေလှမ်းအနည်းငယ်ခန့်အကွာ၌ ရှိသဖြင့် ထိုနေရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ?”

“ကျွန်မလည်းမသိဘူး၊ ခုနက သူရုတ်တရတ်ကြီး..လမ်းလျှောက်တာရပ်သွားပြီး...”

ယန်ရှင်းယွဲ့သည် မရေရာမသေချာဟန်ဖြင့် ပြောလိုက်၏။

“ဟော်ထျန်းရှန်း!”

ချီကျုံး၏မျက်နှာထားမှာ လေးနက်နေတော့သည်။

Space and Rebirth 727

ချီကျုံး၏အော်သံကြောင့် ဟော်ထျန်းရှန်းနှာခေါင်းရှုံ့လိုက်သည်။ သူမသည် မတ်တပ်ရပ်ကာ မေးလိုက်၏။

“ဘာတွေအော်နေတာလဲ? ဒီတိုင်းနားနေတာကို”

ကျင်းယွင်ကျောင်း၏အကြည့်များသည် သူမခြေကျင်းဝတ်အပေါ် ရောက်သွား၏။ သူမသည် ထိုနေရာတွင် အကြည့်ကိုခေတ္တမျှ ရပ်တန့်ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ ဟော်ထျန်းရှန်း၏ ဘောင်းဘီခြေထောက်များကို လှန်လိုက်သည်။ သူမ၏ခြေကျင်းဝတ်တွင် ယောင်ကိုင်းနေသော အနီရောင်ဖုကြီးတစ်ဖုကို မြင်လိုက်ရသောအခါ အားလုံးထိတ်လန့်သွားကြတော့၏။

“နင်ခြေကျင်းဝတ်ခေါက်ထားတာလား? ဘာလို့စောစောကမပြောတာလဲ?”

ကျင်းယွင်ကျောင်း တန်းမေးလိုက်တော့၏။

သူမသည် မိမိခန္ဓာကိုယ်ကို တန်ဖိုးထားရကောင်းမှန်းမသိပါပေ။ ဤဒဏ်ရာ၏ပြင်းထန်ပုံအရဆိုလျှင် ဖြစ်ထားသည်မှာ အတော်အတန်ကြာပေပြီ။ သူမသည် အဘယ်သို့ ဤဒဏ်ရာကို တင်းခံပြီး အလွန်ကွာဝေးစွာ လမ်းလျှောက်နိုင်ရသနည်း? ဤကဲ့သို့ဒဏ်ရာမျိုးမှာ အနားယူလျှင်ပျောက်သည်ဆိုသော်လည်း သူ့အတိုင်းအတာနှင့်သူ ပြင်းထန်ပေသည်။ ခေါက်ထားသောခြေကျင်းဝတ်ကို အချိန်မီမကုသလျှင် ၎င်းသည် အလွယ်တကူပင် အဆစ်ချောင်သွားနိုင်ပြီး ခြေကျင်းဝတ်အဆစ်တွင် မတည်ငြိမ်မှုများဖြစ်စေကာ အနာဂတ်တွင် မကြာခဏဆိုသလို ခြေခေါက်လဲနိုင်ချေရှိစေ၏။

“ငါချော်လဲကျတုန်းက ပွန်းသွားတယ်ပဲထင်လိုက်တာ”

ဟော်ထျန်းရှန်းသည်လည်း သူမကိုယ်သူမထိတ်လန့်သွားသည်။

“ဒါပေမယ့် ပြသာနာမရှိလောက်ဘူးမှတ်လား? ငါတို့မကြာခင်လည်း ရောက်တော့မှာပဲဟာ၊ ငါ့ကို ဝန်ထုပ်ဝန်ပိုးလို့ တချို့လူတွေခေါ်တာကို မခံနိုင်ဘူး”

“ဒါနဲ့ ရှင်ကျွန်မကို အဲ့လိုမကြည့်နဲ့နော်၊ ရှင့်ကြောင့် ကျွန်မချော်လဲကျတာ။ ရှင်သာကျွန်မကိုရုတ်တရတ်ကြီး မခေါ်လိုက်ရင် လန့်ပြီးချော်လဲကျမှာမဟုတ်ဘူး!”

ဟော်ထျန်းရှန်း၏မျက်လုံးများသည် နီမြန်းနေ၏။ သူမသည် ဤကဲ့သို့သောဒဏ်ရာမျိုးကို သူမဘဝ၌ တစ်ခါမှ မခံစားဖူးချေ။ သူမ၏ လှပသောခြေထောက်များသည် ယခုတွင် ပေါက်စီများကဲ့သို့ ယောင်ကိုင်းနေလေပြီ။ အလွန်ရုပ်ဆိုးလှ၏။

သို့ရာတွင် သူမစကားပြောပြီးပြီးချင်းတွင် ဟော်ထျန်းရှန်းသည် ချီကျုံး၏သယ်ဆောင်ချီပင့်ခြင်းကို ခံလိုက်ရတော့သည်။

“မရီး၊ အဖွဲ့ကိုမရီးလက်ထဲအပ်ထားခဲ့လိုက်မယ်။ သူ့ကိုဆရာဝန်ပြဖို့ လူနာတင်ကားဆီခေါ်သွားမလို့”

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။

မရီး?

မည်သူမှမရှိစဥ်က သူ၏အခေါ်အဝေါ်ကို မပြင်နိုင်သည်မှာ ကိစ္စမရှိသော်လည်း ယခုလူများစွာ၏အရှေ့တွင် ခေါ်သည်မှာမူ အနည်းငယ်ပြသာနာရှိပေသည်...

ကျင်းယွင်ကျောင်း၏မျက်နှာ သွေးဆုပ်သွားတော့သည်။ ကံမကောင်းစွာဖြင့် ချီကျုံးသည် ပြောပြီးသည်နှင့် အဝေးသို့ တစ်ခါတည်းပြေးသွားနှင့်ပြီဖြစ်သည်။ ဟော်ထျန်းရှန်းမှာ ပို၍ပင်အံ့အားသင့်ထိတ်လန့်သွားသော်လည်း သူမ၏ဝသီအတိုင်း ဟိတ်ဟန်ကြီးသောစကားအချို့ကို ထွက်လိုက်သေး၏။

ကျင်းယွင်ကျောင်းသည်လည်း ဆေးပညာကျွမ်းကျင်သဖြင့် အရေးပေါ်ဒဏ်ရာများကို ကိုင်တွယ်နိုင်လေသည်။ သို့ရာတွင် ဟော်ထျန်းရှန်းမှာ မည်သို့ပင်ဖြစ်စေ ဆက်လမ်းမလျှောက်နိုင်တော့သည်ဖြစ်၍ လူနာတင်ကားပေါ်တွင် အနားယူသည်က ပိုကောင်းပေမည်။

“အမတသခင်မကြီး အဆင်ပြေရဲ့လား? ဒဏ်ရာပြင်းတဲ့ပုံပဲ”

ဘေဘီယောင်ရေရွတ်လိုက်၏။

“အမတသခင်မကြီး?”

ကျင်းယွင်ကျောင်းကြောင်အသွားသည်။

“ဟုတ်တယ်လေ၊ သူက သူ့ကိုယ်သူအကြီးဆုံးလို့ ပြောခဲ့တာမဟုတ်ဘူးလား? ပြီးတော့ သူ့နာမည်ကလည်း အမတနတ်သမီးလေ၊ မမိုက်ဘူးလား?”

ဘေဘီယောင်ပြုံးလိုက်သည်။

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။ ယန်ရှင်းယွဲ့မှာ ဝါးလုံးကွဲထရယ်လိုက်တော့၏။ ဟော်ထျန်းရှန်း၏ ဟော့ဟော့ရမ်းရမ်းစရိုက်ဖြင့်ဆိုလျှင် သူမအား ဘေဘီယောင်မှာ အမတသခင်မကြီးဟုခေါ်နေသည်ကို ကြားလျှင် ရူးသွားပေလိမ့်မည်။

“နင်ကသူ့ကို အမတသခင်မကြီးလို့ခေါ်တော့ ငါနဲ့ ကျင်းယွင်ကျောင်းကိုရော?”

ယန်ရှင်းယွဲ့သည် သိချင်စိတ်ဖြင့် မေးလိုက်တော့၏။

ဘေဘီယောင်၏မျက်လုံးများ ဖျတ်ခနဲလင်းသွားပြီး ‌ချောင်းတစ်ချက်ဟန့်လိုက်သည်။

“ကျင်းကျင်းနဲ့ ရှင်းရှင်း”

ကျင်းယွင်ကျောင်းသက်မရှည်ကြီးကို ချလိုက်တော့သည်။ ကံကောင်းစွာဖြင့် အစ်မနှစ် မဟုတ်ခြင်းပင်။ မသိလျှင် စားသောက်ဆိုင်းတစ်ဆိုင်မှ စားပွဲထိုးခေါ်သည့်နာမည်နှင့်တူလှ၏။

ထိုအချိန်တွင် ဟော်ထျန်းရှန်းသည် ကျန်းမာရေးဌာန အနောက်ဘက်ရှိ ကုတင်တစ်လုံးပေါ်သို့ ပစ်ချခံလိုက်ရသည်။ ချီကျုံးသည်လည်း အိပ်ရာနံဘေးတွင် ထိုင်လိုက်၏။ သူသည် သူမ၏ခြေထောက်အား လက်ညှိုးထိုးကာ ဆေးဝန်ထမ်းများကို ပြောလိုက်သည်။

“ပိုးသတ်ပြီး အဆစ်ပြန်တည့်ပေး၊ မြန်မြန်လုပ်”

“ဪ ဆရာချီလည်း ဆေးကုတတ်တာလား?”

ဟော်ထျန်းရှန်းမှာ ဖြူငယ်တစ်ကောင်ကဲ့သို့ လုံးလုံးလေးရှိနေဆဲဖြစ်၏။

“မင်းကိုဝန်ထုပ်ဝန်ပိုးလို့ပြောတာ ငါမမှားဘူး၊ မင်းမှာအခြေခံအသိတောင်မရှိဘူးလေ။ ဒဏ်ရာဗလပွနဲ့ နှစ်နာရီသုံးနာရီလမ်းလျှောက်ရတာကို အရမ်းမိုက်တယ်ထင်နေတာလား? မင်းလုပ်နိုင်တယ်လို့ထင်နေတာလား? ဦးနှောက်မရှိလိုက်တာ”

ချီကျုံးသည် အညှာအတာကင်းမဲ့စွာဖြင့် ပြောလိုက်၏။

ဟော်ထျန်းရှန်းသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာများဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

သူမသည် အဘယ်ကြောင့် အနားမယူခဲ့ရသနည်း? ဤသောက်နည်းပြ ချီကျုံးမှ သူမအား အမြဲတစေ အသုံးမကျသူဟုပြောပြီး သူမစိတ်ကိုလာစမ်းနေသောကြောင့် မဟုတ်သလော? သူမသည် ငယ်စဥ်ကတည်းကပင် ဤသို့ဖြစ်ခဲ့သည်။ သူမဂုဏ်သိက္ခာကို ဆုံးရှုံးရသည်ထက် အသက်သာအသေခံလိုက်ပေမည်!

သို့ရာတွင် ယခုအချိန်၌ သူမသည် အလွန်ဝမ်းနည်းသွားလေ၏။ သူမသည် မနက်မိုးမလင်းမီကပင် ထွက်လာခဲ့သည်ဖြစ်ရာ ပင်ပန်းလွန်း၍ လဲကျလုနီးပါးဖြစ်နေလေပြီ။ သူမသည် ဤအခြေအနေမျိုးတွင် တောင့်ခံနိုင်သည်မှာပင် ကောင်းလွန်းနေပြီဟု ပြောရမည်။ နည်းပြချီမှ သူမအား မလေးစားလျှင်ပင် ကိစ္စမရှိသော်လည်း သူမအား ဦးနှောက်မရှိသောသူဟုပင် ပြောစရာလိုသလော?

Space and Rebirth 728

“‌တောက်” ဟူသောအသံနှင့်အတူ သူမပါးပြင်ထက်တွင် မျက်ရည်များတပေါက်ပေါက်စီးဆင်းလာ၏။ ချီကျုံးဆွံ့အသွားသည်။ သူမသည် အဘယ်ကြောင့် အကြောင်းအရင်းမရှိငိုနေရသနည်း?

“မင်းမှာငိုရဲတဲ့သတ္တိရှိသေးတာလား?”

စက္ကန့်ပိုင်းလောက်ကြာသောအခါ ချီကျုံးမှမေးလိုက်၏။

ဟော်ထျန်းရှန်း ဒေါသပုန်ထနေလေပြီ။ သူမသည် မျက်ရည်များစိုရွှဲနေဆဲဖြစ်သော မျက်နှာဖြင့် ချီကျုံအား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

“ကျွန်မဘာသာ ငိုငိုမငိုငို ရှင့်ကိစ္စမဟုတ်ဘူး! ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မခြေထောက်လည်း အကောင်းအတိုင်းဖြစ်နေမှာ။ အခုတော့ ယောင်နေတာကြီးလွန်းလို့ ကျောင်းပြန်ရောက်ရင်တောင် ဖိနပ်လှလှလေးတွေ ဝတ်နိုင်တော့မှာမဟုတ်ဘူး။ ရှင်ကများကျွန်မကိုအော်ရဲတယ်? နည်းပြဖြစ်တာဘာများကောင်းလို့လဲ?”

“ရှင့်ကိုကျွန်မလုပ်တာဆိုလို့ စကားတစ်ခွန်းနှစ်ခွန်းစာ ပြန်အော်မိရုံပဲရှိတာ။ နှစ်ပတ်လောက်ကြာပြီးတာတောင် ရှင်ကအဲဒါကို အငြိုးထားနေတုန်းပဲ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီးတော့! ကြင်နာမှုရော နွေးထွေးမှုရောမရှိတဲ့ ရှင့်လိုအကျင့်မကောင်းတဲ့လူမျိုးကို ကျွန်မတစ်ခါမှမမြင်ဖူးဘူး၊ ရှင့်စောင့်ကြည့်နေလိုက်။ မနက်ဖြန်ကျရင် ရှင်ကျွန်မကိုဘယ်လိုအနိုင်ကျင့်မလဲဆို ကြည့်ဦးမယ်!”

ဤနေ့လယ် စခန်းသို့ပြန်ရောက်ချိန်တွင် စစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်ကြပေမည်။ မနက်ဖြန်ဆိုလျှင် သူတို့သည် ကျောင်းသို့ပြန်ထွက်ခွာရမည့်ရက်ဖြစ်၏။

ချီကျုံးသည် သူ၏နားထင်များကို ဖိနှိပ်လိုက်သည်။ ဤအော်သံများကြားတွင် သူသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေလေသည်။

လူတစ်ဦးက ဤသို့ငိုသည်ကို သူတစ်ခါမှမမြင်ဖူးချေ။ ကျိုးမေ့ကျွန်းငိုလျှင် ကောင်းကင်တစ်ခုလုံးပြုတ်ကျတော့မည်ဟန်ဖြင့် ငိုတတ်ပြီး ဟော်ထျန်းရှန်းမှာမူ အမြှောက်တစ်လုံးကဲ့သို့ဖြစ်၏။

“တော်တော့၊ မငြင်းနဲ့တော့”

ချီကျုံးနားများသည် သွေးထွက်လုမတတ်ဖြစ်နေလေပြီ။

“ဝါး....”

ထိုစကားကိုကြားလိုက်သောအခါ ဟော်ထျန်းရှန်းသည် သူမမျက်လုံးများကိုပိတ်ပြီး တမင်တကာဖြင့် ပို၍ကျယ်လောင်စွာ အော်ငိုလိုက်၏။ ဆေးဝန်ထမ်းလေးသည် ၎င်းကိုမြင်လိုက်သောအခါ ဇောချွေးများပြန်သွားသည်။ သူသည် ချီကျုံးအား သနားကရုဏာသက်ဟန်ဖြင့် ကြည့်လိုက်လေ၏။

ချီကျုံး၏ခေါင်းသည် ပေါက်ကွဲလုမတတ်ဖြစ်နေလေသည်။ ဟော်ထျန်းရှန်းသည် ယနေ့တွင် ခါတိုင်းထက်လိမ္မာနေသည်ဟု သူထင်ခဲ့သော်လည်း နာရီပိုင်းခန့်သာအကြာတွင် သူမ၏ပုံစံအစစ်အမှန်ကို ဖော်ပြနေလေပြီ။ သူမအငိုသည်းထန်ပုံကို ကြည့်ပါလေ။

“မငိုနဲ့တော့!”

ချီကျုံးသည် အေးစက်စွာပြောလိုက်လေ၏။

ဟော်ထျန်းရှန်းသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်လိုက်သည်။ အော်ဟစ်ငိုယိုပြီးနောက် သူမသည် လက်ကိုလှမ်းကာ ချီကျုံး၏လက်မောင်းကိုဆွဲလိုက်သည်။ ထို့နောက် သူမသည် ပါးစပ်ကိုဖွင့်ကာ ချီကျုံး၏လက်ကို ကိုက်လိုက်လေသည်။

ချီကျုံး၏သွေးကြောများ ထောင်တက်လာသည်။ သူသည် နာကျင်မှုဖြင့် ညီးတွားလိုက်၏။

ဟော်ထျန်းရှန်းမှ သူ့လက်ကိုလွှတ်လိုက်သောအခါ သူသည် သူမအားစိုက်ကြည့်၍ ပြောလိုက်သည်။

“လက်စားချေလို့ပြီးပြီလား? လုပ်ချင်တာတွေလုပ်ပြီးပြီဆိုရင် ပါးစပ်ပိတ်လိုက်၊ ထပ်မငိုနဲ့တော့။ နားလည်းငြီးတယ် ကြားလို့လည်းမကောင်းဘူး”

ရာသီဥတုမှာ ပူပြင်းလှသည်ဖြစ်ရာ သူမငိုသံကြောင့် အာရုံနောက်နေလေပြီ။

ဟော်ထျန်းရှန်းသည် အငိုရပ်လိုက်ပြီး သူမနှုတ်ခမ်းများကိုစူကာ အေးတိအေးစက်ဖြင့် ဟွန့်ခနဲအသံပြုပြီး ခေါင်းကိုလှည့်သွားတော့၏။ သူမသည် မျက်ထောင့်စွန်းမှနေ၍ ချီကျုံ၏လက်မောင်းကို ကြည့်လိုက်သောအခါ သွေးနှစ်တန်းစီးထွက်နေသည်ကို တွေ့လိုက်ရသည်။ အလွန်အကျည်းတန်သောမြင်ကွင်းပင်။

“အဲဒါကြောင့်မို့ ရှင့်ကိုနှလုံးသားမရှိဘူးလို့ပြောတာ၊ ဒီလိုမျိုးအကိုက်ခံရတာတောင် အသံတစ်သံမထွက်ဘူး။ ဒါပေမယ့် ကျေသွားပြီလို့တော့ မထင်လိုက်နဲ့။ ရှင့်ဒဏ်ရာက ရက်ပိုင်းလောက်နေရင် သက်သာသွားမှာဆိုပေမယ့် ကျွန်မဒဏ်ရာကတော့ အဲ့လိုမဟုတ်ဘူး!”

ဟော်ထျန်းရှန်းထပ်ပြောလိုက်ပြန်သည်။

“ငါကခွေးနှစ်မှာမွေးတာလေ”

သူသည် အေးအေးလူလူပင်ပြန်ဖြေလိုက်ပြီး ဆေးဝန်ထမ်းဖက်လှည့်ကာ ပြောလိုက်၏။

“ခဏနေ ခွေးရူးကာကွယ်ဆေးထိုးပေးပါ”

စက္ကန့်ပိုင်းလောက်ကတင် ဒေါသငြိမ်ကျသွားပြီဖြစ်သော ဟော်ထျန်းရှန်းသည် ထပ်မံဒေါသပုန်ရပြန်သည်။ သူမသည် ချီကျုံးအား စူးစိုက်ကြည့်ကာ ပြောလိုက်၏။

“ရှင်ကများကျွန်မကို ခွေးရူးလို့ပြောရဲတယ်? ရှင့်ကိုသတ်ဖို့ဆိုရင် ကျွန်မတစ်နေ့လုံးထိုင်ငိုနိုင်တယ်ဆိုတာ ရှင်ယုံလား?”

ချီကျုံးသည် ထိုစကားကိုကြားလိုက်သောအခါ စိတ်‌ရောကိုယ်ပါ အမောဆို့သွားပြီး ငိုရမည်လော၊ ရယ်ရမည်လော မဝေခွဲတတ်တော့ပေ။

သူမကဲ့သို့လူမျိုးကို သူတစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူမသည် ပြောရဆိုရခက်ပြီး မာန်မာနပလွှား၍ မိမိကိုယ်ကိုအတော်ဆုံးဟုထင်သည့်အပြင် သူဌေးသမီးတစ်ဦး၏စရိုက်လက္ခဏာမျိုးရှိ၏။ သူမသည် ပြစ်ချက်များလှသော်လည်း သူသည် မမုန်းနိုင်ပေ။ အနည်းဆုံးအနေနှင့် သူမသည် ကျိုးမေ့ကျွန်းတို့၊ ထောင်ကဲ့တို့ထက် ပိုချစ်စရာကောင်းလေ၏။

“ဟုတ်ပြီလေ ဒီတစ်ခေါက်မင်းတော်တယ်၊ နောက်ရက်ပိုင်းအတွင်း ဂရုစိုက်ဦး၊ မြေကြီးပေါ် လမ်းမလျှောက်ရအောင်နေပေါ့”

ချီကျုံးသည် လေသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်၏။

“အဲ့လိုမှပေါ့”

ဟော်ထျန်းရှန်းသည် တိုက်ကြက်ဖတစ်ဦးနှင့်တူပေသည်။ သူမသည် ခေါင်းကိုမော့ကာ ပြုံးလိုက်၏။

မူလအစက ငိုချင်းများမှာအပ ကျန်သောငိုယိုခြင်းများမှာ တမင်ဟန်လုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူမမျက်နှာပေါ်ရှိ မျက်ရည်များမှာ ခြောက်သွေ့ပြီဖြစ်သော်လည်း သူမမျက်လုံးများမှာမူ စိုစွတ်နေဆဲဖြစ်၏။ ချီကျုံးသည် ထိုအရာကိုမြင်လိုက်သောအခါ ကြက်သေသေသွားသည်။

ဟော်ထျန်းရှန်းသည် ဒဏ်ရာရသည်နှင့် ဘုရင်၏မျက်နှာသာပေးခြင်းခံရသော ကိုယ်လုပ်တော်တစ်ဦးမှ မိဖုရားခေါင်အဆင့်သို့ ရာထူးတက်သွားလေသည်။ သူမသည် ကျန်းမာရေးဌာန၏ယာဥ်အတွင်းတွင် ထိုင်ပြီး ဒဏ်ရာမရရှိထားသော သူမ၏အခြားခြေတစ်ဖက်ကို အေးအေးလူလူဖြင့် လွှဲယမ်းလိုက်သည်။ သီချင်းပင်ညည်းလိုက်သေး၏။ သူမပုံစံမှာ ရိုက်ချင်စရာလေးဖြစ်ပေသည်။

All Chapters