← Chapters

အခန်း (၇၂၉-၇၃၂)

Vol. 37 Ch. 729-732

အခန်း (၇၂၉-၇၃၂)

Vol. 37 Ch. 729-732

Space and Rebirth 729

သူတို့သည် စခန်းသို့ပြန်လာသောအခါ နေဝင်တော့မည်ဖြစ်သည်။ အပြန်လမ်းတွင် သူတို့သည် အပူလျှပ်သောလူများစွာကို ကြုံတွေ့ခဲ့ရ၏။ ခရီးစဥ်တစ်လျှောက် နာကျင်ပင်ပန်းခဲ့ရသည်မှာ သေချာပေါက်မမေ့နိုင်စရာဖြစ်သော်လည်း ခရီးစဥ်ပြီးဆုံးပြီးနောက်တွင် အောင်မြင်မှုတစ်ခုကို ရလိုက်သလို ခံစားရပေသည်။ လမ်းပေါ်ရှိ ရှုခင်းများကို ပြန်တွေးကြည့်လိုက်သောအခါ လွမ်းသလိုလိုပင်ဖြစ်သွားကြ၏။

လွမ်းမောစရာရှိသည်များကို လွမ်းမောသော်လည်း ခရီးစဥ်အား အစမှပြန်စတင်လိုစိတ် လုံးဝမရှိကြပါချေ။

သူတို့သည် စခန်းသို့ပြန်ရောက်သောအခါ စစ်ရေး‌လေ့ကျင့်မှုပိတ်ပွဲအတွက် အချိန်ရောက်လာလေပြီ။ အားလုံးသည် ခုံငယ်တစ်ခုစီယူကာ လေ့ကျင့်ရေးကွင်းတွင် ထိုင်လိုက်ကြ၏။ သူတို့အပေါ်တွင် အဝေးမှလာခဲ့ကြသော ကျောင်းခေါင်းဆောင်များရှိနေလေသည်။ ကျောင်းသားများ၏ ကြိုးစားအားထုတ်မှုနှင့် လုံ့လဝီရိယကို သူတို့သည် ချီးကျူးလိုက်ကြ၏။ သို့ရာတွင် သူတို့၏ယဥ်ကျေးပျူငှာပြီး ခမ်းကြီးနားကြီးဖြစ်သောစကားလုံးများက ကျောင်းသားများကို အိပ်ငိုက်စေလေသည်။ ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော နည်းပြများ၏ လိုရင်းတိုရှင်းစကားလုံးများက ကျောင်းသားများအား စိတ်သက်သာရာရစေလေသည်။

နည်းပြမိန့်ခွန်းကို ပေးရသူမှာ ချီကျုံးဖြစ်သည်။ သို့ရာတွင် ချီကျုံးပေါ်လာချိန်၌ ဤနေရာရှိနည်းပြများအားလုံးသည် အလွန်ပင်စိတ်လှုပ်ရှားပြီး လေးစားသမှုများပြည့်နှက်သွားသည်ကို အားလုံးခံစားလိုက်ရ၏။

တကယ်တမ်းတွင် အခြားအတန်းမှနည်းပြများသည် ချီကျုံးကိုတွေ့တိုင်း အလွန်ဣန္ဒြေရသွားသည်ကို ကျောင်းသားများသည် ယခင်ကတည်းကပင် သတိထားမိနေ၏။ ချီကျုံးပေါ်လာသည့်အချိန်တိုင်းတွင် အခြားအတန်းများ၏လေ့ကျင့်ရေးသည်လည်း ပို၍ပြင်းထန်လာလေ့ရှိသည်။

ချီကျုံး၏တပ်ရာထူးမှာ မနိမ့်ကျလှသောကြောင့် ဤသို့ဖြစ်နေရကြောင်း ကျင်းယွင်ကျောင်းစိတ်ထဲတွင် သိနေခဲ့သည်။

ကျောင်းသားများကိုစုဝေး၍ မိန့်ခွန်းခြွေပြီးနောက် အတန်းလိုက်ပေါင်းဆုံပွဲလုပ်ရုံသာ ကျန်တော့ပေသည်။ ထောင်ကဲ့သည် အရင်ပြိုင်ပွဲအား ရှုံးခဲ့သဖြင့် သူမသည် အရှေ့သို့ထွက်ကာ သူမကတိအတိုင်းလုပ်ရတော့မည်ဖြစ်သည်။ သူမသည် အခြားသူများနှင့် မျက်နှာချင်းဆိုင်ရန် ရှက်နေသကဲ့သို့ ဤတစ်ချိန်လုံးခေါင်းငုံ့နေခဲ့လေသည်။

သူမတင်မကဘဲ ကျိုးမေ့ကျွန်းသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သူမမျက်နှာမှာ ဖုန်အညစ်အကြေးများဖြင့် ပေရေနေသဖြင့် ရုတ်ချည်းဆိုသလို အိုစာသွားလေသည်။

ထို့နောက် အတန်း A07 မှ ပြိုင်ပွဲကိုအနိုင်ရခဲ့သဖြင့် နည်းပြဖြစ်သူ ချီကျုံးမှ သူတို့အား လက်ဆောင်အသေးစားတစ်ခုကို ပေးလိုက်သည်။ ထိုလက်ဆောင်မှာ ရှုပ်ရှုပ်ယှက်ယှက်အရာမဟုတ်ပါပေ။ သေးငယ်ပြီးလက်ရာမြောက်သော ရွှေပြားလေးတစ်ခုသာဖြစ်၏။ ၎င်း၏မျက်နှာပြင်မှာ ရွှေရောင်အလင်းများထင်ဟပ်နေသဖြင့် ရွှေမှုန်များကြဲထားပုံရသော်လည်း ရွှေပါဝင်မှုနှုန်းမှာ မများလှသဖြင့် ၎င်း၏စျေးသည်လည်း မကြီးလှပေ။

ဤလက်ဆောင်ကြောင့် လူတိုင်းပီတိဖြစ်သွားကြသည်။ ဤနေရာမှထွက်ပြီးနောက်တွင် အနာဂတ်တွင် ပြန်လာနိုင်ချေမရှိပါပေ။ သူတို့၏နည်းပြဖြစ်သူ ချီကျုံးကိုပင် နောက်တစ်ဖန်တွေ့နိုင်ချေနည်းပေ၏။ ထို့ကြောင့် ဤလက်ဆောင်ကိုရလိုက်သောအခါ စိတ်ထဲ၌ ဝမ်းနည်းဝမ်းသာဖြစ်သွားကြလေတော့သည်။

ညဘက်တွင် နည်းပြသည် မိမိတို့၏ပိုင်ဆိုင်မှုပစ္စည်းများအားလုံးကို ပြန်ပေးလိုက်ပေသည်။ သို့ရာတွင် အတွင်းရှိအလှကုန်ပစ္စည်းများမှာမူ ယာယီအားဖြင့် အသုံးမဝင်တော့ချေ။ နောက်တစ်နေ့မနက်တွင် အားလုံးသည် ထွက်ခွာသွားကြတော့၏။

ကျောင်းဝင်းအတွင်းတွင် ထူးခြားသောဆူညံမှုတစ်မျိုးရှိနေ၏။ ကျောင်းထဲပြန်ရောက်ပြီးနောက်တွင် ကျင်းယွင်ကျောင်းနှင့်အခြားသူများသည် ကျောင်းထဲမှ ထွက်ခွာသွားသည်မှာ တစ်သက်စာလောက်ရှိသွားသလို ခံစားလိုက်ရသည်။

လွန်ခဲ့သောဆယ်ရက်ကျော်မှာ အလွန်ခက်ခဲကြမ်းတမ်းပြီး စည်းကမ်းတင်းကြပ်လှသည်ဖြစ်ရာ ယခုမူ သူတို့သည် လှောင်အိမ်ထဲမှ လွတ်လာသော ငှက်များကဲ့သို့ဖြစ်နေလေ၏။ နည်းပြဖြစ်သူ၏ ကြီးကြပ်မှုမရှိတော့သဖြင့် သူတို့သည် မည်သို့လုပ်ကိုင်ရမည်ကိုပင် မသိတော့ချေ။

လေးဦးသားသည် အဆောင်ထဲတွင် တစ်ဦးကိုတစ်ဦးစိုက်ကြည့်ပြီး အချိန်တစ်ခုစာမျှ ငေးတိငေးကြောင်ဖြစ်သွားကြသည်။

“စျေးဝယ်ထွက်ကြမလား? ညီမလေးနှစ်၊ နင်ကအခုချိန်ထိ မြို့ထဲမှာမလည်ရသေးဘူးမှတ်လား? ဒီနေ့ငါတို့လမ်းလျှောက်ထွက်မယ်ဆို ဘယ်လိုလဲ?”

ဟော်ထျန်းရှန်းသည် ငြိမ်ငြိမ်မနေနိုင်သေးပေ။

“နင့်ခြေထောက်တွေက လမ်းလျှောက်လို့အဆင်မပြေဘူးလေ”

ကျင်းယွင်ကျောင်းတိုးဖွသောအသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒရိုင်ဘာကိုပြောပြီး ငါ့ကိုလာခေါ် ခိုင်းလိုက်မယ်။ ဒါနဲ့ ငါ့အမေသူငယ်ချင်းရဲ့ အလှပြင်ဆိုင်က မကြာခင်ဖွင့်တော့မှာ။ ငါတို့အဲ့ဆိုင်မှာ အသားအရေထိန်းသိမ်းရေး သွားလုပ်ရအောင်...”

“အင်း အင်း!”

ဘေဘီယောင်သည် ချက်ချင်းပင် ခေါင်းငြိမ့်သဘောတူလိုက်၏။

စစ်ရေးလေ့ကျင့်မှုအပြီးတွင် အတန်းများမစခင် နားချိန်ဟူ၍ တစ်ရက်သာရှိပေသည်။ သူတို့သာ ယခုအပြင်မထွက်လျှင် နောက်တစ်ပတ်တိတိစောင့်ရဦးမည်။ ကျောင်းဆင်းပြီး ညနေခင်းအချိန်၌ ထွက်လည်ရန်အချိန်ရှိသော်လည်း နောက်ကျသည်အထိ လည်၍မရချေ။ နောက်ကျသည်အထိ အပြင်ထွက်နေပါက သူတို့သည် အဆောင်သို့ပြန်နိုင်တော့မည်မဟုတ်။

ကျင်းယွင်ကျောင်း ခေါင်းငြိမ့်၍သဘောတူလိုက်၏။

မကြာခင်တွင် ဟော်ထျန်းရှန်း၏ ကိုယ်ပိုင်ကားသည် ရောက်ရှိလာတော့သည်။ သူတို့သည် အသစ်ဖွင့်သောအလှပြင်ဆိုင်သို့ တန်းသွားလိုက်ကြ၏။

ကားရပ်ပြီးနောက် ဟော်ထျန်းရှန်းသည် အလှပြင်ဆိုင်သို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ရောက်ပြီ၊ ဆိုင်ကကြီးသားပဲ”

ကျင်းယွင်ကျောင်းလည်း ကားထဲမှထွက်လိုက်၏။

ပါကင်ထိုးမည့်နေရာသည် အလှပြင်ဆိုင်ရှေ့တည့်တည့်တွင်ဖြစ်သည်။ ဤသည်မှာ အသစ်ဖွင့်ထားသောဆိုင်ဖြစ်သော်လည်း အရောင်းအဝယ်ကောင်းနေပြီဟုပြောရမည်။ သို့ရာတွင် စျေးသည် နည်းလောက်မည်မဟုတ်ပေ။ ဝင်လိုက်ထွက်လိုက်ဖြင့်ရှိနေကြသော အမျိုးသမီးများအားလုံးသည် အလွန်ပင်ကြော့မော့ပြီး ရုပ်ရည်လှပကြပေသည်။

“ရှန်းလျန်...”

ရုတ်ချည်းဆိုသလို တိုးဖွသောအသံတစ်ခုသည် ပတ်ဝန်းကျင်မှထွက်လာတော့သည်။ ကျင်းယွင်ကျောင်းသည် ၎င်းကို မပီပြင်ဝိုးတဝါးကြားလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် လှည့်ကြည့်လိုက်သည်။ သို့ရာတွင် သူမလှည့်ကြည့်လိုက်သည်နှင့် တစ်ဖက်လူသည်လည်း ဘေးသို့လှည့်သွားသဖြင့် ထိုအမျိုးသမီး၏မျက်နှာကို မမြင်လိုက်ရချေ။

Space and Rebirth 730

ကျင်းယွင်ကျောင်း၏အကြည့်သည် သံသယများဖြင့်ပြည့်သွားသော်လည်း ခဏတာမျှတွေးပြီးနောက် သူမအကြည့်ကို ရုတ်သိမ်းလိုက်သည်။

ထိုအမျိုးသမီးသည် ရှန်းလျန်ဟု ခေါ်သည်ကို သူမဝိုးတဝါးကြားလိုက်သဖြင့် သူမသည် ကျင်းယွင်ကျောင်းအား အဘိုးရှု၏သမီးဖြစ်သူ ရှုရှန်းလျန်ဟု အထင်မှားနေခြင်းဖြစ်ပေမည်။ အဘိုးရှု၏သမီးသည် မြို့တော်ထဲမှထွက်သွားစဥ်က အသက် ၂၂-၂၃ နှစ်ခန့်သာရှိသဖြင့် သူမ၏ယခုပုံစံနှင့် အလွန်ရုပ်ဆင်လှပေသည်။

အဘိုးရှုသည်လည်း သူမကိုစတွေ့စဥ်က အချိန်ကြာမြင့်စွာ ငေးတိငေးကြောင်ဖြစ်သွားခဲ့သည်။ အသက်ကွာခြားချက်ကြောင့်သာမဟုတ်လျှင် သူ၏သမီးမဟုတ်ပါက မြေးမလေးတစ်ဦးဟုပင် ထင်ခဲ့ပေမည်။

“ဘာဖြစ်လို့လဲ? သူ့ကိုသိတာလား?”

ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်းကြည့်နေသောနေရာသို့ ကြည့်ကာမေးလိုက်၏။ ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။

“ဟင့်အင်း မသိပါဘူး။ ဒီတိုင်းသိချင်လို့ ကြည့်လိုက်တာ”

“ဒီအမျိုးသမီးက ဘာထူးခြားလို့ သူ့အကြောင်းသိချင်ရတာလဲ? နင်သိချင်ရင်တောင် ဆိုင်ထဲကအမျိုးသမီးအကြောင်း သိချင်နေရမှာ။ ငါ့အမေသူငယ်ချင်းက အဆက်အသွယ်တွေအများကြီးရှိပြီး အလှပြင်ဆိုင်တချို့ပိုင်တယ်လေ။ အဲဒါကအရေးကြီးဆုံးတော့မဟုတ်ဘူးပေါ့၊ ဒီအမျိုးသမီးက ငယ်ငယ်တုန်းက နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ရုတ်တရတ်ကြီး သရုပ်ဆောင်တာရပ်ပြီး နိုင်ငံခြားထွက်သွားခဲ့တယ်လေ။ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကမှ ပြန်ရောက်လာတာ၊ သူကအရမ်းလှတယ်!”

ဟော်ထျန်းရှန်းပြုံးလိုက်၏။

“ရှန်တုန်းအကြောင်းပြောနေတာလား?”

ယန်ရှင်းယွဲ့မေးလိုက်၏။

“အင်း! သူပဲ။ သွားရအောင် နင်တို့ကိုငါမိတ်ဆက်ပေးမယ် သူကအရမ်းဖော်ရွေတာ”

ဟော်ထျန်းရှန်းအား တွဲကူပေးထားသော ဒရိုင်ဘာကြောင့်သာမဟုတ်ခဲ့လျှင် သူမသည် ပျံထွက်သွားလောက်နေပြီဖြစ်သည်။

ကျင်းယွင်ကျောင်းလည်းပြုံးကာ လိုက်ဝင်သွားတော့သည်။ ဤအချိန်တွင် အနောက်သို့လှည့်သွားသောအမျိုးသမီးမှာ ကျင်းယွင်ကျောင်း၏ကျောပြင်ကိုကြည့်ပြီး မျက်နှာတစ်ခွင်သွေးဆုပ်နေ၏။

“မဒမ်၊ ဘာဖြစ်လို့လဲ?”

သူမဒရိုင်ဘာဖြစ်သူမှ သုတ်သီးသုတ်ပြာမေးလိုက်သည်။

“ဟင့်အင်း ဘာမှမဖြစ်ပါဘူး”

ထိုအမျိုးသမီးသည် အသက်အနည်းငယ်ခန့်ရှူသွင်းရှူထုတ်ပြီး ကားတံခါးကို အလျင်အမြန်ဖွင့်လိုက်သည်။

“အထဲမဝင်တော့ဘူး အိမ်ပြန်ကြမယ်”

“မဒမ် နေလို့မကောင်းဘူးလား? ခုနလေးတင် မိန်းကလေးရှန်ရဲ့ လုပ်ငန်းအသစ်ကို အားပေးမယ်ဆိုပြီး ပြောပြီးတော့...”

“ပါးစပ်ပိတ်ထား‌စမ်း! ချက်ချင်းပြန်မယ်!”

ထိုအမျိုးသမီးသည် အံကြိတ်ကာ လှမ်းဟောက်လိုက်သည်။

ထိုမျက်နှာသည် ရှုရှန်းလျန်နှင့် ၅၀-၆၀ ရာခိုင်နှုန်းထိ တူလေသည်။ မျက်နှာကောက်ကြောင်း၊ မျက်လုံးများ၊ နှုတ်ခမ်းများ....ကွာခြားချက်ဟူ၍ ရှုရှန်းလျန်မှာ ပြုံးရသည်ကိုနှစ်သက်ပြီး မျက်နှာပေါ်တွင် ပါးချိုင့်ခွက်ခွက်များရှိသည်။ ဤမိန်းကလေးမှာမူ အေးစက်သောမျက်နှာထားဖြင့် စစ်သည်တော်တစ်ဦး၏အငွေ့အသက်များရှိလေသည်။

ထိုမိန်းကလေးသည် ရှုရှန်းလျန်မဟုတ်မှန်း သူမသိပေသည်။ မဟုတ်နိုင်ပါပေ!

...

ကျင်းယွင်ကျောင်းမှ အလှပြင်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူမအာရုံကြောများကို ဖြေလျှော့‌ပေးပြီး စိတ်ကိုအေးချမ်းစေသော သင်းပျံ့ပျံ့ရနံ့တစ်ခုကို ရလိုက်လေ၏။ ထိုအနံ့သည် အလွန်မပြင်းလှချေ။ ဤအလှပြင်ဆိုင်၏ပိုင်ရှင်မှာ မိမိဖောက်သည်များအတွက် အမှန်တကယ်ပင် တွေးပေးတတ်ပုံရ၏။

“အားရှန်း?”

သူတို့ဝင်ပြီး နှစ်မိနစ်မျှပင်မကြာသေးခင်တွင် အမျိုးသမီးတစ်ဦးသည် သူတို့ထံလမ်းလျှောက်လာတော့၏။ သူမသည် အံ့အားသင့်ဟန်ဖြင့် ဟော်ထျန်းရှန်းကိုကြည့်ကာ ပြောလိုက်သည်။

“အလုပ်များနေလို့ သမီးကိုမတွေ့ဖြစ်တာတောင်ကြာပြီ၊ သမီးကအရမ်းလှလာတာပဲ”

ဟော်ထျန်းရှန်းသည် တရင်းတနှီးဖြင့် ပြန်ပြောလိုက်၏။

“အဒေါ်တုန်းကတော့ သမီးကိုမြှောက်နေပြန်ပါပြီ၊ သမီးမျက်နှာက အသားမည်းသွားလွန်းလို့ မှတ်မိစရာတောင်မရှိတာကို ဘယ်လိုလုပ်လှသွားရမှာလဲ?”

“အမလေး ခြေထောက်ကဘာဖြစ်တာလဲ?”

ရှန်တုန်းသည် စိတ်ပူပန်စွာဖြင့် သူမခြေထောက်ကိုကြည့်လိုက်သည်။

ဟော်ထျန်းရှန်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်သည်။

“ဘာရယ်မဟုတ်ပါဘူး စစ်ရေးလေ့ကျင့်ရင်းနဲ့ ခြေခေါက်မိတာ။ ဒါနဲ့ အဒေါ်တုန်း၊ အဒေါ်တုန်းရဲ့နေရာက တကယ်ကောင်းကောင်းအလှဆင်ထားတာပဲ။ စတိုင်ကရိုးရှင်းပြီး ကျက်သရေရှိပေမယ့် သူ့ရဲ့ခမ်းနားမှုမပျောက်သွားဘူး ဒါကြောင့်မို့လည်း အရောင်းအဝယ်ကောင်းနေတာဖြစ်မယ်”

“စကားကိုလှအောင်ပြောတတ်လိုက်တာကွယ်!”

ရှန်တုန်းသည် ရယ်ရယ်မောမောဖြင့် ဟော်ထျန်းရှန်း၏နှာခေါင်းကို တို့လိုက်သည်။

ကျင်းယွင်ကျောင်းသည် ဤအန်တီတုန်းအား ခေါင်းအစခြေအဆုံးသေချာကြည့်မိ၏။ သူမသည် အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး အလွန်နုနယ်၍ ဂုဏ်အသရေရှိပုံပေါ်လေသည်။ သူမ၏အသားအရေကိုလည်း ကောင်းမွန်စွာထိန်းသိမ်းထားသည်။ သူမ၏စကားပြောပုံမှာ နှေးလည်းမနှေးသလို မြန်လည်းမမြန်ချေ။ သူမလေသံမှာလည်း နားဝင်ပီယံရှိလှ၏။ သူမသည် ခေတ်သစ်စတိုင် တရုတ်ရိုးရာအင်္ကျီကိုဝတ်ဆင်ထားကာ လက်ကောက်ဝတ်ပေါ်တွင် ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ဆင်မြန်းထားသည်။

ဟော်ထျန်းရှန်းသည် အမြဲတစေ ဟိတ်ဟန်ထုတ်ပြီး စကားပြောလျှင် ရှေ့မကြည့်နောက်မကြည့်ပြောတတ်သော်လည်း အဒေါ်တုန်း၏ရှေ့မှောက်တွင်မူ သူမသည် အမူအရာသေဝပ်နေ၏။

“သူတို့က...”

ရှန်တုန်းသည် ခေါင်းကိုလှည့်လိုက်ပြီး သူတို့သုံးဦးကိုကြည့်လိုက်၏။ နောက်ဆုံးတွင် သူမအကြည့်များသည် ကျင်းယွင်ကျောင်းအပေါ် သက်ရောက်သွားလေသည်။ သူမမျက်လုံးထဲတွင် အံ့သြရိပ်များ သန်းသွား၏။

“အားရှန်း၊ သမီးသူငယ်ချင်းပုံစံက တကယ်တော်ဝင်ဆန်တာပဲ”

Space and Rebirth 731

ကျင်းယွင်ကျောင်းသည် ယဥ်ကျေးပျူငှာစွာ ပြုံးလိုက်၏။ ဟော်ထျန်းရှန်းသည် ရှန်တုန်း၏လက်မောင်းကိုဖက်ကာ ပြောလိုက်သည်။

“အဒေါ်တုန်း သမီးမိတ်ဆက်ပေးမယ်၊ ဒါက ကျင်းယွင်ကျောင်းတဲ့။ သူ့ဘေးက ဘေဘီယောင်နဲ့ ယန်ရှင်းယွဲ့။ သူတို့အားလုံးက သမီးအခန်းဖော်တွေပေါ့။ အဒေါ်တုန်းက တကယ်အမြင်စူးရှတာပဲ။ သမီးလည်း ကျင်းယွင်ကျောင်းကို စစချင်းမြင်တုန်းက နန်းဆန်တဲ့အငွေ့အသက်တွေရှိတယ်လို့ ထင်မိတာ။ မသိရင် နာမည်ကြီးမိသားစုက သမီးတစ်ယောက်လိုပဲ”

ဤသည်မှာ သွယ်ဝိုက်သောနည်းလမ်းဖြင့် ကျင်းယွင်ကျောင်းသည် သာမန်မိသားစုမှလာခဲ့ကြောင်း ရှန်တုန်းကို ရှင်းပြလိုက်ခြင်းဖြစ်၏။ ကျင်းယွင်ကျောင်းသည် သူမစိတ်ကူးထားသလိုမဟုတ်ပေ။

ရှန်တုန်းမှာလည်း တုံးအသောသူမဟုတ်ရာ ဟော်ထျန်းရှန်း၏သတိပေးချက်ဖြင့် ကျင်းယွင်ကျောင်း၏မိဘများမှာ မည်သူမည်ဝါဖြစ်ကြောင်း သူမမေးမနေတော့ချေ။

“မင်္ဂလာပါ အန်တီတုန်း”

ကျင်းယွင်ကျောင်းနှင့် ကျန်နှစ်ဦးသည် သူမအား အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်ကြ၏။

ရှန်တုန်းသည် ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်သည်။

“မင်းတို့အားလုံးက အားရှန်းရဲ့သူငယ်ချင်းတွေဖြစ်နေမှတော့ ရှက်မနေပါနဲ့၊ မင်းတို့အခန်းဆီ ခေါ်သွားဖို့ တစ်ယောက်ယောက်ကိုပြောလိုက်မယ်”

ဤသည်မှာ အထူးလေးယောက်ခန်းဖြစ်သည်။ မကြာမီတွင် သူနာပြုတစ်ဦးသည် သူတို့အား ဝန်ဆောင်မှုပေးရန် ရောက်ရှိလာလေသည်။

သူတို့အားလုံးသည် အသားအရေကို ဖြူဝင်းစေမည့် အလှကုန်များကိုရွေးချယ်လိုက်ပြီး အိပ်ရာပေါ်တွင် အေးအေးချမ်းချမ်းအနားယူလိုက်ကြသည်။

“အမတသခင်မကြီး၊ ရှင်းရှင်းက ဒီအန်တီတုန်းကို သိနေပုံပဲ။ သူကအရင်တုန်းက မင်းသမီးလုပ်တာလား?”

ဘေဘီယောင်မှမေးလိုက်သည်။

“ငါတို့ကငယ်တော့ သူ့အကြောင်းသိပ်မသိပေမယ့် ငါတို့မိဘတွေခေတ်တုန်းကတော့ သူကိုမသိတဲ့လူရှားတယ်။ သူကနိုင်ငံကျော်မင်းသမီးလေ။ အန်တီတုန်း ငယ်ငယ်တုန်းက အရမ်းလှတာ။ သူက ဂန္တဝင်ကားတချို့မှာ သရုပ်‌ဆောင်ဖူးတယ် ဒါပေမယ့် သူ့ကလေးအတွက်ကြောင့် အန်တီတုန်းလည်း သရုပ်ဆောင်တာကနေ အငြိမ်းစားယူပြီး နိုင်ငံခြားထွက်သွားလိုက်တာ။ ငါကြားတာတော့ သူအနုပညာလောကထဲက အနားယူတုန်းက လူတွေအများကြီး ရူးမတတ်ဖြစ်သွားကြတာတဲ့!”

ဟော်ထျန်းရှန်းသည် မျက်စိကိုမှိတ်ပြီး ဇိမ်ယူရင်း ပြောလိုက်၏။

“ဒါဆို သူ့မိသားစုကအခုအရမ်းပျော်နေလောက်မှာပေါ့ ဟုတ်လား? အန်တီတုန်းလို အမျိုးသမီးမျိုးကို လက်ထပ်နိုင်တဲ့ယောက်ျားကတော့ တကယ်အားကျစရာကောင်းတာပဲ”

ကျင်းယွင်ကျောင်းသည် မနေနိုင်သဖြင့် မေးလိုက်၏။

ဟော်ထျန်းရှန်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“နင်မှန်းတာမှားသွားပြီ”

“အန်တီတုန်းကို ကိုယ်ဝန်ရ‌အောင်လုပ်ခဲ့တဲ့ယောက်ျားကို ဘယ်သူမှမသိဘူး။ ငါကသူ့သားကိုပဲမြင်ဖူးတယ်။ သူ့နာမည်က ရှန်ဟုန်တဲ့ ဒီနှစ်ထဲဆို...၂၁ နှစ်လောက်ရှိပြီ။ သူကတကယ်ချောတယ်။ အန်တီတုန်းဆို ငါ့ကိုသူ့ချွေးမလုပ်ခိုင်းပေမယ့် စိတ်မကောင်းစရာက ငါလည်းရှန်ဟုန်ကို နှစ်ခါသုံးခါပဲမြင်ဖူးတာ၊ သူ့ကိုနောက်ဆုံးတွေ့ခဲ့တာဆိုလို့ နှစ်နည်းနည်းကြာနေပြီ။ သူ့စရိုက်က ပြောင်းလဲသွားပြီလား အရင်အတိုင်းပဲလား မသိရတာမို့ သူ့ချွေးမလုပ်ပေးလို့မရဘူးလေ”

ဟော်ထျန်းရှန်းဆက်ပြောလိုက်၏။

ကျင်းယွင်ကျောင်းသည် အနည်းငယ်အံ့အားသင့်သွားသည်။ ရှန်တုန်း၏ပုံစံမှာ အလွန်ရှေးရိုးဆန်ပြီး ရိုးရာဓလေ့ကိုင်းရှိုင်းသော အမျိုးသမီးဖြစ်ဟန်ရလေသည်။ သူမဝတ်ထားသော တရုတ်ရိုးရာအင်္ကျီမှာ အလွန်ဝံ့ကြွားမနေဘဲ နူးညံ့သိမ်မွေ့လှ၏။ သူမလိုလူမျိုးက အဖေမပေါ်ဘဲ ကလေးတစ်ဦးမွေးခဲ့သည်ဆိုသည်မှာ စိတ်ကူးရန်ခက်ခဲပေ၏။

သို့ရာတွင် ဤသည်မှာ သူမနှင့်ဆိုင်သောကိစ္စမဟုတ်သဖြင့် သိချင်စိတ်ကို ရပ်တန့်လိုက်သည်။

ဤအချိန်တွင် ရှန်တုန်းမှာ အလှပြင်ဆိုင်အပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး ဘေးဘီဝဲယာကိုကြည့်နေသည်။ သူမရှာဖွေနေသောလူကို မတွေ့ရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် အစောင့်တစ်ယောက်ကို မေးလိုက်သည်။

“ငါ့အစ်မကိုတွေ့လိုက်သေးလား?”

“မဒမ်ရှုက ခုနလေးတင်ရောက်လာပေမယ့် တစ်ခုခုလုပ်စရာရှိတဲ့ပုံပေါက်တာမို့ ပြာပြာသလဲပြန်ထွက်သွားပါတယ်”

အစောင့်မှပြောလိုက်၏။

ရှန်တုန်းသည် အနည်းငယ်ပဟေဠိဖြစ်သွားလေသည်။ သူမအား အခြေအနေကိုမေးရန် ဖုန်းဆက်ခါနီးတွင် သူမဖုန်းသို့ မက်ဆေ့ချ်တစ်ခုဝင်လာသံကို ကြားလိုက်ရ၏။ သူမဖွင့်ကြည့်လိုက်သောအခါ ရိုးရှင်းသောစကားလုံးအချို့ကို တွေ့လိုက်ရလေသည်။

“ငါလုပ်စရာရှိသေးလို့ မနက်ဖြန်မှလာခဲ့မယ်”

သူမသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်သည်။ ထိုမှသာ သူမသည် စိတ်သက်သာရာရသွားပြီး အခြားဖောက်သည်များကို ဂရုစိုက်ပေးရန် အထဲသို့ ဝင်လိုက်တော့၏။

သို့ရာတွင် သူမအနောက်သို့လှည့်ပြီး အပေါ်သို့တက်ရန် လုပ်နေဆဲတွင် တံခါးသည် ရုတ်ချည်းဆိုသလို ပွင့်သွားပြီး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။ သူမလှည့်ကြည့်လိုက်သောအခါ အကောင်ကြီးကြီးယောက်ျားတစ်ဦးမှ ရှန်တုန်းအား ခုန်အုပ်ရန်ကြိုးစားနေလေသည်။

“ရှန်တုန်း! တုန်းတုန်း၊ ငါမင်းကိုစောင့်နေတာ အနှစ်နှစ်ဆယ်ရှိပြီ၊ မင်းကအခုချိန်ထိလှနေတုန်းပဲ!”

ထိုယောက်ျားကြီးမှ ပြောလိုက်သည်။ သူသည် ပြောပြောဆိုဆိုဖြင့် ရှန်တုန်းအား ပွေ့ဖက်ရန် လက်လှမ်းနေလေပြီ။

လုံခြုံရေးအစောင့်သည် ဤအရာကိုတွေ့လိုက်သောအခါ လျင်မြန်စွာပင် ရှေ့ထွက်လာပြီး သူ့ကိုတားလိုက်၏။ သို့ရာတွင် ဤလူကြီးမှာ ရူးနေဟန်ရသည်။ သူသည် ရှန်တုန်းအား ဖမ်းဆုပ်ထားကာ လက်မလွှတ်ချေ။ သူ၏မျက်နှာကိုပင် ရှန်တုန်းမျက်နှာနားအပ်လိုက်၏။ အစောင့်များစွာ၏အင်အားဖြင့်ပင် သူ့အား မဆွဲခေါ်သွားနိုင်ချေ။ ဤထက်ပိုအရေးကြီးသည်မှာ ရှန်တုန်းသည် သူ၏လက်ထဲတွင်ရှိနေသဖြင့် အစောင့်များသည်လည်း မဆင်မခြင်မလုပ်ရဲကြပေ။

ပထမထပ်သည် ချက်ချင်းဆိုသလိုပင် အုတ်သောင်းအုတ်နင်းဖြစ်သွားတော့သည်။ အချို့အမျိုးသမီးများသည် လန့်ဖျပ်လွန်းသဖြင့် အော်ဟစ်လိုက်ကြလေသည်။

Space and Rebirth 732

ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို ထထိုင်လိုက်၏။ တစ်ခန်းလုံးအသံလုံနေသဖြင့် မည်သူမျှမကြားလိုက်ရချေ။ သူတို့သည် ဇဝေဇဝါဖြစ်နေဆဲဖြစ်သည်။

“အိပ်မက်ဆိုးမက်လို့လား?”

ဟော်ထျန်းရှန်း ပြုံးပြလိုက်သည်။

ကျင်းယွင်ကျောင်းသည် သူမမျက်နှာပေါ်မှ Mask ကိုခွာပြီး လက်သုတ်ကာ အခန်းထဲမှထွက်မည့်ဟန်ပြင်လိုက်သည်။

“အောက်ထပ်မှာ တစ်ခုခုဖြစ်နေတဲ့ပုံပဲ အရမ်းဆူညံနေတာ”

“ဆူလို့လား? ငါတော့ဘာမှမကြားပါဘူး”

ဘေဘီယောင် ဇဝေဇဝါဖြစ်နေ၏။

“ငါရောပဲ...”

ယန်ရှင်းယွဲ့လည်း ခေါင်းငြိမ့်လိုက်သည်။ ‌‌‌ဟော်ထျန်းရှန်းမှာမူ မျက်နှာပေါ်တွင် Mask တစ်ခုဖြင့် အိပ်ရာပေါ်မှ ထွက်နှင့်လေပြီ။

“ဘာအရေးလဲ? ငါဆင်းပြီးသွားကြည့်လိုက်မယ် အာ ဟုတ်သားပဲ နင်တို့နှစ်ယောက်သွားစရာမလိုဘူး သွားလည်း ဘာမှထူးမှာမဟုတ်ဘူးလေ”

ဤသည်မှာ အန်တီတုန်း၏နေရာဖြစ်သဖြင့် သူမဘက်မှလည်း မျက်နှာပန်းလှအောင်ကြိုးစားရပေမည်။ ကျင်းယွင်ကျောင်းမှ ကြားလိုက်သည်ကို လျစ်လျူရှုကာ ဘာမှမဖြစ်ချင်ဟန်ဆောင်၍မရပါချေ။ ထိုမျှမက ကျင်းယွင်ကျောင်းသည် လူထူးလူဆန်းဖြစ်သော်လည်း သူမစကားများသည် အခြားလူများဆွံ့အသွားလောက်သည်ထိ အမြဲတိကျမှန်ကန်လျက်ရှိသည်။ ဤတစ်ခေါက်တွင်လည်း ထိုနည်း၎င်းဖြစ်လိမ့်မည်။

ဟော်ထျန်းရှန်းထွက်သွားသည့်အချိန်တွင် ကျင်းယွင်ကျောင်းမှာ အောက်ထပ်သို့ အပြေးအလွှားဆင်းနှင့်လေပြီ။ သူမမြင်လိုက်ရသောမြင်ကွင်းမှာ ယောက်ျားကြီးတစ်ဦးမှ အန်တီတုန်းအား ထိထွေ့နမ်းရှိုက်နေသည်ကို ဖြစ်၏။ လွန်စွာရွံရှာဖွယ်ကောင်းလှ၏။ လက်ရှိတွင် သူ၏လက်မောင်းများမှာ အန်တီတုန်း၏လည်ပင်းကို သိုင်းဖက်နေသောကြောင့် အခြားလုံခြုံရေးအစောင့်များသည် မဆင်မခြင်မလုပ်ရဲဘဲ အဝေးမှသာကြည့်နိုင်တော့သည်။

“မလာကြနဲ့! ငါက ငါ့တုန်းတုန်းလေးနဲ့ စကားပြောရုံပဲ ငါနဲ့တုန်းတုန်းကို ခွဲကြရင် သူ့ကိုပါခေါ်ပြီး ငါတို့အတူသေပစ်လိုက်မယ်!”

ထိုလူထွားကြီးသည် အစောင့်များကို လက်ညှိုးထိုးကာ ခြိမ်းခြောက်လိုက်၏။

ရှန်တုန်းအလွန်ပင်မျက်နှာပျက်နေသည်။ သူမသည် ခေါင်းကိုခါယမ်းကာ ထိုလူထွားကြီး၏ အထိအတွေ့များကို ရှောင်တိမ်းရန် ကြိုးစားနေ၏။ သို့ရာတွင် သူမသည် စိတ်ပူပန်လှုပ်ရှားပြီး စိတ်မွန်းကြပ်နေသဖြင့် မျက်ရည်များကျနေတော့သည်။

ကျင်းယွင်ကျောင်းသည် နံရံပေါ်တွင် ချိတ်ဆွဲထားသော အမွှေးနံ့သာအိုးငယ်တစ်ခုကို ကြည့်ပြီး ယူလိုက်သည်။ ထို့နောက် သူမသည် ၎င်းကို ထိုလူထွားကြီးခေါင်းနောက်သို့ တစ်ခါတည်းရိုက်ခွဲချလိုက်တော့၏။

“ခွမ်း” ဟူသောအသံဖြင့် ထိုယောက်ျားကြီး၏မျက်လုံးများဆန်တက်သွားပြီး ပွဲချင်းပြီးမေ့လဲသွားတော့သည်။ သို့ရာတွင် ထိုလူကြီး၏ဆုပ်ကိုင်ထားမှုကြောင့် ရှန်တုန်းပါ မြေပြင်ပေါ်သို့ တစ်ပါတည်းလဲကျလုနီးနီးဖြစ်တော့၏။ ဤအရေးပါသောအခိုက်အတန့်တွင် ကျင်းယွင်ကျောင်းသည် ရှေ့သို့ရဲဝင့်စွာလှမ်းပြီး ရှန်တုန်းအား ခါးမှသိုင်းဖက်၍ ထိုလူကြီး၏လက်မှ ဆွဲထုတ်လိုက်သည်။

“အဆင်ပြေရဲ့လား အန်တီ?”

ကျင်းယွင်ကျောင်းသည် လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်၏။

ရှန်တုန်းမှာ ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်။ သူမတစ်ကိုယ်လုံးတုန်ယင်နေပြီး သူမမျက်လုံးများနီမြန်းနေသည်။ နတ်ဆိုးတစ်ကောင်၏လက်မှ လွတ်သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် သူမသည် သက်မရှည်ကြီးကို ချလိုက်၏။

“ရ-ရပါတယ် ကျေးဇူးအရမ်းတင်ပါတယ်ကွယ်”

အစောပိုင်းက ကျင်းယွင်ကျောင်းကြောင့်သာမဟုတ်ခဲ့လျှင် သူမအနောက်သို့လှည့်ပြီး ဤလူကြီးအား ခံချနိုင်လျှင်ပင် သူမခံစားရမည့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခများမှာ မတန်လှချေ။ ဤလူသည် စိတ္တဇလူတစ်ဦးဖြစ်၏။ သူ၏လက်များသည် သူမပေါင်ကိုထိလုနီးပါးဖြစ်နေလေပြီ။ ဤအခြေအနေအား အနည်းငယ်ပို၍ကြန့်ကြာစေခဲ့လျှင် မည်သို့ဆက်ဖြစ်မည်ကို သူမတွေးပင်မတွေးရဲချေ!

“အဆင်ပြေတယ်ဆိုကောင်းတာပေါ့ ဒါနဲ့ အဲ့လူကဘယ်သူလဲ? အန်တီ့ရဲ့ ပရိသတ်ဟောင်းတစ်ယောက်လား?”

ကျင်းယွင်ကျောင်းသည် ရှန်တုန်း၏ခါးပေါ်မှလက်ကို လွှတ်ပြီး ထိုလူထွားကြီးအရှေ့သို့ လျှောက်သွားလိုက်သည်။ သူမမမေးခင်တွင် ထိုလူအား ခေတ္တမျှကြည့်ပြီး ကန်လိုက်သေး၏။

“ဟုတ်မှာပေါ့ အန်တီပြန်လာကတည်းက ဒီလိုဖြစ်တာပထမဆုံးမဟုတ်ဘူး”

ရှန်တုန်းမျက်လုံးများ မှိန်ကျသွားပြီး ခါးသက်စွာပြုံးလိုက်သည်။

သူမနာမည်ကြီးစဥ်က ၁၆-၁၇ နှစ်သမီးအရွယ်သာရှိသေးသည်။ ထိုစဥ်က အမှန်တကယ်ပင် သူမအတွက် ဂုဏ်အသရေအတိုးပွားခဲ့ဆုံးအချိန်ဖြစ်သည်။ သူမဘယ်သွားသွား လူများစွာ၏ဝန်းရံခြင်းကို ခံခဲ့ရသည်။ သို့ရာတွင် ထိုအရာများအားလုံး လျှပ်တစ်ပြတ်အတွင်းကွယ်ပျောက်ရန် ကံပါလာဟန်ရှိသည်။ သူမသည် အနုပညာလောကတွင် လေးနှစ်တာနေခဲ့၏။ အနုပညာလောကတွင် သူမအအောင်မြင်ဆုံးဖြစ်ခဲ့သည့် အသက် ၂၀ အရွယ်တွင် သူမကိုယ်ဝန်ရခဲ့သည်။

ထိုကလေးအား ဖျက်ချ၍ရသော်လည်း ထိုအချိန်က ‌ဆေးနည်းလမ်းမစုံသေးချေ။ သူမသည် ဆေးရုံကြီးတစ်ခုသို့ သွား၍လည်းမဖြစ်ပေ။ ထိုတင်မက ကလေးမှာလည်း အပြစ်မရှိသောကြောင့် ထိုကလေးအား မွေးရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။

ကံကောင်းစွာဖြင့် သူမသည် ထိုရွေးချယ်မှုအား နောင်တမရခဲ့ပေ။

သို့ရာတွင် ၂၂ နှစ်ကြာသည့်တိုင် သူမအားမှတ်မိနေသောသူရှိနေသေးပြီး ဤကဲ့သို့နည်းလမ်းမျိုးဖြင့် သူမအား လာရှာမည်ဟု မထင်မှတ်ခဲ့ချေ။

“အရင်ကလည်းဖြစ်ဖူးသေးတာလား?”

ကျင်းယွင်ကျောင်းမှ အံ့အားသင့်မှုဖြင့် မေးလိုက်သည်။

“ဒီကိုပြန်ရောက်ရောက်ချင်းတုန်းက လမ်းပေါ်မှာ ပရိသတ်တစ်ယောက်က အန်တီ့ကိုတွေ့သွားတယ်လေ၊ သူရုတ်တရတ်ကြီး ကမူးရှူးထိုးလာပြီး အန်တီနဲ့အတူသေချင်တယ်လို့ လာပြောတယ်။ အဲဒါမှ အန်တီရုတ်တရတ်ကြီးမပျောက်သွားမှာတဲ့၊ ကံကောင်းလို့ အန်တီသူ့ကိုရှောင်လိုက်နိုင်တာ မဟုတ်ရင် ကားအက်ဆီးဒင့်ဖြစ်တော့မလို့”

All Chapters