အခန်း (၇၃၃-၇၃၆)
Vol. 37 Ch. 733-736
Space and Rebirth 733
ဤအရာများအားလုံးကိုပြောပြီးနောက် ရှန်တုန်းမျက်နှာအနည်းငယ်ပျက်သွားပြီး တိုးပျပျဖြင့် သက်ပြင်းချလိုက်သည်။ တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းမှာ အံ့အားသင့်ထိတ်လန့်လွန်းသဖြင့် စကားပင်မပြောနိုင်တော့ချေ။
အနုပညာရှင်တစ်ဦးကို နှစ်သက်သဘောကျလျှင်ပင် ဤအတိုင်းအတာအထိ ကြိုက်စရာလိုသလော? အတူသေရမည်? ၎င်းမှာ အဘယ်သို့ဖြစ်နိုင်မည်နည်း?
သူမသည် အနုပညာလောကနှင့်ပတ်သတ်၍ သိပ်မသိသော်လည်း အနုပညာရှင်များစွာသည် တစ်နှစ်မျှပျောက်သွားပြီးလျှင် ပရိသတ်များမှ သူတို့အားမေ့သွားတတ်ကြောင်း သူမသိထား၏။ ရှန်တုန်းသည် နှစ်နှစ်ဆယ်မျှ ပျောက်ကွယ်သွားခဲ့ပြီး လွန်ခဲ့သောသုံးနှစ်ကမှသာ ပြည်တွင်းသို့ ပြန်ရောက်လာခဲ့သူဖြစ်သည်!
ရှောင်ဟိုင်ချင်းသည် အနာဂတ်တွင် အနုပညာလောကထဲသို့ သေချာပေါက်ဝင်ပေမည်။ သူမကံသည် ရှန်တုန်းလောက် မဆိုးရန်ကိုသာ မျှော်လင့်ရတော့မည်။ ရှောင်ဟိုင်ချင်းသာ ဤကဲ့သို့ပရိသတ်မျိုးဖြင့် ကြုံဆုံရလျှင် ကျင်းယွင်ကျောင်းအမှန်တကယ်ဝမ်းနည်းမိပေမည်။
“အန်တီတုန်း၊ ဒီအောက်တန်းစားနဲ့ သူ့မိသားစုအကြောင်းစုံစမ်းဖို့ သမီးမေမေကိုပြောပေးရမလား? အနာဂတ်မှာ သူဒီလိုလုပ်ရဲဦးမလား ကြည့်ကြသေးတာပေါ့!”
ဟော်ထျန်းရှန်းသည်လည်း ထိတ်လန့်တုန်လှုပ်သောမျက်နှာဖြင့် အပြေးအလွှားရောက်လာ၏။
“ထားလိုက်ပါ၊ ဒီလူကို ရဲလက်ပဲအပ်လိုက်ကြတာပေါ့ သူ့မိသားစုတွေဘာတွေမေ့လိုက်တော့၊ အာ ဟုတ်သားပဲ သမီးအတန်းဖော်ကို ကျေးဇူးတင်ရမယ်၊ အဲဒီနံ့သာအိုးကို လုံးဝကွက်တိပစ်နိုင်ခဲ့တာပဲ မဟုတ်ရင် အန်တီတုန်းကတော့ တခြားသူတွေကိုပြစရာမျက်နှာရှိတော့မှာမဟုတ်ဘူး”
ရှန်တုန်းသက်ပြင်းချလိုက်သည်။
ဟော်ထျန်းရှန်းမှ ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်၏။
“သမီးတို့ညီမလေးကျင်းက သေနတ်ပစ်တဲ့နေရာမှာ ၁၀ မှတ်အကွက်ကိုတောင်ထိတဲ့ပညာရှင်လေ။ စစ်ရေးလေ့ကျင့်တုန်းက အချိန်တိုင်း သူပစ်မှတ်ကွက်တိထိအောင်ပစ်ခဲ့တယ်၊ လေ့ကျင့်ရေးပြီးတော့ နည်းပြကတောင် သူ့ကိုပြန်မလွှတ်ချင်ဘူး သူ့ကိုစစ်ထဲမှာပဲဆက်ထားဖို့ သမီးတို့ကို မျက်ရည်လည်ရွှဲတောင်းပန်ခဲ့တာ!”
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။ ဟော်ထျန်းရှန်းနျင့် ချီကျုံးတို့၏ ရန်ပွဲမှာ မပြီးသေးသည့်ပုံပေါက်သည်။
“တကယ်လား? မိုက်လိုက်တာကွယ်”
ရှန်တုန်းမျက်လုံးများ ဝင်းလက်သွားသည်။ သူမသည် အထူးတလည်ကျေးဇူးတင်သည့်မျက်လုံးများဖြင့် ကျင်းယွင်ကျောင်းအား ကြည့်လိုက်ပေသည်။ ဟော်ထျန်းရှန်းမှ သူမကိုကြည့်ကာ ပြောလိုက်သည်။
“အန်တီတုန်း၊ မဟုတ်မှလွဲရော အန်တီလည်း သူ့ကိုစွဲလမ်းသွားပြီလား? သမီးမြင်လိုက်တယ်နော် ခုနက ညီမလေးကျင်းက အန်တီ့ခါးကိုဖက်ထားတဲ့အချိန်မှာ အန်တီမျက်လုံးထဲကနေ အသည်းပုံတွေထွက်လာတော့မယ့်အတိုင်းပဲ၊ အကြံတစ်ခုပေးရမလား? ညီမလေးကျင်းက အရမ်းပလေးတတ်တာနော်၊ သူ့ဆွဲဆောင်မှုအောက်မှာ မိန်းကလေးပေါင်းများစွာ ကျရှုံးသွားခဲ့ပေမယ့် သူကတော့အဖတ်တောင်လုပ်တာမဟုတ်ဘူး!”
“ဖွီး-“
ရှန်တုန်းထရယ်လိုက်သည်။
“ဒီကလေးကတော့ ပေါက်ကရတွေပဲပြောတတ်တယ်”
ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။
သူသည် အပြစ်ကင်းသည့်ပုံပေါက်ပေသည်။ သူမအား မြှာပွေသူဟုခေါ်ခြင်းမှာ မတရားပါပေ။ သူမသည် လူများနှင့်ဖော်ဖော်ရွေရွေနေခြင်း၊ အထူးသဖြင့် မိမိဘက်မှစကားစပြောခြင်း၌ မကျွမ်းကျင်ကြောင်း လူတိုင်းသိလေသည်။ သူမအနီးတစ်ဝိုက်ရှိလူအများစုမှာ သူမတံခါးဝသို့ ရောက်ရှိလာသူများနှင့် သူမကိုယ်တိုင်က လိုလိုလားလားတာဝန်ယူလက်ခံထားသူများသာဖြစ်သည်။
သို့ရာတွင် ရှန်တုန်းသည် ဟော်ထျန်ရှန်း၏စကားများကို ကြားပြီးနောက် များစွာစိတ်အေးသွားတော့သည်။ များမကြာမီတွင် လုံခြုံရေးများသည် ထိုလူအား ရဲစခန်းသို့ ခေါ်သွားလိုက်ကြသည်။ ထိုအခါမှသာ အခန်းထဲရှိ ရုတ်ရုတ်သဲသဲသံများလည်း ငြိမ်ကျသွားတော့၏။
“အန်တီတုန်း၊ ဒီလိုလူမျိုးကို တွေ့ဖူးတာ တစ်ခါမကဘူးလို့ ပြောလိုက်တယ်နော်? မဟုတ်မှလွဲရော ဒါကတိုက်ဆိုင်မှုမဟုတ်ဘဲ တစ်ယောက်ယောက်က တမင်စီစဥ်ထားတာများလား?”
ကျင်းယွင်ကျောင်းခေတ္တမျှတွေးပြီး ရုတ်ချည်းဆိုသလို ထမေးလိုက်၏။
သူမထိုသို့ပြောလိုက်သောအခါ ရှန်တုန်းနှင့် သူမအနီးရှိလူများ ကြောင်အသွားတော့သည်။
“ကျင်းယွင်ကျောင်း၊ နင်ကစိတ်ကူးယဥ်တဲ့နေရာမှာ တကယ်တော်တာပဲ။ နင့်စိတ်ထဲမှာ လူတိုင်းက မကောင်းတဲ့အကြံအစည်တွေပဲရှိနေတယ်လို့ ထင်နေတာ၊ အခုတော့ အန်တီရှန်ကိုပါ ကြောက်အောင်လုပ်နေပြန်ပြီ မလွန်လွန်းဘူးလား?”
ရင်းနှီးနေသောအသံတစ်ခုက ရုတ်ချည်းဆိုသလို ဘေးမှထွက်လာ၏။
ကျင်းယွင်ကျောင်းလှည့်ကြည့်လိုက်သောအခါ ထိုအသံပိုင်ရှင်မှာ ကျိုးမေ့ကျွန်းဖြစ်ကြောင်း မြင်လိုက်ရ၏။
သူမနံဘေးတွင် နောက်အမျိုးသမီးတစ်ဦးရပ်နေသေးသည်။ သူမနှင့် ပုံပန်းသဏ္ဍာန်ဆင်တူလှသောကြောင့် သူတို့နှစ်ဦးသည် သားအမိများဖြစ်ပေမည်။ ထိုသို့ဆိုလျှင် ထိုအမျိုးသမီးမှာ ယန်ရှင်းယွဲ့၏အဒေါ်ဖြစ်၏။
ယန်ရှင်းယွဲ့အဒေါ်သည် တစ်ခုလပ်ဖြစ်ပြီး ကျိုးမေ့ကျွန်းမှာ ထိုအဒေါ်နှင့် သူမ၏ခင်ပွန်းဟောင်းတို့၏ကလေးဖြစ်သည်။ ထို့ကြောင့် ဤမိန်းကလေးနှစ်ဦးသည် သွေးတော်သားစပ်ခြင်းမရှိပေ။
“နေရာတိုင်းမှာ တကယ်နင့်မျက်နှာချည်းပဲ ဘယ်တော့မှထွက်မသွားတော့မယ့် သရဲမကြီးကျလို့”
ဟော်ထျန်းရှန်းမှ ခနဲ့သံဖြင့် ပြောလိုက်သည်။
“နင်ကျလာလို့ရပြီး ငါကျလာလို့မရဘူးလား? ငါတို့က အန်တီရှန်နဲ့ အဲ့လောက်ကြီးမရင်းနှီးဘူးဆိုပေမယ့် သူကငါတို့ကိုဖိတ်ထားမှတော့ အမေနဲ့ငါက ဒီနေရာမှာ အထူးဧည့်သည်တွေပဲ၊ နင်တို့စကားကိုမျှမျှတတမပြောတတ်ဘူးလား? ပြီးတော့ ခုနကကိစ္စကို အန်တီရှန်ကို ပစ်မှတ်ထားတာလို့ ပြောလို့ရပေမယ့် ငါတို့ဧည့်သည်တွေလည်း လန့်သွားရတာ။ ငါတို့ကဒီကိုလာတာ စိတ်အပန်းဖြေဖို့မဟုတ်ဘူးလား?”
Space and Rebirth 734
ကျိုးမေ့ကျွန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းမော့ရင်ကော့လိုက်သည်။ သူမမျက်လုံးများတွင် မာန်မာနပလွှားမှုဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးတွင် ကျင်းယွင်ကျောင်းနှင့် ယှဥ်တုနိုင်မည့်အရည်အချင်းတစ်ခုရှိသွားသည့်အတိုင်း ပြုမူနေလေ၏။
အန်တီတုန်းသည် ၎င်းကိုကြားလိုက်သည်နှင့် ဤကလေးသည် ကျင်းယွင်ကျောင်းတို့နှင့်မတည့်ကြောင်း သိသွားလေသည်။ ထို့ကြောင့် သူမချက်ချင်းပြောလိုက်သည်။
“ဒီနေ့ကိစ္စတွေအားလုံးက ကျွန်မအပြစ်တွေပါ၊ ကျွန်မကြောင့် လူတိုင်းလန့်သွားရပြီ..ဒီလိုလုပ်ကြမလား? ဒီနေ့အတွက် အားလုံးရဲ့စရိတ်တွေကို ကျွန်မအကုန်အလကားပေးပါ့မယ် အားလုံးက သူငယ်ချင်းဟောင်းတွေပဲဟာ ဒါကို သဘောမကျစရာအကြောင်းတော့မရှိပါဘူးနော်?”
ပထမထပ်တွင် လူများများစားစားမရှိသဖြင့် သူမသည် ဤငွေပမာဏမျှကို ကျခံနိုင်ပေသည်။ ထိုတင်မက ဤအလှပြင်ဆိုင်မှာ နေ့တိုင်း ငွေဒလဟောဝင်နေသောနေရာဖြစ်သည်။ သူမ ရှန်တုန်းသည် နှစ်ပေါင်းများစွာ နိုင်ငံခြားတွင် အားအားယားယားနေခဲ့သည်မဟုတ်ပေ။ သူမသည် ဤသူဌေးသူကြွယ်များလောက် မချမ်းသာသော်လည်း ဘဏ္ဍာငွေကြေးအနည်းငယ်ရှိနေသေး၏။
“အန်တီရှန်ကိုအပြစ်တင်နေတာမဟုတ်ပါဘူး ဒီတိုင်းကျင်းယွင်ကျောင်းစကားကို သဘောမတူတာပါ၊ တစ်ယောက်ယောက်က အန်တီရှန်ကို တမင်ပြသာနာရှာနေတာလို့တောင် ပြောသေးတယ် တကယ်ရယ်ရတာပဲ။ သူပြောတာမှန်တယ်ဆိုရင် အန်တီရှန်ကိုသိတဲ့သူတိုင်းက သံသယဝင်ချင်စရာမကောင်းသွားဘူးလား? အမေနဲ့ကျွန်မကတော့ သူများအပြစ်တွေကို ခေါင်းမခံနိုင်ပါဘူး”
ကျိုးမေ့ကျွန်းထပ်ပြောလိုက်ပြန်၏။
“ဟ! နင်ကမှ ကိုယ့်မျက်နှာကိုယ် အိုးမည်းသုတ်နေတာ၊ တခြားဘယ်သူမှ အဲ့လိုမထင်ဘူး”
ဟော်ထျန်းရှန်းမှ ချက်ချင်းဆိုသလို သရော်လိုက်၏။
သူတို့နှစ်ဦးအငြင်းပွားနေချိန်တွင် ဘေဘီယောင်နှင့် ယန်ရှင်းယွဲ့လည်း အောက်ဆင်းလာပြီဖြစ်သည်။ ယန်ရှင်းယွဲ့သည် ကျိုးမေ့ကျွန်းတို့သားအမိနှစ်ဦးကို တွေ့လိုက်သောအခါ သူမမျက်နှာသည် ချက်ချင်းဆိုသလို မှောင်ရိပ်သန်းသွား၏။ သူမသည် ထိုအမျိုးသမီးကို ကြည့်ကာ ခေါ်လိုက်သည်။
“အန်တီ”
ကျိုးမေ့ကျွန်းသည် သူမပထွေး၏ မျိုးရိုးနာမည်ကိုယူကာ ကျိုးမိသားစုထဲသို့ဝင်လာခဲ့၏။ ဥပဒေအရဆိုလျှင် ယန်ရှင်းယွဲ့နှင့် ကျိုးမေ့ကျွန်းမှာ ဝမ်းကွဲများဖြစ်ကြောင်း သံသယဝင်စရာမလိုပေ။
မဒမ်ကျိုး၏ခန္ဓာကိုယ်မှာ အနည်းငယ်ဝဖိုင့်ဖိုင့်ရှိသော်လည်း အဝလွန်နေခြင်းမဟုတ်ချေ။ သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အတန်ငယ်အံ့သြစရာကောင်းလှ၏။ သူမသည် အသက်ကြီးပြီဖြစ်သော်လည်း အလှဂုဏ်ကို ထိန်းထားနိုင်ဆဲဖြစ်သည်။
“ရှင်းယွဲ့၊ နင်ကဘာလို့ဒီကိုရောက်နေတာလဲ?”
မဒမ်ကျိုးမှပြောလိုက်သည်။
“အမေရယ် မေးစရာလိုသေးလို့လား? ရှင်းယွဲ့က ဘယ်ကလာမှန်းမသိတဲ့ ဒီမိန်းကလေးဟော်နဲ့ ချိတ်မိပြီး သူငယ်ချင်းအသစ်ရနေတာဖြစ်မှပေါ့ သူကသမီးနဲ့ပေါင်းရတာ မကြိုက်ဘူးလေ”
ကျိုးမေ့ကျွန်းသည် တမင်တကာ မျက်နှာကိုမဲ့ရွဲ့၍ ပြောလိုက်သည်။
ဟော်ထျန်းရှန်း မည်သည့်နေရာကလာမှန်း သူမတကယ်မသိပါချေ။ ဟော်ထျန်းရှန်းနှင့် တစ်ခါမှ မတွေ့ဖူးသောကြောင့်ဖြစ်သည်။ သို့ရာတွင် အပြင်ပန်းကြည့်ရသလောက်ဆိုလျှင် ဟော်ထျန်းရှန်း၏မိသားစုသည် ဝတ်နိုင်စားနိုင်ပုံရ၏။ ကျိုးမိသားစုနှင့် ယှဥ်နိုင်မယှဥ်နိုင်ကိုမူ သူမတပ်အပ်မသိပါချေ။
“အန်တီ၊ ဒါတွေက သမီးအခန်းဖော်တွေမို့ စကားကိုကြည့်ပြောဖို့ မေ့ကျွန်းကိုပြောပေးပါ”
ယန်ရှင်းယွဲ့ ပြောလိုက်သည်။
သူမထိုသို့ပြောလိုက်သည်နှင့် မဒမ်ကျိုး၏မျက်နှာ အေးစက်မာကြောသွားတော့၏။
“ရှင်းယွဲ့၊ ငါနင့်ကိုအပြစ်တင်တာတော့မဟုတ်ပေမယ့် နင့်ဦးလေးက နင့်အတွက်ပိုက်ဆံတွေသုံးထားတာ နင့်ကိုကျောင်းလွှတ်ဖို့နော်၊ ဗရုတ်သုတ်ခသူငယ်ချင်းတွေနဲ့ ပေါင်းဖို့မဟုတ်ဘူး။ တက္ကသိုလ်ကျောင်းစရိတ်ဆိုတာ တစ်နှစ်ကို ငွေအများကြီးပေးရတာ..နင့်အဖေကလည်း နင့်ကိုဂရုမစိုက်ဘူး၊ နင့်အမေကလည်းရှိတော့တာမဟုတ်ဘူး၊ နင့်ဦးလေးရဲ့ကျေးဇူးတွေက သေးတာမဟုတ်ဘူးနော်? အပျော်အပါးမက်ပြီး ဦးလေးကိုဆန့်ကျင်မနေနဲ့ ကြားလား?”
“ဟုတ်တယ်မလား? ဖေဖေ့ခမျာ သူ့အတွက်ငွေတွေအများကြီးသုံးပေးထားတာ အဲ့ငွေတွေသာဆုံးသွားရင် နှမြောစရာကောင်းမှာပဲ”
ကျိုးမေ့ကျွန်းလှောင်ရယ်ရယ်လိုက်၏။
ထိုအခိုက်အတန့်တွင် ကျိုးမေ့ကျွန်း၏မကျေနပ်ချက်များအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ ဤသည်မှာ စစ်ရေးလေ့ကျင့်ရေးအခြေစိုက်စခန်းမဟုတ်တော့သဖြင့် စကားနားထောင်စရာ၊ ကြောက်စရာနည်းပြလည်းမရှိပေ။
ထိုနည်းပြသည် ကျင်းယွင်ကျောင်းကဲ့သို့လူမျိုးများကိုသာ ကာကွယ်ပေးတတ်ပြီး သူမအား ဒုက္ခတစ်ခုပြီးတစ်ခုခံစားစေခဲ့၏။ သို့ရာတွင် ယခုထိုသို့မဟုတ်တော့ပေ။ အပြင်လောကတွင် ယန်ရှင်းယွဲ့မှာ သူများခေါင်မိုးအောက်တွင် ကပ်နေရသော သနားစရာကောင်မလေးတစ်ဦးသာဖြစ်ပြီး သူမဂရုစိုက်စရာမလိုချေ။ ကျင်းယွင်ကျောင်းမှာလည်း နယ်မှတက်လာသော တောသူမလေးတစ်ဦးသာဖြစ်၏။ သူမနှင့်အဘယ်သို့ ယှဥ်နိုင်မည်နည်း? ယှဥ်စရာပါ ရှိသလော?
“ဟုတ်တယ် ရှင်းယွဲ့ကိုကူညီနေတာက အနည်းဆုံးတော့ သူ့ဦးလေးအရင်းလေ၊ သွေးတော်သားစပ်တဲ့လူပေါ့၊ သူလိုလူမျိုးကတောင် ကျေးဇူးကြွေးဆပ်ဖို့ အသိတရားရှိတယ်ဆိုရင် မိန်းကလေးကျိုးက ဒါကိုပိုပြီးနားလည်သင့်တယ်မထင်ဘူးလား? “အဖေ” လို့သာခေါ်နေပေမယ့် လက်တွေ့မှာ နှလုံးသားမဲ့ပြီး အဖေစိတ်ပျက်ရမယ့်ကိစ္စတွေလုပ်နေတာလေ”
ကျင်းယွင်ကျောင်းမှ ရုတ်တရတ်ဆန်စွာ ထပြောလိုက်၏။
Space and Rebirth 735
စစ်ရေးလေ့ကျင့်စဉ်က ကျင်းယွင်ကျောင်းသည် ကျိုးမေ့ကျွန်း၏ ဖခင်အရင်းမှာ သူမအား နှိပ်စက်လေ့ရှိသော အရက်သမားတစ်ဦးဖြစ်ကြောင်း ယန်ရှင်းယွဲ့ထံမှ ကြားခဲ့ဖူး၏။
ကျိုးမေ့ကျွန်းငယ်စဉ်က သူမဖခင်အရင်းကြောင့် များစွာဒုက္ခခံစားခဲ့ရသည်။ သူမမိခင် နောက်အိမ်ထောင်ပြုပြီးနောက် သူမသည် ထိုလူနှင့်ကျန်ရစ်ခဲ့သော်လည်း သူမသည် ၎င်းကိုငြင်းဆန်ပြီး ကျိုးမိသားစုအိမ်သို့ ပြေးလာကာ သူမအားလက်ခံရန် တောင်းပန်လိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း။ သူမကိုမြင်လိုက်သောအခါ မစ္စတာကျိုး သနားသွားခဲ့သည်။
ထိုအချိန်က သူမသည် ၁၂-၁၃ နှစ်သမီးအရွယ်ရှိနေပြီဖြစ်သည်။
ယန်ရှင်းယွဲ့သည် ကျိုးမိသားစုအိမ်တွင် ကြီးပြင်းလာခဲ့၏။ သွေးစပ်ရလျှင် သူမသည် ကျိူးမေ့ကျွန်းထက်ပင် သွေးချင်းနီးသေးသည်။
သို့ရာတွင် မည်မျှပင်သွေးတော်သားစပ်စေကာမူ ဇနီးသည်ဖြစ်သူ မဒမ်ကျိုး၏ ညုတုတုသံများကို မယှဉ်နိုင်ချေ။ မစ္စတာကျိုးသည် အလွန်စိတ်ပျော့သောသူဖြစ်သည်။ ထို့ကြောင့် အချိန်တစ်ခုကြာသောအခါ မစ္စတာကျိုးသည် ကျိုးမေ့ကျွန်းနှင့် ယန်ရှင်းယွဲ့အား အတူတူဆက်ဆံတော့သည်။ တစ်ခါတစ်ရံတွင် ယန်ရှင်းယွဲ့သည် မိန်းကလေးမပီသဘဲ ကျိုးမေ့ကျွန်းလောက်ပင် မတွေးပေးတတ်သူဟု သူခံစားလာရတော့၏။
ယန်ရှင်းယွဲ့ထံမှ ထိုစကားကိုကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်း၏အတိတ်ကို စဉ်းစားမိသွား၏။ မိမိဦးလေးအရင်းမပြောနှင့်၊ မိမိအဖေအရင်းမှ ထိုသို့ဆက်ဆံနေသည်မှာ မည်မျှနာကျင်ခံစားဖွယ်ကောင်းမည်နည်း?
ကျင်းယွင်ကျောင်းစကားပြောပြီးသောအခါ ကျိုးမေ့ကျွန်းမှ သူမအား စိန်းစိန်းဝါးဝါးကြည့်၍ ပြောလိုက်သည်။
“ကျင်းယွင်ကျောင်း၊ နင်စကားတတ်တာသိပေမယ့် ဒါကငါတို့ကျိုးမိသားစုကိစ္စပါ နင်နဲ့ဆိုင်တဲ့အရာမဟုတ်ဘူး! ကိုယ့်ဘာသာပဲဂရုစိုက်နေလိုက်!”
“နင်တို့ကျိုးမိသားစု? ဘာသွေးမှမစပ်တဲ့ မယားပါသမီးကများ ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်နေတာပဲ”
ကျင်းယွင်ကျောင်းမှ အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။
ယန်ရှင်းယွဲ့နှင့် သူ၏ဦးလေးကြားတွင် သံယောဇဉ်မရှိ၍မဟုတ်ပေ။ သူမအမြင်တွင် ကျိုးမေ့ကျွန်းသည် မစ္စတာကျိုးအားကိုးဖြင့် လေကျယ်နေခြင်းသာဖြစ်သည်။ သူတို့နှစ်ဦးသည် သားအဖဆက်ဆံရေးသိပ်မရှိသော်လည်း ကျိုးမေ့ကျွန်းသည် သူ့အားအသုံးချနေသည်ဟု ကျင်းယွင်ကျောင်းခံစားနေရ၏။
ကျိုးမေ့ကျွန်းသည် အဆိပ်ပြင်းသောမြွေတစ်ကောင်ကဲ့သို့ ကျင်းယွင်ကျောင်းအား စူးရဲစွာစိုက်ကြည့်လိုက်၏။ စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူမထပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။
“နင်ဘယ်လောက်ပဲ စကားတတ်တတ်၊ ဘယ်လောက်ပဲ ဂုဏ်သိက္ခာရှိတဲ့ပုံပေါက်ပေါက် နင်ကတောသူမဆိုတဲ့အချက်ကတော့ မပြောင်းလဲသွားဘူး”
“ဒီကပစ္စည်းတွေကိုပဲကြည့်လိုက် ဟော်ထျန်းရှန်းကြောင့်သာမဟုတ်ရင် နင်ဒီပစ္စည်းတွေကို ဝယ်သုံးနိုင်မယ်တဲ့လား? အာ ဒါနဲ့ နင်ဒီကိုလည်း ဟော်ထျန်းရှန်းကားနဲ့ လာတာမှတ်လား? သူ့ကြောင့်သာမဟုတ်ရင် နင့်တစ်သက်မှာ ဒီလိုဇိမ်ခံကားမျိုးကို မြင်တောင်မြင်ဖူးမှာမဟုတ်ဘူး သခင်အားရကျွန်ပါးဝဆိုတာ နင်မှနင်အစစ်၊ ကိုယ့်ကိုယ်ကိုဘာထင်နေလဲမသိဘူး”
ကျိုးမေ့ကျွန်း ခနဲ့လိုက်သည်။
“တော်တော့!”
ရုတ်ချည်းဆိုသလို ရှန်တုန်းမှ အေးစက်စွာအော်ဟစ်လိုက်သည်။
“မိန်းကလေးကျိုး၊ ကျင်းယွင်ကျောင်းက ကျွန်မရဲ့အထူးဧည့်သည်ပါ စကားကိုကြည့်ပြောပေးတာကောင်းမယ်”
“အန်တီရှန်၊ ဒါကအထက်တန်းအလှပြင်ဆိုင်နော် လမ်းဘေးက ဆံပင်ညှပ်ဆိုင်တွေ၊ လူတိုင်းဝင်လို့ရတဲ့ အနှိပ်ခန်းတွေလိုမျိုး မဟုတ်ဘူး၊ သူကမိဘမရှိတဲ့ မိဘမဲ့တစ်ယောက်ဖြစ်တဲ့အပြင် သူများပေးစာကမ်းစာနဲ့ အသက်ရှင်နေရတာ။ သူ့ကိုယ်ပေါ်မှာ သန်းတွေရှိနေရင် ဘယ်လိုလုပ်မလဲ? ဒီလိုလူမျိုးက ဘယ်လိုလုပ်သမီးတို့နဲ့ အလှပြင်ဆိုင်တစ်ဆိုင်တည်းမှာ ရှိနိုင်မှာလဲ?!”
ကျိုးမေ့ကျွန်းမှ စကားကို တတွတ်တွတ်ဆက်ပြောလိုက်၏။
ကျင်းယွင်းကျောင်းမျက်လုံးများ မှောင်ရိပ်သန်းသွားသည်။
“အန်တီတုန်း၊ အန်တီ့ရဲ့အလှပြင်ဆိုင်ဘေးနားက အိမ်တွေက အခုထိ လူမရှိသေးပါလား? ဘာလို့လဲ?”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။
ရှန်တုန်းအံ့အားသင့်သွား၏။
“ဪ…သမီးလည်း တွေ့လိုက်တာလား? ဒီလိုပါ၊ လမ်းဟိုဘက်အခြမ်းမှာ ရှောပင်းစင်တာတစ်ခုရှိတယ်လေ နေရာလည်းကောင်းတယ်၊ ဒီကအိမ်ကိုဝယ်ပြီးတဲ့နောက်မှာ ဘေးအိမ်တွေသွားပြီး အန်တီ့ကိုသူတို့အိမ်ပြန်ရောင်းဖို့ စျေးလိုက်ညှိခဲ့တယ်လေ ငွေအင်အားရော လူအင်အားပါသုံးလိုက်ရတယ်၊ အနာဂတ်ကျရင် အလှပြင်ဆိုင်ကိုထပ်ချဲ့ပြီး အားကစားစင်တာတစ်ခုနဲ့ လက်ဖက်ရည်သောက်ပြီးစကားပြောလို့ရမယ့် နေရာတစ်ခုဖွင့်ဖို့ စဉ်းစားနေတာ…ဒါပေမယ့် အိမ်နှစ်အိမ်ကိုဝယ်ထားတာ မကြာသေးတော့ တိုးချဲ့ဖို့ကိစ္စကို ခဏစောင့်ရပါဦးမယ်”
သူမသည် အိမ်ငှါးစားရသည်ကို မကြိုက်ပေ။ ၎င်းမှာ ကရိကထများလှပြီး မထင်မှတ်ထားသောအရာများဖြစ်နိုင်၏။ ထိုငွေအား သူမလုပ်ငန်းထဲသို့သာ မြုပ်နှံလိုက်ပေမည်။ မှီခိုအားထားစရာ လုပ်ငန်းတစ်ခုရှိလျှင် အနာဂတ်တွင်လည်း ပိုမိုလွယ်ကူလိမ့်မည်။
အလှပြင်ဆိုင်အကျယ်အဝန်းမှာ မသေးလှချေ။ စတုရန်းမီတာပေါင်း ခြောက်ရာဝန်းကျင်ဖြစ်၏။ အလှဆင်ပစ္စည်းများမှာ အထက်တန်းကျပြီး စျေးဝယ်ကုန်တိုက်နှင့် တစ်လမ်းတည်းဖြစ်သည်။ ထိုတင်မက နံဘေးတွင် ဆိုဒ်တူရွယ်တူအိမ်တစ်လုံးကိုလည်း သူမဝယ်ထားသေး၏။ ကုန်ကျငွေမှာ မည်မျှများပြားကြောင်း ပြောစရာပင်မလိုချေ။
“အန်တီတုန်း၊ ရင်းနှီးမြုပ်နှံမှုတွေ လက်ခံလား? အလှပြင်ဆိုင်ရဲ့ စီမံခန့်ခွဲရေးကို သမီးဝင်မစွက်ဖက်ပါဘူး နှစ်တိုင်းလည်း ရှယ်ယာတချို့ခွဲပေးမယ်”
ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းထပြောလိုက်၏။
Space and Rebirth 736
ဤအလှပြင်ဆိုင်မှာ အထက်တန်းဆန်လှပြီး အလှဆင်ပစ္စည်းများမှာ ပို၍ပင်တန်ဖိုးကြီးသေးသည်။ ဆိုင်တွင်း၌ အသုံးပြုသော အလှကုန်ပစ္စည်းများနှင့် အသုံးအဆောင်များအားလုံးမှာ ရွှေထက်စျေးကြီး၏။ ယွမ်ရာထောင်ချီပင်မက သန်းချီပေး၍ပင် မဝယ်နိုင်သောပစ္စည်းများဖြစ်သည်။ သာမန်အလှပြင်ဆိုင်တစ်ခုဆိုလျှင် ရှန်တုန်းသည် ဘေးအိမ်သို့ပါ ချဲ့ထွင်နိုင်ပေမည်။
အလှပြင်ဆိုင်တစ်ခုလုံးအား ငွေအနံ့အသက်များဖြင့် ဖုံးလွှမ်းနေ၏။
ရှန်တုန်း၏အလှပြင်ဆိုင်မှာ အခြားဆိုင်များနှင့် အလွန်ကွာခြားပေသည်။ ရင်းနှီးမြုပ်နှံမှုငွေသည် အံ့သြစရာကောင်းလောက်အောင် မြင့်မားသလောက် ဝင်ငွေမှာလည်း ပမာဏအတော်အတန်ရှိ၏။ ဤနေရာရှိ အချို့အမျိုးသမီးများမှာ ဆက်ရှင်တစ်ခုလျှင် ယွမ်ရာချီသာလုပ်လေ့ရှိသော်လည်း ယွမ်ထောင်ချီ၊ ယွမ်သောင်းချီစာ ဆက်ရှင်များကို ယူသူများလည်းရှိသည်။ အချို့ဆိုလျှင် ခေါင်းမှခြေအဆုံးထိ ရှိသမျှ ချွေးပေါက်များအား ကိုင်တွယ်ခိုင်းသေး၏။
ကျင်းယွင်ကျောင်းမှ ရင်းနှီးမြုပ်နှံချင်သည်ဟု ပြောလိုက်သောအခါ ရှန်တုန်းကြက်သေသေသွားသည်။
သူမသည် အမှန်တကယ်ပင် ငွေလိုအပ်နေ၏။ ဤနှစ်အိမ်ကို သူမဝယ်စဥ်က ငွေအမြောက်အများသုံးစွဲခဲ့ပြီး ဘဏ်၌ပင် အကြွေးအချို့တင်နေသေးသည်။ ဘေးအိမ်ကို ဝယ်ရသည်မှာ မလွယ်ကူခဲ့ချေ။ သို့ရာတွင် အခြားသူများမှ ထိုအိမ်အား လုဝယ်သွားသည်ထက်စာလျှင် ကောင်းပေသေးသည်။ လက်တလောအတွင်း သူမမသုံးနိုင်သေးသော်လည်း အနာဂတ်တွင် အခြားသူများအား ငှားစားလျှင်လည်း ကောင်းပေ၏။
သို့ရာတွင် ကျင်းယွင်ကျောင်းမှ ရင်းနှီးမြုပ်နှံချင်ကြောင်းပြောမည်ဟု သူမမထင်မှတ်ထားခဲ့ချေ။
ဤစကားသာ အမှန်ဖြစ်ပါက သူမအတိုင်းထက်အလွန်ပျော်မည်ဖြစ်သော်ငြား....
“ကျင်းယွင်ကျောင်း၊ နင့်ကိုတောသူမလို့ပြောလို့ ငါ့ကိုပြန်အရှက်ခွဲချင်တယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် နင့်နည်းလမ်းကမှားနေပြီ နင်ရင်းနှီးမြုပ်နှံချင်တယ်လို့ပြောရင် ဘယ်သူကယုံမယ်ထင်လဲ? လူဆိုတဲ့အမျိုးက ကိုယ့်ဂုဏ်သိက္ခာထိပါးတာကို ဂရုစိုက်ကြတဲ့သူတွေချည်းပဲဆိုပေမယ့် နင့်သိက္ခာအဖတ်ဆယ်ချင်တာနဲ့ပဲ ဒီလိုမျိုးတွေပြောထွက်တာ ငါတကယ်အံ့သြတယ်!”
ကျိုးမေ့ကျွန်းရယ်လိုက်၏။ သူမစိတ်ထဲတွင် ကျင်းယွင်ကျောင်းအား ရွံရှာနေမိသည်။
အမှန်တကယ်ပင် ရင်းနှီးမြုပ်နှံချင်သည်ဟု သူမပြောလိုက်သလော? ကုန်ကျမည့်ပမာဏကိုပင် ကျင်းယွင်ကျောင်းတွက်ချက်တတ်မည်မထင်ချေ။
“အန်တီတုန်း?”
ကျင်းယွင်ကျောင်းသည် ကျိုးမေ့ကျွန်းအား လျစ်လျူရှုကာ ရှန်တုန်းကိုသာ စူးစိုက်ကြည့်လိုက်၏။
ကျင်းယွင်ကျောင်းစရောက်စဥ်က ဘေးအိမ်ကိုသတိထားမိခဲ့သည်။ သူမဆိုင်ထဲသို့ဝင်လာစဥ်ကလည်း စားပွဲထိုးမလေးတစ်ဦးမှ အသံတိုးတိုးဖြင့် ပြောနေသည်ကို ကြားခဲ့ရ၏။ မဟုတ်လျှင် သူမလည်း ဤကဲ့သို့ ဒရောသောပါ ပြောဆိုခဲ့မည်မဟုတ်ပေ။
ရှန်တုန်း၏ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာကို ကျင်းယွင်ကျောင်းစိတ်မပူချေ။ အဘယ်ကြောင့်ဆိုသော် ဟော်ထျန်းရှန်း၏တုံ့ပြန်ပြောဆိုပုံအရ သူမအတည်ပြုနိုင်သောကြောင့်ဖြစ်၏။
ဟော်ထျန်းရှန်းသည် အမြဲတမ်းလိုလို မာန်မာနပလွှားသော်လည်း သူမ၏အမြင်အာရုံသည် စူးရှကောင်းမွန်လှသည်။ ရှန်တုန်း၏ စာရိတ္တတရားနှင့်ပတ်သတ်၍ ပြသာနာတစ်စုံတစ်ရာရှိခဲ့လျှင် ဟော်ထျန်းရှန်းကဲ့သို့ ထက်မြက်သူတစ်ဦးက သတိမထားမိစရာအကြောင်းမရှိချေ။ ထိုမျှမက ရှန်တုန်း၏ကိုယ်ကျင့်တရားသည် အရမ်းကြီးမကောင်းလျှင်ပင် ပြသာနာမရှိပေ။ ရင်းနှီးမြုပ်နှံမှုဖြစ်သည့်အလျောက် စာချုပ်မပါ၍မဖြစ်သောကြောင့်ဖြစ်၏။ ဤသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ဘဲ မိမိတို့အကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။
“ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင်....အန်တီက သေချာပေါက်စဥ်းစားပေးမှာပေါ့”
ရှန်တုန်းအနည်းငယ်ဇဝေဇဝါဖြစ်ကာ မိမိခေါင်းကိုပြန်ပွတ်လိုက်၏။ အသက်ကြီးနေသောသူမက ဤမိန်းကလေးငယ်၏အတွေးများကို မလိုက်နိုင်သကဲ့သို့ ခံစားလိုက်ရ၏။
“ကောင်းတာပေါ့”
ကျင်းယွင်ကျောင်းနှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်သည်။ သူမသည် ထိုစကားကိုပြောပြီးနောက် အိတ်ထဲမှ ချက်လက်မှတ်စာအုပ်ကိုထုတ်ကာ စတင်ရေးသားတော့သည်။ ရေးပြီးနောက် ရှန်တုန်းလက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
“ယွမ် ၁၀ သန်း၊ မလောက်ဘူးဆိုရင် ထပ်ထည့်ပေးလို့ရတယ်၊ အနာဂတ်မှာ သမီးကိုဂရုစိုက်ပေးဖို့ အန်တီတုန်းကိုပဲ အကူအညီတောင်းရတော့မယ်။ ဒီနေ့ကစပြီး ဒီသားအမိနှစ်ယောက်ကိုလည်း အိမ်ထဲဝင်ခွင့်ပိတ်ပေးပါ အဆင်ပြေရဲ့လား?”
ဤချက်လက်မှတ်သည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏လက်မှတ်ဖြစ်သည်။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ တံဆိပ်နှင့် ပိုင်ယွီအန်း၏တံဆိပ်တုံးပါ ထုထားသဖြင့် ပြသာနာမရှိချေ။ သူမသည် ဤချက်လက်မှတ်အား လူများစွာရှေ့တွင် ရှန်တုန်းကိုပေးခဲ့သဖြင့် သူမစကားမတည်ဘဲနေမည်ကို ရှန်တုန်းစိတ်ပူစရာမလိုပေ။
ကျင်းယွင်ကျောင်းသည် လျင်မြန်စွာလှုပ်ရှားလိုက်ပြီးနောက် ကျိုးမေ့ကျွန်းအား ဝေ့ကြည့်လိုက်သည်။
“မိန်းကလေးကျိုး၊ ‘တောသူမ’ ဆိုတဲ့ စကားက ကိုယ်လာတဲ့ဒေသနဲ့မဆိုင်ဘူး....ဦးနှောက်နဲ့ပဲဆိုင်တယ်”
“မိန်းကလေးကျိုးရဲ့ဦးနှောက်က အရေးမပါတာတွေနဲ့ပဲပြည့်နေတာပဲ၊ သူဌေးသမီးအနေနဲ့မွေးလာရင်တောင် ဒီအဆင့်နဲ့ဆိုရင် အောက်တန်းစားဆန်လွန်းလို့ ရွံစရာကောင်းတယ်ပြောရမယ်”
သူမဆက်ပြောလိုက်၏။
“ဘာလဲ? ဒီလက်မှတ်က အတုလားအစစ်လားဆိုတာ စစ်ချင်သေးလို့လား? ဒီနားမှာ ဘဏ်လည်းရှိတော့ သွားစစ်ချင်စစ်လေ ရတယ်”
သူမသည် ပြန်လည်မွေးဖွားလာစဥ်က ငွေကြေးချို့တဲ့ခဲ့သော်လည်း ယခုတွင် သူမသည် ချမ်းသာကုံလုံနေချေပြီ။