← Chapters

အခန်း (၇၃၇-၇၄၀)

Vol. 37 Ch. 737-740

အခန်း (၇၃၇-၇၄၀)

Vol. 37 Ch. 737-740

Space and Rebirth 737

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ကျိုးဟိုင်ယန်းနှင့်တိုက်ပွဲ၌ အခြေအနေများကို ပြောင်းပြန်လှန်ကာ အနိုင်ရရှိပြီးနောက် ဤနှစ်အတွင်း ရောင်းအားသည် ဆယ်ဘီလီယံကျော်ခဲ့၏။ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်၏ ရောင်းအားမှာ အနည်းငယ်ပိုနည်းနေခဲ့သော်လည်း ယခုမူ လက်ဖက်ခြောက်များမှာ အလွန်ရောင်းကောင်းနေပြီး ဝင်ငွေမှာလည်း မနိမ့်ပါးလှချေ။ ထိုတင်မက ယွီထျန်းရှန်းနှင့် ဆေးဝါးအသင်းမှ ဆေးဖက်ဝင်အပင်လုပ်ငန်းလည်းရှိသေးသည်။ ၎င်းတို့အပြင် ဟွားနင်ခရိုင်၌ သူမနှစ်နှစ်တာနေစဥ်တွင် အဘိုးရှုမိတ်ဆက်ပေးခဲ့သော လူနာများကြောင့် သူမသည် ကိုယ်ပိုင်ဝင်ငွေများစွာရရှိခဲ့၏။

ငွေကြေးအရာ၌ တစ်ပန်းနိမ့်မည်ကို သူမစိုးရိမ်စရာမလိုချေ။

ကျင်းယွင်ကျောင်းစကားပြောပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ဟော်ထျန်းရှန်းနှင့် ဘေဘီယောင်တို့ပင် ကြက်သေသေသွားပြီး တုံ့ပြန်နိုင်စွမ်းမရှိတော့ချေ။

ကျိုးမေ့ကျွန်း၏မျက်လုံးများတွင် အလွန်တရာထိတ်လန့်အံ့အားသင့်မှုများဖြင့် လက်ခနဲဖြစ်သွားသော်လည်း သူမမယုံကြည်ချင်သေးပေ။ သူမဆက်ပြောလိုက်၏။

“ဘယ်ကလာမှန်းမသိတဲ့ချက်လက်မှတ်တစ်စောင်ကို ငါကယုံမယ်ထင်လား? ကျင်းယွင်ကျောင်း၊ ဘဏ်သွားပြီး စစ်ကြည့်လို့နင်ပြောတယ်နော်? ကောင်းပြီလေ! ဒါဆို သွားကြတာပေါ့ ချက်လက်မှတ်အတုရေးတာ တရားမဝင်ဘူးဆိုတာ နင့်ကိုပြောလိုက်ဦးမယ် နောက်ကျမှ နင့်ကိုသတိမပေးဘူးလို့မပြောနဲ့!”

သူမသည် ခေါင်းမာနေသော်လည်း စိတ်ထဲတွင် အနည်းငယ်မလုံမလဲဖြစ်နေသေးသည်။ ကျင်းယွင်ကျောင်းမှာ လိမ်နေသည့်ပုံမပေါက်ပေ။ သူမသည် အမှန်တကယ်ပင် ထိုငွေပမာဏကို ထုတ်နိုင်သည့်ဟန်ရှိ၏။

ငွေဆယ်သန်းဟူသည်မှာ အသေးစား သို့မဟုတ် အလတ်စားအလှပြင်ဆိုင်အချို့ကို ဖွင့်ရန်လုံလောက်ပေသည်။ မြေကွက်တိုင်း ရွှေတန်ဖိုးနီးပါးရှိသော မြို့တော်ထဲတွင်ပင် ဤငွေပမာဏသည် မသေးချေ!

ကျင်းယွင်ကျောင်းသည် နယ်မြို့လေးတစ်မြို့တွင်မွေးပြီး မိဘမဲ့တစ်ဦးဖြစ်သည်ဟု ထောင်ကဲ့မှ သူမအားသေချာပြောခဲ့သည်။ ဤသည်မှာ အမှန်တရားဆိုလျှင် ကျင်းယွင်ကျောင်းသည် ဤမျှလောက်ပမာဏများသောငွေကို အဘယ်သို့ထုတ်နိုင်မည်နည်း?

ကျိုးမိသားစုမှာလည်း မဆိုးလှချေ။ သူမ၏ပထွေးဖြစ်သူသည် သာမန်လူများနှင့်ယှဥ်လျှင် ချမ်းသာသည်ဟု ပြော၍ရသော်လည်း သူမပထွေးမှာ စားဝတ်နေရေးအတွက်သာ ပိုက်ဆံကိုသုံးသူဖြစ်၏။ ပုံမှန်အားဖြင့် သူသည် ပန်းချီကားများနှင့် ရှေးဟောင်းပစ္စည်းများအား စုဆောင်းရသည်ကိုသာနှစ်သက်ပြီး သူမအား မုန့်ဖိုးများများစားစားမပေးပေ။ သူမမိခင်တွင်ပင်လျှင် ငွေများစွာမရှိချေ။ သူမလိုလူမှ ငွေဆယ်သန်းအား အေးအေးဆေးဆေးထုတ်ရန်မှာ မဖြစ်နိုင်သောအရာဖြစ်၏။

ကျင်းယွင်ကျောင်းသည် တိုးတိုးသာသာဖြင့် ဟမ့်ခနဲအသံပြုလိုက်ပြီး ခိုင်မာစူးရှသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ရှန်တုန်းသည် ထိုအရာကိုမြင်လိုက်သောအခါ ကျင်းယွင်ကျောင်းသည် နောက်ပြောင်နေခြင်းမဟုတ်ကြောင်း သိသွားလေ၏။ သူမသည် ငိုရမည်လော ရယ်ရမည်လော မဝေခွဲတတ်တော့ချေ။ သို့သော် စဥ်းစားကြည့်လိုက်ပြီးနောက် သူမသည် ဤအခြင်းအရာကို စိတ်ထဲ၌လက်ခံလိုက်ပြီး စာချုပ်ကိုပြင်လိုက်တော့သည်။

သူမသည် ယခင်ကတည်းကပင် ရင်းနှီးမြုပ်နှံမည့်သူကို ရှာရန်စဥ်းစားထားခဲ့သဖြင့် စာချုပ်အား ပြင်ဆင်နှင့်ပြီးဖြစ်သည်။ ရှန်တုန်းသည် ကျင်းယွင်ကျောင်းနှင့် အခြားသူများအား စကားပြောရန် သီးသန့်အခန်းထဲသို့ တစ်ခါတည်းဖိတ်ခေါ်လိုက်တော့၏။

ကျင်းယွင်ကျောင်းသည် စာချုပ်အား သေချာစွာအကဲခတ်ဖတ်ရှုပြီးနောက် ပြသာနာဖြစ်စေနိုင်မည့်အချက်အချို့ကို ထောက်ပြပြင်ဆင်ညှိနှိုင်းပြီး ကျေနပ်ပျော်ရွှင်စွာ လက်မှတ်ထိုးလိုက်တော့သည်။

လူတိုင်းသည် ဤဖြစ်ရပ်အား အချိန်မှီတုံ့ပြန်နိုင်စွမ်းမရလိုက်ချေ။

ဤသည်မှာ ဟန်ဆောင်မှုတစ်ခုဆိုလျှင် အလွန်လက်တွေ့ဆန်လွန်းသည်ဟု ပြောရမည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းမှ စာချုပ်ကိုဂရုတစိုက်ဖတ်ရှုရာ၌ မျက်မှောင်ကြုတ်နေချိန်တွင်ဖြစ်၏။ သူမသည် ဘာကိုမှမသိသောမိန်းကလေးငယ်တစ်ဦးနှင့် လုံးဝမတူဘဲ ရဲစွမ်းသတ္တိရှိပြီး အောင်မြင်နေသောအမျိုးသမီးတစ်ဦးနှင့် တူလေသည်။ ပြသာနာများကိုလည် အမြင်အာရုံစူးရှစွာ ထောက်ပြခဲ့သောကြောင့် ရှန်တုန်းပင်လျှင် သူမနှင့်စကားပြောသောအခါ အလေးအနက်ပိုထားမိသွား၏။

ထင်ထားသည့်အတိုင်းပင် ကျိုးမေ့ကျွန်းနှင့် သူမမိခင်မှာ ၎င်းကိုမယုံကြည်ချေ။ ထိုချက်လက်မှတ်သည် အတုဖြစ်ကြောင်း သေချာနေသည့်ဟန်ဖြင့် လှောင်ပြောင်သရော်နေကြ၏။

စာချုပ်စာတမ်းများအား ဆွေးနွေးညှိနှိုင်းပြီးနောက် ကျိုးမေ့ကျွန်းနှင့် သူမမိခင်သည် ဂုဏ်မောက်နေသောဟန်ပန်အပြည့်ဖြင့် ရှန်တုန်းနှင့်အခြားသူများနောက်လိုက်ကာ အနီးအနားရှိဘဏ်တစ်ခုသို့ သွားလိုက်၏။

သူတို့သည် ဘဏ်ထဲသို့ ခြေလှမ်းလိုက်သည်နှင့် ရှန်တုန်းကိုယ်တိုင်ပင်လျှင် အနည်းငယ်ရင်တုန်သွားသည်။ ကျင်းယွင်ကျောင်းသည် ဤမျှလောက်ကြီးမားသောမုသားကို ပြောလောက်မည်မဟုတ်ဟု သူမခံစားမိသော်လည်း ကျိုးမေ့ကျွန်း၏လေးနက်သောမျက်နှာထားကြောင့် ကျင်းယွင်ကျောင်းစကားကို ယုံကြည်လိုက်လျောနေသော သူမကိုယ်သူမ မလုံမလဲဖြစ်မိတော့သည်။

“မင်္ဂလာပါ ဒီချက်လက်မှတ်နဲ့ပတ်သတ်ပြီး ဘာပြသာနာမှမရှိပါဘူးရှင့် အခုချက်ချင်းငွေထုတ်မလားရှင်?”

ကောင်တာရှိဝန်ထမ်းမှ ယဥ်ကျေးပျူငှာစွာ မေးလိုက်သည်။

ထိုအရာကို ကြားလိုက်သောအခါ ကျိုးမေ့ကျွန်း ကြက်သေသေသွား၏။ ဟော်ထျန်းရှန်းနှင့် အခြားသူများလည်း ထိုအခါမှသာ သက်မချနိုင်တော့သည်။

“မဖြစ်နိုင်တာ...ပြစမ်း ဒါဘယ်လိုအစစ်ဖြစ်နိုင်...”

ကျိုးမေ့ကျွန်းစကားပြောလက်စတန်းလန်းတွင် ဟော်ထျန်းရှန်းမှ သူမအား ဘေးသို့ဆွဲဖယ်လိုက်သည်ကို ခံစားလိုက်ရသည်။

“ကဲ ကိုယ့်အရှက်ကိုယ်ခွဲမနေနဲ့တော့ ဒီလက်မှတ်က အစစ်ပါလို့ ငါနင့်ကိုပြောတယ်လေ၊ ပေါက်ကရတွေပြောတာလည်း အတိုင်းအတာရှိရမှာပေါ့ မဟုတ်ဘူးလား?”

Space and Rebirth 738

ယင်ကောင်တစ်ကောင် ပါးစပ်ထဲဝင်ဥသွားသကဲ့သို့ ဖြစ်နေသည့် ကျိုးမေ့ကျွန်း၏ ပုံပျက်ပန်းပျက်ဖြစ်နေသောမျက်နှာထားကို မြင်လိုက်ရသောအခါ ဟော်ထျန်းရှန်း စိတ်ကြည်လင်တက်ကြွသွား၏။

“ဟုတ်တယ် အခုချိန်ကစပြီး ကျင်းကျင်းရဲ့ပိုင်နက်ထဲ ဝင်မလာနဲ့တော့၊ မဟုတ်ရင် အစောင့်တွေခေါ်ပြီး နင့်ကိုချက်ချင်းနှင်ထုတ်ခိုင်းမယ်!”

ဘေဘီယောင်သည်လည်း ပျော်ရွှင်မြူးတူးနေသည်။

ကျိုးမေ့ကျွန်း၏ ဦးနှောက်သေးသေးလေး မခံနိုင်တော့ချေ။

ကျင်းယွင်ကျောင်းသည် ယွမ်ဆယ်သန်းအား တစ်ခါတည်းထုတ်ခဲ့၏။ သူမသည် သူဌေးမိသားစုတစ်စု၏ သမီးများလော?

အနည်းဆုံးအနေဖြင့် မိသားစုနောက်ခံနှင့်ပတ်သတ်လာလျှင် သူမသည် ကျင်းယွင်ကျောင်းအား အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သော်လည်း အဆုံးတွင်မူ သူမသည် ထိုအပိုင်းတွင်ပါ ရှုံးနိမ့်ခဲ့ပေသည်။

“အဲ့ငွေကိုဘယ်ကရတာလဲ? ထောင်ကဲ့ပြောတာတော့ နင့်ကို တစ်ယောက်ယောက်က စပွန်ဆာပေးနေတာတဲ့...”

“ကျိုးမေ့ကျွန်း၊ ငါနင့်ကိုလက်ပါလာအောင် လုပ်နေတာလား?”

ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုလိုက်၏။ သူမစကားပြောပြီးသည်နှင့် လေတစ်ရှိုက်မှုတ်ထုတ်လိုက်သည်။ ကျိုးမေ့ကျွန်းမှ ပြန်မတုံ့ပြန်ဘဲနေသည်ကို မြင်လိုက်ရသောအခါ သူမသည် ကျိုးမေ့ကျွန်းတို့ထံလျှောက်သွားလိုက်၏။ ထိုစဥ် သူမအကြည့်သည် မဒမ်ကျိုး၏လက်ကောက်ဝတ်ပေါ်ရှိ သစ်သားပုတီးလက်ကောက်အပေါ် ရောက်သွားလေသည်။ သူမနူးညံ့စွာ ပြုံးလိုက်သည်။

“ထူးဆန်းလိုက်တာ မဒမ်ကျိုးက သစ်ဆွေးသစ်ခြောက်တွေဝတ်ရတာ ကြိုက်တဲ့ပုံပဲ”

မဒမ်ကျိုးမျက်ခုံးများကိုပင့်လိုက်သည်။

“ဘာကိုသစ်ဆွေးသစ်ခြောက်လဲ? ကျက်သရေမရှိလိုက်တာ!”

“ဟုတ်လား? ကျက်သရေမရှိဘူးဆိုပဲ မဒမ်ကျိုး မဟုတ်မှလွဲရော အခုဝတ်ထားတာကို သစ်မွှေးနဲ့လုပ်ထားတဲ့ လက်ကောက်လို့ထင်နေတာများလား?”

ကျင်းယွင်ကျောင်းသရော်လိုက်သည်။

မဒမ်ကျိုးသည် အရောင်ရင့်သော ပန်းပြောက်တရုတ်ရိုးရာအင်္ကျီကို ဝတ်ဆင်ထား၏။ အင်္ကျီ၏စတိုင်မှာ ရှန်တုန်းဝတ်ဆင်ထားသောဝတ်စုံနှင့် များစွာကွာခြားပေသည်။ ပို၍‌ရှေးကျသောဟန်ပန်ရှိသည်။ သူမလက်တွင်ဝတ်ထားသော သစ်သားပုတီးလက်ကောက်မှာလည်း အရောင်ပိုရင့်ပြီး သင်းရနံ့တစ်ခုထွက်ပေါ်နေ၏။ စစချင်းကြည့်လျှင် တန်ဖိုးကြီးသစ်မွှေးနှင့် ပြုလုပ်ထားသော လက်ကောက်နှင့်တူလေသည်။

သို့သော် ကျင်းယွင်ကျောင်းသည် စာပေပညာ၌ တတ်ကျွမ်းနားလည်ခြင်းမရှိသော်လည်း တိုင်းရင်းဆေးများနှင့်ပတ်သတ်၍ ဗဟုသုတကြွယ်ဝပေသည်။ သစ်မွှေး၏ရနံ့သည် မျက်စိ၊ နား၊ နှာခေါင်းပွင့်စေပြီး စွမ်းအင်ကြောများကို ချောမွေ့စွာစီးဆင်းစေကာ ခန္ဓာကိုယ်ကို အားပြည့်စေ၏။ သူမသည် သစ်မွှေး၏ရနံ့ကို အာရုံထဲ၌မှတ်ထားသည်မှာ ကြာပြီဖြစ်ပြီး ကွာခြားချက်မဆိုစလောက်ရှိရုံဖြင့် ရနံ့ကိုပိုင်းခြားသိနိုင်ပေသည်။

ထိုမျှမက သူမသည် သစ်မွှေးအမျိုးအစားအပေါင်းများစွာကို အဘိုးရှုအိမ်၌မြင်ခဲ့ဖူးသဖြင့် အတုအစစ်ကို ခွဲခြားနိုင်ပေ၏။ အဝေးမှကြည့်လျှင်ပင် ခံစားသိမြင်နိုင်နေလေပြီ။

“ဘာအဓိပ္ပာယ်လဲ?”

မဒမ်ကျိုး၏မျက်လုံးများသည် ဓားများထွက်လာတော့မည့်အတိုင်း စူးရှနေ၏။

“ကျွန်မပြောတာကို နားမလည်ဘူးလား? ခုနက ကျွန်မလိုမျိုးတောသူမတစ်ယောက်နဲ့ တစ်နေရာတည်းမနေနိုင်ဘူးလို့ ရှင်တို့ပြောခဲ့တယ်၊ အမှန်မှာ တကယ့်တောသူမက ရှင်နဲ့ရှင့်သမီးဆိုတာသိလား? ရှင်တို့ကဘာဗဟုသုတမှမရှိဘူး ဒီသစ်မွှေးပုတီးအတုကို နေရာတိုင်းဝတ်ပြီး ကြွားပြနေလိုက်တာ တကယ်မျက်နှာပြောင်ကြတာပဲ”

ကျင်းယွင်ကျောင်းဆက်ပြောလိုက်၏။

ဟော်ထျန်းရှန်းနှင့် အခြားသူများသည် မဒမ်ကျိုး၏လက်ကောက်ဝတ်ကို ကြည့်လိုက်ကြသည်။ ပုတီးလုံးများ၏အရောင်သည် အတန်ငယ်ရင့်ပြီး သင်းပျံ့သောရနံ့လည်းရှိနေပေသည်။ ပုတီးလုံးသီတံအပြင်ဘက်တွင် ချောဆီတစ်လွှာသုတ်ထားဟန်ရှိပြီး အခြားသစ်မွှေးလက်ကောက်များနှင့် ကွာခြားနေလေ၏။ သစ်မွှေးတွင် သဘာဝအတိုင်း ဆီပါဝင်နေကြောင်း လူတိုင်းသိထားသဖြင့် မှားနိုင်စရာအကြောင်းမရှိပေ။

ကျင်းယွင်ကျောင်းသည် စကားကို ဆက်မပြောတော့ချေ။ သားအမိနှစ်ဦးကိုသာ စိတ်ပျက်အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် နေရာမှထကာ ဟော်ထျန်းရှန်းနှင့် အခြားသူများနှင့်အတူ ဘဏ်ထဲမှထွက်သွားတော့၏။ သို့ရာတွင် သူမတို့ဘဏ်ထဲမှ ထွက်သွားသော်လည်း ကျိုးမိသားစုမှ သားအမိမှာမကျေနပ်နိုင်သေးချေ။

သူမလက်ကောက်အား လူများစွာရှေ့တွင် အတုဟုပြောသွားသည်မှာ မဒမ်ကျိုးဖြစ်သောသူမသည် လူလိမ်တစ်ဦးဖြစ်သည်ဟု ပြောသွားသည်နှင့် တူသည်မဟုတ်လော?

ကျိုးမိသားစုမှာ နာမည်ကြီးမိသားစုမဟုတ်သော်လည်း သူတို့သည် သစ်မွှေးအတုဝတ်လောက်ရသည်ထိ မဆင်းရဲသေးပေ။ ကျင်းယွင်ကျောင်း၏စကားများကြောင့် သူတို့သည် အရှက်ကွဲခဲ့ရ၏။ ထိုမျှမက မဒမ်ကျိုးသည် ငွေအမြောက်အများသုံးပြီး ဤပုတီးအား သူမမောင်အရင်းအတွက်ပါ ဝယ်ခဲ့လေသည်။ သူမသည် ဘယ်သောအခါမှ ရွှေများ၊ ကျောက်စိမ်းများကို မနှစ်မြို့ခဲ့ပေ။ ၎င်းတို့ကို တောဆန်လွန်းသည်ဟု ထင်သဖြင့် သစ်သားပုတီးကိုသာ သုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။ သစ်သားပုတီးသည် ရနံ့လည်းမွှေးပြီး ကျက်သရေလည်းဆောင်ပေသည်...

“ကျင်းယွင်ကျောင်း! နင်စကားကိုရှင်းရှင်းလင်းလင်းပြောစမ်း!”

သားအမိနှစ်ဦးမှ ကျင်းယွင်ကျောင်း၏လမ်းကို ချက်ချင်းပိတ်ကာဆီးလိုက်သည်။ ကျင်းယွင်ကျောင်းမှာ ခပ်ဟဟသာရယ်မောလိုက်၏။

“ပြသာနာမီးခွက်ထွန်းရှာတဲ့လူတွေကို အခုမှပထမဆုံးတွေ့ဖူးတာပဲ၊ ကျွန်မပြောတာကို တကယ်နားထောင်ချင်လို့လား?”

“ငါ့ကိုလာခြောက်ဖို့မစဥ်းစားနဲ့ ငါဒီလက်ကောက်ဝယ်ဖို့ ငွေဘယ်လောက်သုံးလိုက်ရလဲဆိုတာသိလား?! နင်ကများရာရာစစ အတုလို့စွပ်စွဲရဲတယ်!”

မဒမ်ကျိုးမှ ဒေါသတကြီးပြောလိုက်သည်။

“အတုအစစ်ဆိုတာ ငွေပမာဏနဲ့မဆိုင်ဘူး”

ကျင်းယွင်ကျောင်းသရော်ကာ ဆက်ပြောလိုက်သည်။

“မယုံဘူးဆိုရင် လက်ကောက်ကိုချွတ်ပြီး မီးရှို့ကြည့်လိုက်၊ အနံ့ဆိုးတွေထွက်လာလားကြည့်လိုက်ပေါ့”

Space and Rebirth 739

သစ်မွှေးများကို သစ်မွှေးအစိုနှင့် သစ်မွှေးအခြောက်ဟူ၍ နှစ်မျိုးခွဲနိုင်သည်။

သစ်မွှေးပင်တစ်ပင် သေဆုံးသွားလျှင် ၎င်း၏အကိုင်းအခက်များသည် မြေကြီးထဲနှစ်မြုပ်သွားကာ ရေဖြင့်စိမ်ထားသကဲ့သို့ဖြစ်သွားလေသည်။ နှစ်ပေါင်းရာချီစွာ ရေဒဏ်မြေဒဏ်များကို ခံစားရပြီးနောက် ကျန်ရစ်သောသစ်မွှေးကို သစ်မွှေးခြောက်ဟု ခေါ်၏။ ဤကဲ့သို့သောသစ်မွှေးမျိုးသည် အလွန်ပင်ရှားပါးကာအဖိုးတန်လှသည်။ သစ်မွှေးအစိုဟူသည်မှာမူ သစ်မွှေးပင်မှ တိုက်ရိုက်ဖြတ်ထုတ်ထားသော သစ်ဖြစ်၏။

အစိုဖြစ်စေ အခြောက်ဖြစ်စေ မီးခိုးကြပ်တိုက်လိုက်လျှင် ၎င်းထံမှ သင်းရနံ့ထွက်လာတတ်သည်မှာ သဘာဝဖြစ်သည်။ သို့ရာတွင် မဒမ်ကျိုးလက်ပေါ်မှ လက်ကောက်မှာ အရောင်အဆင်းသာတူသယောင်ရှိသော်လည်း အလွန်ပင်ကွာခြားလွန်းလှ၏။

“တရုတ်နယ်စပ်တစ်လျှောက် ပေါက်တဲ့ အပင်တစ်မျိုးရှိတယ်၊ ဒီအပင်မျိုးက သစ်မွှေးပင်နဲ့ဆင်ပေမယ့် ကွာခြားချက်တော့ရှိတာပေါ့ သစ်မွှေးခြောက်က ရေ၊ မြေတွေကြောင့် ယိုယွင်းမှုဒဏ်ကိုခံနိုင်ဖို့ တဖြည်းဖြည်းနဲ့ အပြင်ဘက်တစ်လွှာမှာ ချောဆီတွေထွက်လာတယ် သစ်မွှေးအစိုကလည်း ကြီးထွားရင်း ချောဆီထွက်လာတတ်တယ် ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုလုံးမှာ အနံ့သင်းသင်းလေးရှိကြတာပဲ ဒါပေမယ့် ဒီသစ်ပင်ကတော့ သစ်မွှေးပင်နဲ့ဆင်ပေမယ့် အတုကတော့အတုပဲ၊ မီးရှို့ကြည့်ရင် ကွာခြားချက်က ချက်ချင်းသိသာလာလိမ့်မယ် ပလတ်စတစ်ကိုမီးရှို့တဲ့အနံ့မျိုးထွက်လာပြီး မီးခိုးပြာတွေကလည်း မှင်လိုမည်းနေလိမ့်မယ်”

ကျင်းယွင်ကျောင်းသည် ပီသပြတ်သားသောအသံဖြင့် တစ်လုံးချင်းပြောလိုက်သည်။ သူမစကားပြောနေစဥ်တွင် တစ်ကိုယ်လုံးမှ အလင်းရောင်များဖြာထွက်လာသလိုပင် ရှိနေ၏။

သူမစကားပြောရင်းတန်းလန်းတွင် ခေတ္တမျှရပ်ပြီး မဒမ်ကျိုးအား အကဲခတ်ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် အပြုံးတစ်ပွင့်ဖြင့် သူမဆက်ပြောတော့၏။

“ဒါပေမယ့် မဒမ်ကျိုးကြည့်ရတာ လက်ကောက်အတုလား အစစ်လား ဂရုစိုက်ပုံမပေါ်ဘူး၊ သစ်မွှေးအတုဝတ်ပြီး လျှောက်သွားရင်တောင် ဘယ်သူမှ မဒမ်ကျိုးကိုပြောမှာမဟုတ်ပါဘူး ပြီးတော့ ငွေအများကြီးသုံးပြီးဝယ်ထားရတဲ့ပစ္စည်းကို ဘယ်လိုလုပ်မီးရှို့ရက်မှာလဲ? အဲ့တော့ ကျွန်မကဒီတိုင်းပြောပြရုံပါ ကျွန်မစကားကို နားထောင်ထောင် မထောင်ထောင် ကျွန်မစိတ်မဝင်စားဘူး”

ကျင်းယွင်ကျောင်းတမင်ပြောလိုက်၏။

သူမလိမ်ညာနေခြင်းမဟုတ်ပေ။ မည်သည့်အရာကမှ ပုံသေကားချပ်ရှိသည်မဟုတ်။ ရနံ့ဆင်တူနေသော်လည်း ရှူမိလိုက်သောလူအပေါ်မူတည်သေးသည်။

သူမသာ သစ်မွှေးအတုနှင့်အစစ်ကိုပင် မခွဲခြားနိုင်လျှင် အဘိုးရှုသည် ဒေါသထွက်၍သေသွားနိုင်၏။

သို့ရာတွင် ကျင်းယွင်ကျောင်းပြောပြီးနောက် မဒမ်ကျိုးထံမှ မည်သည့်စကားထွက်ပါစေ ဟော်ထျန်းရှန်းနှင့် ကျန်လူများက ၎င်းကို အတုဟု သတ်မှတ်နေပြီဖြစ်သည်။ ကျင်းယွင်ကျောင်း၏စကားများသည် မရေရာသည့်အပြင် အထောက်အထားလည်း ခိုင်ခိုင်လုံလုံမရှိသည်သာမက ပေါက်ကရပြောနေသလိုမျိုးဖြစ်နေသော်လည်း မိမိတို့မုန်းနေသူတစ်ဦးကို ရန်စရသည်က ကျေနပ်ပီတိဖြစ်စရာကောင်းလှပေသည်။

မဒမ်ကျိုး၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်သွား၏။

ဤလက်ကောက်သည် ယွမ်ရာထောင်ချီ‌ပေး၍ဝယ်ခဲ့ရသောပစ္စည်းဖြစ်သည်။ ထိုပမာဏမှာ မသေးလှချေ။ သူမသည် သူမ၏ခင်ပွန်းကို တစ်နေ့တာမျှ နားပူနားဆာလုပ်ပြီးမှသာ ရခဲ့သောငွေဖြစ်သည်။

ယခုတွင် သူမသည် ထိုမျှတန်ဖိုးကြီးလှသော လက်ကောက်တစ်ကွင်းကို ဝတ်ထားသော်လည်း တစ်စုံတစ်ယောက်မှ ၎င်းအား အတုဟုပြောနေလေပြီ။

ရှန်တုန်းသည်လည်း ဤနေရာတွင်ရှိ၏။ ရှန်တုန်းသာ ဤသတင်းကိုဖြန့်လိုက်လျှင် သူမအသိုင်းအဝိုင်းမှလူတိုင်းက သူမအား အတုဝယ်ယူခဲ့သူဟုထင်ရန် အချိန်သိပ်ကြာမည်မဟုတ်ချေ။ အစစ်ဖြစ်နေလျှင်ပင် မည်သူကမှ သူမအား ယုံကြည်တော့မည်မဟုတ်ကြောင်း သေချာနေ၏!

“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ! ကျင်းယွင်ကျောင်း၊ ငါ့လက်ကောက်ကို အတုလို့ပြောလိုက်တာလား?! ကောင်းပြီလေ ဒီလက်ကောက်ကို ချက်ချင်းမီးရှို့ပစ်မှာ၊ ဒါသာအစစ်ဆိုရင် နင်ဘာလုပ်မှာလဲ?”

မဒမ်ကျိုး ကြိမ်းမောင်းအော်ဟစ်လိုက်၏။

“ဘာလုပ်ပေးရမှာလဲ? ဟာသပဲ ရှင့်လက်ကောက်က ကျွန်မနဲ့ဘာဆိုင်လို့တုန်း?”

ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို မျက်နှာပြောင်ပြောင်ဖြင့် ပြောလိုက်တော့၏။

သူမသည် ထိုစကားအား ပေါ့ပေါ့ပြောလိုက်ခြင်းသာဖြစ်သည်။ ၎င်းကို အလေးအနက်ထားစရာလိုသလော?

ကျိုးမေ့ကျွန်းသည်လည်း ထိုအတိုင်းလုပ်ခဲ့သည်မဟုတ်လော? ထိုသို့ဆိုလျှင် အမှန်တရားဖြင့်ပြောသော ဤစကားအချို့အတွက် သူမအဘယ်ကြောင့် ပေးဆပ်ရမည်နည်း?

ကျင်းယွင်ကျောင်းထိုသို့ပြောလိုက်သောအခါ မဒမ်ကျိုးသည် အလွန်တရာပင် တစ်ဆို့သွားတော့သည်။

ဤမျှလောက် အာရုံနောက်ဖွယ်ကောင်းသောမိန်းကလေးရှိသေးသလော? ထင်ထားသည့်အတိုင်း သူတော်ချင်းချင်း သတင်းလွေ့လွေ့ပင်။ ယန်ရှင်းယွဲ့၏သူငယ်ချင်းထဲ၌ လူကောင်းဟူ၍ တစ်စုံတစ်ယောက်မျှမရှိပါပေ!

“ညီမလေးနှစ် နင်ပြောတာအမှန်တွေလား?”

ဟော်ထျန်းရှန်း မနေနိုင်မထိုင်နိုင်မေးလိုက်တော့၏။

“အမှန်တွေပေါ့”

ကျင်းယွင်ကျောင်း နူးညံ့ညင်သာစွာ ပြုံးပြလိုက်သည်။

၎င်းကို ဟော်ထျန်းရှန်း ကြားလိုက်သောအခါ သူမနှုတ်ခမ်းစွန်းများအနည်းငယ် ကွေးတက်သွားသည်။ သူမသည် ကျိုးသားအမိနှစ်ဦးကို ကြည့်ကာ ပြောလိုက်၏။

“ဒီလိုလုပ်ပါလား အန်တီတို့ ဒီလက်ကောက်ကိုမီးရှို့လိုက်၊ ကျင်းယွင်ကျောင်းပြောသလို အနံ့မထွက်ရင် ကျွန်မပြန်လျော်ပေးမယ်၊ ဒါပေမယ့် တကယ်ပဲ သူပြောသလိုဖြစ်နေရင်တော့....ငွေတစ်သိန်းပြန်ပေးရမယ် ဘယ်လိုလဲ? လောင်းကြည့်ချင်လား?”

သူမသည် စစ်အခြေစိုက်စခန်းမှ ပြန်ရောက်ပြီးကတည်းက ဤကဲ့သို့ အလောင်းအစားကိစ္စမျိုးကို စွဲမက်နေမိသည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းဘက်မှနေလျှင် သူမအနိုင်ရမည်မှာ သေချာနေ၏!

Space and Rebirth 740

မဒမ်ကျိုးသည် ချီတုံချတုံဖြစ်သွားသော်လည်း ၎င်းကို မငြင်းဆန်လိုပေ။ သူမသည် ယွမ်တစ်သိန်းအား မပေးနိုင်၍ မဟုတ်ချေ။ သူမသည် ဤလက်ကောက်ပေါ်တွင် ငွေအမြောက်အများသုံးစွဲခဲ့သည်ကို သူမယောက်ျားဖြစ်သူမှ သဘောမကျချင်သော်လည်း လတိုင်း သူမအား ငွေပမာဏများစွာ ပေးအပ်နေသေး၏။

အရေးကြီးဆုံးအနေဖြင့် ဤလက်ကောက်မှာ အစစ်ဖြစ်ကြောင်း သူမသက်သေပြနိုင်ပြီး ကျင်းယွင်ကျောင်းနှင့် အခြားသူများ၏ပါးစပ်ပေါက်များကို ပိတ်လိုက်နိုင်ပေသည်။ သက်သေမပြနိုင်ပါက သူမသည် အနာဂတ်တွင် လူမှုအသိုင်းအဝိုင်းထဲ အဘယ်သို့မျက်နှာပြနိုင်တော့မည်နည်း? ထိုမျှမက ဤလက်ကောက်ကိုသာ မီးရှို့လိုက်လျှင် ထိုမိန်းကလေးငယ်သည်လည်း သူမအား အလျော်ပြန်ပေးဦးမည်။ လူများစွာရှေ့တွင် သူမသည် မိမိစကားကို မတည်၍မဖြစ်ပေ။

၎င်းမှာ သူမအစ်ကိုအရင်းအား ဝယ်ခိုင်းခဲ့သည့် လက်ကောက်ဖြစ်သဖြင့် အဘယ်သို့အတုဖြစ်နိုင်မည်နည်း?

မဒမ်ကျိုး ခနဲ့သံပြုလိုက်သည်။

“ကောင်းပြီလေ၊ ကျင်းယွင်ကျောင်း..အမြဲတမ်းပေါက်ကရတွေပဲပြောပြီး သူများကိစ္စတွေမှာ ဝင်မပါသင့်ဘူးဆိုတာကို နင်သိအောင်လုပ်ပေးမယ်!”

ကျင်းယွင်ကျောင်းနှုတ်ခမ်းများကို စေ့ကာ ပြုံးလိုက်၏။ သူမမျက်နှာထားသည် အေးစက်ကြော့ရှင်းနေသည်။

မဒမ်ကျိုးသည် ချက်ချင်းဆိုသလို လက်ကောက်ကို ချွတ်လိုက်၏။ သို့ရာတွင် သူတို့သည် ဘဏ်အ‌ရှေ့တွင်ဖြစ်သည်။ ထိုနေရာတွင် လူများစွာရှိနေသောကြောင့် ကြည့်မကောင်းသဖြင့် သူမသည် အလှပြင်ဆိုင်သို့ပြန်ကာ ထိုင်စကားပြောလိုက်သည်။

“တစ်လုံးလောက်ဖြတ်ထုတ်ပြီး မီးရှို့လိုက်၊ ဖြုန်းတီးစရာမလိုဘူးလေ”

မဒမ်ကျိုးမှ လက်ကောက်တစ်ကွင်းလုံးအား ပန်းကန်ပြားပေါ်တွင် တင်လိုက်သည်ကို ကျင်းယွင်ကျောင်းမြင်သောအခါ ပြောလိုက်၏။

သူမသည် မဒမ်ကျိုးအတွက် စဥ်းစားပေးသောကြောင့်မဟုတ်ပေ။ ကျိုးမိသားစု၏ သားအမိနှစ်ဦးသည် ကလိမ်ကကျစ်ဉာဏ်ရှိတတ်ကြောင်း သူမသေချာသိနေသောကြောင့်သာဖြစ်သည်။ ဤသစ်မွှေးသည်အတုဖြစ်ကြောင်း သူမတို့အတည်ပြုပြီးလျှင် ကျန်ရစ်သောပုတီးလုံးများသည် မဒမ်ကျိုးအား ဒေါသပုန်ထစေမည်မှာ သေချာနေ၏။ လက်ကောက်တစ်ကွင်းလုံးအား မီးရှို့၍ ဘာအကျိုးရှိမည်နည်း?

သူမသည် ၎င်းကိုပြောလိုက်သည်နှင့် ကျိုးမေ့ကျွန်းသည် ချက်ချင်းဆိုသလို လက်ကောက်မှ ပုတီးလုံးတစ်လုံးကို ဆွဲချွတ်လိုက်၏။

သူမအတွက် ဤသည်မှာ ဟာသပါပင်။ ဤအရာသည် ငွေပမာဏများစွာ တန်ကြေးရှိ၏။ ဤအရာများအားလုံးကို အကြောင်းအရင်းခိုင်ခိုင်လုံလုံမရှိဘဲ မီးရှို့ရသည်မှာ နှမြောစရာမကောင်းသလော?

ခေတ္တမျှကြာပြီးနောက် ဝန်ထမ်းမလေးတစ်ဦးသည် မီးဖိုတစ်ခုဖြင့် ပြန်လာ၏။ လူတိုင်း၏အကြည့်အောက်တွင် သူမသည် သစ်မွှေးပုတီးလုံးအား မီးထဲပစ်ထည့်လိုက်သည်။ မဒမ်ကျိုးနှင့် သူမသမီးသည် မျက်စိရှင်ရှင်ထား၍ ၎င်းကိုကြည့်နေလေသည်။ သူတို့၏မျက်နှာထားများသည် လေးနက်နေသော်လည်း သူတို့၏အကြည့်မျာထဲတွင် ယုံကြည်ချက်ပြည့်မောက်နေသေး၏။

သစ်ထဲတွင် ချောဆီပါသဖြင့် မီးတောက်ရန် လွယ်ကူပေသည်။ ခဏမျှကြာသောအခါ ဖျောက်ခနဲအသံကြားလိုက်ရပြီး မီးလျှံတစ်ခုပေါ်ပေါက်လာတော့၏။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးအား ဆိုးရွားသောအနံ့အသက်တစ်ခုဖြင့် ပြည့်သွားတော့သည်။ ထိုအနံ့သည် ဆိုးရွားပြင်းထန်လွန်းသဖြင့် လူတိုင်းသည် မိမိတို့နှာခေါင်းနှင့်ပါးစပ်များကို အုပ်လိုက်ကြ၏။

သစ်မွှေးသည် လူတိုင်းမြင်တွေ့နေကျအရာမဟုတ်သော်လည်း ၎င်း၏သဘာဝလက္ခဏာများကိုမူ လူအများက သိထားကြသည်။ ၎င်းအား မီးရှို့လိုက်လျှင် ဤကဲ့သို့ဆိုးရွားပြီး ရွံရှာဖွယ် အနံ့အသက်မထွက်သည်မှာ သေချာပေသည်!

ဟော်ထျန်းရှန်းသည် မျက်လုံးများကိုမှေးကာ ပြုံးလိုက်၏။ ယွမ်တစ်သိန်းမှာ သူမအတွက် သိပ်မများသော်လည်း ဤသည်မှာ ကံကောင်းမှုတစ်ခုဖြစ်ပေသည်။ ထိုမျှမက သားအမိနှစ်ဦး၏ စိတ်အနှောင့်အယှက်ဖြစ်သွားသော မျက်နှာအသွင်အပြင်ကိုပါ မြင်နိုင်လေသည်။ အဘယ်မျှလောက် ပျော်စရာကောင်းလိုက်သနည်း?

“ဒုန်း!”

မဒမ်ကျိုးမှ သူမလက်ဖြင့် စားပွဲအားထုလိုက်သည်။

“မဖြစ်နိုင်တာ ဒါကိုငါ့မောင်လေးဝယ်ပေးထားတာ အတုမဖြစ်နိုင်ဘူး နင်ဒီထဲမှာ မကောင်းတဲ့ပစ္စည်းတစ်ခုခုများထည့်ထားသေးလား?”

သူမမောင်လေးသည် သူမအား ယွမ်ရာထောင်ချီတန်သောပစ္စည်းအား မလိမ်ရောင်းလောက်ပါပေ!

“ဟားဟား လက်ထဲမှာ ပုတီးလုံးတွေ အများကြီးကျန်သေးတာပဲ၊ ကျွန်မကိုမယုံဘူးဆိုရင် တစ်လုံးပြီးတစ်လုံးမီးရှို့ကြည့်လေ”

ကျင်းယွင်ကျောင်း အေးစက်စွာ ရယ်မောလိုက်၏။ သူမအကြည့်သည် မဒမ်ကျိုး၏ ထိတ်လန့်တုန်လှုပ်နေသော ဒေါသမျက်နှာအပေါ် ရောက်ရှိသွားပြီးနောက် သူမတမင်တကာပြောလိုက်သည်။

“ဖြစ်ချင်တော့ ဒီပစ္စည်းကို မဒမ်ကျိုးရဲ့မောင်လေးက ကိုယ်တိုင်ဝယ်ပေးထားတာကိုး၊ အိမ်တွင်းသူခိုးဆိုတာ ပိုကြောက်စရာကောင်းတယ်ဆိုတဲ့ စကားတောင်ရှိသေးတယ်မလား၊ ကြည့်ရတာ မဒမ်ကျိုးက ကိုယ့်အနီးအနားကလူတွေကို သေချာကြပ်ကြပ်မတ်မတ်ထားဖို့ လိုနေတဲ့ပုံပဲ၊ မဟုတ်ရင် ဒီတစ်ခေါက်မှာ ပစ္စည်းအတုကို မောင်လေးဝယ်ပေးတာဆိုပြီး မောင်လေးကိုအပြစ်တင်လို့ရပေမယ့် နောက်တစ်ခေါက်ဆို ဘယ်လိုလုပ်မလဲ? နောက်တစ်ခါကျရင် အပြစ်တင်ဖို့ အစ်ကိုတွေ မောင်တွေရှိသေးလို့လား”

မူလအစက မဒမ်ကျိုးသည် သူမကိုယ်သူမ အလွန်သေချာနေခဲ့သည်။ ဤပစ္စည်းသည် သူမအယုံကြည်ရဆုံးလူမှ ပေးခဲ့သောအရာဖြစ်သောကြောင့်ဖြစ်၏။ သို့ရာတွင် ကျင်းယွင်ကျောင်း၏စကားများကြောင့် မဒမ်ကျိုးသည် လောင်းကြေးရှုံး၍ မျက်နှာပြောင်တိုက်ပြီး မိမိမောင်အရင်းကို အပြစ်ဖို့နေသော အကျင့်မကောင်းသည့်အစ်မတစ်ဦးနှင့် တူသွားတော့သည်။ သူမသည် သူမ၏မခံမရပ်နိုင်ဖြစ်မှုများကို မထုတ်ဖော်နိုင်တော့ချေ။

သူမအိမ်ပြန်လျှင် မိမိမောင်ဖြစ်သူနှင့် အငြင်းပွားရမည်မှာ သေချာနေ၏။ ဤကျင်းယွင်ကျောင်းသည် အလွန်အာရုံနောက်ဖွယ်ကောင်းလှသည်။ အခြားသူများအား ပြသာနာရှာလိုက်မှ ကျေနပ်မည့်မိန်းကလေးလော?

All Chapters